Wednesday, October 26, 2022

အရွယ် နုပေမဲ့


 

❝  အရွယ် နုပေမဲ့  ❞

( ၁ )

မကွေး မှ ပြည် သို့ ထွက်ခွာမည့် စာပို့ ကား ပေါ်တွင် နေရာ ယူ လိုက်မိသည် နှင့် တစ်ပြိုင်နက် ကား သည် လည်း လျင်မြန်သော အဟုန် ဖြင့် မကွေးမြို့တွင်း မှ ထွက် စ ပြုလေသည် ။

ကျွန်တော် သည် မကွေးမြို့ ၏ ခြောက်သွေ့သော မြို့တွင်း ရှုခင်းများ တိုက်တာအိမ်ရာများ နှင့် လှုပ်ရှား သွားလာနေကြသည့် လူ သတ္တဝါများ အား ငေးမော ကြည့်ရှုရင်း အရှိန် ပြင်းစွာ မောင်းထွက် လာ နေ သော ကား တွင်း မှ ကျွန်တော် ကဲ့သို့ လိုက်ပါ လာကြသည့် ခရီးသည်များ အား တစေ့တစောင်း အကဲခတ် မိ လိုက်ပါသည် ။

ကျွန်တော် အပါအဝင် ခရီးသည် စုစုပေါင်း ၁ဝ ဦး ခန့် မျှ သာ ရှိပြီး တစ်ယောက် နှင့် တစ်ယောက် စကားစမြည် ပြောဆိုခြင်း လည်း မရှိသည့် အတွက် အတန်ငယ် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်း နေလေသည် ။ အထူးသဖြင့် ပူအိုက်သော နေရှိန် သည် ကား အတွင်း သို့ လေ နှင့် အတူ တိုးဝင်လျက် ရှိရုံမျှ မ က နံဘေး တစ်ဖက် တစ်ချက် တို့ ၌ တွေ့မြင်ရသည့် ပူလောင် ခြောက်သွေ့သော ရှုခင်းများ ကြောင့် လည်း ဤ ခရီး မှာ ပိုလို့သာ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်း နေလေ၏ ။ ကားလမ်း မှာ ကတ္တရာခင်း လမ်း ဖြစ်သော်လည်း မြေလတ်ဒေသ ဓလေ့ အတိုင်း ဖုန်မှုန့်များ ဖြင့် ရောပြွမ်းလျက် ရှိသဖြင့် ကား ပြေးရာ နောက်ပိုင်းတွင် ဖုန်မှုန့်များသာ တထောင်းထောင်း ထ ၍ ဝဲပျံ ကျန်ရစ် နေလေ၏ ။

ကား မှာ ခရီးသည်တင် အလတ်စား ကား ဖြစ်လျက် ဒီဇယ်စက် တပ်ထား သဖြင့် အဆွဲ မြန်လှသည် ။ လမ်းဘေး တစ်ဖက် တစ်ချက် ရှိ သစ်ပင်များ နှင့် ကွင်းပြင်များ ၊ တဲကလေးများ မှာ တရိပ်ရိပ် နှင့် ဝေ့ကာလည်ကာ ကျန်ရစ် နေလေသည် ။ ကား ဆို လျှင် မြန်မြန် မောင်း မှ ကြိုက် သော ကျွန်တော် သည် ပြည် သို့ ညနေ ၅ နာရီ လောက်တွင် ရောက်မည် ဟု ဆိုသော ကားစပယ်ယာ ၏ စကား ကို ကြားရသည့် အတွက် ကြည်နူးနေမိ၏ ။ သို့သော် စကား ပြော ဖော် မပါ ။ အသိအကျွမ်း မပါသည့် အတွက်လည်း ပျင်းရိ ခြောက်ကပ် နေမိ ပြန်သည် ။

ကျွန်တော် ၏ လက်ယာ ဘက် နံဘေး ရှိ နှစ်ယောက်တန်း ထိုင်ခုံ တွင် ဇနီးမောင်နှံ နှစ်ဦး ရှိသည် ။ သူတို့ သည် ရွှေစက်တော်ဘုရားပွဲ မှ ပြန် လာကြဟန် တူ၏ ။ မိန်းကလေး ရော ယောက်ျား ပါ နေကာ မျက်မှန်ထူကြီးများ ကို တပ်ထားကြပြီး တစ်ယောက် နှင့် တစ်ယောက် ပူးကပ်စွာ ထိုင်လျက် ရှိကြသည် ။ သူတို့ အရှေ့ ခုံတန်း တွင် ကား အသက်အရွယ် အားဖြင့် ၇၀ ကျော် ခန့် ရှိမည့် အဘိုးအို တစ်ဦး နှင့် အမယ်အို တစ်ဦး လိုက်ပါလာပြီး ရှေ့ဆုံးတန်း တွင် အမယ်အို တစ်ဦး ၊ အသက် ၃ဝ ခန့် ရှိ မိန်းမ တစ်ဦး နှင့် ၉ နှစ် အရွယ် ခန့် ရှိ မိန်းကလေး တစ်ဦး တို့ လိုက်ပါ လာကြသည် ။

ကျွန်တော် နှင့် တစ်ခုံ တည်း တွင် အသက်အရွယ် အားဖြင့် ၄ဝ ဝန်းကျင် ရှိ လူ တစ်ဦး ပါလာပြီး ကျွန်တော်တို့ ရှေ့ခုံတန်း ၌ ကား ၁၅ နှစ် ၊ ၁၆ နှစ် ခန့် သာ ရှိဦးမည့် မိန်းကလေး တစ်ယောက် နှင့် မိန်းမကြီး တစ်ယောက် လိုက်ပါ လာ ကြသည် ။ ဤသည်ကား ကား အတွင်း ရှိ စုစုပေါင်း ခရီးသည်များ သာ တည်း ။

ကား နောက်ပိုင်း တွင် ပါ လာသော စပယ်ယာ နှင့် ၎င်း ၏ အဖော် ဖြစ်ဟန် တူသော လူရွယ်တစ်ဦး တို့ သာ လျှင် ကျယ်ကျယ်လောင်လောင် စကားစမြည် ပြောဆို ကြသည် မှ အပ အခြားသော ခရီးသည်များ မှာ မူကား ၊ တစ်ဦး နှင့် တစ်ဦး စကားစမြည် ပြောဆိုခြင်း ပင် မရှိကြချေ ။ ပူပြင်းသော နေရောင် အောက် တွင် ဆုံးသည် ဟူ၍ မရှိ ဟု ထင် ရ လောက်အောင် ရှည်လျား လှသော ကတ္တရာ လမ်း အတိုင်း ကား သည် စက်ကုန်ဖွင့် မောင်း နေ လေရာ ကား စက်သံ ၊ အရှိန် နှင့် တိုးဝင် နေသောလေသံ ၊ ကား နောက်ပိုင်း မှ ဝေ့၍ ထွက်လာသော စပယ်ယာ ၏ အသံတို့သာ လျှင် ပတ်ဝန်းကျင် တစ်ခုလုံး ကို ဖုံးလွှမ်းလျက် ရှိလေ၏ ။

နေ့လယ် တစ်နာရီ ထိုးခါနီး တွင် တောင်တွင်းကြီး သို့ ရောက် လာသည် ။ ထုံးစံ အတိုင်း ပင် ဈေး ထောင့် တွင် ကား ရပ် ပြီးနောက် ရေ ထည့် လူ ခေါ် ထမင်း စား နှင့် တစ်နာရီ ခန့် ရပ်နား နေ လေသည် ။

“ အစ်ကိုကြီး ခဏကလေး နော် ”

ပူပြင်းသော နေ ကို ကြောက် သဖြင့် ကား ပေါ် မှ မဆင်းဘဲ ငေးငိုင်ရင်း ထိုင် နေမိသော ဆန့်တန်း ထားသည့် ခြေ နှစ်ဖက် ကို ဖယ် ပေး လိုက်မိပါသည် ။

အသံရှင် မှာ ကျွန်တော့် ရှေ့ မှ လိုက်ပါလာသည့် ခရီးသည် မိန်းကလေး ဖြစ်သည် ။

ယခု မှ ပင် ရုပ်ရည် ကို ကျွန်တော် စိတ်ဝင်စားစွာ ကြည့် မိပါသည် ။ အသား ဖြူလွန်းသဖြင့် နေ နှ င့် လ ၏ အတွေ့ အထိ ကြောင့် သူ့ ပါးစုံ နှစ်ဖက် မှာ ရဲရဲ နီ နေသည် ။ ဆံပင် ကို ကျစ်ဆံမြီး နှစ်ခု ကျစ်၍ လိမ် ထုံးထားသည် ။ နိုင်လွန်အင်္ကျီ အဖြူရောင် အောက် တွင် ရဲရဲနီသော အရောင် ရှိသည့် ဇာဘော်လီ ခံ ဝတ်ထားသည် ။ စကား ပြောသော အခါ အသံဝဲ နေသည့် အတွက် ကရင်စပ် ဖြစ်ဟန် တူသည် ဟု ကျွန်တော် ကောက်ချက် ချ မိပါသည် ။

“ ကြံကြီးတွေ ကောင်း လိုက်တာ လေးချောင်း မှ တစ်မတ် ထဲ ပေးရတယ် ။ အစ်ကိုကြီး ဝယ် ဦးမလား ”

“ ဟင့်အင်း … ကျွန်တော် မဝယ်တော့ပါဘူး ။ ကျေးဇူးတင်ပါတယ် ”

ထို မိန်းကလေး သည် ကြံချောင်း လေးချောင်း ပါသော အစည်း ကို သူ့ ရှေ့နား တွင် ချ ထားလိုက်ပြီး နောက် မျက်နှာသုတ်ပုဝါအဖြူ ဖြင့် နဖူးပြင်နှင့် ဂုတ်ပိုး တွင် သီးစက်နေသော ချွေးစက်ချွေးပေါက်များ အား သုတ်နေလေ၏ ။

“ ဘယ်နှနာရီ ထိုးပလဲ ”

သူ့ အမေး ကား ရဲတင်းပေ၏ ။ မေးပုံမြန်းပုံ မှာ ကား ပေါ် တွင် လာတွေ့ကြသော လုံးဝ မသိကြသေးသည့် သူစိမ်း ပြင်ပြင် လူတစ်ဦး ကို မေးပုံမျိုး မဟုတ်ဘဲ မျက်နှာသိ ခင်မင်ကျွမ်းဝင်သူ ချင်း မေးပုံ ဖြစ်နေသဖြင့် ကျွန်တော့် မှာ ခပ်အမ်းအမ်း ဖြစ် နေမိသည် ။

“ တစ်နာရီ ခွဲ ပြီးပြီ ”

ကျွန်တော် ပြန် ဖြေသည် ကို ကြားသလား မကြားသလား မသိ ။ အဆိုပါ မိန်းကလေး မှာ မူကား လမ်းမ နှင့် ဈေးဘက် ဆီ သို့သာ လည် တဆန့်ဆန့် ကြည့် နေ၏ ။ အတန်ငယ် လည်း ဂဏာမငြိမ် ဖြစ်နေ၏ ။

“ ခက်တော့တာပဲ ။ ဒေါ်လေး က လည်း ဘာဖြစ်လို့ ကြာ နေ တာလဲ မသိပါဘူး ”

သူ့ ကို ကြည့် ကာ ကျွန်တော့် မှာ ဦးနှောက် ရှုပ်လာသည် ။ ဒေါ်လေး ဆို သူ မှာ စောစော က သူ နှင့် အတူ ထိုင်လာသော အသက် ၄ဝ ခန့် ရှိ မျက်စိ တစ်ဖက်လပ် နှင့် မိန်းမ ဖြစ် ဟန် တူသည် ။

“ ဒီ တောင်တွင်းကြီး ကျ မှပဲ ကား က ရပ် ထားလိုက်တာ သေချင်ရော ”

ခက်ချေ၏ ။ ထို မိန်းကလေး တစ်ယောက် ဘာတွေ ပြော၍ ဘာတွေ အရေး ကြီး နေသည် ကျွန်တော် မသိ ။ သူတို့ သည် တောင်တွင်းကြီး က လား ၊ သို့မဟုတ် မကွေး က လား ။ သို့မှ မဟုတ်သေးလျှင် ရေနံချောင်း က လား ကျွန်တော် မသိ ။ အဘယ့်ကြောင့် ရေးကြီးသုတ်ပျာ ဂဏာမငြိမ် ဖြစ်နေရသည် ကို လည်း ကျွန်တော် မသိ ။ ဤသို့အားဖြင့် ကျွန်တော် သည် ကိုယ် မသိသော မေးခွန်းပုစ္ဆာတွေ ကို ဆင့်ကာ ဆင့်ကာ အလိုအလျောက် ထုတ် မိ လျက်သား ဖြစ် နေလေသည် ။ ထို အခိုက် မှာ ပင် စောစောက ခေတ္တခဏ ဆင်းသွားကြသည့် ခရီးသည်များ ပြန် တက် လာကြသည့် အတွက် ကျွန်တော့် မှာ စိတ်သက်သာရာ ရလာသည် ။

ကား ထွက်တော့မည့် ဆဲဆဲ မှာ ပင် အဆိုပါ မိန်းကလေး ၏ အဒေါ် ဆိုသူ ကမန်းကတန်း ရောက် လာသည် ။  ကား ထွက်သည် နှင့် တစ်ပြိုင်နက် သူတို့ နှစ်ယောက် သည် တတွတ်တွတ် နှင့် မရပ်မနား ပြော လာကြသည် ။ မည်သည့် အကြောင်းအရာ တွေ ပြော နေသည် ကို မူ ကျွန်တော် မသိပါ ။ သိရန်လည်း မကြိုးစားပါ ။

ကား သည် လေးကြိုး မှ ထွက်လာသော မြှားတံ ကဲ့သို့ တစ်ဟုန်ထိုး ပြေးထွက် လာ လေပြီ ။

( ၂ )

“ ခက်တော့တာပဲ ဟိုမှာ တား နေပြီ ”

စောစောက မိန်းကလေး ၏ အသံ ကို ကြား ရသဖြင့် ကျွန်တော် သည် လမ်းဘေး သို့ ငေးနေရာ မှ ရှေ့တူရှု သို့ လှမ်း ကြည့် လိုက်မိပါသည် ။ ရဲယူနီဖောင်း ဝတ်ထား သူ နှစ်ဦး က ကား ကို ရပ် ရန် ဆီးကြို တားထားကြသည် ကို တွေ့ရသည် ။ ထို နေရာမှာ တောင်တွင်းကြီးမြို့ မှ ထွက်မိရုံမျှ သာ ရှိသေး သဖြင့် တောင်တွင်းကြီးမြို့စွန် ဟု ဆိုနိုင် ပါလိမ့်မည် ။ ကား သည် ရဲများ တားသည့် နေရာ တွင် ရပ်ပေးလိုက်၏ ။

သို့ကလို ကား ရပ် ပေးလိုက်သည် နှင့် တစ်ပြိုင်နက် ရဲသားငယ် တစ်ဦး သည် ဝါးကိုင်းကလေး တစ်ခု ကို လက် မှကိုင်လျက် ကား စက်ခေါင်း ဘက် ဆီမှ ကား နံဘေး ဆီ သို့ လှည့်၍ လျှောက် လာသည် ။ သူ့ ညာဘက် ပခုံးတွင် လည်း ရိုင်ဖယ် တစ်လက် ကို လွယ် ထား၏ ။

“ ဆီ ပါသလားလို့ ရှာတာ နဲ့ တူတယ် ” ဟု ကျွန်တော့် နောက် နား မှ ခရီးသည် လူကြီး တစ်ဦး က မှတ်ချက် ချ သံ ကြား ရသည် ။ ဆီ ရှားချိန် ဖြစ်သည့် အတွက် ဆီ ကို မသမာသော နည်းလမ်း ဖြင့် ရောင်းဝယ် ရွှေ့ပြောင်း ကြမည် စိုးသဖြင့် မြေလတ်ပိုင်းဒေသ မြို့အသီးသီး တွင် ကားများ ကို စနစ်တကျ ရှာဖွေနေခြင်း ကြောင့် သူ့မှတ်ချက် မှာ မှန်ဖွယ်ရာ ရှိသည်ဟု တွေး မိပါသည် ။

သို့သော် ထို ရဲသားငယ် သည် ကား နံဘေး မှ နေ၍ ကျွန်တော့် ရှေ့ ရှိ အထက်ပါ ခရီးသည် မိန်းကလေး ကို သေသေချာချာ စူးစိုက် ကြည့်ရှု လိုက် ပြီးနောက် ...

‘‘လာခဲ့ ခင်ဗျား အောက် ကို ဆင်းခဲ့ ” ဟု ခေါ်လေသည် ။

ထိုအခါ၌ ယင်း ခရီးသည် မိန်းကလေး နှင့် သူ ၏ အဒေါ်ဖြစ်သည် ဆိုသော မိန်းမ တို့ မှာ တုန်ယင်လှုပ်ရှား လျက် ဂဏာမငြိမ် ဖြစ်နေသည် ကို ကျွန်တော် သတိ ပြုမိပါသည် ။ သူတို့ သည် ဝိသမလောဘ ဖက် ၍ စီးပွား ရှာနေသူများ လော ။ သို့တည်းမဟုတ် သူပုန် အနွယ်တော်များလော စသည်ဖြင့် အလျင်စလို တွေးဆ နေမိပါသည် ။

“ ဒုက္ခပါပဲ ။ ကျွန်မ ကို ခေါ် နေပြီ ။ ဘာကိစ္စမှန်း လည်း မသိဘူး ”

ခရီးသည် မိန်းကလေး ၏ အသံ မှာ တုန်ယင်လျက် ရှိသည် ။ တစ်စုံတစ်ရာ ကို ထိတ်လန့် စိုးရိမ်နေသော မျက်နှာသွင်ပြင် ကို လည်း တွေ့ရသည် ။ အဆိုပါ မိန်းကလေး က အထက်ပါ အတိုင်း ပြောပြောဆိုဆို နှင့် ကား အောက် သို့ ဆင်း သွား ပါသည် ။

ထို မိန်းကလေး ကို ရဲသားငယ် က ကား နှင့် ဝါးတစ်ရိုက် ခန့် အကွာ သစ်ပင်ရိပ် တွင် စားပွဲခုံ တစ်လုံး ချကာ စခန်း ဖွင့် ထား ဟန် တူသော ရဲများ ဆီ သို့ ခေါ်ဆောင် သွားလေ၏ ။ သူတို့ သည် သစ်ပင်ရိပ် အောက် တွင် ခြေပြလက်ပြ ခေါင်း တညိတ်ညိတ် ၊ လက်ညှိုး တထိုးထိုး ဖြင့် စကား ပြော နေကြသည် ကို ကား ပေါ် မှ ခရီးသည်များ က လှမ်း မြင် ကြရသည် ။

ခေတ္တ အကြာ တွင် စောစော က ရဲသားငယ် ပင် လျှင် ကားဆီသို့ ပြန်လာပြီး နောက် ကျွန်တော့် ရှေ့ မှ ခရီးသည်မိန်းမ ကို ခေါ် သွားပြန်လေသည် ။

“ နေ ပူရတဲ့ အထဲဗျာ ခရီး နှောင့်နှေးတာ အကြောင်း မဟုတ်ပါဘူး ။ နေပူတာ နဲ့ သေရချည့် ” ဟု ခရီးသည် တစ်ဦး ၏ မတိုးမကျယ် ညည်းတွားသံ ကြား ရသည် ။

“ သူတို့ ဘာသာ သူတို့ ရှုပ်လို့ ရှင်း ချင်ရင်လည်း ခေါ် ထားလိုက်ဗျာ ။ ကျုပ်တို့ က စာပို့ကား ဗျ ပြည် ကို ဒီည ရထား အမှီ စာ ပို့ရမှာ ။ အစိုးရ စာတွေ နောက်ကျ နေရင် ကျုပ်တို့ တာဝန် မရှိဘူး ”

ကား မောင်း သူ က လည်း ရဲသားများ ဆီ သို့ အော် ပြောလေသည် ။ ရဲသားများ ရှိရာ သစ်ပင်ရိပ် ဆီ သို့ လှမ်းကြည့် လိုက်သော အခါ ရဲသားများ နှင့် စောစောက မိန်းမ နှစ်ယောက် တို့ သည် တစ်စုံ တစ်ခု သော ကိစ္စ နှင့် ပတ်သက်၍ အချီအချ အကြိတ်အနယ် စကား ပြောနေကြသည် ကို တွေ့ရသည် ။

“ ဟုတ်တယ်ကွ ။ မင်း တို့ ပြဿနာ ရှင်း ချင် ရင် သူတို့ နှစ်ယောက် ကို ခေါ် ထားလိုက် ။ ကား ကို လွှတ် လိုက်ကွာ ။ အစိုးရ စာတွေ နဲ့ ကား နောက်ကျ နေရင် တို့ အပြစ် ဖြစ် နေဦးမယ် ”

ရဲသားများ အနက် ခေါင်းဆောင် နှင့် တူသော ရဲသား က အော် ပြောလိုက်လေသည် ။

ထိုနောက် သူတို့ သည် ခေါင်းချင်း တိုက်လုခမန်း တစ်ယောက် နှင့် တစ်ယောက် နီးကပ်စွာ ဖြင့် စကား ပြောဆို နေကြပြန်သည် ။ ကား ရော ခရီးသည်များ ပါ နေပူ ခံ နေကြရဆဲ ။

“ ဒီကိစ္စက တို့ နဲ့ ဆိုင်တာမှ မဟုတ်ဘဲ ။ လွှတ်လိုက်ကွာ ။ သူတို့ ဘာသာ သွားပစေ ”

အဆိုပါ ရဲသား က ပင် ကျယ်ကျယ်လောင်လောင် ပြောဆိုလေသည် ။ စိတ်တို နေ ဟန် လည်း တူသည် ။ သို့နှင့်ပင် ထို မိန်းမ နှစ်ဦး မှာ ကား ပေါ် သို့ ပြန် တက် လာကြသည် ။ ကား မှာ လည်း ခရီး ဆက် ၍ ထွက် လေ၏ ။ စောစောက မည်ကဲ့သို့ ပြဿနာ ပေါ်လာခဲ့သည် ကိုမူ ကျွန်တော် မသိရသေးပါ ။

ကား သည် ဒေါသမာန်မာန ခက်ထန်နေ သူ ပမာ စက်နှိုး၍ ထွက် လိုက်သည့် အချိန်မှ အစ ပြုလျက် လမ်း တစ်လျှောက်လုံး အပြင်း မောင်းနှင် လာလေသည် ။

ပြည် သို့ အချိန်ကောင်း ရောက် လိုကြသော ခရီးသည်တွေ မှာ ယခုမှပင် မျက်နှာများ ရွှင်ပြပြ ဖြစ် လာကြသည် ။ လိုရာခရီး သွား နိုင်ပြီ ဖြစ်သည့် အတွက် စိတ်ချမ်းသာ သွားကြဟန် လည်း တူလေသည် ။

နေရောင် မှာ မူ လမ်းဘေး တစ်ဖက် တစ်ချက် နှင့် ပတ်ဝန်းကျင် တစ်ခုလုံး ကို ဝါးမျိုတော့ခမန်း ပူပြင်း တောက်လောင် နေဆဲပင်တည်း ။

( ၂ )

“ သိပ် လူပါးဝတဲ့ အကောင်တွေ ”

ဒေါသတကြီး နှင့် ပြော လိုက်သော စကားသံ သည် ပြင်းထန်စွာ တိုးဝှေ့ ၍ ဝင် နေသည့် လေ အကြား မှ ပေါ်ထွက်လာလေရာ ထို စကား သံ လာရာ မိန်းကလေး ။ဘက် ဆီ သို့ ကျွန်တော့် အာရုံ ရောက် သွားပါပြီ ။

သူ့ ပခုံး သည် နိမ့်ချည် မြင့်ချည် ဖြစ် နေ၏ ။ ပျိုမျစ် နုနယ်သော အရွယ် ပေ မို့ မို့မောက်လျက် ရှိသော ရင်သား အစုံ မှာ ကား ဆောင့်တိုင်း တုန်လှုပ် ခုန်ပျံ လျက် ရှိလေ၏ ။ အဆိုပါ ခရီးသည် မိန်းကလေး သည် စောစော က ရဲသားများ ကို ရည်ညွှန်း ၍ ပြောဟန် တူ လေသည် ။

“ ဘာရမလဲ လူ ကို ဒီလို လုပ်လို့ မနက်ဖြန် ပြည် က ပြန် မှ ဝင်ပြီး အကြောင်း ပြ လိုက်ဦးမယ် ’’

“ သိပ်လည်း ဒေါသ ကြီးမနေစမ်းပါနဲ့ အနု ရဲ့ ။ ငါ့ စိတ် တွေ တောင် တုန် ကုန်ပြီ ။ ညည်း က ဒီလောက် ဒေါသတကြီး ဖြစ် နေတော့ ”

နံဘေးမှ မိန်းမကြီး က လေသံ တိုးတိုး ဖြင့် ပြောသည် ။ ထိုအခါ ကျမှ ပင် ကျွန်တော် သည် ယင်း ခရီးသည် မိန်းကလေး ၏ နာမည် မှာ အနု ဖြစ်ကြောင်း သိ ရလေသည် ။

“ ဒေါ်လေး က ဘယ် ဒေါသ ဖြစ်မလဲ ။ ကျွန်မ ကတော့ ဖြစ်တယ် ။ မိနု အကြောင်း တော့ ပြ လိုက်ဦးမှပဲ ။ ဒီကောင် က မဟုတ်တန်းတရား လုပ်တာကို ဒီ ရဲတွေ ကပါ ဝိုင်း ကူနေတာတော့ အပြန် ကျ မှ ဌာနအုပ် ကို တက် တိုင် လိုက်ဦးမယ် ”

အနု ၏ အဒေါ် သည် ငြိမ် နေ၏ ။ လမ်း ကလည်း အတန်ငယ် ကြမ်းလာ သဖြင့် ကား မှာ ပို လို့သာ ခုန် သော် လည်း အရှိန် ကို မူ မလျော့ ။ ပြည် ကို ညနေ ၅ နာရီ ခန့် ဝင်မည် ဟု ခရီးသည် တွေ ကို သူတို့ ပြောထားသည် မဟုတ်လော ။

“ ဘာဖြစ်တာလဲ စောစောတုန်း က ”

ရှေ့တန်းမှ ပါ လာသော ခရီးသည် မိန်းမတစ်ဦး က မနေနိုင်တော့သည့် အလား လှမ်း၍ မေးမြန်းစုံစမ်းလေ၏ ။

“ အို … အလကား ကောင်တွေပါ ”

ဟု အနု က ဖြေပြီး ခါး ကို အတန်ငယ် ရို့လျက် လက်နှစ်ဖက် ဖြင့် လက်ယာ ဘက် ဝမ်းဗိုက် နား ဆီ သို့ စမ်းသလို လုပ် နေပြန်သည် ။ လက်ဝဲ ဘက် သို့ ခါး ကို ရို့ထားသဖြင့် သူ ၏ ဇာဘော်လီ မှာ အထင်းသားကြီး ပေါ် နေလေ၏ ။ အနု က သူ ၏ လက်များ ကို ထုတ် လိုက်သည့် အခါတွင် အသွား ၄ လက်မ ခန့် ရှိသော မောင်းချဓားကြီး တစ်ချောင်း ပါ လာလေသည် ။

“ ခရီးသည်တွေ ကို သိပ် အားနာဖို့ကောင်း တာပဲ ။ ဖြစ်ပုံ က တော့ ရယ်စရာပါ ရှင် ”

အနု အမည် ရှိ အဆိုပါ ခရီးသည် မိန်းကလေး ၏ အပြောအဆို နှင့် အမူအရာ ၊ လုပ်ပုံကိုင်ပုံ ၊ လှုပ်ရှားပုံ အားလုံး ကို ကျွန်တော် သည် တစေ့တစောင်း ။အာရုံစူးစိုက် ကြည့် နေ မိလိုက်ပါသည် ။ အနု သည် ခြေထောက် အောက် တွင် ချထားသော ကြံစည်းကြီး မှ ကြိုး ကို ဓား နှင့် ဖြတ် လိုက်ပြီးနောက် ကြံ တစ်ချောင်း ကို တစ်ဝက် ဖြတ် ယူလိုက်ကာ ကျင်လည်စွာ အခွံ ခွာလျက် ရှိလေသည် ။ လမ်း က လည်း ကတ္တရာခင်းလမ်း ဖြစ်စေကာမူ ပို၍ သာ ကြမ်း လာ၏ ။ လမ်း ကြမ်း ရသည့် အထဲ ကား ကပါ အပြင်း မောင်းနှင် နေ သဖြင့် ခရီးသည် အားလုံးမှာ ဇကော အတွင်း ထည့် လှိမ့်ခြင်း ခံနေရသည့် ဇီးဖြူသီးများ ပမာ ဆောက်တည်ရာ မရ ဖြစ် နေကြရသည် ။ သို့ရာတွင် အနု ကား ကြံ ကို ချောမွေ့စွာ အခွံ ခွာ ပြီး သွား လေပြီ ။

သူ သည် ကြံ ကို ကိုက်ဖဲ့ လိုက်ပြီး နောက် မောင်းချဓားကြီး ကို ပြန် မပိတ်သေးဘဲ သူ့ ရှေ့ တည့်တည့် ရှိ ကားအမိုး မှ ဖားလျား ချထားသော ပတ္တူအကာ တွင် ထိုး စိုက် ထား လိုက်လေ၏ ။

“ တောင်တွင်းကြီး မှာ ကျွန်မ နဲ့ စေ့စပ်ဘူး တဲ့ ကောင် တစ်ကောင် ရှိတယ် အစ်မကြီး ရဲ့ ။ သူ့ ကို မယူနိုင်ဘူး လို့ ကျွန်မ က ငြင်း ခဲ့တာ ။ အဲဒါ အမြဲတမ်း လိုက် ရန်ရှာ နေတာပဲ ။ အခု တောင်တွင်းကြီး မှာ ကျွန်မတို့ ကား ရပ်ထားတုန်း ကျွန်မ ကြံ သွားဝယ်တော့ ပက်ပင်း သွား တွေ့နေတယ် ။ ဘယ် သွားမလို့လဲ တဲ့ ။ ပြည် သွားမလို့ ဆိုတော့ မင်း ငါ့ ကို အခုအထိ ငြင်းတုန်း ပဲ လား တဲ့ ။ ကျွန်မ က ကြိုက် မှ မကြိုက်တာ ဘယ့်နှယ့် လုပ် မလဲ လို့ တိုတိုပဲ ပြော ခဲ့တယ် ”

ပြောပုံ ဆိုပုံ မှာ ရဲတင်းသည် ။ နှုတ်သွက် လျှာသွက် ဖြစ်သည် ။ မျက်နှာ သိ မဟုတ်သော သူစိမ်း ခရီးသည်များ ပါ လည်း ဘာမျှ မဖြစ် သကဲ့ သို့ သူ့ အကြောင်း ကို တစ်တစ်ခွခွ ပြော နေ လေသည် ။

“ အဲဒါကို ဒီ ကောင် က စိတ်ဆိုး ပြီး  မြို့အထွက် က ရဲဂိတ် ကို ဆိုက်ကားသမား နဲ့ လွှတ် အကြောင်း ကြား ထားတယ်လေ ။ ဒီ ကား ပေါ် မှာ ကျွန်မ ပါလာမယ် ။ ရှင်းစရာ ရှိတယ် ။ ခေါ် ထားလိုက်ပါ ပေါ့ ။ ဘယ်ရမလဲ ဟင်း လူ ကို ဒီလို စမ်းလို့ ။ ဟိုတုန်းက ဒီ ကောင် က ပုလိပ် လေ ။ အခုတော့ ပုလိပ် ထဲ က ထွက်ပြီး ဟိုယောင် ဒီယောင် လုပ်နေတဲ့ ဂျပိုး ၊ ဒီ ဂျပိုး ကပဲ စွမ်း သလား သိကြဦးမှာပေါ့ ”

ထိုအခိုက် ပတ္တူအကာ တွင် ထိုး စိုက်ထားသည့် မောင်းချဓား မှာ ကား ခုန်သော အရှိန် ကြောင့် ကြံစည်း ပေါ် သို့ ကျ သွားရာ အနု သည် ဓား ကို ပြန် ကောက် ၍ ပိတ်လိုက်ပြီး နောက် ချွေးခံ အင်္ကျီ ကို ထုတ်ကာ ချိတ် နှင့် တွဲ ၍ အိတ်တွင်း သို့ ထည့် ထားလိုက်ပြီး မှ ထမီ ကို ပြင် ဝတ်လေသည် ။

“ ပြည် ကနေ ပြန်တဲ့ အခါ ကျ တော့ တစ်ခါတည်း လူချင်း တွေ့ပြီး ရှင်း ပြလိုက်ရင် ကောင်းမလား ။ ပထမ စာ နဲ့ ရေးပြီး ရှင်း ရင် ကောင်း မလား ဟင် ... ဒေါ်လေး ”

မျက်စိ တစ်ဖက်လပ် နှင့် ဒေါ်လေး ဆို သူ မှာ တစ်စုံတစ်ခု ကို တွေဝေစဉ်းစား နေပုံ ရ၏ ။ သူ့ တူမ ကို လည်း လှည့် မကြည့် ။

“ စာ ရေးလိုက်ဦးပေါ့ အနု ရဲ့ ”

“ စာ ကို ဘယ်လို ရေးရင် ကောင်း မလဲ ”

အနု ပါ လေသံ ပျော့ သွားပြန်သည် ။ စောစော က လို ခက်ထန် တင်းမာခြင်း မရှိတော့ ၊ မာန်မာန နှင့် ထန်ပြင်းသော လေသံ တို့ သည် လေအဟုန် နှင့် အတူ လွင့်ကျန် ရစ် နေ လေပြီကော ။

“ ဟင် …ဒေါ်လေး စာ ကို ဘယ်လို ရေးရမလဲ ” ဟု ထပ်မေးပြန်သည် ။ စောစောက ပြောသော သူ ဆီ သို့ ရေး ရန်လော ။ သို့တည်း မဟုတ် မည်သူ့ ထံသို့ ရေးမည့် စာ ပေနည်း ။ ကျွန်တော် မစဉ်းစားတတ် ။

ထိုအခိုက် ကား သည် အောင်လံ သို့ ဝင်လာသည် ။ အောင်လံ ကားဂိတ် တွင် ခေတ္တ နားစဉ် သူတို့ တူဝရီး သည် တတွတ်တွတ် နှင့် ပင် ကား ပေါ်မှ ဆင်း သွားကြပြန်သည် ။ ကား ဆက် ထွက်ရန် စက် နှိုး မှ ပင် ပြန် ရောက် လာကြလေသည် ။

“ ထပ်ပြီး မလိုက်နိုင်အောင် ကိုယ့် ဘက် က အပိုင် လုပ် မှ ဖြစ်မယ် ဒေါ်လေး ရဲ့ ။ ဒီလို ရေး မယ်လေ ။ ရှင့် ကို ကျွန်မ ငြင်း ခဲ့ တာ ဟာ တကယ့် ကို မေတ္တာ မရှိလို့ ငြင်း ခဲ့တာပါ ။ ကျွန်မ ကို အခုလို လိုက် နှောင့်ယှက် နေတာဟာ မကောင်းပါဘူး ။ ကျွန်မ ဟာ မိကောင်းဖခင် သားသမီး ပါ ။ ဒီလို ကောင်းကောင်းမွန်မွန် တောင်းပန် လို့ မှ မရရင် သက်ဆိုင်ရာ ကို တိုင် ရ ပါလိမ့်မယ် လို့ ”

“ ဘာလဲ သက်ဆိုင်ရာ ဆိုတာ က ”

“ ဂတ်ပေါ့ ဒေါ်လေး ရဲ့ ၊ ဒေါ်လေး ကလည်း အ,လိုက်တာ ။ ဟား ဟား ”

“ သိဘူးလေ ... ညည်းဟာ က ”

သူတို့ တူဝရီး မှာ ပြိုင်တူ လိုလို ရယ် ကြ ပြန်သည် ။ ထိုအခိုက် အနု ၏ ကျောဘက် တွင် တင် ထားသော လျှောစောင်ကလေး မှာ အောက် သို့ ကျ လာသည် ။ အနု သည် ကျွန်တော် ထိုင် နေသည့် နောက်ဘက် သို့ လှည့်လိုက်ပြီး နောက် ကျွန်တော့် ပေါင် ကို ရဲတင်းသော လက်ဝါး ဖြင့် ပုတ်ရင်း ...

“ အစ်ကိုကြီး တဆိတ်လောက် ” ဟု ပြောလေ၏ ။ ကျွန်တော် က လျှောစောင် ကို ကောက် ပေးလိုက်သော အခါ သူ သည် ကျေးဇူးတင်ကြောင်း ပင် မပြောဘဲ ရှေ့သို့ ပြန် လှည့် သွားလေ၏ ။

“ မနှစ်က ဒေါ်လေး ကျောက်ပန်းတောင်း သွား အလုပ် လုပ်နေ တာ ကျွန်မ ဘယ်လောက် ဒုက္ခ ရောက်တယ် မှတ်သလဲ ။ အမေ က လေဖြတ် လို့ စားဖို့ သောက်ဖို့ ဈေး ရောင်း ရတာ က တစ်မျိုး ၊ ဒီ ကောင် က တကောက်ကောက် လိုက်ပြီး ရည်းစား စကား ပြော နေတာက တစ်မျိုး ၊ အဲဒါနဲ့ ဟောဒီ ဓား ဆောင်ထားတာ ။ အူကြောင်ကြောင် လုပ်ရင်တော့ အသေ ကို ထိုး သတ်မယ် ”

ကျွန်တော် သည် တစ်ချက်မျှ မသိမသာ ပြုံး လိုက်မိ၏ ။ ကား က လည်း ပြည် ဘက် သို့ နီး သည်ထက် နီး လာသည် ။ ကျနေမို့ ပို၍ ပူသည် ထက် ပူလာသည် ။ တိုးဝင်နေသော လေ မှာ အေးမြခြင်း မရှိဘဲ ရေနွေးငွေ့ လို ပူနွေး နေသဖြင့် လေရိုက်သော အရှိန် ၊ ပူနွေးသော နေငွေ့ တို့ကြောင့် မျက်နှာ တစ်ခုလုံး ကျိန်းစပ်စပ် ဖြစ်နေလေ၏ ။

“ အဖေ လေ မဖြတ်ခင် ကတော့ မပူရဘူး ဒေါ်လေး ရဲ့ ။ အခုတော့ ကျွန်မ အလုပ် မလုပ်ရင် ဘယ်လို လုပ် စားမလဲ ။ ဒါတောင် ဟို တစ်ပတ် က ပြည် ကို ဆင်း လိုက်တာ အမြတ် မထွက်ဘဲ ရှုံး လို့ လူ ကို သေချင်စော် နံသွားတာပဲ ။ ဒီ တစ်ခါ ပြန် တက် သွားရင် ဒေါ်လေး နဲ့ အတူ ကျောက်ပန်းတောင်း အထိ လိုက်မယ် ။ ထန်းလျက် ချ ကြည့်မယ် ။ မဟန်ရင်တော့ ဒေါ်လေး ရယ် ချောက် ဘက် သွားပြီး အလုပ်ကလေး ဘာလေး ရှာ ရအောင် နော် ”

ပြည် သို့ ရောက်သော အခါ ကျွန်တော် အပါအဝင် ခရီးသည် တို့ လူစု ခွဲကြရပါတော့သည် ။ အနု နှင့် သူ့ အဒေါ်လေး တို့ သည် လည်း သူတို့ ကိစ္စ ရှိရာ သွားကြပြီ မို့ မတွေ့တော့ပါ ။

ကျွန်တော် သည် ရန်ကုန် သို့ ည ထွက်မည့် ရထားတွဲ ပေါ် တက် ၍ နေရာ ယူကာ ထိုင်နေမိရင်း အနု အကြောင်း ကို တရေးရေး တွေး နေမိပါသည် ။ မကွေး မှ နေ၍ နံနက် ၁၁ နာရီ ခန့် တွင် ထွက်လာသည် မို့ ပြည် အထိ ၆ နာရီ ကျော်ကျော် မျှသာ ကား ပေါ်တွင် ထိုင် လိုက်ခဲ့ရသည် ။ ၆ နာရီ ဟူသော အချိန်ပိုင်း မှာ ရာဇဝင် ကာလ အပိုင်းအခြား နှင့် နှိုင်းယှဉ်သော် မျက်စိ တစ်မှိတ် လျှပ် တစ်ပြက် ကာလ သာ ဖြစ်၏ ။ သို့သော် ထို မျက်စိ တစ်မှိတ် လျှပ် တစ်ပြက် ကလေး မှာ ပင် ကျွန်တော် သည် မိန်းကလေး တစ်ဦး ၏ မကြုံစဖူး ။ ထူးကဲလှသော အဖြစ်အပျက် တစ်ခု ကို မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရလေပြီ ။

အသက် အရွယ် ကလည်း နု ၏ ။ နာမည် က လည်း နု ဟူသော အဓိပ္ပာယ် ကို ဆောင်၏ ။ ရုပ်ရည်ရူပကာ မှာ လည်း ပျိုမျစ်နုနယ်လှ၏ ။ ပွင့်စ ပန်းပမာ လန်းဆန်း လှပသော အလှသွေး ကြွသော အရွယ် သာ ဖြစ်၏ ။ သို့သော် ကျွန်တော့် နား နှင့် ကြား ခဲ့သော မျက်စိ နှင့် မြင် ခဲ့သော အနု ၏ ဘဝ မှာ ကား ကြမ်းတမ်း ခက်ထန် လှချေ၏ ။ အနု အား ပွေ့ပိုက် ထားသော လူ့ ဘဝ ရင်ခွင်ကား ဖုထစ်ချိုင့်ဝှမ်း နှင့် ရက်စက်ခြင်း ၊ ညှာတာမှု ကင်းမဲ့ခြင်း တို့ သာ လျှင် ပြွမ်းတီး နေ၏ ။

ပြည်မြို့သည် တဖြည်းဖြည်း အမှောင်ရိပ် သန်းလာလေ၏ ။ အရွယ် နုနယ် သော်လည်း ဘဝ လှိုင်းတံပိုးများ ထန်သော ခရီးကြမ်း မှ အဆိုပါ ခရီးသည် မိန်းကလေး အတွက် မကြည်လင်သော မှိုင်းအုံ့အုံ့ ဖြစ်နေသော ကျွန်တော့် ရင် ကို ရှင်းလင်းစေရန် အလို့ငှာ ဘူတာရုံ ပလက်ဖောင်း သို့ ဆင်း ၍ အတန်ငယ် အေးမြလာသော လေ ကို တစ်ဝ ရှူရှိုက်ရင်း လမ်းလျှောက် နေ မိ သည်သာတည်း ။

◾မောင်နေဝင်း

📖 ငွေတာရီ မဂ္ဂဇင်း
      ဩဂုတ် ၊ ၁၉၆၄

#ကိုအောင်နိုင်ဦး
.

No comments:

Post a Comment