Saturday, July 1, 2023

စိတ်ထားကောင်းသူ


 

❝ စိတ်ထားကောင်းသူ ❞

ဟိုရှေးရှေးတုန်းက မြို့ကလေး တစ်မြို့ မှာ ဖိနပ်ချုပ် စားတဲ့ လင်မယား နှစ်ယောက် ရှိကြ သတဲ့ ။ အဲဒီ လင်မယား နှစ်ယောက် ဟာ ဟို ရှေးဘဝ က ကုသိုလ်ကံ အကျိုးပေး မကောင်းလို့ ဆင်းရဲကြ ပေမယ့် စိတ်သဘောထား အလွန် ဖြူစင်ပြီး သူ တစ်ပါး အပေါ် မှာ အတော်ပဲ စေတနာ ကောင်းတယ် ကွဲ့ ။ ဘယ့်လောက်များ စေတနာ စိတ်ထား ကောင်းသလဲ ဆိုရင် သူတို့ မိတ်ဆွေ ထဲ က ဖျားနာ နေလို့ ဝင်ငွေ မရှိရင် ဒုက္ခ ရောက် နေသူ ပေါ်လာတဲ့ အခါ သူတို့ ကိုယ်တိုင် အငတ်ခံပြီး သွားရောက် ကျွေးမွေး ပြုစု လေ့ ရှိကြတယ် ။ ဖိနပ်ချုပ်သည် လင်မယား ဟာ အဲဒီလိုနည်း နဲ့ နေလာခဲ့ကြတာ နှစ်ပေါင်း အတော် ကြာ သွား သတဲ့ ။

တစ်နေ့ကျတော့ အဲဒီ ဖိနပ်ချုပ်သည် လင်မယား ဟာ အတော်ပဲ စိတ်ညစ် ရအောင် ဒုက္ခ တွေ့ကြ သတဲ့ ။ ဘယ်လို ဒုက္ခမျိုးလည်း ဆိုတော့ သူတို့ နေတဲ့ မြို့ကလေး မှာ အထည်ဈေး ၊ ပိတ်ဈေး တွေ အလွန် တက်ပြီး ဖိနပ် ချုပ် ရာ မှာ သုံး တဲ့ ကတ္တီပါ ပိတ်စ ကို တောင် ဝယ် မရအောင် အခက်အခဲ တွေ့သွားကြ သတဲ့ ။

ဒါနဲ့ တစ်ည မှာ ဖိနပ်ချုပ်သည် ယောက်ျား က သူ့ မိန်းမကို “ ရှင်မရေ ... တို့တော့ ဒုက္ခ နဲ့ အကြီးအကျယ် ရင်ဆိုင် တွေ့တော့ မှာ ပဲ ကွယ် ။ ဖိနပ် ချုပ်တဲ့ ပိတ် ဈေးတွေ က လည်း သိပ်တက်နေ ။ ငါတို့ ဆီ မှာ လည်း ဖိနပ် နှစ်ရံစာ လောက် သာ ပိတ်စ ကျန်တော့ လို့ နောက်ထပ်ပြီး ပိတ်စ အသစ် မဝယ်နိုင် ။ ဒီ ပိတ်စ ကုန် သွားရင်တော့ ဒို့ အလုပ် ကို လည်း ပိတ်လိုက်ရတော့ မှာ မို့ ငါတို့ နှစ်ယောက် တော့ ရှေ့ ကို ဘယ်လို များ နေထိုင် သွားရမယ် မသိပါဘူးကွယ် ...” လို့ ပြောပြီး ညည်းညူ နေ သတဲ့ ။ ဒါပေမယ့် သူ့ မိန်းမ က “ မောင်ကြီးရယ် ... ဒါလောက်တောင် ရှေ့ရေး ကို တွေး ပူပြီး ညည်းညူ မနေစမ်းပါနဲ့ကွယ် ။ ရှင်တို့ ၊ ကျုပ်တို့ ဟာ သူတစ်ပါး အပေါ် မှာ အမြဲတမ်း စိတ်သဘောထား ဖြူဖြူစင်စင်ထားပြီး အကူအညီ ပေးခဲ့ကြတာမို့ တစ်နေ့ ကျ ရင် ကျုပ်တို့ နှစ်ယောက် ကို လည်း ကူညီတဲ့သူတွေ ပေါ်ပေါက်ဦးမှာပေါ့ ” လို့ အားပေး စကား ပြောပြီး ညဉ့်နက် တာ နဲ့ အိပ်ရာ ဝင်သွားကြသတဲ့ ။

အဲဒီ ဆင်းရဲသား ဖိနပ်ချုပ် လင်မယား နှစ်ယောက် နေတဲ့ မြို့ကလေး မှာ လည်း “ ချမ်းသာရှင် ” ဆိုတဲ့ အမွှာပူး နတ်ညီနောင် နှစ်ပါး ရှိကြတယ် ။ အဲဒီ နတ်ညီနောင် နှစ်ပါး ဟာ ကိုယ်လုံး က ခပ်သေးသေး မို့ မြို့သူမြို့သားတွေ က “ ကိုယ်လုံးသေးသေး ၊ ဒို့နတ်ကလေး ” လို့ ကျီစယ် ခေါ်လေ့ ရှိကြတယ် ။ နတ်ညီနောင် နှစ်ပါး ဟာ စိတ်နေ စိတ်ထား နဲ့ အမူအကျင့် လည်း အင်မတန် မှ ကောင်း ကြတယ် ။ သူတို့ နှစ်ပါး ဟာ ညစဉ် ညတိုင်း မြို့ ကို လှည့်ပတ်ကြည့်ရှု ပြီး မြို့သူမြို့သား တွေ ထဲ က ဒုက္ခ တွေ့ နေသူ တွေ ကို တွေ့ရင် အကူအညီ ပေးလေ့ ရှိတယ် ။ ဒါပေမယ့် လူတိုင်း ကို တော့ အကူအညီ မပေးပါဘူး ။ စိတ်သဘောထား ဖြူစင်တဲ့ လူများ နဲ့ သူတစ်ပါး အပေါ် မှာ ကြင်နာ သနားတတ်တဲ့ လူများ ကို သာ အကူအညီ ပေးလေ့ ရှိတယ် ။

အဲ ... ဟို ညဉ့် ကလည်း “ ချမ်းသာရှင် ” နတ်ညီနောင်နှစ်ပါး ဟာ ထုံးစံအတိုင်း မြို့ ကို လှည့်ပတ် ကြည့်ရှုကြတဲ့ အခါ ဖိနပ်ချုပ်သည် လင်မယား နှစ်ယောက် ပြောဆို နေကြတဲ့ စကားတွေ ကို ကြား ရတော့ အတော်ပဲ သနားမိတာ နဲ့ ညဉ့်သန်းခေါင် အချိန် မှာသွား ရောက်ပြီး အကူအညီ ပေးဖို့ ဆုံးဖြတ်လိုက်ကြ သတဲ့ ။ အခုလို ဆုံးဖြတ်လိုက်တဲ့ အတိုင်း ထိုနေ့ ညဉ့်သန်းခေါင် အချိန် မှာ ဖိနပ်ချုပ်သမား လင်မယား နေတဲ့ အိမ် ကို တိတ်တဆိတ် သွားပြီး အလွန် လှပတဲ့ ဖိနပ် နှစ်ရံ ကို ချုပ်ပေး ထားခဲ့ကြတယ် ။ နောက် တစ်နေ့ မနက် ရောက်တော့ ဖိနပ်ချုပ်သည် လင်မယား ဟာ သူတို့ အလုပ်ခန်း ထဲ မှာ လှပတဲ့ ဖိနပ်ကလေး နှစ်ရံ ကို အဆင်သင့် တွေ့ ရတော့ ရုတ်တရက် အံ့ဩ သွားကြတယ် ။ ဒါပေမယ့် နောက်တော့ “ ချမ်းသာရှင် ” နတ်ညီနောင် နှစ်ပါး က အကူအညီ ပေးတာပဲ ဖြစ်ရမှာပဲ လို့ ယူဆမိတာ နဲ့ အတော်ပဲ အားတက် ဝမ်းမြောက် သွားကြတယ် ။ အဲဒီ နတ်ကလေး တွေ ချုပ်ပေး တဲ့ ဖိနပ် နှစ်ရံ ကို လည်း သူတို့ မြို့က အချမ်းသာဆုံး သူဌေးကြီး သမီး နှစ်ယောက် က မြင်တော့ နှစ်သက်တာ နဲ့ ဈေးနှုန်း ပိုပေးပြီး ဝယ်သွား ကြတယ် ။ နောက်ကို လည်း အဲဒီ “ ချမ်းသာရှင် ” နတ်ညီနောင် နှစ်ပါး ဟာ နှစ်ည ခြား ၊ သုံးည ခြား ဆိုသလိုပဲ ဖိနပ်ချုပ်သမား လင်မယား နှစ်ယောက် အိမ် ကို လာပြီး အလွန်လှပ အဖိုးတန် တဲ့ ဖိနပ်များ ကို ချုပ်လုပ် ဖန်ဆင်း ပေး သွားလေ့ ရှိတယ် ။ ငါတို့ လူမျိုး ရဲ့ အယူအဆ နဲ့ ဆိုရင်တော့ “ သူတော်ကောင်း နတ်ကောင်း စောင့်မ ” ဆိုသလို ပေါ့ကွယ် ။

အဲဒီလိုနဲ့ နေလာခဲ့ကြတာ ။ လပေါင်း အတော် ကြာတော့ ဆင်းရဲသား ဖိနပ်ချုပ်သည် လင်မယား ဟာ တဖြည်းဖြည်း စည်းစိမ်ဥစ္စာ တိုးတက် လာခဲ့ကြ သတဲ့ ။ တစ်နေ့ တော့ ဖိနပ်ချုပ် သမား ယောက်ျား က “ ကိုင်း ... ရှင်မရေ ... ငါတို့ လင်မယားတော့ “ ချမ်းသာရှင် ” ကိုယ်တော်ကလေး နှစ်ပါး ရဲ့ကူညီမစမှုကြောင့် ချောင်ချောင်လည်လည်တော့ နေကြရပြီ ။ သူတို့ ရဲ့ ကျေးဇူး ကို လည်း တို့ က တတ်နိုင်သလောက် ပြန် ဆပ်ဦးမှပဲ ” လို့ပြောပြီး ညဉ့်အချိန် နတ်ညီနောင် နှစ်ပါး လာတဲ့ အခါ သောက်ဖို့လို့ နွားနို့ နှစ်ခွက် ၊ သူတို့ ဝတ်ဖို့ ပိုးအင်္ကျီကလေး နှစ်ထည် ကို အဆင်သင့် စားပွဲ ပေါ် မှာ တင်ထား သတဲ့ ။ အခုလို စီမံထား တာ ကို ညဉ့်သန်းခေါင် အချိန် မှာ နတ်ညီနောင် နှစ်ပါး ရောက် လာတော့ အဆင်သင့် တွေ့ရတာ နဲ့ အတော် ကျေနပ် နှစ်သိမ့်ပြီး နို့တွေ ကို သောက် ၊ အင်္ကျီကလေးများ ကို ဆွဲယူ ဝတ်ဆင် ပြီး “ စိတ်ထား ကောင်းတဲ့ မိတ်ဆွေ ... ငါတို့ သွားလိုက်ပါဦးမယ် ” လို့ အသံ ပေးရင်း နှုတ်ဆက် ထွက်ခွာ သွားကြ သတဲ့ ။

◾တက္ကသိုလ်စန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ၊ စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment