❝ အလှဘုရင်မ ငြိမ်းမြ ❞
အသွား က မြ နေရုံ မက ဓားဦး က ချွန်ထက် ကော့လန် နေသည် ။ သံ အကောင်းစား ဖြင့် ဖန်တီးထားခြင်း ဖြစ်သည် ။ ထို ဓား ကို ပန်းပဲဖို ဆရာကြီး ဦးဘမောင် သည် အလေးချိန် အနံ အလျား တို့ ကို သတိထားပြီး လုပ်ခဲ့သည် ။ ဓားကလေး ပုံသဏ္ဌာန် မှာ အလှအပ ဘက်သို့ မလိုက်ဘဲ မကွေးဓား ၊မကွေး ကတ်ကြေး စသည့် အစဉ်အလာ ကောင်း ခိုင်မာပြီ ဖြစ်သော ဂန္ထဝင် ဘက် လိုက် နေသည် ။ ပန်းပဲဖို ဆရာကြီး ဦးဘမောင် သည် ထို လုပ်ငန်း ဖြင့် အသက်မွေးဝမ်း ကျောင်း လာခဲ့သည် မှာ နှစ်ပေါင်း လေးဆယ် ကျော်ပြီ ။ အကြောင်းကြောင်း ကြောင့် ရပ်ဆိုင်း သွားရလျှင် လည်း ခေတ္တမျှသာ ။ သည် နေ့ တော့ လက်ရွေးစင် ဓားပါးလေး တစ်ချောင်း ကို သပ်သပ်ရပ်ရပ် ခိုင်ခိုင်ခံ့ခံ ဖြစ်အောင် တစ်ပေ လောက် ရှိသော သံချောင်း တစ်ချောင်း မီး ထဲ ရဲနေအောင် ဖုတ်ပြီး မှ သူကိုယ်တိုင် ထုရိုက် ပုံဖော်နေသည် ။ ရဲ နေသော သံချောင်း ၏ တစ်ဖက် ထိပ် ကို လက်ကိုင် တွင် အဝတ် ပတ်ထားသော ညှပ် ဖြင့် ကိုင်ပြီး အခြား တစ်ဖက် နှင့် အလယ်သား ကို ပေတုံး ပေါ် တွင် တူ ဖြင့် ဖြည်း ဖြည်းချင်း ထု လျက် ဒီဇိုင်း ဖော်နေသည် ။
များမကြာမီ ဓားလေး သည် ပီပြင် လာသည် ။ ထို သံချောင်းကလေး ကို အစ ပထမ က ဦးဘမောင် ဘာ လုပ်ရမလဲ ဆိုသော စိတ်ကူး ၏ အဖြေ ကို ရရှိ လိုက်ပါပြီ ။ ဦးဘမောင် သည် ဓား ကို တံဆိပ် ရေး ရာတွင် “ အလှ ဘုရင်မ ” ဆိုပြီး ရေး လိုက်ရုံတင် အား မရသေးဘဲ “ ငြိမ်းမြ ” ဆိုသော အမည်လေး ကို ပါ ထည့် ရေးလိုက်လေသည် ။ သဘောကတော့ ဦးဘမောင် သည် ဓား ကို ကြည့် ရင်း ကြည့်ရင်း ချစ်ခင် စုံမက်သွားကာ ကြည်နူးခြင်း တံခါးများ ဟင်းလင်း ပွင့် သွားပြီး နောက် တစ်ချိန် က တစ်နေရာ မှာ သူ နှင့် ဖြစ် ခဲ့သည့် သူ့ ရည်းစားဟောင်း နာမည် ကို ကောက် ရေး လိုက်ခြင်း ဖြစ်သည် ။ ဦးဘမောင် သည် ဓား ကို အဖျား မှ ပက်လက်လှန် ကိုင်ကာ ဓားပေါက် ကျွမ်းကျင်သူ တစ်ယောက် လို လေ ထဲ မှာ ဆကာ ဆကာ တညိတ်ညိတ် လှုပ်ရမ်းနေသည် ။
“ ဒီ ဓား ကို တစ်ခြား ဓားတွေထက် ဈေး ပို ရောင်း ရမှာပဲ ”
ထို့နောက် လက်ကိုင် ကို တပ်နေသည် ။ သူ့ တူ လည်း ဖြစ် ၊ တပည့် လည်း ဖြစ်သော ကောင်လေး တစ်ယောက် ကတော့ ဂေါ်ပြား တစ်ခု ကို လုပ်နေသည် ။
မကွေး မြသလွန်ဘုရားပွဲ တွင် ပန်းပဲဆရာကြီး ဦးဘမောင် နှင့် မိသားစု တို့ သည် ပန်းပဲ ဖို ထွက် ပစ္စည်းများ နှင့် အညာစောင် ၊ ဂွမ်းကပ် ၊ ပင်နီဖျင် များ ကို ပါ ဆိုင်ထောင့် တွင် တပ်ထားပြီး သွက်သွက်ကလေး ရောင်းကောင်း ရန် ဆုတောင်း နေကြသည် ။
“ ဟေ တပည့်တို့ ရေ ၊ ဟို “ အလှဘုရင်မ ” ဆို တဲ့ ဓားပါးလေး ကို ရှေ့ဆုံး မှာ မြင်သာ အောင် ထားကြ ။ လာ ဝယ်ရင် ငါးဆယ့်ငါးကျပ် လို့ ပြော ရောင်း ၊ ဓားတွေ ထဲ မှာ ဒီ “ အလှဘုရင်မ ငြိမ်းမြ ” ဆိုတဲ့ ဓား ဟာ အကောင်း ဆုံး ပဲ ကွ ။ တခြား သူ့ အရွယ် ဓားတွေ ကို အစိတ် နဲ့ ရောင်း ကြားလား ”
ဓားပုံ တွေ ထဲ မှာ ငြိမ်းမြ သည် တခြား ဓားတွေ က ဦးထိပ် ဝိုက်ယောင်ယောင် ရှိပြီး သူ က ဦးထိပ် ချွန်ယောင်ယောင် ရှိသည် ။ မကွေးဘုရားပွဲ တွင် ငြိမ်းမြ ကို မရောင်းရပေ ။ “ နတ်မြင်း ” ၊ “ သတ္တိ ” တံဆိပ် ရေးထားသော ဓားပါးလေး တွေ ကို သာ ရောင်း ရသည် ။
“ ဒီ ဓားလေး ကို ကော မကြိုက်ဘူးလား ” ဆိုပြီး ငြိမ်းမြ သို့မဟုတ် အလှဘုရင်မ ကို ထုတ်ပြသည် ။ ထိုအခါမျိုး တွင် အလှဘုရင်မ ငြိမ်းမြ သည် အချိုဆိမ့်ဆုံး ပြုံးပြ နေတတ်သည် ။ ဈေး ဝယ် သူ ဘုရားဖူးများ ကလည်း အလှဘုရင်မ ငြိမ်းမြ ကို ကိုင် ကြည့်ရုံ ကိုင်ကြည့် လျက် “ အလှဘုရင်မ တဲ့လား ” ဟု ဆိုကာ ဈေး ကို လှမ်း မေးပါသည် ။ “ ငါးဆယ့်ငါးကျပ် ” ၊ “ ငါးဆယ့်ငါးကျပ်တောင် ....... ” ဆိုပြီး ရေရွတ်ကာ ချ သွားကြသည် ။
အဓိပ္ပာယ်ကတော့ “ ငါးဆယ့်ငါးကျပ် တတ်နိုင်မှတော့ တော်ရေ .... တော့ ဓား ကို ဘယ် ဝယ်တော့မှာလဲ ။ စတီးဓား သွားဝယ်မှာပေါ့ ” ဆိုသော သဘော ။
မကွေးဘုရားပွဲ ပြီး တော့ ဆိုင်ခင်းများ ဖျက်ကြစဉ် ကုလားထိုင် တစ်လုံး ပေါ် တွင် ကွမ်းမြုံ့ နေသော ပန်းပဲဆရာကြီး ဦးဘမောင် ကို မကြာမီ တောင်းထဲ ရောက် သွားတော့မည့် ငြိမ်းမြ က အားနာစွာ လှမ်း ကြည့်နေသလို ထင် ရသည် ။
“ ဓားတွေ မကွေး မှာ သိပ် မရောင်းရလည်း ကိစ္စ မရှိဘူး ။ ရန်ကုန် သွား ရောင်းတော့ ထပ်လုပ်စရာ မလိုတော့ဘူးပေါ့ ”
စင်စစ် ဓားတွေ ရောင်း မကောင်းခြင်း မှာ သံမဏိဓားတွေ ခေတ်စား သော ကြောင့် ဖြစ်လျက် ထို နိုင်ငံခြားဖြစ် ဓားတွေ က ဈေး လည်း သိပ် မများသောကြောင့် ဖြစ် ၏ ။ မြန်မာပန်းပဲဖို မှာ သံကျွတ်ဓားတွေ လုံးဝ တိမ်ကော မသွားခြင်းကတော့ တချို့လူများ သည် မီးဖိုချောင် အတွက် မိရိုးဖလာ သံဓားတွေ ကို သာ စွဲစွဲလမ်းလမ်း သုံးစွဲ နေသောကြောင့် ဖြစ်၏ ။
ဦးဘမောင် ၏ စကား ကို ကြားတော့ အလှဘုရင်မ ငြိမ်းမြ အားတက် သွား သည် ။ ဦးဘမောင် သည် မော့ ကြည့် နေသော အလှဘုရင်မ ငြိမ်းမြ ကို အားပေးနေခြင်း မဟုတ် ။ သူ့ ကိုယ် သူ အားပေး နေခြင်း ဖြစ်သည် ။ သို့သော် သူမ ပါ ရောပြီး အားတက် မိသည် ။
မိုးကောင်း ဘုရားပွဲ ၊ ကမ္ဘာအေး ဘုရားပွဲ ၊ ကျိုက်ဝိုင်း ဘုရားပွဲများ သို့ ဦးဘမောင် တို့ မိသားစု ပန်းပဲဖို ထွက် ပစ္စည်းများ နှင့် အညာထည်များ ရောင်းချရန် လှည့်လည် ရောက်ရှိ လာခဲ့ကြသည် ။
တစ်နေ့တော့ ကျိုက်ဝိုင်းဘုရားပွဲ တော် မှာ ငြိမ်းမြ ၏ ဘဝ အလှည့် အပြောင်း တစ်ခု စတင် ခဲ့သည် ။
( ၂ )
“ အိမ် မှာ ဓား တစ်ချောင်း မှ မရှိဘူး ။ လှီးချင် ဖြတ်ချင် ရင် ဟိုဘက်အခန်း က သွား သွား ငှားရတယ် ။ တစ်ခါတလေ သူတို့ကို ကြည့် ရတာ ငှားချင် ပုံ မပေါ် ဘူး ။ တစ်ခါ တစ်ခါ သူတို့ လှီး နေတာနဲ့ ကြုံတော့ စောင့်နေရတယ် ”
စံပယ်ထွန်း က သူ့ ယောက်ျား ကိုကိုညိမ်း ကို ဓားပါးလေး တစ်ချောင်း ဝယ်ပေးရန် ပူဆာခြင်း ဖြစ်သည် ။ သည်လို ပူဆာနေသည် မှာ သုံးလ ကျော်ကျော် ရှိပြီ ။ ဓား ဆို၍ သူတို့ အိမ် မှာ ထင်းခွဲ သည့် ဓား တစ်ချောင်း ပဲ ရှိသည် ။ တစ်ဖက်ခန်း မှ ဓားပါးကလေး အလွယ်တကူ ငှားရမ်း ရရှိနေ၍ တစ်ကြောင်း ၊ ဓားမတိုကြီး ရှိနေ၍ တစ်ကြောင်း ဓားပါးလေးတစ်ချောင်း မဝယ်ဖြစ်ခဲ့ ။ တစ်ခါတလေ အဖိုးတန် ကိတ်မုန့် ကို ပုံဆိုးပန်းဆိုး ဓားမတို တုံးတုံး ဖြင့် လှီးဖြတ်နေသည် မှာ အရုပ် ဆိုးလှသည် ။ ကိတ်မုန့် မှာ လည်း လိမ်ကြေ အက်ကွဲလျက် အတုံး သေးသေးမွတွေ ဖြစ် ကုန်သည် ။ လူတွေ က “ နင် သံမဏိ တစ်ချောင်းလောက် ဝယ်ထားပါလား ” တဲ့ ။
“ ဒါကြောင့်မို့ ပြောတာပေါ့ ။ ဓားပါးလေး တစ်ချောင်း ဝယ်ပေးပါလို့ ”
စံပယ်ထွန်း က ခင်ပွန်း ကိုကိုညိမ်း ကို ကြုံလျှင် ပြောတတ်သည့် စကား ။
“ ဒီ ဓားပါး လို ကိစ္စမျိုး က မင်း ဟာ မင်း ဆောင်ရွက်လိုက်တာ ကောင်း ပါတယ် ။ မင်း ကြိုက်တဲ့ ဒီဇိုင်း ကို မင်း ရွေးနိုင်ပါတယ် ”
လူ ဆို တာ တစ်မျိုးပဲ ။ အစား ထိုး လို့ ရလျှင် ခပ်အေးအေး ခပ်ဖြည်း ဖြည်း ။ သို့မဟုတ် အစား မထိုးဘဲ နေလို့ ရလျှင်လည်း အစား မထိုးဘဲ နေကြ မည် ။ ကြာရှည်ခဲ့သော အချိန်ကို မနေ့ တစ်နေ့ က လိုပဲ သဘောထား နိုင်ကြ သည် ။ ရွှေ့လို့ ရလျှင် ရွှေ့ ထားလိုက်ချင်သော အကျင့် ကြောင့် တစ်နှစ်အတွင်း စံပယ်ထွန်း အိမ် မှာ ဓားပါး တစ်ချောင်း မရှိခဲ့ ။ ဟိုတုန်း က တော့ ကိုကိုညိမ်း တို့ စံပယ်ထွန်း တို့ အိမ် မှာ ဓားပါးလေး တစ်ချောင်း ရှိခဲ့ဖူး၏ ။
မင်္ဂလာ ဆောင်ပြီး နောက်နေ့ တွင် လမ်းဘေး ပလက်ဖောင်းမှ သုံး ကျပ် နှင့် ဝယ်လာသော အပေါ့စား ဓားမြှောင် အပေါစားဖြစ်ပြီး ပျော့ လွန်း သည် ။ နောက်တော့ ပျောက်သွားသည် ။
“ ထွန်း ... စတီးဓား မကြိုက်ဘူးလား ။ မြန်မာဆန်ဆန် မြန်မာ တွေ ပဲ ကောင်းပါတယ် ။ မြန်မာ့ဓား ၊ မြန်မာ့ဓား ဆိုပြီး ရေးကြတာ စာအုပ် တွေ ထဲမှာ မဖတ်မိဘူးလား ”
“ အဲဒါ မျိုးချစ်စိတ် နဲ့ သတ္တိ ကို ပြောတာပါ ။ ဓား အမျိုးအစား ကောင်း တာ ကို ပြောတာ မဟုတ်ပါဘူး ”
ထို လင်မယား ၏ ဆွေးနွေး ပြောဆိုနေခြင်းများ မှာ အလှဘုရင်မ ငြိမ်းမြ နှင့် တိုက်ရိုက် ပတ်သက် ဆက်နွယ် နေသည် ။ သမိုင်း ဘက် က ကျိုက်ဝိုင်းဘုရားပွဲတော် ၏ ည တစ်ည တွင် သူတို့ နှစ်ယောက် ဈေးတန်း ထဲ လျှောက် လည်ကြသည် ။ ဦးဘမောင် တို့ ဆိုင်ရှေ့မှာ ရပ် လိုက်ကြသည် ။ “ ဟော တွေ့ပြီ ” ဆိုသည့် မှတ်ချက် ကို ပြိုင်တူ ချ မိခြင်းနှင့် အတူ တစ်ယောက် နှင့် တစ်ယောက် မတိုင်ပင်ဘဲ နှင့် ဆိုင် ရှေ့ သို့ နီးနီးကပ်ကပ် ရောက် လာကြသည် ။ “ ဟော တွေ့ပြီ ” ဆိုသည့် မှတ်ချက် ကို အသံဖြင့် သရုပ်ဖော်ခြင်း မဟုတ် ။ အကြည့် ဖြင့် သရုပ်ဖော် လိုက်ခြင်း ဖြစ်ပြီး ထို အချိန်မျိုး မှာတော့ သူတို့ မျက်နှာများ သည် အချစ်ဆုံး မိတ်ဆွေ နှင့် တွေ့ရတော့မည့် ပုံစံမျိုး ဖြင့် ငြိမ်းမြ ကို တွေ့ လိုက် ကြသည် ။
“ ကိုကိုညိမ်း ..... ထွန်း ကြိုက်တာ ဒီ ဓားမျိုး ပေါ့ ။ ဓားကလေး က လှ လိုက်တာ ။ အရွယ် ကလည်း ထွန်း ကြိုက်တဲ့ အရွယ် ပဲ ”
ဆရာကြီးဦးဘမောင် က မသိချင်ယောင် ဆောင် နေလိုက်၏ ။ မျက်စိ ထောင့် ကပ်ပြီး မျက်မှန် ထဲ မှ ခိုး ကြည့်နေသည် ။ အလှဘုရင်မ ငြိမ်းမြ က တော့ သူ့သခင် ကို စာမေးပွဲ အောင် သော သား တစ်ယောက် က ဖခင် ကို ကြည့် သလို ကြည့် နေသည် ။ သို့သော် သူမ အနေ ဖြင့် ကိုကိုညိမ်း ၊ စံပယ်ထွန်း တို့ အိမ် သို့ အပြီး အပိုင် လိုက် သွားရတော့ မလိုလို ရှိ သော အခါ ဝမ်းနည်းလှိုက်မော လာ သလိုလို ခံစားလာရသည် ။ စံပယ်ထွန်း တို့ က ဈေး ပင် မဆစ်ကြ ။ စံပယ်ထွန်း က ဓားလေး ကို ကိုင်ပြီး ဦးဘမောင် ကို ပြုံးပြီး နှုတ်ဆက်နေသည် ။ သူမ က မပြုံးနိုင်ပေ ။ ဆရာကြီး နှင့် ခွဲခွာ ရတော့မည် မဟုတ်လား ။ ဝမ်းနည်း ဝမ်းသာ ကြည့်လျက် နောက်ဆုံး အနေအထား မှ နေ၍ ဦးဘမောင် ကို နှုတ်ဆက် နေသည် ။ ဦးဘမောင် သည် ငြိမ်းမြ ကို မျက်စိတဆုံး ငေး ကြည့် နေ၏ ။
အလှဘုရင်မ ငြိမ်းမြ သည် ဘုရားပွဲ တကာ စုံ ခဲ့ပြီ ။ ရန်ကုန်မြို့ ကို နှံ့သလောက် ရှိခဲ့၏ ။ ခုတော့ ဘုရားပွဲ တွေ မှာ ကျင်လည်စရာ မလိုတော့ ။ ခုတော့ ငြိမ်းမြ ကမာရွတ် ကို ရောက်ပြီ ။ မကွေးမြို့ ကို ပြန်စရာ မလိုတော့ ။ ကမာရွတ် မှာ ဘယ်ကာလ ထိ နေရဦးမည် မသိ ။ သည်လို မသိခြင်း သည် ပင် ဘဝ ၏ ဖွင့်ဆိုချက် နှင့် ကိုက်ညီသွားပြီ မဟုတ်လား ။
စံပယ်ထွန်း သည် ဓားပါးလေး ကို သိပ် ချစ်သည် ။ သူ့ ယောက်ျား ကို မသွေး ခိုင်းဘဲ သူ ကိုယ်တိုင် သွေးသည် ။ ဟိုဘက် အခန်း ကို လည်း ဓားကလေး အလှ ကို ပြသခဲ့သည် ။ “ အလွန် လှတဲ့ ဓားလေးပဲ ” အိမ်နီးချင်း မိန်းမ က လည်း ချီးကျူးသည် ။ နောက် နာမည်က လည်း မိုက်တယ် တဲ့ ။ ဓားကလေး ရ လာ ကာ မှ လှီးစရာ ဘာမှ မရှိဘူး ဟု ထွန်း က ညည်းညူ နေတတ်ပြီး ဈေး သို့ မကြာခဏ ပြေးလျက် ကန်စွန်းရွက်များ ဝယ် လာ တတ်၏ ။ ကန်စွန်းရွက် လှီးပြီး ကြော် သည် ။ စားချင် လှ လို့ မဟုတ် ။ ဓား ကို စမ်း ကြည့်ချင်၍ ဖြစ်သည် ။ ထွန်း တို့ မှာ သားသမီး တစ်ယောက် မှ မရှိ ။ တူမ တစ်ယောက် သာ ရှိသည် ။ တူမလေး က ဓား ကို ယူဆော့ ကစား တတ်သည် ။ ဓား ကို ယူသည့် နေရာ တွင် ပြန် မထား ။ ထိုအခါ အဒေါ် လုပ် သူ နှင့် တကျက် ကျက် ။ စံပယ်ထွန်း တို့ အိမ် ဝါးထရံ သည် ဟောင်းမြင်း နေပြီ ။ ဟောင်းမြင်း သော ဝါးထရံ ၏ ဘယ်ဘက်ဘောင် နှင့် တစ်ပေသာသာ အကွာအဝေး တွင် ဓား ကို စံပယ်ထွန်း ထား နေကျ ။ ထိုနေရာ တွင် အမြဲတမ်း တွေ့နေရသဖြင့် တခြား သွား ရှာစရာ မလို ။ ဘယ်သူ ဘယ်နေရာ မှာ ထားထား ၊ စံပယ်ထွန်း က နောက်ဆုံး ထို နေရာ မှာ ပဲ ပြောင်း ထားသည် ။ ထရံဟောင်း တွင် ဓားသစ် သည် ထင်း နေသည် ။ အာရုံ စိုက်စရာ မလိုဘဲ မျက်စိ ထဲ အလိုအလျောက် ဝင်သွား သည် ။ တူမလေး နှင့် ဓား ၊ တူမလေး နှင့် စံပယ်ထွန်း ။ ဓားကလေး ကို နေရာ တကျ မထားသဖြင့် တကျက်ကျက် ပါပဲ ။
“ မကွေးဓား ရှားတယ် ။ အလှဘုရင်မ ငြိမ်းမြ တဲ့ ”
တစ်နေ့ တော့ စံပယ်ထွန်း သည် ဓား ကို သေသေချာချာ သွေးရင်း ဓား ၏ ဂုဏ်ပုဒ် ကို အမွှန်းတင်နေသည် ။ သူ့ ဘဝ ၏ ဒုတိယ နောက်ဆုံး နေ့ ။ သူ သည် ဓား ကို ကော့ နေ အောင် သွေးရင်း ဘူးသီး ကို ဓားဦး နှင့် စိုက်ထိုး ပြီး ခွဲကြည့် နေပုံ ကို စိတ် ထဲ မြင်ယောင် လာသည် ။ တကယ့် အဖြစ်မှန် ဖြစ်သော လူသား တစ်ဦး ၏ ဗိုက်သားလေး ထဲ လေးလက်မ လောက် ထိုးသွင်းလျက် အထဲ မှ အသက် ကို ဆွဲထုတ် လိုက်မည် ဖြစ်ကြောင်း သူ မမြင်ယောင်မိခဲ့ ။ ထို ဗိုက် မှာ မိမိ ဗိုက် ဖြစ်ကြောင်း နှင့် သူ ချစ်သော ဓား သည် တစ်ချိန် ချိန် မှာ သူ့ ဇီဝိန် ကို ချုပ်စေပြီး သူ့ရင်ခေါင်း တစ်နေရာ သို့ စိုက်ဝင်လျက် မှောင် အတိ ကျသွားမည် ကို သူ သာ သိ ထားခဲ့လျှင် ဓားကလေး ကို ချစ် ကော ချစ်နိုင်ဦး မလား မသိ ။
မိုးတွေ သည်းထန်လွန်း သော ညဦးနှောင်း ကာလ တစ်ခု မှာ ပေါ့ ။
သည်ကာလ မှ နောက် နာရီဝက် ကြာ လျှင် မိန်းမချောလေး စံပယ်ထွန်း သည် ကမ္ဘာ ပေါ် သို့ အလည် တစ်ခေါက် ပြန် ရောက်ရှိ လာနိုင်တော့မည် မဟုတ်ပေ ။ ဒါကို သူ မသိသေးသဖြင့် သူ့ ရင် သည် သာယာလှပ ကာ သူ့ အပြုံး သည် ချိုမွှေး နေဆဲပဲ ပေါ့ ။ ဘဝ ၏ ဖွင့်ဆိုချက်များ တွင် သေနေ့ ကို ကြိုတင် မသိနိုင်ခြင်းလည်း ဝမ်းနည်းစွာ ပါဝင် နေသည် မဟုတ်လား ။
မိုးတွေ သည်းမည်းလွန်း နေဆဲ ။ စံပယ်ထွန်း အပြင်ဘက် သို့ မသဲမကွဲ လှမ်း ကြည့်လိုက်၏ ။ အမှောင် ထဲ သို့ စူးစိုက် ကြည့်လိုက်သော ပုံစံမျိုး နှင့် မိုးတွေ ပက် နေသဖြင့် အလျင်စလို ကြည့်သော အကြည့် တို့ ပေါင်းစပ်ကာ ဒုတိယ ပုံစံအကြည့် ။ အမှောင် ထဲ တွင် ဘာမှ မတွေ့မိ ။ အမှောင် တစ်နေရာမှာ သူ့ ကို စောင့် ကြည့်နေသူ တစ်ယောက် ရှိလိမ့်မည် သူ မတွေးမိ ။ သို့သော် လိပ်ပြာ က သိရှိခွင့် ရှိ နေ သလိုလို ခံစားရ သည် ။ ကြက်သီးတွေ ထ လာသည် ။ ထို့နောက် သူ တံခါး ကို ပြေး ပိတ်လိုက်၏ ။ သို့သော် နောက်ကျ သွားခဲ့ပြီ ။ အကြံအစည် ယုတ်မာသော လူတစ်ဦး သည် အိမ် ထဲ တွင် နေရာ ယူ ပြီး နေပြီ ။
ထိုအချိန် တွင် တူမလေး ကို သူ့အမေ က အလည် ခေါ်သွား၏ ။ သူ့ ယောက်ျား က လည်း အပြင် သွား နေခိုက် ။ ဟိုဘက်ခန်း မှ လူများ က လည်း မွေးရပ်မြေ သို့ အလည် သွားခိုက် ။ အားလုံး ဆုံစည်းမှု တစ်ခု သည် စုစည်းမှု ရှိခဲ့သော ပျော်ရွှင်မှုများ နှင့် သူ့ ကို ထာဝရ ခြားနား ဝေးကွာ သွားစေတော့ မည် ။ သန်မြန်သော ထို ပုဂ္ဂိုလ် လူယုတ်မာ မှာ တခြား လူ မဟုတ် ။ သူ အပျိုဘဝ တုန်း က သူ့ ကို အရူးအမူး ရည်းစားစကား လိုက် ပြော ၊ ကြမ်းကြမ်း တမ်းတမ်း ချဉ်းကပ် ၊ ကားတင်မည် ဟု ခြိမ်းခြောက် လို ခြိမ်းခြောက် လုပ်ခဲ့ သော လူ ။ ထွန်းအောင်သော် ။ မိုးခြိမ်းသံများ ၊လေတိုက်သံများ က ထွန်းအောင်သော် ၏ အကြံအစည်များ အတွက် နိမိတ်ပုံ လို ဖြစ်သွားခဲ့ပြီ ။ သင်္ကေတများ လည်း ဖြစ်ခဲ့ပြီ ။ ငိုကြွေးသံများ ပမာလည်း ဖြစ်ခဲ့ပြီ ။
ပေါင်ချိန် ၂၀၀ ကျော် ရှိသော ယောက်ျားကြီး တစ်ယောက် ကို ပေါင် ချိန် ၉ဝ သာ ရှိသော စံပယ်ထွန်း သည် အသောတကြည် ပင် အရှုံး ပေးလိုက် ရ၏ ။ အချိန်ကောင်း အချိန်ကိုက် တွင် ကိုကိုညိမ်း ရောက် လာသည် ။ အထင် လွဲစရာ အကောင်းဆုံး အနေအထား ကို တွေ့ သွားပြီး နောက် ကိုကိုညိမ်း သည် စံပယ်ထွန်း ကို အလှဘုရင်မ ငြိမ်းမြ ဓား ဖြင့် ထိုးမိပေပြီ ။ လက် လွန် သွား ပေပြီ ။ စံပယ်ထွန်း သည် ထာဝရ အိပ်မက် ချောက် ထဲ ရောက်ရှိ သွားပေပြီ ။
“ တစ်နေ့ တစ်နေ့ အထင်လွဲ အမြင်လွဲ လို့ ကမ္ဘာ ပေါ် မှာ လူတွေ ဘယ်လောက် တောင် သေနေကြလဲ မသိဘူး ။ တကယ်တော့ စံပယ်ထွန်း ဟာ စာရိတ္တ အကောင်းဆုံး မိန်းကလေး တစ်ယောက် ပဲ ”
လူတွေ ထဲ က လူတစ်ယောက် ၏ ထင်မြင်ချက် လွင့်ပါး လာသည် ။ ကြေကွဲစရာ အဖြစ်အပျက် မှာ ပျံ့နှံ့သွားသည် ။ မိုး က လည်း စဲ သွားပြီ ။
အဓိပ္ပာယ် မှာ လူသတ်မှု သည် ထင်ရှားပြီး ဆိုလိုသည် မှာ သက်ဆိုင်ရာ အမှုတွဲ တွင် ပါဝင်သော သက်ရှိ သက်မဲ့များ သည် ဥပဒေ ၏ စီမံရာ ကို ခံ ကြရတော့ မည် ။ သံဝေဂ အနေ နှင့် ရှုနိုင်ကြမည် ဆိုလျှင် အားလုံး ခွဲခွာ ရတော့မည့် သဘောတရား မှာ နေရာ ယူထားပြီ ။ အလှဘုရင်မ ငြိမ်းမြ သည် ငိုရလွန်း သောကြောင့် လား မသိ ။ မျက်ရည် ခန်း သွားပြီးနောက် မျက်လုံး ထဲ မှ သွေးစက်တွေ တတောက်တောက် ယိုစီး ကျနေသည် ။ သူ့ ဘဝ သည် မကွေး ကို လည်း ပြန်ရောက်တော့ မည် မဟုတ် ။ သက်သေခံ ပစ္စည်းအဖြစ် ရဲ က သူ့ ကို သိမ်းတော့ အသားညိုညို နှင့် အရပ်သား တစ်ယောက် က “ ဓားလေး လှလိုက် တာ ။ လက်ကိုင် မှာ ဆေးပြာလေး သုတ် လို့ ။ အလှဘုရင်မ ငြိမ်းမြ ဆိုပါလား ။ ရက်စက်တာ တော့ ကမ်းကုန်ရော ” တဲ့ ။
တခြား လူတစ် ယောက် က “ ကမ္ဘာပေါ်မှာ မုဒိန်းအကျင့် ခံရပြီး , အသတ် ခံရတဲ့ အဖြစ်အပျက် ဟာ ကြေကွဲစရာ အကောင်းဆုံးပဲ ” တဲ့ ။
ကျောင်းအုပ်ဆရာကြီး တစ်ယောက် က “ ဓား ဟာ သူ့ ဘာသာ သူ နေ တာပါ ။ ဘုရားဆွမ်းတော် တင်ဖို့ ပန်းသီး တစ်လုံး ကို လှီးမယ် ဆိုရင် ဓား ရဲ့ ရည်ရွယ်ချက် ဟာ တစ်မျိုးပေါ့ ။ မီး ကို ချက်ပြုတ် စားသောက်တဲ့ နေရာ မှာ သုံးမလား ။ ရွာ ကို မီးတိုက် မလား ဆိုတဲ့ သဘောပဲပေါ့ ။ အာလူး ခွါဖို့ သတ်မှတ်ထား တဲ့ ဓား ကို လူ ရဲ့ အသည်းနှလုံး ထဲ တည့်တည့် ထိုး သွင်းပြီး စည်းကမ်း ဖောက်ဖျက်တာ ဘယ်သူ လဲ ။ လူ ပဲ မဟုတ် လား ။ လူ ရဲ့ ယုတ်မာတဲ့ စိတ်ထားတွေ ၊ အထင်လွဲမှုတွေ ၊ ဒေါသတွေ နဲ့ မပေါင်း ဖက် မိရင် ဓား မပြော နဲ့ ၊ သေနတ် မပြော နဲ့ ၊ အနုမြူဗုံးတောင် ကြောက်စရာ မလိုဘူး ။ လူတွေ လည်း အတ္တ တဖြည်းဖြည်း ကြီး လာခဲ့ကြပြီ ။ ယနေ့ ယခု အချိန်အခါ မှာ လူတွေ ကို လူတွေ က ပြန်သတ်တာဟာ သဘာဝ ဘေးဒဏ် က သတ်တာ ထက် အဆပေါင်းများစွာ ပို လိမ့်မည်လို့ ထင်တယ် ။ နာဇီ တွေ ဂျူးလူမျိုး ခြောက်သန်း သတ်သလိုမျိုး သဘာဝ ဘေးဒဏ် မှာ အဲဒီလောက် များများစားစား မရှိဖူးဘူး ။ လူသား ရဲ့ ယုတ်မာမှု ဟာ အနုမြူဗုံး အလုံး တစ်ရာ ထက် ပို ကြောက်စရာ ကောင်း တယ် ။ တကယ်တော့ လက်နက်တို့ ၊ ဗုံးတို့ ၊ တို့မှာ ဘာမှ အပြစ် မရှိဘူး ။ ကြောက်စရာ အကောင်းဆုံး က လူ ပဲ ။ ခွဲခွဲခြားခြား ပြောရရင် ယုတ်မာပြီး အတ္တ ကြီး တဲ့ လူတွေပဲ ”
အလှဘုရင်မ ငြိမ်းမြ သည် လူ နှင့် သူ ၏ ဒေါသ ကို ကြောက်ရွံ့ တုန် လှုပ်စွာဖြင့် အဝတ်ဖြူ တစ်စ အောက် မှာ ကြောက်ရွံ့စွာ ပုန်းအောင်း နေမိပါသည် ။
◾မောင်ညိုပြာ
📖 ပန်းဝေသီ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၉၆
#ကိုအောင်နိုင်ဦး
၊
No comments:
Post a Comment