အခန်း ( ၁၉ )
အသည်းအသန် ကြိုးစားဖို့ လိုအပ်လာသည့် အချိန်တိုင်း ' လှိုင်းကြီး လှေအောက် ' ဆိုသော စကား ကို လူတွေ ပြော တတ်ကြသည် ။
တကယ်တော့ ' လှိုင်းကြီး လှေအောက် ' ဖြစ်ဖို့ ဆိုလျှင် လှေ ၏ ပင်ကိုယ် အရွယ်အစား ကြီးမား ဖို့ နှင့် ခံနိုင်ရည် ရှိ ဖို့သာ အဓိက ဖြစ်သည် မဟုတ်လား ။ ( ကြိုးစားတာ မကြိုးစားတာ နှင့် မဆိုင်ပါ )
လှေ ၏ အရွယ်အစား က ခပ်သေးသေး ဆိုလျှင် သင် ဘယ်လောက် ကြိုးစား ကြိုးစား လှိုင်း ကြီးလျှင် လှေ မှောက် မှာ သေချာပါသည် ။ အခု ခေတ် တွင် ကြိုးစားတာ မကြိုးစားတာ က သိပ် အရေး မပါတော့ပါ ။ သင့် မိဘများ ကိုသာ လှေကြီးကြီး ဝယ်ပေးဖို့ ပူဆာပါလေ ။
••••• ••••• ••••• •••••
စိုးရှား က တော့ လေး နှင့် မြား တစ်စုံ ကို ဝယ် လိုက်ပြီး မြားပစ်နည်းပြ ဆရာ တစ်ဦး ကို ငှားရမ်း ကာ နေ့တိုင်း မြားပစ် လေ့ကျင့် တော့သည် ။
သူ့ ဦးလေး ဦးစောဝင်း ကလည်း ရုပ်ရှင်ကားကြီး တစ်ကား ကို သူ့ စိတ်ကြိုက် ဇာတ်ညွှန်း ရေးပြီး အစွမ်းကုန် ကြိုးစား ရိုက်ကူး နေသဖြင့် နေ့ မအိပ် ည မအိပ် ဖြစ်ကာ အတော် ပင် ပိန်ချုံးကျသွားသည် ။
မင်းသား ရော မင်းသမီး က ပါ ရိုက်ကူးရက် ကို ရက်ပေါင်း ( ၂ဝ ) သာ ပေးသဖြင့် သူ ဖြစ်စေချင်တာတွေ အားလုံး လုပ်ပြခွင့် ရဖို့ သေလုမျောပါး ကြိုးစား ရသည် ။
ရုပ်ရှင်ကား တစ်ကား အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ ဆိုသည် မှာ စိတ်ရော လူရော ပင်ပန်းရသည့် ကြား ထဲ အားစိုက် လျှင် အားစိုက် သလောက် အိပ်ချိန် မမှန် စားချိန် မမှန် ဖြစ်ကာ ချုံးချုံးကျ သွားတတ်သည် ။
စိုးရှား က လည်း သူ့ အရှုပ်ထုပ် နှင့် သူ မို့ ဦးလေး ကို မကူညီနိုင် ။ ( အစတုန်းက သူ့ ဦးလေး ဒီလောက် လုပ်လိမ့်မည် ဟု အထင်ကြီး မထားတာကြောင့်လည်း ဖြစ်သည် )
( ၆ ) လ ကျော်ကျော် ကြာသော မြားပစ်လေ့ကျင့်ရေး သင်တန်း ပြီးဆုံးသည့် အချိန် တွင် ဦးစောဝင်း ကတော့ သူ့ ရုပ်ရှင် ဖလင်ကား ဆက်ပြီး ဆင်ဆာ သို့ ပင် တင် လိုက်နိုင်သည့် အခြေအနေ သို့ ရောက် နေပြီဖြစ်၏ ။
ဦးစောဝင်း ကိုယ်တိုင် က တော့ အိပ်ရာ ထဲ တွင် ဘုန်းဘုန်း လဲတော့သည် ။
ဦးစောဝင်း ကို ပြုစုမည့် သူ ဟူ၍ လည်း စိုးရှား တစ်ယောက် တည်း သာ ရှိသည် ။ ဦးစောဝင်း ၏ ရုပ်ရှင်နယ်ပယ် မှ မိတ်ဆွေအပေါင်းအသင်းများ က လည်း ရံဖန်ရံခါ ဖုန်း ဖြင့် သတင်း လှမ်း မေးတတ်သည် က လွဲ ၍ တစ်ယောက် မှ ပေါ်မလာ ။
စိုးရှား က ပင် ခပ်ရိရိ ပြော တတ်သေးသည် ။
“ ဘယ်လိုလဲ ... ဦးလေး ရဲ့ ... တခြား လူ မပြော နဲ့ ဦးလေး ရဲ့ ရွှေမင်းသမီး မြနဒီ က တောင် သတင်းလေး ဘာလေး လာ မေးဖော် မရပါလား ...”
ဦးစောဝင်း က တော့ သူတို့ ရုပ်ရှင်လောကသား တွေ ၏ ဖိအား များသော လူနေမှု ဘဝ အကြောင်း နားလည် ထားသည် ။ ရုပ်ရှင်လောကသား တွေ အဖို့ ပိတ်ရက် မရှိ ။ အနား ယူချိန် မရှိ ။ မိနစ် တိုင်း နာရီ တိုင်း နေ့ရက် တိုင်း သည် ' အလုပ် ' ဖြစ်သည် ။ ဝင်ငွေ ဖြစ်သည် ။ သူတို့ လောက သည် အချိန် ကို ရောင်းစား နေရသည် ။ လှုပ်ရှားမှု ကို ရောင်းစား နေရသည် ။ စန်းပွင့် နေသော အခြေအနေ ကာလ အပိုင်းအခြား တစ်ခု ကို ရောင်းစား နေရသည် ။ ထို့ကြောင့် သူတို့ အတွက် သာမန် လူတွေ လို လူမှုရေး ကို ခရီးသွား ဟန်လွဲ လုပ်၍ မရ ။ အချိန် ရှားပါးသည် ။ ဘောင် ကန့်သတ် ခံထားရသော ဘဝ မှာ ရှင်သန် နေထိုင်ရသည် ။ သူတို့ မှာ လည်း သူတို့ အခက်အခဲ နှင့် သူတို့ ပင် ။ ဒါကို နားလည်သော ဦးစောဝင်း က သူ့ လောကသားတွေ ကို အပြစ် မတင် ။ သက်ပြင်း ကို ချရင်း က သာ ...
“ ဒါတွေက အရေးမကြီးပါဘူးကွာ ၊ ငါ အကောင်းဆုံး ကြိုးစားထား တဲ့ ရုပ်ရှင်ကား ကို သာ ငါ ကျန်းမာရေး အရမ်း မဆိုးသွား ခင် ကြည့်သွား ချင်တာပါပဲ ...”
ဦးလေး က တော့ ယောက်ျားကြီး တန်မယ့် ပတ်ချွဲနပ်ချွဲတွေ ပြော နေပြန်ပြီဟု စိုးရှား က တွေးလိုက်၏ ။
ဦးစောဝင်း ကို နှစ်ရက် တစ်ခါ သုံးရက် တစ်ခါ လောက် သတင်း လာ မေးလေ့ ရှိသော ဇာတ်ညွှန်းရေးဆရာ အောင်ရဲထွန်း ( ထီးချိုင့် ) ကတော့ ထိုသို့ ညီးတွားသံ ကို ကြားရတိုင်း ပျာပျာသလဲ ဖြင့် ...
“ ဟာ ... ဆရာ က လည်း နမိတ် မရှိ နမာ မရှိ ဘာတွေ ပြောနေတာလဲ ၊ ဆရာ့ ကျန်းမာရေး က ဒီလောက်ကြီး ဆိုးတာ မှ မဟုတ်တာ ၊ အေးအေးဆေးဆေး အနားယူလိုက်ရင် ပြန် ကောင်း လာမှာပါ ဆရာရယ် ...”
စိုးရှား က တော့ သူတို့ ဆရာတပည့် နှစ်ယောက် အပြန်အလှန် ပြောဆို ကြသည် ကို နားထောင် ပြီး ပခုံး ကို သာ တွန့် မိသည် ။
သူတို့ လောကသားချင်း ကတော့ ဟုတ် နေတာပဲ ... ဟု တွေးမိ၏ ။ ဒါရိုက်တာ က ပတ်ချွဲနပ်ချွဲ ပြောလိုက် ... ဇာတ်ညွှန်းရေးဆရာ က ချော့လိုက်ဖြင့် အတော် ပင် ဇာတ်ဆန် နေကြသည် ။
စိုးရှား ကတော့ အမြင်ကတ်ကတ် ဖြင့် ...
“ တစ်ခုတော့ စိတ်ချရတယ် ဦးလေး ရဲ့ ... ဦးလေး သေပြီ ဆိုရင် အသုဘ ချ တဲ့ နေ့ မှာ အားလုံး စုပြုံပြီး ရောက်လာ ကြမယ် ၊ အကယ်ဒမီ ရှုံးလောက်အောင် မျက်ရည်လေး စမ်းစမ်း စမ်းစမ်း လုပ် ကြမယ် ၊ ဦးလေး ရဲ့ အသုဘခေါင်း ကို မထမ်းလိုက်ရရင် လူ ဖြစ်ရကျိုး မနပ်တော့မယ့် အတိုင်း အလုအယက် ဝိုင်း ထမ်းကြမယ် ၊ ပြီးရင် ဝမ်းနည်း ကြေကွဲစရာ စကားတွေ ကို ဂျာနယ် စာမျက်နှာ ပေါ် မှာ လှိုင်လှိုင်ကြီး ပြောကြမယ် ... ဒါပါပဲ ...”
“ ဟာ ... ကိုစိုးရှား က လည်း မဦးမချွတ် ဗျာ ... ဘာတွေ လျှောက် ပြောနေတာလဲ ...”
အောင်ရဲထွန်း ( ထီးချိုင့် ) က စိုးရှား ၏ စကားကြောင့် မျက်စိပျက်မျက်နှာ ပျက် ဖြစ်သွားပြီး ပျာပျာသလဲ တားသည် ။ ထိုနောက် သူ့ ကို ဦးစောဝင်း နှင့် ဝေးရာ ဆီသို့ လက် ကုတ်ကာ မသိမသာ ခေါ်သွားပြီး တီးတိုးပြော၏ ။
“ ခင်ဗျား ဦးလေး က နှလုံးရောဂါ ဖြစ် နေတာဗျ ... သူ့ ရုပ်ရှင်ကားကြီး ကို ရိုက်နေတုန်း က လည်း ရိုက်ကွင်း ပေါ် မှာ လဲကျ သွားလို့ ဆေးရုံ ပို့လိုက်ရသေးတယ် ၊ အီးစီဂျီ ရိုက်ကြည့်တော့ နှလုံး က အားနည်း နေတယ် ... တဲ့ ... အဲဒီ ကတည်း က ကား ရိုက်တာ ကို ရပ်ပြီး အနား ယူ ဖို့ ဆရာဝန် က ခိုင်းတာ ကို သူ က နားမထောင်ပဲ ပေကပ်ပြီး ဆက် လုပ်နေတာဗျ ...”
“ ဟုတ်လား ...”
စိုးရှား က မျက်ခုံး ကို ပင့်ကြည့်လိုက်မိသည် ။ အောင်ရဲထွန်း ၏ စကား က လည်း ခပ်သည်းသည်း မို့ သူ ကတော့ သိပ် မယုံ ။
ပြီးတော့ အဲသည် ငနဲ က လူ အထင်ကြီး ခံရအောင် ပေါရဲသည် ။ ရုပ်ရှင်ပညာ ဆိုလျှင်လည်း ဟောလိဝုဒ် မှာ ရိုက် နေသည့် ဒါရိုက်တာ တွေ ဇာတ်ညွှန်းရေးဆရာ တွေ ပင် သူ့ လောက် မတတ် သလိုလို အသား ယူတတ်သည် ။ ဂျာနယ်တွေ က အင်တာဗျူး လျှင် လည်း ' ကိုရီးယားကားတွေ လောက်တော့ သနားတာပေါ့ ' ဟု အရှက် မရှိ မြွေ မကြောက် ကင်း မကြောက် အတည်ပေါက် ပြော တတ်၏ ။
စိုးရှား နှင့် စကား စပ်မိ၍ ရုပ်ရှင် အကြောင်း ပြောမိသည့် အခါများ တွင် လည်း ဂန္တဝင်မြောက် ရုပ်ရှင်ကား မှန်သမျှ သူ မကြည့်ဖူးတာ မရှိသလောက် အာပေါင်အာရင်း သန်သန် ဖြင့် ကြွားလုံး ထုတ်လေ၏ ။
တစ်ခါက စိုးရှား က ...
“ ကိုအောင်ရဲထွန်း ဟို ကား ကို ကြည့်ဖူးလား ... တကယ့် ဂန္တဝင်မြောက် ဇာတ်ကား ပဲ ၊ ပစ်ကနစ်အက်သည် ဟန်းဂစ်ရောခ့် ... ဆိုတဲ့ ကား ဗျာ ... ဒါရိုက်တာ က ပီတာဝိုင်လေဗျာ ...”
“ ဟာ ... ဘယ့်နှယ် မေးလိုက်ပါလိမ့်ဗျာ ... ကျွန်တော် သိပ်ကြိုက်တဲ့ ကား ဗျ ... လေးငါးခေါက် တောင် ပြန် ကြည့် ဖြစ်သေးတယ် ...”
အောင်ရဲထွန်း က အားပါးတရ ပြောရင်း စုပ်တသပ်သပ် ဖြစ်နေ၏ ။ စိုးရှား က ခေါင်း ကို သာ မသိမသာ ခါရမ်းလိုက်သည် ။
တကယ်တော့ အဲသည် ကား ရုံတင်တုန်း က စိုးရှား ရော အောင်ရဲထွန်း ပါ မွေးပင် မမွေးကြသေး ။ ယခု ထရိတ်ဒါး ဟိုတယ် ( Traders Hotel ) နေရာ တွင် အရင် ခေတ် တုန်း က ရှိခဲ့သော ပပဝင်းရုပ်ရှင် ရုံ မှာ လား ... ဂုဏ် ရုံ မှာလား ... မသိ ရုံတင်သွားခြင်း ဖြစ်၏ ။
စိုးရှား က ...
“ မဟောလန်ဒရိုက်ဗ် ( Muholland Drive ) ဆိုတဲ့ ဇာတ်ကား ရော ကြည့်ဖူးလား ၊ ဒေးဗစ်လင့် ... ဆိုတဲ့ ဒါရိုက်တာ ရိုက်တာလေ ...”
“ ဟာ ... တကယ့် ဂန္တဝင်မြောက်ဇာတ်ကား ပဲ ဘယ် အလွတ်ပေးလိမ့်မလဲဗျာ ၊ မင်းသားကြီး မာလွန်ဘရန်ဒို ရဲ့ သရုပ်ဆောင်ကွက်တွေ ဆို မျက်စိ ထဲ က ကို မထွက်ဘူး ၊ ရထား ပေါ် ကနေ မြင်း ပေါ် ကို ဒိုင်ဗင် ထိုး လိုက်တဲ့ အကွက် ကို ထရော်လီ နဲ့ တစ်ကဒ် ထဲ ရိုက် ထားတာများ သေသပ် လိုက်တာ ...”
ငနဲ က David Lynth ဆိုသော ဒါရိုက်တာ အမည် ကို ဂန္တဝင် ဒါရိုက်တာကြီး ဒေးဗစ်လင်း အောက်မေ့ ပြီး ထင်ရာ မြင်ရာ တွေ စွတ် ပြောနေခြင်း ဖြစ်၏ ။
တကယ်တော့ အဲဒီ ကား ထဲ မှာ မာလွန်ဘရန်ဒို လည်း မပါ ။ ရထား ပေါ် မှ ဒိုင်ဗင် လည်း မထိုး ။
ဘာ ဇာတ်လမ်း မှ မယ်မယ်ရရ ဆုပ်ကိုင်၍ မရသော ပို့စ်မော်ဒန် ရုပ်ရှင်ဇာတ်ကား တစ်ကား သာ ဖြစ်သည် ။
တစ်ည ...
ဦးလေး ဘေး တွင် လူနာ စောင့်ရင်း စိုးရှား က ( အလေ့အကျင့်ပြတ်နေသည် မှာ အတော်ကြာနေပြီ ဖြစ်သော ) သူ့ လေးကိုင်း ကို L - Key ဖြင့် မူလီများ ကို ဆေးကြော နေခိုက် အောင်ရဲထွန်း ( ထီးချိုင့် ) က ဗြုန်းဆို အိမ်ရှေ့တံခါး ကို တွန်းဖွင့် ကာ ဝင် လာ၏ ။
စိုးရှား က ...
“ ဪ ... ကိုအောင်ရဲထွန်း ပါလား ၊ ဒါနဲ့ ချယ်လာမင်တဂိတ်ပါး ...”
သူ့ စကား မဆုံးမီ က ပင် အောင်ရဲထွန်း က ...
“ ဟာ ... ' ချယ်လာမင် တဂိတ်ပါး ' ဆိုတဲ့ ဇာတ်ကား လား ကြည့်ဖူးတာ ပေါ့ ဗျာ ... အဲဒီ ကား ထဲ မှာ မင်းသားကြီး ချားလ်စ်ဘရွန်ဆွန် က မင်းသမီးကြီးဂရေ့စ်ကယ်လီ ကို သေနတ် နဲ့ ... ပစ် ... ပစ် ... အဲ ...”
စိုးရှား က ကမန်းကတန်း ထ ကာ လက်ကာ ပြပြီး တားရသည် ။
“ ဟိုးထား ... ဟိုးထား ... ကိုအောင်ရဲထွန်း ' ချယ်လာမင် တဂိတ်ပါး ' ဆိုတာ ရုပ်ရှင်နာမည် မဟုတ်ဘူးဗျ ၊ ' ခြင် လာမယ် တံခါး ပိတ် ' လို့ ပြောတာ ၊ ခင်ဗျား ဝင်လာတဲ့ အိမ်ရှေ့တံခါး ကို မပိတ်ဘဲ ထားခဲ့ရင် ညဘက် ဆိုတော့ ခြင်တွေ ဝင် လာမှာ စိုးလို့ ...”
ငနဲသား က တော်တော် တော့ ရှက် သွားပုံ ရ၏ ။ စိုးရှား ၏ ညစ်ကွက် ထဲ မှာ အငိုက် မိ ပြီး လည်စဉ်း ခံလိုက်ရသည်ကိုး ။
အောင်ရဲထွန်း က ရှက်ကိုးရှက်ကန်း ဖြင့် ဝင် ထိုင်ရင်း စိုးရှား လက် ထဲ မှ လေးကိုင်း ကို မြင်သော အခါ အလျင်အမြန် စကားလမ်းကြောင်း လွှဲ ဖို့ ကြိုးစားသည် ။
“ ဒီ လေးကိုင်း က ကိုစိုးရှား ကိုင် တာလား ၊ လက်စ သတ်တော့ ကိုစိုးရှား က မြားလည်း ပစ် တတ်တာကိုး ... ဘာ လုပ်ဖို့လဲ အမဲ လိုက်တာလား ဟင် ...”
“ ဒါပေါ့ဗျ ...”
“ အမဲလိုက်တာ က ဘယ်လို လိုက် ရသလဲ ...”
“ ကျွန်တော် က အမဲရောင် ဝတ်ထားတဲ့ ကောင်မလေးတွေ ကို မြင်ရင် လိုက် တာပါပဲဗျာ ...”
စိုးရှား ၏ ပေါက်တတ်ကရ စကား ကြောင့် အောင်ရဲထွန်း ပါးစပ် ပိတ်သွားသည် ။ ဘာပဲဖြစ်ဖြစ် အောင်ရဲထွန်း ကြောင့် စိုးရှား က တော့ စိတ်ကူး တစ်ခု ရ လိုက်ပြီ ဖြစ်သည် ။
••••• ••••• ••••• •••••
နောက် တစ်နေ့ တွင် စိုးရှား က ခြံဝင်း ထဲ ၌ မြားပစ် လေ့ကျင့်ရင်း ' အမဲလိုက် ထွက်ရရင်ကောင်းမယ် ' ဟု တွေး နေမိသည် ။
ဦးလေး ဖြစ်သူ ဦးစောဝင်း ကလည်း ဘေး က လူ တွဲစရာ မလိုဘဲ သူ့ ဘာသာ သူ သွားနိုင်လာနိုင် လောက်အောင် ထူထူထောင်ထောင် အခြေအနေ ရောက် လာပြီ ဖြစ်သောကြောင့် သိပ်ပြီး စိတ်ပူစရာ အကြောင်း မရှိ ။
ထို ကိစ္စ ကို ဦးစောဝင်း အား ဖွင့်ပြီး တိုင်ပင် ကြည့်တော့ ...
“ ရပါတယ် ငါ့ တူ ... မင်း သွားချင် လည်း သွားပေါ့ ၊ ငါ့အတွက် နောက်ဆံ တင်း မနေပါနဲ့ မင်း လက်စွမ်း ကို မင်း ဘာသာ မင်း စမ်း ကြည့်ရတာပေါ့ ကွာ ...”
ဦးစောဝင်း က ပြောပြီး စိုးရှားအတွက် အမဲ လိုက်ရာတွင် သုံးရန် R - 250 အမျိုးအစား အမေရိကန် လုပ် ဒူးလေး ( crossbow ) တစ်လက် ကို စင်္ကာပူ မှ တစ်ဆင့် မှာ ပေး၏ ။
နောက်ထပ် တစ်လခန့် ကြာမှ ဒူးလေး နှင့် မြားတံ တွေ ရောက် လာသည် ။ ဒူးလေး ၏ Reg : No . က 00C : 60887 စိုးရှား လည်း ဥက္ကံ တွင် နေထိုင်သော သူ့ သူငယ်ချင်း တစ်ယောက် နှင့် ဆက်သွယ်ပြီး အမဲပစ် ထွက်ဖို့ ပြင်ဆင် ရတော့သည် ။
ဦးစောဝင်း က တော့ မှာ လိုက်သည် ။
“ ဟိတ်ကောင် ... သိပ်အကြာကြီးတော့ မနေနဲ့ကွ ... ငါ့ ရုပ်ရှင် က ဆင်ဆာ ကျတော့မှာ ၊ ပြီးရင် ပရက်ရှိုး ( Press show) ပြ ဖို့ ရှိတယ် ၊ အဲဒီ ပရက်ရှိုး အမီတော့ ရောက်အောင် ပြန် ခဲ့ကွာ ...”
••••• ••••• ••••• •••••
စိုးရှား က ရန်ကုန် မှ နေ၍ ဥက္ကံသို့ ကား ဖြင့် ထွက် ခဲ့၏ ။ ဥက္ကံအနီး ဖလုံ ဆိုသော ရွာ တွင် တစ်ည အိပ် ရပ်နားပြီး ပဲခူးရိုးမ ထဲ ရှိ ဆင်စခန်း သို့ ထော်လာဂျီဖြင့် ( ၁၂ ) မိုင်ခွဲ ခန့် ခရီး ဆက်ရသည် ။ လမ်း ကလည်း တဒုန်းဒုန်း ထော်လာဂျီ ကလည်း တဖုန်းဖုန်း ...
ထော်လာဂျီ ၏ မီးခိုးတိုင် အပေါက်ဝ ကို စီးသူ ဘက် သို့ လှည့် ထားသဖြင့် ထော်လာဂျီ မီးခိုးမှိုင်းများ က စိုးရှား ၏ မျက်နှာ တည့်တည့် ကို တစ်ချိန် လုံး တဟူးဟူး လာတိုးနေသည် ။
တစ်လမ်းလုံး မျက်နှာ ကို မီးခိုး အမှုတ် ခံထားရသောကြောင့် စိုးရှား ၏ မျက်နှာ သည် တဖြည်းဖြည်း မည်း ( မဲ ) သထက် မည်းမည်း ( မဲမဲ ) လိုက်လာ၏ ။
ဒါမှ အမဲ လိုက် တာ အစစ် ပဲ ... ဟု စိုးရှား တွေး နေမိသည် ။
••••• ••••• ••••• •••••
ဆင်စခန်း မှ မုဆိုး တစ်ယောက် ၊ လမ်းပြ တစ်ယောက် ငှားပြီး ပဲခူးရိုးမ ထဲ သို့ ခြေလျင်အမဲလိုက် ခရီး စ တော့သည် ။ စစ်သုံးကျောပိုးအိတ် ထဲ တွင် ဆန်တစ်ပြည် ၊ စောင်ကြမ်းတစ်ထည် နှင့် မြေခင်းတာလပတ်စ တစ်စ ထည့်လာ၏ ။
ရေဗူး ၊ လက်နှိပ်ဓာတ်မီး နှင့် တောရှင်းဓား တစ်လက် ကို ခါးပတ် မှာချိတ် ပြီး လေး နှင့်မြား ကို အသင့် အနေအထား ဖြင့် ကိုင်တွယ် ရင်း တောဆင်ရိုင်းများ အန္တရာယ် ပေးလှပေသည် ဟု နာမည် ကြီးသော ပဲခူးရိုးမ ထဲ သို့ ဝင်ခဲ့ တော့သည် ။
ညဘက် ရောက်လျှင် ဝါးခုတ်စခန်း တဲများ ၌ ဝင် အိပ်သည် ။ တဲ မရှိလျှင် မီးပုံ ဖိုပြီး မြေကြီး ပေါ် မှာ ပင် အိပ် ရ၏ ။
ဒီလောက် ဒုက္ခခံ လာပြီး မှ ဘာ သားကောင် မှ မရဘဲနှင့် တော့ မပြန် ဟု စိုးရှား ဆုံးဖြတ်လိုက်သည် ။
နောက်ဆုံး မရလျှင် ရွာ ထဲ မှ ဆိတ်ကလေး တစ်ကောင်လောက် ဖြစ်ဖြစ် ဝယ်ပြီး တိုင်ငုတ် မှာ ကြိုးချည်ကာ ဒူးလေး ဖြင့် ပစ်မည် ။
ပြီးလျှင် ဆိတ်သေ ကို နင်းကာ ဓာတ်ပုံ အရိုက် ခံပြီး ... ' ပြည်သူလူထု ကို အန္တရာယ်ပေး နေသော ဆိတ်ကလေး အား မုဆိုးကြီး စိုးရှား မှ ပစ်ခတ်နှိမ်နင်းလိုက်ပုံ ' ဟု စာတမ်း ထိုးကာ အိမ်နံရံ မှာ မှန်ဘောင် သွင်းပြီး ချိတ် ထားမည် ဟု စိတ်ကူး လိုက်၏ ။
ကံ ကောင်းချင်တာလား ... ကံ ဆိုးချင်တာလား ... မသိ ... ။
တစ်ည တွင် တော ထဲ ၌ မီးထိုးပြီး အမဲပစ် ထွက်ဖို့ ဆုံးဖြတ်လိုက်သည် ။ အဖော် ပါလာသော လမ်းပြ က လက်နှိပ်ဓာတ်မီး ဖြင့် မီးကစား ၏ ။ စိုးရှား ကတော့ ထို သူ့ အနား မှာ ကပ် လိုက်ရင်း ဒူးလေး ကို ကိုင်ကာ ကုန်းကုန်းကွကွ ဖြင့် ...
အခြေအနေ က ရုပ်ရှင်တွေ ဗီဒီယို တွေ ထဲ မှာလိုတော့ မဟုတ် ။ အတော်ပင် ကသိကအောက် နိုင်ပြီး ဒုက္ခ များ လှ၏ ။ တစ်နေရာ သို့အရောက် တွင် လမ်းပြ က လက်နှိပ်ဓာတ်မီး ကို မိုးပေါ် သို့ထောင် ၍ ထိုး ထားရာ မှ တဖြည်းဖြည်း အောက် သို့ နှိမ့်ဆွဲချ လာ ရင်း ...
“ ဟော ... ဟိုမှာ ဗျို့ ... တွေ့လား ... ဆတ်ဖားကြီး တစ်ကောင် ...”
လေသံ ဖြင့် တီးတိုး ပြော၏ ။ ထို သူ ညွှန်ပြရာ ဆီ သို့ လှမ်းကြည့် လိုက်တော့ အင်းတိုင်းတော ထဲ မှ မျက်လုံးစိမ်းစိမ်း တစ်စုံ ... အပေါ် ဘက် တွင်ပေါက်ကိုင်းများ ရှုပ်ထွေးနေသောကြောင့် ဦးချို ကို တော့ အသေအချာ မမြင်ရ ... ။
ဆတ်ဖားကြီး ၏ ခန္တာကိုယ် ကတော့ ဝဖိုင့် ကြီးမားလှပြီး ပစ်ကွင်း ထဲ တွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေ၏ ။
လမ်းပြ က အသာအယာ လက်ကုပ်ပြီး လေသံ တိုးတိုး ဖြင့် ...
“ အဲဒီ ဆတ်ကြီး သာ ရရင် အနည်းဆုံး ပိဿာချိန် ( ၇ဝ ) အထက် ပဲ ၊ ဘာ ငိုင်နေတာလဲ ဆရာလေး ဆော် ထည့်လိုက်တော့လေ ...”
စိုးရှား က လည်း သူ့ လက်ထဲ မှ ဒူးလေးညှို့ ကို တင်ပြီး သံမဏိထိပ်ဖူးတပ်မြား ဖြင့် အသေအချာ ချိန်ရွယ်ကာ ပစ်ခတ် လိုက်တော့သည် ။
“ ဖြောင်း ...” ခနဲ မြည်သံ နှင့် အတူ ( လက်မလုံးခန့် သစ်သားထု ကိုပင် ထုတ်ချင်းပေါက် သွားနိုင်စေလောက်အောင် ပြင်းအား ရှိသည့် ) R - 150 အမျိုးအစား ဒူးလေး ၏ သံမဏိကြိုး ရိုက်ခတ် အားကြောင့် မြားတံသည် ဆတ်ဖားကြီး ၏ ခန္ဓာကိုယ် ထဲ သို့ တဆုံး နစ်ဝင်သွား၏ ။
“ ဘုန်း ...”
ထိချက် က လည်း နှလုံးသား ရှိရာ ရှေ့လက်ပြင် နောက် ကပ်လျက် တည့်တည့် ဖြစ်သောကြောင့် ဆတ်ဖားကြီး မှာ အော်ပင် မအော်လိုက်နိုင်ဘဲ ဘုန်းခနဲ လဲကျ သွားလေသည် ။
လမ်းပြ ဖြစ်သူ က ဝမ်းသာအားရ ပြေးသွားပြီး လက်နှိပ်ဓာတ်မီး ဖြင့် ထိုးကာ အသေအချာ ကြည့်လိုက်ပြီးသည့် နောက်တွင် ကား ...
“ ဟာ ... မှားသွားပြီ ဗျို့ ... ဒါ ဆတ် မဟုတ်ဘူး ဗျ ၊ စခန်း မှာ သစ် ဆွဲတဲ့ ဒွေးလေးသာရင် ရဲ့ ကျွဲမကြီး ပဲ ...”
“ ဟင် ...”
စိုးရှား က လည်း ' ဟင် ... ' ခနဲ တစ်ခွန်း သာ ရေရွတ်ပြီး ငိုင်ကျသွားတော့၏ ။
သည့်နောက် တွင် ကား စိုးရှား ၏ အမဲလိုက်ခရီး သည် ကျွဲဖိုး လေးသိန်းခွဲ အလျော် ပေးရပြီးသည့် နောက် အဆုံးသတ် သွားလေတော့သည် ။
မင်းခိုက်စိုးစန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment