❝ ကဗျာဆရာ ရဲ့ ကန္တာရ အိပ်မက် တောအုပ် ❞
( ၁ )
အဲဒီ နေ့ က မွန်းလွဲ နှစ်နာရီ လောက် မှာ ကဗျာဆရာ ရောက် လာတယ် ။ အဲဒီ နေ့ က နေ က ကြောက်ခမန်း လိလိ ပူပြင်းတယ် ။ သူ လုံးဝ မမျှော်လင့်ထားဘူး ။ ကဗျာဆရာ အလည် ရောက် လာခြင်း ဟာ သူ့ ရဲ့ ပျင်းရိညည်းငွေ့မှု တင်းမာမှုတွေ ကို ပျော့ပျောင်း နူးညံ့စေတာ တော့ အမှန်ပင် ။ အဲဒီ နေ့က ( အဲဒီလိုနဲ့ပဲ ) ကဗျာဆရာ ကို ဧည့်ခံ ရတယ် ။ သူ့ ရဲ့ တစ်ကိုယ်ရေ တစ်ကာယ ထမင်းကြမ်း အေးအေးတွေ နဲ့ပဲ ... လွန်သွားပြီ ဖြစ်တဲ့ နေ့လယ်စာ ကို ကျွေး ရတော့တယ် ။ အေးဆေးပဲ ဆိုပေမဲ့ နေ က ပူ လွန်းတယ် ။
“ ကဗျာဆရာ ဘယ်လို ဖြစ်လာတာလဲ ” ဆိုတော့ “ ဆာလို့ ။ မြို့ ကလေး က ငါ့ ကို ဖုန်း မဆက် ၊ ဘာ မဆက် နဲ့ ဆာ လို့ လာတာ ၊ နှစ်ရက် သုံးရက် နေမယ် ၊ ဖြစ်တယ် မဟုတ်လားတဲ့ ” ဒါပဲ ။ ခံစားမှု အလိုကျ ရွေ့လာခဲ့ခြင်းလေ ။
နေပေါ့ ။ သူ က တစ်ကိုယ်ရည် တစ်ကာယ ။ ကမ်းပေါ် တင်ထားတဲ့ ရွက်လှေ ။ သူ ငှား နေတဲ့ အခန်းလေး ဟာ စုတ်ပြတ်ပြီး ကျဉ်း ပေမယ့် ကဗျာဆရာ တစ်ယောက် တော့ ထည့် သိပ်လို့ ရသေးတယ် ။ ကဗျာဆရာ ဟာ မိုင် ၂၀၀ ကျော် ဝေးတဲ့ မြို့ ကလေး က လာ ရောက်လည်ပတ်ခြင်းပါ ။ ကဗျာဆရာ မှာ အဝတ်အစား အပို နှစ်စုံ နဲ့ ခပ်စုတ်စုတ် ဦးထုပ် တစ်လုံး ပဲ ပါ လာတယ် ။ အဲ ... ပြီးတော့ အဖွင့် အပိတ် ခလုတ် ပျက်နေရှာတဲ့ ရေဒီယိုကလေး တစ်လုံးလည်း ပါ လာသေးရဲ့ ။ ဓာတ်ခဲ ထည့် ရင် မြည် မယ် ။ ဓာတ်ခဲ ဖြုတ် ထုတ်လိုက်ရင် ငြိမ်ကုပ် သွားမယ် ။ တဂျစ်ဂျစ် နဲ့ လေ ။
မြို့ကလေး က ပစ်ထားခြင်း ခံရတဲ့ ကဗျာဆရာ ဟာ အလွန် ရိုးသား သူ ဖြစ်ပါတယ် ။ ညစောင့် အလုပ် က အနား ယူ ပြီးတဲ့ နောက် မှာ ကဗျာဆရာ ဘာ အလုပ် လုပ်မယ် ဆိုတာ သူ မသိဘူး ။ ကဗျာ တစ်မျိုး တည်း ကို တန်ဖိုး ထားပြီး ကဗျာဆန်ဆန် နေထိုင် တဲ့ ကဗျာဆရာ ကို ဘာ လုပ် နေသလဲ လို့ လည်း သူ မမေးရက် ။ ကဗျာဆရာ က ဘယ်တော့မှ ပြုံးဖို့ ခက်ခဲတဲ့ လူ မဟုတ်ဘူး ။ မြို့ကလေး က ဒီလို ထူးဆန်းတဲ့ ကဗျာဆရာ ကို မွေးဖွားခဲ့ပြီး ကျွေး မထားနိုင်ခဲ့ဘူး ။ စိတ် မကောင်းလိုက်တာ ။ ကဗျာဆရာ က အရက် စွဲ နေသူ မဟုတ်ဘူး ။ ဒါပေမဲ့ မြို့ကလေး ရောက် ရင်တော့ ကဗျာဆရာ ဟာ ဖွဲ့စည်းမှု လွန်ကျူးလေ့ ရှိတယ် ။ ရီဝေမှု အကွက် စိပ်တယ် ။
“ ဘယ်လို ဖြစ်တာလဲ ကိုနီ ”
“ ဟုတ်တယ်.. ကဗျာဆရာ ကျုပ် စာတွေ မဖတ်ဘူး ၊ စာ မရေးဘူး ။ အရက် မသောက်ဘူး ။ အပြင် လုံးဝ မထွက်ဘူးလို့ တစ်လ အတိအကျ အဓိဋ္ဌာန် ထားတယ် ”
“ ကောင်းကွာ ။ ငါ လာ မှ ငါ လာလည် မှ ပင်လယ် ဟာ ရွက် မလွှင့်ဘူး တဲ့ ။ ဟား ဟား ရယ်ရတယ်ဟေ့ ။ ပြီးတာပဲ ကိုယ့် ကတိ နဲ့ ကိုယ် နေသာသလို နေရစ်တော့ ။ ငါ တော့ ဝေးရင့်သီ တို့ ၊ အောင်ကောင်း တို့ ဆီ သွားမယ် ”
ကဗျာဆရာ က သူ့ ကို ပစ်ပယ်ပြီး အပြင် ထွက် ဖို့ ပြင်ဆင် ရှာတယ် ။ သူ ကလည်း အဓိဋ္ဌာန်ဝင် ထားတာ တစ်လ အတိ ပြည့် ဖို့ ( ၅ ) ရက် တိတိ လိုနေသေးတယ် ။ ကိုယ့် ကိုယ် ကို မှ မယုံ မကြည် ဖြစ် ရမယ့် ကိစ္စပဲ ။ နည်းပညာ တွေ ပေါက်ကွဲ နေသလို ခံစားမှု တွေ ပေါက်ကွဲ ။
“ ကဗျာဆရာ ရေ … အောင်ကောင်း က လည်း အရက် ဖြတ် ထားတာ ကြာပြီ ။ ဝေးရင့်သီ က ည ရှစ်နာရီ ကျော် မှ အရက် သောက် လို့ ဖြစ်တဲ့ အလုပ် နဲ့ လူ ။ ခင်ဗျား ဘယ်လိုလုပ် မှာလဲ ”
“ ဟ ညီလေး ၊ စည်သူဆွေ ရှိသေးတယ်လေ ။ စည် သွားတီးမယ် ”
“ ညစာ ထမင်း ချန်ထားမယ် ။ ကျုပ် ကတော့ မူး လာတဲ့ လူ နဲ့ စကား မပြောချင်ဘူး ။ ကျုပ်အိပ်ရာ ထဲ ကိုယ့် ဖာသာ ဝင် အိပ် နော် ။ ကျုပ် က ဆေး သောက်ပြီး စောစော အိပ်ရာ ဝင် ဖြစ်မှာ ”
“ ကောင်းပြီလေ ။ အိမ်ပြန်ရောက်ချိန် ၊ နောက်ဆုံး အချိန်ပြော ”
“၁ဝ နာရီ ၊ ၁၁ နာရီ ဆို တော်ရောပေါ့ ။ ဒီ ရပ်ကွက် က ကျေးလက် ဆန်တယ် ။ စောစော အိပ်ရာ ဝင်တော့ အိပ်မက် များများ။မက် ရတာပေါ့ ။ ကိုယ့် လူ ရယ် ”
ကဗျာဆရာ က ရောက်လာတဲ့အတိုင်း ... ကျောပိုးအိတ်အဟောင်းလေး လွယ် လို့ ဦးထုပ်အစုတ်ကလေး ဆောင်းလို့ ညနေ မရောက်ခင် မှာ မြို့ ထဲ ပြန် ထွက်သွားပါတော့တယ် ။ သွားစမ်း ။ မြို့ကလေး ဟာ ရထား နဲ့ ကား နဲ့ ပတ် ရမယ့် မြို့မှ မဟုတ်ဘဲ ။ သူ ကတော့ အဓိဋ္ဌာန် ရွက်ဆုတ် ပြက္ခဒိန် က တစ်ရွက် ဆွဲ ဖြဲဖို့ ဒေါသ နည်းနည်း ဖြစ်တည် လက်စ ။
အထီးကျန်တယ် ဆိုတာ ကိုယ့် ကိုယ် ကိုယ် အပျော်အပါး အမှန် မခံတာ ၊ ပျော်ရွှင်မှု အငြိအစွန်း မခံတာ မျိုးတော့ မဟုတ်သေးဘူး ။ ဘယ် ဂျုံခင်းပဲ ဖြစ်ဖြစ် ပျင်းရိ နေရင် ပေါင်မုန့်တွေ ဖြစ် မလာနိုင်ဘူး ။ မြို့ ထဲ ထွက် သွားလေသူ ကဗျာဆရာ ကို ရည်စူးပြီး ညစာ ကို ကပျာကယာ ချက်ပြုတ် ရပါဦးမယ် ။ ကဗျာဆရာ အမူး လွန် လာတဲ့ ကြည်တံခွန် ဖြစ် မလာဖို့တော့ ဗာခူး ဆီ ဆုတောင်း ရမှာပဲ ။ ( ဗာခူး = ယမကာစောင့် နတ်မင်း )
( ၂ )
တရှူးရှူး ၊ တရှဲရှဲ လေတိုးသံတွေကြောင့် သူ လန့် နိုးသွားတယ် ။ ကြည့်စမ်း ကဗျာဆရာ ဟာ လောလော နဲ့ အိပ်မောကျ နေတယ် ။ သူ့ ရင်ဘတ် ပေါ် က ရေဒီယို အနက်ကလေး က တရှူးရှူး ၊ တရှဲရှဲ မြည် လို့ပေါ့ ။ ကဗျာဆရာ့ လက် ထဲ က ရေဒီယိုလေး ယူပြီး ဓာတ်ခဲ တစ်လုံး ဆွဲ ဖြုတ်လိုက်ရတယ် ။ ည က ချက်ချင်း ပြန် တိတ်ဆိတ် သွားတယ် ။ ကဗျာဆရာ ရဲ့ နံစော် နေ တဲ့ ဟောက်သံ တွေ ကတော့ အကွက်စိပ်စိပ် ပေါ့ ။ ရေဒီယို မပိတ်ဘဲ အိပ်ပျော်သွားရှာတဲ့ ကဗျာဆရာ အိပ်မက် ထဲ မှာ သတင်းတွေ နဲ့ ... မွန်းကြပ် နေလေမလားပဲ ။ သူ ကတော့ တစ်ခုတင် တည်း နှစ်ယောက် အိပ် ရ မှာ စိတ် ကျဉ်းကျပ် နေမိတယ် ။ အိပ်ပျော်ပါ့မလား ။ သူ့ မှာ ငွေကြေး ပြတ်တောက်နေချိန်ကြီး မှာ မှ ကဗျာဆရာ တစ်ယောက် အလည် ရောက် လာခဲ့ခြင်းမို့ ဘယ်လို ဖြေရှင်းရမလဲ မသိဘူး ။ အိပ် ၊ မတွေး နဲ့ ။ အိပ် ၊ မတွေး နဲ့ ။ အိပ်ဦး
အိပ်မောကျနေတဲ့ ကဗျာဆရာဟာ သူ ကဗျာဆရာ ဖြစ်ခဲ့ရခြင်းအတွက် နောင်တ တွေ တစိုးတစိ မှ ရှိနေပုံ မရပါ ။ မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ ။
ကဗျာဆရာ ကတော့ ... ဘာကိုမှ ပူ ပုံ မပေါ် ။ ပျော် နေပုံပါပဲ ။ သူ နဲ့ ကဗျာဆရာ စတင် မိတ်ဆွေ ဖြစ် ကတည်း က ကဗျာဆရာ သုံး ခဲ့သော ကျောပိုးအိတ် အဟောင်းလေး ကို အသစ် လဲ ပေးချင်နေပါတယ် ။ အဲဒီ ကျောပိုးအိတ် ထဲ ထည့်ထည့် သယ် လာတဲ့ ကဗျာတွေ က တော့ တစ်ပုဒ် ပြီး တစ်ပုဒ် ။ ကဗျာဆရာ ဟာ မြို့ကလေး နဲ့ ဘာကြောင့် အတူ မနေနိုင်ရရှာတာလဲ ။ ဘာကြောင့် ရှင်ကွဲ ကွဲနေရတာလဲ ။
“ ငါ အား တာ မဟုတ်ဘူး ၊ မြို့ ကလေး ကို လွမ်း လို့ အဆက်အသွယ် ဖြတ် ထားတဲ့ ကန္တာရမြို့သားတွေ ကို တွေ့ချင် လို့ လာ ခဲ့ရတာ ။ ပြီးတော့ ကိုနီ မင်း ကျန်းမာရေး မကောင်းဘူး ဆို လို့ မိုးထဲ လေထဲ က ရွေ့လျား လာခဲ့ရတာပဲ ”
မနက်ခင်း မျက်နှာသစ်ပြီး စ မို့ ကဗျာဆရာ အသံ က ကြည်လင် နေသေးတယ် ။ တီထွင် ထား တဲ့ အပြုံးတွေ နဲ့ မနက်ခင်း အညွန့် မတုံးစေကြပါနဲ့ ။ ကဗျာဆရာ ရဲ့သားကြီးက လေဖြတ်ထားသူ တစ်ယောက် ဆိုတာ သိ နေပါတယ် ။ ဆေး ဆရာ စုံ နေပြီ ။ ကဗျာဆရာ သား မှာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ ။ နလန် မထူတော့ဘူးလို့ ပြော ရလောက်အောင် လက်လျှော့ ထား ရသူ ဖြစ် ခဲ့ပြီလေ ။ ကဗျာဆရာ က သား လူမမာ ကို အနီးကပ် ပြုစုစောင့်ရှောက် နေရသူ ဖြစ်နေရှာသည် ။
“ ကိုနီ မင်း ရန်ကုန် သွားပြီး မပြဘူးလား ”
ကဗျာဆရာ ကို မနက်စာ ထမင်း ကျွေး ဖို့ ကျွန်တော် ကြံစည် နေတာ မို့ ဘာ စကား မှ မပြော ဖြစ်လိုက်ဘူး ။ ကဗျာဆရာ တော့ သူ တစ်ယောက် တည်း ညည်းတွားသလို ပြော နေလသည် ။
“ ငါ့ သားလေး လည်း လက်လျှော့ လိုက်ရပြီကွာ ၊ ငါ လူမမာတွေ မကြည့်ချင်တော့ဘူး ။ မင်း တစ်ခု ခု ဖြစ် သွား မှာ အရမ်း စိုးရိမ်တယ် ကိုနီ ”
ကျွန်တော် ကဗျာဆရာ ကို တောင်ဆိုင် မှာ လက်ဖက်ရည်သောက်ရန် ငွေ ထုတ်ပေးလိုက်ပြီး... နေ့လယ်စာ အတွက် ဘာ စားချင်သလဲ မေးလိုက်တယ် ။ ကဗျာဆရာအနေအထား က တော့ တစ်စုံတစ်ရာ ကို ခေါင်းမာမာ နဲ့ စဉ်းစား နေပုံပါပဲ ။
“ မင်း ကျန်းမာရေး ကို ခေါင်း ထဲ ထည့်ထားစမ်းပါဦး ကိုနီ ၊ မင်း ရန်ကုန် သွားပြီး အထူးကု နဲ့ ဆေး ကု စေချင်တယ် ”
ကျွန်တော့် ဆီ မှာ စကားလုံး မရှိဘူး ။ ဟုတ်တယ် ... ရန်ကုန်ဆင်း ဖို့ ဆေး ကု ဖို့ ကျွန်တော့် မှာ ငွေ မရှိသေးပါ ။
ကျွန်တော့် ရောဂါ က … စိတ် ရောဂါ လို့ .. ပြောလို့ ရနေပါပြီ ။ အရက် ကို တုံးတိ ဖြတ်ချလိုက်တာ နဲ့ အရက် ကြောင် ကြောင် သွားခြင်း က စ ပါတယ် ။ အရက် ဖြတ် တာ ရှစ်လကျော် ခဲ့ပြီ ဖြစ်ပေမဲ့ ကျွန်တော့် စိတ် မှာ အသံ တွေ ကြား နေရမြဲ ဖြစ်နေတယ် ။
သူ့ ကျန်းမာရေး အတွက် ခေါင်းခဲ နေရှာတဲ့ ကဗျာဆရာ အပြင် ထွက် သွားတာ ကို ငေးကြည့်ရင်း သူ သက်ပြင်းတွေ ချ နေမိတော့တယ် ။ စိတ်မကောင်းလိုက်တာ.. ကဗျာဆရာ ရယ်.. ဟုတ်တယ် ... သူ့ ကျန်းမာရေး ညံ့ဖျင်းတာတွေ မေး သွားတယ် ။ ကဗျာဆရာ ရဲ့ ကံဇာတာ ကို တွေးမိပြီး ကိုယ့် လူ ကဗျာဆရာ အတွက် စိတ်မသက်မသာ ဖြစ် မိသွားတာ အမှန်ပါပဲ ။
ကဗျာဆရာ ဟာ အသက်ခြောက်ဆယ် စွန်းခဲ့ပြီ ။ ညစောင့် အလုပ် က သက်ပြည့်ပင်စင် ယူခဲ့ပြီး သမီး ဖြစ်သူ ကျောင်းဆရာမ နဲ့ နားအေးပါးအေး အတူ နေထိုင်ချိန် ရောက်ပါမှ သား ဖြစ်သူ က ရွှေတော က အပြန် မှာ ရုတ်တရက် လေ ဖြတ် သွားခဲ့ခြင်း ဖြစ်ပါတယ် ။ ကဗျာဆရာ ဟာ ညစောင့် အလုပ် က အနားယူ သွားခဲ့ရပေမဲ့ လူနာစောင့် ဘဝ ကို ရောက် သွားရရှာလေပြီ ။
ဟူး ... သူ မတွေးနိုင်တော့ဘူး ။ ကဗျာဆရာ အလည် လာတုန်း သုံးစွဲဖို့ ငွေကြေး နည်းနည်း ရှာထားဦး မှ ဖြစ်မယ် ။ ကဗျာဆရာ အတွက် မြို့ မှာတော့ ပူစရာ မလိုပါဘူး ။ ဝေးရင့်သီ ၊ ကိုအောင်ကောင်း နဲ့ .. စည်သူဆွေ တို့ ရှိနေတာပဲ ။ ကဗျာဆရာ ပြန် လာရင် ဝေးရင့်သီ က ဟိုဘက် ကူး ဖို့ ... ကားခ ထည့် ပေးလိုက်မှာပဲ ... စည်သူဆွေ က လည်း … အရက် အဝ တိုက်ပြီး ရထားလက်မှတ် ဝယ်ပေးပြီး ရထားပေါ် တင် ပေးလိုက်မှာပဲ ။ သူ နဲ့ နေထိုင်ချိန်လေး သုံးဖို့ ပဲ လိုတာပါ ။ ကဗျာဆရာ က ထမင်းဟင်းလည်း ချေးများတာ မဟုတ်ဘူး ။ ည ဘက် ပြန်လာရင် … လမ်း ဘေး ထမင်းသုပ် ပါဆယ် တစ်ထုပ် နဲ့ လည်း ဖြစ်သွားတာပဲ မဟုတ်လား ။
သူ့ စာအုပ်စင် ပေါ် က နည်းနည်း ရောင်းတန်း ဝင် တဲ့ စာအုပ် ငါးအုပ် လောက် ရွေးရတယ် ။ ဟုတ်တယ် ။ အော်စကာ စာပေ မှာ စာအုပ် အဟောင်း ရောင်း ရတာ သူ ငွေကြေး လိုအပ်တိုင်းပဲ လေ ။
စာမူခ လည်း ရောက် မလာတာ ကြာပြီ ။ သူ့ ကို ထောက်ပံ့ နေတဲ့ ကြီးမေ ဆီ ကလည်း ငွေရောက် မလာသေးဘူး ။ ပိုးဟပ်တွေ မဟုတ်တော့ ဘဝ မှာ ငွေစက္ကူ နည်းနည်း ဟာ အမြဲတမ်း လိုအပ်လေ့ ရှိတယ် ။
လူနာစောင့် ဖြစ် နေတဲ့ ... ကဗျာဆရာ က တော့ ... သူ့ ကို ဘယ်မှာ လူနာ ဖြစ်စေနိုင်မှာလဲ ။ ... နာတာရှည် အိပ်မက်တွေ နဲ့ ပွန်းပဲ့ စေချင်မှာလဲ ။
သူ့ ရောဂါ က ညည အိပ်မပျော်တဲ့ ရောဂါ ။ အိပ်ပျော်သွားပြန်တော့ လည်း လန့် နိုးပြီး တိတ်ဆိတ်ခြင်း ရဲ့ အသံမျိုးစုံကို ထိတ်လန့် တတ် တဲ့ ရောဂါ ၊ ယုံကြည်ချက် ပြင်းထန်ပြီး ရုတ်တရက် ယုံကြည်ချက် မဲ့သွားတဲ့ ရောဂါ ။
စိတ်ပညာ ဆရာဝန် နဲ့ ပြသရမယ် ဆို တာ သူ သိ ပါတယ် ။ ဒါပေမဲ့ သူ့ မှာ ဆေး ကုဖို့ ငွေ မရှိသေးဘူး ။ စာတွေ မရေးဖြစ်တော့ စာမူခ မရနိုင်ဘူး ။ စားဝတ်နေရေး အတွက် ထောက်ပံ့ငွေလေး ... မျှော် ရုံ ပဲ ရှိတယ် ။ အရေးပေါ် လိုအပ် လာ ရင် စာအုပ်စင် ပေါ် က ရောင်းတန်းဝင် စာအုပ်ကလေး တွေ ဖြောပစ် ရတာပဲပေါ့ ။ မတတ်နိုင်ဘူးလေ ။
သူ က အပြင် မထွက်တဲ့ လူ ။ ကိုယ့် ကတိ နဲ့ ကိုယ် ငြိ တဲ့ လူ ဆိုတော့ အိမ် နား က အောင်ခိုင် ဆိုတဲ့ ချာတိတ်ကလေး ကိုပဲ စာအုပ်ဟောင်းတွေ သွား ရောင်း ခိုင်း လိုက်ရတယ် ။ မုန့်ဖိုး ပေးရတဲ့ ခေတ် ကြီး ထဲမှာ ကြီးပြင်း နေတဲ့ ချာတိတ်လေးပဲ ။ ပြောတတ် ဆိုတတ် တယ် ။ အော်စကာစာပေ က ကိုကျော်နိုင်ကြီး ဆို တာ လည်း သူ့မိတ်ဆွေရင်း ပါ ပဲ ။ ကိုကျော်နိုင် က လည်း စာကောင်း ကြိုက်တဲ့ လူ ပါပဲ ။ စာအုပ် ဈေးကြီး ရင် တော့ အင်တင်တင် နိုင်သေးတယ် ။ အရေးပေါ် ငွေ လိုတဲ့ စာအုပ် ဆို ပြန်တော့ လည်း အရေးပေါ် အထူးလျှော့ဈေး နဲ့ ဝယ် လိုက်ရတာပါပဲ ။ ထား ။
သူ လည်း ထမင်း မချက်ခင် တစ်နာရီ လောက် အာနာပါန ရှုရတယ် ။ သူ့ ခံစားမှုအထားအသို နဲ့ ဘဝ က အံချော်နေလေပြီ ။ တစ်နေ့ တစ်နေ့ သူ ဟာ အာနာပါန ရှုတယ် ။ ထမင်းဟင်း ချက်တယ် ။ အာနာပါန ရှု ၊ ထမင်း စား ၊ ရေချိုး အာနာပါန ၊ အပေါ့အပါး ကိစ္စ ၊ ဝင်လေ သိ ၊ ထွက်လေ သိ ။ သတိ နဲ့ ရိုးရိုးလေး နေ ကြည့် ။
ကဗျာဆရာ ပြန် မလာခင် ထမင်း နဲ့ ဟင်း ကျက်နေဖို့ ပဲ .. လိုတယ် ။ ချာတိတ်လေး ပြန် လာရင် ရလာတဲ့ ငွေ ထဲ က တချို့ တစ်ဝက် ကို မနက်ဖြန် အတွက် ... သိမ်းထုပ် ထားရမယ် ။ ကဗျာဆရာ အတွက် အရက်ဖြူ နည်းနည်း ဝယ် မယ် ၊ ကဗျာဆရာ ကြိုက်တဲ့ လရောင်ခံစားမှု ရှုမျှော်ခင်း က တော့ ... အမြည်း ပေါ့ ။ အမြည်း ပေါ့ ။ .… ဟုတ်တယ် ။ ကဗျာဆရာ နဲ့ စကား ကောင်းကောင်း မပြောရသေးဘူး ။
( ၃ )
ဒီ ည ကဗျာဆရာ ပြန် ရောက်တော့ ည တစ်ဆယ့်တစ်နာရီကျော် နေပြီ ။ ခွေးဟောင်သံတွေ ကြား နေရတယ် ။ သူ က ဆရာဝန် ပေးထားတဲ့ ( cpz ) ဆေး တစ်လုံး သောက်ပြီး အိပ်ရာ ထဲ မှာ တွေဝေ နေမိတယ် ။ ကဗျာဆရာ ရောက်တော့ အေးစက်နေတဲ့ ညစာ ကို တို့ကနန်း ဆိတ်ကနန်း နဲ့ စား နေရှာတယ် ။ အတော်လေး ဖွဲ့စည်းမှု လွန်ကျူးလာပုံ ရတယ် ။
“ ကောင်လေး ကိုနီ မင်း ရန်ကုန်ကို ဆင်းကွာ ၊ အထူးကု နဲ့ သွားကု စမ်းပါ ၊ မင်း လည်း ငါ့ သားကြီး လို နာတာရှည် ဖြစ် သွားမှာ ငါ စိုးရိမ် နေတယ် ၊ မင်း ရန်ကုန်ကို ဆေးကု သွားမယ် မဟုတ်လား ”
“ ဗျာ အဲ အင်း ”
“ ဟေ့ ကောင်လေး ၊ ငါ ပြောနေတာ ကြား ရဲ့လား ။ ဆေး သွားကု မှာလား ၊ မကုဘူးလား ”
“ ကဗျာဆရာ ရယ် … ခင်ဗျားလည်း ဒေါက်တာအင်ဒရူးမေဆန် မဟုတ်ဘူး ။ ကျုပ် လည်း ကျောက်မီးသွေးတွင်း က လူ မဟုတ်ဘူး ”
ကဗျာဆရာ က မကျေမနပ် ရယ်တယ် ။ ရဲတိုက် ဝတ္ထု ထဲ က ဒေါက်တာအင်ဒရူးမေဆန် ကို နှစ်ယောက် စလုံး သိတယ် ။ သူ ဘာ ပြောချင်တယ် ဆိုတာလည်း ကဗျာဆရာ သိပုံ ရပါတယ် ။ ကဗျာဆရာ က မသိချင်ဟန် ဆောင်ပြီး ထမင်းအေးအေး တွေ ကို မကျေမနပ် ကြိတ်ဝါး နေတယ် ။
“ ဟုတ်တယ် ကဗျာဆရာ ၊ ကျုပ် မှာ ဝင်ငွေ မှ မရှိဘဲ ဗျာ ၊ ကျုပ် ဘာ နဲ့ ဆေးသွား ကု ရမှာလဲ… ပြော ..”
“ ဟာ ... စိတ် မပျက်နဲ့ ကိုနီ ၊ ငါ့ မှာ လည်း သားကြီး လို နာတာရှည် အဖြစ် မခံနိုင်တဲ့ စိတ် ပဲ ရှိတာ ၊ ဟုတ်တယ် ”
ကဗျာဆရာ က သူ့ ကို ဝတ္ထုတွေ ရေး ဖို့ မတိုက်တွန်းပါ ။ သူ့ မှာ ဝင်ငွေ ဆို လို့ ဝတ္ထုရှည်တွေ ရေးခြင်း တစ်ခု တည်း သာ ရှိတော့တယ်လေ ။ သူ ဟာ တက္ကသိုလ် က အင်ဂျင်နီယာဌာန က ဝန်ထမ်း တစ်ဦး ပါ ။ အနုပညာ အလုပ် တစ်ခု တည်း နဲ့ ရပ်တည် ဖို့ သူ အလုပ် က ထွက် ဖြစ်ခဲ့တယ် ။ သူ့ ဘဝ အိပ်မက်တွေ ချိုးကွေ့ သွားတယ် ။
ချစ်သူ နဲ့ အတူ အသိုင်းအဝိုင်း တစ်ခုလုံး ရဲ့ စွန့်ပယ်ခြင်း ကို ... ခံ လိုက်ရတယ်လေ ။ အဲဒီနောက်ပိုင်း မှာ တော့ သူ ဟာ အရက်ဆိုင် တွေ လှည့် သွားဖြစ်ခဲ့တော့တယ် ။ အရက်တွေ မူး ပြီး နေထိုင် ပစ်တာ ဘယ်လောက် ကြာ သွားတယ် မသိ ။ အိပ်မက်တွေ ဘယ်လောက် ကွေ့ကောက် သွားပြီလည်း မပြောတတ် ။
ခုတော့ သူ ဟာ အခန်းကျဉ်းလေး တစ်ခု ငှားရမ်းပြီး တစ်ယောက် တည်း နေထိုင် နေပါတယ် ။ စာမူခကလေး အနည်းအကျဉ်း နဲ့ ရပ်တည် နေရတယ် ။ သူ့ ကို ထောက်ပံ့ နေရှာတဲ့ ကြီးမေ တစ်ယောက် ကလည်း ငွေပို့ မမှန်တော့ဘူး ။
ကဗျာဆရာ က ထမင်း စားပြီးတော့ သူ့ ရေဒီယို အစုတ်ကလေး ကို ဓာတ်ခဲ ထည့် ဖွင့်နေသေးတယ် ။ တဂျစ်ဂျစ် နဲ့ ။ ည ဆယ့်နှစ်နာရီ ထိုးတော့မယ်ဆိုတာ ကဗျာဆရာ မသိဘူးလား ။
သူ့ မျက်လုံးတွေ ကတော့ .. ( cpz ) ဆေးလုံး အရှိန် ကြောင့် မှေးစင်း လာနေပြီ ။ ကဗျာဆရာ့ အတွက် ဝယ်ပေး တဲ့ အရက်ဖြူ တစ်ပုလင်း ရှိနေသေးတယ် ။ ကဗျာဆရာ နဲ့ အတူ သောက် ပစ်လိုက်ရင် ကောင်းမလား ။ သူ အရက် ဖြတ်ထားတာ ရှစ်လ ကျော် ခဲ့ပြီပဲ ။ ဝင်လေ သိ ၊ ထွက်လေ သိ ၊ သတိ ။
“ ကဗျာဆရာ ကျုပ် လုံးချင်းတစ်အုပ် ထပ် ရေးပြီးရင်တော့ ကျောပိုးအိတ်ကလေး ရယ် ၊ ဦးထုပ် တစ်လုံး ရယ် ၊ ရေဒီယို တစ်လုံး ရယ် အသစ် ဝယ်ပေးမယ် ”
“ မလိုပါဘူး ကိုနီ ရာ ၊ မင်း ဆေး ကုဖို့ ဆောရီး ဆောရီး ကိုနီ အရက် အရက် ရှိ သေးလား ”
“ ခင်ဗျား ထမင်း စားပြီးပြီပဲ ”
“ အစားပိတ် ပေါ့ ကွာ ၊ ငါ ချလိုက်ချင်တယ် ”
သူ အရက်ဖြူတစ်လုံး ထုတ် ပေးလိုက်တယ် ။ အမြည်း တော့ မရှိဘူးနော် ဆိုတော့ ကဗျာဆရာ က ပြတင်းပေါက်ကို တွန်း ဖွင့်လိုက်တယ် ။
“ ငါ့ အတွက် လရောင် နည်းနည်း လေညှင်း နည်းနည်း ရှိရင် ဖြစ်တယ် ”
ညဉ့် လေ ဟာ အေးမြ နေတယ် ။
( ၄ )
သူ အိပ်ရာ နိုးတော့ ကဗျာဆရာတစ်ယောက် မရှိတော့ဘူး ။ မြို့ထဲ ကို လောဘကြီးကြီး ထွက်သွားလေပြီ ။ ထမင်း တောင် မစားသွားနိုင်ဘူး ။ ခုမှများ ၊ မြို့ကလေး ကို ချစ် နေလိုက်တာ ။ သူ နာရီ ကို ကြည့်တော့ မနက် ကိုးနာရီခွဲ လွန် နေပြီပဲ ။ သူ ထမင်းဟင်း ချက် ရဦးမယ် ။ ည က တော်တော် ညဉ့်နက်သွားတယ် ။ ကဗျာဆရာ ကလည်း ... ဆရာမောင်ထွန်းသူ ဘာသာပြန် ထား တဲ့ ရဲတိုက်ဝတ္ထုကြီး အကြောင်း ပြောဖြစ်ခဲ့ကြတာ မှတ်မိတယ် ။ ဟုတ်တယ် ။ ကဗျာဆရာ က လူနာစောင့် ဖြစ် နေတဲ့ လူ ။ သူ က လူနာ ဖြစ်လက်စ ဆိုတော့ ဒေါက်တာအင်ဒရူးမေဆန် ကို အထူး သတိ ရကြတာပဲ ။
ည တာ အရွေ့ ဖြည်း ခဲ့သလား အောက်မေ့ ရတယ် ။ သူ မျက်နှာ မသစ်သေးဘဲ ကဗျာဆရာ ရဲ့ စာရွက်ကလေးကို ယူ ဖတ်လိုက်တယ် ။ ထမင်းစားပွဲ ဖြစ် နေရှာတဲ့ သူ့ ရဲ့စာရေးစားပွဲ ခုံ ပေါ် မှာ ကဗျာဆရာ က စာ ရေးပြီး ထား ခဲ့တယ်လေ ။ မြို့ နဲ့ ခွဲ နေရတာတောင် မြို့ ကို စွဲ နေတဲ့ လူ ။
ကိုနီ ညနေ ၅ နာရီ ရထား နဲ့ ပြန်မယ် ။ သားတော်မောင် ကိုလည်း ဥပေက္ခာ ပြု ထားလို့ မဖြစ်ဘူး ။ နေ့လယ်စာ မြို့ ထဲ က စားခဲ့မယ် တဲ့ ။
ကဗျာဆရာ ဟာ မြို့ ထဲ သွားပြီး နှုတ်ဆက် အရက် သောက်တော့ မှာ သေချာ နေပါပြီ ။ ဘာပဲ ဖြစ်ဖြစ် လေ ။ ဧည့်သည်တွေ က ဧည့်သည် အလုပ် လုပ်ပြီး အိမ်ရှင်တွေ က အိမ်ရှင်အလုပ် လုပ် နေကြရင် လောကကြီး ဟာ သာယာ နေတာပါပဲ ။ နေဟာ အရှေ့အရပ် က ထွက်ပြီး စံပယ်တွေ ဟာ ဖွေးဖွေး လှုပ်အောင် ပွင့် နေမှာ ပဲ မဟုတ်လား ။ ဘာမှ မမြဲဘူး ။
သူ နေ့စဉ် ဇယား အတိုင်း စိတ်တည်ငြိမ်အောင် ပြုကျင့်ရဦးမယ် ။ ထမင်းဟင်း ချက်ပြုတ်ရဦးမယ် ။ ကဗျာဆရာ ပြန် ရင် လက်ဆောင် ပေးဖို့ အရက်ဖြူ တစ်လုံး လောက် ဝယ်ခိုင်းထားရဦးမယ် ။ လေ ကို ရှူသွင်းတဲ့စိတ် ၊ လေ ကို ရှိုက်ထုတ်တဲ့စိတ် ။ အနိစ္စ
နေ့လယ်စာ ထမင်း စားပြီး သူ တစ်ရေး အိပ်ရန် ပြင် လိုက်တယ် ။ ဒီအချိန် မှ ပြန် မလာရင်တော့ ကဗျာဆရာ ဟာ နေ့လယ်စာ အပြင် မှာ ပဲ စား ဖြစ်သွားတာ သေချာ နေတာပဲ ။ ကဗျာဆရာ လည်း ကောင်းပါတယ် လေ ။ မြို့ ပြန် ရောက်သခိုက် မြို့ နဲ့လိုက်လျောညီထွေ အောင် နေထိုင် နေမှာပေါ့ ။ မြို့ ကလေး ဟာ ငွေကြေးနောက် သဲသဲမဲမဲ လိုက်နေတဲ့ ငွေမုဆိုးတွေ နေ တဲ့ မြို့ မဟုတ်သေးဘူး ။ မြင်းလှည်းသံလေး တွေ နောက်ခံ ထားပြီး ရိုးရိုးသားသား ရှာဖွေ စားသောက် နေတဲ့ မြို့လေး ဖြစ် နေတုန်း ပေါ့ ။ စက်ရုံ က ထွက်တဲ့ မီးခိုးတွေ ရဲ့ နမ်းရှိုက်ခြင်း ၊ ပွေ့ဖက်ခြင်း ရှောင်ရှားပြီး သီးနှံတွေ ရောင်းဝယ် နေတဲ့ မြို့ကလေးသာ ဖြစ် နေပါသေးတယ် ။
သူ ဝင်လေ ထွက်လေ မှတ်ရင်း အိပ်ရာ ထဲ လှဲ နေချိန်မှာ ကဗျာဆရာ တစ်ယောက် အရေးတကြီး ရောက် ချလာပါတယ် ။ သူ့ ရဲ့နေ့လယ်ခင်း အိပ်မက်တွေ အရွက် မထွက်ခင်မှာ အိပ်စက်ခြင်း သစ်ပင် ကို အမြစ် က ဆွဲ နုတ် ခံလိုက်ရသလိုပါပဲ ။
“ ဟေး... ဟေး... . ကိုနီ ကိုနီ … တို့ ကန္တာရမြို့ ကလေး က ဒေါက်တာအင်ဒရူးမေဆန် ခေါ်လာတယ် ... ”
ဟင် ၊ .. မြင်ကွင်း ကို ... ရင်ထိတ်သွားတယ် ။ ကြည့်စမ်း ၊ ကဗျာဆရာ ဟာ မြို့ကလေး ရဲ့ အနောက်ဘက် တောင်ပံ က ဒေါက်တာကြည်ဦး ကို ခေါ်လာခဲ့တယ်လေ ။ ကဗျာဆရာ ဟာ မူးမူးရူးရူး နဲ့ ဘာတွေ လျှောက်လုပ် လာပြန်ပြီလဲ ။ ဒေါက်တာကြည်ဦး ဟာ သူ ကုသ နေ တဲ့ ဆရာဝန် တစ်ယောက် ။ သဘော ကောင်းတယ် ။ သူ အရက် ဖြတ်စ ကာလတွေ တုန်း က ဒေါက်တာကြည်ဦး က ဆေးကု ခဲ့တာပါ ။ ဒေါက်တာကြည်ဦး က သူ့ ကို ( cpz ) သောက်ဆေး စွဲ စားခိုင်းခဲ့ပြီး တရား ထိုင် ခိုင်း ထားသူပါ ။
“ ဟာ ဆရာ အားနာ လိုက်တာဗျာ ”
“ ဘာမှ အားနာ မနေနဲ့ စာရေးဆရာ ရေ ခင်ဗျားမိတ်ဆွေကြီး က ခင်ဗျားအတွက် အရမ်း စိတ်ပူ နေတာဗျ ။ ကျုပ် ခင်ဗျား ကို လိုက် မကြည့်ပေးရင် ခင်ဗျား မိတ်ဆွေကြီး က တစ်သက်လုံး ကြေကွဲသွားမှာ ပဲ ဆိုလို့ လိုက် လာခဲ့တာဗျာ ပြီးတော့ ”
“ ခင်ဗျား မိတ်ဆွေကြီး က ခင်ဗျား ကို ဆေးကု ပေးရင် စာအုပ် တစ်အုပ် လက်ဆောင် ပေးမယ် ဆိုလို့ လိုက် လာတာပဲ ဗျို့ ”
ကဗျာဆရာ ကတော့ ဘာစိတ်ကူး တွေ ဖြန့်ကျက် ခဲ့ပြီလဲ ။ ဒေါက်တာကြည်ဦး က သူ့ ကို အကြောဆေး တစ်လုံး သွင်းပေးပြီး အေးအေးဆေးဆေး ရယ် နေပါတယ် ။
“ ဒီမှာ မိတ်ဆွေကြီး ကျုပ်တို့မြို့ က စာရေးဆရာ ဘာမှ မဖြစ်တော့ပါဘူး ဗျ ။ အရက် သောက် လာတဲ့ ဒဏ်တွေကြောင့် စိုးရိမ်စိတ် တွေ ဝင် နေတာပါ ။ ကျုပ် သောက်ဆေးတွေ ပေးခဲ့မယ် ။ စိတ်အေးအေး ထားပြီး ခင်ဗျား သား လူနာ ဆီ ကို ပြန် ပေတော့... ”
“ အဲ ကျုပ် ကို ပေးမယ် ဆိုတဲ့ စာအုပ် တော့ မမေ့နဲ့ဗျ ”
“ ပေးရမှာပေါ့ ၊ ဒေါက်တာရယ် .. ခင်ဗျား ဟာ ကျုပ်တို့ ကန္တာရမြို့ ကလေး ရဲ့ ဒေါက်တာအင်ဒရူးမေဆန် ပါ ၊ ကျုပ် တို့ စာရေးဆရာလေး ကျန်းမာ လာဖို့ပဲ အရေးကြီးတာ ”
ကြည့် ၊ ကဗျာဆရာ နဲ့ ဆရာဝန်တို့ က အပေးအယူ အလွန်တည့် နေလေပြီ ။ ကဗျာဆရာက သူ့ စာအုပ်စင် ပေါ် ရှိ ရဲတိုက်ဝတ္ထု နှစ်အုပ်တွဲ ကို ဆွဲယူပြီး ဒေါက်တာကြည်ဦး ကို ပေး လိုက်လေတယ် ။ ဒေါက်တာ က စာအုပ်တွေ ယူ ၊ နှုတ်ဆက် ပြီး ပြန်သွား ရှာတယ် ။
“ ကဗျာဆရာ ဘယ်လိုလုပ်လိုက်တာလဲ ၊ ကျုပ် ရဲတိုက်တွေ ”
“ ကိုနီ ရယ် မင်း ကို ဆရာဝန် နဲ့ ဆေး ကုတာ ကြည့်ချင် လွန်းလို့ ငါ ကိုယ်တိုင် ဆရာဝန် ဆီ သွားပြီး အတင်း ပင့် လာခဲ့ရတာပါ ”
“ ကဗျာဆရာ ခင်ဗျား ကျုပ် ဆီ ကို ဒေါက်တာအင်ဒရူးမေဆန် ခေါ် လာတာလား ၊ ကျုပ် ဆီ က ဒေါက်တာအင်ဒရူးမေဆန် ကို ပေး လိုက်တာလား ”
“ ငါ ပြန်တော့မယ် ကိုနီ အရက်ဖြူ နည်းနည်း ရှိရင် ပေး ဦးကွာ ”
“ သတ္တဝါတွေ အားလုံး ကျန်းမာပါစေ .…. ”
ကဗျာဆရာ က ဆုတောင်း ရင်း တွေဝေ နေရှာတယ် ။ သူ နေ့လယ်ခင်း အလွန် ပြတင်းပေါက် ကို တွန်း ဖွင့်ပစ်လိုက်တယ် ။ တိန့်ရှောင်ဖိန်ရဲ့ စကား ကို သတိ ရ မိသွားတယ် ။
“ တံခါးတွေ ဖွင့် ပေးလိုက်တဲ့အတွက် ယင်ကောင် တစ်ကောင်တစ်လေ တော့ ဝင်လာမှာပဲ ။ ဒါပေမဲ့ လေကောင်းလေသန့် ကို တော့ ရှူရှိုက် ကြရတယ် ”
ကဗျာဆရာ က တော့ အရက်ဖြူပုလင်း ကို ဖွင့် နေရင်း ဆုတောင်း နေပြန်တယ် ။
သတ္တဝါတွေ ကျန်းမာကြပါစေ ။
◾နီရင့်ရင့်
📖 နွယ်နီ မဂ္ဂဇင်း
၂ဝဝ၉ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment