❝ ကိုပီတိ နှင့် ဝေဒနာသစ် ❞
“ မေရီ ... မေရီ ... ကမ်းမင် ... ကမ်းမင် ...”
အိမ်ခန်း ထဲ က ပေါ် လာတဲ့ အင်္ဂလိပ် စကားသံတွေ ကြောင့် နေပူ ထဲ က လျှောက် လာတဲ့ ကိုပီတိ ခြေလှမ်းတွေ အရိပ် မြင်ရက် နဲ့ မဝင် ရ လောက်အောင် တုန့် သွားပြီး အံဩ စိုးထိတ်စွာ ရပ် ရင်း နား စွင့် နေ လိုက်တယ် ။
“ ခန်းမင် ... ခန်းမင် မေရီ ... အိ ... အိ ... အိ ...”
ကကြီး နဲ့ ကမ်း ရာ က လေသံ ပြောင်းပြီး ခကွေး နဲ့ ခန်း သွားပြန်ပြီ ၊ မဒမ်ပီတီ ဘာတွေများ အံ့ဖွယ် သုတေသနတွေ တီထွင် နေ ပြန်ပါ လိမ့် ၊ ငါ အဝေး ပွဲ ငါးည ဆက်တိုက် က နေ တုန်း ဘယ် ဥရောပနိုင်ငံ နဲ့ ဆက်သွယ်ပြီး ဘာ လုပ်ငန်းတွေ ကို ...
“ အိ လေ ... မေရီ ... အိ ... နင့် နှုတ်သီး နဲ့ ပလပ်ပလပ် မြည်အောင် အိ ... ”
အသံ ကို နားထောင် ရင်း တံခါး ကို တွန်း ဖွင့် လိုက် မှ အသံ နဲ့ အမြင် ဆက်စပ် မိသွားတယ် ၊ မဒမ်ပီတိ က သူ့ စာရေးစားပွဲ ခုံပေါ် မှာ အမွှေးစုတ်ဖွား တယ်ရီယာ ခွေးမ တင် ပြီး ဇလုံ ထဲ က အမဲရိုးတွေ ကို ဘို လို ရွတ်ပြီး ဧည့်ခံ နေတာကိုး ။
“ ဟော ... အဖေကြီး ... ဂရား ဂရား ပွဲ က ရာ က ဝုတ်ဝုတ် ပြန်လာပြီ ... ဝုတ် ... ”
လူ နှုတ်ဆက်သံ နဲ့ ခွေး မာန်ဖီသံတွေ အချိုးကျ ပေါင်းစပ် ပေါ် လာတယ် ။ မဒမ်ပီတီ သူ့ ပုခုံး ပေါ် က အထုပ် ကို လှမ်းယူရင်း
“ အဟက်ဟက် ... တယ်ရီယာလေ ကိုကို ရဲ့ ၊ ဆိုင်းဆရာ ဖျောက်ဆိပ်ကြယ် တို့ အိမ် က ဝယ် လာတာ သိရဲ့လား ၊ နှစ်လ သမီး ရှိ သေးတယ် ... ငါးသောင်း ကို မနည်း ဆစ် လာခဲ့ရတာ ၊ ဒါတောင် မရောင်းချင်ပါဘူး လုပ် နေတာ ရှေ့လ ဆို ရင် သိန်းဂဏန်း ကပ် သွားပြီ တဲ့ ”
“ လူ တောင် မှ အိမ် ငှား နေရတာ နင့် ခွေး ကို ဘယ်နေရာ မှာ ထား မှာလဲ ၊ အိမ်ပိုင်ရှင် သိရင် ခွေး အတွက် ပါ လခ တိုး တောင်းရင် အခက် ၊ နင် က ရှုပ်တဲ့ နေရာ မှာ တော့ သပွတ်အူ က အမေ ခေါ် လောက်တယ် ၊ နင် သိ ဘို့က သတ္တဝါ နဲ့ ပြဿနာ ဟာ အပ် နဲ့ ချည် ဘဲ ၊ နောက်ဆက်တွဲ ပေါ်လာမယ့် ကိစ္စတွေ နင့် ဟာ နင် ရင်ဆိုင် ဒါ ပဲ ... ”
မဒမ်ပီတိ မျက်နှာ ဟာ ကြည့်ရင်း သင်းခွေချပ် တစ်ကောင် နဲ့ တူ လာတယ် ၊ နှုတ်ခမ်းချွန်ကြီး ကို ရှေ့ရောက်အောင် ညှစ် ထုတ်ရင်း ၊ လေသံပြင်းပြင်း နဲ့
“ ကျုပ် က တော့ ရှေ့ရေး ကို ခွေး နဲ့ အစား ထိုး ဘို့ ကြိုးစားနေတာ သိရဲ့လား ”
“ ဘာကွ ... ဘယ့်နှယ် ...”
“ ငါ့ ကိုကို ခမြာ ကြီးတောင့်ကြီးမား နဲ့ နယ်တကာ သွားပြီး နေဝင် က နေထွက် ပွဲ က ရလာ ပြန် တော့ မလောက် မင ဒုက္ခ ကြီး ရှာတယ် ၊ ဒီ ဒုက္ခ ငြိမ်းအောင် ငါ ကြံ မှ ပဲ ဆိုပြီး စေတနာ နဲ့ ခွေး မွေးမိတာပါ တော် ...”
စေတနာ ဆိုတဲ့ စကားလုံး ကြောင့် ကိုပီတိ ရင်တွင်းဖြစ် ဒေါသ တွေ ပါးလျော့ သွားခိုက် မဒမ်ပီတိ လျှာရေး ဆက် ပြ တယ် ။
"ဒီ ခွေး ဟာ သားပေါက် နှစ်သောင်း ၊ နို့ခွဲ ငါးသောင်း မိတ်မျှော် တစ်သိန်း ၊ အဲဒီလောက် ဈေး ကြီးတဲ့ အမျိုးအစား သူ့ ကို မွေးပြီး သားဖောက် ရောင်း ရင် ရှင့် ပွဲ တစ်နှစ် စာ ထက် ပို ဝင် ငွေ ကောင်းတယ် ၊ ရှင် လည်း ပွဲ က စရာ မလိုတော့ဘူး ၊ ပိုက်ဆံ လည်း ရ လူ လည်း ဇိမ်ကျ စီးပွားရေး ပါ ကိုကို ရယ် ... ”
အင်း ... ကိုကို တစ်လှည့် ... ရှင် တစ်ခါ ... တော် တစ်မျိုး ၊ အခေါ်အဝေါ် တွေ ရေလဲ သုံးနေပြီ ... ဒင်း တစ်ခုခု ဒင်း ... ခံရ နေကျ ... ကိုပီတိ ရဲ့ အတွေ့အကြုံတွေ က လှုံ့ဆော် လာတာကြောင့် ၊
"နေပါဦး ... ဒီ ခွေး ဝယ် တဲ့ ငါးသောင်း က ...”
“ ကိုကို့ ရှေ့နှစ် အတွက် စပေါ် ယူ လိုက်တာလေ အဟက်ဟက် နေ့လည် ကျ ရှေ့နှစ် စာချုပ် ကို လက်မှတ် သွား ထိုးလိုက်ဦး ... နော် အဟက်ဟက် ၊ မေရီ ... မေရီ ... ခန်းမင် ... အိ ... အိ ”
••• ••• ••• •••
“ ဟဲ့ ခွေးလေ ... ခွေးလွင့် ... မိမစစ် ဖမစစ် ခွေး ... သခင် အလေအလွင့်တွေ မွေးထားတဲ့ ခွေးလေ ခွေးစုတ် ... သူတောင်း စား ဖြစ်မဲ့ ခွေး ၊ ကုန်ပြီ ကုန်ပြီ ဘယ်ဘဝ ဘယ်သံသရာ အဆက်ဆက် က တော် လာမှန်း မသိဘူး ... အိုး ပါ ပြောင်အောင် လျက် သွားသေး ... အိမ် မရှိဘဲ ခွေး မွေးချင်တဲ့ ပုဂ္ဂိုလ်များ လည်း အံ့ဩပါရဲ့ တော် သူတို့မို့ မရှက် ...”
မိုးသံ တဖြောက်ဖြောက် ကို တွန်းထိုးလုယက်ပြီး ထွက် ပေါ် လာတဲ့ ဆဲသံ ၊ ဆူသံတွေ ကြောင့် စောင်ခြုံ ထဲ မှာ ကွေး နေတဲ့ ကိုပီတိ လန့် နိုး သွားတယ် ၊ မေရီ တို့ အစွမ်း ပြ ပြန်ပြီ ထင်ပါရဲ့ ... ရောက်ပြီး နောက် တစ်နေ့ မှာ တစ်ဖက်ခြံ က ကြက်တူရွေး ကို ကိုက် လာတယ် ... အဲဒီ ည မှာ အိမ်ရှင် တွေ နေတဲ့ အပေါ် ထပ် တက်ပြီး မစင် စွန့်တယ် ... အိမ်ရှင့် သား က ရိုက် သ ..တ်ပါမယ် တကဲကဲ လုပ်နေလို့ တောင်းပန်ရတယ် ... ဒင်း ကို ဝယ် မိတာဟာ ... ငါ နဲ့ ငါ့ ပတ်ဝန်းကျင် ကို သံယောဇဉ် ဖြတ်ဖို့ သက်သက်လား ... အခုလည်း မျက်နှာချင်းဆိုင် အိမ် ကို စိန်ခေါ် လာပြန်ပြီ ။ တတ်သရွေ့ မှတ်သရွေ့ လက်အုပ်ချီ ဂါရဝ နဲ့ ဆလံသ တောင်းပန် ရဦးတော့မယ် ။
“ မယားကြီး က ဈေး သွား အကြွေး ခံ နေရင်လည်း မယားငယ် ကို လင် က ရင်အုပ် မကွာ စောင့်ရှောက်မယ် မရှိဘူး ... ၊ မိုးအေးအေး နဲ့ ပျော်ပါလေ့ နှစ်ကိုယ် တည်း ”
သွားပြီ ... ဒင့် စီးပွားရေး အမြင် ကျယ် လိုက်တာ ငါ ပါ ခွေး နဲ့ ပေးစား ခံ လိုက်ရပြီ ၊ ဒါတွေကို ဒင်း သိ မှာ မဟုတ်ဖူး ၊ သိ ရင် လည်း ရယ်ကျဲကျဲ နဲ့ စီးပွားရေးလုပ်ငန်းကြီး ဆိုတာ မလိုသူတွေ ပေါတယ် ကိုကို ရဲ့ ... သီးခံနိုင်မှ တိုးတက်တာ ဆိုပြီး လေချိုသွေး ချွေးသိပ်မှာပဲ ၊ အဆိပ်ကျွေးပြီး သ..တ်ရ အောင်ကလည်း ငါးသောင်းတန်ကြီး ၊ ပီတိ မင့် အဖြစ် က ရှေ့တိုး ဒုံးကျည် ၊ နောက်ဆီ မှာရော့ကက် အရှောင် ခက် လှပါလားကွာ ... ကိုပီတိ စိတ် ထဲ က ညည်း ရင်း အိပ်ရာ ထ ပြီး အပြင် ကို ခြေ အလှမ်း ကြမ်းပြင်ပေါ် က စိုစိစိ အပုံ ကို တက် နင်းမိပြန် တယ် ၊ အန်ဖတ်တွေ ၊ မသထာရေစာတွေ ခိုးဝှက် မြိုဆို့ ပြီး အန်ချထား တာ နေမှာ ... ကိုပီတိ ခမြာ ချက်ခြင်း လူရွှင်တော် ဘဝ က ခွေးအညစ် အကြေး သန့်ရှင်းရေး လုပ်သား ဘဝ ရောက်သွားတယ် ။
“ ဟာ ... ခွေးလေး ... လှ လှချည့်လား ... အို့ .. အို့ .. အို့ .. ”
“ ဘုရား ဘုရား ဗိုလ်စီးဖိန် အိမ်ပြန် လာ ပါပကောလား ”
ကိုပီတိ ရင်တွေ တုန်ပြီး ချွေးစေးတွေ ပျံတတ်လာတယ် ။ ငါးနှစ်သား ရင်သွေးလေး ကို လူမိုက် ငါးဆယ် နဲ့ ရင်ဆိုင် ရသလို တုန်လှုပ်သွားတယ် ... စီးဖိန် ဆို တဲ့ ကောင် ကလည်း “ ဤသူကား ခေသူမဟုတ် ” ဆိုတဲ့ အစား ထည်းကလေ ... သုံးနှစ်အရွယ် ကတည်း က ရပ် ထားတဲ့ ပါဂျရိုကား ကို သံချောင်း နဲ့ ထိုး ဆွဲလို့ ဆေးတွေ ကွာ ကုန်တဲ့ အတွက် ပိုင်ရှင် ကို
ဒူးဖက် တောင်းပန် ခဲ့ရတာ ... သူများ အိမ် ကပွက်ပွက်ဆူ နေတဲ့ ထမင်းအိုး ကို တုတ် နဲ့ ထိုး ဖွင့်ပြီး သဲတွေ ထည့် သွားလို့ ဆန်အိုး လျော် ခဲ့ရတာ ... ပါဝါရိန်းဂျား ဆိုပြီး ခလေးချင်း ထိုးကြိတ်လာ လို့ လူကြီးချင်း ထိုးကြိတ် လု မတတ် ဖြစ် ခဲ့ရတာ စတဲ့ အရည်အချင်း ကောင်းတွေ တလှေကြီး နဲ့ ရင်သွေး ရတနာပေါ့ ... သူ့ သူငယ်ချင်း ကြာပေါ် ကတော့ “ စီးဖိန် လို့ မှည့် ထားလို့ပေါ့ကွာ လုရီ သာ ဆိုရင် ရပ်ကွက် တစ်ခုလုံး ရွှေ့သွားလောက်တယ် ” လို့ ထောပနာ ပြု ဘူးတယ် ... အခုလည်း သူ့ အဖွား အိမ် ပို့ ထားရာက ဘယ် ပြဿနာ နဲ့ ပြန် ရောက်လာတယ် မသိ ။
“ ဒုန်း .. ဂိန် .. ဂိန် .. ဝုတ် .. ဝုတ် .. ဒုန်း .. ဖုန်း .. ဂိန်း ”
“ ကျားသိုင်းဆရာ ကွ ... ဟားဟား .. ဖုန်း .. ဝုတ် .. ဝုတ် ”
ခွေးမိုက် နဲ့ ခလေးဆိုး ရင်ဆိုင် တိုး မိကြပါပကော ... အမော တကော ထွက် ကြည့်လိုက်တော့ ခွေး ကို ပီနန်အိတ်ထည်း ထည့်ပြီး အဝ ကို လက် နဲ့ စု ကိုင် ရင်း ဆရာဖိန် ခြေစွမ်း ပြ နေ တာကိုး ၊ လှမ်းပြီး တားမယ် အလုပ်
“ ဘာ လုပ်နေကြတာလဲ ! ”
လူ က သုံးအိမ်ကျော် မှာ ရှိနေပေမဲ့ အသံက မြားတစ်စင်း လို စူးခနဲ ဝင်လာတယ် ။ တရုပ်သိုင်းကား ထဲ ကလို အတွင်းအားများ ထည့် အော် လိုက် လေရော့သလား ။ မဒမ်ပီတိ ဟာ လေသိုင်း အဆင့် မြင့် ပညာရှင် တစ်ဦး လို စွေ့ခနဲ ရောက်လာ ... ဆွဲခြင်းချ စီးဖိန် ကုတ်ဆွဲ တင်ပါး သုံးချက် ဆက်တိုက် ရိုက် လှုပ်ရှားမှုတွေ ကို လှစ်ခနဲ လှစ်ခနဲ ဆောင်ရွက် သွားတယ် ။
“ ဟီးဟီး .. လာကြပါဦးဗျ .. ကိုယ့် သား ကိုယ် အသေ သတ် နေပါပြီဗျ .. ဟီး .. ဟီး .. အွတ် .. အွတ် .. သေပါပြီဗျ ဟီး .. အွတ် .. အွတ် ..”
ဆရာဖိန် က လည်း အညံ့ မခံပါဘူး ... မာတာမိခင် ကို ခုနှစ်သံတင် ငိုရင်း ရပ်ကွက် နဲ့ လှည့်ပြီး ရန် တိုက်ပေးတယ် ။ အံမယ် အွတ် .. အွတ် နဲ့ သွေး အန်တာ လိုလို ... အသံမျိုး တောင် ထည့် အော် လိုက်သေး ( မယုံရင် ကိုယ်တိုင် ကြွရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ )
“ ဟေ့ .. ငါ့ လင် ကို သတ် ချင် သတ် .. ငါ့ ခွေး ကို ထိ ဖို့တော့ မကြိုးစားနဲ့ သား သော .. သမီး သော .. ငါ မသိဘူး .. ငါ့ အသက် သုံးဆယ် ဘဲ ရှိသေးတယ် .. အရွယ် ကျန်သေးတယ် .. လင် တစ်ယောက် ထပ် ယူဖို့ ငါးရာ မကုန်ဘူး လင် ရှိ ရင် သား ရှိသဟေ့ ...ခွေးတစ်ကောင် က ... ငါးသောင်း တန်တယ် .. သိရဲ့လား ... ”
မဒမ်ပီတိရယ် .. နင် ပတ်ဝန်းကျင် ကို စိန်ခေါ်တာ ငါ တို့ သား အဖ ကို လှောင်အိမ် ထဲ ပို့ နေသလိုပါဘဲလား ကွယ် ။ ကိုပီတိတို့ သား အဖ မျက်လုံးကြောင်လေးတွေ နဲ့ ယို့ယို့လေးတွေ ထိုင် နေခိုက် မဒမ် ပီတိ ဆက် ကြမ်းတယ် ...
“ တိရိစ္ဆာန် ဟာ တိရိစ္ဆာန် လောက် ပဲ သိတော့မှာပေါ့ .. ထစ်ခနဲ ရှိ ဒီ ခွေး ချည်း တရားခံ ရှာနေကြတာ .. ရပ်ကွက် ထဲ မှာ ခွေးပေါင်း သောင်းခြောက်ထောင် နေတာ ဟေ့ တခြား လင်တွေ မယား တွေ ကို လည်း မေတ္တာ မျှကြဦး ... ”
“ ဟဲ့ ... ဒီ နား မှာ နင့် လင် လုဖက် တစ်ကောင်ထည်း ရှိတာ ဟဲ့ သဘင်သည် ပီပီ .. လူ နဲ့ နှစ်ပါး သွားရတာ ရိုးနေလို့ ခွေး နဲ့ နှစ်ပါး သွား ခိုင်းချင်ရင်လည်း နောက်ထပ် သုံးလေးကောင် ဆက် မွေးဦး ...”
မိန်းမခြင်း ... မောရင် ရပ်သွားလိမ့်မယ် ဆိုတဲ့ အသိနဲ့ သား ကို လက် ဆွဲပြီး လက်ဖက်ရည်ဆိုင် ကို ထွက် ခဲ့ပေမဲ့ ကိုပီတိ ရဲ့ အာရုံ ထဲ တော့ မင်းသားဝတ် နဲ့ သူ့ နံဘေးမှာ ခွေးမ သုံးကောင်စီ ခြံရံထားတဲ့ သုနက္ခ နှစ်ပါးသွား ကို မြင်ယောင် နေလေရဲ့ ...
••• ••• ••• •••
ဒီလိုနဲ့ စနက်တန် ဖြုတ်ထားတဲ့ အနုမြူဗုံး တစ်လုံး ကို စောင်ခြုံ ထည်း ထည့် အိပ်နေရတဲ့ ခံစားမှုမျိုး နဲ့ သိန်းပေါင်း များစွာ ရှာ ပေမဲ့ ငါးသောင်းတန် ခွေး တစ်ကောင် ကို သုံးလနီးပါး ကိုပီတိ လက်တွဲ ခဲ့ ရတယ် ။ အဲဒီ ကာလ အတွင်း ထူးထူးခြားခြား ပြောင်းလဲ သွားတာက ကိုပီတိ ရဲ့ လူရွှင်တော်ခေါင်းပေါင်းပုဝါ ဟာ ခွေးလည်ပတ် ဖြစ်ပြီး တောင်ရှည်ပုဆိုးအဟောင်း ဟာ ခွေး ရဲ့ခြုံလွှာတွေ အိမ်ယာခင်းတွေ ဖြစ် သွား တာပါဘဲ ။ အမဲရိုးစွတ်ပြုတ် ကို ခွေး စား နေချိန်မှာ ကိုပီတိ တို့ သားအဖ ခမျာ ပဲပြုတ် နဲ့ လွေး နေရတယ် ။ ခွေးအားဆေး ၊ ခွေးသံချဆေး ၊ ခွေးရင်ကြပ်ချောင်းဆိုးပျောက်ဆေး တွေ ထောင်ချီ ပေးပြီး ဝယ် တိုက်နေတဲ့ အချိန် ၊ ပွဲဆက် များ လို့ အသံ ဝင် လာ တဲ့ ကိုပီတိ ကွမ်းရွက် နဲ့ လျက်ဆား တွေ သာ ဖိ တွယ် နေရတယ် ။
“ အခိုက်အတန့် သီးခံလိုက်ပါဦး ကိုကို ရယ် ... နောင် တစ်ချိန် ကျ ခွေး ရဲ့ လုပ် စာ ကို စား ရတော့မှာပါနော် ... နော် လို့ အခုလည်း မေရီ အပျိုစိတ် ဝင် နေပါပြီ ။ မကြာခင် အိမ်ထောင် ချ ပေး ရတော့မှာ သိလား ... ”
“ နင် က ဘယ်လိုလုပ် သိတုန်း ..”
“ မိန်းမချင်းပဲ ဥစ္စာ ဒီ ကောင်မ ဂဏှာ မညိမ်တာတွေ ကြည့်ရင် သိ တာပေါ့ ၊ ငွေ စုမိတဲ့ နေရာကျ မှ အဟင်းဟင်း ... မေရီတို့ အမျိုး က သားပေါက် အကောင်းဆုံး တဲ့ ၊ တစ်ခါ မွေးရင် ငါးကောင် အနည်း ပဲ တဲ့ ... တစ်ကောင် ကို တစ်သိန်း ဆို တော့ ... ”
အဲဒီ ည က ကိုပီတိ ရဲ့ အိပ်မက် ထဲ မှာ တယ်ရီယာခွေး တွေ ရာ နဲ့ ချီ ပြီး ရောင်းရငွေတွေ အပုံလိုက် ၊ အထပ်လိုက် ကြား မှာ မိသားစု သုံးယောက် တစ်ပျော်တစ်ပါး ပြေးလွှားခုန်ပေါက် နေခိုက် နောက် ထပ် ခွေးအုပ်ကြီး က အလိုလို ဖြုန်းကနဲ ပေါ်လာ ၊ ထပ်ပြီး ရောင်း ... ငွေတွေ ရ ထပ်ဝယ် ၊ ထပ်ပွား ၊ ထပ်ရ အို ...မေရီ ရယ် ၊ မင့် အပေါ် အထင် သေးမိတာ ခွင့်လွှတ်ပါကွယ် ... ၊ မင်း ဟာ ... ကျုပ်တို့ လူ ဆင်းရဲ သားမိသားစုကလေး အတွက် ကံကောင်းခြင်း လက်ဆောင်တွေ ချီ ယူလာခဲ့တဲ့ ခွေးအလိမ္မာလေးပါ သမီးရယ် ... ဆိုပြီး မေရီ ကို ဒူးထောက် တောင်းပန်နေတုန်း ...
“ သွားပါပြီတော့ ... အမျိုး ပျက် ပါပြီ ... ဒင်း လင် လို ချင်နေမှန်း သိလို့ အိမ်တံခါးတွေ အကုန် ပိတ် ထားတာ ဘယ် အပေါက် က ဘယ်လို လစ် ထွက် သွားတယ် မသိဘူး ... ကုန်ပြီ ... ကုန်ပြီ ငါ့ ငွေ တွေ ရေစုန် မျှော လိုက်ရပြီ ၊ ဒီ လမ်းဘေး ခွေးဝဲစား နဲ့ နင် နဲ့ တန်သလား ဟဲ့ ... သ.. တ်ပြီး ရောင်းလို့ တောင် တစ်ထောင် မတန်တဲ့ သတ္တဝါ ကို တော် ...”
ကိုပီတိ စောင်ခြုံ ထဲ က ထ မယ် အလုပ် ၊ ဆီးဖိန် က ဖအေ ကို ဖက် ထားရင်း ။
“ ဖေကြီး ... မသွားနဲ့ ... အဲဒါ အမေ့ ချွေးမ နဲ့ ဟိုဘက် က ကျားဘို နဲ့ မိ သွားလို့ ဆူ နေတာ ... အိပ်ချင်ဟန် ဆောင် နေ ... ”
“ မင်း က ဘယ်လို လုပ် သိတာတုန်း ... ”
“ ခုန သား ရှူးရှူး ပေါက် သွားတုန်း အီ ... အီ နဲ့ လုပ်နေလို့ သား ဖွင့် ပေးခဲ့တာ ”
“ ဟင် မင်း ဘာပြုလို့ ဖွင့် ပေးလိုက်တာတုန်း ”
“ သား ကို အမေ က ရိုက်တယ် ၊ အဲဒီကျ သား လဲ လက်စား ချေ လိုက်တာပေါ့ ... ဒီ ခွေး ရောက် ကတည်း က သားတို့ ဘာမှ ကောင်းကောင်း မစားရ မနေရ သားလဲ ခဏခဏ ရိုက် ခံရ ဆိုတော့ ...”
ကိုပီတိ သူ့ သား စကားလုံးတွေ ကို ဆက် မကြားနိုင်တော့ ပါဘူး ... ဖြတ်လမ်း ကနေ ငွေ ကို အလွယ်တကူ လိုချင်လို့ မကျွမ်းကျင်တဲ့ စီးပွားရေး ကို လုပ် ရာက အဖတ်ဆည် မရတဲ့ အရှုံး လောဘဇော ခိုက်ပြီး လူ စင်စစ် က ခွေးရူး ဖြစ် သွားတဲ့ မဒမ်ပီတိ ရဲ့ ၊ နာကျင်ကြေကွဲ ဆဲဆိုသံတွေ က အင် နဲ့ အား နဲ့ သူ့ နား ထဲ ကို တိုးဝှေ့ ဝင် ရောက်လာ ကြလို့ပါဘဲ ...
“ သေချင်းဆိုး ခွေးမ ၊ အခုလို ဖြစ်ကုန် မှ တော့ နင် က မွေးတဲ့ မျိုး မစစ်တွေ ကို ငါးကျပ် တောင် ပေး ဝယ်မယ့်သူ မရှိတော့ဘူး ဟဲ့ ... ထွီ ငါ ကတော့ နင့် ကို အထင် ကြီး လိုက်ရတာ ... အဖိုး နဲ့ အဖွား က ဂျာမန်စစ်စစ် ... နင့် အဖိုး က ဟစ်တလာ ရဲ့ မော်တော်ကားဘီး ကို သေး နဲ့ ပန်းဖူးသတဲ့ ၊ ဂျာမန် မူးမတ်ကြီးများ ဟာ နင်တို့ အမျိုးအနွယ် တွေ ကို သံကြိုး နဲ့ ဆွဲ ပြီး လမ်းလျှောက် ရတာ ကို က ဂုဏ် တစ်ခု တဲ့ ဒုတိယကမ္ဘာစစ် ရှုံးတော့ ... ဝင်စတန်ချာချီ သိမ်းယူတဲ့ ထဲ မှာ အဲဒီ နှစ်ကောင် ပါ သွားရာ က အင်္ဂလန် မှာ မျိုး ပွား လာရသတဲ့ ၊ နင် တို့ ကိုယ်ရေးရာဇဝင် ကို အင်တာနက် လှမ်း မေးပြီး မှ ရောင်းတာပါ တဲ့ ... ထွီ ... ဒီ သတင်း သာ အင်တာနက် ကို ပို့ လိုက်ရင် ... ဟဲ့ သွား .. သွား .. ငါ့ ပိုက်ဆံတွေ ဖြုန်း ပစ်တဲ့ ဟာ မ ...”
◾ ချစ်စရာ
📖 ကိုပီတိ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment