❝ အမှာ လိုလို ဘာလိုလို တစ်ထွာတစ်ညို စာတိုလေး ❞
မောင်ဝဏ္ဏ ၏ ‘ ပန်းတွေနဲ့ ဝေ ’ ဝတ္ထု ၊ သုမောင် ၏ ‘ ချစ် - ချစ် - ချစ် တစ် - နှစ် - သုံး ’ ဝတ္ထု ၊ မင်းလူ နှင့် သူ့ သူငယ်ချင်းများ ဖြစ်သော ကိုမိုး ၊ မြင့်ကောင်း ၊ မောင်မောင်စနေ ၊ သားကြီးမောင်ဇေယျ တို့ ရေးသည့် ‘ မိုးထဲက နှင်းဆီ ’ ဝတ္ထုများ တွင် ကျွန်တော် သူတို့ ပြော အပြီး မှာ ပင် ‘ အင်းရေး မယ် ' ဟု ဆိုကာ လိုလိုချင်ချင် ရေး ပေး လိုက်သည် သာ ဖြစ်၏ ။ ပေါ့ပါး သွက်လက်စွာ ရေး လိုက်သည် သာ ဖြစ်ပါ၏ ။
ယခု -
ဆရာကြီး ဦးသာဓု ၏ ‘ အနုဝင်္ကပါ ’ စာအုပ် အတွက် အမှာစာ ရေးပေးပါ ဟု ထုတ်ဝေသူ ကိုတင်မောင်ကြည် က မင်းလူ ကို ပါ အဖော် ခေါ် လာပြီး ကျွန်တော့် ကို တာဝန် ပေးလာ သော အခါ ...
ကျွန်တော် တွန့် သွားရသည် ။ ကြားရရုံ ဖြင့် ပင် လက်ရွံ့ သွားသည် ။ သို့သော် ဆရာ့ စာအုပ် ဖြစ်၍ အခွင့်အရေး ပေး လာချိန် မှာ ရေး ကလည်း ရေး ချင်ချင် ၊ ‘ အနုဝင်္ကပါ ’ ဖြစ်၍ လည်း ပြောစရာ ရေးစရာ တွေ က ကျွန်တော့် ဆီ မှာ တစ်ပုံ တစ်ပင် ။
“ စဉ်းစား မနေနဲ့ ဆရာပြည့် ၊ ဆရာပြည့် ရေး ကို ရေး သင့်တယ် ။ ဘာဖြစ် လို့ ဆို ‘ အနုဝင်္ကပါ ’ ဆောင်းပါးတွေ အားလုံး က ဆရာပြည့် ရဲ့ ‘ ချယ်ရီ ’ မဂ္ဂဇင်း မှာ ရေးခဲ့တာတွေ လေ ၊ ပြီးတော့ သည် ဆောင်းပါးတွေ ရေးဖြစ် လာ တာ ကလဲ ဆရာပြည့် နဲ့ ပတ် သက်ပြီး ...”
“ ဟုတ်ပါပြီ ၊ ငါ စဉ်းစား နေတာ က မရေးဘူး လို့ ငြင်းဖို့ စဉ်းစား နေတာ မဟုတ်ပါဘူး ။ ဆရာကြီး ဦးသာဓု ရဲ့ စာတွေ ရှေ့မှာ ငါ့ ရဲ့ အမှာ လိုလို ဘာလိုလို စာတွေ က ကိုးလိုးကန့်လန့် ဖြစ်နေမယ် ဆိုရင် အားလုံး မကောင်းဘူး လေကွာ ။ မဆီလျော်တာမျိုး ။ အမြင် ခံရရင် ပို ဆိုးတာပေါ့ ။ အဲသလိုမျိုးများ ဖြစ်သွား လို့ ဆရာ သာ ရှိရင် ကလော် တုတ်ပြီး ဖနောင့် နဲ့ ထ ပေါက် မှာ ။ အနီးအနား မှာ မရှိ ရင် လဲ ဖတ်ပြီး တာ နဲ့ “ ဒါ ... အောင်ပြည့် ရေးတာလား ၊ အဲဒီ သေနာကောင် ခွေးသူတောင်းစား ကို ဖုန်း ဆက်ပြီး ခေါ်လိုက်စမ်း ” ဆိုတဲ့ အသံနက်နက်ကြီး ကို ကြားယောင်မိသေးတော့ ကွာ ... ”
“ အဲဒီလို ဖြစ်လိမ့်မယ် လို့ ဆရာပြည့် က စိုးရိမ်တယ် မဟုတ်လား ”
ငြိမ် နားထောင် နေသော မင်းလူ က စကား ဝင် ထောက် သည် ။
“ ဒါပေါ့ကွ ”
ကျွန်တော် က လည်း ရင်ထဲ ရှိစွဲ ကို ဖြေ လိုက်သည် ။
“ မှားသွားပြီ ”
မင်းလူ က ပြောပြီး သူ့ အမူအရာ မထုံတက်သေး ဖြင့် မေးစေ့လေး ပွတ် ကာ ခေါင်း တညိတ်ညိတ် လုပ်နေ၏ ။
“ မင်း ကလဲ သိရဲ့ သားနဲ့ ”
ကျွန်တော် က အားမလို အားမရ ဖြစ်ရာ က ပြန် ပြော ရ၏ ။
“ သိ လို့ ပြော တာပေါ့ ၊ ဆရာပြည့် မှား သွားပြီ ၊ ဆရာပြည့် ရဲ့ အမှာစာ ကို ဖေဖေ ဖတ်ဖြစ် ရင် အဲသလို ပြော မှာ မဟုတ်ဘူး ”
“ ဒီ့ ထက် ပို ဆိုးမှာ လို့ မင်း ပြောမ လို့ မဟုတ်လား ”
“ ဟာ ... မဟုတ်တာ ”
သည် တစ်ခါတော့ မင်းလူ က ခါး ကို မတ် လိုက်ပြီး ပြောပြောဆိုဆို ခေါင်းယမ်း ခါသည် ။ မျက်နှာ က တော့ ရှုတည်တည် ။
“ ဒါဖြင့် ပြောပါဦး မင်းရဲ့ ထင်ကြေး ”
“ အောင်မယ် ... ခွေးကောင် သေခြင်းဆိုးလေး ... လို့ တော့ ဆိုချင် ဆိုမယ် ။ ပြီးတာ နဲ့ ပြုံးပြုံးကြီး လုပ်ပြီး သားကြီးအောင်ပြည့် ကို ခု ချက်ချင်း လာ လို့ ဖုန်းဆက် ပြီး ခေါ် လိုက်စမ်း ဆိုပြီး တစ်ယောက် ယောက် ကို ခိုင်းတော့ မှာ ”
ကျွန်တော် နားထောင်ရုံ နားထောင် ပြီး ငြိမ်နေ လိုက် မိသည် ။ ဆရာ ဦးသာဓု သည် ကျွန်တော့် ကို လိုလိုလားလား ရှိ ချိန် ၊ စကား ပြေပြေ ပြောလို ချိန် မျိုး ၌ သားကြီး ဟု လည်းကောင်း ၊ သားကြီးအောင်ပြည့် ဟု လည်းကောင်း ၊ ရင်းရင်းနှီးနှီး စေးစေးပိုင်ပိုင် ခေါ်တတ် ပါသည် ။
ကျွန်တော့် အပေါ် မကျေနပ် သော အခါ ကျီစယ် လိုသော အခါ ၊ ချစ် ဒေါသ နှင့် ဆဲဆို ရှင်းပြ လိုသော အခါ တို့ ၌ ‘ သေခြင်းဆိုး ’ တွေ ရော ၊ ‘ သေနာကောင် ’ တွေ ရော ၊ ‘ ခွေးသူတောင်းစား ’ တွေ ရော ၊ ‘ မသာ လေး ’ ရော အခေါ်အဝေါ် တွေ ပြောင်း သွား ကာ ဝိသေသန အသစ်တွေ ထည့် ခေါ် ၊ ထည့် ရေး လုပ်လေ့ ရှိသည် ။
ယင်းကို အကြောင်း သိ ဖြစ်သော မင်းလူ က ကျွန်တော့် ကို မြှူဆွယ် ၍ ဆွပေး နေခြင်း ဖြစ်ကြောင်း ကျွန်တော် နားလည် လိုက်ပါသည် ။
မည်သို့ ရှိစေ ...
သူတို့ နှစ်ယောက် ၊ အရိုးစစ် ၊ အတည်မျိုးတွေ ပြောနေ လေရကား ဆရာ အသက် ရှိနေ ဆဲ ဟု မှတ်စွဲရင်း ဆရာ့ ကို ကန်တော့ ကာ ဤအမှာ လိုလို ဘာလိုလို စာတို ကို ဝံ့ဝံ့ရဲရဲ ပင် ရေးဖို့ ဆုံးဖြတ် လိုက် မိပါသည် ။
အမှတ် ( ၁ ) ကို ၁၉၈၄ ခု ၊ သြဂုတ်လ မှာ စတင် ထုတ်ဝေပါသည် ။ ပိုင်ရှင် အယ်ဒီတာချုပ် ဗိုလ်မှူးကြီးဟောင်း တင်မောင် ( ဆရာမြတ်ထန် ) က တာဝန် ပေး သောကြောင့် ကျွန်တော် သည် မဂ္ဂဇင်း မထွက်မီ နှစ်လ ခန့် အလို ၁၉၈၄ ဇွန်လ မှ စ၍ တာဝန်ခံ အယ်ဒီတာ အဖြစ် အားထုတ် စိုင်းပြင်း ရ ပါသည် ။ နေ့ မအား ည မအား အလုပ် လုပ် ရပါသည် ။ ကိုယ်စွမ်း ဉာဏ်စွမ်း စွမ်း သမျှ ကြိုးပမ်း ရ ပါသည် ။ ဆရာကြီး ၊ ဆရာလတ် ၊ ဆရာငယ် ပုဂ္ဂိုလ်စုံ ထံ သြဝါဒခံရန် ခိုလှုံ ရ ပါ သည် ။ ဆရာကြီး ဦးသာဓု ထံ သို့ ကား ချောင်း ပေါက်လု မျှ ပင် ။
ကဏ္ဍများ စွာ စီမံ ဖန်တီး နေစဉ် အတွင်း ပထမ သော် ဆရာကြီး အချို့ ထံမှ ဝတ္ထုရေးနည်း အတွက် လမ်းညွှန်ချက်မျိုး သက်ဝင် သော ဝတ္ထုမျိုးများ တောင်း ပါသည် ။ ဆရာကြီးများ က လည်း ဝတ္ထု ဆိုင်ရာ အယူအဆ သဘောထား နှင့် ဝတ္ထုတို တစ်ပုဒ် ကျ စီ ရေးပေး ပါသည် ။ ဆရာကြီး ဦးသာဓု က လည်း ‘ အရှင်ကြီး ’ ဟူသော ဝတ္ထုတို နှင့် တကွ ထို ဝတ္ထုတိုလေး ရေးရန် ဖန် လာပုံ မှ အစ တွေးပုံ ၊ အကွက် ဆင်ပုံ ၊ အချိတ်အဆက် လုပ်ပုံ ၊ ဖန်တီးပုံများ ကို ရှင်းချက်များ နှင့် တကွ ‘ ဝတ္ထု
ရေးနည်းဝတ္ထု ’ တို တစ်ပုဒ် အဖြစ် ကြွရွ ပုံပေါ် လာအောင် အဆန်းတကြယ် ရေး ပေး ပါသည် ။
သို့သော် နောက်လ နောက်လ များ အတွက် ဆရာ့ ထံ မှ ဝတ္ထု တောင်းရန် အကျပ် တွေ့ လာပါ တော့သည် ။ လ စဉ် ဝတ္ထု ရ နိုင်ရန် အခြေအနေ မပေး သောကြောင့် ဆောင်းပါး တစ်ပုဒ် ပုံမှန် ရ နိုင်ရန် ကျွန်တော် ကြံစည် စိတ်ကူးရ ပါ တော့သည် ။ ဤမှာ ပင် ‘ အနုဝင်္ကပါ ’ ၏ ဇာတ်လမ်းလည်း စ ပါ တော့၏ ။
“ အောင်ပြည့် ကြောင့် သာဓု တွင် ပြဿနာ တစ်ရပ် နှင့် လက်ထပ် ရ သလို ဖြစ်နေ ချေပြီ ။
အကြောင်းသည် ကား ...
သူ ( အောင်ပြည့် ) တာဝန် ယူ ထားရသော ချယ်ရီမဂ္ဂဇင်း အတွက် ပွဲဦးထွက် အနေ ဖြင့် သာဓု ရေးနည်း ဟူသော “ အရှင်ကြီး ” ဝတ္ထု ရေး ပေးလိုက် အပြီး နောက် တစ်လ တွင် ဝတ္ထု မရေးနိုင် ဖြစ်နေ ချိန် ..
“ ဆရာ ဝတ္ထု မရေးနိုင်လဲ တစ်မျက်နှာ - နှစ်မျက်နှာ စာ လောက်ဖြစ်ဖြစ် ဆောင်းပါးလေး တော့ ရေးပေးပါ ဆရာ ၊ ဘာအကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ”
သာဓု စဉ်းစား၏ ။ အဘယ် မည်သော အကြောင်းအရာ ကို ရေးလျှင် ကောင်းမည်နည်း ။
စီးကရက် သုံးလေးဖွာ မျှ အကြာ တွင် ကောက်ကာ ငင်ကာ ..
“ ရုပ်ရှင် အကြောင်းကော ဆရာ ”
သာဓု အဖို့ လွယ် နေသော အကြောင်းအရာ ဖြစ်၍ ...
“ အေး ... ကောင်းသားပဲ ”
“ နာမည် ခေါင်းစီး ဘယ်လို တပ် မလဲ ဆရာ ၊ ကျွန်တော် ပန်းချီအပ်လိုက် တော့မယ် ”
“ မင်း ဟာ ကလဲ လောလှချေလား ကွ ”
“ မလောလို့ မရဘူး ဆရာ ၊ ဆရာ လဲ မဂ္ဂဇင်း ထုတ်ခဲ့ဖူးတာ ၊ ဆရာ သိသား ၊ သြ ... ဆရာ ... ‘ အနုပညာ ဝင်္ကပါ မှာ ’ ဆိုရင် ကော ... ”
သာဓု ကို ဗိုလ် ခန့်ပြီး သူ က ချည်း ရှေ့ မှ ချီတက် နေ သဖြင့် ...
“ နေဦးကွာ ၊ ဆရာ စဉ်းစားဦးမယ် ... ”
သူ ဆေးလိပ် တစ်လိပ် ထုတ်သည် ။ သာဓု က စီးကရက် ပေးသည် ကို မယူ ၊ သနပ်ဖက် ကို သာ သူ နှစ်သက်ပုံ ရသည် ။
“ ဟေ့ .. ဒီလို လုပ်ကွာ ၊ ( ပညာ ) တို့ ( မှာ ) တို့ ဖြုတ် လိုက် ၊ ( အနုဝင်္ကပါ ) ပေါ့ ။ ဒါတောင် ဆရာ့ အာဘော် ၊ ဆရာ့ အရေးအသား နဲ့ ၊ ပျော့ သလိုလိုပဲ ... ”
“ ဒီအတိုင်း ကောင်းပါတယ် ဆရာ ”
“ အေးလေ ... ထားပေါ့ ”
သို့နှင့် အနုဝင်္ကပါ ကို စ ရေး လိုက် မိရာ မှ လစဉ် လိုလို အပူ ကပ်လေတော့၏ ။ အမှန်အားဖြင့် အနုဝင်္ကပါ ကို လစဉ် ပင်တိုင် ရေးရန် လုံးဝ စိတ်မကူးခဲ့ ။ ရေးချင်ချင် ရှိလာ က ရေးမည် ။ စိတ် မပါသော် မရေး ။
ထိုအတိုင်း သဘော ထားခဲ့ သော်လည်း နောက်ပိုင်းတွင် မူ အောင်ပြည့် တို့ နားပူ နားဆာ လုပ် ကြသည် ထက် သာဓု ၏ စာရှုပရိသတ် တို့ က စာ အားဖြင့် လည်းကောင်း ၊ ဖုန်း ဆက်၍ တစ်သွယ် ၊ အသံကျယ်ကျယ် တောင်းဆို လာကြသည် ကို လေးစားသော အားဖြင့် မရေးဘဲ မနေသာသည့် ပြဿနာ တစ်ရပ် ဖြင့် လက်ထပ် လိုက်ရဘိ သို့ ...
လဆန်း ( ၁ ) ရက် ၊ ( ၂ ) ရက် လောက် ဆိုလျှင် ထွက်ပြီး စာအုပ် နှင့် စာမူခ ပို့ ရင်း နောက်လ အတွက် ဆောင်းပါး တောင်း တော့၏ ။
... ဟူ၍ ၁၉၈၄ ဒီဇင်ဘာလ ချယ်ရီမဂ္ဂဇင်း တွင် ဆရာဦးသာဓု ရေး သကဲ့ သို့ ‘ အနုဝင်္ကပါ ’ ဆောင်းပါး များ ကို လစဉ်မပြတ် ဆက်ကာ ဆက်ကာ ဖော်ပြ နိုင် လာခဲ့ပါသည် ။
အနုဝင်္ကပါ ၌ အနုပညာရေးရာ စိတ်ဝင်စားဖွယ်ရာ အကြောင်းရပ် များ အပြင် အနုပညာ လောကသား အားလုံး အတွက် များစွာ အကျိုးပြု သော သတိပြုစရာ ၊ ဆင်ခြင်စရာများ ပါ ဖတ်လာ ရ ပါသည် ။ အနုပညာ ဝါသနာ ကြီးသော လူငယ်လူရွယ်များ အတွက် လည်း ဆောင်ရန် ရှောင်ရန် လမ်းညွှန်ချက်များ ထုတ်ယူ ရရှိ နိုင် လာပါသည် ။
ထို့ထက် ကား ...
အနုပညာလောက မှ အယုတ္တမာများ ၏ ကောက်ကျစ် ယုတ်မာရိုင်းပျ ပက်စက်သော လူ မဆန်သည့် အပြုအမူများ ကို ပယ်ပယ်နယ်နယ် ၊ ရှင်းရှင်းပြတ်ပြတ် ၊ ပီပီပြင်ပြင် ၊ ဖွင့်ချ ဖော်ထုတ် ပေး၍ ဖတ်ရသူ တိုင်း ကျေးဇူး တင်စရာ ဖြစ်လာခဲ့ပါသည် ။ ပတ်သက် ဆက်စပ် လာ၍ ကိုးကား ရှင်းပြ ရာ တွင် ဆောင်းပါးတိုင်း သည် ပြောင်မြောက်ရှင်းလင်း ပြတ်သားသော အရေးအသားများ ကြောင့် စူးရှ ထက်မြက်လှပါသည် ။ တိုက်ရိုက် တဲ့တိုး ၊ အကျိုး ရှိရှိ ၊ ချက်သိ ၊ ကွက်တိ ၊ ဒက်ထိ ဖွင့်ဆိုချက်များ ချည်း သာ ဖြစ်သည် ။
ထို့ပြင် ..
စာ အရေးအသား အမှား ၊ စာ စကား အထားအသို အမှား ၊ စကား သုံးနှုန်းပုံ အမှား ၊ စာစီကုံး ရေးထုံး အမှား ၊ မြန်မာသဒ္ဒါ အသုံးအနှုန်း အမှား ၊ အယူအဆ အမှား များ ကို လည်း စာပေဝါသနာရှင် များ ၊ ပညာသင်များ ၊ စာပေ ပညာ ဖြင့် လုပ်ကိုင် စားသူများ ပါ သတိပြု စရာ ဖတ်မှတ် လေ့လာနိုင်ပါသည် ။ ဆရာ က နားလည် လွယ်စိမ့်သောငှာ ဆွေးနွေး ရေး ပြော ခဲ့ခြင်းများ ဖြင့် အနုဝင်္ကပါ ကို ဘက်စုံ စေ ခဲ့ပါသည် ။
အနုဝင်္ကပါ ဆောင်းပါး အားလုံး လိုလို မှာ ကား သွက်လက်သော အရေးအသား ထက်မြက်သော သုံးသပ်ချက်များ ဖြင့် စူးစူးရဲရဲ ထဲထဲ ဝင်ဝင် ၊ ကြည်လင် ပီပြင်စွာ ဖွင့်ဆို ရှင်းပြခြင်းများ ဖြစ်သည် ။ အနုပညာ လောက ရှိ ကတုံး ပေါ် ထိပ်ကွက် သူများ ၊ သူ တစ်ပါး မျက်ခုံးမွေး ပေါ် စင်္ကြံ လျှောက်သူများ ၊ ဘယ်သူ သေသေ ငတေမာ ပြီးရော ဟူသော သဘောဖြင့် လူလည် လုပ် သူများ ၊ ကျား ငစဉ်းလဲများ ၊ လိပ် လို ၊ ပေါက်တူး လို ကျင့်သူများ ၊ မိမိ ကိုယ် မိမိ ထင် တစ်လုံးဖြင့် ထင် နေကြ သော ကိုထင်ကြီး မထင်ကြီးများ ၊ ငါးကြီးငါးကောင်း ဝါဒသမားများ ၊ အမေကျော် ထွေးတော် လွမ်းသူများ ၊ ပထွေး ကို အဖေ ထင်သူများ ၊ ဇာတ်တူသား စားသူများ ၊ နှမချင်း မစာနာသူများ ၊ သားသမီးချင်း မစာနာသူများ ၊ တစ်ပါး တစ်ယောက် အောင်မြင် ဖြစ်ထွန်း လျှင် မရှုဆိတ်နိုင်သူများ ၊ ဝန်တို မိစ္ဆာများ သူများ ၊ တစ်ပါးသူ ဒုက္ခများ မှ စားကောင်း အိပ်ပျော် နေပျော်သူများ စသည် .. စသည် .. စသည် များစွာ တို့ ၏ စရိုက်ဆိုး အကျင့်ဆိုးများ ကို ကာယကံရှင် တို့ ၏ အငြိုငြင် ခံကာ “ မခံနိုင် ရင် အဲသလိုတွေ မလုပ်နဲ့ ၊ လုပ် နေရင် သိလာလို့ က တော့ ဖွင့်ချ မှာ ပဲ ၊ ရေးပြော မှာ ပဲ ၊ မခံနိုင်ရင် လဲ သေ ” ဟူသော ဆရာ့ မူ အတိုင်း အများ အကျိုး ဆောင် ကာ ကလောင် ကို ချွန်ထက် စေခဲ့သည် ။
ဝါသနာ ကို ခုတုံး လုပ် ၊ ယုံစားအားကိုးမှု ကို ခုတုံး လုပ် ၊ အတတ်ပညာ ကို ခုတုံး လုပ် ၊ ရိုးသား မှုကို ခုတုံး လုပ် ကာ ယုတ်ညံ့စွာသော အပြုအမူများ လုပ်ခဲ့သူ ၊ လုပ်နေသူ ၊ လုပ်ရန် တာစူ နေသူ များ ကို လည်း အနုဝင်္ကပါ မှ တစ်ဆင့် တားမြစ် ပိတ်ဆို့ နိုင် ခဲ့သည် ။ နားမလည် သူတို့ ကို လည်း နားလည် အောင် သွန်သင် နိုင် ခဲ့သည် ။
ရိုးသားသူ ၊ ဖြောင့်မတ်သူ ၊ ထက်မြက်သူ ၊ သွက်လက်သူ ၊ ကြီးသူ ငယ်သူ မည်သူ့ ကို မဟူ အနုဝင်္ကပါ တွင် ဂုဏ်ထင် စေခဲ့သည် ။
ရိုင်းစိုင်းသူ ၊ ယုတ်မာသူ ၊ ကောက်ကျစ်သူ ၊ စဉ်းလဲသူ ၊ ပက်စက်သူ ၊ ရက်စက်သူ ၊ ကြီးသူ ငယ်သူ မည် သူ့ကို မဟူ အနုဝင်္ကပါ တွင် စင်တင် ၍ ရှုတ်ချ သည် ။
ကိုယ့် ပညာ ကို ကိုယ် တန်ဖိုး မထား ၊ ကိုယ့် အနုပညာ အပေါ် သစ္စာ မရှိ ၊ ပညာသည် အချင်းချင်း မနာလို ဝန်တို ၊ လိုတစ်မျိုး ၊ မလိုတစ်မျိုး ပြော ၊ မုဒိတာတရား ခေါင်းပါးလွန်းသူများ နှင့် ...
ဟန်သမား ၊ အကြံသမား ၊ ဉာဏ်သမား ၊ ဖျံများ ၊ ဝေလေလေ များ ကို လည်း အနုဝင်္ကပါ တွင် မှုန့်မှုန့်ညက်ညက် ကြေအောင် ကြိတ်ခြေ ခဲ့သည် ။
အနုဝင်္ကပါ ဆောင်းပါးစု သည် ကား ဆရာကြီး ဦးသာဓု ၏ စူးရှ ၊ ရဲရင့် ၊ မြင့်မြတ် ၊ သန့်စင်သော အကျိုးဆောင် ကလောင်စွမ်း များ စွာ စာပဒေသာ တွင် တစ်ထောင့် တစ်နေရာ က အရေး ပါ အရာ ရောက် ခဲ့ သော စာကောင်း စာမွန်များ ဖြစ်ပါသတည်း ။
••••• ••••• •••••
ကျွန်တော် သည် ချယ်ရီမဂ္ဂဇင်း ကို ၁၉၈၄ သြဂုတ်လ မှ ၁၉၈၉ နှစ် ဦးပိုင်း လများ ထိ သာ တာဝန် ယူနိုင်ခဲ့ပါသည် ။ ကျွန်တော် ရှိနေစဉ် ဆရာကြီး ဦးသာဓု ၏ အနုဝင်္ကပါ ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးနေ သော်လည်း နောက်ပိုင်း လများ ၌ ဆရာ့ ကျန်းမာရေး သည် အခါတိုင်း မှာ ကဲ့သို့ ဒေါင်ဒေါင် မမြည်တော့ ပါ ။ ချူချာ လာပါသည် ။ တစ်ခါ ရောက် လျှင် တစ်မျိုး ညည်းသံ ကြားရ ပါသည် ။ ကျွန်တော် တို့ ကို နောက်ပြောင် ဆူဆဲသော အသံများ လည်း တိုးညင်း သွားပါသည် ။ သို့ငြား ... စိတ်မော လူမော အမော ထွေတလာ ကို မသိကျိုးကျွန် ပြု ကာ အနုဝင်္ကပါ အတွင်း ဝဲလည်ပတ်ချာ ရုန်း မထွက်သာခဲ့ ။
မျက်မှန် ထူထူကြီး တပ် ထားရ သော်လည်း စာလုံးများ ကို ပီပီသသ မမြင်ရတော့ ဟု ဆရာ က ဆိုပါသည် ။ အနုဝင်္ကပါ က လည်း အရှိန် သတ်၍ မရ ။ နိဂုံး မချုပ် နိုင် ။ ကြာသော် မျက်မှန် တပ်လျက် ကပင် မှန်ဘီလူး ဝိုင်းကြီး တစ်ဖက် က ကိုင် ကာ မှန်ဘီလူး ပေါ် မှ ကြည့် ရေး နေသည် ကို စိတ် မသက်သာစွာ မြင် နေ ရပါသည် ။ နား နေရန် တား သော်လည်း လက်ကာ ပြရင်း ရေးခြင်း ကို မရပ် ။
ထိုအချိန်များ ဆီ က ဆရာ့ လက်ရေး စာများ သည် စာ တစ်လုံး နှင့် တစ်လုံး အဝေးကြီး ဝေးနေပြီ ဖြစ်၏ ။ သို့သော် စကား အဆက် အစပ် ကား မလွဲ ၊ ဆိုလိုသော အကြောင်းအရာ မပြောင်း ၊ ရည်ရွယ်ရင်း က မပျက်ပြယ် ။ အမှန်တရား လမ်းကြောင်း ဘက် မှ မသွေဖည် မပြောင်းလဲခဲ့ ၊ စာကြောင်းတွေ စောင်း နေ သော်လည်း ဆရာ့ စေတနာ က တည့်တည့်ဖြောင့်ဖြောင့် သာ တည်း ။
ကျွန်တော် သည် ဆရာ နှင့် အနေ နီး ပြီး သားကြီး တစ်ယောက် လို သဘော ထား ခံ ရသော တပည့် တစ်ဦး ဖြစ်ပါသည် ။ ဆရာ့ ကို လည်း ချစ်ကြောက် ရိုသေ ခဲ့ပါသည် ။ ဆိုရိုး ပြောရိုး စကားစဉ် အဖြစ် မည်ကာမတ္တ ရိုသေခြင်း မဟုတ် ။ တကယ့် ကို မြတ်နိုး ချစ်ကြည်ညို ကာ စိုးရွံ့ လန့်ကြောက်ပြီး တန်ဖိုး ထား လေးစား ကြည်ညိုခဲ့ခြင်း သာ ဖြစ်၏ ။
ဆရာ့ ကို ချစ်ကြောက်ရိုသေ သကဲ့သို့ ဆရာ့ အနုပညာ ဆရာ့ စေတနာများ ကို လည်း မြတ်နိုးလေးစား တန်ဖိုး ထားပါသည် ။ ငေးမော အားကျ ဂုဏ်ယူ ရ ပါသည် ။
သို့ဖြင့်ပင် ...
အခြားသော အနုပညာ ဝါသနာရှင် လူငယ်လူရွယ်များ ၊ အနုပညာပိုး ရွ ထိုးသူများ ကို လည်း ဆရာ့ စေတနာ ၊ ဆရာ့ သဘောသဘာဝ ၊ ဆရာ့ အယူအဆ နှင့် ဆရာ့ ဝါဒ ကို လက်လှမ်း မီ စေ ချင်ပါသည် ။ အနုဝင်္ကပါ ဆောင်းပါးများ ဖတ်ပြီး သင်ခန်းစာ များ ရစေ ချင် ပါသည် ။ မျက်စိ ဖွင့် တတ် ၊ နား စွင့် တတ် စေချင် ပါသည် ။ ထိုမှ ဆက် ၍ မြင်တတ် ၊ ကြားတတ် ကာ ၊ ထိုးထွင်း ဆင်ခြင် သိနားလည် တတ်စေ ချင် ပါသည် ။ အမြင် ကျယ် အသိ ကြီး ၍ ခရီး တွင်ကြ ပါ စေ သတည်း ။
◾အောင်ပြည့်
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment