Thursday, October 6, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၂၀ )


 အခန်း ( ၂ဝ )


ရန်ကုန် သို့ ပြန်ရောက်ပြီး နောက် တစ်ရက် မှာပင် ဆိုဖီယာလပြည့်ဝန်း ဆီ သို့ စိုးရှား သွားသည် ။ သူ့ ကို တွေ့တွေ့ချင်း မှာ ပင် ဆိုဖီယာ က ဆီးပြီး မေး၏ ။


“ ပဲခူးရိုးမ ထဲ ကို အမဲလိုက် သွားတယ် ဆို ... ”


“ ဟုတ်တယ် မင်း နဲ့ မြားပစ် ပြိုင်ဖို့ အကြို စမ်းသပ်တဲ့ အနေ နဲ့ ပေါ့ ၊ မင်း လို နံရံ မှာ ချိတ် ထားတဲ့ စက်ဝိုင်း ကို ပစ် ရတာနဲ့ စာ ရင်တော့ သားကောင် လို လှုပ်ရှား နေတဲ့ ပစ်မှတ် ကို ပစ် ရတာက ပိုပြီး ပညာ ပါမယ် ထင်လို့ လေ့ကျင့်ခန်း သွားဆင်းတာ ... ”


သူမ ကို တွေ့တိုင်း ခပ်ကြောကြော ပြောပြီး အရသာ ခံချင်သည့် စိတ် က စိုးရှား မှ အကျင့် ပါ သလို ဖြစ်နေ၏ ။


ဆိုဖီယာ က ...


“ တော ထဲ မှာ ဘာ သားကောင်တွေ ပစ် ခဲ့သလဲ ... ”


“ ဆင်တစ်ကောင် ကို ပစ် သတ်ခဲ့တယ် ၊ တစ်ယောက် ထဲ မို့ မသယ်နိုင်လို့ ဆင်သေကောင် ကို ဒီအတိုင်း ထား ပစ်ခဲ့ရတာ ၊ ဆင် ကလည်း ဟိုင်းဆင်ကြီး မို့ ဖြတ်ယူစရာ အစွယ် လည်း မရှိဘူးလေ ... ”


မဖြစ်နိုင်တာတွေ ကို အတည်ပေါက် လျှောက် ပြောနေသော စိုးရှား ၏ စကား ကြောင့် ဆိုဖီယာ တော်တော် စိတ်ညစ် သွား၏ ။


စိုးရှား က ...


“ ဪ ... ဒါပေမယ့် အမှတ်တရ ဖြစ်အောင်လို့ ဆင်သေကောင် က အမြီးလေး တစ်ချောင်း နှုတ်ပြီး မင်း အတွက် လက်စွပ် လုပ်လာခဲ့တယ် ရော့ ...”


ပြောပြောဆိုဆို ဖြင့် စိုးရှား က ရွှေတိဂုံဘုရား ခြေရင်း မှ နှစ်ရာ့ငါးဆယ် ဖြင့် ဝယ် လာခဲ့သော ဆင်မြီး လက်စွပ်လေး တစ်ကွင်း ကို ထုတ် ကာ ဆိုဖီယာ ၏ ရှေ့ရှိ စားပွဲ ပေါ် သို့ ပစ်ချ ပေးလိုက်လေသည် ။ ဆိုဖီယာလပြည့်ဝန်း ၏ မျက်နှာ က မဲ့သွား၏ ။


သူမ က ...


“ ဟုတ်ပြီလေ ... ရှင့် ဘက် က အဆင်သင့် ဖြစ်ပြီ ဆိုတော့ ကျွန်မ တို့  မြားပစ် ပြိုင်ကြတာပေါ့ ၊ ဘယ်နေ့ လောက် ချိန်းမလဲ ...”


“ မနက်ဖြန် ကျရင်တော့ ကိုယ့် ဦးလေး ရဲ့ ရုပ်ရှင်ပရက်ရှိုး ရှိတယ် ၊ အဲဒီ ရက် နောက်ပိုင်း ကြိုက်တဲ့ နေ့ ကို ချိန်းပါ ...”


“ ကောင်းပြီ ... ဒီနေ့ က နေ စပြီး ရေ ရင် နောက် ဆယ်ရက်တိတိ ပြည့်တဲ့ နေ့ ... ”


ဆိုဖီယာလပြည့်ဝန်း ၏ အသံ က သံမဏိကြိုး တစ်ချောင်း ထောင်းခနဲ ပြတ်ထွက် သွားသည့် အသံ နှင့် တူ နေ၏ ။


     •••••   •••••   •••••   •••••


ပရက်ရှိုး ... ။


မနက်ပိုင်း တွင် စ ပြမည် ဖြစ်သောကြောင့် စာနယ်ဇင်းသမားများ ၊ ရုပ်ရှင်လောကသားများ ၊ ဖိတ်စာ ရထားသော ဧည့်သည်များ တဖွဲဖွဲ ရောက် လာနေကြ၏ ။ ရုပ်ရှင်ကား ထဲ တွင် ပါဝင် သရုပ်ဆောင် ထားကြသော အနုပညာရှင်များ နှင့် အတူ ဒါရိုက်တာ ဦးစောဝင်း က လည်း ပြုံးပြရ နှုတ်ဆက်ရ ဧည့်ခံစကားပြောရ နှင့် ရှုပ်ယှက်ခတ် နေသည် ။


မင်းသမီး မြနဒီ ၏ ဘေး တွင် လည်း လာရောက် မိတ်ဆက်သူ ၊ အင်တာဗျူးသူ ၊ အော်တို ရေးခိုင်းသူ တွေ ပတ်ပတ်လည် ဝိုင်းနေသည် ။ ဦးစောဝင်း ကလည်း ( စိတ် က ဆောင် နေသောကြောင့်လား မပြောတတ် ) ဒီနေ့ အဖို့ အတော်ပင် ထူထူထောင်ထောင် ဖြစ်နေ၏ ။


အိပ်ရာ ထဲ မှာ ရက်ရှည် လများ လဲ နေခဲ့သော လူနာ တစ်ယောက် ဟု ပြော လျှင်ပင် ယုံနိုင်စရာ မရှိ ။ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ နှင့် ... ။


ဦးစောဝင်း အတွက် က တော့ သူ တစ်သက်လုံး မက်လာခဲ့သော အိပ်မက် ကို ရွှေ ချခွင့် ရသည့် နံနက်ခင်း ပင် ဖြစ်သည် ။


စိုးရှား က မြနဒီ နှင့် အတူ ပါလာသော ဆိုဖီယာလပြည့်ဝန်း ကို လှမ်း ကြည့်လိုက်သည် ။ ဆိုဖီယာ က လည်း သူ့ ကို လှမ်း ကြည့်နေသည် နှင့် မျက်လုံးချင်း ဆုံမိကြ၏ ။


စိုးရှား က သူမ ၏ အနီးသို့ ကပ်သွားပြီး တီးတိုးလေသံ ဖြင့် ...


“ မင်းသား က နား ... မင်းသမီး က ပွား ... ကောင်းလိုက်တဲ့ ကား ပါ ဗျာ ... သုံးရက် နဲ့ တစ်ကား ... မီးသမား က တုံး ... ရပ်ကွက် က မုန်း ... လုပ်ကြပါဦး ... ဗျာ ... ရိုက်ရက် နဲ့ ရှုံး ... ”


ဟူသော အရိုး ၏ ' ဒါရိုက်တာ ' သီချင်း မှ စာသား တစ်ပိုင်း တစ်စ ကို ရွတ်ဆို ပြ လိုက်၏ ။ ဆိုဖီယာ က ကျိတ်ပြီး ပြုံးစိစိ လုပ် နေသော်လည်း နားစွန်နားဖျား ကြား သွားသည့် မင်းသမီးမြနဒီ က သူ့ ကို မျက်စောင်းထိုး ကြည့် သွားသည် ။


ခဏနေတော့ ရုပ်ရှင် စ ပြတော့မည် ဖြစ်သောကြောင့် လူတွေ အားလုံး ကိုယ့် ခုံနံပါတ် နှင့် ကိုယ် နေရာ ယူ ကြသည် ။ ဦးစောဝင်း နှင့် အခြား မိတ်ဆွေ ဒါရိုက်တာများ ၊ စာနယ်ဇင်း မှ ပုဂ္ဂိုလ်များ ၊ သရုပ်ဆောင်များ က အပေါ်ထပ် ရှိ  D/C  တန်း တွင် ထိုင်ရ၏ ။


မြနဒီ နှင့် ဆိုဖီယာလပြည့်ဝန်း တို့ က ဦးစောဝင်း ထိုင် သော ခုံ ၏ ရှေ့ တစ်ခုံကျော် တွင် ဖြစ်သည် ။ စိုးရှား ကတော့ ဘယ်ခုံ မှာ မှ ဝင် မထိုင်ဘဲ အလယ် ရှိ လူသွားလမ်း တွင် ယောင်ပေယောင်ပေ လုပ် နေ၏ ။ အမှန်အတိုင်း ဝန်ခံ ရပါလျှင် မြန်မာကား ကို သူ စိတ် လည်း မဝင်စားပါ ။ အထင် လည်း မကြီးပါ ။


မကြာခင် မှာ မီးတွေ ပိတ် သွားသည် ။


ရုပ်ရှင် စ ပြသည် နှင့် ပထမဆုံး အခန်း က စိုးရှား ကို ဖမ်းစား လိုက်သည် ။ ရှေးဟောင်းလူမျိုးနွယ် တစ်စု ၏ ခေါင်းဆောင် အဖြစ် နှင့် မြနဒီ က သူတို့ မျိုးနွယ်စု ၏ သစ္စာဖောက် ကို နှစ်ယောက်ချင်း ယှဉ်ပြိုင် သတ်ပုတ်ပြီး သုတ်သင်ရသည့် အခန်း ဖြစ်သည် ။


သစ္စာဖောက် အဖြစ် သရုပ်ဆောင်သူ ၏ မျက်နှာ ပေါ် တွင် ရှက်ရွံ့ခြင်း ၊ ကြောက်လန့်ခြင်း ၊ သူရဲဘော ကြောင်ခြင်း ဆိုသည့် ခံစားချက် များ ကို အထင်းသား မြင်ရ၏ ။ မြနဒီ ၏ မျက်နှာ ၊ မျက်ဝန်း အကြည့် ၊ တင်းတင်းစေ့ ထား သည့် နှုတ်ခမ်းများ ကတော့ အမှန်တရား ဖြင့် တောက်ပနေသည့် သတ္တိ  ... ဆံပင်တွေ ကို ခါရမ်း ဝေ့ဝဲ လိုက်သည် က အစ အားမာန် အပြည့် ... ။


နောက်ဆုံး သစ္စာဖောက် ကို သုတ်သင်ပြီး ဓား ကို လေထဲ တွင် မြှောက်တင် လိုက်သည့် မြနဒီ ကို လူမျိုးစုကြီး တစ်ခုလုံး က ကောင်းချီးဩဘာ ပေးကြသည့် အသံများ က မြေပြင်ထု တစ်ခုလုံး တုန်ဟည်း သွားသည် ။ အသံ အထူးပြုလုပ်ချက် ( Sound Effect ) များ က ကောင်းမွန်လှသည် ။ ထရော်လီ နှင့် ကရိန်း ပေါင်း သုံးပြီး ပတ်လည် ရွေ့လျားသွားသည့် ကင်မရာ လှုပ်ရှားမှု က လည်း ကျန သေသပ်နေ၏ ။


“ ဒီလို ဆိုတော့လည်း ငါ့ ဦးလေး က တကယ့် ကို ကြိုးစား ထားတာပါလား ... ”


စိုးရှား စိတ် ထဲ မှ ရေရွတ် မိသည် ။


ဟုတ်တော့ လည်း ဟုတ်သည် ။ မြန်မာ ဒါရိုက်တာများ ထဲ တွင် အရည်အသွေး ရှိသူတွေ မရှိတာ မဟုတ်ပါ ။ ငွေကြေး အကန့်အသတ် ၊ နည်းပညာ အကန့်အသတ် ၊ စားဝတ်နေရေး အကန့်အသတ် နှင့် စိတ်ကြိုက် အချိန်ပေး ဖန်တီးနိုင်ခွင့် မရသော အကန့်အသတ် ဘောင်တွေ ကြား မှာ ပိတ်မိ နေကြတာ ကြောင့် လည်း မျက်နှာ ငယ် နေရခြင်း ဖြစ်နိုင်ပါသည် ။


စိုးရှား ရင် ထဲ မှာ ပထမဦးဆုံး အကြိမ် အဖြစ် သူ့ ဦးလေး နှင့် ရုပ်ရှင်အသိုင်းအဝိုင်း ကို ...


“ ကျွန်တော် ပြောခဲ့မိတာတွေ အတွက် ဆောရီးပါ ... ”


ဟု တောင်းပန်ချင် စိတ် ပေါ် လာသည် ။


ဦးစောဝင်း ထိုင် နေသည့် နေရာ ဆီ သို့ လှမ်း ကြည့်လိုက်၏ ။ ခပ်မှိန်မှိန် အလင်းရောင် ထဲ တွင် ဖြစ်သော်လည်း ပိတ်ကား ဆီ သို့ ငြိမ်သက်စွာ ငေးစိုက် ကြည့် နေသော ဦးစောဝင်း ကို လှမ်း မြင်ရသည် ။


စိုးရှား က သူ့ ဦးလေး ကို ကြည့်ပြီး ပြုံးရုံသာ ပြုံး နေလိုက်၏ ။


သူ့ ပီတိ နဲ့ သူ နေပါစေတော့လေ ... ။


     •••••   •••••   •••••   •••••


ဇာတ်သိမ်းခန်း ရောက်တော့မည် ။


ဒီ အခန်း က ရုပ်ရှင်ကား တစ်ကားလုံး ၏ အထွတ်အထိပ် လည်း ဖြစ်သလို ဇာတ်ကွက် အလှည့်အပြောင်း လည်း ဖြစ်သည် ။


ပိုပြီး ထူးခြား သွား သည် က ဇာတ်ကား တစ်လျှောက် လုံး လူမျိုးစု ၏သူရဲကောင်း ဖြစ်ခဲ့သော မြနဒီ သည် ဘဝကံကြမ္မာ အပြောင်းအရွှေ့ တွင် လူမျိုး တစ်မျိုးလုံး ၏ သစ္စာဖောက် အဖြစ် စွပ်စွဲ ခံရပြီး သုတ်သင် ခံရဖို့ ခေါင်းဆောင် အသစ် နှင့် ယှဉ်ပြိုင်သတ်ပုတ် ရသည့် အခန်း ... ။


သရုပ်ဆောင် သည့် အမူအရာတွေ က ဇာတ်လမ်း အဖွင့် နှင့် သိသာ ခြားနားစွာ အားပြိုင် နေသည် ။


ဇာတ်လမ်း အစ မှာ မြနဒီ ကို ကောင်းချီးဩဘာ ပေးခဲ့သော လူထုကြီး သည် အခုတော့ သူမ ကို လက်ညှိုး ထိုး ပြီး ...


“ သစ္စာဖောက် ... သစ္စာဖောက် ... ”


ဟု ကြွေးကြော် အော်ဟစ် နေကြသည် ။ မြနဒီ ၏ အမူအရာ မှာ လည်း သူရဲကောင်း တစ်ယောက် ၏ သွင်ပြင် တွေ လွင့်စဉ် ပျောက်ကွယ် ကုန်ပြီ ။


အရင်တုန်း က တင်းတင်းစေ့ ထားသော နှုတ်ခမ်းတွေ က အခုတော့ ဖျော့တော့ တုန်ရီလျက် ... မျက်ဝန်းတွေ မှာ လည်း မျက်ရည်ဥတွေ စီးကျ လျက် ... ကြေကွဲခြင်း ... နာကျင်ခြင်း ... သစ္စာဖောက် အဖြစ် အထင် မလွဲကြဖို့ လူတွေ အားလုံး ကို တောင်းပန်တိုးသျှိုး နေသည့် အကြည့် ...


လက် ထဲ မှ ဓား ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားလျက် က ဝမ်းနည်း နာကြည်းသော ရှိုက်သံ က တစ်ချက် တစ်ချက် ထွက်ပေါ် လာသည် ။


ပိတ်ကား ပေါ် မှ မြနဒီ ကို ကြည့်ရင်း စိုးရှား ရင် ထဲ မှာ ဆို့နင့် လာ၏ ။


     •••••   •••••   •••••   •••••


စိုးရှား စိတ် ထဲ မှာ ဖျတ်ခနဲ သိချင် စိတ် ပေါ် လာသဖြင့် ခုံ မှာ ထိုင်နေသော မြနဒီ ကို လှမ်း ကြည့် လိုက်သည် ။ အပြင် လောက က မြနဒီ ကတော့ ဟန်းဖုန်း ဖြင့် ဆက်ကာ တစ်စုံ တစ်ယောက် ကို စကား လှမ်း ပြောရင်း ရယ်မော ပျော်ရွှင် နေလေသည် ။ တခစ်ခစ် ရယ်မောလိုက်သံများ ပင် ကြား နေရသည် ။


စိုးရှား က မျက်နှာ လွှဲပြီး ပိတ်ကား ပေါ် သို့ အကြည့် ပြန် ပို့လိုက်၏ ။


ပိတ်သားပြင် ပေါ် မှာ သရုပ်ဆောင် နေသည့် မြနဒီ က တော့ ကြေကွဲ နေ၏ ။ ငိုရှိုက် နေ၏ ။ ဘဝ ၏ မတည်မြဲသော တန်ဖိုးများ ကို နာကျင်မှု အပြည့်ဖြင့် မေးခွန်း ထုတ်နေ၏ ။


အပြင် လောက က မြနဒီ ဆိုသည့် မိန်းမ တစ်ယောက် ကတော့ သူ့ သရုပ်ဆောင်ကွက် ကို ပင် သူ မကြည့် ... စိတ် မဝင်စား ... ရယ်ကာမောကာ ပျော်ရွှင်ပေါ့ပါး လျက် ...


     •••••   •••••   •••••   •••••


ဒီ မြင်ကွင်း ကို ဦးလေး ရော ဘယ်လို ခံစားနေမှာပါလိမ့် ... ဟု သိချင်စိတ် ဖြင့် ဦးစောဝင်း ရှိရာ ဆီသို့ စိုးရှား လှမ်း ကြည့် လိုက်သည် ။


ဦးစောဝင်း က လည်း သူ့ လို ပင် ပိတ်ကား ပေါ် မှ မြနဒီ ကို တစ်လှည့် အပြင် မှ မြနဒီ ကို တစ်လှည့် ကြည့်ရင်း ဖုန်း ပြောကာ ရယ်ကာ မောကာ ဖြင့် အပြင် သို့ ထ ထွက်သွား သည့် သူ့ ရွှေမင်းသမီး ၏ နောက်ကျောပြင် ကို ငေးမော ကျန်ရစ် ခဲ့သည် ကို တွေ့ လိုက်ရသည် ။


စိုးရှား က သက်ပြင်း တစ်ချက် ကို တိုးတိတ်စွာ ရှိုက် မိလေသည် ။


     •••••   •••••   •••••   •••••


' ပြီးပါပြီ ...'


ဆိုသော စာတန်း က ပိတ်ကားပြင် ပေါ် တွင် ပေါ် လာသည် ။ ရုပ်ရှင်ရုံ တစ်ရုံ လုံး မီးတွေ လင်း လာ၏ ။ ပြန်ဖို့ ပြင်ဆင်နေသော ပရိသတ်တွေ တဝုန်းဝုန်း ထ ရပ်ကြသည် ။


စာနယ်ဇင်းသမားများ ၊ ဒါရိုက်တာများ က လည်း ဦးစောဝင်း ကို ဂုဏ်ပြုနှုတ်ဆက် ဖို့ သူ ထိုင်နေသော ခုံ ဆီ သို့ ဝိုင်းဝန်း သွားကြသည် ။


ဦးစောဝင်း ကတော့ ထိုင်ခုံ တွင် ငြိမ်သက်စွာ ထိုင်နေဆဲ ... မျက်လုံးများ က လည်း ဖြူဖွေးတောက်ပနေသော ပိတ်ကားပြင် ကို စိုက် ကြည့်နေဆဲ ...


ဦးစောဝင်း က ငြိမ်သက် နေသည် ။ ထူးထူးခြားခြား ငြိမ်သက်လွန်း နေသည် ။


အဲသည် မြင်ကွင်း ကို ကြည့်ပြီး တစ်စုံ တစ်ခု မှားယွင်းနေပြီ မှန်း စိုးရှား ၏ အတွင်းစိတ် က သိ လိုက်၏ ။ ခဏအတွင်း မှာ ပင် ဦးစောဝင်း ထိုင် နေသည့် အနား၌ ဝိုင်းရံ နေကြသော သူ များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။ တစ်ယောက် တစ်ပေါက် အလုအယက် ပြောသံတွေ ဆူဆူညံညံ ပေါ်ထွက် လာသည် ။


“ ဟာ ... ဘယ်လို ဖြစ်သွားတာလဲ ၊ ဆေးရုံ ကို အမြန် ပို့လေ ...”


“ ဒုက္ခပါပဲကွာ ... မရတော့ဘူး ထင်တယ် ...”


“ ဆရာဝန် ရော ... ဆရာဝန် တစ်ယောက် လောက် အမြန် ခေါ်ကြလေကွာ ...”


စိုးရှား က ရပ် ကြည့်နေရာမှ ရှေ့ သို့ အားသွန် တိုးဝှေ့ သွားဖို့ ပြင် လိုက်သည် ။ သို့သော် သူ့ ခြေလှမ်းများ က လေးလံ လွန်းနေ၏ ။


သူ့ ဦးခေါင်း တစ်ခုလုံး ကို လှိုင်းတွေ တဝုန်းဝုန်း ရိုက်ခတ် နေသည် ။ အိပ်မက် လို ချာချာ လည်နေ၏ ။ ပြီးတော့ ... အသံမဲ့ ... ။


ခဏ ကြာတော့ သူ့ လက်မောင်း ကို တစ်စုံ တစ်ယောက် က လာ ဆုပ်ကိုင်ပြီး စကား တစ်ခွန်း ပြော သည် ကို ကြား လိုက်ရ၏ ။


“ မင်း ဦးလေး တော့ နှလုံး ရပ်ပြီး ဆုံး သွားပြီ ... စိုးရှား ... ”


     •••••   •••••   •••••   •••••


ငါ့ ဦးလေး က တော့ သူ လုပ်ချင်တာ ကို လုပ်ဖို့ သတ္တိ ရှိ ပြသွားခဲ့ပြီပဲ ... ဟု စိုးရှား ငြိမ်သက်စွာ တွေးနေမိ၏ ။


မင်းခိုက်စိုးစန် 


#ကိုအောင်နိုင်ဦး

No comments:

Post a Comment