Sunday, July 16, 2023

အဝိဇ္ဇာ အကြောင်းကြောင့်


  ❝ အဝိဇ္ဇာ အကြောင်းကြောင့် ❞


ပထမ သော် ဤမျှ ကြီးကျယ်သော ရန်ပွဲကြီး ဖြစ်လိမ့် မည်ဟု မထင်မိ ။ သာမန် ခွန်းကြီးခွန်းငယ် ဆဲဆို ရုံ မျှ နှင့် ကိစ္စ ပြတ်ကာ ဘေးဘီ က ဝိုင်း ဆွဲကာ ဖျောင်းဖျတာ နှင့် မီးသေ သွားလိမ့်မည် ဟု သန်းတင် က ထင်စား မိ ရှာလေ သည် ။


သူတို့ နှစ်ယောက် စလုံး ကို ဘယ်သူမှ ပြောလို့ လည်း မရ ၊ ဖျန်လို့ လည်း မရ ၊ ဆွဲလို့ လည်း မရ ။ တစ်ယောက် က သူ့ အိမ်တွင်း က ၊ တစ်ယောက် က အိမ်ဝင်း အပြင် မှ လက်ညှိုး တငေါက်ငေါက် ထိုးကာ ဆဲရေး ရန်ထောင် နေ ကြသည် ။ ဆဲလိုက်ကြသည် မှာ လည်း ကြားဝံ့စရာ မရှိ အောင် မိုးမွှန် နေသည် ။ ထဘီတိုတို ကို ခါးစောင်း မှာ ပင့်တင်ကြ လျက် ...


လူတွေ က လည်း မျောက်ပွဲ ကြည့် သလို ဝိုင်းအုံ ကာ သာ ကြည့် နေ ကြသည် ။ သန်းတင် က မျက်နှာပူပူ နှင့် မလှမ်းမကမ်း က လက်ဖက်ရည်ဆိုင် တွင် ငူတူတူကြီး သာ ထိုင် နေ မိသည် ။ လူ က တော့ လုံးဝ မလှုပ် ၊ ကျောက်ရုပ် သဖွယ် ငုတ်တုတ်သာ ငြိမ် နေ တော့သည် ။


“ ဟ ... သန်းတင် ရ ၊ ကြားကောင်းလို့လား ဟေ … ။ ဘာ ငိုင်နေတာတုံး ၊ ဝင် ဖျန်လေကွာ ” 


ဘကြီးညို က အရေး ထဲ သန်းတင် အနီး သို့ ကပျာ ကယာ လျှောက် လာကာ အမောတကော နှင့် ပြောလိုက် လေသည် ။ သန်းတင် က မျက်နှာထား ပျက်ပျက် နှင့် ညို မှိုင်း ကာ ...


“ ဘယ်နှယ် လုပ်မလဲဗျာ ၊ ပြောလို့ မှ မရကြဘဲ ” 


“ ဒီအတိုင်း ကြည့် နေ မှာလားကွ ၊ မင်း တကယ် ခက် တာကိုး ”


“ ဒီအတိုင်း မကြည့်လို့ ဘယ်လို လုပ်မလဲ ဘကြီး ရ ။ ဒါလောက် သောက်ရှက် မရှိ ရန်ဖြစ်ချင်ကြတဲ့ ဟာတွေ ဖြစ်ကြပစေဗျာ ... ကျွန်တော် တော့ စိတ်ရှုပ်တယ် ”


“ အံမယ် ….. မင်း က ခုမှ စိတ်ရှုပ်တယ်လေး ဘာလေးနဲ့ ၊ ဒါ ဘယ်သူ ရှို့တဲ့ မီး လဲ ကွ ။ ငါ့လခွေး တဲ့ ၊ ဘယ်သူ မပြု မိမိမှု မောင် ”


သန်းတင် က ရင် ကို ပင့်၍ သက်ပြင်းရှည်ကြီး တစ်ချက် ချပြီး ...


“ ကျွန်တော့် အပြစ်တွေ ကျွန်တော် သိပါတယ်ဗျာ ၊ သိလို့ လည်း အထပ်ထပ် ဝန်ချ တောင်းပန် ပြီးပြီ ။ နှစ် ယောက် စလုံး ကို လည်း ဖျောင်းဖျ ပြီးပြီ ။ အေးအေး ဆေးဆေး ဖြေရှင်းကြပါ ဆိုတာလည်း မရ ”


“ ဟ ... ဒါမျိုး အေးအေးဆေးဆေး ဖြေရှင်းလို့ ရ မလား ခွေးသားရ ။ ဘယ် မိန်းမ သည်းခံ မတုံး ။ ပြီးတော့ ကြည့်ရတာ နှစ်ယောက် စလုံး ငါးစင်ရိုင်း ချည်း ပဲ ။ တစ်ခါတည်း ဆူးတောင် ဖြန့် နေ လိုက်ကြတာ ၊ စွာလိုက် ကြတာ အလွန်ပဲ ”


“ ဒါကြောင့်မို့ ပေါ့ ဗျာ ၊ ပြောလို့ မရတာ နဲ့ ဒီ အတိုင်း ကို ထိုင် ကြည့် နေရတာ ”


ထိုအခိုက် ရန်ပွဲ မှာ ပြင်းထန်သည် ထက် ပြင်းထန် လာ လေသည် ။ တစ်ဦး က သတ္တိ ရှိ လျှင် ဝင်း ထဲ ဝင်ခဲ့ဟု စိန် ခေါ်သည် ။ တစ်ဦး က လည်း မိုက်ရင် အပြင် ထွက်ခဲ့ ဟု ခေါ်ထုတ်သည် ။ ထဘီ ကို တိုနိုင် သမျှ အတိုဆုံး ဝတ်ကြကာ လက်မောင်း မှ အင်္ကျီစများ ကို ပင့် တင်ကြ လေသည် ။


ဘေး မှ ဝိုင်း ဟန့်တား ဆွဲကြလည်း မရ ။ သည်တော့ အားလုံး က ကြည့် ကောင်းကောင်း နှင့် လွှတ်ထား သလို ဖြစ် နေသည် ။


“ သန်းတင် ရ ၊ ထစမ်း လေကွာ ။ ခင်ထွေး ကို ဖြစ်ဖြစ် အတင်း ဆွဲခေါ်သွား စမ်းကွာ ။ လူ ကြား မကောင်း သူကြား မကောင်း နဲ့ ”


သန်းတင် က အေးတိအေးစက် နှင့် ငေးကြည့် နေရာ မှ ....


“ အမယ်လေး ဘကြီး ရာ ၊ ကျားမြီး တော့ မဆွဲပါရစေနဲ့ ” ဟု အထိတ်တလန့် ဖြေ လိုက်လေသည် ။ 


“ ဒါဖြင့်လည်း ရင်နု ကို ဖြစ်ဖြစ် အိမ်ထဲ ခေါ်သွင်းကွာ ”  


“ အဲဒါ သာ မလုပ်ရဲသေးဗျ ”


သန်းတင် က ခေါင်းသာ အတွင် ကုတ် နေတော့သည် ။ 


“ တယ်…သောက်ဂွတော့ ဖြစ်ကုန်တော့မှာပဲ ။ ဒီကောင် ဟာ ဖင် မနိုင်ဘဲ ပဲကြီးဟင်း စားတဲ့ ကောင်လေး ကိုး ။ ရင်နု နဲ့ မင်း ဖြစ်နေတာ ကို ခင်ထွေး ဘယ်လို သိ သွားတာ လဲ ”


“ ဟို စုန်းမကြီး ဒေါ်ခင်ရွှေ နှောက် တာပေါ့ ဗျာ ။ သူ့ ဆီ က ရင်နု အတွက် မိန်းမကွင်း နီလာလက်စွပ်လေး တစ် ကွင်း အကြွေး သွား ဝယ် မိတာ ငါးပါး ကို မှောက်တာပဲ ကျွန်တော် က လည်း တပေါင်းလ ထဲ ပေးမယ် ပြောပြီး ငွေ မလည်တာ နဲ့ ကတိ ပျက် သွားမိတယ် ။ အဲဒီတော့ ဒီ ဆပ်စလူးမကြီး က ခင်ထွေး ဆီသွားပြီး ညည်း ယိုးဒယားဘတ် ကြိုး ဆွဲပြီး လက်စွပ် အကြွေး မပေးတာ တရားလား ဘာ လား နဲ့ ခင်ထွေး က လည်း ဘယ် က လက်စွပ် လဲ ဘာလဲ ပေါ့ ”


“ ကောင်းရောကွာ ... တယ်ကောင်း ”


ဘကြီးညို က ကွမ်းတံတွေး ပစ်ကနဲ ထွေးပစ်ကာ ချီး ကျူးထောမနာ ပြု လိုက် လေသည် ။


“ ခင်ထွေး က လည်း ကျွန်တော် ထင် တာ ထက် ပါး သေး ၊ နီလာလက်စွပ် ကိစ္စ ကျွန်တော့် ကို တစ်ခွန်း မှ မမေးဘူး ။ ရင်နု အိမ် မရ အရ စုံစမ်းပြီး ဖမ်းတာပေါ့ ဗျာ ။ အခုတော့ မြင်တဲ့ အတိုင်း ပဲ ”


“ သေတော့မှာပဲ ၊ မြာ နှစ်ပွေ ကြား ဗျာများတဲ့ ကောင် ဆွဲကြိုးချ သေတယ် ဆိုတာ ဒီလိုဟာမျိုးပဲ ” ဟု ဘကြီးညို က မြည်တွန်တောက်တီး လုပ် နေသည် ။


သည်တော့ သန်းတင် က သက်ပြင်းရှည်ကြီး ချပြန်ကာ ..


“ ကြမ္မာ ငင်ချင်တော့ ဘယ်လို ဖြစ်တယ် မသိပေါင် ဗျာ ”


“ လူမတန် ကံချပါ မောင် ”


“ ဒါတော့ ဟုတ်ပါတယ်လေ ၊ ခင်ထွေး ကို လည်း သနား တာ ပဲ ။ ရင်နု ကို လည်း မပစ်နိုင် နဲ့ ၊ ဘယ်လို စီစဉ် ရမယ် တောင် မသိဘူး ”


“ ခင်ထွေး က တော့ သနားစရာ ပါ ကွာ ။ သူ့ မှာ ဘာ အပြစ် ရှိသတုံး ၊ ကောင်မလေး ငါ့ လာ တိုင် တာ ငိုကြီးချက်မ နဲ့ ”


“ ခင်ထွေး မှာ ဘာ အပြစ် မှ မရှိပါဘူး ဆိုဗျာ ၊ အပြစ် မရှိပါဘူး ။ ဖန် ပြောက်ချိန် တန်တော့ ဖန်ပြောက် တာပေါ့ ၊ လောကတံထွာ ပဲ ”


“ ဘာတဲ့ ”


“ ဖန်ပြောက် - ဖောက်ပြန် တာ ပေါ့ ဗျာ ”


"ဟား .... ဟား .... ဟား .... ခွေးမသားလေး ”


( ၂ )


ခင်ထွေး နှင့် ဆယ်နှစ် ဆယ်မိုး ပေါင်းသင်း လာခဲ့ ပြီး နောက် အပြစ်ရယ် ဟု မည်မည်ရရ ရှာ မတွေ့ပါ ။ ကောင်မလေး သည် ငယ်ပေါင်း လည်း ဖြစ်ကာ သူ့ ထက် ခုနစ်နှစ် ခန့် ငယ်သည် ။ အသား ညိုစိမ့်စိမ့် ၊ တောင့်တင်း သော ကိုယ်ဟန် နှင့် တင့်တယ်သော ရုပ် အဆင်း လည်း ရှိသည် ။ ရုပ်ရည် က လည်း နုပျို ဖျတ်လတ် သဖြင့် သန်းတင် အသက် ၃၅ နှစ် အရွယ် တွင် အသက် ၂၈ နှစ် သာ ရှိ သေးသော ခင်ထွေး နှင့် တူဝရီး ပမာ ရုပ် က ကွာခြား လေ သေးသည် ။


ခင်ထွေး က အလိမ္မာလေး လည်း ရှိသည် ။ စိတ်ဆတ် သော်လည်း မိမိ အပေါ် ကျိုးနွံစိတ် ရှိလေသည် ။ စီး တဲ့ ရေ ဆယ် တဲ့ ကန်သင်း ဟူ၍ အစုအဆောင်း တော်သည့် အပြင် အိမ်မှုကိစ္စ ၌ လည်း မပျင်းမရိ သိမ်းထုပ် သေချာသည် ။ သား နှင့် သမီး အပေါ်  ၌ လည်း အုပ်အုပ်စီးစီး ရှိသည် ။ ကျန်းမာရေး နှင့် ပြည့်စုံကာ အပြုအစု လည်း တော်သည် ။ သည်တော့ ဘာ လိုလေသေး သနည်း ။


သန်းတင် အဖို့ လိုသေးတာ တစ်ခု က မိမိ ဘာသာ မိမိ မကျန်းမာဘူး ဟု စိတ်စွဲ လာရာမှ ခင်ထွေးအပေါ် နှမ အရင်း ထက် မပိုသော စိတ် နှင့် နေ လာသည် ။ ငြီး တာ လိုလို ဘာလိုလို လည်း ဖြစ်မိသည် ။ သို့နှင့် ၃၅ နှစ် မရောက်မီ ဆံစ တစ်စနှစ်စ ဖြူသည် နှင့် ပုတီး စိပ်ရင်း တောထွက် ချင် သလိုလို ၊ ဘုန်းကြီး ဝတ် ချင် သလိုလို ခင် ထွေး အား လေသံ ပစ် မိသည် ။


ဤတွင် ခင်ထွေး က ..


“ ကလေးတွေ ကြီးပါစေဦး အစ်ကို ရယ် ၊ ကလေး လက် လွတ်တော့ အစ်ကို့ သဘော ပေါ့ ။ ဒီတော့ မိထွေး က ရေပူရေချမ်း တောင် ကမ်းလှမ်း မှာပါ ” ဟု အသာ တကြည် ဆို ရှာသည် ။


သန်းတင် စိတ်ရင်း ၌ တကယ် လည်း ခင်ထွေး အပေါ်  ၌ နှမအရင်း ပမာ သံယောဇဉ် တွယ်လျက် လောကီစိတ် လည်း ပြတ်သလို နှင့် နေ့ည သံသရာတွေ ရှည် နေသည် ။ ခင်ထွေး က မူ အပြုံး မပျက် စိတ်ရှည်လက်ရှည် ပင် လင် ယောက်ျား အလို ကျ ကျိုးနွံ မြဲ ပင်တည်း ။ ချီးမွမ်းစရာ တစ်ချက် က ခင်ထွေး မှာ စောင်း နှင့် ကင်းကွာသော စောင်းသမား လက် ကဲ့သို့ မဟုတ်မူဘဲ မဖောက်မပြား နေနေ သော ဖြူစင်သည့် အကျင့် ရှိခြင်း ပင်တည်း ။


သို့နှင့် ဗြုန်းစားကြီး ‘ ရင်နု ’ နှင့် ဖြစ် လာရသော ကိစ္စ တွင် ကား ခင်ထွေး မှာ ဆောက်တည် ရာ မရ ဖြစ်ရှာ လေ တော့သည် ။


“ အစ်ကို ပြောတော့ ဘုန်းကြီး ဝတ်မယ် ဆို ။ အမလေး ဘုရား ဖြစ်မယ့် အုတ်ခဲကြီး ရဲ့ ၊ မကျန်းမာဘူး ဆိုတော့ ကျုပ် က တော့ အဟုတ် အောက်မေ့လို့ ”


သည့်နောက် ကောင်မလေး က မပြောအပ်တာတွေ ကို ခရေစေ့တွင်းကျ အော်ကြီး ဟစ်ကျယ် ပြောရင်း ငို မဆုံးတော့ ပေ ။


“ ရှူး တိုးတိုးကွ ၊ အိမ်နားနီးချင်းတွေ ကြား ရင် ရှက် စရာကြီး ”


“ အလို တော် လုပ်ပုံကတော့ ရှက်စရာ မကောင်းဘူးလား ကြောင်သူတော်ကြီး ရဲ့ ”


ဆီးကင်း ပမာဏ မျက်ရည်ပေါက်ကြီးများ ကျလာ ၍ မဆုံးနိုင်အောင် ငိုကြွေး နေ ပြန်သည် ။


“ ငါ မှားပါတယ် ခင်ထွေးရယ် .... ငါ မှားမိပါတယ် ”


“ အံမယ်လေး မှားရုံ နဲ့ ပြီး သလား တော့ ။ ပြီးတော့ ဒီ ကောင်မ က ကျုပ် ထက် ဘယ်လောက်များ ပို လှလို့လဲ ။ ကျုပ် ထက် နှစ်နှစ် လည်း ကြီးဆို ၊ ပိန် လိုက်တာ က လည်း အရိုးချည်း ပဲ ကျုပ် မြင်ပြီးပါပြီ အုတ်ခဲကြီး ရဲ့ ”


“ ဒါတွေ ပြောမနေပါနဲ့ ကွာ ၊ ငါ့ ကို မင်း ပေးချင်တဲ့ အပြစ် သာပေးပါ ။ မင်း ပေးတဲ့ အပြစ် ငါ ကြည်ကြည်ဖြူဖြူ လက်ခံပါ့မယ် ခင်ထွေး ရာ ”


“ ကျုပ် အပြစ် ပေးလို့ ဘာ လုပ်ရမှာတုံးတော့ ၊ တော် တို့ ဘာသာ တော်တို့ ကမြင်း ပြီး ကျုပ် က ဘာ အပြစ် ပေး ရမှာတုန်း ။ ဒီမယ် ကိုသန်းတင် ရဲ့ ၊ တော့် လို ဆို ကျုပ် လည်း လင် တစ်ယောက် ခေါင်း ခေါက် ယူနိုင်သပေါ့ တော် ။ ကျုပ် က တော့် ထက် တောင် ရုပ်သန့်သေး ၊ နုပျိုသေး ။ ကျုပ် လို မိန်းမမျိုး လိုချင်တဲ့ သူတွေ အပုံ ၊ ဒါပေမဲ့ ကျုပ် က မဆော့တဲ့ မိန်းမ ဆိုတော့ ဘယ်လို နေလဲ တော် အသိပါ တော့် ”


“ အေးလေ .... ၊ ငါ မှားပါတယ်လို့ ဝန်ခံနေပြီ မဟုတ် လား ”


“ ကျုပ် လင် ဘယ်လို နေနေ ကျုပ် သိက္ခာ ရှိရှိ နေခဲ့တာ ၊ တော် က သာ တော် က သာ ဟီးဟီး ”


ခင်ထွေး ၏ ငိုချင်း ကား ဆုံးခန်း မတိုင်သေး ၊ မသာအိမ် မှာ ငိုဘိ သကဲ့သို့ ဖြစ်နေသော ကြောင့် ....


“ တော်တော့ဆိုကွာ ...မင်း ငိုပုံ က ငါ သေသလိုပဲ ”


“ အမယ်လေး သေသွားတာ မှ ကောင်း သေးတယ် ။ ကျုပ် က တော့ ကို လူကောင်း သူကောင်း မှတ်လို့ ပြုစု ခဲ့ ရတာ ၊ ဒီလိုပုံ ဆိုရင် တော် သေပါစေလို့ ကျုပ် ဆုတောင်း တော့ မှာပေါ့ ”


“ ဆုတောင်းကွာ ၊ မြန်မြန် ဆုတောင်း ။ သေတာပဲ အေးတယ် ၊ တယ် နားပူတဲ့ မိန်းမ ”


“ ကျုပ် နားပူတယ် ဟုတ်လား ။ လင်ခိုးမ မိန်းမရွှင် ပါးစပ် လို တော့ ကျုပ် က မြှူ မနေနိုင်ဘူး တော့် ။ ကျုပ် ပလီ မပြောတတ်ဘူး တော့် ” ဟု ခင်ထွေး က သူ့ ရင်ဘတ် သူ လက် နှင့် စုံ ထုကာ ရန်ထောင် ရင်း ငို နေပြန်သည် ။


ဘယ်လို ချော့ချော့ မပျော့တော့ သော ခင်ထွေး ကို သည် အတိုင်း လက်ပိုက် ကာ တစ်ည လုံး ငုတ်တုတ် ထိုင် ကြည့် နေရသည် ။ ခင်ထွေး က လည်း စက်သေနက် ပစ် သလို ပြောစရာ စကား ဟူသရွေ့ ကို တစ်ခွန်း တစ်ပါဒ မကျန် အောင် ပြော မဆုံးပြီတည်း ။


( ၃ )


ပန်းရံဆရာ ဘဝ နှင့် မိန်းကလေး အလုပ်သမား အမြောက်အမြား ကို ဆက်ဆံရ သော်လည်း ဘယ် မိန်းမ ကို မှ မရိုးမသား မဆက်ဆံဖူးပါ ။ တည်တည်တံ့တံ့ နှင့် လိပ်ပြာ သန့်ရှင်းစွာ ဆက်ဆံသည် ကို အများ အသိ ။


ထို့ကြောင့် အလုပ်သမား အားလုံး က ပင် သူ့ ကို ရို သေ လေးစားကြသည် ။ တစ်နေ့ လျှင် ၁ဝိ စား ပန်းရံ ခေါင်းဆောင် ဘဝ နှင့် သိက္ခာ ရှိရှိ နေခဲ့လေသည် ။


သနပ်ခါး ပါးကွက်ကျားများ နှင့် နုပျို စိုလန်းသော မျက်နှာလေးများ ကို သော် လည်းကောင်း ၊ ကိုယ်ကာယ ကို သော် လည်းကောင်း မျက်စိ တည့်တည့် ရောက်လာ လျှင် မြင်မိ ရှုကြည့်မိ သည် မှာ အမှန်ပင် ။ သို့သော် စိတ် ထဲ ကြာရှည် စွဲမြဲ မထား ။ စိတ် ထဲ ၌ သာယာသည် ၊ ချစ်သည် ၊ ကြိုက်သည် လည်း မရှိလှပေ ။


အဲ … သူ့ ရဲ့ ‘ မသိစိတ် ’ တွင်တော့ ဒီ သူငယ်မ အလှ များ သည် ခင်ထွေး အလှ ထက် ပို၍ ဆန်းသစ် နေလေ မည်လား မပြောတတ်ပေ ။


ရင်နု ကို ပန်းရံ အလုပ်သမကလေး အနေ နှင့် စတင် တွေ့ ရစဉ် က မြူးကြွ နေဟန် မြင်ရသည် ။ တစ်ခုလပ် မလေး ရင်နုကို ပိန်ပိန်ပါးပါး မျိုးမျိုးဖျတ်ဖျတ် နှင့် မြင် တွေ့ နေရသည် ။ မျက်နှာထား က ရွှင်ကြည်လျက် အပြုံး ရိပ် က သူ့ နှုတ်ခမ်းများ တွင် အစဉ်သဖြင့် နားခို လို့ နေ သည် ။


ဘယ်လောက်ပင် ချွေး စို့အောင် မောမော သီချင်း ဆို မပျက်ပေ ။ ထို့ပြင် ခရာသံလေး နှင့် “ ချစ်ခရီးဘဝ တာ လမ်းတစ်လျှောက် တွင် အတူတူ တတွဲတွဲ နေချင် ၊ ချစ် မငြီးရပါ ဝမ်းမြောက်ရွှင် ၊ မူမကွဲ အမြဲ မသွေအစဉ် ၊ သူ့ စိတ်နေ သဘောထား သိရ ခက်တယ်ရှင် ” ဆိုသည့် သီချင်းမျိုး ကို ကတ်ကတ်သတ်သတ် ရလည်း ရ၍ စိတ်ပါ လက်ပါ သီဆို လေသည် ။


တိုက် နံရံများ ကို ပန်းရံအချောကိုင် ရင်း သာယာချို အေးသော တေးသီသံ ကို မကြားချင်၍ ရမလား ။ စိမ်း ၍ ချော နေသော သမံသလင်း ကိုင်သော အခါ၌ သော်လည်း ကောင်း ၊ ကျောက်ပြား စီကာ အင်္ဂတေ နှင့် ဆက် ၍ ဆေးမှုန့်အဖြူ သုတ်လိမ်းကာ ပွတ်တိုက်သော အခါ၌ သော် လည်းကောင်း ၊ အေးအေးဆေးဆေး စိတ်ကူးစိတ်သန်း နှင့် နေသော အခါ ရင်နု ၏ တေးသံ က ပျံ့လွင့် လာခဲ့လေ သည် ။


ရင်နု က ဘိလပ်မြေ သယ် လာပြီး မိမိ အား ဒယ်အိုး ကို ကမ်းပေး လိုက်သော အခါ ဒယ်လက် ကိုင် ကို တော်တော် နှင့် မလွှတ်သော ရင်နု လက်ကလေးများ ကို ထိတွေ့ လိုက်ရသည် ဆိုလျှင် ရင် ထဲ တွင် နွေးကနဲ ဖြစ်သွား မိလေ သည် ။ ခင်ထွေး ၏ လက်ကလေးများ သည် ရင်နု ထက် နူးညံ့ သော်လည်း မကြာခဏ ကိုင်ဖူးသည် ဖြစ်သော ကြောင့် နွေးသော အတွေ့ ကို ထိုမျှ ဤမျှ မပေးတော့ပေ ။ ထို့ထက် ရင်နု က ဒယ်အိုးရွက်လျက် မိမိ အနီး ရောက် လျှင် အုတ်ခဲကျိုး တက် နင်းမိကာ ယိုင်လဲ မလို ဖြစ် ပြီး ‘ အမေ့ ’ ဟု မိမိ လက်မောင်းအိုး ကို အားပြု လိုက်သည့် အခါ တဒိတ်ဒိတ် နှင့် နှလုံးသွေး တိုးသံ ကို ပင် ကြားမိပါ သေးရဲ့ ။ မိမိ က ပြန်၍ သူ့ ကိုယ်လေး ကို ထိန်းပေး လိုက်ရ သော အခါ ဆိုစရာ မရှိပေပြီ ။


ရင်နု က ကိုယ် ကို လှုပ်ကာ ခပ်သဲ့သဲ့လေး ရယ်မော လိုက်သော အခါ ရင်နု အား မသိမသာ ငေး၍ ကြည့် နေ မိသည် ။ သန်းတင် က သတိ ကြီးစွာ နှင့် ရင်နုအား ကမန်းကတန်း လွှတ်လိုက် သောအခါ မျက်လုံးရွဲကြီး နှင့် မျက်စောင်း ‌ထေ့ ကာ ....


“ တကတဲ ဆရာကိုသန်းတင်ကြီး က လူများ အနူအဝဲ ကျနေတာပဲ ” ဟု နှုတ်ခမ်း စူကာ ရန်ထောင် နေ တတ် သည် ။


ပြီးနောက် သူ့ ကိုယ် က သနပ်ခါးနံ့ က တခြား မိန်းမလေးတွေ လိမ်းကျံ သလို ရွှံ့စေး နှင့် ရောထား သလို စေးထန်းထန်း ဝါကျင့်ကျင့် အရောင် ရှိသော သနပ်ခါး ရနံ့မျိုး မဟုတ် ၊ ရှင်မတောင်သနပ်ခါး တွင် နံ့သာဖြူရနံ့ က စွက် လျက် သင်းပျံ့ နေသည် ။ ခေါင်း ထက် မှ သနပ်ခါး ပန်းရနံ့ က လည်း သူ့ ကိုယ် နံ့ ကို အထောက်အကူ ပြု သယောင်ယောင် ။


ဒီတော့ မယား ခင်ထွေး နှင့် ခေတ္တ စခန်းချ ခဲ့သော အချစ်စိတ် ( ဝါ ) တပ်မက်စိတ် တို့ သည် ဖြိုးဖြိုးဝေလျက် ရင်နု အပေါ်၌ တစ်ပါးသော ယောက်ျားတို့ ၏ စိတ်လှုပ် ရှားမှု ထက် ပို လာ ရသည် ကို ဝန်ခံရ မလို ဖြစ် နေလေ သည် ။ နဂိုက မိန်းမ လိုက်စား တတ်သူ မဟုတ်သော် လည်း ရင်နု အပေါ်၌ စိတ်ဝင်စား မှန်း မသိ ဝင်စား လာ သည် မှာ မိမိ တတ်နိုင်သော ကိစ္စ မဟုတ် ဟု ကိုယ့် ဘာသာ ကိုယ် ထုချေ မိသေးသည် ။


ပုထုဇဉ် သန္တာန် တွင် ပုထုဇဉ်စိတ် ပဲ ပေါ် ရမည် ။ တခြား ဘာစိတ် မှ ပေါ်မည် မဟုတ်သည် ကို ခပ်စောစော က သတိ မထားခဲ့မိပါ ။ ခင်ထွေး ကို မေတ္တာ မပျက်ပါ ဘဲ လျက် မီး ဝေး ချိတ် ပမာ ဖြစ်ခဲ့ရသော စိတ်တို့ သည် တစ်ပါးသော မီး နှင့် တွေ့ထိ ရသော အခါ ပို၍ပင် အရည် ပျော် လာလေသည် ။ သို့ကြောင့် သူ့ လို မယား လက်ရှိ အလုပ်သမားများ ထက် မိမိ ၏ လှုပ်ရှား ဖောက်ပြားမှု ထုထည် ပို၍ ကြီးနေသည် ဟု တွေးထင် မိ လာသည် ။ သို့သော် နောက်ကျ ခဲ့လေပြီ တကား ။


ရင်နု နေ မကောင်း သဖြင့် တစ်ရက်တလေ မလာ သည် ကို ပင် ဘယ်လို နေမထိ ထိုင်မထိ ဖြစ်မှန်း မသိ ။ နောက်ရက် တွင် တော့ ရင်နု ၏ မိတ်ဆွေရောင်းရင်း လုပ်ဖော်များ က ...


“ ရင်နု ရေ ... ၊ ညည်း လူကြီး တော့ ဈာန် လျှောပြီဟေ့ ” 


“ ဘာတုံး အေ့ ... ညည်းတို့ ဥစ္စာ က ”


“ ဆရာကိုသန်းတင်ကြီး ပေါ့ ၊ ညည်း မနေ့ က မလာလို့ ဒေါင်းတောက် နေတာပဲ ။ သူ့ မျက်လုံးတွေ က ကျီးကန်း တောင်းမှောက် ပဲ ၊ ညည်း ကို ရှာတာ ”


“ အဲဒါ ဘာဖြစ်သလဲ ” ရင်နု က မထူးမဆန်း သလို မေး လိုက်လေသည် ။


“ အဲဒါ ဘာဖြစ်ရမလဲ ၊ သူ့ ကြည့် တော့လည်း ထေရ်ကြီး ဝါကြီး ရတဲ့ သူ လို မျက်နှာကြီး တည်တည် နဲ့ ။ ညည်း ကြောင့် ဈာန် လျှော နေတာပေါ့ အေ့ ”


“ အိုး ... ဈာန် လျှော ရအောင် သူ က ရဟန္တာဈာန်ပျံ မှ မဟုတ်တာ အေ ၊ ဘာသား နဲ့ ထုတာ မို့ တုံး ”


“ ကောင်မ … ညည်း က သန်းတင် ကို ဘာတွေ သွား လုပ်သတုံး ”


“ မလုပ်ရပါဘူး တော် ”


“ ညည်း သူ့ အနား ကပ်ကပ် ပြီး လေ ”


“ ဘုရားစူး ”


“ ငါ ....နည်းနည်း ပျော်ချင်လို့ သွား စ တာပါ အေ ၊ ဒါလောက် ဣန္ဒြေ ကြီး တဲ့ လူကြီး ဘယ်လို နေမလဲလို့ ကြည့် ချင်လို့ ”


“ မနေ့က နေ့လယ် ငါတို့ ထမင်း စား နေတုန်း တစ်သက်လုံး ဆင်း မလာဖူးတဲ့ လူ က စပါးရော ဖွဲရော နဲ့ မညွန့်တင် တို့ ထမင်း စား ကောင်းရဲ့နော် တဲ့ ။ ဟုတ်ကဲ့ ဆရာ လို့ ဆိုတော့ အဖော်တွေ နဲ့ စားတော့ ပျော်စရာကြီး ပဲ တဲ့ ။ ငါ ကပဲ ပါရမီ ဖြည့်ချင်တာ နဲ့ ဒါတောင် ရင်နု မလာ လို့ ၊ လာရင် ပိုတောင် ပျော်ရဦးမယ် လို့ စကား လမ်း ကြောင်း ပေး လိုက်ရော ၊ ဟီ ... ဟီ ... ”


ညွန့်တင် က ရူးတူးတူး မျက်နှာထား နှင့် ရယ် နေ ရာ ရင်နု နှင့် အဖော် တစ်စု က ညွန့်တင် အား ဝိုင်း ထု ကြပြီး ရယ်မော မဆုံး ဖြစ်နေ ကြ၏ ။


တသောသော နှင့် မိန်းကလေး တစ်သိုက် ရယ်မော သံ သည် သန်းတင် နား ထဲ ပျံ့လွင့် လာ လေသည် ။ မိန်းကလေးများ ပြောဆိုသံ တစ်စွန်းတစ်စ လည်း ကြားမိ သော အခါ သန်းတင် မှာ မျက်နှာ ကို တစ်ဖက် သို့ လှည့် နေ လိုက်လေသည် ။


သို့နှင့် ရင်နု က ဆတ်ကော့ လတ်ကော့ ၊ မိမိ ကလည်း ခင်ထွေး နှင့် အမြင် နီးပြီး ခရီးဝေး သခိုက် မို့ မရှောင်သာ သော လမ်းမြှောင် ကြား တွင် ညား ရသော ဇာတ်လမ်း ကို က မိ လျက်သား ဖြစ် နေမိလေသည် ။


ခင်ထွေး က ဒီ အကြောင်းတွေ ကို ကြားသိရသည် နှင့် …


“ ကျုပ် တော် ပြောသလို တော့် အပေါ်  ရိုးရိုးသားသား နေ မိတာ မှားပါပေါ့လား တော့ ၊ ဒီလိုမှန်း သိရင် ကျုပ် ရင်နု လို ဆတ်ကော့ လတ်ကော့ မနေရပါလား ။ ကျုပ် ခု ဆတ်ကော့ လတ်ကော့ နေ တော့မယ် တော် ရဲ့ ၊ တော် ရင်နု နဲ့ သွား ပေါင်းချေ ၊ ကျုပ် လည်း တစ်ယောက် ယူ မယ် ။ ဘာမှတ်သလဲ ” ဟု မိုက်စကားတွေ ပြောကာ နဖူး ရှေ့ မှ ဆံပင် တွေ ဖြတ် ၊ နှုတ်ခမ်းဆိုး ၊ ပါးဆိုး ၊ ယိုးဒယားဘော်လီ ဝတ်လျက် သန်းတင် မခံချင် အောင် ရုပ်ရှင်များ ပွဲ ဆက် ကြည့် နေ တတ်လေသည် ။


ဘယ်လိုမှ ချော့ ပြောလည်း မရ ၊ ကြာတော့ အမြင်ကတ် လာသည် နှင့် ...


“ အေး ….. မင်း ကြည့်ရတာ တစ်နေ့တခြား အပျက် နဲ့ တူလာပြီ ” ဟု ဆိုမိရုံ ရှိသေး ခင်ထွေးက ကက်ကက်လန်လန် ....


“ တော် … အပျက် ယူ ထားတယ် မဟုတ်လား ။ ကျုပ် ဘာသာ ကျုပ် အပျက် ဖြစ်ဖြစ် အပျော် ဖြစ်ဖြစ် တော် နဲ့ မဆိုင် ၊ တော့် အပျက် ကို သာ အော်ဒါ မလိုက် အောင် သွား ဆုံးမ ချေ ။ ကျုပ် မျက်နှာ ကို တော့ သေသေ ချာချာ ကြည့်ထား ၊ ရင်နု လို အစား မဟုတ်ဘူး ။ ကျုပ် ဘာသာ ကျုပ် လင် တစ်ယောက် ကို ခေါင်းခေါက် ယူ နိုင်တဲ့ တစ်နေ့ တော့် ကို ကွာမယ် ၊ ဒါပဲ ပြောမယ် ”


သည်တော့ သန်းတင် က စိတ်ဆင်းရဲခြင်း မက ဆင်းရဲ ပြီး မီးဖို ထဲ က ‘ ဓား ’ တစ်လက် ကိုယူ ကာ ခင်ထွေး အား ကမ်းပေး ရင်း ပြော လိုက်၏ ။


“ မင်း ... ဘာဘာညာညာတွေ လုပ် မနေ နဲ့ ၊ ငါ့ ကို မကြည့်ချင် ရင် သ,တ်လိုက် ။ ရော့ .... ခု သ,တ် ... ဟေ့ .... ခု ချက်ချင်း သ,တ်လိုက်ပါ ။ ရော့လေ ... ဟေ့  ... ခင်ထွေး ... ”


ခင်ထွေး က သန်းတင် အား ဆတ်ခနဲ မော့ ကြည့် လျက် မျက်ရည်ရစ်ဝိုင်း နေသော သန်းတင် ၏ မျက်လုံး များ ကို မြင်ရသောအခါ သန်းတင် ၏ လက် ထဲ မှ သားလှီးဓားဦးချွန် ကို ဆတ်ခနဲ လှမ်း ယူလိုက်သည် ။ ထို့ နောက် အိမ်ကြမ်း ကို အား နှင့် အဖန်ဖန် ထိုး စိုက်ကာ စိုက်ကာ …


“ တော့် ကို ကျုပ် သ,တ်ပါ့မလား တော် ။ ဘယ်တော့မှ မသ,တ်ဘူး တော် က သာ ကျုပ်  ကို သ,တ်နေတာ သ,တ် နေတာ ။ ဖြည်းဖြည်းချင်း ညှဉ်းသ,တ်နေတာပါ တော် ၊ တော့် စကား ကို စဉ်းစဉ်းစားစား ပြောပါ ။ တော့်ကို ကျုပ် မကြည့်ချင်ဘဲ ရှိမလား ၊ တော် သာ ကျုပ် ကို မကြည့်ချင် လို့ ရင်နု ကို ယူ တာ မဟုတ်လား ” ဟု ပြောရင်း ငိုကြွေး နေ ပြန်သည် ။


ကြမ်းပြင် ပေါ် သို့ အားကုန် စိုက်ချ လိုက်သော ဓား သည် ဖျောင်းကနဲ ကျိုးသွား တော့သည် ။


( ၄ )


ယခုလည်း .... 


ဤမျှထိုမျှ ကြီးကျယ်သော ရန်ပွဲကြီး တစ်ခု ဖြစ်လာ လေသည် ။


ခါနွေဆန်းစ တွင် နံနက်ခင်း သည် ရွှေရောင် နေခြည်မျှင် အောက် ဝယ် လန်းဆန်းလတ်ဆတ် နေသည် ။ ဈေးတန်း အစ မှ ပန်းတို့ သည် ရေစက်များ တွဲလွဲ ခို နေ သည် ။ မေမြို့  ၊ ဂန္ဓမာ ၊ ဖြူဝါ နှင်းဆီ ရောင်စုံ တို့ သည် မျက်စိပသာဒ တွင် ကြည်လင် အေးမြစရာ ဖြစ် ပေသည် ။


သို့သော် ခင်ထွေး နှင့် ရင်နု တို့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံ မှာ ကား မသက်ဆိုင်သူ တို့ အဖို့ ရယ်ဖွယ် ဖြစ် သော်လည်း သက်ဆိုင်သူ အဖို့ နား မချမ်းသာစရာ ပင် တည်း ။ သန်းတင် က သွား၍ ဖျန်ရ ကောင်းနိုး ၊ လက်ဖက်ရည်ဆိုင် မှ တိတ်တဆိတ် လစ် သွားရ ကောင်းနိုး နဲ့ စိတ် ထဲ ဇဝေဇဝါ ဖြစ် ဆဲ ...


“ ဟေ့ ....သ,တ်ကုန်ကြပဟ သန်းတင် ၊ သွားစမ်း မြန်မြန် သွားစမ်း ... ”


ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိ ၊ ရင်နု က ဝင်း အပြင် ထွက် လာ ကာ ခင်ထွေး နှင့် နပန်း လုံးကြ လေသည် ။ တစ်ယောက် ဆံပင် တစ်ယောက် ဆွဲ ကာ ကုတ်ကြ ၊ ဖဲ့ကြ သည် ။ ခင်ထွေး က ခွန်အား ကြီး သလို ရင်နု ကလည်း သန်စွမ်း သည် ။


အင်္ကျီများ စုတ်ပြဲ ကာ မြင်မကောင်း ၊ ရှုမကောင်း ။ ကာလသား အချို့ ကတော့ မူ မြင်ကောင်း ရှုကောင်း သည့် ပမာ အရိပ်ပြပွဲ ကြည့် သလို မက်မက်စွဲစွဲ အာရုံခံ ကြည့် နေကြသည် ။ သဲခင်း ထား သော မြေ က လည်း နပန်းသ,တ် ရန် နေရာ အသင့် လို ဖြစ် နေသည် ။


ရင်နု က ထဘီ ကျွတ် သွားသဖြင့် ကပျာကယာ ထဘီ ကောက် ဆဲ ခင်ထွေး က သူ့ ကိုယ်လုံး တုတ်တုတ် နှင့် ပစ်တိုက် လိုက် လေသည် ။ နှစ်ယောက် စလုံး သဲပြင် ပေါ် တွင် လိမ့် နေ ကြ ပြန်သည် ။


ဤတွင် သန်းတင် သည် ကယ်တင်ရှင် သူရဲကောင်း ကြီး ပမာ ရန် ဖြစ်သူ နှစ်ဦး ရှေ့ ဘွားကနဲ ပေါ် လာလေ သည် ။ သူ ပါ မယား နှစ်ယောက် ကြား လုံးထွေး လုံးထွေး နှင့် ဖြစ်နေသည် ။ ရင်နု အိမ်သားများ ကလည်း မရှိ ။ ခင်ထွေး ကလည်း အဖော် မပါ တစ်ကိုယ်တည်း လာ မိုက်ပြခြင်း ဖြစ်သည် ။ မဆိုင်သူများ ကလည်း တော်ပါ တော့ သာ ပြောသည် ၊ ဝင် မဆွဲရဲကြ ။


ဘကြီးညို က လည်း မိန်းမသားများ ဖြစ်သဖြင့် နှုတ် က သာ တော်တော့ ပြောသည် ။ ကိုယ်ထိ လက်ရောက် မဖျန် ဝံ့ ။


“ ဟယ် ... ကမြင်းမတွေ ၊ တော်ပါ ဆိုတာ မရဘူး ” 


သန်းတင် က မျက်နှာ တစ်ခုလုံး နီရဲ ကာ စိတ် တို လာ လေသည် ။ ရှက် လည်း ရှက်သည် ။ ဒေါသ လည်း ထွက် သည် ။ ရှက်ဒေါသ နှင့် လမ်းလျှောက်ရင်း တမေ့တမော ငေး နေသော အဘိုးကြီး တစ်ဦး ထံ မှ ချယ်ရီသားတုတ်ကောက် ကို အတင်း ဆွဲယူ ကာ မယား နှစ်ယောက် စလုံး ကို စိတ်ပေါက်ပေါက် နှင့် ရိုက်သည် ။ အဘိုးကြီး က သန်းတင် နောက် လိုက် ကာ .....


“ ကျုပ် တုတ် ကျိုးပါမယ်.… ကျုပ် တုတ် ကျိုးပါ မယ် ” ဟု အတင်း ဆွဲ လုသည် ။ မရ ။ အဘိုးကြီး ပါ ရန် ဖြစ်သူတွေ ကြား ထဲ လုံးထွေး လုံးထွေး ဖြစ်နေ ပြန်သည် ။


ရင်နု က သူ့ လက်ဖျား ကို တုတ်ချက် ထိသွား သဖြင့် အသည်း ခိုက်အောင် နာ လေသည် ။ ခင်ထွေး က လည်း ညို့သကျည်း ကို တုတ်စာ မိ ၍ သူ့ ဒေါသ သည် သန်းတင် ဆီ သို့ ပြောင်း သွား လေသည် ။ ရင်နု က လည်း သန်းတင် ကို ဒေါသ ထွက်သည် ။


“ နင် သူများ သားပျိုသမီးပျို ယူပြီးတော့ ကောင်းကောင်း မထားဘူး ၊ နင် ကမြင်းပြီး နင် က ပဲ ရိုက် ရတယ် ရှိသေး ”


ရင်နု က ဆိုဆဲ၏ ။ ခင်ထွေး က လည်း “ တော် ကျုပ် ကို ဘယ်တုန်းက ရိုက်ဖူးသလဲ ဟင် ၊ တော့် ဘာသာ တော် ကမြင်းပြီး ... ” ဟု ပြောပြောဆိုဆို သန်းတင် ၏ ပါး ကို လှမ်း ရိုက်သည် ။ သန်းတင် က ရှောင်ဆဲ ရင်နု က လှမ်း ရိုက် ပြန်သည် ။ နှစ်ယောက် သား ဝိုင်းပြီး သန်းတင် ကို သတ်ကြ ပုတ်ကြ ပြန်သည် ။ သန်းတင် လက် မှ ချယ်ရီ တုတ်ကောက် အလွတ် တုတ်ကောက် ပိုင်ရှင် လူကြီး က ကပျာကသီ သူ့ တုတ်ကောက်ကို ကောက်ယူ ကာ ပြေးပြီး လူအုပ်များ ကြားထဲ ပျောက်ကွယ် သွားလေသည် ။


သန်းတင် နှင့် မယား နှစ်ယောက် သတ်ကြ ပုတ်ကြ ဆဲ ရင်နု က သံဖြူဆိုင် မှ ဂေါ်ပြားတစ်ခု ပြေး ယူကာ သန်းတင်ခေါင်း ကို ရိုက် လိုက်သည် ။ သန်းတင် ခေါင်း မှ သွေး များ ဖြာခနဲ စီးဆင်း လာသောအခါ ဖျန်မည့် သူများ ပြေး လာကြ သော်လည်း ခင်ထွေး က သန်းတင် ၏ အရှိုက် ကို လက်သီး နှင့် ထိုးမိပြီး ဖြစ်သည် ။ သန်းတင် သည် မြေ ပေါ် တွင် ငှက်ပျောပင်ရင်း မှ ဖြတ် လိုက်သည့် ပမာ ရုတ်ခြည်း ပြိုလဲ လေသည် ။


ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ် နေသော အခြေအနေ တွင် သန်းတင် အား ပွေ့ထူ ကာ နှာ နှပ် သူ နှပ် ၊ ယပ် ခတ် သူ ခတ် နှင့် သန်းတင် က တုတ်တုတ်မျှ မလှုပ်တော့ ။ ခင်ထွေး က သန်းတင် ၏ လက် ကို ကိုင် ကာ “ အမယ်လေး … ကျုပ် လင် သေပါပြီတော့ ” ဟု ငို လေသည် ။ ရင်နု  က လည်း မျက်ရည်များ ကျ နေသည် ။


များမကြာမီ ပင် ကားဥဩရှည်ကြီး ဆွဲသံ နှင့် အတူ လူနာတင်ကား ရောက် လာ လေသည် ။ လူနာထမ်းစင် ပေါ် သို့ တင် ပေးသော အခါမှ သန်းတင် က သူ့ မျက်တောင် ကို မသိမသာ ခတ် လိုက် လေသည် ။ မျက်စိ ကို တော့ မဖွင့် ပေ ။ ဖွင့် လည်း မဖွင့်ချင် ပါ ။ သည် အတိုင်း ပင် နေချင် ပါ သည် ။ ဒဏ်ရာ ဒဏ်ချက် က တော့ မပြောပ လောက်ပါ ။ လောလောဆယ် သေချင်စိတ် သာ ရှိသည် ။


ဆွဲကြိုးချ မသေရဲ လို့ သာပါ ။ ခုနေ ဒီ အတိုင်း သေ သွားမည် ဆိုလျှင် ရဲရဲဝံ့ဝံ့ပင် သေချင်ပါသည် ။ တရား ကျ ၍ မဟုတ်ဘဲ စိတ် ညစ် သောကြောင့် သေခြင်းတရား ကို သွေးအေးအေး နှင့် ရင်ဆိုင်ရဲ လေသည် ။ သေမင်း ကို မြင်ရဦး တော့ လည်း မကြောက်မရွံ့ နောက် မတွန့်ဘဲ သူ က ပင် ဦးဆောင်လက်ယပ် ခေါ်မည် ထင်ပါသည် ။  ။ 


◾ခင်ဆွေဦး


📖 ငွေတာရီ မဂ္ဂဇင်း

      အမှတ် ၁၂ဝ ၊ 

      ၁၉၇၀ ခု ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

Sunday, July 2, 2023

အနုဝင်္ကပါ ( ၃ )


 

( ၃ )

ရှေ့ပိုင်း ဆောင်းပါး တစ်ပုဒ် တွင် “ ခြေတော်တင် ” ဆိုသော စကား တစ်လုံး ပါခဲ့သည် ။ ယင်း စကားလုံး နှင့် ပတ်သက်၍ အဓိပ္ပာယ် လွဲမှား ယူဆမှုများ ရှိ လာနိုင် သဖြင့် ရှင်းပြဖို့ လိုအပ် လာသည် ။ 

ရှေးမြန်မာဘုရင် တို့ လက်ထက် ဘုရင် နှင့် မင်းညီမင်းသား တို့ တွင် ကိုယ်ပိုင် နှင့် လူသိရှင်ကြား မိဖုရား ၊ သားမယားများ ရှိကြစေကာမူ အပျင်းပြေ အညောင်းဆန့်သည့် သဘော အပျိုတော်ချောချော ကလေးများ ကို ခြေတော် တင် လေ့ ရှိခဲ့ ကြသည် ။

ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် မှာ ကား တိတ်တခိုး အမြှောင် မယားငယ်ကလေးများ အဖြစ် ယာယီ ပျော်ပါးခြင်း ကို စကားလုံး ညက်ညက်ကလေး ဖြင့် တင်စား လိုက်ခြင်း ဟု ဖတ်ရှု မှတ်သားဖူး ၏ ။

ပွင့်ပွင့်လင်းလင်း ဆိုကြပါစို့ ။ 

( မယားငယ် ထက် နိမ့်သော အပျော် သက်သက် မယား ပြုခြင်း ကို ဆိုလို သည့် ခြေတော် တင်ခြင်း ဖြစ်သည်  ။ )

ထိုနည်း လည်းကောင်း ကဲ့သို့ သားကြီးမယားကြီး လက်ရှိ နှင့် ဆရာတို့ က အနုပညာရှင်မကလေးများ ကို အပျော် ခြေတော် တင် လိမ့်မည် ။ သတိ ကျပ်ကျပ်ထား ဟူ သည် ကို ရည်ရွယ် ရေးသား သတိ ပေးခဲ့ရာ၌ ပြည့်ပြည့်စုံစုံ ဖော်မပြလိုက်မိသည် ကား သာဓု အမှား ။ ( ဤတွင် ခြေတော်တင် ပြဿနာ ရှင်းလောက် ပြီ ထင်၏ )

သို့သော် မပြီးသေး မဆုံးသေး ။ ရေး ရပေဦးမည် ။ ရှင်းစရာ လင်းစရာ ကျန်ပေသေးသည် ။ တပည့် က ဆရာ ကို ချစ် နေမိသည် ။ လက် မထပ်ရတော့ ပြီ လော ။ ထပ် ပါ ။ ဆရာ ဖြစ်သူက တပည့် ကို ကြိုက်နေ မိသည် ။ မယူရတော့ပြီ လော ။ ယူ ပါ ။ နှစ်ဖက် သဘောတူ အချစ် မျှ ၍ ယူ ကြ ညားကြ လက်ထပ်ကြ သည် ကို သာဓု ဘာ တစ်ခုမျှ တားမြစ်ပိုင်ခွင့် မရှိ ။

သို့သော် နောက်ကြောင်း ကင်းရ ၊ ရှင်းရ ချေမည် ။ အထူးသဖြင့် ဆရာ သည် လွတ်လပ်သူ တစ်ယောက် အနေအထား တွင် ရှိရန် လိုသည် ။

ဆရာ ဆိုသည် မှာ မတတ်သေး သည့် ပညာ ကို တတ်အောင် ၊ မိုက်ကန်းကန်း ကလေးများ ကို လိမ္မာအောင် ၊ မိမိ သင် ပေးသော ပညာ ဖြင့် ကျော်ကြား ပေါက်ရောက် မြေတောင်မြှောက် ပေးရမည့် အစား ၊ သစ်စိမ်းချိုး ချိုး ချင်နေကြသည် က များ နေသည် ။ တိတ်တခိုး လင်မယားများ မဖြစ် ကြ စေချင် ၊ ပြောင်ပြောင်တင်းတင်း အတိအလင်း ကြေညာ၍ လူသိ နတ်ကြား လက်ထပ် ယူ ကြရန် သာ အဓိက ဖြစ် ချေသည် ။ ဆရာ က ကြိုက် ပြီး တပည့် က လည်း ချစ် နေလျှင် တစ်ယောက် မက ၅၀ ၊ ၁၀၀ ထိ ယူပါ ။ အချင်းချင်း ကျေနပ်ကြ လျှင် ကိစ္စ ပြီးသည် ။ ဗြောင် လက်ထပ် ဝံ့ သော သတ္တိ ကား လို၏ ။

အချို့ မိန်းကလေးများ တော်တော် ခက်သည် ။

တစ်နေ့သော နေ့လယ် ၁၂ နာရီ သာသာ ခန့် သာဓု အိပ်ရာမှ နိုးလျှင် နိုးချင်း ကားသစ်ကလေး တစ်စီး ရပ် ထားသည် ကို တွေ့ ရသဖြင့် တပည့် တစ်ယောက် အား လှမ်း ခေါ်လိုက်၏ ။

သူ တက် လာ လာချင်း ပင် သာဓု က မမေးရသေးမီ ... 

“ ဧည့်သည် ရောက် နေတယ် ဆရာ ”  

“ အေး ၊ ငါ သိပြီးပြီ ၊ အဲဒီ ကား အပြာ လေးဟာ သူ့ ကားလား ၊ ဒီ ကား ငါ မ မြင်ဖူးဘူး ”

“ ဟုတ်ပါတယ် ဆရာ ၊ လာတဲ့ ဧည့်သည် လဲ ကျွန်တော်တို့ မမြင်ဖူးဘူး ၊ အမျိုးသမီးလေး ဆရာ ။ အဲဒီ ကား ကို သူ ကိုယ်တိုင် မောင်း လာတယ် ”

“ သွားတိုက်ဆေး နှင့် သွားပွတ်တံ ယူချေကွာ ”

နောက် သွား တိုက်ရင်း က ... 

“ ဘယ် အရွယ်လောက် လဲ ၊ ဘယ်က တဲ့ လဲ ” 

“ အသက် ၂၀ ကျော် လောက် ၊ အစိတ် လောက် ထင်ပါတယ် ၊ ဘယ် ကလဲ မေးလို့ မရဘူး ”

ထိုအခိုက် လှေကား မှ ခြေသံ နှင့် အတူ သူ အပေါ်ထပ် သို့ ရောက်လာ သည် ။ အောက် သို့ ဆင်း၍ စကား ပြောမည့် သာဓု စိတ်ကူး ပျက် သွား ရချေပြီ ။

တစ်ကြိမ်မျှ မလာဖူးဘဲ စွတ်ခနဲ တက် လာသည့် အတွက် သာဓု တစ် ချက် မျက်ခနဲ ဒေါသ ထွက်မိ၏ ။

“ ဘာကိစ္စလဲ ” 

“ ပြောပါ့မယ် ဆရာ ၊ ဆရာ့ မျက်နှာ ပြီးအောင် သစ် လိုက်ပါဦး ”

သာဓု ကိစ္စ ပြတ် သည် နှင့်  ... 

“ မောင်သိန်း အောက် မှာ ကု,လားထိုင် နှစ်လုံး ချ ၊ ရေနွေးကြမ်း ...” 

“ ဒီမှာ ပဲ ပြောပါရစေ ဆရာ ၊ အောက် မှာ ဆိုတော့ ဘေးလူတွေ ကြား မှာ စိုးလို့ ပါ ”

မောင်သိန်း က ဝရန်တာ သို့ ခေါက်ကု,လားထိုင် နှစ်လုံး ချပေးပြီး ရေးနွေး တစ်ခွက် ထည့် လာသည်  ။

“ တူမ ၊ ရေနွေးကြမ်း သောက်တတ် သလား ” 

“ တော်ပါပြီ ဆရာ ”  

သို့ ဖြေရင်း က သူ မောင်သိန်း ကို လှည့် ကြည့် သဖြင့် မောင်သိန်း ဆင်း အသွား တွင်  ... 

“ ရိုင်းတယ်လို့ လဲ မထင်ပါနဲ့ နော် ဆရာ ၊ ရဲတင်းလွန်း အားကြီးတယ်လို့ လဲ ”

“ အဲဒါ ထားပါဦး ၊ မင်း ဘယ်သူလဲ ငါ မသိပါလား ”

“ ဟုတ်ပါတယ် ၊ ဆရာ့ ကို တော့ အဝင်း သိ နေတာ ကြာပါပြီ ။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ် လောက် က အဝင်း တို့ ကျောင်းဆောင် မှာ စာပေ ဟောပြောပွဲ ... ”  

“ ဪ ၊ ဪ ၊ မင်း က .. ” 

သူက နှုတ်ခမ်း ကို စုပြုံး ပြုံးလိုက် ပြီးမှ ...

“ ဟုတ်ကဲ့ ၊ မကြာခင် နိုင်ငံခြား ပညာတော်သင် သွားရမယ့် သူ တစ်ယောက် လို့ ပဲ ဆရာ သိ ထားပါတော့ ဆရာ ”  

“ လျှို့ဝှက်ရမယ့် အကြောင်း ရှိနေ သလား ” 

“ ဟုတ်ကဲ့ပါ ဆရာ ၊ ပြီးတော့ အဝင်း ရဲ့ လျှို့ဝှက်ချက် သာ မက အဝင်း မေးမယ့် ပုဂ္ဂိုလ် ကို လဲ ဆရာ လျှို့ဝှက်ထားဖို့ လိုအပ်ပါလိမ့်မယ် ”

သာဓု စိတ် ထဲတွင် အတော် ကလေး ခုသွားသည် ။

“ နေစမ်းပါဦး ၊ နေရင်ထိုင်းရင်း ငါက ဘာတွေ ကို လျှို့ဝှက်ပြီး ဘယ်သူ့ ကို နှုတ်လုံ နေရမှာ လဲ ။ ရှုပ်ရှုပ်ယှက်ယှက် ပြဿနာတွေ ထဲ ငါ မပါချင်ဘူး ၊ ပြန်တော့ ”

သူ တွေ သွားသေးသည်  ။

“ ဆရာ ဟာ လူ တစ်ဖက်သား ကို ကူညီတတ်တယ် ဆိုတဲ့ အကြောင်း အဝင်း ဖတ်ဖူးပါတယ် ၊ အဝင်း ကို ကူညီပါ ဆရာ ”  

“ ကဲ ၊ ကဲ ၊ တိုတို နဲ့ လိုရင်း ကို ပြော ”  

“ ဆရာ့မိတ်ဆွေ လေ ၊ တက္ကသိုလ် က ( ... ဆရာ ... ) ” 

“ အဲဒါ ဘာဖြစ်လဲ ”  

“ သူ နဲ့ အဝင်း နဲ့ မေတ္တာ ရှိ နေကြပါ တယ် ”

“ လက်ထပ်ဖို့ နေ့ကောင်း ရက်သာ ရွေး ပေးရမှာ လား ၊ ဒါတွေ ငါ မတတ် ဘူး ၊ ယုံ လဲ မယုံကြည်ဘူး ”

သူက မဝံ့မရဲ ပြုံး လိုက်ပြီးမှ ..

“ အဓိက က ဒါ မဟုတ်ပါဘူး ဆရာ ။ သူ့ မှာ သားကြီး မယားကြီး ရှိနေတယ် ဆိုတဲ့ ကိစ္စ ပါ ”

“ နို့ မင်း က မေတ္တာ ရှိနေပြီ ဆို ၊ သူ့ မယားကြီး ကိစ္စလဲ မင်း စဉ်းစားပြီး သား မို့ မေတ္တာ ရှိ လိုက်တာ မဟုတ် လား ”

စောစောပိုင်း က အပြောအဆို ရဲတင်းဖျတ်လက် သလောက် ယခု ငိုင်ချက်သား ကောင်းနေ သည် ။

“ မင်းတို့ မိန်းကလေးတွေ တော်တော် ခက်တာပဲ ” 

“ ဟုတ်ပါလိမ့်မယ် ဆရာ ၊ အချစ် ဆိုတာမျိုး က ... ” 

“ ဒါကို ခုတုံး မလုပ်ပါနဲ့ လေ ၊ ကဲ ၊ ကဲ ဆရာ က ဘာ ကူညီရမှာ လဲ ၊ ဖြစ် နိုင်တာ ရှိရင်ပေါ့ ”

“ ဒီလိုပါ ဆရာ ၊ သူ့ သဘောထား ရယ် ၊ သူ့ ရဲ့ စကား ၊ ကတိသစ္စာ စသည် ဖြင့်ပေါ့ ဆရာ ၊ တည်တည်ကြည်ကြည် ရှိရဲ့လား ဆို တာ ”

သာဓု အဖြေရ ကျပ်သွား၏ ။ သာဓု မိတ်ဆွေ ဆရာ ဆို သူ ၏ သဘော သက္ကာယ ကို ကောင်းကောင်း ကြီး သိသည် ။ သို့သော် သူ တို့ အချစ်ကိစ္စ အတွက် သက်သေခံ ထွက်ချက် အဖြစ် ဘာ မျှ မပြောလို ။

“ မဟုတ်ပါဘူး ၊ သူ က ဘာ ကတိ တွေ ပေး ထားလို့ တုံး ”  

မျက်လုံးကလေးများ လက်ခနဲ လင်း သွားအောင် လှန်ကြည့် လိုက်ရာ မှ  ...

“ ဒါကတော့ ဆရာ ရယ် ။ အချစ် နဲ့ ပတ်သက်တဲ့ ကတိ ပဲ ပေါ့ ။ ဆရာတို့ အဖို့ ကတော့ ရေးရ လွန်း လို့ ရိုးနေ မှာ ပါပဲ ”

“ အင်း ၊ ထားပါတော့လေ ။ မင်း က ကော သူ့ အချစ်ကို မယုံဘူးလား ”

“ သူ့ အချစ် ကို ယုံ ပါတယ် ဆရာ ၊ သူ့ စိတ် ကိုတော့  ...  ”

“ အေး ၊ လူ မှာ စိတ် ဟာ အရေးကြီး ဆုံးပဲ ၊ စိတ် ကို စိတ် မချရင် ဘာကိုမှ စိတ်ချလို့ မဖြစ်တော့ဘူး ၊ နေဦး ၊ နေ ဦး ။ သူ့ မှာ သားသမီး သုံးယောက် ရှိ တာ မင်း သိတယ်နော် ”

“ ဟုတ်ကဲ့ ဆရာ ”

“ နို့ ၊ သူ့ မိန်းမ ကို သူ ဘယ်လောက် ချစ်တယ် ဆိုတာကော ရိပ်မိရဲ့ လား ”

သူ ညိတ်ညိတ်ကလေး ခေါင်းညိတ် သည် ။

“ အေး ၊ ဆရာ မေးဦးမယ် ၊ မင်း က ကော အင်း ၊ အချစ် ဆိုတာက ခက် သားပဲလေ ”

သူ ခေါင်းငုံ့ ထားလျက် က မျက်လွှာ လှန်ပြီး နား စွင့် နေသည် ။ မတတ် နိုင် ။ မပြောသင့် သော်လည်း ပြော လိုက်ရချေသည် ။

“ အချစ် နဲ့ ပတ်သက် လာရင် မင်း တို့ မိန်းကလေးတွေ ဟာ ယောက်ျား ထက် စိတ်ဓာတ် ပြင်းတယ် ။ တကယ် ချစ် လာပြီ ဆိုရင် တုံး တိုက်တိုက် ကမ်းတိုက်တိုက် ယောက်ျားတွေ လိုက် ယှဉ်လို့ မရဘူး ၊ ခုလဲ မင်း ဒီ အခြေမျိုး ရောက် နေပြီ ပေါ့ ၊ ဟုတ်လား ၊ အဝင်း ”

သူ သက်ပြင်းကလေး မျဉ်းမျဉ်း ချ လိုက်ပြီးမှ ... 

“ မှန်ပါတယ် ဆရာ ဒါပေမဲ့ သူ နဲ့ မ ပေါင်း ရရင် သေ ရပါတော့မယ် အထိ မျိုး တော့ မဟုတ်ပါဘူး ၊ သူ သာ ကတိ တည်မယ် ဆိုရင်  ...”

“ ဘာ ကတိလဲ ၊ မင့် ကို ရာသက်ပန် ပေါင်း ပါ့မယ် ဆိုတဲ့ ကတိလား ” 

“ ဒါလောက်နဲ့ မလုံလောက်ပါဘူး ဆရာ ” 

“ သည့် ပြင် ဘာ ကတိ ပေးထားလို့ လဲ ၊ သူ က ”   

“ တကယ် လို့ အဝင်း က သာ လက်ထပ်မယ် ဆိုရင် သူ့ မယားကြီး ကို တရားဝင် ကွာ လိုက် ပါမယ် ဆို တဲ့ ကတိပါ ”  

“ အဲသလိုဆို မင်း သူ့ ကို ယူမယ် ပေါ့ ” 

“ ယူမယ် ဆရာ ။ ဆရာ့ မိတ်ဆွေ က အဲလိုမျိုး ကတိ ကို တည် နိုင်ပါ့မလား ၊ ဆရာ့ ကို လာ စုံစမ်းတာပါ ။ သူ က လဲ ပြော တယ် ။ မယုံရင် ဆရာ့ ကို စုံစမ်း ကြည့်ပါ တဲ့ ”

“ ဘယ်တုန်း က ပြော တာလဲ ၊ သူ နဲ့ ဆရာ မတွေ့တာ ငါးလ မကတော့ ဘူး ”

“ မနက်က သူ ပြော ပြီး ပြီးချင်း ၊ ဆရာ့ ဆီ ထွက် လာတာပါ ။ သဘော ကတော့ သူ က အရင် လာပြီး စကား သွင်း ထားမှာ စိုးလို့ ” 

“ ဟဲ ၊ ဟဲ ၊ မင်း က ဒီလိုတော့ အကင်း ပါးသားပဲ ၊ နို့ တလွဲ ဆံပင်ကောင်း နေတယ် ဆိုတဲ့ စကား ကြား ဖူးရဲ့ နော် ”

ခေါင်းညိတ်ရင်း က ငုံ့ သွားသည် ။

“ အေး ၊ မင်း ဒီနေရာ မှာ တော့ အကင်း ပါး ပြီး ၊ အရေးကြီး တာ ကို မေ့ ထားတယ် ”

“ ဘာကိုပါလိမ့် ဆရာ ”  

“ ဒါ ထားဦး ၊ သူ က သူ့ မယားကြီး ကို ကွာ ပေးမယ် ဆိုတာတော့ မယုံမရှိ နဲ့ ဒီ လူ က ပြောရင် ပြောတဲ့ အတိုင်း လုပ် တတ်တယ် ” 

သူ့ မျက်နှာကလေး အမည် နှင့် လိုက်အောင် ဝင်း လာသည် ။

“ အဲသလို ဆိုရင် မင်း သူ့ ကို လက်ထပ်မယ် ဆိုတာ သေချာသပေါ့ ဟုတ်လား ”  

“ အဝင်းက ကတိ မပျက်ပါဘူး ဆရာ ”  

“ အဲ ၊ သူ က မယားကြီး ကို စာချုပ်စာတမ်း နဲ့ ရပ်ရွာ လူကြီးတွေ ရှေ့ မှာ လက်မှတ် ထိုးပြီး တရားဝင် ကွာ လိုက်ပြီ ဆိုပါတော့ ” 

သူ စိတ်ဝင်တစား နားစွင့် နေသည် ။

“ အဲဒါ သူ ကတိ တည်တဲ့ သဘောပဲ ။ မင်း ကလဲ သူ က ကတိ တည် လို့ တရားဝင် လက်ထပ် လိုက်ပြီထား ၊ ဒီ အိမ်ထောင်ရေး ကိစ္စ ဒီမှာ ပဲ ပြီးပြီ လို့ မင်း ယူဆ သလား ”  

“ သူ ကလဲ အဝင်း ကို ချစ်တယ် ။ အဝင်း ကလဲ သူ့ ကို ချစ်တယ် ၊ နှစ်ယောက် စလုံး လွတ်လွတ် ကင်းကင်း အိမ်ထောင် ထူ ကြတာပဲဆရာ ၊ မပြီး စရာ ကိစ္စ ကျန်ပါသေးလား ”

“ အဲဒါ ဆရာ ပြော တာပေါ့ ၊ မင်း အရေးကြီးတာ ကို အကင်း မပါဘူး လို့ ၊ ဒီမှာ ၊ ဒီမှာ ၊ အဝင်း ၊ မင့် လူ ငါ့ မိတ်ဆွေ က မယားကြီး ကို ကွာရှင်း ပြီး မင်း နဲ့ လက်ထပ် ရော ၊ နောက် ခြောက်လ ၊ တစ်နှစ် အကြာ မှာ သူ့ စာချုပ် ရော သူ့ မယား စာချုပ် ပါ ဆုတ် ပစ် လိုက်ရင် မူလ မယား အတိုင်း ပြန် တရားဝင် သွား တယ် ဆိုတာ မင်း သိသလား ၊ ဒီ အထိ လဲ မ တွေးဘူး မဟုတ်လား ”

သူ လျှပ်ပြက် သလို လက်ခနဲ စိတ် ထိခိုက် သွားဟန် သို့ မျက်ရည် ကလေး စို့ လာသည် ။ 

“ အင်း ၊ စာချုပ်တွေ ဆုတ်ဆုတ် မ ဆုတ်ဆုတ် ၊ သားသမီးတွေ အကြောင်း ပြုပြီး ဝင်ထွက် သွားလာ စားသောက် ၊ တစ်ည တလေ အပတ်စဉ် အိပ်မယ် ဆိုပါတော့ ၊ အဲဒါ ကိုလဲ ပတ်ဝန်းကျင် က ပြန် ပေါင်းနေတဲ့ သဘော အတည် ပြု ကြမယ် ၊ အဲဒါ သူ ကတိ ပျက်တာ မဟုတ်ဘူးနော် ( ကွာပေးမယ် ) သာ ပြောတာ ( ပြန် မပေါင်းတော့ဘူး ) လို့ မဆိုဘူး ၊ ဘာပဲ ဖြစ်ဖြစ် သူ က သူ့ မယားကြီး ကို ပြန် ပေါင်းဖို့ လွယ် တယ် ၊ အဲ ၊ မင်း က သူ့ ကို ကွာ ပစ်ဖို့ ကျတော့ မလွယ်ပြန်ဘူး ဟ ”

သူ မျက်ရည်များ ဝေကျ လာသည် ။

“ ကောင်းပြီ ၊ သူ့ သားသမီးများ ရှိ ရာကို မသွားရ ၊ မလာရဘူး လို့ မင်း တားမြစ်ရက်ပါ့မလား ၊ အင်း မ ကောင်းဘူးလေ ”  

သူ့ လက်ဝါး နှစ်ဖက် တွင် မျက်နှာ မြှုပ် ၍ ကိုယ် အထက်ပိုင်းကလေး တ လှုပ်လှုပ် ခါသွားသည် အထိ မချိတင်ကဲ ဖြစ် နေရှာသည် ။

“ သူ နဲ့ အဲ ၊ အဲ ၊ ဆရာ့ မိတ်ဆွေ နဲ့ မ ပေါင်း ရ ရင် သေရပါတော့မယ် ဆိုတဲ့ အထိ မျိုးတော့ မဟုတ်သေးပါဘူး လို့ ခုန မင်း ပြောတယ် ၊ အဲဒီ တန်ဖိုးရှိတဲ့ စိတ်ဓာတ် နဲ့ ဆရာ ပြောတာတွေ ပေါင်းစပ် ၊ စဉ်းစားပေါ့ ကွယ် ၊ တစ် ဘဝ လုံး အတွက် အဖြေ ပေါ် လာ မှာ ”

သူ ကျုံ့ကျုံ့ကလေး ထိုင်ပြီး သာဓု ကို ကန်တော့ သွားသည် ။

   •••••   •••••   •••••   •••••

ဤသို့ ခက်သော မိန်းကလေးများ လည်း ရှိ သေးသည် ။ ထို့ထက် ပို၍ ခက်သော အမျိုးသမီး ကလေးများ လည်း အနမတဂ္ဂ ရှိကြလေသေးသည် ။

ယင်းကဲ့သို့သော တပည့်မကလေး များ ကို မူ ဆရာတွေ က သတိ ကျပ်ကျပ် ထား ။

( ၃ - ၁၀ - ၈၄ )

◾သာဓု

📖 ချယ်ရီ မဂ္ဂဇင်း
      နိုဝင်ဘာ - ၁၉၈၄

📖  အနုဝင်္ကဘာ

#ကိုအောင်နိုင်ဦး

.

ကန္တာရ ထဲ မှာ စိမ်းလန်းခွင့်


 ❝  ကန္တာရ ထဲ မှာ စိမ်းလန်းခွင့် ❞ 


ကျွန်မ ပန်းတွေ ကို ချစ်သည် ။ ပန်း တစ်ပင်၏ အပင် ၊ အရွက် ၊ အဖူး ၊ အငုံ ၊ အပွင့် အားလုံး ကို ချစ်သည် ။ ပန်းတွေ ရှိသည့် မြေ မှာ မမျှော်လင့်ဘဲ အခြေချ နေထိုင် ဖြစ်ခဲ့သည့် ကံကြမ္မာသည် ကံကောင်းခြင်း ရနံ့များ ကို သယ်ဆောင် လာသည် ဟု ခံယူပါသည် ။ သည် မြေ က ဘယ်နေရာ ကို ကြည့်ကြည့် ပန်းရောင်စုံ တို့ ညှို့ငင်မှု အောက်မှာ ကျွန်မ ညွှတ်ကိုင်း မိတာ အခါခါပဲ ။ ပြင်ဦးလွင် ၏ အထင်ကရ ကန်တော်ကြီး ဥယျာဉ် မှ ပန်းများ ကို မဆိုထား နှင့် ၊ လမ်းဘေး မှ နေကြာ အရိုင်းခင်းကြီးများ ၏ ကြော့လွင် လန်းဆန်းမှု ၏ မျှားယူခြင်း ကို ခံရသည် မှာ အကြိမ်ကြိမ် ။ သည် မြို့က အိမ်တော်လမ်း စိမ်းလန်းအေးခြံ မှာ ကျွန်မ ချစ်သော သတင်းစာဆရာ ၊ စာရေးဆရာမကြီး လူထုဒေါ်ဒေါ်မာ မိသားစု ရှိသည် ။ ကန်တော်ကြီးစောင်း နန္ဒာလမ်း ပေါ် မှာ တော့ ကဗျာ အစပ်ကောင်း ၊ ကဗျာ အရွတ် ကောင်းသော ကဗျာဆရာ နွယ်စိမ်းဝေ ရှိသည် ။ ပြင်ဦးလွင် ဈေး ထဲ မှာ တော့ ဈေးရောင်း ကောင်းသလို စာရေး ကောင်းသည့် စာရေးဆရာမ မြို့သာမရာထို မိသားစု ရှိသည် ။ ထို အဝန်းအဝိုင်း နှင့် ပင် ကျွန်မ မြို့ကလေး မှာ နေပျော် ဖို့ အကြောင်းအရာ ခိုင်လုံ နေပြီ ဖြစ်သည် ။ ပန်းတွေ ချစ်သော ကျွန်မ မြို့ကလေး မှာ အနေကြာ အနည်ထိုင် သွားတော့ ချစ်ခင် နှစ်လိုဖွယ် ပန်းကလေး နှစ်ပွင့် နှင့် တွယ်ငင် နှောင်ဖွဲ့ ဖို့ အကြောင်း ဖန် လာ တော့သည် ။ ပန်းကလေး နှစ်ပွင့်တည်း နှင့် မဟုတ် ၊ ပန်းကလေးတွေ ကို ရေ လောင်းသူ ၊ ပေါင်းသင်သူတွေ နှင့် ပါ မဖြစ်မနေ တွန်းတိုက် ယှက်ငင် မိသော အခါ ပန်းချစ်သူ နှလုံးသား သည် ကျော့ငင် ချစ်ကြိုး ၏ ရစ်ထုံး နှောင်ဖွဲ့မှု ကြောင့် တုန်ယင် လှိုက်မော သော ခံစားမှု တို့ ဖြင့် သွဲ့သွဲ့ငင်ငင် ချိတ်တွယ် မိ သွားတော့၏ ။ သံယောဇဉ် ကို မမြင်ရ သည့် ကြိုး တစ်မျှင် ဟု တင်စား လေလျှင် ကျွန်မ ချိတ်တွယ် မိသော ကြိုး သည် ဆိပ်ကမ်း တစ်ခု မှာ ဆိုက်ကပ် သော ခိုင်မာသည့် ကျောက်ဆူးကြိုး တစ်ချောင်း သာ ဖြစ်ချိမ့်မည် ။


အရိပ်မိုးစွန်း အောက် ဆီ ဝင်ပြီး လှေကားထစ်များ ကို တက် ရသည့် အခါတိုင်း ကျွန်မ စိတ်တွေ လေးလံ ညွှတ်ကျ နေ တတ်သည် ။ လှေကားထစ် တစ်ထစ် ၊ နှစ်ထစ် ၊ သုံးထစ် ။ သာမန် တိုက်ခန်း တစ်ခု ၏ လှေကားထစ်များ က ခါတိုင်း မြင်တွေ့နေကျ လှေကားထစ်များ နှင့် ဘာမျှ ခြားနား ဆန်းကြယ်ခြင်း မရှိပါဘဲ လျက် ဤ အိမ်လှေကားထစ် တွေ  ကျ မှ ကျွန်မ ထံ ဘာကြောင့် ဤ ခံစားမှုမျိုး ပြေးပြေးဖြန်းဖြန်း ရောက်ရှိ လာကြလေ သနည်း ။ သတိထား မိ လေမှ လေးလံ ညွှတ်ကျခြင်း အပြင် ရင် နှစ်နှလုံး ကို လက်ကြမ်းကြမ်း တစ်ခု ဖြင့် ဆုပ်ကိုင် ဖျစ်ညှစ် ထား သလိုပါ ခံစား နေရကြောင်း မှတ်မှတ်ထင်ထင် ရှိ ရ လေသည် ။


သည်လို ခံစားမှုမျိုး ဘယ်တုန်း က စတင် ခဲ့ ပါလိမ့် ။ သည် လှေကား ကို စတင် တက် ရသည့် အချိန် ကလား ။ ဟင့်အင်း … သည်တုန်း က ကျွန်မ နုဖပ်ဝင့်ဝါသော ပန်းကလေး နှစ်ပွင့် နှင့် ဆုံစည်းခွင့် မှ မရသေး တာ ။ အို … ပန်းကလေး နှစ်ပွင့် … မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ပန်းကလေးတွေ က ပွင့် မှ မပွင့်ရ သေး တာ ။ ကလေးတွေ နှစ်သက်သည့် ကဗျာစာသား ကလေးလို ပေါ့ ။ ‘ ပန်းကလေးများ ပွင့်တော့မည် ၊ ဖူးတံ ဝင့်လို့ချီ ’ တကယ် ရိုးတံညှာ ဖျား က အဖူးအငုံကလေး တွေ ။


တစ်ယောက် က ပွင့်ဖို့ အားယူ နေသည့် အဖူးကလေး ။ တစ်ယောက် က ဖူးဖို့ အားယူ နေသည့် အငုံကလေး ။ ကျွန်မ မမျှော်လင့် ဘဲ သိကျွမ်းခွင့် ရ လိုက်သည် က အဖူးကလေး နှ င့်ပါ ။ သည် အိမ် ရောက်သည့် ဒုတိယ အခေါက် မှာ မှ မှတ်မှတ်ရရ ။


“ စိတ်ပျက်တယ် ။ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ။ ကြည့်စမ်း … ချွေးတွေ သံတွေ နဲ့ ။ ဒီလောက်တောင် ဆော့ရ သလား ။ မိန်းကလေး ပီပီ ဣန္ဒြေ ရရ နေစမ်းပါဦးတော့ ။ အခုတော့ ကြည့်ပါဦး ၊ ဟိုပြေး သည်လွှား ဆော့ဖို့ လောက် ပဲ သိတာ ။ အဲဒါပဲ ကြည့်တော့ ဆရာမ ရေ ၊ မနိုင်ဘူး ။ ဒီ ကလေး ကို မနိုင်ဘူး ။ သွား ရေသွားချိုး ၊ သန့်သန့်ရှင်းရှင်း နေဖို့ စိတ်ကူး ။ ဟဲ့ ပြောနေတာ မကြားဘူးလား ။ ဒီမှာ လူကြီးတွေ စကား ပြောနေတာ နား မလည်ဘူးလား ။ ရေ သွား ချိုးလို့ ဆိုနေ ”


အဘွားကြီး ၏ လေသံဟန်ပန် က ကျွန်မ အဖို့ မောင်လူအေး ၏ ဘွားဒွေးကြီး ကို သတိရ သွားစေသည် ။ ဗျစ်တောက် ဗျစ်တောက် ပြော တတ်သည့် အဘွားကြီး က မောင်လူအေး ၏ ဘွားဒွေးကြီး လို မေတ္တာတရားတွေ ပြည့်အိုင် နေလေ မလား ။ သူ လည်း ဘွားအေ အရင်း ပေ မို့ ယုံမှား သံသယ ရှိစရာ မလိုပါ ။


အဖူးကလေး ကတော့ မျက်ခုံး ထင်းထင်း ၊ မျက်လုံး ဝိုင်းဝိုင်း ၊ နှုတ်ခမ်း ဖူးဖူး ။ ဆော့ ထားသည့် အတွက် နွမ်းကြေ နေသော ပေတူးတူး ဂါဝန် ကို ယမ်းခါ ဆော့ကစား နေသည် မှာ ဘာမှ မသိတတ်သေးသော အရွယ် ။ မကြာခင် ကစားကွင်း မှ တက် လာသည့် ပုံစံ အပြည့် ဖြင့် လူကြီးဝိုင်း မှ မခွာချင် ။ ဘွားအေကြီး က မသွားသေးဘူးလား ထပ်ဆင့် လိုက် မှ အိမ်ထဲ ဝင် သွား တော့၏ ။


“ ကောင်မလေး က မကြာခင် ကြီးကောင် ဝင် တော့မယ် ။ ဆော့လို့ ကောင်းတုန်း ၊ အဆော့ က မက်သလား မမေး နဲ့ ။ တစ်နေ့ တစ်နေ့ သင်း ကို ပြောဆို နေရတာနဲ့ အာ ကို ညောင်း ရော ။ ပြေးဟယ် လွှားဟယ် နဲ့ ကြည့် လို့ မကောင်းတော့ဘူး လေ ။ အင်း ဘွားအေ ဆိုတော့ လည်း ဘွားအေ လောက်ပဲ ရ မှာပေါ့ ။ အမေ နဲ့ တော့ ဘယ် တူနိုင်ပါ့မလဲ ။ အမေ ဆိုလို့ သူ့ အမေ က ဖုန်းတွေ ခဏခဏ ဆက် နေတာ ကျွန်မ မကြိုက်ပါဘူး ။ ဟို လူ နဲ့ မှာ ၊ ဒီ လူ နဲ့ မှာ နဲ့ စည်း မရှိ ကမ်း မရှိ ။ ဒီက သမီး က လည်း မအေ သံ ကြားလို့ မရဘူး ။ ကြားတာ နဲ့ နန့်နန့်တက် ကို သွား ချင်တာ ။ အံမယ် ကျွန်မ မသိ အောင် ကြားလူ နဲ့ ချိန်းပြီး သွား တွေ့ကြ သတဲ့ ။ အဲဒီ ကြားလူ ဆိုတာ ယုံကြည်ရ သလား ၊ မယုံကြည်ရ ဘူးလား ။ အမေ ဆီ သွားတာ အမေ ဆီ မရောက်ဘဲ တစ်နေရာ ရောက်သွား မှ ဖြင့် … ”


အဘွားကြီး က စကား မဆက် ပေမယ့် ဆက်လက် တွေးတော ရမည့် စဉ်းစားဖွယ်ရာများ ရှည်လျားစွာ ရှိနေပေ လိမ့်မည် ။ ကျွန်မ လည်း ဇာတ် တစ်ဇာတ် ကို အလယ် က ပိုင်း ကြည့် ရ သလို ဇာတ်ရှိန် က တက်နေသည် လား ၊ ကျ နေသည်လား ပင် မသိ ။ ကလေး က အမေ နှင့် တကွဲတပြား စီ ဖြစ် နေတာ လောက် သာ ခန့်မှန်း သိ ရှိ ရသည် ။ အဘွားကြီး က ပင်မဇာတ် ကို ကျွန်မ သိရှိပြီး သား အထင် နှင့် စကား ကို ဆက် သေး၏ ။


“ မိုက်တုန်း က တော့ မိုက်လိုက်ကြတာ ကမ်း ကို ကုန်ရော ”


ထိုနေ့ က ထို အိမ် မှ လှေကားထစ်များ ကို တစ်ထစ်ချင်း နင်းဆင်း လာရင်း အဖြေ မသိနိုင်သည့် ပဟေဠိ တွေ အပြေးအလွှား ကပ်ပါ လာကြသည် ။


‘ မိုက်တုန်း က မိုက်လိုက်ကြတာ ကမ်း ကို ကုန်ရော ’


“ မှားသွားပြီ လို့ သိလိုက်ရတဲ့ အချိန် မှာ လွန်သွားပါပြီ ဆရာမ ရယ် ။ လွန်သွားတော့ မှ အရှိန်အဟုန် ပြင်းတဲ့ ရထား တစ်စင်း ခုတ်မောင်း သွား သလို ရပ်တန့်လို့ မရတော့ လောက်အောင် လွန်သွား တာပါ ။ အားလုံး ဟာ ဝင့် အပြစ်တွေ ပါ ။ တစ်ကိုယ်တော် ခံစားချက်တွေ ကို ရှေ့တန်း တင် မိတဲ့ ဝင့် ဟာ တစ်ဘဝ စာ ပြစ်ဒဏ် ခံရဖို့ အတွက် အဆင်သင့် ပြင်ဆင် ထား ပါတယ် ။ ရမ္မက်ဇောတွေ ရဲ့ နောက်မှာ ဘာရှိလဲ ဆရာမ သိလား ။ တစိမ့်စိမ့် တသွင်သွင် စီးကျ နေတဲ့ စမ်းရေ အေးအေးလေးတွေ ရှိ ပါတယ် ။ ရမ္မက်ဇော အဟုန် ဟာ အဲဒီ စမ်းရေအေး ကြောင့် ဟုန်းဟုန်း တောက် ခွင့် မသာတော့ပါဘူး ”


အမည် တပ်ဆင်ထားခြင်း မရှိသော ကော်ဖီဆိုင်ကလေး ထဲ မှာ ကော်ဖီရနံ့တွေ သင်းပျံ့ နေသည် ။ အပြင်ဘက် မှာ ထင်းရှူးပင်တွေ မတ်မတ် တည် နေ သလောက် ယူကလစ်ရွက်တွေ ကတော့ လေနှင့် အတူ တဖြုတ်ဖြုတ် လွင့်ဝဲ နေသည် ။ ကော်ဖီရနံ့ ထဲ မှာ ယူကလစ်နံ့တွေ ထွင်းဖောက် ပါဝင်နေတာ တောင်ပေါ် ရသ တစ်ခု ပေလား ။ ကော်ဖီခွက် လှလှကလေး ထဲ မှာတော့ အငွေ့ထောင်းထောင်း ထ ကော်ဖီတွေ က ဆန်းသစ်သော အာရုံ တစ်ခု ကို ညှို့မြှူ နေ သလို ထင်ရ၏ ။ ညစ်ထတ်ထတ် စားပွဲ ၊ ပေတူးတူး ပန်းကန် ၊ ဆူညံညံ သီချင်းသံ ၊ မလိုအပ်ဘဲ ကျည်ကျည် လောင်

လောင် အော်ဟစ်နေသော စားပွဲထိုးများ ရဲ့ အသံ ၊ ဘာဆို ဘာမှ မရှိ ။ ရိုးရိုးရှင်းရှင်း ၊ သန့်သန့်ပြန့်ပြန့် အခင်းအကျင်း က ခေတ်ဆန်း ကဖေးဆိုင် ယဉ်ကျေးမှု အခင်းအကျင်း ကို ပြသ နေသည် ။


ဆံပင် တိုတိုရှင်းရှင်း ပုံစံ တွင် နှာခေါင်း ချွန်ချွန် ၊ နှုတ်ခမ်း လုံးလုံးကလေး က လိုက်ဖက် ပေါ်လွင် နေသည် ။ အထူးခြားဆုံး က သူမ ရဲ့ မျက်လုံးတွေ ပါပဲ ။ ပြူးကျယ်သည် လည်း မဟုတ် ၊ ဝိုင်းစက် သည် လည်း မဟုတ် ၊ မဟူရာ မျက်နက်ဆန် တို့ ရွေ့လျား နေပုံက အရာရာ ကို ပိုင်နိုင် ရင့်ရဲရုံ မက သွက်လက် ချက်ချာခြင်း သရဖူ ကို ဆောင်းထား သလိုမျိုး ၊ သူမ စကားပြောသံ က ကျောက်ပန်းဆွဲ မှ ကျောက်စက်ရေ တပေါက်ပေါက် ကျနေတဲ့ နရီ စည်းဝါးသံ လို နားထောင် ကောင်းလှ၏ ။


“ အားလုံးဟာ ဝင့် အပြစ် တွေပါ ။ အားလုံးဟာ ဝင့် အပြစ်တွေပါ ”


သူမ ၏ ဝင့် ဆိုသော လေယူလေသိမ်း က မာန တံခွန် တို့ ဖြင့် ဝင့်ဝါခြင်းမျိုး မဟုတ်ဘဲ မိမိ ရဲ့ ကိုယ်ရည် ကိုယ်သွေး အပေါ် စိတ်ချ ယုံကြည်ခြင်း တို့ အောင်လံ ဝင့်ထူ နေပုံမျိုး ဖြစ်သည် ။


“ ဝင့် နဲ့ သမီး တို့ ဖေဖေ ရဲ့ အိမ်ထောင်ရေး ဟာ မြားနတ်မောင် အပစ် မှားတဲ့ အိမ်ထောင်ရေး ပါ ။ သမီး တို့ ဖေဖေ ကိုအောင် ဟာ လူရိုးလူကောင်း တစ်ယောက် ပါ ။ ရိုးလွန်းတော့ လည်း ဝင့် အမြင် မှာ အစွမ်းတုံး အစတုံး ဖြစ်နေတော့တာ ပေါ့ ။ သူ က သူ ရှာပေးတဲ့ တစ်လစာ ဝင်ငွေ နဲ့ တစ်လ လောက် အောင် သုံးပြီး ဝင့် ကို နောက်တန်း မှာ နေစေ ချင်တာပါ ။ အဲဒီ အိမ်ထောင်ရှင်မ ဆိုတဲ့ သံချေးတက် ကွန်ချာကြီး ထဲ မှာ ဝင့် မနေချင်ဘူး ။ ဖေဖေ မေမေ တို့ လက်ထက် ကတည်း က ဝင့် စီးပွား ရှာ လာ တာပါ ။ ဝင့် ငွေရှာ ချင်တယ် ။ ငွေ သုံး ချင်တယ် ။ သမီးတွေ ကို တင့်တင့်တယ်တယ် ထား ချင်တယ် ။ ကိုအောင့် ရှာ စာ ဟာ ခြိုးခြံချွေတာ သုံး ပါ မှ လောက်ငရုံ အနေအထား မှာ ဝင့် မပျော်တော့ဘူး ဖြစ် လာတယ် ”


“ ကိုအောင် သူ့ မိဘတွေ က တိုက်ခန်း အမွေ ပေးထားတယ် မဟုတ်လား ဝင့် ရဲ့ ။ ကိုယ် ကြား သလောက် တော့ သူတို့ လည်း အထိုက်အလျောက် ဝိုင်းဝန်းကြတယ် လို့ ကြား ပါတယ် ”


“ ဟင်း ဟင်း ဆရာမ လည်း သတင်းမှားတွေ ရ နေပြီ ထင်တယ် ။ သူတို့ ကတော့ ရပ်ကွက် ထဲ မှာ ဒီလိုပဲ ပြောနေကျ ပါ ။ တကယ် ဟုတ် မဟုတ် ဝင့် အသိဆုံးပေါ့ ။ သူတို့ ထောက်ပံ့တယ် ဆိုတာလည်း ဆင့်ပါးစပ် နှမ်းပက် ပါ ။ ကိုအောင် အလုပ် ထွက်ပြီး နိုင်ငံခြား မှာ အလုပ် သွား လုပ်တော့ ပို ဆိုး တာပေါ့ ။ ဟို က မပို့နိုင် ခင် မငတ်ရုံ တမည် နေ ကြရတာ ။ သူတို့ က ကူညီတာ ထက် စပ်စုတာ ၊ ဝင်ပါတာ ၊ ပိုင်စိုးပိုင်နင်း ပြုမူတာ ပို များတယ် ။ သူတို့ ဘက် က တိုက်ခန်း ပေါ် တက် နေရတယ် ဆိုတိုင်း ဝင့် သူတို့ ကြိုးဆွဲ ရာ မကနိုင်ပါဘူး ။ လ ကုန် ရင် သူတို့ ဆီ က လက်ဖြန့်စာ ကို မျှော် မနေနိုင်ဘူး ။ ဒါကြောင့် ဝင့် အရင်က လုပ်နေကျ ကျောက် အရောင်းအဝယ် လုပ်ငန်း လမ်းကြောင်း ပေါ် ပြန် ရောက် သွားတာပေါ့ ။ ဝင့် ငွေရှာ မှ ဖြစ်မယ်လေ ။ အိမ် ထဲ မှာ ကလေး နှစ်ယောက် နဲ့ တကုပ်ကုပ် မနေနိုင်ဘူး ။ အဲဒီ မှာ အဲဒီ မှာ ”

 

နွေဦးပေါက် လာ၍ ကျောက်ပန်းဆွဲ မှ ကျသော ကျောက်စက်ရေ တပေါက်ပေါက် ကျသံ တိုးတိမ် သွားသလို သူမ ရဲ့အသံကလေး တိုးတိမ် သွားပြီး ကြေကြေကွဲကွဲ ရှိုက်ငင်ဖို့ အားယူ လိုက် ဟန်ဖြင့် တုံ့ဆိုင်း သွားသည် ။ တကယ်တမ်း ကျတော့ သူမ ဆီ မှ ငိုသံ ထွက်ပေါ်မလာပါ ။ နာကျင် ကြေကွဲခြင်း အပေါ် အသားကျ ပျော်ဝင် နေသော ရင့်ကျက်မှု ဟန်ပန် မှာ တစ်ခဏ အတွင်း အသွင် ပြောင်း ဖြစ်ပေါ် လာ ကာ ထွက် လာသည့် အသံ က  တည်တည်ငြိမ်ငြိမ် ။


“ တကယ်ဆို မောင် ဟာ ဝင့် ရဲ့ ဆရာ ဆိုလည်း ဟုတ်ပါတယ် ။ ကျောက်လောက ထဲ ဝင့် ဝင်ခါစ က မောင့် ရဲ့ လမ်းညွှန်မှုတွေ နဲ့ ဝင် လာတာပါ ။ ဝင့် ဘက် ကတော့ အဲဒီ အချိန် က လေးစားတာပဲ ရှိတာပါ ။ ဝင့် အိမ်ထောင်ကျ သွားပြီး ဒီ လောက နဲ့ အဆက်ပြတ် သွားပြီး မှ မလုပ်မဖြစ် ပြန် လုပ်မယ် ဆိုတော့ ဆရာ က ဒီလောက မှာ ထဲထဲဝင်ဝင် အတော် ခရီး ပေါက် နေပြီပေါ့ ။ မလွဲမသွေ မောင့် ရဲ့ အကူအညီ ကို ယူရ ပြန်ရော ။ ကိုယ့် ဘ ဝကို မရောင့်ရဲ မတင်းတိမ်နိုင် တဲ့ ဝင့် နဲ့ အိမ်ထောင်ရေး ကသောင်းကနင်း ဖြစ် နေတဲ့ မောင် တို့ တစ်ကျော့ပြန် ဆုံ မိတဲ့ ဇာတ်ဝင်ခန်း ဟာ ဘယ်မှာ လှပနိုင်ပါတော့မလဲ ။ ဝင့် ကို က မိုက်တာပါလေ ။ သည်တုန်း က အိမ်ထောင်ရေး မပြေလည် တဲ့ မောင့် ကို သနားတာ ရော ဝင့် ရဲ့ လမ်းကြောင်း ဖြောင့်ဖြူးမှု ကိုပါ ထည့်တွက်ပြီး မျက်စိမှိတ် မိုက်မဲ မိတာပါ ”


အဖတ်အတွန့် များများ ပါသော အကောင်းစား ဇာစ ၏ အနားတို့ သည် မလှမ်းမကမ်းမှ ပန်ကာ လေကြောင့် တဖျပ်ဖျပ် ယမ်းခါ နေသည် ။ အရည် ကောင်းကောင်း ပတ္တမြားလော့ကက် သည် နန်းဆွဲ ရွှေဆွဲကုံး အဖျားမှာ တွဲလဲ ခို နေသည် ။ လည်တိုင် ဝင်းဝင်းကလေး နှင့် လိုက်ဖက် တင့်မောနေသည် မှာ ငေးကြည့်ချင် စဖွယ် ကောင်း လှ၏ ။


“ ဝင့် ရဲ့ အမိုက် က တစ်ယောက်တည်း တင် မဟုတ် ။ သမီးလေး နှစ်ယောက် ကို ပါ လောင်ကျွမ်း တာလေ ။ အငယ်မလေး ဆို ဘာ ရှိဦးမှာလဲ ။ နှစ်နှစ် ကျော် ရုံကလေး ။ စကား ဆိုတာ လည်း တွတ်တီးတွတ်တာ ပြောတဲ့ အရွယ် ။ အကြီးမလေး က လည်း နားလည် သိတတ်မှု နဲ့ အမေ ကို စွဲစွဲလမ်းလမ်း ချစ်ခင်တဲ့ အရွယ် ။ ဝင့် လေ ရူးသွားပြီလား တောင် ထင်ရတယ် ။ ပတ်ဝန်းကျင် က လည်း ကလေး နှစ်ယောက် ထား သွားတဲ့ အမေ ကို ဘယ် ညှာတာခဲ့ကြပါ့ မလဲ ။ ဘယ်လို အမေ လဲ ဆိုတဲ့ အကြည့် ။ ကိုယ့် အတ္တ ကို ရှေ့တန်း တင်သူ ၊ အလို ရမ္မက်တွေ သာ တညီးညီးတောက်လောင်နေ သူ စသည်ဖြင့် ပေါ့ ”


သည်လို ဆိုတော့ သူမ မျက်နှာ မှာ နောင်တတွေ နှင့် ထုံမွမ်း ထားသော ရောင်စဉ်အချို့ ဖြတ်သန်း နေသည် ထ င်ရ၏ ။ မျက်ဝန်းလဲ့လဲ့ ထဲ မှာ ပြည့်အိုင် လာသော မျက်ရည်များ က တော့ နာကျင်မှု အငွေ့အသက်တွေ လွှမ်းခြုံနေပေလိမ့်မည် ။ ကျွန်မ က တော့ စာရေးဆရာ ပီပီ သူမ ဇာတ်လမ်း ထဲ မှ မြှုပ်ကွက် တစ်ကွက် ကို သိချင်နေ မိ၏ ။


“ ဝင့် ကို အားမနာရဘူး ဆို တစ်ခု လောက် မေးလို့ ရမလား ”


“ ရှင် … မေးပါ ”


“ ဝင့် စိတ်လိုက်မာန်ပါ ဖြစ်သွားတဲ့ ကိစ္စ အပေါ် ဝင့် အမျိုးသား ကိုအောင် က ဘာ ပြောလဲ ဟင် ။ သူ့ ရဲ့ သဘောထား ကို သိချင်လို့ ပါ ။ ဝင့် မဖြေချင် လည်း ရတယ် နော် ”


မျှော်လင့် မထားသော မေးခွန်း ကြောင့် သူမ အနည်းငယ် နှုတ်ဆွံ့ သွား လေသည် ။ မျက်လုံးများလည်း အရောင် ပြောင်း သွား၏ ။


“ သူ လား ၊ ကိုအောင် က တော့ တကယ့် လူအေးပါ ။ သူ့ ရဲ့ အေးဆေးမှုက ဝင့် ရဲ့ လိုအပ်ချက်တွေ နဲ့ အလှမ်း ကွာစေတာ လည်း အကြောင်း တစ်ခု ပေါ့ ။ သူ က ဝင့် ကို တစ်ခွန်း မေးပါတယ် ။ ချစ် သွားတာ လား ၊ မှား သွားတာ လား တဲ့ ”


“ ဒီတော့ ”


“ ဝင့် က ချစ်သွားတာ လို့ ဖြေ လိုက် မိ တာ ၊ သူ ဝင့် ကို အပြီး ကို လွှတ်ပေး လိုက် တော့ တာပါပဲ ။ ဝင့် အဖြေ ပေါ် မူတည်ပြီး သူ မောင့် ကို လှမ်းပြီး အပြစ် ယူတာတွေ ၊ တရား စွဲတာတွေ မလုပ်တော့ တာ ထူးဆန်း သလို တောင် ဖြစ် မိတယ် ။ သူ အေး တော့လည်း ပြဿနာ က လွယ်လွယ် ပြီး သွားပြီ ထင် တာ မပြီးဘူး ။ ဝင့် အတွက် ဒုက္ခတရား က အဲဒီ က မှ စ တာပါ ”


ရှေ့ မှာ ချ ထားသော ကော်ဖီခွက်များ အေးစက် လာ သလို သူမ အပြုအမူတွေ က မှိုင်းတွဲ့တွဲ့ နိုင်လှ၏ ။ သူမ ဟန်ပန် က အဖြစ်အပျက် အလိုက် ပြောင်းလဲ နေသည် မှာ လည်း ထူးဆန်း သလို ထင် ရ၏ ။ ဘဝ နှင့် ခြင်တွယ် ချိန်စက် ခဲ့ ရသော ဒုက္ခတွေ ကကော ဘာတွေပါလဲ ။


“ အမိုက်မ ဝင့် ကို ကံကြမ္မာ က မျက်နှာ သာ မပေးခဲ့ပါဘူး ။ ဝင့် လေ ကိုအောင် နဲ့ ကင်းရှင်း သလောက် မောင် က တော့ သူ့ ဇနီး နဲ့ ကလေးတွေ အပေါ် မပြတ်နိုင် ခဲ့ဘူး ။ သူတို့ အဆက်အသွယ် ရှိ နေခဲ့တယ် ဆိုတာ လည်း အတော် နောက်ကျ မှ သိခဲ့ရတယ် ။ ဝင့် မှာ သာ သမီးလေးတွေ နဲ့ တကွဲတပြား ”


တိမ်ဝင် သွား သော ဆို့နင့် ကြေကွဲသံ တစ်ဝက်တစ်ပျက် ထဲ မှာ တော့ အမေ တစ်ယောက် ရဲ့ ချစ်ခြင်း သံစဉ်တွေ ယှက်နွယ် ပေါင်းစည်း နေပေ လိမ့်မည် ။ ကံကြမ္မာ ရိုက်ချက် သည် အံ့သြစဖွယ် ကြမ်းတမ်း ရိုင်းရှ လွန်း လှ ပေ၏ ။


“ အခု မန္တလေး မှာ ဈေး သက်သာတဲ့ အခန်းကလေး တစ်ခန်း ငှား နေကြတယ် ။ အိမ် တစ်ဆောင် ရဲ့ အဆင်တန်ဆာတွေ မရှိတဲ့ ၊ အိမ် နဲ့ မတူတဲ့ အခန်းကလေး တစ်ခန်း ပေါ့ ။ လုပ်ငန်း တူ နေတော့ မနက် လင်း ရင် နှစ်ယောက်သား ထွက်သွားကြ ၊ ပြန်လာ ရင် ဖြစ်သလို ချက်ပြုတ် စားသောက် လိုက်ကြ ၊ အိမ့် ဆည်းလည်းသံတွေ ဆိတ်သုဉ်း နေတဲ့ အခန်းကလေး ထဲ မှာ မောင် အရက် မူး လာရင် ပစ္စည်းတွေ ပစ်ပေါက် ခွဲခြေ တဲ့ အသံတွေ သာ စည်စည်ညံ နေတော့တာ ပေါ့ ”


“ ဟင် … ဘယ်လို ”


“ ဟုတ်တယ် ဆရာမ ရယ် ၊ မောင် ဟာ အလိုမကျမှုတွေ နဲ့ အရင် က မပြုမူ ခဲ့တဲ့ အပြုအမူတွေ ၊ အရင် က မလုပ်ခဲ့ဖူး တဲ့ လုပ်ရပ် တွေ ၊ စီးပွား ဆိုတာ က လည်း တကယ့် လက်တွေ့ မှာ ကိုယ် သုံးဖို့ ကိုယ် ရှာ ရ တာပါပဲ ။ အခု ဝင့် ဝတ်ထား တာတွေ ကြည့်ပြီး အထင် မကြီးပါနဲ့ ။ အကြမ်းထည် အတိုင်း အလုပ် မဖြစ်တဲ့ ဟာ တွေ ပစ္စည်း ဖြစ်အောင် ခတ်ပြီး ရောင်းတမ်း လုပ် ထား တာပါ ။ ဝင့် ရှာ နိုင်သလောက် သမီးတို့ ကို ထောက်ပါတယ် ။ အခု လည်း သမီး တို့ နဲ့ အဆင် ပြေမယ် ထင်  ရတဲ့ ဆရာမ ကို အကူအညီ တစ်ခု တောင်း မလို့ ”


ကျွန်မ သည် ရုတ်ခြည်း မှာ ပင် အဘွားကြီး ၏ ကြားလူ ဆိုသော စကား ကို အမှတ်ရ သွားတော့၏ ။ ကျွန်မ နေရင်း ထိုင်ရင်း ကြားလူ ဖြစ်သွား ပြီ လား ။ တစ်ခါတစ်ရံ ကြားလူ ၏ ပေါင်းကူးဆက်စပ် ပေးမှုသည် တစ်စုံတစ်ရာ သော အတိုင်းအတာ အထိ အကျိုး သက်ရောက်မှု ရှိကြောင်း ကို တော့ ကျွန်မ တို့ ပစ်ပယ် မေ့ပျောက် ထား ဖို့ မသင့်ဟု ယူဆ ပါသည် ။


သည် တစ်ခါ လှေကားထစ်များ ကို တက် ရသည် မှာ အလျင်စလို နိုင်လှ၏ ။ ယခင် လို အဘိုး ၊ အဘွားများ နေထိုင်ရာ သို့ မဝင်ဘဲ အဖေ နှင့် ကလေးများ နေထိုင်ရာ အထပ် ဆီ သို့ ခပ်သွက်သွက် တက်လာ မိသည် ။ ဧည့်ခန်း ထဲ တွင် ကလေး အဖေ အပြင် လူစိမ်း အဘိုးကြီး နှင့် အဘွားကြီး နှစ်ယောက် ကို တွေ့ရသည် ။ ကလေး အဖေ က ကျွန်မ ကို မြင်တော့ မှတ်မိသွား သလို ပြုံးပြ နေရာပေးသည် ။


“ အငယ်လေး သက်သာရဲ့လား ”


“ သက်သာ ပါတယ် ။ ဒီနေ့ အစာ စ,စားတယ် ။ ဆီချက် ခေါက်ဆွဲ စားချင်တယ် ဆိုလို့ သူ့ မမ ကို သွား ဝယ်ခိုင်းပြီး ကျွေးနေ တာပါ ။ အဲဒါ သမီး တို့ ရဲ့ ဟိုဘက် အဘိုး ၊ အဘွား ပါ ”


ကလေး အဖေ က ရှင်းပြတော့ ကျွန်မ နည်းနည်း အနေကျုံ့ သွားသည် ။ ဘာမှ မဆိုင်သော ကြားလူ တစ်ယောက် အနေ ဖြင့် အတော် အနေရ ခက်သည့် အနေအထား ။


“ ဆရာမ ရယ် အားကိုးပါတယ် ။ မီးကြီး က ဖုန်းဆက် လို့ ။ မီးငယ်လေး တစ်ယောက် သွေးလွန်တုပ်ကွေး ဖြစ်လို့ တဲ့ ။ ပထမ အဆင့် လို့ ပြောတာ ပဲ ။ ငယ်ငယ် က လည်း တစ်ခါ ဖြစ်ဖူးတော့ ဝင့် လေ အရမ်း စိုးရိမ်တာပဲ ။ ဒီ မုန့်ထုပ်တွေ မီးလေး ဆီ အရောက် ပို့ ပေးပါနော် ။ ရောဂါ အခြေအနေ လည်း သေသေချာချာ စုံစမ်း ခဲ့ ပေးပါ ။ ဝင့် ရင် ထဲ မှာ ပူ လိုက်တာ မပြောပါနဲ့တော့ ”


မန္တလေး နှင့် တောင်ပေါ်မြို့ကလေး ဆီ လွန်းပျံ ချီနေသော ဝင့် ၏ သောက အပူတံကျင် သည် ကျွန်မ ထံ သို့ပင် ကူးလူး စက် ဝင် လေ၏ ။ ကူညီရ မှာပေါ့ ။ ကူညီတယ် ဆိုတာ ငွေကုန်ကြေးကျ များတဲ့ အလုပ် မှ မဟုတ်တာ ။


“ မီးလေး က အကြီး နဲ့ မတူဘူး ဆရာမ ရဲ့ ၊ သိပ် ချက်ချာတာ ။ ဟိုဘက် အဘွား က အမေ မကောင်းကြောင်း ပြောတာ ပေါ့လေ ။ ဝင့် က လည်း တကယ် မကောင်းခဲ့တာ ကိုး ။ နင့် အမေ က မကောင်းတဲ့ မိန်းမ လို့ ပြောတာ ကို ပြန် ပြော သတဲ့ ။ မေမေ က မကောင်းတဲ့ မိန်းမ မဟုတ်ဘူး ။ မေမေ က မင်းသမီး ၊ ချော မှ ချော ၊ လှ မှ လှ ၊ မေမေလှလှ လို့ ပြန် ပြော သတဲ့ ။ သမီးတွေ ဟာ ဝင့် ရဲ့ ချောမော လှပမှု အပေါ် အထင်တကြီး ရှိ ရှာတယ် ။ တကယ်ကို အနီးကပ် ပြုစု လုပ်ကိုင်ပေး နေတဲ့ ဘွားအေ ရဲ့ ခံစားမှုတွေ ကို တော့ ကလေးတွေ ဘယ်မှာ သဘောပေါက် နိုင်ပါ့မလဲ ။ ကလေး ဆိုတာ ကလေးတွေး ပဲ တွေး မှာလေ ။ အငယ်လေး ရဲ့ မဟုတ်မခံ ဗီဇ က တော့ ဝင့် အတိုင်း ပါပဲ ။ နောက်တော့ လည်း အငယ်လေး က ဒီ အိမ် မှာ ဘယ်သူ အခရာလဲ ဆိုတာ အကဲခတ်ပြီး အဘွား ကြည်အောင် ၊ စေတနာ ရှိအောင် တော့ နေရှာ ပါတယ် ။ သူ ဘယ်လို နေရင် အနေ ချောင်မယ် ဆိုတာ အရွယ် နဲ့ မမျှ သိပုံပါပဲ ”


ဝင့် မှာ ကလေးတွေ အကြောင်း ပြော နေ ရ လျှင် အတော်ပင် စိတ်ပါ လက်ပါ ရှိလေသည် ။ အခု အငယ်လေး နေ မကောင်းဘူး ဆိုတော့ အမေ့ ရင် မှာ အပူမီး တောက် ပြီပေါ့ ။


ကြည့်ပါဦး ၊ အကြီးမလေး ပြင် ပေးသော ဆီချက် ခေါက်ဆွဲ ကို အငယ်လေး က အားရပါးရ စားနေသည့် မြင်ကွင်း ။ အတူ မနေ အဘိုး နှင့် အဘွား က ကလေးဆီ တကူးတက လာရောက် ကြည့်ရှု နေရသည့် အနေအထား ။ အမေ တစ်ယောက် ၏ ရင်ငွေ့ လစ်ဟာ နေသော ဇာတ်ဝင်ခန်း သည် ဘယ်မှာ လှပနိုင်ပါ မည်နည်း ။ သည်အချိန် ကလေး တစ်ယောက် အတွက် အလိုအပ်ဆုံး အရာ က နွေးထွေးသော အမေ့ ရင်ခွင် ။


ကျွန်မ လူကြီး နှစ်ယောက် ကို ရှောင်ကွင်း ကာ ကလေးတွေ နား ကပ် လိုက်သည် ။ ပြီးမှ လေသံ ကို နှိမ့်လျက် -


“ မီးလေး ဒီမှာ မီးလေး မေမေ မုန့်တွေ ပေး လိုက်တယ် ။ စားနော် ၊ မမ ကို လည်း ကျွေး ၊ မေမေ က ဆေးမှန်မှန် သောက် တဲ့ ၊ နေ ကောင်းအောင် နေနော် ”


ဉာဏ်ရည် ထက်မြက် ချက်ချာခြင်း ပြယုဂ် စူးတောက်တောက် မျက်ဝန်း တစ်စုံ ၏ စူးစမ်းကြည့် ။ စား နေသည့် ဆီချက်ခေါက်ဆွဲ ကို ဆက် မစားနိုင်ဘဲ ‘ မေမေ ’ အသံ ကြား သဖြင့် အံအားတသင့် ရပ်တန့် သွားသော ပလုတ်ပလောင်း စားဟန်ကလေး ။ ကျန်းမာရေး အနေအထား ကောင်း နေသည့် နာလန်ထ အခြေအနေ ။


ကျွန်မ အဝေးရောက် မိခင် ကိုယ်စား ရင် ထဲ မှာ သက်သောင့်သက်သာ ဖြစ် သွားသည် ။ ကိစ္စထူး မရှိလျှင် အမြန် ပြန်ရန် အသင့်တော်ဆုံး မို့ အကြီးမလေး နား ကပ် ကာ နှုတ်ဆက် ဖြစ်သည် ။


“ သမီးကြီး ၊ ညီမလေး အခြေအနေ မေမေ့ ဆီ ဖုန်း ဆက်လိုက်ဦး နော် ”


နောက် တစ်ရက် တွေ့နေ ကျ ယူကလစ်နံ့ သင်း နေသော ကော်ဖီဆိုင်ကလေး မှာ ကလေး ရဲ့ ကျန်းမာရေး ကိစ္စ ပြော ဖြစ်တော့ ညှိုး နေသည့် ဝင့် မျက်နှာကလေး လန်း သွားတော့၏ ။


“ တော်ပါသေးရဲ့ ဆရာမ ရယ် ၊ မီးလေး ဘာမှ မဖြစ်လို့ ၊ တစ်ခုခု ဖြစ်လို့ ကတော့ တရားခံ က ဝင့်ပဲ ဖြစ်ဦးမှာ ။ အမေ မရှိလို့ ၊ အမေ မကောင်း လို့ ဆိုတဲ့ စွဲချက်တွေ အထပ်ထပ် အတင် ခံရဦးမှာ ။ ဝင့် အပြစ် နဲ့ ဝင့် ဆိုတော့ ခံရမှာ ပါပဲ ။ ဒီ အချိန် မှာ ဝင့် ရဲ့ အပြင်းပြဆုံး ဆန္ဒ ကို ပြော ရရင် မီးလေး ကို တွေ့ချင် ၊ ပြုစုချင် တဲ့ ဆန္ဒ ပါပဲ ”


တစ်ချိန် က အလေးအနက် စဉ်းစားသင့် ပါလျက် မစဉ်းစား ဖြစ်ခဲ့ သော အမေ နဲ့ ကလေးတွေ ရဲ့ ဆက်သွယ်မှု နှောင်ကြိုး အထူအပါး ကိစ္စ သည် ယခုတော့ တွန်းတွန်းတိုက်တိုက် ပင် ရှေ့တန်း သို့ ရောက်ခဲ့ပြီ ဖြစ်ဟန် တူသည် ။ အဖေ ၊ အမေ အိမ်ထောင်ရေး နှင့် ကလေးတွေ လူလား မြောက် ရှင်သန်ခြင်း အကန့် များစွာ တွင် ကျွန်မ မသိ ၊ မမီ နိုင်သော အနေအထားပေါင်း များစွာ ပါဝင်နေပေ လိမ့်မည် ။


“ ကလေးတွေ နဲ့ ပတ်သက်ပြီး ဝင့် တစ်ခုခု များ ပြန် စဉ်းစားပါဦးလား ”


“ ဟင် ဆရာမ ။ ဘာကို ပြောတာလဲ ဟင် ”


“ ကလေးတွေ မှာ အမေ့ ရင်ခွင် လိုအပ်တယ် ကွယ် ။ မကျန်းမာတဲ့ အခါ အနွေးထွေး အလုံခြုံဆုံးဟာ အမေ့ ရင်ခွင် မဟုတ်လား ”


ကျွန်မ စကား က အရှိုက် ကို ထိ သွားဟန် တူသည် ။ ဝင့် မျက်နှာ ညှိုးလျ သွား လေသည် ။


“ ဒီ ကိစ္စ ကို ဝင့် လည်း အကြိမ်ကြိမ် စဉ်းစား ပါတယ် ။ ဒီလို အနေအထား ကို ဝင့် မပျော်ပိုက်တာ အမှန်ပါ ။ ဝင့် လေ မောင် နဲ့ နေရင် ပျော်မယ် ၊ ကြီးပွား တိုးတက်မယ် ဆိုတဲ့ စိတ်ကူးယဉ်မှု က လည်း လက်တွေ့ မှာ တစ်ထပ်တည်း မကျလှဘူး ။ ဒါပေမဲ့ ဝင့် ဘက် က ပြင်ဆင်ခွင့် မရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် တော့ … ”


စကား မဆက်ဘဲ သူမ အကြာကြီး ငိုင် နေ လေသည် ။ ပြောသင့် ၊ မပြောသင့် ချိန်ဆ နေဟန် တူ၏ ။


“ ဝင့် ကလေးတွေ နဲ့ ပြန် နေ ချင်တယ် ။ ပြန် နေဖို့ အစီအစဉ် လည်း ရှိပါတယ် ။ ဒီ အနေအထား အတိုင်း ဆိုရင် ကလေး နှစ်ယောက် ကို ဝင့် ကောင်းကောင်း ပျိုးထောင် နိုင်ပါပြီ ။ ခက်တာ က ဝင့်မိဘ တွေ ရော ၊ ကိုအောင့် မိဘတွေ က ပါ ကလေးတွေ ကို ပေး မှာ မဟုတ်ဘူး ။ ဝင့် ဟာ အမေ ဆိုတဲ့ ဂုဏ်အင် နဲ့ မညီ တဲ့ အမေ ဆိုပြီးတော့ ပေါ့ ။ သမီးလေးတွေ ကို ပထွေး နဲ့ မနေစေချင်တဲ့ သဘောထား လည်း ပါ မှာ ပေါ့ ။ ဝင့် ကတော့ လေ သမီးလေး တွေ ပေးမယ် ဆို လက်ရှိ အနေအထား နဲ့ လဲ ရဲ ပါတယ် ”


အလို ဘုရား ရေ ။ ဒီ စကား ဝင့် ပြောလိုက်တာ မှ ဟုတ်ရဲ့လား ။ စမ်းကျရေ ကြောင့် ရမ္မက်ဇော လောင်မီး ဟာ ဖြိုးဖြိုးဖျစ်ဖျစ် ငြိမ်းသေ သွား ပြီလား ။ ဝင့် ရဲ့ သဘောထားတွေအ တွက် ကျွန်မ ဝမ်းသာ ရ မလား ၊ ဝမ်းနည်း ရ မလား ၊ အားပေး ထောက်ခံ ရ မလား ၊ လက်ခုပ်သြဘာ ပေး ရမလား ။


“ ဟုတ်မှလည်း လုပ်ပါ ဝင့် ရယ် ၊ အိမ်ထောင်ရေး ဆိုတာ အခု စာကလေးကြော် ၊ အခု ဆီထမင်း … ”


ကျွန်မ ရှေ့ မဆက်ရက်ဘဲ စကား ကို တစ်ဝက်တစ်ပျက် မှာ ရပ်တန့် ထား လိုက်တော့ ဝင့် က နာနာကျင်ကျင် ရယ်သည် ။


“ ဟင်း ဟင်း ဆရာမ လည်း ဝင့် ကို အတော် အထင်သေး တာပဲ နော် ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး ။ ဝင့် စွန့်စားမှာ ပါ ။ ကလေးတွေ အတွက် အခု အချိန်မှာ ဘာမဆို ပေးဆပ်ဖို့ အဆင်သင့် ပါပဲ ။ အဲဒီ အနေအထား မှာ ဝင့် ကိုအောင့် ဆီ ပြန် မသွားဘူး ဆိုတာ တော့ ဆရာမ ယုံကြည်လိုက်စမ်းပါ ”


ကျားရဲမလေး တစ်ကောင် လို အမေ့ ချစ်ခြင်းတွေ ရဲရဲနီ နေသည့် မိန်းကလေး ကို ကျွန်မ စေ့စေ့ကြည့် ကာ ခေါင်း ကို ခပ်လေးလေး ယမ်းခါ လိုက်မိသည် ။ အိမ်ထောင်ရေး ကို ကျားကွက် ရွှေ့ သလို ရွှေ့လို့ မရဘူး ဆိုတာ ဝင့် တစ်ယောက် မသိလေရော့ သလား ။


လှေကားထစ်များ ကို ကျွန်မ တက်ရပြန် ပါပြီ ။ လေးလံ ပိကျ သော စိတ် အစဉ် သည် ယခင် လို ပဲ ဖြစ်ပေါ်လာမြဲ ။ ကျွန်မ သည် လှေကားတွေ ကို လွတ်လပ်ပေါ့ပါးစွာ ပြေးတက်ချင်စမ်း ပါဘိ ။ ထို အခွင့်အခါ အနေအထား မျိုး ဘယ်သောအခါ မှ ရရှိမှာ ပါလိမ့် ။ ယခင် အခါလို ပင် အဘိုး ၊ အဘွား အခန်း ကို ကျော်လွန် ၍ ကလေးတွေ ရှိမည့် အခန်း သို့ တက်လာ မိ၏ ။ ယခင် အခေါက်က လို ဧည့်ခန်း မှာ မည်သူမျှ ရှိ မနေပါ ။ ကာလ က လည်း အတန်ငယ် ခြားသွားပြီ ကိုး ။ နံနက် ၈ နာရီခွဲလု ပြီ မို့ ကလေးတွေ အိပ်ရာ မထသေး တာ တော့ ဟုတ်ဟန် မတူပါ ။


“ အိမ်ရှ င်တို့ ၊ အိမ်ရှင် တို့ ”


မီးဖိုချောင် မှာ မိန်းမ တစ်ယောက် ဖျတ်ခနဲ ရေချိုးခန်း ထဲ ဝင် သွားသည် ။ ကလေးတွေ ရဲ့ အစ်မ ဝမ်းကွဲတွေ ထဲ က တစ်ယောက် ယောက် များ လား ။ ကျွန်မ ခေါ်သံ ကို ကြားဟန် မတူ ။ လူထွက် လာသည့် အချိန် အထိ ထိုင်စောင့် နေရအောင် က လည်း ဧည့်ခန်း အနေအထား က အတော်ပင် ရှုပ်ထွေး ပွရောင်း နေသည် ။ ကု,လားထိုင် ပေါ်မှာ အင်္ကျီဟောင်းပုံတွေ တိုးလိုးတွဲလောင်း တင် ထားသည် ။ ဟောင်းမြင်း နေသော စာအုပ်ပုံကြီးတွေ က ဟိုတစ်ပုံ ၊ သည်တစ်ပုံ ။ အရာဝတ္ထု ပစ္စည်းတို့ အပေါ် ဖုန် တို့ သည် အလိမ်းလိမ်း တက် ကာ အိမ်ရှင်မ ၊ ( သို့မဟုတ် ) အိမ် ကို ထိန်းသိမ်းမည့် သူ မရှိသော သရုပ်သကန် က အထင်ကရ ပေါ်လွင် နေသည် ။


“ အိမ်ရှင်တို့ ဘယ်သူမှ မရှိကြဘူးလား ”


ကျွန်မ ဒုတိယအကြိမ် အသံ ပြု လိုက်ပြန်သည် ။ အခန်း သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက် -


“ မီးကြီး က ဖုန်း ထဲ မှာ ငွေသုံးထောင် လှမ်း တောင်းတယ် ဆရာမ ရယ် ။ သူငယ်ချင်း ကို လက်ဆောင် ဝယ်ပေးချင်လို့ တဲ့ ။ သမီးကြီး လက် ထဲ မှာ ငွေ မပြတ်အောင် အမြဲတမ်း ပေးနေတာ ။ အခု ဘယ်လို ဖြစ်တယ် မသိဘူး ။ နောက်ပြီး ဒီ အရွယ် က သူငယ်ချင်း ကို ဒီလောက် တန်ဖိုး ရှိတဲ့ ပစ္စည်း ဝယ် ပေးမှာတဲ့ လား ။ ဘဝင် မကျပါဘူး ။ ဒါပေမဲ့လည်း မီးကြီး လက် ထဲ မှာ ငွေ မရှိဘူး ဆိုတာ မဖြစ်သင့်လို့ ဒီ ပိုက်ဆံလေး လက်ထဲ အရောက် ပို့ပေးပါဦး နော် ။ ပြီးရင် ကလေး ကို ဆုံးမ ပေးပါဦး ။ ဝင့် လေ ဖုန်း ထဲ မှာ မီးကြီး ကို တော်တော် ဆူလိုက် မိတယ် ။ ငွေ ကို ချွေတာ ဖို့ ။ သူဌေးသုံး မသုံးဖို့ အကြောင်းတွေ ပေါ့ ။ ပြောပြီး မှ စိတ်မကောင်း ဖြစ်ရပြန်တယ် ”


မနေ့ က တွေ့နေ ကျ ယူကလစ်နံ့ သင်းသော ကော်ဖီဆိုင်ကလေး မှာ ဝင့် ရဲ့ အပူ က ကျွန်မ ထံ ကူးစက် လာ ပြန်သည် ။ အပျိုပေါက်ကလေး ဖြစ် လာမည့် သမီး အတွက် ပူပန်ရမည့် အကြောင်းတရားတွေ အစပျိုး လာမှု အပေါ် ဝင့် ကြံ့ကြံ့ခံ ထားဖို့တော့ လိုမည် ပင် ။ အမေ တစ်ယောက် အနီးကပ် ကြီးကြပ်မှု လိုသော အစိတ်အပိုင်း မှာ အဝေး က အားမလို အားမရမှုတွေ နှင့် စိတ်အလိုမကျ ဖြစ်နေမည် မှာ အသေအချာပင် ။ ဝင့် ကို ကျွန်မ အတတ်နိုင်ဆုံး အကူအညီ ပေးရပါဦးမည် ။


“ ဆရာမ ရယ် ၊ ဝင့် မေ့လျော့ နေတဲ့ အရာ တစ်ခု ။ အခုမှ သတိ ရ တယ် ။ မနက်ဖြန် ဗာလင်တိုင်းဒေး လေ ။ ဘယ်သူ က တီထွင် လိုက်တာလဲ တော့ မသိဘူး ။ ဒီ အရွယ်ကလေးတွေ ဟာ ဒီနေ့ ကို အတော် အာရုံ ရောက်နေကြတယ် ။ မီးကြီး ဟာ ဗာလင်တိုင်းဒေး မှာ လက်ဆောင် ပေးစရာ ချစ်သူများ ရှိ နေပြီ လား ။ ဝင့် ရင်တွေ ပူလိုက်တာ ဆရာမ ရယ် ။ တစ်ဖက် က လည်း ကလေး လို တဲ့ ငွေ ကို ပေးချင်တယ် ”


ပူရမယ် လေ ပူရမယ် ။ နောက်ပိုင်း တော့ ဝင့် အပူတွေချည်း ပေါ့ ဟု ကျွန်မ အပြစ် ဖို့ မနေချင်တော့ ပါ ။ ဝင့် ကို ညှာတာမှုများ နှင့် ကရုဏာ သက်ရုံ မှ တစ်ပါး လုပ်စရာ မကျန်တော့သည့် အတူ သူမ ပေးသည့်ငွေ ကို ယူကာ ကျွန်မ ထွက်လာမိ တော့သည် ။ ရောက်ပြန်တော့ လည်း အိမ် မှာ ကလေးတွေ ကို မမြင်ရ ၊ ခေါ်မကြား အော်မကြား ဘယ်လို လုပ်ရပါ့ ။


ကျွန်မ ဧည့်ခန်း မှာ ခပ်ငိုင်ငိုင် ရပ် နေကာ ပြန်သွားရင် ကောင်းမလား ။ နောက် တစ်ခေါက် ဆိုရင် ကော ၊ ဒါဆို ကလေး လက် ထဲ ပိုက်ဆံ ရောက် နောက်ကျ နေဦးမည် ။ ဘယ်လို လုပ်ရင် ကောင်းမလဲ ။ ဟင် အတွေး မှ မဆုံးသေး ၊ ဘေးဝရန်တာ မှ ကစားစရာအရုပ်တွေ တစ်ပွေ့တစ်ပိုက် နှင့် ထွက် လာတာ အငယ်မလေး ပါ လား ။ ပထမ တော့ သူ့ စရိုက်အတိုင်း ကျွန်မ ကို မယုံသလို စူးခနဲ တစ်ချက် ကြည့်၍ မှတ်မိသွားဟန် ဖြင့် ခေါင်းညိတ် လိုက်ကာ အိမ် ထဲ ပြေးဝင် သွား၏ ။


“ မမ ရေ ”


မကြာခင် ရေချိုးခန်း ထဲ မှ ထမီရင်ရှား နှင့် မိန်းမ တစ်ယောက် ။ ဘုရားရေ ဒါဟာ သမီးကြီး ပါလား ။ မိန်းမကြီး တစ်ယောက် လို ချက်ချင်း အရွယ် ရောက် လာသော သမီးကြီး ကို ကျွန်မ ငေးကြည့် နေမိတာ အတန် ကြာသည် ။


“ သမီး မေမေ ငွေပေး ခိုင်း လိုက်လို့ ။ သူငယ်ချင်း အတွက် လက်ဆောင် ဝယ်ပေးချင်လို့ ဆို ။ မေမေ က မှာလိုက် သေးတယ် ။ ငွေ ကို အရမ်း မဖြုန်းဖို့ ။ သုံးတော့ သုံးပေါ့ သမီးရယ် ၊ ငွေ ဆိုတာ လိုအပ်ရင် သုံးတဲ့ အရာ ပဲ ဟာ ။ မလိုအပ်ဘဲ သုံးရင် အဖြုန်း ဖြစ်သွား တတ်တယ် ။ အန်တီ ပြောတာ သမီး နားလည် တယ် နော် ”


“ နားလည်ပါတယ် အန်တီ ။ မေမေ့ ကို ပြောပေးပါ နော် ။ စိတ်မဆိုးပါနဲ့ လို့ ။ သမီးလေး နောက်ဆိုရင် မေမေ မကြိုက်တာ မလုပ်တော့ပါဘူး ။ သမီး ကို မေမေ စိတ်ဆိုး နေမှာ စိုးပါတယ် ။ သမီး က တောင်းပန်ပါတယ် လို့ အန်တီ ပြောပေးပါ နော် ”


မျက်ခုံးထင်းထင်း အောက် က မျက်လုံးရွဲကြီးများ မှာ တော့ တောင်းပန်တိုးလျှိုးမှု ငွေ့ရည်တွေ ဖွဲ့လျက် အသံ က လည်း လွမ်းခိုက် တုန်ယင် နေသည် ။


“ အို မဟုတ်တာ သမီး ရယ် ။ မေမေ က ဘာလို့ စိတ်ဆိုးရ မှာလဲ ။ ဖုန်း ထဲ မှာ စိတ်ဆိုး လို့ ပြောတာ မဟုတ်ပါဘူး ။ သမီးတို့ ကို လိမ္မာ စေချင် လို့ ပါ ။ သမီး တို့ လိမ္မာတယ် ဆို မေမေ စိတ်ချမ်းသာနေမှာ မဟုတ်လား ”


သမီးကြီး ကို အားပေး နေသော ကျွန်မ အသံ ပင် လျှင် မူမှန် မဟုတ် ။ လည်ချောင်း ထဲ လွမ်းမော ဆွတ်ကျင်ခြင်း ဝေဒနာ တို့ တရိပ်ရိပ် တက် လာကာ စကား ဆက် မရတော့ ။ ပြန် မှ ဖြစ် တော့မည် ။ ကလေးတွေ ရှေ့ သည်ထက် အခြေ ပျက် လို့ မဖြစ် ။ ကျွန်မ လှေကား ဘက် ဆီ လျှောက်တော့မည် ဆိုတော့ အငယ်လေး ၏ စူးတောက်တောက် မျက်ဝန်း အစုံ နှင့် ရင်ဆိုင်ရ ပြန်သည် ။ ကျွန်မ အငယ်လေး ရှေ့ ဒူးထောက် ထိုင်ချ ကာ -


“ ကဲ မီးငယ်လေး က ကော မေမေ့ ဆီ ဘာ မှာမလဲ ပြောလေ ”


ကလေး က သူ့ ထုံးစံ အတိုင်း နှုတ်ခမ်းကလေးတွေ ကို လှုပ်ကာ အားယူ လိုက်သည် ။


“ မေမေ့ ကို … မေမေ့ ကို ”


“ ပြောလေ သမီး ရဲ့ မေမေ့ ကို ဘာဖြစ်လဲ ”


“ မေမေ့ ကို သတိရတယ် ။ မီးငယ်လေး က လည်း မေမေ့ ကို ချစ်တယ် လို့ ပြောပေးပါ ”


“ အို ကလေး ရယ် ”


ကျွန်မ မီးငယ်လေး ကို ခပ်တင်းတင်း ပွေ့လိုက် မိသည် ။ အမေ့ ရင်ခွင် ဝေးနေသော ကလေး က ကျွန်မ ရင် ထဲ ခပ်ကြမ်းကြမ်း တိုးဝင် လာသည် ။ ကျွန်မ မျက်ရည်စက် အချို့ ကလေး ရဲ့ ဂါဝန်ဖြူဖြူလွလွ ပေါ် ဆင်းခုန် ချ သွားလေ သလား ။ ကျွန်မ မျက်ရည်တွေ ကို ကလေး တို့ မမြင်သင့်ပါ ။ ကလေး တို့ မမြင်သင့် သလို အခြား မည်သူ တစ်ဦး တစ်ယောက် မှ လည်း မြင်ရန် မသင့်ပါ ။


ထိုနေ့ က လှေကား မှ ဆင်း နေသော ကျွန်မ ခြေလှမ်းများ ချည့်နဲ့ လေးပင် နေမှာ အသေအချာ ပင် ။ ရင်နှစ်နှလုံး ကို လက်ကြမ်းကြမ်း တစ်စုံ ဖြင့် ဆုပ်ညှစ်ဖျစ်ခြေ ထားသော ခံစားမှုတွေ တစ်ကျော့ပြန် တိုးဝင် လာသည့် အခိုက် ညှိုးလျနွမ်းမောခြင်း ဝေဒနာ တို့ တရစ်ရစ် ဆင့်ကဲ လာ တော့၏ ။ ကျွန်မ လည်း မိန်းမသား ပေပဲ မို့ ထုံကူး လာသော အပူတံကျင် ကို ဘယ်လို ရေစင် နဲ့ ပက်ဖျန်းရပါ့မလဲ ။ ကျွန်မ ယုံကြည်ရာ မှာ တောင်းခံခွင့် ရှိမယ် ဆိုရင်တော့ ကျွန်မ ရဲ့ တောင်းဆိုမှု ကို ဟောဒီလို ကမ္ပည်းအက္ခရာ တင်ချင်စမ်းပါ ဘိ ။


•  နှင်းရည်သောက် ပွင့်ဖတ်များရဲ့ နုဆတ်ဆတ် ၊

သန့်စင်စင် မွှေးမြခြင်းကို ငါ နမ်းရှိုက်ခွင့်ကြုံပါစေ ။


•  နို့ချိုတောင်းသံ ကျည်လောင်လောင်က ငါ့ နှလုံးသားနံရံကို

အင်နဲ့ အားနဲ့ ဖောက်ခွဲတယ် ။


•  စမ်းကျရေ ခိုးခိုးခစ်ခစ် ရယ်သံဟာ

ဆည်းလည်းတစ်ထောင် လေညင်းဆောင်သလို

ညိုးညိုးညံညံ ချိုမြည် ညှင်းသွဲ့တယ် ။


•  ချိုအီအီ မလိပန်း ရနံ့ညံ့သက်ခြင်းတွေ 

ထုံမွမ်းထားတဲ့ ဖဝါးလက်နှစ်လုံး

ငါ့ဘဝတစ်ခုလုံးကို သိမ်းကျုံးနှောင်ဖွဲ့တယ် ။


•  နီထွေးထွေး နှုတ်ခမ်းနှစ်လွှာကြားမှ

‘ အမေ ’ ခေါ်သံ တိမ်ယံကို ထွင်းဖောက်

ငါ့ရင်တံခါးကို အခါခါ လာခေါက်လေရဲ့ ။


•  အို … ဘုရားသခင်

ကိုယ်တော်၏ အလိုတော်၌

ငြိမ်းချမ်း ငြိမ်သက်ခြင်း ငွေ့ရည်တွေ ဖျန်းပက်ပေးပါ ။


•  အမှောင်တိုက်ရဲ့ စေ့ဆော်ခြင်းလမ်းကြောင်းပေါ်မှာ

အလင်းတစ်စ မျှဝေပေးပါ ။


•  စစ်ကြောမှု ကန္တာရတိုင်း၌

နှစ်သိမ့်သက်သာစေသော အိုအေစစ်မှာ

စိမ်းလန်းခွင့်ပေးပါတော့ ။


◾မိချမ်းဝေ


📖 ရွှေအမြုတေ မဂ္ဂဇင်း  

      မေ ၊ ၂၀၀၉ ။


#ကိုအောင်နိုင်ဦး


.

Saturday, July 1, 2023

စိတ်ထားကောင်းသူ


 

❝ စိတ်ထားကောင်းသူ ❞

ဟိုရှေးရှေးတုန်းက မြို့ကလေး တစ်မြို့ မှာ ဖိနပ်ချုပ် စားတဲ့ လင်မယား နှစ်ယောက် ရှိကြ သတဲ့ ။ အဲဒီ လင်မယား နှစ်ယောက် ဟာ ဟို ရှေးဘဝ က ကုသိုလ်ကံ အကျိုးပေး မကောင်းလို့ ဆင်းရဲကြ ပေမယ့် စိတ်သဘောထား အလွန် ဖြူစင်ပြီး သူ တစ်ပါး အပေါ် မှာ အတော်ပဲ စေတနာ ကောင်းတယ် ကွဲ့ ။ ဘယ့်လောက်များ စေတနာ စိတ်ထား ကောင်းသလဲ ဆိုရင် သူတို့ မိတ်ဆွေ ထဲ က ဖျားနာ နေလို့ ဝင်ငွေ မရှိရင် ဒုက္ခ ရောက် နေသူ ပေါ်လာတဲ့ အခါ သူတို့ ကိုယ်တိုင် အငတ်ခံပြီး သွားရောက် ကျွေးမွေး ပြုစု လေ့ ရှိကြတယ် ။ ဖိနပ်ချုပ်သည် လင်မယား ဟာ အဲဒီလိုနည်း နဲ့ နေလာခဲ့ကြတာ နှစ်ပေါင်း အတော် ကြာ သွား သတဲ့ ။

တစ်နေ့ကျတော့ အဲဒီ ဖိနပ်ချုပ်သည် လင်မယား ဟာ အတော်ပဲ စိတ်ညစ် ရအောင် ဒုက္ခ တွေ့ကြ သတဲ့ ။ ဘယ်လို ဒုက္ခမျိုးလည်း ဆိုတော့ သူတို့ နေတဲ့ မြို့ကလေး မှာ အထည်ဈေး ၊ ပိတ်ဈေး တွေ အလွန် တက်ပြီး ဖိနပ် ချုပ် ရာ မှာ သုံး တဲ့ ကတ္တီပါ ပိတ်စ ကို တောင် ဝယ် မရအောင် အခက်အခဲ တွေ့သွားကြ သတဲ့ ။

ဒါနဲ့ တစ်ည မှာ ဖိနပ်ချုပ်သည် ယောက်ျား က သူ့ မိန်းမကို “ ရှင်မရေ ... တို့တော့ ဒုက္ခ နဲ့ အကြီးအကျယ် ရင်ဆိုင် တွေ့တော့ မှာ ပဲ ကွယ် ။ ဖိနပ် ချုပ်တဲ့ ပိတ် ဈေးတွေ က လည်း သိပ်တက်နေ ။ ငါတို့ ဆီ မှာ လည်း ဖိနပ် နှစ်ရံစာ လောက် သာ ပိတ်စ ကျန်တော့ လို့ နောက်ထပ်ပြီး ပိတ်စ အသစ် မဝယ်နိုင် ။ ဒီ ပိတ်စ ကုန် သွားရင်တော့ ဒို့ အလုပ် ကို လည်း ပိတ်လိုက်ရတော့ မှာ မို့ ငါတို့ နှစ်ယောက် တော့ ရှေ့ ကို ဘယ်လို များ နေထိုင် သွားရမယ် မသိပါဘူးကွယ် ...” လို့ ပြောပြီး ညည်းညူ နေ သတဲ့ ။ ဒါပေမယ့် သူ့ မိန်းမ က “ မောင်ကြီးရယ် ... ဒါလောက်တောင် ရှေ့ရေး ကို တွေး ပူပြီး ညည်းညူ မနေစမ်းပါနဲ့ကွယ် ။ ရှင်တို့ ၊ ကျုပ်တို့ ဟာ သူတစ်ပါး အပေါ် မှာ အမြဲတမ်း စိတ်သဘောထား ဖြူဖြူစင်စင်ထားပြီး အကူအညီ ပေးခဲ့ကြတာမို့ တစ်နေ့ ကျ ရင် ကျုပ်တို့ နှစ်ယောက် ကို လည်း ကူညီတဲ့သူတွေ ပေါ်ပေါက်ဦးမှာပေါ့ ” လို့ အားပေး စကား ပြောပြီး ညဉ့်နက် တာ နဲ့ အိပ်ရာ ဝင်သွားကြသတဲ့ ။

အဲဒီ ဆင်းရဲသား ဖိနပ်ချုပ် လင်မယား နှစ်ယောက် နေတဲ့ မြို့ကလေး မှာ လည်း “ ချမ်းသာရှင် ” ဆိုတဲ့ အမွှာပူး နတ်ညီနောင် နှစ်ပါး ရှိကြတယ် ။ အဲဒီ နတ်ညီနောင် နှစ်ပါး ဟာ ကိုယ်လုံး က ခပ်သေးသေး မို့ မြို့သူမြို့သားတွေ က “ ကိုယ်လုံးသေးသေး ၊ ဒို့နတ်ကလေး ” လို့ ကျီစယ် ခေါ်လေ့ ရှိကြတယ် ။ နတ်ညီနောင် နှစ်ပါး ဟာ စိတ်နေ စိတ်ထား နဲ့ အမူအကျင့် လည်း အင်မတန် မှ ကောင်း ကြတယ် ။ သူတို့ နှစ်ပါး ဟာ ညစဉ် ညတိုင်း မြို့ ကို လှည့်ပတ်ကြည့်ရှု ပြီး မြို့သူမြို့သား တွေ ထဲ က ဒုက္ခ တွေ့ နေသူ တွေ ကို တွေ့ရင် အကူအညီ ပေးလေ့ ရှိတယ် ။ ဒါပေမယ့် လူတိုင်း ကို တော့ အကူအညီ မပေးပါဘူး ။ စိတ်သဘောထား ဖြူစင်တဲ့ လူများ နဲ့ သူတစ်ပါး အပေါ် မှာ ကြင်နာ သနားတတ်တဲ့ လူများ ကို သာ အကူအညီ ပေးလေ့ ရှိတယ် ။

အဲ ... ဟို ညဉ့် ကလည်း “ ချမ်းသာရှင် ” နတ်ညီနောင်နှစ်ပါး ဟာ ထုံးစံအတိုင်း မြို့ ကို လှည့်ပတ် ကြည့်ရှုကြတဲ့ အခါ ဖိနပ်ချုပ်သည် လင်မယား နှစ်ယောက် ပြောဆို နေကြတဲ့ စကားတွေ ကို ကြား ရတော့ အတော်ပဲ သနားမိတာ နဲ့ ညဉ့်သန်းခေါင် အချိန် မှာသွား ရောက်ပြီး အကူအညီ ပေးဖို့ ဆုံးဖြတ်လိုက်ကြ သတဲ့ ။ အခုလို ဆုံးဖြတ်လိုက်တဲ့ အတိုင်း ထိုနေ့ ညဉ့်သန်းခေါင် အချိန် မှာ ဖိနပ်ချုပ်သမား လင်မယား နေတဲ့ အိမ် ကို တိတ်တဆိတ် သွားပြီး အလွန် လှပတဲ့ ဖိနပ် နှစ်ရံ ကို ချုပ်ပေး ထားခဲ့ကြတယ် ။ နောက် တစ်နေ့ မနက် ရောက်တော့ ဖိနပ်ချုပ်သည် လင်မယား ဟာ သူတို့ အလုပ်ခန်း ထဲ မှာ လှပတဲ့ ဖိနပ်ကလေး နှစ်ရံ ကို အဆင်သင့် တွေ့ ရတော့ ရုတ်တရက် အံ့ဩ သွားကြတယ် ။ ဒါပေမယ့် နောက်တော့ “ ချမ်းသာရှင် ” နတ်ညီနောင် နှစ်ပါး က အကူအညီ ပေးတာပဲ ဖြစ်ရမှာပဲ လို့ ယူဆမိတာ နဲ့ အတော်ပဲ အားတက် ဝမ်းမြောက် သွားကြတယ် ။ အဲဒီ နတ်ကလေး တွေ ချုပ်ပေး တဲ့ ဖိနပ် နှစ်ရံ ကို လည်း သူတို့ မြို့က အချမ်းသာဆုံး သူဌေးကြီး သမီး နှစ်ယောက် က မြင်တော့ နှစ်သက်တာ နဲ့ ဈေးနှုန်း ပိုပေးပြီး ဝယ်သွား ကြတယ် ။ နောက်ကို လည်း အဲဒီ “ ချမ်းသာရှင် ” နတ်ညီနောင် နှစ်ပါး ဟာ နှစ်ည ခြား ၊ သုံးည ခြား ဆိုသလိုပဲ ဖိနပ်ချုပ်သမား လင်မယား နှစ်ယောက် အိမ် ကို လာပြီး အလွန်လှပ အဖိုးတန် တဲ့ ဖိနပ်များ ကို ချုပ်လုပ် ဖန်ဆင်း ပေး သွားလေ့ ရှိတယ် ။ ငါတို့ လူမျိုး ရဲ့ အယူအဆ နဲ့ ဆိုရင်တော့ “ သူတော်ကောင်း နတ်ကောင်း စောင့်မ ” ဆိုသလို ပေါ့ကွယ် ။

အဲဒီလိုနဲ့ နေလာခဲ့ကြတာ ။ လပေါင်း အတော် ကြာတော့ ဆင်းရဲသား ဖိနပ်ချုပ်သည် လင်မယား ဟာ တဖြည်းဖြည်း စည်းစိမ်ဥစ္စာ တိုးတက် လာခဲ့ကြ သတဲ့ ။ တစ်နေ့ တော့ ဖိနပ်ချုပ် သမား ယောက်ျား က “ ကိုင်း ... ရှင်မရေ ... ငါတို့ လင်မယားတော့ “ ချမ်းသာရှင် ” ကိုယ်တော်ကလေး နှစ်ပါး ရဲ့ကူညီမစမှုကြောင့် ချောင်ချောင်လည်လည်တော့ နေကြရပြီ ။ သူတို့ ရဲ့ ကျေးဇူး ကို လည်း တို့ က တတ်နိုင်သလောက် ပြန် ဆပ်ဦးမှပဲ ” လို့ပြောပြီး ညဉ့်အချိန် နတ်ညီနောင် နှစ်ပါး လာတဲ့ အခါ သောက်ဖို့လို့ နွားနို့ နှစ်ခွက် ၊ သူတို့ ဝတ်ဖို့ ပိုးအင်္ကျီကလေး နှစ်ထည် ကို အဆင်သင့် စားပွဲ ပေါ် မှာ တင်ထား သတဲ့ ။ အခုလို စီမံထား တာ ကို ညဉ့်သန်းခေါင် အချိန် မှာ နတ်ညီနောင် နှစ်ပါး ရောက် လာတော့ အဆင်သင့် တွေ့ရတာ နဲ့ အတော် ကျေနပ် နှစ်သိမ့်ပြီး နို့တွေ ကို သောက် ၊ အင်္ကျီကလေးများ ကို ဆွဲယူ ဝတ်ဆင် ပြီး “ စိတ်ထား ကောင်းတဲ့ မိတ်ဆွေ ... ငါတို့ သွားလိုက်ပါဦးမယ် ” လို့ အသံ ပေးရင်း နှုတ်ဆက် ထွက်ခွာ သွားကြ သတဲ့ ။

◾တက္ကသိုလ်စန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ၊ စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

အနုဝင်္ကပါ ( ၂ )


 

( ၂ )

အနုပညာ သင်တန်းဆရာ ဆို သူ တို့ အနက် အချို့ က အမိတို့ အမောင်တို့ အား ထိုင်ရာ မထ “ ဒိုင်း ” ခနဲ ကျော်ကြားအောင် ဖန်တီးပေးနိုင် သ ယောင်ယောင် ငွေ ချူလို ချူလိမ့်မည် ။ လူ ကို မြှူလို မြှူလိမ့်မည် ။ သတိ ကျပ်ကျပ် ထားပေရော့ ။ 

တချို့ ကျူရှင်ဆရာတွေ ( ကျောင်း စာပညာ လည်း အနုပညာ ထဲ အကျုံး ဝင်တယ်လို့ ဆိုချင် တယ် ။ ) သူတို့ တချို့လည်း ဒီ အတိုင်းပဲ ။ ဒီနေ့ ( ၁၀ ) တန်း ဖြေပြီး နက်ဖြန် ဘီအေ ဘွဲ့ ရတော့ မလောက် အာဝဇ္ဇန်း ရွှင်ကြတယ် ။ အဲ သူတို့ ကတော့ ငွေ မ ဆွယ်ဘူး ။ လူ လူ လူ ။

ထားတော့ ။ 

တူ ၊ တူမ တို့ အင်မတန် ခက်တယ် ။ အပြော ကောင်းရင် ပါ ချင်တယ် ။ ယုံ လွယ်တယ် ။

ဟေ့ ၊ မင်းတို့ ကို အမေ မွေးလိုက် တုန်းက ဦးနှောက် ပါ မလာဘူးလား ။ ပါတယ် ။ ပါရင် ဘာပြုလို့ အဲသည် ဦးနှောက် နဲ့ မစဉ်းစား ချင်ရတာလဲ ။

မင်းတို့ ကို ထိတ်ထိတ်ကြဲ အနုပညာရှင် တစ်ယောက် ဖြစ် လာအောင် မြေတောင် မြှောက် ပေး မယ် ဆိုတဲ့ သင်တန်းဆရာ ရဲ့ အရည်အချင်း နဲ့ လက်ရှိ အခြေအနေ ကို ပြန် သုံးသပ်မိ ရဲ့ လား ။ သူ ကိုယ်နှိုက် က  ဘာ ဖြစ်နေသလဲ ၊ ဘယ် အထိ ပြောင်မြောက် နေသလဲ ၊ သူ့ ကို ကော ဘယ်လောက် အထိ သုံး နေကြသလဲ ၊  အနုပညာ လောက မှာ သူ့ နာမည် ဘယ် အဆင့် မှာ ရှိ သလဲ ။ ပရိသတ် က သူ့ ကို ဘယ်လို မြင်သလဲ ။  မင်း တို့ ကိုယ်နှိုက် ကကော သူ့ အသံ ၊ အဆို ၊ အက ၊ သရုပ်ဆောင် မှုကို နှစ် နှစ်ခြိုက်ခြိုက်ကျေနပ်ရဲ့ လား ။

ဆိုပါတော့ ရုပ်ရှင် ။

ကေသွယ်မိုး တို့ လောက်မှ မ ထင်ရှားသူ တစ်ယောက် က ( သရုပ် မဆောင်တတ်သူ တစ်ယောက် က ) ရုပ်ရှင်ပညာ သင် ပေးတယ် ဆိုရင် ရယ်စရာ ကောင်း မနေဘူးလား ။ အဲ ၊ နောက် တစ်ခု က ကိုယ်တိုင် ကိုယ်ကြပ် ဘာ အခန်း မှ ဝင် ပြီး သရုပ် မဆောင်ဖူးပေမဲ့ ပြ တတ် ၊ သင်တတ်တဲ့ ပညာရှင် မရှိဘူး လား ။ အတော်များများ ရှိတယ် ။ သူ တို့ မှာ အရည်အချင်း လည်း ရှိတယ် ။ နာမည် ရှိတယ် ။ ပရိသတ် လည်း သိ တယ် ။

ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် အတင်း ဒါရိုက်တာ လုပ် ၊ ဒါမှ မဟုတ် အဆွယ် ကောင်းကောင်း နဲ့ သူများ ဆီ က ငွေ ယူ ရိုက် ၊ ဒါရိုက်တာ လုပ် ၊ တစ်ထုပ် တည်း နဲ့ ပြုတ် ။ တချို့ ၂ ထုပ် ၊ ၃ ထုပ် ကြံဖန် ရိုက် ။ တစ်ကား မှ လူမကြိုက် ။ အဲသလို ပုဂ္ဂိုလ် က ကိုယ့် ကို ဆရာ လုပ် သင် နေသလား ဆိုတာ အမေ ပေးထား တဲ့ ဦးနှောက် နဲ့ စဉ်းစား ။

အဲသလို ဟို ယောင်ယောင် သည် ယောင်ယောင် ခေါ်မယ့် သုံးမယ့် သူ မရှိ သူတွေ က မင်းတို့ ကို မင်းသား ၊ မင်းသမီး ဖြစ်စေသတည်း လို့ လုပ် ပေး နိုင်လိမ့်မယ် ထင်ပြီး အဲ ငွေ ပါ ပါ ၊ လူ ပဲ ပါ ပါ ။ ဒါတော့ ကိုယ့် ထိုက် နဲ့ ကိုယ့် ကံပဲ ။ သတိ ကျပ်ကျပ်ထား ။ 

“ ဆရာ ၊ ကောင်မလေး တစ် ယောက် ဆရာ နဲ့ တွေ့ပါရစေ ဆိုပြီး အောက် မှာ ရောက် နေတယ် ။ လွှတ် လိုက်ရမလား ”   

“ နေပါဦးကွ ၊ တစ်ယောက် ဆိုတော့ အဖော် မပါဘူးလား ”

“ ဟင့်အင်း ဆရာ ၊ တစ်ယောက် တည်း ”

သာဓု ဆင်း လိုက်သွားပြီး ၊ ကု,လားထိုင် ပြင် ခိုင်းလိုက်သည်  ။ 

“ ဟေ့ ၊ ဘာပြုလို့ တစ်ယောက် တည်း လျှောက် သွားနေ တာလဲ ၊ အဖော် ကော ”

“ မပါဘူး ဆရာ ”

အသံများ တုန်ခါနေသည် ။ 

“ နင် အလွန်ဆုံး အသက် ၁၈ နှစ် လောက်ပဲ ရှိဦးမယ် ။ ဘာကြောင့် တစ်ယောက် တည်း လာရ သလဲ ။ မ ကြောက်ဘူးလား ”

“ ဟုတ်ကဲ့ ၊ ခါတိုင်းဆို ကျွန်မ အမြဲ အဖော် နဲ့ သွားပါတယ် ။ ဒီနေ့တော့ အဖော် သူငယ်ချင်း မကြားစေချင်တဲ့ စကားတွေ ဆရာ့ ကို ပြောပြပြီး အကူအညီ တောင်းချင်လို့ ပါ ”

“ ကဲ ၊ ငါလဲ အလုပ် ရှိတယ် ၊ တိုတို ပြောစမ်း ”

သူ စကား အစ ကို ရှာ နေသည် ။ 

“ ဘာလဲ ၊ ရုပ်ရှင် ဝါသနာပါလို့ လား ”

“ ဟုတ်ပါတယ် ၊ ပထမ က ဆရာ့ ဆီ လာ မလို့ စိတ် ကူးပါသေးတယ် ။  ကြောက်တာနဲ့ ”     

“ ဘာ ၊ ဘာကို ကြောက်တာလဲ “   

“ ဟို ... ဟုတ်ပါဘူး ၊ ဆရာ အော် ထုတ်မှာ ကြောက်တာပါ ။ တချို့ အတော်များများ ပဲ ပြောကြ ပါ တယ် ။ ဆရာ ဘု ကျတယ် ၊ စိတ် မထင် ရင် ထအော်တယ် ၊ မောင်းထုတ် တယ်ဆိုလို့ ” 

“ အေး ၊ ဟုတ်တာ မှန်တာကို ပွင့်ပွင့်လင်းလင်း တဲ့ တိုး ပြောရင် ဘုကျ တယ်လို့ ဘာသာပြန်နေ ကြတယ် ။ ကဲ ဆက်ပြော ၊ ခု ဘာလာ လုပ်သလဲ ။ ဒါဖြင့် ” 

“ ဒီလိုပါဆရာ ၊ အငယ် က ရုပ်ရှင် သိပ်ဝါသနာပါ ... ”

“ အငယ် ဆိုတာ မင့် နာမည်လား ”

“ ဟုတ်ပါတယ် ဆရာ ၊ သမီး နာမည် က ငယ်ငယ် ပါ ၊ အဲသလို ဝါသနာ ကြီးတာနဲ့ ကြားလူ တစ်ယောက် ရဲ့ ၊ အဲ အဲဒါ သူ ဆက်သွယ် ပေးတာနဲ့ ဟို ဦး .... ဆီ ရောက်သွားပါ တယ် ”

ငယ်ငယ် က နာမည် ကို ပါ ထုတ် ပြောသည် ။

ထို ဦး ... ဆို သူ ကို သာဓု ကောင်းကောင်း သိထား၍ ထိတ်ခနဲ ရင်တုန်သွားသည် ။ 

“ ကဲ ၊ အတိုချုပ် ပြောစမ်း ၊ ငယ်ငယ့် ကို သူ ဘာ ပြောသလဲ ၊ ဘာ ...”

“ ဟင့်အင်း ၊ သူ့ မိန်းမ ရော ၊ သမီး ရော အိမ် မှာ ရှိပါတယ် ။ ငယ်ငယ့် ကို ပထမနေ့ က ရုပ်ရှင် သဘောတရားတွေ ပြော ပြပါတယ် ။ နောက်နေ့ တွေ ကျတော့ အမူအရာ လုပ်ခိုင်းပါတယ် ”

“ ဒီနေ့ ထိ သင်ပြနေတာ ဘယ်လောက် ကြာပြီလဲ ”

“ စုစုပေါင်း နှစ်လ အတွင်း ရှစ်ရက် လောက် ရှိပါပြီ ”

“ ပြေပြေလည်လည်ပဲ ၊ မဟုတ်လား ”

“ ဟုတ်ကဲ့ ”

“ နို့ ဘာကိစ္စ ဆရာ့ ဆီ လာတာလဲ ၊ ဟို ပြေလည် နေမှ ပဲ ”

သာဓု က စိတ် အေး သွားသလိုဖြင့် မေး လိုက်၏ ။ 

“ ဒီလိုပါ ဆရာ ၊ ဟို တစ်နေ့ ကတော့ သူ အိမ် ကို လာ ပါတယ် ။ အဲဒီ အချိန် မှာ ကျောင်း သွား သူ သွား ၊ အ လုပ် သွား တဲ့ လူ သွား ၊ ဈေး သွား သူ သွား နဲ့ ”

“ အေးလေ ၊ အိမ် မှာ ငယ်ငယ် တစ်ယောက် တည်း ရှိတယ် ဆိုပါ တော့ ”

“ ဟုတ်ကဲ့ ရှင့် ”

သာဓု မှာ ချက်ချင်း ရင် ပူရပြန် သည် ။ 

“ အင်း ... ပြော ”

“ အဲဒါ ။ အဲဒီ ဆရာဦး ... က ရုပ်ရှင်ဇာတ်ညွှန်း တစ်ခု လဲ ပါ လာ တယ် ၊ ဖတ်ကြည့်ပါတဲ့ ၊ အဲဒီ ဇာတ်ကား ထဲ မှာ ဒုတိယ ခေါင်းဆောင် နေရာ က ထည့် ပေး မယ်တဲ့ ”

“ အေးပါဟာ ၊ ငယ်ငယ် ဖတ်ကြည့် ရော ၊ ဇာတ်လမ်း ကြိုက်ကြိုက် မ ကြိုက် ၊ ဒုတိယ ခေါင်းဆောင် လုပ်ရ မယ် ဆိုရင် ကြိုက် ပြီပေါ့ ၊ မဟုတ်လား ”

သူ ငုံ့ တွေကလေး တွေ နေပြီးမှ

“ ဝါသနာ က ကြီးတာကိုး ဆရာ .. ပါ ချင်တာပေါ့ ”

“ ဟဲ့ ၊ နင့်ပြဿနာ က ဒီမှာ ပြီး နေပြီ  ပဲ ၊ ငါ့ ဆီ လာတာ အပိုပေါ့ ၊ ငါ က မလုပ်နဲ့ ပြောလဲ နင် နားထောင်မှာ မဟုတ်ဘူး  ၊ ဝါသနာအိုးတွေ အကြောင်း ငါ သိတာပေါ့ ”

“ ဒီလို ဟုတ်ပါဘူး ဆရာ ၊ ဆရာ့ အကြံဉာဏ် လိုချင်လို့ လာတာပါ ”

“ ရော ၊ ငါ ပါ ခေါင်းရှုပ် လာပြီ ၊ မြန် မြန်ပြောစမ်း ၊ ဘာတွေ ဖြစ်လာသလဲ ”

“ ဇာတ် ကတော့ မဆိုးပါဘူး ။ အဲဒါ မနေ့က ဆရာ ... လာတယ် ။ အဲ ဆရာ့ ကိုလဲ သူ သိသတဲ့  ၊ သိပ် ခင်တယ်တဲ့ ”  

“ အေး ... သိတာပေါ့ ၊ ရုပ်ရှင်သမား ချင်း အနေနဲ့ သိတာပေါ့ ။ ဒါပေမဲ့ သိပ် ခင်တယ်ဆိုတာ မဟုတ်ဘူး ”

ကောင်မလေး ငေး သွားသည် ။

သူ့ အငေး တွင် သာဓု လည်း အလုအယက် တွေး လိုက် မိသည် ။ ထို ဦး ... ကို သာဓု က မောင် ... ဟု ခေါ်သည် ။

သူ အကယ်ဒမီ ရခဲ့ဖူးသည် ။ အရည်အသွေး မဆိုးလှ သော်လည်း လူချင်း တွေ့ လိုက်လျှင် လိမ်ချင် ၊ ကောက်ချင် ၊ ယုတ်မာချင် သည် ကို ဦးစား ပေးတတ်၍ သာဓု ခပ်တန်းတန်း နေ ထားသူ ဖြစ်၏ ။

“ ဆရာ က သိပ် မခင်ဘူး ဆိုတော့  သူ လိမ် ပြောတာ ဖြစ် ”

“ ဟုတ်တယ် ၊ အဲသလို အလိမ်အကောက်တွေကြောင့် ဆရာ သူ့ ကို မခင်တာဘဲ ၊ ကဲ ဆက်ပြော ”

“ ဟုတ်ကဲ့ ဆရာ ၊ အဲ အဲဒါ ၊ အဲဒီ ကား မှာ မင်းသမီး တင် ပေးမယ်တဲ့ ”

သူ အသံ ရပ်သွားသဖြင့် 

“ အေး ၊ အဲသလို ထည့် ရိုက် ပေးတဲ့ အတွက် သူ ချိန်းတဲ့ နေရာ ကို ခေါ်ရင် လာ ရမယ်လို့ ကော မပြောဘူးလား ”

ငယ်ငယ် လက်ညှိုး နှစ်ချောင်း ကို လိမ်၍ ငြိမ် နေသည် ။ ဟုတ်မှန်ကြောင်း ဝန်ခံသကဲ့သို့ ။ 

“ ဒီကောင့် သောက်ကျင့် ဆရာ သိ တယ် ။ အဲ ၊ အကျဉ်း ချုပ် လိုက်ရင် ခု လို ငယ်ငယ် ဆရာ့ ဆီ ကို လာပြီး မရှက်မကြောက် ပြောပြတဲ့ သဘော ကတော့ ငယ်ငယ် မှားသွား မှာ ကြောက်တယ် ၊ ဒီလို မဟုတ်လား ”

“ ဟုတ် ဟုတ်ကဲ့ပါ ဆရာ ၊ ပြီးတော့ သူ က အတည် ယူမယ် လဲ ပြောပါတယ်  ”

“ အဲဒါ ခဏ ထားဦး ၊ ပထမ အချက် သူ က ငယ်ငယ့် ကို မင်းသမီး တင်ပေး ချင်တဲ့ ဆန္ဒ တကယ် ရှိပုံ ပေါ်ရဲ့ လား ”

ခွေးတိရစ္ဆာန်မလေး အဖြေရ ကျပ် သွားပုံရသည် ။

“ အေး ပြန်တော့ ။ နောက်တစ်ခါ သူ လာရင် ပြောလိုက် ။ ဒုတိယ မင်းသမီး မဟုတ်ဘူး ၊ တတိယ ပဲ ဖြစ်ဖြစ် ထည့် ရိုက်ပေးပါ ၊ အဲဒီ ကား ရုံ တင်တဲ့ နေ့ မှာ တတိယမယား ပဲ ဖြစ်ရ ဖြစ်ရ ၊ ကြိုက် သလို လိုက်လျောပါ့ မယ်လို့ ကြားလား ”

“ နင့် ပြဿနာ က နင့် ဆီ ငွေတစ် ဆယ် လာချေးတယ် ၊ နက်ဖြန် ပြန်ပေး ပါ့မယ် ဆိုတာလို အေး ၊ ငွေတစ် ဆယ် ကတော့ အရင် ပေးလိုက်ရမှာ  ။ နက်ဖြန် ပြန် ရ မရ ဆိုတာတော့ မ သေချာဘူး ”

သူ ခပ်လေးလေး မော့ကြည့် သည် ။

“ ဒါ ဆရာ က စကားလုံး နုနု ကလေး နဲ့ ပြော နေတာ ဘွင်းဘွင်း ဆို ရင် ရုပ်ရှင် ထဲ မှာ ကျောင်းသူ အနေ နဲ့ ရော ပြီး လမ်းလျှောက် ၊ အတန်း ထဲ ရော ထိုင် ၊ ရုပ်ရှင်စကား နဲ့  ဆိုရင် ငယ်ငယ့် ရုပ်ရည် နဲ့ ( ဝေလေ လေ ) အခန်း ပဲ ရမယ် ”  

သူ ကြက်သေ သေပြီး မျက်ရည် ပါ ဝေ့ လာပြန်သည် ။ 

“ ဘာပြုလို့ ငိုတာလဲ ”

“ ငယ်ငယ် ဝမ်းသာလို့ ပါ ဆရာ ”

“ ဝမ်းလဲ သာ ၊ ဆက်ပြီးတော့ လဲ ပျော် ချင်ရင် အဲဒီ အကောင် ဆီ သင်တန်း မတက်နဲ့ တော့ ၊ ရေတိမ် မဟုတ်ဘူး  ၊ ဝဲ ထဲ မှာ နစ် သွားလိမ့် မယ် ၊ ဒီလို ကောင်မျိုးတွေ ရုပ်ရှင်လောက ထဲ မှာ အများကြီး ရှိတယ် ၊ သတိ ကျပ်ကျပ်ထား ”

မိငယ် နှုတ်ခမ်း တရွရွ လှုပ် နေသဖြင့် 

“ ဘာ ပြောချင်သလဲ ၊ ရဲရဲ ပြောစမ်း ”

“ ငယ်ငယ့် ဝါသနာ ကိုတော့ ”   

“ အေးပါ ၊ ဝါသနာ ပါ ချင်ပါ ၊ သေအောင် ပါ ။ အဲ လူ မပါစေ နဲ့ ၊ နို့ နင့် ဝါသနာ က ဘယ်လို အခန်းမျိုး က ပါ ချင်တဲ့ ဝါသနာ လဲ ”

သူ တစ်ချက် ကွက်ခနဲ ပြုံးလိုက်ပြီး မှ

“ ပထမတော့ မင်းသမီး ပဲ လုပ် ချင် တာပေါ့ ဆရာ ၊ ခုတော့ ဆရာ ပြောလို့ မိငယ် သဘောပေါက် ပါပြီ ၊ မိငယ် ရဲ့ အရည်အသွေး က ( ဝေလေလေ ) ဆိုတော့ ”

“ အေး လိပ်စာ ပေးခဲ့ ၊ အနီးအနား မှာ ဖုန်း ရှိလဲ ဖုန်းနံပါတ် ပေးခဲ့ ။  ဆရာ ရိုက်တဲ့ ကား မှာ ဝေလေလေ  အခန်း က လိုရင် ခေါ် ခိုင်းလိုက်မယ် ”

သူ အပြည့်အစုံ ရေးပေး သွားသည် ။

“ ဪ ၊ ဟေ့ ၊ ဒီမှာ ကြည့် ၊ ဒါ ဆရာ့ စာရေးစက္ကူ ၊ ဒီ စက္ကူ နဲ့ ဆရာ့ လက်မှတ် ထိုး ခေါ်မှ လိုက် လာ ။ အဖော် တစ်ယောက် ယောက် ပါ ပါစေ ၊ ကဲ ပြန်တော့ ။ ဟိုမှာ မိုးတွေ မည်း လာပြီ ၊ သည်းလိမ့်မယ် ”

      •••   •••   •••   ••• 

ယင်း ဆိုခဲ့သည့် မိငယ် ခမျာ သိသိ သာသာကလေး ဘေး ကင်းသွား သည် ။ တစ်ဖက် စကား ကို ယုံ၍ ပုံခဲ့ မိသော ဝါသနာအိုး အတော်များများ လုံးပါး ပါးသွား ကြပြီးလေပြီ ။

အမေ မွေးစဉ် က ပါ လာသော ဦးနှောက် ကို မသုံး ချင်ကြ ။ ကိုယ့် ကိုယ် ကို ဖြစ် နိုင်၏ ။ မဖြစ် နိုင်၏ မ သုံးသပ်ချင်ကြ ။ မှတ်မိသေးသည် ။

ရွှေဈေး တစ်ကျပ်သား ၄၀၀ လောက် ခေတ် က သာဓု ၏ ယောက္ခမကြီး အကြောင်း ။ သာဓု သည် သော်တာဆွေ သေနာကောင် ကင်ပွန်းတပ် သည် ကဲ့သို့ နေ့တစ်ဝက် ညတစ်ဝက် အကောင် ဖြစ်သည့် အတိုင်း ၁၂ နာရီ သာသာတွင် အိပ်ရာ မှ နိုးသည် နှင့် မျက်နှာ ပင် သစ် ချိန် မရ ။ ယောက္ခမ ကြီး အနား ကပ် လာသည်  ။ 

“ ဖိုးသာဓု ၊ ခဏ ” ဟု လက် တို့ ခေါ် သဖြင့် သူ လျှောက်သွားရာ သရက် ပင် အောက် သို့ လိုက် လာပြီး ဆောင့် ကြောင့် ကိုယ်စီ ထိုင်မိကြသည် နှင့်  ။ 

“ အမေ့ အိမ် မှာ ဆရာ တစ်ယောက် ရောက် နေတယ် ”

တစ်ဝင်း တည်း တစ်ခြံ တည်း ဖြစ် သော်လည်း တစ်အိမ် စီ နေကြသဖြင့် - 

“ ဘာလုပ်တဲ့ ဆရာလဲ ” 

“ အဂ္ဂိရတ် လေ ”

“ အဲဒါ ”

ယောက္ခမကြီး က ပြော ပြသည် မှာ ထို ဆရာ သည် အလွန် စွမ်းကြောင်း ၊ ရွှေ တစ်မတ်သား ကို ငါးမူးသား ဖြစ်အောင် ဖို ထိုး ပေး နိုင်ကြောင်း ၊ သူ ၏ အသိ မိတ်ဆွေများ က ဟုတ်မှန်ကြောင်း မိတ်ဆက် ပေး၍ ပင့်ဖိတ် သော်လည်း အချိန် မကျသေး သဖြင့် မလိုက်နိုင် ။ ယခု နှစ်လကျော် မှ ပင့် နိုင်ခဲ့ ကြောင်း ၊ ရွှေ တစ်ကျပ်သား လောက် စမ်း ကြည့်စေချင် ကြောင်း စီကာပတ်ကုံး ပြော လေတော့သည် ။

“ တစ်ကျပ်သား ကို နှစ်ကျပ်သား ဖြစ်အောင် လုပ် ပေးနိုင်တယ်ပေါ့ ”

“ အေး သိပ်လဲ မကြာပါဘူး ၊ ၉ ရက် အတွင်း ရမယ် တဲ့  ၊ သူ ဖို ထိုးရာ ကို လိုက် စောင့်ကြည့် ပါ တဲ့ ”

“ ဒါဖြင့် ရွှေ တစ်ဆယ်သား ဆိုရင် ကော ”

“ အမယ်လေး နှစ်ဆယ်သား ပွား လာတာပေါ့ ၊ ဆယ့်ငါးကျပ်သား ထား ဦး ၊ နည်းတာ မှတ်လို့ ”

သာဓု ဝမ်း ထဲ တွင် ရယ် နေသည် ။ 

“ နို့ သေချာရဲ့ လား အမေ ”  

“ ဪ ဂွတ္တလစ် က တူမတွေ ပါ လုပ် နေတာပဲဟာ ”

“ ဆရာ ကို ကော ၊ တစ်ကျပ်သား ကို  ဘယ်လောက် ပူဇော်ရသလဲ ”

“ ဒါကတော့ ကိုယ် သဒ္ဒါ သလောက်ပေါ့ ကွယ့် ”

“ ဒါနဲ့  ၊ အဲဒီ ဆရာ ကကော ရွှေ ဝယ် ပြီး သူ့ ဟာ သူ ပွား မယူဘူးလား ”

“ အံမယ်လေးလေး ၊ သူ က သစ္စာ ဆို ထားရတာ ၊ ကိုယ့် အတွက် ကိုယ် မ လုပ်ရဘူး ၊ လုပ် တာ နဲ့ မျက်လုံး ကန်းမယ် ”  

“ ဪ ... ဪ ”

“ မင်း ဘယ်လောက်သား လောက် စိတ်ကူးသလဲ ”

“ နေပါဦး ၊ သူ့ ဟာ သူ မပွားရဘူး ထားပါတော့ ၊ ဆွေမျိုးတွေတော့ လုပ် ပေးရင် ”

“ ရတယ် ရတယ် ”

“ ဒါဖြင့် အဲဒီ ဆရာ ကို ကျွန်တော် လိုက် ပြောမယ်လေ ”

“ ဘာပြောမှာ တုံး ”

“ ဆရာကြီး ခုလို သူများ အိမ်တွေ လျှောက် လုပ် မနေပါနဲ့တော့ ။ ဆွေမျိုး ဆယ်ယောက် စု ပြီး တစ် ယောက် တစ်ကျပ်သား က စ ပါ ။ တစ်ခါ ထိုး ရင် တစ်ဆယ်သား ဖြစ် ရော ၊ နှစ်ကျပ်သား လောက် ဝေသုံး ၊ နောက်တစ်ခါ ဆယ့်ရှစ်ကျပ်သား ပွား ၊ သုံးဆယ့်ခြောက်ကျပ်သား ဖြစ် ။ အဲဒါ စားစား သောက် သောက် နဲ့ တစ်နှစ် ဆိုရင် အနည်းဆုံး တိုက် တစ်လုံး ကားတစ်စီး စီ အပြင် ရွှေ ချည်း တစ်ယောက် ကို ဆယ်ပိဿာ စီ ရမယ် ၊ ဆယ်နှစ် ဆိုရင် ”

“ တော်တော့ ဖိုးသာဓု ၊ မင်း ကို ပြောလိုက်ရင် ဒါမျိုးချည်းပဲ ၊ ဂွ ဂလန့် ”

ဆောင့်ဆောင့် အောင့်အောင့် ထ သွားချေတော့၏ ။

ယခုလည်း ဤနည်း နှင်နှင် ၊ မင်းသမီး တင်ပေးမည် ဆိုတိုင်း ၊ ယုံ လိုက်ကြသည် ။ ထိပ်တန်း မင်းသား ဖြစ်စေရမည် ဆိုလည်း ဒူး ဖက်၍ ကိုးကွယ်ချင် ကြသည် ။ ထို အပြောသမား က အဘယ် မင်းသမီး အဘယ် မင်းသား ကို အဘယ်သို့ တင် ပေးခဲ့လေ သနည်း ။ 

ဤသည် ကို မစဉ်းစား ၊ မစုံစမ်း မလေ့လာကြ ။ သာဓု ယောက္ခမ အဂ္ဂိရတ်ဆရာ ကို ယုံ သကဲ့သို့ ပုံချက် ကြသည် ။ ဤ၌ အကြောင်း ဆိုက်၍ အနုပညာဝါသနာအိုး တို့ ၏ ( အထူး သဖြင့် မိန်းကလေး မြီးကောင်ပေါက် ) တို့ ၏ မိဘများ ( ဝါ ) အုပ်ထိန်းသူများ သည် မိမိတို့ သားသမီးများ ကို ဤကိစ္စ ၌ အလို မလိုက်သင့် ။ တစ်ယောက် တည်း မ လွှတ်သင့် ။ 

မလွှဲသာ၍ သမီးများ စိတ်ဆင်းရဲ မည် စိုး၍ ခွင့်ပြုရန် ကြုံ လာသော် ကိုယ်တိုင် ကိုယ်ကျ ထက်ကြပ် မကွာ ကပ်၍ ( အဖော် ) လိုက် နေရန် လိုသည် ။ ဝါသနာအိုးမလေး တို့ စမ်း ကြည့်ပါ ။ အစ ပထမ တွင် အဖော် မပါဘဲ တက် ကြည့် ၊ စေတနာ က ခွက်တစ်ဆယ် လောက်ဖြင့် ဖြစ်ဖြစ်မြောက်မြောက် သင် ပေးတော့မည် ကဲ့သို့ သင်တန်း ဆရာ ဆို သူ တို့ အနား ကပ် လာကြလိ မ့်မည် ။  

“ မင်း က ကျောင်းသူ ဆိုပါတော့ ၊ ကျောင်း သွားတုန်း လမ်း မှာ လူဆိုး တစ်ယောက် က ဟောဒီလို လက်ဆွဲ ပြီး ဟော့ဟော့ရမ်းရမ်း ကြံ ပြီ ဆိုပါ တော့ ”

ထို ထို စကားမျိုးဖြင့် လက်ကလေး ဆွဲလိုက် ၊ ပခုံးလေး ဖက်လိုက် လုပ် ကာ အစ ချီ လိမ့်မည် ။

အိမ်း ၊ နောက်ရက်များ တွင် အစ်မ ၊  အဒေါ် ၊ အမေ ဖြင့် အဖော် ခေါ်သွားကြည့်ပါ ။ ထို ထို ဆရာတို့ သည် အနား လည်း မကပ်ရဲ ၊ စေတနာ တစ်ခွဲသား လည်း ပျောက် ၊ နောက် လည်း ဟုတ်တိ ပတ်တိ သင်ပေး မ ပေး အကဲ စမ်း ကြည့်လျှင် ယင်းတို့ ၏ အနုပညာ ရုပ်လုံး ဖုံးသမျှ ပေါ်လာ လိမ့် မည် ။

သာဓု ရှင်းရှင်း ပြောမည် ။ ပြောင်မြောက်သော အနုပညာသည် တစ်ယောက် ဖြစ် လာအောင် ဝါသနာအိုး တိုင်း ကို သာဓု လုပ် မပေး နိုင် ။ အနုပညာသည် ဖြစ်ရန် အလားအလာ ရှိသော ပါရမီရှင် တို့ ကိုသာ သင် ပေးနိုင်သည် ။ 

ကျော်ကြားသော အနုပညာရှင် ဖြစ်လာအောင် လုပ်နိုင်သူ မှာ မိမိ ကိုယ် ကို မိမိ လုပ် ယူ ရမည့် ပါရမီရှင် သာဖြစ်သည် ။

ကြည့်ဖူးသူများ မှတ်မိကြပေလိမ့် မည် ။

( အကြင်တို့ လင်မယား ) ။

ထို ဇာတ်ကားတွင် အလုပ်သမား ကု,လားတစ်ယောက် ဆိုဖာခုံများ ဖုန် ခါနေစဉ် သုမောင် နှင့် မေခလာ တို့ က လာ ထိုင်ကြ၍ ...   

“ ဒီမှာ အလုပ် မပြီးသေးဘူး ၊ နင် တို့ လာ ထိုင်တယ် ၊ အလုပ် မပြီးရင် ၊ အစ်မ ပြန်ရင် ငါ့ ကို ဆူ လိမ့်မယ် ”

ကု,လားက ဤသို့ အပြော 

“ အေးပါ ဦးဒင်္ဂါး ရယ် ၊ အစ်မ မဆူအောင် ကျွန်တော်တို့ လုပ် ပေးပါ မယ် ”

သို့ သုမောင် က ပြန် ပြောပြီးသောအခါ သာဓု က ဦးဒင်္ဂါး အား အရုပ်ကြီးကြီး ကိုယ် တစ်ဝက် ရိုက် မည် ဟု ကင်မရာ ရွှေ့ခိုင်းပြီး

“ ကဲ ဒင်္ဂါး ၊ ( မင်းတို့ ပြော လိုက်ရင် ဒီလိုချည်းပဲ ) လို့ ပြောရမယ်နော် ၊ ပြောကြည့်စမ်း ”

ဒင်္ဂါး ပါးစပ်မှ စကားများ ထွက် မလာ ။ ရွစိ ရွစိ နှုတ်ခမ်းသား လှုပ်နေ သဖြင့် .... 

“ ဒင်္ဂါး ပြောစမ်းပါ ၊ ( မင်းတို့ ပြော လိုက်ရင် ဒီလိုချည့်ပဲ ) ”  

သူ ကြိုးစား၍ ပြော ရှာသည်  ။

“ မင်းတို့ တို့ နော် ၊ ပြောရင်နော် ”

ဤတွင် ရပ် နေပြန်သဖြင့် 

“ ဒီမှာ ဒင်္ဂါး ( ဒီလိုချည့်ပဲ ) ပြော စမ်း ”

“ ဒါလိုကျီးပဲ ”

သာဓု သိ လိုက်ပြီ ။ သူ သည် ကု,လားဖြစ်သောကြောင့် သာဓု သင်သော စကား ကို သူ အာ မတွေ့ ဖြစ် နေပုံရသည်  ။ 

“ ကဲ ၊ ကဲ ... ဒင်္ဂါး ပြောတတ်သလို ပြောစမ်း ”

“ မင်း တို့ တို့ နော် ၊ ဒါပဲ ”

ဤလိုသာ ထွက် လာသည်  ။ မင်း တို့ တွင် ( တို့  ) ၂ လုံး ထပ် နေပြန်သဖြင့်

“ ကဲ ( မင်းတို့ ပြောရင် ဒါပဲ ) လို့ ပြောစမ်း ”

“ ပြောရင်နော် ဒါပဲ  ”

မှား၍ ပြော ပြန်သော်လည်း နောက်ဆုံး ( ဒါပဲ ) မှာ သရုပ် ပါလှသည် ။ မျက်စောင်း လည်း ထိုး ကာ ချာခနဲ လှည့် ထွက်သွားသောကြောင့် သူ့ ( အထာ ) အတိုင်း

“ ကဲ ၊ ကဲ ... ရိုက်မယ်နော် ၊ ( ဒါပဲ ) တစ်ခု တည်း ပြော ၊ သုမောင် တို့ ကို ခုနလို ပဲ ကြည့် နေ ၊ ဆရာ က လက် ပြမှ ပြော ( ဒါပဲ ) ”

ဒါပဲကို သာဓု က ခပ်လေးလေး ဆွဲ ပြော ပြရင်း ထို အတိုင်း ပြောခိုင်း ၊ လှည့်ထွက် သွား ခိုင်းပြီး ရိုက် ချလိုက် သည် ၌

“ အဖေ ၊ ကျွန်တော်တို့ စကားတွေ အလုံး တစ်ရာစီ လောက် ပြော ခဲ့ကြ ပေမဲ့ ဦးဒင်္ဂါး က နှစ်လုံး တည်း နဲ့ စားသွားပြီ ”

“ ဖေကြီး ၊ သမီးတို့ တော့ ဦးဒင်္ဂါး ကို ကြောက် လာပြီ ၊ သူ နဲ့ သရုပ်ဆောင်ရတာ မလွယ် တော့ ဘူး ”

အထက်ပါ စကား ၂ ပိုဒ် ဖြင့် သုမောင် နှင့် မေခလာ တို့ က လက်ဖျား ခါ သွားရသည် အထိ ဒင်္ဂါး က ကျော သွားသည် ။

ထို ဦးဒင်္ဂါး ဆိုသူမှာ သာဓု ၏ ခြံပေါက် မာမီကု,လားဖြစ်လျက် အကွက် ပေါ်တိုင်း ထည့် ၍ ရိုက်ခဲ့ သည် ။ ကု,လားပင် ဖြစ်သော်လည်း အနုပညာပါရမီ ခေသူ မဟုတ် ။ 

အနှီ ဦးဒင်္ဂါး သည် ပါရမီ ဆိုသည် ကို နားလည်သူ မဟုတ် ။ သူ နားလည်အောင် ပြောပြရန်မှာ လည်း မွေးကင်းစကလေး ကကြီး ၊ ခခွေး သင် သလိုသာ ဖြစ်မည် ။

သို့သော် သူ့ တွင် မွေးသန္ဓေပါ ဗီဇ ၊ ပါရမီ အပြည့် ရှိသည် ။ သဘောလောက် ပြောလျှင် သူ နားလည်သည် ၊ သရုပ် ဆောင် တတ်သည် ။ ကင်မရာ လည်း ဂရုမစိုက် ၊ ဘေးပတ်ဝန်းကျင် ကိုလည်း အရေးမထား ။ သူ လုပ်စရာ ရှိသည် များ ကိုသာ စိတ်ဝင်စားပြီး သဘာဝ အတိုင်း လုပ် သွားလေ့ရှိ သည် ။

ပရိသတ် ကြိုက် သဘာဝ ကျသော သရုပ်ဆောင် အဖြစ် ဒင်္ဂါး ကို သာဓု လုပ် မပေးနိုင် ။ သူ က သာ လုပ် သွား သည်  ။ သရုပ် ဆောင်သွားသည်  ။ သာဓု က သင် ရုံ မျှသာ သင် ပြနိုင်သည် ။

ထိုနည်းနှင်နှင် သဘင် ၊ ဂီတ ၊ ရုပ်ရှင် အဘယ် နယ် တွင် ဖြစ်စေ ကျော်ကြားလာအောင် သင်ပြ သူ က လုပ် မပေးနိုင် ။ မိမိ ဘာသာ ကြိုးစား ယူ မှ ရ နိုင်မည် ဖြစ်သည် ။ အဆိုကျော် ဖြစ်ရန် ဆရာ က ဆို ပေး၍ မရ ။ ကိုယ်တိုင် သီဆို ရသည် ။ ကြိုးပမ်းရ မည် ။ သို့တိုင်အောင် အသံ က မဟန် ပြန်လျှင် မျှော်မှန်းထားသော ပန်းတိုင် ကို ရောက်မည် မဟုတ် ။ နောက် ဆုတ်လိုက်ရန် သာ ရှိ တော့သည် ။

သာဓု သည် သာဓု နှင့် ရိုက်သော သရုပ်ဆောင်များ ကို အမြဲ အော် နေ ငေါက် နေရသည် ။ ( ကရုဏာဒေါ သော ) 

“ ဟေ့ ၊ မင်း တို့ လုပ် နိုင်မှ မင်း တို့ နာမည် ရမယ် ။ ဆရာ က သင် ပေးရုံ သာ သင် ပေးနိုင်တာ ၊ ကျော်ကြား အောင် လုပ်ဖို့ က မင်း တို့ ရဲ့ ကြိုးပမ်း မှု အပေါ် တည်တယ် ” ဟူ၍ လည်းကောင်း 

“ အေး ၊ အဲဒါပဲ ၊ မင်းတို့ ... ”  

( အကြင်တို့ လင်မယား ) မှ အခန်း တစ်ခန်း ဖြစ်သည့် ... 

“ ကိုယ့်လင် ကိုယ် တိုင် တာ ဘာဖြစ် သလဲ ” ဟူသော အခန်း အဆုံးသတ်သောအခါ အကြင် ရော မောင်မောင် ပါ စိတ်တိုင်းကျ ကောင်း လှသဖြင့် 

“ အဲဒါပဲ ၊ အဲဒါပဲ ၊ ခုန မင်းတို့ နှစ် ယောက်စလုံး သရုပ် ဆောင်လိုက် တာ အင်မတန် ကောင်း တယ် ၊ ဆရာ က ဘယ် လို လုပ် ၊ ဘယ် လို ပြော ဆို ပြီး သင်တယ် ၊ မင်းတို့ က ကြိုးစား တယ် ၊ ကဲ နာမည် ရတော့ မင်းတို့ ပဲ ရမှာ ကွ ( မင်းသား နဲ့ မင်းသမီး က သဘာဝ ကျ လိုက်တာ ) လို့ ဟုတ်လား ”

သူတို့ တွေဝေဝေ ဖြစ်နေ ကြသည် ။ “ ခုန သရုပ် ဆောင် သွားတာကို  ( သင်ပြတဲ့ လူ တော်လိုက် တာလို့ ဘယ်သူမှ မပြောဘူး ) လုပ် ပြတဲ့ သရုပ်ဆောင်တွေ ကိုသာ ချီးမွမ်းတာ ကွ ” ဟူ၍ လည်းကောင်း

သာဓု အမြဲ အော်ဟစ် သတိပေး နေရသည် ။ ယခု လည်း ဝါသနာအိုးများ ကို သတိပေးမည် ။

မိမိ ဘာသာ မိမိ လုပ် ယူမှ ရမည့် အနုပညာ အတွက် မည်သူတွေက မည်သို့ ကျော်ကြားအောင် လုပ်ပေး မည် ဟု ဆိုလာလျှင် သတိ ကျပ်ကျပ် ထား ... ။

( ၁ - ၉ - ၈၄ )

◾သာဓု

📖 ချယ်ရီ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၈၄
     
📖 အနုဝင်္ကပါ

#ကိုအောင်နိုင်ဦး

.

ချစ်ခွင့် မကြုံ


 ❝ ချစ်ခွင့် မကြုံ ❞


( ၁ )


အတန်း ပြီး ချိန် ။


အခန်း ထဲ က ကျောင်းသူ ၊ ကျောင်းသား တွေ အပြင် ကို ဝေါခနဲ လျှံထွက် လာခဲ့သည် ဆိုရင်ပဲ ကိုတွတ် ကို လက် တို့ ပြီး မျှော်လင့် သူ ကို ပြူးပြဲ ရှာဖွေ ခဲ့သည် ။


တွေ့ပြီ ၊ ဒူးကောက်ကွေး ထိ ရှည်လျားလှ တဲ့ ဆံကေသာ အလှ ပိုင်ရှင် လဲ့ဝါ ကို အများ ကြား မှာ ထင်းခနဲ ပါ ပဲ ။ ရင် ထဲ မှာ တဒိန်းဒိန်း နဲ့ ရင်တွေ ခုန် ဒူးတွေ တုန် လာ ရသည် ။


သူမ တို့ တစ်တွေ အဆောင် ပြန် ကြပြီ ။ နောက် ကနေ မသိ မသာ လိုက် ရင်း ကားလမ်းမ ပေါ် ရောက် လာသည် ။


“ ဟေ့ကောင် သွားတော့ ”


ဆိုပြီး ကိုတွတ် က တွန်း လွှတ်သည် ။ ရှက် က လည်း ရှက် ၊ ကြောက် က လည်း ကြောက် နဲ့ လဲ့ဝါ နံဘေး ကို ရောက် သွားသည် ။ လဲ့ဝါ က တအံ့တသြ လှည့် ကြည့်သည် ။


သူ က စပ်ဖြဲဖြဲ လုပ် ရင်း လက် ထဲ က စာအုပ် ကို ထိုး ပေး သည် ။


“ လဲ့ဝါ ဒါလေး ယူ သွားနော် ၊ အထဲ မှာ စာ ပါတယ် ” 


အစ သော် လဲ့ဝါ က ဘာမှ မပြော ။ ရှေ့ကို သုတ်သုတ် လျှောက်သည် ။ သူမ ရဲ့ အဖော်မလေးတွေ က လည်း ပြုံးစိစိ နဲ့ လျှောက် ကြသည် ။ သူ က လည်း ဆက် လိုက် သည် ။


သည်မှာ လဲ့ဝါ က ဗြုန်းခနဲ ရပ် ၊ သူ့ ဘက် ကို ဆတ်ခနဲ လှည့် ကြည့် ၊ မျက်နှာထား တင်းတင်း နဲ့ ဘာမှ မပြောဘဲ သူ ပေး နေ တဲ့ စာအုပ် ကို လှမ်း ယူသည် ။


ပြီးတော့ အထဲ က စာ ကို ယူ ပြီး စာအုပ် ကို သူ့ ပြန် ပေး လိုက် သည် ။ စာ ကို ယူ သွားပြီ ဆိုတော့ သူ့ ရင် ထဲ အရမ်း ဝမ်း သာ သွားသည် ။ ‘ ငါကွ ’ လို့ ပင် အော်လိုက် ချင်သည် ။ သို့သော် သူ့ အပျော် က တာရှည် မခံ ။ လဲ့ဝါ က စာ ကို ဆုတ်ဖြဲ ပြီး လွှင့်ပစ် လိုက် သည် ဆိုတော့ ခြေစုံ ရပ်ပြီး ကြေကွဲစွာ ရပ်ကျန် ခဲ့သည် ။


( ၂ )


ခက်တော့ ခက် နေပြီ ။ စား လည်း သည် စိတ် ၊ သွားလည်း သည် စိတ် နဲ့ မို့ ။ မတွေ့ ရ ပြန်လျှင် လည်း ဘယ်လို မှ မနေနိုင်သည် ကြောင့် သူမ ရှိရာ အရပ် မှာ သူ အမြဲ ရှိ ခဲ့သည် ။


အတန်း ကို ဟုတ်တိပတ်တိ မတက် ။ လဲ့ဝါ နောက် ကို သာ တကောက်ကောက် လိုက် နေခဲ့သည် ။ သို့ပေသည့် အတိတ် ကံ က အားနည်း ရော့ လား မသိ ။ ချစ်ရသူ သည် မကြည်ဖြူ ခဲ့ ။ တွေ့လေ ရာ အရပ် မှာ မျက်နှာကြော တင်းတင်း နဲ့ မျက်နှာ လွှဲ သွားခဲ့သည် ချည်း ။ ရှိ စေတော့ ။


ညနေပိုင်း ရောက် လာသည် ။ ရေချိုး ထမင်းစား ပြီး တာနဲ့ ဘယ်လို ဖြစ်သည် မသိ ။ လဲ့ဝါ ကို အရမ်း တွေ့ချင် လာသည် ။ သည် တစ်ခဏလေး မတွေ့ ရရင် ကို ပဲ ခု ချက်ချင်းပဲ သေသွား တော့မလားလို့ အောက်မေ့ မိသည် ။


ဆိုတော့ ကိုတွတ် ကို အဖော် ညှိသည် ။ မရ ။ တစ်နေကုန် ကျောင်း မှာ တွေ့ပြီး တာ တောင် အားမရနိုင်သေး ။ လွန်လွန်း သည် ဟု ဆိုကာ မြည်တွန်တောက်တီး ရင်း အော်ဂင် တို့ အုပ်စု နဲ့ မြို့ထဲ ပါ သွားသည် ။ 


မထူးတော့ပါဘူး ။ ကိုယ့်ဝမ်း နာ ကိုယ် သာ သိ သမို့ လဲ့ဝါ ရှိ ရာ နှင်းဆီဆောင် ဆီ သို့ ဦးတည် ခဲ့သည် ။ အဆောင် ဆိုပေမယ့် ကျောင်းသူ နှစ်ဆယ် လောက် သာ လက်ခံ ထားသည့် လုံးချင်း တိုက် တစ်လုံးပါပဲ ။


အချိန် က မှောင်ရီဖျိုးဖျ ။ အဆောင် နောက်ဘက် ရေဆိပ် အနီး ချုံကွယ် မှာ အချိန်မီ သူ ရောက် သွားသည် ။ သိပ် မကြာလိုက် လဲ့ဝါ တို့ သုံးယောက် စကားတွေ ဖောင်ဖွဲ့ ပြီး ဆင်း လာ ကြသည် ။ ဘယ်သူမှ မရှိဘူး အထင် နဲ့ စကားတွေ ကို လွတ်လွတ်လပ်လပ်ကြီး ပြော လာ ကြသည် ။


သူ့ စိတ် ထဲ ကြိတ်ပြုံး မိသည် ။ ဪ တို့ ယောက်ျားလေး တွေ စု မိတော့ မိန်းမတွေ အကြောင်း ပြောကြသည် ။ ဟော သူတို့ မိန်းကလေးတွေ စုမိတော့ လည်း ယောက်ျားလေး တွေ အကြောင်း ပြောနေကြသည် ပဲ ။


ဟို နှစ်ယောက် ခြေလက် ဆေး ၊ သွားတိုက် လို့ ပြီးတာ တောင် လဲ့ဝါ က သွားတိုက်လို့ မပြီးသေး ။ အလုပ် လုပ် တာ တယ် နှေးသကိုး လို့ အောက်မေ့ မိသည် ။


လဲ့ဝါ ခြေထောက် ဆေး တော့ ဟို နှစ်ယောက် က စကား ပြော ရင်း ကုန်းပေါ် တက် သွားသည် ။ နောက်က လိုက်ခဲ့ ဆိုတဲ့ သဘော ။ လဲ့ဝါ က “ ဟဲ့ ငါ့ ကို စောင့်ကြဦး ” လို့ လှမ်း အော်သည် ။ 


သည်မှာ မရိုးမရွ နဲ့ ရွတတ ဖြစ်နေတာ က သူ ။ အမှောင် နဲ့ ဆိုတော့ လဲ့ဝါ မှန်း သိပေမယ့် လဲ့ဝါ ကို ကြည့်ရ ၊ မြင်ရတာ အားမရ နိုင်တာကြောင့် ရှေ့ကို  တိုးရင်း ကုန်းကုန်းကွကွ နဲ့ အား ယူပြီး အကြည့် ...


ချုံနွယ်တွေကို ဖယ်ရှား တဲ့ ချိုးချိုးချွတ်ချွတ် အသံဗလံတွေ က ရုတ်တရက် ထွက် လာတော့ ထိတ်ခနဲ တုန် သွားတဲ့ လဲ့ဝါ က နောက် ကို ဖျတ်ခနဲ လှည့် အကြည့် ... 


သည် မှာ ဘာမှန်း မသိတဲ့ မည်းမည်း ၊ မည်းမည်းနဲ့ အကောင် ကြီး တစ်ကောင် ကို လှမ်း အတွေ့ ကြောက်စိတ် တွေ တစ်ကိုယ် လုံး တုန်တက် ပြီး ထိတ်လန့် ကြောက်ရွံ့ စွာ နဲ့ ငယ်သံပါအောင် အော် တော့သည် ။


“ အမလေး လာကြပါဦး သရဲ ၊ သရဲ ” 


သူမ အသံ ကို ကြားတာ နဲ့ ကုန်း ပေါ် က နှစ်ယောက် တစ် ချက် သာ လှမ်း ကြည့်ပြီး တစ်ချိုးတည်း ပြေး တော့သည် ။ သူမ ခမျာ ကြောက်လွန်း လို့ လက် ထဲ က ရေခွက် ၊ ဆပ်ပြာ နဲ့ သွားပွတ် တံတွေ အောက် ကို လွတ်ကျ ကုန်သည် ။


ဘာကို မှ ပြန် မကောက်နိုင်ဘဲ ကုန်းပေါ် ကို ဒရောသောပါး တက် ပြေးသည် ။ 


သည်တော့မှ သူ့ မှာ လည်း စိုးရိမ်စိတ် ထောင်းခနဲ ထ ပြီး နောက်ကြောင်း ကို မာရသွန်နှုန်း နဲ့ အားကုန် ပြေး တော့သည် ။


( ၃ ) 


အာစရိယ ပူဇော်ပွဲ ။


အခမ်းအနား က စည်ကား လွန်းသည် ။ ဆရာ ၊ ဆရာမတွေ ကို လက်ဆောင်ပစ္စည်းတွေ နဲ့ ကန်တော့ကြ ။ ဆရာ ၊ ဆရာမတွေ က ဆု ပေးကြ ။ ဒန်ပေါက် နဲ့ အချိုရည်တွေ စားကြ သောက်ကြ နဲ့ ပျော်စရာ ကောင်းသည် ။


တစ်ဆက်တည်း ကျောင်းသားတွေ ဦးစီး တဲ့ ခေတ်ပေါ် တီးဝိုင်းအဖွဲ့ နဲ့ တွဲဖက်ပြီး အဆိုရှင် ကျောင်းသူ ၊ ကျောင်းသားတွေ က အလှည့်ကျ သီဆို ကြသည် ။


သည်မှာ ကိုတွတ် က သူ့ ကို မြှောက် ပေးသည် ။ ရှေ့ဆုံးနား မှာ ထိုင် နေတဲ့ လဲ့ဝါ ကို လည်း ညွှန်ပြသည် ။ သည်အချိန် ဟာ မဟာ အခွင့်အရေး ဖြစ်တာကြောင့် ကိုယ့် အစွမ်းအစ ကို ထုတ်ပြ ရမည် ။


စတိတ် ပေါ် တက်ပြီး သီချင်း တစ်ပုဒ် ကို အကောင်းဆုံး ဟဲပြ လိုက် လျှင် မိလဲ့ဝါ တစ်ယောက် အပြတ် ကို ကြွေသွားရမည် ဟူ၍ ။


သူ ပြောတာ ဟုတ်သလို ပါ ပဲ ။ ခက်တာ က သည်လို တီးပိုင်း မျိုး နဲ့ သည်လို စတိတ်စင် ပေါ် မှာ တစ်ခါဖူး မျှ မဆိုဘူးတာ က ခက် နေသည် ။ 


ဒါကို ပြောပြတော့ ကိုတွတ် က လက်မခံ ။ ယောက်ျား ပဲ သည်လောက်တော့ စွန့်စားရမှာပေါ့ တဲ့ ။ အရေးကြီးတာ က လဲ့ဝါ အထင် ကြီး သွားဖို့ က အရေးကြီး သည် ဟူ၏ ။


သည်လိုနဲ့ ကိုတွတ် ရဲ့ စီစဉ်ပေးမှု နဲ့ အစီအစဉ် ကြေညာတဲ့ ကျောင်းသူ က သူ့ နာမည် နဲ့ သူ ယူတဲ့ မေဂျာ ကို ကြေညာ လိုက် သည် ။


သီဆိုမယ့် သီချင်း က ' ဘယ်ပန်းချီ ရေးလို့မမီ ' ဟူ၍ ကြေညာ လေသော အခါ လက်ခုပ်သံတွေ သောသောညံ သွား ခဲ့သည် ။ ရဲဆေး တင်ပြီး တီးဝိုင်း အဖွဲ့ ရဲ့ ရှေ့ မှာ ရပ်သည် ။ ပရိတ်သတ် ကို လက်အုပ်ချီ ဂါရဝ ပြုရင်း လဲ့ဝါ ကို လှမ်း ကြည့်သည် ။ လဲ့ဝါ က ခေါင်းကြီး ငုံ့ ထားသည် ။ ဩော် ငါ့ ကို အတော် မေတ္တာ ထား ပါ လား လို့ အောက်မေ့ မိသည် ။ 


သည်မှာ တီးခတ်သံ က ထွက် လာသည် ။ ရော် ခက်ပြီ ။ သီချင်း ကို ဘယ်နေရာ က စ ဝင်ရမှန်း မသိ ။ ဟုတ်မယ် ထင်တဲ့ နေရာ က သီချင်း ကို စ ဆိုလိုက်သည် ။


“ ဘယ်ပန်းချီ ရေးလို့ မမီ ” စသည်ဖြင့် ဆို သွားသည် ။ 


ဟုတ်သလိုလို ပါပဲ ။


ဒါပေမဲ့ သူ့ အသံ က ဘာဖြစ်လို့ သည်အချိန် ကျ မှ တုန်ခါ နေ ရတာလဲ ။ ကိုယ့် ကိုယ် ကို လည်း မကျေနပ် ချင် ။ ဘာဖြစ်လဲ မသိ ။ ပရိတ်သတ်ကြီး က စပ်ဖြဲဖြဲ လုပ် နေကြသည် ။


သူ့ နောက် က ဂစ်တာသမား တစ်ယောက် စိတ်ပျက် သွား ပုံ ရသည် ။ ဘာမှ ဆက် မတီးတော့ ။ ဒရမ်သမား က တော့ သူ ဆို တာ ကို ကြည့်ပြီး တခွီးခွီး နဲ့ သဘောကျ နေသည် ။


သည်မှာ ပြဿနာ က ဝင် လာသည် ။ သီချင်း နောက် တစ်ပိုဒ် အကူး မှာ သီချင်း စာသား မေ့ နေသည် ။ စိတ် ထဲ ပေါ်တာ ဟုတ် မလား လို့ ဆို ကြည့်သည် ။ မဟုတ်မှန်း သိလိုက်တာ နဲ့ သီချင်းသံ က ထစ်ထစ်ငေါ့ငေါ့ ဖြစ် နေသည် ။


ဇောချွေးတွေ ပျံ လာသည် ။ ကြောက်စိတ် တွေ ဝင် လာသည် ။ ပုဆိုး အောက် က ဒူးနှစ်လုံး တဆတ်ဆတ် တုန် နေပြီ ။ မိုက်ကရို ဖုန်းတိုင် ကို လှမ်း ကိုင် တော့ လည်း နတ်ပူး သလို တဆတ်ဆတ် တုန် နေသည် ။


မဟာအရှက်တော် ကွဲရပြန် ပြီပေါ့ ။ သည် မှာ တီးဝိုင်း က အတီး ကို ရပ် လိုက်သည် ။ ပရိသတ် ကို ပြူးကြောင်ကြောင် ကြည့် နေရာက နောက် မှ သတိ ဝင်ပြီး အောက် ကို တစ်ဟုန်ထိုး ပြေးဆင်း သည် ။


တစ်ခဏချင်း ရယ်မောသံတွေ ဆူညံ သွားခဲ့သည် ။


( ၄ )


စာမေးပွဲကြီး စစ်ပြီး သွားလို့ ကျောင်းတွေ ပိတ်လိုက်ပြီ ဆို တော့ ကျောင်းသူ ကျောင်းသားတွေ ဇာတိ ရပ် ထံ ပြန် ကုန်ကြပြီ ။ လဲ့ဝါ နဲ့ ခွဲရတော့မှာ မို့ သူ့ ရင်ထဲ အသည်း ခိုက်အောင် နာကျင် နေသည် ။


သည် နေ့ လဲ့ဝါ တို့ ပြန်မည် ဟု ကိုတွတ် က သတင်း ပေး သည် ။ ဆိုတော့ ကိုတွတ် ကို အဖော် ပြုပြီး ဘူတာရုံ ကို အစောကြီး ကတည်း က ရောက် နေသည် ။ ရထား က နံနက် ၇ နာရီ ထွက် မည် ။


မကြာပါ ။ ရထား နဲ့ ပြန်ကြမယ့် ကျောင်းသူ ကျောင်းသား တွေ အငှားဂျစ်ကားတွေ နဲ့ တဖွဲဖွဲ ရောက်လာ ကြသည် ။ လဲ့ဝါ တို့ လည်း ပါ လာသည် ။


လဲ့ဝါ ရဲ့ ပြုံးရွှင် နေတဲ့ လှတစ်မျက်နှာလေး ကို တဒင်္ဂ မြင် လိုက်ရတာ နဲ့ ပဲ ရင်ထဲမှာ ထာဝရ အေးမြ လို့ သွားခဲ့ ရသည် ။ 


ရထား ပေါ် တက်ပြီး နေရာ ယူကြသည် ။ လဲ့ဝါ ဘယ်နေရာ ထိုင် မလဲလို့ အမောတကော ရှာဖွေ ကြည့်သည် ။ ဟော လဲ့ဝါ က ပြတင်းဝ နား မှာ ထိုင် နေပြီ ။


လဲ့ဝါ က ခုထိ သူ့ ကို မမြင်သေး ။ ကိုတွတ် က သူ့ အနား မှာ ကပ်ပြီး တိုးတိုးလေး ပြောသည် ။


“ ဒါ နောက်ဆုံး အချိန် ၊ ဘယ်သူ မဆို ကြေကွဲ နေတဲ့ အချိန် ၊ သည် အချိန် ဟာ ရန်သူ ကို တောင် ခွင့်လွှတ်နိုင် တဲ့ အချိန် မို့ လဲ့ဝါ ဆီ သွားပြီး နှုတ်ဆက် သင့်တယ် ”


ဘယ်နည်း နဲ့ မဆို သဘော ကောင်း လှ တဲ့ လဲ့ဝါ အနေ နဲ့ အနည်းဆုံး နှုတ်ဆက် စကားလေး တော့ ပြန် ဖြေ နိုင်သည် ဟူ၏ ။ 


သည်တော့ သူ စဉ်းစားသည် ။ ဟုတ်သည် ။ သွားသင့်သည် ။ ဒါ နောက်ဆုံး အချိန် ပဲ ။ နောက် တွေ့ဖို့ ဆိုတာ မလွယ်တော့ ။ လဲ့ဝါ နဲ့ သူ နဲ့ က တစ်မြို စီ နေ ကြသည် ။ ဝေးကွာ ကြသည် ဆိုတော့ လဲ့ဝါ ရှိရာ ကို စွပ်ခနဲ တန်းတန်းမတ်မတ် တစ်ရှူး ထိုး ထွက် သွားသည် ။ ဘယ်ကို မှ မကြည့် ။ ဘယ်သူ့ ကို မှ လည်း မမြင် ။ လဲ့ဝါ ကို သာ မြင်သည် ။


သည်မှာ သူမ ဆီ တန်းတန်းမတ်မတ် လျှောက်လှမ်း လာတဲ့ သူ့ ကို လဲ့ဝါ က လှမ်း မြင်သွားသည် ။ စိတ် ထဲ မှာ တကယ့် ကို မကောင်း ဖြစ်သွားသည် ။ သည် ဘဝ ရေစက် မပါလေတော့ သူ့ ကို ဘယ်လို မှ ပြန် ချစ်လို့ မရခဲ့ ။


ဘာရယ် မဟုတ် ။ ရင် ထဲ မှာလည်း ဆွေးဆွေးမြည့်မြည့် ဖြစ် နေတာမို့ လာ နေတဲ့ သူ့ ကို ငေးပြီး ကြည့်နေ မိသည် ။ 


တစ်ခါမှ သူ့ ကို သည်လို ငေး ကြည့် နေတာ မျိုး မကြုံဘူး လေတော့ ရင် ထဲ မှာ ဒိန်းတလိန်းတွေ ဖြစ်ပြီး ခြေလှမ်း ကို သွက်သွက် လျှောက် သည် ။


နီးပြီ ။ ရထား ပြတင်းပေါက် နဲ့ နီး သထက် နီး လာပြီ ဆိုရင် ပဲ ဘာ ဖြစ်သွားသည် မသိ ။ ခြေတစ်ဖက် က တစ်စုံတစ်ရာ ကို သွား နင်း မိသည် ။ ဗြိခနဲ အသံ မြည်လျက် ရှေ့သို့ ရှောခနဲ ဖြစ်သွား သည် ။ ခန္ဓာကိုယ် သည် ဟန်ချက် ပျက် လျက် လဲပြိုလု မတတ် ခြေကားယား လက်ကားယား ဖြစ်သွားသည် ။ 


ဘာပါလိမ့် လို့ အောက် ကို ငုံ့ ကြည့် တော့ ... 


“ ဟိုက် ချေးပုံကြီး ”


သွားပြီ ။ အပေါ် ကို မော့ ကြည့် တော့ စောစောက နေရာမှာ လဲ့ဝါ မရှိတော့ ။


နေရာမှ ချာခနဲ လှည့် လျက် နောက်ကြောင်း ဆီ သို့ ... ။


◾တက္ကသိုလ်စိုးနောင်


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၁ ) 

      ၂၀၀၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး


.

အမှာ လိုလို ဘာလိုလို တစ်ထွာတစ်ညို စာတိုလေး


 

❝ အမှာ လိုလို ဘာလိုလို တစ်ထွာတစ်ညို စာတိုလေး ❞

မောင်ဝဏ္ဏ ၏ ‘ ပန်းတွေနဲ့ ဝေ ’ ဝတ္ထု ၊ သုမောင် ၏ ‘ ချစ် - ချစ် - ချစ် တစ် - နှစ် - သုံး ’ ဝတ္ထု ၊ မင်းလူ နှင့် သူ့ သူငယ်ချင်းများ ဖြစ်သော ကိုမိုး ၊ မြင့်ကောင်း ၊ မောင်မောင်စနေ ၊ သားကြီးမောင်ဇေယျ တို့ ရေးသည့် ‘ မိုးထဲက နှင်းဆီ ’ ဝတ္ထုများ တွင် ကျွန်တော် သူတို့ ပြော အပြီး မှာ ပင် ‘ အင်းရေး မယ် ' ဟု ဆိုကာ လိုလိုချင်ချင် ရေး ပေး လိုက်သည် သာ ဖြစ်၏ ။ ပေါ့ပါး သွက်လက်စွာ ရေး လိုက်သည် သာ ဖြစ်ပါ၏ ။

ယခု -

ဆရာကြီး ဦးသာဓု ၏ ‘ အနုဝင်္ကပါ ’ စာအုပ် အတွက် အမှာစာ ရေးပေးပါ ဟု ထုတ်ဝေသူ ကိုတင်မောင်ကြည် က မင်းလူ ကို ပါ အဖော် ခေါ် လာပြီး ကျွန်တော့် ကို တာဝန် ပေးလာ သော အခါ ...

ကျွန်တော် တွန့် သွားရသည် ။ ကြားရရုံ ဖြင့် ပင် လက်ရွံ့ သွားသည် ။ သို့သော် ဆရာ့ စာအုပ် ဖြစ်၍ အခွင့်အရေး ပေး လာချိန် မှာ ရေး ကလည်း ရေး ချင်ချင် ၊ ‘ အနုဝင်္ကပါ ’ ဖြစ်၍ လည်း ပြောစရာ ရေးစရာ တွေ က ကျွန်တော့် ဆီ မှာ တစ်ပုံ တစ်ပင် ။

“ စဉ်းစား မနေနဲ့ ဆရာပြည့် ၊ ဆရာပြည့် ရေး ကို ရေး သင့်တယ် ။ ဘာဖြစ် လို့ ဆို ‘ အနုဝင်္ကပါ ’ ဆောင်းပါးတွေ အားလုံး က ဆရာပြည့် ရဲ့ ‘ ချယ်ရီ ’ မဂ္ဂဇင်း မှာ ရေးခဲ့တာတွေ လေ ၊ ပြီးတော့ သည် ဆောင်းပါးတွေ ရေးဖြစ် လာ တာ ကလဲ ဆရာပြည့် နဲ့ ပတ် သက်ပြီး ...”

“ ဟုတ်ပါပြီ ၊ ငါ စဉ်းစား နေတာ က မရေးဘူး လို့ ငြင်းဖို့ စဉ်းစား နေတာ မဟုတ်ပါဘူး ။ ဆရာကြီး ဦးသာဓု ရဲ့ စာတွေ ရှေ့မှာ ငါ့ ရဲ့ အမှာ လိုလို ဘာလိုလို စာတွေ က ကိုးလိုးကန့်လန့် ဖြစ်နေမယ် ဆိုရင် အားလုံး မကောင်းဘူး လေကွာ ။ မဆီလျော်တာမျိုး ။ အမြင် ခံရရင် ပို ဆိုးတာပေါ့ ။ အဲသလိုမျိုးများ ဖြစ်သွား လို့ ဆရာ သာ ရှိရင် ကလော် တုတ်ပြီး ဖနောင့် နဲ့ ထ ပေါက် မှာ ။ အနီးအနား မှာ မရှိ ရင် လဲ ဖတ်ပြီး တာ နဲ့ “ ဒါ ... အောင်ပြည့် ရေးတာလား ၊ အဲဒီ သေနာကောင် ခွေးသူတောင်းစား ကို ဖုန်း ဆက်ပြီး ခေါ်လိုက်စမ်း ”  ဆိုတဲ့ အသံနက်နက်ကြီး ကို ကြားယောင်မိသေးတော့ ကွာ ... ”

“ အဲဒီလို ဖြစ်လိမ့်မယ် လို့ ဆရာပြည့် က စိုးရိမ်တယ် မဟုတ်လား ”  

ငြိမ် နားထောင် နေသော မင်းလူ က စကား ဝင် ထောက် သည် ။

“ ဒါပေါ့ကွ ”

ကျွန်တော် က လည်း ရင်ထဲ ရှိစွဲ ကို ဖြေ လိုက်သည်  ။

“ မှားသွားပြီ ”

မင်းလူ က ပြောပြီး သူ့ အမူအရာ မထုံတက်သေး ဖြင့် မေးစေ့လေး ပွတ် ကာ ခေါင်း တညိတ်ညိတ် လုပ်နေ၏ ။

“ မင်း ကလဲ သိရဲ့ သားနဲ့ ”

ကျွန်တော် က အားမလို အားမရ ဖြစ်ရာ က ပြန် ပြော ရ၏ ။

“ သိ လို့ ပြော တာပေါ့ ၊ ဆရာပြည့် မှား သွားပြီ ၊ ဆရာပြည့် ရဲ့ အမှာစာ ကို ဖေဖေ ဖတ်ဖြစ် ရင် အဲသလို ပြော မှာ မဟုတ်ဘူး ”

“ ဒီ့ ထက် ပို ဆိုးမှာ လို့ မင်း ပြောမ လို့ မဟုတ်လား ”

“ ဟာ ... မဟုတ်တာ ”

သည် တစ်ခါတော့ မင်းလူ က ခါး ကို မတ် လိုက်ပြီး ပြောပြောဆိုဆို ခေါင်းယမ်း ခါသည် ။ မျက်နှာ က တော့ ရှုတည်တည် ။

“ ဒါဖြင့် ပြောပါဦး မင်းရဲ့ ထင်ကြေး ”

“ အောင်မယ် ... ခွေးကောင် သေခြင်းဆိုးလေး ... လို့ တော့ ဆိုချင် ဆိုမယ် ။ ပြီးတာ နဲ့ ပြုံးပြုံးကြီး လုပ်ပြီး သားကြီးအောင်ပြည့် ကို ခု ချက်ချင်း လာ လို့ ဖုန်းဆက် ပြီး ခေါ် လိုက်စမ်း ဆိုပြီး တစ်ယောက် ယောက် ကို ခိုင်းတော့ မှာ ”

ကျွန်တော် နားထောင်ရုံ နားထောင် ပြီး ငြိမ်နေ လိုက် မိသည် ။ ဆရာ ဦးသာဓု သည် ကျွန်တော့် ကို လိုလိုလားလား ရှိ ချိန် ၊ စကား ပြေပြေ ပြောလို ချိန် မျိုး ၌ သားကြီး ဟု လည်းကောင်း ၊ သားကြီးအောင်ပြည့် ဟု လည်းကောင်း ၊ ရင်းရင်းနှီးနှီး စေးစေးပိုင်ပိုင် ခေါ်တတ် ပါသည် ။

ကျွန်တော့် အပေါ် မကျေနပ် သော အခါ ကျီစယ် လိုသော အခါ ၊ ချစ် ဒေါသ နှင့် ဆဲဆို ရှင်းပြ လိုသော အခါ တို့ ၌ ‘ သေခြင်းဆိုး ’ တွေ ရော ၊ ‘ သေနာကောင် ’ တွေ ရော ၊ ‘ ခွေးသူတောင်းစား ’ တွေ ရော ၊ ‘ မသာ လေး ’ ရော အခေါ်အဝေါ် တွေ ပြောင်း သွား ကာ ဝိသေသန အသစ်တွေ ထည့် ခေါ် ၊ ထည့် ရေး လုပ်လေ့ ရှိသည် ။

ယင်းကို အကြောင်း သိ ဖြစ်သော မင်းလူ က ကျွန်တော့် ကို မြှူဆွယ် ၍ ဆွပေး နေခြင်း ဖြစ်ကြောင်း ကျွန်တော် နားလည် လိုက်ပါသည် ။

မည်သို့ ရှိစေ ...

သူတို့ နှစ်ယောက် ၊ အရိုးစစ် ၊ အတည်မျိုးတွေ ပြောနေ လေရကား ဆရာ အသက် ရှိနေ ဆဲ ဟု မှတ်စွဲရင်း ဆရာ့ ကို ကန်တော့ ကာ ဤအမှာ လိုလို ဘာလိုလို စာတို ကို ဝံ့ဝံ့ရဲရဲ ပင် ရေးဖို့ ဆုံးဖြတ် လိုက် မိပါသည် ။

အမှတ် ( ၁ ) ကို ၁၉၈၄ ခု ၊ သြဂုတ်လ မှာ စတင် ထုတ်ဝေပါသည် ။ ပိုင်ရှင် အယ်ဒီတာချုပ် ဗိုလ်မှူးကြီးဟောင်း တင်မောင် ( ဆရာမြတ်ထန် ) က တာဝန် ပေး သောကြောင့် ကျွန်တော် သည် မဂ္ဂဇင်း မထွက်မီ နှစ်လ ခန့် အလို ၁၉၈၄ ဇွန်လ မှ စ၍ တာဝန်ခံ အယ်ဒီတာ အဖြစ် အားထုတ် စိုင်းပြင်း ရ ပါသည် ။ နေ့ မအား ည မအား အလုပ် လုပ် ရပါသည် ။ ကိုယ်စွမ်း ဉာဏ်စွမ်း စွမ်း သမျှ ကြိုးပမ်း ရ ပါသည် ။ ဆရာကြီး ၊ ဆရာလတ် ၊ ဆရာငယ် ပုဂ္ဂိုလ်စုံ ထံ သြဝါဒခံရန် ခိုလှုံ ရ ပါ သည် ။ ဆရာကြီး ဦးသာဓု ထံ သို့ ကား ချောင်း ပေါက်လု မျှ ပင် ။

ကဏ္ဍများ စွာ စီမံ ဖန်တီး နေစဉ် အတွင်း ပထမ သော် ဆရာကြီး အချို့ ထံမှ ဝတ္ထုရေးနည်း အတွက် လမ်းညွှန်ချက်မျိုး သက်ဝင် သော ဝတ္ထုမျိုးများ တောင်း ပါသည် ။ ဆရာကြီးများ က လည်း ဝတ္ထု ဆိုင်ရာ အယူအဆ သဘောထား နှင့် ဝတ္ထုတို တစ်ပုဒ် ကျ စီ ရေးပေး ပါသည် ။ ဆရာကြီး ဦးသာဓု က လည်း ‘ အရှင်ကြီး ’ ဟူသော ဝတ္ထုတို နှင့် တကွ ထို ဝတ္ထုတိုလေး ရေးရန် ဖန် လာပုံ မှ အစ တွေးပုံ ၊ အကွက် ဆင်ပုံ ၊ အချိတ်အဆက် လုပ်ပုံ ၊ ဖန်တီးပုံများ ကို ရှင်းချက်များ နှင့် တကွ ‘ ဝတ္ထု
ရေးနည်းဝတ္ထု ’ တို တစ်ပုဒ် အဖြစ် ကြွရွ ပုံပေါ် လာအောင် အဆန်းတကြယ် ရေး ပေး ပါသည် ။

သို့သော် နောက်လ နောက်လ များ အတွက် ဆရာ့ ထံ မှ ဝတ္ထု တောင်းရန် အကျပ် တွေ့ လာပါ တော့သည် ။ လ စဉ် ဝတ္ထု ရ နိုင်ရန် အခြေအနေ မပေး သောကြောင့် ဆောင်းပါး တစ်ပုဒ် ပုံမှန် ရ နိုင်ရန် ကျွန်တော် ကြံစည် စိတ်ကူးရ ပါ တော့သည် ။ ဤမှာ ပင် ‘ အနုဝင်္ကပါ ’ ၏ ဇာတ်လမ်းလည်း စ ပါ တော့၏ ။

“ အောင်ပြည့် ကြောင့် သာဓု တွင် ပြဿနာ တစ်ရပ် နှင့် လက်ထပ် ရ သလို ဖြစ်နေ ချေပြီ ။

အကြောင်းသည် ကား ...

သူ ( အောင်ပြည့် ) တာဝန် ယူ ထားရသော ချယ်ရီမဂ္ဂဇင်း အတွက် ပွဲဦးထွက် အနေ ဖြင့် သာဓု ရေးနည်း ဟူသော “ အရှင်ကြီး ” ဝတ္ထု ရေး ပေးလိုက် အပြီး နောက် တစ်လ တွင် ဝတ္ထု မရေးနိုင် ဖြစ်နေ ချိန် ..

“ ဆရာ ဝတ္ထု မရေးနိုင်လဲ တစ်မျက်နှာ - နှစ်မျက်နှာ စာ လောက်ဖြစ်ဖြစ် ဆောင်းပါးလေး တော့ ရေးပေးပါ ဆရာ ၊ ဘာအကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ”

သာဓု စဉ်းစား၏ ။ အဘယ် မည်သော အကြောင်းအရာ ကို ရေးလျှင် ကောင်းမည်နည်း ။

စီးကရက် သုံးလေးဖွာ မျှ အကြာ တွင် ကောက်ကာ ငင်ကာ ..

“ ရုပ်ရှင် အကြောင်းကော ဆရာ ”

သာဓု အဖို့ လွယ် နေသော အကြောင်းအရာ ဖြစ်၍ ...

“ အေး ... ကောင်းသားပဲ ”

“ နာမည် ခေါင်းစီး ဘယ်လို တပ် မလဲ ဆရာ ၊ ကျွန်တော် ပန်းချီအပ်လိုက် တော့မယ် ”

“ မင်း ဟာ ကလဲ လောလှချေလား ကွ ”

“ မလောလို့ မရဘူး ဆရာ ၊ ဆရာ လဲ မဂ္ဂဇင်း ထုတ်ခဲ့ဖူးတာ ၊ ဆရာ သိသား  ၊ သြ ... ဆရာ ... ‘ အနုပညာ ဝင်္ကပါ မှာ ’ ဆိုရင် ကော ... ”

သာဓု ကို ဗိုလ် ခန့်ပြီး သူ က ချည်း ရှေ့ မှ ချီတက် နေ သဖြင့် ...

“ နေဦးကွာ ၊ ဆရာ စဉ်းစားဦးမယ် ... ”

သူ ဆေးလိပ် တစ်လိပ် ထုတ်သည် ။ သာဓု က စီးကရက် ပေးသည် ကို မယူ ၊ သနပ်ဖက် ကို သာ သူ နှစ်သက်ပုံ ရသည် ။

“ ဟေ့ .. ဒီလို လုပ်ကွာ ၊ ( ပညာ ) တို့ ( မှာ ) တို့ ဖြုတ် လိုက် ၊ ( အနုဝင်္ကပါ ) ပေါ့ ။ ဒါတောင် ဆရာ့ အာဘော် ၊ ဆရာ့ အရေးအသား နဲ့ ၊ ပျော့ သလိုလိုပဲ ... ”

“ ဒီအတိုင်း ကောင်းပါတယ် ဆရာ ”

“ အေးလေ ... ထားပေါ့ ”

သို့နှင့် အနုဝင်္ကပါ ကို စ ရေး လိုက် မိရာ မှ လစဉ် လိုလို အပူ ကပ်လေတော့၏ ။ အမှန်အားဖြင့် အနုဝင်္ကပါ ကို လစဉ် ပင်တိုင် ရေးရန် လုံးဝ စိတ်မကူးခဲ့ ။ ရေးချင်ချင် ရှိလာ က ရေးမည် ။ စိတ် မပါသော် မရေး ။

ထိုအတိုင်း သဘော ထားခဲ့ သော်လည်း နောက်ပိုင်းတွင် မူ အောင်ပြည့် တို့ နားပူ နားဆာ လုပ် ကြသည် ထက်  သာဓု ၏ စာရှုပရိသတ် တို့ က စာ အားဖြင့် လည်းကောင်း ၊ ဖုန်း ဆက်၍ တစ်သွယ် ၊ အသံကျယ်ကျယ် တောင်းဆို လာကြသည် ကို လေးစားသော အားဖြင့် မရေးဘဲ မနေသာသည့် ပြဿနာ တစ်ရပ် ဖြင့် လက်ထပ် လိုက်ရဘိ သို့ ...

လဆန်း ( ၁ ) ရက် ၊ ( ၂ ) ရက် လောက် ဆိုလျှင် ထွက်ပြီး စာအုပ် နှင့် စာမူခ ပို့ ရင်း နောက်လ အတွက် ဆောင်းပါး တောင်း တော့၏ ။

... ဟူ၍ ၁၉၈၄ ဒီဇင်ဘာလ ချယ်ရီမဂ္ဂဇင်း တွင် ဆရာဦးသာဓု ရေး သကဲ့ သို့ ‘ အနုဝင်္ကပါ ’ ဆောင်းပါး များ ကို လစဉ်မပြတ် ဆက်ကာ ဆက်ကာ ဖော်ပြ နိုင် လာခဲ့ပါသည် ။

အနုဝင်္ကပါ ၌ အနုပညာရေးရာ စိတ်ဝင်စားဖွယ်ရာ အကြောင်းရပ် များ အပြင် အနုပညာ လောကသား အားလုံး အတွက် များစွာ အကျိုးပြု သော သတိပြုစရာ ၊ ဆင်ခြင်စရာများ ပါ ဖတ်လာ ရ ပါသည် ။ အနုပညာ ဝါသနာ ကြီးသော လူငယ်လူရွယ်များ အတွက် လည်း ဆောင်ရန် ရှောင်ရန် လမ်းညွှန်ချက်များ ထုတ်ယူ ရရှိ နိုင် လာပါသည် ။

ထို့ထက် ကား ...

အနုပညာလောက မှ အယုတ္တမာများ ၏ ကောက်ကျစ် ယုတ်မာရိုင်းပျ ပက်စက်သော လူ မဆန်သည့် အပြုအမူများ ကို ပယ်ပယ်နယ်နယ် ၊ ရှင်းရှင်းပြတ်ပြတ် ၊ ပီပီပြင်ပြင် ၊ ဖွင့်ချ ဖော်ထုတ် ပေး၍ ဖတ်ရသူ တိုင်း ကျေးဇူး တင်စရာ ဖြစ်လာခဲ့ပါသည် ။ ပတ်သက် ဆက်စပ် လာ၍ ကိုးကား ရှင်းပြ ရာ တွင် ဆောင်းပါးတိုင်း သည် ပြောင်မြောက်ရှင်းလင်း ပြတ်သားသော အရေးအသားများ ကြောင့် စူးရှ ထက်မြက်လှပါသည် ။ တိုက်ရိုက် တဲ့တိုး ၊ အကျိုး ရှိရှိ ၊ ချက်သိ ၊ ကွက်တိ ၊ ဒက်ထိ ဖွင့်ဆိုချက်များ ချည်း သာ ဖြစ်သည် ။

ထို့ပြင် ..

စာ အရေးအသား အမှား ၊ စာ စကား အထားအသို အမှား ၊ စကား သုံးနှုန်းပုံ အမှား ၊ စာစီကုံး ရေးထုံး အမှား ၊ မြန်မာသဒ္ဒါ အသုံးအနှုန်း အမှား ၊ အယူအဆ အမှား များ ကို လည်း  စာပေဝါသနာရှင် များ ၊ ပညာသင်များ ၊ စာပေ ပညာ ဖြင့် လုပ်ကိုင် စားသူများ ပါ သတိပြု စရာ ဖတ်မှတ် လေ့လာနိုင်ပါသည် ။ ဆရာ က နားလည် လွယ်စိမ့်သောငှာ ဆွေးနွေး ရေး ပြော ခဲ့ခြင်းများ ဖြင့် အနုဝင်္ကပါ ကို ဘက်စုံ စေ ခဲ့ပါသည် ။

အနုဝင်္ကပါ ဆောင်းပါး အားလုံး လိုလို မှာ ကား သွက်လက်သော အရေးအသား ထက်မြက်သော သုံးသပ်ချက်များ ဖြင့် စူးစူးရဲရဲ ထဲထဲ ဝင်ဝင် ၊ ကြည်လင် ပီပြင်စွာ ဖွင့်ဆို ရှင်းပြခြင်းများ ဖြစ်သည် ။ အနုပညာ လောက ရှိ ကတုံး ပေါ် ထိပ်ကွက် သူများ ၊ သူ တစ်ပါး မျက်ခုံးမွေး ပေါ် စင်္ကြံ လျှောက်သူများ ၊ ဘယ်သူ သေသေ ငတေမာ ပြီးရော ဟူသော သဘောဖြင့် လူလည် လုပ် သူများ ၊ ကျား ငစဉ်းလဲများ ၊ လိပ် လို ၊ ပေါက်တူး လို ကျင့်သူများ ၊ မိမိ ကိုယ် မိမိ ထင် တစ်လုံးဖြင့် ထင် နေကြ သော ကိုထင်ကြီး မထင်ကြီးများ ၊ ငါးကြီးငါးကောင်း ဝါဒသမားများ ၊ အမေကျော် ထွေးတော် လွမ်းသူများ ၊ ပထွေး ကို အဖေ ထင်သူများ ၊ ဇာတ်တူသား စားသူများ  ၊ နှမချင်း မစာနာသူများ ၊ သားသမီးချင်း မစာနာသူများ ၊ တစ်ပါး တစ်ယောက် အောင်မြင် ဖြစ်ထွန်း လျှင် မရှုဆိတ်နိုင်သူများ ၊ ဝန်တို မိစ္ဆာများ သူများ ၊  တစ်ပါးသူ ဒုက္ခများ မှ စားကောင်း အိပ်ပျော် နေပျော်သူများ စသည် .. စသည် .. စသည် များစွာ တို့ ၏ စရိုက်ဆိုး အကျင့်ဆိုးများ ကို ကာယကံရှင် တို့ ၏ အငြိုငြင် ခံကာ “ မခံနိုင် ရင် အဲသလိုတွေ မလုပ်နဲ့ ၊ လုပ် နေရင် သိလာလို့ က တော့ ဖွင့်ချ မှာ ပဲ ၊ ရေးပြော မှာ ပဲ ၊ မခံနိုင်ရင် လဲ သေ ”  ဟူသော ဆရာ့ မူ အတိုင်း အများ အကျိုး ဆောင် ကာ ကလောင် ကို ချွန်ထက် စေခဲ့သည် ။

ဝါသနာ ကို ခုတုံး လုပ် ၊ ယုံစားအားကိုးမှု ကို ခုတုံး လုပ် ၊ အတတ်ပညာ ကို ခုတုံး လုပ် ၊ ရိုးသား မှုကို ခုတုံး လုပ် ကာ ယုတ်ညံ့စွာသော အပြုအမူများ လုပ်ခဲ့သူ ၊ လုပ်နေသူ ၊ လုပ်ရန် တာစူ နေသူ များ ကို လည်း အနုဝင်္ကပါ မှ တစ်ဆင့် တားမြစ် ပိတ်ဆို့ နိုင် ခဲ့သည် ။ နားမလည် သူတို့ ကို လည်း နားလည် အောင် သွန်သင် နိုင် ခဲ့သည် ။

ရိုးသားသူ ၊ ဖြောင့်မတ်သူ ၊ ထက်မြက်သူ ၊ သွက်လက်သူ ၊ ကြီးသူ ငယ်သူ မည်သူ့ ကို မဟူ အနုဝင်္ကပါ တွင် ဂုဏ်ထင် စေခဲ့သည် ။

ရိုင်းစိုင်းသူ ၊ ယုတ်မာသူ ၊ ကောက်ကျစ်သူ ၊ စဉ်းလဲသူ ၊ ပက်စက်သူ ၊ ရက်စက်သူ ၊ ကြီးသူ ငယ်သူ မည် သူ့ကို မဟူ အနုဝင်္ကပါ တွင် စင်တင် ၍ ရှုတ်ချ သည် ။

ကိုယ့် ပညာ ကို ကိုယ် တန်ဖိုး မထား ၊ ကိုယ့် အနုပညာ အပေါ် သစ္စာ မရှိ ၊ ပညာသည် အချင်းချင်း မနာလို ဝန်တို ၊ လိုတစ်မျိုး ၊ မလိုတစ်မျိုး ပြော ၊ မုဒိတာတရား ခေါင်းပါးလွန်းသူများ နှင့် ...

ဟန်သမား ၊ အကြံသမား ၊ ဉာဏ်သမား ၊ ဖျံများ ၊ ဝေလေလေ များ ကို လည်း အနုဝင်္ကပါ တွင် မှုန့်မှုန့်ညက်ညက် ကြေအောင် ကြိတ်ခြေ ခဲ့သည် ။

အနုဝင်္ကပါ ဆောင်းပါးစု သည် ကား ဆရာကြီး ဦးသာဓု ၏ စူးရှ ၊ ရဲရင့် ၊ မြင့်မြတ် ၊ သန့်စင်သော အကျိုးဆောင် ကလောင်စွမ်း များ စွာ စာပဒေသာ တွင် တစ်ထောင့် တစ်နေရာ က အရေး ပါ အရာ ရောက် ခဲ့ သော စာကောင်း စာမွန်များ ဖြစ်ပါသတည်း ။

   •••••   •••••   •••••

ကျွန်တော် သည် ချယ်ရီမဂ္ဂဇင်း ကို ၁၉၈၄ သြဂုတ်လ မှ ၁၉၈၉ နှစ် ဦးပိုင်း လများ ထိ သာ တာဝန် ယူနိုင်ခဲ့ပါသည် ။ ကျွန်တော် ရှိနေစဉ် ဆရာကြီး ဦးသာဓု ၏ အနုဝင်္ကပါ ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးနေ သော်လည်း နောက်ပိုင်း လများ ၌ ဆရာ့ ကျန်းမာရေး သည် အခါတိုင်း မှာ ကဲ့သို့ ဒေါင်ဒေါင် မမြည်တော့ ပါ ။ ချူချာ လာပါသည် ။ တစ်ခါ ရောက် လျှင် တစ်မျိုး ညည်းသံ ကြားရ ပါသည် ။ ကျွန်တော် တို့ ကို နောက်ပြောင် ဆူဆဲသော အသံများ လည်း တိုးညင်း သွားပါသည် ။ သို့ငြား ... စိတ်မော လူမော အမော ထွေတလာ ကို မသိကျိုးကျွန် ပြု ကာ အနုဝင်္ကပါ အတွင်း ဝဲလည်ပတ်ချာ ရုန်း မထွက်သာခဲ့ ။

မျက်မှန် ထူထူကြီး တပ် ထားရ သော်လည်း စာလုံးများ ကို ပီပီသသ မမြင်ရတော့ ဟု ဆရာ က ဆိုပါသည် ။ အနုဝင်္ကပါ က လည်း အရှိန် သတ်၍ မရ ။ နိဂုံး မချုပ် နိုင် ။ ကြာသော် မျက်မှန် တပ်လျက် ကပင် မှန်ဘီလူး ဝိုင်းကြီး တစ်ဖက် က ကိုင် ကာ မှန်ဘီလူး ပေါ် မှ ကြည့် ရေး နေသည် ကို စိတ် မသက်သာစွာ မြင် နေ ရပါသည် ။ နား နေရန် တား သော်လည်း လက်ကာ ပြရင်း ရေးခြင်း ကို မရပ် ။

ထိုအချိန်များ ဆီ က ဆရာ့ လက်ရေး စာများ သည် စာ တစ်လုံး နှင့် တစ်လုံး အဝေးကြီး ဝေးနေပြီ ဖြစ်၏ ။ သို့သော် စကား အဆက် အစပ် ကား မလွဲ ၊ ဆိုလိုသော အကြောင်းအရာ မပြောင်း ၊ ရည်ရွယ်ရင်း က မပျက်ပြယ် ။ အမှန်တရား လမ်းကြောင်း ဘက် မှ မသွေဖည် မပြောင်းလဲခဲ့ ၊ စာကြောင်းတွေ စောင်း နေ သော်လည်း ဆရာ့ စေတနာ က တည့်တည့်ဖြောင့်ဖြောင့် သာ တည်း ။

ကျွန်တော် သည် ဆရာ နှင့် အနေ နီး ပြီး သားကြီး တစ်ယောက် လို သဘော ထား ခံ ရသော တပည့် တစ်ဦး ဖြစ်ပါသည် ။ ဆရာ့ ကို လည်း ချစ်ကြောက် ရိုသေ ခဲ့ပါသည်  ။ ဆိုရိုး ပြောရိုး စကားစဉ် အဖြစ် မည်ကာမတ္တ ရိုသေခြင်း မဟုတ် ။ တကယ့် ကို မြတ်နိုး ချစ်ကြည်ညို ကာ စိုးရွံ့ လန့်ကြောက်ပြီး တန်ဖိုး ထား လေးစား ကြည်ညိုခဲ့ခြင်း သာ ဖြစ်၏ ။

ဆရာ့ ကို ချစ်ကြောက်ရိုသေ သကဲ့သို့ ဆရာ့ အနုပညာ ဆရာ့ စေတနာများ ကို လည်း မြတ်နိုးလေးစား တန်ဖိုး ထားပါသည် ။ ငေးမော အားကျ ဂုဏ်ယူ ရ ပါသည် ။

သို့ဖြင့်ပင် ...

အခြားသော အနုပညာ ဝါသနာရှင် လူငယ်လူရွယ်များ ၊ အနုပညာပိုး ရွ ထိုးသူများ ကို လည်း ဆရာ့ စေတနာ ၊ ဆရာ့ သဘောသဘာဝ ၊ ဆရာ့ အယူအဆ နှင့် ဆရာ့ ဝါဒ ကို လက်လှမ်း မီ စေ ချင်ပါသည် ။ အနုဝင်္ကပါ ဆောင်းပါးများ ဖတ်ပြီး သင်ခန်းစာ များ ရစေ ချင် ပါသည် ။ မျက်စိ ဖွင့် တတ် ၊ နား စွင့် တတ် စေချင် ပါသည် ။ ထိုမှ ဆက် ၍ မြင်တတ် ၊ ကြားတတ် ကာ ၊ ထိုးထွင်း ဆင်ခြင် သိနားလည် တတ်စေ ချင် ပါသည် ။ အမြင် ကျယ် အသိ ကြီး ၍ ခရီး တွင်ကြ ပါ စေ သတည်း ။

◾အောင်ပြည့်

📖 အနုဝင်္ကပါ

#ကိုအောင်နိုင်ဦး

.