Friday, October 28, 2022

အသိ



 

❝ အသိ ❞

မရှိ တာ ထက် မသိ တာ ခက် သတဲ့ ။

သိအောင် ဘယ်လို လုပ်ရမလဲ ဆိုရင် “ စာဖတ် ” လို့ ပဲ လွယ်လွယ် ပြောကြတာပေါ့ ။ စာ ထဲ မှာ က “ ဘ၀ ” အတွက် အသိ ပေး တာ ထက် “ အလှ ” အတွက် အသိ ပေး တာတွေပဲ များ နေတယ် ။ မျက်ခုံးမွေး ဘယ်လို ဆွဲ ၊ နှုတ်ခမ်းနီ ဘယ့်နှယ် ဆိုး ၊ ဒီ အပေါ်ဝတ် အင်္ကျီမျိုး က သုံးထောင် ၊ ဘယ်ဆိုင် မှာ ရတယ် ။ ဟို ဖိနပ်မျိုး က လေးထောင် ၊ အဲဒါလေး လဲ လှတာပဲ ဆိုတဲ့ အသိမျိုးတွေ ပေးတာပဲ များ ပါတယ် ။ ဒီတော့ ငါ့ တူမများ အတွက် “ အလှ ” နဲ့ ပတ်သက်တဲ့ အသိ ကို လေးလေး ရေး မပြတော့ဘူး ။ ရေး ပြ ရ ရင်လည်း ငါ့ တူမများ က လေးလေး ကို “ မာမီချွန် ” လို့ ထင် ဦးမယ် ။

ငါ့ တူမများ အတွက် ဘဝ နဲ့ ပတ်သက် တဲ့ အသိ ပဲ ရေး ပြ ပါတော့မယ် ။

ဘဝ နဲ့ ပတ်သက်တဲ့ အသိ ကို ဘဝ နဲ့ ရင်းနှီး ယူခဲ့တာတွေ ရှိတယ် ။ တစ်ခါတလေ မှာ သုံးလေးနှစ် နေ မှ အသိလေး တစ်ခု ပဲ ရ တတ်တယ် ။ အဲဒီ အသိမျိုး က တစ်သက်တာ တန်ဖိုး မဖြတ်နိုင်တဲ့ အသိမျိုး ဖြစ် သွားရော ။ လေးလေး မှာ ဘဝ နဲ့ ရင်းနှီးပြီး သိ လိုက် ရတာမျိုး ငါ့ တူမများ မှာ သိချင် မှ သိမယ် ။ ဘာလို့လဲ ဆိုတော့ လေးလေး ရဲ့ဘဝ နဲ့ ငါ့ တူမများ ရဲ့ ဘဝ က တူချင် မှ တူ မှာကိုး ။ တစ်ခါတလေ တော့ လည်း သူများ တစ်ယောက် ယောက် ဘဝ နဲ့ ရင်းနှီး ယူ လိုက် ရတဲ့ အဖြစ်အပျက် ကို ကိုယ် က မရင်းနှီး ရ ဘဲ အချောင် သိ လိုက်ရတာ မျိုး လည်း ရှိ တတ်တယ် ။ မြင် တတ်ရင်ပေါ့ ။ တစ်ခါတလေ တော့ အခြား စာရေးဆရာ တစ်ဦး ဦး ရေး ပြ ထားတဲ့ သူ့ ရဲ အသိ ကို ကိုယ် က ဖတ် ကြည့်ပြီး တစ်ထိုင် တည်း နဲ့ အလွတ် ရ တတ်တာမျိုးလည်း ရှိတယ် ။စာ ထဲ က ပေးတဲ့ အသိ ကို တော့ ယူတတ်မှ ။ စာအုပ် ဖတ် သွားပြီး စာအုပ် ထဲ က အသိ စာအုပ် ထဲ ပြန် ထား ခဲ့ရင်တော့ မျက်စိ ညောင်းတာ ပဲ အဖတ် တင်မယ် ။

ငါ့ တူမများ မျက်စိ ညောင်း တာပဲ အဖတ် တင်တယ် ဆိုတဲ့ အဖြစ်မျိုးတော့ မရောက်ပါစေနဲ့ ။

လေးလေး ဘဝ နဲ့ ရင်းနှီးပြီး သိခဲ့ရတာတွေ ထဲ က တစ်ခု ပြောပြ ချင်တယ် ။ လေးလေး ကာတွန်း ရေးသက် သုံးလေးနှစ် လောက် အရ မှာပေါ့ ။ ခုနစ်ဆယ် ခုနစ် ဝန်းကျင် က ထင်ပါရဲ့။

ဟံသာဝတီ သတင်းစာ မှာ လေးလေး ရဲ့ ကာတွန်းတွေ ဆောင်းပါးတွေ ပါ လာတိုင်း စာဖတ်သူတွေ က “ ကောင်းတယ်ကွာ ” လို့ ပြော နေတဲ့ အချိန် ။ ကောင်းတယ်ကွာ ကောင်းတယ်ကွာ ဆိုတဲ့ အသံတွေ က လေးလေး ရဲ့ နားစည် မှာ “ အင်ပါယာ ” က “ ဒရမ်မာဝေထွန်း လက်စွမ်း ပြ နေသလို ” ထိ ရိုက်နေတာ ။

အဲဒီတုန်း က အောက်ခြေ လွတ်တယ် ဆိုတဲ့ စကားဟာ တင်စားတာ မို့ ပေါ့ ကွာ ။ ကိုယ့် ကိုယ် ကို အထင်ကြီး နေတိုင်း ဘဝင်မြင့် နေတိုင်း မြေကြီး နဲ့ ခြေထောက် တကယ် လွတ် ရမယ်ဆို ရင် လေးလေး မိုးပျံ နေ မှာ သေချာတယ် ။ အဲဒီတုန်းက လူ က သာ မိုး မပျံတာ ။ စိတ် ကတော့ တိမ် ကပ် နေတာ အမှန် ။

လေးလေး ရဲ့ ဘဝင် လေဟပ် ပြီး တိမ် ကပ်နေတဲ့ စိတ် ကို ပြုတ်ကျ လာအောင် လုပ်ပေးခဲ့ သူ က ဆရာကြီး ဦးဆန်းထွန်း ပဲ ။ တစ်ရက် မှာ လေးလေး သတင်းစာတိုက် ကို ကာတွန်း သွား ပို့ရင်း ဆရာကြီး နဲ့ ဆုံ မိတယ် ။ ဆရာကြီး က သတင်းထောက် စားပွဲ မှာ ထိုင် နေတာ ။ လေးလေး ကို မြင်တော့ လက်ယပ် ခေါ်ပြီး ...

“ ကျုပ် ကိုကံချွန်လေး နဲ့ ဆုံတာ အဆင်ပြေ သွားတယ် ”

“ ဆရာကြီး ဘာ ခိုင်းချင်လို့လဲ ”

“ ခိုင်းစရာ မရှိပါဘူး ၊ ကိုကံချွန်လေး ကို စကား နည်းနည်း ပြောစရာ ရှိလို့ပါ ”

ဒီတော့ ဘေးနား ဝင် ရတာပေါ့ ။ ဆရာကြီး က စကား မပြောခင် သူ့ ခေါင်း သူ လက် နဲ့ ပွတ် လိုက်သေးတယ် ။ အဲဒါ ဆရာကြီး ရဲ့ အကျင့် ပဲ ။ ပြီးတော့ မှ ....

“ ထုံးဖို ကို ရောက်ဖူးတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ သွားရင်း လာရင်း တော့ ဖြတ်သွား ဖူး ပါတယ် ”

“ ဖြတ်သွား တဲ့ လမ်းဘေး မှာ ထိုးထိုးထောင်ထောင် နဲ့ ကျောက်တောင်ကြီးတွေ ကို သတိထား မိ ရဲ့ လား ”

“ ဟုတ်ကဲ့ ၊ ထားမိပါတယ် ”

“ အဲဒီမှာ ဘာတွေ လုပ် နေတာ တွေ့သလဲ ”

“ မိုင်း နဲ့ ခွဲပြီး ကျောက်တွေ ထုတ်လုပ် နေတာပဲ ရှိတယ် ”

“ အင်း ... ဟုတ်တယ် ”

ဆရာကြီး က ခပ်ပြုံးပြုံး နဲ့ ခေါင်း ကို ပွတ်ရင်း လေးလေး ကို ကြည့် နေတယ် ။ ပြီးတော့ မှ -

“ အဲဒီ ကျောက်တွေ ဘယ် မှာ သုံးသလဲ ၊ ကိုကံချွန်လေး ”

“ လမ်း ခင်း တာ ပဲ ဆရာကြီး ”

“ အဲဒါ သင်ခန်းစာပဲ ဗျ ၊ ထောင်ထောင် ထောင်ထောင် လုပ်ရင် ခြေနင်း ဖတ် ဖြစ် သွားတတ်တယ် ”

ဆရာကြီး ရဲ့ စကား လည်း ဆုံးရော လေးလေး ခန္ဓာကိုယ် ထဲ က သွေးလည်ပတ်နှုန်း ဟာ ပြောင်းသွား ပုံ ရတယ် ။ ဖျမ်းကနဲ ကြက်သီးတွေ ထ သွားမိတယ် ။ လေးလေး ရဲ့ တိမ် ကပ် နေတဲ့ စိတ် ဟာ ပြုတ်ကျ တာ မှ ရိုးရိုး ပြုတ်ကျတာ မဟုတ်ဘူး ။ ဆောင့် ဆွဲချတာ ခံ လိုက်ရသလိုပါပဲ ။

“ အနေအထိုင် အပြောအဆို ထောင်ထောင် ထောင်ထောင် လုပ်မိတာ ငါ မှားပြီ ”

ဆိုတဲ့ အသိ ဟာ ဦးနှောက် ရဲ့ သွေးကြောတွေ ထဲ ထိ စိမ့်ဝင် သွားတာ ။ တစ်ထိုင်တည်း မှာ နောင်တ ရပြီး ဆရာကြီး ကို မျက်နှာငယ် နဲ့ ပြန် ကြည့်မိတယ် ။ အဲဒီတော့ ဆရာကြီး က .....

“ ကိုကံချွန်လေး မိုးကုတ် ကို ရော ရောက်ဖူးသလား ”

“ မရောက်ဖူးဘူး ဆရာကြီး ”

“ ရောက်တဲ့ အခါ ကျောက်တွင်း တွေ ကို လေ့လာ ကြည့်စမ်းပါ ၊ တချို့ ကျောက်တွင်းတွေ ဟာ ပေ နှစ်ရာ သုံးရာ နက်တယ် ။ အောက် ရောက် မှ ဘေး ကို လိုဏ်ခေါင်း ဖောက်ဝင်သွားတဲ့ တွင်းတွေ လည်း ရှိတယ် ။ တူးရင်း တွင်း ပြိုလို့ အသက် ဆုံးရှုံးရတဲ့ လူတွေ တောင် ရှိတယ် ။ သူတို့ ဆီ က တော့ “ တွင်းလည်တယ် ” ခေါ်တယ် ။ ဘာလို့ အသက် နဲ့ ရင်းပြီး တူး နေကြတာလဲ ဆိုရင် ပတ္တမြား လို ချင် လို့ ၊ ကိုကံချွန်လေး သေသေချာချာ နားထောင် နော် ။ ပတ္တမြား ဆို တာ တန်ဖိုး ရှိတယ် ။ တန်ဖိုး ရှိတဲ့ ကျောက် ကို တော့ မြေအောက် ဘယ်လောက် ရောက် နေနေ လူတွေ က ရှာဖွေ တူးဖော် ယူပြီး ကလပ် ပေါ် တင်ကြတာပါ ။ လူ ဆိုတာ ကိုယ့် ကိုယ် ကို တန်ဖိုး ရှိအောင် ပဲ ကြိုးစား ။ အလိုလို ကလပ် ပေါ် ရောက် သွားမှာပါ ။ ထောင်ထောင် ထောင်ထောင် လုပ်နေဖို့ မလိုပါဘူး ” တဲ့ ။

အဲဒီ စကားတွေ ဟာ လေးလေး အတွက် တစ်သက်တာ အသိတွေ ပဲ ။ လောကကြီး မှာ ဘယ်လို နေထိုင်သင့်တယ် ။ ဘယ်လို မနေသင့်ဘူး ဆိုတဲ့ အသိ ကို သုံးလေးနှစ် ထောင်ထောင် ထောင်ထောင် လုပ် မိပြီး မှ ရ လိုက်တာပါ ။ လမ်းခင်း မခံရတာ ကံ ကောင်းလို့ ။

ကဲ .....

လေးလေး ရဲ့ ဘဝပေး အသိ ကို ငါ့ တူမများ အတွက် လက်ဆင့် ကမ်း လိုက်ပါပြီ ။

အနေအထိုင် တတ်ကြပါစေ ။

ကြိုးစား ဖြစ်ကြပါစေ ။

တိုးတက်ကြပါစေ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment