Showing posts with label မောင်သစ်လှိုင်း. Show all posts
Showing posts with label မောင်သစ်လှိုင်း. Show all posts

Saturday, September 21, 2024

သုံးတောင်ဝတ် အပြောင်းအလဲ


❝ သုံးတောင်ဝတ် အပြောင်းအလဲ ❞ 
━━━━━━━━━━━━━━
      မောင်သစ်လှိုင်း
━━━━━━━━━━━━━━
ကိုနက်ကျော် ဟာ အလုပ်ကြမ်းသမား တစ်ယောက်ပါ ။ ဆန်ပွဲရုံ တစ်ခုမှာ ကုန်တင်ကုန်ချ အလုပ်သမား ဆိုပါစို့ ။ လူ ကလည်း ခပ်ကြမ်းကြမ်း ၊ နှုတ် ကလည်း ခပ်ကြမ်းကြမ်းပါပဲ ။ ကိုနက်ကျော် တို့ ရပ်ကွက်ကလေး ဟာ လူတကာ ဝင်ချင်သလို ဝင် ၊ ထွက်ချင်သလို ထွက် နေ တဲ့ ကျူးကျော် ရပ်ကွက် တစ် ခု ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုတာ မရှိ ။ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး မရှိ ။ လုပ်အားပေး မရှိ ။ ချောဆွဲတာ မရှိ ။ ထင် သလို နေတဲ့ ရပ်ကွက်ပါ ။ လင်ခန်း ၊ မယားခန်း ပြတ်စဲ ကွာရှင်းတဲ့ ကိစ္စ ဆိုတာ ကတော့ ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသား မင်းသမီးတွေ လောက်တော့ ပျင်းတောင် ပျင်းသေးတယ် ပြောရမယ် ။ ယောက်ျား တစ်ယောက် နဲ့ မိန်းမ တစ်ယောက် ကြိုက် လို့ လက်ထပ်မယ် ဆိုရင် စေ့စပ်တာ မရှိ ၊ ရွာဝင်ကြေး မရှိ ၊ တင်ရန် သရန် မလို ၊ မင်္ဂလာပွဲ အခမ်းအနား မလို ။ မိန်းမ လုပ်သူက ယောက်ျား အိမ် အတူ လိုက် နေရုံပဲ ။ အားလုံး က အခြေခံ အလုပ်သမားတွေ ဆိုတော့ အဆောင်အယောင် တွေ ၊ ဂုဏ်ဒြပ်တွေ မလို ။ ပြ စရာလည်း မရှိ ၊ နတ္ထိ ၊ လင်ယူသားမွေး ကိစ္စ အလွန် လွယ်ကူတဲ့ နေရာ ။ တစ်ခု တော့ ရှိတယ် ။ ယောက်ျား ဖြစ်သူ က ကိုယ် ယူထားတဲ့ မိန်းမ ကိုတော့ လုပ်ကျွေးရတာ တော့ ရှိတယ် ။ အရင် က ငရုတ်သီး အညှာချွေ အလုပ် လိုက်လုပ်နေရတဲ့ အပျို မိန်းကလေး ဟာ ယောက်ျား ယူလိုက်တာ နဲ့ အော်တိုငုတ်တုတ် အငြိမ်းစား မှီခို ရာထူး ရသွားတယ် ။ ဒီတော့ ကိုနက်ကျော် တို့ ကျူးကျော်ရပ်ကွက်လေး ဟာ ဖိုမကိစ္စတွေ မှာ ထမင်းစား ရေသောက် သလောက် ပါးပါးလေး ။

“ အမေ ”

“ ဘာလဲ .. ပြော ”

“ ကျုပ် .. တစ်အိမ်ကျော် က ဖိုးထူး နဲ့ ယူမလို့ ”

“ ယူချင် ယူလေ ... ဒါနဲ့ ကောင်လေး က ဘာလုပ်တလဲ ”

“ ပန်းရန် နောက်လိုက်လေ ” 

“ အေး ... အလုပ်ရှိရင် ပြီး တာပဲ ၊ ယူလိုက်ပေါ့ ” 

လင် ယူမယ့် ကိစ္စမှာ သမီး နဲ့ အမေ ဆွေနွေးခန်း က ဒီလောက်ပဲ ။ မအေ လုပ်သူ က လည်း ဒီ ကောင်မ ငါ့ လက် က လွတ် ဘရွတ် ဆိုတဲ့ သဘော ။ မအေ လုပ်သူ ကိုယ်တိုင် က လည်း လင်ဆက် ခပ်များများ ရယ် ။ ဒါကြောင့် ဟောလီးဝုဒ် လောက်တော့ ပျင်းတယ် လို့ ပြောတာ ။ မြန်မာစကားပုံ က ‘ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ’ ၊ ကိုနက်ကျော် တို့ ရပ်ကွက် က ‘ တစ် လင်မပြောင်း သူကောင်း မဖြစ် ’ ပေါ့ ။ မြန်မာစကားပုံ က ‘ သေချင်တဲ့ ကျား တောပြောင်း ’  ၊ ကိုနက်ကျော် တို့ ရပ်ကွက် က ‘ သေချင်ရင် စိမ် မစားနဲ့  ၊ နောက် တစ်လင် ဆီ သွား ’ ဆိုတာမျိုး ဖြစ်နေပြီ ။

မိန်းမ ဆိုတာ ကလည်း လင် ယူတယ် ဆိုတာ အားကိုးချင်လို့ ၊ မှီခိုချင်လို့ ။ ဒါ သဘာဝ ။ ဒီ ရပ်ကွက် ရဲ့ ရှားရှားပါးပါး ထူးခြားချက် ကတော့ လက်ဖျား ခါလောက်ရဲ့ ။ အဲဒါ ဘာလဲ ဆိုတော့ လင်ငယ် ၊ မယားငယ် မနေဘူး ။ ဒီ မိန်းမ မပေါင်းတော့ဘူး ဆိုရင် ဂျောင်း ပဲ ၊ နောက် တစ်ယောက် ယူလိုက်သလို ။ မိန်းမ က လည်း လင်ကြီး ရှိရက် နဲ့ လင်ငယ် မနေဘူး ။ မပေါင်းချင် ရင် ဆင်းသွား ၊ နောက် တစ်ယောက် ရင်ခွင် မှာ အချစ်တွေ ပျော်ဝင် ပစ်လိုက်ရုံ ။ အရင် လင် က ကိုယ့် မိန်းမ နောက် ယူလိုက်တဲ့ လင် ကို ပြဿနာ မရှာသလို ၊ မိန်းမ ကလည်း ကိုယ့် လင် နောက် တစ်ယောက် ယူ သွား ရင် လည်း နိုးပရော်ဗလန် ပါ ပဲ ။ ဒီတော့ တံခါး မရှိ ၊ ဓါး မရှိ ကြားသိရာ က အမြန်လာ ဆို သလို အဲဒီ ရပ်ကွက် ကို စိတ်ဝင်စားသူတွေ များများ လာတယ် ။ 

ဒါပေမယ့် သိတော်မူကြတဲ့ အတိုင်း ဒီလို စရိုက် ၊ ဒီလို အကျင့် ရှိတဲ့ ရပ်ကွက် ကို ဒီလို ကိစ္စ စိတ်ဝင်စားပြီ ဆို ကတည်း က ဘယ်လို ယောက်ျားတွေ လဲ ၊ ဘယ်လို မိန်းမတွေလဲ ဆိုတာ ပြေး ကြည့်စရာ မလို ၊ တွေး ကြည့်တာနဲ့ သိတယ် ။ လင်သေ မုဆိုးမ တို့ ၊ တစ်ခုလပ် တို့ ၊ ကေတီဗွီ က အလုပ်ပြုတ် လာ တဲ့ မိန်းမ တို့ ပေါ့ ။ ယောက်ျား ဆိုရင် လည်း လောင်းကစားသမား ၊ အရက်သမား ၊ သူခိုး လိုလို ၊ သူဝှက် လိုလို ကောင်တွေပေါ့ ။ ကိုနက်ကျော် တို့ ကျူးကျော်ရပ်ကွက်ကလေး ဆီ အချောင် လာရှာ တာလေ ။ ဒီတော့မှ အချောင် ရှာတဲ့ ယောက်ျား နဲ့ အလွယ် ရှာတဲ့ မိန်းမ တွေ့ပြီး ညားကြ လေသတည်း ရဲ့ မကြာခင် မှာ ကွာရှင်းကြလေသတည်း က လည်း ထပ်ကြပ်မကွာ ဆို သလိုပေါ့ ။ 

ဒီရ ပ်ကွက် ထဲမှာ မိန်းမ အများဆုံး ယူတာ ကိုနက်ကျော် ပါပဲ ။ ကိုနက်ကျော် မှာ သစ္စာ တွေ ၊ မေတ္တာ တွေ ၊ ရွှေမန်းသဘင် တွေ ဘာမှ မရှိ သလို ရွှေပြောင်ပြောင် တောင်ပေါ် က ဘုရား မှာ လည်း သစ္စာတိုင်ရတု တွေ ၊ ဘာညာသကာ တွေ မလိုဘူး ။ သူ က လည်း ရှင်းရှင်းပဲ ။

“ နင် ... ငါ့ ကို ယူမှာ လား ” 

“ ယူမှာ ပေါ့ ... ကိုနက်ကျော် ” 

“ ဒါဆို ... ငါ နဲ့ အတူ လာနေလိုက် ”

ဒါပဲ ။ လိုရင်းတိုရှင်း ပဲ ။ အချစ်ဋီကာတွေ ဘာတွေ မ သိဘူး ။ ကိုနက်ကျော် အတွက် နှစ်ယောက် အတူတူ နေခြင်း ဟာ လင်မယား ပဲ ။ ဒါပေမယ့် ကိုနက်ကျော် ရဲ့ လုပ်စာ ကို တော့ စားရမယ် ။ ကိုနက်ကျော် စိတ်ကြိုက် အလို လိုက် ရမယ် ၊ အလုပ် က ပြန်လာရင် လက်ဆေးရေ အသင့် ၊ ထမင်းပွဲ အဆင်သင့် ဖြစ်ရမယ် ။ စား ပြီးရင် သောက်ရေ အဆင်သင့် ။ ဒါပဲ ။ ကိုနက် ကျော် က အလုပ်ကြမ်းသမား သာ ဖြစ်တာ ၊ အိမ် ပြန်လာတဲ့ ပုံစံက  လူကြီးခရီးစဉ် ထက် တောင် အလုပ်ရှုပ် သေးတယ် ။ ဒါပေမယ့် မိန်းမ တစ်ယောက် ကို တစ်လ ပြည့်အောင် ပေါင်းဘူး ။ အကြောင်းအမျိုးမျိုး နဲ့ ရမယ် ရှာ နှိပ်စက်တယ် ။ အပြစ် မရှိ အပြစ် ရှာ ရိုက်တယ် ။ ကြာတော့ သူ့ ဒဏ် မခံ နိုင်တဲ့ မိန်းမ လစ်ပြီပေါ့ ။ ဒါ ဆိုရင် ကိုနက်ကျော်  နောက် တစ်ယောက် ချိန်ပြီ ။ ဒါကြောင့် ဟောလီးဝုဒ် အကွဲအပြဲ လောက်တော့ ပျင်းတယ် ပြောတာ ။ ဟောလီးဝုဒ် မင်းသား မင်းသမီး တွေ က ပိုက်ဆံ ချမ်းသာပြီး ကွဲကြတာ ။ ကိုနက်ကျော် တို့ ရပ်ကွက် က ပိုက်ဆံ မရှိဘဲ ကွဲတယ် ။ ပိုက်ဆံ မရှိဘဲ နောက် တစ်ယောက် ယူတယ် ။ ပိုင်ဆိုင်မှုတွေ ဘာတွေ လာ မကြည့်နဲ့ ။ ဘာမှ မရှိဘူး ။ ဒါကို ကိုနက်ကျော် နဲ့ ယူလိုက် ကွဲ လိုက် မိန်းမ တွေ ( ၃ ) ယောက် တောင် ရှိပါပြီ ။

•••••   •••••   ••••• 

ကိုနက်ကျော်  အလုပ် က ပြန်လာရင် သူ့ ပါးစပ်ဖျားမှာ ယစ်ရွှေရည်လေး တွဲလဲခို ပါလာတတ် တယ် ။ အလုပ် ပင်ပန်းလို့ အနည်းအကျဉ်း သောက်တတ်ပေမယ့် သိုင်းကွက် နင်းတဲ့ အဆင့် ထိ တော့ မသောက်ဘူး ။ အိမ် အနီး ရောက်ပြီဆိုတာနဲ့  ... 

“ ဂုဏ်  ... ဂုဏ်  ... ဂုဏ် ဆို တာ ငွေကို ခေါ်တယ် ... ငွေကိုသာ ရေလို သုံးရင် ... လောကကြီးမှာ လုပ်သမျှ တင့်တယ် ”

ငွေ မရှိတဲ့ ကိုနက်ကျော် က အိမ်နား ရောက်တာနဲ့ အဲဒီ သီချင်းသံ ပေးလေ့ ရှိတယ် ။ သဘော ကတော့ “ ငါ ပြန်လာ ပြီ ၊ ထမင်း ခူးထား ” ဆိုတဲ့ အဓိပ္ပါယ် ။ မိန်းမ ကို သွယ်ဝိုက် အချက်ပေးတာ လေ ။ ကိုနက်ကျော် အိမ်ထဲ ရောက် တာနဲ့ အသင့် လက်ဆေး ပြီး ထမင်း စားရုံပဲ ။ အရင် မိန်းမတွေ ကတည်း က ဒီ ဖော်မြူလာ ကို ကိုနက်ကျော်  သုံးနေကျ ။

“ မိကျော် ... ဘာဟင်းလဲ ဟေ့ ”

“ ငါးခြောက်ချက် လေ ၊ ကိုနက်ကျော် ၊ ဟောဒါက အတို့ အမြှုပ်လေ ”

မိကျော် ခမျာ ရှေ့သွား တွေ ရှိတာကို သိနေတော့ လင် ကို ပို ဂရုစိုက် ပြုရတယ်လေ ။ ကိုနက်ကျော် က လည်း မလွယ် ဘူး ။ မော်တော်ပီကယ် သေလို့ ဝင်စား ထား သလား အောက်မေ့ ရတယ် ။ ယာဉ် လိုင်စင် ကို စစ်တယ် ၊ ယာဉ်မောင်းလိုင်စင် စစ်တယ် ၊ ရှေ့မီးနောက်မီး စစ် တယ် ၊ ဘာမှ လိုလေသေး မရှိတာ တောင် နံပါတ်များ ရွှံ့ပေ လို့ နံပါတ် ( ၂ ) လုံး မမြင်ရဘူး ဆိုတဲ့ အပြစ် နဲ့ ဖမ်းချင် ဖမ်းတတ်တဲ့ ယာဉ်ထိန်းရဲ လို ။ မိန်းမ လုပ်သမျှ ကို လည်း မော်တော်ပီကယ် မျက်စိ လို အကွက်စေ့စေ့ ကြည့်တာပေါ့ ။ မိန်းမ ကလည်း ကိုနက်ကျော် ရဲ့ ရာဇဝင် သိထားသူ ဆိုတော့ လိုလေသေး မရှိရအောင် ဝေယျာဝစ္စ အကုန် လုပ်ပေး တယ် ။ ဒီ မိန်းမနဲ့ ပေါင်း လာ တာ တစ်လ မပြည့်သေးဘူး ၊ ဆယ်ငါးခါ လောက် အရိုက် ခံ ရပြီးပြီလေ ။ ကိုနက်ကျော်  ထမင်းစား နေတာ ကို ဟင်းလေး ခပ်ထည့် ပေးလိုက် ၊ ယပ်တောင်လေး ခတ်ပေးလိုက် နဲ့ မိကျော် တာဝန်ကျေကျေ တိတ်တိတ်ဆိတ်ဆိတ် အချိန်ကလေး မှာ ...

“ ဘူ ... ”

“ အယ်တော် ”

“ နင် နင် အီးပေါက်တာလား မိကျော် ” 

ကိုနက်ကျော် ဟာ သူ့ မိန်းမ မိကျော် ကို ဝင်းဝင်းတောက် နေတဲ့ မျက်လုံးတွေ နဲ့  ၊ စားတော့ ဝါးတော့မယ့် မျက်နှာကြီး နဲ့ ကြည့်ပြီး မေး တယ် ။ မိကျော် ခမျာ ခြေ မကိုင် မိ ၊ လက် မကိုင် မိ တွေ ဖြစ်ပြီး ...

“ ဟို .. ဟိုလေ ... ကိုနက်ကျော် ရဲ့  ၊ အဲ အဲ ဒါ အီး လေ ... ဟိုဟာလေ ... လ ... လ ... လူ ဆိုတော့ အီး ... အီး က အလိုလို ”

“ ဖြောင်း ”

“ အမလေး ... သေပါပြီတော့ ”

ကိုနက်ကျော် ဟာ မိကျော် ရဲ့ စကား မဆုံးခင် သူ့ ခြေဖဝါး အကြီးကြီး နဲ့ နံညွှန့်ကို ဆောင့် ကန် လိုက်တာ အိမ်တိုင် နဲ့ ခေါင်း ရိုက်မိပြီး သတိမေ့ သွားတယ် ။ ကိုနက်ကျော်  ကတော့ သတိလစ် နေတဲ့ မိန်းမ ကို လှည့်တောင် မကြည့် ဘဲ ထမင်း ဆက် စားနေလိုက် တယ် ။ စားရင်း တန်းလန်း က နေ ...

“ အောင်မာ ကောင်မ ၊ အီး က မေ့ တာတောင် ဆက် ထွက်နေ ပါသေးလား ..... ဟင်း ... ကဲဟာ .. ကဲဟာ ”

သတိလစ် မေ့နေတဲ့ မိကျော် ကို ခြေထောက် နဲ့ ဆင့်ပြီး ကန် လိုက်တာ ၊ သတိ ရမလို့ လုပ်ကာ ရှိသေးတယ် ။ ဒုတိယအကြိမ် ပြန်ပြီး သတိလစ် သွားပြန်တယ် ။ 

“ ကဲကွာ ... ဝုန်း ” 

ဒေါသ ကြီးနေတဲ့ ကိုနက်ကျော် ဟာ ထမင်းစားပွဲ ကို လှန်ချ လိုက်ပြီး ...

“ တောက် ... ဘယ်ကောင်မ မှ အချိုးမပြေဘူး ”

အဲသလို မြည်တွန်တောက်တီး ပြီး အိမ် အပြင်ဘက် ကို ထွက်သွားတော့တယ် ။

•••••   •••••   •••••

ကိုနက်ကျော်  မနက် လင်းလို့ အလုပ် သွားဖို့ ထ တော့ သူ့ မိန်းမ မိကျော် မရှိတော့ဘူး ။ လစ်သွားပြီလေ ။ လေလည် လို့ အသေတွယ် ခံလိုက်ရတဲ့ ဒဏ် ကို မခံနိုင်တဲ့ မိကျော် ခမျာ လင်ငယ် နေ လို့ လည်း မဟုတ် ၊ လင့် ပိုက်ဆံ ခိုး သုံးတာလည်း မဟုတ်ပေမယ့် နောက် တစ်ယောက် ပြောင်းဖို့ တေက်လျှောက် ချောင်းနေတဲ့ ကိုနက်ကျော် ရဲ့ ရမယ်ရှာမှု အောက် မှာ ဒိုးရတော့မယ် အချစ်ရေ နှုတ်ဆက်ခဲ့ပါတယ် လုပ်သွားရတာပေါ့ ။ အရင် ကွဲ တဲ့ နှစ်ယောက် ရဲ့ အပြစ် လည်း ကြည့်ဦး ။ ပထမ မိန်းမ က ကိုနက်ကျော်  ထမင်းစား နေတုန်း ခေါင်း က ယားလို့ တဗျင်းဗျင်း ကုတ် လိုက်တာ ဘောက်တွေ ဟင်းချိုရည် ပန်းကန် ထဲ ဒိုင်ဗင်ထိုး ဆင်း ကုန်တာနဲ့ မပဋာ မြေလူး အောင် ရိုက် လိုက်တာ ။ ရက်တောင် မ ကူးဘူး ၊ ညတွင်းချင်း လစ်တော့တာပဲ ။ ဟော ... တစ်ပတ် လောက် ကြာသေးတယ် ။ ကိုနက်ကျော် နောက်ထပ် တစ်ယောက် ယူလိုက် ပြန်ရော ။ တစ်ရက်သား ကိုနက်ကျော်  အလုပ် က အပြန် စားသောက်ပြီး ရာသီဥတု ပူအိုက်တာ နဲ့ ဝါးပက်လက်ကု,လားထိုင် ပေါ် ထိုင်ရင်း ယပ်တောင်လေး တဖျပ်ဖျပ် ခတ်နေတာပေါ့ ၊ ခဏ နေတော့ ..

“ သိန်းရှင် ... သိန်းရှင် ” 

“ ရှင် ... ကိုနက်ကျော်  ၊ ဘာ ခိုင်း မလို့ တုန်း ”

“ ဟို တိုင်မှာ ချိတ် ထားတဲ့ ငါ့ အင်္ကျီအိတ်ကပ် ထဲ က ဆေးလိပ် နဲ့ မီးခြစ် ယူခဲ့စမ်း ”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ”

မသိန်းရှင် လည်း ကိုနက်ကျော် ခိုင်းတဲ့ အတိုင်း ဆေးလိပ် နဲ့ မီးခြစ်ယူ ပြီး ကိုနက်ကျော် ဆီ အလာ မှာ ခြေထောက် က အိမ်ခါးပန်း နဲ့ တိုက် ကာ ဟတ်ထိုးဟတ်ထိုး နဲ့ ကိုနက်ကျော် ထိုင် နေတဲ့ အပေါ် လဲရက်သား ကျတာ ပေါ့ ။ ရိုးရိုး လဲ ကျတာ ဆိုရင် ပြဿနာ မရှိဘူး ၊ မသိန်းရှင် ရဲ့ နှာခေါင်း က နှာရည် တန်းလန်းကြီး က ကိုနက်ကျော် မျက်ခွက်ကြီး ပေါ် ဗျစ်ခနဲ ကျ တော့ ...

“ ဟ ၊ ဘာတွေလဲဟ ၊ သိန်းရှင် ... ထွီ ”

“ ဟို .. ဟိုလေ ၊ ကျ ကျမ ... နှပ် ... နှပ် ... နှပ်ရည်တွေ ”

“ ဘာကွ ၊ မင်း နှပ်ရည်တွေ ... နှပ် မညှစ်ဘဲ တန်းလန်းကြီး လုပ်ထားတော့ အခု ငါ့ မျက်ခွက် ... ဟာ ဒီခွေးမ ”

ဘယ် ပြောကောင်းလိမ့်မလဲ ။ ကိုနက်ကျော် မသိန်းရှင် ကို လှိမ့် ရိုက်တာ ။ မသိန်းရှင် အော်သံ က တစ်ရပ်ကွက်လုံး ကို ကြားရတယ် ။ ဒါပေမယ့် ဘယ်သူ မှ လာပြီး မစပ်စုကြဘူး ။ ကြာတော့ လည်း ရိုးနေ ပြီလေ ။ ကိုနက်ကျော်  အကြောင်း သိနေကြတာ ကိုး ။ တချို့က ဆို ရင် ..

“ အင်း ၊ နက်ကျော်တို့ ပတ်မ ထု နေပြီ ၊ နောက် မိန်းမ တစ်ယောက် ပြောင်းတော့မယ်ဟေ့ ”

“ အေးလေတော် ... နက်ကျော် က မိန်းမ မရှိရင် မနေတတ် သလို ပေါင်းရင်လည်း တစ်လ တောင် မခံဘူး ။ အခု လည်း သူ လုပ်နေတဲ့ ပွဲရုံ နား က ကုန်စိမ်းသည် မိထား နဲ့ ဘာလိုလို လေ ၊ ဒီတော့ အပြစ် မရှိ အပြစ် ရှာပြီး မသိန်းရှင် ကို ရိုက်ပြီပေါ့ ၊ မိန်းမတွေ က လည်း မိန်းမတွေ ပါပဲ လေ ၊ ပေါင်း ကြည့်မှ အကြောင်းသိ တာမျိုး မဟုတ်ဘဲ ၊ အကြောင်းသိ ကို ပေါင်းကြည့် ကြတာလေ ၊ ခံကြပေါ့ ” 

ရပ်ကွက် ထဲ က လူတွေ ဗေဒင် သွား မေးစရာ မလို ။ နက်ကျော် မိန်းမ ကို ရိုက်နေ ပြီဆိုရင် နောက် တစ်ယောက် ပြောင်းတော့မယ် ဆိုတာ မြေကြီး လက်ခတ် မလွဲ သိနေပြီကိုး ။

•••••   •••••   ••••• 

ကိုနက်ကျော် ရဲ့ ရှေ့ဖြစ် ကို လမ်းပေါ် က အရူး က တောင် ဟောကိန်း ထုတ်ရင် မလွဲဘူး ။ မသိန်းရှင် ကိုနက်ကျော် နှိပ်စက်တဲ့ ဒဏ် မခံနိုင်လို့ ဆင်းသွားတာ တစ်လ ပဲ ရှိ သေးတယ် ၊ ကုန်စိမ်းသည် မိထား က ရောက်နေပြီ ။

ရပ်ကွက် ထဲ က လူတွေ က လည်း ...

“ ကြောင် ... ကြာကြာ ရေမစိမ်ပါဘူး အေ”

“ နောက်ဆုံး ... ဒူး နဲ့ မျက်ရည် သုတ် ပြန်ရမှာ ပါ ”

အဲသလို ... အမျိုးမျိုး ဝေဖန် နေကြပေမယ့် ကိုနက်ကျော် နဲ့ မိထား တို့ ရန်ဖြစ်သံ တစ်ခါမှ မကြားရဘူး ။ တစ်လ ကျော် လာတဲ့ အထိ မြဲနေတယ် ဆို တော့ အထူးအဆန်း ဖြစ်နေ တဲ့ ရပ်ကွက်သားတွေ ခမျာ သူတို့ ကိုယ် သူတို့ အိပ်မက် မက်နေတာလား ၊ ဒါမှမဟုတ် သောကြာဂြိုဟ် ပေါ် ရောက်နေ သလား ဆိုပြီး စမ်းတဝါးဝါး ဖြစ်လို့ ။ အမှန်က ကိုနက်ကျော် ရဲ့ အကြောင်း သိထားတဲ့ မိထား ဟာ မယား ဝတ္တရား ကို ဂရုတစိုက် ကျေပြွန်လွန်း အားကြီး နေလို့ အပြစ် ရှာ မရတာရယ် ၊ ကိုနက်ကျော် မိထား ကို မညည်းငွေ့ သေးတာရယ် ၊ နောက်ယူရမယ့် မိန်းမ အသစ် တစ်ယောက် မတွေ့သေးတာ ရယ်ကြောင့် ဆိုတာ ဘယ်သူမှ မသိကြဘူး ။ ဒါပေမယ့် ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလို ကိုနက်ကျော်  နှစ်လပြည့်ကာ နီး မှာ ရမယ်ရှာ ရိုက်ဖို့ ကြံစည် နေပါပြီ ။ ရပ်ကွက် ထဲ ကတော့ ကုန်စိမ်းသည် မိထား ကို “ လင်အကြာဆုံး ပေါင်းနိုင်သူဆု ” တောင် ပေးထားကြတယ် ။

“ ဟေးဟေး ... နက်ကျော်ကြီး ... မိထား နဲ့ ကျမှ ကော် နဲ့ ကပ်ထား သလား အောက်မေ့ ရတယ် ”

“ အိုတော် ... ဖူးစာ မှန်လို့ ဖြစ်ချင်ဖြစ်မှာ ပေါ့ ”

အဲလို တစ်ယောက် တစ်မျိုး မရိုးရအောင် ဝေဖန်ကြပြီး နောက် ( ၂ ) ရက် အကြာမှာ ကိုနက်ကျော် နဲ့ မိထား အကွဲအပြဲ သတင်း ကို ကြားလိုက်ကြရတယ် ။

ဖြစ်စဉ်က ဒီလို ။

ကိုနက်ကျော် မိထား နဲ့ ပေါင်းတာ နှစ်လ ပြည့်တော့ ညည်းငွေ့ လာတာနဲ့ မိထား ကို ရန်ရှာဖို့ ၊ အပြစ်ရှာ ရိုက်ဖို့ အကွက်ချောင်း နေတာပေါ့ ။ တစ်နေ့ ကိုနက်ကျော် အလုပ်သွားချိန် မှာ မိထား က ...

“ ကိုနက်ကျော်  ၊ အလုပ် ပြန်လာရင် ဘာဟင်း နဲ့ စားမ လဲ ၊ ကျမ ဘာချက်ထားရမလဲ ”

“ လွယ်တာသာ လုပ်ထားလိုက် ... ကြက်ဥပေါ့ကွာ ” 

ကိုနက်ကျော် က “ ကြက်ဥ ပေါ့ကွာ ” လို့ မှာ သွားပေမယ့် မိထား အတွက် အခက် တွေ့နေတာက ကြက်ဥ ကို ကြော်ရမှာ လား ၊ ကြက်ဥ ကို ပြုတ်ရမှာ လား ဆိုတာ မဝေခွဲတတ်ဘူး ။ ဒါပေမယ့် နောက်ဆုံးတော့ ကိုနက်ကျော် အပြစ် ရှာ မရအောင် ကြက်ဥ ( ၂ ) လုံး ရှိတာကို တစ်လုံး ကို ကြော် ၊ တစ်လုံး ကို ပြုတ် ထားလိုက်တယ် ။ ညနေ ရောက်လို့ ကိုနက်ကျော် ကို ထမင်းဝိုင်း ပြင်ပေးတဲ့ အခါ မှာ  ... 

“ ကိုနက်ကျော် ရေ ၊ ဟောဒါ က ကြက်ဥကြော် ၊ ဟောဒါ က ကြက်ဥပြုတ် ကြိုက်တာသာ စားတော့ တော် ရေ ”

မိထား က သူ့ ဘက်က ထောင့်စေ့အောင် ၊ ရန်ရှာ မခံရအောင် လေပြည်ကလေး ထိုး ပြီး ကိုနက်ကျော် ကို ပြော လိုက်ပေမယ့် ...

“ မိထား ၊ နင် အတော် သောက်သုံးမကျတဲ့ မိန်းမ ၊ အလကားကောင်မ ”

အဲသလို ပြောပြီး မိထား ကို ဘယ်ပြန် ညာပြန်တွေ ၊ ဒူးတွေ ၊ တံတောင်တွေ တရစပ် သုံးပြီး ရိုက်တော့တာပဲ ။ မိထား အတော် နာတယ် ။ နှုတ်ခမ်းတွေ လည်း ကွဲပြဲပြီး သွေးသံတွေ နဲ့ ။ လက်ကောက်ဝတ် တစ်ဖက် က ကျိုးသလား ၊ ဘာလား မသိသေးဘူး ။ ကိုနက်ကျော် က ပုံပုံကလေး လဲနေတဲ့ မိထား ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ...

“ သွား ... နင့် ကို ငါ မပေါင်းတော့ဘူး ၊ အခု ငါ့ အိမ် က ဆင်းသွားစမ်း ကောင်မ ”

မိထား ခမျာ နာ က လည်း နာ ၊ ကြောက် က လည်း ကြောက် ၊ ဒီ ကြားထဲ က နေ ကိုနက်ကျော် ကို စကား တစ်ခွန်း မေးဖြစ် အောင် မေးလိုက်သေးတယ် ။ 

“ ဆင်းမှာပါတော် ၊ ဒီလို တိရစ္ဆာန် အမဲဖျက် သလို ဖျက် နေတဲ့ ယောက်ျား ကို ကျုပ် က လည်း မပေါင်းပါဘူး ၊ ဒါပေမယ့် တစ်ခုတော့ သိချင်တယ် ၊ ကျုပ် ချက်ပြုတ် ကျွေးတဲ့ ဟင်း ထဲ မှာ ဘာ အမှား ရှိလို့လဲ တော့် ”

မိထား ရဲ့ အမေး ကို ကိုနက်ကျော် ဒေါသသံကြီး နဲ့ ဖြေ လိုက်တဲ့ နောက်မှာ  ... မိထား တစ်ယောက် ချာခနဲ ကို နက်ကျော် ရှေ့က ထွက်သွားတော့တယ် ။ ကိုနက်ကျော်  မိထား ကို ဘာ ပြောလိုက်သလဲ ဆိုတော့ ...

“ သေချင်းဆိုးမ ၊ မှားတာ မှ အကြီးကြီး မှားတာ ၊ နင် ဒီလောက် တုံးလိမ့် ထင်မထား ဘူး ၊ ကြော်ရမယ့် ကြက်ဥ ကို ပြုတ်ပြီး ၊ ပြုတ်ရမယ့် ကြက်ဥ ကို ကြော် တာလေ ၊ ဒါမျိုးကို ငါ က ဘယ်လို ခွင့်လွှတ်ရမှာ တုန်း ... ဟင်း ” 

⎕ မောင်သစ်လှိုင်း 

📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
      အမှတ် - ၄၆
      မတ် ၊ ၂ဝ၁၆ 

#ကိုအောင်နိုင်ဦး

.

Saturday, June 3, 2023

ထစ်ချုန်းကြိုး


 ❝ ထစ်ချုန်းကြိုး ❞ 


မနက် လင်း ပြီ ဆို ကတည်း က လက်ပံပင် ဆက်ရက် ကျ သလို ဆူညံပွက်လော ရိုက် နေသည့် အနှီ ဆိုက်ကား ဂိတ်လေး ကား ရန်ကုန် - မန္တလေး ကားလမ်း ဘေး တွင် ဖြစ်၏ ။ ဆိုက်ကား ကို ကိုယ်ပိုင် ထောင်ထားသော ဆိုက်ကားသမားများ ပါဝင် သလို အုံနာကြေး ပေး၍ အငှား နင်းသော ဆိုက်ကားသမားများ လည်း ပါဝင်သည် ။ ကား နောက်လိုက် စပယ်ယာ ဘဝ မှ ဆိုက်ကားသမား ဘဝ သို့ ကူး လာသူများ ပါဝင် သလို အရက်သမား ဘဝ မှ အုံနာကြေး နေ့စဉ် ပေး ၍ ဆိုက်ကား နင်း နေသူများ လည်း ပါသည် ။ ပြော ရလျှင် ဆိုက်ကားဂိတ်လေး သည် လူစုံ ၊ စရိုက်စုံ ၊ အကျင့်စုံ နှင့် ပြွမ်းတီး နေသော အဝန်းအဝိုင်းကလေး ပင် ဖြစ်တော့၏ ။


မနက်ခင်း ကတည်းက ကိုယ့် ဆိုက်ကား ကို ဂိတ်ထိုး ထားကြသည် ။ ခရီးသည် ဈေးဦး ပေါက်ခြင်း ၊ မပေါက်ခြင်း မစဉ်းစား ။ မနေ့ ကတည်း က တမင် ချန် ထားသော  ငွေကြေးကလေး က မနက်ခင်း အတွက် ယမကာ မှီဝဲ ရန် ဖြစ်သည် ။ ထိုသို့ အရက်ကြိုက် ဆိုက်ကားသမား တချို့ ပါဝင် သလို မြေကြီး ပေါ် တွင် ပိုက်ဆံ ပစ်ကြ သူ ဆိုက်ကားသမားများ လည်း ပါ၏ ။ သူတို့ ဆိုက်ကား ကို ခရီးသည် တစ်စုံ တစ်ယောက် လာ မငှား မချင်း ထို အလုပ်များ သည် သူတို့ ၏ နိစ္စဓူဝ အလုပ်များ ပင် ဖြစ်၏ ။ ငြင်းကြ ခုံကြ ၊ စကား များ ကြ နှင့် ပတ်ဝန်းကျင် တစ်ခုလုံး ပွက်လော ရိုက် နေ တတ် သည် ။ ထိုထို သော ဆိုက်ကားသမား အများစု ထဲ မှ တစ်မူ ကွဲပြား ခြားနား နေသည့် ဆိုက်ကားသမား တစ်ယောက် ရှိပါသည် ။ 


သူ ၏ အမည် မှာ နေသော် ဖြစ်၏ ။ အသက် ၃ဝ ပတ်ဝန်းကျင် ရှိပြီး ညိုညိုမောင်းမောင်း တုတ်တုတ်ခိုင်ခိုင် ဖြစ်သည် ။ နေသော် သည် ဤ မြို့ခံလူ တစ်ယောက် မဟုတ်ချေ ။ သူ့ ဇာတိ အမှန် ကို မည်သည့် ဆိုက်ကားသမား မှ မသိ သလို ၊ နေသော် က လည်း စကား နည်းသူ ဖြစ်သော ကြောင့် သူ့ အကြောင်း ကို မည်သူ့မှ မပြောဖူးချေ ။ အားလုံးသိ ထားသည့်တစ်ချက် မှာ မြို့သစ် တွင် ဦးလေး နှင့် အတူ နေ ပြီး ဆိုက်ကား နင်း စားနေသည့် အချက် ပင် ဖြစ်၏ ။ နေသော် ကား အခြား ဆိုက်ကားသမား များ လို ဟေးလားဝါးလား ထဲ တွင် မပါဝင် ဘဲ သူ့ ဆိုက်ကား ပေါ် တွင် ထိုင် ၍ ခရီးသည် စောင့် ရင်း ဝတ္ထု စာအုပ် တစ်အုပ် ကို အမြဲ ဖတ် နေလေ့ ရှိ သည် ။ ပတ်ဝန်းကျင် မည်သို့ ဖြစ်နေသည် ကို စိတ် မဝင်စား ။ သူ ၏ မျက်လုံးများ ကို စာအုပ် ထဲ တွင် သာ နှစ်မြှုပ် ထား တတ်၏ ။ ဆိုက်ကားဂိတ် အနီး မှ ဖြတ်သွား ဖြတ်လာ မိန်းကလေးများ ကို နှမချင်း မစာနာ စ , ကြ ၊ နောက်ကြ ၊ သွေးတိုး စမ်းကြသည့် အထဲ တွင် နေသော် မပါ ။ ကုန်ကုန် ပြော ရ လျှင် ကမ္ဘာကျော် မင်းသမီး တစ်လက် ဆိုက်ကားဂိတ် အနီး မှ ဖြတ်သွား လျှင် ပင် နေသော် ကြည့် မည် မဟုတ်ချေ ။ 


“ ဟေ့သူငယ် ၊ ဆိုက်ကား သွားချင်လို့ ”  


“ ဟုတ်ကဲ့ ခင်ဗျ ” 


ထိုကဲ့သို့ နေသော့် ဆီ ကို ခရီးသည် ဆိုက်ရောက် လာ လျှင် ဖတ်လက်စ ဝတ္ထုစာအုပ် ကို သူ ဖတ်နေသည့် စာမျက်နှာ ထောင့်ကလေး အား ချိုး ၍ အမှတ်အသား လုပ် စာအုပ် ကို ပိတ် ၊ ဆိုက်ကား ထိုင်ခုံ အောက် ထိုးထည့် ပြီး ခရီးသည်အား လိုရာ ခရီး ပို့ ဆောင် ပေးသည် ။ ဂိတ် သို့ ပြန်ရောက်သည် နှင့် ဖတ်လက်စ ဝတ္ထုစာအုပ် ကို ထုတ် ၍ ဆက် ဖတ် နေတတ်သည် မှာ နေသော် ၏ စရိုက်ပင် ဖြစ် တော့သည် ။ သူ က ခပ်တည်တည် နေတတ် သူ ဖြစ်သော ကြောင့် အခြား ဆိုက်ကားသမားများ နေသော့် ကို ခပ်ရှိန်ရှိန် ဖြစ်ကြသည် ။ ညိုမောင်းတုတ်ခိုင်သော နေသော် ၏ ခန္ဓာကိုယ် တွင် ကျောက်သားကျောက်စိုင် လို ကြွက်သား အဖုအထစ်များ က နေသော့် ကို ယောက်ျား ပီသစေသော ပုံသဏ္ဌာန် ကို ထုဆစ်ပေး ထား ၏ ။ လောက တွင် မည်သည့် အလုပ် မဆို ကိုယ့် အလုပ် ကို တည်တည် ကြည်ကြည် ၊ ဖြောင့်ဖြောင့်မတ်မတ် လုပ်နေ သူ တိုင်း ပတ်ဝန်းကျင် မှ အပြောင်အပြက် စကား ၊ အနှောင့်အယှက် လုပ်ရပ် စသည်များ လွယ်လွယ်ကူကူ ဝင် မလာနိုင်ချေ ။ နေသော် သည် ထိုသို့ နေထိုင်သူ ဖြစ် သော ကြောင့် အခြား ဆိုက်ကားသမားများ ရှိန် ကြသည် မှာ မဆန်းပေ ။ သို့သော် နေသော် သည် စက္ခုအာရုံ ကို သာ ဝတ္ထု စာအုပ် ဆီ ပို့လွှတ် ထား သော်လည်း အကြား အာရုံ ကို တော့ သတိ မလွတ်ချေ ။ “ ဆိုက်ကား အားသလား ” ဆို တာမျိုး တော့ အကြား အာရုံ လွတ် သွား၍ မဖြစ်ချေ ။


   •••••   •••••   •••••


အသက် ငယ်ငယ်ရွယ်ရွယ် နှင့် အိမ်ထောင် ကျ ခဲ့သော မိခိုင် ခမျာ လည်း အိမ်ထောင်ရေး ကံမကောင်း ။ အဖေ တစ်ခု သမီး တစ်ခု ဘဝတွင် ဖအေ  က လေဖြတ် နေသော ရောဂါ သည် ။ အားကိုးစရာ ယောက်ျား ယူ မိ မှ ယောက်ျား က လည်း ဆိုင်ကယ် အက်ဆီးဒင့် ဖြစ် ပြီး သေ သွားသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် မုဆိုးမ ဖြစ်ခဲ့သော မခိုင် အတွက် အဖတ် တင် တာ ဟူ၍ ၅ နှစ် သမီးကလေး တစ်ယောက် ကျန် ခဲ့သည် ။ သမီးကလေး အခါလည် အရွယ် လောက် တွင် ဖခင် ဆုံး သဖြင့် ဖခင် ကို ဖြူသလား ၊ မည်းသလား မသိ လိုက်ချေ ။ မုဆိုးမဘွဲ့ ကို သာ ပိုင်ဆိုင် သွားသော မိခိုင် မှာ အသက်ငယ်ငယ် ရုပ်ချောချော ဖြစ် သဖြင့် သူ့ ဘဝ ကို လုံခြုံဖို့ ကိုယ့် ဟာ ကိုယ် သတိ နှင့် ကာကွယ် စောင့်ရှောက် နေ ရသည် ။ ယောက်ျား ရှိစဉ် က ထူထောင် ခဲ့သော ကုန်စုံဆိုင်လေး မှာ မုဆိုးမ ဘဝ တွင် ပို ၍ ရောင်းအား ကောင်း နေ၏ ။ အတောင် နှစ်ဆယ် ဝတ် ကြီးကြီးရွယ်ရွယ် ငယ်ငယ်လတ်လတ် မိခိုင် ဆိုင် တွင် ဝယ် ကြ ၏ ။ မိခိုင် ၏ အချောအလှ တွင် နစ်မျော ပျော်ဝင် ကြသည် ဆို လျှင် ပို၍ မှန်ပါ လိမ့်မည် ။ မိခိုင် က လည်း ဈေးသည် ဆိုသော အခါ အရွယ်သုံးပါး မရွေး အလိုက် အထိုက် ဆက်ဆံ နေ ရသည် ။ ဈေးဝယ် လာကြသူများ ထဲ တွင် တချို့ ရိုးရိုး ၊ တချို့ ဆန်းဆန်း ၊ တချို့ ရိတိတိ ကလိတိတိ သွေးတိုး စမ်း ကြသည် ။ သို့သော် မိခိုင် ကတော့ ကိုယ့် ဖောက်သည်များ ကို ပြေပြေလျောလျော ပဲ ဆက်ဆံ ပေးသည် ။ ရောင်းသူ နှင့် ဝယ်သူ ကျွန်းကိုင်းမှီ

ကိုင်းကျွန်းမှီ မဟုတ်ပါလော ။ တချို့ ကိုယ့် အဖေ အရွယ် လောက် အန်ကယ်ကြီး တချို့  က “ သမီးရေ ”  ၊ “ တူမ ရေ ”  ဆိုသည့် နာမ်စား ထက် “ ညီမလေး အစ်ကိုကြီး ကို စီးကရက် တစ်ဘူး ပေးပါ ”  


မိခိုင် ကို “ ညီမလေး ” ဟု ခေါ်၍ ကိုယ့် ဟာ ကိုယ် သက္ကရာဇ် ဖြို ချင်သော အန်ကယ်ကြီး တချို့ က သူတို့ ကိုယ် သူတို့ “ အစ်ကိုကြီး ” ဟု ကင်ပွန်း တပ်ကြ၏ ။ ထို့ပြင် ငွေ သည် စိတ္တဇနာမ် ကို အနိုင် ယူ နိုင်သည် အထင် ဖြင့် ငါးထောင်တန် တစ်ရွက် ထုတ်ပေး ပြီး စီးကရက် တစ်ဘူး ကို ယူ ၍ ချာခနဲ လှည့် ထွက် သွား သည့် စတိုင် မှာ ပြန်အမ်းငွေ ကို ဂရုမစိုက် သည့် စတိုင် နှင့် သွေးတိုး စမ်း၏ ။ သို့သော် မိခိုင် သည် ခပ်လွယ်လွယ် ၊ ခပ် ပေါ့ပေါ့ မိန်းကလေး မဟုတ် ပါ ။ အစော က စီးကရက်ဖိုး ထက် ပို နေသော ပြန်အမ်း ငွေ ကို ဆိုင် ပေါ် မှ ဆင်း ၍ လိုက် အမ်း တတ်၏ ။ တချို့ ကျတော့ လည်း ဥပါယ်တံမျဉ် ဖြစ်၏ ။


“ မိခိုင် ရေ ... သမီးကလေး က နောက်နှစ် ဆိုရင် မူလတန်း တက်ရတော့ မှာ ဆိုတော့ ဟောဒီ မှာ ဗလာစာအုပ် နဲ့ ခဲတံ ။ ပညာရေးဒါန အဖြစ် လာ လှူတာပါကွာ ” 


ထိုသို့သော လူများ ကို တော့ မိခိုင် က ပီယဝါစာလေး နှင့် -


“ ဪ .... ကျေးဇူးတင် ပါတယ် ရှင် ။ ဒါပေမဲ့ လက် တော့ မခံပါရစေနဲ့ ။ ကျွန်မ ဆိုင် မှာ စာရေးကိရိယာ အစုံအလင် ရှိ ပါတယ် ။ ကျွန်မ က ကျွန်မ သမီးလေး ကို ကျွန်မ ချွေးနှဲ စာ နဲ့ ထူထောင်ဖို့ ဆုံးဖြတ် ထားလို့ပါ နော် ” 


အသက်ငယ်ငယ် မုဆိုးမ တစ်ယောက် အနေနှင့် ကိုယ့် ဘဝ ကိုယ် လုံခြုံဖို့ နှလုံးသား ထက် ဦးနှောက် နှင့် ကာရံ နေ ရသည် ။ ကိုယ့် ရုပ် ၊ ကိုယ့် ရည် ၊ ကိုယ့် အသက် အရွယ် က တစ်ပင် ထူ ဖို့ အခက်အခဲ မရှိ ပေ ။ သို့သော် သမီးလေး အနာဂတ် က ရှိ သေးသည် ။ အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမင်ရည် စုတ်ထိုး ဆိုသလို ချက်မပိုင် က တစ်ဘဝစာ မျော ရမည် ဖြစ်၏ ။ ကလေး တစ်ယောက် နှင့် မုဆိုးမ ပင် ဖြစ်လင့် ကစား မိန်းမ သဘာဝ ပီပီ ကိုယ် ချောတာ ၊ ကိုယ် လှတာ ကိုလည်း သတိ မပြုဘဲ နေပါမည် လော ။ မိခိုင် ကုန်စုံ ဆိုင် က ဆိုက်ကားဂိတ် နှင့် မဝေးလှ ။ ကိုယ့် ဆိုင် အတွက် လိုအပ်သော ပစ္စည်းများ သွား ဝယ် လျှင် ဆိုက်ကားဂိတ် မှ ဖြတ် လျှောက်ရ၏ ။ ထိုအခါ လူစုံ ၊ စရိုက်စုံများ ဆီ မှ -


“ ညီမလေး ဈေးဝယ်လား ” 


“ ညီမလေး သိပ်လှတယ်ကွာ ” 


စသဖြင့် တိုးတိုး တစ်ဖုံ ၊ ကျယ်ကျယ် တစ်မျိုး အစ အနောက် ခံရ လေ့ ရှိ၏ ။ သို့သော် မိခိုင် က တော့ ခြေလှမ်း မပျက် ၊ ကိုယ် သွားစရာ ရှိသည် ကို ဣန္ဒြေရရ ပင် သွားလေ့ ရှိ ၏ ။ အသံ ဆိုသည် မှာ အသား ကပ်ပါနိုင်သော အရာ မဟုတ် ဟု မိခိုင် နှလုံး သွင်း ထား သည် ။ ဆိုက်ကားဂိတ် တစ်ခုလုံး တွင် နေသော် တစ်ယောက် သာ ကိုယ့် ဆိုက်ကား ပေါ် ကိုယ် ထိုင်ရင်း ကျောက်ရုပ် တစ်ရုပ် လို ဝတ္ထုစာအုပ် ဖတ် နေ တတ် သည် ။ သူတို့ ဘာသာ သူတို့ ဘယ်သူ့ ကို စစ ၊ ဘယ်

သူ့ ကို နောက်နောက် ၊ လှည့် ကြည့်ဖို့ နေနေသာသာ ဖုတ်လေတဲ့ ငါးပိ ရှိသည် လို့ ပင် မမှတ်ချေ ။


   •••••   •••••   •••••


ယနေ့ ဆိုက်ကားဂိတ် တွင် ဖိုးလွင် စောစောစီးစီး ယမကာနံ့များ ထောင်းထောင်း ထ , နေသည် ။ အာလေး လျှာလေး နှင့် - 


“ မနေ့ည က ဆိုက်ကား အော်ဒါ ရတယ်လေ ကွာ ။ အရှေ့ ဘိလပ်မြေစက်ရုံ ကို ခရီးသည် နှစ်ယောက် ၊ ရှစ်ထောင် ရတယ် ဟဲဟဲ ၊ ဒါ ကြောင့် ဒါကြောင့် ”  


ဖိုးလွင် မနက်ခင်းကြီး တွင် လေရ နေသည် ။ ဆိုက်ကားဂိတ် တစ်ခုလုံး တွင် သူ့ အသံ က ကျယ်လောင် ကျယ်လောင် ဖြစ် နေသည် ။ တချို့ ဆိုက်ကားသမားများ က ကျား ထိုး သူ ထိုး ၊ ပိုက်ဆံ ပစ် သူ ပစ် နှင့် ခရီးသည် မငှား မချင်း ကိုယ့် အလုပ် နှင့် ကိုယ် ။


ထိုစဉ် ယမကာ အရှိန် တက် နေသော ဖိုးလွင် မှာ တစ်စုံတစ် ရာ ကို  မြင်လိုက်သည် နှင့် ပုဆိုး ကို ပြင် ဝတ်ကာ ရပ် နေသည် ။ သူ မြင် လိုက်သော တစ်စုံတစ်ရာ မှာ မုဆိုးမ ငယ်ငယ်ချောချောလေး မိခိုင် ဈေးဝယ် ထွက် လာခြင်း ဖြစ်၏ ။ လက်ဆွဲခြင်း ကို တစ်ဖက် က ကိုင် ၍ လျှောက် လာ သော မိခိုင် မှာ အပျိုကလေး နှင့် ပင် တူနေ သေး၏ ။ ဆိုက်ကားဂိတ် ရှေ့ ရောက် လာသော မိခိုင် ဆီ ကို ဖိုးလွင် မူးမူးရူးရူး နှင့် တိုးကပ် သွားပြီး - 


“ ညီမလေး ဈေးဝယ် သွား မလို့လား ”  


မိခိုင် က ဖိုးလွင် ၏ စကား ကို တစ်စုံတစ်ရာ တုံ့ပြန် မှု မပေးဘဲ ခပ်မှန်မှန်ပင် လျှောက် နေသည် ။ အရက်နံ့ ကို မခံနိုင်သော ကြောင့် အားနေသော လက်တစ်ဖက် နှင့် နှာခေါင်း ကို ပိတ်ကာ ပို၍ ခပ် သွက်သွက် လျှောက် လိုက်သည် ။


အရက်သမား ဖိုးလွင် က အတင့်ရဲစွာ ပူးကပ် လာပြီး မိခိုင် လက် ထဲ မှ ခြင်းတောင်း ကို ဆွဲ ကာ -


“ အစ်ကိုကြီး က ညီမလေး ဈေးဝယ် တာ  ကို ကူသယ် ပေးမလို့ပါ ။ ဟဲဟဲဟဲ အစ်ကိုကြီး က စေတနာ နဲ့ ပါနော် ” 


“ အို ... မလိုပါဘူးရှင် ၊ ကျွန်မ ဟာကျွန်မ သယ်နိုင် တယ် ။ ကျွန်မ ခြင်းတောင်း ကို လွှတ် လိုက်ပါ ”  


“ အို ... ဟိုဟိုဟို ၊ ညီမ လေး က လည်း အစ်ကိုကြီး က ဟောဒီ ညီမလေး ကို ချစ်လို့ ကူညီတာပါကွယ် ၊ ကဲ ပေး ပေး လက်ဆွဲခြင်း ”  


ဖိုးလွင် က တစ်ဆင့်ချင်း ဇာတ်ရှိန် တက် လာသည် ။ မိခိုင် လက် ထဲ မှ ခြင်းတောင်း ကို ဆွဲယူ လိုက်သည် ။ 


“ ကျွန်မ ခြင်းတောင်း ပြန် ပေးပါ ။ မူး နေရင် လည်း အေးအေး အိပ်နေပါလား ”  


လက်ဆွဲခြင်း ကို ဖိုးလွင် လက် ထဲ မှ မိခိုင် က ပြန် လုသည် ။ ဖိုးလွင် နှင့် မိခိုင် လက်ဆွဲခြင်း ကို သူ တစ်ပြန် ကိုယ် တစ်ပြန် လု နေရာမှ မိခိုင် မျက်နှာ ရဲခနဲ ဖြစ်ပြီး ထိုင် ငို လိုက်ချိန် တွင် - 


“ ဖြောင်း .. ” 


“ အား .. ” 


ရုတ်တရက် ဖိုးလွင် ဦးခေါင်း တွင် ပူခနဲ ဖြစ် သွား ပြီး မြေကြီး ပေါ်သို့ လဲကျ သတိလစ် သွား၏ ။ ဦးခေါင်း တစ်ခုလုံး လည်း သွေးခြင်းခြင်း နီ သွား၏ ။ မည်သည့် အရှိန်အဟုန် နှင့် မည်သို့ ရောက်လာမှန်း မသိသော ဆိုက်ကားသမား နေသော် ၊ သူ့ လက်ထဲ တွင် နှစ်တစ်လက်မ အသားချောင်း တစ်ချောင်း ကို ကိုင်လျက် ။ ရုတ်တရက် မြင်ကွင်း ကြောင့် မိခိုင် ထိတ်လန့်သွား ကာ ငိုလက်စ မျက်ရည်များ ဆွံ့အ , သွား ၏ ။ ကြောက်ရွံ့စိတ် ကြောင့် ခန္ဓာကိုယ် ဆတ်ဆတ် တုန်ခါ နေ၏ ။ တစ်အောင့် လောက် ကြာမှ မိခိုင် သတိ ပြန်ဝင်လာ ကာ လက်ဆွဲခြင်း ကို ကောက် အကိုင် တွင် -


“ ဒီမယ် ကျုပ် ခင်ဗျား ကို မသိဘူး ။ မတရားဘူး ထင်လို့ ဝင် ရိုက်တာ ။ ဒီ ကောင်တွေ ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး ။ နောက် ကို  အဖော်လေး ဘာလေး နဲ့ သွား ” 


နေသော် စကား က ရိုးရိုး ရှင်းရှင်း ဖြစ်သည် ။ သူ ပြောတတ် သလို ပြော လိုက်ခြင်း ဖြစ်သည် ။ ထိုသို့ ပြောပြီး ချာခနဲ လှည့် ထွက် ကာ သူ့ ဆိုက်ကား ပေါ် ပြန် ထိုင်ပြီး ဖတ်လက်စ ဝတ္ထု စာအုပ် ကို ဆက် ဖတ်နေ၏ ။ အစော က ကိစ္စ ဘာမှ မဖြစ်ခဲ့ သလို မြေကြီး ပေါ် ဒဏ်ရာ နှင့် လဲကျ နေသော ဖိုးလွင် ကို တော့ အခြား ဆိုက်ကားသမား နှစ်ဦး ဆေးခန်း သို့ ခေါ်ဆောင် သွားသည် ။ ယခု ကိစ္စ နေသော် ကို မည်သူ မှ အတွန့် မတက် ရဲကြ ။ မိခိုင် ဈေး မဝယ်ဖြစ်တော့ ။ အိမ် သို့ ခပ် သုတ်သုတ် ပြန် လာရင်း သောက်ရေ တစ်ခွက် အမော တကော သောက်လိုက်သည် ။ မိန်းမသား တစ်ယောက် အနေ နှင့် စဉ်းစား မိတိုင်း အရှက်တကွဲ ကိစ္စ ၊ ပြီးတော့ နေသော် စကား တချို့ နား ထဲ ပြန် ကြားယောင် မိသည် ။ သူ့ လို ငယ်ငယ်ချောချောလှလှ မုဆိုးမ တစ်ယောက် ကို ကူညီချင်ကြ သူ ပုရိသတွေ ရိုက်သတ် ၍ မကုန် ။ ခုနက ကိစ္စမျိုး ဆို လျှင် “ ညီမလေး ဘာဖြစ်သွားသေး လဲ ၊ အစ်ကိုကြီး လိုက် ပို့ပေး မယ် ၊ ဒီကောင်တွေ နှမချင်း မစာနာဘူး ” ဆိုသည့် မြောင်း မပေးဘဲ ရေတွေ ဒလဟော စီး လာမည် ဖြစ်သည် ။ အခု တော့ သူ့ ကို ကူညီလိုက်သူ က သူ့ မျက်နှာ ပင် စေ့စေ့ ကြည့် မသွား ။ ကဗျာ မဖွဲ့ ၊ စာ မနွဲ့ သည့် စကားလုံး အနည်းငယ် သာ ပြောပြီး ထွက်သွားသည် ။ မိခိုင် ဘာရယ် ညာရယ် မဟုတ် တွေး မိရင်း သူ့ နှုတ်ခမ်း မှာ အပြုံး တစ်ချက် ပွင့် သွားသည် ။ သူ့ ကိုယ် သူ လည်း ဘာကြောင့် ပြုံးမိ လိုက်မှန်း အဖြေ ရှာ မရပါချေ ။


   •••••   •••••   •••••


မိခိုင် ဟင်းချိုမှုန့် လက်လီထုပ်ကလေးများ ထုပ်ရင်း နှင့် အချိန် ကုန်မှန်း မသိ ကုန် သွားသည် ။ နောက် မှ သတိ ရ ၍ နာရီ ကို လှမ်း ကြည့် လိုက် သော အခါ ညနေ ၃ နာရီ ခွဲ နေ ပြီ ဖြစ်၏ ။ သမီးကလေး ကျောင်းသွား ကြို ရမည် ကို သတိ လွတ် သွား၏ ။ သမီးကလေး တစ်ယောက် တည်း

ကျောင်း တွင် မိခင် ကို မျှော် နေပြီ ဖြစ်ကြောင်း စဉ်းစားရင်း ကမန်းကတမ်း ထ , လိုက်

သည် ။ ထိုစဉ် အိမ်နီးချင်း ဖြစ်သော မအေးမူ တစ်ယောက် မိခိုင် ဆီသို့ ထိတ်လန့်တကြား ပြေးလာရင်း - 


“ မိခိုင် ရေ .. ဒုက္ခပဲ အေ့ ၊ မိခိုင် နင့် သမီးလေး ... ” 


မအေးမူ စကားက ပျာယီးပျာယာ နိုင်လှသည့် အပြင် အဆုံးမသတ်ဘဲ နင့် သမီးလေး တွင် ရပ်သွား သောကြောင့် မိခိုင် ရင်ထဲ ဒိန်းခနဲ မြည်ဟည်း သွားပြီး မျက်လုံးများ ပြာဝေ သွားသည် ။ သတိလစ် မသွားအောင် ထိန်းချုပ် ရင်း - 


“ ကျွန်မ ကျွန်မ သမီး ကလေး ဘာဖြစ်လဲ မအေးမူ ၊ ဘုရား ... ဘုရား ဘာဖြစ် သလဲ ဆက် ပြောလေ မအေးမူ ရဲ့ ” 


“ သမီးကလေး က ကျောင်းဆင်း တော့ သူ့ ဟာ သူ လမ်းလျှောက် ပြန် အလာ မှာ ကား တစ်စီး နဲ့ ပွတ်တိုက် မိ တာ တဲ့ ။ အဲဒါ ကားသမားတွေ က ကလေး ကို မကြည့်ဘဲ မောင်း ပြေးဖို့ အလုပ် မှာ ကားရှေ့ တည့်တည့် ကို ဆိုက်ကား တစ်စီး လာ ရပ်ပြီး အဲဒီ ဆိုက်ကားသမား က တာဝန်မဲ့ ထွက် မပြေးဖို့ ၊ ကလေး ကို ဆေးရုံ ပို့ ဖို့ ပြောရင်း နဲ့ ကားသမားတွေ က မူး နေတော့ စကား များ ပြီး ရိုက် ကုန်ကြတယ် တဲ့ ။ ဆိုက်ကားသမား က ရိုက်ခဲ့တာ လူ သုံးယောက် လုံး လဲကျ နေတယ် တဲ့  ။ နောက်ပြီး သမီးကလေး ကို သူ့ ဆိုက်ကား ပေါ် တင်ပြီး ဆေးရုံ ဘက် နင်း သွားတယ် တဲ့ ။ အဲဒီ နား က မြင် လိုက်တဲ့ လူတွေ က ငါ့ ကို အကုန် ပြော ပြ လို့ အခု နင့် ဆီ ပြေး လာတာ ”  


“ ဘုရား ဘုရား ၊ သမီးကလေး ဘာမှ မဖြစ်ပါစေ နဲ့ ။ ကဲ မအေးမူ တစ်လက်စ တည်း ကျွန်မ နဲ့ ဆေးရုံ လိုက် ခဲ့ ၊ သွားရအောင် ”  


မိခိုင် ရင်တွေ ဗလောင် ဆူ နေသည် ။ ဖတဆိုး သမီး ကလေး မို့ ပို ချစ်ရ၏ ။ မအေးမူ နှင့် မိခိုင် တို့ ဆေးရုံ သို့ မပြေး ရုံ တမည် ခြေလှမ်းများ ဖြင့် သွား နေကြသည် ။ မြို့ကလေး က ငယ်တော့ ဆေးရုံ က တစ်ခု တည်း မို့ တော်သေး သည် ။ ဆေးရုံ ထဲ ရောက် ရောက် ချင်း မေးမြန်း စုံစမ်း လိုက်သော အခါ သမီးကလေး အခန်း ကို သိ လိုက် ရ ၏ ။ ထို အခန်း သို့ မိခိုင် အပြေး သွား ကာ ဝင် လိုက်တော့ သမီးကလေး အခြေအနေ မှာ ဆိုးဆိုးရွားရွား မဟုတ် ၊ မိခင် ကို မြင်လိုက်သည် နှင့် - 


“ မေမေ ” 


“ သမီးကလေး ”  


မိခိုင် က ခုတင် ပေါ်မှ သမီးကလေး ကို ပြေး ဖက် လိုက်သည် ။ အနီး ရှိ သူနာပြုဆရာမ က -


“ သိပ် ဆိုးဆိုးရွားရွား မဟုတ်ပါဘူး ။ ကား က ပွတ်ဆွဲ သွားတာ ၊ နည်းနည်းပါးပါး ပွန်းရုံ ပဲ့ရုံ လောက်ပါ ”  


“ ကျေးဇူး တင်ပါတယ် ဆရာမ ရယ် ၊ ဒါနဲ့ သမီးကလေး ကို ဆေးရုံ လိုက် ပို့တဲ့ သူ ကို ရော ဆရာမ သိ သလား ဟင် ” 


သူနာပြုဆရာမ က မိခိုင် ကို ခေါင်း ခါယမ်း ပြပြီး - 


“ နာမည်တော့ မသိ လိုက်ဘူး ၊ ဆိုက်ကားသမား လို့ ပြောတယ် ။ သူ့ မှာ လည်း ဒဏ် ရာဒဏ်ချက် တွေနဲ့ ကျွန်မတို့ က ဆေးထည့် ဖို့ ပြောတာတောင် လက်မခံဘဲ သူ နဲ့ ရန်ဖြစ်ခဲ့တဲ့ သူတွေ ထဲ က တစ်ယောက် ယောက် သေ မလား ၊ ရှင်မလား မပြောနိုင် ဘူးတဲ့ ၊ အခု ကျွန်တော် ရဲစခန်း သွားပြီး အဖမ်း ခံ မလို့ ဆိုပြီး ထွက်သွားတာပဲ ” 


မိခိုင် လည်း စဉ်းစား မရ ၊ သမီးကလေး ကို ဆေးရုံ ပို့ပေး သူ ကို အနည်းဆုံး ကျေးဇူးတင် စကား လောက် တော့ ပြောချင် သေးသည် ။ ဆိုက်ကားသမား ဆိုတော့ မေး ကြည့် ရင် လည်း သိနိုင် မည် ဟု တွေးကာ ရင်ခွင် ထဲ သမီးကလေး ကို ပို၍ တင်းကျပ်စွာ ဖက်ထား လိုက် မိတော့သည် ။


   •••••   •••••   •••••


သည်နေ့ သမီးကလေး ကျောင်းပိတ်ရက် ဖြစ်သည် ။ သမီးကလေး ကို ဆေးရုံ ပို့ ပေးသော ဆိုက်ကားသမား ကို ရဲစခန်း သို့ သွားပြီး စုံစမ်း ကာ ကျေးဇူး တင်ကြောင်း ပြောရင်း ဖြင့် မုန့်ပဲ သရေစာများ ပေး မည် ဖြစ်၏ ။ သမီးကလေး ကို လက် ဆွဲ ၍ မိခိုင် ထွက်လာ ခဲ့သည် ။ ဈေးဝယ် လျှင် ဖြတ်သွား နေ ကျ ဖြစ်သော ဆိုက်ကားဂိတ် ရှေ့ အရောက် တွင် မိခိုင် ကို စ , မည့် နောက်မည့် အသံဗလံများ မကြားရ တော့ချေ ။ သို့သော် မသိမသာ ဆိုသလို တစ်ခါ က သူ့ အား ကူညီခဲ့ သူ နေသော် ကို တွေ့လို တွေ့ငြား ရှာ ကြည့်မိသည် ။ တကယ် ဆို လျှင် နေသော့် မျက်နှာ ကို လည်း မိခိုင် အလွတ် မရခဲ့ ။ ဆိုက်ကားဂိတ် ရှိ ဆိုက်ကားသမား များ ကျား ထိုး သူ ၊ ပိုက်ဆံ ပစ် သူ နှင့် ဟေးလားဝါးလား သမားတွေ သာ တွေ့ရသည် ။ ထို အထဲ တွင်တော့ နေသော် မပါနိုင် ဟု မိခိုင် တွေးကြည့်သည် ။ ရှိနေသည့် ဆိုက်ကားသမား များ ကို လည်း မေး မကြည့်ရဲပါ ။ ထို့ကြောင့် သမီးကလေး လက် ဆွဲ ၍ ရှေ့ ဆက် လျှောက်လာသည် ။ 


“ မေမေ သမီးတို့ ဘယ် ကိုသွားမှာလဲ ဟင် ”  


“ ဟိုလေ သမီး ရဲ့ ၊ ဟို တစ်ခါတုန်းက သမီးလေး ကျောင်း အဆင်း တစ်ယောက် တည်း ပြန်လာ တုန်း ကား နဲ့ တိုက်မိတော့ သမီးကလေး ကို ဆေးရုံ လိုက်ပို့တဲ့ ဦးဦး ကို သွားပြီး မုန့်တွေ ပေးမလို့ သေ ။ အဲဒီ ဦးဦး ကြောင့် သမီး ဒဏ်ရာတွေ ပျောက်သွား တာလေ ” 


 “ ဟုတ်လား မေမေ ၊ ဒါဆို အဲဒီ ဦးဦး က ကျေးဇူးရှင် ပေါ့ ” 


“ ဒါပေါ့ သမီး ရဲ့ ” 


မိခင် နှင့် သမီး စကား တပြောပြော နှင့် လျှောက်လာ ခဲ့ ရာ ရဲစခန်း သို့ ရောက်လာ ခဲ့သည် ။ မိခိုင် က တာဝန်ကျ ရဲ တစ်ဦး အား -


“ ဒီမှာ ရှင့် ၊ ပြီးခဲ့တဲ့ တစ်ပတ် လောက် က အမှတ် ၈ အ.မ.က ကျောင်း ဘေး မှာ ကလေး ကို ကား နဲ့ တိုက်မိပြီး မောင်းပြေး ဖို့ လုပ်တဲ့ ကားသမားတွေ နဲ့ ရိုက်ပွဲ ဖြစ်ခဲ့တဲ့ ဆိုက်ကားသမား နဲ့ တွေ့ချင်လို့ ပါ ” 


“ လာ ... နောက် က လိုက်ခဲ့ ” 


တာဝန်ကျ ရဲ က မိခိုင် တို့ ကို သူ့ နောက် မှ လိုက်ခဲ့ ရန် ခေါ်ဆောင် သွားသည်  ။ အချုပ်ခန်း တစ်ခန်းရှေ့ အရောက် တွင် တာဝန်ကျ ရဲ က - 


“ နေသော် ဧည့်သည် တွေ့မယ် ” 


တာဝန်ကျ ရဲ ၏ အော်သံ ကြောင့် အချုပ်ခန်း တစ်နေရာ တွင် ထိုင် နေသော နေသော် ထ , လာပြီး အချုပ်ခန်း သံတိုင် လက်ရန်း ကို ကိုင်ရင်း မိခိုင် တို့ သားအမိ ကို ကြည့် လိုက်သည် ။ မိခိုင် က လည်း နေသော့် မျက်နှာ ကို ကြည့် လိုက်သည် ။ နေသော် မျက်နှာ ပေါ်တွင် မည်သည့် ခံစားချက် မှ ရှာ မတွေ့ချေ ။


မိခိုင် က -


“ ကျွန်မ သမီးလေး ကို ကား နဲ့ တိုက်မိတုန်း က ဆေးရုံ လိုက် ပို့ သူ မဟုတ်လား ဟင် ” 


မိခိုင် က ထိုသို့ မေး လိုက်သော အခါ နေသော် တစ်ချက် တွေဝေ သွားသည် ။ ခဏနေ မှ သတိရ လာပြီး -


“ ဟုတ်တယ် ၊ ဒါ ခင်ဗျား သမီး လား ၊ တော်သေးတာပေါ့ ကျုပ် နဲ့ တွေ့လို့ ။ ဟိုကောင်တွေ အတော် ရိုင်းစိုင်းတယ် ဗျာ ” 


“ အခုလို ကူညီတာ ကို ကျွန်မ ကျေးဇူး တင်ပါတယ် ရှင် ။ ဟိုတစ်ခါ က လည်း ဆိုက်ကားဂိတ် မှာ အရက်သမား က အနှောင့်အယှက် ပေး တုန်း က လည်း ဝင် ရိုက် ပစ်တာ ရှင် ပဲ ထင်တယ် ”  


ဒီတစ်ခါ လည်း နေသော် ပြန် စဉ်းစားရ ပြန်သည် ။ သူ လုပ်ခဲ့သမျှတွေ ကို တစ်စုံ တစ်ရာ မျှော်လင့်ချက် နှင့် လုပ် ခဲ့တာ မဟုတ် သဖြင့် သူ့ ဦးနှောက် တွင် စွဲထင် မကျန် ရစ်ခဲ့ ။ သို့သော် စဉ်းစားရင်း ပြန် သတိရ လာ တော့ - 


“ သြ ... အဲဒါ ခင်ဗျား လား ၊ အဲဒီတုန်းက ခင်ဗျား ကို သေချာ တောင် မကြည့်မိဘူး ။ ကျေးဇူး မတင် ပါနဲ့ ဗျာ ။ မတရားတာ မြင် ရင် ကျုပ် မနေတတ်လို့ပါ ”  


နေသော့် စကား က ရိုးရှင်း သည် ။ လုပ်ကြံမှု မပါသော ရင် ထဲ မှ တိုက်ရိုက် နှုတ်ခမ်း ပေါ် ရောက်လာသော စကားများ ဖြစ်၏ ။ မုသား ကင်း၏ ။ နေသော် ၏ ပြော တတ် သလို ပြောသော စကား များ က ပင် မိခိုင် ရင် ကို ကဗျာ တစ်ပုဒ် ဝင် စိုက်သလို ထင် မိ ၏ ။ စိတ်ခံစားမှု ဆိုသည် မှာ တစ်ယောက် နှင့် တစ်ယောက် တစ်သွေးတည်း ၊ တစ်ရောင် တည်း မဖြစ်ချေ ။ 


မိခိုင် က- 


“ အိမ်ထောင် ရှိ လားဟင် ” 


“ ဆုံးသွားတာ ကြာပါ ပြီ ” 


အမေး နှင့် အဖြေ တိရိ ပြတ်သားသည် ၊ ကျစ်လျစ် သည် ၊ အပို ဆာလာ မပါ ။ ဒါကပင် ရိုးသားခြင်း အလှတရား တစ်ခု ။ မိခိုင် က လက် ထဲ မှ ဝယ် လာသော မုန့်ပဲသရေ စာများ ကို နေသော် လက် ထဲ သို့ ထည့် ပေး လိုက်သည် ။ တစ်ပြိုင်နက် တည်း ပင် ဆုံးဖြတ်ချက် တစ်ခု က ရင် ထဲ သို့ အလိုလို ရောက် လာသည် ။ မိခိုင် နှုတ်ဖျား သို့ မည်သို့ မည်ပုံ တွန်း ထွက်လာ မှန်း မသိလိုက် သော စကား က-


“ ကျွန်မ ရှင့် ကို နာမည် တောင် မသိသေးပါဘူး ။ ဒါပေမဲ့ ရှင် လွတ်လာတဲ့ နေ့ ကျွန်မ ရှင့် ကို လက်ထပ်မယ် ရှင် ” 


ကိုယ့် စကား ကို နှလုံးသား နှင့် ပြောလိုက် မိ သလား ၊ ဦးနှောက် နှင့် ပြောလိုက် မိ သလား ဆိုတာ ကို ပင် မိခိုင် မရေရာ ။ ပြောပြောဆိုဆို နှင့် သမီးကလေး လက် ဆွဲပြီး ထွက်ခွာ ခဲ့သည် ။ အချုပ်ခန်း သံတိုင် ကို ကိုင်၍ တွေတွေ ကြီး ရပ် နေသော နေသော် ၏ ရင် ထဲ က ရေအိုင် ထဲ မှာ တော့ ခဲတစ်လုံး ကျ သွားပြီး ဂယက် ထ , သွားသည် ကို တော့ မိခိုင် တစ်ယောက် မသိနိုင်ပါချေ ။ မိခိုင် ရင် ထဲ မှာ တစ်ပင် ထူ ဖို့ အဆင်သင့် ဖြစ်နေ ပါပြီ ။ မည်သို့ပင် ဖြစ်စေ အချစ် ဆိုသည် မှာ လိုအပ် လာ လျှင် လျှပ် ပြက် လိုက် သလို ၊ မိုးထစ်ချုန်း လိုက် သလို တစ်ထောင့် တစ်နေရာ မှ အဖုအထစ် ကင်းကင်း ပေါ်ထွက် လာ တတ်သည် မဟုတ်ပါလော ... ။


◾မောင်သစ်လှိုင်း


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၇  ၊ မေ


#ကိုအောင်နိုင်ဦး


.