❝ မလွမ်း လို့ မဖြစ်ဘူး ❞
ကျွန်မ နဲ့ ကိုလှဖေ အကြောင်း ကို အတော်ကလေး ပြော ပြီးပါပြီ ။ ကျွန်မ နာမည် က မမြမေပါ ။ ဒါပေမဲ့ အားလုံး က “ မေ ” လို့ ပဲ ခေါ်ကြပါတယ် ။ အဲဒါကလည်း ပြောပြီးသားပါ ။ ကျွန်မက ကိုလှဖေ နဲ့ ဆုံမိတိုင်း အမြန်ဆုံး လက်ထပ်ဖို့ တိုက်တွန်းပါတယ် ။ ကိုလှဖေ က တော့ နေ့ ရွှေ့ ည ရွှေ့ ရွှေ့တာ ပေါ့ ရှင် ။
ဒါပေမဲ့ ကျွန်မ က ပူဆာ မ က ပူဆာ လွန်း တဲ့ အခါ မှာ တော့ မိဘ တွေ ကို ပြော ရ ဦးမယ် လို့ သူ က ပြောတယ် ။ အဲဒီတော့လည်း ကျွန်မ က အမြန်ဆုံး သွား ပြောဖို့ တိုက်တွန်း ရ ပြန်တယ် ။ နောက်ဆုံး မှာ တော့ ကိုလှဖေ ဟာ မိဘ တွေ ကို သွား ပြောဖို့ ဆုံးဖြတ် လိုက်ပါတယ် ။ သူ က မန္တလေး ကို ရထား နဲ့ သွား မှာ လေ ။
ကိုလှဖေ ဘူတာ ဆင်း တဲ့ အခါ မှာ ကျွန်မ လိုက် ပို့ ပါသေးတယ် ။ ကိုလှဖေ ထိုင်ခုံ က ပလက်ဖောင်း ဘက် ပြတင်းပေါက် နား မှာ ရှင့် ။ ကျွန်မ က ရထား မထွက်မချင်း သူ့ ကို တတွတ်တွတ် မှာ နေရ တယ် ရှင့် ။ မှာ တဲ့ အကြောင်းကလည်း တခြား ဟာ မဟုတ်ပါဘူး ။ မြန်မြန် ပြန် လာဖို့ ပါပဲ ။
ကိုလှဖေ ဟာ အစ ပထမ တော့ ကျွန်မ ပြောသမျှတွေ ကို သူ က နှုတ် နဲ့ ပြန် ဖြေပါတယ် ။ နောက်တော့ လည်း သူ မဖြေနိုင်တော့ဘူး ထင်ပါရဲ့ ။ ကျွန်မ ဘာပဲ ပြောပြော ခေါင်း ပဲ ညိတ် နေတော့ တာပဲ ။ အဲဒီတော့ လည်း ကျွန်မ က စိတ် တို လာတယ် ။ သူ က လူ ပဲ ။ ပုတ်သင်ညို မှ မဟုတ်တာ ။ အဲဒီတော့ ခေါင်း ညိတ် ပြ နေတာ ကို ကျွန်မ မကျေနပ်နိုင်ပေါင် ။
“ ဘယ်လိုလဲ ကိုလှဖေ ရယ် ၊ အသံ တောင် မထွက်တော့ပါလား ။ ခေါင်း ပဲ ညိတ် နေတော့တာပဲလား ”
လို့ ပြော လိုက်တော့ သူ က ပြုံးတယ် ။
သူ့ အပြုံး ရဲ့ နောက်ကွယ် မှာ အဘိဓမ္မာတွေ အများကြီး ပါနေတယ် ။ ရ တောင် မရသေးဘူး ။ ဒီလောက် စကား များ တဲ့ မိန်းမ ၊ ရများ ရ ရင်တော့ ငါ တော့ နားအူ ပြီး သေမှာ ပဲလို့ ပြော တာလည်း ဖြစ် နိုင်တယ်ရှင့် ။ ဒါမှ မဟုတ်ရင် လည်း “ ချစ်မေ ရယ် …. အခု ထိ ကိုယ့်ကို မယုံသေးဘူးလား ” လို့ ပြောတာလည်း ဖြစ်နိုင်တယ် ။
ပြောရဦးမယ် နော် ။ ကိုလှဖေ ဟာ ကျွန်မ ကို ခေါ်တဲ့ အခါ “ မေ ” လို့ ခေါ်လေ့ ရှိပါတယ် ။ အဓိပ္ပာယ် ကတော့ တခြား “ မေ ” မဟုတ်ဘူး ။ “ ကိုလှဖေ ချစ်တဲ့ မေ ” လို့ ဆိုလို ဟန် ရှိပါတယ် ။ ကျွန်မ လေ ကိုလှဖေ က ချစ်မေ လို့ ခေါ်လိုက်တဲ့ အခါ တိုင်း မှာ အမြဲတမ်း လိုလို ရင် ထဲ မှာ လှုပ်ခတ် သွားပါတယ် ။ လှုပ်ခတ်တာ က လည်း နည်းနည်း မဟုတ်ဘူး နော် ။ အများ နားလည်တဲ့ စကား နဲ့ ပြော ရရင် ကျွန်မ ရင် ထဲ မှာ ဆူနာမီ ငလျင်ကြီး လှုပ် သွားတယ် လို့ ဆိုကြပါစို့ရဲ့ ။
ကိုလှဖေ က ပြတင်းပေါက် ဘောင် ပေါ် မှာ သူ့ လက်ကလေး တင် ထားတယ် ။ ကျွန်မ က သူ့ လက် ချောင်းလေး တွေ ကို အုပ်ပြီး ကိုင်ထားတယ် ။ သူ့ လက် မှာ က ရွှေလက်စွပ်ကလေး တစ်ကွင်း ဝတ် ထား တယ် ။ အဲဒီ လက်စွပ်ကလေး က လည်း ရှေးဟောင်း အီဂျစ်လူမျိုးတွေ ရဲ့ အသက် လို့ ယုံကြည်တဲ့ ကြက်ခြေခတ် ပေါ် မှာ အဝိုင်းကလေး ပါ တဲ့ တံဆိပ်ကလေး တစ်မျိုး ပါပဲ ။
ကျွန်မ က ဆက်ပြီး တတွတ်တွတ် ပြော နေတယ် ။ သူ က ပြုံး ရုံ ပဲ ပြုံး ပြတယ် ။ အစ ပထမ မှာ တော့ သူ့ ရဲ့ အပြုံး နောက် မှာ အဘိဓမ္မာ တွေ ပါတယ် လို့ ကျွန်မ ထင် ခဲ့တာ ။ ဒါပေမဲ့ နောက်တော့ ကျွန်မ သဘော ပေါက်သွားတယ် ။ သူ့ ရဲ့ အပြုံး နောက် မှာ ဘာမှ မပါပါဘူး ။ သူ ဟာ ဘာမှ လုပ် ပြ စရာ မရှိလို့ ပြုံး ပြ နေတာပါ ။
ကျွန်မ လေ အူယား လိုက်တာ မပြောနဲ့ တော့ ။ အဲဒီလိုနဲ့ ပဲ
“ အမှတ်တစ် ပလက်ဖောင်း က မန္တလေး အဆန် ရထားကြီး ထွက်ခွာပါတော့မယ် ”
ဆိုတဲ့ အကြောင်း ကြေညာတော့ တာပါပဲ ။
အဲဒီလို ကြေငြာ ပြီး တာနဲ့ သူတို့ ရထားကြီး ဟာ တဖြည်းဖြည်းချင်း စ ပြီး ထွက် ပါတော့မယ် ။ ဒါပေမဲ့ ကျွန်မ ဟာ သူ့ လက်ချောင်းတွေ ကို အုပ်ကိုင် ထား ရာ က နေ မခွာချင်ဘူး ။ အဲဒီတော့ ရထား နောက် ကို ဘေးတိုက်ကြီး လိုက် နေ မိသေးတယ် ။ ကုန်စိမ်းသည် တစ်ယောက် ချ ထားတဲ့ ကန်စွန်းရွက်စည်း ကို မမြင် လို့ ဝင် တိုက်ပြီး လဲ မလိုတောင် ဖြစ် သွားသေးတယ် ။
ဒါပေမဲ့ ကျွန်မ လက် ကို သူ့ လက် ပေါ် က မခွာခဲ့ဘူး ။ ရထား က အရှိန် နည်းနည်း ပိုပြီး မြန် လာပြီ ။ သူ က လက် ကို ပြတင်းပေါက် အပြင် ဘက် ကို ဆန့် ထား ပေးတယ် ။ ကျွန်မ က လည်း လက်ချင်း ထိ ထားမြဲပဲ ။
နောက်တော့ လည်း တဖြည်းဖြည်း ချင်း လက်ချင်း ထိ ရာ က နေ ပွတ်ပြီး ပြုတ်သွားပါတော့ တယ် ။ ကျွန်မ ရင်ထဲ မှာ ဟာ ခနဲ ဖြစ်ပြီး ကျန်ရစ် ခဲ့တယ် ။
မလှမ်းမကမ်း က ကောင်လေး သုံးယောက် က “ ရိုမီယို အင် ဂျူးလီးယက် ” လို့ လှမ်းပြီး အော်လိုက်ကြပါတယ် ။ သူတို့ ဘာ အော်တာလဲ ဆိုတာ ကျွန်မ သဘော ပေါက်ပါတယ် ။ အဲဒီ ဇာတ်ကား ထဲ က မင်းသမီး နဲ့ မင်းသား ဟာ ခွဲခါနီး မှာ အဲဒီလိုပဲ လက်ကလေး ချင်း ထိ ထားရာ က နေ ဖြတ်လိုက် ကြတာကိုး ။
ရထားကြီး ဟာ တဖြည်းဖြည်း ဝေး သွားပါပြီ ။ စတော့ပ်ဂိတ်ကုန်း နား ရောက် တော့ ရထားကြီး ဟာ ကွေ့ပြီး သွား ရပါတယ် ။ အဲဒီမှာ ကျွန်မ မြင်ကွင်း ထဲ က နေ ရထားကြီး ဟာ အပြီးအပိုင် ပျောက်သွား ပါ လေရော ။ အဲဒီ အခါ မှာ ကျွန်မ ရင် ထဲ မှာ နှလုံး တွေ ရော ၊ အသည်း တွေ ရော ။ နောက် ကျွန်မ မခေါ်တတ်တဲ့ ဘာတွေ ရှိသေးလဲတော့ မသိဘူး ။ အဲဒါတွေ ပါ ပြုတ်ပြီး ထွက် သွားတယ် လို့ ခံစား လိုက်ရပါတယ် ။ အဲဒါတွေ ထားလိုက်ပါတော့ ရှင် ။
••••• ••••• ••••• •••••
အဲဒီ အချိန် က စ ပြီး ကိုလှဖေ ဟာ ကျွန်မ နဲ့ အဆက်အသွယ် ပြတ် သွား ပါတော့တယ် ။ သူ က လည်း ကျွန်မ ဆီ ကို တယ်လီဖုန်း မဆက်ဘူး ။ ကျွန်မ က ရုံး ကနေ ဆက်ရတာ ။ အိမ် မှာ က ဖုန်း ရှိ တာ မဟုတ်ဘူး ။ ကိုလှဖေ တို့ အိမ် မှာ က ဖုန်း ရှိတယ် ရှင့် ။ ကျွန်မ ဖုန်း ဆက်ရင် သူ က ဘယ်တော့ မှ မကိုင်ဘူး ။ တခြား လူ တွေ ပဲ လာ ပြီး ကိုင် တယ် ။ သူ တို့ က လည်း ကိုလှဖေ မရှိဘူး လို့ ပဲ ပြော ကြတယ် ။ ကျွန်မ ရင် ထဲ မှာ တော့ ပူလောင် နေပြီပေါ့ ရှင် ။ တစ်နေ့ မှာ တော့ သူ့ အမေကြီး လာပြီး ကိုင် တယ် ။
“ လှဖေ ရှိတယ် ဟေ့ ... ညည်း နဲ့ မပတ်သက်ချင် လို့ … မဆက်တာ ။ တို့ က လည်း သဘော မတူဘူး ”
ဘာဘာညာညာ ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း တွေ ပြော ပြီး ဖုန်းကို ဂွပ်ခနဲ ချ သွားတယ် ။
ကျွန်မ လေ အောက်နှုတ်ခမ်း ကို သွား နဲ့ ကိုက် ပြီး စိတ် ကို တင်း ထား ပါသေးတယ် ။ ဒါပေမဲ့ နှုတ်ခမ်း ကို သာ ကျွန်မ က ကိုက် နိုင်တာ ။ မျက်ခမ်း ကို တော့ ကိုက်စရာ မရှိဘူး မဟုတ်လား ။ အဲဒီတော့ မျက်ရည်တွေ လိမ့်ကျပြီး ထွက် လာတာပေါ့ ။
ကျွန်မ ဟာ အဲဒီ အချိန် က စပြီး မစားနိုင် မသောက်နိုင် နဲ့ တပိန်ပိန် တလိမ်လိမ် ဖြစ်တော့တာ ပါပဲ ။ ကျွန်မ ရဲ့ အမေ က လည်း အဲဒါကို မရိပ်မိ ရှာဘူး ။ ကျွန်မ ပိန် လာတာ ကို မီးယပ်ရောဂါ လို့ ထင် ပြီး ဆရာ တစ်ယောက် ဆီ က မီးယပ်ဆေး တွေ တောင်းပြီး တိုက်တော့ တာပဲ ။ အဲဒီ ဆေးကြောင့် လား မပြော တတ်ပါဘူး ။ ကျွန်မ ခေါင်း က ဆံပင် တွေ အတော့် ကို ကျွတ် သွားပါတယ် ။
••••• ••••• ••••• •••••
ဖြစ်တာက ဒီလို ရှင့် ။ ကိုလှဖေ က အိမ် လည်း ရောက် ရော ကျွန်မ နဲ့ ဖြစ် နေတဲ့ အကြောင်း ၊ လက်ထပ် ဖို့ လာပြီး ခွင့်တောင်း ကြောင်း ပြောလည်း ပြောရော သူ့။အမေကြီး က ပေါက်ကွဲတော့တာပဲ ။ ကျွန်မ နဲ့ အတင်း အဆက် ဖြတ် ခိုင်းတယ် ။ သူ့ စကား ကို နား မထောင် ရင် သတ်သေပစ်လိုက်မယ် လို့ ကိုလှဖေ ကို ကြိမ်းတာ ပေါ့ ။ ကိုလှဖေ က လည်း သူ့ အမေ သေမှာ ကြောက်တော့တာပေါ့ ရှင် ။ အဲဒီလို ကြောက်တာ အပြင် ကိုလှဖေ က ဗဟုသုတလေး နည်းနည်းပါးပါး ရှိတော့ မာတာပိတုဂုဏော အနန္တော ဆိုတာ ကို သူ သိ တယ်လေ ။ အဲဒီတော့ ငရဲအိုး ထဲ ကျ ရမှာ ကို သူ ပိုပြီး ကြောက် တယ် ။ ကိုလှဖေ က အလွန့် ကို အပူ ကြောက် တဲ့ လူ ။ အဲယားကွန်း အခန်း ထဲ မှာ အလုပ် လုပ် ရတာ တောင် အိုက်လို့ ဆို ပြီး ယပ်ခတ် တဲ့ လူစားမျိုး ရှင့် ။
တိုတိုပဲ .. ပြောပါတော့မယ် ရှင် ။ ကျွန်မ လည်း မတတ်သာတဲ့ အဆုံး မှာ နှုတ်ခမ်းမွေး နဲ့ ဗေဒင်ဆရာကြီး ဆီ သွား ရတော့တာပေါ့ ။ ကျွန်မ က မရှက်ပါဘူး ။ ကိုလှဖေ ကို တကယ် ချစ်တာပဲ ဥစ္စာ ။ အဲဒီတော့ ဗေဒင်ဆရာကြီး ကို အကုန်လုံး ဖွင့် ပြောလိုက်တယ် ။ ဗေဒင်ဆရာကြီး က “ ရပါတယ် ” လို့ ပြောတယ် ။ ပြီးတော့ သူ က ဘာ လုပ်ခိုင်းသလဲဆိုတော့
( ............ )
အဲဒီလို လည်း လုပ် ပြီးရော သိပ်ပြီး မကြာပါဘူး ရှင် ။ ကိုလှဖေကြီး ပြန် ရောက်လာတယ် ။ ကျွန်မ ဖြင့် ဝမ်းသာ လိုက်တာ မပြောနဲ့ တော့ ။ ကျွန်မ မရှက်ပါဘူး ။ လူတွေ ရဲ့ ရှေ့မှာ ပဲ သူ့ ကို တအား ဖက်ပြီး ငိုချ လိုက်တယ် ။ သူ က လည်း ပြောပါတယ် ။ ငရဲအိုး ကျ ချင်ရင် ကျ ဆိုပြီး ထွက် လာခဲ့ တာပဲတဲ့ ။
နှုတ်ခမ်းမွေး ဗေဒင်ဆရာကြီး ပြော လိုက်တဲ့ စကား က ရှိသေးတယ် ။ အဲဒါ သူ့ ရဲ့ နည်း မဟုတ် ပါဘူး တဲ့ မြန်မာ နည်း လည်း မဟုတ်ပါဘူး တဲ့ ။ လန်ဒန်မြို့ မှာ အခု နာမည် ကြီး နေတဲ့ ဆာရာလင်တန် မော်ဒီဆင် ဆို တဲ့ ဆရာမ ရဲ့ နည်း တဲ့ ။ အဲဒီ ဆရာမ က သူ့ ရဲ့ နည်းတွေ ကို စာအုပ် ထုတ်တယ် တဲ့ ။ ကျွန်မ အခု ပြော နေတာတွေ ဟာ အဲဒီ ဆရာကြီး လုပ်တဲ့ နည်းဟာ ကောင်းတယ် ၊ မှန်တယ်လေ လို့ ထောက်ခံ နေတာ မဟုတ်ပါဘူး ရှင် ။ ကိုလှဖေ ကျွန်မ ဆီ ကို ပြန် လာလို့ ဝမ်းသာ တဲ့ အကြောင်း ပြော ချင်တာပါ ။
ကိုလှဖေ ပြန် လာတာဟာ အဲဒီ ဆရာကြီး နည်း ကြောင့် ဟုတ်ချင် မှ လည်း ဟုတ် မှာ ပါ ။ သူ က လည်း ကျွန်မ ကို ချစ် တာပဲ ရှင် ။ အဲဒီလို မလုပ် လည်း ပြန် လာ ချင် ပြန် လာ မှာ ပေါ့ ရှင် ။ ကျွန်မတို့ နှစ်ယောက် က “ ရိုမီယို နဲ့ ဂျူးလိယက် ” ဇာတ်ကား ထဲ က မင်းသမီး နဲ့ မင်းသား လို ဖြစ် နေကြတာ မဟုတ်လား ။ သူ လည်း ပြန်လာ ရော ကျွန်မ လည်း ထမင်း စား ပြန်ပြီး စား နိုင်လာတယ် ။ အသားအရေ တွေ လည်း နဂို အတိုင်း ပြန် ဖြစ် သွားကြတယ် ။ မီးယပ်ဆေးတွေ လည်း မသောက်ရတော့ဘူး ပေါ့ ရှင် ။ ဟီ ... ဟိ ... ။ ရယ်ဖို့ ကောင်းလိုက်တာ ။
သဗ္ဗေသတ္တာ ကမ္မဿကာ
◾မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
အမှတ် ( ၁၁ )
၁၅ - ၃ -၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment