Monday, October 24, 2022

လူပျို အပျို ဖတ်စာ ( ၁၄ )


 

အချစ် နဲ့ ငွေကြေး ရောထွေးမှု ပြဿနာများ ။

လူတွေ က အချစ် နဲ့ ငွေကြေး ကို ခွဲခြားပြီး မတွေးနိုင်ကြပါဘူး ။ ပြော စကား တွေ ရှိပါတယ် ။

“ အချစ် နောက် ကို မလိုက်နဲ့ ၊ အချစ် နောက် ကို လိုက်ရင် အချစ် ကျွန် ဖြစ်တတ်တယ် ”

“ ငွေကြေး နောက် ကို လိုက်ပါ ၊ အချစ် က ကျွန် ခံ ဝင် လာ ပါ လိမ့်မယ် ”

မှန် တော့ မှန် သလိုပါပဲ ။ တချို့ကျ တော့ လည်း

“ တကယ် ချစ် ရင် … ငွေကြေး မလိုပါဘူး ၊ စိတ် ချမ်းသာမှု ပဲ လိုပါတယ် ”

ဒါလည်း မှန်ပါတယ် ။ ဒါပေမဲ့ မင်္ဂလာဆောင် တော့ ပိုက်ဆံ လိုတယ် မဟုတ်လား ။ ဒီလို ဒွိဟ ဖြစ်စရာတွေ ကြောင့် လည်း ရွေးချယ်ရ ခက် စရာတွေ ဖြစ် လာပါတယ် ။

ပိုက်ဆံ ရှိတဲ့ သူ က လည်း

“ အချစ် ဆိုတာ ဦးနှောက် နဲ့ ရွေးချယ်ပါ ၊ ဒါမှ ရေရှည် အိမ်ထောင်ရေး သာယာမှာ ”

ဆင်းရဲတဲ့ သူ က လည်း

“ အချစ် ကို နှလုံးသား နဲ့ ရွေးပါ ၊ ဒါမှ တစ်သက်လုံး စိတ်ချမ်းသာမှာ ”

အမှန်တော့ ဘာမှ မဟုတ်ဘူး ။

“ ငါ့ ကို ရွေးတာ မှ အမှန် ”

လူတွေ ရဲ့ အရွယ် ကို က သတ်မှတ် ထားကြပါတယ် ။ ပညာ ရှာ တဲ့ အရွယ် ၊ ကြင်ရာ ရှာ တဲ့ အရွယ် ၊ ဥစ္စာ ရှာ တဲ့အရွယ် ၊ တရားဘာဝနာ ရှာဖွေ တဲ့ အရွယ် စသည်ဖြင့် ။

အခုကတော့ ပညာ ရော ၊ ကြင်ရာ ရော ရောပြီး တော့ ကို ရှာ ကြတာ ၊ တချို့ ကလေးတွေ က ရှိ သေး ၊ တက္ကသိုလ် အရမ်း တက် ချင်ကြတာ ။ ပညာ ရှာ ချင် လို့ မဟုတ်ဘူး ။ တက္ကသိုလ် ရောက် ရင် ရည်းစား ရမယ် ထင်လို့ ။ တချို့က လည်း စီးပွားဥစ္စာ ရှာဖွေရင်း ကြင်ရာရှာဖွေ တဲ့ အရွယ် ကို လွန် ကုန်ကြပါတယ် ။

ဒါတောင် ပြော သေးတာ ။

“ အိမ်ထောင် ပြုတယ် ဆိုတာ မော်တော်ကား ဝယ် စီး သလိုပါပဲ ၊ နောက် ကျ မှ ဝယ် လေ မော်ဒယ် ပို မြင့် တာကို စီး ရလေပဲ ”

မှန် သလိုလိုပဲ ။ ဒါပေမဲ့

“ နောက် ကျ မှ ဝယ်ပြီး မော်ဒယ် မြင့် တာ တော့ ရပါရဲ့ ၊ ကိုယ်တိုင် မမောင်း နိုင် လို့ ဒရိုင်ဘာ ခေါ် မောင်း နေရတဲ့ အဖြစ် လည်း ကြုံ နေပါဦးမယ် ”

လူ ရယ် လို့ ဖြစ် လာရင်

“ သားကောင်း ( မျိုးဆက် ) တစ်ယောက် မွေး ရမယ် ”

သစ်ပင် တစ်ပင် စိုက်ပျိုး ရ မှာပါ ။

အပျိုကြီး ၊ လူပျိုကြီး ပဲ ဖြစ် ကုန်ရင် လူသားမျိုးနွယ်  တုံးသွား ပါလိမ့်မယ် ။ သစ်ပင် တွေ မရှိရင် ကမ္ဘာကြီး ပျက်စီး သွားပါလိမ့်မယ် ။ လူတိုင်း
လူသားတိုင်း မျိုးနွယ် အတွက် အိမ်ထောင် ပြုသင့် ပါ တယ် ။ ဒါကို ကျွန်တော် လေးလေးနက်နက် တိုက်တွန်း ပါတယ် ။

“ ဒါဆို ကိုယ်တိုင် က ဘာလို့ အိမ်ထောင် မပြုတာလဲ ”

ကျွန်တော့် အစ်ကို ပြော သလိုပေါ့ ။

“ ဟေ့ကောင် အိမ်ထောင် ပြုတယ် ဆိုတာ လွယ်တာ မဟုတ်ဘူးကွ ၊ မင်းတို့ လို အိမ်ထောင် မပြုဖူး တဲ့ သူတွေ ဆို ပို ခက်တယ် ၊ ဒါကြောင့် အိမ်ထောင် ပြုမယ် ဆိုရင် တောင် အတွေ့အကြုံ ရှိ တဲ့ ငါ ပဲ ထပ် ပြုမယ် ၊ မင်း က မပြုနဲ့ ကွ ”

ဒီလို အိမ်ထောင်မှု တစ်ခု တည်ဆောက် တော့ မယ် ဆို ကျွန်တော် ခုန က ပြောတဲ့ အချစ် နဲ့ ငွေကြေး ပြဿနာတွေ က ရှိ လာ ပါတယ် ။

“ ငွေကြေး ချမ်းသာ ဖို့ ပဲ လိုတယ် ၊ အိမ်ထောင်ဖက် က ကြာ လာရင် သူ့ ဟာ သူ ချစ် လာပါလိမ့်မယ် ”

မှတ်ထားပါ ။

“ အိမ်ထောင် ပြု ပြီး နှစ်ဆ တိုး လာ တာ ပေါင်ချိန် ပဲ ရှိပါတယ် ”

ပြောပြီးသားပါ ။ လူတွေ က အနေ နီး လေ အပြစ် ပို မြင်လာလေမို့ ပို ချစ် လာဖို့ ဆိုတာ အတော်ကလေး ကို မနီးစပ်တဲ့ကိစ္စ ပါ ။ ငွေကြေး တွေ တော့ အများကြီး ရှိ ပါရဲ့ ။ ဒီလို စဉ်းစား ကြည့်ရအောင် ။

ကဲ ... ကိုယ် က ခရီး တစ်ခု ကို သွားမယ် ဆိုပါတော့ ၊ ချစ်ခင်သူ နဲ့ အပျော်ခရီး သွား ချင် လား ၊ မချစ်ခင် မနှစ်သက်သူ နဲ့ အဲဒီ ခရီး ကို သွား ရင် ပျော် နိုင် ပါ့မလား ။

ဒါဆိုရင် ငွေကြေး ဟာ အရေး မကြီးတော့ပါဘူး ။ ကိုယ် သွားချင်တဲ့ အပျော်ခရီး ကို ငွေချမ်းသာ သူ နဲ့ သွား ချင်တာ မဟုတ်ဘဲ ကိုယ် ချစ်ခင်သူ နဲ့ သာ သွားချင် ကြ လို့ပါပဲ ။

ဒါဆို ချစ်ခင်သူ က အရေးကြီးတာလား ။ ပြန် စဉ်းစားကြမယ် ။

ဆိုပါစို့ ။ သူများတွေ က အပျော်ခရီး ကို ကိုယ်ပိုင် ကား နဲ့ ပျော်ပျော်ကြီး သွား နေချိန်မှာ ကိုယ် က အငှားကား ၊ ဘတ်စ်ကား တောင် မစီးနိုင် ရင် ရော ချစ်သူ လက် ကို ပျော်ပျော်ကြီး တွဲပြီး လမ်းလျှောက် သွား ရဲ ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ ပါ ။

ဒါဆို ငွေရေးကြေးရေး က အရေး ပါ လာ ပြန်ပြီလား ။ ရောထွေး ကုန်ပါပြီ ။

လွယ်လွယ်လေးပါ ။

ငွေကြေး အများကြီး မလိုအပ်ပါဘူး ။
( အနည်းငယ် လိုအပ်ပါတယ် )

ကိုယ် ရွေးချယ်တဲ့ သူ က သူများ လို ငွေကြေး မရှိ တာ ပြဿနာ မဟုတ်ပါဘူး ။ အရည်အချင်း မရှိ မှ သာ တကယ့် ပြဿနာ ပါ ။ အရည်အချင်း ရှိရင် ထိုက်သင့်တဲ့ ငွေကြေး နဲ့ ပျော်ရွှင်မှု ရ မှာပါ ။

“ အရည်အချင်း ရှိ သူ ကို ရွေးချယ် နိုင်ကြပါစေ ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment