Saturday, October 22, 2022

လူပျို အပျို ဖတ်စာ ( ၁၂ )


 


လူ ရဲ့ စိတ် ဟာ ထူးဆန်း ပါတယ် ။


ကိုယ် ချစ် နေတဲ့ အခါ ဟို က ဘီလူး ဖြစ် ကြောင်း အစွယ် ထုတ် ပြရင်တောင် 


“ ဟာ သွားတက်ကလေး နဲ့ ချစ်စရာလေး ”


ဆိုပြီး ဖြစ် တတ်ပါတယ် ။ 


ဒီတော့ တကယ် ချစ် တတ် သူ ကို လိမ် ရတာ လွယ်လွယ် ကလေး ပါ ပဲ ။ 


တကယ် ချစ်စ ခင်စ မှာ လူတိုင်း နီးနီး လိမ် တတ် ကြပါတယ် ။ 


ဆိုကြပါစို့ ။ 


ယောက်ျားလေး တွေ ဟာ သူတို့ ချစ် တဲ့ ကောင်မလေး ပြန် ချစ်နိုင်ဖို့ အနေအထိုင် ဆင်ခြင် တတ်လာကြတယ် ။ အလုပ် ပို ကြိုးစား တတ် ပြကြပါတယ် ။ ပြီးတော့ သူတို့ ရဲ့ ဝင်ငွေ ကို လည်း မက်မောအောင် ပြောချင် ပြောတတ် ကြ ပါတယ် ။ စတိုင်ကျကျ နေ လာ တတ် ကြပါတယ် ။ အမှန်တော့ အထက်တန်း ကျ တယ် ပေါ့ ။

အထက်တန်း ကျ တယ် ဆိုတာ 


“ ဆယ်တန်း မအောင် တာလည်း ဖြစ်နိုင်တယ် ”


မိန်းကလေး တွေ လည်း ဒီ အတိုင်းပဲ ။ အချစ် နဲ့ တွေ့တဲ့ အခါ အမူအကျင့်တွေ ပြောင်း လာတယ် ။ အရင် နေ နေကျ ပုံစံ က နေ သိသိသာသာ ပြောင်း လာပြီ ဆိုရင် သေချာတယ် ။ ဒီ မိန်းကလေး တစ်ယောက် ယောက် ကို ကြိုက် နေပြီ ။ အမူအရာ နူးညံ့ သိမ်မွေ့လာတယ် ။ အစားအသောက် ဆင်ခြင် လာကြတယ် ။ အပြောအဆို ယဉ်ကျေး လာတယ် ။ 


ပြန် စဉ်းစား ကြည့်ပါ ။ အဲဒီ အမူအကျင့် က သူများ ပြောင်း ပေးတာ မဟုတ်ဘူး ။ ကိုယ်တိုင် ပြောင်း ယူ တာနော် ။ အရာရာ ကိုယ်တိုင် ပြောင်း ယူ ကြတာ ။ တချို့ ကလည်း ပြော ကြတယ် ။ 


“ ငါ့ ကြောင့် သူ ပြောင်းလဲ သွားတာ ”


မဟုတ်ဘူး ။ သူ့ ဘာသာ သူ ပြောင်းလဲ သွားတာ ။ 


ကျွန်တော် ပြော ပြပါ့မယ် ။ ကိုယ် ကိုယ်တိုင် မှ မ ပြောင်းလဲ ချင် ရင် ဘယ်သူ က မှ လာပြီး ပြောင်းလဲ ပေး လို့ မရဘူး ။ တချို့ က လည်း ထင်ကြတယ် ။ 


“ သူ က နည်းနည်းတော့ ဆိုး တယ် ၊ ဒါပေမဲ့ ငါ နဲ့ ချစ်သူ ဖြစ်ပြီး ငါ ပြောင်းလဲ ယူရမှာပဲ ”


ထင်ကြပါတယ် ။ 


“ ကိုယ့် မှာ အချစ် ဆို တဲ့ ရီမုကွန်ထရိုး ရှိတယ် ၊ ငါ ပြောင်းချင် သလို ပြောင်း ပစ်မယ် ”


လူဆိုတာ TV Channel မဟုတ်ပါဘူး ။ ရီမုလေး တစ်ချက် နှိပ် လိုက်တာနဲ့ ဖျတ်ခနဲ ကိုယ် လိုချင်တဲ့ လိုင်း ပုံစံ ပြောင်း သွားတာမျိုး မဟုတ်ပါဘူး ။ အိမ်ထောင်ရှင် တွေ ပို ဆိုးပါတယ် ။


“ အိမ်ထောင် ကျသွားရင် TV Channel ကို တောင် ပြောင်းခွင့် မရှိတော့ပါဘူး ”


 တဲ့ ။ 


ဒါကြောင့် လူ တစ်ယောက် ကို ပြောင်းလဲ သွားဖို့ ဆိုတာ ရီမုကွန်ထရိုး နှိပ် ရသလောက် လွယ်ကူ မယ် မထင်ပါနဲ့ ။ လူ တစ်ယောက် ကို ပြောင်းလဲ နိုင်ဖို့ ဆိုတာ အတော် မလွယ်ကူတဲ့ ကိစ္စ ပါ ပဲ ။


ကိုယ့် ကို ချစ် လို့သာ ပုံစံ ခဏ ပြောင်း ချင် ပြောင်း ပါ လိမ့်မယ် ။ ရေရှည် ပြောင်းလဲ ဖို့ ဆိုတာ အတော် မဖြစ် နိုင်ပါဘူး ။


ဘာကြောင့်လဲ ။ 


လူ ဆိုတာ သူ့ သန္ဓေ နဲ့ သူ လာ ကြတာပါ ။


“ နင် ငါ့ ကို ချစ်ရင် အရက် ဖြတ် ”


ခဏတော့ ဖြတ် ကောင်း ဖြတ် ပါလိမ့်မယ် ။ ဘယ် အချိန် ထိလဲ ။ 


“ ချစ်သူ မသိအောင် အရက် ခိုး မ သောက် တတ်ခင် အချိန် ထိ ”


“ နင် ငါ့ ကို ချစ်ရင် အဲဒီ ကောင်တွေ နဲ့ မပေါင်းနဲ့ ”


ဒါတော့  ဖြစ်နိုင်ပါတယ် ။ ယောက်ျားလေး သဘာဝ ကို က ကျား အချင်းချင်း ဆို မှန် တောင် ကြည့်ချင် ကြတာ မဟုတ်ပါဘူး ။ မိန်းကလေး တွေ လည်း ဒီအတိုင်း ပါ ပဲ ။


“ နင် ငါ့ ကို ချစ်ရင် အရာရာ စွန့်လွှတ်ရမယ် ”


“ ဟုတ်ကဲ့ စွန့်လွှတ်ပါ့မယ် ”


ဒါပေမဲ့ သူတို့ စွန့်လွှတ် တဲ့ အထဲ မှာ သင်္ဘောသီးထောင်း နဲ့ ရေခဲမုန့် ပါ မှာ မဟုတ်ပါဘူး ။ လူ တစ်ယောက်ဟာ မွေးရာ ပါ ပါ လာတဲ့ ပင်ကို ဗီဇ ကို ပြောင်းလဲဖို့ ဆိုတာ လွယ်ကူလှတာ မဟုတ်ပါဘူး ။


“ အချစ် ကြောင့် ပြောင်းလဲ သွား သူ မရှိဘူးလား ”


ရှိပါတယ် ။ ယုံရပါ့မလား ။ ဆိုပါတော့ ။ အချစ် နဲ့ မတွေ့ခင် နှစ်ပေါင်း မြောက်မြားစွာ ဆေးလိပ် စွဲ လာ တဲ့ လူ တစ်ယောက် ဟာ အချစ် ကို တွေ့ မှ အင်မတန် ကြိုက်တဲ့ ဆေးလိပ် ကို တိခနဲ ဖြတ်နိုင် တယ် ။ 


“ ပျော်မနေပါ နဲ့ ဒီအတိုင်းပါပဲ ”


ကိုယ့် ထက် ချစ်စရာ ကောင်း ၊ စွဲမက်စရာ ကောင်း တာ တွေ့တဲ့ အခါ ကိုယ့် ကို တိခနဲ ဖြတ် ပြီး အဲဒီ လူ အတွက် သွား ဦးမှာ အသေအချာပါပဲ ။


ဒါကြောင့် ကိုယ့် ချစ်သူ ကို ပြောင်းလဲ နိုင်မယ် ထင်ပြီး မပြောင်းလဲ ခိုင်းပါနဲ့ ။ ကိုယ် ကိုယ် တိုင် သာ သူ နဲ့ သဟဇာတ ဖြစ်အောင် ပြောင်းလဲ ပါ ။ ကိုယ် ကိုယ်တိုင် က သူ့ လို လိုက် မပြောင်းနိုင်ဘူး လား ။ 

အကြံပေး ပါရစေ ။ 


“ ကိုယ် ကိုယ် တိုင် မပြောင်းလဲ နိုင်ရင် ချစ်သူ သာ ပြောင်း လိုက်ပါ ၊ ပို အဆင်ပြေ ပါလိမ့်မယ် ”


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment