Tuesday, October 4, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၈ )



 အခန်း ( ၁၈ )

ဆိုဖီယာလပြည့်ဝန်း ၏ အိမ် သို့ သူ နောက် တစ်ကြိမ် ထပ်ရောက်ဖြစ်သည် ။ ဆိုဖီယာ့ အမေကြီး နှင့် မဆုံပါစေ နှင့် ဟု သူ တဖွဖွ ဆုတောင်းလာခဲ့သော်လည်း သူ့ ဆုတောင်း မပြည့် ။

အဘွားကြီး က အိမ်ပေါက် ဝ မှာ ပင် ခါးကြီး ထောက်ပြီး ရပ်နေသည် ။ အစိမ်းရောင်နုနု ပါတိတ်ဝမ်းဆက် ဝတ်ဆင်ထားသော အဘွားကြီး ကို ကြည့်ရင်း စိုးရှား မပြုံးမရယ်မိအောင် မနည်း မျိုသိပ် ထားရ၏ ။

စိုးရှား က ပါတိတ်ဝမ်းဆက် ဝတ်သော မိန်းမကြီး တွေ မြင်လျှင် တောက်တဲ့ကြီးတွေ နှင့် တူသည် ဟု စိတ် ထဲ မှာ ( ဘာကြောင့်မှန်း မသိ ) ထင်မိ၏ ။

ထို အဘွားကြီး နှင့် မျက်နှာချင်းဆိုင် ရပ်မိသောအခါ မျိုသိပ်ကြိတ်မှိတ်ထားသည့် ကြားကပင် သူ မနေနိုင် တော့ဘဲ လှစ်ခနဲ တစ်ချက် စပ်ဖြီးဖြီး ဖြစ် သွားမိလေသည် ။

ဒေါ်မြထွေး က ပြုံးဖြဲဖြဲ ဖြစ်နေသော စိုးရှား ကို မျက်မှောင် ကုပ် ကာ ကြည့် လိုက်ရင်း ...

“ နေစမ်းပါဦး ... မောင်ရင် က ဘာကိစ္စ ပြုံး ရတာတုန်း ...”

“ ဟုတ်ကဲ့ ...”

“ မင်း ကို ငါ က မေး နေတာကွယ့် ... ဟုတ်ကဲ့ လို့ မပြောစမ်းပါနဲ့ ...”

“ တင်ပါ့ဘုရား ...”

ဒေါ်မြထွေး မျက်နှာ ရှုံ့မဲ့သွား၏ ။ ထိုနောက် ပျာပျာသလဲ ဖြင့် ...

“ ဟဲ့ ... ဘယ့်နှယ် ပြော လိုက်တာတုန်း ၊ တင်ပါ့ဘုရား ... ဆိုတာ ဘုန်းကြီးတွေ ကို မှ ပြောရတာဟဲ့ ...”

“ ဟင် ... မသိဘူးလေ ဒေါ်ဒေါ် ပဲ ' ဟုတ်ကဲ့ ' လို့ မပြောနဲ့ဆို ...”

“ ဪ ... ခက်တော့နေပါပြီ ... ငါ မေးတဲ့ မေးခွန်း ကို မင်း က ဟုတ်ကဲ့ လို့ ပြန် ဖြေတာ ဘာမှ အဓိပ္ပါယ် မရှိလို့ ပြောတာဟဲ့ ... ကဲ ... ဆိုစမ်းပါဦး ၊ မင်း က ဘာကိစ္စ နဲ့ ငါ့ အိမ်ပေါက်ဝ မှာ ရပ်ပြီး ပြုံးချင် သလိုလို ရယ်ချင် သလိုလို ဟို မရောက် ဒီ မရောက် မျက်နှာပေးမျိုး လာလုပ်ပြ နေရတာလဲ ...”

“ ဪ ... ဒီလိုပါ ... ကျွန်တော် က ဒေါ်ဒေါ့် ကို အရိုအသေ ပေးတဲ့ အနေနဲ့ ပြုံးစိစိ လုပ်ပြတာပါ ...”

“ မင်းနှယ်ကွယ် ... ကြံကြံဖန်ဖန် ... မင်း ပြောသလို ဆို ရုပ်ရှင်ရုံ ထဲ မှာ ဟာသကားကြည့်တဲ့ လူတွေ က ရုပ်ရှင် ပိတ်ကား ကို တစ်ချိန်လုံး အရိုအသေ ပေးနေရသလိုကြီး ဖြစ်နေမှာပေါ့ ...”

ကိုယ့် ထက် ပိုပြီး စကား ကို လက်ပေါက် ကပ်အောင် ပြောတတ်သည့် အဘွားကြီး နှင့် တိုးနေရသောကြောင့် စိုးရှား ခေါင်း ကို သာ ကုတ်နေမိတော့သည် ။

“ အဲ ... အဲဒီလိုလည်း မဟုတ်ပါဘူး ... ဒေါ်ဒေါ်  ... ”

“ အေး ... မဟုတ်ရင် ပြီးတာပဲ ... နောက် ကို ငါ့ ရှေ့ မှာ စပ်ဖြဲဖြဲ လာ မလုပ်နဲ့ ငါ မကြိုက်ဘူး ...”

ထို စကား အဆုံး တွင် စိုးရှား က အဘွားကြီး အကြိုက် ဖြစ်အောင် လေသံ ကို တင်းလိုက်ပြီး ...

“ ဒါဆိုလည်း ပြီးရော ဗျာ ...”

ဟု ပြောကာ မျက်နှာ ကို ချက်ချင်း ပြန် တည်လိုက်၏ ။ ဒါကိုပင် အဘွားကြီး က သေသေချာချာ ထပ်ကြည့်ပြီး ...

“ ဟင်း ... ရုပ် ကို က တလောကလုံး မင်း လုပ်စာ ထိုင် စားနေရတဲ့ ပုံမျိုး ... မာရေကြောရေ နဲ့ ...”

ထို စကား ကြောင့် စိုးရှား က သူ့ မျက်နှာ ကို သိပ်လည်း မတည် သိပ်လည်း မပြုံးသည့် အနေအထား ရောက်အောင် ပြန် လျှော့ချ လိုက်သည် ။ အဘွားကြီး က ...

“ ဟော ... ဒီ မျက်ခွက် ကျတော့ လည်း မချိုမချဉ် နဲ့ ... ငါ့ ကိုများ ဆယ့်ခြောက်နှစ်သမီးလေး အောက်မေ့လို့ မြှူ နေတာလား ...”

စိုးရှား က စိတ် ကို ဒုန်းဒုန်းလျှော့ချ လိုက်ရတော့သည် ။ နောက်ဆုံးတွင် သူ က သက်ပြင်း ကို မှုတ်ထုတ် လိုက်ပြီး ...

“ ဒေါ်ဒေါ် က ... ကျွန်တော့် မျက်နှာ ကို ဘယ်လို ဖြစ်စေချင်တာလဲဟင် ...”

“ ဘယ်လိုမှ ဖြစ်စေချင်လို့ မဟုတ်ဘူး ဟေ့ ... ငါ့ သမီး ဆီ လာ လာ နေတာ ကို အမြင်မတော် လို့ တမင် ပြောနေတာ ၊ အမယ်လေး တည့်တည့် ပြော မှ သိမယ့် အစားထဲ က ပဲ ... ' အ ' ပါပေ့ မောင်ရင်ရယ် ...”

အဘွားကြီး ၏ မဲ့မဲ့ရွဲ့ရွဲ့ ပြော စကား ကြောင့် စိုးရှား က အံ့ဩသည့် အမူအရာ ကို တမင်ပင် ပိုပိုသာသာ လုပ် ပြလိုက်ပြီး ...

“ ဗျာ ... ဘာဖြစ်လို့လဲ ဒေါ်ဒေါ်  ... ဒေါ်ဒေါ့် သမီး ကို ကျွန်တော် က ဘာ လုပ်မိလို့လဲ ...”

“ မင်း ငါ့ သမီး ကို ကြိုက်လို့ လာ ပိုး နေတာ မဟုတ်လား ...”

“ ဟာ ... ကြံကြီးစည်ရာ ဒေါ်ဒေါ်ရယ် ... မဟုတ်တာ ...”

စိုးရှား က ရုပ်ရှင် ထဲ မှ လူကြမ်းအိုက်တင် လို မျိုး မျက်နှာ ကို ရေ စိုထားသည့် သားရေဖိနပ်အစုတ် နေလှန်းခံ ထား ရ သလို ရှုံ့ခေါက်တွန့်လိမ်ပစ်လိုက်ရင်း ...

“ ဒေါ်ဒေါ့် သမီး နဲ့ ချစ်သူ ဖြစ်ချင် တဲ့ ယောက်ျားလေးတွေ အများကြီး ရှိကောင်း ရှိပါလိမ့်မယ် ၊ ဒါပေမယ့် အဲဒီ လူစားမျိုး ထဲ မှာ ကျွန်တော် က တော့ လုံးဝ မပါဘူး ...”

“ ဘယ်လို မင်း တကယ် ပြောတာလား ...”

အဘွားကြီး က တအံ့တဩ ပြန် မေးသည် ။ စိုးရှား က တစ်ချက် ပြုံး လိုက်ရင်း ...

“ ကျွန်တော် လာနေတဲ့ အကြောင်း က ဒေါ်ဒေါ့် သမီး မေးခွန်း ထုတ်တတ်တဲ့ ပဟေဠိတွေ ကို စိတ်ဝင်စား လို့ လာ တာပါ ၊ ရှင်းရှင်း ပြောရရင် ဆိုဖီယာ့ ကို ပဟေဠိ ပုစ္ဆာ တစ်ပုဒ် လောက် တောင် ကျွန်တော် စိတ်မဝင်စားဘူး ...”

ထို စကား ကို ပြော လိုက်စဉ်မှာပင် အိမ် တံခါးဝ မှာ ဘွားခနဲ လာ ရပ်သော ဆိုဖီယာလပြည့်ဝန်း ကို သူ တွေ့ လိုက်ရ၏ ။

သူ့ စကား တော်တော် လွန်သွားမှန်း သူ သိလိုက်သည် ။ သူပြော လိုက်သည့် စကား ကို ဆိုဖီယာ ကြား သွား ပြီ မှန်း လည်း သူ သိလိုက်၏ ။

သို့သော် စကား ကျွံ ပြီး မှ ပြန်နှုတ်၍ မရနိုင်တော့ချေ ။

ထိုစဉ် ...

“ အေး ... စိတ် မဝင်စားဘူး ဆိုလည်း ပြီးတာပဲ ၊ ကဲ ... ကဲ ... အိမ် ထဲ ကို ကြွတော်မူ ...”

အဘွားကြီး က ဆောင့်ဆောင့်အောင့်အောင့် ဖြင့် ပြောပြီး ခြံ ထဲ ဆင်း သွားသည် ။ စိုးရှား က အိမ် ထဲ သို့ မဝင်ခင် တံခါးဝ မှာ ရပ် နေသော ဆိုဖီယာလပြည့်ဝန်း ကို လှမ်းကြည့်လိုက်၏ ။

ထူးထူးခြားခြား တည်ငြိမ်အေးစက်လွန်း နေသော ဆိုဖီယာ့ ကို  တွေ့ လိုက်ရသည် ။

စစ်ပွဲလေး တစ်ပွဲ တိုက်ခိုက်ရတော့မည် ဟု သူ နားလည်လိုက်၏ ။

•••••   •••••   •••••   •••••

ဧည့်ခန်း ထဲ တွင် သူ ထိုင် မိလျှင် ထိုင်မိ ချင်း မှာပင် ဆိုဖီယာ က လေသံ အေးအေး ဖြင့် မေးသည် ။

“ ရှင် ... စောစော က မေမေ့ ကို ပြော နေတာတွေက တကယ်ပဲလား ...”

ဗျာ ... ဘာကို ပြောတာလဲ ... ဘာလဲ ... စသဖြင့် အူသလို ကြောင်သလို အိုက်တင်တွေ လုပ်ပြဖို့ စိတ်ကူး လိုက် သေးသည် ။ သို့သော် ချက်ချင်းပင် ထို စိတ်ကူး ကို စွန့်လွှတ်လိုက်၏ ။

ဆိုဖီယာ သည် တော်ရုံတန်ရုံ လောက် မ က ပါးနပ်သော မိန်းကလေး တစ်ယောက် မဟုတ်ပါ ။

ထို့ကြောင့် စိုးရှား က ...

“ ဆိုဖီယာ ရဲ့ မိန်းမ မာန ကို စော်ကား သလို ဖြစ် သွားရင်တော့ ဆောရီး ပဲ ... ဒါပေမယ့် ကိုယ် က အချစ် ဆိုတာ ကို အယုံအကြည် မရှိဘူး ၊ တကယ်တော့ လူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြတာ မဟုတ်ပါဘူး ၊ တစ်ယောက် ကို တစ်ယောက် ခုတုံး လုပ်ပြီး ကိုယ့် အတ္တ ကို ကိုယ် တည်ဆောက် ကြတာပါ ...”

“ ရှင့် စကားတွေ ကို ရှင် ကိုယ်တိုင် သေချာလို့လား ...”

“ လူတွေ ဟာ ' ချစ်တယ် ' ဆိုတဲ့ စကားလုံး ကို သုံးပြီး တစ်ယောက် ကို တစ်ယောက် ချုပ်ချယ် ဖို့ ကြိုးစားနေကြတာပါ ၊ ' ချစ်သူတွေ ဖြစ်တယ် ' ဆိုတဲ့ အခြေအနေ ကို အကြောင်း ပြပြီး အပြန်အလှန်တောင်းဆိုမှုတွေ နဲ့ အကျပ် ကိုင် ကြတာပါ ၊ ကိုယ့် ကို ဂရုစိုက်ဖို့ တောင်းဆိုမယ် ... ကိုယ့် ကို အချိန် ပေးဖို့ တောင်းဆိုမယ် ... လက်ထပ်ဖို့ တောင်းဆိုမယ် ... ' ချစ်တယ် ' ဆိုတာ လူ တစ်ဦးချင်း စီ ရဲ့ လွတ်လပ်စွာ ရှင်သန်နေထိုင် ဆုံးဖြတ်နိုင်မှု ကို ဝေါဟာရ လှလှ သုံးပြီး ဓားပြ တိုက် လုယူလိုက်တာပဲ ”

ဆိုဖီယာ က သူမ ၏ ဦးခေါင်း မှ ဆံနွယ်တွေ ယိမ်းနွဲ့သွားသည် အထိ လှပစွာ ခါရမ်းလိုက်ရင်း ...

“ တကယ်တော့ ရှင် ဟာ အချစ် ကို အယုံအကြည် မရှိတာ မဟုတ်ပါဘူး ... ကြောက်နေတာပါ ...”

“ ကိုယ် ဘာကို မှ မကြောက်တတ်ဘူး ... ဆိုဖီယာ ”

“ ဘာလို့ မကြောက်ရမှာလဲ ၊ တာဝန် ယူ ရမှာ ကို ရှင် ကြောက်နေတာပါ ”

“ ဟင့်အင်း ... ကိုယ် က ကိုယ့် လွတ်လပ်မှု ကို မြတ်နိုးတာပါ ဆိုဖီယာ ...”

စိုးရှား ၏ စကား ကြောင့် ဆိုဖီယာ က ပြုံး လိုက်ရင်း ...

“ ကဲပါလေ ... ရှင် ကြောက်တတ်သလား မကြောက်တတ်သလား ဝန်ခံရအောင် ကျွန်မ မေးမယ့် ပဟေဠိ သုံးခု ကို ဖြေကြည့်မယ် မဟုတ်လား ...”

“ ကိုယ် ကြိုးစား ကြည့်မယ်လေ ဆိုဖီယာ လုပ်စမ်းပါဦး ပထမ ပုစ္ဆာ က ဘာလဲ ...”

ဆိုဖီယာ က စာရွက်အဖြူလွတ် တစ်ရွက် ကို ယူကာ ဘောပင်ဖြင့် ဇယားကွက် တစ်ကွက် ရေးဆွဲလိုက်၏ ။

သူမ က

“ ဟောဒီ ဇယားကွက် ( ၃၃ ) ကွက် ထဲ ကို ' ကကြီး ' က နေ ' အ ' အထိ ဗျည်း သုံးဆယ့်သုံးလုံး နဲ့ ဖြည့်ရမယ် ကိုစိုးရှား ကြိုက်တဲ့ အကွက် တစ်ကွက် က နေ စပြီး ' ကကြီး ' ကို ရေးဖြည့် လိုက် ၊ ' ကကြီး ' ရောက်နေတဲ့ နေရာ က နေ စစ်တုရင် မှာ မြင်း ခုန် တဲ့ အကွက် အတိုင်း ရွှေ့ပြီး ကျရာ အကွက်တွေ ထဲ က တစ်ခု မှာ ' ခကွေး ' ကို ထည့် ရမယ် ဥပမာ ဒီလိုပေါ့ ...”

“ အဲဒီလို နည်း နဲ့ ဖြည့် လိုက်ရင် ဥပမာ ဟောဒီ အကွက် မှာ ကကြီး ကို စ ဖြည့်ထားတယ် ဆိုပါစို့ ... သူ့ နောက် မှာ ခခွေး ကို ဖြည့် ဖို့ ဖြစ်နိုင်ချေ ရှိတဲ့အကွက် က ( ၇ ) ကွက် ရှိတယ် ၊ ဟောဒီမှာ တွေ့လား ... အဲဒီ ( ၇ ) ကွက် ထဲ က မှ ကြိုက်ရာ တစ်ကွက် မှာ ဖြည့် ' ခကွေး ' ဖြည့် ပြီးရင် ' ဂငယ် ' ကို လည်း အဲဒီ နည်း အတိုင်း ဆက် ဖြည့်ရမှာ ...”

“ ကိုယ် စစ်တုရင် ထိုး တတ်ပါတယ် ဆိုဖီယာ ဒီလောက် ထိ ပုံတွေ ဘာတွေ ဆွဲပြနေဖို့ မလိုပါဘူး ၊ မြင်းကွက် ခုန်တဲ့ အတိုင်း လို့ ပြော လိုက်ရုံ နဲ့ နှစ်ကွက် ရွှေ့ပြီး တစ်ကွက် ချိုး ရမယ် ဆိုတာ နားလည်ပါတယ် ”

“ ဆောရီး ... ဆောရီး ... ကျွန်မက ပိုပြီး ရှင်း အောင်လို့ပါ ၊ အဲဒီ ရွှေ့ကွက် အတိုင်းပဲ ... ဂငယ် ပြီးရင် ' ဂငယ် ' ရဲ့နေရာ က နေ မြင်း ခုန်တဲ့ အကွက် အတိုင်း ထပ် ရွှေ့ပြီး တစ်ကွက် ကွက် မှာ ' ဃကြီး ' ကို နေရာချ ' ဃကြီး ' က နေ တစ်ခါ ထပ်ပြီး မြင်းခုန် ' င ' ကို ဖြည့် အဲဒီနည်းနဲ့ပဲ ' ကကြီး ' ကနေ ' အ ' အထိ အားလုံး ကုန်အောင် အစဉ် လိုက် ဖြည့်သွင်း ရမယ် ”

သူမ က စကား ကို အဆုံးသတ်သည် အထိ ဆက် မပြောသေးဘဲ ခဏမျှ ဆိုင်းငံ့ ထား၏ ။ စိုးရှား က သူမ ၏ မျက်နှာ ကို အကဲခတ် ရင်း စိုက်ကြည့်နေသည် ။

ဆိုဖီယာ က မသိမသာ ခိုးခိုးဝှက်ဝှက် ပြုံး ရင်း ...

“ ရှင် ဖြေရှင်းရမယ့် ဉာဏ်စမ်းပုစ္ဆာ က ရိုးရိုးလေး ပါ ၊ ကြိုက်ရာ အကွက် ကနေ ကကြီး ကို စ ထည့်ပါ ... နောက်ဆုံး မှာ ' အ ' ဆိုတဲ့ ဗျည်း ဟာ အလည် တည့်တည့် က အကွက် ထဲ ကို ရောက်ရမယ် ၊ ကဲ ... ဘယ့်နှယ့်လဲ ... ရှင် တတ် နိုင်ပါ့မလား ...”

•••••   •••••   •••••   •••••

သူမ ၏ စကားသံ က သိသိသာသာ သရော်ဟန် ဆန်နေသည် ။ စိုးရှား က မျက်လုံးများ ဖြင့် သာ ရယ် ပြလိုက်၏ ။

ဆိုဖီယာ က ...

“ ဒီ ဉာဏ်စမ်း ကို ဖြေဖို့ ... ရှင် အချိန် ဘယ်လောက် ယူမှာလဲ ၊ တစ်ရက် လား ... တစ်လ လား ... တစ်နှစ် လား
...”

သည် တစ်ခါ မှာ တော့ စိုးရှား အောင့် မနေနိုင်တော့ဘဲ အသံ ထွက် အောင်ပင် ခပ်ရိုင်းရိုင်း  ရယ်မော လိုက်ပြီး ...

“ ခွင့်လွှတ်ပါ ... ကိုယ် က ဒီလိုပဲ နည်းနည်းတော့ ရိုင်း တတ်တယ် ၊ အဟင်း ... အဟင်း ... ကဲ ... ဒီ ဉာဏ်စမ်း ကို ခဏ ထားပါဦး ၊ ဒုတိယ ပုစ္ဆာလေး လည်း ကြား ပါရစေဦး ဆိုဖီယာ ...”

သူ့ အချိုး ကို ဆိုဖီယာ နည်းနည်းတော့ တင်း သွားမှန်း သိလိုက်၏ ။

သို့သော် ဆိုဖီယာ က လုံးဝ မျက်နှာ အမူအရာ မပျက်ဘဲ ...

“ ရှင် အီဂျစ် စာ ဖတ်တတ်သလား ...”

“ ကျူနီဖောင်း လို့ ခေါ်တဲ့ ရှေးဟောင်းအီဂျစ် အရုပ် စာ ရေးနည်း ကို နည်းနည်းပါးပါးတော့ သင်ဖူးပါတယ် ၊ ပိရမစ်တွေ မှာ တွေ့ ရတတ်တဲ့ အီဂျစ် ဂူသင်္ချိုင်းကျောက်စာ တွေ ကို လည်း ဖတ်ဖူးပါတယ် ...”

စိုးရှား က မယုတ်မလွန်ဘဖြစ်အောင် စကား ကို ထိန်း၍ ဖြေရင်း အီဂျစ်အရုပ်စာ တွင် သုံးသော အက္ခရာများ နှင့် အသံထွက်များ ကို ချ ရေးပြလိုက်၏ ။

ဆိုဖီယာ က သူ ရေးပြသမျှ ကို ကြည့်ကာ ခေါင်း တစ်ချက်ညိတ်ရင်း ...

“ အခု ကျွန်မ မေးမယ့် ဉာဏ်စမ်း က အီဂျစ်ဘာသာ နဲ့ ရေး ထားတဲ့ ရှေးဟောင်းပုရပိုဒ် ထဲက စာ တစ်ပုဒ် ကို ဘာသာပြန် ပြ ဖို့ ပဲ ၊ ဒီ ပုရပိုဒ် က ခရစ်တော် လက်ထက်ကတည်း က ယုဒထောမတ်စ် ( Judas Thomas ) ဆိုတဲ့ သာဝက တစ်ယောက် မှတ်တမ်း တင်ခဲ့တဲ့ ထောမတ်စ်ဖတ်စာ ( Gospel of Thomas ) ပေါ့ ... သမ္မာကျမ်းစာသစ် ထဲ မှာ မထည့်ဘဲ တိမ်မြှုပ် ထိန်ချန်ခံထားရတဲ့ ပုရပုဒ် ပဲ ... ဒီအကြောင်း ရှင် ကြားဖူးသလား ...”

“ ကျွန်တော် က ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို သိပ် စိတ်မဝင်စားမိခဲ့ဘူး ဆိုဖီယာ ...”

“ အဲဒီ ကျမ်းစာ ကို အီဂျစ်ပြည် အထက်ပိုင်း မှာ ရှိတဲ့ နာ့ဂျ်ဟမ္မဒီအနားကာ တောင်တန်း ရဲ့ လိုဏ်ဂူပေါင်း ၁၅ဝ လောက် ထဲ က ဂူ တစ်ခု ထဲ မှာ ဝှက်ထားရာ က နေ ပြန်ရှာ တွေ့ ခဲ့တာပဲ ၊ ၁၉၄၅ ခုနှစ် ကျ မှ တွေ့ရတာ ၊ ဒါကို ကမ္ဘာ က သိအောင် တရားဝင် ကြေငြာခဲ့တဲ့ သူ က ပရော်ဖက်ဆာ ဂီးလက်ကွစ်ပဲလ် ( Prof; Gilles Quispel ) တဲ့ ... အခု ကျွန်မ ပြမယ့် ကျမ်းစာ ရဲ့ မူရင်း ဟာ အီဂျစ်ပြည် ကိုင်ရိုမြို့ က ကော့ပတစ်ပြတိုက် ထဲ မှာရှိတယ် ...”

သူမ က စာအုပ်စင် တွင် ရှိသော ဖိုင်တွဲ တစ်ခု ကို သွား ယူလာပြီး စိုးရှား ၏ ရှေ့ တွင် ဖွင့်ပြလိုက်၏ ။ အီဂျစ် အရုပ်စာများ ရေးသားထားသော စာမျက်နှာတစ်ခု ကို ဓာတ်ပုံ ရိုက်ထားသည့် မိတ္တူ ဖြစ်မှန်း တွေ့ လိုက်ရသည် ။

ဆိုဖီယာ က ...

“ ဒီ စာပုဒ် ဟာ ခရစ်တော်ကိုယ်တိုင် ပြောခဲ့တဲ့ နှုတ်ထွက်စကား ကို မှတ်တမ်း တင်ထားတာပဲ ... ရှင် ဘာသာ ပြန် နိုင်ပါ့မလား ...”

စိုးရှား က ထို စာပုဒ် ကို အပြန်ပြန် အလှန်လှန် လေးငါးခေါက် မျှ ဖတ်ကြည့် လိုက်၏ ။ ထိုနောက် သူ က ဘောပင် နှင့် စာရွက်ဖြူ အလွတ် တစ်ရွက် တောင်း လိုက်ပြီး ...

“ ဒီ မေးခွန်း ကို တော့ ... ကိုယ် အခု တစ်ထိုင်တည်း ပဲ ဖြေပေးခဲ့ပါ့မယ် ”

ထိုနောက် သူ က အီဂျစ် အရုပ်စာများ ကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုလိုက်သည် ။

“ If you bring forth what is within you , what you bring forth will save you . If you do not bring forth what is within you , what you do not bring forth will destroy you . ”

စိုးရှား က ထို စာပုဒ် ကိုပင် မြန်မာဘာသာ ဖြင့် ...

“ သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်လော့ ... ထို အရာကား သင့်အား ကယ်တင်သမှု ပြုလိမ့်မည် ၊ သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်ခြင်း မပြုက ထိုအရာ က သင့် အား ဖျက်ဆီး လိမ့်မည် ...”

ဆိုဖီယာလပြည့်ဝန်း က ဘာသာပြန် စာပိုဒ် ကို ကြည့်ပြီး ပြုံး လိုက်သည် ။ ထိုနောက် ...

“ ဘာသာ ပြန်တာ ကတော့ ဟုတ်ပါပြီ ... အဓိပ္ပါယ် ကို ကော နက်နက်ရှိုင်းရှိုင်း နားလည် ရဲ့လား ...”

“ မင်း ပေးတဲ့ ပုစ္ဆာ ရဲ့ ခေါင်းစဉ်က ' ဘာသာ ပြန် နိုင်မလား ' ဆိုတဲ့ အထိပဲ ပါတယ်လေ ၊ နားလည် သလား ... သဘော ပေါက်ရဲ့လား ... လို့ မေးခဲ့တာမှ မဟုတ်တာ ...”

စိုးရှား ၏ စကား ကြောင့် သူမ က မဲ့ပြုံး တစ်ချက် ပြုံး လိုက်သည် ။ ထိုနောက် ...

“ ထားလိုက်ပါတော့ ... မေးခွန်း ထုတ်တဲ့ ကျွန်မ ဘက် က ချွတ်ယွင်းချက် ပဲ ၊ ဒီ ပဟေဠိ မှာ တော့ ကျွန်မ က ပဲ အရှုံး ပေးလိုက်ပါတယ် ...“

“ ဒီ ပဟေဠိ တစ်ပုဒ် ထဲ ရှုံးတယ်လို့ ထင် လို့လား ...”

“ ရှင် ...”

“ ဒီလိုလေ ... ပုစ္ဆာ က သုံးခု မဟုတ်လား ၊ ပထမ ပုစ္ဆာ နဲ့ ဒုတိယ ပုစ္ဆာ ကို ဖြေနိုင်ပြီ ဆိုတာ နဲ့ ကိုယ် နိုင်သွားပြီလေ ... နောက်ဆုံး ပုစ္ဆာ ကို ဖြေစရာ မလိုတော့ဘဲ ပွဲ က ပြီးသွားမှာပေါ့ ...”

“ ကိုယ် က အဲဒီလိုကြီးလည်း အပြတ်အသတ် မရှုမလှ အနိုင် မယူချင်ပါဘူး ၊ ဒါကြောင့် မင်း စောစောက ပြောခဲ့တဲ့ ကကြီး ခကွေး ပုစ္ဆာ ကို မဖြေတော့ပါဘူး ၊ အလျော့ ပေးလိုက်မယ် ... ရှင်းရဲ့လား ... ဒါဆို ကိုယ်တို့ တစ်ယောက် တစ်မှတ် စီ သရေပဲ ...”

ခပ်ရိရိ ခပ်ကြောကြော ပြောလိုက်သော သူ့ စကား ကြောင့် တင်းမာပြီး အရောင် တောက်ပလာသည့် ဆိုဖီယာ ၏ မျက်ဝန်းများ ကို စိုးရှား က အရသာခံကာ ကြည့် နေလိုက်သည် ။ ပြီးတော့ မှ ...

“ ကဲ ... ဆက်ပါဦး ... မင်း ရဲ့ တတိယ ပုစ္ဆာ ကို ...”

“ တတိယမြောက် ပုစ္ဆာ ကတော့ ကျွန်မ ကို နိုင်အောင် လေးပစ်ပြိုင်ဖို့ပဲ ၊ ဘယ့်နှယ်လဲ ... ရှင် ပြိုင်ရဲ ရဲ့လား ...”

•••••   •••••   •••••   •••••

သေချင်းဆိုးမလေး ... ဟု စိုးရှား စိတ် ထဲမှ တိတ်တဆိတ် ဆဲရေး လိုက်၏ ။ ဒါကတော့ သက်သက် ညစ် တာပဲ ဖြစ်သည် ။

သူမ က ငယ်ငယ် ကတည်း က လေးမြား အပစ်အခတ် ကို ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်လာခဲ့သူ ... ။

ကိုယ် က တစ်ဘဝလုံး မှာ လေးနှင့် မြား ကို အနီးကပ်ပင် သေသေချာချာ ကြည့် ဖူးသူ မဟုတ် ... ။

ဒီ ကိစ္စ က အခု မှ ထပြီး လေ့ကျင့်ရုံ နှင့် လည်း ပစ်မှတ် ကို မလွဲတမ်း မှန်အောင် ပစ်နိုင်မည် မဟုတ် ။

လေ့ကျင့် လျှင် ကော ဘယ်လောက် ထိ အချိန် ယူရဦးမည်နည်း ။

တစ်လ လား ... နှစ်လ လား ... တစ်နှစ် လား ...

မသေချာ ...

ထို့ကြောင့် စိုးရှား က ...

“ ဒါကတော့ မင်း သက်သက် ညစ်တာပဲ ၊ မင်း က မြားပစ် တဲ့ နေရာ မှာ ကျွမ်းကျင်ပြီးသား ကိုယ် က လုံးဝ မပစ် တတ်တဲ့ သူ ခေါင်း နဲ့ ပန်း နှစ်ဖက် စလုံးမှာ ' အရှုံး ' လို့ ရေး ထားတဲ့ ပိုက်ဆံပြား နဲ့ တော့ ခေါင်းပန်း လှန်တမ်း မကစားချင်ဘူး ဆိုဖီယာ ...”

“ ရှင့် ကို အခု ချက်ချင်း ပြိုင်ရမယ် လို့ တောင်းဆို နေတာ မှ မဟုတ်တာ ၊ ရှင် ကျွမ်းကျင်လာတဲ့ အချိန် အထိ လေ့ကျင့် ခွင့် ရှိတယ် ၊ လေ့ကျင့် ဖို့ အချိန်ကာလ ကို လည်း ရှင် ကြိုက်သလောက် ယူပါ ၊ ကျွန်မ စောင့်နိုင်ပါသေးတယ် ၊ ရှင့် ကိုယ် ရှင် သေချာပေါက် နိုင်မယ်လို့ ယုံကြည်တဲ့ နေ့ မှာ လာပြီး စိန်ခေါ်ပါ ၊ အဲဒီ အခါ ကျ မှ အပြီးသတ် အနိုင်အရှုံး ကို ဆုံးဖြတ် ကြတာပေါ့ ...”

မတရားဘူး ... ဟု ပြောရမှာတော့ ခက်နေ၏ ။ ဒါသည် အချစ်လား ... စစ်ပွဲလား ... ခွဲခြား မရသော ကြောင့် ဖြစ်မည် ထင်သည် ။

အင်း ... အချစ် နှင့် စစ် မှာ သာ မတရားတာ မရှိသည် မဟုတ် ။ ယုံကြည်ချက် နှင့် မာနတရား မှာ လည်း မတရားတာ မရှိ ... ဟု ကမ္ပည်း အသစ် ရေးထိုးချင်ပါသည် ။

အိမ် ပြန်ဖို့ ခြေလှမ်းများ ဖြင့် ထိုင် နေရာ မှ စိုးရှား ထ လိုက်သည် ။

•••••   •••••   •••••   •••••

ခြံဝင်း ထဲ သို့ ရောက်တော့ ဟိုအဝေး ခြံစည်းရိုး အုတ်နံရံ မှာ ထောင် ထားသော ( ဆိုဖီယာ မြားပစ် လေ့ကျင့်သည့် ) စက်ဝိုင်းပုံ ပစ်ကွင်း ကို လှမ်းမြင်ရသည် ။

ကျောခိုင်း နှုတ်ဆက်ခါနီး တွင် ဆိုဖီယာလပြည့်ဝန်း က စကားတစ်ခွန်း ဆို၏ ။

“ ပြိုင်ပွဲ တစ်ခု ကို နိုင်ဖို့ ကိစ္စ မှာ အတတ်ပညာ က အမြဲတမ်း အဓိက ကျတာ မဟုတ်ဘူး ကိုစိုးရှား ...”

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

( ဆိုဖီယာ မေးသော ဉာဏ်စမ်းပုစ္ဆာ ဇယားကွက် ကို comment တွင် တင်ပေးထားပါသည် )

.

No comments:

Post a Comment