Tuesday, October 18, 2022

ဆယ်ပြား အောင်မြင့်


 

❝ ဆယ်ပြားအောင်မြင့် ❞

နာမည် ရင်း က အောင်မြင့် ။ ဒါပေမယ့် သူ့ ကို သိတဲ့ လူတိုင်း ဆယ်ပြားအောင်မြင့် လို့ ပဲ ခေါ်ကြတယ် ။

ဆယ်ပြားအောင်မြင့် ဆိုတာ နဲ့ ခင်ဗျား တို့ စိတ် ထဲ မှာ သမိန်ပေါသွပ် လို ဆယ်ပြားစေ့ မျက်နှာ နဲ့ လူ တစ်ယောက် ကို ပြေး မြင် ရင် မြင် လိမ့်မယ် ။ မဟုတ်ဘူး ။ ဒီ လူ့ မျက်နှာ က ဆယ်ပြားစေ့ မျက်နှာ လို လည်း မဟုတ်ဘူး ။ နောက်ပြီး ဆယ်ပြား လို နေတာတို့ ၊ ဆယ်ပြား ပို နေတာတို့ လို ကျပ် မပြည့်တာ လည်းမဟုတ်ဘူး ။ ဒီ လူ က ကျပ် လည်း ပြည့်တယ် ။ လူ က လည်း နှုတ်ခမ်းမွှေး စစ ဗလ ကောင်းကောင်း နဲ့ လူချော ၊ ဒါဆို သူ့ ကို ဘာလို့ ဆယ်ပြားအောင်မြင့် လို့ ခေါ် လည်း သိချင်ကြမယ် ။

ဒီ လူ က ပွဲစား ၊ ပွဲစား က မှ တစ်ပွဲစား ပွဲစားမျိုး မဟုတ်ဘူး ။ ပွဲပေါင်း မြောက်မြားစွာ စားခဲ့တဲ့ ပွဲစား ။ ဒါပေမယ့် သူ က ပွဲတိုင်း ကို တခြား ပွဲစားတွေ လို ပွဲခ အများကြီး စားတဲ့ ပွဲစားမျိုး မဟုတ်ဘူး ။ ကတိ သစ္စာ ရှိရှိ ဆယ်ပြား ပဲ စား တဲ့ ပွဲစား ။ နောက်ပြီး သူ က ဒီပြင့် ပွဲစားတွေ လို လိုင်းစုံ ပွဲစား လုပ်တဲ့ လူမဟုတ်ဘူး ။ တစ်ခုပဲ လုပ်တယ် ။ သူ လုပ်တာ က ဆိုင်ကယ် ပွဲစား ၊ ဆိုင်ကယ် ပွဲစား က မှ ဆိုင်ကယ် အများကြီး အရောင်းအဝယ် လုပ်တဲ့ ပွဲစားမျိုး လည်း မဟုတ်ဘူး ။ ဆိုင်ကယ် တစ်စီး ထဲ ကို ပဲ ပွဲစား လုပ်နေတဲ့ တကယ့် ဆိုင်ကယ် တစ်စီး ပွဲစား ၊ ဒီလို ပြောလိုက် လို့ အံ့ဩချင် အံ့ဩကြလိမ့်မယ် ။ မအံ့ဩ နဲ့ သူ့ အကြောင်း မကြာခင် သိရမယ် ။

ဒီ လူ ဘယ်လို ပွဲစား လောက ထဲ ရောက် လာတယ် ဆိုတာ ကို တော့ ကျွန်တော် မသိဘူး ။ ကျွန်တော် သူ့ ကို သိတဲ့ အချိန် ဒီ လူ ပွဲစား လောက မှာ နာမည်ကြီး လူသိ များ တဲ့ ပီဘိ ပွဲစား တစ်ဦး ဖြစ်နေပြီ ။ ပွဲစား လောက မှာ လည်း အပြော အကောင်းဆုံး ၊ ပုံမှန် ဝင်ငွေ အရှိဆုံး လူ ဆို သူ့ ကို ပဲ ပြ ရမှာပဲ ။ ဒါ့အပြင် ပွဲစား လောက မှာ အရောင်းအဝယ် အကောင်းဆုံး အလုပ် အဖြစ်ဆုံး လူ ဆို သူ ပဲ ။ ဒါပေမယ့် သူ ရောင်းနေ ဝယ်နေ တာ က များများ မဟုတ်ဘူး ။ စူပါကပ် ခိုပြာရောင် ( ၉ဝ ) ဆိုင်ကယ် တစ်စီး တည်း ရယ် ။

ဆိုင်ကယ် တစ်စီး တည်း ကို နှစ်ပေါင်း မြောက်မြားစွာ ရောင်းနေ ဝယ်နေ တယ် ဆို ကတည်း က သူ့ ရဲ့ အပြော စွမ်းရည် ကို သတိ ထား မိ ကြမယ် ထင်တယ် ။ သတိ မထားမိ ရင် လည်း ကျွန်တော် သူ နဲ့ ကြုံဖူး သလောက် သူ ပြောတာ ကြားဖူး သလောက် ပြော ပြမယ် ။

အဲဒီတုန်းက ကျွန်တော့် သူငယ်ချင်း တစ်ယောက် က ဆယ်ပြားအောင်မြင့် ဆီ က တစ်စီး ထဲ သော ဆိုင်ကယ် ကို ဝယ်ချင်တယ် ။ ဝယ်ချင်တာ က လည်း ဒီ ဆိုင်ကယ် က ရုပ် သန့်တယ် ။ ( ဘော်ဒီ ခိုင် တယ်ပေါ့ ဗျာ ) ဈေး လည်း သက်သာတယ် ။ နောက်ပြီး ပွဲစားခ က လည်း သူများ တွေ လို အများကြီး ပေးရမှာ မဟုတ်ဘူး ။ ဆယ်ပြား တည်း ရယ် ၊ ဝယ်သူ အနေ နဲ့ ဘယ်လို တွေးတွေး တန် နေတယ် ပေါ့ ။ ဒါနဲ့ အဲဒီ ဆိုင်ကယ် ကို ဝယ် ဖို့ ကျွန်တော် နဲ့ သူငယ်ချင်း လည်း အောင်မြင့် ချိန်း ထားတဲ့ လက်ဖက်ရည်ဆိုင် မှာ ထိုင် စောင့် မိကြရော ။

ချိန်းထား တဲ့ အချိန် ရောက်တဲ့ အထိ ဆယ်ပြားအောင်မြင့် ရောက် မလာဘူး ။ ဒါနဲ့ ကျွန်တော် တို့ လည်း အရောင်းအဝယ် မဖြစ်တော့ လို့ မလာတော့ တာ ဖြစ်မယ် ဆို ပြီး ထ ပြန် မလို့တောင် စဉ်းစား လိုက်ကြတယ် ။ အဲဒီ အချိန် ကျ မှ ဆယ်ပြားအောင်မြင့် ဆိုင်ကယ်ကြီး ကို တဒုန်းဒုန်း စီး ပြီး ရောက် လာတယ် ။

ကျွန်တော်တို့ ကို လည်း တွေ့ရော ဆိုင်ကယ် ပေါ် က ဆင်းလာတယ် ။ မျက်နှာ လည်း သိပ် မကောင်းဘူး ။ ဘာ ဖြစ် လာတာရယ်လည်း မသိဘူး ။ ဒါပေမယ့် သူ့ ပုံ က အိပ်ရေး ပျက် ထားတဲ့ပုံ ၊ ကျွန်တော် တို့ လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ပြီး သူ့ကို ဘယ်က စ ပြောရမယ် မှန်း မသိဘဲ အူကြောင်ကြောင် ဖြစ် နေကြရတယ် ။ ပြီးတော့ သူ့ ဆီ က တောက် ခတ်သံလည်း ကြား ရတယ် ဆိုတော့ အိမ် မှာ ပဲ အဆင် မပြေလာ လို့ လား ၊ ဒါမှမဟုတ် လမ်း မှာ တစ်ခုခု များ ပြဿနာ တက် လာ လား ပေါ့ ။ သူ့ ပုံ ကလည်း စိတ် ပျက်နေတဲ့ ပုံ ၊ အတော်ကြာတော့ ကျွန်တော် လည်း မနေနိုင်တော့ဘဲ

“ ကိုအောင်မြင့်ကြီး ဘာ ဖြစ်လာရတာတုန်း ”

ဆိုတော့ သူ က သက်ပြင်းရှည်ကြီး ချပြီး ..

“ မပြောချင်ပါဘူးဗျာ အိမ် မှာ ကြွက်တွေ သောင်းကျန်း နေလိုက်ပုံများ ”

ကျွန်တော်တို့ လည်း သူ့ ဘာမဆိုင် ညာမဆိုင် စကား ကြောင့် အံ့အား သင့် သွားပြီး ..

“ ဟင် .. ကြွက်တွေ က ဘာဖြစ်လို့လဲ ”

သူ ကျွန်တော့် စကား ကို မျက်မှောင် ကြုတ် လိုက်ပြီး ..

“ ဘာဖြစ်ရမှာလဲ ဗျ ၊ ည က ကြွက်တွေ သောင်းကျန်းပြီး ဆိုင်ကယ် ကစ် ( စ် ) စတာပါ ပေါ် ခုန် ချနေတော့ ဆိုင်ကယ် က လည်း စက်နိုး လျင်တယ်လေ ၊ တစ်ညလုံး ကို မအိပ်ရဘူးဗျာ ၊ အိပ်မယ် ကြံ လိုက် စက် ထ နိုးလိုက် ၊ အိပ်မယ် ကြံ လိုက် သူ တို့ က ကစ် ( စ် ) စတာ ပေါ် ခုန်ချ လိုက် ၊ စက် က ဝုန်း ဆို ထ နိုး လိုက် နဲ့ တစ်ညလုံး ကို အိပ်ရေး ပျက် ရော ”

အဲဒီတော့ မှ သူ့ ဆိုလိုရင်း ကို ကျွန်တော် တို့ သဘော ပေါက်တယ် ။ သူ ဆိုလိုချင်တာ က သူ့ ဆိုင်ကယ် က စက်နှိုး ရ လွယ်တယ်ပေါ့ ။ ဘယ်လောက်ထိ စက် နှိုး ရ လွယ်သလဲ ဆို ခုနက ပြောသလို ၊ ကစ် ( စ် ) စတာ ပေါ်  ကြွက် ခုန်ချ ရင် တောင် စက် နိုးတယ်ပေါ့ ။

သူ့ အပြော ကို ကျွန်တော့် သူငယ်ချင်း က သဘော ကျ သွားတယ် ။ တကယ် စက် နှိုး ကြည့် တော့လည်း အဟုတ် ဗျာ ၊ ကစ် ( စ် ) စတာပါ ပေါ် ခြေထောက် တောင် တင်လို့ မရဘူး ။ စက် ကို နှိုးပြီးသား ၊ စီး ကြည့် တော့ လည်း မဆိုးဘူး ။ ဒါနဲ့ ကျွန်တော့် သူငယ်ချင်း က ဆိုင်ကယ် ကို ကြိုက်ပြီး ချက်ချင်း ငွေ ချေ လိုက်တယ် ။ ပြီးတော့ အောင်မြင့် ကို လည်း ပွဲစားခ ဆယ်ပြား စား ပေးလိုက်တယ် ။

ဒါပေမယ့် မကြာပါဘူး ။ ကျွန်တော့် သူငယ်ချင်း ကို သူ ကြိုက်လှချည် ရဲ့ဆို တဲ့ ဆိုင်ကယ်ကြီး တွန်း လာတာ တွေ့ ရတယ် ။ ဒါနဲ့ ကျွန်တော် လည်း သိချင်တာ နဲ့ ..

“ ဟေ့ကောင် .. ဘာလည်း ဆိုင်ကယ် ဆီ ကုန် သွားလို့လား ”

ဆိုတော့ သူငယ်ချင်း က မျက်နှာ ကို ရှုံ့မဲ့ပြီး ..

“ ဘယ့်နှယ် ဆီ ကုန်ရမှာလဲ စက် နှိုးလို့ မရလို့ ဟေ့ စက် နှိုးလို့ မရလို့ ၊ တောက် ဘယ်လို ဖြစ်တာလဲ မသိဘူး ။ ဝပ်ရှော့ လည်း စုံနေပြီ  ၊ ဘယ်ဆရာ နဲ့ မှ မကောင်းဘူး ။ ပြန် ရောင်း လိုက်တာပဲ အေးမယ် ထင်တယ် ကွာ ။ မစီးရမယ့် အတူတူ ”

သူ့ စကား ကို ကျွန်တော် အံ့အား သင့်သွားပြီး ..

“ ဟ .. ဒါနဲ့ ပွဲစားအောင်မြင့် ပြောတော့ ကြွက် ခုန်ချရင် တောင် နိုး တယ် ဆို အခု ဘယ်လို ဖြစ် ရတာတုန်း ”

ကျွန်တော့် စကား ကို သူငယ်ချင်း က ခေါင်းယမ်းပြီး ..

“ ငါ လည်း မပြောတတ်တော့ ပါဘူးကွာ ၊ ကြွက် ခုန် ချတာလောက် မပြော နဲ့ ၊ ပန်းပဲမောင်တင့်တယ် တက် နင်း ခိုင်းရင်တောင် နိုး မှာ မဟုတ်ဘူး ”

“ဟ .. ဒါဆို သူ့ ကို ပြန် ပြောသင့်တာပေါ့ကွာ ”

“ အေး .. ဟုတ်တယ် သူ့ ကို သွားပြန် ပြောရမယ် ၊ မရရင် လည်း ပြန် ရောင်း ခိုင်း လိုက်မယ်ကွာ ”

ဆိုပြီး ဆယ်ပြားအောင်မြင့် ဆီ နှစ်ယောက် သား ချီတက် လာခဲ့ကြတယ် ။ အခန့်သင့်ပါပဲ ၊ အိမ် ရှေ့ မှာ ပက်လက်ကုလားထိုင် နဲ့ ဇိမ် ယူ နေတဲ့ ပွဲစား ဆယ်ပြားအောင်မြင့် ကို တွေ့တယ် ။ သူ့ ကို တွေ့တယ် ဆိုရင်ပဲ ကျွန်တော့် သူငယ်ချင်း က ဒေါသတကြီး နဲ့  ..

“ ဟေ့လူ .. ခင်ဗျား ဆိုင်ကယ်  ကစ် ( စ် ) စတာတာ ပေါ် ကြွက် ခုန် ချရင်တောင် စက် နိုးတယ်ဆို အခု ဘယ်လို မှ နှိုး မရပါလား ”

ဆိုတော့ ဆယ်ပြားအောင်မြင့် က အပြုံး မပျက်ဘူး ။ ဘာ ပြန် ပြောတယ် ထင်သလဲ ။

“အေးဗျ .. ကျုပ် တို့ အိမ် က ကြွက် က အကောင် နည်းနည်း ကြီး တယ်ဗျ ၊ နောက်ပြီး ဒီ ကြွက် က ဝပ်ရှော့ဆရာ သေလို့ ဝင်စားလား တော့ မသိဘူး ။ သူ ထ ခုန် လိုက်ရင် ဆိုင်ကယ် စက် က နိုး တာပဲ ” .. တဲ့ ။

ကဲ .. သူငယ်ချင်း က လည်း စိတ် ဆိုးတာပေါ့ ။ ခင်ဗျား ကျုပ် ကို သက်သက် အချဉ် ဖမ်းတယ် ၊ လိမ် ရောင်းတယ် စသည်ဖြင့် စွပ်စွဲ ပါလေရော ၊ အောင်မြင့် က တော့ အပြုံး မပျက် ၊ အလျှော့ လည်း မပေးဘူး ။ ခင်ဗျား ကြိုက် လို့ ခင်ဗျား ဝယ် ထားတာပဲ ။ ဘာမှ အချဉ် ဖမ်းစရာ အကြောင်း မရှိဘူး ။ ကျွန်တော် ခင်ဗျား ကို ဇွတ် အတင်း မဝယ် ခိုင်းခဲ့ဘူး စသည် ဖြင့် စကား များ ကုန်ကြရော ။ နောက်ဆုံး သူငယ်ချင်း က စိတ် ညစ်သွားပြီး ..

“ ပြန် ရောင်းမယ်ဗျာ ”

“ ရတယ်လေ .. ကျွန်တော် ပြန် ရောင်း ပေးမယ် ၊ ပွဲခ ဆယ်ပြားပဲ ပေး ”

အောင်မြင့် ရဲ့ စကား ကို သူငယ်ချင်း က စိတ် ဆိုး သွားပြီး ..

“ ဟ .. ဘာလို့ ပေး ရမှာလဲ ဝယ် တုန်း က လည်း ခင်ဗျား ဆယ်ပြားစား ယူ ပြီးပြီ ၊ အခု ပြန်ရောင်း တော့လည်း ခင်ဗျား က ဆယ်ပြားစား ထပ် ယူဦးမယ် ဆို မလွန်လွန်းဘူးလား ”

“ ဒါဆို မရောင်းနဲ့ လေ ”

အောင်မြင့် ရဲ့ စကား ကြောင့် သူငယ်ချင်း ငိုင် ကျ သွားတယ် ။ ဟုတ်တယ်လေ ။ သူ့ ခမျာ မရောင်း ရင်လည်း ဘယ်လို လုပ်မလဲ ၊ ဒီ ဆိုင်ကယ်ကြီး ဒီ အတိုင်း ပုံကျ သွားရုံပဲ ရှိမယ် ၊ စီး လို့ လည်း မရတဲ့ ဟာ ။

“ ရောင်းမယ်ဗျာ ခင်ဗျား ဆယ်ပြားစား ယူ ၊ ဒါပေမယ့် အမြန်ဆုံး ရောင်း ပေး ”

ဆိုတော့ ဆယ်ပြားအောင်မြင့် က ခန့်ခန့်ကြီး ပြုံး ပြီး ..

“ အခု အရောင်းအဝယ် ဖြစ်ပြီ လို့ သဘော ထား လိုက် ၊ ပေး ဆယ်ပြား စား ”

ကျွန်တော့် သူငယ်ချင်း ခမျာ လည်း ဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေ မို့ အောင့်သက်သက် နဲ့ ဆယ်ပြားစား ပေး လိုက်ရတယ် ။ ဆယ်ပြားအောင်မြင့် က တော့ သုံးရက် လောက် အတွင်း မှာ ကို အသွား အပြန် ဆယ်ပြားစား စီ ပြားနှစ်ဆယ် ရ သွားပြီ ။

ဆယ်ပြားစား ဆို တာ အားလုံး သိ မှာပေါ့ ။ ဥပမာ တစ်သောင်းတန် ပစ္စည်း ဝယ်မယ် ဆိုရင် ဆယ်ပြားစား နဲ့ ပေါင်း ရင် တစ်သောင်းတစ်ထောင် ပေး ရပြီး ပြန် ရောင်းမယ် ဆိုရင် ဆယ်ပြားစား နှုတ် ပြီး ကိုးထောင် ပဲ ရတယ် ။ အသွား အပြန် ဆို အရောင်းအဝယ် ဖြစ်တာ နဲ့ ကိုယ် က နှစ်ထောင်ရှုံး နေပြီ ။ ပွဲစားကြေး ဝင် သွားတာပေါ့ ။ ဒီလို နဲ့ စိတ်ညစ်ညစ် နဲ့ အဲဒီ ည ကျွန်တော် နဲ့ ကျွန်တော့် သူငယ်ချင်း အရက် သောက် ဖြစ်ကြတယ် ။ အရက် သောက် တော့လည်း သူငယ်ချင်း က အဲဒီ အကြောင်းပဲ ကြိတ်မနိုင် ခဲမရ တဖျစ်တောက်တောက် ပြော နေတယ် ။ ဆယ်ပြားအောင်မြင့် လူပါးဝတယ် ဘာညာ ပေါ့ ။ ဒီလို နဲ့ ည အတော် နက်တော့ ကျွန်တော် တို့ နှစ်ယောက် လည်း ခပ်ထွေထွေ နဲ့ အိမ် ပြန်လာကြတယ် ။

ဒီလိုနဲ့ ဆယ်ပြားအောင်မြင့် အိမ်ရှေ့ ရောက်တော့ “ ဝုန်းခနဲ ” ဆိုင်ကယ် စက် နှိုးသံ ကြားရတယ် ။ ကျွန်တော်တို့ နှစ်ယောက် လည်း ရုတ်တရက် အံ့အား သင့်ပြီး လှည့် ကြည့်မိတော့ ..

“ ကြွက် ”

ဆယ်ပြားအောင်မြင့် အိမ် အောက် ဆိုင်ကယ် ဘေး မှာ ရိပ်ခနဲ ရိပ်ခနဲ ကြွက် ၊ ကြွက် က ဆိုင်ကယ် ကစ် ( စ် ) စတာတာ ပေါ် ထပ် ခုန်ချတယ် ။ ဆိုင်ကယ် စက် က ဝုန်းခနဲ ထ နိုးပြန်တယ် ။ ကြွက် က မှ အကောင် ကြီးကြီး ။ ပြီးတော့ “ ဂွ ” တစ်ခု ကို ယူပြီး ဆိုင်ကယ် ကို ဟိုလှည့် ဒီဖြုတ် လုပ် နေတယ် ။ ကြွက် တစ်ကိုယ်လုံး လည်း စက်ဆီတွေ ပေလို့ ။

ဟုတ်ကဲ့ ။ တကယ့် ကြွက်စစ်စစ်ပါ ။ ကြွက် က မှ ဝပ်ရှော့ဆရာ သေ လို့ ဝင်စားသလား အောက်မေ့ ရ တဲ့ ကြွက် ၊ အဲဒီ ကြွက် က ..

ဆယ်ပြားအောင်မြင့် ဆို တဲ့ ဆိုင်ကယ် တစ်စီးစား ကြွက် ။

ဒါကြောင့် ဒီ ကြွက် အိပ်ရေး ပျက်နေတာ ..  ။

◾အကြည်တော်

📖 ပြုံးတော်မူ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment