Wednesday, October 26, 2022

နိုင်ငံရေးကယ်ရီကေးချား


 

❝ နိုင်ငံရေးကယ်ရီကေးချား ❞

“ ဘာတွေဖြစ်ကုန်ပြီလဲ အစ်ကို ဆရာ ၊ နတ်ပြည် သွားတာ စောလိုက်တာ ”

“ စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်ကြီး ကို ဝှဲချီး ကျင်းပပေးခဲ့သည့် အစ်ကို ဆရာမင်းလူ ကား အားလုံး ကို နှုတ်ဆက်ကာ နတ်ပြည် ရောက် စာပေလောကသားများ နှင့် နောက်ထပ် နောက်ထပ် ပွဲကြီးတွေ ဆင်နွှဲ နေပြီ ထင်ပါရဲ့ခင်ဗျာ ”

•••••   •••••   •••••

၁၉၈၁ ခုနှစ် ပြည် ဒေသကောလိပ် ရှိ တောင့်တင်းခိုင်မာခဲ့ သည့် ကျွန်ုပ် တို့ ၏ ကဗျာ အုပ်စုထဲ သို့ အလွန်တရာ မှ ဖတ်ရှု၍ ခံတွင်း တွေ့လှသည့် ပီဘိကဗျာစာအုပ် တစ်အုပ် ရောက်ရှိလာခဲ့ရာ ကျွန်ုပ်တို့ အဖွဲ့သား အားလုံး မှာ တစ်ခါတည်း နှင့် တစ်သက် တာ စွဲ သွားကြပါပေတော့၏ ။

အချစ်လားဟေ့ ဝင်ခဲ့လေကွယ် အမည်ရ ကဗျာစာအုပ်ကလေး ပါ ကဗျာများ ၏ အကြောင်းအရာ နှင့် ရေးဖွဲ့စပ်ဆိုမှု ပုံသဏ္ဌာန် တို့ သည် ကား ကျွန်ုပ် တို့ လို စာရှုသူ ကဗျာ ချစ်သူ တို့ အဖို့ လုံးဝ ထင်မှတ် မထားနိုင် လောက် သည် အထိ ရှိခဲ့ကာ ဟာခနဲ ၊ ဟင်ခနဲ ကို သာ ရင်ထဲ ငြိစွဲခဲ့ကြပါပေ၏ ။

အစ်ကို ဆရာမင်းလူ နှင့် တကွ ရဲဘော်ရဲဘက် ကဗျာဆရာ အစ်ကိုများ ဖြစ်ကြသည့် သားကြီးမောင်ဇေယျ ၊ မြင့်ကောင်း ၊ မောင်မောင်စနေ ၊ မျိုးရာဇာညွန့် စသူ တို့ မှာ ကျွန်ုပ်တို့ ၏ စာစိတ် ဝင် စ ၊ ကဗျာစိတ် ဝင် စ ရင်ခွင် အဝဝ မှာ အခိုင်အမာ နေရာ ယူ ခဲ့ကာ ကျွန်ုပ်တို့ ၏ စာကဗျာ “ အတွေး ” နှင့် “ အရေး ” တို့ ကို ပါ ဝင်ရောက် စီးနင်းခဲ့ပါလေတော့၏ ခင်ဗျာ ။

သည့်နောက် သည့်နောက် ပိုင်းကာလ တို့ မှာ အစ်ကို ဆရာတို့ ၏ တက္ကသိုလ် နောက်ခံ လုံးချင်း မဟာဝတ္ထုရှည်ကြီးများ မှာ လည်း ကျွန်ုပ်တို့ ၏ အသည်းဘဝင် တွင် စွဲထင်ကာ ၊ ထွက်တာ နှင့် ဦးစွာ ရအောင် ငှားကာ ဖတ်ရှု ခဲ့ကြပါပေတော့၏ ။ နောက်ပိုင်း အငှားဆိုင် မှ စာအုပ်ဟောင်း ဘဝ မှာ ဝယ်ယူ သိမ်းဆည်း ဖြစ်ခဲ့တာတွေ လည်း ရှိပါပေ၏ ။ စာအုပ် အနေအထားတွေ “ ဟောင်း ” ခဲ့ပေသော်ငြား “ အတွင်းသား အနှစ် ” ကား ထာဝရ “ သစ် ” နေပါပေ၏ ။

လောလောဆယ် ကျွန်ုပ် ၏ စာအုပ်စင် မှာ ရုတ်တရက် ပြန် ရှာ ကြည့် ဖြစ်ရာ လေးငါးခြောက်အုပ် လောက် ထွက်ချလာတာ တွေ့ ရပါလေ၏ ။ ငှက်ကလေး လည်း ပါ၏ ။ ဦးမင်းလူကောင်းမှု ကဗျာစု  လည်း ပါ၏ ။ လမ်းဖြတ်ကူးသော ဝတ္ထုတိုများ လည်း ပါ၏ ။ ယမကာလုလင် လည်း ပါ၏ ။ နောက်ပိုင်း အော်ဆွေး  လည်း ပါ၏ ။ ဤကား ကျွန်ုပ် ၏ စာအုပ်စင် မှ အပေါ်ယံ ရှပ်ကာ ဟိုဆွဲ ဒီဆွဲ ဆွဲရင်း တွေ့သည့် စာအုပ် အချို့ သာ ဖြစ်ပါပေ၏ ။

•••••   •••••   •••••

ကျွန်ုပ်တို့ ၏ စာပေအနုပညာလောက မှာ “ စာပေနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ” မရှိလေသော်ငြား အားလုံးသော သူတို့ မှာ “ ဒီမိုကရေစီ ” ကို တန်ဖိုး ထား ချစ်မြတ်နိုးကြကာ “ ဒီမိုကရေစီနည်းကျကျ ” မျှတသည့် စိတ်ရင်း ၊ မျှတသည့် လုပ်ရပ် ရှိကြပါပေ၏ ။ “ စာပေဒီမိုကရေစီနိုင်ငံတော် ” မှာ သူ့ ကို ကိုယ် စ ၊ ကိုယ့် ကို သူ ရေး ဆိုသလို တစ်ခါတစ်ခါ ပိဿလေး နှင့် ဘေး ပစ်သည် အထိ ရေးမိ နောက်မိ ကြပေသော်ငြား အတော်များသည့် ရာခိုင်နှုန်းတို့ မှာ စိတ် မဆိုး နိုင်အားကြပါ ။ ကိုယ့် အထဲ သူ့ ထည့် ရေးကာ ကလော် ၊ သူ့ အထဲ ကိုယ့် ထည့်ရေးကာ ဆော် ဖြင့် ပျော်ပျော်ကြီး “ နောက် ” တတ် ကြပါပေရာ ရေးလိုက် သူ ၏ စေတနာ ကို ကောင်းစွာ ခံယူ သိရှိသည့် အတွက် စိတ် ဆိုး တဲ့ မျက်နှာ မဖြစ်ခဲ့ကြပါ ။

တစ်ခါတုန်းက အရိုင်းကာတွန်းဆရာကြီး “ ဦးသော်က ” က ချစ်လွန်းသူ ဟူ သည့် ဇာတ်လမ်းရှည်တစ်ခု ကို အသေအချာ ရေးလေရာ ချယ်ရီမဂ္ဂဇင်း မှာ အခန်းဆက် ပါ ကတည်း ကို က စောင့်၍ စောင့်၍ ဖတ်ခဲ့ကြရပါ၏ ။ ချစ်လွန်းသူ လူဇာတ်လမ်း မဟုတ် ။ ခွေးဇာတ်ရုပ် ဖြစ်ပါ၏ ။

အနှီ ချစ်လွန်းသူ ထဲ မှာ သက်ရှိထင်ရှား စာပေလောက မှ ဆရာသမားများ ကို သူ့ နေရာ နှင့် သူ အကွက် ဝင်အောင် စီမံကြံဆောင် ၍ ဇာတ်လမ်း ဆင်ရေးဖွဲ့ ထားလေရာ ခွေးတစ်ကောင် ပင် ဖြစ်သော်ငြား ဇာတ်လမ်း ထဲ မှာ နာမည် ပါ မသွားသေးသူ တို့ က သူတို့ သူတို့ ကို လည်း ဇာတ်လမ်း ထဲ ထည့်ရေး ပေးဖို့ရာ လိုလိုလားလား ဖွင့်ဟ တောင်းဆို ပြောခဲ့ ကြရပါပေ၏ ။

ဤကား စာပေရပ်ကွက် အနုပညာလောက မှ ချစ်စရာ့ ပုံရိပ်ကလေး တစ်ခု ပါပေ ။

•••••   •••••   •••••

ဒီမိုကရေစီ မရှိသည့် ၊ ဒီမိုကရေစီ မသိသည့် ပီဘိ ကမ္ဘာကျော် နလပိန်းတုံး အာဏာရှင်စစ်အစိုးရမျိုး တို့ သည် ကား တစ်စုံတစ်ယောက် ၏ ဝတ္ထု ၊ ကဗျာစာသား ထဲ မှာ သူတို့ သူတို့ ၏ နာမည် နှင့် ဆင်ဆင် တူတာ ပင် မတော်တဆ ပါခဲ့လျှင် တောင် မှ ဒေါသ အမျက်ချောင်းချောင်း ထွက် ကြကာ နားလည်မှု ကင်းမဲ့စွာ ဖန်တီးသူ ကို ပိုးဆိုးပက်စက် နှစ်ရှည်ထောင်တွေ ဘာတွေ တောင် ချတတ်ခဲ့ကြပါပေ၏ ။

•••••   •••••   •••••

ကျွန်ုပ်တို့ ဘဝ မှာ မတိမ်းမယိမ်း သူငယ်ချင်း စာပေ ဘော်ဒါ နှစ်ယောက် ရှိလေရာ သူတို့ ၏ နာမည်ကျော် ဝတ္ထုတော်ကြီးများ ထဲ မှာ ကျွန်ုပ် အား ကြိုတင် အသိ မပေး အကြောင်း မကြား ဘဲ ထည့်ထည့် ရေးကြတာ စာအုပ်ဘာညာ ထွက် လာကာမှ ကျွန်ုပ် ဘယ်ဘဝ သို့ ရောက် နေသလဲဆိုတာ သိခွင့် ရခဲ့တာ အကြိမ်ကြိမ် ပါ ။

“ တာရာမင်းဝေ ” ၏ နာမည်ကျော် လုံးချင်းဝတ္ထု တစ်အုပ် ထဲ မှာ ဇာတ်လမ်း စ တာ နှင့် ဤသို့ ရေးသား ခဲ့ပါလေ၏ ။ “ သုသာန်စောင့် သုဘရာဇာ စန္ဒာလကြီး ဦးသော်တာ ကား ယခုကာလ မလှမပ မျက်မမြင် ဒုက္ခိတကြီး ဖြစ်နေပေသော်ငြား ငယ်ရွယ်စဉ် နုပျိုစဉ် တစ်ချိန်သော အခါ က ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ချောချောလှလှ စိုးသော်တာ ဆိုသော လူငယ်ဘဝ ရှိခဲ့ဖူးလေသည် ” ဘာညာ ပေါ့ ခင်ဗျာ ။

“ နီကိုရဲ ” ဆိုသည့် ငတိ ရေးလိုက်လျှင် လည်း ကျွန်ုပ် မှာ “ မယက ” ၊ “ အရက်သမား ” ဘဝ က မတက် ။ ရက်စက် လိုက်သည့် “ နီကိုရဲဝင်း ” ။ သူ့ ဗလ ကြောက် ၍ သာ ငြိမ် ခံနေရတာ ။

“ ကိုရွှေထု ” အဲ အဲလေ “ ကိုရွှေထူး ” ဆိုသည့် ပီဘိလူပျိုကြီး ကား ကျွန်ုပ် အား ရေး လိုက်သမျှ ဇာတ်လမ်း တို့ မှာ “ အရက်သမား ၊ ချဲသမား ၊ မယားကြောက် ” ဆိုတာ က မတက် ။

ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ စာပေ ညီအစ်ကို မောင်နှမတွေ အချင်းချင်း ကား ဘာ ပြဿနာ တစ်ပြားဖိုး မျှ မတက်ကြပါပေ ။ ကိုယ့် အကွက် ရောက်လေသော် ကိုယ် ထည့် ဆော်ကာ အသေအကျေ နွှဲခဲ့ပါလေရော ။ အသရေ ဖျက်မှု ၊ အကြည်ညို ပျက်စေမှု ပုဒ်မ မဟားတရားတို့ဖြင့်ကား ဘယ်တုန်း က မှ နှစ်ပါး မသွားခဲ့ကြပါ ။

အချင်းချင်း ရွယ်တူချင်း ဝါတူချင်း တို့ သည် ကား ဘယ်တော့ မှ “ မနာ ” ခဲ့ကြပါ ။

•••••   •••••   •••••

အစ်ကို ဆရာမင်းလူ ကား အခါအခွင့် သင့်သည့် အခါ ပြင်ပ လက်ရှိ အကြောင်းအရာများ နှင့် သေချာ နယ်ဖတ် ဇာတ်လမ်း ဆင် ကာ သူ နှင့် ရွယ်တူ များ သာ မက စာပေ အစ်ကိုအစ်မများ တို့ ကို ပါ သူ့ ကလောင်အစွမ်း ဖြင့် သပ်ရပ် တင့်တယ်လှပစွာ “ စာပေကယ်ရီကေးချားများ ” ရေးဆွဲလေ့ ရှိခဲ့လေရာ စာပေလောကသား တို့ မှာ “ ပျော် ” ကြရပါ၏ ။

ဥပမာ အားဖြင့် ဆရာမ “ နုနုရည် ( အင်းဝ )ကို “ နုနုရီ ( ဘင်္ဂလီစု ) ဟု အမည် ပြုကာ ချစ်ခင်စွာ “ စ ”  ခဲ့ “ တို့ ” ခဲ့ လေရာ ကျွန်ုပ်တို့ မှာ သဘောကျ နှစ်ခြိုက် ကာ အပြစ်ကင်းကင်း နှင့် ရယ်မောခြင်း အမှု ကို ပြု ကြရပါပေ၏ ။

စာပေလောက မှာ ရှိရှိသမျှ ခေတ်ပြိုင် ဆရာ ဆရာမ အဝဝ တို့ ကို လိုသလို ပုံဖော် သွန်းလောင်း ကာ သူ့ ဉာဏ် မှာ ပေါ်သည့် အတိုင်း သိုင်းသိုင်းဝိုင်းဝိုင်း ဖြင့် တင့်တင့်တယ်တယ် ယုတ္တိ မလွတ်စွာ ရေးသား ဖွဲ့ဆိုလေရာ အနှီ သူ ၏ အနှီ ပြင်ပ သက်ရှိ အနုပညာရှင် ပုဂ္ဂိုလ်ကြီးငယ် မဟူ တို့မှာ အံဝင်ခွင်ကျ လိုက်ဖက် လွန်းစွာ အသက် ဝင် လွန်းလှသည့် အတွက် ကျွန်ုပ်တို့ မှာ ဖတ် နေရင်း ဖတ် နေရင်းမှာ ပင် တစိမ့်စိမ့် ပြုံးရာမှ တငြိမ့်ငြိမ့် လှုပ်ကာ နောက်ဆုံးမှာ တသောသော သာ ရယ်မော မိကြရပါပေတော့၏ ။

အစ်ကို ဆရာ မင်းလူ ၏ “ ဉာဏ် ” တွင် “ ပေါ် ” ထွန်းခဲ့သည့် ဇာတ်လမ်း နှင့် ဇာတ်ကောင် ကာရိုက်တာများ ကား ဖတ်ရှုသူ ပရိသတ်များ အတွက် အဆိပ် ကင်း သည့် စင်းလုံးချော အနုပညာလက်ရာ ပစ္စည်းများ အဖြစ် သာ ထာဝရ ရှိနေတော့မှာပါလေ ။

အကျွန်ုပ် အဖို့ အလွန်တစ်ထောင် မျှ ဝမ်းမြောက် ဂုဏ်ယူစရာ တစ်ခု အား အစ်ကို ဆရာ မင်းလူ က ပေး သနားသွားခဲ့ပါပေ၏ ခင်ဗျာ ။ ဤအရာ ကား အခြားတော့ မဟုတ်ပါ ။ သူ ၏ ဝတ္ထု တစ်ပုဒ် ထဲ မှာ ထည့် ရေး သွားတာပဲ ဖြစ်ပါပေ၏ ။

“ နှုတ်ခမ်းမွေးပါတီ ” ဂိုဏ်းစတား ပုဂ္ဂိုလ်များ ထဲ တွင် နောင်တော် ကဗျာဆရာ ဗိုလ်ကောက် ( ကောက်နွယ်ကနောင် ) နှင့် တကွ နှုတ်ခမ်းမွှေးစစ နှင့် ခန့်ညားလှပသည့် ကျွန်ုပ် “ ဆာသော်ဒိုး ” ကို ပါ ထည့်ပြီး ရေး သွားခဲ့တာပဲ ဖြစ်ပါပေ၏ ။

အစ်ကို ဆရာ ၏ အကွက် ဝင် လိုက်ဖက် စွာ ထည့်သွင်း ရေးသားခဲ့မှု သည် ကား တကယ့် ကို အမှတ် ရစရာ အဖြစ်သာ ရှိခဲ့ပါတော့၏ ။

•••••   •••••   •••••

ယခု အချိန်လို “ ဘောင်းဘီဝတ်ဖိုးစိန် အစိုးရ မှ နေ၍ ပုဆိုးဝတ်ဖိုးစိန် အစိုးရ အဖြစ်သို့ ” မြန်နှုန်းမြင့် တလှုပ်လှုပ် ကူးပြောင်း နေစဉ် အချိန်မှာ အစ်ကို ဆရာမင်းလူ ကို ဆက်လက် ရှိနေစေချင်သေးပါပေ၏ ။

မဆိုသလောက် မဖြစ်ညစ်ကျယ် ရှားရှားပါးပါး လွတ်လပ်ခွင့်ကလေးများ ရနေစဉ်မှာ ယခင် “ စာပေကယ်ရီကေးချား ” လို ပဲ ပြင်ပ မှ လက်ရှိသက်ရှိ ကုလားထိုင် ကိုယ်စီ ပေါ်ရှိ ပကတိ လူပုဂ္ဂိုလ်များ ကို ဇာတ်ရုပ် ထား ကာ “ နိုင်ငံရေးကယ်ရီကေးချား ” ကြီး တစ်ပုဒ် ရေးထုတ် ပေးပါမူ ပြည်သူပြည်သား ရွှေမြန်မာများ အဖို့ မှာ အလွန်တစ်ရာ မှ အူလှိုက်အသည်းလှိုက် ပြုံးပျော်ရွှင်မြူး ရယ်မောကြရပြီးသကာလ အစာကြေ ရင်ချောင်ကြရမှာကတော့ ကျိန်းသေပေါ့ခင်ဗျာ …  ။

◾ဆာသော်ဒိုး

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment