Saturday, July 1, 2023

ချစ်ခွင့် မကြုံ


 ❝ ချစ်ခွင့် မကြုံ ❞


( ၁ )


အတန်း ပြီး ချိန် ။


အခန်း ထဲ က ကျောင်းသူ ၊ ကျောင်းသား တွေ အပြင် ကို ဝေါခနဲ လျှံထွက် လာခဲ့သည် ဆိုရင်ပဲ ကိုတွတ် ကို လက် တို့ ပြီး မျှော်လင့် သူ ကို ပြူးပြဲ ရှာဖွေ ခဲ့သည် ။


တွေ့ပြီ ၊ ဒူးကောက်ကွေး ထိ ရှည်လျားလှ တဲ့ ဆံကေသာ အလှ ပိုင်ရှင် လဲ့ဝါ ကို အများ ကြား မှာ ထင်းခနဲ ပါ ပဲ ။ ရင် ထဲ မှာ တဒိန်းဒိန်း နဲ့ ရင်တွေ ခုန် ဒူးတွေ တုန် လာ ရသည် ။


သူမ တို့ တစ်တွေ အဆောင် ပြန် ကြပြီ ။ နောက် ကနေ မသိ မသာ လိုက် ရင်း ကားလမ်းမ ပေါ် ရောက် လာသည် ။


“ ဟေ့ကောင် သွားတော့ ”


ဆိုပြီး ကိုတွတ် က တွန်း လွှတ်သည် ။ ရှက် က လည်း ရှက် ၊ ကြောက် က လည်း ကြောက် နဲ့ လဲ့ဝါ နံဘေး ကို ရောက် သွားသည် ။ လဲ့ဝါ က တအံ့တသြ လှည့် ကြည့်သည် ။


သူ က စပ်ဖြဲဖြဲ လုပ် ရင်း လက် ထဲ က စာအုပ် ကို ထိုး ပေး သည် ။


“ လဲ့ဝါ ဒါလေး ယူ သွားနော် ၊ အထဲ မှာ စာ ပါတယ် ” 


အစ သော် လဲ့ဝါ က ဘာမှ မပြော ။ ရှေ့ကို သုတ်သုတ် လျှောက်သည် ။ သူမ ရဲ့ အဖော်မလေးတွေ က လည်း ပြုံးစိစိ နဲ့ လျှောက် ကြသည် ။ သူ က လည်း ဆက် လိုက် သည် ။


သည်မှာ လဲ့ဝါ က ဗြုန်းခနဲ ရပ် ၊ သူ့ ဘက် ကို ဆတ်ခနဲ လှည့် ကြည့် ၊ မျက်နှာထား တင်းတင်း နဲ့ ဘာမှ မပြောဘဲ သူ ပေး နေ တဲ့ စာအုပ် ကို လှမ်း ယူသည် ။


ပြီးတော့ အထဲ က စာ ကို ယူ ပြီး စာအုပ် ကို သူ့ ပြန် ပေး လိုက် သည် ။ စာ ကို ယူ သွားပြီ ဆိုတော့ သူ့ ရင် ထဲ အရမ်း ဝမ်း သာ သွားသည် ။ ‘ ငါကွ ’ လို့ ပင် အော်လိုက် ချင်သည် ။ သို့သော် သူ့ အပျော် က တာရှည် မခံ ။ လဲ့ဝါ က စာ ကို ဆုတ်ဖြဲ ပြီး လွှင့်ပစ် လိုက် သည် ဆိုတော့ ခြေစုံ ရပ်ပြီး ကြေကွဲစွာ ရပ်ကျန် ခဲ့သည် ။


( ၂ )


ခက်တော့ ခက် နေပြီ ။ စား လည်း သည် စိတ် ၊ သွားလည်း သည် စိတ် နဲ့ မို့ ။ မတွေ့ ရ ပြန်လျှင် လည်း ဘယ်လို မှ မနေနိုင်သည် ကြောင့် သူမ ရှိရာ အရပ် မှာ သူ အမြဲ ရှိ ခဲ့သည် ။


အတန်း ကို ဟုတ်တိပတ်တိ မတက် ။ လဲ့ဝါ နောက် ကို သာ တကောက်ကောက် လိုက် နေခဲ့သည် ။ သို့ပေသည့် အတိတ် ကံ က အားနည်း ရော့ လား မသိ ။ ချစ်ရသူ သည် မကြည်ဖြူ ခဲ့ ။ တွေ့လေ ရာ အရပ် မှာ မျက်နှာကြော တင်းတင်း နဲ့ မျက်နှာ လွှဲ သွားခဲ့သည် ချည်း ။ ရှိ စေတော့ ။


ညနေပိုင်း ရောက် လာသည် ။ ရေချိုး ထမင်းစား ပြီး တာနဲ့ ဘယ်လို ဖြစ်သည် မသိ ။ လဲ့ဝါ ကို အရမ်း တွေ့ချင် လာသည် ။ သည် တစ်ခဏလေး မတွေ့ ရရင် ကို ပဲ ခု ချက်ချင်းပဲ သေသွား တော့မလားလို့ အောက်မေ့ မိသည် ။


ဆိုတော့ ကိုတွတ် ကို အဖော် ညှိသည် ။ မရ ။ တစ်နေကုန် ကျောင်း မှာ တွေ့ပြီး တာ တောင် အားမရနိုင်သေး ။ လွန်လွန်း သည် ဟု ဆိုကာ မြည်တွန်တောက်တီး ရင်း အော်ဂင် တို့ အုပ်စု နဲ့ မြို့ထဲ ပါ သွားသည် ။ 


မထူးတော့ပါဘူး ။ ကိုယ့်ဝမ်း နာ ကိုယ် သာ သိ သမို့ လဲ့ဝါ ရှိ ရာ နှင်းဆီဆောင် ဆီ သို့ ဦးတည် ခဲ့သည် ။ အဆောင် ဆိုပေမယ့် ကျောင်းသူ နှစ်ဆယ် လောက် သာ လက်ခံ ထားသည့် လုံးချင်း တိုက် တစ်လုံးပါပဲ ။


အချိန် က မှောင်ရီဖျိုးဖျ ။ အဆောင် နောက်ဘက် ရေဆိပ် အနီး ချုံကွယ် မှာ အချိန်မီ သူ ရောက် သွားသည် ။ သိပ် မကြာလိုက် လဲ့ဝါ တို့ သုံးယောက် စကားတွေ ဖောင်ဖွဲ့ ပြီး ဆင်း လာ ကြသည် ။ ဘယ်သူမှ မရှိဘူး အထင် နဲ့ စကားတွေ ကို လွတ်လွတ်လပ်လပ်ကြီး ပြော လာ ကြသည် ။


သူ့ စိတ် ထဲ ကြိတ်ပြုံး မိသည် ။ ဪ တို့ ယောက်ျားလေး တွေ စု မိတော့ မိန်းမတွေ အကြောင်း ပြောကြသည် ။ ဟော သူတို့ မိန်းကလေးတွေ စုမိတော့ လည်း ယောက်ျားလေး တွေ အကြောင်း ပြောနေကြသည် ပဲ ။


ဟို နှစ်ယောက် ခြေလက် ဆေး ၊ သွားတိုက် လို့ ပြီးတာ တောင် လဲ့ဝါ က သွားတိုက်လို့ မပြီးသေး ။ အလုပ် လုပ် တာ တယ် နှေးသကိုး လို့ အောက်မေ့ မိသည် ။


လဲ့ဝါ ခြေထောက် ဆေး တော့ ဟို နှစ်ယောက် က စကား ပြော ရင်း ကုန်းပေါ် တက် သွားသည် ။ နောက်က လိုက်ခဲ့ ဆိုတဲ့ သဘော ။ လဲ့ဝါ က “ ဟဲ့ ငါ့ ကို စောင့်ကြဦး ” လို့ လှမ်း အော်သည် ။ 


သည်မှာ မရိုးမရွ နဲ့ ရွတတ ဖြစ်နေတာ က သူ ။ အမှောင် နဲ့ ဆိုတော့ လဲ့ဝါ မှန်း သိပေမယ့် လဲ့ဝါ ကို ကြည့်ရ ၊ မြင်ရတာ အားမရ နိုင်တာကြောင့် ရှေ့ကို  တိုးရင်း ကုန်းကုန်းကွကွ နဲ့ အား ယူပြီး အကြည့် ...


ချုံနွယ်တွေကို ဖယ်ရှား တဲ့ ချိုးချိုးချွတ်ချွတ် အသံဗလံတွေ က ရုတ်တရက် ထွက် လာတော့ ထိတ်ခနဲ တုန် သွားတဲ့ လဲ့ဝါ က နောက် ကို ဖျတ်ခနဲ လှည့် အကြည့် ... 


သည် မှာ ဘာမှန်း မသိတဲ့ မည်းမည်း ၊ မည်းမည်းနဲ့ အကောင် ကြီး တစ်ကောင် ကို လှမ်း အတွေ့ ကြောက်စိတ် တွေ တစ်ကိုယ် လုံး တုန်တက် ပြီး ထိတ်လန့် ကြောက်ရွံ့ စွာ နဲ့ ငယ်သံပါအောင် အော် တော့သည် ။


“ အမလေး လာကြပါဦး သရဲ ၊ သရဲ ” 


သူမ အသံ ကို ကြားတာ နဲ့ ကုန်း ပေါ် က နှစ်ယောက် တစ် ချက် သာ လှမ်း ကြည့်ပြီး တစ်ချိုးတည်း ပြေး တော့သည် ။ သူမ ခမျာ ကြောက်လွန်း လို့ လက် ထဲ က ရေခွက် ၊ ဆပ်ပြာ နဲ့ သွားပွတ် တံတွေ အောက် ကို လွတ်ကျ ကုန်သည် ။


ဘာကို မှ ပြန် မကောက်နိုင်ဘဲ ကုန်းပေါ် ကို ဒရောသောပါး တက် ပြေးသည် ။ 


သည်တော့မှ သူ့ မှာ လည်း စိုးရိမ်စိတ် ထောင်းခနဲ ထ ပြီး နောက်ကြောင်း ကို မာရသွန်နှုန်း နဲ့ အားကုန် ပြေး တော့သည် ။


( ၃ ) 


အာစရိယ ပူဇော်ပွဲ ။


အခမ်းအနား က စည်ကား လွန်းသည် ။ ဆရာ ၊ ဆရာမတွေ ကို လက်ဆောင်ပစ္စည်းတွေ နဲ့ ကန်တော့ကြ ။ ဆရာ ၊ ဆရာမတွေ က ဆု ပေးကြ ။ ဒန်ပေါက် နဲ့ အချိုရည်တွေ စားကြ သောက်ကြ နဲ့ ပျော်စရာ ကောင်းသည် ။


တစ်ဆက်တည်း ကျောင်းသားတွေ ဦးစီး တဲ့ ခေတ်ပေါ် တီးဝိုင်းအဖွဲ့ နဲ့ တွဲဖက်ပြီး အဆိုရှင် ကျောင်းသူ ၊ ကျောင်းသားတွေ က အလှည့်ကျ သီဆို ကြသည် ။


သည်မှာ ကိုတွတ် က သူ့ ကို မြှောက် ပေးသည် ။ ရှေ့ဆုံးနား မှာ ထိုင် နေတဲ့ လဲ့ဝါ ကို လည်း ညွှန်ပြသည် ။ သည်အချိန် ဟာ မဟာ အခွင့်အရေး ဖြစ်တာကြောင့် ကိုယ့် အစွမ်းအစ ကို ထုတ်ပြ ရမည် ။


စတိတ် ပေါ် တက်ပြီး သီချင်း တစ်ပုဒ် ကို အကောင်းဆုံး ဟဲပြ လိုက် လျှင် မိလဲ့ဝါ တစ်ယောက် အပြတ် ကို ကြွေသွားရမည် ဟူ၍ ။


သူ ပြောတာ ဟုတ်သလို ပါ ပဲ ။ ခက်တာ က သည်လို တီးပိုင်း မျိုး နဲ့ သည်လို စတိတ်စင် ပေါ် မှာ တစ်ခါဖူး မျှ မဆိုဘူးတာ က ခက် နေသည် ။ 


ဒါကို ပြောပြတော့ ကိုတွတ် က လက်မခံ ။ ယောက်ျား ပဲ သည်လောက်တော့ စွန့်စားရမှာပေါ့ တဲ့ ။ အရေးကြီးတာ က လဲ့ဝါ အထင် ကြီး သွားဖို့ က အရေးကြီး သည် ဟူ၏ ။


သည်လိုနဲ့ ကိုတွတ် ရဲ့ စီစဉ်ပေးမှု နဲ့ အစီအစဉ် ကြေညာတဲ့ ကျောင်းသူ က သူ့ နာမည် နဲ့ သူ ယူတဲ့ မေဂျာ ကို ကြေညာ လိုက် သည် ။


သီဆိုမယ့် သီချင်း က ' ဘယ်ပန်းချီ ရေးလို့မမီ ' ဟူ၍ ကြေညာ လေသော အခါ လက်ခုပ်သံတွေ သောသောညံ သွား ခဲ့သည် ။ ရဲဆေး တင်ပြီး တီးဝိုင်း အဖွဲ့ ရဲ့ ရှေ့ မှာ ရပ်သည် ။ ပရိတ်သတ် ကို လက်အုပ်ချီ ဂါရဝ ပြုရင်း လဲ့ဝါ ကို လှမ်း ကြည့်သည် ။ လဲ့ဝါ က ခေါင်းကြီး ငုံ့ ထားသည် ။ ဩော် ငါ့ ကို အတော် မေတ္တာ ထား ပါ လား လို့ အောက်မေ့ မိသည် ။ 


သည်မှာ တီးခတ်သံ က ထွက် လာသည် ။ ရော် ခက်ပြီ ။ သီချင်း ကို ဘယ်နေရာ က စ ဝင်ရမှန်း မသိ ။ ဟုတ်မယ် ထင်တဲ့ နေရာ က သီချင်း ကို စ ဆိုလိုက်သည် ။


“ ဘယ်ပန်းချီ ရေးလို့ မမီ ” စသည်ဖြင့် ဆို သွားသည် ။ 


ဟုတ်သလိုလို ပါပဲ ။


ဒါပေမဲ့ သူ့ အသံ က ဘာဖြစ်လို့ သည်အချိန် ကျ မှ တုန်ခါ နေ ရတာလဲ ။ ကိုယ့် ကိုယ် ကို လည်း မကျေနပ် ချင် ။ ဘာဖြစ်လဲ မသိ ။ ပရိတ်သတ်ကြီး က စပ်ဖြဲဖြဲ လုပ် နေကြသည် ။


သူ့ နောက် က ဂစ်တာသမား တစ်ယောက် စိတ်ပျက် သွား ပုံ ရသည် ။ ဘာမှ ဆက် မတီးတော့ ။ ဒရမ်သမား က တော့ သူ ဆို တာ ကို ကြည့်ပြီး တခွီးခွီး နဲ့ သဘောကျ နေသည် ။


သည်မှာ ပြဿနာ က ဝင် လာသည် ။ သီချင်း နောက် တစ်ပိုဒ် အကူး မှာ သီချင်း စာသား မေ့ နေသည် ။ စိတ် ထဲ ပေါ်တာ ဟုတ် မလား လို့ ဆို ကြည့်သည် ။ မဟုတ်မှန်း သိလိုက်တာ နဲ့ သီချင်းသံ က ထစ်ထစ်ငေါ့ငေါ့ ဖြစ် နေသည် ။


ဇောချွေးတွေ ပျံ လာသည် ။ ကြောက်စိတ် တွေ ဝင် လာသည် ။ ပုဆိုး အောက် က ဒူးနှစ်လုံး တဆတ်ဆတ် တုန် နေပြီ ။ မိုက်ကရို ဖုန်းတိုင် ကို လှမ်း ကိုင် တော့ လည်း နတ်ပူး သလို တဆတ်ဆတ် တုန် နေသည် ။


မဟာအရှက်တော် ကွဲရပြန် ပြီပေါ့ ။ သည် မှာ တီးဝိုင်း က အတီး ကို ရပ် လိုက်သည် ။ ပရိသတ် ကို ပြူးကြောင်ကြောင် ကြည့် နေရာက နောက် မှ သတိ ဝင်ပြီး အောက် ကို တစ်ဟုန်ထိုး ပြေးဆင်း သည် ။


တစ်ခဏချင်း ရယ်မောသံတွေ ဆူညံ သွားခဲ့သည် ။


( ၄ )


စာမေးပွဲကြီး စစ်ပြီး သွားလို့ ကျောင်းတွေ ပိတ်လိုက်ပြီ ဆို တော့ ကျောင်းသူ ကျောင်းသားတွေ ဇာတိ ရပ် ထံ ပြန် ကုန်ကြပြီ ။ လဲ့ဝါ နဲ့ ခွဲရတော့မှာ မို့ သူ့ ရင်ထဲ အသည်း ခိုက်အောင် နာကျင် နေသည် ။


သည် နေ့ လဲ့ဝါ တို့ ပြန်မည် ဟု ကိုတွတ် က သတင်း ပေး သည် ။ ဆိုတော့ ကိုတွတ် ကို အဖော် ပြုပြီး ဘူတာရုံ ကို အစောကြီး ကတည်း က ရောက် နေသည် ။ ရထား က နံနက် ၇ နာရီ ထွက် မည် ။


မကြာပါ ။ ရထား နဲ့ ပြန်ကြမယ့် ကျောင်းသူ ကျောင်းသား တွေ အငှားဂျစ်ကားတွေ နဲ့ တဖွဲဖွဲ ရောက်လာ ကြသည် ။ လဲ့ဝါ တို့ လည်း ပါ လာသည် ။


လဲ့ဝါ ရဲ့ ပြုံးရွှင် နေတဲ့ လှတစ်မျက်နှာလေး ကို တဒင်္ဂ မြင် လိုက်ရတာ နဲ့ ပဲ ရင်ထဲမှာ ထာဝရ အေးမြ လို့ သွားခဲ့ ရသည် ။ 


ရထား ပေါ် တက်ပြီး နေရာ ယူကြသည် ။ လဲ့ဝါ ဘယ်နေရာ ထိုင် မလဲလို့ အမောတကော ရှာဖွေ ကြည့်သည် ။ ဟော လဲ့ဝါ က ပြတင်းဝ နား မှာ ထိုင် နေပြီ ။


လဲ့ဝါ က ခုထိ သူ့ ကို မမြင်သေး ။ ကိုတွတ် က သူ့ အနား မှာ ကပ်ပြီး တိုးတိုးလေး ပြောသည် ။


“ ဒါ နောက်ဆုံး အချိန် ၊ ဘယ်သူ မဆို ကြေကွဲ နေတဲ့ အချိန် ၊ သည် အချိန် ဟာ ရန်သူ ကို တောင် ခွင့်လွှတ်နိုင် တဲ့ အချိန် မို့ လဲ့ဝါ ဆီ သွားပြီး နှုတ်ဆက် သင့်တယ် ”


ဘယ်နည်း နဲ့ မဆို သဘော ကောင်း လှ တဲ့ လဲ့ဝါ အနေ နဲ့ အနည်းဆုံး နှုတ်ဆက် စကားလေး တော့ ပြန် ဖြေ နိုင်သည် ဟူ၏ ။ 


သည်တော့ သူ စဉ်းစားသည် ။ ဟုတ်သည် ။ သွားသင့်သည် ။ ဒါ နောက်ဆုံး အချိန် ပဲ ။ နောက် တွေ့ဖို့ ဆိုတာ မလွယ်တော့ ။ လဲ့ဝါ နဲ့ သူ နဲ့ က တစ်မြို စီ နေ ကြသည် ။ ဝေးကွာ ကြသည် ဆိုတော့ လဲ့ဝါ ရှိရာ ကို စွပ်ခနဲ တန်းတန်းမတ်မတ် တစ်ရှူး ထိုး ထွက် သွားသည် ။ ဘယ်ကို မှ မကြည့် ။ ဘယ်သူ့ ကို မှ လည်း မမြင် ။ လဲ့ဝါ ကို သာ မြင်သည် ။


သည်မှာ သူမ ဆီ တန်းတန်းမတ်မတ် လျှောက်လှမ်း လာတဲ့ သူ့ ကို လဲ့ဝါ က လှမ်း မြင်သွားသည် ။ စိတ် ထဲ မှာ တကယ့် ကို မကောင်း ဖြစ်သွားသည် ။ သည် ဘဝ ရေစက် မပါလေတော့ သူ့ ကို ဘယ်လို မှ ပြန် ချစ်လို့ မရခဲ့ ။


ဘာရယ် မဟုတ် ။ ရင် ထဲ မှာလည်း ဆွေးဆွေးမြည့်မြည့် ဖြစ် နေတာမို့ လာ နေတဲ့ သူ့ ကို ငေးပြီး ကြည့်နေ မိသည် ။ 


တစ်ခါမှ သူ့ ကို သည်လို ငေး ကြည့် နေတာ မျိုး မကြုံဘူး လေတော့ ရင် ထဲ မှာ ဒိန်းတလိန်းတွေ ဖြစ်ပြီး ခြေလှမ်း ကို သွက်သွက် လျှောက် သည် ။


နီးပြီ ။ ရထား ပြတင်းပေါက် နဲ့ နီး သထက် နီး လာပြီ ဆိုရင် ပဲ ဘာ ဖြစ်သွားသည် မသိ ။ ခြေတစ်ဖက် က တစ်စုံတစ်ရာ ကို သွား နင်း မိသည် ။ ဗြိခနဲ အသံ မြည်လျက် ရှေ့သို့ ရှောခနဲ ဖြစ်သွား သည် ။ ခန္ဓာကိုယ် သည် ဟန်ချက် ပျက် လျက် လဲပြိုလု မတတ် ခြေကားယား လက်ကားယား ဖြစ်သွားသည် ။ 


ဘာပါလိမ့် လို့ အောက် ကို ငုံ့ ကြည့် တော့ ... 


“ ဟိုက် ချေးပုံကြီး ”


သွားပြီ ။ အပေါ် ကို မော့ ကြည့် တော့ စောစောက နေရာမှာ လဲ့ဝါ မရှိတော့ ။


နေရာမှ ချာခနဲ လှည့် လျက် နောက်ကြောင်း ဆီ သို့ ... ။


◾တက္ကသိုလ်စိုးနောင်


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၁ ) 

      ၂၀၀၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment