Saturday, October 15, 2022

သုံးဖက် မြင် ဇာတ်လမ်း တစ်ခု


 

❝ သုံးဖက် မြင် ဇာတ်လမ်း တစ်ခု ❞

ကျွန်မ ကဲ့ သို့ ရုပ် ချောပြီး လုပ်ရည် ကိုင်ရည် ရှိ သူမို့ ကျွန်မ က ပြောသည် မဟုတ်ပါ ။ ကျွန်မ အသက်ကလေး ငယ်ငယ်က ပင်  ကျွန်မ ကို လာရောက် စေ့စပ်ကြောင်းလမ်း သူ များ လည်း ရှိ ကြပါသည် ။ ကျွန်မ အပျိုစင် ဘဝ မှာ ကျွန်မ ကဲ့သို့သော မိန်းကလေးမျိုး နှင့် တွေ့လာသည့် တိုင်အောင် ဒီ ငနဲ က မထုံတက်တေး နိုင်လှသည် ။ ဒါကြောင့်မို့ ပင် ကျွန်မ က သူ့ ကို မကြိုက်ပါဘူး ၊ မချစ်ပါဘူး ဟု အကြိမ်ကြိမ် ပြောရသည် ။ ဤသို့ ပြောခြင်း မှာ ကျွန်မ ဟန် လုပ်ခြင်း ဖြစ်ကြောင်း ကို သူ သိပုံ ရပါသည် ။ လူ က လူအေးကြီး ၊ လူကောင်းကြီးများ ဖြစ် နေသလား လို့ ကျွန်မ က စဉ်းစား မိ သော်လည်း ကျွန်မ မှာ မိန်းမသား ဖြစ်ပါသည် ။ ကျွန်မ ကို ချစ် လျှင် အငမ်း မရ ချစ် မှ ကျွန်မ က ကြိုက် ပါသည် ။ သူ့ လို ဣန္ဒြေကြီး လုပ်ပြီး အေးတိ အေးစက် နိုင်သူ ကို မလိုချင်ပါ ။

ဒါကြောင့်ပင် သူ နှင့် ကျွန်မ မ ညား ပါ ။ ကျွန်မ က ပင် အမူလွန် သလား ၊ သူ က ပင် အေးတိအေးစက် နိုင် သလား ၊ ဒါကို သာ စဉ်းစားကြပါ ရှင် ။

သူ့ ကို ကျွန်မ စတင် တွေ့ရှိ သည် မှာ ကျွန်မ ဦးလေးတော် တစ်ယောက် ၏ နေအိမ် မှာ ဖြစ်ပါသည် ။ သူ့ သတင်း ကို ကျွန်မ သူ နှင့် မတွေ့ခင် က ပင် ကြားဖူးပါသည် ။ သူ သည် ပန်းချီဆရာကလေး တစ်ယောက် ဖြစ် ပြီး နာမည်ကျော် လျက် ရှိပါသည် ။ ဦးလေး မိန်းမ အဒေါ် က “ သူ နဲ့ ဆေးဆရာကြီး တစ်ဦး ရဲ့ သမီး စေ့စပ် ထားကြောင်း ၊ သူတို့ အနုပညာသည်များ မှာ ပစ္စည်း မရှိ သော်လည်း ပညာ ရှိကြောင်း ၊ လူတော်လူကောင်းများ ဖြစ်၍ အသောက်အစား ကင်းရှင်း ကြောင်း ” ကို ပြောပြဖူးပါသည် ။

ကျွန်မ သူ့ ကို မြင်သော အခါ သူ က ကျွန်မ ကို ခပ်တည်တည် ပဲ ကြည့် နေပါသည် ။ အဲသလို ကြည့် နေခြင်း ကို ကျွန်မ နည်းနည်း မှ မကြိုက်ပါ ။ လူ ပုံ က သေးသေးသွယ်သွယ် နှင့် ဖြူဖြူကလေး ပင် ဖြစ်ပါသည် ။ ကျွန်မ နှင့် လည်း လိုက်ပါသည် ။ ဒါပေမဲ့ သူ့ မှာ စပ်ဟပ်ပြီး မိန်းမသား နှင့် ဖြစ်နေ သဖြင့် ကျွန်မ က ဘာမှ မပြောဘဲ နေရပါသည် ။

တစ်နေ့တွင် အဒေါ်  ဖြစ် သူ က အံ့သြစရာ ကောင်းသော စကား တစ်ခွန်း ကို ပြော လာပါသည် ။

“ ဟဲ့ ... လှကြည် ၊ နင် သူ့ ကို ယူပါလား ၊ နင်တို့ နဲ့ ဆိုရင် သူ နဲ့ ဖြစ်နိုင် တယ် ဟဲ့ ... ”

“ အဒေါ် .. အဒေါ့် လူ က ဟိုကောင်မ နဲ့ စေ့စပ်ထားတယ် ဆို ”

လို့ ပြန် မေးလိုက်တော့ အဒေါ် က ပြုံး ပြီး..

“ အေး ... ငါ့ သား ကို ငါ ပဲ သွား စေ့စပ်တာပဲ ကွ ၊ အဲဒီ ကောင်မလေး ရဲ့ အမေ က သိပ် အပေါက် ဆိုးတယ် ကွယ့် ၊ သူတို့ သမီး ကို သူ တို့ သိပ် ဂုဏ်တင် နေတယ် ကွယ့် ။ အဲဒါကြောင့်မို့ ငါ က နောက် ဆုတ်လိုက်တယ် ကွယ့် ၊ ဖိတ် ချင်း ဖိတ် ကိုယ့် အိတ် ထဲ ပဲ ဖိတ်ပါစေတော့ ၊ လူကောင်း တစ်ယောက် ရဖို့ ဆိုတာ ခဲယဉ်းတယ် ”

“ အဒေါ့် လူ က အဟင်း .. ဟင်း .. ”

ကျွန်မ က အဲသလို ပြောပြီး ရှက် ရယ် ရယ်လိုက်ရတယ် ။ အဲသလို ရယ်လိုက် ပြီးတော့ မကြာခင် မှာ ပဲ လေ သူ နဲ့ ကျွန်မ တွေ့ ကြတာပေါ့ ။ ကျွန်မ လည်း ရှက်ပြီး မျက်နှာ ကို လက် နဲ့ ဖုံး ထားတယ် ။ သူ က အနား က ထိုင်ပြီး တတွတ်တွတ် နဲ့ ပြောတယ် ။ သူ ပြော တာ က ...

“ လူ လူချင်း စကား ပြောမယ် အကြည် .. ဂုဏ်တွေ ပကာသနတွေ မလိုဘူး ။ ဘဝ တူတူ လုပ်စားကြရအောင် .. ” တဲ့

သူ့ စကား က ရိုးလွန်းတယ် ။

ကျွန်မ က

“ ရှင် က ကျွန်မ ကို ဟို မိန်းမ လို မိန်းမစားများ အောက်မေ့ လို့လား ”

လို့ ခပ်တည်တည် ပြန် ပြီး ‘ ဟောက် ’ လိုက်တယ် ။ အဲဒီတော့ သူ က ပြုံး နေတယ် ။ ကျွန်မ လက် ပေါ် ကို သူ့ လက် ကလေး တင် လို့ ၊ ပေါင် ကို ကိုင် လို့ စကား ပြောတယ် ။ တယ်ခက် တဲ့ လူ ။ တစ်ခါတည်း အတင်း ဆွဲ ရင် ကျွန်မ က ရှက်ရှက် နဲ့ ငုံ့ ပြီး ငြိမ်နေမယ် ဆိုတာ ကို မသိဘူး ။ အဲဒါတောင် မှ အဲဒီ လူ က မိန်းမ တစ်ယောက် ကို ( သုံးလ လောက် ) ရ ဖူးသေးသတဲ့ ။ ယောက္ခမ အမကြီး ကို လက်သီး နဲ့ ထိုးခဲ့ ဖူး သတဲ့တော် .. အံ့ပါရဲ့ ၊ လူ က အေးတိအေးစက်ကြီး ...

ဪ .. တွေ့ စ မို့ ထင်ပါရဲ့လေ လို့ .. ကျွန်မ က စဉ်းစား လိုက်တယ် ။ နောက်ပြီးတော့ သူ ကျွန်မ ကို တွေ့တိုင်း မှာ လည်း ဣန္ဒြေကြီး တစ်ခွဲသား နဲ့ နေတယ်ရှင် ။ ရုပ်ရှင် တူတူ တွဲကြည့် လည်း ကျောက်ရုပ်ကြီး လို နေတယ် ။ ကျွန်မ က ကြာတော့ သည်းမခံ နိုင်တော့ဘူး ။ ဒါနဲ့ပဲ ...

“ ခု မကြာခင် မှာ ကျွန်မ လေ ဆွေမျိုးတွေ ရှိတဲ့ ‘ ကံမ ’ မြို့ ကို သွား ရတော့မယ် ”

လို့ ပြော လိုက်တယ် ။

ဒီတော့

“ ဟာ .. သွားလို့ ဘယ် ဖြစ်မလဲ ၊ ဒီလိုတော့ ခွဲပြီး မနေနိုင်ဘူး အချစ်ရေ့ ၊ လာ .. တစ်ခါတည်း လိုက်ခဲ့ .. ”

ဆိုတဲ့ စကားများ ကို ပြောပြီး အတင်း ဆွဲ သွားပါစေ ဆိုပြီး ကျွန်မ က ပြော လိုက်တာ ရှင့် ။ ဒါပေမဲ့ အဲဒီ လူကြီး က လူ အ ကြီး ၊ ဘာမှ မပြောဘူး ။ ကျွန်မ ကို ဘာမှ မပြောဘဲ နဲ့ ကျွန်မ လက် ကို ပဲ အမှောင် ထဲ မှာ ဆုပ်ကိုင်ပြီး သက်ပြင်းကြီး ချ နေတဲ့ အသံ ကို ကြား ရတယ် ။ ဒါနဲ့ ကျွန်မ က လည်း နောက်ထပ် နည်းပရိယာယ် တစ်ခု ကို ထပ်ပြီး ထုတ်ရ ပြန်တယ် ။

“ စိတ်အလို ကို လူ လိုက်တယ် ၊ ကျွန်မ တော့ အစ်ကိုကြီးတွေ မောင်တွေ နဲ့ ဒီကိစ္စ ရုတ်တရက် ဖြစ်မှာ မဟုတ်ဘူး မောင်ရယ် ၊ ဟင်း .. ဒီကုလားကားကြီး က ရှည် လိုက်တာ ၊ ငါးနာရီ တောင် ထိုးပြီ ထင်ပါရဲ့ ”

လို့ ပြော လိုက်ပြီး ကျွန်မ လက်ကို အသာ ပြန် ရုပ်လိုက်တယ် ။ အဲသလို ရုပ် လိုက် တော့ ဘသားချော က လက် ကို မလွှတ်ဘဲ နဲ့ သူ့ ပေါင် ပေါ်  မှာ တင်ထားတယ် ။

“ ကား က မရှည်ပါဘူး ။ သုံးနာရီ မှာ ပြီး မှာပါ ။ အစ်ကိုတွေ မောင်တွေ အတွက် ဒီက တာဝန် ထား ပါ ။ အဆင် ပြေအောင် အဒေါ် တို့ ဦးလေး တို့ ကို ပြောခိုင်းပါ့မယ် ”

ဆိုပြီး စကား ပြန်လာတယ် ။

“ စိတ် အလိုကို လူ က လိုက်တယ် ” လို့ ကျွန်မ ပြော လိုက်တဲ့ စကား ကို တော့ သူ မရိပ်မိဘူး ၊ တယ် ခက် တဲ့ လူ ။

ကျွန်မ က သူ့ ကို တွေးပြီး သနားမိတယ် ။ ကျွန်မ ကို တွေ့ရင် တကောက် ကောက် လိုက်တတ်တယ် ။ စကား ပြောတတ်တယ် ။ ပြောတဲ့ စကား က တော့ တခြား မဟုတ်ပါဘူး ။ မင်္ဂလာ ဆောင် ဖို့ ပါပဲ ။

“ ဟုတ်ကဲ့ ဆောင်ပါတော့ ၊ မင်္ဂလာအခါ ကောင်း နေ့ရက် ကို ရွေးပါ တော့ ” လို့ ကျွန်မ က ပြော ရမှာလား ရှင့် ။ ဘယ်တော့မှ မပြောဘူး ။ မိန်းကလေး ပဲ ရှင် ၊ မနေနိုင်လို့ သူ့ ကို မျှော် ။ သူ ရှိရာ ကို သွားပေမယ် လို့ ဣန္ဒြေကလေး တစ်ခု အကြောင်းကလေး တစ်ခု နဲ့ သွား ရတာပေါ့ ။ ဒါကို လည်း နားမလည်ဘူး ။

မိန်းမ ဆို တာ ဟန်ကလေး ပန်ကလေး နဲ့ နေရတဲ့ ဥစ္စာပဲ ရှင် ။ နောက် ပြီးတော့ ကိုယ့် ကိုအမြဲတမ်း ယုယ နေတဲ့ လူ ကို ပဲ ကိုယ် က လိုချင်တာ ။ ဟော ... ခုတော့ ရှင် ၊ ဘာမှ မစွံဘူး ။ နိုင်လွန်ကလေး တစ်ဝတ်စာ ၊ ပေါင်ဒါ ကလေး တစ်ဘူး တောင် မှ ဝယ်ပေးဖော် မရဘူး ။

အဲဒါ ထားပါတော့ ။ ကျွန်မ က “ မောင် ရယ် ၊ ကျွန်မ ဘဝ ဟာ အင်မတန် ဆိုးတယ် သိလား ။ ဒါပေမဲ့ အေးအေး နေပေါ့ မောင်ရယ် ၊ တစ်နေ့ လူကြီး တွေ က ကြည့်ပြီး စီမံသွားကြမှာပေါ့ ။ လူကြီးတွေ နဲ့ ပြောထား ဆိုထား ပြီးမှပဲ ” လို့ သူ့ ကို အားပေးသလိုလို နဲ့ ခြောက် လိုက်တယ် ။ “ အေးအေးနေ ” ဆိုတာ က “ အပူတပြင်း လုပ်စရာ ရှိတာလုပ် ” လို့ ပြောလိုက်တာ ကို သူ နားမလည်ဘူး ။ လူ အ ကြီး.. လူ အ ကြီး ... ။

ကျွန်မ က သူ့ ကို ကြည့်ပြီး အားမလို အားမရ ဖြစ်တယ် ။ တစ်ခါတလေ သူ့ အိမ် ကို ရောက်သွားတဲ့ အခါလည်း သူ က အလုပ် ရှိရင် ထွက်သွားတယ် ။ နောက်ပြီး လမ်း မှာ ကျွန်မ နဲ့ တွေ့ တယ်လေ ။ ကျွန်မ က သူ့ ကို တွေ့တော့ မတွေ့ ချင်ဟန် ဆောင်ပြီး အသာ လှည့် နေလိုက်တယ် ။ အဲဒါကို သူ က ရပ် ကြည့်ပြီး ထွက် သွားပြန်ရော ... တကယ် ဆို ရင် ..

“ ဟော .. အကြည်လေး ပါလား ၊ အမယ်လေး .. မျှော် လိုက်ရတာ မောလို့ .. လာ .. လာ.. ၊ တွေ့ တုန်းမှာ စကား ပြောရအောင် ရွှေတိဂုံဘုရား ဖြစ်ဖြစ် တိရစ္ဆာန်ရုံ ဖြစ်ဖြစ် သွားကြရအောင် ။ နိုင်လွန်ကလေး တစ်ဝတ်စာ ဝယ် ပေးလိုက်ဦးမယ် ”

အဲသလို တောက်တိုမည်ရ ဖွယ်ဖွယ်ရာရာကလေး ပြော လာတယ် ဆိုရင် ကျွန်မ က ဘယ့်နှယ် လုပ်ပြီး ငြင်း နိုင်ပါ့မလဲ ။ အားနာ သလိုလို နဲ့ သူ့ နောက် ကို လိုက် ရမှာပေါ့ ။ ခုတော့ ရှင် ... ရှက်စရာ ကောင်းလိုက်တာ ။

ဒါနဲ့ ကျွန်မ လည်း သူ့ ကို မချစ်ချင် ဟန် ဆောင် မှ ပဲ ဆိုပြီး နေလိုက်တယ် ။

အဲသလို နေရုံ မကဘူး ။ ကျွန်မကို ကျွန်မ တို့ လမ်း ထဲ က လူတွေ က စပ်ဟပ် သလို ပြောလိုက်တယ် ။ လူ က ‘ သွေးပူ ’ မလာဘူး ။ ခါတိုင်းလိုပဲ ကျွန်မ တို့ အိမ် ကို တော့ မကြာခဏ လာပါရဲ့ ။ ဒါပေမဲ့လို့ ကျွန်မ ကို စကား မပြောဘူး ။ လှမ်းလှမ်း ကြည့်ပြီး ပြန် သွားတယ် ။ ကျွန်မ လည်း နည်း ပရိယာယ် ဆင် ရပြန်တယ် ။ ကျွန်မ ရဲ့ ညီမလေး တစ်ယောက် ကို တိုးတိုး တိတ်တိတ် နဲ့ “ ကျွန်မ မှာ ရည်းစား အသစ် ရှိနေတယ် ၊ ကျွန်မ ကို လိုချင်ရင် အတင်း ကား နဲ့ ဆွဲတင် မှ ရမယ် ။ ကား နဲ့ သာ တင်ပေတော့ ” လို့ သူ့ နား ပေါက်အောင် ပြော ခိုင်း လိုက်တယ် ။

သူ က လည်း ကား နဲ့ တင်မယ် ဆိုတဲ့ သတင်း ကို ရတယ် ။ ကျွန်မ က လည်း ဒီလို ကား နဲ့ တင် ဖြစ်ရင် ကျွန်မ အတွက် ပိုပြီး ဂုဏ် တက်တယ် ။ ယောက်ျား က မနေနိုင် မထိုင်နိုင် ဖြစ်နေလို့ အတင်း ကား နဲ့ တင် ပြေး မှ ရတယ် ဆိုတဲ့ ဂုဏ် က နည်း တဲ့ ဂုဏ် မှ မဟုတ်ဘဲရှင် ။

ကျွန်မ ညီမ က လည်း ကျွန်မ တို့ အတူ ကြံ ထားတာ ကို မရိပ်မိအောင် တစ်မျိုး လှည့်ပြီး ပြောခဲ့တယ် ။ ဝါ မဝင်ခင် မှာ အိမ် နား က ငယ်ရည်းစား နဲ့ လိုက် ပြေးတော့မယ် ။ ငယ်ရည်းစား မောင်တင်ဆွေ နဲ့ အတူ တွဲသွားတာ နှစ်ခါ ရှိပြီပေါ့ .. ဆိုတာတွေပေါ့ ရှင် ။ ဘယ်လောက် အကွက် ကောင်း တွေ ဆင်ထားသလဲ ။ ကျွန်မ တော့ ကား တင် ခံ ရတော့မယ် ရှင့် ။

အဲ .. မောင်တင်ဆွေ ဆိုတဲ့ ကောင်ကလေး အကြောင်း ကို ပြောရဦး မယ် ။ အဲဒီကောင်ကလေး က ကျွန်မ ထက် သုံး - လေး နှစ် လောက် ငယ် တယ် ။ ငယ်ငယ် က အတူ ကစားဖက် ပေါ့ ။ လင်မယား လုပ်တမ်း ၊ ရည်းစား ထားတမ်း ကစား ရင်း က ကျွန်မ ကို အတင်း ကြိုက်နေတဲ့ ကောင်ကလေး ။ ကျွန်မ က လည်း သူ့ ကို ယူမယ် လို့ စိတ်ကူး ထားတဲ့ ကောင်ကလေး ပေါ့ ။ ဒါပေမဲ့ လို့ ကောင်ကလေး က အလုပ် မရှိဘူး ။ စာ လည်း သိပ် မတတ်ဘူး ။ ပညာ အခြေခံ နည်းတယ် ။ လခ က အလွန် ဆုံး ၁၂၆ ကျပ် လောက် ပဲ ရနိုင်တယ် ။ အဒေါ် တွေ နဲ့ အတူတူ နေတဲ့ ကောင်ကလေး ဆို တော့ အဒေါ် တွေ သြဇာ ကို ခံ ရတယ် ။

ပန်းချီဆရာ က တော့ ကျွန်မ ထက် အသက် ကြီးတယ် ။ ဝင်ငွေ လည်း ကောင်းတယ် ။ ပညာ လည်း ရှိတယ် ရှင် ... ။ ဒါကြောင့်မို့ ကျွန်မ က ပန်းချီ ဆရာ ကို စိတ်ကူး ကြည့်တယ် ။ ပန်းချီဆရာ က တစ်ခုလပ် ပေမဲ့လို့ ကိစ္စ မရှိ ဘူးလေ ။ ကျွန်မတို့ တစ်အိမ်ထောင် ကို ထိန်းကျောင်း နိုင်ရင် တော်ပါပြီ ။

ကျွန်မ ညီမ က ဝိဇယရုံ မှာ ရုပ်ရှင်ကြည့် ပြီး အပြန် ကား နဲ့ တင်ဖို့ စီစဉ် ပေးတဲ့ အခါ မှာ ကျွန်မ ဖြင့် ရုပ်ရှင် ကြည့် ရမယ့်နေ့ ကို မျှော် လိုက်ရတာ အမော ပေါ့ ။ အမယ်လေး ... လူသူ ရှင်းတဲ့ နေရာ မှာ ကား နဲ့ တင်ပြေးရော ၊ ကား ပေါ် မှာ ကျွန်မ ကို သူ အတင်း ဖက်ထားမှာပဲ ရှင် ။ ဟင်း .. ဟင်း ... ။ နောက်ပြီး သူ ဘယ်ကို များ ခေါ် သွားမှာပါလိမ့် ။ အဝေးကြီး ဆိုရင်တော့ ဒုက္ခပဲ ။

“ ဟေ့ .. ညီမ ရဲ့ ကား နဲ့ တင်ရင် အဝေးကြီး ကို ခေါ် မသွားဖို့ သွား ပြော လိုက်ပါဦးကွယ့် ”

ညီမ ကို လည်း မှာ ရသေးတယ် ။

ဒီ ကနေ့ ကျွန်မ ကားတင် ခံရမယ့် နေ့ ။ ကျွန်မ တော့ ရင်တထိတ်ထိတ် ပါပဲ ရှင် ။ ပြောရမှာရှက် ပါတယ် ။ မျက်နှာ လည်း မထား တတ်အောင်ပါ ပဲ ။ ညီမတွေ က လည်း နောက်ကြ ပြောင်ကြ နဲ့ ပေါ့ ။ ဒါနဲ့ ကျွန်မ လည်း ညီမ တွေ ကို အော်ဟစ်လိုက်ရတယ် ။ အိမ်နီးနားချင်း သူငယ်ချင်း တွေ ကို လည်း ကျွန်မ က “ ကျွန်မတို့ အိမ် ကို လာ လာ နေတဲ့ အဲဒီ ပန်းချီဆရာကြီး ဟာ ကျွန်မ ကို ပိုးပန်းနေတဲ့ အကြောင်း ၊ တစ်ဖက်သတ် ကြိုက် နေလို့ ကျွန်မ က ရှောင် နေရကြောင်း ” တွေ ကို လည်း ဂုဏ် ယူပြီး ပြောပြရတာပေါ့ ။ ကျွန်မ လောက် အရေး မပါတဲ့ ဆေးလိပ်ခုံ က ဆေးလိပ် လိပ် တဲ့ ‘ အမြ ’ ကတော့ ပြုံး ပြီးနေတယ် ။

ကျွန်မ တို့ ရုပ်ရှင်ရုံ ထဲ က ထွက်လာပြီး လူတွေ ကြား ထဲ မှာ သူ့ ကို ရှာ ပါ တယ် ။ ရှာတယ် ဆိုပေမဲ့ အမှတ်တမဲ့ ရှာ တာပါပဲ ။ သူ တော့ တစ်နေရာရာ က နေပြီး ကျွန်မ တို့ ကို ကြည့် နေမှာပဲ ။ သူ က ကျွန်မ ကို အတင်းပဲ ပွေ့ပြီး ကား တင် မှာလား မပြောတတ်ဘူး ။ ကျွန်မ တော့ ရုန်းရင်း ရုန်းရင်း နဲ့ သူ့ နောက် ကို လိုက်ရတော့မယ် ။ သူ နဲ့ ယူ ရတော့မယ် ။ သူ ကား နဲ့ တင်ပြေးတဲ့ အခါ မှာ ကျွန်မ က မျက်နှာ စူ ထား လိုက်မယ် ။ လုပ်ရက်လေခြင်း ဆိုပြီး ကျွန်မ က ဆူ လိုက်မယ် ။ အဲဒီတော့မှ ကျွန်မ ကို ချော့ လာမှာပဲ ။ ကျွန်မ မှတ်မိပါသေးတယ် ။ တစ်ခါတုန်း က သူ အေးတိအေးစက်ကြီး ကို အားမလို အားမရ ရှိတာနဲ့ ကျွန်မ က သူ့ ကို ဆူ လိုက်တယ် ။ အဲသလို ဆူ လိုက်တော့ မျက်နှာကလေး ငယ် ပြီး နေပူ ကျဲတဲတဲ မှာ ရပ် နေလိုက်တာ ရှင် ။ ကျွန်မ က သူ့ ကို သနား သွားပြီး ရွှေရင်အေး ကလေး တစ်ခွက် တိုက် လိုက်ပါတယ် ။ သူ ဆိုတဲ့ လူ က အဲသလောက် ရိုးတဲ့ လူ ။

ကျွန်မ ညီမ ‘ ညွန့်တင် ’ ကလည်း သူ့ ကို ရှာတယ် ။ ရှာလို့ မတွေ့တော့ ‘ မလာဘူးအေ့ ’ လို့ပြောတယ် ။ ဟုတ်တယ် ။ ကျွန်မ လည်း ရှက် သွား တယ် ရှင် ... ။ အဲဒါကြောင့် မို့ ပဲ ဒီ လူ ကို ငါ က ကြိုက်တာ မဟုတ်ပါဘူး အေ့ ရယ် ..  ၊ လူကြီးတွေ က လည်း သဘော မတူကြပါဘူး ။ အဒေါ်  က အပြော ကောင်း လို့ နား ယောင် မိတာ အေ့ ။ သူ နဲ့ တွေ့တော့ ပြော လိုက်ပါ အေ ။ ငါ လင် မယူသေးဘူး ၊ ယူ ရင်လည်း ငါ ကြိုက် တာ ကို ပဲ ငါ ယူမယ် ။ ငါ့ မှာ အချစ်ဦး ငယ်ရည်းစား လည်း ရှိတယ် ဆိုတာ ပြောပြလိုက် အေ ” လို့ ညွန့်တင် ကို မှာ ရတာပေါ့ ။ ညွန့်တင် ကတော့ ဒီ စကား ကို သွား ပြောမှာ အမှန်ပဲ ။ အဲဒီတော့ သူ့ ကို မေတ္တာရှိ ညှဉ်းဆဲ ရ တာပေါ့ ။

ဟော ရှင် ... အဲဒီ လူ က သိပ်ပြီး စိတ်ဆိုး နေသတဲ့ ။ နောက်ပြီး ကျွန်မ ကို လည်း ပေါက်ကရ တွေ ပြော သတဲ့ ။ ဒါနဲ့ပဲ ကျွန်မ က လည်း ကျွန်မ သူငယ်ချင်း ‘ အမြ ’ က တိုက်တွန်း တဲ့ အတိုင်းပဲ ငယ်ရည်းစား မောင်တင်ဆွေ ကို ရည်းစား ထား လိုက်တယ် ။ အဲ .. ဒီကတော့ လူ ငယ် တယ် ။ ဘာမှ စဉ်းစားတဲ့ ဉာဏ် မရှိဘူး ။ ကျွန်မ ကို အရူးအမူး ချစ်တတ် တယ် ။ ကျွန်မ သဘော ကျတယ် ရှင် ။ ကျွန်မ က လှည့်လို့ ရတယ် ။ အဲသလို လှည့် လို့ ရတာမျိုး မှ ကျွန်မ က သဘော ကျတယ် ။ ဘယ်လိုပဲ လုပ်ကျွေး ရ ကျွေးရ ရှင် ... ။

ကျွန်မ အစ်ကို က ကျွန်မရည်းစား ထား တာ ကို သိတော့ ငါ့ ညီမ လမ်းလွဲ နေပြီ လို့ ပြောတယ် ။ တချို့ လူတွေ က လည်း သဘော မကျဘူး ။ ဒါကြောင့်မို့ ပဲ ပြန်ပြီး စဉ်းစား ကြည့် တော့ ကျွန်မ အမှား ပဲ လို့ မြင် လိုက် တယ် ။ အဲသလို မြင်တော့ ကျွန်မ အစ်မ နဲ့ ကျွန်မ တို့ သီတင်းကျွတ် ကန်တော့ပွဲ နဲ့ ဦးလေး အိမ် သွားရင်း က “ ဒီရည်းစား ထားတယ် ဆိုတဲ့ သတင်းတွေ က မနာလို တဲ့ လူတွေ ပြောတာ ၊ ကျွန်မ တို့ က ( ဒီ က အဒေါ် သား ) ကို ပဲ ယူမှာပါ ၊ အိမ် ကို လည်း လာ လည်ကြပါဦး ” လို့ မှာ ခဲ့ရတယ် ။ ကန်တော့ ခဲ့ရတယ် ။ အဲ .. အိမ် ကို သူတို့ မလာကြဘူး ။ အဲသလို မလာကြ တော့ ကျွန်မ အရှက် ရ ပြန်ရော ရှင် ။ ဒါနဲ့ ကျွန်မ လည်း ဘာမှ မစဉ်းစား တော့ဘဲ နဲ့ မောင်တင်ဆွေ နဲ့ ယူ ဖို့ စီစဉ် ရတယ် ။ အစ်မကြီး ကလည်း မောင်တင်ဆွေ နဲ့ ယူဖို့ ကို လူ မသိအောင် စီစဉ်ပေးတယ် ။ တိတ်တိတ်ပုန်း တော က ကြီးဒေါ် ကို မှာ ရတယ် ။ မင်္ဂလာ မဆောင် နိုင် တော့ ခိုးပြေးတယ် ဆိုပြီး အသံ လွှင့် ရတယ် ။ နောက် တစ်နေ့ ရုံး မှာ လက်ထပ် ရတယ် ။ ဒီကိစ္စ မှာ တော့ ကျွန်မ ရဲ့လူကြီးတွေ က မပါ သလို ဘေးဖယ်ပြီး နေလိုက်ကြတာပေါ့ ။ အဲဒါတွေ ကို သူတို့ မသိကြ ဘူး .. ။ ခုတော့ ကျွန်မ လင် ရပါပြီ ရှင် ... ။

•••••   •••••   •••••   •••••

ကျွန်တော် ဒီ ကိစ္စ ကို ဆက်လက် ပြောပြပါရစေ ။ ကျွန်တော် သူ့ ကို အစ က မသိဘူး ။ သူ့ ဦးလေးတော် တစ်ယောက် မကျန်းမာ ဖြစ် တဲ့ ကိစ္စ နဲ့ ပတ်သက် ပြီး မှ သူ့ ကို သိရတယ် ။ သူ့ ကို သိရတဲ့အချိန် မှာ ကျွန်တော် ဟာ မိန်းကလေး တစ်ဦး နဲ့ ချစ်ကြိုက် နေပါတယ် ။ အဲဒီ မိန်းကလေး ဟာ ပွင့်လင်းရိုးသားသူ ဖြစ်ပါတယ် ။ ကျွန်တော် က လည်း သူ့ ကို ယူမယ်လို့ သန္နိဋ္ဌာန် ချ ထားပါတယ် ။ ဒါပေမဲ့လို့ သမီးရှင်များ ဟာ အရာရာ မှာ တွင်ကျယ် ချင်တတ်တဲ့ သဘော ရှိတယ် ။ သူ တို့ သမီး ကို ရာဖြတ် ထောင် ဖြတ် နဲ့ ရောင်း ချင်ကြတယ် ။ ကျွန်တော် က မေတ္တာ အရင်းခံ နဲ့ ဈေး ဆစ်ခဲ့ ပါတယ် ။ သူတို့ က လက် မခံနိုင်ဘူး ။ အဲဒါနဲ့ ကျွန်တော် လည်း စိတ်ပျက် နေတုန်း မှာ သူ့ ကို တွေ့ ရတယ် ။ သူ ဆို တာ က ဆင်းရဲ တဲ့ လက်လုပ် လက်စား ပါ ပဲ ။ အိမ်ကလေး တစ်လုံး ကို ဟန်ကျပန်ကျ ငှားပြီး နေနိုင်ရှာတာ မဟုတ်ဘူး ။ ၂ဝိ လောက်တန် တဲ့ ဝါးအိမ်ကလေးတစ်ခြမ်း ကို ညီအစ်မ နှစ်ယောက် ငှားပြီး ( ဖက်စပ် ) နေထိုင် ကြပါတယ် ။ အစ်မ ‘ လင် ’ က ထင်း ရောင်း ၊ မြင်းလှည်း မောင်း လုပ် ပါတယ် ။ ကလေး သုံးယောက် နဲ့ ဆိုတော့ သူတို့ လည်း သူတို့ အိမ်ထောင် နဲ့ ခွဲပြီး နေရတယ် ။ ကျွန်တော် နဲ့ အတူ နေတဲ့ သူ့ ဦးလေး ရဲ့ ပြောပြချက် အရ ပဲ သူ့ မှာ အစ်ကို တစ်ယောက် ၊ မောင် တစ်ယောက် နဲ့ အတူ တစ်အိုးခွဲ စားပြီး စက်ကလေးချုပ် သတဲ့ ။

သူတို့ ကို ကြည့် ရတာက ရင်ထု မနာပဲ ။ ဆင်းရဲသား ဘဝ မှာ မိန်းကလေး တစ်ယောက် က ရှေ့ဆောင် ပြီး လုပ်ကိုင်စားသောက် တဲ့ အိမ်ထောင် တစ်အိမ်ထောင် ဟာ ဘယ်ကလောက် ကသီလင်တ နိုင် မလဲ ဆိုတာ သာ စဉ်းစား ကြည့်ကြပေတော့ ။

“ သူ့ ကို စဉ်းစားပါ ၊ ဆင်းရဲတဲ့ မိန်းကလေး ဖြစ်တဲ့ အတွက် ပိုမိုပြီး သင့်လျော်ပါတယ် ” ဆိုတဲ့ တိုက်တွန်းချက် ကြောင့် ပဲ ကျွန်တော် က လည်း စဉ်းစားတယ် ။ တော်မယ် လို့ ယူဆ လိုက်တယ် ။ အဲဒါနဲ့ ပဲ စကားကလေး ဘာကလေး ပြောပြီး ကြည့် ရတယ် ။ တော်ရှာမယ့် ပုံ ပါ ပဲ ။ ဒါပေမဲ့လို့ လူ ဆိုတာ က ခေတ္တခဏကလေး တွေ့ တဲ့ အချိန် မှာ ဆုံးဖြတ် ချက် ချလို့ မရဘူးပေါ့ ။ တစ်သက်လုံး အတွက် အိမ်ထောင်ဖက် ကို ရှာ ရတာ က  ပိုပြီး မလွယ်ကူဘူး လို့ ထင်မိပါတယ် ။ အဲဒါကြောင့် မို့ ပဲ အခြေအနေ ကို အကဲ ခတ် ရင်း နေခဲ့ပါတယ် ။ မိန်းကလေးများ ဟာ အများ အားဖြင့် သူတို့ ရဲ့လက်ရှိ ဘဝ ကို သူ တို့ မေ့ တတ်ကြပါတယ် ။ အခြေအနေ နဲ့ မဟပ်တဲ့ နေထိုင်မှု ၊ သာယာမှုကလေးများ ကို လည်း လိုလား တတ်ကြပါတယ် ။

သူ ဟာ ခပ်ကြွားကြွားကလေး နေချင်တယ် ။ ဟန် လုပ်ပြီး စကား ကို ပြော တတ်တယ် ။ ရုပ်ရှင်ရုံ ထဲ မှာ နှစ်ယောက်သား ထိုင်ပြီး ကြည့်တဲ့ အခါ မှာ သူ က ဒီ ကိစ္စ ကို လူကြီးတွေ  ကြည့်ပြီး စီမံပါလိမ့်မယ် လို့ ပြောတယ် ။ အဲဒီတော့ ကျွန်တော် က ဘာ လုပ်ရမလဲ ။ လူကြီးတွေ ရဲ့ အရိပ်အကဲ ကို ပဲ ကြည့် နေလိုက်ပါတယ် ။

လူကြီးတွေ ဆိုတာ ကလည်း အစစအရာရာ မှာ သူတို့ ခြယ်လှယ် သမျှ ကို ခံရမယ် ဆိုတဲ့ ပုံသဏ္ဌာန်ကလေး ကို တွေ့ ရတယ် ။ ဒီ ပုံသဏ္ဌာန် က တော့ သမီးရှင် တိုင်း မှာ ရှိတဲ့ ပုံသဏ္ဌာန် ပါ ပဲ ။ ကျွန်တော် တို့ က လိုက် လျော နိုင်သမျှ လိုက်လျော ပြီး ဆက်ဆံ ခဲ့တဲ့ ကြား ထဲ မှာ ပဲ ၊ ဟော .. ဘာ ကလေး လိုချင်တယ် ၊ ဘယ်နေရာ မှာ ဘာ လုပ်ချင်တယ် ဆိုပြီး .. ‘ မျောက် ပြ ဆန်တောင်း ’ အလုပ် ကို လုပ် လာတယ် ။ ကျွန်တော့် ရဲ့ သဘော က မိသားဖသား ပီပီ ဖြစ်စေချင်တယ် ။ အတိအလင်း စေ့စပ်ကြောင်းလမ်း လာတဲ့ အခါ မှာ ယောက်ျား တစ်ယောက် ရဲ့ ထမ်းဆောင်ရမယ့် တာဝန် ကို ကျွန်တော် က မလစ်ဟင်းအောင် လုပ် ရမှာပဲ ။ ဒါပေမဲ့ လို့ ဆန် ကို ချည်း ပဲ တောင်း နေပြီး မျောက် ကို အသာ ဝှက် ထားတဲ့ လူကြီး တွေ ရဲ့ အလုပ် ကို ကျွန်တော် က အနည်းအကျဉ်း လောက် သာ တာဝန် ကျေ ဆောင်ရွက် ပေးရုံ က လွဲပြီး ဘာမှ မလုပ်ပေးခဲ့ဘူး ။

အဲဒီတော့ သတင်း တစ်ခု ကြား လာတယ် ။ လူကြီးတွေ က သဘော မတူဘူး တဲ့ ။ လူကြီးတွေ က ပေးစားတာ ကိုပဲ ယူ ရမယ်တဲ့ ။

ဒါဖြင့် ဒီ ကိစ္စ က ပြီး နေပြီပေါ့ ။ မဟုတ်ဘူးလား စာဖတ်သူ ..

မဟုတ်သေးဘူး ၊ မိန်းကလေး ကာယကံရှင် က ကျွန်တော့် ကို ကား နဲ့ တင်ပါ ဆို ပြီး ကြား လူ တစ်ယောက် ကို အပြော ခိုင်း လိုက်ပါတယ် ။ ကာယကံ ရှင် ရဲ့ သဘော က ဘယ်လိုလဲ ဆိုတော့ ကာယကံရှင် က လည်း သူ့ ငယ်ရည်းစား နဲ့ ဆိုလား ချိန်း တွေ့ နေကြသတဲ့ ။ ကျွန်တော် က လည်း အံ့အား သင့် သွားရပြန်တယ် ။ အရင်တုန်းက ကျွန်တော် နဲ့ စ တွေ့ ကြတဲ့ အချိန် မှာ ကျွန်တော် က မေး ခဲ့တယ် ။ “ မင်း မှာ ပိုင်ဆိုင်တဲ့ သူများ ရှိ နေပြီလား .. ” လို့ ၊ အဲဒီတော့ သူ က “ မရှိသေးပါဘူး ” တဲ့ ။ ဟော .. ခုတော့ ရှိနေပြန်သတဲ့ ။ ရည်းစားချစ်သူ ရှိတဲ့ မိန်းမ တစ်ယောက် ကို ကျွန်တော် က ကား တင် ရမယ်ဆိုတာ က ရယ်စရာကြီး ပဲ ။ တကယ့် ကို ရယ်စရာကြီး ပဲ ။

ဒီ ကိစ္စ ကို ကျွန်တော် မလုပ်ဘူး ၊ လုပ်မယ် လို့ အတိအကျ မဖြေ လိုက်ဘူး ။ ဖြစ်ပါလိမ့်မယ်လို့ ပြော လိုက်တယ် ။ အဲဒီနောက် မှာပဲ မကြာခင် မှာ ကျွန်တော်တို့ ဆီ ကို သူ နဲ့ သူ့ အစ်မ လာတယ် ။ လာပြီး တော့ ... ကျွန်တော် နဲ့ ပဲ ‘ ပေးစားမယ် ’ လို့ သူ့ အစ်မ က ပြောတယ် ။ သူ က လည်း ကြား က မနာလို သူ တွေ ရဲ့ စကား ကို မယုံပါနဲ့ ။ သူ ဘာမှ မဖြစ်ပါဘူး ဆိုပြီး ပြော သွားတယ် ။

ကျွန်တော် လည်း သူ ပြောသလိုပဲ ခပ်အေးအေး နေ လိုက်ပါတယ် ။ ဟော ... သတင်း တစ်ခု ကြား ရပြန်တယ် ။ သူ လင် နောက် လိုက်သွား သတဲ့ ။

အဲဒါ ဘာ သဘောပါလဲ ခင်ဗျာ ။

•••••   •••••   •••••   •••••

ဒီ ကိစ္စတွေ ကို ကျွန်တော် က ကြား လူ တစ်ယောက် အနေ နဲ့ ရှင်းပြ ချင်ပါတယ် ။ သူတို့ တစ်တွေ က ကျွန်တော့် အိမ် ကို ငှားပြီး နေကြတဲ့ လူ တွေ ပါ ။ ကောင်မကလေး က အစား ကို ခြိုးခြံ စား ပြီး အဝတ် ကို ခပ်ကြွားကြွား ဝတ် တတ်တယ် ။ သူတို့ တစ်တွေ နဲ့ နေခဲ့တာလည်း ကြာ တော့ အားလုံးရဲ့ သဘော ကို ကျွန်တော် က သိပါတယ် ။

ကောင်မကလေး က ဒီ လမ်း ထဲ မှာ ဆိုရင် ဆင်းရဲ ပြီး လုပ်စား နေရ တဲ့ သဘော ရှိတယ် ။ သူ အရင် နေခဲ့တဲ့ အိမ် က မောင်တင်ဆွေကလေး နဲ့ ငယ်ငယ်တုန်း က ကျွန်တော် ရဲ့ အိမ်နောက်ဖေး မှာ ကစား ကြပြီး ဖက်နမ်း နေ တာ ကို လည်း တွေ့ ရတယ် ။ နောက်ပြီး အစ်ကို လုပ် တဲ့ သူ ၊ အစ်မ လုပ် တဲ့ သူ တွေ နဲ့ အတူတူ နေပြီး အိုးခွဲ ၊ စီးပွားခွဲ ကြတယ် ။ အဲသလို စီးပွား ခွဲ တဲ့ အခါမှာ သူတို့ မောင်နှမ သုံးယောက် က တစ်အိုး ၊ အစ်မလင်မယား က တစ်အိုး ဖြစ်လာတယ် ။

သူတို့ အိုး နဲ့ သူတို့ စားကြတဲ့ အခါ မှာ သူတို့ လုပ်တဲ့ လုပ်ငန်း ကို အကြောင်း ပြု ပြီးတော့ လာကြတဲ့ ဧည့် ပရိသတ် တွေ လည်း ရှိတယ် ။ အလုပ် ကို ငွေကြေး ပေး ပြီး ခိုင်း နိုင်တဲ့ အရည်အချင်း က မရှိတော့ ဆွေမျိုး သားချင်းတွေ ကို ထမင်း ကျွေး ၊ အနည်းအကျဉ်း  အထောက်အပံ့ ပေး ပြီးတော့ အလုပ် ခိုင်း ဆိုတဲ့ စနစ် နဲ့ လုပ်လာတယ် ။ အဲဒါက ကြာရှည် ခံတာ မဟုတ်ဘူး ။ နောက်ပြီး စက်ချုပ်လုပ်ငန်း ဆိုတာ ကလည်း နင် လား ငါ လား အပြေးအလွှား ချုပ်နိုင် လုပ်နိုင် မှ တော်ရုံ ကျတယ် ။

ကောင်မကလေး ဟာ သဘော အခြေခံ က မဆိုးဝါးလှပေဘူး ။ အုပ်ထိန်းသူ အိမ်ထောင် အကြီးအကဲ တစ်ယောက် အဖြစ် နဲ့ အပျို ဘဝ မှာ လုပ်စား ကိုင်စားနေရတဲ့ အခါမှာ သူ တို့ စီးပွားရေး ဟာ မြင့်တဲ့ အခါ မြင့် လာတယ် ။ နိမ့် တဲ့အခါ လည်း နိမ့် သွားတယ် ။ အစ်မ ဖြစ်သူ ဆို တာက နည်းနည်း စီးပိုး တဲ့ သဏ္ဌာန် ရှိတယ် ။ သူတို့ မှာ တစ်အိမ် တည်း နှစ်အိမ်ထောင် နှစ်စီးပွား ဖြစ်နေတာ နဲ့ ပဲ အိမ်ထောင် ဟာ သိပ် အဆင် မပြေဘူး ။

နောက်ပြီး အစ်မ ဆိုတဲ့ မိန်းမ က ဒီ ကောင်မကလေးငယ်ငယ် ကတည်း က ကျွေးမွေး လာ သူ တစ်ယောက် ဆိုပြီး သူ့ သြဇာ ကို နာခံ စေတယ် ။ ညီမ ကလည်း ကိုယ့် ဘာသာ ကိုယ် လွတ်လွတ်လပ်လပ် နေချင်တယ် ။ ဒါနဲ့ပဲ ကျွန်တော် တို့ ကြား လာတဲ့ စကား တစ်ခွန်း က ..

“ ပန်းချီဆရာလေး တစ်ယောက် က သူတို့ ကို စပ်ဟပ်သတဲ့ ... ”

“ သဘောလည်း တူကြသတဲ့ ”

ဒါပေမဲ့ တိုးတိုးတိတ်တိတ် လူမသိအောင် နေကြဦးမတဲ့ ။

ကျွန်တော် က “ ဘာဖြစ်လို့ လူသိ မခံချင်တာလဲ ၊ တကယ်တမ်း ယူကြမယ် ဆိုရင်လည်း ဒီ ပန်းချီဆရာကလေး က တော်သားပဲ ” လို့ ဆိုတော့ ...

“ အခြေအနေ ကို ကြည့်ဦးမယ် ” ဆိုပြီး ပြောကြတယ် ။

“ ဟ .. လာပြီး စေ့စပ်တဲ့ လူ က မင်း တို့ ရဲ့ ဦးလေး ပဲ မဟုတ်လား ။ ဒီထက် အခြေအနေ က ကောင်း နိုင်ပါ့မလား ။ ဦးလေး က မဟုတ် တဲ့ အလုပ် ကို လုပ်မှာလား ” လို့ ကျွန်တော် က ပြောလိုက်တော့ သူတို့ ညီအစ်မ က  ပြုံး နေကြတယ် ။

ကောင်မလေး က ဘာပဲ ဖြစ်ဖြစ် အပျို ဆိုတဲ့ ဘဝကလေး ကို ဗန်း ပြ ပြီး လုပ်ကိုင်စားသောက် နေထိုင်ရတဲ့ ဘဝ ကို ကြည်နူးနေဟန် ရှိတယ် ။ အစ်မ နဲ့ မောင် များ က လည်း ဒီ သဘော အတိုင်းပဲ လို့ ထင်ရတယ် ။

ဒါပေမဲ့ ရန်ကုန် ရွှေမြို့တော်ကြီး မှာ ဒီလို ‘ အထီးကျန် ’ လုပ်ကိုင် စားသောက်ရတဲ့ ဘဝ ဟာ မကောင်းဘူး ၊ ကြာရှည် အသုံးချဖို့ မတော်ဘူး လို့ ကျွန်တော် မြင်တယ် ။

ဒီနေရာ မှာ တော က သူတို့ ရဲ့ ကြီးဒေါ် ဆိုတာ က ဝင် ရောက် လာပါတယ် ။ အဲဒီ ကြီးဒေါ် က အမေ့ ဘက် က ဆွေမျိုးပေါ့ ။ ပထမ ပန်းချီ ဆရာကလေး နဲ့ စေ့စပ် ပေးတာ က ၊ အဖေ့ ဘက် က ဆွေမျိုးများ ဖြစ်ကြ ပါတယ် ။

အမေ့ ဆွေမျိုး ကြီးဒေါ် က ဒီလို အကြောင်း ကို ကြား တဲ့ အခါ မှာ ဆွေမျိုး နယ်လု တဲ့ ကိစ္စ ပေါ်လာတယ် ။ အဖေ မျိုး က စေ့စပ်တဲ့ သူ က ဘယ်လူလဲ ၊ ဘယ်လို လူစားလဲ ၊ ငါ သဘောမတူဘူး ဆိုတာ ဖြစ် လာ တယ် ။ အမေ မျိုး က လည်း အဲသလို ဝင် လာတော့ ကောင်မလေး က  လည်း “ ဒီကိစ္စ က ပြောတုန်း ဆိုတုန်းပါ ။ ကျွန်မ က လည်း သိပ် မကြိုက်ပါဘူး ” လို့ ပြန်ပြောသတဲ့ ။ ပန်းချီဆရာကလေး သူတို့ အိမ် ကို ဝင်ထွက် သွားလာနေတဲ့ အချိန်ကာလပိုင်း မှာ သူတို့ ဟာ ပြဿနာ သောင် မတင် ၊ ရေ မကျ လုပ်ထား ကြတယ် ။ နောက်ပြီး ကြီးဒေါ် က စပ်ဟပ်ပေးတဲ့ လူ က ဘာပဲ ၊ ညာပဲ နဲ့ အဖေ ဘက် က အမျိုးတွေ ကြားအောင် အသံ ကောင်း လွှင့် တယ် ။ တကယ်တော့ အဲဒါတွေ ဟာ တစ်ခု မှ မဟုတ်ဘူး ။

သူတို့ ကိုယ် သူတို့ ဂုဏ် ရှိအောင် ဆိုပြီး ဂုဏ် လုပ်တာ ပဲ ဖြစ်တယ် ။ ဂုဏ် မလုပ်တတ် တော့ သူတို့ ဘာသာ သူ တို့ ဘာ လုပ်ရမှန်း မသိ ဖြစ် သွားတယ် ။ ဒီ ကြားထဲ မှာ အရပ် နဲ့ ခြောက်လှန့် ကြသေးတယ် ။ သူတို့ အရပ် က ဒီကောင်မကလေး ကို အပြင်လူ နဲ့ မယူရဘူး တဲ့ ။ အရပ် က သဘော မတူဘူး တဲ့ ... ။ အရပ် ဆို တာ ကလည်း အိမ်ကလေး သုံးလေး အိမ် လောက် ပါပဲ ။ ကျွန်တော် လည်း အသာ ကြည့် နေပါတယ် ။ ဒီ ကြားထဲ မှာ ကောင်မကလေး ဟာ ခြေလှမ်းတွေပျက်ပျက် လာတယ် ။ အိမ်နီးချင်း က ‘ အမြ ’ ဆိုတဲ့ ဆေးလိပ်ခုံ က ကောင်မကလေး နဲ့ ပေါင်း ပြီး တစ်မျိုး တစ်မည် ဖြစ်လာတယ် ။ မကြာပါဘူး ၊ အိမ် နောက်ဖေး မှာ အဲဒီ မောင်တင်ဆွေ ဆို တဲ့ကောင်ကလေး နဲ့ စကား ပြောလား ဘာလား ဖြစ် လာပါတယ် ။

ကျွန်တော် က ကိစ္စ တစ်ခု ကို ပြတ်ပြတ်သားသား လုပ်ပါ လို့ ပြော လိုက်တဲ့ အခါမှာ သူတို့ မောင်နှမတွေ ဟာ ပြုံး နေကြတယ် ။ တခြား က လာပြီး အလုပ် လုပ်ကြတဲ့ ဆွေမျိုးတွေအားလုံး ကို ပြန် လွှတ်လိုက် ပြီး သူတို့ မောင်နှမတစ်တွေ ချည်း ကျန်တဲ့ အခါ မှာ မောင် က ပန်းချီ ဆရာကလေး ဆီ သွား ၊ အစ်မ လုပ်တဲ့ လူ က မောင်တင်ဆွေ ရဲ့အဒေါ်  တွေ ဆီ သွားပြီး ညီမ လေလံပွဲ လုပ် ကြတယ် ။ ဈေး ဆစ်ကြတယ် ။ မောင် ဆီ က ထွက်လာတဲ့ လေသံ ကို ကြား ရတာ က ပန်းချီဆရာကလေး ဟာ တော်ကြောင်း ၊ ဝင်ငွေ ကောင်းကြောင်း က နေပြီး မတော် ကြောင်း ၊ ဝင်ငွေ မကောင်း ကြောင်း တွေ  ဖြစ်လာတယ် ။

အဲ .. အဲ .. ဒါတွေ မှား ကုန်တာပေါ့ဗျာ ။ အဖေ ဘက် ကဆွေမျိုး တွေ အရေး နိမ့်သွားသလို အမေ ဘက် ကဆွေမျိုးတွေ က ခေါင်း ထောင် လာတယ် ။ ကြီးဒေါ် ဆို တဲ့ မိန်းမကြီး ရယ် ၊ သူတို့ မောင်နှမ တစ်တွေ ရယ် တိတ်တိတ် တိုင်ပင် ကြ ပြီးတော့ လူ မသိ ၊ သူ မသိ ၊ ကောင်မကလေး ကို မောင်တင်ဆွေ ကလေး နဲ့ ထည့် လိုက် ကြတယ် ။ အဲသလို ထည့် လိုက်ပြီး အဖေ ဘက် က ဆွေမျိုးတွေ ဆီ အစ်မ လုပ်တဲ့ လူ က ပြေးလွှား သွားပြီး ခက်ပါတယ် ၊ ရှက်ပါတယ် ၊ မိလှကြည် ဒီလို လုပ်သွားပြီ .. အားနာလှပါတယ် ... ဘာညာ နဲ့ တိုင်တန်းချက်ကလေး ထုတ်လိုက်တယ် ။

အဖေ အမျိုးတွေ က အဲသလို လာပြီး ပြောလိမ့်မယ် ဆိုတာ ကို ကြိုတင် သိ နေတာ သူတို့ မသိကြဘူး ။ လူတွေ ဟာ ကိုယ် လုပ်တဲ့ အလုပ်ကလေး တစ်ခု အပေါ် မှာ ကိုယ့် အမြင် လောက် သာ စဉ်းစား တတ်ကြတယ် ။ သူ တစ်ပါးတွေ က ဘယ်လိုများ မြင်ကြမယ် ဆိုတာ ကို မစဉ်းစားဘူး ။

ပန်းချီဆရာကလေး က လည်း နောက် ဆုတ်သွားတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဘာပဲဖြစ်ဖြစ်လေ ။ ကိုယ့် ဘာသာ ကိုယ် ကောင်းတယ် ထင် ပြီး လုပ် ကြတဲ့ အခါမှာ မြေကြီးအောက် ကို ၁ဝ တောင် လောက် မြုပ် ကျ သွားလည်းပဲ ကောင်းတယ် ထင် နေကြတာပါပဲ ။

မကောင်းဘူး လို့ ထင်ပြီး မလုပ်ဘဲ နေကြရင်း က ကောင်းကင် အထက် တာဝတိံသာ ကို ရောက် နေ ရင်လည်း ကောင်းတယ် လို့ မထင်ဘူး ။ အဲဒါက ပုထုဇဉ် သဘော ပဲ ဆိုပါတော့ ။

ဒီ ကိစ္စကလေး မှာ စာဖတ်သူ က တော့ ဘယ်လို များ ထင်မြင်သတုံး ။ တကယ်လို့ များ အိမ်ထောင်ရေး ကိစ္စ တစ်ခု ကို တည်ဆောက် လုပ်ကိုင် မယ် ဆိုရင် အခုလို ဖြစ်ပျက်တတ်တဲ့ ဆွေမျိုး နယ် လုပုံတွေ ၊ ကြား လူတွေ ရှုပ်ပုံတွေ ၊ ကာယကံ ရှင်မိန်းကလေး ကိုယ်တိုင် က မိန်းမ မပီသ နေတာ တွေ ကို တွေ့ ရင်လည်း ဆင်ခြင် နိုင်ကြပါစေ ... လို့ ကျွန်တော် က တတိယ လူ တစ်ယောက် အနေ နဲ့ ဝင်ရောက် ပြောဆို လိုက်ပါတယ် ။

◾ရွှေဓါး

📖 ရှုမဝ မဂ္ဂဇင်း
       မတ်လ ၊ ၁၉၅၉

#ကိုအောင်နိုင်ဦး

,

No comments:

Post a Comment