အခန်း ( ၁၇ )
နောက် တစ်နေ့ မနက် တွင် ...
ကော်ဖီ သောက်ဖို့ သူ ထမင်းစားခန်း ထဲ သို့ ဝင်လာသောအခါ တစ်စုံတစ်ရာ ကို ငိုင်တွေ စဉ်းစားရင်း ထိုင်နေ
သည့် သူ့ ဦးလေး ဦးစောဝင်း ကို တွေ့ လိုက်ရသည် ။
စိုးရှား က ကြက်ဥဟပ်ဖရိုက် နှင့် ပေါင်မုန့် ကို ကော်ဖီ နှင့် ဖြည်းဖြည်းချင်း မျှောချနေစဉ် မှာ ပင် ဦးစောဝင်း က
စကား တစ်ခွန်း ကို အဆက်အစပ် မရှိ ပြောချလိုက်၏ ။
“ စိုးရှား ငါ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ...”
“ ဦးလေး ကို ဘယ် ပရိုဂျူဆာ က ပိုက်ဆံ ထုတ် ပေး မှာ မို့လို့လဲ ...”
သူ့ အမေး ကို ဦးစောဝင်း က ခေါင်းခါ ပြသည် ။ ထိုနောက် ...
“ ငါ့ ပိုက်ဆံ နဲ့ ငါ ထုတ်ရိုက်မှာ ၊ ငါ စီးနေတဲ့ ကား နဲ့ ဟောဒီ အိမ် ကို ပေါင်လို့ ရတဲ့ ပိုက်ဆံ နဲ့ ရိုက်မယ် ”
“ ဗျာ ... အိမ် နဲ့ ကား ကို ပေါင်မယ် ဟုတ်လား ... ဦးလေး ...”
ဒီတစ်ခါတော့ စိုးရှား တော်တော် အံ့ဩသွား၏ ။ ဦးစောဝင်း က ဖျော့တော့လေးလံစွာ ပြုံးလိုက်ရင်း ...
“ ဘာလဲ ... ဒီတစ်ခါလည်း ငါ့ ကို အရူးထပြန်ပြီ ... လို့ မင်း ပြောချင်လို့လား စိုးရှား ...”
“ မပြောပါဘူး ဦးလေး ရာ ... ဦးလေး ရိုက်မယ့် ဇာတ်ကား မှာ မင်းသမီး က မြနဒီ ပဲ လား ... လို့ မေးချင်တာ
တစ်ခုပါပဲ ...”
ရိသဲ့သဲ့ မေးသော စိုးရှား ၏ စကား ကြောင့် ဦးစောဝင်း ၏ မျက်နှာ က ရုတ်တရက် လေးလေးနက်နက် တည်
သွား၏ ။ ခဏကြာအောင် စဉ်းစားချင့်ချိန်နေပြီး မှ ဦးစောဝင်း က ...
“ ဟုတ်တယ် မြနဒီ ပဲ ၊ ဒါပေမယ့် မင်း ထင်သလိုမျိုးတော့ မဟုတ်ပါဘူး ၊ အရင်တုန်း က မြနဒီ ကို
ငါ့ ဇာတ်ကား တွေ မှာ ထည့် ရိုက်ခဲ့တာဟာ ကိုယ်ရေး ကိုယ်တာ ခံစားချက်ကြောင့် ဆိုတာ ငါ ဝန်ခံပါတယ် ၊ ဒါပေမယ့်
ဒီ တစ်ခါ မှာ တော့ အဲဒီလို မဟုတ်ဘူး စိုးရှား ...”
“ အင်း ... ယုံတော့ ယုံချင်ပါတယ် ဦးလေး ရာ ... ဒါပေမယ့် ... ကျွန်တော် က ဘာကို မှ ယုံကြည်မှု မရှိတဲ့ လူ
... ဆိုတော့ ... ခက်တယ် ...”
ဦးစောဝင်း က စားပွဲ ပေါ် မှ ထကာ ထမင်းစားခန်း အပြင်ဘက် သို့ ခြေလှမ်း ထွက်သည် ။ တံခါးဝ အရောက် တွင်
နောက်ပြန် လှည့် ကာ စကားတစ်ခွန်း လှမ်း ပြော၏ ။
“ အေးပေါ့ကွာ ... ယုံကြည်မှု ဆိုတာ ဘဝ ကို ပေးပြီး ရင်း ရတာမျိုးကွ ... မနေ့ က အသုဘ မှာ မင်း ပြောခဲ့
သလိုမျိုး ပေါ့ ... ဘယ်လို အဖြစ်ဆိုးမျိုး နဲ့ ပဲ ကြုံရ ကြုံရ ... ကိုယ့် ရဲ့ယုံကြည်မှုရဲ့ ခေါ်ရာ နောက် ကို ရေဆုံး မြေဆုံး
လိုက်ဖို့ ငါ့ မှာ သတ္တိ အပြည့် ရှိတယ် စိုးရှား ...”
ထို စကား ကြောင့် တုန်လှုပ်ချောက်ချား ရ မလို ဝမ်းသာ အံ့ဩ ရ မလိုလို သူ ခံစားရသည် ။
_______________________
မင်းခိုက်စိုးစန်
#ကိုအောင်နိုင်ဦး
၊
No comments:
Post a Comment