Monday, October 3, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၆ )


 

အခန်း ( ၁၆ )

မိုးစက် တွေ ကျလာတော့မည် ။

ရေဝေးသုဿန် ရှိ အသုဘ ရှုရာ ခန်းမ ( ၂ ) ထဲ တွင် မျက်ရည်စက်တွေ ... လူတွေ ... ပန်းပွင့်တွေ ပြည့်ကျပ် နေ၏ ။

သျှပ်မှူးအိမ် ကို ချစ်သော ပရိသတ်တွေ ... ချောင်းထဲ မှာ ဗေဒါပင်တွေ အရွက်ချင်း ထပ်ကာ ပြည့်ကျပ် နေပုံမျိုး ... ပခုံးချင်း ထပ် ၊ ရင်ဘတ်ချင်း ကျောချင်း ကပ် ကာ ထပ်နေ ပြည့်နေ ကြသည် ။

မျက်စိတစ်ဆုံး ကျယ်ပြန့် ထူထပ် သိပ်သည်းသော ကြေကွဲခြင်း ပင်လယ် တစ်ခုလို ... ။

မတိုးကြပါနဲ့ ... မတိုးကြပါနဲ့ ... နောက်ဆုတ်ပေးကြပါဗျာ ... ဟု စာနယ်ဇင်းသမား တစ်ဦး က အော်ဟစ်ရင်း ပရိသတ် ကို မေတ္တာရပ်ခံနေသည် ။ ခဏကြာတော့ ထို သူ အသံ ဝင်သွားပုံရ၏ ။ လူတွေ က လည်း ခြေ တစ်ဖက် ရွေ့ စရာ နေရာ ပင် မရှိလောက်အောင် ကျပ်ညပ်ပြည့်သိပ် နေသဖြင့် နောက်ဆုတ် ဖို့လည်း မဖြစ်နိုင်တော့ ။

“ ခဏ နေရင် ရင်ခွဲရုံ ထဲ ကနေ အလောင်း ကို ခန်းမ ထဲ သယ်ထုတ်လာတော့မယ် ၊ ခန်းမ ထဲ အဝင် လမ်း ကို နည်းနည်း ရှင်း ပေးထားကြပါ ” ဟု တစ်စုံ တစ်ယောက် က ပြောနေ၏ ။

ဂီတလောက ထဲ မှ မိတ်ဆွေများ က တစ်ယောက် နှင့် တစ်ယောက် လက်ချင်း ချိတ်ဆက်ကာ စီတန်းပြီး ဟိုဘက် ဒီဘက် နေရာ ယူ လိုက်ကြသည် ။ ကြားထဲ တွင် လူ သုံးလေးဦး လျှောက်သာ ရုံ လမ်းကလေး ဖြစ်လာ၏ ။

ဒါလည်း ကြာကြာ မခံ ။ လက်ချင်း ချိတ် ထားသော အနုပညာရှင်များ ၏ နောက်ကျောများ ဆီသို့ ပရိသတ် က ပြို ကျ လာ၏ ။ လက်တွဲ တွေ ပြုတ်ထွက် ကုန်သည် ။ ဖိနပ်တွေ တစ်ဖက် စီ လွင့်ထွက် ကုန်၏ ။ လူသံတွေ က လှိုင်းသံ လို တဝုန်းဝုန်း ထ နေသည် ။ လူတွေ သည် ပင်လယ် ... ကြေကွဲခြင်း သည် မုန်တိုင်း ... ယိုင်လဲသူတွေ ယိုင်လဲ သွားကြသည် ။ ဖယ်ကြပါဦး ... နောက် ဆုတ် ပေးကြပါ ... စည်းကမ်း ရှိပါ ဗျာ ... ဟု တစ်ချို့ က အော်ဟစ် သတိပေး နေကြသည် ။ အလောင်း သယ် လာရမည့် လမ်း က လည်း ကျပ်ညပ်ပိတ်ဆို့ နေလေပြီ ။

သျှပ်မှူးအိမ် ၏ဇနီး ဖြစ်သူ က တော့ အသံ မထွက်ဘဲ နူးညံ့မာကျောစွာ ငိုကြွေး နေ၏ ။

ဟိုး ... ခပ်ဝေးဝေး မှာ တော့ သူမ ၏ချစ်လှစွာသော ခင်ပွန်း အတွက် နောက်ဆုံး နှုတ်ဆက် သည့် အလွမ်းပန်းခြင်းကလေး ထဲ မှာ နှင်းဆီ
ဖြူဖြူတွေ ... ။

ပြီးတော့ ... ကိုသျှပ် ၏ ( ၈ ) နှစ်အရွယ် သမီးငယ်လေး မိကောင်းညံ ... ။ ကိုသျှပ် သိပ်ချစ် ခဲ့သည့် သူ့ ရင်သွေးကလေး ကို သူ ထားရစ်ခဲ့ပါပြီကော ... ။

နေရစ်လေဦးတော့ ... သမီးငယ် ရေ ...

စိုးရှား အံ ကို မသိမသာ ကျိတ်ရင်း ပင့်သက် ကို နွမ်းနယ်စွာ ရှိုက်သွင်း လိုက်သည် ။

ခဏ နေတော့ ကိုသျှပ် ၏ မိခင် ဖြစ်သူ ကို ဦးစောဝင်း က တွဲကာ ခန်းမ ( ၂ ) ထဲ သို့ ဖေးမ ခေါ်လာ၏ ။

ကိုသျှပ် မိခင် ၏ အသွင်သဏ္ဌာန် သည် မော်လမြိုင် မှာ သူ တွေ့ခဲ့ရစဉ် က ထက် ပိုမိုပါးလျား ပိန်ဖျော့ သွားမှန်း စိုးရှား အကဲခတ် မိသည် ။ အမေ့ ရဲ့ ဒုက္ခအိုးကလေးကတော့ ကွဲကြေ သွားခဲ့ပြီပေါ့ အမေ ရယ် ...

အဲသည် အခိုက်အတန့် တဒင်္ဂလေး မှာ ပင် ' အမေ ' ဆိုသော နာမ ၏ နက်ရှိုင်းမှု သည် စိုးရှား ၏ နှလုံးသား ထဲ သို့ ဆွတ်ပျံ့ တိုးဝှေ့ ဝင် လာလေတော့သည် ။ မန္တလေး မှာ ကျန်ရစ်ခဲ့သော အမေ့ ကို စိုးရှား ဖျတ်ခနဲ မြင်မြင်ယောင်ယောင် ဖြစ် လိုက်မိသည် ။

ဆူညံ နေသော လူသံသူသံတွေ အဝေး သို့ လွင့်စင် သွားသလို ခံစား လိုက်ရ၏ ။

အသုဘ အခမ်းအနားများ တွင် ရတတ်လေ့ ရှိသော အမွှေးနံ့ ငြီးစီစီ တစ်မျိုး သာ လေထု ထဲတွင် ဝေ့ကာ ကျန်ရစ်သည် ။

သူ သတိထား မိလိုက်ချိန် တွင် သူတို့ တိုင်ပင်ကာ အစီအစဉ်ပြောင်း လိုက်ကြပြီ ဖြစ်သည် ။

ကိုသျှပ် ၏ မိခင်ကြီး ကို ရင်ခွဲရုံထဲ အထိ ခေါ်သွားပြီး ကိုသျှပ် ၏ ရုပ်အလောင်း ကို အေးအေးဆေးဆေး ကြည့်ခွင့် ရအောင် စီမံကြခြင်း ဖြစ်ပုံ ရ၏ ။

ဟုတ်တော့ လည်း ဟုတ်သည် ။ ရုပ်အလောင်း ကို ခန်းမ ထဲ အထိ သယ်လာမည် ဆိုလျှင် များပြားလွန်းသော ပရိသတ်များ ကြောင့် ကိုသျှပ် ၏ မိသားစု အဖို့ သူ့ နောက်ဆုံး အချိန် ကို စိတ်အေးလက်အေး ကြည့်ခွင့် ရမည် မဟုတ်
ကြေကွဲခွင့် ရမည် မဟုတ် ။

ခဏအကြာ တွင် ဦးစောဝင်း က ကိုသျှပ် ၏ မိခင်ကြီး ကို ပွေ့ချီ ပြီး အလောင်း ထားသည့် ရင်ခွဲရုံ ရှိရာဆီ သို့ ခေါ်ဆောင် သွားလေသည် ။

ကိုသျှပ် အတွက် သုဿန်မြေမှာ ကြေကွဲခြင်းတွေ ကြိတ်ကြိတ်တိုး နေကြသည် ။ အလောင်းချ စရာ နေရာ မရှိတော့ လောက်အောင် ပြည့်ကျပ် နေသည့် လူပင်လယ်ပြင်ကြီး ကို ကြည့်ရင်း စိုးရှား တစ်စစီ ပြိုပျက်ပြန့်ကျဲ လွင့်စင် သွားသလို ခံစား လိုက်ရလေသည် ။

အဲဒါပါပဲကွယ် ...

အနုပညာရှင် ဆိုတာ သေတော့မှပဲ ကိုယ့် ဘဝ ကို ကိုယ် ပိုင်ဆိုင်ခွင့် ရတာမျိုးပါ ... ။

•••••   •••••   •••••   •••••

ဟော ... လာပြီ သယ်လာပြီ ... ဟူသော စကားသံများ နှင့် အတူ ကျပ်ညပ်သိပ်သည်း နေသည့် လူတွေ လှုပ်လှုပ်ရှားရှား တွန်းထိုး ရွေ့လျား သွားကြသည် ။

ကိုသျှပ် ၏ ရုပ်ကလပ် ကို ထည့်သွင်း ထားသော ကျွန်းတလားသေတ္တာကြီး ကို သယ်ဆောင် လာပြီး ခန်းမ ( ၂ ) ထဲ တွင် ခဏ မျှ သာ ချခွင့် ရလိုက်၏ ။ ကိုသျှပ် ၏ ဇနီး ဖြစ်သူ ကြည့်ဖို့ ခေါင်းတလား အဖုံး ကို မိနစ် အနည်းငယ် ကြာ ဖွင့် ပြ နိုင်သည် ဆိုရုံလေး ပင် ဖြစ်သည် ။

ကျွန်းသားခေါင်းတလား ထဲ တွင် ပကတိ ငြိမ်းချမ်းစွာ အိပ်မောကျနေ သူ က ကိုသျှပ် ...

ဆံပင် ကောက်တိကောက်ကွေး ... မျက်နှာ ထူထူ နှာတံစင်းစင်း နှင့် အလျား ရှည်သော နှုတ်ခမ်း တစ်စုံ ။

သူ့ မျက်နှာဘေး ခေါင်းအုံး ပေါ်တွင် တော့ တရားစာအုပ်လေး ...

လက် ထဲ မှာတော့ ပန်းစည်းတစ်စည်း ...

ကြည့်စမ်း ... ပန်းပွင့် ... တရားဓမ္မ နှင့် သေခြင်းတရား ...

ဒါဟာ ကွယ်လွန်သူ တစ်ယောက် ရဲ့ အတ္ထုပ္ပတ္တိ ပါ ပဲ ...

ကဲ ... ခေါင်းအဖုံး ကို ပိတ် လိုက်ကြပေတော့ ...

ဂွတ်ဘိုင် ... ကိုသျှပ် ...

“ သွားကြစို့ ...”

တစ်စုံတစ်ယောက် ၏နှိုးဆော်သံ ကို မသဲမကွဲ ကြားရသည် ။ ကိုသျှပ် ကို ထည့် ထားသောခေါင်းတလား ကို ခန်းမ အပြင်ဘက် သို့ ထမ်းထုတ် ယူသွားပြီး ကား ပေါ် သို့ တင် လိုက်ကြ၏ ။ ပြီးတော့ ဂူသွင်း မြှပ်နှံမည့် နေရာ ဆီ သို့ ဦးတည် လိုက်ကြသည် ။

ကတ္တရာလမ်းကျဉ်းကျဉ်းလေး ပေါ် မှာ
ကားတွေ ...
လူတွေ ...
လွမ်းသူ့ပန်းခွေတွေ ...
မျက်ရည်စတွေ ...
ကြေကွဲနှမြောတသခြင်းတွေ ...
ဖြည်းဖြည်းနှေးနှေး ရွေ့လျား နေကြသည် ။

အဲဒီ အချိန် မှာ ပဲ ...

မိုး က ဖွဲဖွဲကလေး စတင် ရွာသွန်း လာတော့သည် ။

•••••   •••••   •••••   •••••

ကိုသျှပ် ရေ ...

ကျွန်တော်တို့ ရဲ့ခေတ် တစ်ခု ကို ခင်ဗျား ပေးခဲ့တာတွေ အများကြီးပါ ...

အခုတော့ ...

ခင်ဗျား အတွက် ခေတ်ကြီး တစ်ခေတ်လုံး ဝမ်းနည်း လွန်းလို့ တဆတ်ဆတ် တုန်ယင်နေလေရဲ့ ...

•••••   •••••   •••••   •••••

ဂီတသင်္ကေတ တွေ ကြေးပြားထွင်း ကပ် ထားသည့် အုတ်ဂူကျဉ်းကျဉ်းကလေး ထဲ တွင် သူ့ကို ထားရစ်ခဲ့ကြပြီ ...

သူ ချစ်သော သီချင်းတွေ ၏ ခေါ်ဆောင်ရာ နောက် ကို လိုက်ပါရင်း ဒုက္ခ အဖြစ်ဆိုး နှင့် ကြုံတွေ့ရကာ အသက် ကို ပါ ပေးခဲ့ ...

လူ ဖြစ် လာရတာ ဟာ ဒီလို နိဂုံး ချုပ် ဖို့ အတွက်တဲ့ လား ...

စိုးရှား တွေးရင်း တွေးရင်း ဘာကို မကျေနပ်မှန်း သူ့ ကိုယ် သူ မသိဘဲ ဒေါသတွေ ထွက်လာသည် ။

အုတ်ဂူ ရှေ့ မှ လှည့် ထွက် ဖို့ ခြေလှမ်း ပြင် လိုက်တော့ သူ့ ဦးလေး နှင့် မျက်နှာချင်း ဆိုင်မိကြ၏ ။

ဦးစောဝင်း ၏ ပါးပြင် ပေါ် မှာ မျက်ရည်စက် နှင့် မိုးစက်တွေ စိုရွှဲ နေလေသည် ။ မျက်ဝန်းတွေ က တော့ ကိုသျှပ် ငြိမ်သက်လဲလျောင်း ရာ အုတ်ဂူလေး ကို စိုက်ကြည့်လျက် ...

စိုးရှား ၏ ဒေါသ က ( မရည်ရွယ်ထားပါဘဲနှင့် ) သူ့ဦးလေး ပေါ် သို့ ပုံကျသွားပြီး ...

“ ဒီမှာ ဦလေး သူ့ လို အနုပညာခေါ်ရာ နောက် ကို သေမင်း ရှိမှန်း သိသိချည်း နဲ့ လိုက်ရဲလား ... မညာ နဲ့ ... ဦးလေး မညာ နဲ့ ... အနုပညာ ကို တကယ် ချစ်ရင် မညာရဘူးဗျ ... သိရဲ့လား ...”

သူ ၏ ရိသဲ့သဲ့ စကား သံ က ကျယ်လောင်နေမည် လား မသိ ။ သူ့ ကို တွေတွေကြီး ပြန်စိုက်ကြည့်နေသော ဦးစောဝင်း ၏ မျက်ဝန်းအဓိပ္ပါယ် ကို လည်း မသိ ။

ဒီနေရာ မှာ တင် ...

လူ တစ်ယောက် ၏ ဘဝ အပြောင်းအလဲ ဖြစ် သွားစေပြီ ဆိုသည် ကို လည်း သူ မသိခဲ့ပါချေ ။

ဩဂုတ်လ ၏ မိုးရေစက်တွေကြား မှာ ပင် ...

____________________

မင်းခိုက်စိုးစန်

#‌အောင်နိုင်ဦး

.

No comments:

Post a Comment