Tuesday, October 25, 2022

မယ်ယောဂီ


 

❝ မယ်ယောဂီ ❞

“ မယ်ယောဂီ ( အမယ်မင်း .. မယ်ယောဂီ ရဲ့ ) … ဘယ်တော ဘယ်ဆီ သို့ မယ်မဒ္ဒီ ထုံး ပုံမှီး ပါလို့ ရိပ်ကြီးရာ ဝနာ ကြွတော့လေ သာသနာ့ ညစ်ကြေး ….”

“ ဟေ့ … တော်ကွာ ။ မင်း အလွန် ရှော်တဲ့ အကောင် ၊ မင်း ပြောင် စရာ မှတ်သလား ။ ဒါ သူငယ်ချင်း ခင်တဲ့ လူ လား ၊ သွားကွာ ပြန်တော့ လူ မှာ အပူတွေ့ ရတဲ့ အထဲ ”

“ ဟဲ ဟဲ ... အပူ မတွေ့လို့ သူငယ်ချင်း ။ အပူ တွေ့ ရင် မင်း ဒီလို မဆွေးပါဘူး ”

“ တယ် … စကား အကျ ကောက် နေပြန်ပါပြီ ။ မင့် ငိုချင်း အဓိပ္ပာယ် စဉ်းစားစမ်းပါ ”

“ သွေးထွက်တာ ထက် မှန်တဲ့ ငိုချင်း ပေါ့ ကွာ ”

“ မင်း က ကဗျာကလေး တောက်တီးတောက်တဲ့ စပ်တတ် ရင် အဟုတ် မှတ်ပြီး မယ်မဒ္ဒီ ဆိုရင် မင်းဘိုးအေ က ဝေဿန္တရာ ဖြစ် ရမှာလား ”

“ ငါ့ ဘိုးအေများ ဖြစ်ရင် ... ဟဲ ဟဲ ... နှုတ်ခမ်းမွေးဖြူကြီး နဲ့ ”

“ အိုး ... လာပြန်ပြီ ။ ပြီးတော့ သာသနာ့ညစ်ကြေး ဘာလဲ ... အဓိပ္ပာယ် က ...”

"ဟ .. လူရ မိန်းမတွေ ၊ မိန်းမတွေ ဆိုတာ သာသနာ့ အညစ်အကြေးချည်း ပေါ့ ကွ ။ မင်း က သာ မိန်းကလေး တစ်ယောက် ထီ ပေါက် သလို ချစ်ခင် ထားပြီး သမီးရည်းစား ဖြစ် နေလို့ ဒီ မိန်းကလေး ယောဂီမ လုပ် တာ နဲ့ မစားနိုင် တပိန်ပိန် မသောက်နိုင် တပိန်ပိန် ကိုကလိန် ကျွမ်းထိုးမှောက်ရက် ဂိန် ဆိုတာ လို ဖြစ်နေတာ ”

"နို့ သူငယ်ချင်း ရယ် ၊ တို့ နှစ်ကိုယ် ဘယ်လောက် ခင် ကြတယ် ဆိုတာ မင်း လည်း အသိသား နဲ့ ”

“ အခုလည်း မခင်ဘူး လို့ ဆိုနိုင်သလား ။ ယောဂီမ က တစ်စ တစ်စ တော ထွက်မယ် ဆိုတာများ မင်း က ယုံ နေတယ် ထင်ပါရဲ့ ။ ငါ ပြောမယ် နားထောင် ။ မင့် ဟာကလေး သူ့ ခေါင်း ကဆံပင်တွေ စွန့် နိုင်မှာလား ။ ယောဂီဖက်ရှင် ဆို တဲ့ ယောဂီမများ က လှပအောင် သစ်ခေါက်ဆိုးဆေး တစ်မျိုး ထွက် ကြတာနဲ့ မင်း စိတ်ပျက် ရသလား ကွ ”

“ တကယ့် ကို အကျွတ် တရား ရနေတာကွ ။ ငါ့ ကို သူ သိပ်ချစ်တာပဲ ”

“ သူ ခြစ်တာ အုန်းသီး နဲ့အုန်းခြစ် ထင်ပါရဲ့ ကွာ ။ မင့် ချစ်ရိုး အမှန် ဖြင့် …”

“ ဟာ .. ရှော် ပြောပြန်ပြီ ၊ တကယ့် ကို အသေအလဲ ...”

“ တော် တော် .. ငါ ပြောတာ နားထောင်ဦး မင့် လို လူအ ၊ လူပိန်း ၊ လူလျှော် ၊ လူ့ဗလချာ ကို နားလည်အောင် ပြောပြဦးမယ် ။ ပညာရှိများ က မိန်းမအလို မိမိကိုယ် ၌ ထိုထိုတန်ဆာ ဆင်ယင်ကာ လျှင် နံ့သာနပ်ခါး ၊ ရေးသားတင်ထ တပပ ဖြင့် ၊ ဆံစ - ဆံထုံး မျက်ခုံးမင်သတ် ၊ ဆံပတ်ဖြီးပုံ ၊ ပန်းမျိုးစုံ နှင့် အာရုံနှစ်သိမ့် ၊ ဘဝင်ငြိ၍ ညွတ်စိမ့်မြင်သူ ၊ ယောက်ျား ဟူ က တူရူ တစ်စောင်း ကြည့်ချောင်း မဝ အတွင်း ရွလျက် မိန်းမတို့စိတ် ရေဖိတ်သော့သွင် တရွှင်ရွှင်တည့် ... တဲ့ ။ ကိုင်း... သူတို့ ကိုယ် သူတို့ ဘယ်လောက် အလှအပ ကြိုက် သလဲ ။ နားထောင် အမောင်... တစ်ပုဒ် ဆိုပြအုံးမယ် ။ ' မိန်းမဘာဝ တုပလူတွင် ဝတ်ဆင်တန်ဆာ လျှပ်ပေါ်စွာကား ရာတန်ထောင်တန် ၊ သိန်းတန်မက ရွှေငွေစာသား ၊ မြမြစိန်စိန် ထိန်ထိန်လက်လက် ၊ နှစ်သက်လိုလား ၊ ဝတ်စားကိစ္စ ၊ အားမရဘူး ၊ နေ့ညမခြား ၊ လင်ယောက်ျားတို့ ကြိုးစားဥစ္စာ စီးပွားရှာလျက် ရေမှာ နစ်နစ် ၊ မြစ်မှာ မွန်းမွန်း တစ်ကျွန်း၌သေ ၊ စစ်မြေ၌ရှုံး ၊ အသက်ဆုံးလည်း ၊ ဆံထုံးပန်းဝေ ၊ မချချေရှင့် ' တဲ့ ၊ ကိုင်း ….ငါ အခု ရွတ်ပြတာ သူတို့ သဘာဝ နဲ့ မကိုက်ဘူးလား ၊ နားထောင်ဦး နောက်ထပ် ' မိန်းမဟူသော လောကီငါးဖြာ ၊ ဝါသနာ နှင့် ပညာရှိပြတ် ပရိသတ်ခွင် ထွက်ဝင်ကင်းဘိ ၊ လေ့မရှိသား ၊ ဇာတိဓမ္မ ၊ သဘာဝကြောင့် ၊ သုတမြင်ကြား ။ အသိရှား၍ ၊ တရားလက်မဲ့ ၊ ဉာဏ်ချို့တဲ့လျက် ၊ လွမ်းဘွဲ့ပျော်မြူး ၊စားအိပ်ကြူး၏ ။ မျက်ရှူးမာန်မူ ၊ ငြူစူမနော ၊ အတင်းပြောနှင့် ၊ အသောအသွမ်း ၊ ဖုံးလွှမ်းနေ့ည ၊ လိုမဝ တည့် ' တဲ့ ။ ဟယ် .. ဟယ် ... သောက်ကျိုး နည်းပါရော ၊ ငါ ဆိုတာ မဟုတ်ဘူး ပညာရှိများ ဆိုတာ ၊ ဒါကိုပဲ မင်း က အဟုတ် ထင်ပြီး တော ထွက်ချင်တယ် ဆိုတာ နဲ့ စိတ်ညစ် တော့ သကိုး ”

“ သူ က မင်း ရွတ်ပြတဲ့ အစား ထဲ က မဟုတ်ဘူးကွ ”

“ အလို … လာပြန်သေးငဲ့ အမောင် အဲဒီလို မိန်းမ ဓာတ်သဘော ဘုရားဟော ကျမ်းဂန် အထင်အရှား ရှိပြန်လို့ နိဗ္ဗာန် နဲ့ မနီးတောင် အစွဲ ကြီးတဲ့ တဏှာလောဘဇော ကို ပြောဟော ဖြတ်တောက်တော် မူချင်လို့  ... ဆရာတော်ကြီး က ယောဂီအဝတ် ဝတ် ဖို့ရယ် ။ စိန် ၊ ရွှေ ရှောင် ဖို့ရယ် အသေးအဖွဲကလေးတွေ ကို အလှူခံတော် မူတာ ... ကိုင်း ကောင်းပြီ ၊ မယောဂီ တို့ ကို ကြည့်ကြဦးစို့ ။ ထုံး ထား လိုက် တဲ့ ယောဂီဆံထုံး ။ ပိတုန်းရောင် ပမာ နက်ပြောင်စွာ ပနာရပြီး အာဂ အပျိုတွေ လို့ ဆိုလောက်တဲ့ ဆံထုံးတွေ ကို က လူ ကြည့်ချင် စရာ ၊ ဟော ... ယောဂီအဝတ် တဲ့ ၊ သူ့ အရောင် က ကောင်းတယ် ၊ ငါ့ အရောင် က ကောင်းတယ် နဲ့ တချို့ များ ယောဂီဝတ် အတွင်း က ဇာနားတပ် ပိတ်လုံချည်များ ဝတ်တာ ငါ ရွှေကိုယ် ဒိဗ္ဗစက္ခု နဲ့ မြင်ဖူးသပေါ့ ၊ စိန်ရွှေ လှူပြန်တော့ နာမည် တံဆိပ်ကလေးတွေ နဲ့ ငွေလက်စွပ် ၊ ဆင်မြီးလက်ကောက် ဝတ် ကြတယ် ။ ရသေ့ရောင် ကြယ်သီး ။ အို .. ဆရာတော်ကြီးများ ဒီ အဖြစ်တွေ ကြား သိ ရရင် ယခု မမာတော် မူရာ မှာ ပိုပြီး စိတ် မချမ်းမသာ ဖြစ် မှာတောင် စိုးရိမ်ရတယ် ။ ငါ ရွတ်ပြတဲ့ လင်္ကာ နဲ့ ကိုက် မကိုက် စဉ်းစားတော့ ... ပြီးတော့ ယောဂီအဖြူ ဝတ် နဲ့ သစ်ခေါက်ဆိုး ဝတ် တွေ ဘယ်သူ က တရား ကျ တယ်လို့ ဂုဏ်ပြိုင် ကြသေး ။ တရား ကျင့် တာ ဂုဏ် ပြိုင်စရာလား ။ လူတိုင်း တော့ မဟုတ်ဘူး ပေါ့ ကွယ် ။ ပြီးတော့ လေ ကုန်းပြီး လော်စပီကာ နဲ့ အသံကုန် အော်ပြီး ရယ်လိုက် ချင် တာ ရှိသေး ။ အမယ်လေး ဟ လူတွေ ကော့စမစ်တစ် နဲ့  ဗိုလ်ကေ ကျကျနန ခွဲပြီး ယောဂီညိုသွေး ဝတ် ၊ စိပ်ပုတီး နဲ့ ယောဂီမတွေ နား က ရစ်ဝဲ ရစ်ဝဲ နဲ့ နေတဲ့ ဂျပိုးတွေ ( ဘွာ ... ဘွာ ... သူငယ်ချင်း တော့ အလွတ် ကွယ့် ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်း က ဗိုလ်ကေ ပေမယ့် ဝတ်လုံ ဆိုတဲ့ နာမည်ကြောင့် ပဝါဖြူအုပ်ပေါင်း ။ ပဝါစ ကောင်းကောင်းကလေး နဲ့ ပေါင်းပြီး နေသေးသကိုး )  ၊ အဲဒါကြောင့် သူငယ်ချင်း ရဲ့ ဘိက္ခုနီမ ခေတ်ကုန် ကတည်း က မမည်း တို့ ၊ မဖြူ တို့ ၊ မသူ ၊ မခင် ၊ တင်တင် ၊ စုစု ၊ ပုပု ၊ ထွေးထွေး  ၊ အသေး ၊ အကြီး ၊ မယ်မင်းကြီးမ ဘယ်သူ့ ကို မှ ဈာန်မပျံ သ၍ ဆံထုံး အဆုံး မခံ သ၍ ဤ ရွှေကိုယ် သည် လုံးဝ စိတ်ချရပြီ ဟု ဘယ်အခါမှ မယုံနိုင်သေးပါကြောင်း ”

“ မင်း ဟာ ... ကောလိပ် မှာ အင်္ဂလိပ်စာပြ ဆရာကလေး ဖြစ်တာ နဲ့ ဘာသာရေး ကန့်ကွက် တဲ့ သဘောတွေ ပြောဝံ့တာလား ။ မင်း စကား ကို ပညာရှိတွေ ကြားရင် သိပ်ပြီး အထင် သေးမယ် ”

“ ဆိုစမ်း ၊ ဘာဖြစ်လို့လဲ ။ ငါ ပြောတာ နည်းလမ်း မကျလို့လား ။ ငါ က ဗုဒ္ဓဘာသာ ကို စွန့်ပစ်ဖို့ ပြော သလား ။ ငါ လည်း ဗုဒ္ဓဘာသာ ပါပဲ ကွ ”

“ အနို့ကွာ ၊ ယောဂီတွေ အပြစ် တင် လို တင် ၊ ဘာဖြင့် မကြိုက်ဘူး နဲ့ ”

“ မဟုတ်ဘူး ။ မူလ တရားဟော ပုဂ္ဂိုလ် ရဲ့ ရည်ရွယ်ချက် နဲ့ အချို့ ပြုမူပုံ မကိုက် လို့ ပြောတာကွ ၊ ကိုယ်တော်ကြီး မှာ ဖြင့် ကြားကြရဲ့လား ဟရို့ ၊ လိုက်ဆိုကြဟရို့ နဲ့ ဟောတော် မူ လိုက်ရတာ မောလို့ ၊ ဟော … မချောတို့ က တော့ ရင်ဘတ် ထဲ မှာ ... ထီ ဆိုတဲ့ တံဆိပ်ကလေးတွေ ဆွဲပြီး စိတ်ထဲ ကတော့ အလှအပ ပြုပြင် ၊ သူ့ လင် သူ ချစ်ပြီး လူ အဖြစ် လူ့ ဇာတ် မှ မစွန့်လွှတ် နိုင်ကြပဲ ဟာ ဘယ်မှာ ဟန်ကျ နိုင်မှာလဲ ”

“ ရှေးက အပြုအမူတွေ ထက် တော့ တော် မသွားဘူးလား ”

“ မင်း က ဒါကို မြင်တာကိုး ။ ရှေ့ ကို တစ်မျှော်တစ်ခေါ်ကြီး ကြည့် ရသေးတယ် ။ ငါ ကြိုက်တာ ပြော ရရင် တို့ နိုင်ငံ ဟာ ကျွန်တွင်း နက် တဲ့ နိုင်ငံ ဖြစ် လို့ မိန်းမတွေ ဘက် က လူဦးရေ တိုးပွားရေး ၊ ကလေး ပြုပြင်ရေး တွေ အများကြီး လို သေးတယ် ။ မိန်းမပျို တွေ မြန်မြန် အိမ်ထောင် ပြုကြ ၊ မွေးတဲ့ ကလေးတွေ ကို မြန်မာပြည် ရဲ့ သားကောင်း သမီးကောင်း ဖြစ်အောင် သွန်သင် ၊ အလားအလာ မရှိတဲ့ မိန်းမကြီးတွေ တော့  ယောဂီလုပ် လုပ် ၊ နတ်ပြည် သွား သွား အရေး မကြီးဘူး ။ ပြီးတော့ ယောဂီတွေ ကို နည်းပေးလမ်းပြ ၊ ကမ္မဋ္ဌာန် ရဖို့ အလုပ် ကို လည်း တတ်ကျွမ်းတဲ့ သီလရှင်ကြီးများ ၊ မိန်းမယောဂီကြီးများ သာ ရှေ့ဆောင်စေချင်တယ် ”

“ ကိုင်း မောင်ဘသော် ရဲ့ ။ သူငယ်ချင်း ရဲ့ ၊ မင်း နဲ့  လေရှည် နေလို့ မဖြစ်ဘူး ။ ဒီမှာ ကြည့်စမ်း ...”

ဟု သတင်းစာ တစ်စောင် မှ စာပိုဒ် ကို ထောက်ပြရာ

“ ရန်ကုန်မြို့ ၊ ကင်းဘဲလမ်း ၊ ဝတ်လုံတော်ရကြီး ဦးဘရွှန်း ၏ သမီး ခင်ခင်သန်း မှာ စိန်ရွှေ လှူရုံတင် မဟုတ် ။ ယောဂီအဝတ် နှင့် လည်း အားမရ သဖြင့် ဆံထုံးများပင် ရိတ်ချ လိုကြောင်း နှင့် မိဘများ အား ခွင့်ပန် နေကြောင်း ၊ ခင်ခင်သန်း မှာ ရုပ်ရည် ရူပကာရ ချောမွေ့ လှ၍ အသက် (၁၉) နှစ် မျှ ရှိသေးကြောင်း ၊ အခြား မိန်းကလေးများ အားကျသင့်ကြောင်း ...”

“ ဒါ ဘာဖြစ်သလဲ ။ အလကား သတင်းစာတွေ က ပေါ်ပင် လိုက်ပြီး ခေတ်ကြိုက် ရေး နေတာပဲ ။ သတင်းစာ အရောင်း ရ တွင်ကျယ် မယ့် လာဘ် မြင်တော့ ယောဂီတွေ ကို မြှောက် ပေးနေတာပဲ ။ ဟောဒီမယ် မင့် ကို ပဲ ကြည့်စမ်းပါဦး ၊ ' ဘားလမ်း ၊ ဝတ်လုံတော်ရမင်း ဦးဖေလှ မှာ အသက် ( ၂၃ ) နှစ် မျှ ရှိသေး သော် လည်း ယောဂီအဝတ် ဝတ်လျက် ယောဂီမများ အား အမြဲ ကူညီစောင့်ရှောက်ကြောင်း ' တဲ့ ။ ကိုင်း မဟုတ်လား ။ အမှန်ကတော့ မင်း ဟာ ... ဟဝါ ဒရဝမ် လုပ် နေတာ ငါ အသိပေါ့ ။ အခုဆို ခင်ခင်သန်း အတွက် အသက် ထွက်တော့ မလို တရား ရနေလိုက်တဲ့ ဖြစ်ခြင်း ”

“ အမှန် ပြော ရရင်တော့ သူငယ်ချင်း ရဲ့ ငါ လည်း တရား ကျလို့ ရယ် လို့ ဘယ် ဟုတ်မလဲ ၊ ကိုယ့် ရည်းစား က ယောဂီမ အဝတ် နဲ့ ပါ နေတော့ သူ့ မျက်နှာလေး မြင် ရရင် ပြီးရော လို့ စိပ်ပုတီး နဲ့ ဟန်ပန် ထုတ်နေရတာပဲကွ ”

“ တယ် ငါ လော်စပီကာ နဲ့ ရယ်လိုက်ရ ။ ဒါတွေကြောင့် ငါ ပြောတာဟာ သွေးထွက်တာ ထက် မှန်သေးတယ် လို့ ပြောတာ ။ မိန်းမ စိတ် အမြဲ တည်တယ် ဆိုတာ မင်း က ယုံ နေသေးတယ် ။ ဒီတော့ မင်း အဟုတ် လိုချင်ရင် ပြန်ပြီး နှူးဦး ၊ ပါ လာမှာပါ ။ ကိုင်းကွာ ငါ လည်း အလုပ် ရှိသေးတယ် ။ သွားဦးမယ် ”

ဟု ဘသော် ထွက်၍ သွားလေ၏ ။

ဝတ်လုံ မောင်ဖေလှ ကား တစ်ယောက် တည်း ပင့်သက် ရှူလျက် ကျန်ရစ်လေ၏ ။ ထို့နောက် တစ်ဖန် သတိ ရ ပြန်သဖြင့် အဝတ်အစားများ လဲကာ ကင်းဘဲလမ်း သို့ ကား နှင့် ထွက်ခဲ့လေ၏ ။ ဦးဘရွှန်း ၏ တိုက်ပေါ် သို့ ရောက်သည် နှင့်တစ်ပြိုင်နက် အဖတ် ကလာပ် ၊ အရည် ကလာပ် သံများ ကို ကြားရ လေရာ မောင်ဖေလှ မှာ ခေါင်းကြီး ငုံ့ ၍ သွားလေ၏ ။ ဣန္ဒြေ မပျက် ဧည့်ခန်း သို့ ဝင် သွားရာ ခင်ခင်သန်း သည် ဝိသုဒ္ဓိ ကျင့်စဉ်ကျမ်း ကို ကိုင်လျက် ယောဂီဝတ်များ ဖြင့် ဣန္ဒြေရရ လာ လျက် မျက်နှာ ထား တည်တည် နှင့် …

“ ဪ .. ကိုဖေလှ ပါလား .. ဘယ်ကများ လာရင်း ဝင် လာသလဲ ”

မောင်ဖေလှ မှာ စကား တော်တော် နှင့် မပြောနိုင်ချေ ။ မနည်း ဟန် လုပ်လျက် အတန်ကြာ မှ “ ဒီကို လာတာပဲ ” ဟု ပြောလေ၏ ။ ( ဘာကိစ္စလဲ ) ဖေလှ စကား မပြောနိုင်ပြန် ၊ တွေဝေ လျက် ရှေးဟောင်း နှောင်းဖြစ် ကို ...

•••••   •••••   •••••

လှပသပ်ရပ်သော နယူးဖို့ဒ် ကားကလေး တစ်စီး သည် ကင်းဘဲလမ်း ၊ ခမ်းနားသော တိုက် တစ်တိုက် ရှေ့သို့ ရပ်မိသည် နှင့် တစ်ပြိုင်နက် ကားပေါ်မှ သပိတ်ရောင် ထသော ဗိုလ်ကေ နှင့် အသက် ( ၂၀ ) အရွယ် လူငယ် တစ်ယောက် ဆင်း ၍ လာ ကာ တိုက် ထဲ သို့ ခပ်မြန်မြန် ဝင်ခဲ့လေ၏ ။ ၎င်း ၏ ပြုံးရွှင်သော နှုတ်ခမ်းမှ ...

“ ခင်ရေ ... ခင်ရေ … ဦးတို့ ကြီးကြီး တို့ ကော ”

“ ရှင် ... ဘဘ ရော မေမေ နဲ့ ဂျူဗလီ သွားကြတယ်လေ ။ ကိုကို ဘိလပ် သွားရတော့မယ် ဆို ... ဟုတ်လား ”

ဟု အပြန်အလှန် ပြော ကြရင်း ဆိုဖာ ပေါ် တွင် နှစ်ဦးသား ယှဉ် ၍ ထိုင်မိကြလေ၏ ။ မိန်းကလေး မှာ မျက်တောင် ကော့ကော့ ၊ အသားဝါပျော့ပျော့ နှင့် အတော့် ကို လှပသူကလေး ဖြစ်သည့် အပြင် ဆံတောက်စကလေး မဝင့်တဝင့် နှင့် ခင်မင်သူ ၏ စိတ် ကို ယိုဖိတ်အောင် ဆွဲငင်နိုင်စွမ်း ရှိသော ( ၁၆ ) နှစ် အရွယ် ဖြစ်လေ၏ ။

“ ဟုတ်တယ် ။ ကိုကို သွား ဖြစ်မယ် ”

“ ခင် ကြားဖူးတယ် ၊ ဘိလပ် သွားတဲ့ လူများ ဟာ .. ဟို ကျရင် ဘိလပ်သူတွေ နဲ့ အကြောင်း ပါပြီး ... အို ... ခင် ... ကိုကို နဲ့ မပေါင်းရသေးပေမယ့် ရန်ကုန်တစ်မြို့ ထဲ မှာ နေ ရတော့ ခင် အား ရှိတယ် ။ ခုတော့ …. ခုတော့ .....”

“ ဟင် ... ခင်ရယ် ၊ ဘာလို့ ငို ရတာတုန်း ။ ကိုကို နဲ့ ခင် တစ်သက်လုံး လူ လုပ်ဖို့ သွားရတာပါကလား  ။ ကိုကို ခင့် ဖို့ ပညာ သင် သွားရမှာ ”

“ သိတော့ သိတယ် ။ ဒါပေမဲ့ ကိုကို နဲ့ မခွဲချင်ဘူး ...”

ဟု ကနွဲ့ကယ ဖြစ် နေသဖြင့် ယောက်ျားကလေး မှာ ပွေ့ပိုက် မျက်ရည် သုတ် ပေးကာ ချော့မော့ ရ ပြန်လေ၏ ။

◾၃ နှစ် ခန့် ကြာသော အခါ

တစ်ပတ်ရစ် သာသာ ဖို့ဒ်ကားကလေး သည် ယခင် တိုက်ပေါက် သို့ ရပ်ကာ တိုက်ရှိ လူကြီးများ နှင့် အကျိုးအကြောင်း နှုတ်ဆက် ပြောဆို ပြီးနောက် သမီး ဖြစ်သူ နှင့် သမက်လောင်း ဘိလပ်ပြန် ဝတ်လုံတော်ရကလေး နှင့် မျက်နှာ လွှဲ ခဲ့ကြလေ၏ ။

“ ကိုကို …. ခင် ပေး တဲ့ စာ ကို ရရဲ့လား ။ ခင် ဖြင့် လေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ စာမေးပွဲ အောင်မြင်ပါစေ နဲ့ အမြဲ ဆုတောင်းနေတာပဲ ။ ကိုကို့ ဘိလပ်သူကလေး ကော ”

“ ဘာလဲ ၊ ရန်စတာလား ။ ကိုကို့ မှာ ခင့် ကို လွမ်းရတာနဲ့ သူများ ပိုး ဖို့ စိတ်ကူးတောင် မရဘူး ။ ဟောသည့် ခင်ကလေး မှ ကိုကို့ ကြင်ယာတော် အစစ် ( အို ကိုကို ရဲ့ ၊ အရမ်းချည်း ဟိုမယ် ချာပရာစီ ) ခွဲရတာ ကြာလို့ အားမရနိုင်ဘူး ၊ ဒါထက် ခင် နည်းနည်း ပိန် သွားတယ်နော် ”

“ သိတဲ့ အတိုင်းပဲ ၊ ကိုကို ( ၃ ) နှစ် ကြာရင် ပြန်လာ မှန်း တွေး မိပေမယ့် ခင့် စိတ် ဟာ တစ်နေ့ မှ မအေးဘူး ။ နေရာ မြန်မြန် ကျ အောင် သာ ကိုကို ရယ် ”

“ စိတ်ချ စိတ်ချ ၊ ကိုကို ပြောပြီး စကား ဘယ်တော့ မှ မဖျက်ဘူး ”

◾၆ လ ခန့်ကြာသောအခါ

ရန်ကုန်မြို့ သည် ပေါ်ပင် တစ်ခေတ် ကို တစ်ပုံတစ်ခေါင်းကြီး ပြုမူ လိုက်နာတတ်ကြသည့်အတိုင်း ယောဂီ ခေတ်ကြီး ထွန်းကား လိုက်သည် ... ဟူသတတ် ။ ယခင် ယောက်ျားပျိုသည် မိမိတို့ မင်္ဂလာအခမ်းအနား အတွက် စီစဉ် လိုသဖြင့် ရည်းစားသည် ထံ သွားရောက် အကျိုးအကြောင်း ပြောဆိုရာ ရည်းစားသည် ၏ အမူအရာ မှာ ရှေး ကလို မဟုတ် ။ တစ်မျိုး တစ်ဖုံ ပြောင်းလဲလျက် တရား ကျ နေသဖြင့် ယောဂီမ အဖြစ် က ခေါင်းတုံး ရိတ်ပြီး  ဘိက္ခုနီမ လုပ်ချင်ကြောင်းများ နှင့် တကွ အဖတ်ကလာပ် ။ အရည်ကလာပ် သဘော ကို စီးယို အာပေါ စသည်တို့နှင့် ပြောပြရာ ...

“ အို ခင်ရယ် .. အစက ကတိ ထားပြီးတော့ ခု မှ ”

“ အို အိမ်ထောင်ရေး ကတိ ပျက် လို့ ငရဲ ကြီးမယ် မထင်ပါဘူး ”

“ ဒါဖြင့်လည်း ခင့် သဘော ပေါ့ လေ ”

ဟု နှုတ်ဆက် ကာ ထ ခဲ့ လေ သတည်း ။

•••••   •••••   •••••

မောင်ဖေလှ သည် အထက်ပါ အတိုင်း  စဉ်းစား နေရာ မှ ခင်ခင်သန်း ၏ မျက်နှာ ကို ကြည့်ရှုရာ ခင်ခင်သန်း မှာ သတ္တဝါ အန္ဓ ပုထုဇဉ် ကလေး တစ်ဦး အား သနားသော စိတ် နှင့် ကြည့်ရှု သည့် လက္ခဏာ ဖြင့် …

“ ကိုဖေလှ စဉ်းစား နော် ၊ ခင် တို့ နေရတာ ရေပွက်ပမာ ခဏ တာ ... ”

“ ခင် … ကျုပ် အကုန် သိတယ် ။ ခင် နဲ့ ရင်းနှီးဖူး ကတိ ထား ဖူးတော့ မစွန့်နိုင် မပစ်နိုင် ၊ ခင်ဗျား ယောဂီမ လုပ်လျှင် ကျုပ် တော့ ...”

“ ဪ …ဘုရား ရေ ၊ တယ် လည်း အစွဲ သန် ပါကလား ၊ ဒါကြောင့် ဆရာတော် ဘုရားကြီး ...”

“ တော်တော် .…. ခင့် ဆီ တရား နာ လာတာ မဟုတ်ဘူး ၊ ခင့် သဘော ဘယ်လို ဆိုတာ ...”

“ ဒါတော့ ပြော ပြီးပြီ ။ ကိုဖေလှ သဘောကျ ရာ နဲ့ သာ ..”

“ ကိုင်း ... ခင် ပြန်တော့မယ် ၊ မကြာခင် သတင်းကောင်း ကြားရမယ် ”

ဟု ဖိနပ်သံ ခပ်ပြင်းပြင်း နင်း၍ ထွက်ခဲ့လေ၏ ။

ဖေလှ သည် တိုက်သို့ ရောက်လျှင် အင်္ကျီအဝတ်အစား တို့ ကို တစ်ယောက် တည်း ရန် ဖြစ်လျက် ဆောင့်အောင့် ကာ ချွတ်ပစ် နေစဉ် ...

“ ဟား ဟား...မိန်းမ က မချစ်ဘူး ဆိုတာနဲ့ များ ကွာ ”

“ ဟေ့ အကောင် မင်း အလုပ် မသွားဘူးလား ”

“ ငါ မင့် အကြောင်း သိချင်လို့ က နေ့ အလုပ် မသွားဘူး ။ မင်း ကို သူ စွန့်လိုက်တယ် မဟုတ်လား ။ မင်း သူ့ ကို အဟုတ် လိုချင်တာလား ”

“ တယ်ကွာ ... မင်း ငါ့ ကို မေးစရာ မလိုဘူး ၊ မနက်ဖြန် သတင်း ကောင်း ကြား ...”

“ ဟားဟား .. တယ် ငါ လော်စပီကာ နဲ့ ရယ်လိုက်ရ ။ ကိုင်း ... မင်း ငါ့ စကား နားထောင် ၊ ငါ အတည် ပြောတာ ”

ဟု အကျိုးအကြောင်း တိုင်ပင် ပြီး နောက်

“ မဟုတ်ဘူးလားကွ ၊ မိန်းမ ရှား သမို့လား တက တည်း ... ”

ဟု ပြောဆိုရင်း ဘသော် ထွက်၍ သွားလေ၏ ။

◾၁ဝ ရက်ခန့် ကြာလျှင်

ရန်ကုန်မြို့ ၊ ဘားလမ်း ဝတ်လုံတော်ရ မောင်ဖေလှ နှင့် မော်လမြိုင်မြို့. စက်ပိုင်ဆန်ပွဲစားကြီး ဦးဘထွန်း ၏ သမီး မကြင်မေ တို့ ကို ၁၂၉၆ - ခုနှစ် ၊ တန်ဆောင်မုန်း လဆန်း ( ၃ ) ရက် နေ့၌ ဂျူဗလီ တွင် လက်ထပ်မည် ဖြစ်ကြောင်း ဟူ၍ တွေ့ရှိ ကြရလေ၏ ။

◾ ၂ ရက် မျှ ကြာသောအခါ

ကင်းဘဲလမ်း ခင်ခင်သန်း ၏ တိုက် သို့ ဘသော် သည် ရေးကြီးသုတ်ပျာ နှင့် ရောက်၍ လာပြီးလျှင် ...

“ ရ မရ မပြောတတ်ဘူး ။ တိုက် မှာ ဆရာဝန် နဲ့ ကြိတ်ပြီး ကု နေရတယ် ၊ သူ သောက်တာ တကယ် ပြင်းထန် တဲ့ အဆိပ်မို့ ခက်တာပေါ့ ”

ဟု မျက်နှာ ညှိုးငယ်စွာ နှင့် ပြော လေရာ ခင်ခင်သန်း သည် ရှောတဘက်ကလေး ကို ခြုံကာ “ ကိုင်း ကိုင်း ကျွန်မ လိုက်ခဲ့မယ် ” ဟု ဘသော် ၏ ကား နှင့် လိုက်၍ လာလေ၏ ။

ခင်ခင်သန်း ကား ဖေလှ အခြား မိန်းမတစ်ဦး နှင့် လက်ထပ်မည် ဆို ကတည်း က စိတ်နှလုံး တုန်လှုပ်ခြောက်ချား နေရာ မိမိ အတွက် ဖေလှ များ သေသွားရင် ဟု မစဉ်းစားဝံ့အောင် ဖြစ်၍ နေလေ၏ ။

ဘားလမ်း ဖေလှ ၏ တိုက်သို့ ရောက် လျှင် ဘသော် ထက် ခြေလှမ်း သွက်ကာ လူမမာခန်း သို့ ဝင်ရောက် သွားရာ လူမမာ မှာ သတိ ရ တစ်ချက် မရ တစ်ချက် နှင့် ဖြစ်၍ နေသဖြင့် အရှက် အကြောက် ပမာ မထားနိုင်တော့ ဘဲ “ ကိုကို ခင် လေ မျက်လုံး ဖွင့်ပါဦး ” ဟု ပွေ့ဖက် မည် အလုပ် ဆရာဝန် က “ ကျုပ် တို့ တစ်ည လုံး စောင့် ကုရတယ် ။ သူ ခု မှ နည်းနည်း အိပ် ရမယ် ၊ တစ်ဆိတ်လောက် သည်းခံပြီး မနှိုးပါ နဲ့ ၊ လူ ကို ချစ်ရင် နာရီဝက် လောက် အချိန်စောင့်ပေးပါ ။ ကံကောင်းရင် ပြန် ရှင်မှာပဲ ” ဟု ပြောစဉ် ဘသော် က “  အလကား ခွေးမသား ။ မိန်းမ တစ်ယောက် မရတာ နဲ့ ငါ လေ …. မင်းလား … ယောက်ျားဈေး ဖျက်တဲ့ အကောင် ”

ဟု ကြိမ်းဝါးရင်း ဆရာဝန်အား ဆွဲခေါ် ကာ အပြင် သို့ ထွက်ခွာ သွားကြလေ၏ ။

◾တစ်နာရီ ခန့် ကြာသောအခါ

ဆရာဝန် နှင့် မောင်ဘသော် သည် ငိုသံ ကြား ရမလား ၊ ရယ်သံ ကြား ရမလား ဟု ဖိနပ်သံ မပေးဘဲ အသာအယာ ခန်းဆီး ကို မ ၍ ကြည့် လိုက်ရာ ဆရာဝန် နှင့် ခေါင်းချင်း တိုက် မိသဖြင့် အတော် နာကျင်၍ သွားကြလေ၏ ။ အခန်း ထဲ မှာ လည်း လူမမာ နှင့် ပြောကြသော အသံများ ကား…

“ ကိုကို တို့ ယောက်ျားတွေ ဟာ အလွန် ဉာဏ် များတယ် ။ သတင်းစာတိုက် မှာ လိမ်ပြီး ကြော်ငြာတယ် ၊ အဆိပ် သောက် မိ ချင်ယောင် ဆောင်တယ် ။ လူ ကို ထိပ် သွေးရောက်လို့ ဖယ်ပါ ၊ ခုမှ ချွဲမနေပါနဲ့ ”

“ နို့ ခင် က အဟုတ် ယောဂီမ လုပ်မယ် ဆို လို့ ၊ ခင် လုပ်တော့ မှာ လား ”

“ ဟုတ်တယ် ။ ကိုကို က နောက် အသစ် တစ်ယောက် ယူချင်သေး လို့ ခဏခဏ မေး နေရတာပေါ့ ။ ဖယ်ပါ ။ ကိုဘသော် တို့ လာ မှ ဖြင့် ရှက်စရာကြီး ”

ဘသော် နှင့် ဆရာဝန် သည် တိုက်ပေါက် မှ နောက်သို့ လာလေ ဟန် ဆောင်လျက် ဖိနပ်သံ ပေး၍ လာကြစဉ် “ မယ်ယောဂီ … ဘယ်တော ဘယ်ဆီသို့  ” စသဖြင့် သီချင်း ဆို လိုက်ရာ ခင်ခင်သန်း မှာ မျက်နှာ မထားတတ်အောင် ဖြစ်လျက် ဘသော် ကို ရန်တွေ့ ၍ နေလေသတည်း ။  ။

◾မဟာဆွေ

📖ကြီးပွားရေးမဂ္ဂဇင်း ၊
     ၁၉၃၄ - ခု ၊ ဒီဇင်ဘာလ  ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment