❝ လှပစွာ ကလဲ့စားချေခြင်း ❞
( ၁ )
ခပ်ယိုင်ယိုင် မီးဖိုဆောင်လေးသည် မသုံးတာ ကြာသည့် တိုင်အောင် ကျွန်မ အတွက် အသုံး ဝင် နေခဲ့သည် ။ ခပ်မှိန်မှိန် မီးအလင်းရောင်လေး က ဖတ်ရမည့် စာ တွေ မြင်သာ စေရန် အစွမ်းကုန် လင်း ပေး ရှာ၏ ။ မတ်လ ရောက်သည့် တိုင်အောင် အအေးဓာတ် က အချမ်း ပို လှသည် မို့ ခပ်နွမ်းနွမ်း စောင်ကြမ်းလေး ကို ကျွန်မ လွှမ်းခြုံထားမိသေး၏ ။
အမှောင် ထု သည် ပိတ်ပိတ်မှောင် ကြီးစိုး ချေပြီ ။ ရပြီးသား စာ များ ဖြစ် နေသော်လည်း မနက်ဖြန် ဆို လျှင် အတန်းတင် စာမေးပွဲ ဖြေဆို ရမည် ။
“ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် ၊ နေရောင်မခံ ပန်းပျံပင်ဆင့် ၊ မြေနှင့်ရန်ဖက် ခက်လက်စိမ်းမြ ၊ မိုးမခဘူး ။
နွေလသန်ပေါက် ယဉ်ချိန်ရောက်မှ ၊ နှင်းသောက်ကယ်ရွှင်ရွှင်ပွင့်ဖူးတွေဆင်ကြတယ်
ရွှေပင်ဆင့်ငွေပင်ဆင့် ပတ္တမြားပင်ဆင့် ဂမုန်းအင့် အဖက် ၊ ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မယ် ”
အသံကျယ်ကျယ် စာ ဖတ်သူ ပီပီ ကျွန်မ အသံ က တိတ်ဆိတ် နေသော ပတ်ဝန်းကျင် တစ်ခွင်တွင် ဟိန်းပျံ့နေ၏ ။ ထိုအချိန်တွင် -
“ ရှင် အတော် လွန် လာပြီနော် ရှေ့တင် တောင် မရှောင်နိုင် လောက်အောင် ရဲတင်း လှချည်လား ပေးစမ်း အဲဒီ ဖုန်း ”
“ ဘုန်း ခွမ်း ”
ဒေါသသံများ ရောထွေး နေလေသော အမေ့ အသံ နှင့် ပစ်ပေါက် ကျကွဲသော အသံများ က ကျွန်မ နား ထဲ ကို တိုးဝင် လာသည် ။ ဘာများ ဖြစ် ပြန်ပြီလဲ ။
“ ဟာ မင်း ဘာ လုပ်တာလဲကွ ငါ့ ဖုန်း ကွဲပြီ ။ တောက် ၊ ဒါ ဘယ်လောက် တန်သလဲ မင်း သိရဲ့လား ၊ တန်ဖိုး နားမလည် တဲ့ မိန်းမ က ငါ့ ဖုန်း ကို ခွဲ ရတယ်လို့ ”
အဖေ က လည်း ဒေါသတကြီး ပြန် ပြော၍ တက် ခေါက် နေပြန်သည် ။
“ ဟူး ရန်ဖြစ်ပြန်ပြီလား ”
ခပ်သဲ့သဲ့ သက်ပြင်း ချ မိ သူ က ကျွန်မ ပါ ။ ထုံးစံအတိုင်း အဖေ နှင့် အမေ ရန် ဖြစ်နေ၏ ။ အထူးသဖြင့် ကျွန်မတို့ ညီအစ်မ တစ်တွေ စာမေးပွဲ ဖြေဆိုချိန် ဆိုလျှင် ပို အဖြစ် များသည် ။ ပြီးလျှင် သူတို့ မဟုတ်သည့် အတိုင်း ပြန်တည့် စမြဲ ။ ကျွန်မ ခေါင်းထဲ မထည့် ထား တတ်တော့ ။ သို့သော် လည်း -
“ ကွဲပါစေ ၊ တမင် ခွဲတာ ၊ ရှင့် မျက်လုံး ထဲ မှာ ကျွန်မ တို့ ကို လူတွေ လို့ မြင် သေးရဲ့လား ဟင် ။ အလုပ် က ပြန်လာ ကတည်း က တတောင်တောင် တတင်တင် နဲ့ လိုင်း ပေါ် တက် ကြူ နေလိုက်တာ ။ ကျွန်မရှေ့တင် တစ်မျိုး ကျွန်မ ကွယ်ရာ မှာ တစ်မျိုး ဖုန်း ပြော ရတာနဲ့ ။ Video Call ပြော ရတာနဲ့ ။ တဖြည်းဖြည်း ရှင် လူးပါးဝလာပြီ ၊ အဲဒီလောက် ထိ ဖြစ် နေကြရင် လည်း ယူ လိုက်ပါလား ”
“ မေဆင့် မင်း နော် ငါ့ ကို လာ မစွပ်စွဲနဲ့ ၊ ငါ အလုပ် ကိစ္စကြောင့် သုံး နေတာကွ ”
“ ဘာ အလုပ်ကိစ္စ လဲ ကျွန်မ မတုံးပါဘူး ၊ ရှင့် လောက် နားမလည် တောင် ရှင် ဘာ ခြေလှမ်း လှမ်း နေလဲ ဆိုတာ ကျွန်မ ရိပ်မိ ပြီးသား ။ ကျွန်မ မျက်နှာ မကြည့်ချင် တောင် သမီးတွေ မျက်နှာ ကြည့်သင့်ပါတယ် ။ ရှင့် လုပ်ရပ်တွေ ရပ်တန်း က ရပ် ပါတော့လား ဟင် ”
ဝမ်းနည်းသံ ရောထွေး နေသည့် အမေ့ အသံ ကို ကျွန်မ ကြား နေရ ပြန်သည် ။
“ အမေ ငို နေပြန်ပြီလား ”
ထို အသိစိတ် က ကျွန်မ စိတ်တွင်း ဝင်ရောက် လာ ပြန်သည် ။ လင်သား ကို ချစ်လွန်းသော အမေ ၊ သမီးတွေ ကို သွန်သင်ဆုံးမတတ်သော အမေ ၊ အိမ်ထောင်မှု ကို နိုင်နင်းစုဆောင်း တတ်သော အမေ က တစ်ကိုယ်တော် ပျော်ရွှင်ရေး ကို စွန့်လွှတ် ကာ မိသားစု အပေါ် အနွံတာ ခံ ခဲ့၏ ။ အဖေ့ လုပ်ရပ်များ ကို အမေ တင် မ က ကျွန်မ လည်း ရိပ်မိ နေခဲ့ပါသည် ။ ဖေ့စ်ဘွတ် ကို သုံးချိန် က စ ၍ အဖေ ပြောင်းလဲသွားသည် ။
မိန်းခလေး တကာ နှင့် ( Chat ) ချက်သည် ။ တစ်ခါတလေ အဖေ့ ဖုန်း ထဲ က နေ ခပ်ချွဲချွဲ အသံ ဖြင့် ပြော နေသော မိန်းမ တစ်ယောက် ၏ အသံ ကို ကျွန်မ ကြားဖူး၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မ စာ ကျက်နေသည့် မလှမ်းမကမ်း နေရာ တွင် အဖေ ဖုန်း ခိုး ပြော နေ၍ ဖြစ်သည် ။ ဖေ့စ်ဘွတ် ကို အဖေ မသိအောင် ခိုး ဖျက်ခဲ့ဖူး၏ ။ သို့သော် အဖေ ရိပ်မိ သွားကာ ကျွန်မ ကို အငြိုးတကြီး ရိုက်နှက် ဖူး၏ ။ အဖေ့ အပြုမူ ကို အံ့ဩ ခဲ့ရ ပါသည် ။
“ မင်း စကားတွေ ဒီမှာ တင် ရပ်လိုက်တော့ နော် ၊ ကျက်သရေ တုံး တဲ့ အသံ က နားဝင်ခါးတယ် ကွ ။ အလုပ် က ပြန်လာတာ အေးဆေး မနားရဘူး ။ နားပူ တိုက်လွန်းတယ် ”
“ နားပူ မခံချင်ရင် ရှင် ဆင်ခြင်လေ ။ စီးပွားရေး မသိ ကြီးပွားရေး မရှိ ။ မိသားစု အရေး ဝေလာ ဝေး သေး ။ ကိုမင်းနိုင် ရှင်ဟာလေ တဖြည်းဖြည်း နဲ့ ဧည့်သည် နေ ဧည့်သည် စား ဖြစ် နေပြီ ”
“ မင်း တို့ တစ်မိသားစု လုံး ကို နွား တစ်ကောင် လို ရုန်းပြီး ငါ ရှာ ကျွေး နေတာ တောင် မကျေနပ်နိုင်သေးဘူးလား ။ ငါ က ဘယ် ထိ ခေါင်းခံ ပေး ရဦးမှာလဲ ”
ခပ်တင်းတင်း စကား စ လာသော အဖေ့ စကားများ မှာ ငြိုငြင် စိတ်ပျက်မှု တွေ ပါဝင် နေခဲ့သည်လေ ။ ကျွန်မ တို့ ကို အဖေ ငြိုငြင် လာပြီ လား ။
“ အိမ်ထောင်ဦးစီး ဖြစ်ပြီး ရှင်အခုလို တွေ လျှောက် လုပ်နေတာ။မရှက်ဘူးလား ၊ ရှင့် အစားကျွန်မ က တော့ ရှက်တယ် ”
“ အေး မင်း ရှက်ရင် ငါ့ ကို မပေါင်းနဲ့ လေ ၊ အိမ် ပေါ် က ဆင်း သွား ။ မင်း လို သံသယ များ တဲ့ မိန်းမမျိုး ကို ဆက်ပြီး ဖက်တွယ် နေမှာ မဟုတ်ဘူး ။ ငါးစိမ်းသည် အသံ နဲ့ ကျက်သရေ ကို တုံးတယ် ”
“ ရှင့် လုပ်ရပ်တွေ က အတော်ကျက်သရေ ရှိတယ် .. ထင်နေ သလား ။ မိန်းမ တကာ နဲ့ ရှုပ် နေတဲ့ကောင် က များ ”
“ မင်း ပါးစပ် ကို ပိတ်လိုက်တော့ နော် ၊ ဆက်ပြောရင် ငါ လက် ပါ မိလိမ့်မယ် ”
“ အမယ်လေး လုပ် လိုက်လေ ၊ အမှန်တရား ပြောလို့ သေမယ် ဆိုရင် တောင် သေရဲတယ် ။ အခြား ကောင်မတွေ ကြောင့် မိသားစု ကို နှိပ်စက်သူကြီး ဆို ပြီး ရှင် လည်း နာမည် ကြီး သွားတာပေါ့ ”
“ တောက် ၊ တော်တော်အာကျယ်ချင်နေတဲ့ဟာမ သေစမ်း ကွာ ”
“ ခွပ် ”
“ အား ... ရိုက် ရိုက် သေအောင်ရိုက်စမ်းပါ ”
“ မေမေ ”
မာန်မဲသော အဖေ့ အသံ နှင့် အမေ့ အော်သံ ။ ညီမလေး တို့ ၏ ငိုယို အော် ခေါ်သံများ က ကျွန်မ နား ထဲ ပဲ့တင် ထပ် သွားသည် ။ စိုးရိမ်ခြင်းတွေ ဖြင့် ကျွန်မ ခြေလှမ်းများ လည်း အပြင် သို့ ထွက် လာခဲ့သည် ။
“ မြေး ”
“ အဖေ က အမေ့ ကို ရိုက်နေပြီ ဘဘ ”
ကျွန်မ ရှေ့ မှာ ပိတ် ရပ်လိုက်သော အဖိုး ကို မျက်ရည် ကြား က ကြည့် ကာ ကျွန်မ ပြော နေမိသည် ။ ကျွန်မ တို့ အိမ်လေး က အဖိုး တို့ ခြံဝန်း နား မှာ ဖြစ်၍ အဖိုး လည်း သိနှင့် နေလောက်ပြီ ပေါ့ ။
“ သူတို့ အကြောင်း ကို မြေး သိသား နဲ့ သွား မပတ်သက်နေ နဲ့ ။ မနက်ဖြန် စာမေးပွဲ ဖြေ ရမယ် မဟုတ်လား စာ သွား ကျက်ချေ ”
အဖိုး က ကျွန်မ အတွက် ပြောနေပေမယ့် ကျွန်မ အမေ့ ကို စိတ် မချ နိုင်ပါ ။
“ ပြောလေ ထပ်ပြော ငါ့ လုပ်စာကို အေးဆေး ထိုင် မစားချင်တဲ့ ဟာမ နင်သေမယ် မှတ် ”
“ ထွီ နင် လို ကောင်မျိုး ကို သေတာတောင် ငါ မကြောက်ဘူး ။ လုပ်လိုက် နင့် ရက်စက်မှု တွေ ကို တစ်ရပ်ကွက်လုံး သိစေရမယ် ”
“ သောက်ကောင်မ မာန်မလျော့သေးဘူး ကဲကွာ ”
“ ဖြောင်း ”
“ အမေ ”
နှုတ် ကနေ ကျွန်မ စိုးရိမ်စွာအော် ခေါ်ပြီး အိမ် ပေါ် ပြေးတက် မိသည် ။ လက်ဖဝါးစောင်း ရိုက်ချ လိုက်သည် ဖြစ်၍ အမေ က ပျဉ်ခင်း ပေါ် လဲကျ သွားသည် ။
“ မေမေ ”
အငယ် နှစ်ယောက် က အသည်းအသန် ငို နေသည် ။ ကျွန်မ အမေ့ ကို ထွေးပွေ့ ဖို့ ခြေလှမ်း ပြင် လိုက်သည် ။
“ ကိုယ် နဲ့ မဆိုင်ဘဲ နဲ့ ဝင်မပါနဲ့ မိပြုံး ၊ အာချောင်ချင်တဲ့ ကောင်မ ကို အပိုး ကျိုးအောင် ငါ ချိုးပြမယ် ”
အဖေ့ အသံ ကြောင့် ခြေလှမ်းများ ရပ်တန့် သွားရသည် ။ အဖေ က အလွန် သွေးဆိုး သူ တစ်ယောက် ဖြစ်သည် ။ ဒေါသ ဖြစ်လျှင် ဘာမှ မသိ မမြင် ။ လက်ရုံးအား နှင့် ဖြေရှင်း သည် က များသည် ။ ယခုလည်း သူ့ လည်ပင်း မှာ ဆွဲလေ့ ရှိသည့် လူကြီး လက်မ အရွယ် စတီးဆွဲကြိုး ကို ဆွဲ ဖြုတ်နေသည် ။ ထို ဆွဲကြိုး က အဖေ့ ၏ လူရိုက်လက်နက် ဖြစ်သည် ။ တစ်ကြိမ် ရိုက်ခံ ရလျှင် သေလောက်သည် ထိ နာကျင်ခြင်း ကို ရင်ထဲ စွဲ စေ၏ ။ ထို ဆွဲကြိုး ကိုကျွန်မ အလွန် မုန်း၏ ။ အခုလည်း အမေ့ ကို ရိုက် ဖို့ ကြိုးစား နေသည် ။
“ သမီး တောင်းပန်ပါတယ် အဖေ ရယ် အမေ့ ကို မနှိပ်စက်ပါနဲ့ ”
ကျွန်မ တဖွဖွ ဖြင့် ငိုယို တောင်းဆို နေမိသည် ။ သို့သော် နီရဲသော မျက်ဝန်း အစုံ နှင့် ဘီလူး စီး နေသည့် အလား အဖေ့ဒေါသ က အမေ့ ကို မဲ နေလေ၏ ။
“ မင်းနိုင် မင်း လုပ်ရပ်တွေ ရပ်တန်း က ရပ်လိုက်တော့ ၊ သားသမီးတွေ ကို မျက်ရည် ကျအောင် လုပ်တာ မိဘကောင်း ရဲ့စရိုက်လက္ခဏာ မဟုတ်ဘူး ကွ ”
အဖိုး က အဖေ့ ကို တားဆီး၏ ။
“ အဖေ နဲ့ မဆိုင်ဘဲ ဝင် မပါနဲ့ ကိုယ့် နေရာ ကိုယ် နေလိုက် ”
“ အေး မင်း တို့ နဲ့ ဝေးဝေး နေချင်တာပါ ။ ဒါပေမဲ့ ငါ့ မြေးတွေ စိတ် ဆင်းရဲ နေတာ ငါ မကြည့်ရက်ဘူး ကွ ”
“ ဟာကွာ အလကားဟာတွေ ”
“ ဘုန်း ခွမ်း ဝုန်း ”
အဖေ့ ဒေါသ က အနီးနား ရှိ အရာများ ဆီ ကို စုပုံ ကျသွားသည် ။
“ နင့် ကို ငါ တိုင်မယ် .. နင်ထောင်ကျ စေရမယ် ၊ လူယုတ်မာ ကောင်ကြီး ”
“ မသေနိုင်သေးဘဲ စကား များလွန်းတဲ့ ကောင်မ သေစမ်းဟာ ”
စတီးကြိုး ကိုင် ထားသည့် အဖေ့ လက် က မြောက် တက်သွားသည် ။
“ အမေ ”
မျက်လုံးများ ပြာဝေ လာ ကာ အမေ့ အပေါ် ကျွန်မ အုပ်မိုးလိုက်သည် ။ ထို ရိုက်ချက် က ကျွန်မ ကျော ပေါ် ကို နင့်ခနဲ ။
“ အား ... အ ”
နာကျင်စွာ ညီးတွားရင်း ခွေခွေလေး ကျွန်မ လဲကျ သွားသည် ။
“ သမီးကြီး မေမေ့သမီးကြီး ”
“ ဟာ လူစိတ် မရှိတဲ့ ကောင် ငါ့မြေး ကို ဘာ လုပ်လိုက်တာလဲကွ ၊ မင်း ငါ့ ခြံ ထဲ က ထွက် သွားစမ်း ။ ဘယ်တော့မှ ခြေ မချနဲ့ သွား ”
ခံပြင်းစိတ် နှင့် အဖိုး က အဖေ့ ကို နှင်ထုတ် နေသည် ။
“ သွားမှာ သွားမှာ စိတ်ချ ကျက်သရေ မရှိတဲ့ ဒီ အိမ် မှာလည်း ငါ က မနေပါဘူး ငါ မရှိမှ ငါ့တန်ဖိုး သိလိမ့်မယ် ငတ်ပြီး သေလည်း နားအေးတာပဲ ဟင့် ”
ခြေသံ ပြင်းပြင်း နှင့် အဖေ ဆင်းသွားချေပြီ ။
••••• ••••• ••••• •••••
( ၂ )
အဖေ ထွက်သွားခဲ့သည့် နောက် အမေ က ဦးဆောင် ပြီး မိသားစု အတွက် ရုန်းကန်ခဲ့ရသည် ။ ရွာ တစ်ရွာ တွင် မိန်းမ တစ်ယောက် နှင့် အဖေ့ ကို တွေ့နေရသည် ဟု ရင်းနှီးသော လူတချို့ က ပြောပြသည် ။
“ မိသားစု ကို တန်ဖိုး မထားတတ်တဲ့ သူ့ လို ကောင် ရှေ့ ကို ဘယ်သော အခါ မှ မေဆင့် တို့ က ဒူးမထောက်ဘူး ။ မအေ တစ်ယောက် အနေ နဲ့ ကျွန်မ သမီးတွေ မငတ် အောင် ကျွန်မ ရှာ ကျွေးနိုင်တယ် ”
တစ်နိုင်တပိုင် အသုတ်ဆိုင်လေး ကို အမေ ဖွင့် သည် ။ ဆယ်တန်း ဖြေဆို၍ ပြီး သွားခဲ့သော ကျွန်မ က လည်း ကုန်စုံဆိုင်လေး မှာ အရောင်းစာရေး ဝင် လုပ်ခဲ့သည် ။
ရသမျှ ဝင်ငွေလေး နှင့် လောက်င အောင် အမေ က ချွေတာ သုံးခဲ့သည် ။
အရွယ် မရောက်သေးသည့် ညီမကလေး နှစ်ယောက် ၏ ပညာရေး ရှိနေသေးသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် လောကဓံ ၏ ရိုက်ခတ်မှု ကို အကြီးဆုံး သမီး ပီပီ ကျွန်မ ရင်ဆိုင်ခဲ့ရသည် ။ မရင့်ကျက်သေးသော အသိဉာဏ်လေး နှင့် စိတ်ဓာတ်တွေ လဲပြိုသည့် အခါတိုင်း တစ်ယောက် တည်း ကြိတ် ငိုခဲ့ရသည် ။
မိသားစု အတွက် ဖြည့်ဆည်းပေးချင်သော ဆန္ဒတွေ မပြည့်ဝသည့် အခါတိုင်း မှာ အဖေ့ ကိုနာကျည်း မိသည် ။ အဖေ သာ တစ်ကိုယ်ကောင်း မဆန်ခဲ့လျှင် … ကျွန်မတို့ တစ်တွေ ဒုက္ခ ရောက်မည်မဟုတ် ။
အခြားသော အဖေများ က သူတို့ သားသမီး အပေါ် ယုယုယယ မေတ္တာတရားတွေ အုပ်မိုး နေသည် ကို ကျွန်မ မြင်လျှင် အဖေ့ ကို မုန်းမိသည် ။
••••• ••••• ••••• •••••
( ၃ )
အချိန်များ တဖြည်းဖြည်း နှင့် ကုန်ဆုံး ချေပြီ ။ မထင်မှတ်ထားသော ဆုလာဘ် တစ်ခု က ကျွန်မ ဘဝ ထဲ ရောက် လာခဲ့၏ ။ ထို နေ့ က ဆယ်တန်း အောင်စာရင်း ထွက်သော နေ့ပါ ။ ကြိုးစားရကြိုး နပ်ခဲ့ချေပြီ ။ သို့သော် ကျွန်မ ကြာကြာ မပြုံးနိုင်ခဲ့ပါဘူး ။ မိသားစု ကို ငဲ့ နေရသော ကျွန်မ ။ မျှော်လင့်ခဲ့သော ပညာတတ် ဆိုသည့် ဘွဲ့ဂုဏ် တစ်ခု က ကောင်းကင် ပေါ် က တိမ်တိုက် ကဲ့ သို့ လေ နှင်ရာ လွင့် နေခဲ့ပြီ ။ ကျွန်မ နားလည်စွာ စွန့်လွှတ်ထားမည် ဟု ဆုံးဖြတ်ထားခဲ့သည် ။ ထိုနေရာလေး မှ လေးလံသော ခြေလှမ်း တစ်စုံ နဲ့ ပြန် ထွက်ခဲ့ပါသည် ။
••••• ••••• ••••• •••••
( ၄ )
“ သမီး ပြန် လာပြီ ”
စက်ဘီးလေး ကို အသာ ရပ် ကာ ကျွန်မ အသံ ပေးလိုက်သည် ။
ဒီ အချိန် ဆို မေမေ အသုပ်ဆိုင် သိမ်းလု ပြီပေါ့ ။ ကျွန်မ ထင်သည့် အတိုင်း မေမေ က မီးဖိုခန်း မှ ထွက်လာခဲ့သည် ။
“ သမီးအပြုံးချို အမေ့ ဆီ လာပါဦးကွယ် ”
“ ဟုတ် အမေ ”
ကျွန်မ အိမ်ပေါ် ကို အမြန် လှမ်းတက် လိုက်သည် ။ ပြီးနောက် အမေ့ ဘေး နား ထိုင် လိုက်သည် ။
“ ဘယ်လို အခက်ခဲတွေ ပဲ ရှိရှိ မေမေ့ သမီးတွေ ကို ပညာတတ်ကြီးတွေ ဖြစ်စေရမယ် လို့ မေမေ ဆုံးဖြတ်ချက် ချထားတယ် ။ ဒါကြောင့် သမီး ကျောင်း ဆက် တက်ရမယ် ”
“ ဟင် ”
အမှတ်မထင် ပြော လိုက်သော မေမေ့ စကား ကို ကျွန်မ လက် မခံချင် ။ သို့သော် မေမေ က-
“ မိသားစု ကို ငဲ့ နေမှန်း အမေသိတယ် ၊ ဒါပေမဲ့ အကြီးဆုံး ဖြစ်တဲ့ သမီး က ဒီ မိသားစု အတွက် စံနမူနာ ယူစရာ ဖြစ်နေ ရမယ် ။ အမေ တို့ မိသားစု မှာ စွန်းထင် နေ တဲ့ အမဲစက် ကို … အမေ့ သမီးတွေ ရဲ့ ကောင်း သတင်းတွေ နဲ့ ဖုံးလွှမ်း နိုင်ရမယ် လို့ မေမေ တွေး ထားတယ် ”
ဘာမှ ဆက် မပြောဘဲ ကျွန်မနားထောင် နေသည် ။ အမေ က ဆက်ပြီး -
“ သမီး သိလား အရင်ကလေ သမီး အဖေ ကို သတ်ပစ်ချင် လောက်တဲ့ အထိ မေမေ မုန်းတီးခဲ့တယ် ။ အမေ တို့မိသားစု အပေါ် သစ္စာ ဖောက် ရက် တဲ့ အပြင် လူ့ပတ်ဝန်းကျင်မှာ ကဲ့ရဲ့စရာ ဖြစ်အောင် အရောင် ဆိုး ခဲ့လို့ပေါ့ ။ ဒါပေမဲ့ ဒီနေ့ ကြား လိုက်ရတဲ့ သတင်းတစ်ခု ကြောင့် မေမေ သံဝေဂ ရခဲ့တယ် ”
သတင်း ဆိုသော စကား ကြောင့် ကျွန်မ စိတ်ဝင်စားမိခဲ့ပါသည် ။ ဘာ သတင်းများပါလိမ့် ။
“ သမီးတို့ အဖေ အရေးပေါ် ဆေးရုံ တင် ထားရတယ်တဲ့ လေ ”
“ ရှင် ”
အမေ့ စကား အဆုံး မှာ အံ့ဩဆွံ့အ သူ က ကျွန်မ ရယ် ပါ ။ အဖေ့ ကို မည်သို့ပင် စိတ် နာ ခဲ့ပါစေ အဖေ့ အပေါ် ထားရှိခဲ့သည့် မေတ္တာတရား တို့ က စိုးရိမ်စိတ် အဖြစ် ပေါ်လာခဲ့သည်လေ ။ ကျွန်မ တင် မက အမေ ပါ စိတ် ပူနေမည့် ပုံပါ ။
“ သမီး အဖေ ကို ဘယ်လောက် စိတ်နာ မုန်းတီးနေလဲ ဆိုတာ မေမေ သိတယ် ။ ဒါပေမဲ့ မေမေ့ သမီး ရဲ့ စိတ် အတွင်း မှာ မကောင်း တဲ့ စိတ်ရိုင်းတွေ မကိန်း စေချင်ဘူး ။ သမီး အနေ နဲ့ သမီး အဖေ ကို ခွင့်လွှတ် နိုင်အောင် ကြိုးစားပါ လို့ မေမေ မှာ ချင်တယ် ။ ကိုယ့် အပေါ် မကောင်းတဲ့ လူ ကို မေတ္တာ ထား ခွင့်လွှတ်ပေး လိုက်ခြင်း ဟာ အရှုံး မဲ့ စေတဲ့ အောင်နိုင်ခြင်း လို့ မေမေ ထင်တယ် ။ သမီး အဖေ ကို ကလဲ့စား ချေ ချင်တယ် ဆို အမေ ပြော သလို ခွင့်လွှတ် ပေးလိုက်ပါကွယ် ”
ကျွန်မ လုံးဝ မထင်ထားခဲ့သော စကားလုံး အချို့ ကို မေမေ က ပြော လာခဲ့ပြီလေ ။ ဖေဖေ့ ကို ခွင့်လွှတ်လိုက်ပါ ဆိုပဲ ။မေမေ့ စကား တွေ က မြူတွေ ဝေ နေ တဲ့ လမ်းလေး ပေါ် နေရောင်ခြည် နုနု ဖြာ ကျ သကဲ့ သို့ ထင်သာ မြင်သာ ရှိ စေခဲ့၏ ။ လေးစားစရာ ကောင်းလှသော စိတ်ထားလေး နှင့် မေမေ ဟာ ကျွန်မ အတွက် စံနမူနာ ယူထိုက် သူ ရယ် ပါ ။
( ၅ )
ဆေးရုံ ခုတင် ပေါ် မှာ အောက်ဆီဂျင်ပိုက် တန်းလန်း နှင့် ဖေဖေ ။ ယခင် က စိုပြေဝင်းဝါခဲ့သော ဖေဖေ့ အသားအရည် တို့ သည် ယခုအခါ ဖြူဖပ်၍ ပိန်လှီခြောက်ကပ် နေခဲ့သည် ။ အသက်အရွယ် နှင့် မလိုက်အောင် ရုပ် ကျသွားသော ဖေဖေ့ ပုံစံ အရ သောက အပူတွေ ဘယ်လောက် ထိ ဖိစီးခဲ့လဲ မသိ ။ အဖေ့ ဘေး နား မှာ ၃ဝ ကျော် အမျိုးသမီး တစ်ဦး ကို ကျွန်မ တွေ့လိုက်ရသည် ။ ဖေဖေ့ ဇနီး အသစ် ဖြစ် လိမ့်မည် ။ ထို အမျိုးသမီး က ကျွန်မ ကို တွေ့ လိုက်သည် နှင့် ပြုံးပြ လာသည် ။
“ အစ်ကိုကြီး ရဲ့ သမီး အကြီး ဆိုတာ လား ”
ကျွန်မ ခေါင်းညိမ့် ပြ လိုက်သည် ။ ထို့နောက် -
“ သမီး အဖေ က သူ့ သမီးတွေ ကို လွမ်း နေတာ ။ သမီး လာ တာ သူ သိ ရင် ဝမ်းသာ မှာဘဲ အန်တီ နှိုး ပေးရမလား ဟင် ”
“ နေပါစေ အန်တီ ၊ အဖေအနားယူ နေတာ ကို ကျွန်မ မနှောင့်ယှက်တော့ပါဘူး ။ ကျွန်မ ပြောချင် တဲ့ စကားတွေ ကို သာ အဖေ နိုး လာရင် ပြောပြ ပေးပါ ”
“ အေးပါကွယ် ဘာ စကား ပြော ပေးရမလဲ ”
ကျွန်မ က အဖေ့ ရဲ့လက်ချောင်း ပိန်ပိန်လေးတွေ ကို ဆုပ်ကိုင်လိုက်ပြီး -
“ အဖေ သာ ပစ် မထားခဲ့ရင် အပြုံးချို ဆိုတဲ့ ကျွန်မ က သူများ ကို ပဲ အားကိုး နေမိမှာ ။ လောကဓံ ရဲ့ ကောင်းမွေ ဆိုးမွေ ကို ကျွန်မ သင်ယူခွင့် ရမှာ မဟုတ်ဘူး ။ ခံနိုင်ရည် ရှိပြီး သတ္တိ ဆိုတာ ကျွန်မ မှာ ရှိလာမှာ မဟုတ်ဘူး ။ ဒါကြောင့် အဖေ့ ကို ကျေးဇူး တင်ပါတယ် ။ နောက်ပြီး ကိုယ့် ကို ကိုယ် အပြစ် မတင်ပါနဲ့ လို့ လည်း ပြောပေးပါ ။ အမေ နဲ့ ကျွန်မ တို့ ညီမတွေ အပေါ် လုပ် ခဲ့တဲ့ အပြစ်တွေ ကို ကျေနပ်စွာ ခွင့်လွှတ်ပါတယ် ။ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းတွေ နဲ့ အဖေ့ ကို လှပစွာ ကလဲ့စား ချေလိုက် ပါတယ် လို့ ဆက်ဆက် ပြောပေးပါ အန်တီ ”
ပါးစပ် အဟောင်းသား ဖြင့် ငေး ကြည့်နေသော ထို အမျိုးသမီး က မျက်တောင် ကို ပုတ်ခတ်လိုက်ပြီး -
“ စိတ်ချပါကွယ် အန်တီ ပြော ပေးပါမယ် ”
“ ဟုတ် … ဒါလေး လက်ခံပေးပါ အန်တီ ပမာဏ မများပေမယ့် ကျွန်မ ရိုးရိုးသားသား ရှာဖွေပြီး စုထားတဲ့ ငွေလေးတွေပါ ။ ကျွန်မ ဒီ ငွေ တွေ နဲ့ အဖေ့ ကို ကန်တော့ ခဲ့ပါတယ် ”
ပိုက်ဆံ ထည့်ထားသော စာအိတ်လေး ကို ထို အမျိုးသမီး လက် ထဲ ထည့်ကာ ဖေဖေ့ ကို ထိုင် ကန်တော့ ခဲ့ ပါသည် ။ ထို့နောက် ပေါ့ပါးလန်းဆန်းခြင်း အပြည့် ဖြင့် ကျွန်မ နှုတ်ဆက် ထွက်ခွာခဲ့ပါသည် ။ ခွင့်လွှတ်ခြင်း ဖြင့် အနိုင် ယူလိုက်ရ၍ ကျွန်မတကယ် ကို ပျော် နေမိပါ၏ ။
◾လရောင်သို ( ပဲခူး )
📖 နှလုံးသားဖြင့် စီရင်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment