❝ လာမယ့် နွေရာသီနော် ဦးဦး ❞
သို့
ဦးဦး ၊ သား ရိုသေစွာ စာ ရေးလိုက်ပါသည် ။ သားတို့ အခု ပထမအစမ်း စာမေးပွဲ ပြီးလို့ အောင်စာရင်းတွေ သိ ရပြီ ။ သား အောင်တယ် ဦးဦး ရေ ။ အဆင့် ငါး ရတယ် ။ ညီလေး ကိုမျိုး ရော အောင် ရဲ့လား ။ အောင် မှာ ပါ ။ ညီလေး က စာ တော်တယ် မဟုတ်လား ။ ဦးဦးက သား ကို ပြော ထားတယ်နော် ။ သား လေးတန်း စာမေးပွဲ အောင် ရင် ကျောင်းစိမ်း ဝတ်စုံတစ်စုံ ဝယ် ပေးမယ် ဆိုတာလေ ။ တကယ်နော် ဦးဦး ။ သား အောင်အောင် ကြိုးစားမယ် ။ စာမေးပွဲကြီး ဖြေ ပြီးရင် ကျောင်း နှစ်လ ပိတ် တဲ့ အခါ သား ဦးဦး တို့ ဆီ အလည် လာနေ မှာနော် ။ ညီလေး ဖို့ လည်း သားရွှံ့ နဲ့ နွားရုပ်ကလေး တွေ လုပ် ထားတယ် ။ သား အရုပ်ကလေးတွေ ကို မြင် တိုင်း ညီလေး ကို သတိ ရလိုက်တာ ။ ညီလေး ပေး လိုက်တဲ့ ကားကလေး ကို လည်း သိမ်းထားတယ် ။ သား သူငယ်ချင်းတွေက အဲဒီ ကားကလေး ကို သိပ် သဘော ကျ နေကြတာ ဦးဦး ရဲ့ ။ ဒါနဲ့ သား က ဒီ ကား က ငါ့ ညီ က ပေး လိုက်တာကွ လို့ ။ သူတို့ က မန္တလေး နန်းရှေ့ မှာ နေကြတာ ။ သူတို့ အိမ် ရှေ့ မှာ ကျုံး ထဲ ကို ဝင် သွားတဲ့ ချောင်းကြီး တစ်ခု ရှိတယ် ။ ရေနီမြောင်း လို့ ခေါ်တယ် ။ အဲဒီချောင်း ထဲ မှာ ငါ ရယ် ၊ ငါ့ ညီရယ် ရေ ကူးကြတာ သိပ် ပျော်စရာ ကောင်း တာပဲကွာ လို့ ပြောပြတော့ သား သူငယ်ချင်းတွေ က ငေးပြီး နားထောင် နေကြတာ ။ သူတို့ က မန္တလေး ကို တစ်ခေါက် မှ မရောက်ဖူး ဘူး ဦးဦး ရဲ့ ။ ဪ … ဒါနဲ့ ဖေဖေ့အကြောင်း ပြော ရဦးမယ် ။ ဖေဖေ မကောင်းဘူး ဦးဦး ရာ ။ ခုတလော ပိုပြီး အရက်တွေ သောက် လာတယ် ။ မေမေ နဲ့ သား ကို လည်း ရိုက် တယ် ။ မေမေ က ဘာမှ အပြစ် မကြီးပါဘူး ဦးဦး ရာ ။ ဖေဖေ အရက်နဲ့ မြည်းဖို့ ခပ် ပေးတဲ့ ဟင်း က အရိုးတွေ ချည်း မို့လို့ တဲ့ ။ သားက ဖေဖေ အရက် သောက် တော့ ရေ ခပ် ပေးရတာပါ ။ ရေခွက် ထဲ ရေ ကုန်သွားတာ သား မသိ လိုက်ပါဘူး ။ ဒါနဲ့ အရိုက် ခံ ရတာပါ ။ တော်သေးပြီ ဦးဦး ရေ ။ ညီလေး နဲ့ အန်တီ ကို လည်း သတိရတယ် လို့ ပြောပေးပါ ။ ဒါပဲနော် ဦးဦး ။ လာမယ့် နွေရာသီ နော် ။
ဦးဦး တို့ တစ်အိမ်သားလုံး ကျန်းမာပါစေ ။
ဆန်းဦး
မြောက်တံငါရွာ ၊ မတ္တရာမြို့ ။
“ ဟူး ...” ကျွန်တော် စာ ကို ဖတ်ပြီး လေးဖင့်စွာ သက်ပြင်း ချမိသည် ။
ဪ ... အစ်ကို ... အစ်ကို ၊ ဘဝ ကို အခုချိန် ထိ အရှုံး ပေး နေတုန်း ပါပဲလား ။ ကျွန်တော် လူလား မမြောက်ခင် အစ်ကို ဟာ စီးပွားရေး နယ်ပယ် မှာ လက်ညှိုး ညွှန်ရာ ရေ ဖြစ်နေတဲ့ ဘဝ မျိုး ။ ကျွန်တော် တို့ မိသားစု ရဲ့ စီးပွားရေး ကို ဦးဆောင် ရှေ့ရွက် ပြု နေသူ ။
အဲသည်တုန်း က မြို့ပြ ဖွံ့ဖြိုးမှုဟာ အခုလို မတိုးတက်သေးဘူး ။ ရတနာပုံ မန္တ လေးမြို့ ဆိုတဲ့ နိမိတ်ပုံတွေ အထင်အရှား ရှိသေးတယ် ။ ခုနှစ် တော့ မမှတ်မိပါ ။ “ မှောင်ခိုလုပ်ငန်း ” ဆိုတဲ့ စကားလုံး ကို လူတွေ အထင်တကြီး ရှိ နေတဲ့ အချိန် ။ မန္တလေး က တရုတ်တန်း ကောင်းစား နေတဲ့ ကာလ မှာ ပဲ အစ်ကို ဟာ နောက်ဆုံးတော့ ဆေး စွဲသွားခဲ့တယ် ။
ကျွန်တော် အစ်ကို့ အကြောင်းကို စဉ်းစားရင်း သူတို့ မိသားစု ဓာတ်ပုံ ကို ကြည့် နေမိသည် ။ သူတို့ လင်မယား နှစ်ယောက် က ကလေး ကို လက် ဆွဲပြီး လမ်းလျှောက် နေသည့် ပုံ ဖြစ်သည် ။ ကလေး က ကျွန်တော် တို့ ဘက် လာ တူ တာ ထင်ပါ ရဲ့ ။ နွေ ကျောင်းပိတ် လို့ ကျွန်တော် တို့ ဆီ နေတဲ့အခါ မိတ်ဆွေများ က ကျွန်တော့် သား နဲ့ ညီအစ်ကို အရင်း ဟု ထင်မှတ် ကြသည် ။
ဖခင် လုပ်သူ က မိဘ ဝတ္တရား မကျေပွန် ၊ မပြည့်စုံတာ က တစ်မျိုး ။ သားသမီး က ရယူရမည့် ပိုင်ဆိုင်ခွင့် ကြင်နာမှု နဲ့ ဘဝ ရဲ့ အသက် ရှင် ရပ်တည်မှု ကို စောစီးစွာ နားလည်ခဲ့တယ် ။ လူတွေ ရဲ့ စိတ် ကို အရွယ် နဲ့ မမျှ ဖတ်တတ် လာတယ် ။ ကျွန်တော် ဓာတ်ပုံ ကို အံဆွဲ ထဲ ပြန် ထည့်လိုက်သည် ။ တစ်ခါ က “ ဦးဦး ရေ ၊ ဒီ ဓာတ်ပုံ ကို ဦးဦး တို့ ပဲ ယူထားလိုက်ပါ ။ ဖေဖေ က သေတ္တာ ထဲ ဝင် ဝင် မွှေနေတော့ ထောင့်တွေ ကျိုး ကုန်မှာ စိုးလို့ပါ ” ဟု ပို့ လိုက်သည် ။
တစ်နေ့ ကျွန်တော် ဈေး က ဆိုင် သိမ်း အပြန် ကိုစိန်ဝင်း နဲ့ တွေ့ တော့ ...
“ ဟာ ... အံကျပဲ ကိုမြင့်မောင် ရေ ။ ခင်ဗျား တူ က စာ ပေး လိုက်တယ်ဗျ ”
ကျွန်တော် ကိုစိန်ဝင်း လက် ထဲ က စာအိတ် ကို လှမ်း ယူရင်း
“ ခင်ဗျား လည်း နေရင်းထိုင်ရင်း မလျှောက်ရဘဲ ပို့စ်မင်း ဖြစ် နေပါလား ”
ကိုစိန်ဝင်း က ရယ်လျက်
“ ဟုတ်ပါ့ဗျား ။ ဟုတ်ပါ့ ။ ကျွန်တော်တို့ ရှေ့တန်းရုံး က သူတို့ ကျောင်း နဲ့ ကပ်လျက်လေ ... ”
“ ဪ …. ဟုတ်လား ၊ ဒါကြောင့်ကိုး .... ”
“ ခင်ဗျား တူလေး က သိပ် သွက်တာပဲ နော် ။ တစ်နေ့ က ဗျာ ၊ သူ လို ချာတိတ် ရွယ်တူလေးတွေ နဲ့ ကျွန်တော့် ဆီ လာ ပြီး ဘယ် က ဖမ်း လာတယ် မသိပါဘူး ။ သူ့ အတွက် ငါးဝေစု ကို ကျွန်တော့် လာ ပေးတယ် ။ ပိုက်ဆံ ပေးတော့ လည်း မယူဘူး ။ တကယ့် ချာတိတ် ပဲ ဗျာ .... ”
“ အဲဒါ ခင်ဗျား သိလား ။ အခုလို ပို့စ်မင်း လုပ် ခိုင်းချင်လို့ ဖားနေတာ ”
ကိုစိန်ဝင်း က ရယ်လျက်
“ ဟား ... ဟား ဟုတ်ပါ့ဗျား ..... ။ ကဲ ကျွန်တော် သွားဦးမယ် ”
••••• ••••• ••••• •••••
သို့
ဦးဦး ၊ သား ရိုသေစွာ စာရေးလိုက်ပါသည် ။ ဖေဖေ နေမကောင်းဘူး ။ ချောင်း ဆိုး လိုက်ရင် သွေး ပါလာတယ် ။ သားတော့ အရက် သောက် လို့ ထင်တာပဲ ။ သားတို့ ရွာ ထိပ် ကဆေးခန်း သွား ပြတော့ ဆရာဝန် က ဆေးတစ်လုံး ထိုး ပေးလိုက်တယ် ။ ဖေဖေ အရက်ဖြတ် ရမယ် တဲ့ ။
ပြီးတော့ ဆေး ဝယ် စားရမယ် တဲ့ ။ ဆေး ဝယ် ဖို့ ဆေးနာမည် ရေး ပေးလိုက်တယ် ။ ဒါကို ဖေဖေ က ဝယ် မသောက်ဘူး ။ ဆေးခန်း လည်း မသွားတော့ဘူး ။ ဒါကို မေမေ က ဆေးစာရွက် သူ့ ကို ပေး ၊ သူ မတ္တရာဈေး က ဝယ်ခဲ့မယ် ဆိုတော့ ဆေးစာရွက် ပျောက် သွားပြီတဲ့ ။ အရက် မသောက် တာ တော့ ဒီနေ့ နဲ့ ဆို ငါးရက် ရှိသွားပြီ ။ သွေးတော့ မပါတော့ဘူး ။ ဒါပေမယ့် ဖေဖေ ထမင်း မစားနိုင်ဘူး ။ မှိုင် မှိုင် နေတယ် ။ တစ်ခါ ဦးဦး ပြောဖူးတယ် ။ ဦးဦးမိတ်ဆွေ ဆရာဝန် ဆိုတာလေ ၊ သူ့ ကို မေး ရင်တော့ အရက်သောက်တဲ့ လူတွေ မှာ ဖြစ် တတ်တဲ့ ရောဂါ တော့ သိမှာပဲ လို့ သား ထင်တယ် ။ အဲဒါ ဖေဖေ့ အတွက် ဦးဦး မိတ်ဆွေ ဆရာဝန် နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ဆေး ဝယ်ပေးလိုက် စေချင်ပါတယ် ။ သား ကျောင်း မုန့်ဖိုး ထဲ က စုထား တဲ့ ပိုက်ဆံ ငါးဆယ် ဒီ စာ နဲ့ အတူ ထည့် ပေးလိုက်ပါတယ် ။ ဦးဦး လိုတာ စိုက် လိုက်ပါနော် ။ တော်သေးပြီ ။ အန်တီ နဲ့ ညီလေး ကို လည်း ပြော လိုက်ပါ ဦးဦး ။ သား နွေ ကျောင်းပိတ်ရင် လာခဲ့မယ်လို့ ။
ဦးဦး တို့ တစ်အိမ်သားလုံး ကျန်းမာပါစေ ။
ဆန်းဦး
မြောက်တံငါရွာ ၊ မတ္တရာမြို့ ။
••••• ••••• ••••• •••••
အင်း ... သွေးတောင် ပါနေပြီ ဆိုပါလား ။ ဪ ... အစ်ကို .... အစ်ကို ၊ ကိုယ့် ကိုယ် ကို သတ်နေတာပါပဲလား ။ စာအိတ် ထဲ မှာ ကျပ်တန်လေးတွေ ချည်း အရွက် ငါးဆယ် ။ ကျွန်တော့် ဇနီး က နားမလည်စွာ နဲ့ ကြည့် နေသည် ။ ကျွန်တော် သူ့ ကို စာရွက်ပေး လိုက်သည် ။ ဇနီး က စာရွက်ကိုင်ဘပြီး အခန်း ထဲ ဝင် သွားသည် ။ ကျွန်တော် ကုလားထိုင်ပေါ် သို့ ခြေပစ်လက်ပစ် ထိုင် လိုက်ကာ တောင်တောင်အီအီ စဉ်းစား နေမိသည် ။
ဪ .... အိမ်ရှေ့ အပူ အိမ်နောက် မချမ်းသာ ဆိုတာ ဒါမျိုး ထင်ပါရဲ့ ။ ဈေး က ဆိုင် နဲ့ အိမ်ဗာဟီရ နဲ့ က အားတယ် လို့ မရှိ ။ အစ်ကို့ ဆီ လည်း မသွားနိုင် ။ နယ် က ခေါ်ထားတဲ့ ကလေးမကလေး က လည်း အူကြောင်ကြောင် ။ ဘာမှ မျက်နှာ လွှဲလို့ မရ ။ သတိ မေ့ တတ်တာ က ပိုသေး ။ အိမ် က သားတော်မောင် က လည်း အတန်း က ဖြင့် နှစ်တန်း ရှိသေး ။ ကျူရှင် က ထား ရတော့ အပို့ အကြို လုပ်ရ ။ မတတ်နိုင်ပါဘူး လေ ။ ဆေးဝယ် ပြီး ကိုစိန်ဝင်း ပဲ။လှမ်း ပေးလိုက်တော့မယ် ။
••••• ••••• ••••• •••••
မနက်က ဈေး ကို ဆိုင် သွား ဖွင့်တော့ နောက်ကျ နေတာ နဲ့ စိတ်က လော သွားတာ ၊ နန်းရှေ့ ခေါက်ဆွဲဖို နား မှာ ပရိယတ္တိဘက် က လာတဲ့ ကား ကို မမြင်လိုက်မိဘူး ။ တော်ပါသေးရဲ့ ။ ကား က ဘရိတ်ကောင်း လို့ သာ ။ နို့မဟုတ်ရင် ကျွန်တော်တို့ လင်မယား နှစ်ယောက် မတွေးဝံ့ စရာ ဘဲ ။ ဒါကိုပဲ မိန်းမက ပြောလို့ မဆုံး ။ အစွဲအလမ်း တစ်ခု ဖြစ်နေတယ် ။ မနက် က သူ ဆွမ်းတော် တင် တာ ပန်းကန်ပြား ကျ ကွဲ လို့တဲ့ လေ ။
နေ့လယ် မိန်းမ အိမ် ပြန်သွားတော့ ဒါလောက် သတိထား နေတဲ့ ကြား က အိမ် က သား ရေ နစ် လို့ တဲ့ ။ ကျွန်တော့် ဆီ လာ ပြောတော့ ဆေးရုံ ရောက်နေပြီ ။ ကျွန်တော် ဆေးရုံ လိုက်သွားတော့ ဒေါက်တာဇော်လွင်တိုး နဲ့ တန်း တွေ့တယ် ။ သူ က “ ကိုမြင့်မောင် ဘာမှ မစိုးရိမ်ပါနဲ့တော့ ။ ကလေး က စိတ်ချရပါပြီ ” တဲ့ ။
ဒါကိုပဲ မိန်းမ က တအီအီ ငိုနေတုန်း ။ စောစောက သား ဟာ ကယောင်ကတမ်း တွေ ပြော နေတာ တဲ့ ။ “ ဘာတွေ ပြောလို့လဲ ” လို့ ကျွန်တော် က မေး တော့ “ သား ၊ အစ်ကို နဲ့ အတူတူ ရေ ကူး နေတာတဲ့ ။ အစ်ကို က သား ကို မစောင့်ဘဲ အဝေးကြီး ကူး သွားတာတဲ့ ။ သား လိုက် သွားတော့ အဲဒီ နေရာ က တစ်အား နစ်တာ မေမေရ ” တဲ့ ။ ပြီးတော့ သားကို ပြော သေးတယ် ။ “ ညီလေး အစ်ကို့ ဆီ ကူးခဲ့ ၊ အစ်ကို့ ဆီ မီအောင် ကူးခဲ့ ” တဲ့ ။ ကျွန်တော့်ဇနီး က ပြောရင်း ငိုပါတော့ သည် ။
“ မင်း က လည်း ကွာ ၊ ဆရာဇော်လွင်တိုး က တောင် မှ စိတ်ချရပြီ လို့ ပြောနေ မှပဲ ။ ဘာ ပူစရာ လိုလဲကွ ။ ပြီးတော့ သား က သူ့ အစ်ကို ကို မျှော်နေတာ စွဲလမ်းလို့ နေမှာ ပေါ့ကွာ ” ဟု ပြောကာ ဇနီး အား နှစ်သိမ့်လိုက်ရသည် ။
ကျွန်တော် တို့ ဆေးရုံ မှာ တစ်ရက် သာ နေလိုက်ရသည် ။ သား ရဲ့ ကျန်းမာရေး ကြောင့် ဈေး လည်း ထွက်နိုင်ဦးမည် မဟုတ် ဟု စဉ်းစားရင်း နန်းရှေ့ဘူတာ ဝင်လာသည့် မတ္တရာရထား ကို ငေး ကြည့်နေမိသည် ။ ထိုစဉ် ကိုစိန်ဝင်း ရထား မှ မရပ်သေး ၊ ကသောကမျော ခုန်ဆင်း လိုက်သည် ။ လော လောတတ်ရန်ကော ကိုစိန်ဝင်း ရာ ၊ ရပ် မှ ရပ်စမ်းပါစေဦး တော့ အောက်မေ့ မိသည် ။
“ ဟာ .... ကိုစိန်ဝင်း လာ ဗျာ ၊ စောစော က တောင် ကျွန်တော် ခင်ဗျား မြင် လိုက်သေးတယ် ။ ဘာတွေများ ရေးကြီးသုတ်ပျာ ဖြစ် နေတာလဲ ”
ကိုစိန်ဝင်း မျက်နှာ လည်း မကောင်း ။ သောက် ထားဟန်လည်း ရှိသည် ။
“ ထိုင်ပါဗျ ၊ ဟောဗျာ ၊ ဘယ်လိုလဲ ”
ကိုစိန်ဝင်း ပါးပြင် ပေါ် မှာ မျက်ရည်တွေ စီးကျ နေသည် ။ ကိုစိန်ဝင်း ဘယ်လိုမှ မတုံ့ပြန် ။ သူ့ အိတ်ကပ် ထဲ က စာရွက်ခေါက်ကလေး ကို ကျွန်တော့် အား လှမ်း ပေးနေသည် ။
“ ဘာပါလိမ့် ”
“ ခင်ဗျား .... မ ... ရီး က ပေး လိုက်တာ ”
••••• ••••• ••••• •••••
မောင်လေး မြင့်မောင်
မင်း တူလေး ဒီနေ့ ညနေ မှာ ဆုံးသွားတယ် ။ အမြန်လာပါ ။
သိန်းသိန်း
••••• ••••• ••••• •••••
“ ကို ... စိန်ဝင်း ၊ တကယ်လားဗျာ ။ မဖြစ်နိုင်ပါဘူး ။ လုံးဝ မဖြစ်နိုင် ... ခင်ဗျား ... ခင်ဗျား ... မဟုတ်ဘူး ။ မဟုတ်ဘူး ... မဟုတ်ရဘူး ”
ဇနီး က ကျွန်တော့် ဆီ ပြေးလာသည် ကို မြင် လိုက်ရသည် ။ သား ကို။ကျွန်တော့် အိမ် မှာ နေတဲ့ မိန်းကလေး က ပွေ့ချီ လို့ ။ ပြီးတော့ ကိုစိန်ဝင်း ပါးပြင် ပေါ်က မျက်ရည်တွေ အားလုံး ဟာ အဝေးဆုံး ထိ ရောက် သွားတယ် ။
••••• ••••• ••••• •••••
“ ဦးဦး လာမယ့် နွေရာသီနော် ...” တဲ့ ။
“ သား ... ထ ပြောဦးလေကွာ ။ သား ကျောင်းဝတ်စုံ လိုချင်တယ်ဆို စာမေးပွဲ အောင်အောင် ကြိုးစားမယ်ဆို ”
ကျွန်တော် အသံ မထွက်ပါ ။
“ ပြောကြစမ်းပါဦးဗျာ ။ ဘယ်လို ဖြစ်တာလဲ ”
“ ဘာရောဂါလဲ ...”
ကျွန်တော့် မရီး မသိန်းသိန်း က ငို တစ်ဝက် ရှိုက် တစ်လှည့်ညဖြင့် ပြောပြပါသည် ။
“ တစ်နေ့ ၊ သား ကျောင်း က ပြန် လာတော့ လမ်း မှာ ခွေးကိုက် လိုက်တယ် ။ သား ကို ကိုက် တုန်းက ခွေး က မရူးသေးဘူး ။ နောက်တော့ အချို့က လည်း ရူး ဆိုသလိုလို ၊ အချို့ကလည်း မရူးဘူး ပြောကြနဲ့ ။ တို့ လည်း အမှုမဲ့ အမှတ်မဲ့ နဲ့ ။ ခွေး က လည်း သည်ရွာ မှာ မှ မရှိတော့တာ ”
“ ငါ သတ်လိုက်တာပါကွာ ။ ငါ့ သတ်လိုက်ပါ ..... ”
ဟု ပြောရင်း အစ်ကို က ကျွန်တော့် မရီး စကား မဆုံးခင် မှာ ပြော၍ ငို ပါတော့သည် ။
“ ဖြစ်မှ ဖြစ်ရလေ ။ ဒီလောက် ဆေးဝါးတွေ ထွန်းကား နေတဲ့ ခေတ်မှာ ။ ဒီ ရောဂါလေးလောက် နဲ့ … ”
ကျွန်တော် ဆက်ပြီး နားမထောင်တော့ပါ ။ နားထောင်နိုင်စွမ်း လည်း မရှိတော့ပါ ။
မရီး က ကျွန်တော့် မိန်းမ ကို အဖြစ်အပျက် အသေးစိတ် ပြောပြနေသည် ။ စာမေးပွဲ နောက်ဆုံးရက် မှာ ဖြစ်ကြောင်း ။ ဖြစ်လျှင် ဖြစ်ချင်း ရွာထိပ် က ဆရာဝန် သွား ပင့်တော့ ဆရာဝန် က ဆေး တစ်လုံး ထိုးပေးပြီး သူတို့ ကို လည်း တက်တခေါက် ခေါက် နဲ့ ငေါက်သွားကြောင်း ။ နောက် တစ်နေ့ နေ့လယ် မှာ ကလေး က ကယောင်ကတမ်း တွေ ပြော တော့ တာပါပဲ တဲ့ ။ “ သားကို ဦးတို့ ဆီ လိုက် ပို့ပါ ၊ လိုက်ပို့ပါ ” လို့ ပြောပြီး သတိ လစ်သွားတယ် တဲ့ ။ ပြန် သတိ ရလာတော့ “ မေမေ ၊ သား ညီလေး နဲ့ တွေ့ ခဲ့တယ် ။ ညီလေး ချောင်း ထဲ မှာ ရေချိုး နေ တာ ။ သား ရေတွေ မြင် တော့ ကြောက်လိုက်တာ မေမေရာ ။ သား ကြောက်တယ် ကြောက်တယ် ” ပြောပြီး နောက်တော့ စကား မပြောနိုင်တော့ဘူး ။ သူ လုပ် ထားတဲ့ ရွှံ့နွားရုပ်ကလေးတွေ လက်ညှိုး ထိုး ပြလိုက် ၊ သူ့ ညီ ဓာတ်ပုံ ကို လက်ညှိုး ထိုး ပြ လိုက်နဲ့ ၊ နောက်တော့ သူ့ အမေ က နားလည်ပြီး ခေါင်းညိတ် လိုက်တော့မှပဲ
••••• ••••• ••••• •••••
“ ကိုမြင့်မောင် ..... ”
“ ဪ ... လာလေ ကိုစိန်ဝင်း ”
ကိုစိန်ဝင်း လာ၍ ကျွန်တော့်အတွေးများ ပြတ်တောက်သွားသည် ။
နှစ်ယောက်သား ထိုင်သာ ထိုင်နေကြသည် ။ ဘယ်သူ က မှ စကား မစ ဖြစ်ကြ ။ တိတ်ဆိတ်ခြင်း သည် ဆွံ့အ, ခြင်း ကို ပိုမို ဖြစ် စေသလား မသိပါ ။ နောက်တော့ ကိုစိန်ဝင်းက စ၍
“ ကျွန်တော် တော့ မတ္တရာ အခြေစိုက်ရုံး မှာ ပဲ အနေ များတော့တယ်ဗျာ ...”
ကျွန်တော် ဘာမှ ပြန် မပြောမိ ။ နှုတ်ဆိတ် နေမိသည် ။
“ ကျွန်တော် တော့ နောက်ဆုံး တစ်ခေါက် မှာ အရေးကြီးလို့ ပါ ဦးဦး ဆိုပြီး ကျွန်တော့် စက်ဘီးနောက် က ပြေး လိုက် လာတာ ကို မျက်စိ ထဲ က မထွက်ဘူး ။ သူ နဲ့ ကျွန်တော် တော်တော် ဝေး နေပြီဗျ ။ ကျွန်တော် သူ ခေါ် တာ ကို မကြားမိဘူး ။ မျက်နှာချင်း ဆိုင် က လာ တဲ့ စက်ဘီးသမား တစ်ယောက် က ပြော လို့ လှည့် ကြည့်မိတာ ။ ကျွန်တော့် နား ရောက်တော့ သူ တော်တော် မော နေတယ် ။ ချက်ချင်း စကား မပြောနိုင်သေးဘူး ။ နောက် မှ “ ဒီ စာ က အရေးကြီး လို့ ပါ ဦးဦး ရယ် ” တဲ့ ”
ကျွန်တော့် နား ထဲ မရှင်းမလင်း ဖြစ်သွားသည် ။
“ ဒါနဲ့ နေပါဦး ၊ ခင်ဗျား နဲ့ကျွန်တော် ဘူတာ မှာ တွေ့ တော့ ပေးတဲ့ စာ ဟာ နောက်ဆုံး ပဲ မဟုတ်လား ”
“ ဘယ်က ဟုတ်ရမှာလဲ ကိုမြင့်မောင် ရဲ့ ။ အဲဒီ စာ က ခင်ဗျား နဲ့ မတွေ့လို့ ခင်ဗျား တို့ အိမ် က မိန်းကလေး ဆို တဲ့ ကောင်မလေး ကို ပေး ခဲ့တာ ”
“ ဟုတ်လား ၊ အဲဒါ ကျွန်တော် မဖတ်ရသေးဘူး ဗျ ”
ကျွန်တော် အိမ်ထဲ က မိန်းကလေး ကို လှမ်း ခေါ်လိုက်သည် ။ မိန်းကလေး ကျွန်တော် တို့ အနီး ရောက်လာသည် ။
“ မိန်းကလေး ၊ ဒီ ဦးဦး က တစ်ခါ စာ တစ်စောင် ပေးခဲ့တယ် ဆို ... ”
“ အယ် ... ဟုတ်သယ်တော့ ။ ကျုပ် မေ့နေတာ ။ ဒေါ်လေး ဗီရို ထဲ က ထဘီခေါက် ထဲ မှာ ။ ကျုပ် ပျောက် မှာ စိုးလို့ သိမ်း ထားတာ ”
••••• ••••• ••••• •••••
သို့
ဦးဦး ၊ သား ရိုသေစွာ စာရေးလိုက်ပါသည် ။ လွန်ခဲ့တဲ့ တစ်ပတ် လောက် က သား ခွေးကိုက် ခံရတယ် ။ သားသူငယ်ချင်း က အဲဒီ ခွေး ရူးသွားပြီ လို့ ပြောတယ် ။ ဒါနဲ့ သား ဖေဖေ့ ကို ပြော ပြတော့ ဖေဖေ က မယုံဘူး ။ သား သူငယ်ချင်း က ပြောတယ် ။ ရွာထိပ် ဆေးခန်း မှာ ခွေးရူးကိုက် ရင် ဘယ်လို ဆေး ထိုး ရတယ် ဆိုတာ ခွေးရုပ်ပုံကြီး နဲ့ ကြော်ငြာ ကပ် ထားတာ ရှိတယ်တဲ့ ။ နောက်ပြီး တော့ ဆေး က ချက် ထိုး ရ တာလည်း ရှိတယ် ။ လက်မောင်း ထိုး ရတာလည်း ရှိတယ် တဲ့ ။ အဲဒါ သား ဆေး ထိုးချင်တယ် ဦးဦး ။ ဖေဖေ့ ကို ပြောပေးပါ ။ သား မွေး ထားတာ ကြက် အကြီးတွေ ချည်း ရှစ်ကောင် ရှိတယ် ။ ဦးဦး လာ ခေါ်တဲ့ အခါ သား အဲဒီ ကြက်တွေ ရောင်း လိုက်မယ် ။ သား ကို ကျောင်းဝတ်စုံ ဝယ် မပေးပါနဲ့ တော့ ။ သား ကြက် ရောင်း ရတဲ့ ငွေ နဲ့ ဦးဦး လို တာ စိုက် ကု ပေးပါနော် ။ ဦးဦး ဘယ်နေ့ လာမယ် ဆိုတာ စာ ပြန်လိုက်ပါ ။ သား ရွာထိပ် က ကြို နေမယ် နော် ။ အန်တီ နဲ့ ညီလေး ရော နေကောင်းကြရဲ့လား ။ တော်သေးပြီ ဦးဦး ရေ ။ သား ကြိုနေမှာ နော် … ။
ဦးဦး တို့ တစ်အိမ်သားလုံး ကျန်းမာပါစေ ။
ဆန်းဦး
မြောက်တံငါရွာ ၊ မတ္တရာမြို့ ။
◾ကိုသာမန်
📖 ပန်းဝေသီမဂ္ဂဇင်း
မတ် ၊ ၁၉၉၆
#ကိုအောင်နိုင်ဦး
၊
No comments:
Post a Comment