❝ ခြောက်လုံးပြူး ❞
ည ဘက် သွပ်ပြား မိုးထားတဲ့ အိမ်ခေါင်မိုး ပေါ် မှာ မိုးသံကလေး တဖျောက်ဖျောက် နဲ့ စောင်ကလေး ခြုံပြီး ကွေး ရတဲ့ အရသာ ဟာ တော်တော့် ကို ဇိမ် ရှိပေမယ့် ကျွန်တော် တို့ ဗီဒီယို ပတ်ဝန်းကျင် အတွက် တော့ မိုး ရာသီ ဟာ တော်တော် ဒုက္ခ ပေးတဲ့ ရာသီ ပါ ။ မိုး မရွာတဲ့ နေ့မျိုးတွေ မှာ တောင်မှ တိမ်ထု က ရှိ နေလေတော့ နေ က တိမ်ကွယ် သွားလိုက် ... ပြန် ထွက် လာလိုက် နဲ့ ဆိုတော့ မှန်တွေ မငြိမ် ရင် ရိုက်လို့ မရပါဘူး ။ တစ်ခါတလေ Cut ကလေး တစ် Cut ရ ဖို့ နှစ်နာရီ လောက် စောင့် ခဲ့ရဖူးတာတွေ ရှိ တတ်ပါတယ် ။
ကျွန်တော့် ရဲ့ဝတ္ထု မကြည်ပြာ ရဲ့ ချစ်ခြင်းရဲ့နက္ကတစ်များ ကို ရိုက်တုန်း က ပေပါမွန်း ထုတ်လုပ်ရေး က ကိုညီ ပြောဖူးတယ် ။ မနက် မိုးလင်း မိုး မရွာအောင် ဘုရား ရှိခိုး ရတာ ခါးတွေ လည်း နာ နေပြီတဲ့ ... ။ ကားကြီး ဆိုတော့ ဗီဒီယို ထက် စက်ကြီး ကို ရွှေ့ရ ပြောင်းရ နေရာ ချရတာ ပို ခက် တာမို့ တစ်နေ့ မှ ( ၃ ) ခန်း လောက် ပဲ ပြီး တက်တာကိုး ... ။ မိုး အုံ့နေရင် လုံးဝ ရိုက်ဖို့ မလွယ်ဘူး ။ မိုးများ ရွာ လိုက်ရင် ထိုင် နေပေတော့ ။ နေကလေး ထွက်တော့ စက် ရွှေ့ ၊ စကားတွေ ကျက် ၊ ရီဟာဇယ် လုပ် ၊ ရိုက်မယ် လည်း ဆိုရော နေ က တိမ် ကွယ်သွားပြန်ရော ။ အဲဒီတော့ ကိုညီ က ကောင်းကင် က တိမ်ထုကြီး ကို မော့ ကြည့်ပြီး ပြော ပါတယ် ။
“ BOSS နဲ့ မရေးဘဲ Heart ထိတယ်ဗျာ ” တဲ့ ။
အဲဒီတော့ ဘာ နဲ့ ရေးရေး Heart မထိရအောင် မိုးရာသီ ဆို ကျွန်တော် တို့ ဗီဒီယို ရုပ်ရှင်အဖွဲ့တွေ ဟာ နယ် တက်ကြပါတယ် ။ မြန်မာနိုင်ငံ မှာ မိုးနည်းဒေသတွေ ဖြစ်တဲ့ မန္တလေး ၊ မေမြို့ ၊ တောင်ကြီး ၊ ကလော ၊ ပုဂံ ၊ ကျောက်ပန်းတောင်း ၊ ပုပ္ပါး စတဲ့ ဘက်တွေ ကို ဇာတ်လမ်း စဉ် ပြီး ထွက် ရ တတ်ပါတယ် ။ ကား လည်း စိတ်ချမ်းသာ လက်ချမ်းသာ ရိုက်ရ ၊ ဘုရား ဖူးရင်း နေရာ စုံ လည်း ရောက် ရ ပေါ့လေ ။
နယ် ထွက်ရတာ တော်တော် ပျော်စရာ ကောင်းပါတယ် ။ မိသားစု နဲ့ မဟုတ်ဘဲ အလုပ် ကိစ္စ နဲ့ လွတ်လွတ်လပ်လပ် ၊ အဖွဲ့ က လည်း လူများ ဆို တော့ ကား နဲ့ ပဲ သွားသွား ရထား နဲ့ ပဲ လစ်လစ် ပျော်စရာချည်းပါပဲ ။ ဒီ တစ်ခါ ကျွန်တော် တို့ ပုဂံ ၊ ပုပ္ပါး ၊ ကျောက်ပန်းတောင်း ဘက် သို့ ( ၃ )ကား စီစဉ်ပြီး ထွက် ခဲ့ကြတာပါ ။
ဒုတိယ တစ်ကား စ ရိုက်နေတုန်း နောက် ရုပ်ရှင်အဖွဲ့ နဲ့ သွား ဆုံ ပါတယ် ။ အဲဒီ အဖွဲ့ နယ်ကြိုက် ကားတွေ ရိုက် တဲ့ အဖွဲ့ပါ ။ သူတို့ က ( ၅ ) ကား စလုံး နယ် ထွက် ရိုက်တာ တဲ့ ။ ကျွန်တော် ပြောခဲ့တဲ့ နယ်ကြိုက်ကား ဆိုတာ က ကျွန်တော်တို့ ရိုက်လေ့ ရှိတဲ့ ကားမျိုး မဟုတ်ပါဘူး ။ သူ က ဇာတ်လမ်း ဇာတ်အိမ် ကို ရွာ မှာ ၊ တော မှာပဲ အခြေ တည်ရတာပါ ... ။ ဂျပန်ခေတ် တော်လှန်ရေးကား တို့ အင်္ဂလိပ်ခေတ် တော်လှန်ရေးကား တို့ စသည့် ခေတ် အခြေအနေ ကို လိုက်ပြီး Fighting တွေ အထိုးအကြိတ်တွေ နဲ့ ဇာတ်လမ်း ကို သွားရတာ ။
ကျွန်တော့် မှာ က ရွာ အတွေ့အကြုံ ဖြတ်သန်းမှု လုံးဝ မရှိသလောက် ဆိုတော့ အဲဒီလို ကားမျိုးတွေ ကျွန်တော် မပိုင်ပါဘူး ။ သူတို့ အဖွဲ့ လူစု က ကျွန်တော်တို့ အဖွဲ့ ထက် အယောက် ၂၀ လောက် ပို ပါတယ် ။ လူကြမ်း နဲ့ ယမ်း ဖောက်ခွဲတဲ့ လူတွေ ပို နေတာပါ ။ ကျွန်တော် လည်း နယ်မှာ ဆုံတုန်း ကိုယ် မသိတဲ့ ကိစ္စတွေ သိထားရအောင် ကျွန်တော့် ရိုက်ကွင်း မှာ မနေဘဲ သူတို့ ရိုက်ကွင်း ကို သွား လေ့လာပါတယ် ။ ကျွန်တော်တို့ ရိုက်ရတဲ့ ကားတွေ ထက် ပိုပြီး ပင်ပန်းပါတယ် ။
လူဆိုး အဖြစ် သရုပ်ဆောင် ရတဲ့ ဇာတ်ပို့တွေ ဆို Fighting ခန်းတွေ မှာ ဂျွမ်းထိုး ပြီး ကျ ရတာတို့ ၊ တောင်စောင်း တောင်ကပါးယံ က လှိမ့် ချရတာ တို့ ၊ ပစ်ခတ်တဲ့ အခန်းတွေ မှာ မြှုတ်ထားပြီးသား ယမ်းတွေ မထိအောင် တိုင်ပင်ကိုက် ရှောင်ရ ၊ ဂျွမ်းထိုးရ တာ တို့ နဲ့ အထိအခိုက် လည်း အနည်းအကျဉ်း ရှိတတ်ကြပါတယ် ။
ကျွန်တော့် အတွက် တော့ မြင်နေကျ မြင်ကွင်းတွေ နဲ့ မတူတဲ့ ဗဟုသုတ ရ တာနဲ့ ပဲ သုံးလေးရက် သွား ကြည့် မိပါတယ် ။ ကျွန်တော် ကြည့် ရင်းနဲ့ ပဲ သူတို့ ဇာတ်လမ်း ကို ဇာတ်ညွှန်းသမား ပီပီ ရိပ်မိ သိ လာပါတယ် ။ မသိစရာ လည်း မရှိပါဘူး ။ သူတို့ ဇာတ်လမ်း က ကြားဖူးနေကျ ဇာတ် မျိုးပါ ။
တော်လှန်ရေးကာလ မှာ ညီအစ်ကို နှစ်ယောက် ကွဲ သွားကြပါတယ် ။ တစ်ယောက် က အမေ နဲ့ ၊ တစ်ယောက် က အဖေ နဲ့ ပါ သွားပြီး တစ်ဘက် နဲ့ တစ်ဘက် သေကုန်ပြီ လို့ ထင်ကြတယ် ။ အစ်ကို က ရွာတစ်ရွာ မှာ ရိုးရိုးသားသား နဲ့ ကြီး လာပြီး ... ညီ ကတော့ ဂျပန်တွေ နဲ့ ပေါင်းပြီး တော်တော် ဆိုးတဲ့ ဂျပန်အလိုတော်ရိ ဖြစ် သွားတယ် ။ ညီအစ်ကို နှစ်ယောက် မသိကြဘဲ တော က ကွမ်းတောင်ကိုင်မလေး ကို ချစ် ၊ တစ်ယောက် နဲ့ တစ်ယောက် ရန်သူ ဖြစ်ပြီး အရမ်း မုန်းနေကြတယ် ။
နောက်ဆုံး ညီ က မင်းသမီး ကို ဖမ်းခေါ် သွား ... ၊ အစ်ကို က လိုက် ကယ် ၊ အစ်ကို့ ပါ ဖမ်းမိ ၊ နှိပ်စက်တော့ ဆွဲကြိုးကလေး တွေ့ ၊ ညီအစ်ကို မှန်း သိ ။ ညီ က အစ်ကို့ ကို ကယ်ပြီး ထွက်ပြေး ၊ နောက် က ဂျပန်တွေ က လိုက်ချ ၊ အဲဒီလိုပေါ့ဗျာ ... ။
အဲဒီ ဇာတ်မျိုး ဟာ နယ် က လူတွေ အတွက် သူတို့ ဘဝ သူတို့ ဓလေ့ တွေ ကို အခြေခံ ထားတာ ... ။ သူတို့ ဖြစ်နေတဲ့ ပြဿနာမျိုး ၊ သူတို့ အသက်မွေးဝမ်းကျောင်းမျိုး ၊ သူတို့ ပျော်ရွှင်မှုမျိုး ကို ခံစားထားတာ ဖြစ်တဲ့ အတွက် တော်တော် နှစ်သက်ကြပါတယ် ။
ကျွန်တော် ရောက် သွားတော့ အခန်း တစ်ခန်း ကို ရိုက်ဖို့ ပြင်ဆင် နေကြပါတယ် ။
အခန်း က ဇာတ်ကား ရဲ့ အရှိန် အမြင့်ဆုံး အခန်း ( Tampo ) ပါ ။
နောက် က ဂျပန်တွေ လိုက် ချလို့ ညီ ရော အစ်ကို ရော သူတို့ ချစ်သူ ပါ ပြေး နေရချိန် ... ။ ညီ ရော အစ်ကို ပါ ဒဏ်ရာ က အနည်းအကျဉ်း ရ နေကြပါပြီ ။
ကား မရိုက်ခင် ပြဿနာ တစ်ခု တက် လာပါတယ် ။
တက် တဲ့ ပြဿနာ က ချရင်း ပြေးလွှား လိုက်ရတာ ဆိုတော့ ညီ လုပ်တဲ့ သူ ကိုင် တဲ့ သေနတ် က ပြောင်း လေးလက်မ လောက် ကျိုး သွားတာပါ ။ ရုပ်ရှင် ထဲ မှာ သေနတ် ပစ်တဲ့ အခန်း ပါ ရင် သေနတ်အတုတွေ ကိုင် ရပါတယ် ။ ဘားလမ်းမကြီး ပေါ် က တိုလီမိုလီအဟောင်း ရောင်း တဲ့ ဆိုင်မျိုး မှာ တွေ့ရ တတ်တဲ့ ခြောက်လုံးပြူး မျိုး ပါ ။ ကော် နဲ့ လုပ်ထားတာ ဆိုတော့ ပစ်လို့ မရတာ က လွဲရင် အရွယ်အစား ရော ပုံစံ ပါ တော်တော့် ကို တူ ပါတယ် ။ ကလေးတွေ ကစားဖို့ ဆိုပေမယ့် ကျွန်တော် တို့ ရုပ်ရှင် ထဲ မှာ တော့ လူကြီး တွေ ကစားကြပါတယ် ။
ခက်တာက အဲဒီ သေနတ် ကျိုးသွားတော့ နောက် အစား ထိုးဖို့ ပုံစံတူ သေနတ် တစ်လက် မရှိဘူး ။ အခန်းဆက် ဖြစ် နေတော့ တခြား သေနတ် တစ်လက် လည်း ပြောင်း ကိုင်လို့ မရဘူး ဖြစ်နေတာ ။ သေနတ် ကျိုးသွား တာ က ယမ်းသေတ္တာတွေ ၊ Sun Gun အတွက် ဘက်ထရီတွေ နဲ့ ပိပြီး ကျိုး သွားတာ ။
ဒီ အခန်း မှာ လည်း ဒဏ်ရာ ရနေတဲ့ ညီ က အစ်ကို နဲ့ ချစ်သူ ကို ပြေးခိုင်းပြီး သူ တစ်ယောက် တည်း ဂျပန်တွေ ကို ခံချမယ် ပေါ့ ။ အစ်ကို က လည်း အခုမှ တွေ့ရတဲ့ ညီလေး ကို မထားခဲ့နိုင်ဘူး ။ သူ သာ နေခဲ့မယ် ၊ ညီလေး နဲ့ ချစ်သူ ပြေး ပေါ့ ... ။ အဲဒီမှာတင် ညီ က လက် ထဲ က သေနတ် နဲ့ အစ်ကို့ ကို ထိုးချိန်ပြီး ပြေး ခိုင်းမှာ ။ ဒီ ခြောက်လုံးပြူးသေနတ် က မပါလို့ ကို မပြီးဘူး ... ။ တစ်လက် သွား ဝယ် ရအောင် က လည်း ရောက် နေတာက ကျောက်ပန်းတောင်း နား က ရွာ မှာ ။ ရန်ကုန် မှာ မဟုတ်တော့ ဘယ်လိုမှ မရနိုင်ဘူး ။ သူတို့ ဘယ်လို ဖြေရှင်းကြမလဲ လို့ ကျွန်တော် လည်း စိတ်ဝင်စား ပြီး ကြည့် နေလိုက်တယ် ။
အမျိုးမျိုး ကြံဆ ပြီးတော့ မှ နောက်ဆုံး အားလုံး ရဲ့ ဆုံးဖြတ်ချက် က ဒီ သေနတ် မပါလို့ ကို မရဘူး ။ ဒီတော့ ကျိုးသွားတဲ့ သေနတ်ပြောင်း ကို ဖယောင်းတိုင် မီး ထွန်း ၊ မီး အပူ ပေးပြီး ပြန် ကပ်မယ်ပေါ့... ။
သေနတ် ကျိုးသွားတဲ့ ပုံစံ က နှစ်ပိုင်း ပြတ်ထွက်တာ မဟုတ်ဘဲ နဲ့ ဘယ်ဘက် မှာ တဲတဲကလေး ကျန် နေတာဆိုတော့ ကြိုးစား လို့ တော့ ရဦးမယ် လို့ ထင် ရတယ် ။ မီး အပူ ပေးပြီး ပြန် ဆက်ကြတော့ ဆယ့်ငါးမိနစ် လောက် ကြိုးစားပြီး ရ သွားတယ်... ။ ဒါပေမယ့် မီး အပူ ပေး ထားတဲ့ ညာဘက် က တော်တော် တွန့်ပြီး ပြောင်းက လည်း နည်းနည်း ကောက် သွားတယ် ။ ကော် က ကော်မာ ဆိုတော့ သိပ် တိတိကျကျ ကပ်သွားတာ တော့ မဟုတ်ဘူး ။ ဆက် တယ် ဆိုရုံပဲ ... ။ ဒီထက် ထပ် ဆက် ရင်လည်း ကော် ကို မီး စား တာ နဲ့ လုံးဝ ပစ် လိုက်ရမှာ ဆိုတော့ အဲဒီမှာ တင် ရပ်ထားပြီး ဒါရိုက်တာ က ...
“ ရပြီ ... ဆက် လို့ တွန့် နေတဲ့ ညာ ဘက် က ကင်မရာ ကို မယူဘူး ၊ ဘယ် ဘက် က ပဲ ယူမယ် ။ ပြောင်း ကောက်တာ ကတော့ ကိစ္စ မရှိဘူး.. လက် က လှုပ် နေမှာ ဆိုတော့ မသိသာဘူး ၊ ဆက်လုပ်လို့ လုံးဝ ပစ်ရ သွားရင် ဒုက္ခ များမယ် ၊ ရပြီ ... ”
အလုပ် လုပ်လို့ ရတဲ့ အဆင့် ကို ရောက် သွားတော့ ဒိုင်ယာလော့ ( ခ် ) ကျက် ၊ မျက်ရည် ချူ ၊ Mood သွင်း ။ ဒီ အခန်း ဟာ ကား တစ်ခုလုံး ရဲ့ အဓိက နေရာ ဆိုတော့ သုံးယောက် စလုံး က ကိုယ့် အိုက်တင် သူ့ အိုက်တင် အပြိုင် ကြဲ ကြမှာကိုး... ။ အားလုံး အဆင်သင့် ဖြစ်တော့ ဇာတ်လမ်း စ ပါတယ် ။
“ ညီလေး ညီလေး … ရရဲ့လား ၊ လာ ... အစ်ကို့ ကို တွဲထား ... ။ ရတယ် ... အစ်ကို ညီလေး ကို မှေး ခေါ်မယ် ”
“ ရတယ် အစ်ကို … ညီလေး ပြောတာ သေသေချာချာ နားထောင် ။ ကျွန်တော့် ခြေထောက် က ဒဏ်ရာ နဲ့ ၊ ပြေး နေရင် ဒီ ငပုတွေ လက်ထဲကို ရောက်ပြီး သုံးယောက် စလုံး သေလိမ့်မယ် ။ အဲဒီတော့ အစ်ကို တို့ ပြေး ... ၊ ညီလေး ဒီ က ပဲ ခံပစ်ပေးမယ် ။ အစ်ကို ကြေးအုံ ကို ခေါ်ပြီး ပြေး ”
“ မဖြစ်ဘူး ညီလေး ၊ မင်း လိုက် ကို လိုက် ရမယ် ။ ငါ မင်း ကို လုံးဝ မထားခဲ့နိုင်ဘူး ’’
“ အစ်ကို ကျွန်တော် ပြောတဲ့ စကား ကို နားထောင်ပါ ။ မကြာခင် ဒီ ငပုတွေ ဒီ တောင်ကြော ကို ဆင်း လာတော့မှာ ။ အစ်ကို တို့ ပြေးတော့ ”
“ ဟေ့ကောင် ဗေဒါ ၊ ငါ မင်း ကို ဘယ်တော့ မှ မထားခဲ့ဘူး ကွ ၊ မင်း လိုက် ကို လိုက် ရမယ် ”
“ ဟုတ်ပါတယ် ဗေဒါ ရယ် .. ၊ ငါ တို့ အတူ ပြေးကြမယ် လေ .. နော် နင် မနေခဲ့ပါနဲ့ ဟာ ...”
“ ဟား ဟား ဟား ဗေဒါ ဆို တဲ့ ကောင် က ငယ်ငယ် ကတည်း က နေရာတကာ ကို အစုန်အဆန် လွင့် ခဲ့တာ ။ ပြန် ပြောရရင်လည်း သံယောဇဉ် ဆိုတာ ဆံချည်မျှင် လောက် တောင် ရှိခဲ့တာ မဟုတ်ဘူး ။ ပြီးတော့ ... ပညာတတ် လူကောင်း တစ်ယောက် ရဲ့ အသက် နဲ့ ကျွန်တော့် လို ဆိုးပေ နေ တဲ့ လူမိုက် တစ်ယောက် အသက် ဟာ တန်ဖိုး ချင်း မတူဘူး ။ ပြီးတော့ အစ်ကို သိပ် ချစ်ရတဲ့ ချစ်သူ ကြေးအုံ ၊ ပြေးတော့ အစ်ကို ကျွန်တော် နေခဲ့ပါရစေ ”
“ ဒီမှာ ဗေဒါ .. ၊ ကြေးအုံ ဟာ ငါ့ ချစ်သူ မဟုတ်ဘူး ။ သူ မင်း ကို ပဲ ချစ်တာ ... ၊ မင်း လိုက်ခဲ့ရမယ် ။ ပြီးရင် မင်း ကြေးအုံ ကို လက်ထပ် ရမယ် ငါ က မင်း အစ်ကို ကွ ၊ ငါ့ စကား ကို မင်း နားထောင်စမ်း... ”
“ ဟုတ်တယ် ဗေဒါ... ၊ နင် နေရင် သေပေ့စေ ... ငါ လည်း နင် နဲ့ အတူ နေမယ် ”
“ တိတ်စမ်း...အချိန် သိပ် မရှိဘူး ၊ ပြေး မလား မပြေးဘူးလား ... ပြော.. ။ ကဲ .. မပြေးရင် ပစ်မှာနော် .. ပစ် မှာ ”
မင်းသား က သေနတ် နဲ့ ထိုးချိန် ၊ မျက်ရည်တွေ ကျ ပြီး အော်ပြော တယ် ။ နောက် မင်းသား က လည်း အင်္ကျီရင်ဘတ် ကို ဆွဲဖွင့်ပြီး ရှေ့ တစ်လှမ်း တိုးတယ် ။
“ ပစ်စမ်း ညီလေး ပစ် ၊ ငါ တစ်သက်လုံး ရှာပြီး အခုမှ တွေ့ရတဲ့ မင်း ကို ငါ မထားခဲ့နိုင်ဘူး ကွ ”
“ ဗေဒါ … နင် မလုပ်နဲ့ နော် ၊ ကိုကို ....”
“ အစ်ကို ရှေ့မတိုးနဲ့ နော် ပြေး ၊ မပြေးရင် ကျွန်တော် တကယ်ပစ် တော့ မှာ ...”
ညီအစ်ကို နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် မျက်လုံးချင်း ဆုံပြီး ငြိမ်ကြတယ် ။ မျက်လုံး မှာ မျက်ရည်တွေ နဲ့ ပေါ့ ။ မင်းသမီး က လည်း မြေကြီး မှာ မှောက်ပြီး ရှိုက်ရှိုက် ငို နေတယ် ။ အစ်ကို လုပ် သူ က ရင်ဘတ် ကို ဖွင့်ပြီး အပြုံး နဲ့ ရှေ့ လှမ်း အတိုး မှာ ညီ က သေနတ် ကို ရင်ဘတ် ဆီ ထိုး ချိန် လိုက်တဲ့ အချိန် မှာ ...
စကား တွေ ပြောရင်း လက်တွေ ရမ်းကြ ၊ သေနတ် နဲ့ သုံးလေးခါ ထိုးချိန် အရှိန်တွေ များကြတော့ မီး နဲ့ ဆက် ထားတဲ့ သေနတ်ပြောင်းကြီး က ' ဖွတ် ’ ဆို အောက် ကို ငိုက် ကျသွားတယ် ။
အားလုံး လည်း ခဏတော့ ကြောင် နေကြပါတယ် ။
မျက်ရည်တွေ နဲ့ သေနတ် ကို ကြည့် နေတဲ့ အစ်ကို လုပ် တဲ့ မင်းသား လည်း ရုတ်တရက် ဆိုတော့ ... ဇာတ်လမ်း ထဲ Mood ရှိ နေလေတော့ နားမလည် ဖြစ်ပြီး ... တွဲလောင်းကြီး ကျ နေတဲ့ ခြောက်လုံးပြူး ပြောင်း ကို ကြည့်တယ် ။ ထိုး ချိန်တဲ့ ညီ လည်း မျက်ရည်တွေ ကျနေရက် က ကြောင် ပြီး သူ့ သေနတ် သူ ပြန် ကြည့်တယ် ။
ငါးစက္ကန့် လောက် ကြာ ပြီးမှ ရှုတင် တစ်ခု လုံး အုန်းခနဲ ... ရယ်ကြတယ် ။
မင်းသား တွေ လည်း ငို နေတဲ့ မျက်ရည် နဲ့ ထ ရယ်တာ ။ ရယ်လို့ ထွက် တဲ့ မျက်ရည် နဲ့ ငို လို့ ထွက်တဲ့ မျက်ရည် တွေ ရော ကုန်တယ် ။ ဒါရိုက်တာ တစ်ယောက် ပဲ Tampo မိ နေတဲ့ Acting တွေ ပျက် သွားလို့ မကျေမနပ် နဲ့ သူ့ ခြောက်လုံးပြူး ကို ဆဲ တယ် ။
ရယ်သံ ရပ်အောင် တော်တော် စောင့် ပြီး ဖယောင်းတိုင် ပြန် ထွန်း ပြန်ကပ် ပေါ့လေ... ။ နောက်ဆုံးတော့ တော်တော် ကောက်နေပြီ ဖြစ်တဲ့ ခြောက်လုံးပြူး နဲ့ ပဲ ရိုက် လိုက်ရပါတယ် ။ ဒါရိုက်တာ ကတော့ နောက်ဆုံး ရတဲ့ Acting ကို ပထမ လောက် သဘော မကျဘဲ မကျေမနပ် ဖြစ်နေခဲ့တယ် ။
သေနတ်သံ တွေ တဒိုင်းဒိုင်း မီးတွေ ပွင့် ၊ မောင်းတင်သံတွေ ညံနေ တဲ့ American Action ကားတွေ ကြည့် ရတိုင်း အဲဒီ ထဲ က တကယ့် သေနတ်လှလှတွေ ကို မြင်ရတိုင်း ချို့ချို့တဲ့တဲ့ ကော်သေနတ် ၊ သစ်သားသေနတ် တွေ နဲ့ ရိုက် နေကြရတဲ့ ကျွန်တော် တို့ Action ကား တွေ အကြောင်း ကို တွေး မိရင် အဲဒီ ခြောက်လုံးပြူး ကို ကျွန်တော် သတိရ နေတတ်ပါတယ် ။
◾နီကိုရဲ
📖 ကျွန်တော် နှင့် ရိုက်ကွင်း ပေါ် မှ အလွဲများ
#ကိုအောင်နိုင်ဦး
!
No comments:
Post a Comment