Sunday, July 2, 2023

ကန္တာရ ထဲ မှာ စိမ်းလန်းခွင့်


 ❝  ကန္တာရ ထဲ မှာ စိမ်းလန်းခွင့် ❞ 


ကျွန်မ ပန်းတွေ ကို ချစ်သည် ။ ပန်း တစ်ပင်၏ အပင် ၊ အရွက် ၊ အဖူး ၊ အငုံ ၊ အပွင့် အားလုံး ကို ချစ်သည် ။ ပန်းတွေ ရှိသည့် မြေ မှာ မမျှော်လင့်ဘဲ အခြေချ နေထိုင် ဖြစ်ခဲ့သည့် ကံကြမ္မာသည် ကံကောင်းခြင်း ရနံ့များ ကို သယ်ဆောင် လာသည် ဟု ခံယူပါသည် ။ သည် မြေ က ဘယ်နေရာ ကို ကြည့်ကြည့် ပန်းရောင်စုံ တို့ ညှို့ငင်မှု အောက်မှာ ကျွန်မ ညွှတ်ကိုင်း မိတာ အခါခါပဲ ။ ပြင်ဦးလွင် ၏ အထင်ကရ ကန်တော်ကြီး ဥယျာဉ် မှ ပန်းများ ကို မဆိုထား နှင့် ၊ လမ်းဘေး မှ နေကြာ အရိုင်းခင်းကြီးများ ၏ ကြော့လွင် လန်းဆန်းမှု ၏ မျှားယူခြင်း ကို ခံရသည် မှာ အကြိမ်ကြိမ် ။ သည် မြို့က အိမ်တော်လမ်း စိမ်းလန်းအေးခြံ မှာ ကျွန်မ ချစ်သော သတင်းစာဆရာ ၊ စာရေးဆရာမကြီး လူထုဒေါ်ဒေါ်မာ မိသားစု ရှိသည် ။ ကန်တော်ကြီးစောင်း နန္ဒာလမ်း ပေါ် မှာ တော့ ကဗျာ အစပ်ကောင်း ၊ ကဗျာ အရွတ် ကောင်းသော ကဗျာဆရာ နွယ်စိမ်းဝေ ရှိသည် ။ ပြင်ဦးလွင် ဈေး ထဲ မှာ တော့ ဈေးရောင်း ကောင်းသလို စာရေး ကောင်းသည့် စာရေးဆရာမ မြို့သာမရာထို မိသားစု ရှိသည် ။ ထို အဝန်းအဝိုင်း နှင့် ပင် ကျွန်မ မြို့ကလေး မှာ နေပျော် ဖို့ အကြောင်းအရာ ခိုင်လုံ နေပြီ ဖြစ်သည် ။ ပန်းတွေ ချစ်သော ကျွန်မ မြို့ကလေး မှာ အနေကြာ အနည်ထိုင် သွားတော့ ချစ်ခင် နှစ်လိုဖွယ် ပန်းကလေး နှစ်ပွင့် နှင့် တွယ်ငင် နှောင်ဖွဲ့ ဖို့ အကြောင်း ဖန် လာ တော့သည် ။ ပန်းကလေး နှစ်ပွင့်တည်း နှင့် မဟုတ် ၊ ပန်းကလေးတွေ ကို ရေ လောင်းသူ ၊ ပေါင်းသင်သူတွေ နှင့် ပါ မဖြစ်မနေ တွန်းတိုက် ယှက်ငင် မိသော အခါ ပန်းချစ်သူ နှလုံးသား သည် ကျော့ငင် ချစ်ကြိုး ၏ ရစ်ထုံး နှောင်ဖွဲ့မှု ကြောင့် တုန်ယင် လှိုက်မော သော ခံစားမှု တို့ ဖြင့် သွဲ့သွဲ့ငင်ငင် ချိတ်တွယ် မိ သွားတော့၏ ။ သံယောဇဉ် ကို မမြင်ရ သည့် ကြိုး တစ်မျှင် ဟု တင်စား လေလျှင် ကျွန်မ ချိတ်တွယ် မိသော ကြိုး သည် ဆိပ်ကမ်း တစ်ခု မှာ ဆိုက်ကပ် သော ခိုင်မာသည့် ကျောက်ဆူးကြိုး တစ်ချောင်း သာ ဖြစ်ချိမ့်မည် ။


အရိပ်မိုးစွန်း အောက် ဆီ ဝင်ပြီး လှေကားထစ်များ ကို တက် ရသည့် အခါတိုင်း ကျွန်မ စိတ်တွေ လေးလံ ညွှတ်ကျ နေ တတ်သည် ။ လှေကားထစ် တစ်ထစ် ၊ နှစ်ထစ် ၊ သုံးထစ် ။ သာမန် တိုက်ခန်း တစ်ခု ၏ လှေကားထစ်များ က ခါတိုင်း မြင်တွေ့နေကျ လှေကားထစ်များ နှင့် ဘာမျှ ခြားနား ဆန်းကြယ်ခြင်း မရှိပါဘဲ လျက် ဤ အိမ်လှေကားထစ် တွေ  ကျ မှ ကျွန်မ ထံ ဘာကြောင့် ဤ ခံစားမှုမျိုး ပြေးပြေးဖြန်းဖြန်း ရောက်ရှိ လာကြလေ သနည်း ။ သတိထား မိ လေမှ လေးလံ ညွှတ်ကျခြင်း အပြင် ရင် နှစ်နှလုံး ကို လက်ကြမ်းကြမ်း တစ်ခု ဖြင့် ဆုပ်ကိုင် ဖျစ်ညှစ် ထား သလိုပါ ခံစား နေရကြောင်း မှတ်မှတ်ထင်ထင် ရှိ ရ လေသည် ။


သည်လို ခံစားမှုမျိုး ဘယ်တုန်း က စတင် ခဲ့ ပါလိမ့် ။ သည် လှေကား ကို စတင် တက် ရသည့် အချိန် ကလား ။ ဟင့်အင်း … သည်တုန်း က ကျွန်မ နုဖပ်ဝင့်ဝါသော ပန်းကလေး နှစ်ပွင့် နှင့် ဆုံစည်းခွင့် မှ မရသေး တာ ။ အို … ပန်းကလေး နှစ်ပွင့် … မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ပန်းကလေးတွေ က ပွင့် မှ မပွင့်ရ သေး တာ ။ ကလေးတွေ နှစ်သက်သည့် ကဗျာစာသား ကလေးလို ပေါ့ ။ ‘ ပန်းကလေးများ ပွင့်တော့မည် ၊ ဖူးတံ ဝင့်လို့ချီ ’ တကယ် ရိုးတံညှာ ဖျား က အဖူးအငုံကလေး တွေ ။


တစ်ယောက် က ပွင့်ဖို့ အားယူ နေသည့် အဖူးကလေး ။ တစ်ယောက် က ဖူးဖို့ အားယူ နေသည့် အငုံကလေး ။ ကျွန်မ မမျှော်လင့် ဘဲ သိကျွမ်းခွင့် ရ လိုက်သည် က အဖူးကလေး နှ င့်ပါ ။ သည် အိမ် ရောက်သည့် ဒုတိယ အခေါက် မှာ မှ မှတ်မှတ်ရရ ။


“ စိတ်ပျက်တယ် ။ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ။ ကြည့်စမ်း … ချွေးတွေ သံတွေ နဲ့ ။ ဒီလောက်တောင် ဆော့ရ သလား ။ မိန်းကလေး ပီပီ ဣန္ဒြေ ရရ နေစမ်းပါဦးတော့ ။ အခုတော့ ကြည့်ပါဦး ၊ ဟိုပြေး သည်လွှား ဆော့ဖို့ လောက် ပဲ သိတာ ။ အဲဒါပဲ ကြည့်တော့ ဆရာမ ရေ ၊ မနိုင်ဘူး ။ ဒီ ကလေး ကို မနိုင်ဘူး ။ သွား ရေသွားချိုး ၊ သန့်သန့်ရှင်းရှင်း နေဖို့ စိတ်ကူး ။ ဟဲ့ ပြောနေတာ မကြားဘူးလား ။ ဒီမှာ လူကြီးတွေ စကား ပြောနေတာ နား မလည်ဘူးလား ။ ရေ သွား ချိုးလို့ ဆိုနေ ”


အဘွားကြီး ၏ လေသံဟန်ပန် က ကျွန်မ အဖို့ မောင်လူအေး ၏ ဘွားဒွေးကြီး ကို သတိရ သွားစေသည် ။ ဗျစ်တောက် ဗျစ်တောက် ပြော တတ်သည့် အဘွားကြီး က မောင်လူအေး ၏ ဘွားဒွေးကြီး လို မေတ္တာတရားတွေ ပြည့်အိုင် နေလေ မလား ။ သူ လည်း ဘွားအေ အရင်း ပေ မို့ ယုံမှား သံသယ ရှိစရာ မလိုပါ ။


အဖူးကလေး ကတော့ မျက်ခုံး ထင်းထင်း ၊ မျက်လုံး ဝိုင်းဝိုင်း ၊ နှုတ်ခမ်း ဖူးဖူး ။ ဆော့ ထားသည့် အတွက် နွမ်းကြေ နေသော ပေတူးတူး ဂါဝန် ကို ယမ်းခါ ဆော့ကစား နေသည် မှာ ဘာမှ မသိတတ်သေးသော အရွယ် ။ မကြာခင် ကစားကွင်း မှ တက် လာသည့် ပုံစံ အပြည့် ဖြင့် လူကြီးဝိုင်း မှ မခွာချင် ။ ဘွားအေကြီး က မသွားသေးဘူးလား ထပ်ဆင့် လိုက် မှ အိမ်ထဲ ဝင် သွား တော့၏ ။


“ ကောင်မလေး က မကြာခင် ကြီးကောင် ဝင် တော့မယ် ။ ဆော့လို့ ကောင်းတုန်း ၊ အဆော့ က မက်သလား မမေး နဲ့ ။ တစ်နေ့ တစ်နေ့ သင်း ကို ပြောဆို နေရတာနဲ့ အာ ကို ညောင်း ရော ။ ပြေးဟယ် လွှားဟယ် နဲ့ ကြည့် လို့ မကောင်းတော့ဘူး လေ ။ အင်း ဘွားအေ ဆိုတော့ လည်း ဘွားအေ လောက်ပဲ ရ မှာပေါ့ ။ အမေ နဲ့ တော့ ဘယ် တူနိုင်ပါ့မလဲ ။ အမေ ဆိုလို့ သူ့ အမေ က ဖုန်းတွေ ခဏခဏ ဆက် နေတာ ကျွန်မ မကြိုက်ပါဘူး ။ ဟို လူ နဲ့ မှာ ၊ ဒီ လူ နဲ့ မှာ နဲ့ စည်း မရှိ ကမ်း မရှိ ။ ဒီက သမီး က လည်း မအေ သံ ကြားလို့ မရဘူး ။ ကြားတာ နဲ့ နန့်နန့်တက် ကို သွား ချင်တာ ။ အံမယ် ကျွန်မ မသိ အောင် ကြားလူ နဲ့ ချိန်းပြီး သွား တွေ့ကြ သတဲ့ ။ အဲဒီ ကြားလူ ဆိုတာ ယုံကြည်ရ သလား ၊ မယုံကြည်ရ ဘူးလား ။ အမေ ဆီ သွားတာ အမေ ဆီ မရောက်ဘဲ တစ်နေရာ ရောက်သွား မှ ဖြင့် … ”


အဘွားကြီး က စကား မဆက် ပေမယ့် ဆက်လက် တွေးတော ရမည့် စဉ်းစားဖွယ်ရာများ ရှည်လျားစွာ ရှိနေပေ လိမ့်မည် ။ ကျွန်မ လည်း ဇာတ် တစ်ဇာတ် ကို အလယ် က ပိုင်း ကြည့် ရ သလို ဇာတ်ရှိန် က တက်နေသည် လား ၊ ကျ နေသည်လား ပင် မသိ ။ ကလေး က အမေ နှင့် တကွဲတပြား စီ ဖြစ် နေတာ လောက် သာ ခန့်မှန်း သိ ရှိ ရသည် ။ အဘွားကြီး က ပင်မဇာတ် ကို ကျွန်မ သိရှိပြီး သား အထင် နှင့် စကား ကို ဆက် သေး၏ ။


“ မိုက်တုန်း က တော့ မိုက်လိုက်ကြတာ ကမ်း ကို ကုန်ရော ”


ထိုနေ့ က ထို အိမ် မှ လှေကားထစ်များ ကို တစ်ထစ်ချင်း နင်းဆင်း လာရင်း အဖြေ မသိနိုင်သည့် ပဟေဠိ တွေ အပြေးအလွှား ကပ်ပါ လာကြသည် ။


‘ မိုက်တုန်း က မိုက်လိုက်ကြတာ ကမ်း ကို ကုန်ရော ’


“ မှားသွားပြီ လို့ သိလိုက်ရတဲ့ အချိန် မှာ လွန်သွားပါပြီ ဆရာမ ရယ် ။ လွန်သွားတော့ မှ အရှိန်အဟုန် ပြင်းတဲ့ ရထား တစ်စင်း ခုတ်မောင်း သွား သလို ရပ်တန့်လို့ မရတော့ လောက်အောင် လွန်သွား တာပါ ။ အားလုံး ဟာ ဝင့် အပြစ်တွေ ပါ ။ တစ်ကိုယ်တော် ခံစားချက်တွေ ကို ရှေ့တန်း တင် မိတဲ့ ဝင့် ဟာ တစ်ဘဝ စာ ပြစ်ဒဏ် ခံရဖို့ အတွက် အဆင်သင့် ပြင်ဆင် ထား ပါတယ် ။ ရမ္မက်ဇောတွေ ရဲ့ နောက်မှာ ဘာရှိလဲ ဆရာမ သိလား ။ တစိမ့်စိမ့် တသွင်သွင် စီးကျ နေတဲ့ စမ်းရေ အေးအေးလေးတွေ ရှိ ပါတယ် ။ ရမ္မက်ဇော အဟုန် ဟာ အဲဒီ စမ်းရေအေး ကြောင့် ဟုန်းဟုန်း တောက် ခွင့် မသာတော့ပါဘူး ”


အမည် တပ်ဆင်ထားခြင်း မရှိသော ကော်ဖီဆိုင်ကလေး ထဲ မှာ ကော်ဖီရနံ့တွေ သင်းပျံ့ နေသည် ။ အပြင်ဘက် မှာ ထင်းရှူးပင်တွေ မတ်မတ် တည် နေ သလောက် ယူကလစ်ရွက်တွေ ကတော့ လေနှင့် အတူ တဖြုတ်ဖြုတ် လွင့်ဝဲ နေသည် ။ ကော်ဖီရနံ့ ထဲ မှာ ယူကလစ်နံ့တွေ ထွင်းဖောက် ပါဝင်နေတာ တောင်ပေါ် ရသ တစ်ခု ပေလား ။ ကော်ဖီခွက် လှလှကလေး ထဲ မှာတော့ အငွေ့ထောင်းထောင်း ထ ကော်ဖီတွေ က ဆန်းသစ်သော အာရုံ တစ်ခု ကို ညှို့မြှူ နေ သလို ထင်ရ၏ ။ ညစ်ထတ်ထတ် စားပွဲ ၊ ပေတူးတူး ပန်းကန် ၊ ဆူညံညံ သီချင်းသံ ၊ မလိုအပ်ဘဲ ကျည်ကျည် လောင်

လောင် အော်ဟစ်နေသော စားပွဲထိုးများ ရဲ့ အသံ ၊ ဘာဆို ဘာမှ မရှိ ။ ရိုးရိုးရှင်းရှင်း ၊ သန့်သန့်ပြန့်ပြန့် အခင်းအကျင်း က ခေတ်ဆန်း ကဖေးဆိုင် ယဉ်ကျေးမှု အခင်းအကျင်း ကို ပြသ နေသည် ။


ဆံပင် တိုတိုရှင်းရှင်း ပုံစံ တွင် နှာခေါင်း ချွန်ချွန် ၊ နှုတ်ခမ်း လုံးလုံးကလေး က လိုက်ဖက် ပေါ်လွင် နေသည် ။ အထူးခြားဆုံး က သူမ ရဲ့ မျက်လုံးတွေ ပါပဲ ။ ပြူးကျယ်သည် လည်း မဟုတ် ၊ ဝိုင်းစက် သည် လည်း မဟုတ် ၊ မဟူရာ မျက်နက်ဆန် တို့ ရွေ့လျား နေပုံက အရာရာ ကို ပိုင်နိုင် ရင့်ရဲရုံ မက သွက်လက် ချက်ချာခြင်း သရဖူ ကို ဆောင်းထား သလိုမျိုး ၊ သူမ စကားပြောသံ က ကျောက်ပန်းဆွဲ မှ ကျောက်စက်ရေ တပေါက်ပေါက် ကျနေတဲ့ နရီ စည်းဝါးသံ လို နားထောင် ကောင်းလှ၏ ။


“ အားလုံးဟာ ဝင့် အပြစ် တွေပါ ။ အားလုံးဟာ ဝင့် အပြစ်တွေပါ ”


သူမ ၏ ဝင့် ဆိုသော လေယူလေသိမ်း က မာန တံခွန် တို့ ဖြင့် ဝင့်ဝါခြင်းမျိုး မဟုတ်ဘဲ မိမိ ရဲ့ ကိုယ်ရည် ကိုယ်သွေး အပေါ် စိတ်ချ ယုံကြည်ခြင်း တို့ အောင်လံ ဝင့်ထူ နေပုံမျိုး ဖြစ်သည် ။


“ ဝင့် နဲ့ သမီး တို့ ဖေဖေ ရဲ့ အိမ်ထောင်ရေး ဟာ မြားနတ်မောင် အပစ် မှားတဲ့ အိမ်ထောင်ရေး ပါ ။ သမီး တို့ ဖေဖေ ကိုအောင် ဟာ လူရိုးလူကောင်း တစ်ယောက် ပါ ။ ရိုးလွန်းတော့ လည်း ဝင့် အမြင် မှာ အစွမ်းတုံး အစတုံး ဖြစ်နေတော့တာ ပေါ့ ။ သူ က သူ ရှာပေးတဲ့ တစ်လစာ ဝင်ငွေ နဲ့ တစ်လ လောက် အောင် သုံးပြီး ဝင့် ကို နောက်တန်း မှာ နေစေ ချင်တာပါ ။ အဲဒီ အိမ်ထောင်ရှင်မ ဆိုတဲ့ သံချေးတက် ကွန်ချာကြီး ထဲ မှာ ဝင့် မနေချင်ဘူး ။ ဖေဖေ မေမေ တို့ လက်ထက် ကတည်း က ဝင့် စီးပွား ရှာ လာ တာပါ ။ ဝင့် ငွေရှာ ချင်တယ် ။ ငွေ သုံး ချင်တယ် ။ သမီးတွေ ကို တင့်တင့်တယ်တယ် ထား ချင်တယ် ။ ကိုအောင့် ရှာ စာ ဟာ ခြိုးခြံချွေတာ သုံး ပါ မှ လောက်ငရုံ အနေအထား မှာ ဝင့် မပျော်တော့ဘူး ဖြစ် လာတယ် ”


“ ကိုအောင် သူ့ မိဘတွေ က တိုက်ခန်း အမွေ ပေးထားတယ် မဟုတ်လား ဝင့် ရဲ့ ။ ကိုယ် ကြား သလောက် တော့ သူတို့ လည်း အထိုက်အလျောက် ဝိုင်းဝန်းကြတယ် လို့ ကြား ပါတယ် ”


“ ဟင်း ဟင်း ဆရာမ လည်း သတင်းမှားတွေ ရ နေပြီ ထင်တယ် ။ သူတို့ ကတော့ ရပ်ကွက် ထဲ မှာ ဒီလိုပဲ ပြောနေကျ ပါ ။ တကယ် ဟုတ် မဟုတ် ဝင့် အသိဆုံးပေါ့ ။ သူတို့ ထောက်ပံ့တယ် ဆိုတာလည်း ဆင့်ပါးစပ် နှမ်းပက် ပါ ။ ကိုအောင် အလုပ် ထွက်ပြီး နိုင်ငံခြား မှာ အလုပ် သွား လုပ်တော့ ပို ဆိုး တာပေါ့ ။ ဟို က မပို့နိုင် ခင် မငတ်ရုံ တမည် နေ ကြရတာ ။ သူတို့ က ကူညီတာ ထက် စပ်စုတာ ၊ ဝင်ပါတာ ၊ ပိုင်စိုးပိုင်နင်း ပြုမူတာ ပို များတယ် ။ သူတို့ ဘက် က တိုက်ခန်း ပေါ် တက် နေရတယ် ဆိုတိုင်း ဝင့် သူတို့ ကြိုးဆွဲ ရာ မကနိုင်ပါဘူး ။ လ ကုန် ရင် သူတို့ ဆီ က လက်ဖြန့်စာ ကို မျှော် မနေနိုင်ဘူး ။ ဒါကြောင့် ဝင့် အရင်က လုပ်နေကျ ကျောက် အရောင်းအဝယ် လုပ်ငန်း လမ်းကြောင်း ပေါ် ပြန် ရောက် သွားတာပေါ့ ။ ဝင့် ငွေရှာ မှ ဖြစ်မယ်လေ ။ အိမ် ထဲ မှာ ကလေး နှစ်ယောက် နဲ့ တကုပ်ကုပ် မနေနိုင်ဘူး ။ အဲဒီ မှာ အဲဒီ မှာ ”

 

နွေဦးပေါက် လာ၍ ကျောက်ပန်းဆွဲ မှ ကျသော ကျောက်စက်ရေ တပေါက်ပေါက် ကျသံ တိုးတိမ် သွားသလို သူမ ရဲ့အသံကလေး တိုးတိမ် သွားပြီး ကြေကြေကွဲကွဲ ရှိုက်ငင်ဖို့ အားယူ လိုက် ဟန်ဖြင့် တုံ့ဆိုင်း သွားသည် ။ တကယ်တမ်း ကျတော့ သူမ ဆီ မှ ငိုသံ ထွက်ပေါ်မလာပါ ။ နာကျင် ကြေကွဲခြင်း အပေါ် အသားကျ ပျော်ဝင် နေသော ရင့်ကျက်မှု ဟန်ပန် မှာ တစ်ခဏ အတွင်း အသွင် ပြောင်း ဖြစ်ပေါ် လာ ကာ ထွက် လာသည့် အသံ က  တည်တည်ငြိမ်ငြိမ် ။


“ တကယ်ဆို မောင် ဟာ ဝင့် ရဲ့ ဆရာ ဆိုလည်း ဟုတ်ပါတယ် ။ ကျောက်လောက ထဲ ဝင့် ဝင်ခါစ က မောင့် ရဲ့ လမ်းညွှန်မှုတွေ နဲ့ ဝင် လာတာပါ ။ ဝင့် ဘက် ကတော့ အဲဒီ အချိန် က လေးစားတာပဲ ရှိတာပါ ။ ဝင့် အိမ်ထောင်ကျ သွားပြီး ဒီ လောက နဲ့ အဆက်ပြတ် သွားပြီး မှ မလုပ်မဖြစ် ပြန် လုပ်မယ် ဆိုတော့ ဆရာ က ဒီလောက မှာ ထဲထဲဝင်ဝင် အတော် ခရီး ပေါက် နေပြီပေါ့ ။ မလွဲမသွေ မောင့် ရဲ့ အကူအညီ ကို ယူရ ပြန်ရော ။ ကိုယ့် ဘ ဝကို မရောင့်ရဲ မတင်းတိမ်နိုင် တဲ့ ဝင့် နဲ့ အိမ်ထောင်ရေး ကသောင်းကနင်း ဖြစ် နေတဲ့ မောင် တို့ တစ်ကျော့ပြန် ဆုံ မိတဲ့ ဇာတ်ဝင်ခန်း ဟာ ဘယ်မှာ လှပနိုင်ပါတော့မလဲ ။ ဝင့် ကို က မိုက်တာပါလေ ။ သည်တုန်း က အိမ်ထောင်ရေး မပြေလည် တဲ့ မောင့် ကို သနားတာ ရော ဝင့် ရဲ့ လမ်းကြောင်း ဖြောင့်ဖြူးမှု ကိုပါ ထည့်တွက်ပြီး မျက်စိမှိတ် မိုက်မဲ မိတာပါ ”


အဖတ်အတွန့် များများ ပါသော အကောင်းစား ဇာစ ၏ အနားတို့ သည် မလှမ်းမကမ်းမှ ပန်ကာ လေကြောင့် တဖျပ်ဖျပ် ယမ်းခါ နေသည် ။ အရည် ကောင်းကောင်း ပတ္တမြားလော့ကက် သည် နန်းဆွဲ ရွှေဆွဲကုံး အဖျားမှာ တွဲလဲ ခို နေသည် ။ လည်တိုင် ဝင်းဝင်းကလေး နှင့် လိုက်ဖက် တင့်မောနေသည် မှာ ငေးကြည့်ချင် စဖွယ် ကောင်း လှ၏ ။


“ ဝင့် ရဲ့ အမိုက် က တစ်ယောက်တည်း တင် မဟုတ် ။ သမီးလေး နှစ်ယောက် ကို ပါ လောင်ကျွမ်း တာလေ ။ အငယ်မလေး ဆို ဘာ ရှိဦးမှာလဲ ။ နှစ်နှစ် ကျော် ရုံကလေး ။ စကား ဆိုတာ လည်း တွတ်တီးတွတ်တာ ပြောတဲ့ အရွယ် ။ အကြီးမလေး က လည်း နားလည် သိတတ်မှု နဲ့ အမေ ကို စွဲစွဲလမ်းလမ်း ချစ်ခင်တဲ့ အရွယ် ။ ဝင့် လေ ရူးသွားပြီလား တောင် ထင်ရတယ် ။ ပတ်ဝန်းကျင် က လည်း ကလေး နှစ်ယောက် ထား သွားတဲ့ အမေ ကို ဘယ် ညှာတာခဲ့ကြပါ့ မလဲ ။ ဘယ်လို အမေ လဲ ဆိုတဲ့ အကြည့် ။ ကိုယ့် အတ္တ ကို ရှေ့တန်း တင်သူ ၊ အလို ရမ္မက်တွေ သာ တညီးညီးတောက်လောင်နေ သူ စသည်ဖြင့် ပေါ့ ”


သည်လို ဆိုတော့ သူမ မျက်နှာ မှာ နောင်တတွေ နှင့် ထုံမွမ်း ထားသော ရောင်စဉ်အချို့ ဖြတ်သန်း နေသည် ထ င်ရ၏ ။ မျက်ဝန်းလဲ့လဲ့ ထဲ မှာ ပြည့်အိုင် လာသော မျက်ရည်များ က တော့ နာကျင်မှု အငွေ့အသက်တွေ လွှမ်းခြုံနေပေလိမ့်မည် ။ ကျွန်မ က တော့ စာရေးဆရာ ပီပီ သူမ ဇာတ်လမ်း ထဲ မှ မြှုပ်ကွက် တစ်ကွက် ကို သိချင်နေ မိ၏ ။


“ ဝင့် ကို အားမနာရဘူး ဆို တစ်ခု လောက် မေးလို့ ရမလား ”


“ ရှင် … မေးပါ ”


“ ဝင့် စိတ်လိုက်မာန်ပါ ဖြစ်သွားတဲ့ ကိစ္စ အပေါ် ဝင့် အမျိုးသား ကိုအောင် က ဘာ ပြောလဲ ဟင် ။ သူ့ ရဲ့ သဘောထား ကို သိချင်လို့ ပါ ။ ဝင့် မဖြေချင် လည်း ရတယ် နော် ”


မျှော်လင့် မထားသော မေးခွန်း ကြောင့် သူမ အနည်းငယ် နှုတ်ဆွံ့ သွား လေသည် ။ မျက်လုံးများလည်း အရောင် ပြောင်း သွား၏ ။


“ သူ လား ၊ ကိုအောင် က တော့ တကယ့် လူအေးပါ ။ သူ့ ရဲ့ အေးဆေးမှုက ဝင့် ရဲ့ လိုအပ်ချက်တွေ နဲ့ အလှမ်း ကွာစေတာ လည်း အကြောင်း တစ်ခု ပေါ့ ။ သူ က ဝင့် ကို တစ်ခွန်း မေးပါတယ် ။ ချစ် သွားတာ လား ၊ မှား သွားတာ လား တဲ့ ”


“ ဒီတော့ ”


“ ဝင့် က ချစ်သွားတာ လို့ ဖြေ လိုက် မိ တာ ၊ သူ ဝင့် ကို အပြီး ကို လွှတ်ပေး လိုက် တော့ တာပါပဲ ။ ဝင့် အဖြေ ပေါ် မူတည်ပြီး သူ မောင့် ကို လှမ်းပြီး အပြစ် ယူတာတွေ ၊ တရား စွဲတာတွေ မလုပ်တော့ တာ ထူးဆန်း သလို တောင် ဖြစ် မိတယ် ။ သူ အေး တော့လည်း ပြဿနာ က လွယ်လွယ် ပြီး သွားပြီ ထင် တာ မပြီးဘူး ။ ဝင့် အတွက် ဒုက္ခတရား က အဲဒီ က မှ စ တာပါ ”


ရှေ့ မှာ ချ ထားသော ကော်ဖီခွက်များ အေးစက် လာ သလို သူမ အပြုအမူတွေ က မှိုင်းတွဲ့တွဲ့ နိုင်လှ၏ ။ သူမ ဟန်ပန် က အဖြစ်အပျက် အလိုက် ပြောင်းလဲ နေသည် မှာ လည်း ထူးဆန်း သလို ထင် ရ၏ ။ ဘဝ နှင့် ခြင်တွယ် ချိန်စက် ခဲ့ ရသော ဒုက္ခတွေ ကကော ဘာတွေပါလဲ ။


“ အမိုက်မ ဝင့် ကို ကံကြမ္မာ က မျက်နှာ သာ မပေးခဲ့ပါဘူး ။ ဝင့် လေ ကိုအောင် နဲ့ ကင်းရှင်း သလောက် မောင် က တော့ သူ့ ဇနီး နဲ့ ကလေးတွေ အပေါ် မပြတ်နိုင် ခဲ့ဘူး ။ သူတို့ အဆက်အသွယ် ရှိ နေခဲ့တယ် ဆိုတာ လည်း အတော် နောက်ကျ မှ သိခဲ့ရတယ် ။ ဝင့် မှာ သာ သမီးလေးတွေ နဲ့ တကွဲတပြား ”


တိမ်ဝင် သွား သော ဆို့နင့် ကြေကွဲသံ တစ်ဝက်တစ်ပျက် ထဲ မှာ တော့ အမေ တစ်ယောက် ရဲ့ ချစ်ခြင်း သံစဉ်တွေ ယှက်နွယ် ပေါင်းစည်း နေပေ လိမ့်မည် ။ ကံကြမ္မာ ရိုက်ချက် သည် အံ့သြစဖွယ် ကြမ်းတမ်း ရိုင်းရှ လွန်း လှ ပေ၏ ။


“ အခု မန္တလေး မှာ ဈေး သက်သာတဲ့ အခန်းကလေး တစ်ခန်း ငှား နေကြတယ် ။ အိမ် တစ်ဆောင် ရဲ့ အဆင်တန်ဆာတွေ မရှိတဲ့ ၊ အိမ် နဲ့ မတူတဲ့ အခန်းကလေး တစ်ခန်း ပေါ့ ။ လုပ်ငန်း တူ နေတော့ မနက် လင်း ရင် နှစ်ယောက်သား ထွက်သွားကြ ၊ ပြန်လာ ရင် ဖြစ်သလို ချက်ပြုတ် စားသောက် လိုက်ကြ ၊ အိမ့် ဆည်းလည်းသံတွေ ဆိတ်သုဉ်း နေတဲ့ အခန်းကလေး ထဲ မှာ မောင် အရက် မူး လာရင် ပစ္စည်းတွေ ပစ်ပေါက် ခွဲခြေ တဲ့ အသံတွေ သာ စည်စည်ညံ နေတော့တာ ပေါ့ ”


“ ဟင် … ဘယ်လို ”


“ ဟုတ်တယ် ဆရာမ ရယ် ၊ မောင် ဟာ အလိုမကျမှုတွေ နဲ့ အရင် က မပြုမူ ခဲ့တဲ့ အပြုအမူတွေ ၊ အရင် က မလုပ်ခဲ့ဖူး တဲ့ လုပ်ရပ် တွေ ၊ စီးပွား ဆိုတာ က လည်း တကယ့် လက်တွေ့ မှာ ကိုယ် သုံးဖို့ ကိုယ် ရှာ ရ တာပါပဲ ။ အခု ဝင့် ဝတ်ထား တာတွေ ကြည့်ပြီး အထင် မကြီးပါနဲ့ ။ အကြမ်းထည် အတိုင်း အလုပ် မဖြစ်တဲ့ ဟာ တွေ ပစ္စည်း ဖြစ်အောင် ခတ်ပြီး ရောင်းတမ်း လုပ် ထား တာပါ ။ ဝင့် ရှာ နိုင်သလောက် သမီးတို့ ကို ထောက်ပါတယ် ။ အခု လည်း သမီး တို့ နဲ့ အဆင် ပြေမယ် ထင်  ရတဲ့ ဆရာမ ကို အကူအညီ တစ်ခု တောင်း မလို့ ”


ကျွန်မ သည် ရုတ်ခြည်း မှာ ပင် အဘွားကြီး ၏ ကြားလူ ဆိုသော စကား ကို အမှတ်ရ သွားတော့၏ ။ ကျွန်မ နေရင်း ထိုင်ရင်း ကြားလူ ဖြစ်သွား ပြီ လား ။ တစ်ခါတစ်ရံ ကြားလူ ၏ ပေါင်းကူးဆက်စပ် ပေးမှုသည် တစ်စုံတစ်ရာ သော အတိုင်းအတာ အထိ အကျိုး သက်ရောက်မှု ရှိကြောင်း ကို တော့ ကျွန်မ တို့ ပစ်ပယ် မေ့ပျောက် ထား ဖို့ မသင့်ဟု ယူဆ ပါသည် ။


သည် တစ်ခါ လှေကားထစ်များ ကို တက် ရသည် မှာ အလျင်စလို နိုင်လှ၏ ။ ယခင် လို အဘိုး ၊ အဘွားများ နေထိုင်ရာ သို့ မဝင်ဘဲ အဖေ နှင့် ကလေးများ နေထိုင်ရာ အထပ် ဆီ သို့ ခပ်သွက်သွက် တက်လာ မိသည် ။ ဧည့်ခန်း ထဲ တွင် ကလေး အဖေ အပြင် လူစိမ်း အဘိုးကြီး နှင့် အဘွားကြီး နှစ်ယောက် ကို တွေ့ရသည် ။ ကလေး အဖေ က ကျွန်မ ကို မြင်တော့ မှတ်မိသွား သလို ပြုံးပြ နေရာပေးသည် ။


“ အငယ်လေး သက်သာရဲ့လား ”


“ သက်သာ ပါတယ် ။ ဒီနေ့ အစာ စ,စားတယ် ။ ဆီချက် ခေါက်ဆွဲ စားချင်တယ် ဆိုလို့ သူ့ မမ ကို သွား ဝယ်ခိုင်းပြီး ကျွေးနေ တာပါ ။ အဲဒါ သမီး တို့ ရဲ့ ဟိုဘက် အဘိုး ၊ အဘွား ပါ ”


ကလေး အဖေ က ရှင်းပြတော့ ကျွန်မ နည်းနည်း အနေကျုံ့ သွားသည် ။ ဘာမှ မဆိုင်သော ကြားလူ တစ်ယောက် အနေ ဖြင့် အတော် အနေရ ခက်သည့် အနေအထား ။


“ ဆရာမ ရယ် အားကိုးပါတယ် ။ မီးကြီး က ဖုန်းဆက် လို့ ။ မီးငယ်လေး တစ်ယောက် သွေးလွန်တုပ်ကွေး ဖြစ်လို့ တဲ့ ။ ပထမ အဆင့် လို့ ပြောတာ ပဲ ။ ငယ်ငယ် က လည်း တစ်ခါ ဖြစ်ဖူးတော့ ဝင့် လေ အရမ်း စိုးရိမ်တာပဲ ။ ဒီ မုန့်ထုပ်တွေ မီးလေး ဆီ အရောက် ပို့ ပေးပါနော် ။ ရောဂါ အခြေအနေ လည်း သေသေချာချာ စုံစမ်း ခဲ့ ပေးပါ ။ ဝင့် ရင် ထဲ မှာ ပူ လိုက်တာ မပြောပါနဲ့တော့ ”


မန္တလေး နှင့် တောင်ပေါ်မြို့ကလေး ဆီ လွန်းပျံ ချီနေသော ဝင့် ၏ သောက အပူတံကျင် သည် ကျွန်မ ထံ သို့ပင် ကူးလူး စက် ဝင် လေ၏ ။ ကူညီရ မှာပေါ့ ။ ကူညီတယ် ဆိုတာ ငွေကုန်ကြေးကျ များတဲ့ အလုပ် မှ မဟုတ်တာ ။


“ မီးလေး က အကြီး နဲ့ မတူဘူး ဆရာမ ရဲ့ ၊ သိပ် ချက်ချာတာ ။ ဟိုဘက် အဘွား က အမေ မကောင်းကြောင်း ပြောတာ ပေါ့လေ ။ ဝင့် က လည်း တကယ် မကောင်းခဲ့တာ ကိုး ။ နင့် အမေ က မကောင်းတဲ့ မိန်းမ လို့ ပြောတာ ကို ပြန် ပြော သတဲ့ ။ မေမေ က မကောင်းတဲ့ မိန်းမ မဟုတ်ဘူး ။ မေမေ က မင်းသမီး ၊ ချော မှ ချော ၊ လှ မှ လှ ၊ မေမေလှလှ လို့ ပြန် ပြော သတဲ့ ။ သမီးတွေ ဟာ ဝင့် ရဲ့ ချောမော လှပမှု အပေါ် အထင်တကြီး ရှိ ရှာတယ် ။ တကယ်ကို အနီးကပ် ပြုစု လုပ်ကိုင်ပေး နေတဲ့ ဘွားအေ ရဲ့ ခံစားမှုတွေ ကို တော့ ကလေးတွေ ဘယ်မှာ သဘောပေါက် နိုင်ပါ့မလဲ ။ ကလေး ဆိုတာ ကလေးတွေး ပဲ တွေး မှာလေ ။ အငယ်လေး ရဲ့ မဟုတ်မခံ ဗီဇ က တော့ ဝင့် အတိုင်း ပါပဲ ။ နောက်တော့ လည်း အငယ်လေး က ဒီ အိမ် မှာ ဘယ်သူ အခရာလဲ ဆိုတာ အကဲခတ်ပြီး အဘွား ကြည်အောင် ၊ စေတနာ ရှိအောင် တော့ နေရှာ ပါတယ် ။ သူ ဘယ်လို နေရင် အနေ ချောင်မယ် ဆိုတာ အရွယ် နဲ့ မမျှ သိပုံပါပဲ ”


ဝင့် မှာ ကလေးတွေ အကြောင်း ပြော နေ ရ လျှင် အတော်ပင် စိတ်ပါ လက်ပါ ရှိလေသည် ။ အခု အငယ်လေး နေ မကောင်းဘူး ဆိုတော့ အမေ့ ရင် မှာ အပူမီး တောက် ပြီပေါ့ ။


ကြည့်ပါဦး ၊ အကြီးမလေး ပြင် ပေးသော ဆီချက် ခေါက်ဆွဲ ကို အငယ်လေး က အားရပါးရ စားနေသည့် မြင်ကွင်း ။ အတူ မနေ အဘိုး နှင့် အဘွား က ကလေးဆီ တကူးတက လာရောက် ကြည့်ရှု နေရသည့် အနေအထား ။ အမေ တစ်ယောက် ၏ ရင်ငွေ့ လစ်ဟာ နေသော ဇာတ်ဝင်ခန်း သည် ဘယ်မှာ လှပနိုင်ပါ မည်နည်း ။ သည်အချိန် ကလေး တစ်ယောက် အတွက် အလိုအပ်ဆုံး အရာ က နွေးထွေးသော အမေ့ ရင်ခွင် ။


ကျွန်မ လူကြီး နှစ်ယောက် ကို ရှောင်ကွင်း ကာ ကလေးတွေ နား ကပ် လိုက်သည် ။ ပြီးမှ လေသံ ကို နှိမ့်လျက် -


“ မီးလေး ဒီမှာ မီးလေး မေမေ မုန့်တွေ ပေး လိုက်တယ် ။ စားနော် ၊ မမ ကို လည်း ကျွေး ၊ မေမေ က ဆေးမှန်မှန် သောက် တဲ့ ၊ နေ ကောင်းအောင် နေနော် ”


ဉာဏ်ရည် ထက်မြက် ချက်ချာခြင်း ပြယုဂ် စူးတောက်တောက် မျက်ဝန်း တစ်စုံ ၏ စူးစမ်းကြည့် ။ စား နေသည့် ဆီချက်ခေါက်ဆွဲ ကို ဆက် မစားနိုင်ဘဲ ‘ မေမေ ’ အသံ ကြား သဖြင့် အံအားတသင့် ရပ်တန့် သွားသော ပလုတ်ပလောင်း စားဟန်ကလေး ။ ကျန်းမာရေး အနေအထား ကောင်း နေသည့် နာလန်ထ အခြေအနေ ။


ကျွန်မ အဝေးရောက် မိခင် ကိုယ်စား ရင် ထဲ မှာ သက်သောင့်သက်သာ ဖြစ် သွားသည် ။ ကိစ္စထူး မရှိလျှင် အမြန် ပြန်ရန် အသင့်တော်ဆုံး မို့ အကြီးမလေး နား ကပ် ကာ နှုတ်ဆက် ဖြစ်သည် ။


“ သမီးကြီး ၊ ညီမလေး အခြေအနေ မေမေ့ ဆီ ဖုန်း ဆက်လိုက်ဦး နော် ”


နောက် တစ်ရက် တွေ့နေ ကျ ယူကလစ်နံ့ သင်း နေသော ကော်ဖီဆိုင်ကလေး မှာ ကလေး ရဲ့ ကျန်းမာရေး ကိစ္စ ပြော ဖြစ်တော့ ညှိုး နေသည့် ဝင့် မျက်နှာကလေး လန်း သွားတော့၏ ။


“ တော်ပါသေးရဲ့ ဆရာမ ရယ် ၊ မီးလေး ဘာမှ မဖြစ်လို့ ၊ တစ်ခုခု ဖြစ်လို့ ကတော့ တရားခံ က ဝင့်ပဲ ဖြစ်ဦးမှာ ။ အမေ မရှိလို့ ၊ အမေ မကောင်း လို့ ဆိုတဲ့ စွဲချက်တွေ အထပ်ထပ် အတင် ခံရဦးမှာ ။ ဝင့် အပြစ် နဲ့ ဝင့် ဆိုတော့ ခံရမှာ ပါပဲ ။ ဒီ အချိန် မှာ ဝင့် ရဲ့ အပြင်းပြဆုံး ဆန္ဒ ကို ပြော ရရင် မီးလေး ကို တွေ့ချင် ၊ ပြုစုချင် တဲ့ ဆန္ဒ ပါပဲ ”


တစ်ချိန် က အလေးအနက် စဉ်းစားသင့် ပါလျက် မစဉ်းစား ဖြစ်ခဲ့ သော အမေ နဲ့ ကလေးတွေ ရဲ့ ဆက်သွယ်မှု နှောင်ကြိုး အထူအပါး ကိစ္စ သည် ယခုတော့ တွန်းတွန်းတိုက်တိုက် ပင် ရှေ့တန်း သို့ ရောက်ခဲ့ပြီ ဖြစ်ဟန် တူသည် ။ အဖေ ၊ အမေ အိမ်ထောင်ရေး နှင့် ကလေးတွေ လူလား မြောက် ရှင်သန်ခြင်း အကန့် များစွာ တွင် ကျွန်မ မသိ ၊ မမီ နိုင်သော အနေအထားပေါင်း များစွာ ပါဝင်နေပေ လိမ့်မည် ။


“ ကလေးတွေ နဲ့ ပတ်သက်ပြီး ဝင့် တစ်ခုခု များ ပြန် စဉ်းစားပါဦးလား ”


“ ဟင် ဆရာမ ။ ဘာကို ပြောတာလဲ ဟင် ”


“ ကလေးတွေ မှာ အမေ့ ရင်ခွင် လိုအပ်တယ် ကွယ် ။ မကျန်းမာတဲ့ အခါ အနွေးထွေး အလုံခြုံဆုံးဟာ အမေ့ ရင်ခွင် မဟုတ်လား ”


ကျွန်မ စကား က အရှိုက် ကို ထိ သွားဟန် တူသည် ။ ဝင့် မျက်နှာ ညှိုးလျ သွား လေသည် ။


“ ဒီ ကိစ္စ ကို ဝင့် လည်း အကြိမ်ကြိမ် စဉ်းစား ပါတယ် ။ ဒီလို အနေအထား ကို ဝင့် မပျော်ပိုက်တာ အမှန်ပါ ။ ဝင့် လေ မောင် နဲ့ နေရင် ပျော်မယ် ၊ ကြီးပွား တိုးတက်မယ် ဆိုတဲ့ စိတ်ကူးယဉ်မှု က လည်း လက်တွေ့ မှာ တစ်ထပ်တည်း မကျလှဘူး ။ ဒါပေမဲ့ ဝင့် ဘက် က ပြင်ဆင်ခွင့် မရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် တော့ … ”


စကား မဆက်ဘဲ သူမ အကြာကြီး ငိုင် နေ လေသည် ။ ပြောသင့် ၊ မပြောသင့် ချိန်ဆ နေဟန် တူ၏ ။


“ ဝင့် ကလေးတွေ နဲ့ ပြန် နေ ချင်တယ် ။ ပြန် နေဖို့ အစီအစဉ် လည်း ရှိပါတယ် ။ ဒီ အနေအထား အတိုင်း ဆိုရင် ကလေး နှစ်ယောက် ကို ဝင့် ကောင်းကောင်း ပျိုးထောင် နိုင်ပါပြီ ။ ခက်တာ က ဝင့်မိဘ တွေ ရော ၊ ကိုအောင့် မိဘတွေ က ပါ ကလေးတွေ ကို ပေး မှာ မဟုတ်ဘူး ။ ဝင့် ဟာ အမေ ဆိုတဲ့ ဂုဏ်အင် နဲ့ မညီ တဲ့ အမေ ဆိုပြီးတော့ ပေါ့ ။ သမီးလေးတွေ ကို ပထွေး နဲ့ မနေစေချင်တဲ့ သဘောထား လည်း ပါ မှာ ပေါ့ ။ ဝင့် ကတော့ လေ သမီးလေး တွေ ပေးမယ် ဆို လက်ရှိ အနေအထား နဲ့ လဲ ရဲ ပါတယ် ”


အလို ဘုရား ရေ ။ ဒီ စကား ဝင့် ပြောလိုက်တာ မှ ဟုတ်ရဲ့လား ။ စမ်းကျရေ ကြောင့် ရမ္မက်ဇော လောင်မီး ဟာ ဖြိုးဖြိုးဖျစ်ဖျစ် ငြိမ်းသေ သွား ပြီလား ။ ဝင့် ရဲ့ သဘောထားတွေအ တွက် ကျွန်မ ဝမ်းသာ ရ မလား ၊ ဝမ်းနည်း ရ မလား ၊ အားပေး ထောက်ခံ ရ မလား ၊ လက်ခုပ်သြဘာ ပေး ရမလား ။


“ ဟုတ်မှလည်း လုပ်ပါ ဝင့် ရယ် ၊ အိမ်ထောင်ရေး ဆိုတာ အခု စာကလေးကြော် ၊ အခု ဆီထမင်း … ”


ကျွန်မ ရှေ့ မဆက်ရက်ဘဲ စကား ကို တစ်ဝက်တစ်ပျက် မှာ ရပ်တန့် ထား လိုက်တော့ ဝင့် က နာနာကျင်ကျင် ရယ်သည် ။


“ ဟင်း ဟင်း ဆရာမ လည်း ဝင့် ကို အတော် အထင်သေး တာပဲ နော် ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး ။ ဝင့် စွန့်စားမှာ ပါ ။ ကလေးတွေ အတွက် အခု အချိန်မှာ ဘာမဆို ပေးဆပ်ဖို့ အဆင်သင့် ပါပဲ ။ အဲဒီ အနေအထား မှာ ဝင့် ကိုအောင့် ဆီ ပြန် မသွားဘူး ဆိုတာ တော့ ဆရာမ ယုံကြည်လိုက်စမ်းပါ ”


ကျားရဲမလေး တစ်ကောင် လို အမေ့ ချစ်ခြင်းတွေ ရဲရဲနီ နေသည့် မိန်းကလေး ကို ကျွန်မ စေ့စေ့ကြည့် ကာ ခေါင်း ကို ခပ်လေးလေး ယမ်းခါ လိုက်မိသည် ။ အိမ်ထောင်ရေး ကို ကျားကွက် ရွှေ့ သလို ရွှေ့လို့ မရဘူး ဆိုတာ ဝင့် တစ်ယောက် မသိလေရော့ သလား ။


လှေကားထစ်များ ကို ကျွန်မ တက်ရပြန် ပါပြီ ။ လေးလံ ပိကျ သော စိတ် အစဉ် သည် ယခင် လို ပဲ ဖြစ်ပေါ်လာမြဲ ။ ကျွန်မ သည် လှေကားတွေ ကို လွတ်လပ်ပေါ့ပါးစွာ ပြေးတက်ချင်စမ်း ပါဘိ ။ ထို အခွင့်အခါ အနေအထား မျိုး ဘယ်သောအခါ မှ ရရှိမှာ ပါလိမ့် ။ ယခင် အခါလို ပင် အဘိုး ၊ အဘွား အခန်း ကို ကျော်လွန် ၍ ကလေးတွေ ရှိမည့် အခန်း သို့ တက်လာ မိ၏ ။ ယခင် အခေါက်က လို ဧည့်ခန်း မှာ မည်သူမျှ ရှိ မနေပါ ။ ကာလ က လည်း အတန်ငယ် ခြားသွားပြီ ကိုး ။ နံနက် ၈ နာရီခွဲလု ပြီ မို့ ကလေးတွေ အိပ်ရာ မထသေး တာ တော့ ဟုတ်ဟန် မတူပါ ။


“ အိမ်ရှ င်တို့ ၊ အိမ်ရှင် တို့ ”


မီးဖိုချောင် မှာ မိန်းမ တစ်ယောက် ဖျတ်ခနဲ ရေချိုးခန်း ထဲ ဝင် သွားသည် ။ ကလေးတွေ ရဲ့ အစ်မ ဝမ်းကွဲတွေ ထဲ က တစ်ယောက် ယောက် များ လား ။ ကျွန်မ ခေါ်သံ ကို ကြားဟန် မတူ ။ လူထွက် လာသည့် အချိန် အထိ ထိုင်စောင့် နေရအောင် က လည်း ဧည့်ခန်း အနေအထား က အတော်ပင် ရှုပ်ထွေး ပွရောင်း နေသည် ။ ကု,လားထိုင် ပေါ်မှာ အင်္ကျီဟောင်းပုံတွေ တိုးလိုးတွဲလောင်း တင် ထားသည် ။ ဟောင်းမြင်း နေသော စာအုပ်ပုံကြီးတွေ က ဟိုတစ်ပုံ ၊ သည်တစ်ပုံ ။ အရာဝတ္ထု ပစ္စည်းတို့ အပေါ် ဖုန် တို့ သည် အလိမ်းလိမ်း တက် ကာ အိမ်ရှင်မ ၊ ( သို့မဟုတ် ) အိမ် ကို ထိန်းသိမ်းမည့် သူ မရှိသော သရုပ်သကန် က အထင်ကရ ပေါ်လွင် နေသည် ။


“ အိမ်ရှင်တို့ ဘယ်သူမှ မရှိကြဘူးလား ”


ကျွန်မ ဒုတိယအကြိမ် အသံ ပြု လိုက်ပြန်သည် ။ အခန်း သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက် -


“ မီးကြီး က ဖုန်း ထဲ မှာ ငွေသုံးထောင် လှမ်း တောင်းတယ် ဆရာမ ရယ် ။ သူငယ်ချင်း ကို လက်ဆောင် ဝယ်ပေးချင်လို့ တဲ့ ။ သမီးကြီး လက် ထဲ မှာ ငွေ မပြတ်အောင် အမြဲတမ်း ပေးနေတာ ။ အခု ဘယ်လို ဖြစ်တယ် မသိဘူး ။ နောက်ပြီး ဒီ အရွယ် က သူငယ်ချင်း ကို ဒီလောက် တန်ဖိုး ရှိတဲ့ ပစ္စည်း ဝယ် ပေးမှာတဲ့ လား ။ ဘဝင် မကျပါဘူး ။ ဒါပေမဲ့လည်း မီးကြီး လက် ထဲ မှာ ငွေ မရှိဘူး ဆိုတာ မဖြစ်သင့်လို့ ဒီ ပိုက်ဆံလေး လက်ထဲ အရောက် ပို့ပေးပါဦး နော် ။ ပြီးရင် ကလေး ကို ဆုံးမ ပေးပါဦး ။ ဝင့် လေ ဖုန်း ထဲ မှာ မီးကြီး ကို တော်တော် ဆူလိုက် မိတယ် ။ ငွေ ကို ချွေတာ ဖို့ ။ သူဌေးသုံး မသုံးဖို့ အကြောင်းတွေ ပေါ့ ။ ပြောပြီး မှ စိတ်မကောင်း ဖြစ်ရပြန်တယ် ”


မနေ့ က တွေ့နေ ကျ ယူကလစ်နံ့ သင်းသော ကော်ဖီဆိုင်ကလေး မှာ ဝင့် ရဲ့ အပူ က ကျွန်မ ထံ ကူးစက် လာ ပြန်သည် ။ အပျိုပေါက်ကလေး ဖြစ် လာမည့် သမီး အတွက် ပူပန်ရမည့် အကြောင်းတရားတွေ အစပျိုး လာမှု အပေါ် ဝင့် ကြံ့ကြံ့ခံ ထားဖို့တော့ လိုမည် ပင် ။ အမေ တစ်ယောက် အနီးကပ် ကြီးကြပ်မှု လိုသော အစိတ်အပိုင်း မှာ အဝေး က အားမလို အားမရမှုတွေ နှင့် စိတ်အလိုမကျ ဖြစ်နေမည် မှာ အသေအချာပင် ။ ဝင့် ကို ကျွန်မ အတတ်နိုင်ဆုံး အကူအညီ ပေးရပါဦးမည် ။


“ ဆရာမ ရယ် ၊ ဝင့် မေ့လျော့ နေတဲ့ အရာ တစ်ခု ။ အခုမှ သတိ ရ တယ် ။ မနက်ဖြန် ဗာလင်တိုင်းဒေး လေ ။ ဘယ်သူ က တီထွင် လိုက်တာလဲ တော့ မသိဘူး ။ ဒီ အရွယ်ကလေးတွေ ဟာ ဒီနေ့ ကို အတော် အာရုံ ရောက်နေကြတယ် ။ မီးကြီး ဟာ ဗာလင်တိုင်းဒေး မှာ လက်ဆောင် ပေးစရာ ချစ်သူများ ရှိ နေပြီ လား ။ ဝင့် ရင်တွေ ပူလိုက်တာ ဆရာမ ရယ် ။ တစ်ဖက် က လည်း ကလေး လို တဲ့ ငွေ ကို ပေးချင်တယ် ”


ပူရမယ် လေ ပူရမယ် ။ နောက်ပိုင်း တော့ ဝင့် အပူတွေချည်း ပေါ့ ဟု ကျွန်မ အပြစ် ဖို့ မနေချင်တော့ ပါ ။ ဝင့် ကို ညှာတာမှုများ နှင့် ကရုဏာ သက်ရုံ မှ တစ်ပါး လုပ်စရာ မကျန်တော့သည့် အတူ သူမ ပေးသည့်ငွေ ကို ယူကာ ကျွန်မ ထွက်လာမိ တော့သည် ။ ရောက်ပြန်တော့ လည်း အိမ် မှာ ကလေးတွေ ကို မမြင်ရ ၊ ခေါ်မကြား အော်မကြား ဘယ်လို လုပ်ရပါ့ ။


ကျွန်မ ဧည့်ခန်း မှာ ခပ်ငိုင်ငိုင် ရပ် နေကာ ပြန်သွားရင် ကောင်းမလား ။ နောက် တစ်ခေါက် ဆိုရင် ကော ၊ ဒါဆို ကလေး လက် ထဲ ပိုက်ဆံ ရောက် နောက်ကျ နေဦးမည် ။ ဘယ်လို လုပ်ရင် ကောင်းမလဲ ။ ဟင် အတွေး မှ မဆုံးသေး ၊ ဘေးဝရန်တာ မှ ကစားစရာအရုပ်တွေ တစ်ပွေ့တစ်ပိုက် နှင့် ထွက် လာတာ အငယ်မလေး ပါ လား ။ ပထမ တော့ သူ့ စရိုက်အတိုင်း ကျွန်မ ကို မယုံသလို စူးခနဲ တစ်ချက် ကြည့်၍ မှတ်မိသွားဟန် ဖြင့် ခေါင်းညိတ် လိုက်ကာ အိမ် ထဲ ပြေးဝင် သွား၏ ။


“ မမ ရေ ”


မကြာခင် ရေချိုးခန်း ထဲ မှ ထမီရင်ရှား နှင့် မိန်းမ တစ်ယောက် ။ ဘုရားရေ ဒါဟာ သမီးကြီး ပါလား ။ မိန်းမကြီး တစ်ယောက် လို ချက်ချင်း အရွယ် ရောက် လာသော သမီးကြီး ကို ကျွန်မ ငေးကြည့် နေမိတာ အတန် ကြာသည် ။


“ သမီး မေမေ ငွေပေး ခိုင်း လိုက်လို့ ။ သူငယ်ချင်း အတွက် လက်ဆောင် ဝယ်ပေးချင်လို့ ဆို ။ မေမေ က မှာလိုက် သေးတယ် ။ ငွေ ကို အရမ်း မဖြုန်းဖို့ ။ သုံးတော့ သုံးပေါ့ သမီးရယ် ၊ ငွေ ဆိုတာ လိုအပ်ရင် သုံးတဲ့ အရာ ပဲ ဟာ ။ မလိုအပ်ဘဲ သုံးရင် အဖြုန်း ဖြစ်သွား တတ်တယ် ။ အန်တီ ပြောတာ သမီး နားလည် တယ် နော် ”


“ နားလည်ပါတယ် အန်တီ ။ မေမေ့ ကို ပြောပေးပါ နော် ။ စိတ်မဆိုးပါနဲ့ လို့ ။ သမီးလေး နောက်ဆိုရင် မေမေ မကြိုက်တာ မလုပ်တော့ပါဘူး ။ သမီး ကို မေမေ စိတ်ဆိုး နေမှာ စိုးပါတယ် ။ သမီး က တောင်းပန်ပါတယ် လို့ အန်တီ ပြောပေးပါ နော် ”


မျက်ခုံးထင်းထင်း အောက် က မျက်လုံးရွဲကြီးများ မှာ တော့ တောင်းပန်တိုးလျှိုးမှု ငွေ့ရည်တွေ ဖွဲ့လျက် အသံ က လည်း လွမ်းခိုက် တုန်ယင် နေသည် ။


“ အို မဟုတ်တာ သမီး ရယ် ။ မေမေ က ဘာလို့ စိတ်ဆိုးရ မှာလဲ ။ ဖုန်း ထဲ မှာ စိတ်ဆိုး လို့ ပြောတာ မဟုတ်ပါဘူး ။ သမီးတို့ ကို လိမ္မာ စေချင် လို့ ပါ ။ သမီး တို့ လိမ္မာတယ် ဆို မေမေ စိတ်ချမ်းသာနေမှာ မဟုတ်လား ”


သမီးကြီး ကို အားပေး နေသော ကျွန်မ အသံ ပင် လျှင် မူမှန် မဟုတ် ။ လည်ချောင်း ထဲ လွမ်းမော ဆွတ်ကျင်ခြင်း ဝေဒနာ တို့ တရိပ်ရိပ် တက် လာကာ စကား ဆက် မရတော့ ။ ပြန် မှ ဖြစ် တော့မည် ။ ကလေးတွေ ရှေ့ သည်ထက် အခြေ ပျက် လို့ မဖြစ် ။ ကျွန်မ လှေကား ဘက် ဆီ လျှောက်တော့မည် ဆိုတော့ အငယ်လေး ၏ စူးတောက်တောက် မျက်ဝန်း အစုံ နှင့် ရင်ဆိုင်ရ ပြန်သည် ။ ကျွန်မ အငယ်လေး ရှေ့ ဒူးထောက် ထိုင်ချ ကာ -


“ ကဲ မီးငယ်လေး က ကော မေမေ့ ဆီ ဘာ မှာမလဲ ပြောလေ ”


ကလေး က သူ့ ထုံးစံ အတိုင်း နှုတ်ခမ်းကလေးတွေ ကို လှုပ်ကာ အားယူ လိုက်သည် ။


“ မေမေ့ ကို … မေမေ့ ကို ”


“ ပြောလေ သမီး ရဲ့ မေမေ့ ကို ဘာဖြစ်လဲ ”


“ မေမေ့ ကို သတိရတယ် ။ မီးငယ်လေး က လည်း မေမေ့ ကို ချစ်တယ် လို့ ပြောပေးပါ ”


“ အို ကလေး ရယ် ”


ကျွန်မ မီးငယ်လေး ကို ခပ်တင်းတင်း ပွေ့လိုက် မိသည် ။ အမေ့ ရင်ခွင် ဝေးနေသော ကလေး က ကျွန်မ ရင် ထဲ ခပ်ကြမ်းကြမ်း တိုးဝင် လာသည် ။ ကျွန်မ မျက်ရည်စက် အချို့ ကလေး ရဲ့ ဂါဝန်ဖြူဖြူလွလွ ပေါ် ဆင်းခုန် ချ သွားလေ သလား ။ ကျွန်မ မျက်ရည်တွေ ကို ကလေး တို့ မမြင်သင့်ပါ ။ ကလေး တို့ မမြင်သင့် သလို အခြား မည်သူ တစ်ဦး တစ်ယောက် မှ လည်း မြင်ရန် မသင့်ပါ ။


ထိုနေ့ က လှေကား မှ ဆင်း နေသော ကျွန်မ ခြေလှမ်းများ ချည့်နဲ့ လေးပင် နေမှာ အသေအချာ ပင် ။ ရင်နှစ်နှလုံး ကို လက်ကြမ်းကြမ်း တစ်စုံ ဖြင့် ဆုပ်ညှစ်ဖျစ်ခြေ ထားသော ခံစားမှုတွေ တစ်ကျော့ပြန် တိုးဝင် လာသည့် အခိုက် ညှိုးလျနွမ်းမောခြင်း ဝေဒနာ တို့ တရစ်ရစ် ဆင့်ကဲ လာ တော့၏ ။ ကျွန်မ လည်း မိန်းမသား ပေပဲ မို့ ထုံကူး လာသော အပူတံကျင် ကို ဘယ်လို ရေစင် နဲ့ ပက်ဖျန်းရပါ့မလဲ ။ ကျွန်မ ယုံကြည်ရာ မှာ တောင်းခံခွင့် ရှိမယ် ဆိုရင်တော့ ကျွန်မ ရဲ့ တောင်းဆိုမှု ကို ဟောဒီလို ကမ္ပည်းအက္ခရာ တင်ချင်စမ်းပါ ဘိ ။


•  နှင်းရည်သောက် ပွင့်ဖတ်များရဲ့ နုဆတ်ဆတ် ၊

သန့်စင်စင် မွှေးမြခြင်းကို ငါ နမ်းရှိုက်ခွင့်ကြုံပါစေ ။


•  နို့ချိုတောင်းသံ ကျည်လောင်လောင်က ငါ့ နှလုံးသားနံရံကို

အင်နဲ့ အားနဲ့ ဖောက်ခွဲတယ် ။


•  စမ်းကျရေ ခိုးခိုးခစ်ခစ် ရယ်သံဟာ

ဆည်းလည်းတစ်ထောင် လေညင်းဆောင်သလို

ညိုးညိုးညံညံ ချိုမြည် ညှင်းသွဲ့တယ် ။


•  ချိုအီအီ မလိပန်း ရနံ့ညံ့သက်ခြင်းတွေ 

ထုံမွမ်းထားတဲ့ ဖဝါးလက်နှစ်လုံး

ငါ့ဘဝတစ်ခုလုံးကို သိမ်းကျုံးနှောင်ဖွဲ့တယ် ။


•  နီထွေးထွေး နှုတ်ခမ်းနှစ်လွှာကြားမှ

‘ အမေ ’ ခေါ်သံ တိမ်ယံကို ထွင်းဖောက်

ငါ့ရင်တံခါးကို အခါခါ လာခေါက်လေရဲ့ ။


•  အို … ဘုရားသခင်

ကိုယ်တော်၏ အလိုတော်၌

ငြိမ်းချမ်း ငြိမ်သက်ခြင်း ငွေ့ရည်တွေ ဖျန်းပက်ပေးပါ ။


•  အမှောင်တိုက်ရဲ့ စေ့ဆော်ခြင်းလမ်းကြောင်းပေါ်မှာ

အလင်းတစ်စ မျှဝေပေးပါ ။


•  စစ်ကြောမှု ကန္တာရတိုင်း၌

နှစ်သိမ့်သက်သာစေသော အိုအေစစ်မှာ

စိမ်းလန်းခွင့်ပေးပါတော့ ။


◾မိချမ်းဝေ


📖 ရွှေအမြုတေ မဂ္ဂဇင်း  

      မေ ၊ ၂၀၀၉ ။


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment