Sunday, October 16, 2022

မနုဿ တန်ဖိုး


 

❝ မနုဿ တန်ဖိုး ❞

လုံးခနဲ ရောက် လာတဲ့ ဖုန်လုံးကြီး ကြောင့် နွယ် ကား မှန် ကို ကပျာကယာ ပိတ် လိုက်ရတယ် ။ လှည်းလမ်းကြောင်း သက်သက် ဖြစ် လို့ ဖုန်တွေ က ထု နဲ့ ထည် နဲ့ ပေါ့ ၊ ကားဘီး က ယက် ထုတ် လိုက်လို့ ထ လာတဲ့ ဖုန်လုံး က ကိုယ့် ကား နောက် ကို ပြန် လိုက်ပြီး ဖုံးလွှမ်းနေတယ် ။ ကိုကို တစ်ယောက် က တော့ မျက်နှာကြီး ရှုံ့ မဲ့ လို့ ။ လမ်း က ကြမ်းကြမ်း ။ သူ အမြဲတမ်း တသသ လုပ်နေတဲ့ ကား ကိုလည်း ဖုန် တသော သော ထဲ မောင်း ရတာ ဆိုတော့လည်း မဲ့ မယ် ဆိုလည်း မဲ့ ချင်စရာပေါ့လေ ။

ကိုကို က အရင်လို မဟုတ်တော့ ။ နွယ့် အတွက် ဆို တော်ရုံတန်ရုံ ကိစ္စ ကို ပင် စိတ် မရှည်ချင် ။ သူ က ကား နဲ့ လူ အပြိုင် သ ပြီး ကြော့ကြော့လေး သာ နေ ချင် သူ ။ ပွဲစား အလုပ် ကို အကြောင်း ပြုပြီး နွယ့် ရဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် အလုပ် ကို စိတ်ဝင်စား ပုံ တောင် မရဘူး ။

အရောင်းအဝယ်သမား တို့ ရဲ့ ထုံးစံ အတိုင်း အကြွေး ကတော့ ဘယ် ကင်း မလဲ ။ အမြဲတမ်း ဝယ်နေကျ ရင်းနှီးတဲ့ လက်သမားတွေ ဆို အိမ် တစ်လုံး အကုန် ပြီးစီး မှ ငွေ ရှင်းတာမျိုး လည်း ရှိ တတ်တယ် ။ အဲ့ဒီတော့ နေရာ အနှံ့ ရွာတွေ ပါ မကျန် ငွေ လိုက် သိမ်းရလေ့ ရှိတယ် ။

မနီးမဝေး ဆိုရင်တော့ မိန်းကလေး တန် မဲ့ ဆိုင်ကယ် စီးပြီး သွား လိုက်ရ တာပဲ ။ သိပ် ဝေးရင်တော့ ဖုန်း နဲ့ ဆက်ပြီး တောင်း ရတယ် ။ နွယ် ဘယ်လောက် ခက်ခဲ နေပါစေ ကိုကို ကတော့ မသိလိုက် မသိဘာသာ ပင် ။ နွယ် ကိုယ်တိုင် ကလည်း စိတ် မောတာ ထက် လူ မောတာက သာ သေးတာမို့ ကိုယ့် ကိုယ် ကိုယ် ပဲ အားကိုး လိုက် တော့တယ် ။

“ နွယ် ရာ မင်း မ လည်း ဒီလို ချောင်ကြိုချောင်ကြား နေရာ ကို လာချင် နေ သေးတယ် ။ လူကြုံ နဲ့ လက်ဖွဲ့ ပါး လိုက် ရင် ပြီး တာပဲ ဟာကို ”

“ ဆိုင် က အလုပ်သမားလေး ဆို တော့ ကိုယ်တိုင် သွား မှ ကောင်း မှာ မို့လို့ပါ ကိုကို ရယ် ”

ကိုကို က မရောက်မချင်း တစ်လမ်းလုံး တဖျစ်တောက်တောက် နဲ့ ဆူ နေတယ် ။ အခု သွား တဲ့ ခရီး က လည်း မတတ်သာ လွန်းလို့ ပို့ ခိုင်းရတာ ။ ကိုယ်ဝန်ဆောင် ကာ စ ဆို တော့ အသွားအလာ အနေအထိုင် ဆင်ခြင်ဖို့ ဆရာဝန် က အထပ်ထပ် မှာ လွန်း လို့သာ ဆိုင်ကယ် မစီးတော့တာ ။ အခု မင်္ဂလာဆောင် မယ့် ဖိုးထွန်း ဆို တာ ကလည်း နွယ့် ဆိုင် အတွက် အား အကိုးရ ဆုံး လက်ရင်း တပည့် ဆို တော့လည်း မသွား လို့ လည်း ဘယ်လို မှ မဖြစ် ။

မိန်းကလေး ရှိ ရာ ရွာ မှာ ဆောင် တာ ဆိုတော့ မရောက်ဖူးတဲ့ အရပ် မို့ စမ်းတဝါးဝါး ဖြစ် နေတယ် ။ သိပ် မဝေးပဲ အချိန် ဖင့် နေတာပေါ့ ။ အသံချဲ့စက် အသံ တော့ ကြား ရမှာပဲ ဆိုပြီး မှန်း သွားနေရတယ် ။ ရွာ ထဲ ကို နွယ် တို့ ကား ဖုန်တထောင်းထောင်း နဲ့ ဝင် လာတာ မြင်တော့ ရွာ ထဲ က လူတွေ က စူးစမ်း သလို ကြည့်ကြတယ် ။ ဘာကြောင့် ရယ် မသိ တခြား ရွာ တွေ နဲ့ စာ ရင် ဒီ ရွာ က ပိုပြီး ခေါင် သလိုပဲ ။

ရွာ ထဲ ဝင်လာပြီး တော်တော် ကြာတဲ့ အထိ လူရှုပ်ရှုပ် လည်း မမြင် ၊ သီချင်း သံ လည်း မကြား ရသေးဘူး ။ ဒါနဲ့ မဖြစ်တော့ဘူး ဆို ပြီး အိမ်ဆိုင်လေး တစ်ဆိုင် ကို ဝင် မေးရတယ် ။ မင်္ဂလာဆောင် အိမ် ရောက် ပြန်တော့လည်း လူ က လည်း များများ စားစား မရှိ ။ လူကြီး လေးငါးဆယ်ယောက် လောက် ပဲ မြင် တယ် ။

“ ဒါ ဖိုးထွန်း တို့ မင်္ဂလာဆောင် အိမ် ဟုတ်လား အဘ ”

သေချာ အောင် ကား ပေါ် က မဆင်းခင် မေး လိုက်တယ် ။

“ ဟုတ်တယ် ဟုတ်တယ် တူမကြီး လာပါ ကွဲ့ ထိုင်ပါ ။ ဖိုးထွန်း အလုပ်ရှင် ထင် တယ် ။ သူတို့ မရောက်သေးရင် ဧည့်ခံ ထားဖို့ မှာ ခဲ့တယ် ”

“ ဟုတ်ကဲ့ ဖိုးထွန်း တို့ က ဘယ် သွားလို့လဲ ။ မင်္ဂဆောင် က ဒီနေ့ မဟုတ် ဘူးလား ”

“ ဒီနေ့ ဟုတ်ပါတယ် ။ ဖိုးထွန်း တို့ က ရွာ ထဲ ကို ငှက်ပျောသီး သွား ဝေနေ တယ် ။ ခဏ နေရင် ပြန် လာတော့မှာ ထိုင်ပါဦး တူမကြီး ”

နွယ် နဲ့ ကိုကို လည်း ကားပေါ် က ဆင်းပြီး ဇီးချဉ်ပင် အောက် က စားပွဲ တန်းလျားလေး မှာ ဝင် ထိုင်လိုက်တယ် ။ နွားချေးနံ့ နဲ့ ကောက်ရိုးနံ့လေး က တလှိုင်လှိုင် နဲ့ပေါ့ ။ ကိုကို ကတော့ နှာခေါင်း ကို လက်ကိုင်ပဝါ နဲ့ အုပ်ပြီး မျက်မှောင်ကြီး ကုပ်လို့ ။

နွယ် တို့ လည်း ထိုင် သာ ထိုင် နေရတယ် ။ စိတ် ထဲ က ဇဝေဇဝါ ။ မင်္ဂလာ ဆောင် သာ ပြော တယ် ပြင်ဆင် ခင်းကျင်းထားတာ လည်း မရှိဘူး ။ ဧည့်ပရိတ်သတ် လည်း မတွေ့ရဘူး ဆိုတော့ နွယ် မနေနိုင်တော့ဘဲ မျက်နှာချင်းဆိုင် တန်းလျား မှာ ထိုင် နေတဲ့ ဘကြီး ကို ထုတ် မေး မိလိုက်တယ် ။

“ အဘ မင်္ဂလာဆောင် က ဘယ် အိမ် မှာ လည်း ။ ဘာမှ လည်း မတွေ့ဘူး ။ လူ လည်း မရှိဘူး ”

“ တူမကြီး က အဘတို့ ရွာဓလေ့ မသိသေးဘူး ထင်တယ် ။ ဒီ မှာ က မင်္ဂလာ ဆောင် ရင် ဧည့်ခံပွဲတွေ ဘာတွေ လုပ်ပြီး ဖိတ် မကျွေးဘူး ။ သတို့သား နဲ့ သတို့သမီး က တစ် အိမ်တက် တစ် အိမ်ဆင်း လိုက်ပြီး ရခိုင်ငှက်ပျော တစ်ဖီး ဝေ လိုက်တာပဲ ။ သူတို့ ကို အသိအမှတ် ပြုပေးဖို့ ရပ်ရွာ ကို လိုက် ပြောတဲ့ သဘောပေါ့  ။ နစ်ဖက်မိဘ ဆွေမျိုး နဲ့ လူကြီးပိုင်း လောက် ပဲ ထမင်း ဖိတ် ကျွေးလိုက်တာ ”

“ အော် အဲ့လိုလား ၊ ကန်တော့ပွဲ ကျ ငှက်ပျောသီး ကို လိုက် ဝေ တာလို့ နွယ် က ထင်နေတာ ”

“ မဟုတ်ဘူး တူမကြီး ရဲ့  ၊ ဒီမှာ ကတော့ ကွယ် တချို့ကတော့ ငှက်ပျောသီး ဝေ တယ် ။ တချို့ ကျတော့လည်း လက်ဖက် ပန်းကန်ပြားလေး တွေ တစ်ချပ်စီ လိုက် ဝေကြတယ် ။ အဲ့ဒါကို လက်ဖွဲ့ ချင်တဲ့ သူ က မင်္ဂလာဆောင် အိမ် ကို လာပြီး သူ့တို့ မှာ ရှိတဲ့ ဆန်တို့ ၊ စပါးတို့ ၊ ပဲတို့ အိမ် မှာ မွေးထားတဲ့ ကြက် တို့ လာ ပို့ပြီး တော့ ဖွဲ့ကြတာပေါ့ ။ ပိုက်ဆံ ချမ်းသာတဲ့ သူ တွေ လောက်ပဲ ဧည့်သည်တွေ ဘာတွေ ဖိတ် ကျွေးကြတာ ။ သာမန် လက်လုပ်လက်စား ကတော့ ဒီလို နဲ့ ကျေနပ် လိုက်ကြတာပဲ ။ ဧည့်ခံပွဲ လုပ် မပေးလို့လည်း ဘယ်သူ မှ ပြဿနာ မရှာပေါင်  ၊ တောင်သူလုပ်ငန်း ရှုပ် တဲ့ အချိန် ဆို ည ဘက် မှ ဆောင် တာတောင် ရှိသေး ။ နေ့ခင်း ဆို လယ် ထဲ ဆင်း ကြတော့ ရွာ ထဲ က လူ သိပ် မကျန်ဘူး ကိုး ။ တစ်နေ့ လုပ် မှ တစ်နေ့ စား ရတာ ဆို တော့ လည်း ဘယ် အလုပ် ပျက် ခံကြမတုန်း ”

ဒါကြောင့်လည်း ဖိုးထွန်း က မင်္ဂလာဆောင် ရက် နီး မှ ကပ်ပြီး အလုပ်နား တာကိုး ။ နွယ် တို့ အတွက် တော့ ကြား ရတာ တကယ့် ကို အထူးအဆန်း ပဲ ။ စောစောက စိတ်ပျက် လက်ပျက် ဖြစ်နေတဲ့ ကိုကို တောင် စိတ်ဝင်တစား နား ထောင်ပြီး နွယ့် ကို မျက်စ ပစ် ပြနေတယ် ။ ပစ် မှာပေါ့ ။ နွယ် တို့ မင်္ဂလာဆောင် တုန်း က စေ့စပ် တာ က တစ်ရက် ၊ မင်္ဂလာဆွမ်း ကပ် တာ က တစ်ရက် ၊ လက်ထပ် ဧည့်ခံပွဲ က တစ်ရက် လုပ် တာလေ ။ လက်ထပ်ပွဲ မှာ လည်း မင်္ဂလာပန်းကုံး စွပ်ရတာ နဲ့ ၊ မင်္ဂလာဆွဲကြိုး ဆွဲ ပေးရတာ နဲ့ ၊ မင်္ဂလာလက်စွပ် စွပ် ပေးရတာနဲ့ များ လိုက်တဲ့ အစီအစဉ်တွေ ။ ထောင့် စေ့ ဖို့ သုံးလ လောက် က ကြို စီစဉ်ရတယ် ။ 

“ ဟော အစ်မ တို့ တောင် ရောက် နေပြီ ။ ရောက်တာ ကြာပြီလား ။ အစ်မ ။ ကျွန်တော်တို့ ငှက်ပျောသီး သွား ဝေနေလို့ ”

ပြောနေတုန်း မှာ ပဲ တောင်းတွေ ၊ ပလုံးတွေ နဲ့ ဖိုးထွန်း တို့ စုံတွဲ ရောက် လာ တယ် ။ ရောက်ရောက်ချင်းပဲ နွယ် တို့ ကို မင်္ဂလာလက်ဆောင် ကမ်းဖို့ သိမ်း ထားတဲ့ ရခိုင်ငှက်ပျောသီး ဝဝလှလှ နှစ်ဖီး ထုတ် ယူလာပြီး တရိုတသေ ကမ်း ပေးလေရဲ့ ။

“ အေးအေး ဒီ အဘ က အကုန် ပြောတယ် ။ အစ်မ တို့ လည်း ရောက်လာ သိပ် မကြာသေးပါဘူး ”

သတို့သား သတို့သမီး ဝတ် ထားတဲ့ ဝတ်စုံ က အခု နွယ် တို့ ဝတ် ထားသ လောက် တောင် မတောက်ပြောင် ရှာဘူး ။ ဖိုးထွန်း က အလုပ် လာ ဆင်းတဲ့ အချိန် ဝတ် တဲ့ အဝတ်အစား ထက် နည်းနည်းလေး ပဲ ပိုပြီး အရောင် ထွက်တယ် ။ သတို့သမီး ကလည်း သာမာန် ဝမ်းဆက်ကလေး နဲ့ပဲ ။ သနပ်ခါးလေး ပါးပါး လိမ်းပြီး ဆံကျစ် လေး ကျစ် ချထားတယ် ။ နွယ် သူတို့ ကို ကြည့်ပြီး သနား လိုက်တာ ။ မိန်းကလေး ခမျာ လည်း တစ်သက် မှာ တစ်ခါ သာ ပြု ရတဲ့ မင်္ဂလာ ကိစ္စ ကို ဖြစ်သလိုလေး နဲ့ ပြီး ရ ရှာ တယ် ။ နွယ် က သာ သနား နေပေမဲ့ သူတို့ ကတော့ ပျော်ပျော်ပါပဲ ။

“ ဧည့်သည်တွေ ကို ထမင်း ကျွေးဖို့ ပြင် တော့ဟေ့ ”

ဘကြီး တစ်ယောက် က ဆော်ဩ လိုက်တာ နဲ့ မင်္ဂလာဇနီးမောင်နှံ ပါ မကျန် ထမင်းပွဲ ကို ဝိုင်းပြီး ပြင် လိုက်ကြတယ် ။ ဟင်း ဆိုလို့ ဘူးသီး နဲ့ ကြက်သား ပါးပါး ရော ထားတဲ့ သားပြွန်းဟင်း ၊ သရက်ချဉ်သုပ် ရယ် ။ ငရုတ်သီးကြော် ရယ် ဒါပါပဲ ။ ထမင်းဝိုင်း ထိုင် လိုက်တာ နဲ့ သားပြွန်းဟင်း ဆီ က ငံပြာရည်နံ့ ထောင်း ခနဲ ပဲ ။ အချို ကဲအောင် ငံပြာရည် နဲ့ အချိုမှုန့် ကို အားပြုပြီး ချက် ထား ဟန် တူပါတယ် ။

“ အစ်မ အားရပါးရ စားနော် ။ အားမနာ နဲ့ ။ အစ်ကို လည်း စားပါ ခင်ဗျ ”

ဖိုးထွန်း က ဘေး မှာ ထိုင်ပြီး ယပ်တောင်လေး ခပ် ပေးရင် ဧည့်ဝတ် ပြုရှာတယ် ။

“ ဟုတ်ကဲ့ ကျွန်တော် က မဆာသေးလို့ ဗျ ။ နွယ် စားလိမ့်မယ် ”

ကိုကို က ထမင်း ဟင်း ကို နည်းနည်းလေး မှ မတို့ ဘူး ။ နွယ် က သာ အားနာ ပါးနာ နဲ့ သူတို့ ကျေနပ်အောင် သုံးလေးဇွန်း စား ပြ လိုက်တယ် ။ စား ပြီးတာ နဲ့ လက်ဖွဲ့ငွေ ငါးသောင်း လက်ဖွဲ့ပြီး ပြန် ခဲ့တယ် ။ သူတို့ ရဲ့ မျက်နှာ မှာ အံ့ဩ ပြီး ကျေးဇူး တင် လွန်းတဲ့ မျက်လုံး တွေ ကို မြင် ရတယ် ။ သူတို့ ရဲ့ မင်္ဂလာပွဲ ကုန်ကျစားရိတ် က သိန်းဂဏန်း မပြည့်ဘူး ဆိုပဲ ။

ဖိုးထွန်း ရဲ့ မင်္ဂလာဆောင် က ပြန် လာပြီး ကွာခြားလှတဲ့ လူနေမှု အဆင့် အတန်း ကို စဉ်းစား မိတယ် ။ နွယ် တို့ မိသားစု ( ၂ ) ရက် လောက် သာ သုံး ရတဲ့ ငွေကြေး ပမာဏ က သူတို့ ရဲ့ ဘဝ အတွက် အရေး ပါတဲ့ နေရာ မှာ သုံး ရတာပါလား လို့ တွေးပြီး စိတ် မကောင်း ဖြစ် မိတာပေါ့ ။

ဖိုးထွန်း က မိန်းမ ရ ပြီး နွယ့် ဆိုင် မှာ အလုပ် မဆင်းတော့ဘူး ။ ရွာ မှာ ပဲ တောင်သူ လုပ် တော့မယ် တဲ့ ။ ဆိုင် အတွက် မျက်နှာ လွှဲ ရ မလောက်အောင် အားကိုး ရ သူ မို့ လက် မလွှတ်ချင်ပေမဲ့ ဘယ် တတ် နိုင်ပါ့မလဲ ။ ဖိုးထွန်း မရှိတော့ ဆိုင် အလုပ် က ကသီလင်တ နိုင်တာပေါ့ ။ ကိုယ်ဝန် ကလည်း တဖြည်းဖြည်း လ ရင့်လာတော့ သိပ် ပင်ပန်းတာပဲ ။

တစ်နေ့ မှာ ဖိုးထွန်း ပျာယီးပျာယာ နဲ့ ဆိုင် ကို ရောက် လာတယ် ။

“ အစ်မ ရယ် ကျွန်တော့် ကို ပိုက်ဆံ တစ်သောင်း လောက် ချေး  ပါဦး ဗျာ ။ ကျွန်တော့် မိန်းမ နေ မကောင်း လို့ ၊ ကျွန်တော် ပြန် ဆပ်ပါ့မယ် ။ ပိုက်ဆံ ပြန် မဆပ်နိုင် ရင် တောင် လုပ်အား နဲ့ ချေ ပေးပါ့မယ် ”

ဖိုးထွန်း ပုံစံ က သူ့ မိန်းမ အတွက် အလွန်အမင်း စိတ် ပူနေပုံပဲ ။ ပြော နေ လိုက်တာများ အလောတကြီး နဲ့ လျှာခလုတ် တိုက် မတတ်ပဲ ။

“ အေးပါ ချေးပါ့မယ် ဖိုးထွန်း ရယ် နင့် မိန်းမ က ဘာ ဖြစ်တာလဲ အရင် ပြော ပါဦး ”

“ ဗိုက်ကြီးနေလို့ အစ်မ ရဲ့ ၊ အဲ့ဒါ အား နည်း နေ လို့ ဆေးပုလင်း ချိတ်ရ မယ် လို့ ဆရာဝန် က ပြောတယ် ။ အသီးအနှံ ပေါ် ချိန် မဟုတ်တော့ ကျွန်တော့် လက် ထဲ မှာ လည်း ပိုက်ဆံ က ပြတ် နေတာ အစ်မ ရယ် ”

“ ဖိုးထွန်း ရယ် နင့် မိန်းမ အတွက် နင် အဲ့လောက် တောင် စိတ် ပူတယ်ပေါ့ ”

“ ပူတာပေါ့ ဗျာ ။ ကိုယ် ချစ်လို့ ယူထားတဲ့ မိန်းမ ပဲ ။ ကျွန်တော့ မှာ သူ့ ကို ယူ ဖို့ အစ်မ ဆိုင် မှာ အလုပ် လုပ်ပြီး မနည်း ပိုက်ဆံ စု ထားရတာ အစ်မ သိသားပဲ ။ နောက်ပြီး ကျွန်တော့် ရင်သွေးလေး ကို လွယ် ထားရတာ ကျွန်တော် ဂရုစိုက် မှ ဖြစ် မှာပေါ့  ”

ဖိုးထွန်း က တစ်သောင်း ပဲ ချေး တယ် ဆိုပေမဲ့ ပြန် မပေးတော့နဲ့ ဆိုပြီး နွယ် သုံးသောင်း ထုတ် ပေးလိုက်တယ် ။ ဟုတ်တယ်လေ ပိုက် ဆံသုံးသောင်း ဆိုတာ ဖိုးထွန်း အတွက် ပမာဏ များ လွန်းပေမဲ့ ကိုကို့ အတွက် ဆို တစ်ည သုံး မှ မရှိဘဲ ။ ပြီးတော့ မိသားစု အပေါ် အလေး ထား ဂရုစိုက် တဲ့ ဖိုးထွန်း ရဲ့ စိတ်ဓာတ် ကို ဂုဏ်ပြု ချင်တာလည်း ပါ လို့ ပေါ့လေ ။

ဖိုးထွန်း ပြန် သွားတော့မှ မွေးဖွားခါနီး ဖြစ် နေတဲ့ နွယ် ကိုယ်ဝန် ကို လက် နဲ့ အသာ စမ်း ကြည့်မိတယ် ။ သားလေး ရဲ့ ခြေထောက် လေး လား လက် လေး လား မသိတဲ့ အစိတ်အပိုင်းလေး တစ်ခု က နွယ့် လက် ကို လာ ထိတယ် ။ မေမေ တစ်ယောက်  တည်း သာ အမြဲ ဂရုတစိုက် ထိတွေ့ ကိုင်တွယ် မိနေတဲ့ သားလေး ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းလေး ပါလား ။ သားလေး ရေ မင်း ဖေဖေ ကတော့ အိမ် ကို ပြန် မလာတဲ့ နှစ်လ  လောက် အတွင်း မှာ သွားနေကျ အတိုင်း ကေတီဗွီ က ကောင်မလေး ဆီ ပဲ ရောက် နေမလား ၊ မိန်းကလေး ငယ်ငယ်ချောချောလေး တွေ ရှိ ရာ မာဆတ် ရောက် နေမလား မေမေ လည်း သိချင် နေတာပါပဲ ကွယ် ... ။

ဒါပေမဲ့ နွယ် တစ်ယောက် ကတော့ ကိုကို့ အတွက် ရင်ခွင်တံခါး ကို ဖွင့်ထား ဆဲပါ ။ သားလေး အတွက် ခိုတွယ်စရာ လက်မောင်း တစ်ဖက် ကို မျှော်မှန်း မိလို့ပေါ့လေ ။

◾ ချိုထွေး ( ကူမဲ )

📖  တစ်ယောက် တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment