Wednesday, October 5, 2022

နင် နေတဲ့ နေရာ ငါ သွားတော့ ငါ နေတဲ့ နေရာ နင် ရောက်နေတယ်


 

❝ နင် နေတဲ့ နေရာ ငါ သွားတော့ ငါ နေတဲ့ နေရာ နင် ရောက်နေတယ် ❞

အခန်း  ၊ ၁  ၊

မိုး က လည်း သည်းသည်းမည်းမည်း ရွာ နေတဲ့ အချိန် ။ မှောင် က လည်း မှောင် နေတယ် ။ မှောင် တာ တောင် ရိုးရိုး မှောင်တာ မဟုတ်ဘူး ။ အချိန်အခါ မဟုတ်ဘဲ တော်တော်ကြီး ကို မှောင်နေတာ ။ ငါ  က မှောင် ရင် ကြောက်တယ်လေ ။ ကြောက်တော့ သီချင်း အော် ဆို လာ တာပေါ့ ။

“  xxx ခေါင်း မှာ ဒက်တွေ ပေါက်တယ် xxx ပွေးပါ ပေါက်ရင် ခက်မယ် xxx အပျင်းထူ မင်း ဟာ ပြုပြင် အကောင်းဆုံး ပေး xxx မယ့် အကြံ ”

လမ်းလျှောက်ရင်း သရဲ ခြောက်တယ် ဆိုတဲ့ အိမ် နား ကို ရောက် လာ တယ် ။ ' ရှိန်းခနဲ ရှိန်းခနဲ ' ပဲ ကြက်သီးတွေ က ထ ထ လာတယ် ။ မိုး ရွာ ကြီး ထဲ မှာ နားထင်ကြောတွေ ပူထူ လာတယ် ။ အရမ်း ကို နာမည် ကြီး တဲ့ သရဲ ခြောက် တဲ့ အိမ်နား က နေ ဖြတ် ကို ဖြတ် ရမယ်လေ ။ မဖြတ်လို့ မှ မရတာ ။ အဲ့ဒါမှ ငါ့ အိမ် ကို ရောက် မှာလေ ။ တဖြည်ဖြည်း နဲ့ အိမ်နား ကို ရောက် လာတယ် ။ မိုး က လည်း ပို ရွာ လာတယ် ။ အိမ်ဘေး ကို အရောက် -

“  ဂျိမ်း ”

“  အောင်မလေးဗျ ”

ကြောက်ပါတယ် ဆိုမှ မိုး က ထ ခြိမ်းနေသေး ။

“ ဟီး .... ဟီး ..... ဟီး  ... ဟီး.......”

“ ဟာ .. ရယ် သံ ဘယ် က ရယ်သံ လဲ ။ အိမ်နား က ဖြတ် တော့ သရဲ ရယ်သံ ပဲ နေ မှာ ။ အောင်မလေးဗျ ”

မျက်လုံး ထဲ မှာ အစွယ်ဖွေးဖွေး ။ ဆံပင် အရှည်ကြီး ဖားလျား ချပြီး မျက်လုံး နက်နက်ကြီး နဲ့ ။ သရဲမ ကို တန်း မြင်တာ ။ ယောက်ျားလေးတွေ များ တယ် ခက်တယ် နော် ။ မြင် မယ့် မြင် သရဲထီး တွေ မြင်ပါလား ။ အာရုံ ထဲ မှာ မြင်မိ မြင်ရာ မြင် မိတော့လည်း ။ ဘယ်လိုပဲ ဖြစ်ဖြစ် သရဲ ဆို တာ ကြောက်စရာ အကောင်ကြီး မှန်း သိ လိုက်ရတဲ့ အချိန်မှာ ။ စိတ် ထဲ မှာ တွေး မိ လိုက်တဲ့ ခဏ မှာ ။

“  အား ... ”

“  ဝေါ … ဝေါ …. ”

မိုး ကလည်း သည်းသည်းမည်းမည်း ရွာချ နေတယ် ။ ငါ က လည်း ကြောက်လန့်တကြား နဲ့ အော်ပြီး ခြေကုန်သုတ် ပြေးဖို့ ဟန်ပြင် လိုက်တဲ့အချိန်

“  ဖျတ် ဖျတ် ဖလပ် ဂျိမ်း ”

လျှပ်စီး လက်ပြီး မိုး က ထ ခြိမ်းတဲ့ အချိန်မှာပဲ အိမ်ကြီး ထဲ မှာ အရိပ် တစ်ခု ကို ငါ လှမ်း တွေ့ လိုက်ရတယ် ။ လူတွေ ပြောပြော နေတဲ့ သရဲ ။ အဲ့ဒါ နင် ပဲလေ ။ နင် က တော့ မှတ်မိမလား မသိဘူး ။ နင့် ကို တွေ့ လိုက်ရတဲ့ အချိန်လေး တဒင်္ဂလေး ပါ ပဲ ။ နှလုံးသွေးတွေ ရပ်တန့် သွားတယ် ။ အသက် ရှူ တွေ ရပ်တန့် သွားသလိုပဲ ။ နင့် ရဲ့ ဆန့်တန်း လာ တဲ့ လက် နှစ်ဖက် လျှပ်စီး အလက် မှာ ဖြူဖွေးပြီး နုဖတ် နေတာပဲ ။ ငါ ရဲ့ မျက်နှာတွေ ချက်ခြင်း လိုလို ပဲ မိုးရွာကြီး ထဲ မှာ သွေးဆုတ်ပြီး ဖြူဖွေး သွားသလို ထင်မိသွားတယ် ။ နင် ရယ် လိုက်တဲ့ အချိန် ခဏလေး ။ ရင်တွေ တဒိန်းဒိန်း ခုန် လာတယ် ။ ရှေ့ တိုး ရမလို နောက် ဆုတ် ရမလို နဲ့ ကမ္ဘာမြေကြီး ရဲ့ဆွဲအားလေး တစ်ခု က ငါ့ ရဲ့ ခြေ အစုံ ကို အတင်း ပဲ ဖက်တွယ် ထားတယ် ။

“  ဖျတ် ဖျတ် ဖလပ် ဂျိမ်း ”

နောက်ထပ် တစ်ကြိမ် မိုး ထ ချိမ်းတဲ့ အချိန် မှာ ပဲ နင့် ကို ငါ ချစ်မိ သွားတယ် ။

အပိုင်း  ၊ ၂  ၊

အဲ့ဒီ  အိမ် က လည်း သရဲ ခြောက်တယ်လေ ။ သိတဲ့ အတိုင်းပဲ လူ ပြော များ ၊ သူပြောများ တာ ကတော့ သရဲ အရမ်း ခြောက်တယ် တဲ့ ။ နင် ပဲ ခြောက် လား ဘယ်သူပဲ ခြောက်လား ငါ မသိဘူး ။ ဒါပေမယ့် ဘယ်သူ သွားသွား အဲ့ဒီ အနား က သရဲ ခြောက်တယ် ဆိုတဲ့ အသံ ပဲ ကြား ရတယ် ။ အရမ်းပဲ ဆိုးတယ် တဲ့ ။ တစ်ခါတုန်း က လူပြော များသေးတယ် ။

ည အချိန်မတော် မိတ်ကပ် ဖန်တီးရှင် ကြည်ကြည် တစ်ယောက် နင် နေ တဲ့ အိမ် အနား ကနေ ဖြတ် သွားတာလေ ။ မိတ်ကပ်ဖန်တီးရှင် ဆိုတာ သိတဲ့ အတိုင်းပဲ ၊ လက် ထဲ မှာ မိတ်ကပ်ဘူးတွေ နှုတ်ခမ်းနီတွေ အစုံ ထည့် ထားတဲ့ သေတ္တာလေး တစ်ခု လက် က ဆွဲ ထားတာပေါ့ ။ နင် နေတဲ့ အိမ် အနား လည်း ရောက်ရော ခြောက်ခြားဖွယ်ရာ ရယ်သံကြီး ထွက် လာပြီး လက် ထဲ က အလှပြင်တဲ့ သေတ္တာ ကို ဆွဲ သွားတာ တဲ့ ။ မိတ်ကပ်ဖန်တီးရှင် တစ်ယောက် ကြောက်ကြောက် နဲ့ အော် ငိုပြီး ပြေးတာ ။ သူ နေတဲ့ နေရာ ကို ဘယ်လို ရောက်လို့ ရောက်မှန်း ကို မသိခဲ့ဘူး တဲ့ ။

အဲ့ဒါက တစ်မျိုး ၊ နောက် တစ်ခါ ကတော့ ။ ရောင်နီ နဲ့ သြလေး တို့ နှစ်ယောက် လေ ။ ည အချိန် မတော် မူးပြီး ပြန် လာကြတာ ။ ရောင်နီ ဆို တာ က လည်း သိတဲ့ အတိုင်းပဲ ရောက်တဲ့ နေရာ သူ က သတင်းပို့ နေကြ ။ ဩလေး ကတော့ ဘေးနား က အေးဆေးပဲ တစ်ယောက် တည်း သောက ရောက်နေတဲ့ သူ တစ်ယောက် ။ နှစ်ယောက်သား မူးမူး နဲ့ လမ်းလျှောက် လာတာ ။ ဘေးဘီ ဝဲယာ လည်း မကြည့် ။ နင် နေ တဲ့ အိမ် အနား ကို သူတို့ နှစ်ယောက် ရောက် လာတယ်လေ ။ အဲ့ဒီ အချိန် မှာ ပဲ ဩလေး တစ်ယောက် အပေါ့ သွားချင် လာတယ် ။ ရောင်နီ က လည်း မူးနေတော့ ဘေးဘီ မကြည့် ဖြစ်ဘူးလေ ။ အမှန်တော့ ရောင်နီ လည်း အပေါ့ သွားချင်နေတာ ။ အဖော် မရှိ လို့ တစ်ယောက်တည်း ငေါင်းစင်းစင်း ဖြစ်နေတာ ။ ဩလေး က အဖော် လာ စပ်တော့ ခွင်ပဲ ဟ ဆိုပြီး ခွင့်ပြုတာ ။ ပြီးတော့ နှစ်ယောက် သား ပန်းသလား မေပျို လုပ် ကြတာပေါ့ ။ ကိစ္စဝိစ္စ ပြီးသွားတော့ ရောင်နီ တစ်ယောက် မူးမူး နဲ့ အပျင်းကြော ကောက် ဆန့်လိုက်တာ ။ မှေး နေတဲ့ မျက်လုံး ရုတ်တရက် ပြူး သွားတယ် ။ ပြီးတော့ ဘေးနား မှာ ရှိတဲ့ ဩလေး ကို အသာ လက် ကုတ် လိုက်ပြီး

“ ဩလေး … ”

“  ဝေ့ ”

“  ဟိုမှာ ကြည့်စမ်း ”

“ ဘာလဲကွာ …. မင်း ကလည်း ..”

“  မင်း က မလည်းနဲ့ ဟိုမှာ ကြည့် ”

ရောင်နီ လက်ညိုး ထိုး ပြတဲ့ နေရာ ကို သြလေး လှမ်း ကြည့် လိုက်တာ သောက်ထားတဲ့ အရှိန်လေး တောင် ပြေ သွားတယ် ။ ဟုတ်တယ်လေ ။ ရောင် နီ လက်ညိုး ထိုး ပြတဲ့ နေရာ က နင် ရှိတဲ့ နေရာ လေ ။ နင် က အရှေ့တည့်တည့် ကနေ ခါးကြီး ထောက် ပြီးတော့ ရှုတည်တည် အကြည့် နဲ့ ကြည့် နေတာ ။

“  ရောင်နီ ရေ ”

“ သြလေး ရေ ”

“  ပြေး .... ဟေ့ .... ပြေး ဟ ....”

သြလေး နဲ့ ရောင်နီ တို့ နှစ်ယောက် ညာသံ ပေးပြီး ပြေးကြတာ အမူးတွေ  တောင် ပြေ သွားရောတဲ့ ။ ပါးစပ် က လည်း အော်ကြသေးတယ် ။

“  သရဲ ဗျို့ သရဲ … သရဲမကြီး ဗျ ”

အခန်း  ၊ ၃  ၊

သွယ်တန်းလှပသော လက်အစုံ ညီညာသော သွားတန်းလေးတွေ ။ ရွှန်းလဲ့တဲ့ မျက်ဝန်းလေးတွေ ဖမ်းစားခဲ့တဲ့ ငါ့ နှလုံးသား ကို အပိုင် ယူသွားတဲ့ ..

“  အဲ့ဒီ အိမ် ကို မသွားနဲ့ ... သရဲခြောက်တယ် ”

ကြောက် ပေမယ့် လည်း သွား ရတယ် ။ ခြောက် ပေမယ့် လည်း သွား ရတယ် အဲ့ဒီ အိမ် မှာ နင် ရှိတယ်လေ ။ နင့် ကို ခေါ်တဲ့ နာမည် ကို ငါ လေ အရမ်းပဲ ခံစားရတယ် ။ ဘာတဲ့

“  သရဲမ ” တဲ့ ။

အခန်း  ၊ ၄  ၊

“  ဒမ်းဒီးဒီး ဟိုက်ရေး...ဒမ်းဒီးဒီး ရေး... မင်း ဘယ်မှာလဲ ... ချစ်လေး ”

ငါ ပျော်နေတယ် ။ နင် ဘယ်မှာလဲ ။ နင် က ငါ့ ရဲ့ တစ်ယောက် သော သူ လေ ။ နင် မသိတဲ့ အချိန် မှာ ငါ နင့် ကို လာလာ ခိုး ကြည့်နေတာ နင် တော့ မသိဘူးလေ ။ နင် က ဘယ် သိမလဲ ငါ နင့် ဆီ လာတဲ့ အချိန်က နေ့ခင်းဘက် ကြီး ကို ။ နင် က ညဘက် မှ ထွက်တဲ့ ချစ်စရာ သရဲမလေး လေ ။ နင့် ဆီ ကို ငါ လေ ညဘက် တိုင်း လာချင်ပေမယ့် လာခွင့် မရှိဘူး ။ ငါ့ ကို တားဆီးပိတ်ပင်မယ့် သူတွေ က အရမ်း များတယ် ။ နင် ရှိတဲ့ နေရာ က မြေ ကြမ်းတယ် တဲ့ ။ လူတိုင်း ပြောပြော နေကြတာ ။ ငါ့ ကို လည်း အရူး တဲ့ ။ အချစ် ကြောင့် ရူးတာ  ရူးပလေ့စေ ။ လူတိုင်း ဟာ အချစ်ကြောင့် ရူးသွပ် သွားကြတယ် တဲ့ ။ နင့် ဆီ ကို ဒီ ည ငါ လာခဲ့မယ်လေ ။ နင် စောင့် နေနော် ။ ဘယ်သူတွေ ဘယ်လို ပဲ တားတား ငါ ဂရုမစိုက်ဘူး ။ ငါ အခု လာပြီနော် ၊ နင် စောင့်နေ ။

“  ကိုယ် လာပြီ မင်း ဆီ ကို .... ငါ လာမယ် မင်း အနားသို့ ”

နင် နေတဲ့ အိမ် နား ကို ငါ ရောက်လာပြီ လေ ။ အိမ် က ထူးဆန်း နေတယ် ။ လာနေကျ ပုံစံ နဲ့ မတူဘူး ။ တစ်ခုခု ထူးခြား နေ သလိုပဲ ။

“ ဟား .. ဟား .... ဟား ... ဟား … ဟား ”

ကြောက်စရာ ကောင်းတဲ့ ရယ်သံကြီး ။ ယောက်ျား အရင့်အမာကြီး တစ်ယောက် အားရပါးရ ရယ်လိုက်တဲ့ အသံကြီး ။ ငါ နင့် ကို စိုးရိမ် သွားတယ် ။ နင် ဘာ ဖြစ်နေပြီလဲ ။ငါ နင့် ဆီ အပြေးကလေး လာခဲ့တယ် ။ ခြေထောက် က မြေကြီး နဲ့ ထိမိလား ၊ မထိမိလား မသိ ။ နင် နေ တဲ့ အိမ်ရှေ့ မှာ –

“  ဟဲ့ သရဲမ ၊ နင် ထွက်လာခဲ့စမ်း ၊ ခု ချက်ချင်း လာ ”

“  ဟီး ... ဟီး ... ဟီး .... ဟီး .... ”

အူလှိုက်သည်းလှိုက် ရယ်လိုက်တဲ့ အသံကြီး ။ ဒီ ရယ်သံ က နင့် အသံမှန်း ငါ မှတ်မိတယ် ။ နင် ဒုက္ခ မရောက်ပါစေနဲ့ ။ ငါ ဆုတောင်း ပေးနေတယ် ။ ဘုရားစာတွေ လည်း စိတ် ထဲ ကနေ ကြိတ်ပြီး ရွတ်မိ နေလို့ပေါ့ ။ ငါ မှား သွားမှန်း အဲ့ဒီ အချိန်က မသိသေးဘူး ။ နင် က လူ မဟုတ်ဘူးလေ ၊ ဘုရားစာ ရွတ်ရင် အရမ်း ကြောက်တာ ငါ မေ့ နေခဲ့တယ်လေ ။ ငါ ရွတ်တဲ့ ဘုရားစာ က နင့် ကို ခြိမ်းခြောက်ပြီး ခေါ် နေတဲ့ သိုက်ဆရာ လိုလို ဘာလိုလို လူကြီး အတွက် အထောက်အကူ ဖြစ် သွားစေမှန်း ငါ မသိခဲ့ဘူး ။ အခုတော့ နင် က ငါ့ မျက်စိ ရှေ့မှာ လေ ။

“ ဟင်းဟင်း .. အခုတော့ နင် ဘယ် ပြေးချင်သေးလဲ သရဲမ ၊ ငါ မိ ပြီလေ ဟင်း ဟင်း ဟင်း ”

သိုက်ဆရာ လိုလို ဘာလိုလို လူ ရဲ့ အသံနက်ကြီး ငါ ကြား လိုက်ရတယ် ။ မကြားချင်ခဲ့ဘူးလေ ။ အဲ့ဒီ စကား ကို  ၊ ဒါပေမယ့် မကြားချင်လည်း ကြား ခဲ့ရတယ် ။ နင် ရှိရာ ကို ငါ ရောက်လာခဲ့တော့ ။

“ ဟာ .... ”

ငါ အံ့သြမိတယ် ။ နင့် ကို မတွေ့ရဘူး ။ သိုက်ဆရာကြီး ရဲ့ အရှေ့ မှာ လူ တစ်ယောက် ကို ကြိုး နဲ့ တုပ်ထားသလိုမျိုး ပုံစံပဲ တွေ့ ရတယ် ။ နင့် ကို တော့ မတွေ့ရဘူး ။ ငါ ထင်မိတယ် ။ နင့် ရဲ့ ပျက်ယွင်းနေတဲ့ ပုံစံ ကို ငါ့ ကို မမြင်စေချင်တာ ငါ ရိပ်မိပါတယ် ။ ငါ ဆုတောင်းပေးပါတယ် ။

“ နင် အမြန် ပြန် လွတ်ပါစေ ”

နင့် ကို ငါ က တွေ့ချင်နေခဲ့ တဲ့ သူ လေ ။

အခန်း  ၊ ၅  ၊

သိုက်ဆရာ မြင့်ဝင်း တစ်ယောက် ကတော့ စန်းတွေ ပွင့် နေတာပေါ့ ။ သရဲခြောက်တယ် ဆိုတဲ့ အိမ်ကြီး က နေ သရဲမ ကို ဖမ်း ပေးလိုက်တယ် ဆိုပြီးတော့ လေ ။ သူ့ တပည့် လင်းခေတ်ဇော် ဆိုရင်

လမ်း လျှောက်ရင် မြောက်ကြွ မြောက်ကြွ နဲ့ မြေကြီး နဲ့ ခြေ က ထိ သလိုလို မထိ သလိုလို ။ သူတို့ နှစ်ယောက် ကို ပြောသံ ကြားရတာတော့ –

“ နှစ်ဆောင်ပြိုင် ကို ဆရာ နိုင်ပြီ တဲ့ ”

ဘာလဲတော့ မသိဘူး ။ သေချာတာတော့ နင် ရှိ တဲ့ အိမ် အနား မှာ လူတော်တော် စည် သွားတယ် ။ ည ဘက် ဆို လည်း သရဲ ခြောက်တယ် ဆိုတဲ့ အသံ မကြားရတော့ဘူး ။ ငါ လည်း နင့် ကို မတွေ့ ရတော့ဘူး ။

တစ်ည ပေါ့ ။ နင့် အိမ် အနား က ငါ ဖြတ်သွားတုန်း ၊ ရိပ်ခနဲ အရိပ် တစ်ခု ဖြတ် သွားတဲ့ ပုံ တွေ့လိုက်ရတယ် ။ နင့် ကို ချုပ်ထားတဲ့ နေရာ တစ်ခု လို့ သတ်မှတ်ထားတဲ့ နေရာ နား ကပဲ ။ သိုက်ဆရာ မြင့်ဝင်း က သေသေချာချာ စည်းတွေ ဘာတွေ တားပြီး နင့် ကို ချုပ် ထားတာပဲ ။ ဘယ်သူ မှ လာလို့ မရအောင် တား ထားသေးတယ် ။ လူ တစ်ယောက်ပါ  ။ လူ မှ လူ စစ်စစ် သေချာ ကြည့် မှ သိုက်ဆရာ မြင့်ဝင်း ရဲ့ တပည့် လင်းခေတ်ဇော် ။

အရက် တွေ လူမှန်း သူမှန်း မသိအောင် သောက်ပြီး နင့် ကို ဖမ်းချုပ် ထား တဲ့ နေရာ နား ကို ရောက် သွားတယ် ။ အဲ့ဒီ အချိန်မှာပဲ ထူးဆန်းတဲ့ အဖြစ်အပျက်လေး တစ်ခု ။

လင်းခေတ်ဇော် တစ်ယောက် ရုတ်တရက် ပဲ လေ ပေါ် ကို အလိုလို မြောက် တက်သွားတယ် ။ ဘာကြောင့် မြောက်တက် သွားလည်း ငါ မသိဘူး ။ ငါ လည်း စဉ်းစားလို့ မရဘူးလေ ။ နင် တို့ ပရ

လောကသားတွေ ရဲ့ ကိစ္စ ငါ က မသိခဲ့ဘူးလေ ။ လင်းခေတ်ဇော် ပြန် အကျ မှာ နင့် ကို ဖမ်းချုပ် ထားတဲ့ စည်းတွေ ကို ထိပြီး စည်းတွေ ပျက်သွားတယ် ။ သေချာတာတော့ နင် လွတ်လပ်သွား ပြီ လေ ။ ငါ ပျော်သွား တယ် ။ ဒါပေမယ့် နင် က အရမ်း ဆိုးတယ် ဆိုပြီး နာမည် ကြီး တော့ နင် နောက်တစ်ခါ အဖမ်း ခံရမှာကိုပဲ ငါ စိုးရိမ်မိတယ် ။ ငါ စဉ်းစားလို့ မရတာ လင်းခေတ်ဇော် တစ်ယောက် ဘာကြောင့် အပေါ် ကို မြောက်တက် သွားသလဲ ဆိုတာပဲ ။

သေချာတာ တစ်ခု ကတော့ အဲ့ဒီ အိမ်ကြီး ထဲမှာ နင့် အပြင် တခြားဘယ်သူတွေများ ရှိ နေသေးလဲ ။ ငါ တွေးရင်း ကြက်သီးတွေ ထ လာတယ် ။ ပြီးတော့ ပြီးတော့ … ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့

ဘဝ နှစ်ခု ကို ယှဉ်တွဲ ပြီး မြင်မိသွားတယ် ။ ဘယ်လိုမှ မအပ်စပ်တဲ့ ဘဝ နှစ်ခု ။

တစ်ခု က လူဘဝ ၊ တစ်ခု က နာနာဘာဝ ။

မဖြစ်သင့်တာတွေ မဖြစ်အောင် ၊ လူအများ လည်း အကြောက်တရားတွေ ကင်း လာအောင် ဆုံးဖြတ်ချက် တစ်ခု ကို ခိုင်ခိုင်မာမာပဲ ငါ ချလိုက်တယ် ။

အခန်း  ၊ ၆  ၊

နောက်တစ်နေ့ မနက် ရောက်လာတော့ တစ်မြို့လုံး ကို လိုက်လံ ဆော်ဩ ပေးတယ် ။ ပြီးတော့ အပေါင်းအပါ တစ်ချို့ နဲ့ ပရိက္ခရာ ရှစ်ပါး ဝယ်ပြီး မြို့တစ်မြို့လုံး ကို ဒီနေ့ တရားပွဲ ရှိပါတယ် ၊ လာဖြစ်အောင် လာခဲ့ပါ နေရာ က သရဲခြောက်တယ် ဆိုတဲ့ အိမ် အနားမှာ ပါ လို့ တစ်အိမ် တက် တစ်အိမ်ဆင်း လိုက် ပြောမိတယ် ၊ ကား နဲ့ တစ်မျိုး ခြေကျင် တစ်သွယ် ပေါ့ ။

အဲ့ဒီလို နဲ့ ညနေ ဘက် ရောက်လာ ရော ၊ မြို့ထဲ က အသိ အများအပြား နဲ့ တရားဟော စင်ကြီး က လည်း ခမ်းနားလို့ ။ မြို့နယ် ထဲ က ဆရာတော်တွေ အကုန်လုံး ကို ဖိတ်ထားတော့ ဆရာတော်တွေ လည်း အများကြီး ပေါ့ ။ တရားနာ ဧည့်ပရိတ်သတ် က လည်း အတော်အသင့် စုံနေပြီ ။ တဖြည်းဖြည်း နဲ့ ည ( ၇ ) နာရီ ထိုး လာတော့ အတော်အတန် မှောင်နေပြီ ။ တရားနာ ပရိတ်သတ် အချို့ကတော့ တီးတိုး တီတိုး နဲ့ ။ တရားပွဲ မှာ နှစ်ခြမ်း ခြမ်းထား တာ ကို လည်း တရားနာပရိတ်သတ် အချို့ မသိ ။ တကယ်တော့ နှစ်ခြမ်း ခြမ်း ထားတာက တစ်ဖက် က အိမ် အတွင်း က သရဲမလေး နဲ့ အပေါင်းအပါ တို့ လို ပရလောကသား တွေ အတွက် တစ်ဖက် ကတော့ တရားနာ ဧည့် ပရိတ်သတ်တွေ အတွက် ပေါ့ ။ အလည် မှာ တော့ ကြိုး တား ထားတယ် ။ ‘ တစ်ဖက် အခြမ်း သို့ မကူးရ ’ ဆိုပြီးတော့ လည်း စာ ရေး ထားသေးတယ် ။

တရားပွဲ စ ချိန် မှာ သက်ကြီးဝါကြီး ဆရာတော် တစ်ပါး က -

“  ကဲ .. ကဲ ... အိမ် အတွင်း က ပရလောကသား အပေါင်းတို့ တရားနာ ရန် လာကြ ” ဆိုပြီး သုံးကြိမ် ခေါ် လိုက်တယ် ။

ဆရာတော်ကြီး က ဖိတ်ခေါ် လိုက်တော့ တရားနာပရိတ်သတ် အချို့ ကြောက်လန့် ကုန်ကြတယ် ။ လှုပ်လှုပ်ရှားရှားတွေ ဖြစ် ကုန်ပြီး တချို့ က ထ ပြန် မလို ဖြစ်ကြတယ် ။ ဒါကို ဆရာတော်ဘုရားကြီး က –

“ ဒကာ ဒကာမ အပေါင်း တို့ မကြောက်ကြပါနဲ့ ။ သူတို့တွေ ဘယ်လို အန္တရာယ်  မှ မပြုပါဘူး ”

ဆရာတော်ဘုရားကြီး က မိန့် တော့ တရားနာပရိတ်သတ် တွေ အတော်အသင့် ငြိမ် သွားကြတယ် ။ တစ်အောင့် ကြာတော့ အိမ် အတွင်း က လေ တိုးသံတွေ ကြား လိုက်ကြရတယ် ။ သူတို့ အတွက် ထား ပေးထားတဲ့ နေရာတွေ မှာလည်း မြေပြင် က အတန်အသင့် ရှုပ်ပွ လာတယ် ။ မိနစ် အနည်းငယ် ကြာပြီး တဲ့ အချိန် မှာ ဆရာတော်ဘုရားကြီး က ‘ အာနာပါနကမ္မဋ္ဌာန်း ’ ကို စီးဖြန်း နေတယ် ။ တစ်နာရီ လောက် ကြာ သွားတဲ့ အချိန်မှာ ပဲ ကမ္မဋ္ဌာန်း ကို ရပ် ထားလိုက်တယ် ။

ပြီးတော့ ဆရာတော် က ငါးပါးသီလ ချီးမြှင့် ပေးတယ် ။ ငါးပါးသီလ ချီးမြှင့် ပေးပြီးတော့ သရဏဂုံ တရားတော်မြတ် ကို ဟောကြား ချီးမြှင့် ပေးတယ် ။ သရဏဂုံတရားတော်မြတ် ကို နာယူ မှတ်သား ရသော အခါ တရားတော် ဆုံး ၍ တရားနာ ပရိတ်သတ်အပေါင်း တို့ က သာဓု အနုမောဒနာ ခေါ်ဆို ကြတယ် ။

“ သာဓု သာဓု သာဓု ”

အဲ့ဒီ အချိန်မှာပဲ အိမ် အထဲ ကနေ ကြောက်လန့်တကြား အော်လိုက်တဲ့ အသံတွေ ၊ ငါ့ နား နှစ်ဖက် ကို တင်းတင်းကြပ်ကြပ် ပိတ် ထား လိုက်တယ် ။ နင့် ရဲ့ ငိုညည်းသံတွေ ငါ မကြားလိုဘူး ။ ဘုန်းတော်ကြီးတွေ ရဲ့ ပရိတ် ရွတ်ဖတ်သံ တွေ ။ ကမ္မဝါဖတ်သံ တွေ ။ နင် ဘယ်လောက် ခံစားရမယ် ဆိုတာ ငါ မတွေးလိုဘူး ။ နောက် ... နင် နေတဲ့ အိမ် အထဲ က နေ ဘာသံ မှ မကြားရတော့ပဲ တိတ်ဆိတ် သွားတယ် ။ နင် ငြိမ်းချမ်းရာ နေရာလေး တစ်ခု ကို ရောက်သွားမယ် လို့ ငါ ထင်မိတယ် ။ အရိပ် တစ်ခု ။ အိမ် ထဲ က နေ အရိပ် တစ်ခု ။ နင့် ရဲ့အရိပ်လေး ငါ တွေ့ လိုက် ရတယ် ။ ငါ နင့် ဆီ ကို လာမယ် ။ အခု လာမယ် ။

“ ဟေ့ ကောင်လေး မသွားနဲ့ ”

ဘယ်သူ တားတား ငါ နောက် မဆုတ်ဘူး ။

နင့် ဆီ ကို ငါ လာခဲ့မယ် ။

နင့် အိမ်ဘက် ကို ငါ အပြေးလေး သွား လိုက်တော့ လူ အချို့ရဲ့ အသံတွေ ။ အသံတွေ ။

“ စည်း ပေါက်သွားပြီ ”

“ ပြေးဟေ့ … ပြေးဟ ... ”

“  ဒီ သရဲမ က ဆိုးတယ် ဟ ... ပြေး ဟ ”

လူတွေ ဝရုန်းသုန်းကား ထွက်ပြေး ကုန်တယ် ။ ငါ ဂရုမစိုက်ဘူး ။ ထူးထူးခြားခြား ပါ ပဲ ။ နင့် ဆီ က နေ ပြောင်းလဲသွားပုံစံလေး တစ်မျိုး ။ နင် နေလို့ ကောင်းသွားတဲ့ ပုံစံလေး တစ်ခု ငါ တွေ့ လိုက်တယ် ။ နင် ငါ့ အနား ကို ရောက်လာတယ် ။

ငါ လည်း နင့် အနား ကို ရောက် သွားတယ် ။ တစ်ယောက် နဲ့ တစ်ယောက် မတွေ့ရတာ ကြာ တဲ့ ပုံစံမျိုး နဲ့ နင် ငါ့ ကို တွေတွေဝေဝေ လေး စိုက်ကြည့် နေတယ် ။ အနားက လူတွေ လည်း မရှိကြတော့ဘူး ။ နင့် ရဲ့ လက်ကလေး ကို ငါ ဆုပ်ကိုင် ထားမိတယ် ။ အေးစက်စက် ခံစားမှု အထိ အတွေ့ လေး ခံစား မိလိုက်တယ် ။ နင် နေလို့ မှ ကောင်း ရဲ့လား ။

“ တရားနာ ပရိတ်သတ် အပေါင်း နှင့် တကွ ပရလောကသား အပေါင်းတို့ အမျှ ပေးဝေတော့ မှာ မို့ အားလုံး လိုက်ရွတ်ကြပါ ”

ဆရာတော်ကြီး ရဲ့အသံ ထွက်ပေါ် လာတယ် ။ ပြီးတော့ ဆရာတော်ကြီး က ရှိရှိသမျှ အထက်အောက် စကြာဝဠာ အတွင်း အပြင် မှာ ရှိတဲ့ နတ်ဒေဝါ ၊ ပြိတ္တာ ၊ အသူရကယ်များ နှင့် တကွ အိမ် အတွင်း မှ ပရလောကသားများ ၊ ဖုတ် ၊ သရဲတစ္ဆေ ၊ မှင်စာ ပါ မကျန် ခေါ်ဆိုပြီး အမျှ ပေးဝေ လိုက်တာပေါ့ ။

ဆရာတော်ကြီး အမျှဝေ သာဓု ခေါ် ဆို ပြီး အချိန် မှာ ပဲ အိမ်ဘက် အခြမ်း မှာ စူးရှတဲ့ အလင်းရောင်တွေ ပျံ တက်ပြီးတော့ ပျောက်ကွယ် ကုန်တာ ကို တရားနာပရိသတ်အပေါင်း တို့ မျက်ဝါးထင်ထင် တွေ့မြင် လိုက်ကြရတယ် ။ နင် နဲ့ ငါ လည်း တွေ့ လိုက်ရတယ် ။ အလင်းရောင်တွေ စူးရှလွန်း အားကြီးလို့ တချို့သူတွေ တောင် မျက်လုံး ကို လက်ကလေးနဲ့ ကာ ပြီး ကြည့်ရတယ် ။

အလင်းရောင်တွေ ပျောက်ကွယ်သွားတော့ မှ ဆရာတော်ကြီး က -

“ ကဲ ဒကာတို့ တွေ့မြင်ကြတဲ့ အတိုင်းပဲ ။ ကျွတ်ချိန် တန်တော့ ကျွတ်လွတ် သွားကြပြီ ။ သူတို့ ကတော့ ကောင်းတဲ့ ဘုံ ဘဝ ကို ရောက် သွား ကြပြီ ”

အဲ့ဒီ အချိန် မှာပဲ နင့် ရဲ့ လက်ကလေး ကို ကိုင်ထားတဲ့ ငါ့ လက်ကလေး ကို လွှတ် လိုက်တယ် ။ ပြီးတော့ အပေါ် ကို ပျံတက် သွားတဲ့ အလင်းရောင်တွေ ကို လက်ညိုး ထိုး ပြပြီး

“ သူများတွေ ကျွတ်လွတ်ကုန်ကြပြီလေ ၊ သာဓု ကို အားရပါးရ ခေါ် လိုက်ပါကွာ ”

ပြောရင်း နဲ့ မျက်ရည် တစ်စက် ပေါက်ခနဲ ကျသွားတယ် ။ နင် က ငါ့ မျက်ရည် ကို သုတ်ဖို့ လက်ကလေး လှမ်း လာ ခဲ့တယ်လေ ။ နင် က ရီဝေဝေ အကြည့်လေး နဲ့ စိုက် ကြည့်ပြီး ခေါင်း ခါတယ် ။ ငါ အံ့သြသွားတယ် ။

“ ငါတို့တွေ က အခြေအနေ မတူဘဲ ဘဝတွေ ခြား နေကြတယ်လေ ။ လူ့ ဘ၀ ပြန် ရောက်ရင် ငါတို့ တွေ့ ကြမယ်လေ ”

နင် က ခေါင်းခါ ပြန်တယ် ။ ငါ နင့် ကို ရွှန်းလဲ့ တဲ့ မျက်လုံးတွေ နဲ့ စိုက် ကြည့်လိုက်ပြီး လွှတ်ခနဲပါပဲ ။ တကယ့် ကို လွှတ်ခနဲ ပါ ပဲ ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စကား တစ်ခွန်း ထွက် သွားတယ် ။

“ နင့် ကို ငါ ချစ်တယ် ”

ပြီးတော့ မျက်ရည်တွေ ပေါက်ခနဲ ကျ လာတယ် ။ နောက်ဆုံး နင့် ကို သေသေချာချာ စိုက် ကြည့်ပြီး ပြောလိုက်တဲ့ စကား တစ်ခွန်း -

“  ငါ့ ကို ချစ် ရင် သာဓု ခေါ် ပေးပါ ”

နင် မျက်လုံးတွေ ပြူးစက်ဝိုင်းကျယ် သွားတယ် ။ နင့် ဆီ က ဘယ်လို မှ မမြင်နိုင်တဲ့ ရီဝေတဲ့ အကြည့် နဲ့ ဝေ့သီ လာတဲ့ မျက်ရည်လေးတွေ ၊ ငါ မြင်တွေ့ လိုက်ရတယ် ။ အဲ့ဒီ အချိန်မှာပဲ ဆရာတော်ဘုရားကြီး ရဲ့ နောက်ဆုံး အမျှဝေသံ ကို ကြား လိုက်ရတဲ့ အချိန် မှာပဲ နင့် နှုတ်ခမ်း နှစ်လွှာ က လှုပ်ရှား လာတဲ့ စကားသံ အချို့ ကို ငါ ကြားလိုက်မိ သလိုလို မကြားမိ သလိုလို ။ နင် တဖြည်းဖြည်း နဲ့ ငါ့ မျက်စိ ရှေ့က နေ ပျောက်ကွယ်သွားတယ် ။

မျက်ရည် တစ်စက် ပေါက်ခနဲ မြေပြင် ပေါ် ကို ကျဆင်း သွားတယ် ။

ကြောက်လန့်ပြီး
ရွတ်မိတဲ့ ဘုရားစာတွေ
နင် ငါ့ အနား ကို ကပ်လာမှာ စိုးလို့ ။

သိုက်ဆရာတွေ
ငါ မတားခဲ့ချင်ဘူး
နင့် ကို မတွေ့ရမှာ စိုးလို့ ။

မေတ္တာ ပို့ပြီး ၊ အမျှ မဝေချင်ဘူး
နင် ပျောက်ကွယ်သွားမှာ စိုးလို့ ။

အခန်း  ၊ ၇  ၊

နောင် အနှစ် သုံးဆယ် ကြာတဲ့ အချိန် မှာ ပေါ့ ။ သရဲ အရမ်း ခြောက်တယ် ဆိုတဲ့ အိမ်ကြီး ကို လာ ဝယ်တဲ့ သူဌေးမိသားစု တစ်စု ရောက်လာတယ် ။ အဲ့ဒီ သူဌေးမိသားစု မှာ အသက် နှစ်ဆယ့်ငါးနှစ် ခန့် သမီးလေး တစ်ယောက် လည်း ပါလာတယ် ။ အဲ့ဒီ အိမ် ကိုရောက်ရောက်ချင်း သူ ပြောတဲ့ စကား က -

“ ဒီ အိမ် မှာ သမီး နေခဲ့ဖူးသလိုပဲ မေမေ ”

သူဌေးမကြီး မျက်လုံး က ပြုးစက်ဝိုင်းကျယ် သွားတယ် ။ ငါ ကတော့ အိမ်ကြီး ရဲ့ အတွင်းဘက် တစ်နေရာ ကနေ နင့် ကို ပြုံးပြုံးကြီး စိုက် ကြည့် နေမိတယ် ။

◾အောင်ဂျူး

📖 တစ်ယောက် တစ်ဘဝ ( ၃ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment