Thursday, October 13, 2022

အမုန်း ကြား က အပြုံး


 

❝ အမုန်း ကြား က အပြုံး ❞

နှလုံးခုန် ၊ သွေးတွေ လှည့်ပတ် စီးဆင်း ၊ အသက် ရှူ နေ သရွေ့ကို သက်ရှိသည် ဟု ခေါ်ဝေါ် ကြသည် ။ နှလုံး မခုန် ၊ သွေးတွေ လည်း မလှည့်ပတ် ၊ အသက် ရှူ တွေ ရပ် သွားရင်တော့ သေတယ် လို့ သမုတ် ကြတယ် ။

အဲဒီ သေခြင်း နဲ့ ရှင်မှု တို့ ကြား မှာ တင် လူ့ ဘဝ ဆိုတဲ့ အရှုပ်ထုပ် ကြီး ဖြစ်ပေါ် လာသည် ။ အသက် တစ်ရာ မနေရပေမဲ့ အမှု တစ်ရာ ကြုံ ရတာကတော့ ဓမ္မတာပါပဲ ။ ( တိရစ္ဆာန်များ တွင်တော့ ဘာ ဥပဒေ ၊ ဘာ စည်းကမ်းချက် မှ မရှိသဖြင့် အသက် တစ်ရာ တိုင်အောင် အမှု တစ်ရာ ရှိမည် ဟု မထင်ပေ )

သာမန် လူပြိန်း တချို့က မျက်စိ မမြင် ၊ ခြေကျိုး ၊ လက်ကျိုး တွေ ကို ဒုက္ခိတ လို့ ခေါ် နေကြပါသည် ။ ဒါဟာ ဒုက္ခိတ မဟုတ်ပါဘူး ။ ချို့ယွင်း သူ များ သာ ဖြစ်ပါတယ် ။ သူများ ပြောတိုင်း လိုက် ပြော ၊ သူများ ကောင်း တိုင်း လိုက်ကောင်း ၊ သူများ ဟုတ်တိုင်း လိုက်ဟုတ် နေကြတဲ့ လူတွေ က မှ ကိုယ် ကိုယ့် ကို ဒုက္ခိတ ဖြစ်လို့ ဖြစ် နေမှန်း မသိကြသေးပါဘူး ။

ဟို တစ်နေ့ က ကျွန်တော် ( ခြေ တစ်ဖက်ပြတ် ) မွေးထားတဲ့ ကြက်ခြံ ကို ဒဿနိက ကျောင်း က သူငယ်ချင်း တစ်ယောက် က ရောက် လာပြီး ...

“ဪ ကြက်တွေ များ ငါတို့ အစား ခံ ရဖို့ အတွက် သူတို့ တွေ အစာ စားပြီး ကိုယ့် ကိုယ် ကို ကြီးထွား ဖွံ့ဖြိုးအောင် လုပ် နေကြရတယ် ။ တကယ့်ကို သနားစရာပါပဲ ” တဲ့ ။

ကျွန်တော် တစ်ခွန်း သာ ပြန် ပြော လိုက်သည် ။

“ မင်း တို့ ရော ဘာ ထူးလို့လဲ ၊ စားသောက်ဆိုင် မှာ ဈေးကြီးကြီး ပေး ဝယ်ပြီး အစား ကောင်းကောင်းတွေ စားလိုက် ။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးအောင် ဆေးတွေ ဈေးကြီးကြီး ပေးပြီး သောက်လိုက် နဲ့ နောက်ဆုံး မင်း သေ သွားရင်တောင် လောက် တွေ တီကောင် တွေ တောင် မှ မစား တဲ့ ဆံပင် ကို ဈေးကြီး ပေးပြီး ညှပ် သေးတယ် မဟုတ်လား ။ ဒီ ကြက် တွေ က မင်းတို့ ထက် စာရင် အများကြီး တော် ပါသေးတယ်ကွာ ”

   •••••   •••••   •••••   •••••

ကျွန်တော် ခြေ မကျိုးခင် အတိတ် ဘဝ ကို ခဏ လှည့် ကြည့် လိုက်ပါတယ် ။ ကျွန်တော် ဟာ သာမန် ရုပ်ရည် လောက် ရှိတဲ့ ကောင်မလေး တစ်ယောက် ကို သာမန် လောက်ပဲ ချစ် ခဲ့ မိပါတယ် ။

ကောင်မလေး က ကျွန်တော့် ကို ခု ခေတ် ပေါ် ကော်ဖီဆိုင် တစ်ဆိုင် မှာ ချိန်း ပါတယ် ။ ( သူ ကော်ဖီ တစ်ခွက် သောက်တာ ဟာ ကျွန်တော့် ကဗျာ နှစ်ပုဒ် စာ နဲ့ ညီမျှ ပါတယ် ) ဟိုမှာ သူ က စ ပြောတယ် ၊ ကျွန်တော် နဲ့ သူ့ အကြောင်း ကို သူ့ အဖေ သိ သွားပြီ တဲ့ ။ ဒါကြောင့် သူ့ အဖေ က ကျွန်တော့် ကို ခေါ် တွေ့ပါတယ် ။

ရုပ်ရှင်တွေ ထဲ က လိုပါပဲ ။ သူ့ အမေ က ပြုံးပြုံးရွှင်ရွှင် နဲ့ ဧည့်ခန်း ထဲ ကို ခေါ် တယ် ။ သူ့ အဖေ လို့ ထင် ရတဲ့ ဝဝဖိုင့်ဖိုင့် လူကြီး ကတော့ ရုပ်ရှင်တွေ ထဲ က လို မိန့်မိန့်ကြီး ထိုင် မနေပါဘူး ။ သူတို့ နှစ်ယောက် စလုံး ကို မုန်း မိတယ် ။ မုန်း ရတဲ့ အကြောင်း က လွယ်လွယ် နဲ့ ပြုံး လို့ ပဲ ။

သူတို့ မျက်လုံးတွေ ကို လည်း မကြိုက်ပါဘူး ။ သူတို့ အကြည့် တွေ က စတိုးဆိုင် က ဈေးဝယ် လာ သူ ကို မန်နေဂျာ က ကြည့် တဲ့ အကြည့် တွေ လို ပဲ ။ တကယ် ဝယ် မှာ လား အချောင် နှိုက် မှာ လား လို့ ထင်ယောင် ထင်မှား အကြည့် တွေ ပဲ ။ ကျွန်တော် က ဈေးဝယ် လာ တာ မှ မဟုတ်ဘဲ ။ သူ့ သမီး ကို သာ တောင်းတာပါ ။ ခပ်ကြောင်ကြောင် အကြည့်တွေ ကို လည်း မုန်းတယ် ။

ထင်တဲ့ အတိုင်းပါပဲ ။ အလုပ်အကိုင် ကို စ မေးတယ် ။ ကျွန်တော် က လည်း ကဗျာဆရာ ပေါက်စ နဲ့ ဝတ္ထု မဖြစ် စလောက် ရေး ပါတယ် လို့ ကောင်းကောင်းမွန်မွန် ပြန် ဖြေ လိုက်ပါတယ် ။

ကလောင် နာမည် ကို ပါ ထပ် မေးပါတယ် ။ မကြားဖူးဘူး တဲ့ ။ ဘယ် ကြားဖူးပါလိမ့်မလဲ ။ ကျွန်တော် ရေးတာ စာဖတ် သူ ဆယ်ယောက် မှာ ရှစ်ယောက် လောက် က ကြိုက် တဲ့ အချစ်ဝတ္ထု မျိုး မှ မဟုတ်တာ ။ ကျန် နှစ်ယောက် မှာ မှ တစ်ယောက် လောက် သာ ကြိုက် တဲ့ ခပ်ဆန်းဆန်း ဝတ္ထုမျိုး တွေ ကိုး ။ တော်ရုံ လူ ဘယ် ကြားဖူးပါ့မလဲ ။ ကျွန်တော် သတိထား မိ သလောက်တော့ အပြုံးတွေ နည်းနည်း လျော့ သွား တယ် ။

ထားပါတော့ တဲ့ ။ နောက်ပြီး မင်း မိဘတွေ က ရော ဘာလုပ် သလဲ လို့ ထပ် မေးတယ် ။ ကျွန်တော် ခပ်ပြတ်ပြတ် ပဲ ပြန် ဖြေလိုက် တယ် ။ မိဘတွေ ဘာ လုပ်လုပ် အရေး မကြီးပါဘူး ။ ငယ်ငယ်တုန်း က မုန့်ဖိုး ပေးပြီး ကျောင်း ထားပေးတယ် ။ သူများ တွေ က တော့ ကျွန်တော့် မိ ဘ တွေ ကို မိဘ ဝတ္တရား ငါးပါး ( ကျွန်တော် မသိပါ ) ကျေတယ် လို့ ပြော ကြတာပဲ ။ ဒါပေမဲ့ ကျောင်း ထဲ မှာ လည်း အပြုံးတု တွေ ပေါတဲ့ အတွက် ကျွန်တော် ကျောင်း က ထွက်ပြေးခဲ့တယ် ။ ဒါပါပဲ ။

သူ့ မိဘ တွေ ပြုံး ရာ ကနေ မဲ့ သွားပါတယ် ။ နားလည်ပါတယ် ။

ခပ်ပေါပေါ ဗီဒီယိုဇာတ်ကား တွေ ထဲ က လိုပါပဲ ။ ဆက် ပြောစရာ မလိုတော့ပါဘူး ။ သူတို့ ပြုံးတာတွေ ကို နားလည်တယ် ။ သူတို့ ပြောတာတွေ ကို သဘောပေါက်မိတယ် ။ ဘာမှ ဆက်ပြီး မပြောတော့ပါဘူး ။ နေရာက ချက်ချင်းပဲ ထ ခဲ့တယ် ။

ဘာဆို ဘာ တစ်ခွန်းမှ ထပ် မပြောတဲ့ ကျွန်တော့် ကို သူတို့ အစ်ကိုတွေ က ဘာ သဘော နဲ့ လည်း မသိဘူး ။ လမ်းထိပ် ရောက်တော့ ဝိုင်း ရိုက်ကြပါတယ် ။ ဒီလိုနဲ့ပဲ ကျွန်တော် ခြေထောက် ကျိုးခဲ့ရတယ် ။

   •••••   •••••   •••••   •••••

ဘဝ အကြောင်း ကောင်းကောင်းမွန်မွန် သိ သွားတဲ့ ကျွန်တော် ဟာ ကိုယ့် ကိုယ် ကို သတ်သေလိုက်၏ ။

ကျွန်တော် ဘဝကြီး မှာ ဆက်ပြီး တစ်ရက် မျှ ကို မနေချင် တော့ပါဘူး ။ ဘဝ အသစ် တစ်ခု ကို တည်ထောင် ချင် ပါပြီ ။ ဒါကြောင့် အဆုံး စီရင်လိုက်ရခြင်း ဖြစ်သည် ။ အဆုံး ရဲ့ အနောက် မှာ အစ ဆိုတာ ရှိတတ် စမြဲပါ ။ နောက်ပြီး ကျွန်တော် ဟာ ခန္ဓာကိုယ်ကြီး မရှိတဲ့ အတွက် ဝမ်း မနည်းပါ ။ အခုမှ စိတ်လွတ် ကိုယ်လွတ် နေနိုင်ပြီး ပိုလို့ တောင် ပေါ့ပေါ့ပါးပါး ရှိ ပါသေးတယ် ။

ဒါပေမဲ့ ထူးဆန်း တာ က ကျွန်တော့် အလောင်း ဘေး မှာ နှပ် တရှုံ့ရှုံ့ နဲ့ ငိုနေတဲ့ ကျွန်တော့် မိဘ နှစ်ပါး နဲ့ ဓာတ်ပုံ ရိုက်လိုက် ဟိုဟာ ကောက် ကိုင်လိုက် ၊ ဒီဟာ ကောက် ကိုင်လိုက် လုပ် နေတဲ့ ရဲ တွေ ပါပဲ ။ သေတဲ့ လူ က ကိုယ့် ဘာသာ ကိုယ် ကြိုက်လို့ သေ တာ ကို သူတို့ က ဘာ ကြောင့် ကြားဝင် ပူ နေကြတာလဲ မသိပါဘူး ။

ကျွန်တော် သေပြီးမှ လူတွေ ရဲ့ သဘာဝ ကို ပို လို့တောင် သဘော ပေါက် လာပါတယ် ။ လူတွေ တော်တော်များများ ဟာ အတု ကို အားကိုး အားထား ပြု ကြတယ် ။ အဲဒီ ထဲ မှာ အကြီးမားဆုံး က တော့ အပြုံး အတု တွေ ပဲ ။ နောက်ပြီးတော့ လူတွေ က စကားတု တွေ ပြော တယ် ။ ဘုရား တု ( နတ်ရုပ် ) တွေ ကို ကိုးကွယ်တယ် ။ သီချင်း တု ( ကော်ပီသီချင်း ) တွေ ကို အားပေးတယ် ။ နာရီ အတု ၊ ဆံပင် အတု ၊ လူ အတု ၊ နှလုံး အတု ၊ အချစ် အတု

အတု ... အတု ... အတုတွေ ။ နောက်ဆုံးတော့ စစ်တယ် ဆိုတာ အတုတွေ ပဲ ရှိ ပါတော့တယ် ။

◾  မြေမှုန်လွင်

📖   ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment