Saturday, October 1, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၄ )


 

အခန်း ( ၁၄ )

“ ဘယ်လိုလဲ မော်လမြိုင် ကို သွား လည်ရတာ တော်တော် မှ ပျော် ခဲ့ရဲ့လား ...”

ဆိုဖီယာ ၏ အမေး စကားသံ က လေပြေလေညင်း တို့ ၏ ဂီတ နှင့် တူ နေ၏ ။ သူတို့ နှစ်ယောက် ကား အိမ်ဘေး ခြံကွက်လပ် အစွန် တွင် ရှိသော ဒန်းကလေး ဆီ သို့ ခြေလှမ်း ကို ဦးတည် လိုက်ကြသည် ။ စိုးရှား က

“ ကိုယ် ကတော့ ဘယ်လို ခရီးကို ပဲ သွားရ သွားရ ပျော်စရာ ကို ရှာကြံပြီး တွေ့ တတ်ပါတယ် ဆိုဖီယာ ... လမ်း တစ်လျှောက် လုံး အမြီးအမောက် မတည့် တဲ့ လူတွေ ကို ကြည့် ပြီး တစ်ချိန် လုံး ရယ်နေရတာပဲ ...”

“ ဆိုစမ်းပါဦး ဘာတွေ တွေ့ခဲ့လို့လဲ ...”

“ အဝေးပြေး ကားလမ်းမ ဘေး မှာ ကနားဖျင်း တဲ ထိုးပြီး အလှူခံ နေကြတာလေ ၊ အသက် ( ၄ဝ ) လောက် ရှိတဲ့ မိန်းမကြီး တစ်ယောက် က ဖလားကြီး ပိုက် လို့ လမ်းဘေးမှာ ရပ် ပြီးတော့ ကားတွေ ဖြတ်ဖြတ် သွားတိုင်း ဘယ်လို အော် တယ် မှတ်လဲ ...”

“ ဟင် ... သူက ဘယ်လို အော်လို့လဲ ...”

“ ချသွားကြပါ ... ရှင် ... ချသွားကြပါ ... လမ်းပေါ် မှာ တင် ချသွားလဲ ရပါတယ်ရှင် ... တဲ့ ...”

သူ့ စကားကြောင့် ဆိုဖီယာ က အတွေးတစ်မျိုး ပေါက်ကာ ရယ်သည် ။ ပြီးမှ မျက်နှာ ကို ပြန် တည်ပြီး ...

“ သူ က ပိုက်ဆံ ပစ် ချခဲ့ဖို့ ပြောတဲ့ ဥစ္စာ ၊ ရှင် ကို က အတွေး ခေါင် တာပါ ...”

“ ဟုတ်ပါလိမ့်မယ် လေ ...”

“ ပေါက်ကရတွေ တော်စမ်းပါ ... ဒါနဲ့  ရှင့် ပန်းချီကားအကြောင်း ကို ရော မရှင်းပြတော့ဘူးလား ...”

“ ဆိုဖီယာ နားထောင်မယ် ဆိုရင်တော့ ... ကျွန်တော့် ဘက် က ပြော ပြဖို့ အသင့်ပါပဲ ...”

သူတို့ နှစ်ဦးသား ပန်းခြုံတန်းလေး နံဘေး ရှိ ဒန်း ပေါ် တွင် အတူ ထိုင် လိုက်ကြသည် ။

မလှမ်းမကမ်း ရှိ ပိတောက်ပင်ကြီး ၏ ပင်စည် အပေါ်ပိုင်း မကျတကျ တွင် မြား ပစ်သော ပစ်မှတ် စက်ဝိုင်း တစ်ခု ချိတ်ဆွဲထားသည် ကို တွေ့ ရ၏ ။ သည်လို ဆိုလျှင် ဒီ အိမ် တွင် လေးပစ် ဝါသနာ ပါ သူ တစ်ယောက် ယောက် တော့ ရှိ မှာ သေချာသည် ။

အဲသည်လူ က လည်း ဆိုဖီယာက လွဲလို့ တခြား ဘယ်သူမှ မဖြစ်နိုင်မှန်း စိုးရှား တွက်ဆ မိ၏ ။

ပင်လယ်ဓားပြ နှင့် တူသော ကောင်မလေး တစ်ယောက် က လေးညှို့ ကို တင်ကာ မာန်ပါပါ ဖြင့် မြားပစ် နေမည့် ပုံ ကို စိတ်ကူး ထဲ တွင် မြင်ယောင် ကြည့်ရင်း စိုးရှား ရင် ခုန် လာလေသည် ။

ဆိုဖီယာ ကတော့ သူ့ အတွေး ကို ရိပ်မိပုံ မရ ။ သူမ က မျက်မှောင် ကို အနည်းငယ် ကုပ်ရင်း ...

“ ရှင် ခရီးသွား နေတုန်း အဲဒီပန်းချီကား နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ကျွန်မ ရှာပြီး ဖတ်ကြည့် ထားသေးတယ် ၊ တစ်ချို့ စာအုပ်တွေ ထဲ မှာ ကျတော့ ယေရှု ရဲ့ဘေး က အမျိုးသမီး ရဲ့ နာမည် က မေရီမက်ဒါလင် တဲ့ ... သူတို့ နှစ်ယောက် ကြား မှာ ဘာ ပတ်သက်မှု ရှိလို့ အဲဒီလို ပြော ကြတာလဲ ”

“ မဟုတ်ပါဘူး ... ကျွန်တော့်အယူအဆ ကို ပြော ရရင်တော့ ဘာ ပတ်သတ်မှု ကို မှ ရည်ညွှန်းတယ် လို့ မထင်ဘူး ... မေရီမက်ဒါလင် ရဲ့ ပုံ လို့ လည်း မယုံကြည်ဘူး ... ဘာသာရေးဆိုင်ရာ စော်ကားမှု တစ်ခုလည်း မဟုတ်ပါဘူး ဆိုဖီယာ ... ဒါဟာ အနုပညာ သင်္ကေတ သဘော သက်သက် ပါ ပဲ ...”

“ ဘာ သင်္ကေတ လဲ ...”

“ ခရစ်တော် မတိုင်ခင် နှစ်ပေါင်း လေးထောင် လောက်တုန်း ကတည်း က ရှိခဲ့တဲ့ စကြဝဠာ ရဲ့ အခြေခံ သဘောတရား ပဲ လေ ၊ လောက ဆိုတာ အဖို အမ ... အလင်း အမှောင် ... အပူ အအေး ဆိုတဲ့ ဆန့်ကျင်ဘက်အစုံ ဒွန်တွဲ နေတယ် ... ဆိုတဲ့ ပင်မ နိယာမ ပေါ့ ...”

သူ့ စကား ကြောင့် ဆိုဖီယာ က တွေတွေကလေး ငေးစိုက် ကြည့်နေ၏ ။ စိုးရှား က ...

“ အဲဒီ ပန်းချီကား ထဲ မှာ ယေရှု ရဲ့ အဝတ်အစား ကို ကြည့်လိုက် ... အင်္ကျီ က အနီရောင် နဲ့ အပေါ် က ဝတ်ရုံ အပြာရောင် ခြုံ ထားတယ် ၊ သူ့ ဘေး က အမျိုးသမီး ကျ တော့ အင်္ကျီ အပြာရောင် ပေါ် မှာ ဝတ်ရုံ အနီ ခြုံ ထားတယ် ၊ အဓိပ္ပါယ် က တော့ ' ယင် - ယန် ' လို့ ခေါ်တဲ့ ဆန့်ကျင်ဘက် ပေါင်းစည်းမှု ပဲ ဆိုဖီယာ ...”

“ ရှင် ပြောပုံ က သေချာ လှချည်လား ...”

စိုးရှား က ပခုံး ကို တွန့် ပြလိုက်ပြီး ...

“ မယုံလည်း မတတ်နိုင်ဘူး ၊ မင်း Iron Cross တီးဝိုင်း က သုံး တဲ့ ကြက်ခြေခတ် Logo ကို တွေ့ဖူးတယ် မဟုတ်လား ၊ ခရစ်ယာန် လက်ဝါးကပ်တိုင် လိုမျိုး အရှည် တစ်ချောင်း အတို တစ်ချောင်း မဟုတ်ဘူးလေ ... ကန့်လန့်ဖြတ် နှစ်ခု စလုံး အရှည် အတို ညီ နေတာ ၊ အဲဒါ ကို Square Cross လို့ ခေါ်တယ် ...”

“ အဓိပ္ပါယ် က ...”

“ ဒေါင်လိုက် မျဉ်းကြောင်း က အဖို ဓာတ် ၊ ရှင်သန်မှု နဲ့ နာမ်တရား ကို ကိုယ်စား ပြုတယ် ၊ ကန့်လန့်ဖြတ် မျဉ်းကြောင်း က အမ ဓာတ် ၊ သေဆုံးခြင်း နဲ့ ရုပ်တရား ကို ကိုယ်စား ပြုထားတာ ၊ အဲဒီ တံဆိပ် က ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၁၅ဝဝ လောက် ကတည်း က သုံးခဲ့တာပေါ့ ...”

ဆိုဖီယာ ၏ မျက်နှာထား က ခပ်တည်တည် ဖြစ်သွားပြီး ...

“ ရှင် က အတွေးအခေါ်တွေအားလုံး ကို ဒီ ဇာစ်မြစ် တစ်ခုတည်း ဆီ ကို ပဲ ဆွဲ ယူ နေတာကိုး ...”

“ မဟုတ်ဘူး ... မင်း ပြောတာ ပြောင်းပြန် ဖြစ်နေပြီ ၊ အားလုံးက အဲဒီ ပင်မ ဇာစ်မြစ် တစ်ခုတည်း က မှ ခေါင်းစဉ် အမျိုးမျိုး ကွဲပြီး ခွဲဖြာ ထွက်လာကြတာပါ ... ဆိုဖီယာ ... ဒီမှာ ကြည့် အဖိုဓာတ် ကို Blade လို့ခေါ်တယ် ။ သူ့ ရဲ့ သင်္ကေတ က အပေါ် ကို ချွန် နေတဲ့ တြိဂံပုံ ...”

စိုးရှား က ပြောပြောဆိုဆို ဖြင့် မြေကြီး ပေါ် တွင် တုတ် တစ်ချောင်း ဖြင့် ရေးခြစ် ကာ တြိဂံတစ်ခု ၏ ပုံ ကို ဆွဲ ပြလိုက်သည် ။

ထိုနောက် သူ က ဆက်ပြီး ....

“ အမဓာတ် ကို တော့ Chalice လို့ ခေါ်တယ် ၊ သူ့ ရဲ့ သင်္ကေတ က တော့ အောက် ကို စိုက်နေတဲ့ တြိဂံ ဇောက်ထိုး ပုံ ပေါ့ ...”

စိုးရှား က ပုံဆွဲ နေရာ မှ သူမ ၏ မျက်နှာ ကို ဖျတ်ခနဲ အကဲခတ်ကြည့် လိုက်ပြီး ...

“ ဒီတော့ ... အဖို နဲ့ အမ ပေါင်းစည်း လိုက်တဲ့အခါ ၊ ရုပ် နဲ့ နာမ် ပေါင်းစည်း လိုက်တဲ့အခါ ဒီ သင်္ကေတ ဖြစ် လာတော့တာပဲ ”

ဆိုဖီယာက မြေပြင် ပေါ် မှ ပုံ ကို စိုက် ကြည့်ရင်း ...

“ ဒါ ... ဂျူးတွေ ရဲ့ ခြောက်မြှောင့်ကြယ် ( David Star ) ပဲ ...”

“ အင်း ... ဒါနဲ့ စကား စပ်မိလို့ ပြော ပြရဦးမယ် ၊ အာရေဗျ က ဆူဖီဂန္ဓာရီ ပညာ မှာ Abjab ဆိုတဲ့ လျှို့ဝှက် သင်္ကေတ ရှိတယ် ၊ သူတို့ က ( ၁ ) ကို အလစ် လို့ ခေါ်တယ် ၊ ( ၂ ) ကို ဂျက် ၊ ( ၃ ) ကို ဂျင် ၊ ( ၄ ) ကို ဒါလ် ... လို့ ခေါ်တယ် ၊ သူတို့ မှာ အပေါ်ထောင် နေ တဲ့ တြိဂံ က ( ၇ ) ၊ အောက် စိုက် နေတဲ့ တြိဂံ က ( ၈ ) ၊ ဒေါင့် အားလုံး က ( ၆ ) ၊ ပေါင်း လိုက်ရင် ၇၈၆ ဖြစ် လာတယ် ၊ ဒါဟာ စကြဝဠာ အတွးအခေါ် ရဲ့ အခြေခံ ဂဏန်း ပဲ ... ဆိုဖီယာ ...”

သူမ က အနည်းငယ် ရယ်သွမ်းသွေးချင်ဟန် အကြည့် ဖြင့် တစ်ချက် အကဲ ခတ် ရင်း ...

“ ရှင် က တော်တော်တော့ လေ့လာထားပုံ ပဲ ၊ ဒါပေမယ့် ရှင့် အသိ က ' စာသိ ' လောက်ပဲ ဖြစ်မယ် ထင်တယ် ၊ ရှင့် ရင် ထဲ က အစစ်အမှန် ထွက် လာတဲ့ ' ငါသိ ' တော့ ရှိပုံ မပေါ်ဘူး ...”

သူမ ၏ စကား ကြောင့် စိုးရှား အောင့်သက်သက် ဖြစ် သွား၏ ။ ဗလာချီ စော်ကား ခံလိုက်ရသည် ဟု လည်း ထင်သည် ။ ထို့ကြောင့် ...

“ ဘာဖြစ်လို့ ပြော တာလဲ ...”

“ ရှင့် မှာ ' ယုံကြည်မှု ' ဆိုတာမှ မရှိပဲ ၊ စိတ် မှာ ' ယုံ ' တယ် ဆိုတဲ့ သဒ္ဓါတရားလေး ရှိ မှ နှလုံးသား က ' ကြည် ' လင်း သွားတာ ၊ သဘော ပေါက်ရဲ့လား ...”

“ ကိုယ် မယုံ တာ က ကျမ်းစာအုပ်တွေ ထဲ က စကားလုံးတွေ ကို ပါ ... ဒီ ကျမ်းစာအုပ် ထဲ မှာကျတော့ ဒီလို လုပ်ရင် ငရဲ ကျမယ် ... တဲ့ ... ဟိုတစ်မျိုး မှာ ကျတော့ ဟိုလို လုပ်ရင် ငရဲ ကျမယ် ... တဲ့ ...”

“ ဒီ တစ်ခု ကို ယုံတဲ့ သူ အဖို့ကျတော့လည်း ဟိုဘက် က အမြင်နဲ့ ကြည့် ရင် ငရဲ ကျ မှာပဲ ၊ ဟိုဘက် က ဟာ ကို ယုံတဲ့ သူ အဖို့ ကျတော့ လည်း ဒီ ဘက် က အမြင် နဲ့ ကြည့် ရင် ငရဲ ကျ မှာပဲ ...”

“ ပြီးတော့ ... ငရဲ က လည်း အမျိုးမျိုး ... တစ်ချို့ က ပြောတော့ မီးလျှံတွေ ပူကျက် နေတယ် ... တဲ့ ... သံအိုးကင်း နဲ့ ကြော် သတဲ့ ... ဒါက အပူ ကို ကြောက် တဲ့ ဒေသ က လူတွေ ရဲ့အစွဲ လေ ...”

“ အအေး ကို ကြောက် တဲ့ ဒေသ က တိဗက်ကျမ်းစာတွေ ထဲ မှာကျတော့ ငရဲ မှာ ထာဝရ အေးခဲ နေသတဲ့ ... ကိုယ် က အပူ ကို ကြောက်တယ် ၊ အအေး တော့ ခံနိုင်သား ... အဲဒါကြောင့် သေခါနီး ရင် တိဗက် ပြောင်း နေရရင် ကောင်း မလားတောင် စဉ်းစား မိသေးတယ် ...”

ဆိုဖီယာ က တခစ်ခစ် ရယ်မောရင်း ...

“ ရှင် က လည်း ကတ်သီးကတ်သတ် ...”

“ ဟုတ်တယ် ... တကယ်ပြောတာ ... ဟို ဘာသာဝင် အတွက် ငရဲ တစ်မျိုး ... ဒီ ဘာသာဝင်အတွက် ငရဲ တစ်မျိုး ... ဆိုပြီး နေရာ အမျိုးမျိုး ခွဲ ထားဖို့ ကျတော့လည်း ... ငရဲပြည် မှာ Immigration ( လူဝင်မှုကြီးကြပ်ရေး ) ထား ရမလို ဖြစ်နေပြီ ၊ တော်ကြာ ဗီဇာ မရလို့ ပြန် ပို့ခံရတာတို့ ... ဘာတို့ နဲ့ ဆိုရင် ရှုပ်ယှက်ခတ် ကုန်လိမ့်မယ် ...”

“ တော်စမ်းပါ ... ပေါက်ကရတွေ ... ဘာလဲ ... ရှင်က ' ကုသိုလ် ' နဲ့  ' အကုသိုလ် ' ဆိုတာ ကို မယုံဘူးလား ...”

စိုးရှား က သူမ ၏ မျက်ဝန်း အတွင်းပိုင်း အထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ကြည့်လိုက်သည် ။ ထိုနောက် ...

“ ကိုယ် သတ်မှတ်ထားတဲ့ အကုသိုလ် က ဟိုဟာ မလုပ်ရ ... ဒီဟာ မလုပ်ရတွေ အများကြီး မပါဘူး ... တစ်ခု တည်းပဲ ... အဲဒါက ဘာလဲ ဆိုတော့ ' လူလူချင်း ယုတ်မာတာ ဟာ အကုသိုလ် ဖြစ်တယ် ' ဆိုတာပဲ ...”

“ ကိုယ့်ဘ ဝမှာ တခြား ဘယ်သူ့အပေါ် မှ လည်း မယုတ်မာခဲ့ဖူးဘူး ၊ အဲဒီ အကုသိုလ် ကင်းစင်တာလေး တစ်ချက် တည်း နဲ့ ပဲ ဘယ် ငရဲ ကို မှ မကြောက်ဘဲ ကိုယ် သေရဲတယ် ဆိုဖီယာ ... ခြင် ကိုက် လို့ မှ မရိုက်သတ် ရဲ ၊ အိပ် မပျော် လို့ မှ ဝီစကီ တစ်ခွက် မသောက် ရဲ တဲ့ အကုသိုလ် ရှောင် နည်းမျိုးတော့ မဟုတ်ဘူး ...”

သူ့ စကား ကို နားထောင်ပြီး ဆိုဖီယာ က ဦးခေါင်း ကို ညင်ညင်သာသာ ခါ ရမ်းသည် ။ သူမ ၏ မျက်ဝန်းများ က မီးခိုးရောင် ရီဝေ နေ၏ ။ ဆိုဖီယာ ၏ အကြည့်တွေ က သနားကရုဏာ သက်နေပုံမျိုးနှင့် ခပ်ဆင်ဆင် တူသည် ဟု ခံစားရသည် ။

ဆိုဖီယာ က ...

“ ရှင့် ရဲ့အစွဲ ကို တော့ ကျွန်မ ချွတ် မှ ကျွတ် တော့ မှာပဲ ...”

“ ဘာ ... ဘယ်လို ပြောလိုက်တယ် ...”

စိုးရှား က စိတ်ဆိုးရမည့် အစား သူမ ၏ စကားကြောင့် ရယ်ချင်သွား၏ ။ ဘယ်လိုလဲ ကောင်မလေး ရယ် ... မင်း ကိုယ် မင်း အထင် ကြီး လှချည်လား ... ။

ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိ ...

စိုးရှား က လှောင်ပြုံး ပြုံး လိုက်ရင်း ...

“ ငါ့ အတွေးအခေါ် ကို မင်း က ဘယ်လို လုပ်ပြီးတော့များ ပြောင်း ပစ်နိုင်မှာ မို့လို့လဲ ဆိုဖီယာ ...”

ဆိုဖီယာ က လေးနက်သော လေသံ ဖြင့် ...

“ ကျွန်မ ရှင့် ကို ပုစ္ဆာ သုံးခု မေးမယ် ၊ သုံးခု စလုံး ရှင် မဖြေနိုင်ရင်ပဲ ဖြစ်ဖြစ် ... သုံးပွဲ မှာ ကျွန်မ က နှစ်ပွဲ နိုင်ရင် ပဲ ဖြစ်ဖြစ် ... ရှင့် ရဲ့ အတွေးအခေါ် ကို စွန့်လွှတ် ရမယ် ၊ ဘယ့်နှယ်လဲ ... လောင်းရဲ ပါ့ မလား ...”

“ အိုကေ ... ကိုယ့် ဘက် ကတော့ အဆင်သင့် ပဲ ... တစ်ခု တော့ ကြို ပြောထားမယ် နော် ၊ အဲဒါကတော့ မင်း ကိုယ့် ကို မနိုင်နိုင်ဘူး ဆိုတာပဲ ...”

သူ့ စကား ကြောင့် ဆိုဖီယာ  ပြုံးသည် ။ ထို အပြုံး ကြောင့် သူမ သည် သစ်တော်သီးပင်လေး တစ်ပင် နှင့် တူ သွားလေသည် ။

ဘဝ တစ်ခုလုံး ကို လောင်းကြေး ထပ် ရဲသည် အထိ ညှို့ယူနိုင်သော မိန်းမတစ်ယောက် ကို သူ ဘာကြောင့်များ စိတ်ဝင်စား နေပါလိမ့် ... ။

တကယ်တော့ မိန်းမ ဆိုသည် မှာ ပြင်းထန်လွန်းသော အဆိပ် တစ်မျိုး ပင် ဖြစ်သည် ။

မင်းခိုက်စိုးစံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment