Wednesday, October 19, 2022

သင်မြင်ကြား ဆရာ တစ်ပါး သို့ ဦးညွှတ်ခြင်း


 

❝ သင်မြင်ကြား ဆရာ တစ်ပါး သို့ ဦးညွှတ်ခြင်း ❞

( ဆရာမင်းလူ အမှတ်တရ စာတစ်ပုဒ် အမြန်ဆုံး ရေး ပေးပါ ။ ကျွန်တော် တို့ ထက် စာရင် ကိုကျော်ဇင် က ပိုပြီး အမှတ်တရ ဖြစ်စရာတွေ အများကြီး ရှိမယ် ထင်လို့ပါ ။ )

ဆရာမင်းလူ နာရေး ရက် မလည် မီ မှာ ပဲ အထက်ပါ ကြေးနန်းစာ က ကျွန်တော့် Facebook စာမျက်နှာ ပေါ် ရောက်ရှိ လာပါသည် ။ ရယ်စရာမဂ္ဂဇင်း အယ်ဒီတာ ဆရာလူဇော် ပို့ ပေးလိုက်ခြင်း ဖြစ်၏ ။ အမှန်အတိုင်း ပြော ရလျှင်တော့ သိပ်ပြီး ရေးလို စိတ် မရှိပါ ။ လူ တစ်ယောက် ကွယ်လွန် ပြီး မှ ချစ်ပြ ၊ လွမ်းပြ ၊ ဘုန်းတော်ဘွဲ့  ရွတ်ပြသည့် အနေအထား မျိုး ဖြစ်သွားလျှင် အခြား ဘယ်သူတွေ ဝေဖန် ပြစ်တင် စေ ကာမူ ခံနိုင်ရည် ရှိသော်လည်း ဆရာမင်းလူ ကား လုံးဝ နှစ်မြို့မည် မဟုတ်သောကြောင့်တည်း ။ ဖြစ်နိုင်လျှင် ဆရာ လိုလားသော စာပေ နှင့် ပတ်သက်၍ ထို့ထက် ပိုပြီးပြော ရလျှင် ရသစာပေ နှင့်ပတ်သက်၍ အားထုတ် ကြိုးပမ်းသမှု ကို သာ ပြု လိုပါသည် ။ သို့သော်  “ အမှတ်တရ ” ဟု ဆိုခဲ့သဖြင့် ဆရာမင်းလူ နှင့် သိကျွမ်း ရင်းနှီးခဲ့ရသော ကာလ များစွာ ထဲ မှ တကယ့် အမှတ်တရ ဖြစ် စရာများ နှင့် ဆရာ့ အပေါ် ကျွန်တော့် အနေ ဖြင့် မှတ်မှတ်ရရ ရှိခဲ့သော အကြောင်းအရာ အချို့ ကို တင်ပြ သွားပါမည် ။ ကြို ပြောထားပါရစေ ။ ကျွန်တော့် တင်ပြပုံ ညံ့ဖျင်း ၍ အမြင် သွေစရာ စိတ် အခန့်မသင့် စရာ တစ်ခု ခု ရှိ ခဲ့လျှင် ကျွန်တော့် မှာ သာ တာဝန် ရှိပါ၏ ။ ဆရာ့ အပေါ် တော့ အမြင် ရှင်းရှင်းသာ ထား ပေးပါ ။ ဘာကြောင့်လဲ ဆိုတော့ ဆရာမင်းလူ သည် ကျွန်တော် သိခဲ့သမျှ ထဲ တွင် စိတ်ထား မြင့်မြတ်စင်ကြယ်သော ၊ ရိုးရှင်းသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သောကြောင့် ပါ ။

ပထမဆုံး အမှတ်တရ က တော့ သူ ရဲ့ ပထမဆုံး ဝတ္ထု ပန်းကျောင်း ကို ကျွန်တော် ခုနစ်တန်း မှာ စ ဖတ် ရသည် ။ ဘာ ရေစက် မှန်း တော့ မသိ ။ နောက်ထပ် ဖတ် ရသည့် အချစ် အလွမ်း စွန့်စားခန်း မှ စ၍ သူ့ဝတ္ထုတွေ ကို ရှာဖွေ ဖတ်ဖြစ်လေတော့သည် ။ စာရေးသူ ၏ အကျင့်စရိုက် သည် သူ့ ဝတ္ထု ထဲတွင် အထူးသဖြင့် ဇာတ်ကောင် တစ်ဦး ဦး ထဲ တွင် ပါဝင် နေတတ်ကြောင်း ကိုလည်း ဝါရင့် စာဖတ်သူများ ပြောကြားချက် အရ ထို အရွယ်ကတည်း က ( ကံကောင်းစွာ ) သိမှတ် ထားခဲ့ ရလေတော့ ဆရာမင်းလူ ၏ ဝတ္ထုတို / ရှည် / ကဗျာများ ကို ဖတ်ရင်း သူ့ စိတ်နေ စိတ်ထား ကို တဖြည်းဖြည်း သုံးသပ် ဆန်းစစ် မိ နေခဲ့ပါ၏ ။ သေသေချာချာ သတိထား မိတာ က တော့ ဆရာမင်းလူ သည် သူများ မတွေးသော တွေးထောင့် မှ တွေးတတ် သူ ၊ ထို အတွေး အမြင် ကိုပင် ရိုးရှင်းလှပစွာ ဆန်းသစ် ပြောင်မြောက်အောင် တင်ပြတတ် သူ တစ်ဦး ဖြစ်၏ ။

ဘောလုံးသမား စကား နှင့် ပြောရလျှင် မထင်မှတ် သော ထောင့် မှ ဂိုးသွင်း တတ် သူ ပေါ့ ။ ဝန်ခံ ရလျှင် ဆရာ ၏ ပြောင်မြောက်လှသော ဥပမာ အလင်္ကာ အသုံးအနှုန်း တီထွင်မှု နည်းနာများအား အတုယူ ရေးသားလျက် ဆယ်တန်းကျောင်းသား ဘဝ တွင် စာစီစာကုံး အားပြုပြီး ကျွန်တော် မြန်မာစာ အမှတ်တွေ ကောင်း ခဲ့ရသည် ။ ဆရာ ၏ ပြောင်မြောက်သော ဥပမာ အလင်္ကာ အချို့ ကို ထုတ်နုတ် ပြရလျှင် “ မစီးရသော ရထား ၊ ခဲ နဲ့ ပေါက် ” သကဲ့သို့ ( မစားရ တဲ့ အမဲ သဲ နဲ့ ပက် ဟု မသုံး ) ၊ “ ဆေးပေါ့လိပ်များ ကြား မှာ ခပေါင်း မင်းမူသည် ဟု ပဲ ဆိုဆို ” ( အနှစ်မရှိတဲ့ တော မှာ ကြက်ဆူပင် မင်းမူ ဟု မသုံး ) အဲ …  ၊ ခပေါင်း ဆိုတာ အစီခံ မပါသော စီးကရက် ကို ပြောတာပါ ။ ( ၁၉၈၈ မတိုင်မီ မြန်မာပြည် မှာ ဒူးယား အစီခံစီးကရက် တစ်မျိုး သာ ရှိကြောင်း အချို့ကလေးတွေ မသိမမီ ကြ မှာမို့ ရှင်းပြခြင်း ) တောမကျ မြို့မကျ ရပ်ကွက်လေး မှာ ရွက်ကြမ်းရေကျို ရုပ်တွေ ကြား ထဲ “ လှထုံ ” က စူပါစတား ဖြစ် နေတာမျိုး ကို ပြောင်မြောက်စွာ ဥပမာ ပြခြင်းဖြစ်၏ ။ ဆရာ က ဆရာကြီး ရွှေဥဒေါင်း အရေးအသားများကို လည်း အလွတ် နီးပါး ရနေဟန် ရှိသည် ။ ကြိုက် ပုံ လည်း ရ၏ ။ မကြာခဏ လည်း ပုံစံတူ တွေ ယူ သုံးသည် ။ ဆရာ ၏ နာမည်ကြီး လက်ရာ ကဗျာစာအုပ် အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ဆိုတာ ဆရာကြီး ရွှေဥဒေါင်း ရေး သော စာ ထဲက လာတာပဲ ။ ပင်ရင်း စကားပြေ လက်ရွေးစင် ထဲ မှာ ဦးစံထွား ပြောသော စကား “ မောင်စံရှားလားဟေ့ ၊ ဝင်ခဲ့လေကွယ် ” ကို အခြေခံ ခဲ့ခြင်း ဖြစ်၏ ။ အပြင်မှာ တံခါး ခေါက်သံ ကြား ရုံ ဖြင့် ဘယ်သူ ဆိုတာ ကို တန်း သိနေကြောင်း အဓိပ္ပာယ် ရပါသည် ။ ကျွန်တော် သဘောကျ နှစ်ခြိုက်မိ ဆုံး အဖွဲ့ ကတော့ ဆရာကြီး ရွှေဥဒေါင်း စကား ကို ယူ သုံးရလျှင် “ အဆီပို တစ်ကျပ်သား လျှင် မရှိအောင် လေ့ကျင့် ထားလေရာ ကျွန်ုပ် စိတ်တိုင်းကျ ရှိလှပေတော့သည် ” တဲ့ ။ ဆရာကြီး ရွှေဥဒေါင်း က လက်ဝှေ့ကျော် “ ဇော်ဟိတ် ” ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ယောက်ျား ပီသမှု ကြွက်သားများ ကျစ်လျစ်မှု အား ဖွဲ့ဆို ထားခြင်းပါ ။

ဟုတ်ကဲ့ ။ ဆရာမင်းလူ က တော့ သူ ကြိုက်သော ကောင်မလေး ကို ဖွဲ့ လိုက်တာ ဖြစ်၏ ။ ပြန် ဖတ် ကြည့်ပါဦး ။ မည်မျှ စိတ်တိုင်းကျ စရာ ပြောင်မြောက် လှပါသလဲ ။

ကိုင်း ၊ ပြောရင်း နှင့် စကားတွေက အမှတ်တရ လမ်းကြောင်း မရောက်ဘဲ ရှိနေပါဦးမည် ။

ပထမဆုံး မှတ်မှတ်ရရ ဖြစ်ရတာ က တော့ ၁၉၉၀ ပြည့် နှစ်ဖြစ်ပါ၏ ။ ကျွန်တော် က စစ်တက္ကသိုလ် မှာ နောက်ဆုံး နှစ် ကျောင်းသား ။ ဘွဲ့ ယူစာတမ်း အတွက် မြန်မာစာပေ လေ့လာ တွေ့ရှိ ချက် စာတမ်းတင် ရမည် ။ ကဗျာ သို့မဟုတ် ဝတ္ထု တစ်ခုခု အကြောင်း ရေး ရမည် ဖြစ်သည် ။ အများသူငါ တွေ က ရောမ စာရေးဆရာ ၊ ကဗျာဆရာကြီးများ ၏ စာအုပ်ထူထူကြီးများ ဖြင့် တခုတ်တရ ပြင်ဆင် နေချိန် တွင် ကျွန်တော် သည် ဆရာမင်းလူ ၏ သူငယ်ချင်း တစ်ယောက် အကြောင်း ကို နှစ်ခြိုက်လှစွာ အခါခါ အထပ်ထပ် ဖတ် နေဆဲဖြစ်၏ ။ ဤသို့ဖြင့် သူများတွေ ကတ္တီပါသားရေဖုံး ဖြင့် ကျကျနန စာတမ်း တင် ပြီးချိန် အထိ ကျွန်တော့် မှာ စာရွက်တောင် မဝယ်ရသေး ။ တစ်နေ့ မှာ တော့ “ နို့တစ်ဘုတ် ” သင်ပုန်း မှာ ကြော်ငြာ စာ ထွက်လာသည် ။ ၁၀ ရက် အတွင်း စာတမ်း မတင်နိုင်ပါက စာမေးပွဲ အအောင် ပေးမည် မဟုတ်ကြောင်း ။ သို့ဖြင့် ကျွန်တော့် ရဲ့ ဆရာမင်းလူ ၏ သူငယ်ချင်းတစ်ယောက်အကြောင်း ဝတ္ထု လေ့လာ တွေ့ရှိချက် စာတမ်းတော်ကြီး အား ဆယ်ရက် အတွင်း ပြီးစီးအောင် ပြုစု ရလေတော့သတည်း ။

( အယ်ဒီတာ ကိုလူဇော်သစ် ရေ ၊ မှတ်ထားနော် ။ ဘွဲ့ယူစာတမ်း ကို တစ်ပတ် နဲ့ အပြီး ဆော်လာတာ ။ ) ခက်တာ က စာတမ်း တွင် စာရေးဆရာ ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွဲ တင်ရသည် ။ ကျွန်တော့် မှာ ဆရာ မင်းလူ ဆိုတာ ဒါရိုက်တာ ဦးသာဓု သား ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ၊ မင်းသား သုမောင် ၊ မောင်ရူပ တို့ ညီ ဖြစ်တယ် ဆိုတာ လောက် က လွဲပြီး ဖြူသလား ၊ မည်းသလား တောင် သိတာ မဟုတ် ။ ရန်ကုန် က အစ်ကို ဖြစ်သူ အား ဖုန်းဆက် အပူ ကပ်ရတော့၏ ။ ဟိုတုန်းက ခု လို ဖုန်း လွယ်လွယ် ဆက်မရ ၊ သုံးရက်လောက် ဆက် ရသည် ။ အစ်ကို ခမျာ လည်း နိုင်ငံရေး ခပ်လှုပ်လှုပ် အချိန် ကြား ထဲ လေထန်ကုန်း ပြေး ၊ သာဓုခြံ ပြေး ဖြင့် ဆရာ မင်းလူ အား တွေ့ အောင် ရှာပြီး စုံစမ်း ဆက်သွယ်ရ ရှာ၏ ။ ဆရာ က လိုလိုလားလား ဖြင့် ကူညီပေး လိုက်ကြောင်း အစ်ကို က ပြန် ဆက်သွယ် သည် ။ စာတမ်း တင်ရန် သုံးရက် အလို မှာ အချက်အလက် တွေ အကုန် ရလေ၏ ။ သို့သော် စိတ် မကောင်းစရာ အချက် တစ်ခု အား အစ်ကို က သူ့  စာ ထဲ မှာ ထည့် ရေးလိုက်သည် ။

“ မင်း ရဲ့ဆရာမင်းလူ က တော့ အစ်ကို့ ကို အင်တာဗျူး ဖြေ ပေးပြီး နောက် တစ်ရက် မှာ ပဲ အဆွဲ ခံလိုက်ရပြီ ညီလေး ရေ ။ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာ နဲ့ ပေါ့ ။ မင်း ဖတ် ရအောင် ထည့်ပေး လိုက်တယ် ။ သူများတွေလည်း လျှောက် မပြနဲ့ဦး ”

လူကြုံ ဖြင့် ထည့် ပေး လိုက်တာ ဖြစ်၍ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာစာအုပ် ( ကာတွန်း ကိုဝင်းထွန်း သရုပ်ဖော် ပုံ ဖြင့် ) က ကျွန်တော့် လက် ထဲ ဘေးမသီရန်မခ ရောက် လာခဲ့သည် ။ ခိုးဖတ်ပြီး ကျိတ် ရယ်ခဲ့ရ၏ ။ ဝါသနာ တူ သူ များ အား ပြပြီး အရယ် မျှဝေ ချင် လှသော်လည်း ခေတ် ကာလ မကောင်း တာ ကြောင့် အောင့် ထားပြီး လုံခြုံစွာ သိမ်းဆည်း ရပြန်၏ ။ ဆရာ့ အပေါ် ဂုဏ်ပြုစကား လည်း ဆိုချင် စိတ် က ထိန်း မရ ။ ဒါကြောင့် ဘွဲ့ယူစာတမ်း ၏ ကျေးဇူးတင်လွှာ မှာ ထည့် ရေး ဖြစ်အောင် ရေးလိုက်သေးသည် ။

“ … ဤ စာတမ်း အား အချိန်မီ ပြီးစီးအောင် ကိုယ်ရေး အချက်အလက်များ ကို စိတ်ရှည်လက်ရှည် ပြောကြား ပေးပို့ခဲ့ သူ ဆရာ မင်းလူ အား အထူး ကျေးဇူး တင် ရှိပါသည် ။ ယခု စာတမ်း တင်ချိန် မှာ ဆရာမင်းလူ ကား အပြင် လောက တွင် မရှိ ရှာတော့ပါ ။ မည်သို့ပင် ဖြစ်စေ ကျွန်တော် သည် လည်း “ လိုင်းချုပ် ” ( ၇ ) ရက် ပြစ်ဒဏ် ကျ ခံ နေရစဉ် ဤ စာတမ်း အား ပြုစုခဲ့ရခြင်း အတွက် များစွာ ဂုဏ်ယူမိပါသည် …”

လိုင်းချုပ် ဆိုသည် မှာ ကျောင်း ထုတ်သည့် ပြစ်ဒဏ် ဖြစ်ပြီးလျှင် အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်ပါသည် ။ တစ်ရက် အတွက် စည်းကမ်းမှတ် ၃ မှတ် ဖြစ်သည် ။ ၁၄ ရက် လောက် ကျ ထားလျှင်ကား စာမေးပွဲ ကျဖို့ သေချာပြီ ။ ဤသို့ ရေး လိုက်သဖြင့် နောက်ထပ် ၇ ရက် လောက် ထပ် ကျ နိုင်သည် ။ သို့သော် မြန်မာစာဌာနကြီး က အရေး မယူခဲ့ပါ ။ ထို အကြောင်းတွေ ကို အဲဒီ စစ်ဗိုလ် က တစ်ခါတုန်းက လမ်းသရဲပါပဲ ခေါင်းစဉ် ဖြင့် ရေးသား ထားပါ၏ ။ ( အယ်ဒီတာ လိုချင် လျှင် စာမူခကောင်းကောင်း ပေးပါ က အခန်းဆက် ဖော်ပြရန် ပေးပါမည် )

ဆရာ နှင့် ဘဝ တစ်သက်တာ အမှတ်တရတွေ က တော့ ကျွန်တော့် မိခင် မဂ္ဂဇင်း ဟု ဆိုရမည်ဖြစ်သော သောင်းပြောင်းထွေလာ ရယ်စရာ မှ စတင် ခဲ့ပါသည် ။ ဝတ္ထုတို ပြိုင်ပွဲ တွေ က တစ်ဆင့် ကျွန်တော့် ဆုရ စာမူ အိပ်မက်ထဲ က ဖလားကြီး ကို ၁၉၉၆ မှာ ပုံနှိပ် ဖော်ပြခံရသည် ။

နောက်ပိုင်း ဆက်တိုက် ဆိုသလို သုံးလေးပုဒ် တစ်လ ခြား ၊ နှစ်လ ခြား ဖြင့် ပါ လာသည် ။

၁၉၉၇ ရယ်စရာ နှစ်ပတ်လည် အခမ်းအနား ကျောက်မြောင်း မှာ လုပ်တော့ အယ်တီတာချုပ် ဆရာမာလတ် နှင့် ဆရာကောက် ( ကောက်နွယ်ကနောင် ) တို့ က အတိုင်အဖောက် ညီစွာ ပြောကြ၏ ။

ကောက် ။  ။ ဟေ့ ၊ ကိုယ့်လူ ဝတ္ထုတွေ များများ ရေးနော် ၊ မင်းလူ က ခင်ဗျား ကို ချီးကျူး နေတယ် ။

ကျွန်တော် ။  ။ မဖြစ်နိုင်တာ ဆရာ ရယ် ၊ ကျွန်တော် မယုံပါဘူး ။

လတ် ။  ။ ဟုတ်တယ် ငါ့ လူ ရဲ့ ၊ ကိုယ့် ကို လည်း ပြောတယ် ။ မင်းတို့ မဂ္ဂဇင်း မှာ ရေး နေတဲ့ သူတွေ ထဲ က ကျော်ဇင်ကိုကို ဆိုတဲ့ တစ်ယောက် တော့ နည်းနည်း ဖြုံတယ် တဲ့ ။ ကိုယ့် လူ ကို ဥက္ကဋ္ဌကြီး က တောင် ကောင်းချီး ပေး ထားတာပဲ ။

ကျွန်တော် က တော့ သိပ် မယုံ ၊ အယ်ဒီတာများ ထုံးစံ အတိုင်း ခိုင်း ကောင်းအောင် လီဆယ် ပြော နေတာပဲ ဖြစ်မည် ဟု ထင်သည် ။ သို့သော် ဘာပဲ ဖြစ်ဖြစ် ကျေနပ်မိတာ တော့ အမှန် ။ ဥက္ကဋ္ဌကြီး ဟု ခေါ်သော ဆရာကြီး လင်းယုန်မောင်မောင် က တော့ စာထဲ မှာ လည်း ထည့်ရေးပြီး လူချင်း တွေ့ တော့လည်း အားပေး အားမြှောက် ပြုခဲ့တာမို့ ဟုတ်သည် ။ “ ဟုတ်မှာပါလေ ” ဆိုပြီး တွေး မိတော့ အပျော်ကြီး ပျော်တာပေါ့ ။ ဘယ်လောက် ပျော်သလဲ ဆိုလျှင် တစ်သက်လုံး စာရေးဆရာ အဖြစ် နဲ့ ပဲ ခံယူတော့မည် ဟု သန္နိဋ္ဌာန် ချမိသည် အထိပဲ ။ ဆရာ့ အတွက် တော့ အမှတ်တမဲ့ ပြော ခဲ့သော စကား ဖြစ်ကောင်း ဖြစ်မည် ။ ကျွန်တော့် အဖို့ မှာ ကား ဘဝ အတွက် မောင်းနှင်အား တစ်ခု ဖြစ် ခဲ့သည် အထိ အမှတ်တရ အကြီးကြီးပါ ။

ဆရာ့ ကို အရှင်လတ်လတ် တွေ့ဆုံ ရင်းနှီးခွင့် ရခဲ့တာက တော့ ရယ်စရာမဂ္ဂဇင်းအုပ် ၁၀၀ ပြည့် အမှတ်တရ အခမ်းအနား ၂၀၀၃ မှာ ပါ ။ ထိုပွဲ စီစဉ်သူ ဆရာမာလတ် ပွဲနေ့ မှာ မရှိ ၊ ဗီဇာ ကျ သဖြင့် ဂျပန် သို့ ထွက်သွား၏ ။ အခမ်းအနား အစီအစဉ် မှာ ဆရာ့ ကို အမှာစကား ပြောဖို့ ထည့် ထားသည် ။ ဆရာ သည် ဦးမာလတ် ကို ကျွဲမြီးတို နေ သော်ငြား သူငယ်ချင်းလည်း ဖြစ် ပြန် ၊ ပရိသတ် ကို လည်း အားနာ သဖြင့် အမှတ်တရ စကား တက် ပြောပေးပါ၏ ။ သို့သော် သူ့ ထုံးစံအတိုင်း နည်းနည်း တော့ ခွကျကျကလေး ပြောချင်သေးပုံ ရသည် ။ အဲဒီမှာ သူ့ ရဲ့ ပြောင်မြောက် သော ဥပမာ အလင်္ကာတစ်ခု ထပ် တွေ့ ပြန်တာပဲ ။

“မဂ္ဂဇင်း အယ်ဒီတာချုပ် က ဖိတ်ပြီး ၊ စီစဉ်ပြီး ပွဲ ကို ကျတော့ သူ ကိုယ်တိုင် မလာဘဲ ကျွန်တော့် ကို တက် စကား ပြော ခိုင်း တယ်ဗျာ ။ ဒီတော့ ကျွန်တော် ဟာ ပြောသာ ပြောနေရတယ် ။ ဘာနဲ့ တူ သလဲ ဆိုတော့ မယားပါ သမီး ရဲ့ လက်ထပ်ပွဲ မှာ လာပြီး ဆုံးမဩဝါဒ စကား ပြော နေရတဲ့ ပထွေး လို ဖြစ်နေတာပေါ့ ” ဟူသတတ် ။

ထိုနေ့က ဆရာ့ ကို မိတ်ဆက် ၊ နှုတ်ဆက် တော့ အားရပါးရ ပြုံးပြီး ဖက်လှဲတကင်း နွေးနွေးထွေးထွေး စကား ပြောသည် ။ ရှည်ဝေးစွာတော့ မပြော ။ “ စာများများ ဆက်ရေး ၊ မပျင်းနဲ့ ”  ၊ “ သာဓုခြံ လည်း လာလည်ဗျ ၊ လက်ဖက်ရည် သောက်ကြတာပေါ့ ကိုရူပ ဆိုင်မှာ ” စသည်ဖြင့် …  ။ ထူးခြားတာ က တော့ “ ပြီးခဲ့တဲ့ သုံးလ တုန်း က ခင်ဗျား ရေး ထည့် လိုက်တဲ့ ကဗျာ မိုက် တယ်ဗျ ။ အဲဒါမျိုး စတိုင်ယာတွေ များများ ချ ဗျာ ” တဲ့ ။ ကျွန်တော့် ပင်တိုင် စာမျက်နှာ အပျင်းပြေ ရယ်စရာစရာအတည် သီချင်း ကဏ္ဍ မှာ အမှတ်တမဲ့ ထည့် ရေး ( အထက်လူကြီး တစ်ဦး ကို ကျွဲမြီး တို ပြီး ကလိ ထားသော ) ထား တဲ့ ကဗျာလေး က အစ ဆရာ သည် စေ့စေ့စပ်စပ် ဖတ်ရှု ခံစားပေးခဲ့ပါလား ။ ကျွန်တော် အတော် ဖြုံသွား၏ ။ ဆရာ့ ကို ထိုင်ကန်တော့ချိန် မှာ ပြုံးပြုံးကြီး ကြည့်နေသည် ။ ဘာဆု မျှ မပေး ။ ကျွန်တော် က တော့ ဆရာကို အတော် အားနာ ခဲ့ရ၏ ။ ဘာကြောင့် ဆို ၂၀၀၂ ခုနှစ် တုန်း က ရယ်စရာမဂ္ဂဇင်း မှာ ပဲ ဆရာ့ ကို ကလိ ဖူး ခဲ့ ဖူးသောကြောင့်ပါ ။ ဆရာ က လစဉ် နီးပါး ရေးသား နေရာ မှ ခွင့်စာ တင်ခြင်း ခေါင်းစဉ် ဖြင့် ခေတ္တ အနား ယူ ပြီး စာမူ အဆက်အသွယ် ဖြတ် ထားခဲ့တော့ … ပရိသတ် အသံ အတော် ထွက် လာသည် ။ ဆရာ့ စာမူတွေ မြန်မြန် ပြန် ဖော်ပြဖို့ပေါ့ ။ ထိုအချိန် နယ် မှာ တာဝန် ကျ နေသော ကျွန်တော့် ထံ ဆရာမာလတ် ၊ ဆရာကောက် တို့ က တယ်လီဖုန်း ဆက် သည် ။

“ မင်းလူ ကို ခင်ဗျား ပြောဗျ ၊ ခင်ဗျား ပြောရင် ၊ ရေးရင် ဒီလူ ပြန် ရေးမှာ သေချာတယ် ။ သူ က ခင်ဗျား ကို တော့ အင်ပရက်ရှင် ရှိ ပါတယ် ”

အယ်ဒီတာတွေ ၏ မာယာ ကို မသိရှာသော ငမိုက်သား ကျွန်တော် ကတော့ “ ဆရာမင်းလူ ဘာ အပျင်း ထူ နေပါသလဲ ” အစ ချီပြီး အိတ်ဖွင့်ပေးစာ ပုံစံ ကလိ လိုက်လေ၏ ။ အကျိုး သက်ရောက်မှု ရှိ ၊ မရှိ ကား မသိ ။ နောက် တစ်လ မှာ မင်းလူ ပြန်လာပါပြီ ခေါင်းစဉ် ဖြင့် အများနှင့် မသက်ဆိုင်သောသူ ( နောင်တွင် အကယ်ဒမီ ၆ ဆု ရသွားသော ရုပ်ရှင် ၏ မူရင်းဝတ္ထု ) အခန်းဆက် ဝတ္ထုရှည် အား ရေးသား ပေးပါမည့် အကြောင်း ကတိ ပေးသည့် စာ တစ်ပိုဒ် ကို ဆရာ က ပြန်ရေး၏ ။ အဆုံးသတ် မှာ တော့ ကျွန်တော့် ကို လေပြေလေး ခတ် ပေး လိုက်ပါသေးသည် ။ “ ဒီလောက်ဆို ကျေနပ် ရော ပေါ့နော် ၊ ငါ့ ညီ … ပြောင်း တို … ကျော်ဇင်ကို ” ပါတဲ့ ခင်ဗျား ။ ကျွန်တော် ပျော် သွားသည် ။ ဆရာ ဟာ စစ်အာဏာရှင် ခေတ် တွင် စစ်ဘေး စစ်ဒဏ် သင့် ခဲ့သော်လည်း စစ်သားတွေ ကို မမုန်း ။ အမြင် ရှင်း သူ ဖြစ်ကြောင်း ဤ အခေါ်အဝေါ်ကလေး က သက်သေ ခံနေပါ၏ ။ နောက်ပိုင်း ကျွန်တော့် ဆီ စာ ရေးရာ မှာ လည်း အဲ့သလို ပဲ ခေါ်သည် ။ ၂၀၁၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီ တွင် ကျွန်တော် တာဝန် ကျ ရာ ဝမ်းတွင်းမြို့ ၌ စာပေဟောပြောပွဲ လုပ်ဖို့ သူ့ ကို ဖိတ်၏ ။ ဆရာ သည် စာဖတ်ပရိသတ် အခိုင်အမာ ထုထည်ကြီးစွာ အောင်မြင်သူ တစ်ယောက် ပင် ဖြစ်ငြား လည်း စာပေဟောပြောပွဲ လုံးဝ လိုက်လေ့ မရှိမှန်း သိ ထားပါသည် ။ သို့သော် ဆရာသုမောင် ကို လည်း ဖိတ်ရင်း ဆရာ့ အနေ နဲ့ စကား ပြော ဖို့ မလိုပါကြောင်း နှင့် အလည် သက်သက် လိုက်ခဲ့ပါရန် ဖိတ် လိုက်တာ ဖြစ်၏ ။ ဒီ ရောက်တော့ မှ လူလည် ကျပြီး ဟော ခိုင်းမည်ပေါ့ ။ သို့သော် ဆရာ က ကျွန်တော့် ထက် ပိုလည် လေသည် ။ အခန့်မသင့်တော့ ထို အချိန် မှာ ဆရာ မင်းလူ က စာကြည့်တိုက် အတွက် သူ့ လုံးချင်းဝတ္ထုတွေ အတွဲလိုက် လက်ဆောင် ပေးလိုက်သည့် အပြင် စာပေဟောပြောပွဲ အတွက် လည်း ဆရာဆောင်းဝင်းလတ် ၊ ဆရာအော်ပီကျယ် ၊ ဆရာ ကာတွန်းဝင်းအောင် ၊ ဆရာ ကာတွန်း ဦးသစ်ထွဏ်း တို့ အား စီစဉ် ပေးလိုက်ပြီး ကျွန်တော့် အတွက် စာ တစ်စောင် ရေး ပေး လိုက်လေသည် ။

“ ငါ့ ညီ ပြောင်းတို ကျော်ဇင်ကို ”
... ပိုက်ဆံ ယူထားပြီး ဖြစ်တဲ့ စာမူကြွေး ၊ ဇာတ်ညွှန်းကြွေးတွေ အလုံးအရင်း ဆပ် နေရလို့ လိုက် မလာ ဖြစ်တော့ပါဘူး ။ ကျွန်တော် မလာနိုင်ပေမယ့် ကျွန်တော့် ထက် ပို အစွမ်း ထက်တဲ့ သူရဲကောင်း လေးဦး စီစဉ် ပေးလိုက်ပါတယ် ။ စစ်သည် လေးသိန်း အား နဲ့ ညီ မညီ အသေအချာ မပြောနိုင် ပေမယ့် ပင်နယ်ဆလင် လေးသိန်း အား တော့ အသေအချာ ရှိ ကြမှာပါ ။ အကုန်လုံး “ ငထွေရူး ” တွေ ဖြစ် နေတော့ မတတ်နိုင်ဘူး
         ( လေးစားသော )
          မင်းလူ

၂၀၁၁ ခုနှစ် မှာ ကျွန်တော် လည်း ဝန်ထမ်း ဘဝ က လွတ်ငြိမ်းခွင့် ရ လာတော့ Jokes United မဂ္ဂဇင်း ထုတ် ဖို့ ဆရာ့ ထံ ကဒီး ကဒီး သွား ရောက်ပြီး တိုင်ပင်ရ ၊ အကြံဉာဏ် တောင်းခံရပါသည် ။ ထို အချိန် မှာ ( မဂ္ဂဇင်းထုတ်ဖို့ စ ပြော ပြောချင်း ) ဆရာ က ပြုံး ပါသည် ။ ကျွန်တော့် အထင် ထို အပြုံးမျိုး ပြုံး တတ်တာ သူ တစ်ယောက် သာ ရှိမည် ။ “ ရှေ့ ဖြစ် ကို ကြို မြင် နေတတ် သူ တစ်ဦး ၏ ကတ်သီးကတ်သတ် အပြုံး ” လို့ပဲ ပြော ပါတော့ ။

“ ခင်ဗျား အယ်ဒီတာ လုပ်ရင်တော့ စာ ရေးဖို့ လွယ်တော့ မှာ မဟုတ်ဘူး ။ ဒီ အချိန် မဂ္ဂဇင်း ထုတ်ချင် ၊ အမြတ် ရချင် ရင် တော့ ကြော်ငြာ များများ ထည့်နိုင်မယ့် သောက်ရူးတွေ များများ ရအောင် ရှာ ပေါ့ဗျာ ”

မည်သို့ ဆိုစေ ဆရာ သည် မဂ္ဂဇင်း ကို မည်သို့မည်ပုံ ဖန်တီးရန် အတွက် အကြံဉာဏ် လမ်းညွှန်မှု များ ပေး ခဲ့ပါ၏ ။ သူ့ စာမူဟောင်းများ ( ဝတ္ထုတို ၊ ကဗျာ ) နှစ်သက် သလို ယူ သုံးရန် ၊ သုံး လျှင် အဟောင်း ဖြစ် ကြောင်း မူလ မှတ်တမ်း ထည့် ရန်လည်း သတိ ပေးပါ၏ ။ စာမူ အသစ် ကို ကား မပေးခဲ့ပါ ။ ဘယ်သူ့ ကို မှ လည်း မပေးဖြစ်ပါ ။ ကျွန်တော့် အထင် ထိုအချိန် မှ စ၍ ကွယ်လွန် သည် အထိ ဆရာ မောင်မောင်စနေ ( ပြုံးစရာမဂ္ဂဇင်း ) သို့ စာမူ တစ်ပုဒ် သာ မဖြစ်မနေ ရေးပေးခဲ့ တာကိုပဲ တွေ့ ရသည် ။ ဆရာ က စာမူခ မယူသဖြင့် ကျွန်တော် လည်း ကဗျာဟောင်း တစ်ပုဒ် ကို ပဲ သုံး ဖြစ်ခဲ့ပါသည် ။ ကျွန်တော် ရေးသော ကဗျာ အချို့ ကို လည်း ဆရာ့ ထံ ပြ ကြည့် ခဲ့ပါ၏ ။ နယုန်မိုးတိမ် အမည် ဖြင့် ရေးသော Hotel Jokes United ကဗျာ ကို ဆရာ က ဖတ်ပြီး ပြုံးပြုံးကြီး ဆို လေသည် ။

“ ကောင်းတယ်ဗျ ။ ဒါပေမဲ့ နောက်ထပ် ဒါမျိုး မရေးပါနဲ့ဗျာ ။ လူရွှင်တော်တွေ လုပ်ဖို့ ချန် ထား ပေးလိုက်ပါ ”

အမှန်တော့ လူရွှင်တော် ( ကို ) အရိုင်း က ထို ကဗျာ မျိုး များများ ရေးပေးဖို့ မကြာခဏ ပြော၏ ။ သူ့ ကို လည်း ဆရာမင်းလူ မှာ ထားသဖြင့် ဆက် မရေး ဖြစ်ကြောင်း ပြောရပါသည် ။ အချစ်ကဗျာ ပုံစံ ဖြင့် ရှေ့ စာလုံးတွေ ဒေါင်လိုက် ဖတ်ကြည့် မှ “ ငါ ၊ မင်း ၊ ကို ၊ ကြည့် ၊ ရင်း ၊ လည် ၊ ပင်း ၊ ထ ၊ ညှစ် ၊ ချင် ၊ လာ ၊ ပေါ့ ” ဆိုတာ တွေ့ရမည့် ကဗျာ ကို ပြတော့လည်း ဆရာ က ရယ်ပြီး -

“ကောင်းသားပဲ ၊ ဒါမျိုး လည်း နောက် မရေးပါနဲ့ ဗျာ ၊ စောဝေ တို့ ရေး ပါစေ ၊ ခင်ဗျား က ရေး ထားတာတွေ လာ လာပြပြီး ကျုပ် ကို စိစစ် ခိုင်းသလို ၊ အတည်ပြု ခိုင်းသလို လာ လာလုပ် နေတာပဲ ။ သည် ငနဲ ( စာရေးဆရာ မြေမှုန်လွင် အား မေးငေါ့ ပြလျက် ) လည်း အတူတူ ပဲ ။ သူ့ ဝတ္ထုတွေ ဖတ်ခိုင်းပြီး ကျုပ် ကို လာ ချည်နေတာ ” ဟု ပြော ပြန်သည် ။

ဤသို့ ခွကျကျ ဘု ပြော တတ်သော် လည်း ဆရာ သည် ကျွန်တော် တို့ ၏ မဖြစ်ညစ်ကျယ် စာတွေ က အစ အလေးအနက် ထား၍ ဖတ်ပေး ၊ ဝေဖန်ပေး ပြီး မည်သို့ ရေးသင့် မရေးသင့် အား ဆင်ခြင် တတ် စေရန် သွန်သွင် ဆုံးမ ပေးခဲ့ပါ၏ ။ သူ့ ရဲ့ တန်ဖိုးကြီးလှသော အချိန်တွေ ထဲ က ဖဲ့ ပေးခဲ့ပါ၏ ။

ယခု ဆရာမင်းလူ မရှိတော့ ခါမှာ လွမ်းပြ ၊ ငိုပြ ၊ ဆရာ တော်ပြ နေရသော အလုပ် မျိုး မလုပ်လိုတော့ပါ ။ ဆရာ နှင့် အမှတ်တရ များစွာ ရှိခဲ့တာ ကို က အတော် ဂုဏ် ယူ ဖို့ ကောင်း နေပါပြီ ။

ဟာသရသ ကို မြတ်နိုးတာချင်း တူ၍ ဂုဏ်ယူသည် ။

လက်ဖက်ရည် ကျဆိမ့် ကြိုက် ၊ ဆေးပေါ့လိပ် ၊ စီးကရက်ကြိုက် ၊ ငါးအရေခွံအဆီ မကြိုက်တာချင်း တူ၍ ဂုဏ်ယူသည် ။

“ လုပ်ပွဲ ” တွေ မကြိုက် ၊ အမှန်တရား ရင်းမြစ် နှင့် ရိုးသားရှင်းလင်း တာ ကို ကြိုက်တာချင်း တူ၍ ဂုဏ်ယူသည် ။

ဇာတ်ညွှန်း ရေးသားချိန် တွင် ရုပ်ရှင်သမား အချို့ ၏ ဦးနှောက် ဖောက်စား ခံခဲ့ရတာချင်း တူသည် ( ဆရာ ကတော့ ပို များပေမပေါ့ ) ။

အထူးသဖြင့် “ စာ တကယ် ရေးတဲ့ သူ ” တွေ ကို နှစ်နှစ်ကာကာ ချစ်တာချင်း တူ၍ ဂုဏ် ယူသည် ။

မည်သို့ပင် ဂုဏ်ယူစွာ ဖြင့် ဆရာ နှင့် မကြာခဏ တွေ့ဆုံ လိုသော်ငြား လည်း မဂ္ဂဇင်း အရှိန် ရ လာချိန် တွင် ကား စာမူတွေ ပိပြီး အပြင် မထွက်နိုင်တော့၍ ဆရာ့ ထံ မရောက် ဖြစ်တော့ပါ ။ မဂ္ဂဇင်း ကို တော့ ဆရာ့ ထံ လူကြုံ ဖြင့် လစဉ် ပုံမှန် ပို့ဖြစ်သည် ။

လွမ်းတယ် လို့ မပြောလိုသော် ငြား သူ့ ပုံရိပ်တွေ ၊ သူ ပြောဆိုဟန်တွေ ကို အမှတ်ရ နေမိတာတော့ အမှန် ။ သူ့ အိမ် ရောက်သွားတိုင်း စာ ရေး နေတာ တစ်ခါမျှ မတွေ့ခဲ့ဖူးပါ ။ ညဉ့်နက် မှ ရေးပုံ ရပါသည် ။ တံမြက်စည်း လှည်း ချင် လှည်း နေမည် ။ ရေပိုက် ၊ မော်တာ ပြင် ချင် ပြင် ၊ ဒါမှမဟုတ် ကား ကို ကလိချင် ကလိ နေမည် ။

စကား ပြော လျှင် လည်း မင်း တွေ ၊ ငါ တွေ မပြော ။ သူ့ သမီးငယ် “ ယုယ ” နှင့် ရွယ်တူ စာရေးဆရာ “ မြေမှုန်လွင် ” တို့ ၊ သူ့ တူမ “ တူးတူးသာ ” တို့ ကို ပင် “ ခင်ဗျား ၊ ကျွန်တော် ” နှင့်သာ ပြော၏ ။

ဆရာ့ ကို ရှေ့ ထား၍ တတိယ အကြိမ်မြောက် ကန်တော့ နိုင်ဖို့ ရေဝေး သို့ နေ့လယ် ၁ နာရီ ကတည်း က သွား စောင့်ခဲ့သည် ။ ဆရာ့ အလောင်း ထုတ် လာတော့ ကျွန်တော့် ထက် စောစွာ ရောက် နှင့် နေ သူ ဆရာ့ စာဖတ်ပရိသတ် လူငယ် တစ်ဦး က ဆရာ့ ကို ကြည့်လိုက် ၊ စကား ပြောလိုက် ၊ ငိုလိုက် ၊ ဆရာ့ ဝတ္ထု ကဗျာစာသား တွေ ရွတ် လိုက်လုပ် နေတာတွေ့ရ၏ ။ ဝမ်းနည်းဖို့ မစဉ်းစားမိသေးသော ကျွန်တော် ထို အချိန် ကျ မှ ရင်ထဲ တွင် အတော် “ ဟာ ” သွားခဲ့ပါ၏ ။ ထို့ထက် ပို ၍ ဆရာမောင်ရူပ က ( ညီ ဖြစ်သူ လက်ဖက်ရည် ကြိုက်မှန်း သိတော့ ) လက်ဖက်ရည် ပါဆယ်ထုတ်ကလေး ဆွဲ လာပြီး ထည့်လိုက် တာ မြင် လိုက်ရချိန် မှာ ကျွန်တော် မခံစား နိုင်တော့ပြီ ။ အိမ် ပြန် ရောက် လို့ facebook ကို ဖွင့် ကြည့်တော့ ဆရာမင်းလူ နှင့် ပတ်သက်သော အလွမ်းစာ ၊ အမှတ်တရစာ တွေ အတော် များများ ကို တွေ့ရသည် ။ သူ့ အပေါ် လေးစားချစ်ခင်သူတွေ အပြိုင်အဆိုင် တင် ထား ကြတာပေါ့ ။

ကျွန်တော် က တော့ ထို နေ့ မှာ မရေးဖြစ်တော့ပါ ။ ဆရာ ဆုံး တဲ့ ည က ပဲ ( ဆရာ ဆုံးပြီး နာရီဝက် အကြာ သန်းခေါင်ယံ ၁၂ နာရီ တိတိ မှာ မြေမှုန်လွင်က Message ပို့ အကြောင်း ကြား သည် ) ကျွန်တော်တို့ တိုင်းပြည် ၏ အလွန်တရာ လေးလံလှသော Connection ကို ခန္တီစ လုပ်ရင်း ဆရာ့ အတွက် စာ တစ်လုံး ၁၀ စက္ကန့် နဲ့ မနက် ၁ နာရီခွဲ အထိ Status တစ်ခု ဂုဏ်ပြု ရေး တင်ခဲ့ပြီးပါပြီ ။ လွမ်းချင်း တွေ မရေးချင်တော့လို့ အဲဒီ စာလေး ကို ပဲ အမှတ်တရ ပြန် ဖော်ပြ လိုက်ပါသည် ။

ဆရာ ဟာ သူ ခဏ တာ အလည် ရောက်ခဲ့ဖူးတဲ့ “ ဒေဝတာမြို့တော် ” ဆီ အမြဲတမ်းနေထိုင်ခွင့် ပါမစ် နဲ့ ဒီ ည ၁၁း၃၀ မှာ ထွက်ခွာ သွားတာပါ ။ အချိန်မတော် မြို့ဝင် တံခါး သွား ခေါက် တော့ ဒေဝတာမြို့တော်ဝန် နတ်မင်း က အိပ်ရာ က မထ လှမ်း ပြောတယ် ။

“ မင်းလူ လား ဟေ့ ဝင်ခဲ့လေကွယ် ” တဲ့ ။

နတ်ပြည် မှာ လည်း နတ်တွေ ရယ် အောင် ဆရာ ဖန်တီး ပေးနေဦး မှာ အသေအချာပါပဲ ။

လေးစားသော
       ကျော်ဇင်ကိုကို

◾ကျော်ဇင်ကိုကို

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment