Wednesday, October 12, 2022

လူပျို အပျို ဖတ်စာ ( ၂ )


 

ကျွန်တော်တို့ အားလုံး ဟာ ကလေး ဘဝ ကနေ ကျော်လွန် လာကြတာ ဆိုတော့ မေးခွန်းပေါင်း များစွာ ဖြေဖူး ကြမှာပါ ။ မေးခွန်း တွေ မှာ အဖြေ ရှိပါတယ် ။ ပိုပြီး ထူးဆန်း တာ က တူညီတဲ့ အဖြေ တွေ ပဲ ဖြစ်ပါတယ် ။

တူညီတဲ့ အဖြေ မဟုတ်ရင်တော့ အဲဒီ လူ မှား ပြီ ဆိုတာ သေချာပါတယ် ။

စာမေးပွဲ တွေ လည်း ဖြေခဲ့ ဖူးပါတယ် ။

စာသင်ခန်း ထဲ မှာ အယောက် ခုနစ်ဆယ် ရှိ ရင် တောင် တူညီတဲ့ မေးခွန်း ကို ပဲ ပေး ပါတယ် ။ အားလုံး ဟာ တူညီတဲ့ အဖြေ ကိုပဲ ဖြေ ကြရပါတယ် ။ အဲဒီ ထဲ မှာ မှ ကိုယ့် ရဲ့အဖြေ က အများ နဲ့ မတူဘူး ဆိုရင် ကိုယ် မှားပြီ ဆိုတာ သေချာပါပြီ ။ ဘာကြောင့်လဲ ဆိုတော့ တူညီတဲ့ မေးခွန်း မှာ တူညီတဲ့ အဖြေ ပဲ ထွက် ပါတယ် ။

၂+၂ = ၄

ဒါကမှ ကိုယ် က ( ၃ ) ဖြစ်စေ ၊ ( ၂ ) ဖြစ်စေ ၊ ( ၁ ) ဖြစ်စေ ၊ ( ၅ ) ဖြစ်စေ ဖြေ လိုက်ရင် အဖြေ က မှား ပါပြီ ။ ၂ နဲ့ ၂ ပေါင်း ရင် ဘယ်လောက် ရသလဲ ။

“ အဖြေ က ( ၄ ) ပါပဲ ”

“ ဒါဟာ … ငြင်းမရတဲ့ အဖြေ ပါပဲ ”

ဒါပေမဲ့ မေးခွန်း က တူပြီး အဖြေ မျိုးစုံ လည်း ထွက်တယ် ။ ဒါပေမဲ့ အဲဒီ အဖြေ အားလုံး ဟာ ဖြေဆိုသူ အားလုံး ရဲ့ အဖြေ မှန် ဖြစ် နေတယ် ဆိုရင် ရော ။

ဒါဟာ ဘယ်လို မေးခွန်းမျိုးလဲ ။ မေးခွန်း က လွယ်ပါတယ် ။

“ အချစ် ဆိုတာ ဘာလဲ ”

မေးခွန်း က ရိုးရိုးကလေး ပါ ပဲ ။

ကဲ .… ကိုယ် ကိုယ်တိုင် လည်း ဖြေ ကြည့်ကြပါဦး ။

တချို့ က လည်း “ အချစ် ဆိုတာ ရယူခြင်း ” လို့ ဆိုကြတယ် ။

တချို့ က လည်း “ ပေးဆပ်ခြင်း ”

တချို့ က လည်း “ သိမ်မွေ့နူးညံ့သော ”

တချို့ က လည်း “ ခက်ထန်ကြမ်းတမ်းသော ”

တချို့ က လည်း …

“ အဆိပ် ”

“ ရက်စက်တတ်ခြင်း ”

“ ဖောက်လွဲဖောက်ပြန်ကောင် ”

“ အင်အား တစ်ခု ”

“ ကျွန်ဖြစ်ခြင်း ”

စသည် စသည် ဖြင့် မေးခွန်း တစ်ခု တည်း ကို အဖြေ မျိုးစုံ ထွက် နိုင်ပါတယ် ။ ဒါပေမဲ့ အဲဒီ အဖြေ တိုင်း ဟာ မှန် ပါတယ် ။ ဘာကြောင့်လဲ ။

“ အချစ် ဆိုတာ ဗလာ စာရွက် အဖြူ တစ်ရွက် ပဲ ဖြစ် ပါတယ် ။ စာရွက် ပေါ် မှာ အဲဒီ မေးခွန်း ကို ဖြေ လိုက်တဲ့ အဖြေ တိုင်း ဟာ ကိုယ် လိုချင်တဲ့ အချစ် ဖြစ် တဲ့ အတွက် ဘာပဲ ရေးရေး မှန်ပါတယ် ”

ပြောပြပါ့မယ် ။

အချစ် ဆို တာ ဘာမှ ရေးသားထားခြင်း မရှိတဲ့ အဖြူ ထည် ဗလာ စာရွက် အလွတ် တစ်ရွက် ပါပဲ ။ လူတိုင်း မှာ ကိုယ်စီ ရှိတဲ့ ဗလာ စာရွက် အဖြူလေး ပါပဲ ။ ဒါပေမဲ့ တစ်စုံ တစ်ယောက် နဲ့ တွေ့တဲ့ အခါ ကိုယ့် ရဲ့ ဗလာစာရွက် ပေါ် မှာ ကိုယ်တိုင် စာကြောင်းလေး ချရေး လိုက်တော့တာပါပဲ ။ အဲဒီ ချ ရေးလိုက်တဲ့ စာကြောင်း ဟာ “ အချစ် ဆိုတာ ဘာလဲ ” မေးခွန်း ရဲ့ အဖြေ မှန်ပဲ ဖြစ်ပါတယ် ။

ရယူပိုင်ဆိုင်လို စိတ် ရှိတဲ့  သူ က တော့ “ အချစ် ဟာ ရယူပိုင်ဆိုင်ခြင်း ” လို့ ရေးပါ လိမ့်မယ် ။ ပေးဆပ်နေရ သူ အတွက်ကတော့ “ ပေးဆပ်ခြင်း ” ဖြစ်ပါလိမ့်မယ် ။ ဒါမှမဟုတ် “ အချစ် ဆို တာ ရောဂါ ” လို့ ရေးတဲ့ သူ တောင် ရှိကောင်း ရှိ နိုင်ပါလိမ့်မယ် ။

မှန်ပါတယ် ။ ကိုယ်တွေ့ ကြုံ နေရတဲ့ အရာ ဟာ ကိုယ့် ရဲ့ အချစ် ပါ ပဲ ။

အချစ် ဟာ သိမ်မွေ့ခြင်း လည်း ဖြစ် နိုင်သလို ၊ ရန် ဖြစ်ခြင်းလည်း ဖြစ် နေနိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ အချစ် ဆိုတာ ကိုယ် လိုချင်နေ တဲ့ အရာ နဲ့ ကိုယ် ကြုံတွေ့နေတဲ့ အရာ ကို ဘာသာ ပြန် တတ်ကြတာကိုး ။

အမှန်တော့ အချစ် ဆို တာ အုတ် တစ်ချပ် သဲ တစ်ပွင့် ဆိုရင် ကိုယ် ကိုယ်တိုင် လည်း ရင် ထဲ ဘုရား တည် ကိုးကွယ်ကြတာ ။ ကိုယ် ကိုယ်တိုင် ပဲ အုတ်တံတိုင်း ကာရံ ၊ အတွင်း မှာ အကျဉ်းသား လို နေ ကြတာပါ ။ ကိုယ် ကိုယ်တိုင် ပဲ လှေကား ထစ် လုပ် အမြင့် ကို တက်လှမ်း ကြတာပါ ။ ကိုယ် ကိုယ်တိုင် ပဲ လက် ထဲ မှာ ဆုပ်ကိုင်သူများ ကို ရန်ပြု သွေးထွက်သံယို ဖြစ်စေခဲ့တာပါ ။

မှတ်ထားပါ ။

အချစ် ဆိုတာ မွေး ကတည်း က ပါ လာတဲ့ ဗလာ စာရွက် အဖြူ တစ်ရွက် ဖြစ်ပါတယ် ။ တစ်စုံ တစ်ယောက် နဲ့ တွေ့ တဲ့ အခါ ကိုယ် လိုချင် တဲ့ အကြောင်းအရာ ကို အဲဒီ ဗလာ စာရွက် ပေါ် ချ ရေး မိကြတော့တာပဲ ။

ဘယ်သူ က မှ ကိုယ့် ဗလာ စာရွက် ပေါ် လာ ရေး သွားတာ မဟုတ်ပါဘူး ။ ကိုယ် ကိုယ်တိုင်ပဲ ချ ရေး ထားတာပါ ။

ဒါကြောင့် အချစ် နဲ့ ပတ်သက်ရင် မှတ်တမ်း ကောင်း ရေး နိုင်အောင် ကြိုးစားပါ ။

ဪ တချို့ ဗလာ စာရွက်တွေ ကျတော့ လည်း ပြင်ရာ ဖျက်ရာ များသားကလား ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment