Showing posts with label ခင်ဆွေဦး. Show all posts
Showing posts with label ခင်ဆွေဦး. Show all posts

Wednesday, May 14, 2025

ဇရာ


 

❝ ဇရာ ❞
( ခင်ဆွေဦး )

၁ ။

တစ်နှစ် တစ်နှစ်နှင့် နှစ်ဟောင်းတွေ ဝေးစွာသော အရပ် တွင် ကျန်ရစ်ခဲ့ပြီတည်း ။ ရွက်ဟောင်းတွေ မြေ မှာ ခ လျှင် ရွက်သစ်နုတွေ ဝေဝေစည်ရမည်ပင် ။

အသစ် ကိုသာ လူတို့ တပ်မက်ကြမည် မှာ ဓမ္မတာတည်း ။ မေလှမြိုင် သီဆိုသော တေးသီချင်း လို ‘ နွေမိုးဆောင်း အဟောင်း အဖြစ်မှ အသစ်အသစ် သာ ပြောင်းလာရသည် ’ ဆိုလားပင် ။ ပြီးနောက် ‘ အကောင်းအဆန်း အသစ် အသစ်သာ လိုချင်သည် ။ မည်သူမဆို ဟောင်းတာတွေ မလိုကြသည် ’  ဟူ၏ ။

ဤသို့သော သဘောတွေ ကို ‘  ဇရာ ’ လို့ ပင် အမည် မှည့်ခေါ်ရမည်လား ။အိုခြင်း ၊ဟောင်းနွမ်းခြင်း ဟု ဆိုရမည်လား ။ မည်သို့ပင် အမည် တပ်တပ် ဤသည် တို့ မှာ ကမ္ဘာ့ နိယာမ တရားသာတည်း ။

၂ ။

“ ဘဘ ... ဘဘရေ ”

ခက်ခက် သည် ခုန်ပျံမြူးကြွဟန် ဖြင့်အပြေးအလွှား လာလေသည် ။ အသက် ၁၅ နှစ် မျှသာ ရှိသေးသော ခက်ခက် သည် နွေဦးပေါက် ၏ လေပွေလေရူး လို မြူးထူးကာ နေသည် ။ ခန္ဓာကိုယ်လေး သည် လေပွေဝှေ့ယမ်း သော ပန်းပြားပင် လို ယိမ်းနွဲ့လျက် သူ ၏ စိတ်နှလုံးသည် လှိုင်းတံပိုးထလျက် ရှိသော ကန်ရေပြင် လို အမြဲတစေ လှုပ်ရှားနေသည် ။

“ ဘဘ ... ဪ ခက်လိုက်တာ ။ ဘဘ တစ်ယောက် ဟာ ခေါ်လို့ မကြား ၊ အော်လို့ မကြားနဲ့ ။ နားများ လေးနေသလား မသိပါဘူး ”

ဦးမောင်ကြီး သည် ရုတ်တရက် လန့်ဖျပ် ကာ ရေလောင်းလက်စ ကရားရေအိုးကြီး ကို ဆွဲမကာ ကိုယ် ကို ဆန့်မတ် လိုက်လေသည် ။ ဖွားခနဲ အရှိန် နှင့် ဖြာလျက်ကျနေသော ရေပန်းများ သည် လည်း ရပ်တန့်၍ သွားတော့သည် ။ အလုပ် ရပ်နားလိုက်သည် နှင့် တစ်ပြိုင်နက် ကနဦး က စိတ်ဆောင်၍ ရှိနေသော အားအင် တို့သည် တစ်ခါတည်း ဆုတ်ယုတ်သွားတော့သည် ။ အားအင် ဆုတ်ယုတ်သွားသည် နှင့် တစ်ပြိုင်နက် မောပန်းသော ဝေဒနာ ကပ်ရောက် လာကာ ရင်ထဲ ဆို့ပြီး အသက် ကို မျှဉ်း၍ ရှူရ လေသည် ။

မိမိ လို အသက် ၆၅ နှစ် အရွယ် သည် သေမင်း ကို စောင့်နေရသည် က လွဲ၍ ဘဝ တွင် ဘာကို မျှော်လင့်ရန် ရှိတော့သနည်း ။ မြေးအငယ်လေး အပြစ် တင်သလို နားများ လေး နေသလား မသိပေ ။ နားအာရုံကြောများ သည် အသက် ကြီး လာတော့ ချွတ်ယွင်းလာကာ လူတစ်ယောက် က စကား ပထမ တစ်ခွန်း ပြောရုံနှင့် မကြားတတ်သည် မှာ လေးနှစ်တာ မျှ ရှိခဲ့ပေပြီ ။

“ ဘာတုံး မြေးလေး ရဲ့ ။ ဘာမှ မကြားပဲ ”

“ ခက်ခက်  သုံးခါတောင် ခေါ်ရတယ် ”

ခက်ခက် သည် နှုတ်ခမ်းကလေးများ စူကာ မကျေမနပ်နှင့် ပြောနေသည် ။

“ ကိုင်း .. ခု ဘဘ ကြားပြီ ။ ဘာလိုချင်သလဲ သမီး ”

“ ငွေနှစ်ကျပ် လောက် လိုချင်လို့ ”

ခက်ခက် သည် အလိုရှိသည် နှင့် မျက်နှာထား အနည်းငယ် ပြောင်းကာ ချိုသာစွာ ပြောလိုက်လေသည် ။

“ ငွေ နှစ်ကျပ် ဘာလုပ်ဖို့ လဲ သမီး ”

“ သူငယ်ချင်းတွေ နဲ့ ဘိုင်စကုတ် ကြည့်ချင်လို့ ”

“ ဘိုင်စကုတ် ကြည့်ချင်တယ် ။ လကုန် မှ ကြည့်ပါလား သမီးရယ် ။ ခု ဘဘ မှာ ငွေစ မရှိသေး ပါဘူး ။ ပြီးတော့ သမီး လိုချင်တာက နှစ်ကျပ် တောင် ”

“ ဟင့် .. ခု ကြည့်ချင်တာ ။ ကျော င်းက ခက်ခက် သူငယ်ချင်းတွေ အကုန် ကြည့်ပြီး ကုန်ပြီ ။ ခက်ခက် သာ လိမ္မာလို့ လစဉ်စာမေးပွဲ ပြီးမှ ကြည့်မယ် ဆိုပြီး ခု ကြည့်မလို့ လုပ်မှပဲ ”

“ ဪ ... ခက်ပါဘိ သမီး ရယ် ။ ဘဘ တို့ မှာ ငွေနှစ်ကျပ် ဆိုတာ နည်းလား ။ မနက်ဖြန် ဈေးဖိုးပဲ သမီးရဲ့”

“ ဈေးဖိုး ဆိုရင် သမီး ထမင်း တစ်ရက် မစားဘဲ နေနိုင်တယ် ။ မနက်ဖြန် ဘဘ တစ်ယောက်စာ ပဲ ချက်စား ၊ ခက်ခက် မစားဘူး ။ ခက်ခက် ကို တစ်ကျပ်သာ ပေး ။ ခက်ခက် မှာ စု ထားတဲ့ ပိုက်ဆံ တစ်ကျပ် ရှိတယ် ။ ရုံခ က တစ်ကျပ်ခွဲ ၊ စရိတ် နဲ့ ဘာနဲ့ ဆိုတော့ နှစ်ကျပ် မှ လောက်မှာ ”

ခက်ခက် သည် သူလို ချင်တာ ကို သာ ဇွတ်တိုး၍ ပြောနေသဖြင့် ဦးမောင်ကြီး သည် သက်ပြင်း တစ်ချက် ချမိလေသည် ။ ခက်ခက် သည် အသားညိုသော်လည်း ဖွံ့ဖွံ့ဖြိုးဖြိုး စိုစိုပြည်ပြည်နှင့် အတော်ပင် ကြည့်၍ ကောင်းသော ရုပ်ရည် ရှိသည် ။ အသက် ၁၅ နှစ် မျှသာ ရှိသော်လည်း အသက် ၂ဝ ထက် နည်းပုံ မပေါ် သော ကိုယ်ဟန် ရှိသည် ။ စေ့စေ့ ကြည့်၍ နုနယ်သေးသော မျက်နှာကလေး ကို မြင် မှ သူ ၏ ပင်ကို ရှိရင်းစွဲ အသက် ကို ခန့်မှန်းနိုင်ပေသည် ။

“ သမီးလေး ဒါလောက်တောင် ကြည့်ချင်နေ တာ ရုပ်ရှင် က ဘာရုပ်ရှင်မို့တုံး ”

အဘိုးအို ဦးမောင်ကြီး သည် မြေးမငယ် ကို စေ့စေ့ ကြည့်ကာ မေး လိုက်လေသည် ။

“ အို ... ဘဘ မှ ရုပ်ရှင် မကြည့်တာ ။ ရုပ်ရှင်ကား နာမည် ပြောလို့ ကော ဘဘ ဘာသိမှာ လိုက်လို့ ။ ခု သမီး ကြည့်မှာက ကား ကြောင့် မဟုတ်ဘူး ။ မင်းသား ကို ကြည့်ချင်လို့ ။ ဒီ ကား မှာ ခက်ခက် ကြိုက်တဲ့ မင်းသား ပါတယ် ။ ခက်ခက် မကြည့်ဘဲ ကို မနေနိုင်ဘူး ”

ခက်ခက် သည် မျက်မှောင်ကုတ်ကာ အလို မကျဟန် ရှိသော မျက်နှာထား အိုအိုလေး နှင့် ပြော လိုက်လေသည် ။ ဦးမောင်ကြီး သည် ရုတ်တရက် လန့်သွားကာ “ မင်းသား ၊ ခက်ခက်  မကြည့်ဘဲ မနေနိုင်တာ ဘယ်က မင်းသားလဲ ” ဟု ဒေါသ ထွက်လာသလို ဖြစ်ပြီး အော်၍ မေးလိုက်သည် ။ ခက်ခက် မှာ ဘိုးအေ လုပ်သူ ၏ ဒေါသ ကို ရိပ်မိသိရှိကာ ချိုတိုတို မျက်နှာထား လေး နှင့် ...

“ ဘဘ ကလည်း သူ့ ကို ကြိုက်တာ ခက်ခက် တစ်ယောက်တည်း မဟုတ်ပါဘူး ။ ခက်ခက် တို့ ကျောင်း က သူငယ်ချင်းတွေ အားလုံးက ကြိုက်တာ ။ ခက်ခက် တို့ ကျောင်း မပြောနဲ့ ဦး ။ ခက်ခက်တို့ ကျောင်း ထက် အပုံကြီး အဆင့်အတန်း မြင့်တဲ့ ဒေါ်လေးအိ ရဲ့ သမီး အက်စ်သာ တို့ ကျောင်း ကလည်း တစ်ပုံကြီးပဲ သူ့ ကို ကြိုက်ကြ တာ ။ သူ့ ကို မကြိုက်တဲ့ မိန်းကလေးရယ် မရှိပါ ဘူး ။ ခက်ခက် တို့ က သူ့ ကို နာမည် တောင် မ ခေါ်ရက်လလို့ ‘ ကိုစန္ဒာ ’ လို့ ခေါ်ကြတယ် ။ စန္ဒာ ဆို တာ လမဟုတ်လား ။ လမင်းကို လူတွေ မြင်ရရ င် ဘယ့်နှယ် နေသလဲ ။ တစ်ခါတည်း အေးမြကြည်လင်သွားတယ် မဟုတ်လား ။ အဲ ... သူ့ ကို မြင်ရရင်လည်း ဒီလိုပဲ ” 

ခက်ခက် က ရှည်လျားစွာ ရှင်းပြသည် ။ ဦးမောင်ကြီး သည် ဒေါသ ပိုထွက်လာကာ ...

“ နင်တို့ လေ နင်တို့ ဒုက္ခ ရောက်ဦးမယ် ။ ကိုယ့် ဘေး ကိုယ် မမြင်တဲ့ ဟာတွေ ။ ဘာ စန္ဒာလမင်း လို အေးမြရမှာ လဲ ။ နင်တို့ ရင်ထဲ တောက်နေတဲ့ မီး ၊ လောင်မီး ။ နားလည်လား ”

ပန်းလောင်း သော ရေကရား ကို ချပြီး အော်ဟစ်ပြောဆိုလိုက်သည် ။ ဒေါသ ထွက်လာသ ဖြင့် ချောင်းတဟွပ်ဟွပ် နှင့် ဆိုး လာလေသည် ။ ခက်ခက် သည် ဘိုးအေ က ဤသို့ တစ်ခါမှ အော်ဟစ်ပြောဆိုခြင်း မခံရခဲ့ဖူးသဖြင့် ရုတ်တရက် ဝမ်းနည်းသလို ဖြစ်ကာ မျက်ရည်များ ပင် ဝိုင်းလာရသည် ။ သို့သော် အလိုလိုက် ခံနေကျသူ ပီပီ ဇွတ်တိုး၍ ...

“ ဘဘ ဘာ ပြောပြော ဒီကား ကိုတော့ ကြည့် မှာ ပဲ ။ ဘဘ ပိုက်ဆံ မပေးရင် ခက်ခက် မှာ လက်စွပ်တို့ ၊ နားဆွဲတို့ ရှိသားပဲ ။ အဲဒါ တစ်ခုခု ပေါင်ပြီး ကြည့်ရင် ဖြစ်တယ် ” ဟု ယတိပြတ် ပြော လိုက်လေသည် ။

ဦးမောင်ကြီး သည် မည်သို့မှ ပြန်လည် ပြောဆိုခြင်း မပြုနိုင်အောင်ပင် ငေးငိုင်နေမိသည် ။ မိမိ သမီး သာ ဆိုလျှင်တော့ သည် နေရာတွင် ပုံလျက်သားလဲအောင် ဆွဲရိုက်ပြီးသားပင် ။ ယခု သမီး က မွေးသော မြေး လက်ထက်တွင် စိတ်ဓာတ်များ လည်း ကျဆင်း၍ နေပေပြီ ။ ဘာမှ မတတ်နိုင်ရှာပေ ။ မြေးငယ် အရူးအမိုက်မလေး ၏ မျက်နှာ ကို မြင်ပြန်တော့လည်း ဒေါသ သည် အလိုလို ပြေလျော့ပြီးသား ဖြစ်တော့သည် ။

“ ရုပ်ရှင် ကြည့်တာတော့ ဘဘ မကန့်ကွက် ပါဘူး ။ ဒါပေမဲ့ သိပ်တော့ အစွဲအလမ်း မထားပါနဲ့ ကွယ် ။ သမီး ရဲ့ အသက် က အပုံကြီး ငယ်ပါသေးတယ် ။ ရှေ့ ကို လူ လုပ်ရာတွေ ရှိသေး တယ် ။ ဒါတွေက ခဏပါ ။ လောကကြီး မှာ ဘာမှ တည်မြဲတာ မရှိပါဘူး ။ အခု အသစ် ဖြစ်နေ တဲ့ အရာတွေဟာ နောင်တစ်နေ့ ကျ ဟောင်းအို ရမှာပဲ ။ အရေးကြီးတဲ့ အချက်က ဘဘရဲ့ သမီးဟာ ဘဘ လို မဆင်းရဲချင် ရင် ပညာတတ်ပြီး ကြီးပြင်းလာဖို့ ပဲ ”

အဘိုးအို ၏ အဘိဓမ္မာရပ်တွေ ကို နားလည် လေသလား ၊ သဘောပေါက်လေသလား မသိရ သော်လည်း ခက်ခက် မှာ မူ အဘိုးအို ၏ အနီး တွင် မရှိတော့ပေ ။ မြေပေါ် တွင် ရုပ်တိုက် ပြေးလွှား နေသော ရွက်ဝါ ပမာ ခုန်ပေါက် ပြေးလွှားကာ ထွက်ခွာ သွားလေတော့၏ ။

၃ ။

စံပယ် နှင့် ဇွန် တို့ သည် ဖွေးဖွေးလှုပ် ပွင့်ဖူး လျက် ရှိကြပြန်သည် ။ အသစ်အသစ် ပွင့်ဖူး လျက်ရှိသော ပန်းမျိုးစုံတို့ သည် မွှေးရနံ့ တို့ ဖြ င့် ကြိုင်လှိုင်ကာ နေသည် ။ ကုက္ကိုင်းလမ်း ရှိ ဤ ခြံမြေအိမ်ကြီး သည် သည်လို အခါမျိုးတွင် အဘယ်မျှ သာယာပေသနည်း ။ ကုန်းမြင့် ပေါ် တွင် တိုက်ခံအိမ်ကြီး မှာ အခံ့သား နှင့် ရှိလေသည် ။ တိုက်ခံအိမ်ကြီး မှ ပြေပြေလျော့လျော့ ဆင်းလာလျှင် ရေဘဲ တို့ ကျက်စားရာ ရေကန်ငယ် တစ်ခု ရှိလေသည် ။

စိမ်းလဲ့သော ရေကန်သာ ဘေးတွင် တဲအိမ်ငယ် တစ်လုံး ဆောက်ထားသည် ။ တဲအိမ်ငယ် မှာ အဘိုးအို ဦးမောင်ကြီး နှင့် မြေးမငယ် ခက်ခက် တို့ နေအိမ်လေးပင်တည်း ။ တူမ ဝမ်းကွဲ တော်သူ အိ က ပေးထားသဖြင့် ဤ ကုက္ကိုင်း ခြံမြေ အရိပ် ကို ခိုလှုံ နေရပေသည် ။ အိ မှာ အတွင်းဝန် ဦးဘမြိုင် ၏ ဇနီးအလှပေတည်း ။ သမီးလေး တစ်ယောက် ရှိသည် ။ အိ သမီး အက်စ်သာ နှင့် ခက်ခက် တို့ မှာ ဤ ခြံမြေတွင် အတူတကွ ကြီးပြင်းလာကြသည် ။ အဆင့်အတန်း ချင်း မတူ သော်လည်း ကလေးတို့ ဘာသာဘာဝ ကစားဖော်များ လည်း ဖြစ်ခဲ့ကြသည် ။

တူမ ဖြစ်သူ အိ မှာ နှလုံးကောင်းသူ ဖြစ်သဖြင့် ဤခြံ ဤမြေ ဤပတ်ဝန်းကျင် တွင် သာယာ ချမ်းမြေ့စွာ နေရပေသည် ။ ဆင်းရဲသော်လည်း ဘဝ မှာ နေချင်စဖွယ် ဖြစ်သင့်သလောက် ဖြစ်ခဲ့ရပါသည် ။ ဤမျှ ထိုမျှ စိတ်သောက များမည် ဟု ဘယ်သောအခါ က မျှ တွေးထင်ခဲ့မိပေ ။

“ ဒါလောက်လည်း စိတ်သောက ရောက်မ နေပါနဲ့ ဦးလေး ရယ် ။ အချိန်တန် ပြန်လာပါလိမ့်မယ် ။ ခက်ခက် ဟာ လိမ္မာပုံ အရသားပဲ ။ အကြောင်းကိစ္စ တစ်ခုခု ရှိလို့ နောက်ကျတာ ဖြ စ်ပါလိမ့်မယ် ”

မြေဆွေးများ ကို စိတ် မပါ့တပါ ဆွ နေသော ဦးမောင်ကြီး အား ငေးကြည့်ကာ အိ က ဖျောင်းဖျ လိုက်လေသည် ။

“ သိပါဘူးကွယ် ။ လိမ္မာ မလိုလိုနဲ့ ကာလကလေးများ အခက်သားလား ” ဟု ပြောရင်း ဦးမောင်ကြီး သည် သက်ပြင်း တစ်ချက် ချလိုက်လေသည် ။

“ ဪ ... ဦးလေး မလည်း ကြီးတောင့်ကြီးမား မှ မြေး အတွက် တစ်ဒုက္ခပဲနော် ”

“ တူမရယ် .. ဒုက္ခ မှ အကြီးအကျယ်ပေါ့ ။ ဒင်း အဘွား မယ်မျှင် နဲ့ ဒင်း အမေ မိရွှေ တို့ စောစောသေ စောစော ဝဋ်ကျွတ်တာပဲ ။ ဒင်း အဖေ ကလ ည်း နောက် အိမ်ထောင် က ကလေး အပြုံကြီး နဲ့ ၊ သမီး ကို ပြန်လှည့်ကြည့်ဖော် မ ရနဲ့ ကျုပ် တစ်ယောက် သာ ဇရာ ထောင်းပြီး ဒင်း ဝဋ်ကို လှိမ့်ခံ နေရတာ ”

အိ သည် တစ်ခါက အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း နှင့် ခန့်ချောကြီး ဖြစ်ခဲ့ ကာ မိန်းမတွေ ဝိုင်းဝိုင်းလည် ခဲ့သော ဦးလေး လုပ်သူအား ကြည့်၍ သက်ပြင်း ချလိုက် မိလေသည် ။ ယခုမူ ဦးလေး သည် အသက်အလိုက် အပင်ပန်း မခံ နိုင်သဖြင့် အသားတွေ ညိုရင့်ကာ ပါးရေ အလိပ်လိပ် တွန့်ပြီး ဆံပင်များ က တစ်ခေါင်းလုံး ဖြူဖွေး နေသော အဘိုးအို အဖြစ် မြင်ရလေသည် ။ မျက်စိများ ဝေသီ ပြီး သွားများ ကျိုးခဲ့ ချေပြီ ။ တတိယ အရွယ်ပိုင်း မှ ဆင်းတောင့် ဆင်းရဲ ဖြစ်ကာ ရုပ် မှာ အိုသင့် သည် ထက် ပို၍ အိုစာလေသည် ။

“ ဦးလေး လည်း အသက် ကြီးပြီ ။ မြေး သံယောဇဉ် ချည်း ငင် မနေနဲ့ဦး ။ တရားလေး ဘာလေး ဖက်ဦး ။ အိ လည်း မာလီ တစ်ယောက် ရရင် ဦးလေး ကို ခြံ အလုပ် မလုပ်စေတော့ပါ ဘူး ။ ဦးလေး ကို ကြည့်ရှုဖို့ အိ မှာ တာဝန်ရှိပါတယ် ”

“ မင်းတို့ ကျေးဇူး လည်း မနည်းဘူးကွယ် ။ နေဖို့ အိမ် ပေးထားပြီ ။ ထမင်း လည်း အလကား ကျွေးထားပြီ ။ ခြံ အလုပ်ကလည်း ပင်ပန်းတယ် မဟုတ်ပါဘူး ။ ဦးလေး ကိုယ်၌ က ဝါသနာ လည်း ပါ ၊ မင်းတို့ မှာ လည်း မာလီ မရှိခိုက် မို့ ဝင် လုပ်ပေးတာပါ ။ ဒီလို ပင်ပန်းတဲ့ ဒဏ် ကို ဦးလေး အသက် ကြီးပေမဲ့ ခံနိုင်ရည် ရှိပါတယ် ။ ဦးလေး မခံနိုင်တာက စိတ် ၊ စိတ် ၊ စိတ်ဆင်းရဲ ရမှာ ကို ဦးလေး သိပ်ကြောက်တယ် ”

ရီဝေသော မျက်လုံးများ နှင့် အိ အား ငေး ကြည့် ကာ ပြောလိုက်သည် ။ အဘိုးအို ၏ အသံ သည် အနည်းငယ် တုန်ယင်နေသည် ကို အိ က သတိထားလိုက်မိသည် ။

“ ခက်ခက် က ဘယ်လိုလဲ ဦးလေး ။ စိတ်ပူစရာ တွေ့ နေလို့ လား ”

အဘိုးအို သည် အိ အား တစ်ချက် မော့ကြည့် ကာ တွေနေသည် ။

“ အိ ဆိုလိုတာက ဒီလိုလေ ။ ခက်ခက် မှာ ရည်းစား သနာများ ရှိ... ရှိနေသလားလို့ ပါ ” 

အိ သည် အားနာတုံ့ဆိုင်းစွာ နှင့် မေးလိုက် သည် ။ သမီး ဖြစ်သူ အက်စ်သာ နှင့် သမီးချင်း စာနာလိုက်မိသောကြောင့် ပေတည်း ။ သမီး အပျိုပေါက် တို့ သည် ကိစ္စ မှာ မည်မျှ ခက်ခဲပေသ နည်း ။ စစ်မြေပြင် အရပ်တွင် စစ်အောင်နိုင်ရန် ဦးစီး စစ်ဗိုလ် အဖို့ သေနင်္ဂဗျူဟာ တည်း ဟူ သော အတတ်ပညာ တစ်ရပ် လိုအပ် သကဲ့သို့ သမီးပျိုပေါက် တို့ ၏ အချစ်မြေပြင် နှင့် တူသော နှလုံးသား ကို နိုင်နင်းရန် အတတ်ပညာ လိုအပ်ပေသည် ။

နည်းပရိယာယ် အမျိုးမျိုး သုံးရပေသည် ။ သမီး အား ရှေ့တွင် ကြီးကောင်စိတ် မဝင်စေရန် ကလေးငယ်ပမာ ဆက်ဆံရသည် ။ ကွယ်ရာတွင် မသင်္ကာမျက်လုံးများ ဖြင့် ရှာဖွေရသည် မှာ အမော ။ ခေါင်းအုံး အောက်တွင် စာ တွေ့ရ နိုးနိုး ၊ ညအိပ်ရာ ဝင် မှ အိမ်သာဝင် ရေချိုးသည့် အဆုံး လိုက်လံကာ မျက်စိဒေါက်ထောက် ၍ ကြည့်ရသည် ။ ဒါတွေကို သမီးငယ် လုံးဝ မသိစေရ ။ သူ့ အား ယုံကြည်ဟန် အမြဲ ပြရသည် ။ စကားများ ကို တစ်လုံးသွင်း ၊ နှစ်လုံးသွင်း နှင့် နားဝင်အောင် ပြောရသည် ။ ဤသို့သော နည်းပရိယာယ်များ ကို ကမ္ဘာ ကို အုပ်စိုး နိုင်သည် ဆိုသော မိခင် က လွဲ၍ မည်သူ တတ်နိုင်မည်နည်း ။

မြေးအပျိုပေါက်မလေး ကို ထိန်းသိမ်းရန် ဇရာ အဘိုးအို မှာ လက်မှိုင်ချရန်သာပင် ရှိတော့သည် ။

“ အဲဒီလို ရည်းစား ရှိလည်း ကောင်းသားပေါ့ ဗျာ ။ ဦးလေး က ရှိခိုးဦးတင်နဲ့ ပေးစားလိုက်ဦးမယ် ။ ခုဟာက ရည်းစား ထားတာ ထက် အန္တရာယ် ပိုတယ် တူမရယ် ”

အဘိုးအို သည် စိတ်ပျက်လက်ပျက် ခေါင်း တခါခါ နှင့် ပြော လိုက်လေသည်  ။

“ ဟင် ... ဒါဖြင့် ဘယ်လို ဖြစ်လို့ လဲ ”

“ တူမ ရေ ... အဖြစ် က မပြောချင်ဘူး ။ ဇာတ်လိုက်မင်းသား တစ်ယောက် နောက် ကို အမောတကော လိုက်နေတာ ။ မိတ်ဆက်စာ ရေး ၊ အိမ်သွား ၊ လက်ဆောင်ပေး နဲ့ ငွေ လည်း ကုန်လှပြီ ။ အပေါင်းအသင်း တွေ က ဒီလို အစား ဆိုတော့ အများ ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိ ဆိုတာလို မိန်းကလေးများ တယ်ခက်တာပဲ ”

“ ဟာ ... ဦးလေး ကလည်း အလို လိုက်တာကိုး ။ ကြပ်ကြပ်မတ်မတ် ဆိုဆုံးမပါတော့လား ။ ဒီလို ကိစ္စမှာ အိမ် က အက်စ်သာ လည်း ရူးတယ် ။ ဒါလောက်ဟာ ပူစရာ မရှိပါဘူး ဦးလေး ရယ် ။ ဒါတွေဟာ ခဏပါ ။ မဆူဘဲ နဲ့ အေးအေးဆေးဆေး နားဝင်အောင် ပြောပြပေါ့ ။ ဦးလေး ငယ်တုန်းက အတွေ့ အကြုံ တွေ မှီပြီး အကျိုး နဲ့ အကြောင်း ယှဉ် ပြောပြပေါ့ ။ ဒါမျိုး ရူးတာ ငယ်သူတွေ ဖယ်ထားဦး ။ ကြီးသူတွေ လည်း တစ်မျိုး ရူးကြတာပဲ ”

“ ရူးရုံတင် မကဘူး ၊ အငမ်းမရ ဖြစ်နေကြ တော့ တစ်နေ့ ဒုက္ခ ရောက်မှာ ဦးလေး က မြင်ယောင်လို့ ဟေ့ တူမရဲ့ ”

“ အမယ်လေး ဦးလေးရယ် ၊ အေးအေး နေပါ ။ ဘာဒုက္ခ ရောက်စရာရှိလဲ ။ ဒါတွေဟာ ပွဲပြီး မီးသေပါ ”

အိ သည် ရယ်ကာမောကာ နှင့် ပြောနေ သော်လည်း အဘိုးအို ၏ မျက်နှာသည် ရွှင်လန်းခြင်းမရှိပေ ။

“ အဲဒီလို ရူးတာ တို့ ခွင့်လွှတ်ပါတယ် ။ ဒါပေမဲ့ကွယ် ၊ ခုဟာက ပိုလည်း သဲကြမဲကြနဲ့ ။ ဒီထဲ မယ် ကိုယ့် မြေး က ပါနေတော့ အင်း ”

အဘိုးအို သည် အပူပင်ကြီးစွာ မျက်နှာ ညှိုးညှိုးငယ်ငယ် နှင့် ဖြစ်နေသည်  ။

“ သူ့ ခေတ်နဲ့ သူ ပဲ ဦးလေး ။ ခုလို သွေးပူတုန်း ဘယ်သူမှ တားဆီးလို့ ရမှာ မဟုတ်ဘူး  ။ မိန်းကလေးတွေ ဟာ မာန မှ မထားဘဲ ။ ကိုယ့် တန်ဖိုး မှ ကိုယ် မသိပဲ ။ အိ တို့ ငယ်ငယ် ကတော့ ဒီလို ကျော်ကြားသူတွေ နဲ့ မတော်တဆ လမ်း မှာ တွေ့ရင်တောင် မှ စိတ်ကို ချိုးနှိမ်ပြီး မကြည့်ဘဲ နေတန်နေတာ ။ ဒီကောင်မ ငါ့ ကို ကျနေတာပဲ လို့ တစ်ဖက် လူ က တွေးထင် မှာ ကို သေမလောက် ကြောက်တာ ဦးလေးရေ ”

“ ဒီလို စိတ်မျိုး ရှိတာ အဖိုးတန်တာပေါ့ ။ ခု ဒင်းတို့ မှာ ဒီ စိတ်မျိုး မရှိလို့ ခက်နေတာ တောက် ”

ဦးမောင်ကြီး သည် စကား ပြောရင်း ဒေါသ ထွက်လာပုံရသည် ။

“ စိတ်အေးအေး ထားပါလေ ။ တစ်နေ့တော့ ဒီ အရှိန် ဟာ ရပ်သွားပါလိမ့်မယ် ။ သူ့ အလိုလို ရပ်သွားမှာ ။ ဒါတွေဟာ ရေတစ်ပွက် လောက် ကြာတာပါပဲ ”

အိ သည် ဖျောင်းဖျစကား ပြောဆိုပြီး နောက် အဘိုးအို အပါး မှ ထွက်ခွာလာရင်း လေးလေးနက်နက် စဉ်းစားစရာများ ရင်ထဲ တွင် ပြည့်နှက် လာလေသည် ။ လူ့ ဘဝကြီး တစ်ခုလုံး ကိုပင် “ ရေပွက်ပမာ တစ်သက်လျာတည်း ” ဟု ဆိုသည် မဟုတ်လော ။ ထိုကိစ္စ သည် လူ့ဘဝ ၏ ခဏတာမျှ အစိတ်အပိုင်း ပင်တည်း ။

လမ်းတစ်လျှောက် တွင် မနှစ်က တစ်နှစ်လုံး ရှင်သန်စွာ ပွင့်ဖူးခဲ့သော ပန်းပွင့်တို့ သေ၍ ယခုနှစ် တွင် တစ်ဖန် ပြန်လည် စိုက်ပျိုးသော အပင် တို့ မှာ ရွက်သစ်တွေ က ဝေဝေ နှင့် ရှိနေ တတ်သည် ကို တွေ့ရသည်  ။

နွေမိုးဆောင်း အဟောင်းအဖြစ် မှ အသစ် အသစ်သာ ပြောင်းလာရသည် ဟူသော တေး သွား အတိုင်းပင် ယနေ့ အသစ်သည် မနက်ဖြန် တွင် အဟောင်း ဖြစ်မည် ဆိုသည် ကို လူတို့ စေ့စေ့ပေါက်ပေါက် တွေးမိကြပါစ ။ တစ်ခါက အမူအရာ မလှသော်လည်း လူ လှသဖြင့် မိန်းမ ပိုင်း တွင် ထင်ပေါ်ခဲ့သော မင်းသား တစ်လက် မှာ သူ အိမ်ထောင် နှင့် ဖြစ်ကြောင်း ၊ မိသားစု ဓာတ်ပုံ နှင့် တကွ ပါလာသော ရုပ်ရှင် စာအုပ် ကို အခြေပျက် အနေပျက် ဆွဲဆုတ် ပစ်လိုက်သည် အထိ တက္ကသိုလ်ကျောင်းဆောင် တစ်ခု မှ အမျိုးသမီးငယ် က စွဲလမ်းခြင်း ခံခဲ့ရသည် ။

သူ့ ဓာတ်ပုံ ဆိုလျှင် အိပ်ရာခေါင်းရင်း တွင် ချိတ်ဆွဲကာ ကြေးမုံပမာ အမြဲ ရှိအပ်သည် ဟု အမျိုးသမီးငယ်များ က ထင်မှတ်ခဲ့ကြပေသည် ။ သူ့ကို တွေ့လျှင် အော်တိုစာအုပ်ငယ်များ ဆွဲ ကိုင်လျက် တသီတတန်းကြီး ဝိုင်းဝိုင်းလည် အောင် အလိုက် ခံခဲ့ရသည် ။ ယခုမူကား ထို မင်းသားလှ အဖို့ ပွဲပြီး မီးသေပြီတည်း ။

ရူးတော့ ရူးကြတာပင် ။ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုကြသည် မဟုတ်ပါလော ။ တစ်ခါတုန်းက အိ တို့ ကိုယ်တိုင် နိုင်ငံခြား ရုပ်ရှင်မင်းသားများ ကိုပင် ရူးခဲ့ကြပေသည် ။

သို့ရာတွင် သူတို့ ရူးခဲ့ကြသည့် သူများ တွင် တချို့ မှာ ကွယ်လွန်ခဲ့ကြသည် ။ အချို့မှာ ဇရာပိုင်း သို့ ရောက်နေသဖြင့် ကားတွေ လည်း သိပ် မရိုက်တော့ ။ ရိုက်ပြန် လျှင်လည်း ယခင် က လို ဟိန်းခြင်း မရှိတော့ပေ ။ ဇရာ ၏ သဘော သည် ရုပ်ရှင် လောက တွင် ပို၍ ကွင်းကွင်းကွက်ကွက် မြင်နိုင်ပေသည် ။

အိ သည် အိမ် ထဲသို့ ရုတ်တရက် မဝင်သေး ဘဲ ခုံတန်း တွင် ထိုင်ကာ ငိုင်နေသည် ။ ခုံတန်း ၏ နောက်ဘက် ခွာဖြူပန်း တို့ ၏ ရနံ့ သည် သင်းပျံ့နေသော်လည်း သူ ၏ ရင် ထဲမှာ မအေးနိုင်ပေ ။ ရင် ထဲ မအေးနိုင်သည့် အကြောင်း မှာ သမီးငယ် အက်စ်သာ အတွက် ပူပင်သောကြောင့် ပင်တည်း ။ ခက်ခက် အတွက် အဘိုးအို ရတက် မအေးနိုင် သလို မိမိ သည် လည်း အက်စ်သာ အတွက် ပေါ့ မနေနိုင်ပေ ။

“ မာမီ ”

တွေးရင်း တောရင်း အက်စ်သာ သည် ရွှင်ပျော်မြူးထူးသံလေး နှင့် ခွန်းဆင့်ရင်း ရောက် လာလေသည် ။

“ ဘာတုံး သမီး ”

ဒက်ဒီ က ဘိုင်စကုတ် ကြည့်မလို့တဲ့ ။ အ တ်အစား ပြင်ပါတဲ့ ”

ကြော့နေအောင် ဝတ်စားပြင်ဆင်ထားသော အက်စ်သာ က အမောတကော နှင့် ပြောလိုက်လေသည် ။

“ ခုမှ အလောတကြီး ဟာ စောစောစီးစီး က မပြောဘဲနဲ့ ”

ညည်းညူ ပြောဆိုရင်း အက်စ်သာ နောက်သို့ လေးပင်စွာ ထလိုက်သွားလေသည်  ။ ငယ်စဉ်ကမူ ရုပ်ရှင် ကြည့်ရမည် ဆိုလျှင် မိုး ပေါ်သို့ ခုန်ပျံလုမတတ် အမောတကော ဖြစ်ခဲ့ရပါသည် ။ ယခုတော့မှ အသက်ကလေး ထောက်လာသည့် အလျောက် ဘာကိုမှ မက်မက်စွဲစွဲ မရှိလှတော့ပေ ။ ရုပ်ရှင် ကို တစ်ပတ် တစ်ကြိမ် ၊ နှစ်ပတ် တစ်ကြိမ် ဆိုသလို ကြည့် သော်လည်း ယခင်ကလို တသစိတ်တွေ တဝေဝေ နှင့် မရှိတော့ပေ ။ ကြာတော့လည်း အရွယ် က စကား ပြောလာသည် ထင်သည် ။ အိမ်ပေါက်ဝ တွင် အဝတ်အစား မလဲသေးဘဲ ဆေးပြင်းလိပ် ရိုက်ဖွာ နေသော ခင်ပွန်းသည် ကို တွေ့ရသည်  ။

“ ကိုဘမြိုင် ကလည်း စောစောက ပြောဘူး ။ အိ ရေတောင် မချိုးရသေးဘူး ”

“ မင့် သမီး က ပူဆာလို့  ။ ရေချိုး လေ ဘာဖြစ် လဲ ။ အချိန် ရှိသေးသားပဲ ”

“ လက်မှတ် ယူပြီးပလား ”

“ ရပါတယ်ကွာ ။ မြန်မာကားပဲ ။ ကြည့်ခါနီးမှ ယူတာပေါ့ ။ မရ လည်း ဒီစီ ( အထူးတန်း ) က ကြည့်တာပေါ့ ”

ထိုနေ့ ညပွဲကို သားအဖ သားအမိ သုံးယောက် စလုံး ရုပ်ရှင် သွားကြည့် ဖြစ်လေသည် ။ လမိုက်သော ညတွင် ပြန်လာသောအခါ အဘိုးအို ဦးမောင်ကြီး၏ တဲငယ် တွင် မီးရောင်လဲ့လဲ့ကို တွေ့ရသည် ။ အဘိုးအို ၏ မြည်တွန် တောက်တီး လုပ်သံ နှင့် မြေးငယ် ခက်ခက် ၏ ရှိုက်သံသဲ့သဲ့ ကို ကြားရလေသည် ။

၄ ။

ချိန်ဆည်းဆာ နေခြည်လဲ့လဲ့ အောက်တွင် အက်စ်သာ နှင့် ခက်ခက် တို့ မှာ ဝင်းပစွာ အလှ ကျက်သရေ တိုးလျက် ရှိနေသည် ။ သူတို့ သည် ငယ်ရွယ်နုနယ်ကာ သန့်ရှင်းသော အပျို အဖူးအညွန့်လေးများ သာတည်း ။

ဦးမောင်ကြီး သည် ဝါးခြမ်းပြားများ ကို ပန်းရုံများ လုပ်ရန် လေးထောင့်အကွက် ရိုက်ရင်း က မြေးငယ် နှစ်ယောက် ကို လှမ်းကြည့်မိ လေသည် ။ လှလည်း လှတယ် ၊ ရွယ် လည်း ရွယ်သစ် ၊ ပေါ်စမြစ် သို့ မြေးအဖိုးတန်လေးများသည် နောင်တစ်နေ့ တွင် မည်သို့သော အနာဂတ် ရှိလေသနည်း ။ ပညာတတ် မိန်းမကြီး ဖြစ်ကာ ကတော်ဆယ်ပါး အဝင်အပါ ဖြစ်ချင် ဖြစ်ကြပေမည် ။ အိ သည် သူ ၏ သမီး အက်စ်သာ အတွက် ရည်မှန်းချက် ထားသလို အဘိုးအို သည် လည်း မြေး ခက်ခက် အတွက် ရည်မှန်းချက် အပြည့်အဝ နှင့် ရှိပေသ ည် ။

သူတို့ ကိုယ်တိုင် က ပင် ရည်မှန်းချက် ကိုယ်စီ နှင့် ရှိကြလေသည် ။ အက်စ်သာ က ဆရာဝန်ကြီး ဖြစ်ချင်သလို ခက်ခက် ကလည်း ကျောင်းဆရာမကြီး ဖြစ်ချင်ပေသည် ။ သူတို့ ၏ ကြီးမားသော ရည်မှန်းချက် ကိုယ်စီ နှင့် ကျောင်းနေ ကာ အပတ်တကုတ် ကြိုးပမ်းခဲ့ကြသည် ။ အက်စ်သာ သည် ခက်ခက် အား ခါးဖက် ခေါ်ဆောင်ကာ ချွေးတလုံးလုံး နှင့် ဝါးခြမ်းပြားများ ကို လေးထောင့် အကွက် ရိုက် နေသော ဦးမောင်ကြီး အနီး သို့ ခေါ်ဆောင် လာလေသည် ။ ဦးမောင်ကြီး မလှမ်းမကမ်း တစ်နေရာ နှင်းဆီပင် ဘေးတွင် ရပ်ကာ စကား ပြောနေကြသည် ။ မိမိ မှာ အသက်ကြီး သဖြင့် မျက်စိများ ဝေသီ ကာ ကောင်းစွာ မမြင်ရ သော်လည်း အက်စ်သာ ၏ မျက်နှာ နီရဲနေသည် ကို တွေ့မိ သလိုပင် ။ အက်စ်သာ ပြန်သွားလျှင် ခက်ခက် သည် တဲအိမ်ငယ် သို့ ကမန်းကတန်း ပြေးဝင်သွားလေသည် ။

အဘိုးအို သည် အလုပ် ကို ခေတ္တ ရပ်နားကာ မောလည်း မောပန်း ၊ ရေလည်း ငတ်သည် နှင့် အိမ်ထဲ ဝင် လာလေသည် ။ အိပ်ခန်း ထဲ မှ ငို ရှိုက်သံလိုလို ၊ အသက်ပြင်းပြင်း ရှူသံလိုလို ကြားမိ သဖြင့် ရေသောက်ရန် သတိ မရသေးဘဲ အိမ်ခန်း ထဲ သို့ ဝင်ကြည့်လေသည် ။ ခက်ခက် အား ခေါင်းအုံး ပေါ်တွင် မှောက်၍ ကျိတ်ငို နေသည် ကို တွေ့ရလေသည် ။

“ သမီးခက်ခက်  ဘာဖြစ်လို့ လဲ ”

ခက်ခက် ကား မဖြေ ။ ရှိုက်မြဲ ရှိုက်နေသည် ။

“ ရော ခက်ပါဘိ ။ ဘဘ ကို ပြောမှပေါ့ ။ ဘာဖြစ်သလဲ ။ နေမကောင်းလို့ လား ။ ဗိုက်နာသလား ”

တယုတယ နှင့် စမ်းသပ်မေးမြန်း သော်လည်း ခက်ခက် ကား အဖြေ မပေး ။ အဘိုးအို သည် ရေသောက်ရန် ပင် မေ့လျော့သွားကာ မြေးငယ် ၏ မျက်ရည်ပေါက်များ ကြည့်ကာ ရေငတ်ခြင်း အလိုလို ပျောက်သွားတော့သည် ။ မေးစမ်း မရသော် ခက်ခက် အပါး မှ ထွက်ခွာ လာလေတော့သည် ။ ထိုနေ့က ခက်ခက် အား ထမင်း ကျွေး၍ မရပေ ။

ဦးမောင်ကြီး သည် ဘာမှ မကြံတတ်တော့ သလို အိမ်ရှေ့ ကွပ်ပျစ်ငယ် တွင် ထိုင်ကာ ငိုင် နေမိသည် ။ ခွာဖြူပန်းရုံ နံဘေးတွင် အိ ၏ အော်ဟစ်ဆူပူသံ ကို ကြားရလေသည် ။

အက်စ်သာ အား လက်ညှိုး တငေါက်ငေါက် ထိုးကာ “ ဘာ အရူးထားလဲ ။ သွားသွား ထမင်း သွားစား ။ အချိန်တန်ရင် စားရမယ် ။ မစားဘဲ နေလို့ မရဘူး ”

အက်စ်သာ က မည်သို့ ပြောသည် မသိ ။ “ ဘာ ... ဘာမစားရမှာ လဲ ။ စားရမယ် ” ဟု အိက ဆက်လက် အော်ဟစ် နေပြန်သည် ။

အက်စ်သာ ကား အိ ၏ စကားကို မနာခံဘဲ ထုံပေပေ လုပ်မြဲ လုပ်နေသည် ။ ကြာတော့ အိ သည် ဒေါထ လာကာ အက်စ်သာ ခေါင်းမှ ဆံပင် ကို ဆွဲကာ မရိုက်စဖူး ရိုက်လေသည် ။ ဦးမောင်ကြီး သည် အပြေးအလွှား သွား ဖျန်မှ ပင် အက်စ်သာ သက်သာခွင့် ရလေသည် ။ အက်စ်သာ သည် အိမ် ထဲသို့ ရှိုက်ကြီးတငင် ငိုယိုလျက် ဝင်သွားလေသည် ။

“ မပြောချင်ပါဘူး ဦးလေး ရယ် ။ ကလေးတွေ ဟာ ဘယ်လို မကောင်းမှန်း မသိပါဘူး ။ ကျောင်းက သတင်းဆိုး ကြားလာလို့ ဆိုပြီး ထမင်းမစားဘူး လုပ်နေတယ် ။ အိ ဖြင့် ဒေါသ တော်တော်ထွက်တာ ”

“ ဘယ်လို သတင်းဆိုးမို့လဲ ”

“ ကျောင်းသူမလေး တစ်ယောက် ရဲ့ အဒေါ် က ဆရာဝန်မ တဲ့  ။ အဲဒီ ဆရာဝန်မ ဆီ မိန်းကလေး တစ်ယောက် ဗိုက် လာအပ်သတဲ့ ။ ဂျစ်ကား နဲ့ ဆိုလားပဲ ။ ဗိုက်အပ် တဲ့ မိန်းကလေး နဲ့ အတူ ပါလာတဲ့ ယောက်ျား ဟာ တခြားသူ မဟုတ်ဘဲ ... ”

“ သူတို့ ပဲ ပေါက်ပေါက်ရှာရှာ ကြားတတ်သကွယ် ။ ဒါနဲ့ ထမင်း မစားနိုင် ၊ မသောက်နိုင် ဖြစ် ရရောလား ။ မိခက် ဒါကြောင့် ငိုတာကိုး ” ဟု ဦးမောင်ကြီး က ဖြတ်၍ ပြောလိုက်သည် ။ တူဝရီး နှစ်ယောက် မှာ ကိုယ်စီ သက်ပြင်း ချလိုက်မိ လေသည် ။

ခက်ခက် သည် ညဉ့် အတော် နက်သည် ထိ လရောင် အောက်တွင် ထိုင်နေသည် ။ အဘိုးအို သည် မြေး အတွက် ဖြေဆေး ရှာမရနိုင်ဘဲ ရှိသည် ။ စင်စစ်အားဖြင့် များစွာသော မိန်းကလေးတို့ သည် စိတ်ကူးယဉ်ခြင်း အဆင့်တွင် သာ ရှိ၍ ကာယကံရှင် တို့ တွေးထင် သကဲ့သို့ လည်းကောင်း ၊ ယောက်ျား တကာတို့ တွေး ထင် သကဲ့သို့ လည်းကောင်း မတော်မတရား စိတ် မရှိသည် မှာ တော့ အမှန်ပင်တည်း ။ အဘိုးအို သည် ၎င်းကို တွေးမိလျှင် မြေးငယ် အတွက် များစွာ ရင်နာ၍ သွားလေသည် ။

အပျိုပေါက်ကလေးများ ၏ လေရူးဆန်ခြင်း မှာ မည်မျှပင် စိတ်ပျက်စရာ ကောင်း လိုက်ပါသနည်း ။

၅ ။

နောက်တစ်နေ့ တွင် ခက်ခက် တစ်ယောက် အအေးပတ်ကာ ဖျားလေသည် ။ ထိုအချိန် က ရန်ကုန် မိုးသည် မိုးကုန်ခါ နီးမှ သဲသဲမဲမဲ ရွာချ လိုက်လေသည် ။ ခက်ခက် သည် အဖျား ပြင်း၍ ကယောင်ကတမ်းတွေ ပြောခိုက် ဦးမောင်ကြီး မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ မိုးရွာကြီး ထဲ ဖြတ်ပြီး အိ ထံသို့ ဆေးတောင်းရလေသည် ။ အိ က အိမ်မှာ ရှိသည့် ငန်းဆေး ကို ပေးလိုက်သည် ။

အိ နှင့် အက်စ်သာ တို့ ညနေဘက် တွင် လာ ကြည့်သောအခါ ခက်ခက် မှာ အတော်အတန် အပူ ကျနေပေပြီ ။ ကျန်းမာရေး အခြေခံ ကောင်း သော ခက်ခက် တို့ အရွယ် မှာ တော်ရုံတန်ရုံ အဖျား ကို ပူစရာ မရှိပေ ။

နှစ်ရက် ၊ သုံးရက် နေလျှင် ခက်ခက် သည် အစာ စားနိုင်လာသည် ။ အဘိုးအို သည် ညနေ တိုင်း ၌ ချိုင့်တစ်ခု ဆွဲကိုင်ကာ လဟာပြင်ဈေးသို့ ထွက်၍ ဆန်ပြုတ် ဝယ်ပေးရသည် ။ မိုးသည်းသည့် ကြားထဲ ပင် ဝတ္တရား မပျက်မကွက်ဘဲ မြေးမလေး အတွက် စားစရာ ဝယ်ပေးလေသည် ။

၆ ။

“ ဒေါ်လေးအိ ... ဒေါ်လေးအိ ”

ခက်ခက် သည် ဆံပင်ဖားလျား အဝတ်အစား ကပိုကရို နှင့် ကုန်းမြင့်တိုက်အိမ် သို့ အပြေးအလွှား တက်လာသည် ။

“ ဟဲ့ .. ခက်ခက်  ဘာဖြစ်တာလဲ ”

“ လုပ်ပါဦး ဒေါ်လေးအိ ရဲ့ ။ ဘဘ တစ်ယောက် အသက် မရှိတော့ဘူး ။ သေပြီ ။ အသက် လည်း မရှူဘူး ။ ဘဘ ကို ကယ်ပါဦး ”ဟု အမြီးအမောက် မတည့် ပြောကာ ရှိုက်ကြီးတငင် ငိုယိုနေသည် ။

“ ဟယ် ... ဟုတ်မှ ဟုတ်ရဲ့ လားကွယ် ။ မနေ့ မနက် ကပဲ ဒေါ်လေး တွေ့သေးတယ် ”

“ မနေ့ည ကမှ ဖျားတာ ။ လဟာပြင်ဈေး က အပြန်ပေါ့ ။ မိုးတွေ မိပြီး အအေးမိ သွားတယ် ထင်ပါရဲ့ ။ မနက် ကျတော့ အသက် မရှူတော့ဘူး ”

“ နေပါဦးလေ ၊ ဒေါ်လေး လိုက်ကြည့်ပါဦးမယ် ” ဟု ဖျောင်းဖျကာ အိ သည် ခက်ခက် နှင့် အတူ ဆင်းလိုက်လာသည် ။ အိမ်ရှေ့ခန်း တွင် ဦးမောင်ကြီး အား ပက်လက်ကလေး ငြိမ်သက် စွာ လဲလျောင်းနေသည် ကို တွေ့ရလေသည် ။ အိ သည် ဦးမောင်ကြီး နံဘေးတွင် ဒူးထောက် ချကာ လက် ကို ဆွဲကိုင်၍ သွေးစမ်း ကြည့်လေသည် ။ အိသည် လက် ကို အသာ လွှတ်ချပြီး
နောက် ခေါင်း ကို ခါယမ်းကာ မျက်ရည်ဖြိုင်ဖြိုင် ကျ လာလေသည် ။

“ ခက်ခက်  ပြောတာ မဟုတ်လား ဒေါ်လေး ရဲ့ ။ ဘဘ အသက်မရှိတော့ဘူး မဟုတ်လား ။ ဘဘရေ ... ဘဘ ရဲ့ ”

အိ အား သေချာစွာ အကဲခတ် နေသော ခက်ခက် မှာ အော်ဟစ် ငိုကြွေးလေတော့သည် ။ ဆံဖြူသွားကျိုး မျက်တွင်း ဟောက်ပက် နှင့် ဇရာ ထောင်း၍ အပင်ပန်းဒဏ် ကို မခံနိုင်ရှာသော အဘိုးအို ကား မြေးငယ် ၏ ပရိဒေဝမီး ကို မမြင် နိုင်ရှာတော့ပေ ။

အိ သည် အဘိုးအို အား လွှမ်းခြုံထားသော စောင် ကို ဆွဲယူလျက် မျက်နှာ ကို ဖုံးအုပ်ပေးမည် ရှိစဉ် စောင်ကြား ထဲ မှ စာရွက်ခေါက်လေး တစ်ခု ထွက် လာလေသည် ။

အချစ်ဆုံး သမီး ခက်ခက်

ယခုအခါ သမီး ရဲ့ မျက်စိ အမြင်၌ ဘဘ ဟာ သမီး ရဲ့ အဖို့ ဆင်းရဲတဲ့ ခြံအလုပ်သမား တစ်ယောက်ပေါ့ ။ ဘဘ ရဲ့ တစ်ခါက ဘဝမှန် ကို သမီးလေး မသိရှာဘူး ။ မသိအောင် လည်း ဘဘ အမြဲ ဖုံးအုပ်ခဲ့ပါတယ် ။

တစ်ခါတုန်း က ဘဘ ဟာ နာမည်ကျော် ဇာတ်လိုက် မင်းသား တစ်ဦး ပါ ။ ဘဘတို့ ခေတ် တုန်းက ဘဘ ဟာ လျှမ်းလျှမ်းတောက် ကျော်စောခဲ့သပေါ့ ။ မိန်းမပျိုအိုတွေ ဝိုင်းဝိုင်းလည် ခဲ့အောင် ဘဘ ဟာ ရုပ်ရည် ချောမော လှပခဲ့ပါ တယ် ။ ဒါတွေကို ဒီ ခြံမြေ မှာ အိ တစ်ယောက် က လွဲလို့ ဘယ်သူမှ မသိပါဘူး ။

အရပ်ရပ် အနယ်နယ် သွားတိုင်း ဘဘ ဟာ ရေပန်းစား ခဲ့ပါတယ် ။ ဒါတွေကို ဘဘ ထုတ်မပြောချင်ပါဘူး ။ ခု သမီး ကို အန္တရာယ် ဘေးဆိုး ကြီး ကျရောက်မှာ စိုး လို့ ပြောရတာ ။ ဘာလို့ ဆိုတော့ သမီးလေး ခက်ခက် မှာ မင်း ဘွားဘွား မယ်ရွှင် လို မက်လောက်စရာ ရုပ်ရည်ကလေး ရှိလို့ ပါပဲ ။ ဘဘ နယ် အသွား ကားအရိုက် မှာ မယ်မျှင် ကို တွေ့တာပါပဲ ။ မယ်မျှင် ဟာ စက်သူဌေး သမီး ၊ ရုပ်လည်း မခေ ၊ မင်းကတော် စိုးကတော် တစ်ယောက် ဖြစ်နိုင်ပါတယ် ။

ဘဘလို မိန်းမတွေ ဝိုင်းဝိုင်းလည် နေတဲ့ သူ ဟာ မိန်းမ ကို အဆင် ရွေးသလို ရွေးတာပဲ ။ ဘယ်မိန်းမ ကို မှ လည်း အတည်တကျ ယူဖို့ စိတ်မကူးဘူး ။ ပြီးတော့ ဘဘ လိုချင်တဲ့ မိန်းမ ဟာ လည်း ဘဘ ကို လိုက်တဲ့ သူ ထဲ က မဟုတ်ဘူး ။ ဒီလိုနဲ့ မယ်မျှင် နဲ့ တွေ့ ရတာပဲ ။ မယ်မျှင် ဟာ ကာလ မိန်းမတွေ နဲ့ ယှဉ်လိုက်ရင် ဣန္ဒြေ အမဲ့ကြီး မဟုတ်ရှာပါဘူး ။ ဒါပေမဲ့ ဘဘ စိတ် ထဲမယ် မိန်းမ မှန်ရင် ဘဘ ကို မြင်တာနဲ့ ငေါက်ခနဲ ပါလာရမယ် လို့ ကိုယ့် ကိုယ် ကို ယုံကြည်တာကိုး ။

မယ်မျှင် ကို နည်းပရိယာယ် အမျိုးမျိုး နဲ့ ဘဘ ဘက် ပါအောင် ဆွဲဆောင်တာပဲ ။ မယ်မျှင် နဲ့ ဘဘနဲ့ တိတ်တိတ် လူမသိ သူမသိ ဖြစ်ပြီး မယ်မျှင် မှာ ကိုယ်ဝန် ရှိတာပဲ ။ ဘဘ လည်း မယ်မျှင့် ကို လူသိရှင်ကြား လက်မထပ်ဘဲ နေတယ် ။ ဒီလိုနဲ့ မယ်မျှင် မှာ လင် မရှိဘဲ ကလေးတစ်ယောက် မွေးတယ် ။ ဒီ ကလေးဟာ သမီး ရဲ့ မေမေ မိရွှေ ပေါ့ ။

မိရွှေ့ ရဲ့ တာဝန် ကို ဘဘ လုံးဝ မယူဘူး ။ ခမျာမလည်း အဖေ မရှိဘဲ ကြီးပြင်း လာရတာ ။ သမီးလေး ခက်ခက်  မွေးတော့ မှ ပဲ ဘဘ ဟာ ကိုယ့် တာဝန်တွေ ကို နားလည် လာခဲ့တယ် ။ ဟိုတုန်းက ဒါတွေ မသိခဲ့ပါဘူး ။ ဘဘ ရဲ့ ဘဝ သက်တမ်း မှာ မယားတွေ အများကြီး ယူခဲ့ဖူးပါတယ် ။ ငါ့ မြေး အရွယ်လို ငယ်ငယ်ရွယ်ရွယ် အညွန့်အဖူးကလေးတွေ အမြောက်အမြားကို ဘဘ ဖျက်ဆီး ခဲ့ဖူးပါတယ် ။

ခုတော့ ဘဘ ဝဋ်လည်ရတော့မယ်ပေါ့ သမီးရယ် ။ ဘဘ အသက်ကြီး မှ ဒီဝဋ်တွေ မခံပါရ စေနဲ့တော့ကွယ် ။ သမီးလေး လိမ္မာပါ ။ မိုက်တွင်း မနက်ပါနဲ့  ။ ဘဘ လည်း အသက် ကြီးပြီ ။ ဘဘ ကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့ ။ ကိုယ့် ကိုယ် ကိုယ် လည်း ပန်းကောင်း အညွန့်ကျိုး အောင် မလုပ်လေနဲ့ ။

အဘိုးအို သည် သူ ၏ စာ ကို အဆုံးထိအောင် မရေးသားနိုင်ခဲ့ပေ ။ အဘိုးအို သည် သေသည် အထိ တရား မဖက် နိုင်ရှာဘဲ မြေးငယ် ၏ သံယောဇဉ် နှင့် ပင် ဆုံးရှာလေသည် ။ ပြီးနောက် တစ်ခါတုန်း က လျှမ်းလျှမ်းတောက်တောက် ကျော်ကြား၍ ပျိုတို့ အကြိုက် နှင်းဆီခိုင် ဖြစ်ခဲ့သည် ဆိုသည် ကို မူ ယခုအခါ ဘယ်သူက ယုံကြည်ပါမည်နည်း ။ ဇရာ ၏ သဘော သည် အဘိုးအို ၏ ဘဝ ကို ထူးခြားစွာ ပြောင်းလဲခဲ့လေပြီတကား ။

▢ ခင်ဆွေဦး

📖 မြဝတီ မဂ္ဂဇင်း
     အတွဲ - ၁ဝ ၊ အမှတ် - ၁၂
     အောက်တိုဘာလ ၊ ၁၉၆၂ ခုနှစ်

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     အမှတ် ၂၁ဝ
     မေလ ၊ ၂ဝဝ၇ ခုနှစ်

Sunday, July 16, 2023

အဝိဇ္ဇာ အကြောင်းကြောင့်


  ❝ အဝိဇ္ဇာ အကြောင်းကြောင့် ❞


ပထမ သော် ဤမျှ ကြီးကျယ်သော ရန်ပွဲကြီး ဖြစ်လိမ့် မည်ဟု မထင်မိ ။ သာမန် ခွန်းကြီးခွန်းငယ် ဆဲဆို ရုံ မျှ နှင့် ကိစ္စ ပြတ်ကာ ဘေးဘီ က ဝိုင်း ဆွဲကာ ဖျောင်းဖျတာ နှင့် မီးသေ သွားလိမ့်မည် ဟု သန်းတင် က ထင်စား မိ ရှာလေ သည် ။


သူတို့ နှစ်ယောက် စလုံး ကို ဘယ်သူမှ ပြောလို့ လည်း မရ ၊ ဖျန်လို့ လည်း မရ ၊ ဆွဲလို့ လည်း မရ ။ တစ်ယောက် က သူ့ အိမ်တွင်း က ၊ တစ်ယောက် က အိမ်ဝင်း အပြင် မှ လက်ညှိုး တငေါက်ငေါက် ထိုးကာ ဆဲရေး ရန်ထောင် နေ ကြသည် ။ ဆဲလိုက်ကြသည် မှာ လည်း ကြားဝံ့စရာ မရှိ အောင် မိုးမွှန် နေသည် ။ ထဘီတိုတို ကို ခါးစောင်း မှာ ပင့်တင်ကြ လျက် ...


လူတွေ က လည်း မျောက်ပွဲ ကြည့် သလို ဝိုင်းအုံ ကာ သာ ကြည့် နေ ကြသည် ။ သန်းတင် က မျက်နှာပူပူ နှင့် မလှမ်းမကမ်း က လက်ဖက်ရည်ဆိုင် တွင် ငူတူတူကြီး သာ ထိုင် နေ မိသည် ။ လူ က တော့ လုံးဝ မလှုပ် ၊ ကျောက်ရုပ် သဖွယ် ငုတ်တုတ်သာ ငြိမ် နေ တော့သည် ။


“ ဟ ... သန်းတင် ရ ၊ ကြားကောင်းလို့လား ဟေ … ။ ဘာ ငိုင်နေတာတုံး ၊ ဝင် ဖျန်လေကွာ ” 


ဘကြီးညို က အရေး ထဲ သန်းတင် အနီး သို့ ကပျာ ကယာ လျှောက် လာကာ အမောတကော နှင့် ပြောလိုက် လေသည် ။ သန်းတင် က မျက်နှာထား ပျက်ပျက် နှင့် ညို မှိုင်း ကာ ...


“ ဘယ်နှယ် လုပ်မလဲဗျာ ၊ ပြောလို့ မှ မရကြဘဲ ” 


“ ဒီအတိုင်း ကြည့် နေ မှာလားကွ ၊ မင်း တကယ် ခက် တာကိုး ”


“ ဒီအတိုင်း မကြည့်လို့ ဘယ်လို လုပ်မလဲ ဘကြီး ရ ။ ဒါလောက် သောက်ရှက် မရှိ ရန်ဖြစ်ချင်ကြတဲ့ ဟာတွေ ဖြစ်ကြပစေဗျာ ... ကျွန်တော် တော့ စိတ်ရှုပ်တယ် ”


“ အံမယ် ….. မင်း က ခုမှ စိတ်ရှုပ်တယ်လေး ဘာလေးနဲ့ ၊ ဒါ ဘယ်သူ ရှို့တဲ့ မီး လဲ ကွ ။ ငါ့လခွေး တဲ့ ၊ ဘယ်သူ မပြု မိမိမှု မောင် ”


သန်းတင် က ရင် ကို ပင့်၍ သက်ပြင်းရှည်ကြီး တစ်ချက် ချပြီး ...


“ ကျွန်တော့် အပြစ်တွေ ကျွန်တော် သိပါတယ်ဗျာ ၊ သိလို့ လည်း အထပ်ထပ် ဝန်ချ တောင်းပန် ပြီးပြီ ။ နှစ် ယောက် စလုံး ကို လည်း ဖျောင်းဖျ ပြီးပြီ ။ အေးအေး ဆေးဆေး ဖြေရှင်းကြပါ ဆိုတာလည်း မရ ”


“ ဟ ... ဒါမျိုး အေးအေးဆေးဆေး ဖြေရှင်းလို့ ရ မလား ခွေးသားရ ။ ဘယ် မိန်းမ သည်းခံ မတုံး ။ ပြီးတော့ ကြည့်ရတာ နှစ်ယောက် စလုံး ငါးစင်ရိုင်း ချည်း ပဲ ။ တစ်ခါတည်း ဆူးတောင် ဖြန့် နေ လိုက်ကြတာ ၊ စွာလိုက် ကြတာ အလွန်ပဲ ”


“ ဒါကြောင့်မို့ ပေါ့ ဗျာ ၊ ပြောလို့ မရတာ နဲ့ ဒီ အတိုင်း ကို ထိုင် ကြည့် နေရတာ ”


ထိုအခိုက် ရန်ပွဲ မှာ ပြင်းထန်သည် ထက် ပြင်းထန် လာ လေသည် ။ တစ်ဦး က သတ္တိ ရှိ လျှင် ဝင်း ထဲ ဝင်ခဲ့ဟု စိန် ခေါ်သည် ။ တစ်ဦး က လည်း မိုက်ရင် အပြင် ထွက်ခဲ့ ဟု ခေါ်ထုတ်သည် ။ ထဘီ ကို တိုနိုင် သမျှ အတိုဆုံး ဝတ်ကြကာ လက်မောင်း မှ အင်္ကျီစများ ကို ပင့် တင်ကြ လေသည် ။


ဘေး မှ ဝိုင်း ဟန့်တား ဆွဲကြလည်း မရ ။ သည်တော့ အားလုံး က ကြည့် ကောင်းကောင်း နှင့် လွှတ်ထား သလို ဖြစ် နေသည် ။


“ သန်းတင် ရ ၊ ထစမ်း လေကွာ ။ ခင်ထွေး ကို ဖြစ်ဖြစ် အတင်း ဆွဲခေါ်သွား စမ်းကွာ ။ လူ ကြား မကောင်း သူကြား မကောင်း နဲ့ ”


သန်းတင် က အေးတိအေးစက် နှင့် ငေးကြည့် နေရာ မှ ....


“ အမယ်လေး ဘကြီး ရာ ၊ ကျားမြီး တော့ မဆွဲပါရစေနဲ့ ” ဟု အထိတ်တလန့် ဖြေ လိုက်လေသည် ။ 


“ ဒါဖြင့်လည်း ရင်နု ကို ဖြစ်ဖြစ် အိမ်ထဲ ခေါ်သွင်းကွာ ”  


“ အဲဒါ သာ မလုပ်ရဲသေးဗျ ”


သန်းတင် က ခေါင်းသာ အတွင် ကုတ် နေတော့သည် ။ 


“ တယ်…သောက်ဂွတော့ ဖြစ်ကုန်တော့မှာပဲ ။ ဒီကောင် ဟာ ဖင် မနိုင်ဘဲ ပဲကြီးဟင်း စားတဲ့ ကောင်လေး ကိုး ။ ရင်နု နဲ့ မင်း ဖြစ်နေတာ ကို ခင်ထွေး ဘယ်လို သိ သွားတာ လဲ ”


“ ဟို စုန်းမကြီး ဒေါ်ခင်ရွှေ နှောက် တာပေါ့ ဗျာ ။ သူ့ ဆီ က ရင်နု အတွက် မိန်းမကွင်း နီလာလက်စွပ်လေး တစ် ကွင်း အကြွေး သွား ဝယ် မိတာ ငါးပါး ကို မှောက်တာပဲ ကျွန်တော် က လည်း တပေါင်းလ ထဲ ပေးမယ် ပြောပြီး ငွေ မလည်တာ နဲ့ ကတိ ပျက် သွားမိတယ် ။ အဲဒီတော့ ဒီ ဆပ်စလူးမကြီး က ခင်ထွေး ဆီသွားပြီး ညည်း ယိုးဒယားဘတ် ကြိုး ဆွဲပြီး လက်စွပ် အကြွေး မပေးတာ တရားလား ဘာ လား နဲ့ ခင်ထွေး က လည်း ဘယ် က လက်စွပ် လဲ ဘာလဲ ပေါ့ ”


“ ကောင်းရောကွာ ... တယ်ကောင်း ”


ဘကြီးညို က ကွမ်းတံတွေး ပစ်ကနဲ ထွေးပစ်ကာ ချီး ကျူးထောမနာ ပြု လိုက် လေသည် ။


“ ခင်ထွေး က လည်း ကျွန်တော် ထင် တာ ထက် ပါး သေး ၊ နီလာလက်စွပ် ကိစ္စ ကျွန်တော့် ကို တစ်ခွန်း မှ မမေးဘူး ။ ရင်နု အိမ် မရ အရ စုံစမ်းပြီး ဖမ်းတာပေါ့ ဗျာ ။ အခုတော့ မြင်တဲ့ အတိုင်း ပဲ ”


“ သေတော့မှာပဲ ၊ မြာ နှစ်ပွေ ကြား ဗျာများတဲ့ ကောင် ဆွဲကြိုးချ သေတယ် ဆိုတာ ဒီလိုဟာမျိုးပဲ ” ဟု ဘကြီးညို က မြည်တွန်တောက်တီး လုပ် နေသည် ။


သည်တော့ သန်းတင် က သက်ပြင်းရှည်ကြီး ချပြန်ကာ ..


“ ကြမ္မာ ငင်ချင်တော့ ဘယ်လို ဖြစ်တယ် မသိပေါင် ဗျာ ”


“ လူမတန် ကံချပါ မောင် ”


“ ဒါတော့ ဟုတ်ပါတယ်လေ ၊ ခင်ထွေး ကို လည်း သနား တာ ပဲ ။ ရင်နု ကို လည်း မပစ်နိုင် နဲ့ ၊ ဘယ်လို စီစဉ် ရမယ် တောင် မသိဘူး ”


“ ခင်ထွေး က တော့ သနားစရာ ပါ ကွာ ။ သူ့ မှာ ဘာ အပြစ် ရှိသတုံး ၊ ကောင်မလေး ငါ့ လာ တိုင် တာ ငိုကြီးချက်မ နဲ့ ”


“ ခင်ထွေး မှာ ဘာ အပြစ် မှ မရှိပါဘူး ဆိုဗျာ ၊ အပြစ် မရှိပါဘူး ။ ဖန် ပြောက်ချိန် တန်တော့ ဖန်ပြောက် တာပေါ့ ၊ လောကတံထွာ ပဲ ”


“ ဘာတဲ့ ”


“ ဖန်ပြောက် - ဖောက်ပြန် တာ ပေါ့ ဗျာ ”


"ဟား .... ဟား .... ဟား .... ခွေးမသားလေး ”


( ၂ )


ခင်ထွေး နှင့် ဆယ်နှစ် ဆယ်မိုး ပေါင်းသင်း လာခဲ့ ပြီး နောက် အပြစ်ရယ် ဟု မည်မည်ရရ ရှာ မတွေ့ပါ ။ ကောင်မလေး သည် ငယ်ပေါင်း လည်း ဖြစ်ကာ သူ့ ထက် ခုနစ်နှစ် ခန့် ငယ်သည် ။ အသား ညိုစိမ့်စိမ့် ၊ တောင့်တင်း သော ကိုယ်ဟန် နှင့် တင့်တယ်သော ရုပ် အဆင်း လည်း ရှိသည် ။ ရုပ်ရည် က လည်း နုပျို ဖျတ်လတ် သဖြင့် သန်းတင် အသက် ၃၅ နှစ် အရွယ် တွင် အသက် ၂၈ နှစ် သာ ရှိ သေးသော ခင်ထွေး နှင့် တူဝရီး ပမာ ရုပ် က ကွာခြား လေ သေးသည် ။


ခင်ထွေး က အလိမ္မာလေး လည်း ရှိသည် ။ စိတ်ဆတ် သော်လည်း မိမိ အပေါ် ကျိုးနွံစိတ် ရှိလေသည် ။ စီး တဲ့ ရေ ဆယ် တဲ့ ကန်သင်း ဟူ၍ အစုအဆောင်း တော်သည့် အပြင် အိမ်မှုကိစ္စ ၌ လည်း မပျင်းမရိ သိမ်းထုပ် သေချာသည် ။ သား နှင့် သမီး အပေါ်  ၌ လည်း အုပ်အုပ်စီးစီး ရှိသည် ။ ကျန်းမာရေး နှင့် ပြည့်စုံကာ အပြုအစု လည်း တော်သည် ။ သည်တော့ ဘာ လိုလေသေး သနည်း ။


သန်းတင် အဖို့ လိုသေးတာ တစ်ခု က မိမိ ဘာသာ မိမိ မကျန်းမာဘူး ဟု စိတ်စွဲ လာရာမှ ခင်ထွေးအပေါ် နှမ အရင်း ထက် မပိုသော စိတ် နှင့် နေ လာသည် ။ ငြီး တာ လိုလို ဘာလိုလို လည်း ဖြစ်မိသည် ။ သို့နှင့် ၃၅ နှစ် မရောက်မီ ဆံစ တစ်စနှစ်စ ဖြူသည် နှင့် ပုတီး စိပ်ရင်း တောထွက် ချင် သလိုလို ၊ ဘုန်းကြီး ဝတ် ချင် သလိုလို ခင် ထွေး အား လေသံ ပစ် မိသည် ။


ဤတွင် ခင်ထွေး က ..


“ ကလေးတွေ ကြီးပါစေဦး အစ်ကို ရယ် ၊ ကလေး လက် လွတ်တော့ အစ်ကို့ သဘော ပေါ့ ။ ဒီတော့ မိထွေး က ရေပူရေချမ်း တောင် ကမ်းလှမ်း မှာပါ ” ဟု အသာ တကြည် ဆို ရှာသည် ။


သန်းတင် စိတ်ရင်း ၌ တကယ် လည်း ခင်ထွေး အပေါ်  ၌ နှမအရင်း ပမာ သံယောဇဉ် တွယ်လျက် လောကီစိတ် လည်း ပြတ်သလို နှင့် နေ့ည သံသရာတွေ ရှည် နေသည် ။ ခင်ထွေး က မူ အပြုံး မပျက် စိတ်ရှည်လက်ရှည် ပင် လင် ယောက်ျား အလို ကျ ကျိုးနွံ မြဲ ပင်တည်း ။ ချီးမွမ်းစရာ တစ်ချက် က ခင်ထွေး မှာ စောင်း နှင့် ကင်းကွာသော စောင်းသမား လက် ကဲ့သို့ မဟုတ်မူဘဲ မဖောက်မပြား နေနေ သော ဖြူစင်သည့် အကျင့် ရှိခြင်း ပင်တည်း ။


သို့နှင့် ဗြုန်းစားကြီး ‘ ရင်နု ’ နှင့် ဖြစ် လာရသော ကိစ္စ တွင် ကား ခင်ထွေး မှာ ဆောက်တည် ရာ မရ ဖြစ်ရှာ လေ တော့သည် ။


“ အစ်ကို ပြောတော့ ဘုန်းကြီး ဝတ်မယ် ဆို ။ အမလေး ဘုရား ဖြစ်မယ့် အုတ်ခဲကြီး ရဲ့ ၊ မကျန်းမာဘူး ဆိုတော့ ကျုပ် က တော့ အဟုတ် အောက်မေ့လို့ ”


သည့်နောက် ကောင်မလေး က မပြောအပ်တာတွေ ကို ခရေစေ့တွင်းကျ အော်ကြီး ဟစ်ကျယ် ပြောရင်း ငို မဆုံးတော့ ပေ ။


“ ရှူး တိုးတိုးကွ ၊ အိမ်နားနီးချင်းတွေ ကြား ရင် ရှက် စရာကြီး ”


“ အလို တော် လုပ်ပုံကတော့ ရှက်စရာ မကောင်းဘူးလား ကြောင်သူတော်ကြီး ရဲ့ ”


ဆီးကင်း ပမာဏ မျက်ရည်ပေါက်ကြီးများ ကျလာ ၍ မဆုံးနိုင်အောင် ငိုကြွေး နေ ပြန်သည် ။


“ ငါ မှားပါတယ် ခင်ထွေးရယ် .... ငါ မှားမိပါတယ် ”


“ အံမယ်လေး မှားရုံ နဲ့ ပြီး သလား တော့ ။ ပြီးတော့ ဒီ ကောင်မ က ကျုပ် ထက် ဘယ်လောက်များ ပို လှလို့လဲ ။ ကျုပ် ထက် နှစ်နှစ် လည်း ကြီးဆို ၊ ပိန် လိုက်တာ က လည်း အရိုးချည်း ပဲ ကျုပ် မြင်ပြီးပါပြီ အုတ်ခဲကြီး ရဲ့ ”


“ ဒါတွေ ပြောမနေပါနဲ့ ကွာ ၊ ငါ့ ကို မင်း ပေးချင်တဲ့ အပြစ် သာပေးပါ ။ မင်း ပေးတဲ့ အပြစ် ငါ ကြည်ကြည်ဖြူဖြူ လက်ခံပါ့မယ် ခင်ထွေး ရာ ”


“ ကျုပ် အပြစ် ပေးလို့ ဘာ လုပ်ရမှာတုံးတော့ ၊ တော် တို့ ဘာသာ တော်တို့ ကမြင်း ပြီး ကျုပ် က ဘာ အပြစ် ပေး ရမှာတုန်း ။ ဒီမယ် ကိုသန်းတင် ရဲ့ ၊ တော့် လို ဆို ကျုပ် လည်း လင် တစ်ယောက် ခေါင်း ခေါက် ယူနိုင်သပေါ့ တော် ။ ကျုပ် က တော့် ထက် တောင် ရုပ်သန့်သေး ၊ နုပျိုသေး ။ ကျုပ် လို မိန်းမမျိုး လိုချင်တဲ့ သူတွေ အပုံ ၊ ဒါပေမဲ့ ကျုပ် က မဆော့တဲ့ မိန်းမ ဆိုတော့ ဘယ်လို နေလဲ တော် အသိပါ တော့် ”


“ အေးလေ .... ၊ ငါ မှားပါတယ်လို့ ဝန်ခံနေပြီ မဟုတ် လား ”


“ ကျုပ် လင် ဘယ်လို နေနေ ကျုပ် သိက္ခာ ရှိရှိ နေခဲ့တာ ၊ တော် က သာ တော် က သာ ဟီးဟီး ”


ခင်ထွေး ၏ ငိုချင်း ကား ဆုံးခန်း မတိုင်သေး ၊ မသာအိမ် မှာ ငိုဘိ သကဲ့သို့ ဖြစ်နေသော ကြောင့် ....


“ တော်တော့ဆိုကွာ ...မင်း ငိုပုံ က ငါ သေသလိုပဲ ”


“ အမယ်လေး သေသွားတာ မှ ကောင်း သေးတယ် ။ ကျုပ် က တော့ ကို လူကောင်း သူကောင်း မှတ်လို့ ပြုစု ခဲ့ ရတာ ၊ ဒီလိုပုံ ဆိုရင် တော် သေပါစေလို့ ကျုပ် ဆုတောင်း တော့ မှာပေါ့ ”


“ ဆုတောင်းကွာ ၊ မြန်မြန် ဆုတောင်း ။ သေတာပဲ အေးတယ် ၊ တယ် နားပူတဲ့ မိန်းမ ”


“ ကျုပ် နားပူတယ် ဟုတ်လား ။ လင်ခိုးမ မိန်းမရွှင် ပါးစပ် လို တော့ ကျုပ် က မြှူ မနေနိုင်ဘူး တော့် ။ ကျုပ် ပလီ မပြောတတ်ဘူး တော့် ” ဟု ခင်ထွေး က သူ့ ရင်ဘတ် သူ လက် နှင့် စုံ ထုကာ ရန်ထောင် ရင်း ငို နေပြန်သည် ။


ဘယ်လို ချော့ချော့ မပျော့တော့ သော ခင်ထွေး ကို သည် အတိုင်း လက်ပိုက် ကာ တစ်ည လုံး ငုတ်တုတ် ထိုင် ကြည့် နေရသည် ။ ခင်ထွေး က လည်း စက်သေနက် ပစ် သလို ပြောစရာ စကား ဟူသရွေ့ ကို တစ်ခွန်း တစ်ပါဒ မကျန် အောင် ပြော မဆုံးပြီတည်း ။


( ၃ )


ပန်းရံဆရာ ဘဝ နှင့် မိန်းကလေး အလုပ်သမား အမြောက်အမြား ကို ဆက်ဆံရ သော်လည်း ဘယ် မိန်းမ ကို မှ မရိုးမသား မဆက်ဆံဖူးပါ ။ တည်တည်တံ့တံ့ နှင့် လိပ်ပြာ သန့်ရှင်းစွာ ဆက်ဆံသည် ကို အများ အသိ ။


ထို့ကြောင့် အလုပ်သမား အားလုံး က ပင် သူ့ ကို ရို သေ လေးစားကြသည် ။ တစ်နေ့ လျှင် ၁ဝိ စား ပန်းရံ ခေါင်းဆောင် ဘဝ နှင့် သိက္ခာ ရှိရှိ နေခဲ့လေသည် ။


သနပ်ခါး ပါးကွက်ကျားများ နှင့် နုပျို စိုလန်းသော မျက်နှာလေးများ ကို သော် လည်းကောင်း ၊ ကိုယ်ကာယ ကို သော် လည်းကောင်း မျက်စိ တည့်တည့် ရောက်လာ လျှင် မြင်မိ ရှုကြည့်မိ သည် မှာ အမှန်ပင် ။ သို့သော် စိတ် ထဲ ကြာရှည် စွဲမြဲ မထား ။ စိတ် ထဲ ၌ သာယာသည် ၊ ချစ်သည် ၊ ကြိုက်သည် လည်း မရှိလှပေ ။


အဲ … သူ့ ရဲ့ ‘ မသိစိတ် ’ တွင်တော့ ဒီ သူငယ်မ အလှ များ သည် ခင်ထွေး အလှ ထက် ပို၍ ဆန်းသစ် နေလေ မည်လား မပြောတတ်ပေ ။


ရင်နု ကို ပန်းရံ အလုပ်သမကလေး အနေ နှင့် စတင် တွေ့ ရစဉ် က မြူးကြွ နေဟန် မြင်ရသည် ။ တစ်ခုလပ် မလေး ရင်နုကို ပိန်ပိန်ပါးပါး မျိုးမျိုးဖျတ်ဖျတ် နှင့် မြင် တွေ့ နေရသည် ။ မျက်နှာထား က ရွှင်ကြည်လျက် အပြုံး ရိပ် က သူ့ နှုတ်ခမ်းများ တွင် အစဉ်သဖြင့် နားခို လို့ နေ သည် ။


ဘယ်လောက်ပင် ချွေး စို့အောင် မောမော သီချင်း ဆို မပျက်ပေ ။ ထို့ပြင် ခရာသံလေး နှင့် “ ချစ်ခရီးဘဝ တာ လမ်းတစ်လျှောက် တွင် အတူတူ တတွဲတွဲ နေချင် ၊ ချစ် မငြီးရပါ ဝမ်းမြောက်ရွှင် ၊ မူမကွဲ အမြဲ မသွေအစဉ် ၊ သူ့ စိတ်နေ သဘောထား သိရ ခက်တယ်ရှင် ” ဆိုသည့် သီချင်းမျိုး ကို ကတ်ကတ်သတ်သတ် ရလည်း ရ၍ စိတ်ပါ လက်ပါ သီဆို လေသည် ။


တိုက် နံရံများ ကို ပန်းရံအချောကိုင် ရင်း သာယာချို အေးသော တေးသီသံ ကို မကြားချင်၍ ရမလား ။ စိမ်း ၍ ချော နေသော သမံသလင်း ကိုင်သော အခါ၌ သော်လည်း ကောင်း ၊ ကျောက်ပြား စီကာ အင်္ဂတေ နှင့် ဆက် ၍ ဆေးမှုန့်အဖြူ သုတ်လိမ်းကာ ပွတ်တိုက်သော အခါ၌ သော် လည်းကောင်း ၊ အေးအေးဆေးဆေး စိတ်ကူးစိတ်သန်း နှင့် နေသော အခါ ရင်နု ၏ တေးသံ က ပျံ့လွင့် လာခဲ့လေ သည် ။


ရင်နု က ဘိလပ်မြေ သယ် လာပြီး မိမိ အား ဒယ်အိုး ကို ကမ်းပေး လိုက်သော အခါ ဒယ်လက် ကိုင် ကို တော်တော် နှင့် မလွှတ်သော ရင်နု လက်ကလေးများ ကို ထိတွေ့ လိုက်ရသည် ဆိုလျှင် ရင် ထဲ တွင် နွေးကနဲ ဖြစ်သွား မိလေ သည် ။ ခင်ထွေး ၏ လက်ကလေးများ သည် ရင်နု ထက် နူးညံ့ သော်လည်း မကြာခဏ ကိုင်ဖူးသည် ဖြစ်သော ကြောင့် နွေးသော အတွေ့ ကို ထိုမျှ ဤမျှ မပေးတော့ပေ ။ ထို့ထက် ရင်နု က ဒယ်အိုးရွက်လျက် မိမိ အနီး ရောက် လျှင် အုတ်ခဲကျိုး တက် နင်းမိကာ ယိုင်လဲ မလို ဖြစ် ပြီး ‘ အမေ့ ’ ဟု မိမိ လက်မောင်းအိုး ကို အားပြု လိုက်သည့် အခါ တဒိတ်ဒိတ် နှင့် နှလုံးသွေး တိုးသံ ကို ပင် ကြားမိပါ သေးရဲ့ ။ မိမိ က ပြန်၍ သူ့ ကိုယ်လေး ကို ထိန်းပေး လိုက်ရ သော အခါ ဆိုစရာ မရှိပေပြီ ။


ရင်နု က ကိုယ် ကို လှုပ်ကာ ခပ်သဲ့သဲ့လေး ရယ်မော လိုက်သော အခါ ရင်နု အား မသိမသာ ငေး၍ ကြည့် နေ မိသည် ။ သန်းတင် က သတိ ကြီးစွာ နှင့် ရင်နုအား ကမန်းကတန်း လွှတ်လိုက် သောအခါ မျက်လုံးရွဲကြီး နှင့် မျက်စောင်း ‌ထေ့ ကာ ....


“ တကတဲ ဆရာကိုသန်းတင်ကြီး က လူများ အနူအဝဲ ကျနေတာပဲ ” ဟု နှုတ်ခမ်း စူကာ ရန်ထောင် နေ တတ် သည် ။


ပြီးနောက် သူ့ ကိုယ် က သနပ်ခါးနံ့ က တခြား မိန်းမလေးတွေ လိမ်းကျံ သလို ရွှံ့စေး နှင့် ရောထား သလို စေးထန်းထန်း ဝါကျင့်ကျင့် အရောင် ရှိသော သနပ်ခါး ရနံ့မျိုး မဟုတ် ၊ ရှင်မတောင်သနပ်ခါး တွင် နံ့သာဖြူရနံ့ က စွက် လျက် သင်းပျံ့ နေသည် ။ ခေါင်း ထက် မှ သနပ်ခါး ပန်းရနံ့ က လည်း သူ့ ကိုယ် နံ့ ကို အထောက်အကူ ပြု သယောင်ယောင် ။


ဒီတော့ မယား ခင်ထွေး နှင့် ခေတ္တ စခန်းချ ခဲ့သော အချစ်စိတ် ( ဝါ ) တပ်မက်စိတ် တို့ သည် ဖြိုးဖြိုးဝေလျက် ရင်နု အပေါ်၌ တစ်ပါးသော ယောက်ျားတို့ ၏ စိတ်လှုပ် ရှားမှု ထက် ပို လာ ရသည် ကို ဝန်ခံရ မလို ဖြစ် နေလေ သည် ။ နဂိုက မိန်းမ လိုက်စား တတ်သူ မဟုတ်သော် လည်း ရင်နု အပေါ်၌ စိတ်ဝင်စား မှန်း မသိ ဝင်စား လာ သည် မှာ မိမိ တတ်နိုင်သော ကိစ္စ မဟုတ် ဟု ကိုယ့် ဘာသာ ကိုယ် ထုချေ မိသေးသည် ။


ပုထုဇဉ် သန္တာန် တွင် ပုထုဇဉ်စိတ် ပဲ ပေါ် ရမည် ။ တခြား ဘာစိတ် မှ ပေါ်မည် မဟုတ်သည် ကို ခပ်စောစော က သတိ မထားခဲ့မိပါ ။ ခင်ထွေး ကို မေတ္တာ မပျက်ပါ ဘဲ လျက် မီး ဝေး ချိတ် ပမာ ဖြစ်ခဲ့ရသော စိတ်တို့ သည် တစ်ပါးသော မီး နှင့် တွေ့ထိ ရသော အခါ ပို၍ပင် အရည် ပျော် လာလေသည် ။ သို့ကြောင့် သူ့ လို မယား လက်ရှိ အလုပ်သမားများ ထက် မိမိ ၏ လှုပ်ရှား ဖောက်ပြားမှု ထုထည် ပို၍ ကြီးနေသည် ဟု တွေးထင် မိ လာသည် ။ သို့သော် နောက်ကျ ခဲ့လေပြီ တကား ။


ရင်နု နေ မကောင်း သဖြင့် တစ်ရက်တလေ မလာ သည် ကို ပင် ဘယ်လို နေမထိ ထိုင်မထိ ဖြစ်မှန်း မသိ ။ နောက်ရက် တွင် တော့ ရင်နု ၏ မိတ်ဆွေရောင်းရင်း လုပ်ဖော်များ က ...


“ ရင်နု ရေ ... ၊ ညည်း လူကြီး တော့ ဈာန် လျှောပြီဟေ့ ” 


“ ဘာတုံး အေ့ ... ညည်းတို့ ဥစ္စာ က ”


“ ဆရာကိုသန်းတင်ကြီး ပေါ့ ၊ ညည်း မနေ့ က မလာလို့ ဒေါင်းတောက် နေတာပဲ ။ သူ့ မျက်လုံးတွေ က ကျီးကန်း တောင်းမှောက် ပဲ ၊ ညည်း ကို ရှာတာ ”


“ အဲဒါ ဘာဖြစ်သလဲ ” ရင်နု က မထူးမဆန်း သလို မေး လိုက်လေသည် ။


“ အဲဒါ ဘာဖြစ်ရမလဲ ၊ သူ့ ကြည့် တော့လည်း ထေရ်ကြီး ဝါကြီး ရတဲ့ သူ လို မျက်နှာကြီး တည်တည် နဲ့ ။ ညည်း ကြောင့် ဈာန် လျှော နေတာပေါ့ အေ့ ”


“ အိုး ... ဈာန် လျှော ရအောင် သူ က ရဟန္တာဈာန်ပျံ မှ မဟုတ်တာ အေ ၊ ဘာသား နဲ့ ထုတာ မို့ တုံး ”


“ ကောင်မ … ညည်း က သန်းတင် ကို ဘာတွေ သွား လုပ်သတုံး ”


“ မလုပ်ရပါဘူး တော် ”


“ ညည်း သူ့ အနား ကပ်ကပ် ပြီး လေ ”


“ ဘုရားစူး ”


“ ငါ ....နည်းနည်း ပျော်ချင်လို့ သွား စ တာပါ အေ ၊ ဒါလောက် ဣန္ဒြေ ကြီး တဲ့ လူကြီး ဘယ်လို နေမလဲလို့ ကြည့် ချင်လို့ ”


“ မနေ့က နေ့လယ် ငါတို့ ထမင်း စား နေတုန်း တစ်သက်လုံး ဆင်း မလာဖူးတဲ့ လူ က စပါးရော ဖွဲရော နဲ့ မညွန့်တင် တို့ ထမင်း စား ကောင်းရဲ့နော် တဲ့ ။ ဟုတ်ကဲ့ ဆရာ လို့ ဆိုတော့ အဖော်တွေ နဲ့ စားတော့ ပျော်စရာကြီး ပဲ တဲ့ ။ ငါ ကပဲ ပါရမီ ဖြည့်ချင်တာ နဲ့ ဒါတောင် ရင်နု မလာ လို့ ၊ လာရင် ပိုတောင် ပျော်ရဦးမယ် လို့ စကား လမ်း ကြောင်း ပေး လိုက်ရော ၊ ဟီ ... ဟီ ... ”


ညွန့်တင် က ရူးတူးတူး မျက်နှာထား နှင့် ရယ် နေ ရာ ရင်နု နှင့် အဖော် တစ်စု က ညွန့်တင် အား ဝိုင်း ထု ကြပြီး ရယ်မော မဆုံး ဖြစ်နေ ကြ၏ ။


တသောသော နှင့် မိန်းကလေး တစ်သိုက် ရယ်မော သံ သည် သန်းတင် နား ထဲ ပျံ့လွင့် လာ လေသည် ။ မိန်းကလေးများ ပြောဆိုသံ တစ်စွန်းတစ်စ လည်း ကြားမိ သော အခါ သန်းတင် မှာ မျက်နှာ ကို တစ်ဖက် သို့ လှည့် နေ လိုက်လေသည် ။


သို့နှင့် ရင်နု က ဆတ်ကော့ လတ်ကော့ ၊ မိမိ ကလည်း ခင်ထွေး နှင့် အမြင် နီးပြီး ခရီးဝေး သခိုက် မို့ မရှောင်သာ သော လမ်းမြှောင် ကြား တွင် ညား ရသော ဇာတ်လမ်း ကို က မိ လျက်သား ဖြစ် နေမိလေသည် ။


ခင်ထွေး က ဒီ အကြောင်းတွေ ကို ကြားသိရသည် နှင့် …


“ ကျုပ် တော် ပြောသလို တော့် အပေါ်  ရိုးရိုးသားသား နေ မိတာ မှားပါပေါ့လား တော့ ၊ ဒီလိုမှန်း သိရင် ကျုပ် ရင်နု လို ဆတ်ကော့ လတ်ကော့ မနေရပါလား ။ ကျုပ် ခု ဆတ်ကော့ လတ်ကော့ နေ တော့မယ် တော် ရဲ့ ၊ တော် ရင်နု နဲ့ သွား ပေါင်းချေ ၊ ကျုပ် လည်း တစ်ယောက် ယူ မယ် ။ ဘာမှတ်သလဲ ” ဟု မိုက်စကားတွေ ပြောကာ နဖူး ရှေ့ မှ ဆံပင် တွေ ဖြတ် ၊ နှုတ်ခမ်းဆိုး ၊ ပါးဆိုး ၊ ယိုးဒယားဘော်လီ ဝတ်လျက် သန်းတင် မခံချင် အောင် ရုပ်ရှင်များ ပွဲ ဆက် ကြည့် နေ တတ်လေသည် ။


ဘယ်လိုမှ ချော့ ပြောလည်း မရ ၊ ကြာတော့ အမြင်ကတ် လာသည် နှင့် ...


“ အေး ….. မင်း ကြည့်ရတာ တစ်နေ့တခြား အပျက် နဲ့ တူလာပြီ ” ဟု ဆိုမိရုံ ရှိသေး ခင်ထွေးက ကက်ကက်လန်လန် ....


“ တော် … အပျက် ယူ ထားတယ် မဟုတ်လား ။ ကျုပ် ဘာသာ ကျုပ် အပျက် ဖြစ်ဖြစ် အပျော် ဖြစ်ဖြစ် တော် နဲ့ မဆိုင် ၊ တော့် အပျက် ကို သာ အော်ဒါ မလိုက် အောင် သွား ဆုံးမ ချေ ။ ကျုပ် မျက်နှာ ကို တော့ သေသေ ချာချာ ကြည့်ထား ၊ ရင်နု လို အစား မဟုတ်ဘူး ။ ကျုပ် ဘာသာ ကျုပ် လင် တစ်ယောက် ကို ခေါင်းခေါက် ယူ နိုင်တဲ့ တစ်နေ့ တော့် ကို ကွာမယ် ၊ ဒါပဲ ပြောမယ် ”


သည်တော့ သန်းတင် က စိတ်ဆင်းရဲခြင်း မက ဆင်းရဲ ပြီး မီးဖို ထဲ က ‘ ဓား ’ တစ်လက် ကိုယူ ကာ ခင်ထွေး အား ကမ်းပေး ရင်း ပြော လိုက်၏ ။


“ မင်း ... ဘာဘာညာညာတွေ လုပ် မနေ နဲ့ ၊ ငါ့ ကို မကြည့်ချင် ရင် သ,တ်လိုက် ။ ရော့ .... ခု သ,တ် ... ဟေ့ .... ခု ချက်ချင်း သ,တ်လိုက်ပါ ။ ရော့လေ ... ဟေ့  ... ခင်ထွေး ... ”


ခင်ထွေး က သန်းတင် အား ဆတ်ခနဲ မော့ ကြည့် လျက် မျက်ရည်ရစ်ဝိုင်း နေသော သန်းတင် ၏ မျက်လုံး များ ကို မြင်ရသောအခါ သန်းတင် ၏ လက် ထဲ မှ သားလှီးဓားဦးချွန် ကို ဆတ်ခနဲ လှမ်း ယူလိုက်သည် ။ ထို့ နောက် အိမ်ကြမ်း ကို အား နှင့် အဖန်ဖန် ထိုး စိုက်ကာ စိုက်ကာ …


“ တော့် ကို ကျုပ် သ,တ်ပါ့မလား တော် ။ ဘယ်တော့မှ မသ,တ်ဘူး တော် က သာ ကျုပ်  ကို သ,တ်နေတာ သ,တ် နေတာ ။ ဖြည်းဖြည်းချင်း ညှဉ်းသ,တ်နေတာပါ တော် ၊ တော့် စကား ကို စဉ်းစဉ်းစားစား ပြောပါ ။ တော့်ကို ကျုပ် မကြည့်ချင်ဘဲ ရှိမလား ၊ တော် သာ ကျုပ် ကို မကြည့်ချင် လို့ ရင်နု ကို ယူ တာ မဟုတ်လား ” ဟု ပြောရင်း ငိုကြွေး နေ ပြန်သည် ။


ကြမ်းပြင် ပေါ် သို့ အားကုန် စိုက်ချ လိုက်သော ဓား သည် ဖျောင်းကနဲ ကျိုးသွား တော့သည် ။


( ၄ )


ယခုလည်း .... 


ဤမျှထိုမျှ ကြီးကျယ်သော ရန်ပွဲကြီး တစ်ခု ဖြစ်လာ လေသည် ။


ခါနွေဆန်းစ တွင် နံနက်ခင်း သည် ရွှေရောင် နေခြည်မျှင် အောက် ဝယ် လန်းဆန်းလတ်ဆတ် နေသည် ။ ဈေးတန်း အစ မှ ပန်းတို့ သည် ရေစက်များ တွဲလွဲ ခို နေ သည် ။ မေမြို့  ၊ ဂန္ဓမာ ၊ ဖြူဝါ နှင်းဆီ ရောင်စုံ တို့ သည် မျက်စိပသာဒ တွင် ကြည်လင် အေးမြစရာ ဖြစ် ပေသည် ။


သို့သော် ခင်ထွေး နှင့် ရင်နု တို့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံ မှာ ကား မသက်ဆိုင်သူ တို့ အဖို့ ရယ်ဖွယ် ဖြစ် သော်လည်း သက်ဆိုင်သူ အဖို့ နား မချမ်းသာစရာ ပင် တည်း ။ သန်းတင် က သွား၍ ဖျန်ရ ကောင်းနိုး ၊ လက်ဖက်ရည်ဆိုင် မှ တိတ်တဆိတ် လစ် သွားရ ကောင်းနိုး နဲ့ စိတ် ထဲ ဇဝေဇဝါ ဖြစ် ဆဲ ...


“ ဟေ့ ....သ,တ်ကုန်ကြပဟ သန်းတင် ၊ သွားစမ်း မြန်မြန် သွားစမ်း ... ”


ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိ ၊ ရင်နု က ဝင်း အပြင် ထွက် လာ ကာ ခင်ထွေး နှင့် နပန်း လုံးကြ လေသည် ။ တစ်ယောက် ဆံပင် တစ်ယောက် ဆွဲ ကာ ကုတ်ကြ ၊ ဖဲ့ကြ သည် ။ ခင်ထွေး က ခွန်အား ကြီး သလို ရင်နု ကလည်း သန်စွမ်း သည် ။


အင်္ကျီများ စုတ်ပြဲ ကာ မြင်မကောင်း ၊ ရှုမကောင်း ။ ကာလသား အချို့ ကတော့ မူ မြင်ကောင်း ရှုကောင်း သည့် ပမာ အရိပ်ပြပွဲ ကြည့် သလို မက်မက်စွဲစွဲ အာရုံခံ ကြည့် နေကြသည် ။ သဲခင်း ထား သော မြေ က လည်း နပန်းသ,တ် ရန် နေရာ အသင့် လို ဖြစ် နေသည် ။


ရင်နု က ထဘီ ကျွတ် သွားသဖြင့် ကပျာကယာ ထဘီ ကောက် ဆဲ ခင်ထွေး က သူ့ ကိုယ်လုံး တုတ်တုတ် နှင့် ပစ်တိုက် လိုက် လေသည် ။ နှစ်ယောက် စလုံး သဲပြင် ပေါ် တွင် လိမ့် နေ ကြ ပြန်သည် ။


ဤတွင် သန်းတင် သည် ကယ်တင်ရှင် သူရဲကောင်း ကြီး ပမာ ရန် ဖြစ်သူ နှစ်ဦး ရှေ့ ဘွားကနဲ ပေါ် လာလေ သည် ။ သူ ပါ မယား နှစ်ယောက် ကြား လုံးထွေး လုံးထွေး နှင့် ဖြစ်နေသည် ။ ရင်နု အိမ်သားများ ကလည်း မရှိ ။ ခင်ထွေး ကလည်း အဖော် မပါ တစ်ကိုယ်တည်း လာ မိုက်ပြခြင်း ဖြစ်သည် ။ မဆိုင်သူများ ကလည်း တော်ပါ တော့ သာ ပြောသည် ၊ ဝင် မဆွဲရဲကြ ။


ဘကြီးညို က လည်း မိန်းမသားများ ဖြစ်သဖြင့် နှုတ် က သာ တော်တော့ ပြောသည် ။ ကိုယ်ထိ လက်ရောက် မဖျန် ဝံ့ ။


“ ဟယ် ... ကမြင်းမတွေ ၊ တော်ပါ ဆိုတာ မရဘူး ” 


သန်းတင် က မျက်နှာ တစ်ခုလုံး နီရဲ ကာ စိတ် တို လာ လေသည် ။ ရှက် လည်း ရှက်သည် ။ ဒေါသ လည်း ထွက် သည် ။ ရှက်ဒေါသ နှင့် လမ်းလျှောက်ရင်း တမေ့တမော ငေး နေသော အဘိုးကြီး တစ်ဦး ထံ မှ ချယ်ရီသားတုတ်ကောက် ကို အတင်း ဆွဲယူ ကာ မယား နှစ်ယောက် စလုံး ကို စိတ်ပေါက်ပေါက် နှင့် ရိုက်သည် ။ အဘိုးကြီး က သန်းတင် နောက် လိုက် ကာ .....


“ ကျုပ် တုတ် ကျိုးပါမယ်.… ကျုပ် တုတ် ကျိုးပါ မယ် ” ဟု အတင်း ဆွဲ လုသည် ။ မရ ။ အဘိုးကြီး ပါ ရန် ဖြစ်သူတွေ ကြား ထဲ လုံးထွေး လုံးထွေး ဖြစ်နေ ပြန်သည် ။


ရင်နု က သူ့ လက်ဖျား ကို တုတ်ချက် ထိသွား သဖြင့် အသည်း ခိုက်အောင် နာ လေသည် ။ ခင်ထွေး က လည်း ညို့သကျည်း ကို တုတ်စာ မိ ၍ သူ့ ဒေါသ သည် သန်းတင် ဆီ သို့ ပြောင်း သွား လေသည် ။ ရင်နု က လည်း သန်းတင် ကို ဒေါသ ထွက်သည် ။


“ နင် သူများ သားပျိုသမီးပျို ယူပြီးတော့ ကောင်းကောင်း မထားဘူး ၊ နင် ကမြင်းပြီး နင် က ပဲ ရိုက် ရတယ် ရှိသေး ”


ရင်နု က ဆိုဆဲ၏ ။ ခင်ထွေး က လည်း “ တော် ကျုပ် ကို ဘယ်တုန်းက ရိုက်ဖူးသလဲ ဟင် ၊ တော့် ဘာသာ တော် ကမြင်းပြီး ... ” ဟု ပြောပြောဆိုဆို သန်းတင် ၏ ပါး ကို လှမ်း ရိုက်သည် ။ သန်းတင် က ရှောင်ဆဲ ရင်နု က လှမ်း ရိုက် ပြန်သည် ။ နှစ်ယောက် သား ဝိုင်းပြီး သန်းတင် ကို သတ်ကြ ပုတ်ကြ ပြန်သည် ။ သန်းတင် လက် မှ ချယ်ရီ တုတ်ကောက် အလွတ် တုတ်ကောက် ပိုင်ရှင် လူကြီး က ကပျာကသီ သူ့ တုတ်ကောက်ကို ကောက်ယူ ကာ ပြေးပြီး လူအုပ်များ ကြားထဲ ပျောက်ကွယ် သွားလေသည် ။


သန်းတင် နှင့် မယား နှစ်ယောက် သတ်ကြ ပုတ်ကြ ဆဲ ရင်နု က သံဖြူဆိုင် မှ ဂေါ်ပြားတစ်ခု ပြေး ယူကာ သန်းတင်ခေါင်း ကို ရိုက် လိုက်သည် ။ သန်းတင် ခေါင်း မှ သွေး များ ဖြာခနဲ စီးဆင်း လာသောအခါ ဖျန်မည့် သူများ ပြေး လာကြ သော်လည်း ခင်ထွေး က သန်းတင် ၏ အရှိုက် ကို လက်သီး နှင့် ထိုးမိပြီး ဖြစ်သည် ။ သန်းတင် သည် မြေ ပေါ် တွင် ငှက်ပျောပင်ရင်း မှ ဖြတ် လိုက်သည့် ပမာ ရုတ်ခြည်း ပြိုလဲ လေသည် ။


ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ် နေသော အခြေအနေ တွင် သန်းတင် အား ပွေ့ထူ ကာ နှာ နှပ် သူ နှပ် ၊ ယပ် ခတ် သူ ခတ် နှင့် သန်းတင် က တုတ်တုတ်မျှ မလှုပ်တော့ ။ ခင်ထွေး က သန်းတင် ၏ လက် ကို ကိုင် ကာ “ အမယ်လေး … ကျုပ် လင် သေပါပြီတော့ ” ဟု ငို လေသည် ။ ရင်နု  က လည်း မျက်ရည်များ ကျ နေသည် ။


များမကြာမီ ပင် ကားဥဩရှည်ကြီး ဆွဲသံ နှင့် အတူ လူနာတင်ကား ရောက် လာ လေသည် ။ လူနာထမ်းစင် ပေါ် သို့ တင် ပေးသော အခါမှ သန်းတင် က သူ့ မျက်တောင် ကို မသိမသာ ခတ် လိုက် လေသည် ။ မျက်စိ ကို တော့ မဖွင့် ပေ ။ ဖွင့် လည်း မဖွင့်ချင် ပါ ။ သည် အတိုင်း ပင် နေချင် ပါ သည် ။ ဒဏ်ရာ ဒဏ်ချက် က တော့ မပြောပ လောက်ပါ ။ လောလောဆယ် သေချင်စိတ် သာ ရှိသည် ။


ဆွဲကြိုးချ မသေရဲ လို့ သာပါ ။ ခုနေ ဒီ အတိုင်း သေ သွားမည် ဆိုလျှင် ရဲရဲဝံ့ဝံ့ပင် သေချင်ပါသည် ။ တရား ကျ ၍ မဟုတ်ဘဲ စိတ် ညစ် သောကြောင့် သေခြင်းတရား ကို သွေးအေးအေး နှင့် ရင်ဆိုင်ရဲ လေသည် ။ သေမင်း ကို မြင်ရဦး တော့ လည်း မကြောက်မရွံ့ နောက် မတွန့်ဘဲ သူ က ပင် ဦးဆောင်လက်ယပ် ခေါ်မည် ထင်ပါသည် ။  ။ 


◾ခင်ဆွေဦး


📖 ငွေတာရီ မဂ္ဂဇင်း

      အမှတ် ၁၂ဝ ၊ 

      ၁၉၇၀ ခု ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

Tuesday, January 10, 2023

အေးချမ်းငယ် ၏ ဖွင့်ဟဝန်ခံချက်


 ❝ အေးချမ်းငယ် ၏ ဖွင့်ဟဝန်ခံချက် ❞


၁  ။


အေးချမ်း ညီမလေး မွေးတဲ့ နေ့ ဟာ အေးချမ်း ဆိုး လာတဲ့ နေ့ပေါ့  ။


ဪ ... ပြောရဦးမယ် ။


အေးချမ်း မှာ ညီအစ်မ သုံးယောက် ရှိသွားပြီ လေ ။ အကြီးဆုံး က မမ “ ချိုစိမ်းလဲ့ ” တဲ့ ။ သူ့ ကို အိမ် မှာ “ ချိုချို ” လို့ပဲ ခေါ်တယ် ။ သမီး ကို တော့ “ အေးချမ်း ” လို့ မှည့်တယ် ။ အဲဒီတုန်းက မမ အဆိုတော် အေးချမ်းမေ မပေါ်သေးဘူး ။ ရန်အောင် ပဲ ပေါ်သေးတယ် ။ ရန်အောင် က တယ်လီဗေးရှင်း မှာ အေးချမ်း ကို ကြည့်ပြီး “ ကလေးရေ ... ”  လို့ ဆိုတယ် ။ ပြီးတော့ အေးချမ်း ကို ကြည့်ပြီး ရယ် ပြသေးတယ် ။ “ ချစ်တယ် မီးရယ် ” လို့ လည်း ဆိုသေးတယ် ။ အဲဒီတော့ အေးချမ်း က ကိုယ့် ကိုယ် ကိုယ် မီးကလေ ... မီးကလေ နဲ့ ပြောတော့ ဘွားဘွား နဲ့ မေမေ က ဆူတယ် ။ “ မီးရေ ” လို့ ထည့် ပြောတာ မကြိုက်ဘူး တဲ့ ။


“ ဘာဖြစ်လို့လဲဟင် ..” လို့ အေးချမ်း က မေးတော့ “ ညုတုတု ” နဲ့ မို့ တဲ့ ။ “ ညုတုတု ဆိုတာ ဘာလဲ ” လို့ အေးချမ်း က မေးတော့ “ မရှည်နဲ့” တဲ့ ။ နား မလည်ရင် အသာ နေ တဲ့ ။


အသာ မနေပါဘူး ။ ညုတုတု ဆိုတာ ကို အေးချမ်း လိုက် လိုက် မေး ကြည့်တော့ နွဲ့ တာတဲ့ ။ နွဲ့ တာ ဆိုတာ ဘာလဲ ။ ချွဲတာ တဲ့ ။ အေးချမ်း တစ်ခု မှ နားမလည်ဘူး ။ မမချိုချို က တော့ သီချင်း ဆိုရင် အင်္ကျီပါးပါး ၊ လုံချည်ပျော့ပျော့ ဝတ်ပြီး ဖင် တအား ယမ်း သီချင်း ဆိုတဲ့ မိန်းမတွေ က ပြောတာ မို့ မပြောရတာ တဲ့ ။ ဒါလည်း နား မလည်သေးပါဘူး ။


ခု ချိုချို က ၉ နှစ် ၊ အေးချမ်း က ၅ နှစ် ၊ ညီမလေး က ၃ လ ရှိပြီ ။ ၃ လ ကျော်ပြီး ရက် ၁၀၀ ပြည့်တဲ့ နေ့ မှာ နာမည် ပေး တော့ မှာ တဲ့ ။ သူ က ဗုဒ္ဓဟူးနေ့ မှာ မွေး တာမို့ “ ဆင် ” တဲ့ ။ နာမည်ကို စိန်ယင်းမာ လို့ မှည့် ကြ မှာ တဲ့ ။ “ စိန် ” လို မာပြီး “ စိန် ” လို ဌေးအောင်လို့တဲ့ ။


ဌေးအောင် ... ဟုတ်လား ။  


အေးချမ်း တို့ က အရမ်းကြီး မဆင်းရဲပေမဲ့ ချမ်းတော့ မချမ်းသာ ဘူး ။ ဒါကြောင့်မို့ အေးချမ်း တို့ အိမ် နား က ကျောင်း မှာ ပဲ နေ ရတာလေ ။ ချမ်းသာတဲ့ လူတွေ နေတဲ့ ကျောင်း မှာ ဆို ရင် မော်တော်ကား ရှိ ရမယ် ။ မေမေ က စိန်နားကပ် ပန် ရမယ် ။ ကီမိုနိုလုံချည် ၊ အင်္ကျီဝမ်းဆက် ဝတ် ရမယ် ။ မိကျောင်းရေ လက်ကိုင်အိတ် ကိုင် ရမယ် ။ ခုံမြင့်ဖိနပ် နဲ့ ငါးရာ ကျော် တန် ဖိနပ် စီးရမယ် ။ ပြီးတော့ ငါးရာကျော် တန် စတီး ( လ် ) ထမင်း ဘူး ထဲ ကြက်သားဟင်း ၊ ပုစွန်ထုပ်ဟင်း ထည့် ရမယ် ။ ပန်းသီးစိတ် တွေ ၊ လိမ္မော်သီးစိတ် တွေ လည်း ယူ သွားရမယ် ။ တစ်ခါ အိမ် က ရေအိုး ထဲ က ရေ မယူရဘူး ။ သန့်စင်ရေ ယူ သွားရမယ် ။ အဲသလို ယူ သွားနိုင် မှ ကျောင်း ပြောင်း ပေးမယ် တဲ့ ။ မမချိုချို က စိတ် ညစ်သွားတယ် ။ ကျောင်း ပြောင်းချင် လှပြီ တဲ့ ။ ၄ တန်း စာမေးပွဲ ဖြေပြီး ရင် ပြောင်း ချင်တာ တဲ့ ။ ဟိုမှာ က တန်းမြင့် ကျောင်းသား အကောင်းစား ။ ဒီမှာက အလက ကျောင်းသား သူတောင်းစား တဲ့ ။ အဲသလို အိမ်နား က အောင်မျိုးသီဟဇော် က အေးချမ်း တို့ ကို စ,တယ် ။ စ,မှာပေါ့  ။ သူက အဲဒီ ကျောင်းကြီး ကို တောင်းအေ့ကား နဲ့ တစ်လှည့် ၊ ပဂျာရိုကား နဲ့ တစ်လှည့် သွားတာ ။


မေမေ ကတော့ မေမေ့ မှာ စိန်နားကပ် မရှိဘူး ။ ကီမိုနိုဝမ်းဆက် လည်း မရှိဘူး ။ ဖိနပ် ကလည်း ပါးချပ်ချပ်နဲ့ ၆ဝ ကျပ် ပဲ ပေးရတာ ။ ပိုက်ဆံအိတ် ကလည်း မြန်မာပြည် ဖြစ် ၁ဝဝ ကျပ် ပဲ ပေးရတာ ။ အောက် လိုက် တာ မေမေ ရာ ။ အေးချမ်း က ပြောလည်း မေမေ က ဘာမှ ပြန် မပြော ဘူး ။ အကြာကြီး နေမှ ကျောင်း မနေဘဲ အကြော် လည် ရောင်းနေတဲ့ ကလေး တွေ ကို ပြပြီး သမီးတို့ သိပ် ကံ ကောင်း တာပေါ့ တဲ့ ။ သမီးတို့ ကံကောင်း တယ် ။ ဟင် ... ဟုတ်လို့လား ။ သမီး ပုစွန်ထုပ် စားချင်တာ ကြာ လှပြီ ။ ဘယ် မှာ စား ရလို့ လဲ ။ တစ်ခါတုန်းက မေမေ က ပုစွန်ထုပ် နောက် မှ ဝယ်ပေးမယ်နော် ဆိုပြီး ပုစွန်သေးသေးလေးတွေ ဝယ် လာချက်လို့ သမီး အရိုး စူးတယ်လေ ။ အေးချမ်း ငို လိုက်ရတာ ။ အကြာကြီး နေမှ ပျောက် သွား တာ ။


အောင်မျိုးသီဟဇော် က အေးချမ်း ကို အောက်တန်း ကျလိုက်တာ တဲ့ ။ သူ က ပုစွန် ဆိုရင် ထမင်း နဲ့ တောင် မစားဘူး ။ ဒီ အတိုင်း မီးဖုတ် စား တာတဲ့ ။ အသားတွေ လည်း မီးရဲရဲ မှာ “ ကင် ”  စားတာတဲ့ ။ ဟိုတယ် မှာ တစ်ယောက် နှစ်ထောင် ဖိုး စား ကြတာ ပုစွန်ချိုချဉ်တွေ မှ အများကြီး စားတာတဲ့ ။ သိပ် ကွာတာပဲ ။ သမီးတို့ စား တဲ့ ဝက်သား နဲ့ အာလူးဟင်း ကို သူ့ အိမ် က “ နစ်ကီ ” တောင် မစားဘူး တဲ့ ။ နစ်ကီ က တစ်နေ့ တစ်နေ့ အမဲသား အများကြီး စားတယ် ။ နွားနို့တွေ လည်း တစ်ပန်းကန် ပြီး တစ် ပန်းကန် သောက်တာ ။ လေဘေးထည် ထဲ က နင့် ဂါဝန်ဖိုး ထက် တန်သေး တယ် တဲ့ ။


၂ ။


အေးချမ်း သိပ်ကို စိတ် ဆိုး သွားတာပဲ ။ အဲသလို စိတ်ဆိုး လာရင် တအား ကုန်း အော် ပစ်တယ် ။ လမ်းပေါ် က ဖုန်တွေ ပေါ်  ထိုင် ပစ် လိုက် တယ် ။ အလကား နေရင်း မြက်တွေ ဆွဲ နုတ်ပစ်ပြီး လွှင့် ပစ်တယ် ။


ညီမလေး စိန်ယင်းမာ မွေးတဲ့ နေ့ က ဆိုရင် အဆိုးဆုံး ပဲ ။ သိပ် ကို စိတ် ဆိုးတာ ။ ခဲလုံးတွေ ကောက်ကောက်ပြီး ဓာတ်တိုင်တွေ ကို ပေါက် တယ် ။ ခွေးညို တို့ ကို ပစ်တယ် ။ လမ်းပေါ်က ကလေးလေး မွေးထားတဲ့ ခွေးမကြီး ကို လည်း ပစ်တယ် ။ အေးချမ်း ရဲ့ မေမေ ရဲ့ မေမေ ဘွားဘွား က ပေတံ နဲ့ ရိုက် လည်း လုပ် တာပဲ ။ နာ ပေမဲ့ နာ ပစေပေါ့  ။ အေးချမ်း လုပ်ချင် တာ လုပ် မှာပဲ ။ အေးချမ်း သီချင်း ကို ကုန်းကုန်း အော်ပြီး ဆိုတယ် ။ အား ... အား ... အား ... နဲ့  ။ ဘယ်သူလဲ ၊ ဂလေသံ နဲ့ လို့ မေမေ က ဆေးရုံ မသွား ခင် ဆူ ဖူးတယ် ။ ဖေဖေ ကတော့ မဆူဘူး ။ ရိုက် လည်း မရိုက်ဘူး ။ ဒါပေမဲ့ ခေါ်ရင် မကြားချင်ယောင် ဆောင် နေတယ် ။ ဘာမှလည်း အေးချမ်း တို့ကို လုပ် မပေးဖူးဘူး ။ အလကားပဲ ။ ဦးရန်အောင် နဲ့ ဦးလွင်မိုး နဲ့ ဦးနေဆန်း တို့ ကိုပဲ အဖေ တော် တော့မယ် ။ ဒီတော့ ဖေဖေ က ရယ်တယ် ။ မေမေ တော်ချင်တဲ့ လူ မရှိဘူးလား ဆိုတော့ ဟင့်အင်း မေမေ ကတော့ ဒီ မေမေ ပဲ ။


ခု မေမေ ကလေးလေး မွေးဖို့ သွားပြီ ။  


“ မိန်းကလေး ဟယ် ၊ အံ့ရော ။ အပြင် မှာ နှစ်ယောက် ၊ ခုပါနဲ့ ဆို ရင် သုံးယောက် ” 


ဘွားဘွား က ပြောတော့ ..... 


“ ကောင်းတာပေါ့ အန်တီ ရယ် ။ ဗီရို သုံးလုံး ရတာပေါ့ ” 


ဧည့်သည် က ပြောသေးတယ် ။


အဲဒါ ဘာ ပြောတာလဲ ။ သမီး တွေ အတွက် ဗီရိုတွေ ဝယ် ပေးမယ် လို့ ပြောတာ တဲ့ ။ ယောက်ျားလေး ရမယ် လို့ ပြောကြတာ မိန်းကလေး ရလို့ ဖေဖေ က စိတ်ရှုပ်တယ် တဲ့ ။ ရှင် တစ်ပါး မှ မပါဘူး ။ အဲဒါ ကိုရင် ကို ပြောတာနော် ။ အေးချမ်း က သီလရှင် ဝတ်ပြီး ရှင် ပြု မှာပေါ့ ။


“ ဒေဝါလီနေ့ မွေးတာ ထူးခြားတယ် ”    


“ ဒါပေမဲ့ ရုပ် က တရုတ်လေး လို မျက်စိ မှေးမှေး နဲ့ ” 


“ ဟုတ်ပါ့တော် ။ မျောက်တန်ခိုးရှင် ထဲက ဝူကောင်း ရဲ့ ဆရာ ဘုန်း ကြီး နဲ့ တူ လိုက်တာ ” 


“ မတူပါဘူး ။ သူ က ညို သေးတယ် ” 


ဘွားဘွား က မျက်နှာ ရှုံ့ပြီး ပြောတယ် ။ ဘွားဘွား ရဲ့ မေမေ ရန်ကင်း ဘွားဘွား ကတော့ ...


“ ညိုတာလေး တစ်ယောက်တော့ ပါ ဦးမှ ။ သူ့ ကို ညိုနွဲ့ လို့ ခေါ်မယ် ”  


“ ညိုပလုံးပါ ” လို့ ဘွားဘွားလေး က ပြောတယ် ။ သူတို့ ပြော နေကြ တာ ညီမလေး အကြောင်း ချည်းပဲ ။ အေးချမ်း တို့ အကြောင်း လည်း မပါဘူး ။


ဖေဖေ က ပြော သေးတယ် ။  


“ မွေးခန်း ထဲ က ဖေဖေ့ အသိ ဆရာဝန်မ ပြောတာ ကတော့ အချင်း စလွယ် နဲ့ မွေး တာတဲ့ ” 


“ အချင်းစလွယ် နဲ့ မွေး ရင် ဘာ ဖြစ်တတ်လဲ ဟင် ” 


အေးချမ်း က မေး တော့ “ ကောင်းစားတာပေါ့ ” တဲ့ ။ 


“ ဘယ်လို ကောင်းစားမှာလဲ ”  


“ ချမ်းသာ မှာ ” 


“ မော်တော်ကား စီးရမလား ၊ ပုစွန်ထုပ် စားရမလား ၊ ဆရာမ ကို သစ်ခွပန်း တစ်ရာတန် ပေးနိုင်မလား ၊ ဂျင်းဘောင်းဘီ ဝတ်နိုင်မလား ၊ ပြိုင်စက်ဘီး စီးရမလား ၊ ရေကူးကန် သွားနိုင်မလား ၊ လေယာဉ်ပျံ ကော စီးရမလား ၊ ဝက်ဝံရုပ် အကြီးကြီး ဖက် အိပ် ရမလား ၊ ဒိန်ခဲတွေ ကို အများ ကြီး စား ရမလား ” 


မေမေ က အေးချမ်း ကို ပွေ့ပြီး ဒါတွေ မစားရ ၊ မဝတ်ရလည်း ဘာ ဖြစ်လဲ သမီး ရယ် ။ သမီးလေး အေးချမ်း ကို ဖေဖေ ရယ် ၊ မေမေ ရယ် ၊ ဘွား ဘွား ရယ် ၊ မမ ရယ် အားလုံး က ချစ် ကြတာပဲ ဟာ ” 


“ ဟင် ... ဟုတ်ဘဲနဲ့ ” 


“ ဘယ့်နှယ် မဟုတ်ရမှာလဲ ။ အေးချမ်း ကို အားလုံးက တကယ် ချစ်တာပါ ” 


“ ညီမလေး စိန်ယင်းမာ ကို ပဲ ချစ်တာပါ ။ ခုဆိုရင် မေမေ က သမီး ကို မချစ်တော့ဘူး ” 


“ ချစ်ပါတယ် သမီး ရဲ့ ”  


“ မချစ်ပါဘူး ” 


“ ဒီမှာ ကြည့်စမ်း ။ သမီး အေးချမ်း ငယ်ငယ်တုန်း က မေမေတို့ က ချစ်လွန်းလို့ ထား စရာတောင် မရှိဘူး ။ ဘယ်သွားသွား ၊ ဘယ်လာလာ သမီး ကို ပဲ ပွေ့ချီ သွားတာ ။ ခု စိန်ယင်းမာ လို ကြမ်းပြင် ပေါ် မှာ ဒီအတိုင်း မထားဘူး ။ ခုတင် နဲ့ သိပ်တာ ” 


အေးချမ်း က “ ဒါဖြင့် ခု မချစ်တော့ဘူးပေါ့ ” လို့ မေးတယ် ။ မေမေ က “ သိပ်ချစ်တာပေါ့ ” လို့ ဖြေတယ် ။


အလကား ညာတာပါ ။ ညီမလေး မွေး ကတည်း က မေမေ ညီမလေး ကို ပဲ ပွေ့ချီ ထားတာ ၊ နို့ တိုက်နေတာ ၊ ညီမလေး နဲ့ ပဲ အချိန် ကုန်နေတာ ။ အေးချမ်း ညီမလေး ကို မ,ချီ နိုင်တဲ့ အခါ ကားလမ်း ပေါ် မှာ ပစ် ထားလိုက် မယ် ။ သူတို့ မသိအောင်လို့ ပေါ့  ။ ဒါပေမဲ့ ညီမလေး ကို ဘယ်တော့မှ တစ်ယောက် တည်း မတွေ့ရပါဘူး ။ မေမေ ၊ နို့ မဟုတ်ရင် ဘွားဘွား ၊ ဒါမှ မဟုတ်ရင် ရန်ကင်းဘွားဘွား ။ သမီး ညီမလေး ကို ဘာမှ လုပ်လို့ မရပါဘူး ။


၃ ။


ညီမလေး နဲ့ ပတ်သက်ရင် စိတ်ပုပ်တယ် လို့ ဘွားဘွား က ဆူတယ် ။ မေမေ က ပြောတယ် ။


“ စိတ်ထား မကောင်းရင် ကံ ဆိုးမယ် ။ စိတ်ထား ကောင်းရင် ကံ ကောင်းမယ် ” တဲ့ ။


“ ကံ ဆိုတာ ဘာလဲ ” 


“ ခု သမီးတို့ အားလုံး ဖြစ် နေတာတွေပေါ့ ။ ဥပမာ ဟိုတလောတုန်း က ညီမလေး ဖျား ရင် ကောင်းမယ်လို့ သမီး ပြောတော့ သမီး ဘာ ဖြစ်သွားလဲ ” 


“ သွေးလွန်တုပ်ကွေး ”  


“ အဲဒါ ဖေဖေ ကု လိုက်လို့ မသေတာ ။ နို့မဟုတ် သေ နေပြီ ” 


“ အေးချမ်း က မသေပါဘူး ၊ အသက် ရှည်မှာ ”  


“ ဘယ်သူ ပြောလဲ ” 


လို့ မမချိုချို က မေးတယ် ။ 


“ ဆရာတော် က ပြောတာ ။ သမီး အသက် ၁၀၀ ကျော် အောင် ကြာဆံဟင်း ကျွေး တာ တဲ့ ”

 

“ ဘာပဲဖြစ်ဖြစ် စိတ် ကောင်းကောင်း ထားရင် အေးချမ်း လှ လာမယ် ၊ စာတော် လာမယ် ၊ ချမ်းသာ လာမယ် ။ ခုတောင် “ အလတ်မလေးက အလှ ဆုံး ၊ ဘိုမလေးလိုပဲ ”  ပြောကြတာ မဟုတ်လား ။ မျက်နှာလေး လည်း ချို တယ် ၊ စူပုပ်ပြီး မနေဘူး ၊ မမချိုချို လိုလည်း ပါးစပ် မစွာတော့ သွားလေး တွေက သိပ် လှတာပဲ ။ ပြုံးအလှပိုင်ရှင် တောင် ဖြစ် လာနိုင်တယ် ” 


“ ဘာလဲ .. ပြုံးအလှပိုင်ရှင် ”  


“ ပြုံး ရင် သွားလေး ပေါ်ပြီး လှ တာပေါ့ ” 


အေးချမ်း က လှတယ် တဲ့ ။ ညီမလေး က ရုပ်ဆိုးတယ် တဲ့ ။ အားလုံး က ညီမလေး ကို အကြီးမလေး နှစ်ယောက် လို မလှဘူး လို့ ချည်း ပြော ကြ တာ ။ ငိုရင် အသံအကျယ်ကြီး ။ မမချိုချို က သူ့ ကို “ စိန်အာပြဲ ” လို့ မှည့် တယ် ။ သူ့ ငိုသံ နားထောင်တဲ့ လူတွေ က သူ ကြီး လာရင် အဆိုတော် ဖြစ် မှာ တဲ့ ။ သူ အဆိုတော် ဖြစ် ရင် အားလုံး က ထွက်ပြေး မှာ သေချာတယ် ။ မေမေ က တော့ “  အာပြဲပါးစပ်လေး လာစမ်း ” လို့ ခဏခဏ နမ်းတယ် ။ အေးချမ်း ငယ်ငယ်တုန်း က မေမေ ဒီလိုပဲ နမ်း သလား မေးရင် မေမေ က “ နမ်းတာပေါ့ ။ သိပ် နမ်းတာပေါ့ ” လို့ ညာ ပြောမယ် ။


ညီမလေး ကို အေးချမ်း သိပ် အမြင် ကတ်တာပဲ ။ ဒါကြောင့် လူကြီး တွေ အလစ်ပဲ အေးချမ်း ချောင်း နေတာ ။ ငရုတ်သီးစိမ်း ကို ချိုးပြီး သူ့ ပါးစပ် ထဲ ခွံ့ ထည့် မလို့  ။ ဒီအကြောင်း မမချိုချို ကို တောင် မပြောဘူး ။ တိုင်မှာ စိုးလို့  ။ အေးချမ်း ငယ်ငယ်တုန်း ကလည်း သူ ဒီလို လုပ်ချင် လုပ် မှာ ။ အသာနေ ။


ဒါပေမဲ့ မရပါဘူး ။ အေးချမ်း လက် ထဲက ငရုတ်သီး ကို မေမေ တွေ့ သွားတယ် ။


“ ငရုတ်သီး ဘာ လုပ်မလို့လဲ သမီး ”  


“ သမီး ဘာမှ မလုပ်ပါဘူး ”  


“ မှန်မှန် ပြောနော် ။ လိမ် မပြော မှ မေမေ ချစ်မှာ ”  


“ ဒီ ငရုတ်သီး ကို ညီမလေး ပါးစပ် ထဲ ထည့် မလို့ မဟုတ်ပါဘူး ” 


မေမေ စိတ်ဆိုး သွားမလား လို့ အေးချမ်း က ကြောက် နေတုန်း မေမေ က ဘွားဘွား ကို လှမ်း ကြည့်ပြီး ရယ် နေတယ် ။ ငရုတ်သီး ကို လည်း မေမေ ယူ လိုက်ပြီ ။ ဘွားဘွား က ..


“ ကြည့် ... ကလေးတွေ ဟာ မလိမ်တတ်ဘူး ”  


“ သူ လိမ် နေတာပဲ မေမေ ရဲ့ ” 


“ ဒါပေမဲ့ ဖြူစင်ရိုးဖြောင့်တဲ့ အကျင့် ရှိတော့ လိမ် ချင် သော်လည်း အလိမ် မတတ်ဘူး ” 


“ ဖြူစင် မှ တော့ လိမ် ချင် ပါ့မလား မေမေ ရယ် ” 


“ ဒါ ကလေး ရဲ့ ခံစားချက် တစ်ခုပဲ ။ လိမ်တယ် ဆိုတာ ထက် သူ လုပ် ချင်တာကို လုပ်ခွင့် မရတဲ့ အတွက် အပြစ် ပေါ့ အောင် ပြောတာလေ ။ ဒါ ကလေးတွေ ရဲ့ သနားစရာ ကောင်းတဲ့ အချက် တစ်ခုပဲ ။ သူ ဟာ လူကြီး တွေ လို အပြစ် ကို မဖုံးကွယ်တတ်ဘူး ” 


အေးချမ်း သူတို့ ပြော တာတွေ နားမလည်ပါဘူး ။ ငို ပဲ ငို ချင်နေ တယ် ။ မေမေ က အဲဒါ သိပြီး အေးချမ်း ကို လှမ်း ဖက် လိုက်တယ် ။ အေးချမ်း က မေမေ့ ရင်ခွင် ထဲ မျက်နှာ အပ်ပြီး ငို လိုက်ရော ။ ပြီးတော့ အေးချမ်း ရဲ့ ရင်ဘတ် အထဲ ထဲ က တိုးတိုးလေး ပြောလိုက်တယ် ။


“ မေမေ ... သမီး ကို ညီမလေး ထက် ပို ချစ်ပါနော် ”  လို့ ။


၄ ။


အေးချမ်း ရဲ့ မေမေ က သူ့ သမီးလတ် အေးချမ်း ကြီးပြင်း လာ တဲ့ တစ်နေ့ ဖတ်ဖို့ ဆိုပြီး ကဗျာလေး တစ်ပုဒ် လက်တည့်စမ်း ရေး ထားခဲ့ သေးတယ် ။


လောကလူသစ် 

တစ်ဖြစ်ဆန်းလာ 

အရုဏ်မှာ 

ချိုသာလှ မိခင်အပြုံးနွေး 

သမီးအေးချမ်း မျက်လုံးတွေကို 

ရွှန်းလက်စေတယ် 

နှလုံးနီးကပ် ရင်ချင်းထပ်လို့ 

အေးချမ်းငယ်ရဲ့ 

ဖြူစင်မှုကို 

ဘယ်သူ တုနိုင်သလဲ ။


ဒီ ကဗျာ ကို အေးချမ်း ဖတ်ခွင့် ရလာ တဲ့ တစ်နေ့ မှာ အေးချမ်း ဟာ ခုလောက်ထိ ဆိုးသွမ်း လာမယ် မဟုတ်ပါဘူး ။


◾ခင်ဆွေဦး


📖 မဟေသီမဂ္ဂဇင်း 

      ဧပြီ ၊ ၁၉၉၅


#ကိုအောင်နိုင်ဦး