Friday, October 28, 2022

ဇိကုပ်လို့ နတ်ပြည်ပို့


 

❝  ဇိကုပ်လို့ နတ်ပြည်ပို့  ❞

“ ဟဲ့ ညည်း နာမည် ဘယ်လို ခေါ်သလဲ ”

“ ကျွန်မ နာမည် ခင်စိန် ပဲ ”

ခင်စိန် သည် ဧည့်ခန်းတံခါးဝ ခြေသုတ်ဖုံ အနီး တွင် ကျုံ့ကျုံ့ကလေး ထိုင်၍ ကျွန်တော့် ဇနီးအား လှမ်း ၍ ဖြေ လေသည် ။

အသက် ဆယ့်ခုနှစ်နှစ် ကျော် မျှ ရှိ သေးသော် လည်း ဖျင်အင်္ကျီ ပခုံး နှစ်ဖက် စလုံးစုတ်၍ အတွင်းခံ ဘော်လီ မှာ အပြင် က မြင်ရသလောက် အစွန်းအစ တွင် ကြေးလက်လေးသစ် တက် နေ ကာ လုံချည် မှာ အကွက် ပေါ်လောက် အောင် လျော်တေမည်းသည်း နေသောကြောင့် အသက် အတော် ကြီးပြီ ဟု ရုပ်ရည် ကို ကြည့်ခြင်း အား ဖြင့် ဆုံးဖြတ်ရမည် သကဲ့သို့ ဖြစ်သည် ။ သို့ရာတွင် သူ့ မျက်နှာ ကို သေသေချာချာ ကြည့် လိုက်ပါမူ သူ့ အသက် မှန်ကို ခန့်မှန်း နိုင် ဖွယ် ရှိသည် ။ သူ့ အသား မှာ ညိုသော်လည်း မျက်လုံးမျက်ဖန် ကောင်းမွန် ကြည်လင် ၍ နှာတံ ပေါ် သဖြင့် နုနယ်သော အသွင် ကို ဆောင်လျက် ရှိသည် ။ ပါးစပ် အနည်းငယ် ပြဲ သော်လည်း ရုပ်ဆင်း ကို ပါးစပ် က ဖျက်ဆီးမည့် ဟန် မမြင်ချေ ။ အ ကယ်၍ သာ ခင်စိန် သည် လူကုံထံ တစ်ဦး ၏ သမီး ဖြစ်ပါ လျှင် ညိုချောကလေး ပဲ ဟု ကာလသား တို့ ဆုံးဖြတ်ကြပေ လိမ့်မည် မလွဲတည်း ။

“ ညည်း သည် မှာ နေချင်တယ် ဆိုရင် နေ ရတာပေါ့ ။ တို့ ဆီ မှာတော့ ပင်ပင်ပန်းပန်း လုပ်စရာ ၊ ကိုင်စရာ မရှိပါဘူး ၊ ကလေး ထိန်း ရင်း အိမ်မှုရေးရာကလေးတွေ ဝိုင်းကူ လုပ် ရုံပါပဲ ။ ညည်း လိမ်မာရင် လိမ်မာသလို တို့ က ကြည့်ရှုပြီး အဝတ်အစား ဆင် သွားမှာပေါ့ ။ စိတ်ချယုံကြည်ရ တယ် ဆို ရင်တော့ သားသမီး လို သဘော ထားပြီး ငါ့သား သမီးများ ဝတ်ရင် ဝတ်ခြင်း ၊ စားရင် စားခြင်း အတူတူပဲ ထား မှာပေါ့ ”

ဟု ကျွန်တော့် ဇနီး က ခင်စိန့် ကို လေသံ အေးအေး နှင့် ပြောလေသည် ။

ခင်စိန် သည် ခေါင်းကလေး‌ စောင်း ၍ နားထောင် နေ လေသည် ။

“ ကျွန်မ က ကိုယ့် မိဘ အိမ် က သည်လောက် ဒုက္ခ ရောက်လို့ ပြေး လာတာ ။ သည်မှာ တစ်သက်လုံး နေ မှာ ပေါ့ ။ ဒေါ်ဒေါ် တို့ ကို မိဘ သဘော နဲ့ တစ်သက်လုံး နေဖို့ ပါပဲ ”

ဟု သွက်သွက်လက်လက် ပြန် ပြောလေသည် ။

ခင်စိန် သည် မြို့ နှင့် ခြောက်မိုင်ကွာ ရွာကလေး တွင် သူ့ ဖခင် နှင့် မိထွေး တို့ နှင့် အတူ နေခဲ့လေသည် ။ သူ့ မိခင် ကို သူ့ တစ်သက် တွင် တစ်ခါမျှ မြင်ဖူးသည် ဟု မမှတ်မိချေ ။ သူ့ ကို မွေးဖွား ပြီး နောက် မီး မထွက် မီ သူ့ မိခင် သေဆုံးလေ သည် ။ ငယ်စဉ် က သူ့ကြီးတော် နှင့် ၍ ကြီးပြင်း လာရလေ သည် ။ သူ့ အသက် ခုနစ်နှစ် လောက် တွင် သူ့ ကြီးတော် သေဆုံး ပြန် သဖြင့် သူ့ ဖခင် က အိမ်သို့ ပြန်၍ ခေါ်ထားလေ သည် ။ အိမ် တွင် သူ့ မိထွေး ခိုင်းသမျှ ကို သူ့ အသက်အရွယ် နှင့် အင်အား အလျောက် လုပ်ကိုင်ပေး သော် လည်း မိထွေး မှာ မိထွေး တို့ ထုံးစံ အတိုင်း ခင်စိန့် ကို မကျေနပ်ချေ ။ ခင်စိန် ရှိသမျှ သူ မလွတ်လပ် ဟု တစ်ထစ်ချ တွက်ထားကာ ခင်စိန် မရှိအောင် အမျိုးမျိုး ကြံဆောင်လေသည် ။

ခင်စိန် မှာ အသက် ကိုးနစ်လောက် တွင် ပင် ငှက်ဖျား ရောဂါ ဖြစ်လေသည် ။ မြစ်ဝကျွန်းပေါ် တောရွာများ တွင် မိုး တွင်း ၌ လူတိုင်း လိုလို ငှက်ဖျားရောဂါ ရ ကြလေ့ ရှိသည် ။ အသက် ငယ်ရွယ်နုနယ်သူတို့ ပင်လျှင် ထို ရောဂါနှင့် မကင်း ကြချေ ။ အချို့ ရွာများ ၌ အခါလည် ကလေးများ ငှက်ဖျား ရောဂါ ဖြစ်၍ သေဆုံးကြလေသည် ။ ခင်စိန် ၏ မိထွေး သည် ခင်စိန် သေနိုင်သော နည်းလမ်းများ ကို သူ ဉာဏ် မီသလောက် ရှာဖွေလေသည် ။ ငှက်ဖျား အပြင်းဖျားသော နေ့ တွင် မိထွေး သည် ခင်စိန် အား ကြက်သားဟင်း ချက်ကျွေး ပေသည် ။ ခင်စိန် မှာ အကြောင်း မသိ သဖြင့် စား လေသည် ။ စားပြီး နောက် အဖျား တက် လေတော့သည် ။ ဖျားသော် လည်း မသေ ။ သေမည့် လမ်း သို့ ရောက် စေကာမူ မသေနိုင် သည့် အဖြစ် ပေါ်ပေါက် လာလေသည် ။ သူ အပြင်း ဖျား နေ ခိုက် သူ့ ဖခင် က မြို့ မှ ကွီနိုင်ဆေးမှုန့်များ ယူ လာလေသည် ။ ခင်စိန် သည် ကွီနိုင်ဆေးမှုန့် လောက် ခါးသော အရသာ ကို တစ်သက်တွင် တစ်ခါ မျှ မကြုံဖူးသေးချေ ။ သို့သော် ထို ဆေးခါးကြီး ကြောင့် သူ့ ရောဂါ ကျ သွားလေသည် ။ သူ့ မိထွေး လည်း စိတ် အပျက်ကြီး ပျက် သွားလေသည် ။

ခင်စိန် ၏ ဖခင် မှာ တံငါ သည်ဖြစ်သည် ။ နံနက် မိုး မ လင်းမီကတည်း က ချောင်း ထဲ တွင် ဘောက်တူကလေး တစ်စင်း နှင့်ဆင်း၍ ပိုက် တိုက် ရလေသည် ။ ခင်စိန် မှာ လည်း ပိုက် တိုက်ရာတွင် အသုံး ဝင် နိုင်သော အရွယ် ရောက်လာပြီ ဖြစ် သည့် အလျောက် သူ့ ဖခင် နှင့် အတူ လိုက် ရလေသည် ။ တစ်နေ့၌ သူ့ ဖခင်ကြီး ငှက်ဖျား ထ နေသဖြင့် သူ့ မိထွေး က ခင်စိန် နှင့် အတူ ပိုက် တိုက်ရန် ချောင်း သို့ ဆင်း ရလေသည် ။

မိုးလင်းခါစ တွင် မိထွေး သည် ပိုက်များ ကို ပွေ့ကာ အိမ် သို့ တစ်ယောက် တည်း ပြန် လာလေသည် ။ အိပ်ရာ ထဲ တွင် လဲနေသော သူ့ ယောက်ျား က လှမ်း၍ ကြည့် လိုက် ရာ သူ့ မျက်နှာ မှုန်သုန်သုန် ကို တွေ့ ရလေသည် ။ “ ဘာ ဖြစ်လာသလဲ ” ဟု ယောက်ျား က မေးလိုက်ရာ မိန်းမ က “ မပြောပါနဲ့ တော် ။ တော့် သမီး အဟုတ် မဟုတ် လို့ ဘောက်တူ မှောက် တာပေါ့ ” ဟု ပြောလေသည် ။ “ အခု ခင်စိန် ကော ”  ဟု လူမမာ က စိုးရိမ်သံ နှင့် မေးလေသည် ။ ထိုအခါ မိန်းမ က မျက်ရည်တဖြိုင်ဖြိုင် ကျကာ “ ချောင်းထဲ မှာ ရေနစ် ကျန်ခဲ့တယ် တော့ ကျုပ် လည်း ကယ်တော်မူပါ လို့ အော်တာပဲ ။ တံငါလှေ တစ်စင်း ရောက် လာတော့ ခင်စိန် ရေ ထဲမြုပ်သွားတာ ပြန် မပေါ်တော့ဘူး ၊ တံငါလှေ က ပိုက် နဲ့ တိုက်ရှာ သေးရဲ့ ၊ မရတော့ဘူး ” ဟု ပြောလေသည် ။

လူမမာ သည် မိန်းမ ၏ မျက်နှာကို ကြည့်ရင်း မျက်နှာ ထား တင်းမာခက်တရော် လာလေသည် ။ အံကြိတ် ၍ နှုတ် ခမ်းကို ကိုက်ကာ စေ့စေ့ ကြည့် နေရာ မှ သက်ပြင်းကြီး ချကာ တစ်ဖက် သို့ လှည့် သွားလေသည် ။ မိန်းမ သည် ပိုက်ကွန် များ ကို ထောင့် တစ်ထောင့် တွင် ပစ် ထား လိုက်ပြီးလျှင် မီးဖို ချောင် သို့ ဝင် ၍ တရှိုက်ရှိုက် ငိုသံ ပေး နေလေသည် ။

နေ ထန်း တစ်ဖျား လောက် ရှိသောအခါ ရွာထိပ် က ဆူညံဆူညံ ကြား ရသည် ။ လူမမာ သည် အိပ်ရာ ထဲ တွင် ကွေးလျက် ရှိသေးသည် ။ မိန်းမ သည် ထမင်းအိုး တည် ရန် မီး မွှေး နေသည် ။ တဲ ရှေ့ က မိန်းမကြီး တစ်ယောက် က “ ရှင် ရွှေမြ ရေ ၊ ညည်း သမီး ရေနစ်တယ် ဆို ၊ တို့တောင် မသိရ ပေါင်အေ ။ အခုမှ ချောင်းဝ က တံငါလှေ တစ်စု က ခင်စိန် မျော လာတာ မြင် လို့ ဆယ်ပြီး ရွာ ကို ပြန် ခေါ်လာသတဲ့ ။ ရွာထိပ် မှာ လူတွေ သွား ကြည့်နေကြပါကော ” ဟု လှမ်း၍ ပြောလိုက်လေသည် တွင် ကွေးနေသော လူမမာ က ရုတ်တရက် တဲရှေ့ဘက် သို့ လှည့်ကာ “ ဟင် ဟုတ်လား ” ဟု အော်လိုက်သည်နှင့် မရှေးမနှောင်း တွင် မီးဖိုချောင် ထဲ မှ လည်း “ ဟိုက် ” ဟူသော အသံ တစ်သံ ပေါ်ထွက် လာလေ သည် ။ 

“ ဟော ပြောရင်း ဆိုရင်း ခင်စိန် လာပါပကော ” ဟု တဲရှေ့ က မိန်းမကြီး က ပြောလိုက်သည် ။ တဲရှေ့တွင် လူ သံများ ကြားရသည် ။ “ သည် တဲ ပဲ မဟုတ်လား ” ဟု လူသံ ကြား မှ တစ်ယောက် က မေး လိုက်သည် ။ “ ဟုတ်တယ် ဖိုးရွှေလူ တဲ ပေါ့ ” ဟု ပြန် ဖြေသံ ကို လည်း ကြားရသည် ။ ထို့နောက် လူသုံးယောက် ၊ တစ်ကိုယ်လုံး ရေစိုလျက် ဆံပင်ဖားလျား မိန်းကလေး တစ်ယောက် ကို တွဲ ၍ တဲ ထဲ သို့ ဝင် လာလေသည် ။

လူမမာ သည် အိပ်ရာ မှ ရုတ်တရက် ထိုင် လေသည် ။ နောက်မှ တစ်ဖန် ခေါင်း အကြီးအကျယ် ကိုက် နေဟန် ဖြင့် ခေါင်း ကို လက် နှစ်ဖက် နှင့် ညှပ် ပြီး လျှင် အိပ်ရာ ထဲ သို့ ပြန် လှဲ လိုက်လေသည် ။ မီးဖိုချောင် ထဲ မှ ဒေါ်ရွှေမြ သည် ချက်ချင်း ထွက်လာ၍ ခင်စိန် ကို ပွေ့ဖက် လေ သည် ။

“ အမယ်လေး ဟဲ့ သမီး ရဲ့ ၊ ဖြစ်မှ ဖြစ်ရလေဟယ် ” ဟု ဆိုကာ အခန်း ထဲ မှ ခေါင်းအုံး တစ်လုံး ပြေးယူကာ အိမ်ဦး ခန်း၌ ပင် လှဲထားလေသည် ။ ခင်စိန် သည် သူ့ မိထွေး ကို တစ်ချက် မျှ မျက်လုံး လှန် ကြည့် ပြီးလျှင် တစ်ဖက် သို့ စောင်း ၍ မျက်စိမှိတ် ကာ ငြိမ်နေလေသည် ။

ရွာ က လူကြီးများ လည်း လာရောက် ကြည့်ရှု မေးမြန်း ကြသည် ။ ကလေး တစ်သိုက် မှာ လည်း ပွဲ ကြည့် သလို ဝိုင်း အုံ နေကြလေသည် ။ ခင်စိန် ကို ဆယ် လာသော တံငါသည် သုံးယောက် က လည်း လူ အများ မေးခွန်း တို့ ကို အဆက် မပြတ် ဖြေ နေရလေသည် ။ သူတို့ ဆယ်ပြီး ကွမ်းတစ်ယာ ညက်ကြာ မှ ခင်စိန် အသက် မှန်မှန် ရှူလာ ပြီးလျှင် ညည်း တွားကြောင်း ပြောပြလေသည် ။

“ ဘယ်လို လုပ်ပြီး ရေ နစ်ရတာ ” ဟု တစ်ယောက် က မေးလိုက်ရာ ဒေါ်ရွှေမြ မှာ မနေသာ၍ “ အို သူ နဲ့ ကျုပ် ပိုက် ဆင်းတိုက်တာ သူ က ဘောက်တူ အစွန်း တက်နင်း လိုက်တာနဲ့ ဘောက်တူ မှောက် သွားတာပေါ့ ။ သူ က ရေ ကောင်းကောင်း မကူးတတ်သေးတော့ နစ် သွားတာပေါ့ ။ ကျွန်မ လည်း ကယ်တော်မူပါ ၊ ကယ်တော်မူပါ လို့ အော်တာ မနက် အစောကြီး ဖြစ်နေတော့ ချောင်း ထဲ မှာ လှေတွေ ၊ သမ္ဗန်တွေ နည်း နေတာ ကို တော်တော်လေး ကြာ မှ စိန်ဟန် တို့ ဘောက်တူ ရောက် လာပြီး ပိုက် နဲ့ တိုက် ရှာတာပဲ ။ မတွေ့တော့ဘူး ” ဟု ခပ်လေးလေး ခပ်မှန်မှန် လေသံ ဖြင့် ပြောလေသည် ။ ခင်စိန် မှာ ငြိမ် နေရာမှ လှုပ်ရှား လာ ပြီးလျှင် တစ်ဖန် ငြိမ် သွားပြန်သည် ။

နာရီဝက်လောက် ကြာသောအခါ လူစု ကွဲ လေပြီ ။ ခင်စိန် ကို ကယ်ဆယ် လာ သော တံငါ သုံးယောက် အား ဒေါ်ရွှေမြ က ထမင်းစား ပြီး မှ ပြန်ပါ ဟု ဆိုလေသည် ။ အိပ် ရာ ထဲ တွင် တဟီးဟီး နှင့် အဖျား တက် နေသော ဖိုးရွှေလူ က လည်း အသံတုန်တုန်ယင်ယင် နှင့် ကျေးဇူးတင်ကြောင်း ၊ ထမင်း စားပြီး မှ ပြန်ပါမည့် အကြောင်း ပြောလေသည် ။

“ ဟာဗျာ တော်ပြီ ၊ ထမင်းစား နေဖို့ အချိန် မရှိဘူး ။ ပုဇွန်တွေ မြို့ တင်ဖို့ဟာ အခုတောင် အချိန် နောက်ကျနေပြီ ” ဟု ဆိုကာ တံငါသုံးဦးတို့ သည် ဧည့်ခန်း မှ ကွမ်းအစ် ကို ယူ၍ ကွမ်းတစ်ယာစီ ယာ၍ ဝါး သွားကြလေသည် ။

“ အဲသည်နေ့ ညနေ ပဲ ကျွန်မ လည်း ထွက်ပြေး လာခဲ့တာပဲ ။ မိထွေး က ကျွန်မ ကို သေကြောင်း ကြံတာ ။ ဒီတစ်ခါ ကံကောင်း လို့ လွတ်ပေမဲ့ နောက်တစ်ခါ ဆို ရင် သေမှာ အမှန် ပဲ ။ ဒါကြောင့် ကျွန်မလည်း မနေဝံ့ဘဲ ညနေ နေဝင်ရီ သရော မှာ ရွာရှေ့ က သုသာန်ကျောင်း က သီလရင်တွေ ဇရပ် ကို ပြေးပြီး တစ်ည ခိုပြီး နောက် တစ်နေ့ မနက်စောစောကြီး မြို့ကို ရောက် အောင် လာခဲ့တာပဲ ”

ခင်စိန် ပြောသည့် သူ့ အတ္ထုပ္ပတ္တိကလေး ကို ကျွန်တော် တို့ နှစ်ယောက် သည် ဟုတ်တန်ရာ ၏ ဟု ဆုံးဖြတ်ကာ ခင်စိန် ကို သနားကြလေသည် ။ ကျွန်တော့် ဇနီး က ကရုဏာ သက်ကာ “ ညည်း ဒီလောက် ဒုက္ခ ရောက်လာတာ ၊ တရား ရပေတော့ ။ တို့ ဆီ မှာတော့အေ ညည်း ချမ်းချမ်းသာသာ နေရမှာပါပဲ ။ ညည်း ဦးလေး က လည်း ရှေ့လ လောက် ရန်ကုန် ပြန် ပြောင်းရမှာပဲ ။ တို့ က စစ် မဖြစ်ခင်တုန်း ကတည်း က  ရန်ကုန် မှာ နေတာ ။ အခု စစ်အတွင်း တုန်း က ဒီ မြို့ကလေး မှာ မိဘဆွေမျိုး ရှိလို့ လာ ခို နေတာ ။ စစ် ပြီးပြီဆိုတော့ ရန်ကုန် ပြန် ကြမှာပေါ့ ။ ညည်း ရန်ကုန် ရောက်ရင် ပျော်မှာပေါ့ အေ ၊ မိထွေး ရန် နဲ့လည်း ဝေးသ ထက် ဝေးတော့မှာပေါ့ ” ဟု ပြောလေသည် ။

ခင်စိန် သည် ကျွန်တော် တို့ ကလေး နှစ်ယောက် ကို ခင်မင် ယုယစွာ ထိန်းလေသည် ။ သွက်သွက်လက်လက် ရှိသဖြင့် အစစအရာရာ တွင် စိတ်ချရလေသည် ။ အိမ်တွင်းမှု အလုပ်အကိုင် တို့ ကို ကျွန်တော့် ဇနီး က သင်ပြပေးရာ ခင်စိန် သည် မကြာမီ ပင် လျှင် မျက်နှာ လွှဲလောက်အောင် ကျင် လည်လျက် ရှိလေသည် ။

အဝတ်အစား သန့်သန့်ပြန့်ပြန့် နှင့် ပြုပြုပြင်ပြင် ထားလိုက်သဖြင့် ခင်စိန် သည် တသွေးတမွေး ဖြစ် နေလေ သည် ။ ရှေးက စုတ်စုတ်နုတ်နုတ် အနေအထားမျိုး မဟုတ် သလောက် ပင် သူ့အမူအရာ မှာ လည်း ဓလေ့ပျောက် ၍ မြို့ဆန် လာလေသည် ။ ကျွန်တော့် ဇနီး က သင်ကြား ပေး သဖြင့် အပြောအဆို အနေအထိုင် သိပ်သည်း၍ ယဉ်ကျေး လာလေသည် ။

မြို့အလေ့ ၊ မြို့ထုံးစံ တို့ သည် ရှေးက မကြုံဖူးသူ ခင်စိန့် အဖို့ ဆထက်ထမ်းပိုး တိုး၍ လွှမ်းမိုးနေသဖြင့် တော သားရဲ ဆွဲထုတ် ဆိုသည့် အလွန်အကြူး အခြေသို့ ရောက်တော့အံ့ ဆဲဆဲ ဖြစ်နေ လေတော့သည် ။ ခင်စိန် သည် မြို့သူကလေးများ ၏ အလေ့အထ တို့ ကို လိုက်ကာ ခေတ် ဆန် လို လှသည် ။ ကျွန်တော်တို့ မှာ ကား ခေတ်မီသည် ဟု ဆိုနိုင်သော်လည်း ခေတ်ဆန်မှု ကို လိုလားသူများ မဟုတ် ချေ ။ ခင်စိန် သည် မြို့ကလေးများ ကျော့ကျော့မော့မော့ နေ ပုံ ကို မီအောင် လိုက်၍ နေလေသည် ။ ကျွန်တော့် ဇနီး က ထိုသို့ ကြွစောင်းစောင်းမျိုး ကို အား မပေးဘဲ နှိမ် နိုင်သလောက် နှိမ် လေသည် ။

“ မိန်းကလေး ဆိုတာ ပိပိရိရိ ရှိ မှ အဖိုး တန်တာ ။ ပေါ်ကျော့ လုပ် နေလို့ ကောင်း တာ မဟုတ်ဘူး ။ ပြီးတော့ ညည်းတို့ လို အပျိုအရွယ်ကလေး များ ဟာ သတိ ရှိ ရမယ် ။ သူတကာ ပြောတိုင်း ဟုတ်နိုးနိုး မထင်နဲ့ ၊ မှားတတ်တယ် ။ မသမာတဲ့ လူတွေ နဲ့ တွေ့ လိုက်ရင် ညည်း တစ်သက်လုံး ပြုစုလာခဲ့သမျှ ဂုဏ်ကလေး ၊ သိက္ခာကလေးတွေ ပျက်ပြီး မဟုတ်မဟတ် ဘဝ ရောက် သွားတတ်တယ် ” ဟု ကျွန် တော့် ဇနီး က သူ့ ကို အချိန် ရတိုင်း အေးအေးဆေးဆေး ရင်း ရင်းနှီးနှီး ဆုံးမ လေ့ ရှိသည် ။

ထိုအခါမျိုး၌ ခင်စိန် သည် နားကလေး ငဲ့၍ ထောင် နေလေသည် ။ ဆင်ခြေကန်ခြင်း ၊ စောဒကတက်ခြင်း မရှိချေ ။ သို့သော် လူကြီးများ လစ်လျှင် လျှပ်ပေါ်လော်လီသော စိတ်ထား ကို မွေး တတ်လေသည် ။

မည်သို့နည်း ။ ကျွန်တော် ပြောပြပါမည် ။ သူ သည် လူကြီးများက သူ့ ကို ဂရု မပြုမိသည့်အခါများ တွင် တိတ်တိတ်ပုန်း ဝယ် ထားသော နှုတ်ခမ်းဆိုးဆေး ဆိုး တတ်သည် ။ ပေါင်ဒါ ကို သာမန်ထက် ပို၍ မှုန်တေ တတ်သည် ။ ဟန် လုပ် ၍ ပြော တတ်သည် ။ မခို့တရို့ နေ ကြည့် တတ်သည် ။ ထို သို့ အပျို လုပ်ခြင်း၏ အကြောင်းရင်း ကို စိစစ် ကြည့်လိုက် လျှင် ကျွန်တော်တို့ နေသော အိမ် နှင့် ဆယ်အိမ် ခန့် အကွာ တွင် သူငယ်ကလေး တစ်ယောက် က သူ့ ကို မျက်စိ ကျ နေ သောကြောင့် ဖြစ်သည် ။ သူငယ်ကလေး အကြောင်း ကို သူ မသိ ၍ သာ မက်မောနေဟန် ရှိသည် ဟု ကျွန်တော်တို့ က ယုံကြည်မိသည် ။ အကယ်၍ သူငယ်ကလေးအကြောင်း သိ လျှင် ခင်စိန် မှာ နောက်တ ကြီးစွာ ရလိမ့်မည် ဟု ထင်သည် ။

ထို့ကြောင့် ကျွန်တော့် ဇနီး က ထို သူငယ်ကလေး အ ကြောင်း ကို စကား စ မိဟန် နှင့် သူ သိအောင် ကျွန်တော့် အား လှမ်း၍ ပြောလေသည် ။ “ သည် ထွန်းမောင် ဆိုတဲ့ အကောင် က လူမသမာ ကလေးပဲ ။ သူ ဖျက်ဆီးတဲ့ ကောင်မ လေးတွေ ဘယ်လောက် များသလဲ ” ဟု ဇနီးသည် က စ ၍ ပြောလိုက်သောအခါ ကျွန်တော် က “ ဟုတ်သားပဲ ၊ ငါ လည်း သိပါတယ်ကွာ ဟို စပါးသယ် တဲ့ ကောင်မလေး ဟာ သူ့ ကြောင့် ကလေး ရ ပြီး သွား ဖျက်ချရာမှာ သေသွား ဟာပဲ ။ မင်းတို့ မြို့ က ကောင်လေးတွေ အကြောင်း ငါ အတော် သိပါတယ် ” ဟု ပြန် ပြောလေသည် ။

ခင်စိန် သည် ကျွန်တော်တို့ စကား ကို နားထောင် နေ သည် ။ သို့သော် ထွန်းမောင် အပေါ်တွင် စိတ်ပျက် သွား ဟန် မရှိချေ ။ နောက် နေ့ သောက်ရေ ခပ်ရန် ရေကန် သို့ သွားသော အခါ ကန်ပေါင်စောင်း တွင် ထွန်းမောင် နှင့် တွေ့  လေသည် ။ ကျွန်တော် တို့ လည်း ချက်ချင်း ပင် သတင်း ပေး လာသဖြင့် သိရလေသည် ။

ခင်စိန် မူ မမှန် မှု ကို ကျွန်တော်တို့ ဇနီးမောင်နှံ တီးတိုး ဆွေးနွေး ကြရတော့သည် ။ ကျွန်တော့် ဇနီး မှာ ခင်စိန် ကို သတိ ပေးပါလျက် နှင့် ကဲ ရပါမို့လား ဟု စိတ် ဆိုး လေသည် ။       

“ သူ့ ကို ထားလို့ မဖြစ်ဘူး ၊ နှင် ထုတ်လိုက်မှပဲ ” ဟု စိတ် လိုက်မာန်ပါ ပြောလေသည် ။

ကျွန်တော် က “ နှင် ထုက်ရုံ နဲ့ ကိစ္စ မပြီးဘူး ကွ ၊ နှင် ထုတ်လိုက်ရင် ကောင်မလေး လမ်းမှား ရောက်ပြီး ကိုးရိုးကားရား ဖြစ် သွားမှာပေါ့ ” ဟု ပြောရ လေသည် ။

တစ်နေ့ တွင် ခင်စိန့် အလစ် တွင် ကျွန်တော့် ဇနီး က သူ ချွတ်ထားသော အတွင်းခံအင်္ကျီ ကို နှိုက် ရှာဖွေရာ စာ တစ်စောင် တွေ့လေသည် ။ စာ မှာ -

“ မောင် မနက်ဖြန် ရေကန်အလာ မှာ မောင် ခေါ်ချင် တဲ့ ဆီကို ပဲ ခေါ်ပါတော့ ။ ခင် လိုက်တော့မယ် ” ဟု ပါရှိလေသည် ။

ကျွန်တော်တို့ နှစ်ယောက် မှာ စာ ကို ကြည့်၍ အံ့အား သင့် နေကြသည် ။ ခင်စိန် သည် စာ ရေး တတ်ဖို့ ဝေးစွ ၊ ကကြီး ခခွေးပင် မတတ်ချေ ။ ယခု စာ ကို ကျကျနန လက်ရေး လက်သားကောင်းကောင်း နှင့် တွေ့ရသည် ။ ဧကန္တ တစ်ယောက်ယောက် က ဦးပုည လုပ်နေပြီ ဟု တွေး မိကြသည် ။ ဦးပုည လုပ် သူ ကို ရှာ ဖို့ကား ခဲယဉ်းလှသည် ။ အိမ် တွင် ကျွန်တော် တို့ တူမကလေး တစ်ယောက် သာ ရှိသည် ။ သူ ကလည်း ခင်စိန့် လူ ဖြစ်ဖို့ ဝေးစွ ၊ ခင်စိန် ၏ အမူ ကွဲ ပုံကို အမြဲ ပြော၍ ကျွန်တော်တို့ အား သတိ ပေး နေလေသည် ။

ထို ကိစ္စ ကို ဆက်၍ မစုံစမ်းမီ ရုတ်တရက် ဆောင်ရွက် ရသည် မှာ ခင်စိန် ကို သောက်ရေခပ်ရန် ကန် သို့ မလွတ်ဘဲ ထား ရခြင်းပင် ဖြစ်တော့သည် ။ ရေထမ်းသမား အလွန် ရှား သော တောမြို့ကလေး ဖြစ် သဖြင့် ဤသို့ ဆောင်ရွက် လိုက် ရခြင်းမှာ အလွန်ပင် ထိ ခိုက်သွားလေတော့သည် ။

ခင်စိန် ရေခပ် မထွက်ရသောနေ့ ည တွင် အိမ်ရှေ့လမ်း မက အသံသြကြီး နှင့် ထွန်းမောင် ၏ သီချင်းသံ ကို ကြားကြရလေသည် ။ ခင်စိန် ထွက် ၍ လိုက်လေမည်လား ဟု ညဉ့် တွင် သတိ နှင့် အိပ် ရလေသည် ။ အရွယ် ရောက်သော အစေခံမကလေး ကို မွေး ထားရခြင်းသည် အရွယ် ရောက်သော သမီး ကို မွေးထားရခြင်း ဒုက္ခနှင့် မခြား ဖြစ်တော့ သည် ။

ကျွန်တော် သည် ခင်စိန် ၏ အမူ အရာ နှင့် စိတ်နေ စိတ်ထား ကို ဂရုပြု၍ ကြည့်ရှု စုံစမ်းလေသည် ။ ခင်စိန် သည် ကျွန်တော်တို့ အထူးတလည် ပိတ်ပင်လိုက်သည့်အ ခါ၌ လည်း ငြိမ်၍ နေသည် ။ ထို ငြိမ်နေခြင်း ကို ကျွန်တော် မသင်္ကာလှချေ ။ ထို့ကြောင့် ကျွန်တော့် ဇနီး အား စုံစမ်းခိုင်း ရသည် ။ “ သူတို့ တကယ် ကြိုက်နေရင် ပေးစားလိုက်တာ အေးပါတယ် ” ဟု ကျွန်တော် က ပြောရာ ဇနီးက “ ပေးစား တော့ကော ထွန်းမောင် က ယူမှာတဲ့လား ” ဟု မေးလိုက် သည် တွင် ကျွန်တော့် မှာ ထွန်းမောင် ၏ အကျင့် ကို သိ သဖြင့် နှုတ်ပိတ် လိုက်ရတော့သည် ။

နောက်တစ်နေ့ တွင် ခင်စိန် ၏ အတွင်းအင်္ကျီ ထဲ မှ စာ တစ်စောင် ထပ်၍ တွေ့ရပြန်သည် ။ ထို စာမှာကား ထွန်းမောင် ထံ မှ ပေးသော စာ ဖြစ်တန်ရာသည် ။ စာ အဆို က “ ခင် ရယ် ၊ တစ်နေ့ က ကန်ပေါင် မှာ တစ်ညနေလုံး စောင့် နေတာ ၊ ခင် မပေါ်လာတာ နဲ့ မိုးချုပ် မှ စိတ်ပျက်ပျက် နဲ့ ပြန် ရတယ် ။ ဘာလို့ မလာတာလဲ ။ခင် ထိန်း နေရတဲ့ကလေး နေမကောင်း လို့လား ၊ ကလေး ကို တစ်ယောက် ယောက် အမှတ်တမဲ့ ပေး ပြီး လစ်လာခဲ့ပါလား ” ဟု ပါရှိသည် ။

“ ကဲ မဖြစ်ချေတော့ဘူး ။ ဒီလို ဆိုရင် ခက်ကုန်လိမ့် မယ် ။ ထွန်းမောင် ကို ခေါ်ပြီး မေးမှပဲ ” ဟု ကျွန်တော်တို့ နှစ်ယောက် တိုင်ပင် ပြီးလျှင် ထွန်းမောင် ကို အခေါ် ခိုင်းလိုက် လေသည် ။ ထွန်းမောင် လည်း ဣန္ဒြေမပျက် ရောက်လာ လေသည် ။ ထိုအခါ ကျွန်တော် က စာ ကို ပြ၍ “ ဒါ မင်း ရေးတာလား ” ဟု မေးရာ ထွန်းမောင် က အကယ်ပင် အံ့အားသင့် ကာ “ ကျွန်တော် ရေး တာ မဟုတ်ဘူး ၊ ကျွန်တော် သူ့ ကို လည်း မသိပါဘူး ” ဟု ပြောလေသည် ။

ထိုအခါ ကျွန်တော့် ဇနီး က ခင်စိန့် ဘက် သို့ လှည့်ကာ “ ညည်း ကို စာ ပေးတာ သူ ပဲ မ ဟုတ်လား ” ဟု ရုတ်တရက် မေး လိုက်ရာ ခင်စိန် က မျက်နှာပြောင်တင်းတင်း နှင့် “ ဟုတ်ပါတယ် သူပါ ” ဟု ပြောလေသည် ။ ထွန်းမောင် သည် ခင်စိန့် စကား ကို ကြား ရသည် နှင့် တစ်ပြိုင်နက် မျက်လုံးမျက်ဆန် ပြူးကာ “ ဟဲ့ ငါ နင် နဲ့ ဘယ်တုန်းက တွေ့ဖူးလို့ လဲ  ၊ နင့် ကို လည်း ဂရုမစိုက်မိဘဲ အခု ဘာလို့ ငါ့ ကို စွပ်စွဲရတာလဲ ဟင် ” ဟု ကြိမ်းမောင်းလေသည် ။

ကျွန်တော်တို့ မှာ ထွန်းမောင် လူလည် ဖြစ်မှန်း သိ၍ အတည်ပေါက် ဖြီး နေသည် ဟု မှတ်ယူကာ ထွန်းမောင် ကို ဆုံးမစကား ပြောပြီး နောက် ပြန် လွှတ် လိုက်ကြရလေတော့ သည် ။ ခင်စိန် လည်း မျက်နှာ ပြောင်တင်းတင်း နှင့် ပင် အိမ် ထဲ သို့ ဝင် သွားလေသည် ။

ခင်စိန် ၏ ပြောင်တင်းတင်းမျက်နှာ ထား မှာ ကျွန်တော် နားမလည်နိုင်အောင် ရှိ တော့သည် ။ အပျိုအရွယ် ဖြစ်၍ ရှက်စနိုး ဖြစ်သင့်ပါ လျက် ပြောင်တင်းတင်း မျက်နှာ ၏ အဓိပ္ပာယ် ကို အကဲခတ် မတတ်အောင် ဖြစ် ချေတော့သည် ။ သူ့ မျက်နှာထား သည် ဟိုတယ်ဆိုင်များ နတ်နန်းများ က ခင်ပျိုမယ်တို့ မျက်နှာထား နှင့် ဆင်တူလှသည် ဟု စိတ် တွင် မသိုးမသန့် ဖြစ် မိသည် ။ ကျွန်တော် သည် ဟိုတယ်မယ် နတ်နန်းမယ် တို့ ၏ အနေအထိုင် မျက်နှာနေ မျက်နှာထား တို့ ကို ဂရု ပြုမိလေသည် ။ သူတို့ ၏ စိတ်နေ စိတ်ထား ကိုလည်း သုတေသီ အဖြစ် စုံစမ်း လေ့လာဖူးလေသည် ။ ခင်စိန် က ထွန်းမောင် ကို ကြည့် ၍ ပြော လိုက်သော မျက်နှာထား မှာ ကျွန်တော့် စိတ် ကို တုန်လှုပ် သွားစေသည် ။ ထွန်းမောင် ပြန် သွားသော အခါ အိမ် ထဲ သို့ ဝင် သွားသော ခင်စိန့် မျက်နှာထား မှာ လည်း မှတ်သားဖွယ် တစ်ရပ် ဖြစ် လေသည် ။ ကျွန်တော် သည် ခင်စိန် ၏ အပြု အမူ အနေအထိုင် တို့ ကို ရှေးက ကဲ့ သို့ အမှတ်မထင် မနေဘဲ သုတေသီ စိတ်မျိုး နှင့် ဂရု ပြုမိတော့သည် ။

ထွန်းမောင် ကိစ္စ ပြီးဆုံးပြီ ဟု ယူဆရ ပေတော့မည် ။ ထွန်းမောင် ၏ နားငြီးဖွယ် အသံအောကြီး နှင့် သီချင်းဆိုသံ ကို လည်း မကြားရတော့ချေ ။ ခင်စိန် ၏ အတွင်းအင်္ကျီ တွင် လည်း ရည်းစား စာ မတွေ့ရတော့ချေ ။ ကျွန်တော် တို့ နှစ်ယောက် မှာ ခင်စိန့် အတွက် စိတ် သက်သာရာ ရတော့ပြီ ဟု အောက်မေ့ မိကြလေသည် ။

ထိုအခိုက် ကျွန်တော် သည် ခင်စိန့် ကို ရှေးက နှင့် မတူ အထူးဂရု စိုက် ၍ ကြည့် မိလေသည် ။ ခင်စိန် ၏ ကိုယ်လုံးကိုယ်ပေါက် သည် တင်းရင်း ကျစ်လျစ် လာ သည် ဟု ထင် ရသည် ။ သူ့ ပါးကလေးများ သည် သိသိသာသာ မို့ ၍ လာသည် ။ သူ့ မျက်လုံး ၊ အလို  သူ့ မျက်လုံးကား အရောင် တောက် လာသည် မှာ မပြောပြနိုင်လောက်အောင်ပင် တည်း ။ အပျိုရည် တိုး ၍ တင်းရင်းကျစ်လျစ်သည် ကို ကျွန် တော် အထူး မဆိုလိုပါ ။ သူ့ မျက်လုံး တောက်ပ ပုံ ကို သာ ပို၍ ဂရု ပြု မိတော့သည် ။ သူ့ မျက်လုံးတောက်ပ ပုံ မှာ ထူးဆန်း၏ ။ တောက်ပ သော် လည်း ကြည်လင်ခြင်း မရှိ ၊ သူ့ မျက်လုံး ၏ အရောင် သည် သူ့ မျက်နှာ တစ်ပြင်လုံး ကို လွှမ်းနေဟန် ရှိသည် ။ သူ့ မျက်နှာ မှာ စတွန်းကင်းဓာတ်မီး အောက်တွင် နေသော မျက်နှာများ ကဲ့သို့ ပြောင်တင်းတင်း ဖြစ် နေသည် ။

ကျွန်တော် က ဂရု စိုက်၍ သူ့ ကို ကြည့်ကြောင်း သူ ရိပ် မိသည်မှာ ထင်ရှားသည် ။ သူ့ မျက်လုံးများ သည် တစ်ခါ တစ်ရံ ပြူးဝိုင်းဝိုင်း လုပ် ကာ ကျွန်တော့် ကို တစ်ပတ် လည် ၍ ကြည့် လိုက်သည် ။ “ ဪ ညှို့ တယ် ဆိုတာ ဒါမျိုးပဲ ထင် ပါရဲ့ ” ဟု ကျွန်တော့် မှာ တစ်ကိုယ်တည်း မှတ်ချက် ချလိုက် ရတော့သည် ။

ခင်စိန် အလှ ပြင်သည့် အလုပ် မှာ တစ်နေ့ တစ်ခြား အိမ် အလုပ် ထက် ကြီးကျယ် လာတော့သည် ။ ကျွန်တော့် ဇနီး မှာ ခင်စိန် ၏ အမူအရာ ကို မနှစ်မြို့ချေ  ။ “ ဒီကောင်မကလေး ထိန်းလို့ နိုင် မှာ မဟုတ်ပါဘူး ။ သူ့ ကို ပြန် ပို့လိုက် မှပဲ ” ဟု ကျွန်တော့် အား စိတ်ပျက်သံ နှင့် ပြော ပါသည် ။ ခင်စိန် မှာ ရွာ သို့ ပြန် ပို့မည် ဟု လေသံ ကြား ရရုံ နှင့် သေမတတ် ကြောက်ရွံ့ လေသည် ။ပထမ က ကျွန်တော် သည် သူ့ မိထွေး ၏ ရန် ကို ကြောက် ၍ ရွာ သို့ မပြန်ချင်ခြင်း ပင် ဟု အောက်မေ့ မိသည် ။ ကျွန်တော့် အတွေး ရိုးလွန်းလှသည် တကား ။ သူ ရွာ သို့ ပြန် လျှင် မြို့တွင် နေသော အနေအထိုင် အဝတ်အစား မျိုး ကို ပစ်ပယ်ရမည် ကြောက်သောကြောင့် ဖြစ်ကြောင်း နောက် မှ တွေး မိတော့သည် ။

တစ်နေ့သ၌ ခင်စိန် သည် ကျွန်တော့် ဇနီး နှင့် အပြင် သို့ ဈေးဝယ် ထွက်၍ ပြန်လာသည် ။ ကျွန်တော် သည် ပက်လက်ကုလားထိုင် ပေါ် တွင် ထိုင်၍ စာအုပ် တစ်အုပ် ဖတ်နေ သည် ။ သူ သည် သူ့ အခန်း တွင်း သို့ ရုတ်တရက် ဝင်၍ အဝတ် လဲသည် ။ သူ့ အခန်းပေါက် နှင့် ကျွန်တော် ထိုင် နေသည့် နေရာ မှာ မျက်စောင်းထိုး ဖြစ်သည် ။ သူ သည် ကျွန်တော့် ဘက် သို့ တစ်ချက် လှမ်း ကြည့်ပြီး လျှင် ထဘီ အပေါ် လွှာ ကို ရုတ်ခြည်း ချွတ် ချ လိုက်လေတော့သည် ။ ကျွန်တော် သည် တစေ့တစောင်း မြင် မိသော်လည်း မျက်နှာ မပျက် စာအုပ် ကို သာ ဆက်၍ ဖတ် နေပါသည် ။

နောက် တစ်နေ့ ည သန်းခေါင် အချိန် လောက် တွင် ကျွန်တော် သည် အိပ်ရာ မှ နိုး၍ နောက်ဖေးခန်း သို့ အပေါ့ အပါး သွားရာ ကျွန်တော့် ဇနီး လည်း ကျွန်တော် နှင့် အတူ နောက်ဖေးခန်း သို့ လိုက် လာပါသည် ။ တစ်အိမ်လုံး မှာ မီး ငြိမ်းထားသဖြင့် မှောင် နေပါသည် ။ ကျွန်တော် သည် လက် နှိပ်ဓာတ်မီး နှင့် တံခါးများ ကန့်လန့် ကောင်းစွာ ထိုးထား သလား ဟု လှမ်း၍ ထိုး ကြည့် ရာ မှ ခင်စိန် ၏ အခန်းတံခါး ကို ထိုး ကြည့် မိပါသည် ။ အခန်းတံခါး ဟ နေသဖြင့် ကျွန်တော့် ဇနီး ကို လက်တို့ ပြ ကာ ခင်စိန့် အခန်း တွင်း သို့ နှစ်ယောက် သား ဖြည်းညင်းစွာ ဝင် ကြပါသည် ။

အခန်း ထဲ တွင် ခင်စိန် မရှိ ။

ထိုအခါ ကျွန်တော့် ဇနီး က မီးဖိုတံခါး ကို သွား ၍ ကြည့်ရာ မီးဖိုတံခါး ပွင့်လျက် ရှိလေသည် ။

“ အနီးအနား မှာ ရှိသေးသလား မသိဘူး ၊ ရှာကြည့် ရအောင် ” ဟု ကျွန်တော် က အကြံ ပေး လိုက်သည် တွင် ကျွန်တော့် ဇနီး က သတိ ရဟန်ဖြင့် “ နောက်ဖေး က စပါးကျီ  ထဲ မှာ ရောက် နေသလား ” ဟု ဆိုလေသည် ။

ကျွန်တော်တို့ သည် မီးဖိုတံခါး မှ ထွက်၍ နောက်ဖေး စပါးကျီကြီး ဘက် ဆီ သို့ ခြေသံ မကြားအောင် လက်တွဲ ၍ လျှောက် လာကြပြီး လျှင် ပွင့်နေသော ကျီတံခါး အနီး နား စွင့် နေကြလေသည် ။

“ တစ်နေ့ က စာ တွေ တွေ့သွားတော့ လူကြီးတွေ က ထွန်းမောင် ကို ထင်ကြတာပေါ့ ၊ အစ်ကိုကြီး ဆင် လိုက်ပုံ အတော် ဟန်တယ် ” ဟူ သော ခင်စိန် ၏ အသံ ကို ကြားရ သောအခါ ကျွန်တော်တို့ နှစ်ယောက် မှာ မှောင် ထဲ တွင် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ၍ နေမိကြပါသည် ။

“ ဒါလောက်တော့ အပျော့ပေါ့ ခင်စိန် ရာ ၊ ထွန်းမောင် ကြီး ကို လူကြီးတွေ က ထင် မှ ငါ နင့် ကို လွတ်လွတ်လပ်လပ် ချစ်ရမှာပေါ့ ” ဟု အသံလေးကြီး တစ်ခု က ဆို လေသည် ။

ထို အသံ ကို ကျွန်တော် တို့ ကျက်မိကြပါသည် ။ ထို အသံရှင် မှာ မြို့ပေါ် တွင် နာမည်ကြီးသော နတ်ခေါင်းကြီး တင်မောင် ၏ အသံ ဖြစ်သည် ။ တင်မောင် သည် မိန်းကလေး မိန်းမငယ် တို့ ကို မြူဆွယ် ဖျက်ဆီး၍ အတန်း ထဲ ကို ပို့ သူ ဖြစ်သည် ။ ကျွန်တော့် ဇနီး မှာ ဒေါသ ဖြစ်၍ ဆတ်ဆတ် တုန် နေတော့သည် ။ ကျွန်တော် က သူ့ ကို ပခုံး လှုပ်၍ အိမ် ထဲ သို့ လက်ဆွဲ ကာ ပြန် ခေါ် သွားရသည် ။

မီးဖိုချောင် သို့ ရောက်မှ “ သည် တင်မောင် ဆိုတဲ့ အ ကောင် အကြောင်း လည်း မင်း ကြားဖူး နေတာပဲ ။ အခု နေ ရှူးရှူးရှားရှား လုပ် လိုက်ရင် တို့ သာ အရှက် ကွဲမယ် ၊ ခင်စိန် ဟာ မကောင်းတဲ့ ကောင်မလေး လို့ လူတွေ ပြောပြီး တို့ ပါ အလကား မျက်နှာ မလှ ဖြစ်နေမယ် ။ အခုမှတော့ မထူးဘူး ၊ နက်ဖြန် ကျ မှ မင်း က ခင်စိန် ကို အကြောင်းအကျိုး ပြောပြ ပြီး ဖျောင်းဖျ ကြည့်ပေတော့ ” ဟု ကျွန်တော် က ပြော ရလေ သည် ။ 

ထိုနေ့ ည ကျွန်တော် တို့ မှာ အိပ်ကောင်းခြင်း မအိပ် ကြရတော့ချေ ။

နောက်နေ့ နံနက် တွင် ကျွန်တော် သည် မသိဟန် ဖြင့် ခင်စိန် ၏ မျက်နှာ ကို သေသေချာချာ ကြည့် မိလေသည် ။ သူ့ မျက်နှာ မှာ ရင့်ချော်ချော် ဖြစ်နေဟန် ရှိသည် ။ သူ့ မျက်လုံး က အရောင် တောက်လျက် ရှိချေသေးတော့သည် ။

နေ့လယ်လောက် တွင် ကျွန်တော့် ဇနီး က “ ခင်စိန့် ကို အကြောင်းအကျိုး ပြောပြတော့ သူ နောက် သည်လို မလုပ်ပါဘူး လို့ ပြောတယ် ” ဟု ပြောပြလေသည် ။

“ နောက် သည် လို မလုပ်ပါဘူး ဆိုရုံ နဲ့ မပြီးသေးဘူး ကွ ။ သူ့ ကို တင်မောင် ရဲ့ အကြောင်း သိအောင် ပြောလိုက် သေးရဲ့လား ”

“ ပြောတာပေါ့ ၊ တင်မောင် ဟာ ဖာခေါင်း ၊ ကောင်မ လေးတွေ သူ ဖျက်ဆီးတာ များလှပြီ ၊ နင် မကြားဖူးဘူးလား လို့ ကျွန်မ က အေးတင် တို့ ဘုမ တို့ အကြောင်း ပြော လိုက် သေးတယ် ”

“ သည်တော့ သူ့ မျက်နှာထား က ဘယ့်နှယ် နေ သလဲ ”

“ အို သူ့ မျက်နှာထား က ပြောင်တင်းတင်း ပေါ့  ။ သူ ဘာမှ ပြန် မပြောဘူး ၊ နောက်တစ်ခါ လက်မခံပါဘူး လို့ လည်း ပြောတယ် ”

ကျွန်တော် လည်း ဆေးပြင်းလိပ် ကို ဆက်လက် ဖွာ နေ တော့သည် ။ ကျွန်တော့်ဇနီး လည်း နေ့လယ် လက်ဖက် ရည် ဖျော်ရန် မီးဖိုချောင် ဘက် သို့ ထ သွားလေသည် ။

ခင်စိန့် ပြဿနာ သည် တဖြည်းဖြည်း ကြီးရင့်လာ လေပြီ ။ အိမ် မှ နှင်ထုတ် လိုက်လျှင် အတန်း ထဲ သို့ နိဗ္ဗာန် ကူးတို့ ပို့လိုက်သည် နှင့် တူ ချေမည် ။ အိမ်တွင် ထား လျှင် လည်း သူ့ အတွက် သက်သက်မဲ့ ဒုက္ခ ပို နေရသည် ။ လင် ပေးစားရန် လည်း မလွယ်ကူလှ ။

ထိုအခိုက် ကျွန်တော် ရန်ကုန်မြို့သို့ အလုပ် ပြန် ဝင် ရသည် ။ ကျွန်တော့် ဇနီး လည်း ခင်စိန့်အတွက် တစ်ထစ် တော့ အေးရပြီ ဟု အောက်မေ့ ကာ ပျော်ရွှင်နေလေသည် ။ “ ညည်း ရန်ကုန် ကျရင် သည် အကောင့် ရန် အေးရောပေါ့ ” ဟု ခင်စိန့် ကို ပြောလေသည် ။ ခင်စိန် သည် ဘာမျှ မပြောဘဲ ငေး ၍ နေလေသည် ။

“ မဟုတ်ပါဘူး သည်ကောင် က ညည်း ကို ဖျက်ဆီး နေတာ သိရက် နဲ့ ညည်း က စွဲ နေသေးသလား ”

ထိုအခါ ခင်စိန် က အသံ ထွက်အောင် ရယ်လိုက်ပြီး လျှင် “ သည်အကောင် ကို မစွဲပါဘူး ဒေါ်ဒေါ်ရဲ့ ” ဟု ပြော လိုက်ပါသည် ။

ထို ရယ်သံ နှင့် ထို စကား ကို ကျွန်တော် ကြား လိုက်ရ ပါသည် ။ ရယ်သံ မှာ သံမှန် မဟုတ် ။ ကျွန်တော် ပင်လျှင် အနည်းငယ် လန့် သလိုလို ဖြစ်သွားပါသည် ။ သူ့ ရယ်သံ မှာ ခက်တရော် အသံ ဖြစ်သည် ။ ကျွန်တော့် ဇနီး လည်း ဆက်၍ မပြောဘဲ ရန်ကုန် သို့ ပြောင်းရန် ပစ္စည်းများ ထုပ်ပိုးရေး ကို ဂရု ပြုနေလေတော့သည် ။

ခင်စိန် သည် လည်း ရန်ကုန် ပြောင်းရန် စိတ်အား ထက်သန်စွာ ကူညီ ထုပ်ပိုးလျက် ရှိလေသည် ။

ရန်ကုန် သို့ ရောက်ပြီး တစ်လ လောက် အတွင်း တွင် ခင်စိန် သည် အတော် ငြိမ်၍ နေလေသည် ။ သူ့ အတိတ် ကိစ္စ မှာ မေ့ပျောက်လုခမန်း ဖြစ်လေပြီ ။ ကျွန်တော့် ဇနီး က ကျွန် တော့် အား “ ရန်ကုန် ရောက်တော့လည်း ခင်စိန် အငြိမ် သားပဲ ” ဟု ပြုံး၍ ပြောလေသေးသည် ။

တစ်လ ကျော် နှစ်လ လောက် တွင် အဒေါ်ကြီး တစ်‌ယောက် အိမ် သို့ ရောက် လာလေသည် ။ ကျွန်တော် တို့ မှာ အသိ လည်း မဟုတ် တစ်ခါ မျှလည်း မမြင်ဖူး သဖြင့် ကြောင်တက်တက် ရှိနေစဉ် ခင်စိန် က “ ဒေါ်လေး ” ဟု ခေါ် ကာ ခရီးဦးကြို ပြုလေသည် ။ အဒေါ်ကြီး ၏ အဝတ်အစား အခြေအနေ မှာ လူကုံထံ ထဲ က မဟုတ်ကြောင်း ထင်ရှား လေသည် ။ ဆင်းရဲသား ထဲ က ပဲ ဟု တစ်ထစ်ချ ဆို နိုင်တော့ သည် ။ အဒေါ်ကြီး က “ မောင်ရင် နဲ့ တူမ တို့ က ကျုပ် တူမ ကို မွေးစား ထား တာ ကျေးဇူးတင်ပါတယ် ။ ကျုပ် မောင် က သူ့ သမီး ဒီမှာ ရှိလေ ရဲ့ ခေါ် ထားလိုက်ပါ ။ ပြီးတော့ သူ့ ဆီ ကို ပြန် ပို့ လိုက်ပါလို့ ရွာ က မှာ လိုက်တာနဲ့ အခု လာ ပြောရတာ ” ဟု ပြောလေသည် ။

ထိုအခါ ကျွန်တော်တို့ မှာ အံ့အား သင့် နေကြပါ သည် ။ ခင်စိန် က ဝင်၍ “ ကျွန်မ ဒေါ်ဒေါ့် ကို ပြောဖူးတယ် မဟုတ်လား ။ ကျွန်မ တို့ အဒေါ် အရင်း ၊ ရန်ကုန် ကျောက်မြောင်း ထဲ မှာ ရှိတယ်လို့ ” ဟု ထောက် လိုက်လေသည် ။

ကျွန်တော့် ဇနီး သည် ထိုအခါမှ ခင်စိန် ရန်ကုန် သို့ မလာမီ အမှတ်တမဲ့ ပြောခဲ့ဖူးသည့် စကား ကို ပြန်၍ သတိ ရ မိ လေသည် ။ သို့နှင့် မကျေနပ်သေးဘဲ ကျွန်တော် က အဒေါ် ကြီး ကို ခင်စိန် ၏ အဖေ့ အမည် နှင့် နေရပ် တို့ကို စစ်ကြည့် လေသည် ။ အမှန်ကို တစ်သဝေမတိမ်း ပြောနိုင်ရုံမကသေး ၊ ခင်စိန် ၏ ဖခင် ထံမှ ဆိုသည့် စာတစ်စောင် ကို ထုတ် ပြလေ သည် ။ စာ မှာ လည်း စာမတတ် တတတ် တောသား တစ်ဦး ၏ စာ ဖြစ်နေသည် ။ သူ့ သမီး ခင်စိန် ကို ပြန်ခေါ်ပြီး ရွာ သို့ ပြန် ပို့ပါ ဟု ပါရှိလေသည် ။ 

အကျပ် ကြုံ နေလေပြီ ။ ကျွန်တော် တို့ မှာ မယုံချင် သော်လည်း သက်သေ အခိုင်အလုံ နှင့် လာ နေသောကြောင့် မယုံဘူး ဟု မဆိုသာတော့ချေ ။

“ အဒေါ် လာ တာတော့ ဟုတ်ပါရဲ့ ။ ဒါပေမဲ့ ကျွန်တော် တို့ မှာ တာဝန် ရှိတယ် ။ ဒါကြောင့် အဒေါ် နဲ့ အတူတူ သူ့  ရွာ ကို ကျွန်တော့် တပည့် တစ်ယောက် အပို့ ခိုင်းပါမယ် ” ဟု ကျွန်တော် က တစ်နည်း ဆင် ၍ ပြော ရပါတော့သည် ။

“ ဒါကတော့ မောင်ရင် ရယ် ၊ အဒေါ် က ဘာ လိမ်စရာ ရှိလဲ ။ ကိုယ့် တူမ ကိုယ် ပြန်ခေါ်တာပဲ ။ ဒါပေမဲ့လေ ဟုတ် ပါတယ် ။ ရန်ကုန် မှာ ဆိုတော့ အရှုပ် ကိုး ။ တာဝန် ကင်းအောင် လုပ်ချင်လည်း လုပ်တာပေါ့ ။ အဒေါ် ဒါဖြင့် သူ့ ကို နက်ဖြန်ပဲ ပြန် ပို့ချင်တယ် ။ မောင့် တပည့် ကို အဒေါ် တို့ လိုက် ပို့ခိုင်းပါ ” ဟု ဆိုလေသည် ။

ထိုအခါ ကျွန်တော့် ဇနီး က ဖြတ်၍ ခင်စိန့် ဘက် သို့ လှည့်ကာ “ ညည်း ကကော ညည်း အဖေ အိမ် ပြန် ချင်သ လား ၊ သည်း မိထွေး ကို ကြောက်တယ်ဆို ” ဟု မေး လိုက်ရာ ခင်စိန် က ပြုံး၍ “ မိထွေး ကြောက်ပေမဲ့ အဖေ့ ကို လွမ်း သေးတော့ ပြန်ချင်တာပဲ ဒေါ်ဒေါ် ရဲ့ ” ဟု ချက်ချင်းပင် ပြန် ဖြေလေသည် ။

နောက်နေ့ တွင် ခင်စိန် သည် ကျွန်တော်တို့ နှစ်ယောက် အား အနူးအညွှတ် ကန်တော့ ၍ သူ့ အဒေါ် နှင့် အတူ ကျွန်တော့် တပည့် နောက် သို့ လိုက်သွားလေသည် ။

ကျွန်တော့် တပည့် ပြန် လာသောအခါ ကျွန်တော် က မေး စစ်ပါသည် ။ “ ဟေ့ မင်း သူတို့ ရွာ ကို အရောက် ပို့ လိုက် သလား ။ ဟိုမှာ သူ့ အဖေ ကို တွေ့ခဲ့သလား ”

“ ပို့ခဲ့ပါတယ် ဆရာ ရယ် ၊ သူ့ အဖေ ဆိုတာ သိပ် မကြီး သေးပါကလား အသက် သုံးဆယ်ကျော် လောက် ရှိသေး တယ် ”

“ ဟယ် ဘယ် ဖြစ်နိုင်ပါ့မလဲ ၊ သူ့ အသက် ပဲ နှစ်ဆယ် ကျော်ပြီ ဟာ သူ့ အဖေ သုံးဆယ်ကျော် ဆိုလို့ ဘယ် ဖြစ်နိုင် ပါ့မလဲ ဟ ”

“ မသိပါဘူး ဆရာ ၊ သုံးဆယ်ကျော် လောက် ပဲ ထင် ရတာပဲ ”

ကျွန်တော့် စိတ် တွင် ထင့် ခနဲ ဖြစ်သွားသည် ။ ကျွန်တော့် ဇနီး မှာ မျက်လုံး ပြူး သွားလေတော့သည် ။ ထိုအခါ သတိ ရ၍ တပည့် အား “ ဟေ့ သူ့ အဖေ ဆိုတာ ခပ်၀၀ မျက်နှာကျောက်ပေါက်မာသက်သက် နဲ့ ပါး မှာ ဓားခုတ်ရာကြီး ရှိတယ် မဟုတ်လား ” ဟု လမ်းကြောင်း ၍ မေး လိုက်ရာ တပည့် က “ ဟာ ဟုတ်တယ် ဆရာ ၊ ဆရာ မြင်ဖူးတယ် မဟုတ်လား ” ဟု ဖြေလေသည် ။

ကျွန်တော့် ဇနီး မှာ မျက်နှာ အကြီးအကျယ် ပျက် ကာ “ လက်စသတ်တော့ တင်မောင့် လက်ချက် ပဲ ” ဟု ပါးစပ် မှ ရုတ်တရက် ထွက်သွားလေတော့သတည်း ။

••• လူ့ရွာအတီး ဝေါဟာပြီးသား သမီးတစ်ကောင် နွားတစ်ထောင်သို့ လုံအောင်အမြဲ စောင့်နိုင်ခဲဟု မလွဲပမာ နန်းတွင်းမှာလျှင် ရာဇာမွေးဘ မြဲနိစ္စဖြင့် နေ့ညမကင်း စောင့်ပါလျှင်းလည်း လက်တွင်းကသာ သူ့ဘက်ပါခဲ့  ၊ ချစ်ညာမဆန် ၊ ချစ်မပြန်တည့် ၊ ဝင်္ကန္တမျိုး အတွင်းဆိုးနှင့် ရိုးသည်မရှိ များလှဘိရှင့် •••

◾တက်တိုး

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၄
       ၁၉၄၇ ၊ ဩဂုတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment