Saturday, October 29, 2022

လူတန်းစား ပြောသော ပုံပြင်


 ❝ လူတန်းစား ပြောသော ပုံပြင် ❞


ဤ မိန်းကလေး ကို သိကျွမ်းနေသည် မှာ အချိန် ကြာညောင်းခဲ့ပါပြီ ။


သို့ သော် ယမန်နေ့ က ရုတ်တရက် သူ နှင့် သူ့သား ကလေး ပုဇွန်တောင်ဈေး ထဲ မှ ထွက်လာသည် ကို လှမ်း မြင် လိုက်ရသောအခါ ကျွန်မ ရင် သည် သိမ့်ခနဲ နေအောင် ပင် နာကျင် သွားမိပါတော့၏ ။


လက် တစ်ဖက် က သူ့ သားကလေး ကို ပခုံး မှ ပွေ့ဖက် လာပြီး ကျန် လက်တစ်ဖက် က ဈေးလွယ်အိတ် ကို မနိုင့်တနိုင် ဆွဲလာပါသည် ။


ဈေးလွယ်အိတ် ဟူ၍ ပြော နိုင်သည် မှာ ကန်စွန်းရွက် အစည်းလိုက် သည် လွယ်အိတ် ဝ မှ ထွက်ပေါ် နေသောကြောင့် ဖြစ်ပါသည် ။ သူ့ နှုတ်ခမ်းပါးပါး နီနီရဲရဲလေး သည် တလှုပ်လှုပ် နှင့် ...


သား ဖြစ်သူ နှင့် စကား ပြော လာပုံ ရ လေသည် ။


သူ နှင့် ကျွန်မ ရှိ နေရာသည် များစွာပင် အလှမ်း ဝေးပါ ၏ ။ သို့သော် သူ့ သားကလေး ကို သူ ဘာတွေ ပြော ဆိုလာ မည်ကို ကျွန်မ သည် အလိုလိုပင် သိနှင့် နေပါသည် ။  


“ မင်း က ခဏခဏ နေမကောင်း ဖြစ်တာကိုး ၊ ကျောင်း ခဏခဏ ပျက်တာ မကောင်းဘူး ၊ စာ ကြိုးစားမှပေါ့ ၊ မင်း စာ မတတ်ရင် ဆင်းရဲမယ်  ၊ မင်း အဖေ က လည်း ဂရုစိုက် မှာ မဟုတ်တော့ဘူး ၊ လိမ္မာပါကွယ် ”  


ဤစကားလုံးများ ပင် ဖြစ်ရလေမည် ။ အဘယ့် ကြောင့် ဆိုသော် သူ သည် သူ့ သား ကို ဤအတိုင်း ပင် ဆုံးမ နေကျ ဖြစ်ပါ၏ ။


ကျွန်မ သည် သူတို့ သားအမိ ကို ကြည့်ရင်း ငေးရင်း ပင် ကျွန်မ သွားရမည့် ခရီး အတွက် ဆက်လက် ထွက်ခဲ့ပါ ၏ ။ သို့သော် ကျွန်မ ၏ ဦးခေါင်း ထဲ ၌ မူ သူ့ အကြောင်း သည် တသီကြီး ပေါ်လာပါတော့သည် ။


သူ သည် ၁၈ နှစ် သမီးဝယ် သူ့ မိဘ သဘောတူ သော အစိုးရ အရာရှိပေါက်စ  တစ်ယောက် နှင့် လက်ထပ်ခဲ့လေ၏ ။


အရာရှိပေါက်စ သည် အလုပ်ဝတ္တရား နှင့် အမြို့မြို့ သို့ ပြောင်းရွှေ့လာခဲ့ရရာ သူ က သူ့ မိဘ ရှိရာ ရန်ကုန် သို့ ခေတ္တ ပြန် နေလိုက် ၊ သူ့ ခင်ပွန်း နှင့် နေလိုက် နှင့် ...  


ဤ သားလေး ကိုယ်ဝန် ရှိ လာသောအခါ သူ သည် ရန်ကုန် တွင် လာ၍ မျက်နှာ မြင်လေ၏ ။


ထိုအခါတွင် သူ့ ခင်ပွန်း သည် တစ်မြို့တစ်ရွာ တွင် နောက် မိန်းမ ယူပြီး ခဲ့လေပြီ ။  


ဤ သတင်း ကို သူ ကြား ရသော အခါ သူ က မထူး ခြား မတုန်လှုပ် ဟု ဆိုလေ၏ ။ သူတို့ နှစ်ယောက် မေတ္တာ မျှ စဉ် ကလည်း လူကြီးများ သဘော တူညီချက် အရ ဖြစ်သ ဖြင့် လည်းကောင်း ၊ သူ ကိုယ်တိုင် က ငယ်ရွယ်သူ ပီပီ နောက် မိန်းမ ယူ လျှင် ငါ လည်း နောက် ယောက်ျား ယူမည် ဟူသော မာန်မာန နှင့် ခင်ပွန်း ဖြစ်သူ က သားငယ် အတွက် ထောက်ပံ့ ခြင်း ကို ပင် လက် မခံခဲ့ပေ ။


ဤ နောက်ကြောင်းများ ကို ပြောပြစဉ် သူ့ မျက်နှာ ထား သည် ဝမ်းနည်း ဟန် ၊ နောင်တ ရ ဟန် မပေါ်ခဲ့ ။ ဖြစ်ချင် သလို ဖြစ်တတ်သည့် လောကကြီး ဝယ် ရင်ဆိုင်မည် ဟူသော ဆုံးဖြတ်ချက် သည် သူ့ စိတ် ၌ စွဲမြဲထားပုံ ပေါ် နေလေ၏ ။


သူ့ ကို ကျွန်မ စ၍ သိကျွမ်း ခဲ့သည် မှာ သူ သည် ၄ နှစ် အရွယ် သားကလေး ကို လက် ဆွဲပြီး ကျွန်မ တို့ အိမ်နား သို့ ပြောင်းရွှေ့လာစဉ် က ဖြစ် ပါသည် ။  


သူ သည် နံနက် ၉ နာရီ ဆိုလျှင် အိမ် မှ ထွက်သွား လေ၏ ။ ညနေ ဘက် တွင် မူ သူ အလုပ် က ပြန်လာလျှင် သူ နှင့် အတူ ယောက်ျားမိတ်ဆွေ တစ်ယောက် သည် နေ့စဉ် လို ပင် ပါ လာတတ်လေသည် ။  


သူ့ သားလေး သည် မိန်းကလေး တစ်ယောက် ကဲ့သို့ ပင် အဖော် ရလေသည် ။ သူ့ အမေ လျှော်ဖွပ် ထား သည့် အ ဝတ်အထည်များ ကို အိမ်ရှေ့ ကြိုးတန်း တွင် ထွက် ၍ လှန်း သည် ။ ထို အဝတ်များ ခြောက်ပြီလား ဆိုလျှင် အဝတ်တန်း မှ ရုတ်သိမ်း တတ်လေ၏ ။


သူ့ အမေ အလုပ် သွားလျှင် အိမ် မှာ တစ်ယောက် တည်း ကစား နေတတ်လေ၏ ။ ကလေး ချစ်တတ်သော ကျွန်မ က ဤ ကလေး နှင့် လှမ်း စကား ပြောရင်း သူ့ အမေ နှင့် ပါ သိကျွမ်း သွားရလေသည် ။ ထိုအခါတွင် သူ က သူ့ ဘဝ ဇာတ်လမ်း ကို ပြောပြ ပါ တော့သည် ။


သူ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများ သည် သူ တို့ သားအမိ ကို သူတို့ နှင့် အတူ နေ စေချင်ကြသည် ။ သူ က မနေလို ၊ ကုမ္ပဏီ တစ်ခု တွင် စာရေးမ လုပ်ပြီး သူ့ သားလေး ကို ရှေ့နှစ် တွင် ကျောင်း ထားရန် ရည်စူးသည် ။


အိမ်ထောင် နှင့် ဖြစ်စဉ် က မိဘ ထံ မကြာခဏ ပြန်လေ့ ရှိ သူ က အိမ်ထောင် ပျက် သောအခါ ၎င်း ဘာသာ တစ်အိုး တစ်အိမ် နေချင်လိုသည် ကို ကျွန်မ သည် စဉ်းစား မရပေ ။


မိန်းကလေး က လည်း ဖြစ်ပြန် ၊ ငယ်ရွယ်သူ လှပသူ ဖြစ် သဖြင့် ကျွန်မ က မိဘ နှင့် အတူ ပြန်၍ နေရန် ပြောပြမိပါ သည် ။  


“ မနေချင်ပါဘူး ၊ လွတ်လွတ်လပ်လပ် ပဲ နေချင်တယ် ” 


သူ က ဤသို့ပင် အဖြေ ပေးသည် ။


      •••   •••   •••   ••• 


တစ်ခါတလေ သူ သည် အလုပ် မှ ဆိုက်ကား နှင့် ပြန် လာ တတ်လေ၏ ။ တစ်ခါတလေ သုံးဘီးကား ၊ တစ်ခါတ လေ ပရိုက်ဗိတ်ကား ...


ကျွန်မ သည် သူ့ ကို မသင်္ကာ တော့ ။ အရပ် က လည်း သူ့ ကို မသင်္ကာ တော့ ။


သူ သည် ထာဝစဉ် လို ပင် အင်္ကျီ အဆင်ဆန်းဆန်းလေး များ ဝတ် တတ်လာသည် ။ အနည်းဆုံး ဆံညှပ် ၊ ဆံထိုးကလေးများ က အစ တစ်နေ့ နှင့် တစ်နေ့ မတူ ။ သို့သော် အဖိုးတန် ပစ္စည်းများ တော့ မဟုတ် ။ လုံချည် ဆိုလျှင် လည်း အပေါစား တစ်ကိုက် မှ ၂ ကျပ်တန် ၊ ၃ ကျပ်တန် ။


ထိုအတွင်း အရပ်သတင်း က ထွက် လာသည် ။


သူ သည် ကုမ္ပဏီ မှ ငွေထိန်းစာရေးကြီး နှင့် တိတ်တိတ်ပုန်း ဟူ၍ ။


အကွပ် မရှိသော ကြမ်း သည် ပရမ်းပတာ ဖြစ် တတ်သ လို အထိန်း မရှိသော မိန်းကလေး သည် လည်း ကြီးသည် ငယ်သည် မဟူ ပျက်စီး တတ်လေသည် ။ သို့သော် မိန်းကလေး တိုင်း တော့ မဟုတ်ပေ ။ ကိုယ့် ကိုယ် ကို ထိန်းသိမ်းပြီး မှဲ့ တစ်ပေါက် မစွန်းကြသူများ ဒုနှင့်ဒေး ။ အကျင့်သိက္ခာ ဆို သည် မှာ သံကွန်ချာ အုပ်ထား၍ လည်း မလုံလဲတတ်ပေ ။ ကိုယ့် ကိုယ် ကို ထိန်းသိမ်းခြင်း သည် အလုံခြုံဆုံး ပင် ။


ဤ ယုံကြည်ချက်ကြောင့်လား မသိ ကျွန်မ သည် သူ့ သတင်းကြောင့် ဖြင့် သိပ် ထူးခြား မသွားပါ ။


“ ဒီလိုပဲ ဖြစ်ရမှာပေါ့ ” ဟူ၍ပင် တစ်ကိုယ်တည်း ပြော မိ ပါသေးသည် ။


ငွေထိန်းစာရေးကြီး သည် မကြာခဏ ဆိုသလိုပင် သူ့ အိမ် သို့ လာ တတ်လေသည် ။


သူ နှင့် ငွေထိန်းစာရေးကြီး ကို ညဈေးတန်း တွင် လည်း ကောင်း ၊ ရုပ်ရှင်ရုံ ထဲ ၌ လည်းကောင်း ၊ မကြာခဏ တွေ့ ကြောင်း သတင်း ကို လည်း ကြား လာပါသည် ။  


“ အင်း ... အသက် က လည်း ငယ် ၊ ရုပ်ရည် က လည်း လှပ ၊ သားကလေး က ငယ်ငယ် ၊ ဝတ်ရေးစားရေး ကြောင့် မိန်းကလေး တစ်ယောက် တော့ ပျက်စီး သွားပြန်ပါပေါ့ ”


ထီးကလေး နှင့် လက်ဆွဲအိတ်ကလေး ကိုင် ကာ ရုံး မှ ပြန် လာတတ်သည့် သူ့ ကို မြင်လျှင် ကျွန်မ က ဤသို့ ပင်တွေးသည် ။


မကြာပါလေ သူ့ အိမ် သို့ လာနေကျ ငွေထိန်းစာရေး ကြီး ကိုယ်စား လူငယ် ခပ်ရွယ်ရွယ် တစ်ယောက် ကို ပြောင်း၍ တွေ့ ပြန်လေသည် ။


၎င်း လူရွယ် နှင့် လည်း ဈေးများ တွင် လည်းကောင်း ၊ ရုပ်ရှင်ရုံများ တွင် လည်းကောင်း အတူတူ တွေ့ကြောင်း သတင်း က ထွက် လာပြန်လေ၏ ။


မကြာပါလေ ... 


ယောက်ျား တစ်ယောက် ...


နောက် တစ်ယောက် ...


၆ လ လောက် အတွင်း ယောက်ျား က ဆယ်ယောက် မ က ...


မကြာခင် ... သူ ကျွန်မ တို့ အရပ် ထဲ က ပြောင်းရွှေ့ သွား ပါတော့သည် ။


မည်သည့် အရပ် ကို ပြောင်းရွှေ့သွားမှန်း မသိရ ။ သို့သော် စကော့ဈေး ထဲ ဝယ် မုန့်ဟင်းခါးစား နေကြ သော သူတို့ သားအမိ ကို ကျွန်မ က လည်း မုန့်ဟင်းခါး စား ရန် အသွား သွား၍ ဆုံ ကြတော့မှ သူတို့ ဗဟန်း သို့ ပြောင်း သွားကြကြောင်း သိရပါသည် ။  


“ ဟဲ့ သား ငရုပ်သီး သိပ် မစားနဲ့ ၊ မင်း က ခဏခဏ နေမကောင်း ဖြစ်တတ်တယ် ၊ ကျောင်း ခဏခဏ ပျက်တာ မကောင်းဘူး ၊ စာ ကြိုးစားစမ်းပါ ကွယ် ၊ မင်း စာ မတတ်ရင် ဆင်းရဲမယ် ၊ မင်း အဖေ က လည်း ဂရု စိုက် မှာ မဟုတ်တော့ ဘူး ”


“ ဪ ... သား - သား က ကျောင်း နေပြီလား ” 


ကျွန်မ က မေးလိုက်ပါသည် ။


“ ဟုတ်ကဲ့ အစ်မကြီး ၊ ဒီနှစ် ကျောင်း အဖွင့် မှာ အပ် လိုက်ပြီ ၊ သူ့ အဖေ ကလည်း ရန်ကုန် ပြောင်း ရတယ် ၊ သူ့ သား ကို ကျောင်းစရိတ် ထောက် တယ်လေ ”


“ ဪ ... သူ့ ရင်သွေး ပဲ ၊ သူ လည်း ခင်တွယ်မှာပေါ့ ။ ကြားရတာ ဝမ်းသာလိုက်တာ ၊ ဒါဖြင့် သားအမိ သားအဖ တွေ ပြန်ပေါင်း ထုပ် ကြပြီပေါ့လေ ”


“ ဝေးပါသေး အစ်မကြီး ရေ ... သူ့ မှာ ဟို မိန်းမ နဲ့ ကလေး ၃ ယောက် တောင် ၊ ကျွန်မတို့ သားအမိ က ဗဟန်း မှာ နေတာ ၊ သူ လာ ရင်တော့ သူ့ သား ကို မုန့်ဖိုးပဲဖိုး ပေး သွား တတ် ပါတယ် ၊ ကျွန်မ ကတော့ သူ့ အတွေ့ မခံပါဘူး ”


ကျွန်မ လည်း သူတို့ အကြောင်း တွေးရင်း သူတို့ သား အမိ ကို နှုတ်ဆက် ကာ ထွက် ခဲ့ပါသည် ။


“ သွားတော့မလား အန်တီ ၊ ကျွန်တော် တို့ အိမ် လာ လည်ပါဦး ”


သူ့ သားလေး သည် နှုတ်သွက်သွက်ကလေး ဖြစ်သလို ဥပဓိရုပ် ကလည်း ချစ်စရာလေး ပင် ။


မကြာခင်ပင် သူ့ အား ယောက်ျား တစ်ယောက် နှင့် အတူ ရုပ်ရှင်ရုံ ထဲ တွင် တွေ့ ရပြန်လေသည် ။


သူ က ရှေ့တန်း က ကျွန်မတို့ အိမ်သားစု က သူ့ နောက်တန်း က ကပ်လျက် ။  


သူ သည် ရုပ်ရှင် ကြည့်ရင်း သူ့ အဖော် ယောက်ျား ၏ ပခုံး ထက်ဝယ် သူ့ ဦးခေါင်းကလေး ကော ၊ တစ်ကိုယ်လုံး ပါ မှီ တင် ထားလေသည် ။ နှုတ် ကလည်း တတွတ်တွတ် နှင့် ။


သူ့ အတွက် စိတ် မကောင်း ဖြစ်ရမလား ၊ မဖြစ်ရ မ လားပင် ကျွန်မ တွေး မရပါ ။


မိန်းကလေး ၏ ဘဝ ကို တော့ နှမြောသည် ။ ဤရုပ် ဤရည် နှင့် သူ့အိုး နှင့် သူ့ဆန် တန်ရုံ တော့ ရ ရမည် မလွဲပေ ။


အပေါစား ဆန်အောင် မည်သည့် အတွက်များ ကိုယ့် ကိုယ် ကို ဖြစ်အောင် လုပ်ရသည် ကို ကျွန်မ က နား မလည်ပါ ။


လောက ဝယ် တစ်ခုလပ် ၊ တစ်လင်ကွာ မုဆိုးမ တွေ ဒု နှင့် ဒေး ။


တချို့လည်း နောက် အိမ်ထောင် ပြုကာ အိုးသစ်အိမ်သစ် နှင့် ။


လောက ဝယ် တင့်တင့်တယ်တယ် ထင်ထင်ပေါ်ပေါ် နေခြင်း သည် အထူးခြားဆုံးသော အရသာ မဟုတ်ပါလား ။


ထို့ထက် တစ်အိုးတစ်အိမ်ထောင် ဘဝသစ် ထူထောင် ကာ ပရိသတ် အလယ် ၊ ပွဲလယ် တင့်ခြင်းသည် ကျက်သရေ အပြည့် နှင့် မင်္ဂလာ မည်၏ ။


တချို့က လည်း ဖြစ်ရာ ဘဝ ဝယ် ဣန္ဒြေရရ နှင့် နေခဲ့ ကြသည် ။


မည်သို့ပင် နေနေ ဣန္ဒြေ ရှိခြင်း သည် မင်္ဂလာမည်ပေ၏ ။


သို့သော် ကျွန်မ သည် သူ့ ကို အပြစ် မတင်ရက်ပါ ။ အထူးသဖြင့် အော်လဂါ ကို ရင်းရင်းနှီးနှီး သိကျွမ်းခင်မင်ရ သော အခါ ထို အမျိုးသမီး ကို ပို၍ အပြစ် မတင်ရက်ပါ ။


လူတွေ သည် ပတ်ဝန်းကျင် ကြောင့် အခြေအနေ ပြောင်းလဲရသည် ဟု သာ ဆိုသည် ။


တချို့သည် ကောင်းသော ပတ်ဝန်းကျင် မှာ ကျင်လည်ရပြီး သူတို့ က အခြေအနေ ကို ပြောင်း၏ ။


တချို့သည် မကောင်းသော ပတ်ဝန်းကျင် မှာ ကျင်လည်ရပြီး သူတို့ အခြေအနေ က မပြောင်း ။


တယ်လည်း စဉ်းစားရ ခက် ပါကလား ။ 


ကျွန်မ က ဦးခေါင်း အရှုပ် ခံပြီး တွေး မိပါသည် ။


အော်လဂါ သည် မိကောင်းဖခင် သားသမီး ။ သူ့ ခင်ပွန်း သည် အစိုးရအရာရှိ တစ်ယောက် ဖြစ် လေသည် ။


အော်လဂါ ကိုယ်တိုင် ကလည်း အလုပ် လုပ်လေ သည် ။  


သူ သည် ဖော်ရွှေသည် ။ အပေါင်းအသင်း ကောင်း သည် ။ စိတ်ရင်း လည်း ကောင်းသည် ။ သူ ၏ ဝိသေသ မှာ ပါးနပ်လိမ္မာ လွန်းသည် ။


ဤ ဝိသေသ က ပင် သူ့ အဖို့ အန္တရာယ် ဖြစ်နေလေ၏ ။


သူ ၏ အလုပ် နှင့် ပတ်သက်သော အထက်လူကြီးများ ကို သူ က သင့်တင့်အောင် ပေါင်းရင်း သိပ် ရင်းနှီး သွားကြ လေသည် ။  


မကြာခင် အပုပ်နံ့ ထွက် လာခဲ့လေ၏ ။


သူ့ အလုပ်အကိုင် နှင့် ပတ်သက်သော အထက်လူကြီး ၊ သူ့ ယောက်ျား အလုပ်အကိုင် နှင့် ပတ်သက်သော အထက် လူကြီး အားလုံး သည် သူ ၏ ပေါင်းသင်းဆက်ဆံရေး နယ် ပယ် ဝယ် သူ ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာတော့သည် ။


၎င်း နောက် သူ ၏ လုပ်ဖော်ကိုင်ဘက် အလုပ်သမား များ ...


အားလုံး နှင့် သူ သည် တရုန်းရုန်း ဖြစ်နေလေတော့ သည် ။


လူ ဟူသည်မှာ သွေး နှင့် ကိုယ် ၊ သား နှင့် ကိုယ် ၊ အာသဝေါတရား ကုန်ခန်းသော ရဟန္တာ လည်း မဟုတ် ၊ ဦးချို ပါ သော သတ္တဝါလည်း မဟုတ် ။


အပုပ်နံ့များ က ထွက် လာကြပြန်သည် ။


လူ သည် မကောင်းသော အလုပ် ၌ ပျော်ပိုက်ကြလေ သည် ။  


အော်လဂါ သည် လည်း လူ ပင်တည်း ။ သူ့ စိတ် ကို သူ မထိန်းနိုင်ပေ ။


အော်လဂါ ၏ ခင်ပွန်း သည် ဇနီးသည် ကျင်လည်နေပုံ ကို မသိ မဟုတ် ။ သိ သော်လည်း မပြောရက် သဖြင့် ရေငုံ နေ ရရှာသည် ။


အလုပ်အကိုင် အတွက် ခင်မင်ရင်းနှီးအောင် ပေါင်း ရင်း သင်း ရင်း က ရေတိမ် နစ်ရခြင်း ကို ကျွန်မ သည် မည်သို့မျှ မဝေဖန်လိုပါ ။


သို့သော် လင် နှင့် သား နှင့် လူများ ကျတော့ ကံကြမ္မာ က ဝင်၍ ထိန်းသိမ်း ပေးပြီး လင် က မယားငယ် ယူ သွားသ ဖြင့် စိတ်လေလွင့် သွားသည့် လူ ကို တော့ ကံကြမ္မာ သည် မြေနိမ့်ရာ လှံ စိုက် တတ်လေသည် ။


မကြာမီက အော်လဂါ သည် သားကလေး တစ်ယောက် မွေးဖွားခဲ့လေသည် ။


အော်လဂါ ခင်ပွန်း သည် ၎င်း ကလေး ကို သူ့ ခြံ ထဲ ဝင် သူ့ နွား ဟူ၍ မှတ်သားလိုက်ပုံ ရလေ၏ ။  


သို့သော် ထို ကလေး ၏ မျက်နှာ သည် မည်သူ နှင့် ချွတ်စွပ် တူသည်ဟူ၍ လည်းကောင်း အတင်းအဖျင်းများ ကား လေထဲ ဝယ် ပျံ့လွင့်၍ နေလေ၏ ။  


ကျွန်မ သည် အော်လဂါ ကို မတွေ့ဖူးပါ ။ အော်လဂါ နှင့် အလုပ် အတူ တူ လုပ်သော ကျွန်မ ၏ သူငယ်ချင်း မှ တစ်ဆင့် အော်လဂါ ၏ သတင်း ကို ကြား ရခြင်း ဖြစ်ပါသည် ။


တစ်နေ့တွင် မမျှော်လင့်ဘဲ အော်လဂါ ကို ယောက်ျား တစ်ယောက် နှင့် အတူ ရုပ်ရှင်ရုံ တစ်ခု တွင် တွေ့ရလေသည် ။


ကျွန်မ သူငယ်ချင်းမ က ကျွန်မ ကို အော်လဂါ နှင့် မိတ်ဆက် ပေးပါ၏ ။


အော်လဂါသည် ဣန္ဒြေရရ ပင် ဝတ်စား ထားလေ သည် ။ အင်္ကျီလက်ရှည် ၊ မြန်မာရက်အချိတ်ထဘီ နှင့် ...  


အော်လဂါ တို့ သည် ၅ ကျပ်တန်း သို့ ဝင် သွားလေ သည် ။


“ အဲဒါပေါ့ ကွ သူ့ ဒါရိုက်တာ ဆိုတာ ၊ အဘိုးကြီး မှာ သားကြီး သမီးကြီး ရှိတယ် ၊ သူ့ မိန်းမ က မကျန်းမာဘူး ”


ကျွန်မ နား ထဲဝယ် ကျွန်မ သူငယ်ချင်း ပြောပြသော အော်လဂါ ၏ အကြောင်း နှင့် ကျွန်မ မျက်စိ ထဲ ဝယ် အော်လဂါ ၏ ဣန္ဒြေ ရပုံ သည် စပ်ဟပ်၍ မရအောင် ရှိနေပါသည် ။


ရုပ်ရှင် မှ အပြန် လမ်း တွင် မမျှော်လင့်ဘဲ တစ်လင်ကွာမလေး ကို သူ့ သား နှင့် အတူ မြင် လိုက်မိတော့ ကျွန်မ ရင် သည် မတုန်စဖူး သိမ့်ခနဲ ဖြစ် သွားရပါသည် ။


တစ်လင်ကွာမကလေး ဆံပင်များ သည် နီရဲပြီး တွန့်တွန့်လိမ်လိမ် နှင့် လေထဲ ဝယ် ခပ်ပေါပေါ ပျံနေပါသည် ။ အပေါစားလုံချည် ၊ အပေါစားအကျီကလေး နှင့် မျက်နှာ က လည်း ရဲ လို့ ၊ ပြာ လို့ ၊ အဆီ ပြန် လို့ ။


မည်သို့ပင် ဖြစ်စေ ကျွန်မ သည် သားတစ်ယောက် နှင့် လင် ၏ စွန့်ပစ်ခြင်း ခံရသော အပေါစားမကလေး ပျက်စီး ရ ရှာသည် ကို မည်သို့မျှ မကဲ့ရဲ့ ရက်ပါ ။


မြေ နိမ့်ရာ လှံစိုက်ခြင်း ကို မူ ခံပြင်း လှပါ၏ ။


◾နီနီယဉ်


📖  သွေးသောက်မဂ္ဂဇင်း

        ၁၉၆၅ ၊ ဧပြီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment