❝ နတ်ကတော် နှင့် နိုင်ငံခြားအရက် ❞
နတ်ကတော်ကြီး ဒေါ်ဒေါ်နု ၊ ဦးမင်းကျော် ၏ အချစ် တော် အသက်ဘူး ဒေါ်ဒေါ်နု ၊ ကျွန်တော် ၏ ကျေးဇူးရှင် ဒေါ်ဒေါ်နု ။
ဒေါ်ဒေါ်နု ၏ ကျေးဇူးတွေ ကို အမြဲပဲ အမှတ်ရ နေပါ သည် ။ ဒေါ်ဒေါ် ၏ ကျေးဇူးများ သည် ကျွန်တော့် အပေါ် တွင် အလွန်ပဲ များပြား လှပါသည် ။
ဒေါ်ဒေါ်နု နှင့် သာ ကျွန်တော် မဆုံမကြုံ ရ လျှင် ကျွန်တော့် အနေ နှင့် ဝှိုက်လေဘဲလ် ၊ ဘလက်လေဘဲလ် ဝီစကီ များ ကို သော် လည်းကောင်း ၊ ဗက်စစ္စတီနိုင်း ၊ မာတစ်နီ ၊ ကော့ညက် စသည် စသည် တို့ ကို သော် လည်းကောင်း ၊ သောက်ဖူး စားဖူး မျိုဖူး ဆို့ဖူး မည်မဟုတ်ပါ ခင်ဗျား ။ ပြီးတော့ ဒေါ်ဒေါ်နု ၏ အလွန်တရာ ပြောင်မြောက် လှပသော ' ပညာ ပေးခန်း ’ ကို သော် လည်းကောင်း ကြားရ သိရ မြင်ရ မည် မဟုတ်ပါ ခင်ဗျား ။ ဤသို့ ဆိုလျှင် အနှီ စာ ကို ကျွန်တော် ဘယ်သို့များ ရေး နိုင်မှာလဲ ။ သို့ကြောင့် ဒေါ်ဒေါ်နု ၏ ကျေးဇူး သည် ကြီး လှပါပေသည် ။
ဒေါ်ဒေါ်နု နှင့် ကျွန်တော် မှာ ကံ တူ အကျိုးပေး လည်း တူ ကြ ပါပေသည် ။ ကျွန်တော့် အနေ နှင့် တောင်ခြစ် ၊ မြောက်ခြစ် မတောက်တခေါက် ဟိုရေး သည်ရေး ရေး ရာ မှ အချို့ က စာရေးဆရာ အဖြစ် အသိအမှတ် ပြု လာကြပါသည် ။ ဒေါ်ဒေါ်နု လည်း ဟိုဟာ လုပ် ၊ ဒီဟာ လုပ် ၊ ဟိုဒင်း ဟိုဟာ လုပ် ရာမှ တစ်စ တစ်စ ကြီးပွား လာပြီး ဦးမင်းကျော် ၏ အသက်ဘူး ပုဂ္ဂိုလ်ကြီး လတ် ငယ် တို့ ၏ ကိုးကွယ်ရာ ဖြစ် လာခဲ့သည် ။
ဒါတွေ ထား လိုက်ပါတော့ ။ အချီးတွေ အနှီးတွေ တော်ပါပြီ ။ လိုရင်း ကို ပဲ ကိုင် ပါတော့မည် ။ ဒေါ်ဒေါ်နု ၏ ပညာပေးခန်း ကို ပဲ ကျွန်တော် ရေးသား တင်ဆက် ပါတော့ မည် ။
ဥက္ကလာပမင်းကြီး ၏ ဥက္ကလာပ နေပြည်တော် ဆယ့်သုံး ရပ်ကွက် အစွန်း လယ်ကွင်းစပ် အနီး သွပ်မိုးပျဉ်ထောင်အိမ် ဟီးဟီး ၊ နတ်ကန္နား အသီးသီး အကြီးကြီး နှင့် အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း တို့ ၏ အစ မူလ ပထမ ငယ်ချစ် ဖြစ်ရှာသော နတ်ကတော်ကြီး ဒေါ်ဒေါ်နု ခင်ဗျား ။
ပစ္စည်းကောင်းကလေး ၊ ပစ္စည်းသစ်ကလေး တွေ့လာ မြင်လာ ရ လာလျှင်လည်း ကျွန်တော့် ကို သတိ တရ ဖိတ်မန္တ က ပြုတတ် ၊ အစား ဆိမ့်ဆိမ့် ၊ အသား ဖိမ့်ဖိမ့်နှင့် အရက် ချိုချို ၊ အရက် ပြင်းပြင်း တွေ ရ လာ လျှင်လည်း ကျွန်တော့် ကို သတိတရ ဖိတ်မန္တက ပြု တတ်သော ဒေါ်ဒေါ်နု ၏ စေတနာ အချွန်အမွန် အတိုင်း ယခု တစ်ခါ တွင် လည်း ဦးမင်းကျော် ၊ မင်းကလေး တို့ သောက်သုံး ပြီး ကျ လာမည့် ပွဲတော် ကျ လက်ကျန် ခွက်ကျန် ‘ ဖော်ရင်းလစ်ကာ ’ ကို မျိူဆို့ချင် လျှင် အမြန် လာခဲ့ပါ ဟု ဖိတ်မန္တက ပြု လာသဖြင့် ကျွန်တော့် အနေ နှင့် ဝမ်းသာလုံး ဆို့ကာ သိကြားမင်း ဦးမာဃ ( စာရေး ဆရာကြီး ဆရာဦးမာဃ မဟုတ်ပါ ခင်ဗျား ) ၏ ဒုံးယာဉ် ရထားအမှတ် ၂ ဖြင့် ဥက္ကလာပ နေပြည်တော် ဆယ့်သုံး ရပ်ကွက် သို့ တစ်မုဟုတ်ချင်း ဒုန်းစိုင်း လို့ ထွက်ခဲ့ပါသည် ။
လားလား ရပ်ကွက် ထိပ် သို့ ရောက် လျှင် ဖြင့် ပဉ္စသိင်္ခ နတ် ဂီတသမား တီးခတ်လိုက်သည့် တူရိယာငါးပါး အသံ ထက် သာယာချိုစိမ့် အေးမြ လှပေ သော မင်္ဂလာ အပေါင်း နှင့် လည်း ခညောင်း လှပေ သော ...
“ တူနောင်ဂျိန်ဂျိန် ဂျေ ဂျေ ”
“ တူနောင်ဂျိန်ဂျိန် ဂျေဂျေ ”
နတ်ဆိုင်းသံ ၊ နတ်ပင့်သံ ၊ မင်္ဂလာဆိုင်းသံ သည် ကျွန်တော် ၏ ဟဒယနှလုံး ကို ကြည်နူး ရွှင်ပြုံးစေခဲ့သည် မှာ အမှန်ပါပဲ ဒေါ်ဒေါ်နု ခင်ဗျား ။
အလွန်ပင် ကောင်းလှပေသည် ။ ကျွန်တော် လည်း နတ်ဆိုင်းသံ နာခံရင်း ' တူနောင် ဂျိန်ဂျိန် ’ နှင့် ခြေလှမ်း ကို အချက်ညီညီ ဒေါ်ဒေါ်နု အိမ်ရှေ့သို့ ဆက်လက် ချီတက် လာခဲ့ရာ လားလား မော်တော်ကား အတော်များများ ဆိုက်ကပ် ထားသည် ကို တွေ့ရပါ သဖြင့် အစ ပထမ တွင် အံ့သြ သလို ဖြစ်ပြီး ထိုခဏ မှာပင် အံ့ဩစိတ်တွေ ပျောက် ကုန်ပါ တော့သည် ။
အချက်ကျကျ နှင့် လှမ်းတက် ခဲ့ပြန်ရာ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း တို့ စံမြန်းသည့် ဒေါ်ဒေါ်နု ၏ နန်းရိပ်သာ အိမ် ပေါ် ထပ် သို့ ကျွန်တော် ရောက်လာပြီး ဒေါ်ဒေါ်နု က ပျာပျာသလဲ ကျွန်တော် ၏ ရွှေလက် ကို ဆွဲ၍ နန်း ထဲ သို့ ခေါ်ဆောင် လာ ခဲ့သဖြင့် ကျွန်တော့် မှာ ဘာကောင် လိုလို ညာကောင် လိုလို ခပ်ကြောင်ကြောင် နှင့် အတော်ကလေး ပင် စမတ် ကျ ခဲ့ပါတော့သည် ။
ကျွန်တော့် ရှေ့က နတ်နန်းရိပ်သာ ထဲ ရောက် နေသူ တို့ က ကျွန်တော့် ကို မျက်လုံး ဒေါက် ထောက် ကြသလို ကျွန်တော့် မျက်လုံး ကို လည်း တစ်ချက် တည်း ဂျီသရီး ၊ ဂျီဖိုး နှင့် ရမ်း ပစ်ခတ် ထည့် လိုက်ပါသည် ။
ဒေါ်ဒေါ်နု ၏ မိတ်ဆက်ပေးချက် အရ ထို နတ်နန်း ထဲ တွင် ရောက်ရှိနေသော ဦးဆင်ကြီး ၊ ဒေါ်ဆင်မကြီး ၊ ဦး ကျားကြီး ၊ ဦးခြင်္သေ့ကြီး ၊ ဒေါ်ဝက်မကြီး ၊ ဦးမျောက်ကြီး နှင့် မိတ်ဆွေ သင်္ဂဟ ဖြစ် သွားရပါတော့သည် ။
“ တူနောင်ဂျိန်ချိန် ဂျိန်းဂျိန် ”
“ တူနောင်ဂျိန်ဂျိန် ဂျိန်ဂျိန် ”
နတ်ဆိုင်းသံ ကတော့ အဆက် ပြတ်သည်သို့ မရှိဘဲ တရစပ် တည်း တီးခတ် နေပါသည် ။
မကြာပါချေ ။ ဒေါ်ဒေါ်နု လည်း ဒေါ်ဒေါ်နု ၏ ငယ်ချစ် သက်ထား ဦးမင်းကျော် နှင့် တကွ နတ်ဘုစုခရုတွေ ကို ပင့် ဖိတ်ရန် ဟန် ပြင် လိုက်ပါသည် ။
ကျွန်တော် လည်း ပတ်ဝန်းကျင် ကို တစ်ဖန် ဆင်ခြင် မိ ပြန်သည် ။ ဘာရယ်လို့ မဟုတ် ။ ကျွန်တော် သည် ဦးဆင်ကြီး ကို တွေ့သော အခါ တက် စီး ကြည့်ချင်သည် ။ ဦးကျားကြီး ၏ နှုတ်ခမ်းမွေး ကို တော့ ခပ်နာနာကလေး ဆတ်ခနဲ ဆတ်ခနဲ နှုတ် ပစ်လိုက်ချင်သည် ။ ဦးခြင်္သေ့ကြီး ၏ လည်ဆံမွေးတွေ ကို တော့ ဖွဖွပြီး ကျွန်တော် ကစား ကြည့် ချင်သည် ။ ဦးမျောက်ကြီး ၏ အမြီး ကို လည်း ကျွန်တော် တဒေါက် ဒေါက် ဖြတ်ပြီး ကြော်စားချင် စိတ် ပေါက်လာသည် ။ အဆိုး ဆုံး ကျွန်တော့် ချင်ခြင်း ကတော့ ဘရာစီယာ အပြင် ဘက် ကို ပေါက်ထွက် နေသော ဒေါ်ဝက်မကြီး ဗိုက်သားအခေါက် ဖြူဖြူဖွေးဖွေး ၊ ထူထူမွှေးမွှေးကြီး ကို ဒေါ်ဒေါ်နု ၏ နတ်ကန္နား ပေါ် တွင် ပသ ထားသော ဗက်စစ္စတီနိုင်း နှင့် တအား မြည်း ပစ် လိုက်ချင်စိတ် ပေါက်လာသည် ။ ပြောရင်း ဆိုရင်း ပင် ကျွန်တော် သွားရည်တွေ တမြားမြား ကျ လာပါတော့သည် ခင်ဗျား ။
ဒေါ်ဒေါ်နု အလုပ် စ ပါပြီ ။ တူနောင်ဂျိန်ဂျိန် နှင့် အချက် ညီညီ က ခုန်ရင်း တစ်ကိုယ်လုံး တုန်လှုပ် ချောက်ချား လာ သည် ။ ကျွန်တော့် အမြင် တွင် ငှက်ဖျား ဝင် သည် နှင့် တူ သည် ။ အားလုံး က တော့ နတ် ဝင်သည် ဟု ယုံပြီး ကြောက် လန့် နေပါသည် ။
ဒေါ်ဒေါ်နု ကြမ်း၍ ကြမ်း၍ ကြမ်း လာ ရပါသည် ။ ကြမ်းပြင် ကို ဆောင့်၍ ဆောင့်၍ ခုန် ပါသည် ။ လေ ထဲ သို့ ထ၍ ထ၍ ခုန် ပါသည် ။ ကျွန်တော့် အမြင် တွင် ဆပ်ကပ် ထဲ က မျောက် နှင့် တူလှသည် ။ အားလုံးကတော့ အံ့သြ နေကြ ပါသည် ။
“ ကိုကြီးကျော် နဲ့ တူတယ် ”
ကျွန်တော် နှင့် မနီးမဝေး တွင် ရှိ နေသော ဒေါ်ဝက်မကြီး က သူမ ၏ ဗိုက်ခေါက်သား ဖြူဖြူဖွေးဖွေးကြီး ကို မကြာခဏ နှုတ်ခမ်းမွေးထောင်ထောင် ကြည့်ကာ ပါးစပ် တပြင်ပြင် လုပ်နေသော ဦးကျားကြီး ဘက် လှည့်၍ ပြော လိုက်သည် ။ ဦးကျားကြီး က သူ့ အစွယ်ဖွေးဖွေး ကို ထုတ်ပြ ရင်း ခေါင်းညိတ် လိုက်သည် ။
“ ဦးဆင်ကြီး သတိထားပါ ၊ ကြပ်ကြပ် သတိထားပါ ”
ဒေါ်ဒေါ်နု က နတ်ဝင်သည် ဆို ရင်း က ဦးဆင်ကြီး ကို လှမ်း ဟောက် လိုက်သည် ။
ဦးဆင်ကြီး မှာ ဓာတ်လိုက်သူ ပမာ ဒန့်ခနဲ တွန့်သွား သည် ။ ကျန်သူတွေ လည်း အသက် မျှ မရှူရဲကြ ။
“ ပြောပါ သခင်ကြီး ၊ ဆုံးမပါ သခင်ကြီး ။ ကျွန်တော် မလိမ္မာကောင် မိုက်ခဲ့မိပါတယ် ။ ဘာတွေ သတိ ထားရမှာလဲ ”
ဦးဆင်ကြီး မှာ ထိုစဉ်၌ ဧရာမ ကြီးသော ဆင်ကြီး နှင့် မတူတော့ဘဲ အမဲခြောက်ဖုတ် လို တွန့်လိမ် နေသည် ။ ဒေါ်ဒေါ်နု ကတော့ ဖန်ခွက် ထဲ က ဗက်စစ္စတီနိုင်း ကို တစ်ကျိုက်ကျိုက် မျိုဆို့ လိုက်သည် ။ ကျွန်တော့် မှာ သောက် ချင်လှလွန်း ၍ ပါးစပ် ကို အတင်း ပိတ် ထား လိုက်ရသည် ။
“ ငါ ဟာ ဆင်ကြီး ပဲ ၊ အကောင် က ကြီးတယ် ၊ နှာမောင်းကြီး က ရှည်တယ် ၊ ငါ သွားရင် လမ်း ဖြစ်မယ် ။ ငါ နင်း ရင်တော့ ကြေမယ် မထင်လိုက်ပါနဲ့ ။ အဲဒါကို ကြပ်ကြပ် သတိထား ။ သိပြီလား ”
ဒေါ်ဒေါ်နု က စိတ်ဆိုးမာန်ဆိုး မျက်ထောင့်နီနီ နှင့် ထပ်ဆင့် ဟောက် လိုက်သည် ။
ဦးဆင်ကြီး နှင့် ဒေါ်ဆင်မကြီး မှာ နှာမောင်းတွေ ကို မြေပေါ် ပုံ ချ ထားလိုက်ပြီး ခေါင်း အောက် စိုက် လိုက်ကြ သည် ။
“ ဦးခြင်္သေ့ က ရော အလကား နေရင်း ဘာကြောင့် ဟောက် နေတာလဲ ။ ဦးခြင်္သေ့ လည်း ဦးကျား လိုပဲ အသား စား ဖို့သာ သိတယ် ။ ပါးစပ်တွေ ကို ပြန် ကြည့်စမ်း ။ အံ သွားတွေ တို နေပြီ ။ အစွယ်တွေ တုံး နေပြီ မဟုတ်လား ။ ဒါလောက် ကဲကြ သဲကြ ရ သလား ”
ဦးခြင်္သေ့ မှာ တုတ်တုတ်မျှ မလှုပ် ။ အမြဲတမ်းထောင် နေသော လည်ဆံမွေး တွေ မှာ ကိုယ် နှင့် ကပ်နေသည် ။ ဦးခြင်္သေ့ မှာ ခြင်္သေ့ နှင့် မတူတော့ဘဲ သိုးတစ်ကောင် နှင့် တူ နေ သည် ။
ဒေါ်ဒေါ်နု ကို မော် ကြည့်ရဲရန် မဆိုထားနှင့် သူတို့ချင်း ပင် စေ့စေ့ မကြည့်ရဲကြတော့ချေ ။ စိတ် က ငယ် နေကြသော ကြောင့် ကိုယ်ခန္ဓာတွေ ပါ ကျုံ့ နေကြသည် ။
ဒေါ်ဒေါ်နု သည် ဗက်စစ္စတီနိုင်း ကို မျိုဆို့ ပြီးနောက် ဘလက်လေဘဲလ် ကို တစ်ကျိုက် ချ လိုက်ပြန်သည် ။ ကျွန် တော် ပို၍ ပို၍ ချင်ခြင်း ဖြစ်လာသည် ။
ပါးစပ် ကို ပိတ် ထားသဖြင့် သွားရည် မထွက်သော် လည်း တံတွေးများ ကို နစ်နေအောင် ဝမ်းခေါင်း တွင်း သို့ မျိုချ လိုက်ရသဖြင့် တကွိကွိ မြည်ဟီး ကျသွားသည် ။ တနင်နင် တကွိကွိ နှင့် တံထွေး မျိုချသံ သည် ဘီ ၅၂ လေယာဉ်ပျံ ဗုံးသံ နှင့် နင်လား ငါလား ဖြစ်၍ မို့ ဒေါ်ဝက်မ က ပင် သမင် လည်ပြန် ကျွန်တော့် ကို ပြန် ကြည့်ရှာတော့သည် ။
“ ဦးမျောက်ကြီး အမြီး ရှည်တယ် ဆိုပြီး သစ်ပင် တစ်ပင် က တစ်ပင် ၊ တစ်ကိုင်း က တစ်ကိုင်း ခုန်ဖို့ လောက်ပဲ ကြည့် နေတယ် မဟုတ်လား ။ သိပ်ပြီး လည်း ခုန်မနေ နဲ့ ။ မျောက် သစ်ကိုင်း လွတ် ဖြစ်ပြီး ချောက် ထဲ ထိုးကျ သွားမယ် သိလား ”
ဦးမျောက်ကြီး သည် မျက်လုံး ကို ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ဒေါ်ဒေါ်နု ကို ကြည့် နေသည် ။ မဝံ့မရဲ လည်း ရှိလာ သည် ။
ကျွန်တော် ဦးမျောက်ကြီး ကို ဂရုတစိုက် ကြည့် မိ လိုက်သည် ။ တကယ်လည်း ဦးမျောက်ကြီး ၏ မျက်နှာ သည် ခပ်ရှည်ရှည် ၊ အလယ်ခွက်ခွက် နှင့် မျောက် နှင့် တူ လွန်း လှပါသည် ။ ခြေတွေ လက်တွေ က လည်း ရှည် ပါ သည် ။ အမြီး မပေါက်တာ တစ်ခုပဲ ရှိ ပါသည် ။ သူ့ မျက်စိ ပုတ်ခတ်ပုတ်ခတ် ကို ကြည့်ရခြင်း အားဖြင့် မျောက်စိတ် ပမာ တည်ငြိမ်ခြင်း မရှိ ။ အထူး လှုပ်ရှား ပြောင်းလဲကာ အခုန် အပျံ အကျော်အလွှား ကောင်းမည် ကို ခန့်မှန်း နိုင်ပေသည် ။
“ ပွဲတော်ကျ တော့ မှန်မှန် မဆက်ချင်ကြဘူး ။ လှုပ်လှုပ်ရှားရှား ၊ ချောက်ချောက်ချားချား ဖြစ် လာရင်တော့ ငါ များ ပါ မလား ကိုကြီးကျော် ကယ်ပါဦး ဆိုပြီး ပြေး ပြေးလာ ကြတယ် မဟုတ်လား ”
ဒေါ်ဒေါ်နု က ဦးမင်းကျော် ပြောသည့် အနေမျိုး နှင့် ခပ် နာနာကလေး ပစ် ဟောက် လိုက်ပါသည် ။
ဦးမျောက်ကြီး တို့ အားလုံး တစ်ပြိုင်တည်း သံပြိုင် ဆို ၍ “ နောက်ကို ပွဲတော် မှန်မှန် ဆက်ပါ့မယ် ကိုကြီးကျော် ” ဟု ကတိကဝတ် ပြုလိုက်ကြသည် ။
“ အေး ... ကိုယ့် ကတိ ကိုယ် မဖျက်ကြနဲ့ ကြားလား ”
ဒေါ်ဒေါ်နု ကို ကြည့်ရင်း က ကျွန်တော် ပို၍ အထင် ကြီး လာ ၊ ကြည်ညို လာ မိသည် ။ ဒေါ်ဒေါ်နု ပညာသည် အလွန် ခက်ခဲနက်နဲ လှပေ တကား ။ သူ့ ပညာ တွင် လျှို့ဝှက် ချက်တွေ ကလည်း နှိုက် မရအောင် ရှိရပေတကား ဟု တွေး ၍ ငေး ၍ အောက်မေ့ နေမိသည် ။
“ ဒေါ်ဝက်မကြီး ဗိုက်ခေါက်သားကြီး ဖြူဖြူ နဲ့ ရပ်တကာ လှည့် နေတယ် မဟုတ်လား ။ ဗိုက်ခေါက် ဖြူဖြူကြီး ထုတ်လိုက် ၊ ပါးစပ် ကလည်း ပေါက်ပေါက်တွေ ဖောက်နဲ့ သိပ် အလုပ် ဖြစ် နေပေါ့ဟုတ်လား ။ ကြပ်ကြပ် သတိထားပါ ။ ဒါတွေ ကို အကောင်း မထင်နဲ့ ။ ဦးဝက်ကြီး ပါ ဒုက္ခ ရောက် မယ် သိလား ”
“ ဆင်ခြင်ပါ့မယ် ကိုကြီးကျော် ၊ ကိုကြီးကျော် စကား ကို မြေဝယ် မကျ နားထောင် ပါ့မယ် ။ ကိုကြီးကျော် မကြိုက် တာ ဆို ဘာမှ မလုပ်တော့ပါဘူး ။ အမိုက်အမဲတွေ ကို စောင့် ရှောက်ပါ ကိုကြီးကျော် ရယ် ”
ဒေါ်ဝက်မ သည် ကြမ်း နှင့် နဖူး ဦးခိုက် လျက် ရှိခိုး ဦးတင် ပြုနေသည် ။ သူမ ၏ အသံ မှာ ငိုသံအက်အက်ကြီး ပါ ပါ နေသည် ။
“ ခု ကိုကြီးကျော် အတွက် ပွဲတော် ဆက်တဲ့ နေရာမှာ ဒေါ်ဝက်မ ဘာ ယူခဲ့သလဲ ”
“ ကိုကို ယူကေ က အပြန် မှာ ပါလာတဲ့ ကော့ညက် တစ်လုံး ပါ ပါတယ် ကိုကြီးကျော် ။ နောက်ထပ် အလို ရှိရာ ကို လည်း ပြောပါ ။ မလောက်သေးဘူး ဆိုရင် ဖရန့်ခ်အမ်ဘက် ဆီ မှာ ကိုကို သွား ဆွဲခိုင်းရင် ရပါတယ် ။ ခါတိုင်းလည်း သံရုံး အားလုံး လိုက် ဆွဲ နေတာပါပဲ ။ ကိုယ် က မဆွဲ လည်း သူတို့ က လိုက် ပို့ ပေးပါတယ် ”
“ အေး ကောင်းတယ် ၊ ကောင်းတယ် ကိုကြီးကျော် ကို တော့ မမေ့နဲ့ သိလား ”
“ မမေ့ပါဘူး ကိုကြီးကျော် ။ အမြဲပဲ သတိရ နေပါ တယ် ။ ကိုကို နဲ့အတူ ရှိနေချိန် မှာ တောင် အမှတ်ရ နေပါတယ် ”
ဒေါ်ဝက်မ ၏ နောက်ဆုံး စကားကြောင့် ကျွန်တော့် မျက်လုံး အစုံ မှာ ရှေ့သို့ နှစ်တောင် လောက် ပင် ပြူးပြီး ထွက် သွား ပါတော့သည် ။ ဘယ့်နှယ် ကိုကို နဲ့ အတူ ရှိနေချိန်တောင် ကိုကြီးကျော် ကို အမှတ်ရ နေသည် ဟုတ်လား ။ တယ် ဟုတ် ပါလား ဒေါ်ဒေါ်နု ၊ အဲ ... ကိုကြီးကျော် ။
ခဏအကြာ တွင် ဒေါ်ဒေါ်နု ထံ က ဦးမင်းကျော်ပြန် ထွက်သွားပြန်သည်ဟု ဆိုပါသည် ။ ကျွန်တော့် အမြင် တွင် တော့ ဒေါ်ဒေါ်နု တုန်တုန်ယင်ယင် မဖြစ်တော့ခြင်း သာ ထူး ပါသည် ။
ကိစ္စတွေ ပြီးစီးကုန်ပြီ မို့ အလျှိုအလျှို ပြန် သွားကုန် ကြရာ ဦးမင်းကျော် ၏ ချစ်မငြီးသည့် နတ်ကတော် ၊ နတ် ဇနီး ဒေါ်ဒေါ်နု နှင့် ကျွန်တော် နှစ်ဦး တည်း သာ ကျန်ရစ် ခဲ့ ပါတော့သည် ။
ဒေါ်ဒေါ်နု သည် ကြက်ပေါင်ကြော် ၊ သည်းမြစ်ကြော် တို့ နှင့် နိုင်ငံခြားအရက် မျိုး စုံ ကို ကျွန်တော် လိုရာ မျိုဆို့ နိုင် ရန် နတ်ကန္နား ပေါ် မှ ချ ပေးပါသည် ။
ကျွန်တော် လည်း ဘယ် ရမလဲ ။ ဟဲ တာ မှ တကယ့် ကို ဟဲ တာ ပေါ့ဗျာ ။ အသည်းအမြစ် စားလိုက် ၊ နိုင်ငံခြား အရက် ကို မော့လိုက် ၊ ကြက်ပေါင် ကိုက်လိုက် ၊ နိုင်ငံခြား စီးကရက် ဖွာရှိုက်လိုက် နှင့် တကယ့် ကို ဘောဂသူဌေးကြီး ဂိုက် ဖမ်း နေပါတော့သည် ။
နတ် က ကျ လာသည့် အရင်းရှင်စည်းစိမ် ကို ခုမှပင် ခံစား စံစား ရပါတော့သည် ။ လူ ဟာ အကောင်း ကြိုက်ရ မယ် ၊ စားရမယ် ၊ သောက်ရမယ် ၊ ဒါဟာ သဘာဝ ပဲ ။ သဘာဝ ကျတယ် ဟု အဆို အပြော နှင့် သွန်သင်ချက်တွေ ကြားရ ဖတ်ရ သဖြင့် ကျွန်တော် ဘယ် ရှက်ပါ့မလဲ ။ တအား ကုန် ဟဲ တော့ တာပေါ့ ။ ဒီလို အကောင်းတွေ စား ၊ အကောင်း တွေ သောက် ထား သဖြင့် ကျွန်တော့် စိတ် ထဲမှာ ကျွန်တော့် အန်ဖတ် နှင့် မစင်တွေ ကို စွန့်မပစ်ရက်ဘဲ ပြန် စားချင်သော ခွေး စိတ် ပင် ပေါက် မိပါတော့သည် ခင်ဗျား ။
ခုတော့ ကျွန်တော် လည်း ဘာကောင် မို့ လဲ ဒီ အထိ သောက် မှ တော့ ယစ်ရွှေရည် သည် သစ္စာ ရှိစွာ ဖြင့် တန်ခိုး ပြပြီ မဟုတ်လား ။ ကျွန်တော် လည်း ထွေလာကေလာ နှင့် မူး လာ ပါတော့သည် ။ ဒေါ်ဒေါ်နု ကတော့ စောစော က တည်း က မူး နေသည် ။
ဒီတော့ ကျွန်တော် လည်း ဦးမင်းကျော် ၏ ချစ်မငြီး သည့် ချစ်ဇနီး ဒေါ်ဒေါ်နု ၏ ပခုံး ကို လှမ်း ပုတ်ပြီး မေးခွန်း ထုတ် လိုက်သည် ။
"ဒေါ်ဒေါ်နု ခုန က ဦးမင်းကျော် ဝင်တယ် ဆိုတာ တကယ်လား ။ ဒေါ်ဒေါ်နု ဟို ဆရာ ၊ ဟို ဆရာမ တွေ ကို ပြောတာ တွေ ကရော တကယ် ပြောတာလား ”
ဒေါ်ဒေါ်နု က ဘာမျှ မပြောဘဲ ရီတီတီ နှင့် ပြီတီတီ လုပ် နေသည် ။
“ ကျွန်တော့် ကို ခင်တယ် ဆို ဒေါ်ဒေါ်နု ရဲ့ ။ ပြောစမ်းပါဦး ”
“ မောင်စင်ကြယ် မင်း လေး တယ် အ ပါလား ကွယ် ။ ဒီကောင်တွေ ၊ ကောင်မတွေ ဟာ ကဲတာ သဲတာ ကမ်းကုန် နေကြပြီ ။ ဘယ်သူ ဆုံးမ လို့ ၊ ပညာ ပေး လို့ ရ လို့လဲ ။ ဒီလိုမှ မလုပ်ရင် ဒီထက် ခက် ဦးမယ် မဟုတ်လား ဟင် ”
ဒေါ်ဒေါ်နု က ကျွန်တော့် ပါး ကို ဆွဲလိမ်ပြီး ပြော လိုက် ခြင်း ဖြစ်သည် ။ ကျွန်တော့် ပါး နုနုထွတ်ထွတ်လေး မှာ သွေး ခြည် ဥ မတတ်ပင် ။ တကယ့် ကို ပါ ။ ယုံ ပါ ။
“ ဒါနဲ့ နတ်ဝင်တယ် ဆိုတာ တကယ် မဟုတ်ဘူးပေါ့ ”
“ အိုကွယ် ဒါက အဖြေ မဟုတ်ပါဘူး ။ သူတို့ လို ထင်ရာ လုပ်နိုင်တဲ့ လူတွေ ၊ ထင်ရာ မလုပ်နိုင်အောင် ပညာ ပေး ဖို့ ကသာ အဓိက ပါ ”
“ ဘာ ပြောတယ် ဒေါ်ဒေါ်နု ။ ထင်ရာ လုပ် နိုင်တဲ့ လူ တွေ ထင်ရာ မလုပ်နိုင်အောင် ပညာ ပေးဖို့ အဓီက အလုပ် ။ ဟုတ်လား ”
ဒေါ်ဒေါ်နု စကားကြောင့် မူး ထားသည့် အရက်များ ပင် ခဏမျှ ပျောက် ခဲ့ရသည် ။ ဒေါ်ဒေါ်နု သည် ဘာမျှ ပြန် မပြောဘဲ ကျွန်တော့် ကို သာ ပြုံး၍ ကြည့်နေ သည် ။
ယခု ဒေါ်ဒေါ်နု ပြောဆိုသည့် စကား အရ ဆိုလျှင် ဒေါ်ဒေါ်နု ၏ နတ်ကတော် အလုပ်သည် ပျော် ၍ စားသာ ၍ လုပ်သည့် အလုပ် သာ မဟုတ်တော့ဘဲ ပြော မရ ၊ ဆို မရ ၊ ထိန်းကျောင်း မရသည့် သူတွေ ကို ပညာ ပေးသည့် လုပ်ငန်း ပင် ဖြစ်၍နေသည် ။
ကျွန်တော့် အနေ နှင့် ဘာ ပြော၍ ဘာ လုပ်ရပါ မည် နည်း ။ ဒေါ်ဒေါ်နု ကို ထ တဲ့ ၍ ပင် ဩဘာ လက်ခုပ် တီးမှုတ် ပေးရမည်လား ။ မဟုတ်တရုတ်တွေ ပြော မနေပါ နှင့် ဟု တားဆီး ပိတ်ပင်ပစ်ရမည်လား ၊ ခွဲခြား၍ မရနိုင် တော့ပါ ။
“ ငါ့ မောင်လေး သေသေချာချာ စဉ်းစားကြည့်စမ်း ၊ မင်း တို့ ပညာပေး ဆွေးနွေး လိုက် ၊ ရေး လိုက် လုပ် နေတာ ဘာအကြောင်း ထူး လို့လဲ ။ သူတို့ က ဦးမင်းကျော် ကို မှ လေးစားတာ ကြောက်တာ ၊ ရိုသေတာ သိလား ။ ဒါကြောင့် သူတို့ တစ်တွေ မဟုတ်တာ မလုပ် ကြအောင် ဦးမင်းကျော် ကို တာဝန် ပေးရတာပဲ ”
“ ဦးမင်းကျော် ကို မှ သူတို့ လေးစားတယ် ၊ ယုံကြည်တယ် ။ သူတို့ ကို စည်းရုံးပညာ ပေး ဖို့ ဦးမင်းကျော် ကို တာဝန် ပေးထားရတယ် ။ ဟုတ်လား ဒေါ်ဒေါ်နု ”
ဒေါ်ဒေါ်နု က ကျွန်တော့် ကို ဟုတ်မှန်ကြောင်း ခေါင်း ညိတ်ပြ ရှာသည် ။
ကျွန်တော် က ဘာမျှ ဆက် မပြောတော့ပါ ။ ဆက် ပြော စရာ စကားများ လည်း မရှိတော့ပါ ။ ဒေါ်ဒေါ်နု ၏ စကားများ လည်း မရှိတော့ပါ ။ ဒေါ်ဒေါ်နု ၏ အရက် ကို တဝ သောက်ပြီး ကျွန်တော် ပြန် ခဲ့ပါသည် ။
တွေး လိုက်တိုင်း ကျွန်တော့် ကိုယ် ကျွန်တော် အထင် သေး လှပါသည် ။ တွေး လိုက်တိုင်း ဒေါ်ဒေါ်နု ကို ကျွန်တော် အထင်ကြီး လေးစား လှပါသည် ။
ယခုတော့ ကျွန်တော့် ကိုယ် ကျွန်တော် ကောင်း ကောင်းကြီး ပင် သဘောပေါက် ရိပ်မိပါပြီ ။ ကျွန်တော် ဘယ်လောက် ပင် အာအာ ၊ ဘာဆို ဘာမှ မထိရောက်ပါ ။ ဒေါ်ဒေါ်နု ၏ ဦးမင်းကျော် အကူအညီ နှင့် ပညာပေး စည်းရုံးရေး ကို ကျွန်တော် ဖင်ဖျား ပင် လိုက်၍ မမီပါ ။
နောက်တစ်ခါ ဒေါ်ဒေါ်နု နှင့် တွေ့လျှင် ပြောမရ ဆိုမရ အနှီ ပုဂ္ဂိုလ်ကြီးများ နှင့် ပုဂ္ဂိုလ်မကြီးများ ထင်ရာ မြင်ရာ လျှောက် မကြဲနိုင် စေရန် ဦးမင်းကျော် အကူအညီ ဖြင့် ပညာ ပေး လုပ်ငန်းကြီး ကို ဆက် လုပ်ပါ ဟု အနူးအညွှတ် တိုက် တွန်း လိုက်ရပါဦးမည် ခင်ဗျား ။
◾မောင်စင်ကြယ်
📖 မိုးဝေ မဂ္ဂဇင်း
၁၉၇၁ ၊ ဇူလိုင်
#ကိုအောင်နိုင်ဦး
ဝ
No comments:
Post a Comment