❝ တိမ်းရှောင်သူ သို့ တမ်းချင်း ❞
နေ သည် ကျဲကျဲတောက် ပူလောင် နေ၏ ။ ကား လမ်းမ ပေါ် လှမ်း ကြည့် သော အခါ တံလှပ် တို့ တရိပ်ရိပ် လက်နေ၏ ။ ခေါင်း ပေါ် က ဆံပင်တွေ ညှော်နံ့ ထွက် နေ သယောင် ထင် ရ လောက်သည် ။
ရှုပ်ထွေးပွေလီ လှသော လမ်းများ ၊ ဈေးသည်များ ကို ဖြတ်ကျော် လျက် လေဟာပြင် ဈေးဟောင်း သို့ ရောက်ရှိ လာပါသည် ။ အမှန်စင်စစ် ဤ လေဟာပြင် ဈေးဟောင်း တစ်ဝိုက် သည် လည်း အလွန် စိတ်အိုက်စရာ ကောင်းသော ပတ်ဝန်းကျင် ဖြစ် ပါသည် ။
ကြည့် ... ။
ပလက်ဖောင်း အပြည့် တန်းစီ ရောင်းချနေသော အထည်သည်ကလေး များ ၊ သူတို့ ၏ အလုအယက် ဈေး ခေါ်သံများ ၊ ဈေး ဆစ်မိ သူ အဖို့ ဆိုင်ရှေ့ မှ ထွက်၍ မရအောင် အတင်းအဓမ္မ ရောင်းချနေသူများ ၊ လေဟာပြင် သံဆူးကြိုး အကာအရံ အတွင်း ရှိ ထမင်းဆိုင်များ မှ ဈေး ခေါ်သံများ ၊ လက်ပွေ့ ရောင်းချသူများ ၏ ပခုံးချင်း အတိုက် ခံရမှုများ အစ ရှိသည့် အသံပေါင်းစုံ က ပွက်လောရိုက် ဆူညံလျက် ရှိနေသည် ။ ဆေးရုံကြီး ရင်ခွဲရုံ ရှိသော ပလက်ဖောင်း ပေါ် မှာ လည်း သွားရေစာ ရောင်း ချသည့် ဆိုင်ကလေးများ ၊ ရာသီ အလိုက် သစ်သီးများ ကို ဗန်းကလေးများ တွင်ထည့် ၍ ရောင်းချ နေကြသော ဈေးသည်ကလေးများ ၊ ရေခဲရေသည်ကလေးများ တော့ ရှိပါသည် ။ သည် လေဟာပြင် ဘက် ပလက်ဖောင်း လောက် တော့ မရှုပ်ပါ ။
မျက်နှာချင်းဆိုင် ပလက်ဖောင်း နှစ်ခု ဖြစ် သော်လည်း တစ်ဖက် က ဆူသံပူသံ တို့ ဖြင့် လောင်မြိုက် နေ၏ ။ တစ်ဖက် က တော့ အေးချမ်း နေသည် ။
ရင်ခွဲရုံ ရှိရာ တစ်ဖက် ပလက်ဖောင်း သည် အေးချမ်း သည် မှန် သော် လည်း ကား အဝင် အထွက် က တော့ ရှုပ်ထွေး နေသည် ။အချို့ ကားတွေ က ဂိတ်ထိုး ထားကြ သည် ။ အသုဘ ၊ ဈာပနာ အတွက် လာရောက် ငှားရမ်းသူများ သည် သည် ပလက်ဖောင်း သို့ သာ လာရောက် ကြသည် ။
ရင်ခွဲရုံဝင်း အတွင်း မှ နိဗ္ဗာန်ယာဉ် နှင့် လိုက်ပါ ပို့ဆောင် သော ကားများ ထွက် လာ ပြီ ဆို လျှင် ၊ အမယ်ဘုတ် ရဲ့ သူ့ ချဉ်ခင် ကိစ္စ စပြီ ဟု သတ်မှတ် နိုင်သည် ။ ရွှေတိဂုံဘုရား လမ်းမ ပေါ် ၌ ပြေး နေ သည့် လိုင်းကားများ နှင့် ကိုယ်ပိုင်ကားများ သည် ထွက်လာ သည့် ကားတန်းကြီး ကို ဖြတ် မဝင်နိုင်တော့ချေ ။ ထို အသုဘ ပို့ သည့် ကားများ ကို စောင့်ရင်း ဟွန်းသံ တဆူဆူ တညံညံ ဖြင့် ကားတန်းရှည်ကြီး ဖြစ် သွား တော့သည် ။
တစ်ချိန် က ဤ လမ်းပေါ် ၌ ကား မည်မျှ ရှုပ်ထွေးသွားသည်ကို ပြောမယုံ ကြုံဘူးမှ သိ ဟူသည့်စကား ကဲ့ သို့ တွေ့မြင်ခဲ့ ဖူးသည် ။ စာရေးဆရာ ဦးသိန်းဖေမြင့် ၏ ဈာပန ကို ကျွန်တော်တို့ လိုက် ပို့မည် ဟု တိုင်ပင်ပြီး ရုံး မှ သူငယ်ချင်း နှစ်ယောက် နှင့် အတူ ဆေးရုံကြီး ရေခဲတိုက် သို့ ထွက်ခဲ့ကြသည် ။
သံရုံးကား အချို့ နှင့် ကိုယ်ပိုင်ကားများ ၊ ဘတ်စ်ကားများ တစ်စီး ပြီး တစ်စီး ထွက် လာကြသည် ။ ကျွန်တော် တို့ က နောက်ဆုံး ကား ကျ မှ လိုက်ကြမည် ဟု ပြောဆို တိုင်ပင်ကြပြီး နောက်ဆုံး ထွက် လာမည့် ကား ကို စောင့်သည် ။ ကားများ သည် ရွှေတိဂုံ ဘုရားလမ်း ပေါ် တွင် စောင့် ၍ လည်း လိုက်ပါ ပို့ဆောင် နေကြ သဖြင့် ကားတန်းကြီး မှာ မဆုံးနိုင် ၊ မကုန်နိုင်အောင် ဖြစ်ခဲ့ရသည် ။ ကားတန်း မည်မျှ ရှည်သနည်း ဟု ဆိုသော် ကြံတောသုဿန် သို့နိဗ္ဗာန်ယာဉ် ရောက်သည့် တိုင် ရင်ခွဲရုံ ရှေ့ မှ ထွက်သည့် ကားတွေ က မကုန်နိုင်သေး ။ နောက်ဆုံး ကျွန်တော် တို့ သုံးယောက် စိတ်ပျက် ပြီး ဈာပန ကို လိုက်ပါ မပို့ဆောင် ဖြစ်ကြတော့ပေ ။
ဤနေရာ တစ်ဝိုက် တွင် ကားများ ရှုပ်ထွေးခြင်း ၊လူများ ၊ဆိုင်များ ရှုပ်ထွေးခြင်း ၊ အော်သံဟစ်သံ တို့ ဖြင့် ဆူညံခြင်းများ သည် လူတို့ ၏ မျက်စိပသာဒ အမြင် နှင့် နားသောတ အကြား တို့ အတွက် တစ်ကွက် ကလေး မျှ အေးမြမှု မရှိ သလောက် ပင် ။
သည် နေ့ လည်း နေ က မညှာမတာ ပူလောင် လွန်းလှသည် ။
နေ ပူသလို ကျွန်တော့် ရင်ထဲ ၌ လည်း ပူလောင် နေသည် ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့် အခင်မင်ဆုံး သူငယ်ချင်း ၏ ဖခင်ကြီး ဆုံးပါး သွား ၍ ဖြစ်သည် ။ သည် ယနေ့ ဆေးရုံကြီး ရင်ခွဲရုံ မှ တာမွေ သုဿန် သို့ ပို့ဆောင် ဂူသွင်း သင်္ဂြိုဟ်မည် ။
ကျွန်တော်တို့ ဌာန တွင် ရုံးလုပ်ငန်း တာဝန် များ ပိကျနေ ချိန် ဖြစ် သဖြင့် ဖခင် ဈာပန တွင် အချိန် ပြည့် မနေနိုင် ။ သုဿန် သို့ ပို့ဆောင် ရုံ အချိန်ကလေး ကို ပင် အလုအယက် ရရှိ အောင် ကြိုးစား ခဲ့ရသည် ။
များပြား ရှုပ်ထွေးလှသော ကားတွေ ကြား မှ ဝင် လျက် ရင်ခွဲရုံအအေးတိုက် သို့ လျှောက် လာခဲ့ရသည် ။ အသုဘ ပို့ဆောင်မည့် လူအုပ်ကြီး ကို ဖြတ်ကျော် မိသော အခါ သူငယ်ချင်း ဖခင်ကြီး ၏ ရုပ်ကလာပ် ရှေ့ သို့ ရောက်ရှိ လာခဲ့ပါသည် ။
“ မင်း လာတာ နောက်ကျလှချည်လား ”
အပူရုပ် ကို ဟန်လုပ် ၍ ဖုံးဖိထားသော သူငယ်ချင်း ဖြစ်သူက မေး လာပါသည် ။
“ ဆောရီးပဲ ကွာ ၊ ငါ လည်း ရုံး အလုပ်တွေ ဘေး ကို ပုံချပြီး ပြေး လာခဲ့တာပဲ ၊ နည်းနည်း နောက်ကျ သွားတယ် ၊ ငါ က မီမယ် တောင် မထင်တော့ဘူး ၊ တော်သေးတာ ပေါ့ကွာ ... ”
“ သရဏဂုံ တော့ တင်ပြီးသွားပြီ ၊ နိဗ္ဗာန်ယာဉ် စောင့်နေတာ ”
“ ပေးလေ ၊ မင်း လက် ထဲ က ယပ်တောင်တွေ ၊ ငါ လိုက် ကမ်းလိုက်မယ် ”
သူ က ကျွန်တော့် ကို ယပ်တောင်များ လှမ်းပေးပြီး အခြား ကိစ္စရပ်များ စီစဉ်ရန် ထွက်ခွာ သွားပါသည် ။ ကျွန်တော့် သူငယ်ချင်း မိသားစု မှာ အတော်အသင့် ချမ်းသာသော မိသားစု ဖြစ်သဖြင့် မိတ်ဆွေသင်္ဂဟများ အလွန် ပေါများပါသည် ။ ကုန်သည်ပွဲစား ဖြစ်နေခြင်း က လည်း ဤမျှ မိတ်ဆွေသင်္ဂဟ များပြား ရန် ဖန်တီးနေခြင်း ဖြစ်တန်ရာ ပါသည် ။
ယခု သူငယ်ချင်း နှင့် ရပ် လျက်စကား ပြောနေချိန် မှာ မိနစ်ပိုင်းကလေး မျှ သာ ဖြစ်ပါသည် ။ ထို အချိန်ပိုင်းကလေး အတွင်း ထမီမနိုင် ပဝါမနိုင် ငိုယိုသူများ ဆံပင်ဖားလျား ထိန်း ၍ မနိုင် အော်ဟစ် ငိုယိုသူများ ၊ တက်မတတ် ချက်မတတ် အော်ဟစ်ငိုယို နေသူများ မှာ ကျွန်တော့် မျက်မှောက် ၌ ဆယ်ယောက် မျှ ရှိ နေချေပြီ ။
လက် ထဲ မှ ယပ်တောင်တွေ ကို တစ်ခု မကျန် ဖြန့်ဝေပြီး နောက် ကျွန်တော် သည် သူငယ်ချင်း ဖခင်ကြီး ၏ ရုပ်ကလာပ် ရှေ့သို့ တစ်ခေါက် ပြန် ရောက် လာ၏ ။ ရုပ်ကလာပ် ရှေ့တွင် မျက်ရည် ကျနေသူများ ၊ အသံထွက် ငိုယို နေသူများ ၊ တက်တခေါက်ခေါက် လက်သီးတစ်ဆုပ်ဆုပ် နှင့် နှမျောတသနေသူ အရွယ်စုံ ယောက်ျား မိန်းမများ ကို တွေ့ နေရပါသည် ။ ကျွန်တော် မသိသော သူငယ်ချင်း ၏ အရင်း အဖျား ဆွေမျိုးများ ဖြစ်ဟန် ရှိပါသည် ။
တအုံးအုံး တဝုန်းဝုန်း ဝန်းပတ်လျက် ရှိ နေသော လူအုပ်ကြီး ၏ အလယ် တွင် မွန်းကြပ် လာ သဖြင့် လူအုပ် နှင့် လွတ်ရာ အပြင်ဘက် သို့ ထွက် လိုက်မိတော့၏ ။ ထိုသို့ ထွက် လိုက်မိတော့ မှ ပင် သားသားနားနား လူများ နှင့် နောက်ဆုံးပေါ် ကိုယ်ပိုင် ကားများ ကို မတွေ့ချင် ၍ မရ ၊ တွေ့မြင် သတိ ပြုရတော့သည် ။ ထို မြင်ကွင်း ထဲ တွင် သားနားခြင်း ၊ စည်ကားခြင်း နှင့် သိုက်မြိုက်ခြင်း တို့ ပြည့်နှက် နေ၏ ။
“ အော် .. ငါ့သူငယ်ချင်း ရဲ့ ဖခင်ကြီး က ဖြင့် တယ် လည်း ကံကောင်းပေ တာပဲ ၊ သူ့ ဘဝ ရဲ့ နောက်ဆုံး ခရီးလမ်း မှာ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား နဲ့ သူ့ ကို နှုတ်ဆက် ပို့ဆောင် နေကြတာ ကို တမလွန် ဘဝ က ကြည့် ပြီး ကျေနပ် နေရှာမှာပဲ ”
ထိုသို့ပင် ကျွန်တော် တွေး နေမိပါသည် ။ ထို အတွေး က ကျွန်တော့် ရင် ကို အထိုက်အလျောက် ဖြေသိမ့် စေနိုင်ခဲ့ပါသည် ။
ကျွန်တော် သည် မြင်ကွင်း ကို ကျောခိုင်း ၍ တစ်ဖက် လူ ရှင်းရာ ဆီ သို့ ထွက်လာ ခဲ့မိပါသည် ။
“ အလို ... ”
သည် ဘက်ခန်း မှာ လည်း အလောင်း တစ်လောင်း ပါလား ... ။
ရေခဲတိုက် တွင် အလောင်း ပြင်ရန် အခန်းငယ်များ ‘ ကန့် ’ ထား သည် ။ သည် အခန်း သည် အစွန်ဆုံး ကျသည် ။ အမှန်စင်စစ် အား ဖြင့် သည် အခန်း ထဲ တွင် လူသေအလောင်း တစ်လောင်း တည်း တော့ မဟုတ်ပါ ။ မျက်နှာသုတ်ပဝါဟောင်း တစ်ထည် ကို ပခုံး ပေါ် တင်လျက် အသက် သုံးဆယ် နီးပါး ရှိသော ညှိုးငယ်နွမ်းပါး လှသည့် မိန်းမ တစ်ယောက် သည် လည်း အလောင်းစင် နံဘေး ၌ ရပ်နေပါသည် ။ မိခင် သေဆုံး သဖြင့် လည်းကောင်း ၊ ဖခင် သေဆုံး သဖြင့် လည်းကောင်း ၊ ခင်ပွန်း သေဆုံး သဖြင့် လည်းကောင်း ၊ ဇနီးမယား သေဆုံး သဖြင့် လည်းကောင်း ၊ သား ၊ သမီး ၊ ညီ ၊ အစ်ကို ၊ မောင် ၊ နှမ ၊ ဦးကြီး ၊ ဦးလေးများ သေဆုံး သွားကြ သဖြင့် ပူဆွေးကြရသူ များ ကို ကျွန်တော် မြင် ဖူး ခဲ့ပါသည် ။
အချို့သည် အော်ဟစ်၍ လည်းကောင်း ၊ အချို့ သည်ကြိတ်၍ ရှိုက်ငင်၍ လည်းကောင်း ၊ အချို့ သည်အသံ မထွက်ဘဲ မျက်ရည်တတွေတွေ ကျဆင်း၍ လည်းကောင်း ၊ အချို့ သည် အံတင်းတင်း ကြိတ်ကာ နောက်ဆုံး “ တက် ” သွား သည် အထိ ပူဆွေး ကြသည် ကို မြင်ဖူး တွေ့ဖူး ကြုံဖူး ခဲ့ပါသည် ။ ပူလောင်သည့် ဤ မြင်ကွင်း များ သည် မည်သူ့ ရင် ကို မျှ အေးမြစေလိမ့်မည် တော့ မဟုတ်ပါ ။ ထို မြင်ကွင်းများ သည် ကြည့်မြင် ရ သူ အား စိတ်နှလုံး မကြည်မလင် စိတ် မသက်မသာ ဖြစ်စေသည် ကတော့ အမှန် ပင် ဖြစ်ပါသည် ။
ဟိုမှာ ဘက်ခန်း ကျွန်တော့် သူငယ်ချင်း ၏ ဖခင် ဈာပန ၌ တအုံးအုံး တကြွက်ကြွက် ငရဲမီး ပွက်သည့် နှယ် ငိုကြွေး နေကြ သူ ကြေကွဲ နေကြ သူ များ ကို လတ်တလော တွေ့မြင် ရ ပြီး ဖြစ်ပါသည် ။ ထို မြင်ကွင်းများ သည် စိတ်ညှိုးနွမ်း ပင်ပန်းဖွယ်ရာ ဖြစ် သော်လည်း သိုက်မြိုက် စည်ကားလှသည့် အခြေအနေ ကြောင့် တစ်နည်းတစ်ဖုံ စိတ် သက်သာရာ ရ စေနိုင်သည် ဟု တွေးမိသည် ။
သည်မှာ ဘက် ... ။
သည်မှာ ဘက် နှင့် ဟိုမှာ ဘက် ကား မီး နှင့် ရေ ကဲ့သို့ ကွဲပြားခြားနား နေ၏ ။ ခြစ်ခြစ်တောက် ပူလောင် နေသော သဲကန္တာရ အရပ် နှင့် ရေ ခဲ သော မြောက်ဝင်ရိုးစွန်း အရပ် ကဲ့ သို့ ကွဲပြား ခြားနား နေ၏ ။
ဟိုမှာ ဘက် တွင် တအုံးအုံး တကြွက်ကြွက် ဖြင့် ဆူပွက် နေသည် ။ ဆွဲသူ ၊ လဲသူ ၊ ငိုကြွေးသူများ ဖြင့် ဆူညံ နေသည် ။ ပန်းခွေ ၊ ပန်းခြင်း အများအပြား ဖြင့် သိုက်မြိုက် နေသည် ။ ကားကြီး ကားငယ် အသွယ်သွယ် ဖြင့် စည်ကား နေသည် ။
သည်မှာ ဘက် တစ်ခြမ်း မှာ ကား ... ။
အလောင်း တစ်လောင်း နှင့် မိန်းမ တစ်ယောက် တည်း သာ ... ။
ထို အမျိုးသမီး ၏ အသက်အရွယ် နှင့် သေဆုံးသူ ၏ အသက်အရွယ် ကို ခန့်မှန်း ကြည့် ရသည် မှာ လင်မယား ဖြစ်ဟန် ရှိပေသည် ။ အမျိုးသမီး ၌ သန့်ပြန့်သော ရုပ်ရည် ရှိ သော်လည်း ရုပ်ရည်နှင့် မလိုက်အောင် ပင် အဝတ်အစား က နွမ်းပါး လှ၏ ။ ပခုံး ပေါ် တင် လိုက် လက် ဖြင့် ဝှေ့ယမ်းလိုက် လုပ်နေသော မျက်နှာသုတ်ပဝါကလေး သည် ပင် ညှိုးယော်စုတ်ပြဲ လျက် ရှိနေ၏ ။
ထို အမျိုးသမီး ၏ ညိုးငယ် လှသော မျက်နှာမျိုး ကို တစ်သက် နှင့် တစ်ကိုယ် မမြင်ခဲ့ဖူးချေ ။ ထို မျက်နှာ ၌ ညှိုးငယ်မှု အပြင် နွမ်းနယ်မှု ၊ ကြေကွဲဝမ်းနည်းမှု ကို လည်း တွေ့ နေရပြန်သည် ။ ထို အမျိုးသမီး ၏ မျက်လုံး တို့ ၌ ယုံကြည်ချက် ၊ မျှော်လင့်ချက် တို့ ကင်းမဲ့ လျက် ရှိနေ၏ ။ သူမ ၏ အသက် မဲ့သော အကြည့် များ သည် စကြဝဠာ တစ်ဖက် စွန်း မှ အခြား တစ်ဖက် စွန်း သို့ ကြည့်နေ သည့် ပုံ နှယ် တည်း ။ ကြည့် သာ ကြည့် နေ သော်လည်း သူမ သည် ဘာ ကို မျှ မြင်ဟန် မတူချေ ။
ကြေကွဲ ဝမ်းနည်းဖွယ်ရာ ကောင်းသော ဤ ဈာပန ၌ ထို အမျိုးသမီး အတွက် ကူညီစောင့်ရှောက်မည့် သူ တစ်ဦး တစ်ယောက် မျှ မရှိကြပြီလော ။ သွားလေသူ ၏ နောက်ဆုံး ခရီးလမ်း အတွက် အကျိုးဆောင် ပေး ကြမည့် သူ များ အဘယ့်ကြောင့် ဤမျှ နည်းပါး ရ လေသနည်း ။ ဤမျှ ကြေကွဲဖွယ်ရာ မိတ်ဆွေ သင်္ဂဟ နည်းပါး တိတ်ဆိတ် နေရခြင်း ၏ အကြောင်းရင်း ရေသောက်မြစ် ကား ထိုအမျိုးသမီး နှင့် ကွယ်လွန်သူ တို့ ၏ နွမ်းပါး ဆင်းရဲခြင်း လော ... ။
ကျွန်တော် သည် အိပ်ကပ် ထဲ ၌ ရှိရှိ သမျှသော ငွေကြေး အား ထို ဈာပန ကို ကူညီပံ့ပိုးသောအား ဖြင့် ထို အမျိုးသမီး အား သွားရောက် ပေးအပ်ချင်ပါသည် ။ ကွယ်လွန် သွားလေ သူ အတွက် ပံ့ပိုး သည့် နည်းပါးလှသော ငွေကြေး သည် ညှိုးနွမ်းလှ သော အမျိုးသမီး ၏ ဂုဏ်သိက္ခာ ကို စော်ကား သလိုမျိုး ဖြစ် သွားမည် ကို လည်း အမှန်ပင် စိုးရိမ်ရပါသည် ။
ဆင်းရဲခြင်း နှင့် သေဆုံးရခြင်း နှစ်မျိုး တွင် ' ဆင်းရဲခြင်း သည် သေရခြင်း ထက် ဆိုးရွား၏ ယခု ဆိုထိုက်ကြောင်း ’ ဆုံးမစာ တစ်ခု ၌ ပြဆို ထားခဲ့သည် ။ သေဆုံးရခြင်း မှာ တစ်ခဏတာမျှ ပင်ပန်း ဆင်းရဲရခြင်း ဖြစ်သည် ။ဆင်းရဲခြင်း မှာ အကြိမ်ကြိမ် ထုရိုက် ချေမွအပ်သော တရော်ချောင်း ကဲ့သို့ ချေမွ ခံ ရခြင်း ပင် ဖြစ်သည် ။ ယခုဤ အမျိုးသမီး နှင့် ကွယ်လွန်သူ တို့ သည် ပထမ ဆိုးရွားသော ဆင်းရဲခြင်း ဒဏ် နှင့် အတူ ဒုတိယ ဆိုးရွားသော သေဆုံးခြင်း ဒဏ် ကို ပါ တစ်ပြိုင်နက် ခံစား လိုက်ကြပုံ ရပါသည် ။
မိန်းမ တစ်ယောက် နှင့် အလောင်း တစ်လောင်း သာ ရှိသော ဤ အခန်းထဲ ၌ ဆိတ်ငြိမ်ခြင်းသာ မင်းမူ နေပါသည် ။ ဤ ကြေကွဲဖွယ်ရာ အခန်း ထဲ ၌ ဤသူတို့ ၏ ‘ သား နှင့် သမီး ’ နှင့်တူ သူ တို့ကို မတွေ့ရပါ ။ သားသမီး တို့ ဆိတ်သုဉ်း နေပါသည် ။ အပူဒုက္ခ ဟူသမျှ ကို ခွဲဝေ ခံစားမည့် မိတ်ကောင်း ဆွေကောင်း တို့ ကို လည်း တစ်ယောက် မျှ မတွေ့ ရပါ ။ မိတ်ကောင်း ဆွေကောင်း တို့ ဆိတ်သုဉ်း နေပါသည် ။ ဆင်းရဲခြင်း ဆိုသည် မှာ ဆိတ်သုဉ်းခြင်း တို့ တွင် သရဖူ ဆောင်း ပါသည် ။
ထိုသို့ တွေး လိုက်မိသည့် တဒင်္ဂ အတွင်း ၌ ဆင်းရဲနွမ်းပါးခြင်း ၏ ခါးသီးသော အရသာများ သည် ကျွန်တော် ၏ သွေးကြောများ ထဲ သို့ ပျံ့နှံ့ စိမ့်ဝင် သွားပါ လေတော့သည် ။
ထို အခိုက် မှာ ပင် အမျိုးသမီး သည် သွားလေသူ ၏ မျက်နှာ ပေါ် သို့ လာ နား သော ယင် တစ်ကောင် ကို မျက်နှာသုတ်ပဝါလေး ဖြင့် ခါယမ်း မောင်းထုတ် လိုက် ရှာ၏ ။ ရုတ်တရက် အိကနဲ အသံ ကြား လိုက်ရ သဖြင့် ထို အမျိုးသမီး ငို လေပြီ ဟု စိုးရိမ်တကြီး ဖြင့် လှမ်း ကြည့် လိုက်မိပါ၏ ။
မငိုပါ ... ။
ထို အမျိုးသမီး မငိုပါ ... ။ အိကနဲ ထွက် လာသော အသံ မှာ ထို အမျိုး သမီး ၏ ငိုရှိုက်လိုက်သံ မဟုတ်ပါ ။ သို့သော် ... ထို အခိုက်အတန့် အတွင်း ၌ တစ်သက် နှင့် တစ်ကိုယ် မခံစားမိခဲ့ ဖူးသော စိတ် မကောင်းခြင်း ကြီးစွာ ဖြစ်မှု ကို နာကျင် စွာ ခံစား လိုက်ရပါ၏ ။ ထို အမျိုးသမီး ငိုမည် ကို စိုးရိမ်ကြီးစွာ ဖြင့် ကျွန်တော် လှမ်း ကြည့် မိခဲ့၏ ။ တင်း ထား နိုင်ပေသည် ဟု လည်း ချီးမွမ်း လိုချင် ခဲ့သည် ။
ဤမျှ ပူဆွေးဖွယ်ရာ ကောင်း သည့် ကိစ္စကြီး ၌ ထို အမျိုးသမီး ငိုရှိုက်မည် ကို ကျွန်တော် အဘယ့်ကြောင့် ချီးကျူး ချင် ခဲ့ရသနည်း ။
ကျွန်တော် သည် ထို အမျိုးသမီး အပေါ် ၌ မညှာတာရက်ခဲ့ လေ တကား ... ။ ကျွန်တော့် အမြင် မှားယွင်းခဲ့ပါသည် ။
ထို အမျိုးသမီး ငိုရှိုက် နေသည် ကို ထို တဒင်္ဂ အတွင်း ၌ ကျွန်တော် သိ နားလည် လိုက်ရပါလေပြီ ။
သူမ သည် သူသူငါငါ အများတကာ ငို ကြ သကဲ့ သို့ မျက်ဝန်းအိမ် မှ မျက်ရည် တတွေတွေ ကျဆင်းလျက် ငိုရှိုက် နေခြင်းတော့ မဟုတ်ပါချေ ။ တစ်ထောင် တွင် တစ်ယောက် ၊ တစ်သောင်း တွင် တစ်ယောက် လောက် သာ ငို တတ်ကြသည့် နာကျင်သော နှလုံးသား မှ နှလုံးသွေး တစိမ့်စိမ့် ကျဆင်း စေ သော ငိုကြွေးခြင်း ဖြင့် ငိုကြွေး နေခြင်း သာ ဖြစ်ပါချေ၏ ။
အိကနဲ ရှိုက်လိုက် ပြီး ကာ မှ တင်း ထားလိုက်သော မျက်နှာ ၌ အားမာန် လုံးဝ မပါ ။ အင်အား လုံးဝ မရှိသည့် သူမ ၏ အကြည့် သည် ပြိုကွဲ သွားရှာပြီ ဖြစ်သော သူမ ၏ မြင့်မိုရ်တောင် အပြိုအပျက် ကြီး ပေါ် သို့ သာ ရောက်နေရှာ၏ ။ ဒုက္ခ များမြောင်လှသော ဤ လူ့ဘောင်ကြီး ၌ “ ကျွန်မ တစ်ယောက် တည်း ထားရက်ခဲ့ သလား ရှင် ” ဟု တိမ်းရှောင်သွား သူ ကို ပြော နေသယောင် ။ လက် နှစ်ဖက် ဖြင့် ကူးယက်နေရာ မှ လက်မောင်း တစ်ဖက် ပြုတ် သွားသူ အဖို့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီး ၌ စုံးစုံး နစ်မြုပ်ရခြင်း သာ သူမ ၏ အကောင်းဆုံး ဘဝ ရလဒ် ဟု သူမ ယူဆထားပြီး ဆိုတာ သူမ ၏ မျက်နှာ ကို ကြည့် ပါက သိ နိုင်သည် ။
ကျွန်တော် သည် ထို မြင်ကွင်း ကြောင့် ဆောက်တည်ရာ မရ လောက် အောင် ပင် စိတ် ထိခိုက် မိသည် ။ ဝေသီ လာသော မျက်လုံးများ ကို မျက်တောင်များ ဖြင့် ခပ်ထုတ် လိုက်ရ၏ ။ သို့မှ သာ ယောက်ျား တန် မဲ့ ကျဆင်း လာ မည့် မျက်ရည်များ ကို တားဆီး နိုင် မည် မဟုတ်ပါလား ။
ကျွန်တော် မည်မျှ တွေးနေ ငေးနေ သည် မသိပါ ။
“ ဒူ ... ဝေ ... ဝေ ... ဝေ ... ”
ကြေးစည်သံ ထွက်ပေါ် လာ သော် လည်း ကျွန်တော့် ရှေ့ မှ ကြေကွဲစရာ မြင် ကွင်း ကို ငေးမော နေသည့် အတွက် ကြေးစည်သံ ကို ရုတ်တရက် မကြား ဘဲ ရှိပါသည် ။
“ ဟေ့ကောင် ဘာ ငေးနေတာလဲ ၊ လူတွေ ကား ပေါ် တက်ဖို့ လိုက်ပြလေ ၊ နိဗ္ဗာန်ယာဉ် ရောက် လာပြီ ... ”
ကျွန်တော် သည် အလန့်တကြား လှည့် ကြည့်မိသည် ။ ကျွန်တော့် သူငယ်ချင်း သည် ကျွန်တော့် ကို ရပ်ပြီး ပြောနေသည် မဟုတ်ပါ ။ အပြေးအလွှား အော်ဟစ် ပြော သွားခြင်း ဖြစ်ပါသည် ။ ကျွန်တော် သည် ကြေကွဲဖွယ်ရာ မြင်ကွင်း ၌ အာရုံ နစ်မြုပ် နေသည် မဟုတ်ပါလော ။ သူငယ်ချင်း ဖခင်ကြီး ၏ ရုပ်ကလာပ် ကို နိဗ္ဗာန်ယာဉ် ပေါ် တင် နေ ကြပေပြီ ။
“ အောင်မယ်လေး အစ်ကိုကြီး ရဲ့ ... ကျွန်မတို့ ကို ဒီအတိုင်း ထား ပစ်တော့မလား အစ်ကိုကြီး ရဲ့ .. ”
ဆွဲဆွဲငင်ငင် အော်ဟစ် ငိုရှိုက်လိုက်သံ တို့ သည် ဘဝဂ် လျှံသွားသည် ဟု ကျွန်တော် ထင် လိုက်၏ ။ သူငယ်ချင်း ၏ သွားလေသူ ဖခင်ကြီး သည် ကျန်ရစ်သူ များ အား လက်ချည်း သက်သက် မထားခဲ့ပါ ။ အိမ် ၊ ရွှေ ၊ ငွေ ၊ ကား ၊ လုပ်ငန်း အဝဝ ထား ပစ်ခဲ့ပါသည် ။
ထား လိုက်ပါတော့ ။
ကျွန်တော့် စိတ်လိပ်ပြာ သည် ဟိုမှာ ဘက်ကမ်း သို့ ပြန်လည် ကူးသန်း သွား ပါသည် ။ တိမ်းရှောင် သွားလေ သူ နှင့် အားငယ်စွာ ကျန်ရစ် ရှာ သူ တို့ ၏ အခန်း သို့ သာ ပြန်လည် ရောက်ရှိ သွားပါသည် ။
“ အများတကာ လို ရင်ကွဲပက်လက် အော်ဟစ် ငိုကြွေး လိုက်ပါလား ဗျာ ... ”
“ ထိန်းမနိုင် သိမ်းမရ လဲကျသွားသူတွေ လို အော်ဟစ် ငိုကြွေး လိုက်ပါလား ဗျာ ”
“ အဲဒီလို ငို လိုက်ပြီး ခင်ဗျား ရင် ထဲ ထိ အသည်းနှလုံး ထဲ က တစက်စက် ကျ နေတဲ့ နှလုံးသွေးတွေ ကို ရပ် ပစ် လိုက်ပါတော့လား ဗျာ ... ”
ကျွန်တော် သည် ကြေကွဲစွာ ဖြင့် စိတ် ထဲ မှ လှမ်း ပြော နေမိပါသည် ။ ကျွန်တော် တို့ ၏ အသုဘ ပို့ဆောင်သော ကားများ ထွက်ခွာကြပါပြီ ၊ တိမ်း ရှောင် သွားလေသူ အား မျက်နှာသုတ်ပဝါ အဟောင်းအစုတ်ကလေး ဖြင့် တဖျတ်ဖျတ် ခတ် နေ ရှာသော ကြေကွဲနေ သူ ၏ အသံ မထွက် မျက်ရည် မကျ သော ငိုပွဲ အား ကျွန်တော် နောက်ဆုံး လှမ်းကြည့် လိုက်မိပါသည် ။
တဖြည်းဖြည်း ကျန်ရစ်ခဲ့သော မြင်ကွင်း ... ။
လူ ရှင်း၏ ။ အေးဆေး၏ ။ တိတ်ဆိတ်၏ ။ ငြိမ်သက်၏ ။ သို့သော် ...
ကျွန်တော့် ရင် ကို ပူလောင်လွန်းလှစေသည် တကား ။
မှတ်ချက် ။
( ၁၉၈၆ ခုနှစ် ဝန်းကျင် ၌ ရေးဖွဲ့ ခဲ့ပါသည် ။ )
◾မောင်ဆောင်းကြင်
📖 အလင်္ကာရပ်ဝန်း
ဝတ္ထုတိုစာစု ( ၇ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment