Monday, October 10, 2022

လူပျို အပျို ဖတ်စာ ( မုဒိတာစကား )


 ❝ လူပျို အပျို ဖတ်စာ ❞


      ( အကြည်တော် )


◾မုဒိတာ စကား


အမှန် ပြော ရ ရင်တော့ ချစ်သူ ရည်းစား ထားရင်း အိမ်ထောင်တွေ ဘာတွေ ပြုတဲ့ အခါ ၊ သိသင့် သိထိုက်တာလေးတွေ ကြို သိ ထားနိုင်အောင်  သတိပေး စာလေး ရေး ချင်တာပါပဲ ။


ဒါပေမဲ့ ဒီ ခေတ် မှာ ကိုယ့် ထက် တတ် နေကြတဲ့ သူတွေ များနေတော့ ပြော ရတာ ခပ် ခက်ခက်ပဲ ။ ခု ခေတ် တော့ လူ ကြည့်တော့ လက်တောက်လောက်လေး ၊ လက်တောက် ကြည့် တော့ မုန့်လက်ဆောင်း ဖတ် လောက် ၊ အတွေ့အကြုံ ကျ တော့ ဆရာကြီး ဖြစ် နေ သူ လည်း ဒု နဲ့ ဒေး ပါ ပဲ ။ 


ငယ်ငယ်ရွယ်ရွယ် နဲ့ ချစ်သူ ရည်းစား ထား ကြ ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ လက်ထပ် ကြ ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ ပဲ အသည်း ကွဲကြ ၊ ကွဲကြ ၊ ပြဲကြ ။ အချစ် ကိစ္စ နဲ့ မခံမရပ် နိုင်ကြတဲ့ အခါ ဓား နဲ့ ထိုးကြ ၊ ကတ်ကြေး နဲ့ ထိုးကြ ။


ကိုယ့် ကျ ကလိ တောင် ထိုး မယ့် သူ မရှိဘူး ။ 


ကိုယ့် မှာ အပြောအဆို ခံ နေရတာ ။


“ ဘာလဲ လူ့ လောက ကို သေး ပေါက်ဖို့ပဲ ရောက် လာတာလား ” တဲ့ ။


ကိုယ့် မှာ လည်း သေး ပေါက်ဖို့လောက် သတိ ရတာ ။


ဒါပေမဲ့ မြင်ခဲ့ရ ၊ ကြားခဲ့ရ ၊ မှတ်သားခဲ့ရ တာ လေးတွေ ကို ဆောင်ရန် ရှောင်ရန် အနေ နဲ့ အသိ ပေးချင် လို့ ဒီ စာ ကို  ရေးသား လိုက်ရပါတယ် ။


အချစ် ကိစ္စ ၊ အိမ်ထောင်မှု ကိစ္စ ဆိုတာ လွယ်လှ တာ မဟုတ်ပါဘူး ။ သူစိမ်း နှစ်ယောက် က ဘဝ တစ်ခု အဖြစ် ပေါင်းစည်းကြတာ ကိုး ။ ဘယ်လောက်ပဲ တစ်ယောက် ကို တစ်ယောက် နားလည်တယ် ပြော ပြော သူစိမ်းတွေ လေ ။


ဘယ်လိုမှ အတွင်း ကျကျ မသိနိုင်ဘူး ။ တချို့က ဖြူ ချင်ယောင် ဆောင် ထားမယ် ၊ အတွင်း မှာ တော့ အမည်း တွေ ။ တချို့က လည်း မည်းတယ် ထင်ရ ပေမဲ့ အတွင်း စိတ် က အဖြူ ။ ဒီလို လူမျိုးတွေ များ တဲ့အခါ အချစ် ဆိုတာလည်း ပိုပြီး ပွေလီ လာ ပါ တယ် ။ ကျွန်တော်တို့ ငယ်ငယ် ကတော့ မိဘ မသိအောင် ရည်းစား ထား တဲ့ ခေတ် ဆိုတော့ သိပ် မ ရှုပ်ထွေးသေးဘူး ။ အခုကျတော့ … “ ရည်းစား မသိအောင် ရည်းစား ထား ရတဲ့ ခေတ် ”


လူဦးရေ ပို များ လာ တာ နဲ့ အမျှ အချစ်တွေ လည်း ပိုမို များပြား လာပါတယ် ။ ပိုပြီးတော့ လည်း ခန့်မှန်းရ ခက် လာပါတယ် ။ ဒါ့အပြင် facebook လို နေရာမျိုး က နေ အပြင် မှာ လူချင်း မတွေ့ဖူးဘဲ ချစ်သူတွေ ဖြစ် နေကြတာ ဆို တော့ ပိုပြီး လိမ်ညာ ရတာ လွယ်ကူ နေပါတယ် ။


ဒါကြောင့်လည်း ကျွန်တော့် အနေနဲ့ သိသမျှ မှတ်သားသမျှ အတော်များများ ကို မှတ်မိ သလောက် ရည်းစား မရ ခင် နဲ့ အိမ်ထောင် မပြု ခင် ဆင်ခြင်နိုင်အောင် တင်ဆက် လိုက်ရပါတယ် ။


ကဲ ... စ လိုက်ကြရအောင် ။


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment