Wednesday, October 19, 2022

မှားပါတယ်


 

❝ မှားပါတယ် ❞

နာမည်ကြီး ခါးပိုက်နှိုက် ဂျက်တူး ( ခေါ် ) ကိုဂျက် ( ခေါ် ) စိုးကြီး နှင့် လုပ်ဖော်ကိုင်ဖက် တိုနီ ( ခေါ် ) မောင်နီ တို့ သည် လုပ်ငန်း စ ရန် အတွက် သိမ်ကြီးဈေး စီရုံ မှတ်တိုင် မှ နံပါတ် ၄ဝ ဘတ်စ်ကား ပေါ် တက် လိုက်ကြသည် ။ ကား ပေါ် ရောက်သည် နှင့် တစ်ပြိုင်နက် လုပ်ကွက် တစ်ခု ကို တွေ့ လိုက်ရ၍ လူချင်း ခွဲ ပြီး နေရာ ယူ လိုက်ကြသည် ။ လက် တစ်ဘက် စီ တွင် လက်ကောက် ဆယ်ကွင်း ခန့် စီ နှင့် နှစ်ကျပ်သား ခန့် ရှိ ဆွဲကြိုးကြီး ဆွဲပြီး နောက်ဆုံး ထိုင်ခုံတန်း တွင် ထိုင် နေသည့် အမျိုးသမီး ကို လုပ်ကွက် အဖြစ် သတ်မှတ်ပြီး ခွင် ချ ထား လိုက်သည် ။

အမျိုးသမီး သည် လမ်းမတော် သံဈေး သို့မဟုတ် သိမ်ကြီးဈေး မှ ဈေး ဝယ် ပြီး ပြန် လာတာ ဖြစ်မည် ။ သူ့ ရှေ့ တစ်ခုံ ကျော် က အမျိုးသမီး တစ်ဦး ကို လေသံ မြှင့် ပြီး စကား လှမ်း ပြော နေသည် ။

“ ကုန်ဈေးနှုန်း က တော့ သိတဲ့ အတိုင်းပေါ့ ။ ကြက်သွန်များ တစ်ပိဿာ ကိုးဆယ် တဲ့ ၊ ကျွန်မ အသက် သုံးဆယ် ရှိပြီ ၊ တစ်ခါ မှ မကြားဖူးပါဘူး ။ ဝက်သား က တစ်ရာ့ရှစ်ဆယ် ဆိုတော့ ဝက်သား ပဲ စား တော့တယ် ၊ ဆီ ကုန် သက်သာတယ် ၊ ဆီ က တစ်ရာ့ခြောက်ဆယ် ဖြစ် သွားပြီလေ ၊ရွှေ ဈေး လေး ပြန် ကျလို့ တော်ပါသေးရဲ့ ၊ နှစ်သောင်းသုံးထောင် ဆိုတာ နဲ့ ဝယ် စုထားလိုက်တယ် ။ ဟိုတစ်လော က လေးထောင့်ငါးရာ အထိ တက် သွားတယ် ။ အမျိုးသား ဆီ က တော့ စာ လာပါတယ် ။ ရွှေ မဝယ် နဲ့ တဲ့ ၊ သူ ပြန်လာ မှ ဘန်ကောက် က ဝယ် လာမယ်တဲ့ ။ ထိုင်းရွှေ က အရောင်စိမ်း တယ် ၊ ဒီက သိပ် မကြိုက်ကြဘူး ၊ အမျိုးသား က ဂျပန် နဲ့ ဘန်ကောက် ပုံမှန် ဆွဲ နေရတယ် … ရှေ့ လ လောက်ဆို ပြန် ရောက်မယ် ”

အတွေ့အကြုံ များ ပြီး အထာ ညက် နေသည့် ဂျက်တူး တို့ က သင်္ဘောသား မယား မှန်း သိ လိုက်ပြီ ။ လုပ်ငန်း အထောက်အကူ ပြု အခြေခံ တစ်ခု အတွက် အမျိုးသမီး ဆင်း မည့် မှတ်တိုင် ကို သိရန် လိုအပ် နေသေးသည် ။

“ သာကေတ က အိမ် မှာ အမေတို့ နေ တယ်လေ ၊ ကျွန်မ တို့ က ပြီးခဲ့တဲ့ အခေါက် အမျိုးသား ပြန် လာတော့ ဆယ့်ခြောက် အပိုင်း -၂ ထဲ မှာ အိမ် ဝယ်လိုက်တယ် ။ ဆယ့်နှစ် ပေး ရတယ် ၊ တစ်လော က နှစ်ဆယ် လာ ပေးတယ် ၊ မရောင်းဘူး လို့ ပြော လိုက်တယ် ”

တောင်ဥက္ကလာ ဆယ့်ခြောက်ရပ်ကွက် သည် သင်္ကန်းကျွန်းမြို့နယ် ထဲ ပါ နေသည် ။ ရဲစခန်း နှင့် လည်း ဝေးသည် ။ အပိုင်း - ၂ ဆို တော့ ဈေးဟောင်း မှတ်တိုင် မှာ ဆင်းရမည် ။ ဂျက်တူး သည် ဈေးဟောင်း မှတ်တိုင် မရောက်မီ ဖြစ်နိုင်မည့် လုပ်ကွက် နေရာ ကို ခွင် ချကြည့်သည် ။ မင်္ဂလာဈေး ရှေ့ မှတ်တိုင် ၊ တာမွေဈေး မှတ်တိုင် နှင့် တာမွေလေး ကုန်းကျော် တံတား အတက် နေရာ စသည် ဖြင့် သုံးနေရာ ရှိသည့် အနက် တာမွေလေး ကုန်းတက် သည် အကောင်းဆုံး နေရာ ဖြစ်သည် ။ အခြေအနေ အရ မလွတ်သာ ပါ က တာမွေလေး နှင့် မိကျောင်းကန် ရပ်ကွက် အတွင်း ဝင် ပြေးပြီး ကိုယ်ရောင် ဖျောက် လို့ရသည် ။

ဂျက်တူး သည် တာမွေလေး ကုန်းတက် ကို လုပ်ကွက် နေရာ အဖြစ် ရွေးချယ် သတ်မှတ် ကြောင်း တိုနီ ကို အထာ ပေး အချက် ပြ လိုက်သည် ။ အမျိုးသမီး ၏ နောက်ကျော နှင့် အနီးဆုံး တွင် နေရာ ယူ ရပ် နေ ရန် ကို လည်း တစ်ဆက် တည်း အကြံ ပေးလိုက်သည် ။

နံပါတ် - ၄၀ နှင့် ၃၉ လိုင်း မှ ဘတ်စ်ကား များ သည် တာမွေလေး ကုန်းတံတား အတက် တွင် နံပါတ်တစ် ဂီယာ ထိုး ပြီး တအိအိ တက် ကြရသည် ။ ဒီ အခြေအနေ သည် ခါးပိုက်နှိုက် အလစ်သုတ်သမား တို့ အတွက် အကွက် ကောင်း ဖြစ်သည် ။ နာရီ ဆွဲကြိုး စသည် တို့ ကို ဆွဲဖြုတ်ပြီး ကား ပေါ် က အသာလေး ခုန် ချပြီး နီးရာ ရပ်ကွက် အတွင်း ပြေး ဝင် ပျောက်ကွယ် သွားလေ့ ရှိသည် ။

တိုနီ သည် သင်္ဘောသား မယား ၏ လည်ပင်း မှ ၂ - ကျပ်သား ခန့် ရှိ ဆွဲကြိုးကြီး ကို တာမွေလေး ကုန်း အတက် တွင် ဆွဲဖြုတ်ပြီး ဆင်းပြေး ရန် အသင့် ပြင် ထားသည် ။ ဂျက်တူး က ခပ်လှမ်းလှမ်း မှ စောင့် ကြည့်နေ ပြီး ရံ ပေးထားသည် ။ တိုနီ လုပ်ကွက် သာ အောင် နှင့် ပြေးပေါက် ရှင်းအောင် အတက်အဆင်း လမ်း ကို အပိုင် လုပ် ထားသည် ။

အစီအစဉ် အရ အလုပ် ဖြစ် ပြီးပါ က ဂျက်တူး နှင့် တိုနီ တို့ ၏ ပြန်လည် ဆုံစည်းရန် စုရပ် မှာ ယခင် အတိုင်း ပင် ဖြစ်သည် ။ တိုနီ က ဆွဲကြိုး နှင့် အတူ ကား ပေါ် က ဆင်း ပြေးမည် ။ ဂျက်တူး က ရှေ့ မှတ်တိုင် သို့မဟုတ် အခြေအနေ ပေး သည့် နေရာ မှာ ဆင်းမည် ။ ၁၆ - ကွေ့ အရက်ဆိုင် က ထိုင်နေ ကျ အမြည်းဆိုင် မှာ ပြန် ဆုံကြမည် ။ တစ်ခွက် တစ်ဖလား သောက် ပြီး ပစ္စည်း လက်ခံ သည့် ဒိုင် ကို သွား ရောင်းမည် ။ ဒါပဲ ဖြစ်သည် ။

နံပါတ် - ၄၀ ကားအိုကြီး သည် ဆူးလေ ၊ စိန်ပေါ ၊ ကန်တော်လေးစာတိုက် ၊ မင်္ဂလာဈေး ၊ ကျောက်မြောင်းဈေး ၊ တာမွေဈေး တို့ ကို မောပန်းစွာ ဖြတ်ကျော် လာခဲ့ပြီး နောက် မြင်းပြိုင်ကွင်း ကို ဖြတ် ၍ တာမွေလေး ကုန်းကျော်တံတား သို့ တက် ရန် အရှိန် ယူ လေပြီ ၊ အားဖြည့် သည့် အနေ ဖြင့် နံပါတ်တစ် ဂီယာ ပြောင်း ထိုးလိုက်သည် ။ ကျိုက်ထီးရိုး  တက် နေသည့် ပန်းနာသည် အဘိုးအို နှင့် တူသော ဘတ်စ်ကားကြီး သည် ချွဲသံ ၊ သလိပ်သံ တစ်ဂွီဂွီ အသံ မြည် ပြီး ဖြည်းညှင်းစွာ ယက်ကန် တက် နေသည် ။ ကျယ်လောင် သည့် စက်သံကြီး ကြောင့် သင်္ဘောသား မယား ၏ စကားသံ ကို ကြား အောင် မနည်း ကြိုးစားပြီး နားထောင် နေကြရသည် ။ ဟော ... အခုမှ ကျယ်ကျယ် ကြား ရတော့သည် ။

“ ဟာ ... အောင်မယ်လေး လုပ်ကြပါဦး ၊ ဆွဲကြိုး ဖြုတ် သွားပြီ ၊ ဆွဲကြိုး ပါ သွားပြီ ”

ဘတ်စ်ကား ပေါ် က ခရီးသည်တွေ ရုတ်ရုတ်သဲသဲ ဖြစ် ကုန်ကြသည် ။ နောက်ပြန် လှည့် ပြီး အမျိုးသမီး ကို ကြည့် ကြသည် ။ ဆွဲကြိုး ဖြုတ် သူ နောက် ပေါက် က ခုန်ဆင်း ပြီး ထွက်ပြေး သွား တာ ကို ပင် မြင် လိုက်ကြသည် ။ တာမွေလေး ကျူးကျော် ရပ်ကွက် အတွင်း သို့ ပြေးဝင် ပျောက်ကွယ် သွား မှာ သေချာသည် ။ ဘာမှ လုပ် ၍ မရ ၊ ကုန်းတက် မို့ ကား က လည်း ရပ် ၍ မရ ၊ ရပ် လိုက် လျှင် နောက်ပြန် လိမ့် ဆင်း သွား မှာ သေချာသည် ။ ကားဆရာ မှာ ကုန်း ပေါ်  ရောက် အောင် သာ လီဗာ ကို ဖိ နင်း နေရတော့သည် ။ ကုန်းကျော် ပေါ် ရောက် မှ ကားဆရာ က ကား ကို ရပ် လိုက်သည် ။ ကဲ - ဘာ ဆက် လုပ်ကြမလဲ ဆို သည့် သဘော ပင် ဖြစ်သည် ။

“ ဟို ရပ်ကွက် ထဲ ဝင် ပြေးတယ် ၊ လူ မြင်ရင် မှတ်မိတယ် "

“ ဘယ် လိုက်ရှာလို့ ရမှာလဲ ၊ ရဲစခန်း ကို သာ မောင်းလိုက်တော့ ”

“ တိုင်ရမှာပဲ ၊ ကျွန်မ ဆွဲကြိုး က သုံးကျပ်သား တောင် ကျော် သေးတယ် ၊ ကားဆရာ ဦးလေးကြီး ရဲစခန်း ကို မောင်း ပေးပါရှင် ”

အခြေအနေ အရ နံပါတ် - ၄၀ ဘတ်စ်ကားကြီး သည် အသင်းတိုက် မှ ဇီးကွက်မှတ်တိုင် ဘက် သို့ မကွေ့တော့ဘဲ လမ်းကြောင်း ပြောင်း ပြီး ရဲစခန်း သို့ ဆက် မောင်း ရလေတော့သည် ။ ခရီးသည် အချို့ နှင့် အတူ ဂျက်တူး က အသင်းတိုက် မှတ်တိုင် မှာ ဆင်းလိုက်သည် ။ ဆွဲကြိုး အဖြုတ် ခံ ရသည့် သင်္ဘောသားကတော် နှင့် အတူ မျက်မြင်သက်သေ အချို့တို့ ရဲစခန်း သို့ လိုက်ပါ သွားကြသည် ။

ဂျက်တူး သည် ၁၆ - ကွေ့ အရက်ဆိုင် သို့ နေ့လယ် ၂ နာရီ တိတိ မှာ ရောက်ပြီး တစ်ပိုင်း မှာ သောက် ရင်း တိုနီ ကို စောင့်သည် ။ ညနေ ၅ နာရီ အထိ တိုနီ ပေါ် မလာ သော အခါ သံသယ စိတ် ဒေါသ စိတ် များ ဖြင့် တစ်ပိုင်း ပြီး တစ်ပိုင်း ဝယ် သောက်ရင်း ဆောက်တည်ရာ မရ ဖြစ် နေလေတော့သည် ။

နောက် တစ်နေ့ နံနက် မှာ တော့ ဆွဲကြိုး အဖြုတ် ခံ ရသည့် သင်္ဘောသား ကတော် ကို ရဲစခန်း က ခေါ်ယူပြီး လက်ထိပ် ခတ် ထားသည့် ဂျက်တူး နှင့် တိုနီ တို့ နှစ်ယောက် ကို အချုပ်ခန်း ထဲ က ထုတ်ပြသည် ။

“ ဒီလူ .. ဒီလူ ကျွန်မ ဆွဲကြိုး ကို ဆွဲဖြုတ် ပြီး ထွက် ပြေးတာ သူပဲ ”

တိုနီ ကို လက်ညှိုး ထိုး ပြီး အတပ် စွဲ တော့သည် ။ ရဲ အရာရှိ က ဂျက်တူး နှင့် တိုနီ တို့ ထံ မှ သိမ်းယူ ရရှိထားသည့် ဆွဲကြိုးကြီး ကို ထုတ်ပြ ပြီး ဒီ ပစ္စည်း ဟုတ်ပါသလား ဟု မေးသည် ။

“ ဟုတ်ပါတယ် ဆရာ ရယ် .. ဒါ ကျွန်မ ဆွဲကြိုးပါ ၊ အောင်မယ်လေး တော်ပါသေး ရဲ့ ကျေးဇူး တင်လိုက်တာ ဆရာရယ် ”

ရဲအရာရှိ က လုယက်မှု ဆိုင်ရာ စာရွက်စာတမ်းများ တွင် ပစ္စည်း ပိုင်ရှင် လက်မှတ် ထိုး ခိုင်းပြီး အမျိုးသမီး ကို ပြန် ခိုင်း လိုက်သည် ။ ဆွဲကြိုး ကို တော့ သက်သေခံ ပစ္စည်း အဖြစ် အမှု မပြီးမီ ခေတ္တ သိမ်း ထား ရဦးမည် ဟု ပြော လိုက်သည် ။ ဖြောင့်ချက် ပေးပြီး ဝန်ခံပြီး ဖြစ်သည့် တရားခံ ဂျက်တူး နှင့် တိုနီ တို့ ကိုလည်း အချုပ်ခန်း အတွင်း သို့ ပြန် သွင်း လိုက်တော့သည် ။

အမှု ဖြစ်ပွား သည့် မနေ့ က ဂျက်တူး နှင့် တိုနီ တို့ အဖြစ် က အတော် ဆိုးသည် ။ တိုနီ ကို သူ ဝင် ပြေးသည့် ရပ်ကွက် က ဝိုင်းလိုက်၍ နီးရာ အိမ်သာစုတ် တစ်ခု အတွင်း ဝင် ပုန်း နေ ခဲ့ရသည် ။ မိုးချုပ် မှ အိမ်သာ ထဲ က ထွက် နိုင်ပြီး ဂျက်တူး ရှိရာ ၁၆ - ကွေ့ အရက်ဆိုင် သို့ ည - ၈ နာရီ ထိုးခါ နီး မှ ရောက်လာခဲ့သည် ။ အတူ သောက်ကြပြီး ညတွင်းချင်း ပင် ပစ္စည်း သွား သွင်းရာ ဆွဲကြိုးကြီး မှာ ရွှေအတု ဖြစ် နေသည့် အပြင် သုံးကျပ်သား မကျော်ရုံ သာ မက နှစ်ကျပ်သား ပင် မပြည့်ချင်၍ ဂျက်တူး က တိုနီ ကို မသင်္ကာ ဖြစ်ပြီး ရန် ဖြစ် ကြသည် ။ ထွေးလုံး သတ်ပုတ် ကြသည် ။

ထိုးကြိတ် နေကြစဉ် သူတို့ ချင်း ပြော ကြသည့် စကားတွေ က မနက် က ဆွဲကြိုး အလု ခံရသည့် သတင်း နှင့် ဆက်စပ် နေသဖြင့် ပတ်ဝန်းကျင် က မသင်္ကာ ဖြစ်ပြီး ရဲ ကို အကြောင်း ကြား ရာ မှ ညတွင်း ချင်း အဖမ်း ခံကြ ရခြင်း ဖြစ်သည် ။

အဖြစ်ကတော့ ဒါပါပဲ ၊ လူတွေ ကြောင့် လည်း ခက် ပါတယ် ။ အကယ်၍ သာ ဆွဲကြိုးကြီး ဟာ သုံးကျပ်သား ကျော် တဲ့ ရွှေအစစ် ဆို ရင် ဂျက်တူး နှင့် တိုနီ တို့ ပြဿနာ ဖြစ်စရာ အကြောင်း ကို မရှိပါ ။

◾အဏ္ဏဝါစိုးမိုး

📖 ရွှေအမြုတေ
       ဇွန်လ ၊ ၁၉၉၆ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment