❝ လုပ်ချင်စိတ်ရှိ ဖို့သည် ပထမ
လုပ်ချင်စိတ်ရှိဖို့သည် ဒုတိယ
လုပ်ချင်စိတ်ရှိဖို့သည် တတိယ ❞
“ ကျွန်တော် က တတ်လို့ လုပ်တာ မဟုတ်ဘူးဗျာ့ ၊ ငတ်လို့ လုပ် ခဲ့ရတာ ၊ လုပ်ချင်လှ လို့ မဟုတ်ဘူး ”
“ ဟာဗျာ... ကိုချမ်းသာ က လည်း မဟုတ်က ဟုတ်က ”
“ မဟုတ်က ဟုတ်က မထင်နဲ့ ဗျာ့ ၊ တကယ် ပြော နေတာ ၊ ဒီလိုဗျာ .... ”
အမှန်တော့ ကိုယ့် ပေါင် ကိုယ်လှန်ထောင်းခြင်း သာ ဖြစ်ပါ၏ ။ သူ တစ်ပါး ထောင်း တာ ထက် ပိုပြီး အခံရ သက်သာ တာ ပေါ့လေ ။ ဒီလိုဗျာ ... အစချီလျက် ကျွန်တော့် ဘဝဇာတ်ကြောင်း ကို ဦးနားဝေး အား စိတ်ပါ လတ်ပါ ပြော ပြနေမိပါ၏ ။ ပြည်မြို့ လမ်းမတော် မှာ ။
စင်စစ် ၁၉၈၉ ခုနှစ် သည် ကျွန်တော့် ဘဝ ပျက်သော နှစ်ဖြစ်ပါ၏ ။ ကြက်ခြံ သုံးခြံ တွင် မွေး ထားသော ဥစားကြက်မ အကောင် ၅၀ဝ သည် လည်လိမ်ရောဂါ ထိ၍ အစုလိုက် အပြုံလိုက် လဲသေ နေကြ၏ ။ ၈၉ ခုနှစ် ဧပြီလ သင်္ကြန်ရက်ကြီး ဗျာ ၊ သူများတွေ သီလ ယူရန် ကျောင်းသို့ သွားနေကြစဉ် ကျွန်တော်တို့ လင်မယား မှာ တော့ အကောင်း ပကတိ ရှိသော ဥကြက်မများ ကို တစ်ပိသာ ၂၇ ကျပ် ၊ ၃ဝ ကျပ် ၊ ၃၅ ကျပ် ရရာ ဈေး ဖြင့် ကြက်ကုလားမ အား ထိုး ရောင်းနေရပါ၏ ။ နောက်ဆုံး အခေါက် ချိန်ယူသွားသော ကြက် ၁၅ ပိဿာ ( ၃၅ ကျပ် ဈေး ) ဖိုး အခုထိ မရသေးပါ ။ ဥကြက်မ တစ်ကောင် ငွေကျပ် ၁၀ဝ ပေါက်သော ကာလ ဗျာ ၊ ကြက်အကောင် ၅၀၀ ၊ ငွေ ၅၀၀၀ဝ ဖိုး ဟာ တစ်ဝက် ပစ်စားပေါ့ဗျာ ၊ ဘာ ရတော့မလဲ ၊ ပြန် ရလဲ အလွန် ဆုံး ၄ - ၅ - ၆၀၀၀ ပေါ့ဗျာ ။
ခက်နေတာ က အကြွေးနှစ်သောင်းခွဲ ခင်ဗျာ့ ။ ဥကြက်မတွေ တိုးချဲ့စဉ် က မိတ်ဆွေ တစ်ဦး ထံ မှ ငွေ ၁၀ဝ လျှင် လေးကျပ် တိုး နဲ့ ယူထားတဲ့ ငွေနှစ်သောင်းခွဲ ဟာ အတိုးအရင်း တစ်ပြား မျှ ပြန် မဆပ်ရသေးပါ ။
“ ကဲ ... မိန်းမ ရေ ၊ ဘယ်လို လုပ်ကြမလဲ ”
ထုံးစံအတိုင်း တကယ့် တကယ် အခက်အခဲ အကြပ်အတည်း တွေ့ လာပြီ ဆိုတော့ မှ လင်မယား ပို ချစ် ၊ ပို ကြင်နာ ၊ ပို ဖေးမ ကြတယ် ဗျာ့ ။
“ ငါတို့ တော မှာ လုပ်ထားတဲ့ ဆောင်းမြေပဲ တွေ သွား ဖော်မလို့ ၊ ဆိုင် ခဏ ပိတ်ထားမယ် ၊ တစ်လ လောက် ကြာမယ် ၊ မြေပဲဆားလှော် အလုပ် လည်း ရပ် ထားရမယ် ၊ ညည်း မှာ အလုပ် မရှိ အား နေတာပဲ အေ ၊ မြေပဲဆားလှော် လှော်ပြီး။ကျောက်စိမ်းလက်ဖက်ရည်ဆိုင် ကို သွား သွင်းလိုက်စမ်းပါအေ ၊ ငါ တို့ မရှိတုန်း ”
“ ဟင် ... မမစန်း က လည်း ကျွန်မ မြေပဲဆားလှော် မှ မလှော် တတ် တာ ”
“ အဲ ... ဘာခက်တာ မှတ်လို့ဟယ် ၊ မြေပဲဆန် ကို ဆားရည်ကလေး နဲ့ ည နှပ်ထား ၊ မနက်မိုးလင်း ခဏတဖြုတ် နေ ပြ ၊ နည်းနည်းကလေး ထပ် လာ တော့ ဒယ်အိုးကင်း နဲ့ လှော် ၊ ဖြစ်ပြီပေါ့ ဟယ် ၊ မြေပဲဆားလှော် ”
မိန်းမ က ကျွန်တော့် ဘက် မျက်နှာ လှည့် ၊ ဘယ်လို သဘော ရသလဲ ဆိုသော မေးခွန်း ကြည့် ကြည့် ။ ကဲကွာ ... မင်း သဘော ဆိုသော ကျွန်တော့် မျက်နှာ ရိပ် မျက်နှာ ကဲ ။ အမှန်အားဖြင့် ကျွန်တော် တို့ လင်မယား မှာ ဘာ အလုပ်မျှ လက် ရွယ်စရာ မရှိ လေ သော ကြောင့် ရရာ အလုပ် ကို ကောက် လုပ်၍ ဘဝကို ဆက်လက် ရုန်းကန်ရပါတော့မည် ။ သားသမီး သုံးယောက် နဲ့ အတူ ဝမ်းဝ ရေး ။ အဲသည်လို နဲ့ မမစန်း ကျေးဇူး ကြောင့် ကျွန်တော့် မိန်းမ က မြေပဲဆားလှော် လှော် ၊ ကျွန်တော် က ကျောက်စိမ်း လက်ဖက်ရည်ဆိုင် သွား ပို့ ၊ ပို နေသေးတာ တစ်ဆိုင် ဝင် တစ်ဆိုင် ထွက် လည် ရောင်း ၊ ခြေကျင် ခင်ဗျာ့ ၊ ၉၅၀ ကျပ် နဲ့ ဝယ် ထားတဲ့ မောင်ဗမာစက်ဘီးအိုလေး က ကလေး နှစ်ယောက် ကျောင်းတက် စီးသွား ကြလို့ ။
ဝက် ဖြစ် မှ တော့ မစင် မကြောက် နှင့် ၊ ကျွန်တော် လည်း မျက်နှာ အောက်ကျို့ ၊ ခေါင်းငုံ့ ၊ တိုးလျှိုး ၊ ရှက်နိုင်ဘူးဗျာ ( အဲသည်တုန်း က တစ်နေ့ မှ မြေပဲဆန် နို့ဆီ နှစ်လုံး ဗျာ ၊ တစ်ကျပ်တန် အထုပ်ကလေး ၃ - ၄ဝ ၊ ဒါတောင် ကုန်အောင် မနည်း ဖြုန်း ရတာ ခင်ဗျာ ၊ အခုတော့ တစ်နေ့ ၁ဝ တင်း ၁၂ တင်းပေါ့လေ ။ )
“ ကိုချမ်းသာ ခင်ဗျာ့ မြေပဲဆားလှော် မဲတူးခြစ် ၊ မနပ်တနပ်ကြီး က စား မကောင်းဘူးဗျာ ”
“ ဟုတ်ကဲ့ ... လှအောင် လှော်ပါ့မယ် ၊ ကျက်အောင် လှော်ပါ့မယ်ဗျာ ”
“ ငန်တယ် ဗျာ ၊ ဆား လျှော့ဦး ”
“ ဟုတ်ကဲ့ ”
“ ငါးကျပ်ဖိုး ခြောက်ထုပ် ပေး နော် ”
“ ယူပါဗျာ ”
“ နောက် တစ်ခေါက် လာ မှ ပေါင်း ယူနော် ”
“ ဖြစ်ပါတယ်ဗျာ ”
“ ဒီလိုနဲ့ သင်လှော် ၊ ပြင်လှော် ၊ စမ်းလှော် နဲ့ အခု အဆင့် ရ လာတာပဲ ဦးနားဝေး ရာ ”
“ တကယ့် ကို ရုန်း ခဲ့ရတာပဲနော် ”
“ ဟုတ်ပါ ဦးနားဝေး ရယ် ၊ ကျွန်တော် ဖြင့် နောက် ကို ပြန် မတွေးချင်တော့ဘူး ၊ မောလွန်းလို့ ၊ တတ် လို့ လုပ်ခဲ့ရတာ မဟုတ်ဘူး ဗျို့ ၊ ငတ် လို့ လုပ်ခဲ့ရတာဗျာ ၊ နောင် ကျ မှ လုပ်ရင်း လုပ်ရင်း နဲ့ တဖြည်းဖြည်း တတ် သွားတာပါ ဗျာ ”
“ ဟူး ... လာဗျာ ၊ အအေး သောက်ကြရအောင် ”
“ ဦးနားဝေး တိုက်မယ် ဆို သောက် ရ မှာပေါ့ဗျာ ၊ ဒါန မြောက်သွားအောင် ”
ကျွန်တော် တို့ နှစ်ယောက် သည် ရှေးဟောင်းနှောင်းဖြစ်များ ကို ပြော ရင်း အအေးဆိုင်ကလေး ထဲ သို့ ဝင် ခဲ့ပါ၏ ။ စားပွဲ ၂ဝ လောက် ခင်းထားတာ ၊ ကပ်စတန်မာ ( လာရောက် စားသောက်သူ ) တွေ အပြည့် ပဲ ဗျာ ၊ ကျွန်တော် တို့ ဝင် သွား တော့ စားပွဲထိုးလေး တစ်ယောက် ပြေး ထွက် လာပြီး နေရာ လုပ် ပေးတယ် ခင်ဗျာ့ ၊ ပထမ တစ်ရှုးဖန်ခွက် လာချတယ် ၊ နောက် စီးကရက် တစ်ပွဲ လာ ချတယ် ။ နောက် ရေခဲရေဘူး နဲ့ ဖန်ခွက် လာချတယ် ။
“ ဘာ သောက် မှာ လည်း ကိုချမ်းသာ ”
“ ကျွန်တော့် အတွက် နာနတ်သီးဖျော်ရည် မှာ ဗျာ ”
“ နာနတ်သီး ဝမ်း ၊ စတော်ဘယ်ရီ ဝမ်း ”
စားပွဲထိုးလေး က အဖျော်ဆရာကို လှမ်း အော် ၊ အဖျော်ဆရာ ဖန်ခွက်ဆေး စသည့် ဝန်ထမ်း ၁၄ - ၅ ဦး ကို ညွှန်ကြားအုပ်ချုပ် နေ တဲ့ ကောင်လေး က လူငယ်လေး ခင် ဗျာ့ ။
“ ဒါ ဒီ ရိုမီယို အအေးဆိုင် ရဲ့ ပိုင်ရှင် ပဲ ဗျာ ”
ဦးနားဝေး က ခပ်တိုးတိုး ပြော ။
“ ဟုတ်ရဲ့လား ဗျာ ”
“ သိပ် ဟုတ်တာပေါ ကိုချမ်းသာ ရယ် ”
ဦးနားဝေး ပြော လို့သာ ယုံရ ၊ တကယ့် လူငယ်လေး ဗျာ ၊ အလွန်ဆုံး ရှိလှ အသက် အစိတ် ပေါ့ ။
[ မလုပ် မဖြစ် ၊ လုပ်ရင် ဖြစ်တယ် ၊ အလုပ် လုပ်ချင်တဲဲ့ စိတ် ရှိဖို့ သည် သာ အဓိက ]
ကောင်တာ နောက် က နရံ မှာ စာကလေး တစ်ကြောင်း ရေး ထားတယ် ခင်ဗျာ ။ ကျွန်တော် သေချာ ဖတ်ကြည့် နှစ်ခေါက် သုံးခေါက် ။ သူ အမှတ်တမဲ့ ကျွန်တော် တို့ စားပွဲ နား ရောက် လာ ။
“ ငါ့ တူ က ဒီ ဆိုင် ပိုင်ရှင်လား ”
“ ဟုတ်ကဲ့ ဘဘ ”
“ ဟို ရေး ထားတဲ့ စာကလေး က ဘယ် စာအုပ် ထဲ ”
“ ဘယ် စာအုပ် ထဲ က မှ မဟုတ်ပါဘူး ဘဘ ၊ ကျွန်တော့် ခေါင်းထဲ အမြဲ ရှိနေတဲ့ စာလေး ပါ ”
ကျွန်တော် မျက်စိ ပြာခနဲ ဖြစ်သွားပါ၏ ။ ကျွန်တော် သောက် လိုက်သော အအေး သည် ဝမ်းခေါင်း ထဲ ပူခနဲ ဆင်း သွားသည် ဟု ထင် လိုက်မိပါ၏ ။ ကျွန်တော် အသက် ၆၀ ၊ သည်ကလေး က ကျွန်တော့် အသက် ထက်ဝက် မျှ ပင် မရှိ ။ သူ့ ခေါင်း ထဲ အမြဲ ရှိနေတဲ့ စကားတဲ့ ဗျာ ။
“ ဒီနေ့ လူငယ်တွေ က ကျွန်တော် တို့ ထက် ချွန်တယ် ဗျာ့ ၊ ထက်မြက်တယ် ၊ ဦးနှောက် ပြေးတယ် ဗျာ ၊ ကိုချမ်းသာ ခင်ဗျား လက်ခံ ရဲ့လား ”
“ သိပ် လက်ခံတာပေါ့ ဦးနားဝေး ရာ ၊ အခု ကျွန်တော် မျက်စိ နဲ့ တကယ် မြင်တွေ့ နေရတာပဲ ဟာ ၊ ကျွန်တော့် တုန်း က ငတ်လို့ လုပ်ခဲ့ရတာ ၊ မလုပ်ချင်ဘဲ လုပ်ခဲ့ရတာ ၊ သူတို့ က တတ် လို့ လုပ်တာ ၊ လုပ်ချင်လို့ လုပ် တာဗျာ ၊ ဉာဏ်ရည် ကလည်း မြင့် ပါဘိ ဗျာ ”
သူ ခံယူ ထားတာ က လုပ်ချင်စိတ် ရှိဖို့ သည်သာ အဓိက တဲ့ဗျာ ။
( လုပ်ချင် စိတ် ရှိရင် လုပ်လို့ ဖြစ်တယ် ဆိုတဲ့ သဘောဗျာ ။ )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment