Thursday, October 20, 2022

အကာ နဲ့ အနှစ်



 ❝ အကာ နဲ့ အနှစ် ❞

လေးလေး တို့ ဟာ အကာ ကို လွှင့်ပစ်ပြီး အနှစ် ကို တန်ဖိုး ထားခဲ့ကြတယ် ။ သက်တမ်း တစ်လျှောက်လုံး ဆိုပါစို့ ။ အသုံး တည့်တာ က လည်း အနှစ် ကိုး ၊ လေးလေး တို့ က စပါး ကို အခွံ ချွတ် ပြီး ဆန် ကို စား ခဲ့ကြတယ် ။ ကြက်ဥ အခွံ ကို လွှင့်ပစ်ပြီး အနှစ် ကို စားခဲ့ကြတယ် ။ ငှက်ပျောသီး စားမလား ။ လိမ္မော်သီး စားမလား ။ ဒီလိုပါပဲ ။ အခွံ ကို ဖယ်ပြီး အသား ကို ယူ ခဲ့ကြတာ ။ ဒီတော့ စိတ် ထဲ မယ် အကာ ဆိုတာ ဘာမှ တန်ဖိုး မရှိဘူး ။ အနှစ် က သာ အဓိက ကျတယ် လို့ စွဲ နေရော ။ အဲဒီ အစွဲကြီး က အယူအဆ တစ်ခု လို ဖြစ်သွားတယ် ဆိုပါတော့ ။

အယူအဆ တစ်ခု မှား လိုက်ရင် အလွန် ကြောက်စရာ ကောင်းတဲ့ အကျိုးဆက် တွေ ဖြစ် ကုန်တာ ကွယ့် ။

လေးလေး ရဲ့ ကိုယ်တွေ့ ဖြစ်ရပ် တစ်ခု ပြော ပြချင်တယ် ။ လေးလေး တို့ အသက် နှစ်ဆယ် ဝန်းကျင် က ခေါင်းလောင်းဘောင်းဘီ နဲ့ ဆံရှည် ဟာ ခေတ်စား လာခဲ့တဲ့ အချိန် ပေါ့ ။ ချည်ရောင်စုံတွေ ၊ ပုတီးစေ့ ရောင်စုံတွေ ဆွဲပြီး လက်ကောက် လည်း ဝတ် လိုက်သေးတယ် ။ မိန်းကလေး တွေ မဟုတ်ဘူး ။ ယောက်ျားလေး တွေ ။

အဲဒီ အချိန် မှာ လေးလေး က ကာတွန်း ရေး တဲ့ ဆောင်းပါး ရေး တဲ့ အလုပ် လုပ် နေပြီ ။ ဟံသာဝတီ ကြေးမုံ ဗိုလ်တထောင် စတဲ့ သတင်းစာတွေ ၊ အိုးဝေ ၊ ရှုထောင့် ၊ သတင်းဂျာနယ် ၊ မိုးဝေ ၊ သဘင် စတဲ့ မဂ္ဂဇင်း တွေ ။ အဲဒီတုန်းက ဆံရှည် နဲ့ ခေါင်းလောင်းဘောင်းဘီ ဆိုတာ “ လမ်းသရဲ ” ရဲ့ သင်္ကေတ လို ဖြစ်နေတာ ။ လေးလေး တို့ ကာတွန်း ရေး ရင်လည်း “ လမ်းသရဲ ” ပုံဆို အဲသလို ပဲ ရေး ကြတာ ။

အဲသလို ရေးရင်း ရေးရင်း ဘယ်လို ဖြစ်လာသလဲ ဆိုတော့ လမ်းသရဲ အမူအကျင့် တွေ ကို မကြိုက်ပေမယ့် အဲဒီ ဝတ်စားဆင်ယင်မှု ကို တော့ ကြိုက် မိ လာတယ် ။ ခေတ် ရေစီးကြောင်း တစ်ချိုး တစ်ကွေ့ ရဲ့ အပြောင်းအလဲ ကိုး ။

လေးလေး က လည်း လူငယ် ပဲ မဟုတ်လား ။ “ ဆံရှည် ” ကို “ ဆိုးသွမ်းမှုသင်္ကေတ ” လို့ မမြင်တော့ဘူး ။ ဖက်ရှင် တစ်ခု လို့ ပဲ မြင် လာတယ် ။ ဆံပင်ရှည်ရှည် တိုတို လုံးဝ မပါဘဲ နေနေ ဆိုး ချင်တဲ့ လူ က ဆိုး မှာပဲပေါ့ ။ ဆိုးသွမ်းတာ နဲ့ ဆံပင် ရှည်တာ မဆိုင်ဘူး ပေါ့ ။ ဆိုးသွမ်းလို့ ဆို ကတုံးရိတ် ခံရတဲ့ လူငယ်တွေ ဆက် နေတာပြည့်လို့ ။ တစ်ရပ်ကွက် လုံး စိတ် ဆင်းရဲအောင် လုပ် နေတဲ့ သမလူကြီး ဟာ ဆံရှည် မဟုတ်ဘူး ။ အများ ကို စိတ် အနှောင့်အယှက် ဖြစ်အောင် လုပ်ရင် ဆံရှည်ရှည် တိုတို လက် မခံသင့်ဘူး ။ အဲသလိုပဲ အများ ကို စိတ် ဆင်းရဲအောင် မလုပ်ရင် ဆံရှည်ရှည် တိုတို မဆန့်ကျင်ဘူး ။ ဆံပင် ရှည်ခြင်း တိုခြင်း ဟာ အကာ သာ ဖြစ်တယ် ။ အပေါ်ယံ ကိစ္စ ဖြစ်တယ် ။ အသိဉာဏ် အမူအကျင့် သာ အနှစ်သာရ ဖြစ်တယ် ဆိုပြီး ထင် လာတယ် ။ ထင် လာရာ က နေ အယူအဆ တစ်ရပ် လို့ ယုံကြည် လာမိတယ် ။

အဲဒီလို ယုံကြည်လာ ရာ ကနေ ဘယ်လို ထိ ဖြစ်လာသလဲ ဆိုရင် …

“ ကျွန်တော် တို့ ဟာ အကာ နဲ့ အနှစ် ကို ခွဲပြီး မြင်ကြဖို့ လိုပါ ပြီ ။ အကာ က အဓိက ကျသလား ၊ အနှစ် က အဓိက ကျသလား ။ ဘယ်သူ မှ ကြက်ဥ ကို အနှစ် လွှင့်ပစ်ပြီး အကာ ကြော်စား နေကြတာ မဟုတ်ပါဘူး ။ ဒီလိုပါပဲ ။ ဆံပင် ဆို တာ အကာပါ ။ အသိဉာဏ် အတွေးအခေါ် တွေ စုဆောင်း ထိန်းသိမ်း ထား တဲ့ ဦးနှောက် က သာ အနှစ် ဖြစ်ပါတယ် ။ ဒါကြောင့် ဆံပင် ရှည်ခြင်း ၊ တိုခြင်း ဟာ အဓိက မကျပါဘူး ။ အသိဉာဏ် ရှိဖို့သာ အဓိက ကျပါတယ် ။ အကာ ကိစ္စတွေ ကို အလုပ်ကြီး တစ်ခု လို လုပ်ပြီး ပြော မနေသင့်ပါဘူး ။ တန်ဖိုး ရှိတဲ့ အချိန် တွေ နှမြော ဖို့ ကောင်းပါတယ် ”

ဆိုတဲ့ အပြောမျိုး တွေ ကို တောင် စာပေဟောပြောပွဲ စင်မြင့် က နေ ပြောမိတဲ့ အထိ ဖြစ် လာရော ။ အဲဒီလို တွေ ပြော မိလာတော့ ဘယ်သူ နဲ့ ကြုံရသလဲ ဆိုရင် ခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာကြီး ဦးဆန်းထွန်း ( ဆန်းထွန်း ၊ မန်းတက္ကသိုလ် ) နဲ့ အတူ စာပေဟောပြောပွဲ တွေ မှာ ကြုံ ရတယ် ။

တစ်ခါ

နှစ်ခါ

သုံးခါ ... ဆိုသလို

ခရီး အတူ သွား မိတော့ စာပေဟောပြောပွဲ က အပြန် မှာ ဆရာကြီး က -

“ ကိုကံချွန်လေး ကို ဆရာကြီး တစ်ခု မေးချင်လို့ ”

“ မေးပါ ဆရာကြီး ”

“ ကိုကံချွန်လေး ပြော ပြောနေတဲ့ အကာ နဲ့ အနှစ် ပြဿနာ မှာ ကိုကံချွန်လေး က အနှစ် က သာ အဓိက ၊ အကာ က အဓိက မကျဘူး လို့ ဆို လိုတာနော် ”

“ ဟုတ်ပါတယ် ဆရာကြီး ”

“ ကြက်ဥ အကာ ဟာ အသုံး မကျဘူး ၊ လိမ္မော်သီး အခွံ လွှင့် ပစ်ရတာပဲ ။ ထမင်း စား လို့ စပါးခွံ ပါလာ တောင် ကောက် ပစ်ရတာပဲ ။ ထမင်း ဟာ ဆန် ကို ချက်လို့ ရ တာပေမယ့် ၊ ဆန် ဟာ စပါး အခွံ ချွတ်ထားတာ ဖြစ်ပေမယ့် ဆန် က သာ အဓိက ကျတာပါ ။ စပါးခွံ က အဓိက မကျပါဘူး ။ အရေး မပါ ပါဘူး ။ အနှစ်သာရတွေ က သာ အသုံး ကျတယ် ၊ အရေး ပါတယ် ။ အဓိက ကျတယ် ။ အနှစ်သာရ ကို ပဲ အဓိက ကြည့် ရမယ် ..။ အဲသလို ပြော သွား တယ်နော် ”

“ ဟုတ်ပါတယ် ဆရာကြီး ”

“ ကဲ ကဲ - ကိုကံချွန်လေး ကို မေး တော့မယ် ။ အခွံ ချွတ် ထားတဲ့ ဆန် တွေ အပင် ပြန် စိုက်ချင်ရင် ရပါ ဦးမလား ၊ စပါးခွံ တွေ က အရေး မပါဘူး ဆို လို့ မေးတာပါ ”

ဆရာကြီး က အဲသလို မေး လိုက်တော့ လေးလေး ဘာ ပြန် ဖြေရမှန်း မသိဘူး ဖြစ် သွားတယ် ။ မိုး မိထားတဲ့ လင်းတ ဇက်ပိုး အရိုက် ခံ ထားရသလို ငေါင်စင်းစင်း နဲ့ ပေါ့ ။

“ အကာ ဟာ အဓိက မကျဘူး ဆို ပြီး ငှက်ပျောသီး ကို အခွံ နွှာပြီး ရောင်း ကြည့် ပါလား ။ ဘယ် နှစ်ရက် ထားလို့ ရမလဲ ။ စားမယ့် လူ ကရော အနှစ်ချည်း ပဲ ရောင်းတာ ဆိုပြီး ဝယ် ပါ့မလား ”

ဆရာကြီး အဲသလို မေး လိုက်တော့ မှ လေးလေး ဟာ ကိုယ့် အမှား ကိုယ် မြင် သွားတယ်ကွယ့် ။ အကာ နဲ့ အနှစ် ပြဿနာ မှာ လေးလေး က အမှန်တရား ကို ရှာဖွေတာ မဟုတ်ဘဲ ကိုယ် လိုရာ ဆွဲ တွေးပြီး ကိုယ် ဖြစ်စေချင်တာ အတွက် ဟုတ် သယောင်ယောင် ရှိတဲ့ အကိုးအကား တွေ ကို သာ ရှာဖွေ ပြောဆို နေမိခဲ့ပါလား လို့ အသိ ဝင် သွားတယ် ။

ဆရာကြီး က

“ မှတ်ထားကွယ့် ၊ အကာ မရှိဘဲ အနှစ် မတည်နိုင်ဘူး ”

လို့ ဆက် ပြောတယ် ။ လေးလေး ရဲ့ အတွေးအခေါ် ၊ အယူအဆ အမှား တစ်ခု ကို ဆရာကြီး ဟာ သိမ်သိမ်မွေ့မွေ့ လေး ပြုပြင် ပေး လိုက်တာပဲ ။ လေးလေး ဟာ အဲဒီ ကတည်း က “ အကာ ” ကိစ္စတွေ ကို အလေးအနက် ထား တတ် လာတယ် ။

ငါ့ တူမများ ကို လေးလေး သတိ ပေးချင်တယ် ။ လေးလေး ရဲ့ သတိပေး စကား ကို လက်ခံဖို့ သင့် မသင့် ဆုံးဖြတ်လို့ ရအောင် လေးလေး ရဲ့ ကိုယ်တွေ့ တစ်ခု ကို အရင် ပြော ပြလိုက်တာပါ ။

ငယ် တဲ့ အရွယ် မှာ အဓိက တွေ့ ရမှာက ဝတ်စားဆင်ယင်မှု ပြဿနာ ပဲ ။ ကိုယ် ဝတ် ချင် နေချင်တဲ့ ပုံစံ နဲ့ လူကြီးတွေ ရဲ့ အကြိုက် ဖြစ်စေချင် တာတွေ မှာ ကွဲလွဲ တတ်တာတွေ ရှိတယ် ။

လူ တစ်ယောက် ရဲ့ ဝတ်စားဆင်ယင်မှု ဟာ အဲဒီ လူ ရဲ့ အသိဉာဏ် ကို ထိန်းသိမ်း ထား တဲ့ အကာ ပဲ ။ ကိုယ် လုပ်ရမယ့် အလုပ် ကိုယ် နေရမယ့် ပတ်ဝန်းကျင် နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဝတ်စား ဆင်ယင် တတ်ဖို့ လိုတယ် ။ အချိန်အခါ နဲ့ အခြေအနေ ကို သိ ရမယ် ။

တကယ် အသိဉာဏ် ရှိ လာပြီ ဆို ရင် ….

နေရာဒေသ

အချိန်အခါ

အခြေအနေနဲ့  ... နဲ့

လိုက်လျောညီထွေ ဖြစ်အောင် ဝတ် တတ်ပါတယ် ။ အဲသလို မဝတ်တတ်ဘူး ဆိုရင် သူ့ မှာ အသိဉာဏ် မရှိလို့ပဲ ။ ငါ့ တူမ များ စဉ်းစား ကြည့်ပါ ။ ဒီ ခရီး ဒီ ထီး နဲ့ တော်ရဲ့။ ဒီ လမ်း ဒီ ပန်း နဲ့ သင့် ရဲ့ ဆိုတဲ့ ရှေးစကား ဟာ ဝတ်စားဆင်ယင်မှု နဲ့ နေရာဒေသ အချိန်အခါ အခြေအနေ ကို ရွေးချယ် ဖို့ သတိ ပေးထားတဲ့ စကား ပဲ ။

အသိဉာဏ် အတွေးအခေါ် အနှစ်သာရ ရဲ့ အကာ ဟာ ဝတ်စားဆင်ယင်မှု ပဲ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment