❝ အသားတံဆိပ် မပါတဲ့ လူ ❞
ဒီ ကိစ္စ သူ့ ဆီ ရောက် လာတော့မယ် ဆိုတာ သူ ကြို သိပြီးသား ။ ပြောရရင် သူ့ ဆီ မရောက် ရောက်အောင် လုပ်ခဲ့တာ ဆို ပို မှန်လေမလားပဲ ။ ဒါကလည်း သူ့ အတွေ့အကြုံ သူ ဖြတ်သန်းခဲ့တဲ့ အခြေအနေ က သူ့ ကို တတ်မြောက်အောင် သင် ပေးခဲ့တာ ဖြစ်လေ ဒီလို အတွေ့အကြုံ ဒီလို အခြေအနေမျိုး ရောက်ဖို့ ကုန်ခဲ့ရတဲ့ နှစ်တွေ ၊ သင်ခဲ့ရတဲ့ ပညာတွေ နည်း လို့ လား ... ဘာပဲ ပြောပြော ခုတော့ ကိစ္စ တစ်ခုလုံး သူ့ လက်ထဲ ရောက်လာပြီ ၊ သွန်သွန်မှောက်မှောက် သူ ကြိုက်သလို ခြယ်လှယ်ခွင့် ရပြီ ။ ဒါကြောင့် သူတို့ လောက ထဲ မှာ တောင် သူ့ ထက် သမ္ဘာ့ရော ဝါရော ကြီးတဲ့ ပုဂ္ဂိုလ်တွေ က အစ တော်ပါပေတယ် ကိုခင်မောင်အေး ရယ် လို့ ပါးစပ် က ထုတ် မပြောပေမယ့် သူတို့ မျက်လုံးတွေ က ဝန်ခံ ပြီးသား ။ သူတို့ လောကမှာ လမ်းဘေး မှ လမ်းလျှောက် နေတဲ့သူတွေ တပုံတပင် ။ သူ ကတော့ ခြံ နဲ့ ဝင်း နဲ့ ကား နဲ့ ဖုန်း နဲ့ ... ဒါကို ကြည့်ရင် သူ့ အရည်အချင်း ကို တွက်လို့ ရပြီ ။
ဒီ အမှု သူ့ ကို လာ အပ် ကတည်း က အမှုသွား အမှုလာ ကို သေချာ လေ့လာပြီးသား ၊ ဒီ အမှု က သူ လိုက်ရတဲ့ ဘက် က နိုင် မှာ လုံးဝသေချာနေပြီး တရားခံ ဘက် ကနေ လိုက် ရပေမဲ့ ဒီ အမှု က လုပ်ကြံ စွပ်စွဲထားတယ် ဆိုတာ အထင်အရှားကြီး ၊ သူ့ တရားခံ အချုပ် က လွတ် တာနဲ့ တစ်ဖက် က အလိုလို အချုပ် ထဲ ပြန် ရောက်မယ့် အမှုမျိုး ၊ တစ်ဖက် က မတရား လုပ်တယ် သာ ဆိုတာ ရုံးတွေ စခန်းတွေ ရောက်ဖူး တာ မဟုတ်ဘူး ၊ ခု သူတို့ ဘက် ပြန်လှည့်မယ် ဆိုတာလည်း သိရော တက်မလို ချက်မလို နဲ့ ကုန်ချင်သလောက် ကုန် ပါစေ ၊ သူတို့ သား ဘာမှ မဖြစ်ရင် ပြီးရော ဆိုတာ မျိုး ၊ အကွက် က သိပ် ကို လှနေပြီ ။ ဒါက သူ့ အလိုလို ဖြစ်လာတဲ့ ခွင်ကျ ၊ သူ့ ဘက် က နည်းနည်းလေး ဟ လိုက်တာနဲ့ အားလုံး အိုကေ ၊ သူ အစီအစဉ် ကို စနစ်တကျ ဆွဲဖို့ပဲ လိုတယ် ။ ဘာ ခက်တာ မှတ်လို့ ၊ ဒါမျိုး က သူ လုပ်နေကျ ။
ပြောကြကြေး ဆို ပထမ ဦးဆုံး တရားရုံး ရက်ချိန်း ရက် မှာ တွင် အခြေအနေ အားလုံး သူ့ ဘက် ကို ရောက် လာ ပြီးသား ။ တရားလို ကို သူ စ မေးခွင့် ကတည်း က သူ့ အစွမ်းအစ ကို အားကုန် ထုတ် သုံးလိုက်သည် ။ သူ့ နှုတ်ဖျား မှ မရပ်မနား တရပ် ပစ်လွှတ် လိုက်သော စကားလုံး မြားများ က တဘက် အမှုသည် ၏ ဆောက်တည်ရာ ကို ပျက်ပြား သွားစေခဲ့တယ် ။ ချွေးသီးတွေ ပေါက်ကျလာပြီး နှုတ်ခမ်း ၊ ညှိုးကျသွားသော မျက်လုံးရောင် နှင့် ကယောင်ချောက်များ ဖြစ်သွားသော ကတုန်ကယင် ကိုယ်ခန္ဓာ အနေအထား ကို မြင် ရရုံနှင့် ပွဲ ပြီးသွားပြီ ဟု သူ သိလိုက်သည် ။ တရားရုံး အခန်း တွင်း နှင့် အခန်းဝ တို့ တွင် ရှိသော လူများ ၏ အပ်ကျသံ ပင် ကြား ရလောက်အောင် ဆိတ်ငြိမ်မှု ကလည်း သူ့မေးခွန်းတွေ ရဲ့ အောင်မြင်မှု ကို သက်သေ ထူ နေခဲ့သည် ။ သူ့ မေးခွန်းတွေ အဆုံး မှာ သူ့ အမှုသည်များ ၏ အပြုံး နှင့် တစ်ဖက် အမှုသည် ၏ အရှုံး ကို ကွဲကွဲပြားပြား တွေ့ နေကြရပြီ ။ သူ့ နှုတ်ခမ်း တစ်ချက် တွန့်ရုံလေး ပြုံး လိုက်သည် ။ ခင်မောင်အေး ပဲ ဒီလောက်တော့ ရှိ မှာပေါ့ ။ နောက် တရားရုံး ရုံးချိန်ဒုတိယ အပတ် အရောက်ခင် မှာ ပင် အမှုပွဲစားတွေ က တစ်ဆင့် သူ့ ဆီ ကို တစ်ဖက် အမှုသည် ရောက် လာခဲ့သည် ။
ကြား အမှုပွဲစား ပါလာပြီ ဆိုတာ သိ ကတည်း က သူ ခါးခါးသီးသီး ငြင်း ရတော့မည် ဆိုတာ သူ့ အတွေ့အကြုံ က သင် ပေးထားပြီး ဖြစ်သည် ။ ဒီ ပွဲစား ဆိုတဲ့ လူတွေ က တရားရုံး မှာ ဂျင်ခြေလည် နေတဲ့ အကောင်တွေ ၊ ပိုက်ဆံ ယူပြီး နှုတ်လုံတာ မဟုတ် ။ တစ်ဖက် ရှေ့နေ ကို အပိုင် ဝယ်တဲ့ စကားက ဒီကောင်တွေ ပါးစပ် က ထွက်လာတဲ့ စကား ။ သူတို့ ပြောတာ အဆင် မပြေရင် အမှုသည် ကို မြှောက်ပေးပြီး ဟိုတိုင်သည်တိုင် လုပ် ခိုင်းမည် ။ အမနာပ ပြောမည် ။ ဒါ သူတို့ အလုပ် ။ တစ်ဖက် အမှုသည်များ ကို သူ စကား ပြောရန် ငြင်းဆိုပြီး နှစ်ရက် အကြာ ညပိုင်း တွင် သူ့ အိမ် သို့ တစ်ဖက် အမှုသည်က တွေ့ခွင့် ရရန် တယ်လီဖုန်း ဖြင့် ဆက်သွယ် လာခဲ့သည် ။ ဒါကို သူ ပထမ ငြင်းဆိုခဲ့သည် ။ နောက်မှ လူမှုရေးအရ အကူအညီ ပေးမည် ဟူသော စကား ဖြင့် တစ်ဖက် အမှုသည် ကို သူ့ ပိုက်ကွန် ထဲသို့ အမိအရ သွင်း ယူခဲ့သည် ။ သူ နှင့် တစ်ဖက် အမှုသည် တို့ တွေ့ဆုံချိန် တွင် ရှုပ်ထွေးသော အခြေအနေ တို့ ကို ချဲ့ကား ပြောဆိုခြင်း ဖြင့် အမှု ရဲ့ အခက်အခဲဆုံး အပိုင်း ကို မသိမသာ လှစ် ပြပြီး ငါးစာ ကြီးကြီး တပ် ခဲ့လေသည် ။ နောက်ဆုံး သူ့ အိမ် မှ အမှုသည် ပြန် ထွက်သွားချိန် မှာ ပြုံးယောင်သမ်း နေမည် ကို တော့ သူ လိုက် မကြည့်ရဘဲ သိနှင့် နေလေသည် ။
••••• ••••• ••••• •••••
သူ့ အမှုသည် ကို အာမခံ ရအောင် သူ ကြိုးစား ပေးခဲ့သည် ။ အာမခံ ရပြီး အချုပ် မှ လွတ်တုန်း က ဆိုလျှင် သူ့ အမှုသည်များ က သူ့ကို ထိုင် မကန်တော့ရုံ တမယ် ။ တကယ်တော့ သူ က သာမန် ရုံး လုပ်ရိုး လုပ်စဉ် ကို သာ လုပ် ပေးခဲ့ခြင်း ဖြစ်သည် ။ ဒါပေမဲ့ သူတို့ က ဥပေဒ နှင့် ပတ်သက်သော ဗဟုသုတ အနည်းငယ် မျှ ပင် မရှိခဲ့ကြ ၍ မြင်မြင်သမျှ သည် သူတို့ အတွက် အားကိုးရာ ။ သူ က တော့ အမှုသည် ကျွေးမွေးသော စားသောက်ဖွယ်ရာများ ကို သုံးဆောင် ခံစားလိုက် ၊ အမှုသည် ငှားပေးထားသော တက္ကစီကာ းကို ဇိမ်ကျကျ စီးရင်းနှင့် အမှု တစ်ပတ် ပြီး တစ်ပတ် ကုန်ဆုံးခဲ့လေသည် ။ ထို အမှု ရက်ချိန်းပတ် တို့ အတွင်း ပြောင်းလဲသွားသော သူ့ မေး ဟန် သူ့ လျှောက်လဲချက်များ ကို ဘယ်သူ သိ နိုင်ပါ့မလဲ ။ အထူးသဖြင့် သူ့ ကို ယုံကြည်စွာ ဖြင့် အပ်နှံ ငှားရမ်းထားသော သူ့ အမှုသည်များ က သိဖို့ ဝေးစွ စိုးစဉ်းမျှပင် မရိပ်မိခဲ့ချေ ။ တစ်ဖက် ရှေ့နေ ကတော့ ခပ်ပြုံးပြုံး ။ ဒါလည်း သူ့ ပညာ ပဲ မဟုတ်လား ။ ဒီနေ့ တော့ အမှု ကိစ္စ စောစော ပြီးလို့ အိမ် စောစော ပြန် ရေမိုးချိုး ပြီး ပက်လက်ကုလားထိုင်လေး ကို ခရေပင် အောက် မှာ ခင်း လိုက်သည် ။ ပြီးမှ စာအုပ် တစ်အုပ် ကို စိတ်အေးလက်အေး ထိုင် ဖတ်နေလိုက်သည် ။ သား နှင့် သမီး က ဧည့်ခန်း ထဲ မှာ ရုပ်ရှင်ကား တစ်ကား ထိုင် ကြည့်နေကြသည် ။ ဇနီးသည် က တော့ သူ သောက်ဖို့ ကော်ဖီ တစ်ခွက် မီးဖို ထဲ မှာ သွား ဖျော်ပေးနေသည် ။ ရုပ်ရှင် ကြည့် ရင်း သား နှင့် သမီး ဆီ က စကားသံ တချို့ သူ့ ထံ သို့ လွင့် လာခဲ့သည် ။
“ မမ အဲဒီ လူကြီးတွေ ကို ဘာ လုပ်တာလဲ ဟင် ”
“ သူတို့ ကို ဖမ်း ထားတာ မောင်လေး ရဲ့”
“ ဘာဖြစ်လို့ ဖမ်း ရတာလဲ ”
“သူတို့ ကို ပြန် ရောင်းစားမလို့ ”
“ ဟင် လူတွေ ကို ရောင်းစား လို့ ရလား ”
“ အဲဒီ ခေတ် က ရတယ် ၊ သူတို့ ကို ကျွန်တွေ လို့ ခေါ်တယ် ၊ သူတို့ ကို ဖမ်း ပြီးတော့ အဲဒီလို သံကြိုးကြီးတွေ နဲ့ ချည်ထား ပြီးရင် ဈေး လို ဟာမျိုးမှာ ရောင်းတာ ။ သန်သန်မာမာ ဆိုရင် ဈေး ပို ရတာပေါ့ ။ သူတို့ ကို ငွေဝယ်ကွျန်တွေ လို့ ခေါ်တယ် ။ ဈေး ပို ပေးတဲ့ လူတွေ ကို ရောင်း တာပေါ့ ”
••••• ••••• ••••• •••••
“ ဟော မမ သူတို့ ကို ဘာ လုပ်တာလဲဟင် ၊ ဘာလုပ်တာလဲ ”
“ ဪ သူတို့ ဝယ်ထားတဲ့ ကျွန်တွေ ကို သူတို့ ကျွန် မှန်း သိအောင် လုပ် တာလေ ၊ တံဆိပ် ထွင်းထားတဲ့ သံတုံး ကို မီး ဖုတ်ပြီး အသား ကို ကပ် လိုက်တော့ အသား မှာ အဲဒီ တံဆိပ် က ဖျက်လို့ မရတော့ဘူးပေါ့ ”
“ ဟာ ကြောက်စရာကြီး သားသား မကြည့်ချင်တော့ဘူး ”
သားငယ် ရဲ့ အသံ မရှေးမနှောင်း မှာ ပဲ သူ ရှိရာ ရောက်လာခဲ့သည် ။ ပြီးတော့ သူ့ အနား ကို ကပ်ပြီး သံကြိုးတွေ ချည် ထားတဲ့ ကျွန်တွေ အကြောင်း ဟိုမေး ဒီမေး နဲ့ သား ပုံစံ က စိတ် မကောင်းနေတဲ့ပုံ ။ နောက်တော့ သူ့ ဘယ်ဘက် လက်မောင်း မှာ ငယ်ငယ် က ကာကွယ်ဆေးတွေ ထိုး ထားလို့ ဖြစ် နေတဲ့ အမာရွတ် ကို တွေ့ သွားပြီး တအံ့တဩ နဲ့ ကိုင် ကြည့်နေတယ် ။ ပြီးတော့ သူ့ ကို “ ဖေဖေ့ လက်မောင်း မှာ လည်း ဟိုလူကြီးတွေ လို တံဆိပ် ပဲ လားဟင် ” တဲ့ ။ သူ့ နှလုံးသား ထဲ ရုတ်တရက် ထင့်ခနဲ ရှက်စိတ် နဲ့ နာကျင် သွားတယ် ။ သားလေး ခေါင်း ကို သူ ပွတ် လိုက်ပြီး -
“ မဟုတ်ပါဘူး သားရယ် ၊ ဖေဖေ ငယ်ငယ် က ဆေး ထိုးထားတဲ့ အမာရွတ် ပါ ” လို့ ခပ်တိုတို ရှင်းပြ လိုက်တယ် ။
••••• ••••• ••••• •••••
နေ က အပြင် မှာ ကျွတ်ကျွတ် ဆူအောင် ပူ လျက် ရှိသည် ။ တရားရုံး ပတ်လည် တွင် သစ်ကြီးဝါးကြီး သိပ် မရှိလှ၍ အပူ ပို၍ ပြင်း နေသလား ထင် ရသည် ။ တရားရုံး အဆောက်အဦ က လည်း တစ်ထပ် ခပ်နိမ့်နိမ့် ဆိုတော့ လေဝင်လေထွက် သိပ် မရှိလှ ။ ဒီလို အချိန်မျိုး မှာ မှ အမှု စစ်ဆေး သည့် ရုံးခန်း အပေါက် ဝ မှာ တရားခွင် ကို လာ ကြည့်တဲ့ လူတွေ က လည်း ကြိတ်ကြိတ်တိုး ... တရားခွင် မှာ ရောက် နေကြတဲ့ လူတွေ အားလုံးရဲ့ ပုံစံ ဒီ အမှု ကို စိတ်ဝင်စားနေသည့်ဟန် ၊ ဦးခင်မောင်အေး သက်ပြင်း တစ်ချက် ကို မှုတ်ထုတ် လိုက်သည် ။ လည်ကတုံးကော်လာ တစ်လျှောက် မှာ ချွေး တွေ နဲ့ ယားကျိကျိ ဖြစ် နေပြီး ဆောင်းထားသော မောင့်ကျက်သရေ ခေါင်းပေါင်းစ ကိုလည်း ခဏလောက် ချွတ်ပစ် ချင်လှပြီ ။ ဝတ်ထားသော တိုက်ပုံအင်္ကျီ အနက် ကို လည်း ခဏ လောက် ခေါက် ထားလိုက်ချင်သည် ။ ဘောပင် ကိုင်ထားသော လက် နှင့် စာရွက် ကိုင်ထားသော လက်တွေ က ချွေး တို့ဖြင့် စိုရွှဲ နေလေပြီ ။ အပြင် ရာသီဥတု ကြောင့် သက်သက်တော့ မဟုတ် ။ သူ့ ခေါင်း ထဲ မှာ အထပ်ထပ် အခါခါ စဉ်းစား အကွက်ချ ခဲ့သော ကိစ္စ နှစ်ခု ၏ အား ပြိုင်မှုက သူ့ ကို ပင်ပန်း နွမ်းနယ်စေသည် ။ ခါတိုင်း သူ လုပ်နေကျ အလုပ်ပဲ ။ ဒီတစ်ခါ မှ ဘာ ဖြစ်လို့ ပင်ပန်း သွားစေတာလဲ ။ ချည့်နဲ့ သွားစေတာလဲ ။ သူ့ မျက်လုံးထဲ မှာလည်း အပေါ်အင်္ကျီ ဗလာကျင်း ၊ အောက်က နံငယ်ပိုင်း နှင့် ဆံပင်ရှည်ရှည် ညှင်းသိုးသိုး အသားညိုညို ငွေဝယ်ကျွန် တို့ ၏ ပုံရိပ် ၊ မီးဖုတ် ထား ၍ ရဲ နေသော သံတံဆိပ်တုံး ၊ နောက် “ ဈေး ပိုပေးတဲ့ သူ ကို ရောင်း တာပေါ့ ”
ဆိုတဲ့ သမီးကြီး အသံ ၊ ဖေဖေ့ လက်မောင်း က ဟို လူကြီးတွေ လို တံဆိပ်ပဲလား ”
ဆိုသည့် သား အသံ ၊ သူ ကယောင်ကတမ်း သူ့ လက်မောင်း ကို စမ်း ကြည့်လိုက်သည် ။ သူ့ အတွေးတွေ တရစပ် စီးဆင်း နေဆဲ မှာပင် “ တရားခံ ရှေ့နေကြီး ဘာများ လျှောက်လဲလိုပါသလဲ ”
ဆိုသည့် တရားသူကြီး ၏ မေးခွန်းသံ ထွက် လာမှ သူ ဆတ်ခနဲ လန့် သွားသည် ။ ပြီးတော့ ကယောင်ကတမ်း မတ်တပ် ရပ် လိုက်သည် ။ တရားသူကြီး ၊ ဥပဒေအရာရှိ ၊ တစ်ဖက် က တရားလိုရှေ့နေ နှင့် တရားခွင် မှာ ရှိသမျှ လူတွေ ရဲ့ မျက်စိ က သူ့ ဆီ သို့ ရောက် လာခဲ့သည် ။ သူ မတ်တပ် ထ ရပ်ပြီး မှ ဘာ လျှောက်လဲချက် ကို ပေး ရမလဲ ရေရေရာရာ စဉ်းစားရသေးပုံ မပေါ်သေး ၊ သူ သက်ပြင်းတွေ အခါခါ ချ နေတာ ကို မျက်လုံးတွေ အားလုံး က ဝိုင်း ကြည့်နေကြပြီး ဦးခင်မောင်အေး သူ့ အမှုသည် ကောင်လေး ကို လှမ်း ကြည့်လိုက်တော့ ရိုးသားစွာ သူ့ ကို အားကိုး နေသော မျက်ဝန်း တစ်စုံ ..
သူ ခေါင်း ကို ဖြည်းညင်းစွာ ရမ်း လိုက်သည် ။ သူ့ လက် ထဲ မှာ ကိုင် ထားသော စာရွက် ကို ဖိုင် တစ်ခု ထဲ ပြန် ထိုးထည့် လိုက်ပြီး ဖိုင် ထဲ မှ နောက် စာရွက် တစ်ရွက် ကို ထုတ် ယူလိုက်သည် ။ ပြီးမှ တရားသူကြီး ရှိရာသို့ မျက်နှာ မူလိုက်ပြီး ...
“ တရားသူကြီးမင်း ခင်ဗျား ကျွန်တော့် ရဲ့ အမှုသည် ကို စွဲဆို ထားတဲ့ ... ”
သူ စကား စ လိုက်တော့ ပါးစပ် က ထွက်ကျ လာတဲ့ စကားလုံး တို့ က ချောချောမွေ့မွေ့ မရှိလှ ၊ စကား က အဆီအငေါ် မတည့် သလို အထစ်ထစ် အငေါ့ငေါ့ ၊ နိုင်ငံတော်အလံ ရဲ့ အောက် တည့်တည့် မှာ ထိုင်နေတဲ့ တရားသူကြီး က တောင် သူ့ ကို တအံ့တဩ မျက်လုံး တို့ ဖြင့် မျက်မှန် ပေါ် က ကျော်ပြီး စိုက် ကြည့်နေသည် ။ ဒါ ဦးခင်မောင်အေး ရဲ့ လျှောက်လဲချက် တဲ့ လား ၊ မိမိ ကိုယ် ကို ရဲရဲဝံ့ဝံ့ ယုံကြည်မှု အပြည့် ရှိ နေတတ်သော အသား ခပ်ညိုညို အရပ် ခပ်မြင့်မြင့် ဦးခင်မောင်အေး ရဲ့ ပုံမှန် အသားကျနေတဲ့ ဟန် ပျောက် နေသည် ကို ရိပ်စား မိသည့် ပုံ ၊ တရားစီရင်ရေး ၊ ပိုက်ဆံ ၊ နှလုံးသားလှလှ ၊ မတရားမှု ၊ ရေခဲသေတ္တာ ၊ အဲယားကွန်း ၊ လူ ပီသမှု ... သူ့ ဦးနှောက် ထဲ မှာ အားလုံး ရှုပ်ရှုပ်ထွေးထွေး ။
နောက်တော့ သူ့ နှလုံးသား က ဦးနှောက် ကို သိသိသာသာ ဖုံးလွှမ်း ပစ်လိုက်သည် ။ ဦးခင်မောင်အေး ရဲ့ ဟန် ၊ ဦးခင်မောင်အေး ရဲ့ မာန်တွေ က သူ့ ကိုယ် ထဲ ပြန် ပူးကပ် သွားပြီး တရားခွင် တစ်ခုလုံး မှာ သူ့ ရဲ့ အဖြတ်အတောက် အနိမ့်အမြင့်တွေ နဲ့ အသံတွေ က ပြန်လည် အသက် ဝင်လာခဲ့သည် ။
တဖက် တရားလို ရှေ့နေကြီး ၏ မျက်လုံး က ပြိုင်ဘက် ရဲ့ လက်မှန် ကို ပြန် တွေ့လိုက်ရတဲ့ လက်ဝှေ့သမား တစ်ယောက် လို မျက်လုံးအရောင်နက်နက် ချက်ချင်း မှိန် ကျသွားသည် ။ သူ့ ကို ဆက်သွယ်လာသော တရားလို ၏ မျက်နှာရိပ် တို့ က အံ့သြ တုန်လှုပ်သွားသည့် ပုံ ၊ သူ့ တရားခံ ၏ မျက်နှာ ကတော့ အပြုံးတွေ နဲ့ ဝင်းလို့ ၊ သူ့ လျှောက်လဲချက် ပေး အပြီး ခုံ ပေါ် ကို ပြန် ထိုင် ချ လိုက်ချိန်မှာပဲ တရားခွင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်မှု ကနေ ခေတ္တ ပြန်လည် နိုးထသွားသည် ။ လူတွေ အားလုံး လှုပ်လှုပ်ရွရွ ၊ အမှန်တရား ကို မြတ်နိုးတတ်သော လူသား ၏ ပကတိ နှလုံးသား ဆီ က ကြည်နူးဝမ်းမြောက်မှု ကို ဦးနှောက် က တွက်ခဲ့သော အမြတ်အစွန်း က ပျက်ရယ် မပြုနိုင်တော့ ... ။
ခုမှပဲ သူ့ ခြေထောက်တွေ လက်တွေ မှာ ချည်နှောင်ထားသော သံကြိုးကွင်းတွေ လွတ်မြောက် သွားပြီ ။ သူ ပေါ့ပါး လွတ်လပ်သွားပြီ ဟု ခံစား ရသည် ။ ဘာပဲ ပြောပြော အဲဒီ သံကြိုးကွင်းတွေ ကို ငွေ ဖြင့် ပြုလုပ်ထားသည် ကို သိလျက် နှင့် သူ မနှမြော မိ တော့ ၊ အိမ်ပြန် ရောက်ရင်တော့ လူသား တစ်ယောက် ရဲ့ လွတ်လပ်မှု ၊ ပကတိ ရိုးသားမှု နှင့် တရားမျှတခြင်း ကို ချစ်သော စိတ်တွေ ကို တုပ်နှောင် ထားလျှင်ဖြင့် ရွှေကြိုး ဖြစ်ဖြစ် ၊ ငွေကြိုး ဖြစ်ဖြစ် ငွေဝယ်ကျွန် တစ်ယောက် ရဲ့ ဝိညာဉ်တွေ ပူးကပ် နေတဲ့ သံကြိုးကွင်းတွေ နဲ့ တန်ဖိုးချင်း အတူတူ ပဲ ဆိုသည့် အကြောင်း နှင့် အသားတံဆိပ် မပါ တဲ့ လူတွေ အကြောင်း သား ကို ပြော ပြ ဦးမည် ။
◾နီဟိန်းမော်
၃၁ - ၂ - ဝ၇
📖 ချယ်ရီ မဂ္ဂဇင်း
၂၀၀၉ ၊ ဇန်နဝါရီ ၊
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment