Wednesday, October 12, 2022

လောက်


 

❝ လောက် ❞

ကျုပ် အသက် ခြောက်ဆယ် ရှိပြီ ။ ဖြတ်သန်းခဲ့တဲ့ ဘဝ ကို လည်ပြန် ကြည့်ရင် နွမ်းပါး ပေမယ့် သိက္ခာ ရှိရှိ ရုန်းကန် ခဲ့တာမို့ ကျေနပ်မိတာ အမှန်ပဲ ။

ဒါပေမယ့် ရှေ့ဆက်ပြီး ရှင်သန်ရဦးမယ့် အချိန် အတွက် စိုးရိမ် မကင်း ဖြစ်နေမိတယ် ။ အဲသလို ပြောမှ ပြည့်စုံမယ် ။

ကျုပ် မှာ က ကျုပ် မိန်းမ မသီ နဲ့ သမီး ချည်း လေးယောက် ရှိတယ် ။ ကျုပ် သမီးလေးတွေ က သိပ် ရိုးသား လိမ္မာကြတာ ။ ပြီးတော့ ကျောင်းစာ လည်း ဖြစ်ထွန်း ကြတယ် ။ ကျုပ် နဲ့ မသီ တို့ က ရှစ်တန်း တောင် မှ မအောင်ပေမယ့် သမီးလေးတွေ က ဆယ်တန်း အောင် ကြ ၊ ဘွဲ့ ရ ကြ နဲ့ ဂုဏ်ယူ နေရတယ် ။ သည်တော့ သမီး တွေ ရဲ့ဘဝ ဟာ ကျုပ် ဘဝ ၊ သမီး တွေ ရဲ့ မျှော်လင့်ချက် ဟာ လည်း ကျုပ် ရဲ့ မျှော်လင့်ချက် ပါ ။

ကျုပ် ရင် ထဲ တုန်လှုပ်လေးလံမိတယ် ဆိုတာ က လည်း ကျုပ် သမီးလေးတွေ နဲ့ သက်ဆိုင်မယ် ။ ပြော ရရင် ရှက်တယ် ။ ပြီးတော့ အော့နှလုံး နာ လှတယ် ။

တတ်နိုင်ပါဘူး ။ ကိုယ့် ဘဝ ကိုယ့် အကြောင်း ကိုယ့် ပေါင် ကိုယ် လှန် ထောင်း လိုက်တော့မယ် ။ ဒါပေမယ့် ကျုပ် မှာ စေတနာ တစ်ခု ၊ တာဝန်သိမှု တစ်ခု နဲ့ ပြောတယ် ဆိုတာ တွေး မိကြမှာပါ ။

မန္တလေး ဟာ ဟိုတုန်းက မန္တလေး မဟုတ်တာ သတိ ထား မိကြရဲ့ လား ။ မန္တလေးသား တွေ တအိအိ နဲ့ ပြိုဆင်း အန်ထွက် လာတော့ ကျုပ် တို့ လည်း ဇနပုဒ်သား ဘဝ က အလိုလို နေရင်း ဆင်ခြေဖုံးသား တွေ ဖြစ် လာကြတယ် ။ တစ်ပိုင်း တစ်စ မန္တလေး ဖြစ်လာပေမယ့် လူသစ်တွေ သိပ် မရောသေးတဲ့ ကျုပ်တို့ အရပ် မှာ သူ ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ဆိုတာ အချင်းချင်း သိ ပြီးသား ။

ပြီးတော့ ကျုပ် က မီးရထားဌာန မှာ ကားဒရိုင်ဘာ လုပ်ရင်း ပင်စင် ယူတော့မယ့် လူ ။ ဗဟုသုတ မရှိလို့ ကျုပ် ရင်ဘတ် ဘယ်ဘက်ခြမ်း မှာ ကျုပ် နှလုံးသား ရှိတယ် ဆိုတာကို မသိရင် ရှိမယ် ။ မန္တလေး ဘယ် ရပ်ကွက် မှာ ဘယ် အမျိုးအစား တည်ခိုခန်း ရှိတယ် ဆိုတာ က အစ ၊ ဘယ်လမ်း မှာ ဘယ်လို ပွဲစား ရှိတယ် ဆိုတာ အလယ် ၊ ဘယ်နေရာမှာ ဘယ်ဈေး ပေးရတဲ့ ဗြူတီပါလာ ရှိတယ် ဆိုတာ အဆုံး အကုန် သိ ၊ အကုန် နှံ့တယ် ။

သိဆို ကျုပ်တို့ မီးရထား ဆိုတာ က ဌာနကြီး တစ်ခု မဟုတ်လား ။ ဝါသနာပေါင်းစုံ ရှိတဲ့ အရာရှိပေါင်းစုံ ရဲ့ လိုရာ လိုက် ပို့ ပေး နေရတဲ့ ဒရိုင်ဘာ လေ ။ သောက်စားမူးယစ် ကြရင်း ကြည့် ကြတဲ့ ကာရာအိုကေသီချင်း ကပွဲ တွေ မှာ နှစ်ရာတန် ဆုတော်ငွေ ပန်းကုန်းတွေ တဂျိန်းဂျိန်း ချ နေတဲ့ ခပ်ရမ်းရမ်း အရာရှိတွေ နဲ့လည်း အတူ လိုက် ကြည့်ဖူးရဲ့ ။ ဘယ်နှယ့် ဗျာ ။ သို့ပေမယ့် ကျုပ် က ကားဒရိုင်ဘာ အဘိုးကြီး မဟုတ်လား ။ မသိ နားမလည်တဲ့ သတ္တဝါ တစ်ကောင် လို နေ လိုက်တယ် ။

တစ်ခါတစ်ရံ တော့ အဲဒီလို နေရာမျိုး မှာ ကျုပ် ရဲ့ငယ်သူငယ်ချင်းတွေ နဲ့ တွေ့တတ်တယ် ။ မသီ နဲ့အကြောင်း မပါခင် ဟိုး လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ် လောက် က ကျုပ် က အင်္ဂလိပ် လက်ဝှေ့ ကစားသမား ပေါ့ ။ ဟိုတုန်းက ရေတပ် က ကစားတဲ့ ကျွဲကြီး ဆိုတာ ကျုပ် ပါပဲ ။ သူငယ်ချင်းတွေ က တွေ့ လိုက်ရင် ဘာ လုပ်နေသလဲ ၊ အဆင်ပြေရဲ့လား နဲ့ မေးရင်း အူယားဖားယား နှုတ်ဆက်ကြတယ် ။ သူတို့ မှာတော့ စီပွားရေးသမားကြီးတွေ ဖြစ်တဲ့ သူ ဖြစ် ၊ နေရာ ရတဲ့ သူ က ရ နဲ့ ။ တောက်တောက်ပပ ဖြစ် နေကြပေမယ့် ခပ်နွမ်းနွမ်း ဖြစ်နေတဲ့ ကျုပ် ကို ရင်းနှီး နွေးထွေးကြဆဲ မို့ သိမ်ငယ်စိတ်တွေ ကြား က ပီတိ ဖြစ်မိပါ ရဲ့ ။

ဘာပဲ ဖြစ်ဖြစ်ပေါ့ ။ ကိုယ့် ဘဝ ကို ပြန် တွေး လိုက်တော့လည်း ကျေနပ်မိသား ။ ကျုပ် မိန်းမ မသီ က မီးရထား အလုပ်သမားတန်းလျား မှာ နေရတဲ့ ကျုပ်တို့ အိမ်လေး မှာ ပဲ အဖီလေး ထိုးပြီး လက်ဖက်ရည်ဆိုင် ဖွင့် ထား တယ် ။ သမီး တွေ က ကျောင်းအားချိန်တွေ မှာ သူတို့ အမေဆိုင် ကို လက်ချ ညီညီ နဲ့ ဝိုင်း ကူကြတယ် ။ သူ့ ဝင်ငွေ နဲ့ သူ မပိုလျှံပေမယ့် အကြွေး ကင်းတယ် ။ သမီးတွေ ကို ကျောင်း ထား နိုင်တယ် ။ သမီးတွေ ကလည်း စကား နားထောင် ကြတော့ စိတ်ချမ်းသာ ရတယ် ။ ကျုပ် တစ်သက် သမီးတွေ ကို ရိုက် ဆုံးမဖို့ မဆိုထား နဲ့ ၊ အသံ မာမာ နဲ့ တောင် မအော်ငေါက်ဖူးဘူး ။

တစ်ခုတော့ ရှိရဲ့ ။ တက္ကသိုလ် ဒုတိယနှစ် တက် နေတဲ့ အေးရီဝင်း ဆို တဲ့ နို့ညှာမ က တော့ နည်းနည်း ဆန်းတယ် ။ သည် ကောင်မလေး က သမီး တွေ ထဲ မှာ ရုပ်ရည် အပြေပြစ်ဆုံး ။ ပြီးတော့ သီချင်းဆို ဝါသနာ ပါ လိုက်တာ လည်း လွန်ရော ။ ကျုပ်တို့ အရပ် မှာ လုပ်တဲ့ ကထိန်ပွဲ တို့ ၊ သင်္ကြန်ပွဲ တို့ ဆိုရင် အေးရီဝင်း က အဆိုတော် ပေါ့ ။ သည်လောက် ဝါသနာ ကြီးရတဲ့ အထဲ သူ့ အမ ဝမ်းကွဲ ကျုပ် တူမ ခင်ကြည်ထွေး က မြှောက်ပင့် ပေးတော့ ပို ဆိုးတာပေါ့  ။ ခင်ကြည်ထွေး က မဂ္ဂဇင်းတွေ မှာ စာတိုပေစလေးတွေ လည်း ရေးတယ် ။ ဟိုစပ်စပ် သည်စပ်စပ် လည်း ပါ တတ်ရဲ့ ။ ကျုပ် ကတော့ ကျုပ် တူမ ကို ငထွေး လို့ ခေါ်တယ် ။ ငထွေး က ယောက်ျားလေး တစ်ယောက် လို အားလည်း ကိုးရတယ် ။

ငထွေး က ပြောတယ် ။ သူ့ ညီမလေး အေးရီဝင်း ရဲ့အသံ က အဆို တော် ကော်နီ ရဲ့ အသံ ထက် တောင် ချော သေးသတဲ့ ။ သက်သက် မြှောက်တာ ။ သည်တော့ အေရီဝင်း က ရောဂါ မတက် ခံ နိုင်ရိုးလား ။ ဒါပေမယ့် ကျုပ် သမီး အကြောင်း ကျုပ် ကောင်းကောင်း သိတယ် ။ အနုပညာ ဝါသနာ ကြီးတာ က လွဲလို့ လောက အကြောင်း ဘာ မှ နားမလည် ရှာသေးတာ မဟုတ်ဘူး ။

ကျုပ် သမီး မှ မဟုတ်ပါဘူး ။ ကျုပ် သူငယ်ချင်း သိန်းမောင်ကြီး ရဲ့ သမီးလေး “ ကြီးမ” လေးလည်း ဒီ အတိုင်းပဲ ။ လောက အကြောင်း နားမလည် ပါးမလည် နဲ့ ရေတိမ် နစ် ရှာတယ် ။

သည် အကြောင်း ပြန် တွေးမိတိုင်း ရင် နာလှပါရဲ့ ။

    •••••   •••••   •••••   •••••

သိန်းမောင်ကြီး က ကျုပ် လိုပဲ မီးရထားစက်ရုံ က အလုပ်သမား ၊ ပြီးတော့ သူ က ကလေး ငါးယောက် အဖေ ၊ မုဆိုးဖို ၊ သိန်းမောင် မိန်းမ ဆုံးခဲ့တာ ငါးနှစ် လောက် ရှိ ရော့မယ် ။ ကြီးမ က သမီး အကြီးဆုံး ဆိုတော့ မိသားစု စားရေး သောက်ရေး ကိစ္စ မှန်သမျှ သူ့ တာဝန် ချည်းပဲ ။ အရွယ် နဲ့ မမျှ လုပ် ရ ရှာတယ် ။ သည်ကြား ထဲ သိန်းမောင် က အလုပ် မှန်မှန် မဆင်းနိုင်ဘူး ။ ကျန်းမာရေး မကောင်းတော့ ဆေးရုံ နဲ့ အိမ် ကူးချည် သန်းချည် ၊ သည်တော့ လခလေး က ဘယ်မှာ လာပြီး အပြည့်အဝ ပါ လာတော့မလဲ ။ မိသားစု ထမင်း လုတ် အတွက် ကြီးမ တစ်ယောက် ရှာရဖွေရ  ရော ။ 

အစ ကတော့ ကျုပ် တို့ အရပ် ထွက် သီးနှံတွေ ဖောက်သည် ယူပြီး တရုတ်တန်းဈေး လိုက် ရောင်းတယ် ဆိုပြီး သွားလာ နေတာ တွေ့ ရတယ် ။

နောက်တော့ မန္တလေး က မုန့်တိုက် တစ်ခု မှာ မုန့် ထုပ်ထုပ်တဲ့ အလုပ် ရ သလိုလို ပြောသံ ကြားရဲ့ ။ အလုပ် မှာ အဆင်ပြေ လို့ နဲ့ တူတယ် ။ သပ်သပ် ရပ်ရပ် ဝတ်စား သွားလာ နေတာ တွေ့ရတယ် ။ မှတ်မှတ်ရရ တစ်ကြိမ် တော့ ကျုပ်တို့ အရပ်သား ခင်မောင်ရင် ဆို တဲ့ ခပ်လည်လည် ကောင်ရဲ့ ဆိုင်ကယ် နောက် မှာ ထိုင် လိုက်သွားတာ တွေ့ မိရဲ့ ။

တစ်ခါတစ်ရံ အလုပ် ကိစ္စ နဲ့ မန္တလေး သွားရတဲ့ အခါ လမ်းပေါ် မှာ ကား စောင့် နေတဲ့ ကြီးမ ကို တွေ့ရင် ကျုပ် လည်း ကျုပ် ကား နဲ့ တင် ခေါ်ခဲ့တာ ပါပဲ ။ သူ့ အလုပ် က မန္တလေး အဝင် လူချမ်းသာတွေ နေတဲ့ နာမည်ကြီး ရပ်ကွက်သစ် နား မှာ ရှိလို့ နဲ့ တူပါရဲ့ ၊ မြို့ဝင် သံလမ်း ဆိုရင် သူ ဆင်းသွား လေ့ ရှိတယ် ။

တပို့တွဲလ ရဲ့ နေ့ တစ်နေ့ မှာ ပေါ့ ။ ဆောင်းတွင်း မှာ ချွေးသီးချွေးပေါက် ကျတဲ့ အထိ ခံစား ထိခိုက်ခဲ့ရတယ် ။ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး ကြီးပွား နေတဲ့ ကျုပ် သူငယ်ချင်း တစ်ယောက် က ကျွေးချင်မွေးချင်လှချည် ရဲ့ ဆိုပြီး ခေါ် လို့ အတူ လိုက်သွားရာ က စ တာပါပဲ ။ အဆင့်အတန်း မြင့်လှတဲ့ အဲဒီ စားပွဲရုံ ရဲ့ အမည် နဲ့ နေရာ ကို မပြောတော့ပါဘူး ။

ကျုပ် ထိုင် နေတဲ့ နေရာ ရဲ့ ဟိုဘက် စားပွဲ မှာ ကြီးမ ကို အံ့အားသင့်စွာ လှမ်း မြင်လိုက်ရတယ် ။ ရှိုးတောင့်တောင့် ထိပ်ပြောင်ပြောင် လူ တစ်ယောက် ထိုင် လို့ အာလူးကြော် ခွံ့ကျွေး နေလေရဲ့ ။ ရိသဲ့သဲ့ ပြည်တည်တည် အသံတွေ နဲ့ အတူ ဘောက်ဆူး ချ ဈေးခေါ်သံတွေ လည်း ကြား ရရဲ့ ။ ကျုပ် မျက်လုံး မမှားဘူး ၊ အကြိမ်ကြိမ် ပွတ်သပ်ပြီး ကြည့် မိတယ် ။ ကျုပ် လည်ချောင်း ထဲ မှာ စားခါ စ ခေါက်ဆွဲကြော် တစ်မျှင် နှစ်မျှင် က နင် လိုက်တာလေ ။

ဟိုဘက် စားပွဲ ကို ကြည့်ပြီး မျက်ပြူးဆန်ပြာ ဖြစ်နေတဲ့ ကျုပ် အမူအရာ ကို သူငယ်ချင်း က သတိထား မိတယ် ။ စားပွဲထိုးလေးပါ ကွာ တဲ့ ။ ကောင်မလေး ကို စိတ်ဝင်စား သလား ။ ငါ ခေါ်ပေးမယ်လေ တဲ့ ။ ပြောပြော ဆိုဆို သမီးရေ ... အန်ကယ်တို့ ဘက် လည်း ဂရုစိုက်ပါဦး တဲ့ ၊ လှမ်း ခေါ်တယ် ။ ခဏနေတော့ ကြီးမ ကျုပ်တို့ စားပွဲ ဘက် ကူးလာတယ် ။ အလို မြတ်စွာ ဘုရား ။ ကျုပ် ရင်တွေ တုန်လိုက်တာ ။

“ အ ” လိုက်တဲ့ ကြီးမ ။ ကျုပ် အနား ရောက်ခါ မှ ကျုပ် ကို မြင်ပြီး ပါးစပ် အဟောင်းသား နဲ့ ငိုင် ကျ သွားတယ် ။ မသိတဲ့ သူတွေ လို ခပ်တည်တည် နေ လိုက်ပါတယ် ။

“ ဘကြီး က သမီး ကို ခေါက်ဆွဲကြော် ကျွေးချင် လို့ ပါ ။ ဒီမှာထိုင် အေးအေးဆေးဆေး စားပါ  ”

ကြီးမ ဘာမှ မပြောနိုင်ဘူး ။ ခေါင်းငုံ့ပြီး ခေါက်ဆွဲတွေ တစ်ဇွန်း ပြီး တစ်ဇွန်း ပါးစပ် ထဲ ထည့်တယ် ။ ပြီးတော့ ဝါး စားဖို့ သတိ မရတော့ဘဲ ဇွတ် အတင်း မျိုချ နေလေရဲ့ ။ သူ့ ခမျာ ခေါက်ဆွဲတွေ နဲ့ အတူ သူ့ ရဲ့ အရှက် အကြောက်တရားတွေ ကို ပါ မျိုချ နေရရှာတာပါ ။ အနက်ရောင် ချယ်သ ထားတဲ့ သူ့ မျက်ဝန်းမှာ မျက်ရည်တွေ နဲ့ စိုစွတ်နေတာ ကျုပ် မြင် နေရတယ် ။ ခုချိန်မှာ တော့ မငိုမိအောင် ထိန်းထား လိုက်ပါဦး သမီးရယ် လို့ ရင် ထဲ က ပြော မိတယ် ။ ယောက်ျား တန် မဲ့ မျက်ရည် မကျပေမယ့် အသည်း ထဲ မှာ ကျဉ် နေအောင် ခံစား နာကျင် နေမိတယ် ။

အိမ်ပြန် ရောက်တဲ့ အထိ တနုံ့နုံ့ စိတ်မကောင်း ဖြစ်လို့ နေတယ် ။ သည်အကြောင်း သမီးတွေ လည်း မပြောဘူး ။ မသီ ကို လည်း မပြောဘူး ။ မနေနိုင်တာ နဲ့ စပ်စပ်စုစု ရှိလှတဲ့ ကျုပ် တူမ ငထွေး ကို တော့ ခေါ် မေးမိ ၊ ပြော မိတယ် ။ ငထွေး က ကျုပ် ပြောသမျှ အထူးအဆန်း မဟုတ်တော့ သလို ခပ်အေးအေး နား ထောင်တယ် ။    

“ ဦးလေး ခုမှ သိသလား ၊ ဒီ ကိစ္စ မှာ ကြီးမ မမှားပါဘူး ဦးလေး ရာ ။ ကာလပေါ် သရုပ်မှန် ပုံပြင် တစ်ပုဒ် လို့ သဘော ထားတာပေါ့ ။ ဒါပေမယ့် ဒီလို ရုပ်ပျက်ဆင်းပျက် ဇာတ်ထုပ်ပေါင်း များစွာ ကို ဒေါသ ဖြစ်စေတဲ့ ဒေါသ ဖြစ် ရမယ့် လူတွေ ရှိတယ် ။ စက်ရုံ ထဲ က ထွက် သွားတဲ့ ခင်မောင်ရင် ဆိုတဲ့ သူ ကို ဦးလေး သိတယ် ဟုတ်လား ။ သူ က ကြီးမ တို့ လို ရိုးရိုးအအ နဲ့ ငွေတွင်း နက် နေ ရှာ တဲ့ ကလေးမလေး တွေ ကို ရှာဖွေ စုဆောင်း ပေး နေတဲ့ လူပွဲစား လေ ”

ငထွေး ကို ငေး ကြည့်နေမိတယ် ။ ငထွေး က အောက်နှုတ်ခမ်း ကို သွား နဲ့ တစ်ချက် ဖိ ကိုက်လိုက်တယ် ။ ငထွေး က ခြောက်ကပ်ကပ် ရယ်ရင်း ထွက် သွားတယ် ။ ကျုပ် ဘာ ထပ် ပြောရမလဲ ။ ငေး နေမိတယ် ။ ကျုပ် ဘာမှ ထပ် ပြောဖို့ မကောင်း တော့ဘူး ။

    •••••   •••••   •••••   •••••

ပြော ရရင် ခံပြင်းစရာ ကောင်းတယ် ။ တစ်နေ့ မှာ တော့ ခင်မောင်ရင် ဆိုတဲ့ ကောင် နဲ့အတူ လူ တစ်ယောက် ၊ ကျုပ် လက်ဖက်ရည်ဆိုင် ထဲ ကို ယာမဟာဆိုင်ကယ်ကြီး အခန့်သား စီး လို့ ရောက် လာတယ် ။ အချိန်က မနက် ဆယ်နာရီ လောက် ဆိုတော့ ဆိုင် ထဲ မှာ လူ ရှင်းနေတယ် ။ အဲဒီနေ့ က ငထွေး လည်း သူ့ အတွက် စာအုပ်စင်လေး ရိုက်ချင်လို့ ဆိုပြီး သစ်သားချောင်းတွေ တပွေ့ကြီး နဲ့ ရောက်လာတယ် ။ မသီ က ဆေးပေါ့လိပ် သောက် လို့ ။ အငယ်ဆုံးမ နို့ညှာမ အေးရီဝင်း က ငွေကောင်တာ မှာ ထိုင် လို့ ။ 

ပထမ တော့ ဒီကောင်တွေ ကျုပ် ဆိုင် ကို လက်ဖက်ရည် လာ သောက်ကြတာပဲ ထင် တာ ။ ဒါပေမယ့် မဟုတ်ဘူး ။ ကိုယ်တော်ချောတွေ က ကျုပ် နဲ့ တွေ့ချင်လို့ ဆိုပြီး ကျုပ် ရှေ့ လာ ထိုင်တယ် ။ ပြောပါ ဘာကိစ္စလဲ ပေါ့ ။

ကျုပ် မှာ လူမှုရေး မညံ့ပါဘူး ။ လက်ဖက်ရည် နဲ့တောင် မှ ဧည့်ခံ လိုက်သေးရဲ့ ။ ခင်မောင်ရင် က ပြောတယ် ။ 

ဦးလေး သမီး အေးရီဝင်းလေး သီချင်း ဆို ကောင်းတာ ကျွန်တော် သိ ထားတယ် လေ တဲ့ ။ ကိုယ့် အရပ်သားချင်း ဆိုတော့ သူ့ ဝါသနာလေး မြေတောင်မြှောက် ပေးချင်ပါသတဲ့ ဦးလေး တို့ လည်း စီးပွားရေး အဆင် ပြေ သွားစေချင် သတဲ့ ။ ကျွန်တော် နဲ့ အတူ ပါလာတဲ့ ကိုကျော်ကျော်လွင် ရဲ့ တည်းခိုခန်း က ကာရာအိုကေသီချင်း ကပွဲ မှာ ဦးလေး သမီး ကို အဆိုတော် ခန့် ချင်လို့ ပါတဲ့ ။

“ ဟာ .. မဖြစ်ပါဘူး ။ ငါ့ သမီး ကို မခိုင်းပါဘူး ”

ကျုပ် ချက်ချင်း ပြန် ပြောလိုက်တယ် ။ ကျုပ် မျက်နှာ တင်းခနဲ ဖြစ် သွားပြီး ကျပ် တူမ ငထွေး ကတော့ သစ်သားချောင်းတွေ ဘေးမှာ ထိုင်ရင်း မျက်မှောင် ကုပ်ပြီး လှမ်း ကြည့်တယ် ။ ကျုပ် သမီး အေးရီဝင်း က တော့ မျှော်လင့်ချက် တစ်ခု ကို လှစ်ခနဲ တွေ့ လိုက်ရသလို သူ့ရဲ့ မျက်လုံးရွဲကြီးတွေ နဲ့ ကျုပ် ကို တောင်းပန်သလို ကြည့်တာ သတိထား မိတယ် ။ ခင်မောင်ရင် ဆိုတဲ့ အကောင် က တက်တက်ကြွကြွ ထပ် ပြောနေပြန်ပြီ ။

လခ ချည်း နှစ်ထောင် နဲ့ စ ပေးမှာပါ တဲ့ ။ ပွဲကြည့်ပရိသတ် က သဘော ကျလို့ ဘောက်ဆူး ချရင်လည်း ငါးဆယ် ရာခိုင်နှုန်း ခံစားခွင့် ပြုမှာ ပါတဲ့ ။ သူ အောင်မြင်ရင် အောင်မြင် သလို တိုး ပေးပါမယ် တဲ့ ။

“ ငါ့ တူ တို့ .. ဦးလေး ဧည့်ခံတဲ့ လက်ဖက်ရည် ကို သောက်ပြီး ပြန်ကြ ရင် ကောင်းမယ် ကွာ ။ ငါ့ သမီး ကို လုံးဝ မခိုင်းဘူး ။ ဦးလေး ဒါပဲ ပြောမယ် ”

ကျုပ် စိတ် တို လာပြီ ။ သစ်သားပုံ နား ထိုင် နေတဲ့ ငထွေး တစ်ယောက် နှစ်တစ်လက်မ အသားတစ်ချောင်း ကိုင် ပြီး ကျုပ် နား လာရပ်တယ် ။ 

“ ဦးလေး က သမီး ကို စိတ်မချလို့ နဲ့ တူတယ် ။ ဒီခေတ် မှာ ဒီ အလုပ်မျိုး လုပ်ကိုင်နေကြတဲ့ မိကောင်းဖခင် သားသမီးတွေ အများကြီး ပါ ။ ပြီးတော့ ကျွန်တော် တို့ လည်း ရှိ နေတာပဲ စိတ်ချပါ ” 

“ ဟေ့ကောင်တွေ ။ မင်း တို့ ခုချက်ချင်း ထွက် သွားကြ ။ ကြာ ရင် ကျွဲကြီး လက်သီးစာ မိ တော့မယ် ”

ကျုပ် ဝုန်းကနဲ ထ ရပ်လိုက်တယ် ။ ငနဲ နှစ်ကောင် ကုပ်ကနဲ လစ် ပြေးလိုက်ကြတာများ စက်ကုန် ဖွင့်ပြီး မောင်းထွက် သွားတဲ့ ဆိုင်ကယ်သံ ဝေးလွင့် သွားမှ ကုလားထိုင် ပေါ် ပြန် ထိုင်မိတယ် ။ ငထွေး က သစ်သား ချောင်း ကို စားပွဲ ပေါ် ပစ်ချရင်း နဖူး က ချွေးတွေ လက် နဲ့ သပ်ချ နေလေရဲ့ ။ အေးရီဝင်း ငို နေတယ် ။

ခုချိန်ထိ နားမလည်ရှာသေး တဲ့ မသီ ကတော့ ကျုပ် ကို အလကား နေရင်း ဒေါသ ကြီး နေတာတဲ့ ။ ကောင်းကောင်းမွန်မွန် ပြော လွှတ် လိုက်ရင် လည်း ဖြစ်ရဲ့သား နဲ့ ။ ဧည့်သည်တွေ ကို အားနာ ဖို့ ကောင်း လိုက်တာလေ ။ ရိုး ပါ့ မသီ ရာ ၊ ကျုပ် စိတ်ထဲ ရေရွတ် မိတယ် ။ သူ့ အမေ က ပြောခါ မှ အေးရီဝင်း က သံယောင် လိုက်ပြီး ပြော တယ် ။

“ ဟုတ်သားပဲ ၊ အဖေ က လည်း မန္တလေး မှာ ခေတ်မီ နေပြီ အဖေ ရဲ့ ။ သမီး အဲဒီ အလုပ် ကို လုပ် ကြည့်ချင်တယ် အဖေ ”

မြတ်စွာဘုရား .. ခေါက်ဆွဲတွေ အတင်း မျို ချနေတဲ့ ကြီးမလေး ကို ကျုပ် ဖြတ်ခနဲ သတိ ရသွားတယ် ။ ကျုပ် မျက်စိ အစုံ မှာတော့ မီးဟုန်းဟုန်း တောက် နေသလိုပဲ ။

“ အရူးမ ။ နင် ဂီတရူး ထ ချင်တာက လွဲပြီး ဘာမှ မသိဘူး ။ ကဲ ရူးချင်ဦး ဟာ ”

စားပွဲ ပေါ် ချထားတဲ့ ငထွေး ရဲ့ သစ်သားချောင်း နဲ့ တစ်ချက် ရိုက် ချ လိုက် မိတယ် ။ ကျုပ် သမီး ရဲ့ခေါင်း မှာ သွေးချင်းချင်း နီ လို့ ။ ငထွေး နဲ့ မသီ က ကျုပ် ကို ဝိုင်း ဆွဲကြတယ် ။

မိုက်လိုက်တဲ့ သမီးလေး ။ သွေးစက်တွေ ကြား က ကျုပ် ကို ပြော ဖြစ်အောင် ပြော လိုက်သေးတယ် ။

“ သမီး အရူး ထ ပြီး ပြော တာ မဟုတ်ပါဘူး အဖေ ။ ရှေ့လ ဆိုရင် အဖေ က ပင်စင် ယူ တော့ မှာ မိသားစု အတွက် ငွေ လိုတယ် အဖေ ”

ညီမလေး ရယ် တဲ့ ။ ငထွေး ဆို့ဆို့နင့်နင့် ပြောရင်း သူ့ ညီမ သူ ဖက် ပြီး မျက်ရည် လည် နေတယ် ။ မသီ ဆိုတာ ကတော့ တက်မတတ် ချက်မတတ် ငိုပါ ရော ။

ကဲ ... ဘာ လုပ်ရမလဲ ။ ကျုပ် သမီး ကျေနပ်အောင် ကျုပ် ဘာပြန် ပြောရမလဲ ။

တစ်လ လောက် ကြာ သွားပြီး ကျုပ် သမီး ခေါင်း ပေါ် မှာ ကျန်ရစ် မယ့် အမာရွတ်ကလေး ကိုတော့ မကြည့်ရက် လို့ သည်နေ့ အထိ မကြည့်ဖြစ် ဘူး ။ ဒါပေမယ့် ကျုပ် တို့ အရပ် ထဲ မှာ ဆိုင်ကယ် တစ်လှည့် ၊ ကား နဲ့ တစ်ခါ သွားလာ ကြီးပွားနေတဲ့ ခင်မောင်ရင် ကို မြင်တွေ့ နေရတယ် ။ တစ်နေ့ တော့ ကျုပ် နဲ့ ငထွေး တူဝရီး နှစ်ယောက် ဆိုင် ရှေ့ မှာ ထိုင်နေတုန်း အဖြူရောင် ကားတစ်စီး ပေါ် မှာ အေရီဝင်း အရွယ် ကောင်မလေး တစ်ယောက် ကို တင်လို့ ။ ဟို လူတွေ နဲ့ ကားပေါ် မှာ စွင့်နေအောင် လိုက် သွားတဲ့ ခင်မောင်ရင် ကို မြင် လိုက် ရတယ် ။ ငထွေး ကတော့ ငယ်ရွယ် သူ မဟုတ်လား ။

ထွီ ... ။ ရွံလိုက်တာ တဲ့ ။ ပျစ်ပျစ်နှစ်နှစ် ဆဲ တယ် ။ ကျုပ် ရင်ထဲ ပြောချင်နေတဲ့ စကား တစ်ခွန်း ငထွေး ကို ပြော လိုက်မိတယ် ။

“ ရွံစရာ ကောင်းတာ ကတော့ ခင်မောင်ရင် လို လူတွေ မဟုတ်ဘူး ။ ဟိုလူတွေ ချည်းလည်း မဟုတ်သေးဘူး ။ သူတို့ ထက် ကြောက်စရာ ကောင်းတဲ့ အသား ထဲ က လောက် တွေ ရှိ သေးတယ် ။ ငထွေး နင် တွေး တတ်ရင် သိမယ် ”

ကျုပ် ဒါပဲ ပြော လိုက်တယ် ။ ငထွေး မကျေမနပ် နဲ့ မဲ့ ပြတယ် ။ ကျုပ် တူမ ငထွေး ပဲ ။ သိတာပေါ့ ။ ငထွေး မှ မဟုတ်ပါဘူးလေ ။ တွေးတတ် တဲ့ သူ အားလုံး သိ နေကြမှာပါ ။

ကျုပ် ပြောချင်နေတာလည်း ဒါပါပဲ ။ ကိုယ့် အကြောင်း ကိုယ် မရှက် မကြောက် ပြော လိုက်ရပေမယ့် ကျုပ် မှာ ရည်ရွယ် တစ်ခု စေတနာ တစ်ခု နဲ့ ဆိုတာ လည်း အားလုံး သိနေကြတယ် မဟုတ်လား ။

◾ မဝင့် ( မြစ်ငယ် )

📖 ရွှေအမြူတေရုပ်စုံမဂ္ဂဇင်း
      အမှတ် ၅၉
      စက်တင်ဘာလ ၊ ၁၉၉၄ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment