Monday, October 10, 2022

ဆားပုလင်း နှင်းမောင် နှင့် ဘိုင်စကုတ် မင်းသမီး ဓာတ်ပုံ


 

❝ ဆားပုလင်း နှင်းမောင် နှင့် ဘိုင်စကုတ် မင်းသမီး ဓာတ်ပုံ ❞

ကျွန်ုပ် နှင့် ကျွန်ုပ်  ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် တို့ သည် နှစ်ပေါင်း များစွာ အတူတကွ နေထိုင်ကြပြီး နောက် ကျွန်ုပ် အား ရာဇဝတ်ဝန်ထောက် အဖြစ်နှင့် အင်းစိန် စီအိုင်ဒီ သို့လည်းကောင်း ၊ ကိုနှင်းမောင် အား မူလရာထူး ဖြစ်သော လူဆိုးထိန်း ဆားပုလင်းနှင်းမောင် အဖြစ် နှင့် ပင် တာမွေဂါတ် သို့ လည်းကောင်း အသီးသီး ပြောင်းရွှေ့စေခဲ့ ၏ ။

ထိုခေတ် က လူများ သည် ( ပူးလစ် ) ဟူသော အင်္ဂလိပ် စကား အား ပုလိပ် ဟူ၍ လည်းကောင်း ၊ ( ဒီဗြူတီ ) ကို “ သပြုသီး ” ဟူ၍ လည်းကောင်း ၊ ( ဆယ်မွန် ) ကို သမ္မန်စာ ဟူ၍ လည်းကောင်း နီးစပ်သော မြန်မာ အသံ ထွက် များ ဖြင့် ခေါ်ဝေါ်လေ့ ရှိရာ လူဆိုးထိန်း ဟု အဓိပ္ပာယ် ရသော အင်္ဂလိပ်စကား ( ဆားဗွီးလင့်စ် ) အား ဆားပုလင်း ဟု ခပ်လွယ်လွယ် ခေါ်ဝေါ်လေ့ ရှိသဖြင့် အမှု လိုက်ခြင်း ၊ စုံထောက်ခြင်းအလုပ်၌ လွန်စွာ အစွမ်းထက်လှသော ကျွန်ုပ် ၏ မိတ်ဆွေ လူဆိုးထိန်း ကိုနှင်းမောင် မှာ ထိုခေတ် က ပုလိပ်အဖွဲ့ ၌ လည်းကောင်း ၊ ဒုစရိုက်သမားများ လောက ၌ လည်းကောင်း ၊ ဆားပုလင်းနှင်းမောင် ဟူ၍ ကျော်ကြား လေတော့ ၏ ။

•••••   •••••   •••••   •••••

တစ်နေ့သ၌ ဆားပုလင်းနှင်းမောင် သည် အလုပ်ပေါ့ပါး အားလပ်သည် ဖြစ်၍ ကျွန်ုပ် ထံ သို့ အလည်အပတ် ရောက်ရှိ လာပြီးလျှင် ရှေးဟောင်းနှောင်း ဖြစ်များ ကို လည်းကောင်း ၊ တွေ့ကြုံ နေရသော ရာဇဝတ်မှုခင်း များ အကြောင်း ကိုလည်းကောင်း ပြောဆိုလျက် ရှိ ၏ ။

ကိုနှင်းမောင် ၏ ဗဟုသုတ ပြည့်စုံခြင်း ၊ စကားပြော ကောင်းခြင်း စသည် တို့ကြောင့် ကျွနုပ် သည် ထိုနေ့ အဖို့ ရေး သားရန် ရှိသော ( ကရင်မီနယ်ရီတန်း ) ခေါ် ရာဇဝတ်မှု ပြန်တမ်း ရေး သားရန် ကို ပင် သတိ ရမိခြင်း မရှိတော့ပါ ။

ကျွန်ုပ် သည် ပင်ကို အားဖြင့် ခပ်ထုံထုံ ခပ်ညံ့ညံ့ ဖြစ်သော်လည်း ကိုနှင်းမောင် နှင့် နှစ်ပေါင်း များစွာ ပူးတွဲ ၍ အလုပ် လုပ်ခဲ့ရသဖြင့် ကိုနှင်းမောင် ၏ နည်းစနစ်များ  ၊ စဉ်းစားတွေးခေါ်ပုံများ ကို အတော် အတန်မျှ ရရှိခဲ့သည် ဖြစ်ရာ ကိုနှင်းမောင် ၏ အရည်အသွေး အား မမီသည့် တိုင်အောင် အတော်အတန် ထက်မြက်သော ပုလိပ်အရာရှိ တစ်ဦး ဖြစ်၍ လာတော့၏ ။

ဥပမာ အားဖြင့် ဆိုရလျှင် သံလိုက်ကျောက် ဖြင့် ကြိမ်ဖန်များ စွာ ပွတ်တိုက်ခြင်း ခံရသော သံ သည် နောက်ဆုံး ၌ သံလိုက် အဖြစ် သို့ ပြောင်းလဲ သွား သကဲ့သို့ ဖြစ် ၏ ။

ကျွန်ုပ် နှင့် ကိုနှင်းမောင် တို့ သည် အထက်က ဆိုခဲ့သည့် အတိုင်း အင်းစိန် စုံထောက်ဌာန ရှိ ကျွန်ုပ် ၏ ရုံးခန်း အတွင်း ၌ စကား ပြော နေကြစဉ် မျက်နှာဖြူရာဇဝတ်ဝန် မစ္စတာစတီးဝပ် က ..

“ ဘုရားလမ်းဘူတာ အနီး ၌ လူသေအလောင်း တစ်ခု တွေ့ ရကြောင်း ၊ ရထား တိုက်၍ သေဆုံးခြင်း လည်း ဖြစ်နိုင်ကြောင်း ၊ စီအိုင်ဒီ အနေ နှင့် သွားရောက် လေ့လာပြီးလျှင် ရိုးရိုး ရထား တိုက်၍ သေဆုံးခြင်း ဖြစ်သည် ဆိုပါကလည်း အလောင်း ကို အမြန်ဆုံး ရင်ခွဲရုံ သို့ ပို့နိုင်ရန် အတွက် စစ်ဆေး ပြီးကြောင်း လက်မှတ်ရေး ထိုးပေးရန် ၊ ထိုသို့ အမြန်ဆုံး မလုပ်ပါက လူသေအလောင်း အား လာရောက် ကြည့်ရှုနေကြသူများ တစ်ထောင် မက များ ပြားလာမည် ဖြစ်ရာ နောက်ထပ် ရထား တိုက်မှု တစ်ခု ထပ်မံ ဖြစ်ပွားနိုင်ဖွယ် ရှိကြောင်း ” ကို စကား သုံးလုံး လျှင် ဆဲဆိုသော စကား တစ်လုံး ကျ နှုန်းဖြင့် ကျွန်ုပ် အား တယ်လီဖုန်း မှ နေ၍ အမိန့် ပေးလေ ၏ ။ တစ်နည်း ဆိုရပါမူ ဆဲဆိုကြိမ်းမောင်းလေ ၏ ။

ထို့ကြောင့် ကျွန်ုပ် လည်း ဆားပုလင်းနှင်းမောင် ကို ခေါ်၍ ဘုရားလမ်းဘူတာရုံ သို့ အလောင်း အား စစ်ဆေး ကြည့်ရှုရန် ထွက်၍ လာခဲ့လေတော့ ၏ ။

•••••   •••••   •••••   •••••

ဘုရားလမ်းဘူတာ အနီး ကုန်းတံတားကြီး အောက် ၌ လူသုံးလေးဆယ် ခန့် သည် အလောင်း အား စုပြုံ၍ ကြည့် နေကြလေ ၏ ။ ၎င်း လူများ  အား ဂေါ်ရာပုလိပ် နှစ်ယောက် နှင့် နှင် ခိုင်းပြီးလျှင် ကျွန်ုပ် နှင့် ဆားပုလင်းနှင်းမောင် သည် ဘုရားလမ်းဘူတာရုံပိုင် ၊ လမ်းမတော် ဂါတ်မှ တိုက်ပိုင် အိုင်ပီ ပုလိပ်အရာရှိနှင့် အတူ အလောင်း ကို စစ်ဆေး ကြည့်ရှုလေ ၏  ။

“ မနေ့ ည က တွမ်တီးရောင်း လို့ ခေါ်တဲ့ အင်းစိန် လော်ကယ်ရထား ဟာ ည ကိုးနာရီ မှာ ဒီ ဘူတာ ကို ဝင်ပါတယ် ။ အဲဒီ ဘူတာ ရဲ့ဂါတ်ဗိုလ် က လူ တစ်ယောက် ရထား အတိုက် ခံရတယ် ထင်တယ် ။ “ ဘုန်း ” ကနဲ မြည် တဲ့အသံကြီး ကို တံတားနား မှ ကြား ခဲ့ရတယ် လို့ ကျွန်တော့် ကို ပြောပါတယ် ”

ဟု ဘုရားလမ်းဘူတာရုံပိုင် က ကျွန်ုပ် အား အထက်ပါ အတိုင်း ပြောပြခဲ့လေ ၏ ။ ကျွန်ုပ် ကလည်း သိလိုသည်များ ကို ထပ်မံ၍ မေးရ ၏ ။

“ ဒီတော့ ခင်ဗျား က ထွက်ပြီး ကြည့် ပါသလား ရုံပိုင်ကြီး ”

ဟု ကျွန်ုပ် က မေးလိုက်လေ ၏ ။

“ မကြည့်ပါဘူး ခင်ဗျား ။ ဘူတာရုံ အတွင်း ဖြစ်ပျက်တဲ့ ကိစ္စ ပဲ ကျွန်တော် နဲ့ ဆိုင်ပါတယ် ။ ဘူတာရုံ ရဲ့အပြင် သံလမ်း ပေါ် မှာ ရထား တိုက်ခံရတာ ပဲ ဖြစ် ဖြစ် ၊ တခြား ဘာကိစ္စပဲ ဖြစ် ဖြစ် ကျွန်တော် နဲ့ မဆိုင်ပါဘူး ။ ပြီးတော့ အဲဒီ အချိန် မှာ လည်း မိတ်ဆွေတို့ သိတဲ့ အတိုင်း မိုး ဟာ တော် တော် သဲသဲမဲမဲကြီး ရွာ နေလေတော့ ..  ”

ဟု ရုံပိုင်ကြီး က ပြောရင်း သူ ၏ စကား ကို ရပ် လိုက်လေ ၏ ။

“ ကောင်းပါပြီလေ ။ ဟောဒီ လမ်းမတော် ဂါတ် က အိုင်ပီကြီး ရဲ့ထင်မြင်ချက်ကလေး လည်း သိပါရစေ ”

ဟု ကျွန်ုပ် က မေး လိုက်လေ ၏ ။

ကျွန်ုပ် သည် ရုံပိုင်ကြီး နှင့် စကား ဖြတ် လိုက်ပြီး နောက် အိုင်ပီကြီး ဘက် သို့ လှည့်၍ ထင်မြင်ချက် တောင်းလိုက်လေ ၏ ။ ၎င်း အိုင်ပီကြီး သည် စဉ်းစားစရာ မလိုသည့် ကိစ္စ အား အပို စဉ်းစားနေရပါမည် လား ဟူ၍ အပြစ် တင်သော မျက်နှာ နှင့် ကျွန်ုပ် အား လှမ်း၍ ကြည့် လိုက်ပြီး လျှင် ..

“ အိုင်ဆေး .. ရှင်းနေတဲ့ ဟာပဲ ဗျာ ။ ည က မိုးတွေ တ အားရွာနေတယ် ။ သေတဲ့ လူ ဟာ ရထားလမ်း ကို ဖြတ်ကူးတယ် ။ မိုးသံတွေ ကြောင့် ရထားသံ ကို သူ မကြားရဘူး ။ ဒီတော့ ရထား အတိုက် ခံရတာ ပေါ့ဗျာ ”

ဟု လမ်းမတော် ဂါတ် မှ အိုင်ပီကြီး သည် စိတ်မရှည် စွာ ဖြင့် ကျွန်ုပ် အား ၎င်း ၏ ထင်မြင်ချက် ကို ပေးလေ ၏ ။ ကျွန်ုပ် လည်း ထို အတိုင်းပင် ဖြစ်သည် ဟု ထင်မှတ်မိ ၏ ။

ထို့ကြောင့် ရထား တိုက် မှု မျှသာ ဖြစ်၍ ရိုးရိုး လူသေမှု အဖြစ်သာ အစီရင်ခံစာ တစ်စောင် ရေး ၍ အလောင်း အား ရေခဲတိုက် သို့ ပို့လိုက် ရန် သာ ရှိတော့ ၏ ။

သို့သော် ကျွန်ုပ် ၏ ထင်မြင်ချက်များ မှာ အများ အားဖြင့် လွဲချော်တတ်သည် ဖြစ်ရာ ကျွန်ုပ် နှင့် အတူ ပါလာသော ဆားပုလင်းနှင်းမောင် ၏ ထင်မြင်ချက် ကို မေးပြီး ကာမှပင် အခြား ပြုလုပ်ဖွယ်ရာ ရှိသည်များ ကို ပြုလုပ်မည် ဟု သဘောရသည့် အလျောက် ..

“ ကိုနှင်းမောင် .. ခင်ဗျား အနေ နဲ့ ကော ဘာများ ပြောချင် သေးသလဲ ။ လုပ်စမ်းပါဦး ဗျာ ”

ဟု ကျွန်ုပ် က လှမ်း၍ မေးလိုက်လေ ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က ..

“ ဒီအတိုင်းတော့ ဘာမှ မပြောနိုင်ပါဘူး ဦးအောင်သင်း ။ ဒါပေမယ့် အလောင်း ကို ကျွန်တော် သေသေချာချာ ကြည့်ရှုစစ်ဆေးခွင့် ရမယ် ဆိုရင်ဖြင့် အတိအကျ လောက် ကို ပြော နိုင်ပါလိမ့်မယ် ”

ဟု ပြန်၍ ပြောလိုက်လေ ၏ ။

“ ဒီလို ဆိုရင်လည်း ကိုနှင်းမောင် ကြည့်လေဗျာ ။ အလောင်း ကို စိတ်တိုင်းကျ လေ့လာပါ ။ ကျုပ် ခွင့်ပေးပါတယ် ”

ဟု ကျွန်ုပ် က ပြောလိုက်လေ ၏ ။ ဤသို့ ကျွန်ုပ် က အလောင်း ကို စစ်ဆေးခွင့် ပေး လိုက်လျှင် ဆားပုလင်းနှင်းမောင် သည် လူသေအလောင်းကြီး အား သေချာစွာ လေ့လာလေတော့ ၏ ။ ရွံရှာဖွယ်ရာ ကောင်းသော လူသေအလောင်းကြီး ၏ ပါးစပ် ကိုလည်း နမ်း၍ ကြည့် ၏ ။ ရင်ဘတ် ကို လည်း ငုံ့၍ ကြည့် ၏ ။ ဒဏ်ရာများ ကို လည်း တိုင်းထွာ ကြည့် ၏ ။ ကုန်းတံတားကြီး ကို လည်း မော့၍ ကြည့် ၏ ။ ပြီးလျှင် သေသူ ၏ ကုတ် အင်္ကျီအိတ် အတွင်း မှ ပစ္စည်းများ ကို နှိုက်၍ ယူလေ ၏ ။

ဆားပုလင်းနှင်းမောင် ထိုသို့ ပြုလုပ်နေသည် ကို ကြည့် ပြီးလျှင် လမ်းမတော် ဂါတ်တဲ မှ အိုင်ပီကြီး သည် သရော်သော လေသံဖြင့် ..

“ ဟောဒီ အလောင်းကြီး သာ ပြန်ပြီး စကား ပြောနိုင်ခဲ့ရင် ရထား တိုက်လို့ သေရတာ ဒါလောက် မနာဘူး ။ သေပြီး မှ ဆားပုလင်း ရဲ့ အစစ်ဆေး ခံရတာ က ပိုပြီး အခံရ ခက်လှတယ်ဗျာ လို့ ပြောမှာ အမှန်ပဲ ”

ဟု အိုင်ပီကြီး က ပြောလေ ၏ ။

၎င်း အိုင်ပီကြီး ၏ ပျက်လုံး အား ကျွန်ုပ်တို့ အားလုံး က ဝိုင်း၍ ရယ်မောကြသော်လည်း ကိုနှင်းမောင် သည် လုံးဝ မကြား သကဲ့သို့ ၎င်း ၏ အလုပ် အား ဆက်လက်၍ လုပ်ကိုင်နေလေ ၏ ။ ထို့နောက် ရုံပိုင်ကြီး ဘက် သို့ လှည့် ကာ..

“ ရုံပိုင်ကြီး ခင်ဗျား .. ည က အင်းစိန် လော်ကယ်ရထား ကို ကြည့် ချင်ပါတယ် ”

ဟု ဆားပုလင်းနှင်းမောင် က ရုံပိုင်ကြီး အား ပြောလိုက်လေ ၏ ။

“ ရထားတွေ က တစ်ရက် မောင်း တစ်ရက် နား လုပ်ပါတယ် ။ ဒီတော့ တွဲပြင်ရုံ ထဲ မှာ ရှိမှာ ပါ ။ ကွမ်းခြံဘူတာ နား က တွဲပြင်ရုံ မေးပြီး သွား ကြည့်နိုင်ပါတယ် ”

ဟု ရုံပိုင်ကြီး က စိတ် မရှည်သော လေသံ ဖြင့် ပြန်၍ ဖြေလေ ၏ ။

ဆားပုလင်းနှင်းမောင် သည် သေသူ ၏ အိတ်တွင်း မှ နှိုက်ယူထားသော ပစ္စည်းများ ကို ကျွန်ုပ် လက် သို့ ပေးပြီးလျှင် ..

“ ခင်ဗျားတို့ ဟောဟို က လက်ဖက်ရည်ဆိုင် မှာ ခဏလေး စောင့်နေပါ ။ ကျွန်တော် ကွမ်းခြံဘူတာ တွဲပြင်ရုံ ကို သွား ကြည့်ပြီး အခုပဲ ပြန် လာပါ့မယ် ”

ဟု ပြောလေ ၏ ။

ထို့ကြောင့် ကျွန်ုပ်တို့ လည်း ဆားပုလင်းနှင်းမောင် ပြောသည့် အတိုင်း ဘူတာရုံ အနီးရှိ ခပ်ညံ့ညံ့ ကာကာလက်ဖက်ရည်ဆိုင် သို့သွားရောက်၍ ထိုင် ပြီး လျှင် လက်ဖက်ရည်များ မှာ ၍ သောက်ရင်း စောင့်ဆိုင်း နေကြရလေ ၏ ။ ကျွန်ုပ် သည် လက်ဖက်ရည် သောက်ရင်း သေသူ ၏ အိတ်တွင်း မှ ရှာဖွေ၍ ယူခဲ့သော ပစ္စည်းများ ကို စားပွဲခုံ သို့ တင် ထားပြီး နောက် တစ်ခုချင်း သေသေချာချာ ထပ်မံ၍ ကြည့်ရှု မိပြန် ၏ ။

၎င်း ပစ္စည်းများ ကို စစ်ဆေးကြည့်ရှုရာ အောက်ပါ အတိုင်း တွေ့ရှိရလေ ၏  ။

“ ချမ်းသာပါစေ ” ဆိုသော မြင်းတစ် စာအုပ် တစ်အုပ် ၊ ၎င်းစာအုပ် ၏ နောက်ကျော ဘက် ၌ ( ၁၀ x ၈ ) ( ၁၀ x ၁၂ ) ဆိုသည့် စာများ ရေး ခြစ်ထား ၏ ။ စာအုပ် ထဲ တွင် ဂျော်ကီ တံတားကြီးမောင် စီး သော နယ်လဆင် ဆို သည့် မြင်း အား လိုင်း တား ထား သည်ကို တွေ့ရ ၏ ။ နောက်တစ်ခု မှာ စတားရုံ အထက်တန်း လက်မှတ် ဖြတ်ပိုင်း နှစ်စောင် ဖြစ် ၏ ။ ငွေနှစ် ဆယ့်ရှစ်ကျပ် နှင့် အကြွေ အနည်းငယ် လည်း ပါ ၏  ။ စာတို တစ်စောင် လည်း ပါ ၏ ။

စာတွင် ..

“ ဒီကတော့ ... ရော့ ပတ္တမြား ရော့ နဂါး ပဲ ”

ဟူ၍ ရေထား ၏  ။ ကျွန်ုပ်သည် ထို ပစ္စည်းများ ကို သုံးခေါက်ထက် မနည်း ကြည့်ရှုခဲ့သော် လည်း ထူးခြားသော သဲလွန်စ ကို မတွေ့ခဲ့ရပါ ။ သို့ရာတွင် မိနစ် နှစ်ဆယ်ခန့် အကြာ ၌ ဆားပုလင်းနှင်းမောင်  ပြန်၍ ရောက် လာပြီးလျှင် ..

“ အလောင်း ကို ရေခဲတိုက် ပို့ နိုင်ပါပြီ ။ ဒီ အမှု ဟာ ရထား တိုက်မိလို့ သေတဲ့ အမှု မဟုတ်ပါဘူး ။ လူသတ်မှု ပါ ။ ဒါပေမယ့် တရားခံ ကို ဒီ ညနေ လောက် မှာ မိအောင် ကျွန်တော် ဖမ်းပေးပါ့မယ် ”

ဟု ပြောလိုက်လေရာ ကျွန်ုပ်တို့ အားလုံး မျက်လုံး ပြူး၍ သွားကြလေတော့ ၏ ။ ထို့နောက် ရုံပိုင်ကြီး နှင့် လမ်းမတော် ဂါတ်မှ အိုင်ပီ တို့ ပြန် သွားကြပြီးလျှင် ကိုနှင်းမောင် က ရထားလမ်း အတိုင်း အင်းစိန် ဘက် သို့ လျှောက် ကြည့်ချင်သည် ဟုပြောသဖြင့် ကျွန်ုပ်တို့ နှစ် ယောက် သည် လက်ဖက်ရည်ဆိုင် မှ ထ ခဲ့ပြီးလျှင် ရထားလမ်း အတိုင်း လျှောက်ခဲ့ကြလေ ၏ ။ ဟံသာဝတီဘူတာ  အလွန် ရောက်လျှင် ရထားလမ်း ဘေး ၌ ကုန်းမြင့်ကလေးများ လွန်စွာ ကပ်လျက် တည်ရှိနေကြပြီးလျှင် ၎င်း ကုန်းမြင့်ကလေးများ ပေါ်၌ အိမ်ကလေးများ ဆောက်၍ နေထိုင်ကြသော ရပ်ကွက် ကျဲကျဲကလေး တစ်ခု ကို တွေ့ရ ၏ ။ ကိုနှင်းမောင် က အမောပြေ ခေတ္တ ထိုင်ဦးမည် ဟု ဆိုသဖြင့် ဘူတာရုံ အနီး ၌ ခေတ္တမျှ ထိုင်နေကြသေး ၏ ။ ကျွန်ုပ်တို့ ထိုင်နေကြစဉ် အင်းစိန် ဘက် မှတက် လာသော ရထား တစ်စီး သည် ဟံသာဝတီဘူတာ ၌ ဆိုက်လေ ၏ ။ ရထား ဆိုက်လျှင် ဆားပုလင်းနှင်းမောင် သည် ရထားတွဲ အဆုံး အထိ တွဲ တိုင်းကို သေသေချာချာကြည့်ရင်း လျှောက် သွားလေ ၏ ။ ရထား လည်း တစ်အောင့်မျှ အကြာတွင် ဟံသာဝတီဘူတာ မှ ထွက်ခွာ သွားလေတော့ ၏ ။ ရထား ထွက်သွားလျှင် ဆားပုလင်းနှင်းမောင် သည် ရထားလမ်း ဘေး ရှိ ကုန်းမြင့်ကလေး ပေါ် သို့ တက် သွားသဖြင့် ကျွန်ုပ် လည်း ၎င်း ၏ နောက် မှလိုက်၍ တက် သွားရလေ ၏ ။

ဆားပုလင်းနှင်းမောင် သည် ထို ကုန်းမြင့်ကလေး ပေါ် သို့ ရောက်လျှင် ခေတ္တ မျှ ရပ်နေ ၏  ။ ပြီးလျှင် ရထား လမ်း အား ကပ်လျက် ကျောပေးဆောက် ထားသော အိမ်တန်းကလေး ဆီ သို့ လျှောက်သွားလေ ၏  ။ ထို့နောက် အစွန်ဆုံး အိမ် တစ်အိမ် ၏ နောက်ဖေးတံခါးသော့ အား လက်ဖနောင့် နှင့် တွန်း ၍ ချိုး ပြီးလျှင် အိမ် ထဲ သို့ ဝင်ခဲ့လေ ၏ ။ ၎င်း အိမ်မှာ အိမ် ဟု ဆိုငြားသော် လည်း အခန်းကလေး တစ်ခန်း မျှ သာ ဖြစ်လေ ၏ ။ အခန်း ထဲ တွင် ခုတင် တစ်လုံး ၊ စားပွဲခုံ တစ်လုံး ၊ ကုလားထိုင် ငါးလုံးအပြင် သီးသန့် ကာရံ ထားသော အခန်းကလေး တစ်ခန်း လည်း ရှိလေ ၏ ။ လေမီးဖိုကလေး တစ်လုံး နှင့် ရေနွေးကရား ၊ ဖန်ခွက်များ လည်း ရှိ ၏ ။

    ဆားပုလင်းနှင်းမောင်သည် စားပွဲ ပေါ် မှ ဖန်ခွက်တစ်လုံး အား နမ်း၍ ကြည့်ပြီးနောက် နံရံ တွင် ချိတ်ဆွဲ ထားသော ရုပ်ရှင်ကြော်ငြာ ပုံ များ  အား တစ်ခုစီ သေသေချာချာ လျှောက် ကြည့် ၏ ။ ထိုသို့ လျှောက်၍ ကြည့်စဉ် ညစ်ပတ်ပေရေလျက် ရှိသော အဝတ်စလေး တစ်ခု အား တွေ့၍ ဖြန့်ကြည့် လိုက်ရာ လိပ်ပြာရုပ်ကလေး ပါ ရှိသည့် မိန်းမကိုင် လက်ကိုင်ပဝါ တစ်ထည် ဖြစ်ကြောင်း တွေ့ရှိရ ၏ ။ လက်ကိုင်ပဝါ ထောင့် ၌ ( ကေ . အက်စ် . ကေ  ) ဆိုသည့် အင်္ဂလိပ် စာလုံး သုံးလုံး ကို ပန်းချည် ဖြင့် ထိုး ထားသည် ကို တွေ့ရှိ ရလေ ၏ ။

ဆားပုလင်းနှင်းမောင် သည် သားကောင် ၏ အနံ့ ကို ရသော ကျား ကဲ့သို့ နှစ်သက် ကျေနပ်သော အမူအရာ နှင့် ကျွန်ုပ် ကို ကြည့် ကာ ..

“ ကဲ .. ဦးအောင်သင်း ။ တက္ကစီ တစ်စီး ငှား ပေတော့ ။ တရားခံ ပေါ်ပြီ ။ သွား ဖမ်း ရအောင် ”

ကျွန်ုပ် သည် ဆားပုလင်းနှင်းမောင် ၏ စကား ကြောင့် လွန်စွာ အံ့ အားသင့်၍ သွားသော် လည်း နောက်ပြောင် ပြောဆိုလေ့ မရှိသော သူ ၏ အကျင့် ကို သိသဖြင့် အမှန် တကယ်ပင် တရားခံ မိပြီ ဟု ယုံကြည် မိလေတော့ ၏ ။

ကျွန်ုပ်တို့ သည် ထို အိမ်ကလေး မှ ထွက် လာကြပြီး အော်စတင်အမျိုးအစား တက္ကစီကလေး တစ်စီး ကို ငှားရမ်း ကာ စီးနင်း ခဲ့ကြလေ ၏ ။ တက္ကစီ မောင်းသူ က ..

“ ဘယ်ကို မောင်းရမှာ လဲ ဆရာ ”

ဟု မေးမြန်းရာ တွင် ကိုနှင်းမောင် က ..

“ သင်္ကန်းကျွန်း က ဘိုင်စကုတ်မင်းသမီး ခင်စိန်ကြည် အိမ် ကို မောင်းပါ ။ သိတယ် မဟုတ်လား ”

ဟု ဖြေဆိုရင်း ကားသမား အား ခင်စိန်ကြည် အိမ် ကို သိ ၊ မသိကိုပါ တစ်ပါတည်း မေးမြန်းလိုက်ရာ ကားသမား က သိကြောင်း ခေါင်း ကို ညိတ် ပြပြီးလျှင် မောင်းနှင် လေတော့ ၏ ။

ကျွန်ုပ် သည် ကားသမား မသိစိမ့်သော ငှာ ကိုနှင်းမောင် အား အင်္ဂလိပ်ဘာသာ ဖြင့် မေးမြန်းရလေ ၏ ။

“ အိုင်ဆေး .. ကိုနှင်းမောင် ၊ ဘယ်လိုလဲဗျ ”

ဟု ကျွန်ုပ် က မေးလိုက်လေ ၏ ။

“ သေတဲ့ လူ က ဘိုင်စကုတ် မှာ ပုံသေဓာတ်ပုံ တွေ ရို က်တဲ့ “ သန်းမြင့်မောင် ” ဆိုတဲ့ လူရှုပ် တစ်ယောက် ပဲ ။ သူ့ ကို သတ်တဲ့တရားခံ ကတော့ ဘိုင်စကုတ်မင်းသမီး ခင်စိန်ကြည် လေ ။ အသေးစိတ် ကို တော့ ဟိုကျမှ ရှင်းပြပါရစေ ”

ဟု ဆားပုလင်းနှင်းမောင် က ရေခဲတောင်စီးကရက် ကို ခဲရင်း ပြန်၍ ပြော လိုက်လေ ၏ ။

ကျွန်ုပ်လည်း သူ ၏ တောင်းပန်ချက် အရ တစ်စုံတစ်ရာ ထပ်မံ ၍ မေးမြန်းခြင်းမပြုတော့ဘဲ လိုက်ပါခဲ့ရလေ ၏ ။

ခင်စိန်ကြည် အား အရန်သင့်ပင် ဧည့်ခန်း ၌ သတင်းစာ ဖတ်နေသည် ကို တွေ့ရ ၏ ။ ကျွန်ုပ်တို့ မှာ လည်း အရပ်ဝတ်အရပ်စား နှင့် ဖြစ်ကြပေရာ ခင်စိန်ကြည် သည် ကျွန်ုပ် တို့ အား မည် သူမည် ဝါများ ဖြစ်ကြသည်ကို မသိရှာ သဖြင့် ခပ်ကြောင်ကြောင် ဖြစ်နေ ၏ ။ ကိုနှင်းမောင် က ဝင်ခွင့် တောင်းလိုက်လေ ၏ ။

ထို့နောက် ကျွန်ုပ်တို့ သည် ဧည့်ခန်း ရှိ ကုလားထိုင် ၌ ဝင်ရောက် ထိုင် ကြပြီး နောက် ကိုနှင်းမောင် ကပ င် စ၍ ..

“ ဟောဒီက အစ်မကြီး ကို တော့ ကျွန်တော် တို့ က သိပါတယ် ။ ကျွန်တော် တို့ ကို တော့ အစ်မကြီး က သိမှာ မဟုတ်ပါဘူး ။ ဟောဒါ ကတော့ အင်းစိန်စီအိုင်ဒီ က ရာဇဝတ် ဝန်ထောက် ဦးအောင်သင်း ပါ ။ ကျွန်တော် က တော့ လူဆိုးထိန်း ဆားပုလင်းနှင်းမောင် ပါ ။ ကျွန်တော် တို့ လာတဲ့ ကိစ္စ ကတော့ ဓာတ်ပုံဆရာ ကိုသန်းမြင့်မောင် သေဆုံးတာ နဲ့ ပတ်သက်ပြီး လာခဲ့တာပါပဲ ”

ဟု ပြောလိုက်လျှင် ခင်စိန်ကြည် က ..

“ ဟင် … ကိုသန်းမြင့်မောင် သေပြီ ။ ဟုတ်လား ။ ဖြစ်မှ ဖြစ်ရလေ ရှင် ”

ဟု ကရုဏာသံ ဖြင့် ပြောလိုက်လေ ၏  ။

ခင်စိန်ကြည် သည် နာမည် ကြီးဘိုင်စကုတ်မင်းသမီး ပီသစွာ ပင် အမူအရာ ကောင်းပါပေ ၏ ။ သို့ရာတွင် ဆားပုလင်းနှင်းမောင် ကို မူ သူ ၏ အမူအရာ ကောင်းခြင်း သည် မည်သို့မျှ မလွှမ်းမိုးနိုင်ခဲ့ပါ ။

“ ဒီလိုပါ အစ်မကြီး ။ ဥပဒေ မျက်စိ နဲ့ ကြည့် ရင်တော့ လူသတ်မှု တစ်ခု ကို ကျူးလွန်ရင် အပြစ် ပေးရတာ ပါပဲ ။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ကတော့ ကိုယ့် ရဲ့အရှက် ကို ဖြစ်စေ ၊ အသက် ကို ဖြစ်စေ ထိပါး လာ ရင်ဖြင့် ခုခံ ရမှာ ပါပဲ ။ ဒီလို ခုခံတာ ကို လည်း တရားတယ် လို့ ယူဆပါတယ် ။ အဲဒီ လို တရားခံတွေ ကို လည်း မထိခိုက် ရအောင် ကျွန်တော် အမြဲ ကာကွယ် ခဲ့ပါတယ် ။ မနေ့ ည က အစ်မကြီး နဲ့ ကိုသန်းမြင့်မောင် ဟာ စတားရုံ မှာ ပြ တဲ့ တာဇံဘိုင်စကုတ် ကို အတူ ကြည့် ကြပါတယ် ။ ပြီးတော့ ဟံသာဝတီဘူတာ နား က ကိုသန်းမြင့်မောင် လျှို့ဝှက် ငှား ထားတဲ့ အိမ် ကို မော်တော် ကား ငှားပြီး သွားကြပါတယ် ။ ပြီးတော့ ပစ္စည်း အလဲအလှယ် လုပ် ကြပါတယ် ။ အဲဒါတော့ အစ်မကြီး က ငွေ ပေးရတယ် ။ ကိုသန်းမြင့်မောင် က အစ်မကြီး အလို ရှိတဲ့ ဓာတ်ပုံ ကို ပေး ရပါတယ် ။ ပြီးတော့ ကိုသန်းမြင့်မောင် က အစ်မကြီး ကို လူ ပါ ရအောင် ကြံ ပါတယ် ။ အစ်မကြီး က ပရိယာယ် နဲ့ သူ့ အလို လိုက်တော့ မလို လုပ်ပါတယ် ။ အဲဒီ အခါမှာ ကိုသန်းမြင့်မောင် က အရက် တစ်ခွက် သောက်ပါတယ် ။ အစ်မကြီး က တော့ အင်္ကျီ ကြယ်သီး ဖြုတ်ချင် ဟန် ဆောင် နေပါတယ် ။ ကိုသန်းမြင့်မောင် က အိမ် ရှေ့ ကို ခဏ ထွက် ကြည့်ပါတယ် ။ အဲဒီလို ထွက် ကြည့်တာ က လည်း အစ်မကြီး က အနီး ပတ်ဝန်းကျင် ကို ကြည့်ပါဦး လို့ ကြည့် ခိုင်းလို့ ဖြစ်ပါတယ် ။ ကိုသန်းမြင့်မောင် အိမ်ရှေ့ ထွက် ကြည့် နေတုန်း မှာ သူ့ အရက်ခွက် ထဲ ကို အစ်မကြီး ဟာ အသင့် ယူ လာတဲ့ အဆိပ် ခတ်ပါတယ် ။ အဲဒီ အချိန် မှာ မိုး က လည်း သဲသဲမဲမဲကြီး ရွာ လာ ပါ တော့တယ် ။ ကိုသန်းမြင့်မောင် ဟာ အိမ်ရှေ့ က ပြန် လာပြီး အရက် တစ်ခွက် သောက် ချလိုက်ပြီး များ မကြာမီမှာ ပဲ ဝေဒနာ မချိမဆန့် ခံစားပြီး သေဆုံး သွား ပါတော့တယ်  ။ အစ်မကြီး ဟာ အဲဒီ တော့မှ ဘာ လုပ်ရမှန်း မသိဘဲ ငို နေ ပါသေးတယ် ။ ပြီးတော့မှ လက်ကိုင်ပဝါ နဲ့ ထုပ်ထားတဲ့ ဓာတ်ပုံတွေ ကို မီးရှို့ ပစ်ပါတယ် ။ ပြီးတော့ ကိုသန်းမြင့်မောင် အလောင်း ကို ခြေထောက် က ဆွဲပြီး ထုတ်ယူခဲ့ပါတယ် ။ အပြင် ရောက်တော့ တံခါး ကို ပြန် ပိတ်ပါသေးတယ် ။ အစ်မကြီး ပြန် ပိတ်ခဲ့တဲ့ သော့ ဟာ အိမ်ရှေ့ တံခါးသော့ ဖြစ်ပါတယ် ။ အိမ်ရှေ့တံခါး ကိုာတော့ အတွင်း ဘက် ကနေ ဂျက် ချ ထားခဲ့ပါတယ် ။ ပထမ အစ်မကြီး ရဲ့အကြံ က အလောင်းကြီး ကို ကုန်း ပေါ် က နေ အောက် ဘက် က ရထားလမ်း ပေါ် ကို တွန်းချ ပစ် လိုက်ဖို့ပါပဲ ။ ဒါပေမယ့် အင်းစိန် လော်ကယ်ရထား ဆိုက် လာတဲ့ အခါ မှာ အကြံ တစ်မျိုး ပေါ်တာ ကတော့ အလောင်း ကို ရထား အမိုး ပေါ် တင်လွှတ် လိုက်ဖို့ပဲ ။ အစ်မကြီး အဲဒီ လို အေးအေးဆေးဆေး ပြုလုပ်နိုင်အောင် လည်း မိုး က သဲသဲမဲမဲကြီး ရွာ နေတယ် ။ အချိန် က လည်း ည ကိုးနာရီ ဆိုတော့ ပတ်ဝန်းကျင် က မမြင်တွေ့နိုင်ဘူး မဟုတ်လား ”

ဟု ဆားပုလင်းနှင်းမောင် က ပြော၍ ခင်စိန်ကြည် ၏ မျက်နှာ ကို လှမ်း၍ ကြည့် လိုက်လေ ၏ ။

ဆားပုလင်းနှင်းမောင် ၏ စကား ကြောင့် အမူအရာကောင်း သော ဘိုင်စကုတ်မင်းသမီး ခင်စိန်ကြည် သည် အမူအရာ မလုပ်နိုင်တော့ဘဲ ..

“ ဟုတ်ပါတယ် ရှင် ။ ဖမ်းကြပါတော့ ”

ဟူ၍ သာ ဖြောင့်ချက် ပေးလေ ၏ ။

“ မဖမ်းပါဘူး ခင်ဗျာ ။ အစ်မကြီး ဘက် က ပြည့်ပြည့်စုံစုံလေး သာ ပြောပြပါ ”

ဟု ဆားပုလင်းနှင်းမောင် က ပြောလိုက်လေ ၏ ။

“ စုံထောက်ကြီး ပြောတဲ့ အတိုင်း တစ်လုံး မှ မလွဲပါဘူး ။ သန်းမြင့်မောင် ဆို တဲ့ ကောင် ဟာ ကျွန်မ ကို အဲဒီ ဓာတ်ပုံ တွေ စာတွေ ပြ ပြပြီး ငွေညှစ် ခဲ့ပါတယ် ။ ညနေ က တော့ နောက်ကို လည်း မတောင်းတော့ ပါဘူး ။ နက္ကတစ်တွေ ရော ၊ ပုံတွေ ပါ အကုန် ပေးမယ် ၊ ငွေသုံးသောင်း ပေးရမယ် လို့ တောင်းပါတယ် ။ အဲဒီ ဓာတ်ပုံတွေ ကတော့ စုံထောက်ကြီး တို့လည်း သိတဲ့ အတိုင်းပဲ ။ ကျွန်မတို့ ဘိုင်စကုတ်မင်းသမီး မဖြစ်ခင် မှာ ကုမ္ပဏီပိုင်ရှင် တို့ ၊ ဒါရိုက်တာ တို့ ဟာ ခြေတော် တင် ဖို့ ကြိုးစား ကြပါတယ် ။ ဦးခင်ကျော်သိန်း ဆိုတဲ့ ဒါရိုက်တာ ၊ ဒါရိုက်တာ မဟုတ်ပါဘူးရှင် လူယုတ်မာကြီး ဟာ ကျွန်မ ကို ခြေတော် တင် ခဲ့တယ် ။ ခြေတော် တင် ရုံတင် မဟုတ်ဘဲ နဲ့ သန်းမြင့်မောင် ရဲ့အကူအညီ နဲ့ ဓာတ်ပုံတွေ ရိုက်ယူ ခဲ့ပါတယ် ။ ဦးခင်ကျော်သိန်း ကတော့ မနှစ် ကပဲ သူများ မယား ကြာ ခို လို့ ဆိုပြီး ဓားထိုး ခံရပြီး သေ သွားပါပြီ ။ သန်းမြင့်မောင် က ဒီ ဓာတ်ပုံတွေ နဲ့ ကျွန်မ နာမည် ကြီး လာတဲ့ အခါ ကျတော့ ငွေညှစ် တော့တာပါပဲ ရှင် ”

ခင်စိန်ကြည် ထံ မှ အဖြစ်မှန် ကို ကြား ရလျှင် ကျွန်ုပ် သည် ခင်စိန်ကြည် အား ဖမ်းရန် မဆိုထားဘိ ။ သန်းမြင့်မောင် မသေသေး ပါက ကိုယ်တိုင် ပင် သွား၍ သတ်ပစ်ပေးချင်လှ၏ ။ ဆားပုလင်းနှင်းမောင် က လည်း သူ ၏ ကတိ အတိုင်းပင် ..

“ ကဲ .. အစ်မကြီး ။ အေးအေးဆေးဆေး နေပါ ။ ဒီ ကိစ္စ ကို လည်း မေ့ ပစ်လိုက်ပါ ။ ကျွန်တော် တို့ လည်း ဒီ အမှု ကို ရထား တိုက်မှု အဖြစ် နဲ့ ပဲ အမှု ပိတ် လိုက်ပါ့မယ် ။ ဒီ ကောင်မျိုး ဟာ အစောကြီး ထဲ က သေသင့်နေတာပဲ ”

ဟု  အားပေးစကား ပြောကြားပြီး နောက် ခင်စိန်ကြည် ၏ အိမ် မှ ပြန်ခဲ့ ကြလေတော့ ၏ ။

ခင်စိန်ကြည် အိမ် မှ ပြန်လာပြီးနောက် ကျွန်ုပ် နှင့် ဆားပုလင်းနှင်းမောင် တို့ သည် “ ဘုံဘေရက်စတောရင့် ” ဟိုတယ် ၌ စားသောက်ဖွယ်ရာများ မှာ ယူ စားသောက် ကြ ရင်း ကျွန်ုပ် မရှင်းလင်းသည်များ  အား ဆားပုလင်းနှင်းမောင် ကို မေးမြန်းရလေ ၏ ။

“ အိုင်ဆေး ကိုနှင်းမောင် ။ သဲလွန်စ ရပုံလေး ရှင်း ပြစမ်းပါဦး ”

ဟု ကျွန်ုပ် က မေး လိုက်လျှင် ကိုနှင်းမောင် က ..

“ ဒီလိုလေဗျာ .. အိုင်ပီ ။ သန်းမြင့်မောင် အိတ် ထဲ က မြင်းတစ် စာအုပ် ကို ကြည့်တဲ့ အခါမှာ ပြီးခဲ့တဲ့ အပတ် က မြင်းပွဲအတွက် ဖြစ် နေတယ် ။ မြင်းသမား ဟာ ပြီးခဲ့တဲ့ မြင်းပွဲ က မြင်းတစ် ကို ဘာ ဖြစ်လို့ သိမ်း ထားဖို့ လိုသလဲ ။ ပြီးတော့တစ်ခါ အထဲ မှာ လိုင်း တား ထားတဲ့မြင်း ကို ကြည့်လိုက်တော့ ကံကြီးမောင် စီး တဲ့ နယ်လဆင် ဆိုတဲ့ မြင်း ဖြစ် နေတယ် ။ အဲဒီ မြင်း ဟာ ပြီးခဲ့တဲ့ အပတ် က ပွဲ မှာ ခွက်ခွက်လန်အောင် ရှုံးသွားတဲ့ မြင်း ပဲ ။ ဒီတော့ သေဆုံးသူ ဟာ မြင်း ရှုံးထားတဲ့ လူ ပဲ ။ ဒါဖြင့် ရင် ဒီ စာအုပ် ကို ဘာကြောင့် ဆောင် ထားရတာ လဲလို့ အကြောင်း ရှာကြည့်တော့ မြင်းစာအုပ် ရဲ့ နောက်ဖက် က အဖုံး မှာ ( ၁၀ x ၈ ) ( ၁၀ x ၁၂ ) ဆိုတဲ့ ဂဏန်းတွေ ကို တွေ့ရတယ် ။ ဒါဟာ ဘာလဲ ဆိုတော့ ဘလောက် အရွယ်အစား နဲ့ ဓာတ်ပုံ အရွယ်အစား တွေ ဖြစ်တယ် ။ ဒီတော့ သေသူ ဟာ ဘလောက်သမား နဲ့ ဓာတ်ပုံသမား တစ်ယောက် ယောက် ဖြစ်ရမယ် မဟုတ်လား ။ ဒီတော့ သူ့ လက် ကို သေသေချာချာ ကြည့်လိုက်တယ် ။ ဘလောက်သမား ဆို ရင် ငရဲမီး ကို ခဏခဏ ကိုင်ရဖန် များ တဲ့ အတွက် လက်သည်းတွေ မှာ ညို နေတတ်တယ် ။ အခု သေသူ ကတော့ ဒီလို မဟုတ်ဘူး ။ ဒီတော့ ဓာတ်ပုံသမား တစ်ယောက် ဖြစ်ရမယ် ။ ပြီးတော့တစ်ခါ စတားရုံ မှာ ကြည့်ခဲ့ တဲ့ လက်မှတ် ဖြတ်ပိုင်း နှစ်စောင် ကို စဉ်းစား ကြည့် တော့ လည်း သေတဲ့ အချိန် ဟာ ည ( ၉ ) နာရီ လောက် မှာ ပဲ ထားဦးတော့ ဘယ်နည်းနဲ့ မှ မ ဖြစ်နိုင်ဘူး ။ စတားရုံ မှာ ပြ နေတဲ့ တာဇံဘိုင်စကုတ် ဟာ ရှည်တယ် ။ ည ( ၁၀ ) နာရီ ကျော် လောက် မှ ပြီးတာ ဖြစ်တယ် ။ ဒီတော့ ဘိုင်စကုတ် မပြီးခင် ထွက် လာခဲ့တာ ဖြစ်ရမယ် ။ ဘိုင်စကုတ် ကို ပြီးအောင် မကြည့်ဘဲ လူ နှစ်ယောက် ထွက်လာတာ ဟာ စဉ်းစားစရာ ဖြစ် နေတယ် ။ ဘာကြောင့် ထွက် လာရတာ လဲ ။ ဘိုင်စကုတ် ကြည့်နေရင်း ထွက်လာကြတယ် ဆို ကတည်း က ထွက်ရမယ့် အကြောင်း ကို ဘိုင်စကုတ်ရုံ ထဲ မှာ စကား ပြောကြရမယ် ။ ဒီတော့ ဘိုင်စကုတ်ရုံ ကို လူချင်းတွေ့ ဖို့ ပဲ အသုံး ပြုခဲ့တာ ဖြစ်တယ် ။ တကယ် ကြည့်ချင် လို့ မဟုတ်ဘူး ဆိုတာ ရှင်းနေတယ် ။ ပြီးတော့ ( ဒီ ကတော့ ရော့ ပတ္တမြား ၊ ရော့ နဂါး ) ဆိုတဲ့ စာပဲ ။ အဲဒီ စာ ဟာ တစ်ခုခု အလဲအလှယ် လုပ်ရမယ့် သဘော ကို ဖော်ပြနေတယ် ။ ( ဒီ ကတော့ ) ဆိုတဲ့ အသုံးအနှုန်း က လည်း မိန်းမတွေ သုံးနှုန်း တတ် တဲ့ စကား ဖြစ် နေတယ် ။ အဲဒါတွေ စုပေါင်း လိုက်တော့ မိန်းမ တစ်ယောက် နဲ့ ဓာတ်ပုံဆရာ တစ်ယောက် လျှို့ဝှက် အလဲအလှယ် လုပ်ကြမယ့် ကိစ္စ ဆိုတာ သိ ရပြီ ။ ဓာတ်ပုံဆရာ မှာ လျှို့ဝှက် လဲလှယ်စရာပစ္စည်း ဆိုတာ လျှို့ဝှက် အပ်တဲ့ဓာတ်ပုံ ပဲ ဖြစ် ရမှာ ပေါ့ ။ မိန်းမ တစ်ယောက် ရဲ့အရှက် ကို ထိခိုက်နိုင်တဲ့ ဓာတ်ပုံတွေ လို့ တစ်ခါတည်း ကောက်ချက် ချနိုင်တယ် ။ မိန်းမ ထဲ မှာ လည်း သာမန် မိန်းမ ထက် ကျော်ကြားပြီး လူသိ များ တဲ့ မိန်းမ လို့ စဉ်းစားရင် ပိုပြီး နီးစပ် မဟုတ်လား ”

ဟု ရှင်းပြ လိုက်လေ ၏ ။

“ သိပ် ဟုတ်တာပေါ့ ကိုနှင်းမောင် ရယ် ။ ဆက်စမ်းပါဦး ”

ဟု ကျွန်ုပ် က ပြော လိုက်ပြန် ၏ ။

“ ပြီးတော့ ရထား တိုက်ခံရတဲ့ ပုံစံမျိုး မဟုတ်ဘူး ။ အတိုက် ခံရတယ် ဆို ရင်လည်း ဘယ်ဘက် က နားထင် မှာ ဒဏ်ရာ ရဖို့ရှိတယ် ။ အခုဟာ က ဒဏ်ရာ ဟာ ညာဘက် မှာ ရှိတယ် ။ အလောင်း ကို ရထားလမ်း ရဲ့ညာ ဘက် ၊ အင်းစိန် ဘက် ကနေ လာရင် ပြောတာ နော် ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ ၏ ။

“ ဟုတ်ပါပြီ ။ ကျုပ် သဘော ပေါက်ပါပြီ ”

ဟု ကျွန်ုပ် က ပြော လိုက်လျှင် ဆားပုလင်းနှင်းမောင် က ..

“ ဒီတော့ ရထား တိုက် ခံရတာ လည်း မဟုတ် ။ ရထား ကြိတ် ခံရတာ လည်း မဟုတ်တဲ့ အပြင် ဂါတ်ဗိုလ် ကလည်း ဘုန်း မြည် တဲ့ အသံကြီး ကြား ရတယ် ဆိုတော့ ရထား ပေါ် က ကျတာ ဖြစ်ရမယ် ။ အသက် ရှိတဲ့ လူကျ တာနဲ့ သေပြီးသားအလောင်း ကျ တာ ဟာ အလောင်း ကျ တာ က ပိုပြီး အသံ မြည် ဖို့ ရှိတယ် မဟုတ်လား ။ ဒီတော့ ရထား အမိုး ပေါ်မှာ အလောင်း ကို တင်ထားတာ ဖြစ်ရမယ် ။ မြင့် တဲ့ ကုန်းတံတားတွေ မှာ လွတ် လာပြီး ဘုရားလမ်း ကုန်းတံတား လို နိမ့်တဲ့ ကုန်းတံတား နဲ့ ကျတော့ တိုက်ပြီး ကျ သွားတော့တာပေါ့ ။ ကျွန်တော့် တွေးထင်ချက် မှန်မမှန် ကို သိနိုင်အောင် တွဲ ပြင်ရုံ ထဲ က အဲဒီ ရထား အမိုး ကို သွားပြီး ကြည့်တဲ့ အခါမှာ ရထား ပေါ် မှာ အလောင်း နဲ့ တိုက်ပြီး ထင်တဲ့ အစင်းကြောင်း ကို တွေ့ ရတယ် ။ ပြီးတော့ ဂါတ်ဗိုလ်တွဲ နဲ့ ရှေ့ က တတိယတွဲ မှာ ဆိုတာ မှတ်လာခဲ့ပြီး ရထားလမ်း အတိုင်း လျှောက် သွားတဲ့ အခါမှာ အလောင်း တင် လို့ အကောင်းဆုံး နေရာကို ဟံသာဝတီဘူတာ မှာ သွားပြီး တွေ့ရတယ် ။ အဲဒီ နေရာ က ကုန်းမြင့်လေး ပေါ်တက် သွားတဲ့ အခါမှာ အလောင်း ကို ဒရွတ်တိုက် ဆွဲလာလို့ လဲ နေတဲ့ မြက်ပင်ကလေးတွေ ကို လည်း တွေ့ရတယ် ”

ဟု ဆားပုလင်းနှင်းမောင် က ရှင်းပြလေ ၏ ။

“ ဟုတ်ပါပေ့ဗျာ ။ ခင်ဗျား စဉ်းစားတာ နေရာ ကျလိုက်တာ ”

ဟု ကျွန်ုပ် က ပြောလိုက်လျှင် ဆားပုလင်းနှင်းမောင် က ..

“ သန်းမြင့်မောင် ရဲ့အခန်း ထဲ ရောက် တော့ ဘိုင်စကုတ် ပိုစတာတွေ ရယ် ၊ ဓာတ်ပုံ ကူးတဲ့ အမှောင်ခန်း ရယ် ၊ မိန်းမကိုင် လက်ကိုင် ပဝါလေး တစ်ထည် ရယ် ကို လေ့လာတဲ့ အခါ မှာ သေသူ ဟာ သန်းမြင့်မောင် ဖြစ်တယ် ။ သတ်သူ ဟာ ခင်စိန်ကြည် ဖြစ်တယ် ဆိုတာ ကို ဖော်ထုတ်ဖို့ အတွက်တော့ ငှက်ပျောသီး အခွံ နွှာ စား တာလောက် ကို လွယ်ကူတဲ့ အလုပ် ဖြစ် သွားပြီပေါ့ဗျာ ”

ဟု ဆားပုလင်းနှင်းမောင် က  ပြော လိုက်လေ ၏ ။

“ ခင်ဗျား အတွက် သာ လွယ်တာဗျို့ ။ ကျုပ် အတွက် ကတော့ ခက် လိုက်တဲ့ ဖြစ်ခြင်း ဗျာ ။ စိတ် မကောင်းတာ ကတော့ ခင်ဗျား လို တော် တဲ့ လူ တစ်ယောက် ဆားပုလင်း ရာထူး က မတက်တာ ပဲ ဆိုးလှသဗျာ ”

ဟု ကျွန်ုပ် ပြောညလိုက်လေ ၏ ။

“ လူတော် တွေ ဟာ ဒီလိုပဲ ခံနေကြရတတ်တာပဲ မဟုတ်လားဗျာ ။ စိတ် မကောင်း မဖြစ်ပါ နဲ့ ”

ဟု ဆားပုလင်းနှင်းမောင် က ပြန်၍ ပြော လိုက်လေ ၏ ။

အထက်ပါ အတိုင်း ပြောဆို ကြပြီးနောက် ကျွန်ုပ် နှင့် ဆားပုလင်းနှင်းမောင် တို့ သည် စားသောက် ပြီး ကြ လျှင် ဘုံဘေရက်စတောရင့် မှ ပျော်ရွှင်ပေါ့ပါးစွာ ထွက်လာ ခဲ့ကြလေတော့သတည်း ။

◾မင်းသိင်္ခ

📖 ဆားပုလင်းနှင်းမောင် နှင့် တစ်ပွဲစားဦးနှော

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment