Friday, October 7, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၂၁ )


 

အခန်း ( ၂၁ )

နေရောင်ခြည် သည် စိမ်းလဲ့ တောက်ပနေ၏ ။ သစ်ရွက် တို့ ၏ လတ်ဆတ်သော ရနံ့ က လေပြည် ထဲ တွင် ဝေ့ဝဲ သင်းပျံ့ နေသည် ။

နေထွက်ရာ အရပ်ကို ဘာကြောင့် ' အရှေ့' ဟု ခေါ် ရပါသနည်း ။ အရှေ့ ဆိုတာ ဘာလဲ ... အနောက် ဆိုတာ ဘာလဲ ... လူတွေ ခေါ်ဝေါ်တဲ့ နာမည် သက်သက် ပဲလား ... ဒါဆိုရင် အမှန်တရား ဆိုတာ ကရော ဘာလဲ ... အမှား ဆိုတာ ကရော ဘာလဲ ... အနိုင် ဆိုတာ ကရော ဘာလဲ ... အရှုံး ဆိုတာ ရော ဘာလဲ ...

လောလောဆယ် မှာတော့ အနိုင် အရှုံး ကို အဆုံးအဖြတ် ပေးမည့် အဖြေ သည် သူမ လက် ထဲ တွင် ကိုင်ထားသည့် လေးညှို့ ပေါ် မှာ ရှိနေသည် ။

     •••••   •••••   •••••   •••••

စိုးရှား က ဆိုဖီယာလပြည့်ဝန်း ၏ လက် ထဲ မှ လေးကိုင်း ကို လှမ်း ယူ လိုက်သည် ။ ထိုနောက် တြိဂံသဏ္ဌာန် အထူစား မြားအိတ် ထဲ မှ အလူမီနီယံ မြား တစ်ချောင်း ကို ဆွဲ ထုတ်လိုက်၏ ။

ပြီးတော့ စိုးရှား က မြားအမြီး ကို ကြိုး မှာ တင်ပြီး ရှိသမျှ အားအင်ကို စုစည်း ကာ ကြိုး ကို ဆွဲ တင်လိုက်သည် ။ အသက် ကို ဝဝ ရှုသွင်း လိုက်၏ ။ ဟိုး ... ဝေးဝေး က အုတ်နံရံ ပေါ် တွင် လူတစ်ရပ် သာသာ အမြင့် ၌ ချိတ်ဆွဲ ထားသော စက်ဝိုင်းပုံ ပစ်ကွင်း ကို မြင် နေရသည် ။

စိုးရှား က စိတ်အာရုံ ကို စုစည်းပြီး ပစ်မှတ် ကို သေသေချာချာ ချိန်ရွယ် လိုက်သည့် နောက် မြား ကို ပစ်လွှတ် လိုက်၏ ။

“ ဒုတ် ...”

မြား က Bull's Eye ဟု ခေါ်သော ပစ်မှတ် ၏ အလယ်ဗဟို တည့်တည့် ရှိ အနက်ရောင် စက်ဝိုင်းကလေး ထဲ တွင် စိုက်ဝင်နေသည် ။

စိုးရှား က နောက်ထပ် မြား နှစ်စင်းကို ထပ်ပြီး ပစ်လွှတ် လိုက်ပြန်သည် ။

“ ဒုတ် ...”

“ ဒုတ် ...”

ရှေ့ဆင့် နောက်ဆင့် ဆိုသလို မြားနှစ်စင်းလုံး က ပစ်မှတ် ၏ အလယ်ဗဟိုတည့်တည့် မျှ ပင် စိုက်ဝင် သွား၏ ။ စိုးရှား က သူ့ ကိုယ် သူ ဂုဏ်ယူ ကျေနပ်သည့် တတ်တခိုး အပြုံး ကို ပြုံးရင်း လက် ထဲ မှ လေးကိုင်း ကို ဆိုဖီယာလပြည့်ဝန်း ဆီ သို့ လှမ်း ပေးလိုက်သည် ။ ပြီး ...

“ ရော့ ... ဆိုဖီယာ မင်း ပစ်ရမယ့် အလှည့် ...”

ဆိုဖီယာ က လေးကိုင်း ကို လှမ်း ယူ လိုက်သော်လည်း သူမ ၏ ဦးခေါင်း ကို တော့ ခပ်သာသာကလေး ခါရမ်း ရင်း ...

“ ကျွန်မ ရှင် နဲ့ မြားပစ် ပြိုင်ချင်တာ ဒီနေရာ မှာ မဟုတ်ဘူး ...”

     •••••   •••••   •••••   •••••

သူမ က စိုးရှား ၏ ရှည်လျားသော အပြုံး ကို ရပ်တန့် ပစ်လိုက်သည် ။ စိုးရှား က နားမလည်နိုင်စွာ ပြန်ကြည့် ရင်း ...

“ ဒါဆို မင်း က ဘယ်နေရာ မှာ ပြိုင် ချင်တာလဲ ...”

“ လာ ... ကျွန်မ နဲ့ လိုက်ခဲ့ ...”

ဆိုဖီယာလပြည့်ဝန်း က ရှေ့မှ ဦးဆောင်ပြီး အပေါ် တက်သည့် လှေကား ဆီ သို့ ခေါ်သွားသည် ။ သူမ ဦးတည် သွားနေသည် က တတိယထပ် အမြင့်ရှိ လေသာဆောင် ဆီ သို့ ...

လေသာဆောင် အစွန်း မှ နေ၍ ခြံထောင့် ရှိ သစ်ပင်ကြီး ဆီ သို့ သွယ်တန်း ထားသော ခနော်နီခနော်နဲ့ ကြိုးတံတားအိုကလေး ကို မြင် ရသည် ။

ကြိုးတံတားလေး ၏ အခင်း ပျဉ်ပြားများ က ဆွေးမြည့် နေပြီ ။ တစ်ချို့နေရာများ တွင် ပဲ့ရွဲ့ ပြုတ်ထွက် နေ၏ ။ ကြိုးတွေ က လည်း ဖွာလန်ကျဲ နေကြသည် ။

ဆိုဖီယာ က ထို ကြိုးတံတားလေး ကို လက်ညှိုး ထိုး ပြရင်း ...

“ ဟောဒီ ကြိုးတံတား ပေါ် ကို လျှောက် သွားပြီး ကြိုးတံတား အလယ် ကနေ ပစ်မှတ် ကို ပစ်ရမယ် ၊ တစ်ယောက် ကို မြားသုံးစင်း စီ ပစ် ရအောင် ဘယ့်နှယ် လဲ ...”

သူမ ၏ စကား ကြောင့် စိုးရှား က ...

“ ဘာ ... မင်း နောက်နေတာလား ...”

“ ဒါ ... နောက်စရာ ပြောင်စရာ ကိစ္စ မှ မဟုတ်ဘဲ ရှင် ... ဘာဖြစ်လို့လဲ ...”

“ ဖြစ်နိုင် မဖြစ်နိုင် မင်း စဉ်းစားကြည့်လေ ကွာ ၊ မင်း ငယ်ငယ်တုန်း က ကစား ခဲ့တဲ့ ကြိုးတံတား က ကလေး တစ်ယောက် ရဲ့အလေးချိန် ကို ခံနိုင်ပေမယ့် လူကြီး တစ်ယောက် လျှောက်မယ့် ဝန် ကို ခံ နိုင်ပါ့မလား ... ပြုတ်ကျ သွား မှာပေါ့ ...”

ပြောပြောဆိုဆို နှင့် စိုးရှား က မတော်တဆ ပြုတ်ကျလျှင် မြေပြင် နှင့် ထိရိုက်မိမည့် အမြင့်ပမာဏ ကို ငုံ့ကြည့် လိုက်သည် ။

ဘုးရား ... ဘုရား ... အမြင့်ကြီး ပါ လား ...

ပြုတ်ကျ လျှင် ဇက်ကျိုး ပြီး သေဖို့ သာ ရှိသည် ။ သူ ပင့်သက် ရှိုက် မိ၏ ။ ပြီးခဲ့သည့် တစ်နေ့ က မှ ရက်လည် ဆွမ်းသွတ် ပြီးသွားခဲ့သော သူ့ ဦးလေး ဦးစောဝင်း ကို ပြန် သတိ ရလာသည် ။

အင်း ... ဦးလေး ကတော့ သူ လုပ်ချင်တာတွေ လုပ်ပြပြီး ကျေကျေနပ်နပ် သေဆုံးသွားခဲ့ပြီ ။ ငါ က ရော ...

ငါ ကတော့ ဘာမှ မဟုတ်တဲ့ အနိုင်အရှုံး တစ်ခု အတွက် သေရမည် ဆိုလျှင် ...

သူ့ အတွေး မဆုံး ခင် မှာ ပဲ ဆိုဖီယာ ၏ စကား က သူ့ ကို ပိုပြီး ချောက်ချား စေ၏ ။

ဆိုဖီယာ က ...

“ ဟုတ်တယ် ... ဒီ ကြိုးတံတား ရဲ့ သက်တမ်း က ဆယ်နှစ်လောက် ရှိပြီ ဆိုတော့ ကြိုးတွေရော ပျဉ်ပြား တွေ ပါ မခိုင်တော့ဘူးပေါ့ ၊ ဒါပေမယ့် အဲဒါတွေ က အဓိက မကျပါဘူး လေ ၊ ကဲ ... ကျွန်မ က ပဲ အရင် စပြီး ပစ်ပြပါ့မယ် ...”

ဆိုဖီယာ က မြားတံ သုံးချောင်း နှင့် လေးကိုင်း ကို ကိုင်ပြီး ကြိုးတံတား ပေါ် စတင် ခြေချ လိုက်လေတော့သည် ။

ပထမဆုံး ခြေလှမ်း မှာ ပင် ကြိုးတံတား က သွက်သွက်ခါ ရမ်းသွား၏ ။ ကြည့် နေသော စိုးရှား က ပင် လန့်ပြီး အော် မိတော့မလို ဖြစ် သွားသည် ။

သူမ ၏ ခြေလှမ်း တိုင်း မှာ ပျဉ်ပြားဆွေးတွေ က ဂျွတ်ခနဲ ဂျွတ်ခနဲ ကျိုးကျေ ပဲ့ထွက် ကာ မြေပြင် ပေါ် သို့ သစ်သား အစအနတွေ လွင့်စင် ပြုတ်ကျ သွားကြ၏ ။ သို့သော် ဆိုဖီယာ ကတော့ တံတား ၏ ယမ်းခါမှု ကို လည်းကောင်း ပြတ်ထွက်ခါနီး ဆဲဆဲ တဖျစ်ဖျစ် မြည်နေသော ကြိုးစ ဖွာလန်ကျဲတွေ ကို လည်းကောင်း ဘာ တစ်ခု မှ ဂရုမစိုက် ။

ခြေ တစ်လှမ်း မှ နောက်တွန့် မသွား ။ သူမ ၏ စိတ် ထဲ မှာ ပကတိ မြေပြင် ပေါ် လမ်းလျှောက် နေသလို ဘာ ကို မှ ဂရု မစိုက်ဘဲ သက်တောင့်သက်သာ စိတ်အေးလက်အေး ရှိလှသည် ။

ကြိုးတံတား အလယ် သို့ ရောက်သောအခါ ဆိုဖီယာ က ပစ်မှတ်စက်ကွင်း ကို မျက်နှာ မူပြီး ရပ် လိုက်သည် ။ သူမ ၏ မျက်ဝန်းတွေ က ပစ်မှတ် မှ လွဲပြီး ဘာကို မှ မကြည့် ။

အခု သူမ ရောက်ရှိနေသော အမြင့် ... အန္တရာယ် များသော ကြိုးတံတား ... မရှုမလှ ပြုတ်ကျ သွားနိုင်သည့် ဖြစ်နိုင်ချေ ... ဘာတစ်ခု ကို မှ အာရုံ မပျံ့လွင့်  ။

ပကတိ တည်ငြိမ်သော စိတ်ဖြင့် လေးညှို့ ကို တင်သည် ။

ထိုနောက် မြားတံတွေ ကို တစ်စင်း ပြီး တစ်စင်း ပစ်လွှတ် လိုက်၏ ။

“ ဒုတ် ...”

“ ဒုတ် ...”

“ ဒုတ် ...”

မြား သုံးစင်း စလုံး က ပစ်မှတ် ၏ ဗဟိုချက် ရှိ အနက်ရောင်စက်ဝိုင်း ထဲ တွင် စိုက်ဝင် သွားကြသည် ။

ဒါကတော့ ဘာမှ မထူးဆန်းပါ ။ စိုးရှား က ပခုံး ကို သာ တွန့်ပြ လိုက်သည် ။

ဆိုဖီယာ က တည်ငြိမ်သော ခြေလှမ်းများ ဖြင့် ကြိုးတံတား အလယ် တည့်တည့် မှ ပြန် လျှောက်လာသည် ။

သူမ က လေသာဆောင် ပေါ် သို့ လှမ်း တက်လိုက် ရင်း ...

“ ဒီ တစ်ခါ ရှင် ပစ်ရမယ့် အလှည့် ...”

ဟု ပြောကာ သူမ လက် ထဲ မှ လေးကိုင်း ကို စိုးရှား ဆီ သို့ လှမ်း ပေးသည် ။

     •••••   •••••   •••••   •••••

စိုးရှား က သံမဏိထိပ်ဖူးတပ် မြားသုံးစင်း ကို မြားအိမ် ထဲ သို့ ထည့်လိုက်၏ ။ မြားအိမ် ထဲ တွင် သံလိုက် ဖြင့် ကပ်ပြီး ထိန်းထားသော ကြောင့် မြားတံတွေ ပြုတ်ကျ ထွက်ကျမည် ကိုတော့ မစိုးရိမ်ရ ။

သူ သတိကြီးစွာ ထားပြီး ကြိုးတံတားကြမ်းပြင် ပေါ် သို့ ပထမဦး ဆုံး ခြေလှမ်း ကို ဖွဖွကလေး နင်း လိုက်၏ ။ တော်သေးသည် ။ ဘာမှ မဖြစ် ။

ကြိုးတံတား ကတော့ သူ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သွက်သွက်ခါ ယမ်းသွားသည် ။ ကြောက်လန့်တကြား ဖြင့် ဟန်ချက် ကို ပြန် ထိန်းရင်း နောက် ခြေ တစ်ဖက် ကို မြန်မြန် ချလိုက်တော့ မှ ပို ဆိုးတော့သည် ။

ခြေ နင်း ထားသော ပျဉ်ချပ် က ဂျွတ်ခနဲ မြည်ကာ ပဲ့ ထွက်သွား၏ ။

ဘုရား ... ဘုရား ...

နဖူးပြင် ထက် မှ ချွေးသီးချွေးစက်တွေ စီး ကျလာသည် ။ အသက်ပင် မရှုရဲ ဘဲ နောက် ခြေတစ်လှမ်း ကို လှမ်း ရပြန်သည် ။ ကြိုးတွေ တဖျစ်ဖျစ် မြည်ကာ ထောက်ခနဲ ထောက်ခနဲ နည်းနည်းချင်း စီ ပြတ်ထွက် လာ နေ သံ ကို ကြား ရ၏ ။

မထူးတော့ပါဘူး ... ဟူ သည့် စိတ် ဖြင့် ဇွတ်တင်းကာ ရှေ့ ကို သာ တိုး နေရသည် ။ ခြေလှမ်း တိုင်း မှာ သစ်သားဆွေးများ ၏ ဂျွတ်ခနဲ ဖြောက်ခနဲ မြည်သံတွေ က သူ့ အကြားအာရုံ ထဲ တွင် မိုးကြိုးပစ်သံတွေ လို ကျယ်လောင် မြည်ဟိန်း နေလေသည် ။

( ၁၈ ) ပေ ခန့်သာ ရှိမည် ဖြစ်သော အကွာအဝေး ကို နာရီဝက်ခန့် ကြာအောင် လျှောက် လိုက်ရသည် ဟု သူ့ စိတ် ထဲ မှာ အောက်မေ့ မိသည် ။

ကြိုးတံတား အလယ် ကို ရောက်တော့ ဖြည်းဖြည်းချင်း ခန္ဓာကိုယ် ကို ထိန်းပြီး ပစ်မှတ်စက်ကွင်း ရှိရာ ဘက် သို့ သတိတကြီး လှည့် ရသည် ။

ရင် ထဲ မှာ တော့ တထိတ်ထိတ် ...

ဘယ်အချိန် မှာ ကြိုးပြတ်ပြီး တစ်ကိုယ်လုံး မြေပြင် ပေါ် ဝုန်းခနဲ ပြုတ်ကျသွားလေမလဲ ..
.
စိုးရှား ' မေ့လိုက် ... မေ့ထားလိုက် ... အဲဒါတွေကို မစဉ်းစားနဲ့ ...' ဟု သူ့ ကိုယ် သူ မနည်း သတိပေး နေရသည် ။

သူ စိတ် တင်းပြီး မြားတံ ကို လေးကြိုး တွင် တင်ကာ အား ဖြင့် ဖိ ဆွဲ လိုက်၏ ။ လေးကြိုး ကို တအား ဆွဲ ရသည့် အတွက် ခြေထောက် ပေါ် သို့ နင်းဖိအား က သိသိသာသာ တိုး သွားသည် ။ ထိုသို့ ဖြစ်သွားသည် နှင့် တစ်ပြိုင်နက် ...

“ ဖြောင်း ...”

ခြေ နင်းထားသော ပျဉ်ပြား က ကျိုးအက် သွား၏ ။

ပစ်မှတ် ကို ချိန်ရွယ် နေသော စိုးရှား ၏ စိတ် က ထိတ်ခနဲ ဖြစ်ပြီး အသည်း ထဲ တွင် အေးခနဲ လှပ်ခနဲ ခံစား လိုက်ရသည် ။

မြားတံ ကို ကမန်းကတန်း ပစ်လွှတ် လိုက် မိသည် ။

“ ဝှီး ...”

အလယ် ပစ်မှတ် ကို စိုက်ဖို့ မပြော နှင့် ... စက်ပစ်ကွင်း ထဲ သို့ပင် မဝင် ။ ဘေး သို့ နှစ်ပေကျော်ကျော် လွဲချော် ထွက်သွားသည် ။

စိုးရှား သွေး အလန့်လန့် ဖြင့် ပင့်သက် ကို ရှိုက် မိလေသည် ။

သူ့ မျက်နှာပြင် ပေါ် တွင် သာမက တစ်ကိုယ်လုံး မှာ လည်း ချွေးတွေ ရွှဲနစ် နေလေပြီ ။

     •••••   •••••   •••••   •••••

သူ ၏ မတည်ငြိမ်သော စိတ်ဖြင့် ဒီ ပြိုင်ပွဲ ကို ဆက်လက် ပြိုင်ဖို့ မဖြစ်နိုင်တော့ မှန်း နားလည် လိုက်၏ ။ အရှုံး ပေး ဖို့ သူ ဆုံးဖြတ် လိုက် ရတော့သည် ။

     •••••   •••••   •••••   •••••

အပြန် ခြေလှမ်းတွေ က လည်း သူ့ ကို တထိတ်ထိတ် ဖြစ်အောင် ခြောက်လှန့် နေသည် ။ ပျဉ်ပြား ပေါ် ခြေချ လိုက်တိုင်း မှာ အသက် မရှုမိ ။

နောက်ဆုံး လေသာဆောင် ပေါ် သို့ ပြန်ပြီး နင်းတက် လိုက်မိ တော့မှ ...

“ ဟူး ...”

ခနဲ ပင်ပန်းကြီး စွာ အောင့်ထားသော အသက် ကို မှုတ်ထုတ် လိုက်မိတော့သည် ။

စိုးရှား က လေးကိုင်း နှင့် မြားတံများ ကို ဆိုဖီယာ ရှေ့သို့ ပစ်ချ လိုက်ရင်း ...

“ ကိုယ် အရှုံးပေးတယ် ဆိုဖီယာ ...”

နေရောင်ခြည် သည် ဝါဖျော့နွမ်းနယ် နေ၏ ။ သစ်ရွက် ခတ်သံ တွေ က တယောသံ လို လို အလွမ်းသီချင်း ကို ဖွဲ့ နေကြသည် ။

သင် ရော ... မိန်းမ တစ်ယောက် ရှေ့မှာ ရှုံးနိမ့်ဖူးပါ သလား ။

ငိုရ မှာ လား ... မငိုရ ဘူး လား ... သိချင်ပါသည် ။

နည်းနည်း လောက် ပြောပြ ကြပါ ။

     •••••   •••••   •••••   •••••

“ နေရာတကာ တိုင်း မှာ အတတ်ပညာ က အရေးမကြီးဘူး လို့ ကျွန်မ ပြောခဲ့သားပဲ ၊ ရှင် က ရှင့် အတတ်ပညာ နဲ့ ရှင့် ဦးနှောက် ကို သိပ် အားကိုးတာ ကိုး ၊ တကယ်တမ်း အရေးကြီးတာ က တခြား သူတွေ အားလုံး ထက် တော်ဖို့ တတ်ဖို့ မဟုတ်ဘူး ၊ ရှင့် ရင်ဘတ် ထဲ က ရှင့် စိတ် ... ရှင့် နှလုံးသား ကို ကိုယ့် ဘာသာ အနိုင် ယူဖို့ပါ ...”

ဆိုဖီယာ ၏ လေသံ က ဝါကြွား လို သော အရိပ်အငွေ့ မသန်း ။ ပကတိ အေးချမ်း စိမ်းလဲ့နေ၏ ။ အကြင်နာ ... ဆိုတာ ဒါများလား ဟု စိုးရှား ယောင်ယမ်းကာ တွေး မိသည် ။

ဆိုဖီယာ က ...

“ ကျွန်မ ရှင့် ကို ဒုတိယ ပုစ္ဆာ အနေနဲ့ မေး ခဲ့တဲ့ ထောမတ်စ်ကျမ်းစာ ထဲ က စာပိုဒ် ကို မှတ်မိသေးလား ... ' သင့် ကိုယ်တွင်း မှာ ရှိသော အရာ ကို မွေးဖွား ဖော်ထုတ်လော့ ... ထို အရာ က သင့် အား ကယ်တင်သမှု ပြုလိမ့်မည် ...' ဆိုတာလေ ...”

“ အဲဒီ အဓိပ္ပါယ် က ကိုယ့် ကိုယ် ကိုယ် နားလည်အောင် လုပ်ဖို့ ကို အဓိက ထားပါ လို့ ပြောချင်တာ ပါပဲ ...”

“ ရှင့် အတွက် အရေးအကြီးဆုံး က ရှင့် ကိုယ် ရှင် နားလည်အောင် လုပ်ပါ ၊ တခြား သူတွေ နဲ့ ပြိုင်ဆိုင်စရာ မလိုဘဲ အနိုင် ရပါလိမ့်မယ် ...”

သူမ ၏ စကား အဆုံး တွင် စိုးရှား ၏ ဘဝ မှာ ပထမဦးဆုံး အကြိမ် အဖြစ် သူ့ ကိုယ် သူ ပြတ်သား သဲကွဲစွာ ပြန် မြင်လာသည် ။

တကယ်တော့ ငါ့ ကိုယ် ငါ တော် အောင် လုပ် နေတာဟာ သူများ ကို သရော်ဖို့ စော်ကား ဖို့ ပါပဲ ...

စိုးရှား ဘဝ မှာ ဘာကို မှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ ...

ဘာ တာဝန် ကို မှ မယူခဲ့ ...

တာဝန် ယူခြင်း သည် အစစ်မှန်ဆုံး ပေးဆပ်ခြင်း ...

အနုပညာ ကို ယုံကြည်သူတွေ က အနုပညာ အတွက် ပေးဆပ်ရဲသည့် သတ္တိ  ရှိ ကြသည် ။

တကယ်တမ်း ...

သတ္တိ ကြောင် သူ မှာ သူ ကိုယ်တိုင် သာ လျှင် ဖြစ် နေလေသည် ။

     •••••   •••••   •••••   •••••

သူ က ဆိုဖီယာ့ မျက်နှာ ကို မရဲတရဲ ကြည့်ရင်း စကား တစ်ခွန်း ပြော လိုက်သည် ။

“ မင်း နဲ့ ကိုယ် အရာရာ အားလုံး ကို တစ် က ပြန် စ လို့ ရ မလား ဟင် ...”

____________________

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

No comments:

Post a Comment