Saturday, September 30, 2023

မစင့်တစင် မထင့်တထင်


 ❝ မစင့်တစင် မထင့်တထင် ❞


“ ကျောက်သင်ပုန်း ကို စင်စင် ဖျက်စမ်းပါ ညိုညို ရာ ၊ အားစိုက်ပြီး ဖျက် စမ်းပါ ”


ဆရာ ၏ စကား တခွန်း သည် ယနေ့ ထက် တိုင် ပင် ကျမ နား ထဲ မှ မထွက်နိုင်ပါ ။


•••••   •••••   •••••


မနေ့ က မိုး ရွာပါသည် ။ နံနက်ဖန် တွင် နေသာ ပါလိမ့်မည် ။ ယနေ့ အတွက် မူ မိုး လည်း မရွာ ၊ နေ လည်း မသာ လျှင် မည်မျှ ကောင်းချိမ့် မည်နည်း ။


သို့သော် ဤ အလိုဆန္ဒ မှာ မဖြစ်နိုင်ပါ ။ နေ သော် လည်း သာ ရပါမည် ၊ မိုး သော်လည်း ရွာ ရပါမည် ။ သို့မဟုတ် မိုး ရွာလိုက် နေ သာလိုက် ၊ နေ သာလိုက် မိုး ရွာလိုက် ရှိရပါလိမ့်မည် ။

ယနေ့ အဖို့မူ ကျမ လည်း ငိုလည်း ငို၍ ၊ ရယ် လည်း ရယ်ရမည် ဖြစ်ပါသည် ။

မနေ့ က ရွာ ခဲ့သော မိုး မှ မိုးကြွင်း မိုးကျန်များ သည် နံနက်ဖန်ခါ ၏ တပ်ဦး ဖြစ်သော နေသာမှု နှင့် ရောထွေး လျက် ရှိပါသည် ။ ထို့ကြောင့် ယနေ့ မိုး ရွာလိုက် နေ သာလိုက် ၊ နေ သာလိုက်

မိုး ရွာလိုက် ဖြစ်နေရခြင်းပင် ။ ဤသို့လျှင် ယနေ့ ကျမ ၏ ဘဝ ၌ လည်း အတိတ် မှ မျက်ရည် များ နှင့် အနာဂတ် မှ အပြုံးများ ရောပြွမ်း လျက် ရှိပါသည် ။


စင်စစ်သော် မနေ့ က မိုးသားတို့ သည် အရှိန် မသေ သေး၍ ၊ ရံဖန်ရံခါ ဆက်လက် ရွာ နေရခြင်း ဖြစ်ပါသည် ။ ဤနည်း နှင်နှင်ပင် ကုန်လွန်ခဲ့သော အပိုင်း မှ ကံ မကောင်း အကြောင်း မလှ ခဲ့ရခြင်းများ သည် ကျမ ၏ စိတ် ၌ မမေ့ပျောက် နိုင်သေး သော ကြောင့် ရံဖန်ရံခါ ငို နေရခြင်း ဖြစ် ပါသည် ။


မည်သို့ပင် ဖြစ်စေ ၊ မနက်ဖန်ခါ တွင် မူ ရယ်ရပါ တော့မည် ။ မနက်ဖန်ခါ နေသာ ပါတော့မည် ။ ဤသို့ပင် ကျမ မြှော်လင့် ယုံကြည် မိပါသည် ။


ပြော ၍ သာ ပြော နေ ရပါသည် ။ အမှန်ကို ဆိုရသော် ကျမ သည် ကောင်းကောင်း

မေ့တတ်သူ မဟုတ်ပါ ။


ဘဝ ၌ သတိ မရတော့သော ဖြစ်ရပ်ပေါင်း မြောက်များစွာ ရှိသည် ကို မူ ကျမ ဝန်ခံ ပါသည် ။ သို့သော် ထို သတိ မရတော့ သော ဖြစ်ရပ်များသည် ယေဘုယျ အားဖြင့် ဆိုရလျှင် ဘဝ ၌ အရေး မပါ အရာ မရောက် သော အခန်း တို့ သာ လျှင် ဖြစ်တတ် ပါသည် ။ အရေးပါ အရာ

ရောက်သော ဖြစ်ရပ်တို့ ကို မူ ကျမ မမေ့နိုင်ပါ ။ မေ့ နိုင်ရန်လည်း မည်သည့် အခါမျှ မကြိုးစားခဲ့မိပါ ။


ကြိုးစား လျှင် လည်း ဤကြိုးစားချက် သည် အချည်းနှီးပင် ဖြစ်လိမ့်မည် ဟု ကျမ ကြိုတင် သိထား နှင့် ပါသည် ။


စာ ကို စတင်၍ သင်ကြားသော အခါ၌ ဆရာ သည် ဗျည်းများ ၊ သရများ ကို သင်ပြ ပါသည် ။ ထို့နောက် ဗျည်းတွဲ ၊ သရတွဲများ ကို သင်ပြ ပါသည် ။ ထို့နောက် ကတ္တား ၊ ကံ ၊ ဝါစက တို့ ကို သင်ပြ ပါသည် ။ ထို့နောက် သဒ္ဒါအကျယ် ကို သင်ပြ ပါသည် ။ ထို့နောက် ဝါကျ ဖွဲ့စည်းပုံ ၊ ပါဒ ဖွဲ့စည်းပုံ ၊ ဝါကျ ခွဲပုံ ၊ ပါဒ ခွဲပုံ အစရှိ ကုန်သော စာရေးခြင်း အတတ် ကို သင်ပြ ပါသည် ။ ထို့နောက် အနုစာပေ ကို လည်းကောင်း ၊ ရသစာပေ ကို လည်းကောင်း သင်ပြ

ပါသည် ။


ယခုသော် ကျမ သည် ဤ စာကို ပင် ရေးတတ် နေပါပြီ ။ ကျမ သည် သင်ကြားခဲ့ရ

သမျှ အစအဆုံး ကို ပြန်လည်၍ အလွတ် ရွတ်ဆို မပြ တတ် သော်လည်း မှတ်မိပါသည် ။ သို့သော် အချို့တို့ ကို မူ ကျမ မေ့လျော့ နေပါလိမ့်မည် ။ သတိ ရချင်မှ ရပါလိမ့်မည် ။ ၃၄ လုံး မျှသာ ရှိသော ဗျည်း အက္ခရာများ ထဲ မှ ပင် အသုံး နည်း၍ ၊ အရေး မပါ အရာ မရောက် လှ

သော ဗျည်းအချို့ ကို မူ ကျမ ယခု မရေးတတ် တော့ပါ ။


စင်စစ်၌ မရေးတတ် တော့ သဖြင့် မေ့နေပြီ ဟု ဆိုရငြား သော်လည်း ၊ ထို မေ့ နေသော

ဗျည်း ကို ယခု ပြန် မြင်ရ လျှင် ယခုပင် မှတ်မိလိမ့်မည် ထင်ပါသည် ။ ထိုကဲ့သို့ ပင် ဘဝ ၌

ကြုံခဲ့ရသော ဖြစ်ရပ် အချို့ ကို မေ့နေပြီ ဟု ဆိုရငြား သော်လည်း ပြန်လည်၍ အကြောင်း တိုက်ဆိုင် လာပါ က ပြန်လည် မှတ်မိ လိမ့်မည်သာ ဖြစ်ပါသည် ။


ငယ်စဉ်က ကျမ နေခဲ့ရ ဘူးသော မြို့ တမြို့ ကို ပုံစံ ပြ ဆိုပါမည် ။ ထို မြို့ ကို အမည် မှ လွဲ၍ ၊ ကျမ ဘာမျှ မမှတ်မိတော့ပါ ။ ဘုရား မည်မျှ ရှိသည် ။ ကျောင်း မည်မျှ ရှိသည် ။ ဘုရား က မည်သည့် နေရာတွင် ရှိသည် ။ ကျောင်း က မည်သည့် နေရာတွင် ရှိသည် ။ ကျမ ဘာမျှ မသိတော့ပါ ။ သို့သော် ယခင် လ က ထို မြို့ သို့ ကျမ ရောက်ခဲ့ ပါသည် ။ သင်္ဘောဆိပ် သို့ ရောက်သည် နှင့် တပြိုင်နက် ကျမ သည် အကုန်လုံး ကို ပြန်၍ သတိရ လာပါသည် ။

အလိုအလျောက် ပင် ပြန်လည်၍ သွားတတ် လာတတ် ဖြစ် လာပါသည် ။


ထိုနည်း နှင်နှင် ပင် ငယ်စဉ် ကျောင်းနေဘက် သူငယ်ချင်းများ ၏ အမည် တို့ ကို လည်းကောင်း ၊ ရုပ်ဆင်းသဏ္ဌာန် တို့ ကို လည်းကောင်း ကွဲကွာ ခဲ့ရသည် မှာ ကြာပြီ မို့ ကျမ ၏ စိတ်အစဉ် တွင် မှန်းဆ ကြည့်၍ မမြင် ၊ မေ့ နေခဲ့သည် မှာ အမှန်ပင် ဖြစ်ပါသည် ။ သို့သော် တနေ့က တယောက် သော ကျောင်းနေဘက် နှင့် ပြန်လည်၍ တွေ့ဆုံရသည် တွင် သူ့ ရုပ်ဆင်းသဏ္ဌာန် ကို လည်းကောင်း ၊ သူ့ အမည် ကို လည်းကောင်း တမုဟုတ်ချင်း အလိုအလျောက် သတိရ လာ

ပါသည် ။


ထို့ကြောင့် ကျမ သည် ကောင်းကောင်း မေ့တတ်သူ မဟုတ်ပါ ဟု ဆိုခဲ့ရခြင်း ဖြစ်

ပါသည် ။ ကျမ သည် ကျောက်သင်ပုန်း ကို စင်စင် မဖျက်တတ်သူ မဟုတ်ပါလော ။


စင်စစ်သော် ကျမ သည် အဖျက်ရာများ ကို မုန်းသူ ဖြစ်ပါသည် ။ ထို့ကြောင့် လည်း တတ်နိုင် သမျှ အဖျက်ရာ မရှိစေရန် အမှား ကို ရှောင်ခဲ့ပါသည် ။ ရေး မချ မီ အမှန် နှင့် အမှား ကို အသေအချာ စဉ်းစား ခဲ့ ပါသည် ။ မှန်ပြီ ဟု တထစ်ချ ယူဆ ရ မှ ရေးချလေ့ ရှိပါသည် ။


သို့သော် စာသင်သား မျှ သာဖြစ်သော ကျမ ၏ စာအုပ် ထဲ ၌ အဖျက်ရာများ မြောက်မြားစွာ ရှိခဲ့ရပါသည် ။ ကျမ သည် အမှား နှင့် မလွတ်ကင်း နိုင်ခဲ့ပါ ။ ဆရာ သည် ကျမ ၏ အမှားများ ကို ခဲတံ အနီ ဖြင့် ကြက်ခြေခတ် ၍ ပြ ပါသည် ။ ထိုအခါ တွင် ဆရာ့ ထံ ၌ အမှန် ကို မေးမြန်း စုံစမ်း ၍ ကျမ ပြင်ပါသည် ။ မည်မျှပင် ပြင်၍ ရေးစေကာ မူ မှားခဲ့သော အမှား နှင့်

ကြက်ခြေခတ်များ သည် ကျမ ၏ စာအုပ် ထဲ ၌ အစဉ် ထင်နေ ပါတော့သည် ။ မည်မျှပင် ဖျက်ပစ် စေကာမူ လည်း ခပ်ရေးရေး တော့ ထင်ကျန်ရစ်သည် သာ ဖြစ်ပါသည် ။


ယခု လည်း ကျမ မှား ပြန်ပါပြီ ။ ဤ အမှား အတွက် ဖျက် မရသော ကြက်ခြေနီ ကို ကျမ ရေးရ ဦးတော့မည် ။ မှားသည့် အတွက် အမှတ် လည်း အရ နည်း ပေ ဦးတော့မည် ။ ရှေ့

အတန်း တက်ရာ ၌ အောင်မှတ် ရပါတော့မည် လော ဟု လည်း ကျမ ကိုယ် ကျမ စိတ် မချတချ ဖြစ်နေ မိပါသည် ။


မှားပြီ ဆိုလျှင် ပင် အားငယ်စိတ် က ကျမ ထံ သို့ ဝင်လာပါသည် ။ ကျမ ကိုယ် ကို ကျမ လည်း စိတ် မချရဲ တော့ပါ ။ ဘာကို လုပ်လုပ် ကိုယ့်ကိုယ် ကို မယုံကြည်ရဲတော့ပါ ။


ခက်ပါသည် ။


သည်တခါ မှားခဲ့ခြင်း က သာ၍ ခက်ပါသည် ။ သာ၍ ဖျက် မရသော အမှား ဖြစ်ပါသည် ။


အိမ် မှ ထွက်လာခဲ့စဉ် က ကျမ ၏ အသက် မှာ ၁၇ နှစ် ဖြစ်ပါသည် ။ မန္တလေးတက္က

သိုလ် မှာ ပင် သင်ကြား နိုင်ပါလျက် ရန်ကုန် မှာ သင်ချင်သည် ဆိုကာ ထွက်လာခဲ့ခြင်း ဖြစ်ပါသည် ။ အမေ က မူ သဘော မတူပါ ။ တယောက် တည်း သော သမီး ဖြစ်သူ ကျမ ကို ခွဲချင်ဟန် မတူပါ ။ သို့သော် ကျမ သည် အမေ့ ကိုမုန်းသူ ဖြစ်ပါသည် ။ ကျမ ၏ ဆန္ဒ ဟူသရွေ့ ကို အမေ သည် ဖြည့်ပေးခဲ့သည့် ချည့် ဖြစ်ပါ၏ ။ မည်သည့် ပစ္စည်း ဖြစ်စေ ၊ ကျမ လိုချင်သည် ဆိုလျှင် နှစ်ခါ အပြော မခံ ၊ ချက်ချင်း ကြံဖန်၍ ရှာဖွေ ရယူ ပေးလေ့ ရှိပါသည် ။ ကျမ တို့ ၌ အသင့်အတင့်မူ ပစ္စည်း ရှိပါသည် ။ ကုန်သည် ဖြစ် သဖြင့် ဖေဖေ မရှိသည့် နောက် တွင် လည်း အခြေအနေ မပျက် ခဲ့ကြပါ ။


အမေ သည် ကုန်သည်လုပ်ငန်း ၌ လည်ဝယ်၍ ပေါင်းသင်း တတ်သူ ဖြစ်ပါသည် ။ အစွမ်းအစ ရှိသည် ဟု လည်း ဆိုနိုင်ပါသည် ။


သို့သော် အမေ သည် အမူးသမား ၊ အရူးသမား ကဲ့သို့ စိတ်ကူး မှားခဲ့ပါ၏ ။ အမေ သည် အိမ်ထောင်သစ် ထူရန် ကြံရွယ် ခဲ့ပါသည် ။ ထိုအခါ အမေ့ ကို ကျမ အပြင်းအထန် ကန့်ကွက် ခဲ့ ပါသည် ။ ထိုစဉ် ကတည်း က ပင် အိမ် မှ ထွက်ပြေး ချင်သော စိတ် သည် ကျမ ဝမ်းခေါင်း ၌ ကိန်းအောင်း လာခဲ့ရပါသည် ။


သို့သော် ကျမ ၏ ပထွေး မှာ ရိုးသား တည်ကြည်သည် ဟု ပတ်ဝန်းကျင် က အသိ

အမှတ် ပြုနေ သဖြင့် လည်းကောင်း ၊ လက်တွေ့ ၌ လည်း ကျမ ကို သမီးရင်း နှင့် မခြား ယုယချစ်ခင် သဖြင့် လည်းကောင်း ၊ ကျမ သည် အိမ် မှ လွယ်လွယ် နှင့် မဆင်းဖြစ်ခဲ့ပါ ။


ထိုစဉ် က ကျမ ၏ အသက် မှာ ၁၄ နှစ် သို့ ဝင်ခါစ မျှသာ ရှိပါသေးသည် ။ ထို့ကြောင့်

စီးပွားရေး အမြင် တခု တည်း နှင့် ကြည့်၍ ထူထောင်သော အမေ ၏ အိမ်ထောင်သစ် ကို ကျမ သည် လိမ်လိမ်မာမာ နှင့် မကန့်ကွက် တတ်ခဲ့ပါ ။ အကြောင်းမဲ့ ငိုယို၍ ကန့်ကွက်ခြင်း ဆိုသည် မှာ လည်း သူဌေးဖြစ် နောက်ကျမည့် လမ်းစဉ်သာ ဖြစ်သည် ဟု အမေ က ယူဆခဲ့ ပါလိမ့်မည် ။ ထို့ကြောင့် စီးပွားရေးရာ တွင် ဘာမျှ နားမလည်သည့် သမီးငယ် ၏ ကန့်ကွက်သော မျက်ရည် တို့ ကို အမေ သည် လျစ်လျူ ရှုခဲ့ခြင်း ဖြစ်တန်ရာသည် ။


ဦးလေးဆင့် ၌ လည်း ကျမ နှင့် မတိမ်းမယိမ်း သမီးငယ်တယောက် ရှိသည် မို့ သူ့ ကို ယူရာ ၌ အမေ သည် ကျမ အတွက် ကောင်းစွာ စိတ်ချထား ပါလိမ့်မည် ။ ထို့ကြောင့် လည်း အမေ သည် ကျမ ၏ ဆန္ဒ ကို ဥပေက္ခာ ပြု၍ အဓမ္မ ယူဝံ့ခဲ့ခြင်း ဖြစ်တန်ရာသည် ။

စင်စစ်သော် အမေ သည် မမှားပါ ။ ဦးလေးဆင့် ကို ယူလိုက်ခြင်း အားဖြင့် ကျမ

တို့တွင် ပစ္စည်းဥစ္စာ တိုးတက် ၍ ပင် လာခဲ့ ပါသည် ။ သူ့ သမီးကလေး နုနု ဆိုသူ မှာလည်း ကျမ ကဲ့သို့ ခေတ်ပညာ ကို သင်ခွင့် မရရှာခဲ့ပါ ။ အိမ်မှုကိစ္စ မြောက်မြားစွာ ကို သိမ်းကျုံး ၍ လုပ်ရ ပါသည် ။ အမှန်တော့ အမေ သည် လုပ်အား ကို အလိမ္မာ နှင့် ဝယ်ယူခဲ့ခြင်း သာ ဖြစ်ပါ

သည် ။ အမေ့ ၌ ငွေရင်း ရှိသည် ။ သူတို့၌ လုပ်အား ရှိသည် ။ လုပ်အား ဆိုသည် မှာလည်း သာမန် လုပ်အားမျိုး မဟုတ်ပါ ။ အကြံကောင်း ဉာဏ်ကောင်းများ လည်း ပါရှိသော လုပ်အား ဖြစ်ပါသည် ။ သူတို့ သည် လုပ်နိုင် ကြသည် ။ လုပ်တတ် ကြသည် ။ တနည်း ဆိုသော် လည်ဝယ်ကြသည် ။


ယခုသော် အမေ သည် သူဌေး ဖြစ် နေရော့မည် ။


စင်စစ်၌ အမေ သည် အတွက် မမှားပါ ။ အမေ သည် ဈေးတွက် တွက် သော်လည်း အမေ ၏ သင်္ချာ မှာ အောင်မြင်ပါသည် ။ အများက ပင် အမေ သည် အတွက် ကောင်း၏ ။ အရ တော်သည် ဟု ပြောကြ ပါသည် ။ မှန်လည်း မှန်ပါသည် ။


ကျမ က သာ တဖက်သတ် မုန်းထား နေခဲ့ခြင်း ဖြစ်ပါသည် ။ သူတို့ သားအဖ သည် အမေ့ ကို ချစ်ကြပါသည် ၊ ရိုသေကြပါသည် ။ ဤသည် ကို ကျမ ကြည့်၍ မရပါ ။


ကျမ ကို မူ သူတို့ သားအဖ သည် ကြောက်ကြဟန် တူပါသည် ။ သူတို့ သည် ကျမ ကို ကြောက်ကြ သဖြင့် နောင်သော အခါ၌ ရှောင်နေ တတ်ကြပါသည် ။ ကျမ က လည်း သူတို့ ရှောင် လေလေ ၊ သူတို့ အား မသင်္ကာစိတ် ဝင်လာ လေလေ ဖြစ်ကာ ပို၍ ပို၍ သာ မုန်းတီး မိခဲ့ပါသည် ။


တိုတိ ဆိုရလျှင် ကျမ စိတ် ၌ အမေ သည် သူတို့ နှင့် ပေါင်း၍ တနေ့ နေ့ တွင် ကျမ ကို ဝိုင်းပယ် လာလိမ့်မည် ဟု ထင်မိ ပါသည် ။ ခါတိုင်း စကား ကြွယ်လေ့ ရှိသော အမေ သည် ယခု ကျမ နှင့် မျက်နှာချင်းဆိုင်ရာ တွင် ပြုံး ရုံ သာ ပြုံးဖော် ရပါတော့သည် ။ မည်သည့် ပစ္စည်း ကို ဖြစ်စေ ၊ သူ ကိုယ်တိုင် ဝယ်ပေးရ မှ ကျေနပ်လေ့ ရှိသော အမေသည် ယခု မူ ငွေစက္ကူများ ကို သာ လာ ပေးတတ် ပါ တော့သည် ။


ဤသို့ဖြင့် ပင် အမေ့ ကို ချစ်သော မေတ္တာ သည် ကျမ ၌ ရုပ်လျော့၍ လာခဲ့ရပါသည် ။


ထို့ကြောင့် မန္တလေး မှာ ပင် သင်ကြား နိုင် လျက် ရန်ကုန် သို့ ထွက်ခဲ့ မိပါသည် ။

အမေ က မူ သဘော မတူပါ ။


ကျမ ထွက်လာခဲ့ သဖြင့် အမေ စိတ်မကောင်း ဖြစ်မည်ကို ကျမ သိပါသည် ။ သူ နောက် အိမ်ထောင် ပြု မှု အတွက် ဤသို့ ကျမ ထွက်လာရခြင်း ဖြစ်သည် ကို လည်း အမေ နားလည် ပါ လိမ့်မည် ။ သို့သော် အမေ သည် ကျမ ကို လုံးဝ ရှင်း မပြပါ ။ ကျမ နားလည်နိုင်

လိမ့်မည် မဟုတ် ဟု ထင်ဟန် တူပါသည် ။ မည်သို့ပင် ဖြစ်စေ ၊ အမေ့ ကို မုန်း၍ အမေ ၏ ကန့်ကွက် တားမြစ်ခြင်း ကို ကျမ ကျောခိုင်းခဲ့ ပါသည် ။ အမေ သည် သူ့ အား လက်စားချေ လို လှသော ကျမ ကို မည်သို့မျှ မတတ်နိုင်ပါ ။


“ အမေ့ စိတ် နဲ့ အမေ လုပ်ခဲ့တယ် ၊ အခု ကျွန်တော့် စိတ် နဲ့ ကျွန်တော် လုပ်တာ ကို မကန့်ကွက်ချင်ပါနဲ့ အမေ ရာ ၊ အမေ လဲ ပျော်သလို နေ ၊ ကျွန်တော် လဲ ပျော်မယ်ထင်သလို နေပါရစေ ” ဟု ကျမ က ပြန်ပြောသော အခါ အမေသည် မျက်ရည်များ ဖြင့် ကျမမျက်နှာ ကို တွေတွေ ကြည့် လျက် ခွင့်ပြုခဲ့ရပါသည် ။


ထိုအခါမှ အစပြု၍ ကျမ ၏ ဘဝ သည် ဖတ်စာ တအုပ် ပြောင်း ခဲ့ရပါသည် ။ ကျမ

သည် ဖတ်စာအုပ် အသစ် ထဲ မှ သင်ခန်းစာသစ်များ နှင့် တိုးရပါတော့မည် ။


ဤ သင်ခန်းစာသစ်များ ကို ရင်ဆိုင်ရာ၌ မူ လက်ဦးဆရာ ဖြစ်သော အမေ သည်

ကျမ ကို မသွန်သင် မညွှန်ကြား နိုင်တော့ပြီ ။ အမေ ၏ ကျောင်း သည် ကျန်ရစ်ခဲ့ပါပြီ ။


ကျောင်းသစ် သို့ ရောက်သော အခါ ဆရာသစ်များ နှင့် တွေ့ရ ပါသည် ။ ဆရာသစ်

များ သည် လည်း သွန်သင် ပြသရာ ၌ သူ့ အထိုက် အလျောက် ကောင်းမွန် ကြပါသည် ။ စေတနာ ရှိကြပါသည် ။ သို့သော် ဤ ကျောင်းသစ် ၌ ထုံးစံ တခု ရှိ နေပါသည် ။


ထို ထုံးစံ မှာ သဘောတရား တရပ် ကို သင်ကြား ပြသပေးပြီး သကာလ မိမိ ကိုယ်တိုင် လက်တွေ့ စမ်းသပ် လုပ်ကိုင် ကြည့်ရသော အလေ့အထ ဖြစ်ပါသည် ။ ဥပမာ ဓာတုဗေဒ ပညာရပ် တွင် ပေးထားသော ပစ္စည်း တခု ကို မည်သည့် ပစ္စည်း ဖြစ်သည် ဟု စူးစမ်း ရှာဖွေခိုင်း သော အလေ့အထ ရှိပါသည် ။ ဆရာ သည် ထို စူးစမ်းရှာဖွေ ရာ ၌ မည်သို့ မည်ပုံ စမ်းသပ် ရှာဖွေရသည် ဟု နှုတ် ဖြင့် သင်ကြား ထားပါ၏ ။ “ လက်တွေ့ခန်း ” ထဲ ၌ စာသင်သား သည်

အမျိုးအမည် မသိသော ပစ္စည်း တရပ် ကို ဆရာ သင်ကြား ပြသထားသည့် နည်း အတိုင်း စူးစမ်း

လေ့လာ ကာ အမျိုးအမည် တပ်ကြရ ပါသည် ။ ကျမ ၏ လက်ထဲ ၌ လည်း အမျိုးအမည် အား ဖြင့် မပြောပြ နိုင်သော ပစ္စည်းတရပ် သည် ရောက်ရှိ လာခဲ့ပါပြီ ။


ထို ပစ္စည်း ကို အတွေ့အကြုံ ရှိပြီး ဖြစ်သော အတန်းကြီး သမားများ က မူ “ မေတ္တာ ”

ဖြစ်သည် ဟု လွယ်လွယ်ကူကူ ပင် ပြောပြ ကြပါသည် ။ ကျမ သည် အဖြေ ကို ကား ရနှင့်

ပါပြီ ။ ပုစ္ဆာ တပုဒ် ကို အဖြေ မှ စ၍ ၊ ပြောင်းပြန် ပြန်ကာ တွက်ရပါဦးတော့မည် ။


ကျမ သည် “ လက်တွေ့ခန်း ” ထဲ သို့ ဝင် လိုက်ပါသည် ။ ထို အခန်း ထဲ ၌ ကိုကျော်အောင် ကို ကျမ တွေ့ရပါသည် ။ ကိုကျော်အောင် သည် လူပျို နည်းပြဆရာလေး ဖြစ် ပါသည် ။


ကိုကျော်အောင် သည် ကျမ ကို နည်းပြ ပါသည် ။ ကျမ ၏ လက် ထဲ ၌ ရှိသော ပစ္စည်း သည် “ မေတ္တာ ” ဖြစ်သည် ဟု ကျမ တွေ့ရှိ နားလည် လာပါသည် ။ ကျမ သည် ကိုကျော်အောင် ကို ချစ်နေ မိ ပါသည် ။


ခပ်ကျဉ်းကျဉ်း ရုံးရ လျှင် ကိုကျော်အောင် နှင့် ကျမ တို့ သည် မျှတမိခဲ့ကြပါသည် ။

ထို့နောက် ၂ နှစ်ခန့် ကြာ လတ်သော် ကိုကျော်အောင် နှင့် ကျမ တို့ သည် အနမ်းစခန်း ထက် ပင် ကျော် လွန်၍ လျှောက်လာခဲ့ မိကြပါသည် ။


ထိုနေ့ က ကျမတို့ သည် တယောက် ကို တယောက် မကြည့်ရဲကြတော့ပါ ။ သူ က မူ အခါခါ တောင်းပန် ပါသည် ။ ကျမ က လည်း ခွင့်လွှတ်ခဲ့ပါသည် ။ ထိုကိစ္စ ကို လည်း သူ ရော ကျမ ပါ မေ့မေ့ ပျောက်ပျောက်ပင် နေခဲ့ကြပါသည် ။ သို့သော် ကျမ သည် ကောင်းကောင်း မေ့ သူ မဟုတ်ပါ ။ ထို ကိစ္စ သည် ကျမ ကို နေ့စဉ်နှင့် အမျှ လာရောက် ချောက်လှန့် လျက် ရှိပါသည် ။


ထင်သည့် အတိုင်း ပင် ၃ လ ခန့် ကြာသောအခါ ကျမ ၏ မျက်စိအမြွှာ တို့ သည် ပြာ ခဲ့ရပါတော့သည် ။ ကိုကျော်အောင် ၏ အမ ဝမ်းကွဲ ဖြစ်သူ ဆရာဝန်မမြသိန်း သည် ကျမ

ထင်သည့် အတိုင်း ပင် ကျမ ၌ ကလေး ရှိပြီ ဖြစ်ကြောင်း ကို ပြောပြပါ တော့သည် ။


ဆရာဝန် အိမ် မှ အပြန် တွင် ကျမ သည် ချွေးများ ပြန်ကာ တုန်လှုပ်ချောက်ချား ခဲ့ရပါသည် ။ ကျမ ဘဝ ကို ကျမ ဖာသာ ယူကျုံးမရ လည်း ဖြစ်မိ ပါသည် ။ ဝမ်းလည်း နည်းမိ ပါသည် ။ ငိုလည်း ငိုမိ ပါသည် ။


သို့သော် အဖြေ တခု ရ လာပါသည် ။ ကျမ အတွက် သက်သာရာ ရမည့် ဖြေဆေး

တခွက် လည်း ဖြစ်ပါသည် ။ ထို အဖြေ သည် မှန်လည်း မှန်ကန်၍ ၊ တရား လည်း တရားပါသည် ။ ရုံး မှာ တက် ၍ အမြန် လက်ထပ် လိုက်ကြရအောင် ဟု ကိုကျော်အောင် ကို ပြောရန် သာ ဖြစ်ပါသည် ။


ကျမ သည် မျက်ရည်များ ကျလျက်နှင့် ပင် ပြုံးရွှင်၍ လာနိုင်ပါသည် ။ ကျမ သည်

တွယ်ရာမဲ့ လွင့်မျောလာခဲ့ ရာ မှ တွယ်တာရာ ကွယ်ကာရာ ရခဲ့ပါပြီ ။ ကျမ သည် ခိုနားစရာ အရိပ် ကို တွေ့ရသော အခါ၌ ပင်ပန်း ဆင်းရဲရခြင်း တို့ ကို ပြုံး၍ ခံနိုင်စွမ်း ရှိလာပါသည် ။


သို့သော် ကျမ ၏ တွယ်တာရာ သည် ကျူပင်ကလေး သာ လျှင် ဖြစ်ပါသည် ။ ကျူပင်

တို့ မည်သည် မှာ သူ ကိုယ်တိုင် က ပင် အရိပ် ကောင်းကောင်း ပေးနိုင်စွမ်း မရှိပါ ။ ထို့ပြင် ကျုပင် ဆိုသည် မှာ အစဉ် ယိမ်း ၍ နေ တတ် ပါသည် ။ ကျူပင် က ယိမ်းသည် နှင့် အမျှ သူ့ အရိပ် ကလည်း လိုက်၍ ယိမ်းပါသည် ။ ကျမ သည် ထို ကျူပင်ရိပ် တွင် ချွေးသိပ် နိုင်စရာ လမ်း

မမြင်ခဲ့ပါ ။


ကိုကျော်အောင် သည် ကျမ ၏ လက်ထပ်ရေး အဆိုကို ငြင်းဆန် ပါသည် ။ သူ့ ဘဝ ၌ သူ တန်ဖိုး အထားဆုံး မှာ သူ့ ပတ်ဝန်းကျင် သာ ဖြစ်သည် ဟု ဆိုပါသည် ။ သူ့ ပတ်ဝန်းကျင် သည်

ဧရာမဘွဲ့များ နှင့် ချည့် ဖြစ်ပါသည် ။ ခရိုင်ဝန် ၊ ညွှန်ကြားရေးဝန် ၊ အတွင်းဝန် ၊ လွှတ်တော် ဝတ်လုံတော်ရ ၊ ပါမောက္ခ ၊ စသည် စသည် တို့ ချည့် ဖြစ်ပါသည် ။ ထို့ကြောင့် သူ ရရှိထားသော သိပ္ပံ ( ဂုဏ်ထူး ) ဘွဲ့ မှာ သူ့ အတွက် အခြေခံ မျှ သာ ရှိသေးသည် ဟု ဆိုလျက် ဆက်လက် သင်ကြား ရဦးမည် ဟု ဆိုပါသည် ။ အခါမသင့် အခွင့်မသာ သေး သဖြင့်သာ နည်းပြဆရာ ဝင်ရောက် လုပ်ကိုင် နေရခြင်း ဖြစ်သည် ဟု လည်း ဆိုပါသည် ။ ကိုကျော်အောင် သည် အခွင့်

အရေး ကို စောင့်မြှော် နေသူ ဖြစ်ပါသည် ။


ယခုမူ သူ က ဖွင့်၍ ပြောလာ ပါပြီ ။ နောက် တလခွဲ ခန့် ကြာလျှင် အင်္ဂလန်နိုင်ငံ သို့

မဟာသိပ္ပံဘွဲ့ နှင့် ပါရဂူဘွဲ့ ကို ရယူရန် သွားရောက် သင်ကြားရတော့မည် ဟု ဆိုပါသည် ။


သူ က အလွယ်တကူ ပင် ကျမ ၏ ကိုယ်ဝန် ကို ဖျက်ခိုင်းပါသည် ။ ဖျက် ၍ စောင့်ခိုင်း ပါသည် ။ ပထမ တော့ ကျမ သည် ကြံမိ ကြံရာ ကြံမိပါသည် ။ သို့သော် မအောင်မြင်ပါ ။ ကျမ သည် ကြောက်တတ် ပါသည် ။ တခါ မှား ခဲ့သော အမှား ပေါ် ၌ နောက်ထပ် ထပ်၍ မမှားလိုတော့ပါ ။ အနာရွတ် တခု ၏ အောက်၌ မြုံ နေသော အနာ ကို ခွဲစိတ် ကုသမည် ဆိုပါက တတ်ကျွမ်းသော ဆရာဝန် သည် အနာရွတ် ပေါ် မှ ခွဲလေ့ မရှိပါ ။ သွေး သွား လျက် ရှိသော အခြား

အသား ကောင်း သည့် နေရာ မှ သာ ခွဲ ပါလိမ့်မည် ။ သို့မှသာ ထို ခွဲရာ သည် မြန်မြန် ပျက်လွယ် ပါ လိမ့်မည် ။


ထိုအခါ အနာရွတ် ကား နှစ်ခု ဖြစ်လာရ ပါလိမ့်မည် ။ ထို့ကြောင့် ကျမ ကြောက်

ပါသည် ။ ကြာတော့ ကျမ တကိုယ်လုံး ကို အနာရွတ်များ ဖုံးသွား ပါလိမ့်မည် ။ ကျမ ကြောက်ပါသည် ။


မည်သည့် နည်းနှင့် မျှ အပြစ်စင် သော ကလေးငယ် ကို ကျမ မဖျက်ရက် ပါ ။ ကျမ ထိုက် နှင့် ကျမ ကံ သာ ရှိပါစေတော့ ။


ဤသို့လျှင် “ လက်တွေ့ခန်း ” ၌ ကျမ သည် ပုစ္ဆာ တရပ် ကို အဖြေ မှားခဲ့ပါသည် ။

ထို့ကြောင့် ကျမ ၏ ဘဝ စာအုပ် ထဲ ၌ ကြက်ခြေခတ် တခု ထပ်၍ ရဦးတော့မည် ဖြစ်ပါသည် ။


ဤ ကြက်ခြေခတ် ကို မူ ကျမ သည် မဖျက်ရဲပါ ။ ဤ ကိစ္စ ကို အမေ လည်း မသိပါ ။ ဆရာ တို့ လည်း မသိပါ ။ သူငယ်ချင်း များ လည်း မသိပါ ။ သို့သော် မည်သူ ၏ ဆိတ်ကွယ်ရာ မှာ ဖြစ်ဖြစ် ကျမ မဖျက်ရဲပါ ။


ထို့ကြောင့် ကျမ သည် ကျောင်းဆောင် မှ ဆင်းခဲ့ ပါသည် ။ ကျမ ကိုယ် ကို ကျမ ဖျောက်ခဲ့ ပါသည် ။ အမှား တခု အတွက် ကျမ သည် နိုင်ငံရပ်ခြား တိုင်းတပါး သို့ ပင် ထွက်သွား ခဲ့ရ ပါသည် ။


ကျမ သည် ထို နိုင်ငံ မှာ ပင် ကျမ ၏ သားကလေး ကို အခက်အခဲ မရှိ ၊ မွေးဖွား နိုင်ခဲ့ပါသည် ။ သို့သော် ထို ကလေး ကို ကျမ မမြင်ရပါ ။ ကျမ ၏ ဆန္ဒ အတိုင်း ဆရာဝန်များ သည်

မွေးဖွား ပြီးသည် နှင့် တပြိုင်နက် တစုံ တယောက် သော သူ ၏ လက် သို့ ထို ကလေး ကို ပေးအပ်လိုက် ကြပါသည် ။ ကျမ သည် မည်သို့မျှ မတတ်နိုင်ပါ ။ ကျမ ၏ ဘဝ ရှေ့ရေး အတွက် ဤသို့ပင် ပြု ခဲ့ရပါသည် ။


ကျမ ၏ စိတ်၌ မူ ကျမ သည် နဂို က ညိုညို ဟု ပင် ထင်ထား လိုက်ပါသည် ။ ဝေဒနာ တခု နှင့် ဆေးရုံ သို့ တက်ရောက် ကုသခဲ့ပြီး ပျောက်ကင်းသော အခါ ပြန်ဆင်း လာခဲ့သည် ဟု ပင် အောက်မေ့ ထား လိုက် ပါသည် ။ ကျမ သည် အေးအေးလူလူပင် ထို နိုင်ငံ ၌ ဆက်လက်၍ ပညာများ သင်ကြား နေခဲ့ပါသည် ။


ယခုသော် ကျမ သည် ဆရာဝန် တယောက် ဖြစ်ပါပြီ ။ ဆရာဝန် တယောက် ဖြစ်၍ လည်း ကိုယ့် နိုင်ငံ သို့ ကိုယ် ပြန်၍ လာခဲ့ပါပြီ ။ ကိုကျော်အောင် ကို မူ ကား ကျမ သတိ ပင် မရ တော့ပါ ။


သို့သော် မနေ့ က ကိုကျော်အောင် ကို ပြန်လည်၍ တွေ့ရပါသည် ။ ကိုကျော်အောင် သည် အူ ၌ အတက် ပေါက်သော ဝေဒနာ ဖြင့် ကျမ အမှုထမ်း နေရာ ဆေးရုံ သို့ ရောက်လာ ပါသည် ။ ကျမ သည် ခွဲစိတ် ကုသရေးဆိုင်ရာ၌ တာဝန် ယူ နေရ သဖြင့် ကိုကျော်အောင် ကို

ကျမ ကြည့် ရပါသည် ။


ကိုကျော်အောင် ၏ အနား ၌ ကျမ ရှိနေစဉ် ပင် လှပ ငယ်ရွယ်သော မိန်းမပျို တယောက် ရောက်ရှိ လာပါသည် ။ ကိုကျော်အောင် က ပင် ရောက်လာသူ နှင့် ကျမ ကို မိတ်ဆက် ပေးပါသည် ။ ရောက်လာသူ သည် ကိုကျော်အောင် ၏ ဇနီး မမြတ်မြတ်မွန် ဖြစ်ပါသည် ။ မမြတ်မြတ်မွန် က လည်း ကျမ အား ပြုံး ၍ ကိုကျော်အောင် ကို အပ်နှံကြောင်း ပြောပါသည် ။ ကျမ က ကိုကျော်အောင် ကို လက်မခံ လိုပါ ။


ထိုအခိုက် မှာ ပင် ကိုကျော်အောင် ကို နှုတ်ဆက်၍ တစုံတယောက် သော သူ သည် အခန်း ထဲ သို့ ဝင်လာပါသည် ။ “ မင်း ဆေးရုံ တက်ရတယ် ဆိုလို့ မင်း ကို လဲ လာ မေးရင်း ညို့ ကို လာ ခေါ်တာ ” ဟု ဝင် လာသူ က ဆိုပါသည် ။ ဝင်လာသူ မှာ ကျမ ၏ ခင်ပွန်း ပင် ဖြစ်ပါသည် ။


ကျမ သည် စကား တခွန်း မျှ မပြောမိဘဲ အိမ် သို့ တွေတွေငိုင်ငိုင်နှင့် ပင် ရောက်ခဲ့ရပါသည် ။ ကျမ ခင်ပွန်း နှင့် ကိုကျော်အောင် သည် ခင်မင်ရင်းနှီးသော ငယ်သူငယ်ချင်း ဖြစ်သည် မို့ ကျမ သည် အလိုအလျောက် ကြောက်လန့် ၍ လာ မိပါသည် ။ ကျမ စိတ် ၌ သူတို့ နှစ်ယောက် ပေါင်းကြ ၍ တနေ့ နေ့ တွင် ကျမ ကို ဝိုင်းပယ်လာလိမ့်မည် ဟု ထင်မိပါသည် ။ ကျမ ၏ ပစ္စုပ္ပန် မှာ အတိတ် မှ လှိုင်းဂယက်များ အရိုက်ခတ် ခံရဆဲ ဖြစ်ပါသည် ။ ဤ အထဲ တွင် ယခု ကဲ့သို့ ပြန်လည် ကြုံကြိုက် ရ ပြန်ပြီ ဆိုသော အခါ၌ မျက်ရည် တို့ သည် သာ ကျမ ၏ ဘဝဖော်များ ဖြစ်လာကြရပါတော့သည် ။


ကျမ သည် ကောင်းကောင်း မေ့ တတ်သူ မဟုတ်ပါ ။ ကျောက်သင်ပုန်း ကို ပင် စင်စင် ဖျက်တတ်သူ မဟုတ်ပါ ။ မစင့်တစင် သာ ဖျက်တတ်ပါသည် ။ ထို့ကြောင့် စာအဟောင်း တို့ က အစဉ်ပင် မထင့်တထင် ထင်ကျန် နေရစ် တတ်ပါသည် ။ ထို့ကြောင့် လည်း ကျမ သည်

အားငယ်၍ အားငယ်၍ သာ လာခဲ့ရ ပါသည် ။


ထိုအခါ ကျမ သည် ထုံးစံ အတိုင်းပင် ရပ်တည် နေရာ မှ လွင့်ခဲ့ ရ ပြန်ပါသည် ။ ကျမ သည် ထိုနေ့ ည ကတည်း က ပင် လွင့်ရန် ဆုံးဖြတ် မိပါသည် ။ ကျမ သည် ကျမ ခင်ပွန်း ၏ နေအိမ် မှ တဖန် ဆင်းခဲ့ ပြန်ပါသည် ။


ကျမ သည် ဖတ်စာအုပ် အသစ် တအုပ် ကို ပြောင်း၍ ဖတ်ခဲ့ ရ ပြန်ပါသည် ။ ဤ ဖတ်စာအုပ် အသစ် ထဲ မှ သင်ခန်းစာများ က ကျမ ၏ လှုပ်ရှား နေသော နှလုံးသား တို့ ကို တည်ငြိမ်စေ ပါသည် ။ ကျမ ကိုယ်တိုင် ကု၍ မရနိုင်ခဲ့သော ရောဂါ ကို ပင် ဤသင်ခန်းစာများ က လျှောကျ ပျောက်ကင်း ချမ်းသာခြင်း သို့ ရောက်စေ ပါသည် ။


ထို့ကြောင့် နံနက်ဖန် တွင် မူ ရယ်ရပါ တော့မည် ။


 •••••   •••••   •••••


ပြော ၍ သာ ပြော နေရ ပါသည် ။ အမှန် ကို ဆိုရသော် ကျမ သည် ကောင်းကောင်း

မေ့တတ်သူ မဟုတ်ပါ ။ ကျမ ၏ သား ကို ကျမ သတိရ နေမိ ပါသည် ။ နံနက်ဖန် နေသာသာ အခါ၌ ကျမ ၏ သား ကို ကျမ တွေ့ လို မိပါသည် ။


ယခု ဆိုသော် သား သည် ၇ နှစ် ပင် ပြည့် ရော့မည် ။ ကျောင်း ၌ သင်ခန်းစာ တို့ ကို ပင် စတင် သင်ယူ နေ ရော့မည် ။


သား အား မှာချင်ပါသည် ။


“ ဆရာ က ကျောက်သင်ပုန်း ကို အဖျက် ခိုင်း လျှင် အားစိုက်၍ စင်စင် ဖျက်ပါလေ သား ” ... ဟု ။


◾မောင်သာရ


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၇ ခု ၊ သြဂုတ်လ ။


#ကိုအောင်နိုင်ဦး


.

Friday, September 29, 2023

မောင်သာရ ရဲ့ ဝတ္ထု - အသည်းညွန့် မှာ ကွန့်မြူးသည့် လိပ်ပြာ

❝ မောင်သာရ ရဲ့ ဝတ္ထု - အသည်းညွန့် မှာ ကွန့်မြူးသည့် လိပ်ပြာ ❞ 

မောင်သာရ အမေရိက ကို ရောက် နေတာ ၁ဝ နှစ်ကျော် ၊ ၁၅ နှစ် လောက် ရှိ သွားပြီ ။ ကျွန်တော့် ထက် စော ပါတယ် ။ သူ့ မိသားစု အားလုံး အမေရိက ကို ရောက် နေပေမဲ့ သူ က ဘယ်တော့ မဆို တစ်ဦးတည်း ပဲ နေတယ် ။ ရာသီဥတု ရေမြေ ပတ်ဝန်းကျင် မတူ ခြားနားတဲ့ အမေရိကန် ပြည်ထောင်စု အနှံ့ နေထိုင်တယ် ။ ခု သူ နေတာ က အမေရိကတိုက်ကြီး ရဲ့ အနောက်ဘက်ဖျား မှာ ၊ ကျွန်တော် က အရှေ့ဘက်ဖျား မှာ ။ တစ်ယောက် က ပစိဖိတ်သမုဒ္ဒရာ ဘက် ၊ တစ်ယောက် က အတ္တလန်တိသမုဒ္ဒရာ ဘက် ။ တစ်ယောက် နဲ့ တစ်ယောက် မဟာသမုဒ္ဒရာ ခြားနား နေပါတယ် ။ ဒါပေမဲ့ တစ်ယောက် အသံ တစ်ယောက် အမြဲ ကြား နေရပါတယ် ။ ကျန်းမာရဲ့လား ၊ စာရေးဖြစ်လား လို့ အပြန်အလှန် မေးရ မြန်းရ တာပေါ့ ။ မောင်သာရ က ပြည်ပ ရောက် နေပြီး သူ့ ဝတ္ထုတွ ထုတ်ဝေခွင့် ကို စစ်အစိုးရတွေ က ပိတ်ပင် ထားခဲ့တာ ဆိုတော့ မြန်မာ စာဖတ်ပရိသတ် နဲ့ မောင်သာရ နဲ့ ကင်းပြတ် နေတာ အတော် ကြာခဲ့ရာ က ခုအခါ နိုင်ငံရေး လေပြည် လေညင်းလေး တိုက်ခတ် လာပြန်လို့ သူ့ စာအုပ်ဟောင်း တချို့ ( သူ မသိဘဲ ) ပြန် ထုတ် နေတယ်လို့ ကြား ရပါတယ် ။ ခုတော့ သူ့ ရဲဘော် ဝင်းငြိမ်း က ဆက်သွယ် စီစဉ်ပေးလို့ တဲ့ ၊ ဝတ္ထု သုံးပုဒ် နဲ့ ဝတ္ထု မရှည့်တရှည် တစ်ပုဒ် ပေါင်းပြီး စာအုပ်သစ် တစ်အုပ် ထွက် လာ တာ ဖတ်ရပါတယ် ။ ၂၀၁၃ မတ်လ ထဲ မှာ လင်းလွန်းခင် စာပေတိုက် က ထုတ်တာပါ ။ ဉာဏ်ပူဇော်ခ ဒေါ်လာ တစ်ထောင် ပေးစေတဲ့ ။ စာအုပ် အမည် က အသည်းညွန့် မှာ ကွန့်မြူးသည့် လိပ်ပြာ တဲ့ ။ ဒါ မောင်သာရ အစစ် ပါ ။

စာအုပ် နာမည် ကို က ထူးခြားပါတယ် ။ မြန်မာပြည် မှာ မောင်သာရ စာအုပ်တွေ အများကြီး ဆက်တိုက် ဆိုသလို ထွက် နေ တုန်းက ကျွန်တော် က လည်း စာအုပ် ဝေဖန်ချက်တွေ ကို ဆက်တိုက် ဆိုသလို ရေး နေတဲ့ ကာလ ဖြစ်ပါတယ် ။ ကျွန်တော် က သူ့ ဝတ္ထုတွေ အများစု ကို အကောင်းမြင် နဲ့ ကြိုဆို ရေးသားခဲ့ပါတယ် ။ မကောင်း ၊ မကြိုက်တာ ကို လည်း ရေးခဲ့ပါတယ် ။

ဥပမာ အသားနက်မကြီး အောင်လံထူ ၊ ကျော်ဟိန်း က တော့ ကျော်ဟိန်းပါပဲ စသည် ။

အကောင်း ရေး သမျှတွေ ကို သူတို့ မန္တလေးသားချင်း မို့ ဘက် လိုက်ပြီး ပင်း ရေးတာ လို့ ဆိုသူတွေ က ဆို လာတော့ “ မင်းတို့ ဝတ္ထုရေးဆရာတွေ မောင်သာရ ရေးတဲ့ ဝတ္ထု လို ဟာမျိုးကို ရေးဖို့ မဆိုထား နဲ့ မောင်သာရ ရဲ့ ဝတ္ထု နာမည်တွေ လို လှအောင် ၊ ကောင်း အောင် ၊ ထူးခြားအောင် ရေးနိုင်လို့လား ” လို့ ပြန် မေးခဲ့ဖူးပါတယ် ။ ခုလဲ စာအုပ် အမည်လေး ထူးခြားတာ ကို စိတ် ရောက်သွားလို့ နောက်ကြောင်းပြန် ပြော လိုက်မိတာပါ  ။

အသည်းညွန့် မှာ ကွန်မြူးသည့် လိပ်ပြာ ဆိုတာ က တော့ ဒီ ဝတ္ထုတိုစု မှာ ရှေ့ဆုံးက ဖော်ပြ ထားပြီး စာမျက်နှာ ၉ က နေ ၈၂ အထိ ရှည် ပါတယ် ။ စာမျက်နှာ အားလုံး ပေါင်း မှ ၁၂၈ မျက်နှာ ရှိတာ ဆိုတော့ စာအုပ် ရဲ့ စာမျက်နှာ တစ်ဝက် ကျော် ယူ ထား ပါတယ် ။ ကျန်တာကို ဝတ္ထုတို သုံးပုဒ် က ယူ ပါတယ် ။ အတို သုံးပုဒ် ထဲ က ပထမ တစ်ပုဒ် က ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး တဲ့ ။ အံ့အားသင့် သွားရတယ် ။ ဒီ ခေါင်းစဉ် နဲ့ မောင်သာရ ရဲ့ ဝတ္ထု တစ်ပုဒ် ရှိပြီးသား ပါ ။ နောက် တစ်ပုဒ် က သမီးတစ်ယောက် နဲ့ အမေ တဲ့ ။ ဒါတောင်မှ မြည်းတစ်ကောင် နဲ့ သားအဖ နှစ်ယောက် ဆိုတဲ့ မောင်သာရ ရဲ့ ဝတ္ထုခေါင်းစီး တစ်ခု ကို ပြေးပြီး သတိရ စေပါသေးတယ် ။ နောက်တစ် ပုဒ်က bob & bahara တဲ့ ။ နာမည်တွေ ပါ ။ ထုံးစံ အတိုင်း ဆိုရင်တော့ Bob & Babara လို့ ရေး ရမှာပေါ့ ။ နာမည်တွေ ရဲ့ အစ မှာ စာလုံးကြီးတွေ နဲ့ စ တာဟာ အင်္ဂလိပ် ဘာသာ စကား ရဲ့စည်းကမ်းပါ ။ ဒါပေမဲ့ အများ သိတော်မူကြတဲ့ အတိုင်း အမေရိကန် လူမျိုး က တော်လှန်တာ ၊ တီထွင်တာ ၊ ဆန်းသစ်တာ ကို ဂုဏ်ယူတဲ့ လူမျိုး ။ အင်္ဂလိပ် ကို တော်လှန်ခဲ့တာ ဆိုတော့ အင်္ဂလိပ်တို့ ရဲ့ဘာသာစကား စည်းကမ်းတွေ ကို တော်လှန် ချင်တယ် ။ စာလုံးကြီးတွေ လုံးဝ မသုံးဘဲ စာလုံးငယ်တွေ နဲ့ ချည်း ရေး တော့လည်း ဘာဖြစ်လဲ ဆိုတဲ့ သဘောထား နဲ့ တူပါရဲ့ ။ အမေရိကန်တွေ က ဝါကျ အစ မှာ စာလုံး ကြီး နဲ့ စတာ ၊ နာမည်တွေ မှာ စာလုံး ကြီး နဲ့ စတာ ကို ဖျောက်ဖျက်စပြုနေ ပါတယ် ။ ဒါကြောင့်နဲ့ တူရဲ့ အမေရိကန် နိုင်ငံသား မောင်သာရ က လည်း မြန်မာ စကားပြေ ထဲ မှာ ကို ပဲ အင်္ဂလိပ်စာ ရဲ့ စကား ကို စာလုံးသေး ၊ စာလုံးငယ် တွေ နဲ့ ပဲ စီထား လေရဲ့ ။ အင်္ဂလိပ်စာ နည်းနည်းပါးပါး တော့ တို့များ လည်း တတ် ပါရဲ့ ဆိုတဲ့ သဘောထား နဲ့ ရိုးရိုး ဗမာစာ ရေးရာ မှာ အင်္ဂလိပ်စာလုံး ဟိုညှပ် ဒီညှပ် လုပ်တာမျိုး ကို မောင်သာရ က မြင်ပြင်းကတ် သူ ဖြစ် ပါတယ် ။ ဒါပေမဲ့ ခုဟာ က တော့ အင်္ဂလိပ်စကား ပြောသူ တွေ ရဲ့ အကြောင်း ကို ရေးတာ ဖြစ်လို့ နဲ့ တူပါရဲ့ ။ အင်္ဂလိပ် စကားလုံးလေးများ ဟိုညှပ် ဒီညှပ် လုပ်ထားတာ တွေ့ရပါတယ် ။ မျက်စိ နောက်မှာပါ ပဲ တဲ့ ။ ဒါပေမဲ့ သည်းခံပါ လို့ ကြိုတင် ပန်ကြား ထားလေရဲ့ ။

အမှာစာမှာ စ , စချင်း “ ကျုပ် က ၁၉၅၅ ခုနှစ် က စာ စ ရေးခဲ့တာ ဆိုတော့ ခု ဆိုရင် ကျုပ် ရဲ့ ကလောင်သက် အနှစ် ၅၀ ကျော် လာခဲ့ပါပြီ ။ အခု သည် စာအုပ် ထဲ မှာ ပါ တဲ့ ဝတ္ထုမျိုး ကျုပ် တစ်ခါမှ မရေးခဲ့ဖူးပါဘူး ။ ဗမာ့ ဝတ္ထု စာပေသမိုင်း မှာ လည်း ဦးပုည အစ ၊ ဦးသိန်းဖေမြင့် အလယ် ၊ သည် ကနေ့ ကလောင်ငယ်တွေ အဆုံး ဘယ်ခေတ် ကာလ က ဘယ်ဝတ္ထုရေး ဆရာ မှ ရေးခဲ့ကြတာ မတွေ့မိဖူးပါဘူး ” စသဖြင့် ကြေညာ ( ကြွား ) ထား လေရဲ့ ။ သူ့ ဝတ္ထုတွေ တစ်ပုဒ်ချင်း ရဲ့ အကြောင်း ကို လည်း သူ ကိုယ်တိုင် ညွှန်းထားတဲ့ အတိုင်း ဖောက်သည် ချ လိုက်ပါရစေ ။

“ ပထမ ဝတ္ထု မှာ ကြောင် ခံတွင်းပျက် နဲ့ ဆက်ရက် တောင်ပံကျိုး ဆိုပါတော့ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ တစ်နိုင်ငံ မှာ ယေဘုယျ တွေ့နေရ တတ်တဲ့ Jobless တစ်ယောက် နဲ့ Homeless တစ်ယောက် ကို ဗမာ စာဖတ် ပရိသတ် နဲ့ မိတ်ဆက် ပေးလိုက်ရုံ သက်
သက်ပါ ။ သရုပ်မှန် realism ပါပဲ ။ နောက် America ရဲ့ မြို့ပြ အဖွဲ့အစည်း ထဲ က လက်လုပ်လက်စား ဆင်းရဲသား လူမည်းသားအမိ နဲ့ နိုင်ငံအစိုးရ ရဲ့ social welfare စနစ် ကို ပြက်ပြက်ထင်ထင် မြင်စေချင်တဲ့ စေတနာ နဲ့ ရေးဖွဲ့ တင်ပြလိုက် တာ က တော့ အမေ နဲ့ သမီး တစ်ယောက် ဝတ္ထု ပါ ။ တာဝန် သိတတ်မှု နဲ့ တာဝန် မသိတတ်မှု ကျုပ်တို့ နိုင်ငံရဲ့အစိုးရ နဲ့
ပြည်သူလူထု ကြား က ဆက်ဆံရေး ဘဝ နဲ့ နှိုင်းယှဉ် ကြည့် လို ပါ က ကြည့်နိုင်ပါတယ် ။ အဲ နောက်ဆုံး bob & babara ထဲ က လို ဝက် ကို အလှမွေး လေ့ကျင့်ပြီး ပြိုင်ပွဲဝင် ၊ တစ်ဖက် တစ်လမ်း က အပို ဝင်ငွေ ရှာတာမျိုး က တော့ ကျုပ်တို့ တိုင်းပြည် မှာ မရှိပါဘူး ”

“ နောက်ဆုံး သည် စာအုပ် မှာ ပါတဲ့ ဝတ္ထုသစ် အရှည် အသည်းညွန့် မှာ ကွန်မြူးသည့် လိပ်ပြာ နဲ့ ပတ်သက်လို့ က တော့ စကားဦး မသန်းလို တော့ပါဘူး ။ ကျုပ်တို့ မြို့ က တကယ့် အဖြစ်အပျက် အချစ် ဇာတ်လမ်း ဖြစ် ပါတယ် ။ ရုပ်ရှင် လည်း ရိုက် နေပါတယ် ။ နောင် အခါ ရောက်လာ ကောင်း ရောက်လာပါလိမ့် မယ် ”  တဲ့ ။ ဟုတ်ကဲ့ ၊ အမေရိက မှာ နေ တော့ အမေရိက အကြောင်း ရေး မှာ ပေါ့ ။ ကျုပ် လည်း အမေရိကန်ဖွဲ့ ကဗျာ တွေ လည်း ရေး တာပါပဲ ။ အဲဒါတွေ ဟာ သူ့ ရဲ့ပေါင်းချုပ် စာအုပ် ထဲ မှာ ပါတဲ့ သူ့ ဝတ္ထုတွေ အကြောင်း ကို သူ မိတ်ဆက် ပေးထားတာ တွေ ဖြစ် ပါတယ် ။ အားလုံး ကို သူ ပြောသလို “ အသစ် ” ချည်းပါပဲ ။ ဗမာ အကြောင်း မဟုတ် ။ သူ့ ပတ်ဝန်းကျင် က အမေရိကန် အဖြူ - အမည်းတွေ အကြောင်းတွေ ချည်းပါ ။ သူ ပြောတဲ့ အရှည် အသစ် “ အသည်းညွန့် မှာ ” ဝတ္ထု ဟာ အမေရိကန် က အချမ်းသာဆုံး လူတန်းစား အကြောင်းပါ ။ ဘီလျံနာ တစ်ဦး က သူတို့ ရဲ့ သမီး တွေ ကို လမ်း တစ်ခု ထဲ မှာ မျက်နှာချင်း ဆိုင် ပြီး ခမ်းနားထည်ဝါ ၊ ပစ္စည်းပစ္စယ အစုံ တပ်ဆင် ဖြည့်ဆည်း ထားပြီး လက်ဆောင် ပေးထားတယ် ။ သမီး တစ်ဦး က အလားတူ ဘီလျံနာ တစ်ဦး ရဲ့ သား နဲ့ လက်ထပ် ပြီး အဲဒီ တိုက် တစ်လုံး မှာ နေတယ် ။ ကားတွေ ဘာတွေ လည်း
အပြည့်အစုံ ပေါ့ ။ ဒါကတော့ အမေရိကန် အရင်းရှင် ဘီလျံနာတွေ ရဲ့ အဆောင်အယောင် တွေ ပါ ။ မဆန်းပါ ။ ဒါပေမဲ့ အတွင်း က အိပ်ခန်း ၊ ရေချိုးခန်း က မီးဖိုခန်း ထိ ပစ္စည်း အသုံးအဆောင်တွေ ကို ဘီးတပ်ကုလားထိုင် နဲ့ လူမမာ ဗမာ အဘိုးကြီး မောင်သာရ က ဘယ်လိုလုပ် သိမြင်ဖူး သလဲ ။ သိသမျှ အသေးစိတ် သိ တာပါ ။ အဆင်းရဲဆုံး အမေရိကန် လူမည်းလူမွဲတွေ အကြောင်း လည်း အနုစိတ် သိထားလေ ရဲ့ ။ အဲဒါ မောင်သာရ ပါ ။ ဒါပေမဲ့ -

ဒါပေမဲ့ မောင်သာရ မဟုတ်လား ။ သူ ဟာ ဗမာစာ အရေးအသား အဖွဲ့အနွဲ့ အနိုင်နင်းဆုံး ဝတ္ထုရေး ဆရာ ပါ လို့ ကျွန်တော် ရဲရဲ ပြောရဲ ပါတယ် ။ ရွှေမန်းသား ပီပီ ဝေါဟာရ ကြွယ်ရုံ မက စကား တန်ဆာ အလင်္ကာတွေ က လည်း ကြွယ်ဝ ပါဘိ သနဲ့ ။ ဟုတ်ကဲ့ ၊ ဒီတော့ ဘာ ဖြစ်သ လဲ ။ အမေရိကန်တွေ ရဲ့ လူမှုရေးဘဝ ကို ဗမာ ပီသလွန်း လှ တဲ့ စကားပြေ နဲ့ ရေးဖွဲ့ လိုက်တဲ့ အခါ သူ့ ဝတ္ထုတွေ ဟာ ဗမာ ရသ ပဲ ထွက် နေပါတော့တယ် ။ အဲဒါ သူများတွေ တော့ ဘယ်လို နေမယ် မပြော တတ် ။ စကားပြေ ရသ ကို သဘော ကျ မိတဲ့ ကျွန်တော့် အဖို့ တော့ အမေရိကန် ရသ သိပ် မတွေ့နိုင် ။ မတိုးနိုင် ။ ဒုက္ခပါ ပဲ ။

◾မောင်စွမ်းရည်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၄ ခုနှစ်  ၊ ဇန်နဝါရီလ

#ကိုအောင်နိုင်ဦး

.

 

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၁၂ ) ( ဇာတ်သိမ်း )


 

လမ်းမှာ တွေ့ခဲ့ကြရသော ယာတောင်ရွာသား ဦးကြာပန်း စကား ကို သတိရမိ သွားလေသော ဦးထွန်းလူ မှာ ရောက် ရောက်ချင်း သူတော်ငတေ ဆီ ၌ ဆောက်ထွင်း ခံလိုက်ရ သဖြင့် ဒေါသ လည်း ထွက် သွားသည် ။ ထို့ကြောင့် -

“ ဦးသူတော် ၊ ခင်ဗျား ပြော သလို ဆို ရွှေပန်းထိမ် တိုင်း သူခိုး ချည်းလားဗျ ”

“ ကျုပ် ဘယ်လူ့ ရွှေ မှ မခိုးဘူးဗျာ ”  

“ ဟဲ ဟဲ ခင်ဗျား မို့ အပြော ကောင်း တယ် ၊ ခင်ဗျား နည်းနည်းလေး မှ မခိုး ဘူးလား ၊ ကျုပ် ကို မလိမ်နဲ့ နော် ၊ ငတေ ကို ဘယ်လူ မှ လိမ်လို့ မရဘူးဗျ ၊ ခင်ဗျား နည်းနည်းလေး ဗျာ ၊
နည်းနည်းလေး မှ မခိုးဘူးလား ... မှန်မှန် ပြောစမ်းပါ ၊ ဟဲဟဲ ”

သူတော်ငတေ က တဟဲဟဲ ရယ်၍ ပြောနေသည် မှာ သူ့ ကို တမင် ကျီစယ် ပြော နေသလား ဆိုသည် ကို ယခုမှ သတိထား မိ လိုက်သော ရွှေပန်းထိမ် ဆရာကြီး ဦးထွန်းလူ က လည်း ယခုမှ ရယ်ကျဲကျဲ နှင့် -

“ ပန်းထိမ်တွေ ရွှေခိုးတယ် ဆိုတာ စကား အဖြစ် လောက ဝေါဟာရ ပြော ကြတာပါ ဦးသူတော် ။ ပန်းထိမ်ပညာ မှာ အလျော့တွက် တို့ လက်ခ တို့ ဘာတို့ညာတို့ ဆိုတာ တိတိကျကျ အင်မတန် တွက်ရ ခက်ပါတယ် ကျွန်တော်တို့တောရွာကျေးလက် မှာ လုပ်ကိုင် စားသောက် ကြရတဲ့ ပန်းထိမ်ဆရာတွေ က - ပစ္စည်း ကိရိယာ အရ ပိုပြီး မတိကျ တတ်ကြပါ ဘူး ။ အဲဒါကြောင့် အနည်းအများ ပို တဲ့ အခါ ရှိသလို လို တဲ့ အခါလည်း ရှိ တတ်ပါတယ် ။ အဲသလို ရွေး တစ်ရွေး တစ်ခြမ်း လိုတာတွေ ကို ခိုးတယ်လို့ ပြော ရင်တော့ စောစောက ဦးသူတော် ပြော သလို ကျွန်တော်မျိုး လည်း သူခိုး ထဲ ပါတာပေါ့ နော် ဟဲဟဲ ။ ဒါပေမဲ့ သူခိုးကြီး တော့ မဟုတ်ပါဘူး ခင်ဗျား ၊ ဘုရား ပေးပေး ၊ ကျမ်းပေးပေး ကျိန်ရဲပါတယ် ”

“ ခင်ဗျား အမှန်တွေ ပြောတာ တော့ ကျုပ် သဘောကျ သွားပြီ ၊ အဲဒါကြောင့် ခင်ဗျား ကို ကျုပ် ရွှေ ဖြစ်တဲ့ နည်းလေးတစ်ခု ပေး လိုက်မယ် ၊ မကောင်းဘူးလား ”

“ ဘယ့်နှယ် ပြောပါလိမ့် ဦးသူတော် ခင်ဗျား ၊ ကျေးဇူး မမေ့ပါဘူး ၊ ပေးစမ်းပါ ”

တွေ့စ က သာ ဘုဘောက် ဖြစ်ကြသော်လည်း ယခု မူ လေပေး ဖြောင့် သွား ကြရာ ရွှေပန်းထိမ်ဆရာကြီး ဦးထွန်းလူ မှာ လည်း သူတော်ငတေ က သူ့ ကို ရွှေဖြစ်နည်း ပေးမည် ဆို သဖြင့် ထ ခုန်မတတ် ဝမ်းသာ သွားပုံ ရသည် ။

“ ခင်ဗျား ကို ရွှေ ဖြစ်နည်း ပေးမယ် ဆိုတော့ ရေးပေး မှ ရမယ် ထင်တယ် ၊ ခင်ဗျား ချက်ချင်း ကျက် သွား လို့လည်း ရဖို့ မလွယ်ဘူး ထင်တယ် ၊ ဆရာလေးတို့ မှာ ပေရွက် အပိုများ ရှိကြသေးလား ”

သူတော်ငတေ က ဆရာလေး တို့ ဆို သဖြင့် ကျောင်းသားလေး တစ်ယောက် က သူတော်ငတေ ရှေ့ ရောက် လာသည် ။

“ ဆရာနေဆန်း ပေရွက် အပိုများ ရှိသေးလား ”

“ ပေရွက် အပိုတွေ တော့ မရှိတော့ဘူး ဘဘ ”

“ အဲဒါဆို ဒီ ပန်းထိမ်ဆရာကြီး ကို ရွှေဖြစ်နည်း ရေးပေးရမှာ ခက်နေပါလား ”

“ ကျွန်တော် တို့ မှာ စာအုပ် ခဲတံ ပါ ပါ တယ် ဦးသူတော် ”

သူတော်ငတေ စကား မဆုံးမီ ရွာသူကြီး သွားတိုင်း လယ်ခွန်ယာခွန် တွေ အမြဲ ရေးပေး နေရသော ဆယ်အိမ်မှူး ဦးစိုးအောင် က ဝင် ပြောလိုက်သည် ။

“ ဟေ တယ် ဟုတ်ပါလား ၊ ခဲတံ စာရွက် ခင်ဗျားတို့ ဘယ်က ရလဲ ”  

သူတော်ငတေ က အထိတ်တလန့် မေးလိုက်၏ ။

“ လယ်ခွန် ယာခွန်တွေ ကောက်ဖို့ အတွက် အရေးပိုင်မင်း က ထုတ်ပေး ထားပါတယ် ”

“ အဲဒီ အရေးပိုင် နဲ့ ကျုပ် တွေ့ချင် လိုက်တာဗျာ ”

“ ခဲတံ စာအုပ် တောင်း မလို့လား ဦးသူတော် ”

“ ဘယ် ဟုတ်မလဲဗျ ၊ ကျုပ်တို့ ကျတော့ ခဲတံ စာရွက် မကိုင်ရ လို့ အမိန့် ထုတ် ထားပြီး ခင်ဗျားတို့ ကု,လားဖြူ ကျွန်တွေ ကျ တော့ ဘာလို့ ထုတ်ပေး ထားလဲ မေး မေးပြီး ပါးနား လှိမ့်လှိမ့် ရိုက် ချင်လို့ ” 

အရေးပိုင်မင်း ကို သူကြီး ရှေ့ တွင် ပါးနား လှိမ့် ရိုက်ချင်သည် ဆိုသော သူတော်ငတေ ကို ကြည့်ကာ ဆယ့်နှစ်ရွာပိုင် သူကြီး ဦးကျော်ဇံ က တော့ မျက်နှာ ပျက်နေ၏ ။ အရေးပိုင်မင်း ကို မဆိုထား နှင့် မြို့ပိုင် ၊ တိုက်ပိုင်များ ကို ပင် သူကြီး ၊ ဆယ်အိမ်မှူး ရှေ့ မည်သူ မျှ အမနာပ မပြောဆို ရဲကြ သော် လည်း ငတေ ကား မည်သူ့ ကို မျှ ကြောက်ပုံ မရပါလား ဟု လည်း သူကြီး က အံ့ဩ နေသည် ။

“ ကဲ ကဲ ကု,လားဖြူတွေ လူဝါးဝတဲ့ အကြောင်း ပြောဆို နေလို့ က ပြီးမှာ မဟုတ်သေးဘူး ။ သူခိုးကြီး အတွက် နောင် ကို ဘယ်သူ့ ဆီ က မှ မခိုးဘဲ ရွှေ ရဖို့နည်း က အရေးကြီး နေတယ် ။ သူကြီး အကြံပေး လား ၊ သူကြီး အောက်ဆွဲ လား ခဲတံ စာရွက် နဲ့ ပုဂ္ဂိုလ် ကြီး ရှေ့ တိုးစမ်းပါ ”

“ ရှေ့တိုးစမ်းပါ ” ဟု သူတော်ငတေ က ပြောလိုက်လေ သဖြင့် ဆယ်အိမ်မှူး ဦးစိုးအောင် က မဝံ့မရဲ နှင့် သူတော်ငတေ ရဲ့ ရှေ့ နည်းနည်း တိုး လာ၏ ။

“ ကဲ ရွှေဖြစ်နည်း ရေးတော့ ” 

“ ဟုတ် ဟုတ်ကဲ့ပါ ” 

“ ပြည်ကောင်းအောင် ဆောင်မ ကိုး ရယ် လို့ ၊ ရွှေဒေါင်းတောင် ကလောင် တစ်မျိုး ... ဟာ မဟုတ်သေးဘူးဗျ ၊ ကျုပ် ပါးစပ် က လည်း အကောင်း သာ မထွက်ရင် နေရမယ် ၊ ပေါက်ကရ တော့ အတော် ထွက်တတ်တာ ဗျ ။ ကျုပ် က ပညာတွေ သင်ထားတာ များ နေတော့ ပညာတွေ က လုံးလည်ချာ လည် လိုက်ပြီး ပေါက်ကရ ဖြစ် သွား တာဗျ ။ ကဲ ကဲ သူကြီး အကြံပေးကြီး ရေးတော့ ဗျာ ၊ ကျုပ် ပြောသလို တစ်လုံးချင်း ရေးနော် ။ ပန်းတိမ်ဆရာကြီး
ရွှေ ဖြစ် သွားရင်တော့ ခင်ဗျား လည်း အကျိုး ရှိမှာပေါ့ ဟဲဟဲ ” 

“ ဟုတ်ကဲ့ပါ ဦးသူတော် ”

“ ခေါင်းစဉ် က ဘော်ဝါစားလမ်း တဲ့ ရွှေပန်းထိမ်ဆရာကြီး မှတ်ထားနော် ”  

“ ဟုတ်ကဲ့ပါ ခင်ဗျား ”  

“ ကဲ ရေးတော့ဗျာ ”  

“ ဟုတ်ကဲ့ ”  

“ ပျော်ကြောင်းငယ်ရှာ ဘော်ကောင်းစွာ ချိန်တစ်ကျပ်ကယ် နှင့် ယမ်းစွက်ပါလို့ လေးတူစွာ ယမ်းကုန် လျှင် ကန့်ကို ထူးတဲ့ ပညာ ဆင် ကျောက်ကုန်း ကျား ပုန်းသည့် ပုံသဏ္ဌာန် ၊ ဆင်နင်းပြန် မြွေအန် သည့်အုံး ဖော်နိုင်သူ တစ်ပြည်လုံး တင်းချိန် လို့ သုံး တဲ့ ”

“ ဟုတ်ကဲ့ ”

“ ရေးတာတော့ မှန်ပါတယ်နော် တစ်ခေါက် ဖတ်ပြစမ်းပါဦး ”

သူတော်ငတေ က တစ်ခေါက် ဖတ် ပြပါဦး ဆို သဖြင့် ဦးစိုးအောင် က သူတော်ငတေ မှ ရွတ်ပြသည့် အတိုင်း လိုက် ရေးထားသည် ကို တစ်ခေါက် ဖတ်ပြ လိုက်သည် ။

“ အဲဒါ နာနာနယ ပကိဏ္ဏက ဒီပနီကျမ်း လာ ရွှေဖြစ်နည်း ပဲ ပန်းထိမ်ဆရာကြီး ရဲ့ ”

“ ဟုတ်ကဲ့ ခင်ဗျား ၊ ကျေးဇူး တင်ပါ တယ် ဦးသူတော် ဒါပေမဲ့ ဦးသူတော် ကို တစ်ခု မေးပါရစေဦး ခင်ဗျား ”

ဦးစိုးအောင် လိုက် ကူး ထားသော သူတော်ငတေ စာသား ကို သေသေချာချာ ငုံ့ ကြည့် လိုက်ပြီး ရွှေပန်းထိမ်ဆရာ ဦးထွန်းလူ က ပြောလိုက်၏ ။

“ မေးလေ ၊ ခင်ဗျား ဘာ မေး မလို့လဲ ”

“ ဆင်ကျောက်ကုန်း ကျားပုန်းသည့် ပုံသဏ္ဌာန် ၊ ဆင်နင်းပြန် မြွေအန် သည့်ထုံး ဆိုတာ ဘာကို ဆိုလိုတာလဲ ခင်ဗျား ၊ ယမ်းစွက်ပါလို့ လေးတူစွာ ဆို တာလည်း သဘောပေါက် ပါ တယ် ၊ ယမ်းကုန်လျှင် ကန့်ကိုဖြူး ဆို တာ လည်း ရှင်းပါတယ် ။ အဲဒီ ဆင် ကျောက်ကုန်း
ကျားပုန်းသည့် ပုံသဏ္ဌာန် ဆိုတာနဲ့ ဆင်နင်းပြန် မြွေ အန်သည့်ထုံး ဆိုတာ ဘယ်လို
အဓိပ္ပာယ်တွေ ပါ လဲ ခင်ဗျား ”

“ ဟာ ကျုပ် လည်း ဘယ် သိမလဲဗျ ၊ နာနာနယ ပကိဏ္ဏကကျမ်း မှာ တွေ့လို့ ကျက်ထားတာ ရွတ်ပြတာပဲ ”

သူတော်ငတေ ခွ ပြောပြီ ဆိုသည်ကို သိလိုက် သဖြင့် ဦးထွန်းလူ က ရှေ့ဆက် မမေးတော့ ။

“ ဖော်နိုင်သူ တစ်ပြည်လုံး တင်းချိန်လို့ သုံးလို့ ... ဆိုထားတာပဲ ၊ ခင်ဗျာ ဘာသာ ခင်ဗျား ဖော် ကြည့်ပေါ့ ”

“ ဟုတ်ကဲ့ပါ ၊ ဒါနဲ့ ကျွန်တော် ... ”

“ တော်ပြီဗျာ မမေးနဲ့တော့ ” 

“ မဟုတ်ပါဘူး ဦးသူတော် ၊ ကျွန်တော်တို့ လာရင်း ကိစ္စ က ဒီ ရွှေ ဖြစ်နည်း လာ ရှာတာ မဟုတ်ပါဘူး ခင်ဗျား ”

သူတော်ငတေ နှင့် ဦးထွန်းလူ တို့ ဆက် ပြော နေကြလျှင် သူတော်ငတေ က ဘုတာ တော့ မည် ကို ရိပ်မိ နေ သဖြင့် သူကြီးမင်း ဦးကျော်ဇံ က ဝင် ပြော လိုက်ရ၏ ။

“ ဗျာ အဲဒါဆို ဘာကိစ္စ ”  

“ ဦးသူတော် ဆီ ကျွန်တော်တို့ လာရ တဲ့ ကိစ္စ က ည ည ကျရင် ကျွန်တော်တို့ ရွာ ထဲ ပိတုန်းတွေ ရာချီ ထောင်ချီ ပြီး ဝင် လာပြီး လူတွေ ကို လိုက်တုပ်လိုက်ထိုး နေကြတဲ့ ကိစ္စ ဦးသူတော် အစီအမံ တစ်ခု ခု ဆောင်ရွက် ပေးဖို့ လာ ပြောကြတာပါ ” 

“ ဘာ အစီအမံလဲဗျ ၊ အစီအမံတွေ ဘာတွေ ကျုပ် မလုပ်တတ်ပါဘူး ”  

“ ကျွန်တော်တို့ ကြား ကြပါတယ် ဦးသူတော်ရယ် ၊ ယာတောင်ရွာ ပိတုန်း တွေ ဝင် တုပ်တုန်း က ဦးသူတော် က လုပ်ပေးတယ် ဆိုတာ ”

“ အဲဒါ ဘာအစီအမံ မှ မဟုတ်ပါဘူး ဗျာ မတည့်တဲ့ ဓာတ် ချင်း တိုက် ပေးလိုက်တဲ့ သဘောပါ ။ ခု ခင်ဗျားတို့ ဒီ ကျောင်းဝင်း ထဲ က သရက်ပင်တွေ ကို လိုက်ကြည့် ၊ ဘယ် သရက်ပင် မှာ မှ ခါချဉ်ထုပ် ခါချဉ်တစ်ကောင်မှ မရှိ ဘူးဗျ ။ အဲ့ဒါ ခါချဉ်ကောင်တွေ နဲ့ မတည့်တဲ့ ပြောင်းဖူးပင်တွေ ကို ခါချဉ်ကောင် ရှိ တဲ့ အပင် အောက် စိုက်ထားလို့ပဲ ဗျ ” 

“ ဟုတ်ကဲ့ ၊ ခုလည်း ပိတုန်းတွေ ည ည ရွာ ဝင်လာတဲ့ ကိစ္စကို မတည့်တဲ့ ဓာတ်ချင်း လုပ်ပေးပါ ခင်ဗျား ” 

သူတော်ငတေ့ အား ဆယ့်နှစ်ရွာပိုင် သူကြီး က ပြော၏ ။

“ အဲဒါ လွယ်ပါတယ် သူကြီးမင်း ရယ် ”

“ ဟုတ်ကဲ့ပါ ၊ ဦးသူတော် က တော့ သိတဲ့ တတ်တဲ့ လူမို့ လွယ်ကူပေမဲ့ ၊ ကျွန်တော် တို့ မှာ ဘာ လုပ်ရမှန်း မသိ လို့ အိပ်ရေးပျက်တာ လည်း သုံးလေး ည ရှိနေပါပြီ ဗျာ ၊ အဲဒါ လုပ်ပေးစမ်းပါ ”

“ အေးပါ ၊ ကျုပ် ပြောမယ် ၊ ခင်ဗျား တို့ သေသေချာချာ နားထောင် ”

“ ဟုတ်ကဲ့ပါ ”

“ ပျားပိတုန်း တို့ ဆိုတာ ဘာ ကို စားလဲ ”

“ ပျားပိတုန်း တွေ ဆို တာ ပန်း ကို စုပ် စားပါတယ် ဦးသူတော် ” 

“ ပန်း ဆိုတာ က မွှေး သလား ၊ နံ သလား ”

“ မွှေးပါတယ် ခင်ဗျား ”

“ အေး ၊ အဲဒါ အဖြေပဲဗျာ ၊ ကျုပ် ပြောမယ် ” 

“ ဟုတ်ကဲ့ပါ ”

“ ခင်ဗျားတို့ ရွာ မှာ ရာဝင်အိုးကြီး တွေ တော့ ရှိမှာ ပေါ့ ”

“ ဟုတ်ကဲ့ ၊ အိမ်တိုင်း လိုလို ရှိကြပါတယ် ဦးသူတော် ”

“ ရွာဝင်အိုးကြီး တစ်လုံး ကို ရွာ အလယ် မှာ တည် ၊ ရေ တစ်ဝက် လောက် ထည့် ၊ ပြီးတော့ ခင်ဗျားတို့ တစ်ရွာလုံး ယောက်ျား မိန်းမ ကလေးသူငယ် ပါ မကျန် ယို သမျှ ချေး တွေ ကို အဲဒီ ရာဝင်အိုးကြီး ထဲ ထည့် ၊ ပြီးတော့ ယောက်မ အဲ လှော်တက် ပေါ့ ဗျာ ၊ ထမနဲ ထိုး သလို အားကောင်း မောင်းသန် မင်းယောက်ျားကြီးတွေ က ချေးတွေ ၊ စမြင်းတုံးတွေ ပါ အစေး ပေါက် ကြေ သွားအောင် နာနာ မွှေ ၊ ကြေပြီ ညက်ပြီ ဆိုရင် ဒီအတိုင်း ထား လိုက်တော့ ဒီ ရာသီ လေရူး နှောက်တဲ့ ရာသီ ပဲ ဗျ ၊ ည ကျ လို့ လေရူး လည်း နှောက် လိုက်ရော တစ်ရွာလုံး ချေးစော် နံလာတော့ ရွာ ထဲ ဘယ် ပိတုန်း မှ ဝင် လာမှာ မဟုတ်တော့ ဘူး ။ ဘယ့်နှယ်လဲ အဲဒီ နည်း က မေကောင်းဘူးလား ၊ ဒါ မတည့် တဲ့ ဓာတ်ချင်း တိုက် ပေးတဲ့ သဘောပဲ သူကြီး မင်းရယ် ”

သူတော်ငတေ စကား ကို သူကြီးမင်း ဦးကျော်ဇံ မှာ ကြား ကတည်း က မျက်နှာ မှာ ပျက် နေ၏ ။ သူတော်ငတေ သည် သူတို့ ကို တမင် သက်သက် အရွဲ့ တိုက် ပြောပြီ ဟု ထင် လိုက်သည် ။ လာ မိတာ မှားပြီ ဟု ထင် ကာ ထိုင်ရမလို ထရ မလို နှင့် သုံးယောက် စလုံး အေးမလုပ် အင်းမလုပ် ဖြစ်ကုန်ကြသည် ။

“ ဘယ့်နှယ်လဲ ဗျ ၊ ကျုပ် ပြောတာ ”  

သူတော်ငတေ က ခွ ပြောပြီ ထင် သဖြင့် မည်သူ က မျှ ဟုတ်ကဲ့ မလိုက် ရဲကြ ၊ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက် ၊ သူတော်ငတေ ကို ကြည့် လိုက် နှင့် ယခုအချိန် ထိ နှုတ် ဆိတ် လျက် သာ ။

“ ချေး ဆိုတာနဲ့ ဘာလဲ ခင်ဗျားတို့ က ရွံကြလို့လား ၊ ချေး က လူတိုင်း အူ ထဲ ဗိုက် ထဲ ရှိတာပဲဗျ ၊ ဘာ ရွံစရာ ရှိလဲ ၊ လူချေး ဟာ အင်မတန် ကို ဆေးဖက်ဝင် တယ်ဗျ ။ ခင်ဗျား တို့ မသိ လို့ပါ ၊ မုဆိုးတွေ ရဲ့ တစ်ဆွေ့ခုန် နှစ်ဆွေ့ခုန် မြားဆိပ်တွေ မှာ လူချေးပြာ ပါတယ် ၊ တစ်ဆွေ့ ခုန် မြားဆိပ် ဆိုတာ ဘယ် သက်ရှိ သတ္တဝါ ကို ဖြစ်ဖြစ် ပစ်လိုက် လို့ သွေး ပေါက်တာ နဲ့ တစ်ချက် သာ ခုန် နိုင်ပြီး သေတာ ကို မုဆိုးတွေ က တစ်ဆွေ့ခုန် မြားဆိပ် လို့ ခေါ်တယ် ။ လူချေးပြာ ကို တစ်နေ့ နည်းနည်း နည်းနည်း စား ပေးရင် ကိုးဆယ့် ခြောက်ပါး ရောဂါတွေ ပါ ပျောက် တယ် ။ မယုံလို့ လား သူကြီးမင်း ”  

ဤ တစ်ခါတော့ သူတော်ငတေ ဆီ လာ မိတာ မှားပြီး ထင်သည့် အပြင် အရှေ့ဘက် ကမ်းနား တွင် တွေ့ခဲ့ကြရ သော ဦးကြာပန်း ၏ စကား ကို လည်း သူကြီးမင်း ဦးကျော်ဇံ က ကြား ယောင် လာကာ ပိုပြီး မျက်နှာ မထားတတ် ဖြစ် လာသည် ။

“ အဲဒီတော့ ကျုပ် က ချေး ဟာ ဘယ်လောက် ဝေးဝေး တယ် အာနိသင် ရှိတယ် ၊ ဘာပြီးတယ် ညာပြီးတယ် ဆိုတာတွေ အသာ ထားပြီး ခင်ဗျားတို့ သူကြီးမင်း တို့ လည်း ကြားဖူး မှာပါ ။ ပုဂံပြည်ကြီး က သူဌေးကြီး ဦးကျော်စွာ ဒေါ်သော်တာ တို့ ရဲ့ ရဟန်းကြီး အဇ္ဇဂေါဏ ထွက်ရပ်ပေါက် ပြဒါးလုံး ဖို ထိုးတာ ပုဂ္ဂိုလ် တစ်ဦး က အနှောင့်အယှက် ပေးပြီး ချေး ကျွေးရ မယ် ဆိုတာ ရွှေ ကျွေးရမယ် လို့ ပြင် ရေး ထားခဲ့တာ နဲ့ ရဟန်းကြီး အဇ္ဇဂေါဏ က ကျွေး လိုက်တဲ့ ရွှေတွေ သူ့ ဒကာ ကျော်စွာ နဲ့ ဒကာမ သော်တာ တို့ လည်း မွဲ ၊ နောက် ဘုရင် က သူ့ ဘဏ္ဍာတိုက် က ရွှေတွေ ထုတ် ပြီး လို သလောက် ကျွေး ၊ သုံးနှစ် ပြည့် လို့ ဘာ မှ ဖြစ် မလာရင် မျက်လုံး ကို ဖောက် မယ် ဆိုပြီး အလောင်းအစား လုပ်ကြတာ ချေး ကျွေးရမယ် ဆိုတာ ရွှေတွေ ချည်း ကျွေး နေလို့ ဘုရင့် ဆီ မှာ သုံးနှစ် ပြည့် တော့ မျက်လုံး အဖောက် ခံရ တယ် ဆို မဟုတ်လား ။ နောက်တော့ စိတ် နာနာ နဲ့ ဒီလောက်တောင် ဒုက္ခပေး လှတဲ့ ဓာတ်လုံး ချေးတွင်း ထဲ ပစ်ချ လိုက်တော့ မှ ချေးစား ရ လို့ ဓာတ်လုံး က မြူးပျံ တောက်ပ ရွှေ ဖြစ်တဲ့ အတတ် ကို ရ သွားတာ ဆို မဟုတ် လား ၊ ခု ခင်ဗျား တို့  ရွာ ထဲ ညည ပိတုန်းတွေ ဝင်တုပ် တာ ရွာလယ် မှာ ချေးအိုးကြီး တည်ပြီး လုပ်ရမယ် ဆို တာ နဲ့ သူကြီးမင်း လည်း မျက်နှာ ပျက် ၊ ခင်ဗျား တို့ နှစ်ယောက် က လည်း အသံ မထွက်ကြတော့ဘူး ဆိုတော့ ဒီ နည်း ကို ခင်ဗျား တို့ မကြိုက်ကြတာ သေချာတယ် ၊ ဒီတော့ ငတေ မှာ နည်း တွေ အများကြီးပေါ့ ဗျာ ဟုတ်လား ”  

“ ဟုတ်ကဲ့ပါ ဦးသူတော် ၊ ရွာလယ် မှာ ချေးအိုးကြီး တည် ထားရမယ့် နည်း ကတော့ သိပ် မသင့်တော်ဘူး ထင်ကြလို့ပါ ခင်ဗျား ၊ တခြား နည်းလမ်းလေး ပဲ ပေးပါ ”

“ ခင်ဗျားတို့ က လူပျင်းတွေ ဆိုတော့ ၊ ကဲ အလွယ်ဆုံး နည်း တစ်ခု ပေး လိုက်မယ် ”

“ ဟုတ်ကဲ့ ခင်ဗျား ၊ ကျေးဇူးပါပဲ ”  

“ အဲဒါကတော့ ခင်ဗျားတို့ ဘာမှ မပင်ပန်းဘူး ၊ ရွာဆော်ကြီး တစ်ယောက် နည်းနည်း အာ ခြောက်မယ့် နည်းဗျ ”

“ ဟုတ်ကဲ့ပါ ဦးသူတော် ”

“ ကျုပ် ပေး လိုက်တဲ့ ဂါထာ ကို ခါတိုင်း ရွာဆော် သလို သူကြီး အမိန့် နဲ့ ဆော်ရမယ် နော် ”

“ ဟုတ်ကဲ့ ခင်ဗျား ”

“ ကဲ ၊ ဟို ကု,လားကျွန်တွေ သာ ကိုင်ခွင့် ရတဲ့ ခဲတံ စာအုပ် နဲ့ ပုဂ္ဂိုလ် သေသေချာချာ ကျုပ် ဂါထာကို  ရေးနော် ”

“ ဟုတ်ကဲ့ ခင်ဗျား ”

“ ရွာဆော်ကြီး က ဆယ်အိမ်ခြား ငါးအိမ်ခြား လိုက် ဆော်ရမှာ က တော့ ခါတိုင်း လို ပေါ့ ၊ ဆယ့်နှစ်ရွာပိုင် သူကြီး အမိန့် မင်းရွာသူ မင်းရွာသား များ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် မသိ မကြား မရှိစေရ ၊ ဒူ ဒူ ပေါ့ဗျာ နော် ”

“ ဟုတ်ကဲ့ ခင်ဗျား ”

“ ကဲ ၊ သူတော် ဂါထာ ဆိုတော့ ချင် မအုံ ချင် ခွာချပေါ့ ဗျာ နော် ”

“ ဟုတ်ကဲ့ပါ ဟဲ ဟဲ ” 

“ ဂါထာ စာကိုယ် နော် ၊ သေသေချာချာ ရေးတော့ ” 

“ ဟုတ်ကဲ့ပါ ”

“ မင်းရွာသူ မင်းရွာသားများ ကိုယ့် အပြစ် ကိုယ် သိ ငတိ သူတော် ကျောက်ခေါင်းပျော် ၊ သူတော် မယား ”

“ ကျောက်ခေါင်းပျော် ဆိုတာ က ကျွန်တော်တို့ မြစ်နား က ကျောက်ခေါင်းတောင် ကို ဆိုလိုတာလား ဦးသူတော် ”

“ တောက် ၊ ခင်ဗျား ပါးစပ် ပိတ်ထား စမ်း ၊ ဂါထာ ရေးနေပါတယ် ဆို ၊ ဒါ ခင်ဗျား အလုပ်လား ”

သူတော်ငတေ က ဟောက်လိုက် သဖြင့် ဆယ်အိမ်မှူး ဦးစိုးအောင် မှာ မော့ ကြည့်ပြီး မေးနေရင်း က ခေါင်းငုံ့ နှုတ်ဆိတ် သွား၏ ။

“ ကဲ ထပ်ရေး ၊ နောက် မမေးနဲ့နော် ” 

“ ဟုတ်ကဲ့ပါ ဦးလူတော် ၊ မသိလို့ပါ ”  

“ ရှည်ပြန်ပြီး ရေး ဆို ရေး တော့ ”  

ဤ တစ်ခါတော့ ဦးစိုးအောင် က ဘာမှ မပြောတော့ ။ သူ ကိုင် ထားသော ခဲတံ ကို တံတွေး တစ်ချက် တို့ လိုက် ကာ အသင့် ပြင်ထား၏ ။

“ မင်းရွာသူ မင်းရွာသားများ ၊ ကိုယ့် အပြစ် ကိုယ် သိ ၊ ငတိ သူတော် ကျောက်ခေါင်းပျော် ၊ သူတော်မယား ကျောက်ခေါင်းသွား ၊ သွား သွား မြန် မြန်သွား ဒီနေ့ ည မှာ အမြန်သွား ဂါထာ က တော့ ဒါပဲ သူကြီးမင်း ”  

“ ဟုတ်ကဲ့ ခင်ဗျာ ”

“ အဲဒီ ဂါထာ ရွာဆော်ကြီး ကို အရ ကျက် ခိုင်းပြီး နေ မဝင်မီ ရွာ ကို ဆော် ခိုင်းလိုက် သူကြီးမင်း ။ ဒါဆို ခင်ဗျားတို့ ရွာ ကို ဘယ် ပိတုန်း တစ်ကောင် မှ မလာတော့ဘူး ”

“ ဟုတ်ကဲ့ပါ ဦးသူတော် ၊ ကျေးဇူး တင်ပါတယ် ”

“ ဘာ ကျေးဇူးမှ တင် မနေနဲ့ ပါတာသာ ပေးထားခဲ့ကြ ၊ ဟဲ ဟဲ ”  

သူတော်ငတေ က ပါ တာ ကို ပေး ထားခဲ့ကြ ဆိုသဖြင့် သူကြီးမင်း ဦးကျော်ဇံ က ငှက်ပျောသီး သုံးဖီး ၊ ဆေးရွက်ကြီး တစ်စည်း နှင့် ကြံသကာထုပ် တစ်ထုပ် ကို ဘုန်းကြီး ကပ် သလို ကို ရိုသေသေ ပေးကပ်ပြီး မတ်တပ် ထ လိုက်ကြသည် ။

“ ကဲ ကျွန်တော်တို့ ကို ခွင့်ပြုပါဦး ဦးသူတော် ”

“ ကောင်းပါပြီဗျား ကြွကြတော့ ” 

သူတော်ငတေ က ကြွကြတော့ ဆို သဖြင့် မင်းရွာသူကြီး ဦးကျော်ဇံ တို့ သည် သူတော်ငတေ ၏ ဖိုရုံ ရှေ့ ကွပ်ပျစ် ပေါ် မှ ဆင်းလာကြ ရာ ခြေလှမ်း ငါးလှမ်း ပင် မပြည့်သေး ၊ သူတော်ငတေ က

“ ဟေ့ ဟို ပန်းထိမ်ဆရာခဏ ခဏ ” 

ဟု ဆိုလိုက် သဖြင့် သုံးယောက် စလုံး ခြေလှမ်း ရပ်ပြီး ပန်းထိမ် ဆရာကြီး ဦးထွန်းလူ က သူတော်ငတေ ဘက် လှည့် ကြည့် လိုက်သည် ။

“ ပန်းထိမ်ဆရာကြီး ကျုပ် နည်း နဲ့ ရွှေ ဖြစ်ရင်တော့ ကျုပ်ကို မမေ့ပါနဲ့ နော် ”

“ စိတ်ချပါ ဦးသူတော် ၊ ဦးသူတော် ပေးတဲ့ နည်း နဲ့ ရွှေ ဖြစ် လာရင် ဦးဆုံး ဦးသူတော် ဆီ ကို လာကန်တော့ပါ့မယ် ခင်ဗျာ ”

“ အေး ခင်ဗျား တော့ မသိဘူး ၊ ကျုပ် တပည့်တွေ က တော့ အဲဒီ နည်းနဲ့ ရွှေဖြစ် ငွေဖြစ် ဖြစ်ကုန်ကြလို့ ခင်ဗျား ကို ပေးတာ ”

“ ဟုတ်ကဲ့ ၊ ဦးသူတော် တပည့်တွေ က ရွှေဖြစ် ငွေဖြစ် တောင် ရှိနေကြပြီ ဆိုတော့ ခု ဦးသူတော် အဆင့် က ကော ခင်ဗျား ဘာတွေ ဖြစ် နေပြီလဲ ”

“ ကျုပ် က လား ”

“ ဟုတ်ကဲ့ ”

“ ဘာမှ မဖြစ်လို့ ခု ဖိုဆွဲဟယ် ၊ ပြာ ဟယ် လုပ်နေတာပေါ့ဗျ ဟဲဟဲ ”

ထိုအခါမှ သူတော်ငတေ နောက် မှန်း သိသဖြင့် ဦးထွန်းလူ တို့ မှာ တဟဲဟဲ ရယ်ပြီး ကျောင်းဝင်း ထဲ က ထွက်လာ ကြလေသည် ။

“ အရူး ကို လင် လုပ်ရတယ် ဆိုတာ ဒီ သူတော်ငတေ လို လူမျိုး နဲ့ စကား ပြော ရတာမျိုး ဖြစ်မယ်နော် ဦးလေး ”

“ ဟဲဟဲ အေးကွ ၊ တကယ် အပေါင်းရ အသင်းရ ကျပ်မယ့် ငတေ ပဲ ၊ အဲဒါကြောင့်လည်း ဦးကြာပန်းကြီး က တို့ ကို ပြောတာ ဖြစ်မယ် ”

ဦးထွန်းလူ ၏ အမေး ကို သူကြီး ဦးကျော်ဇံ က လည်း ရယ်ပြီး ပြန်ပြော၏ ။

“ သူ ပြောတာတွေ တကယ်ကော ဟုတ်နိုင်ပါ့မလား နော် သူကြီး ”

“ အေးလေကွာ ၊ ဘာပဲဖြစ်ဖြစ် ဟုတ် မဟုတ်တော့ လုပ်ကြည့်ကြရ မှာပေါ့ ”

ဦးစိုးအောင် ၏ မယုံသင်္ကာ စကား ကို သူကြီးကျော်ဇံ က တော့ လုပ်ကြည့်ရမည် ဟု ဆိုသည် ။

ယာတောင်ရွာ ဘက် ဆီ မှ စကား တပြောပြော နှင့် လျှောက်လာခဲ့ကြရာ နေ မွန်း မတည့်မီ ပင် သူတို့ မင်းရွာ သို့ ရောက်လာကြ၏ ။

သူကြီး ဦးကျော်ဇံ ပြောသလို ဟုတ်သော် ရှိ မဟုတ်သော် ရှိ လုပ်ကြည့်ကြ ရမည် ဖြစ်ရာ မင်းရွာ ကို ရောက်သည် နှင့် ရွာဆော်ကြီး ဦးရွှေဗန် ကို ခေါ် ကာ သူတော်ငတေ ပြော ပေး လိုက်သော ရွာဆော်ဂါထာ ကို အလွတ် ကျက်စေပြီး နေ မဝင်မီ ရွာ ကို ဆော်ဩရန် သူကြီးမင်း က အမိန့် ချမှတ် လိုက်လေသည် ။

သူကြီးမင်း အမိန့် အတိုင်းပင် ရွာဆော်ကြီး ဦးရွှေဗန် က လည်း ငါးအိမ်ကြား တစ်ခါ ၊ ဆယ်အိမ်ကြား တစ်ခါ သူ ၏ ရွာဆော်ဂါထာ နှင့် တစ်ရွာလုံး ကို လျှောက်ပြီး ကြေးနင်း မောင်းလည် ဆော် ခတ် ရတော့သည် ။

“ ဆယ့်နှစ်ရွာပိုင် ရွှေစလွယ်ရ သူကြီးမင်း အမိန့် မင်းရွာသူ မင်းရွာသားများ မသိ မကြား မရှိစေရ ”  

“ မင်းရွာသူ မင်းရွာသားများ ၊ ကိုယ့် အပြစ် ကိုယ်သိ ၊ ငတိသူတော် ကျောက်ခေါင်းပျော် ၊ သူတော်မယား ကျောက်ခေါင်းသွား ၊ သွား သွား မြန်မြန်သွား ဒီနေ့ ည မှာ မြန်မြန်သွား ... ” 

ရွာဆော်ကြီး ဦးရွှေဗန် သည် သူကြီးမင်း အမိန့် အတိုင်း ဆယ်အိမ်ကြား ငါးအိမ်ကြား တစ်ခါ သူတော်ငတေ ၏ ဂါထာ နှင့် ရွာ ကို ဆော်ဩနေသည် ။

မင်းရွာသူ မင်းရွာသားများ မှာ ဘာမှန်း မသိသဖြင့်

“ ဦးရွှေဗန် ခင်ဗျား ရွာဆော်တာ က လည်း ခါတိုင်းလို မဟုတ်ပါလား ၊ ဘယ်လိုလဲဗျ ၊ ဘာအဓိပ္ပာယ်လဲ ၊ ငတိ သူတော် ကျောက်ခေါင်းပျော် ဆိုတာ ”  

ဟု လိုက် မေးကြ၏ ။

“ မသိဘူးလေဗျာ ၊ ကျုပ် က လည်း သူကြီး ဆော်ခိုင်းတဲ့ အတိုင်း ဆော် ရ တာ ” 

ဦးရွှေဗန် က လည်း မေးလာ သမျှ လူများ ကို ဤသို့ သာ ပြောရ၏ ။ အမှန်တကယ် လည်း ဘာ အဓိပ္ပာယ် ဆိုသည် ကို သူ မသိ ၊ ထို့ကြောင့်လည်း တစ်ရွာလုံး ကို လျှောက် ၍ မောင်း တဒူ ဒူ နှင့် သူကြီး အမိန့် အတိုင်း လိုက် အော် လိုက် ဆော် နေရလေသည် ။

“ ဆယ့်နှစ်ရွာပိုင် ရွှေစလွယ်ရ သူကြီး အမိန့် .. ”

“ မင်းရွာသူ မင်းရွာသားများ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မသိ မကြား မရှိစေရ ” 

“ မင်းရွာသူ မင်းရွာသားများ ၊ ကိုယ့် အပြစ် ကိုယ်သိ ၊ ငတိသူတော် ကျောက်ခေါင်းပျော် ၊ သူတော်မယား ကျောက်ခေါင်းသွား ၊ သွား သွား မြန်မြန်သွား ဒီနေ့ည မှာ မြန်မြန်သွား ” 

ဆယ်အိမ်ကြား ငါးအိမ်ကြား ကို ရွာဆော်ကြီး ရောက်တိုင်း ကြား သူများ ညည ပိတုန်းတွေ ရွာ ထဲ ဝင် တုပ် လို့ လူတွေ ချောက်ချောက်ချားချား ဖြစ်နေကြရတဲ့ ထဲ သူကြီး က လည်း ဘာ ဆော်ခိုင်းမှန်း မသိ နဲ့ ၊ အားလုံးတော့ ဒုက္ခ ရောက်ကုန်ကြ တော့မှာပဲ ဟု ပြောသူတွေ က ပြောကြသည် ။

ထို့ကြောင့်လည်း တချို့ ကြောက် တတ်သူများ ဆို လျှင် ရွာ ထဲ ၌ ပင် မအိပ်ဝံ့ကြတော့ ဘဲ နွားတင်းကုပ် ၊ ကောက်ရိုးပုံ ၊ လယ်တဲ ယာတဲ ထွက် အိပ်ကြသည် အထိ ဖြစ်ကုန်ကြသည် ။

ဆယ့်နှစ်ရွာပိုင် သူကြီးဦးကျော်ဇံ နှင့် ရွာလူကြီးများ မှာ လည်း သူတော်ငတေ က ဤသို့ ဆော်လိုက်ပါ ဆို၍ သာ ရွာဆော်ကြီး ကို ဆော်ဩ ခိုင်းရ သော်လည်း ဟုတ်မှ ဟုတ်ပါ့မလား ၊ လွန်ခဲ့သော နှစ်နှစ် ခန့် က မင်း ရွာ ကာလသားများ နှင့် ယာတောင်ရွာ က ကာလသားများ
တန်ဆောင်မုန်းလ ကထိန် ပွဲ တွင် ဒိုးပတ် အပြိုင် တီးကြရင်း က ခိုက်ရန် ဒေါသ ဖြစ်ခဲ့ဖူး ကြသည် ။ ထိုစဉ် က လည်း သူတော်ငတေ ၏ တံပူပျံ တွေ က မင်းရွာ ကာလသားများ ကို လိုက်ထိုး သဖြင့် ပြေးလာ ခဲ့ကြရသော အကြောင်း ဖြစ်ပျက် ရှိထားခဲ့ကြရာ ယခု သူတော်ငတေ သည် သူတို့ ရွာ ကို ထို အငြိုး နှင့် များ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်အောင် စီမံ ပေး လိုက်တာလား ဟူ သော သံသယ နှင့် ရွာ ၏ အခြေအနေ ကို စောင့်ကြည့် နေကြရ လေသည် ။

ရွာ ထဲ ရှိ ရွာသူရွာသားများ မှာ မူ လွန်ခဲ့သော ညများ က လို မိုးချုပ် သည် နှင့် ပိတုန်းကောင်များ ရွာ ထဲ ကို ဝင် လာ ကြမှာ အကြောက်ကြီး ကြောက် နေကြ သဖြင့် မိုး မချုပ်ခင် က ပင် အိမ် ထဲ ဝင် တံခါး ပိတ်ကာ တိတ်ဆိတ် ငြိမ်ကုပ် နေကြသည် ။ ထို့ကြောင့် ရွာလယ်လမ်း နှင့် ခြံတွင်း အိမ်ပြင် တွင် မည်သူမျှ မရှိကြ ။

အိမ်ခြေ ငါးရာကျော် ရှိသော မင်းရွာ မှာ လူသံ သူသံ ပင် မကြားရဘဲ ချောက်ချားစရာ ကောင်းလောက်အောင် တိတ်ဆိတ် နေလေသည် ။ ရွာ ၌ တာဝန်ရှိသူ သူကြီး နှင့် ရွာ လူကြီးများက သာ ရွာ ၏ အခြေအနေ ကို စောင့်ကြည့် အကဲခတ် လျက် ရှိနေကြ၏ ။

သည်လိုနှင့် ပင် သူငယ်ခေါင်းချ ကြက်တွန်သံများ ကို သာ ကြားကြရပြီး ဟိုနေ့ ဟိုနေ့တွေ က လို မင်းရွာ ထဲ ပိတုန်း ဆို ၍ တစ်ကောင် တစ်မြီး မှ ဝင် ရောက် လာသည် ကို မမြင် မတွေ့ ကြရ တော့ မှ သူတော်ငတေ ၏ အစွမ်း ကို သိသွားကြ လေ သတည်း ။

    ( ပြီး ပါ ပြီ )

◾ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင်

#ကိုအောင်နိုင်ဦး

.

မေမေကြီးကြီး


 

❝ မေမေကြီးကြီး ❞

ကျုပ် မှာ ကျုပ်တို့ တူ တူမတွေ အားလုံး က မေမေကြီးကြီး လို့ ခေါ်ရတဲ့ ကြီးဒေါ်ကြီး တယောက် ရှိတယ် ။

ကျုပ် ရဲ့ အမေ့ မှာ မွေးချင်း ညီအမ ငါးယောက်ကြီးများ တောင် ရှိခဲ့ပေမယ့် ကျုပ် အမေ အ ပါအဝင် အိမ်ထောင် ရှိတဲ့ ညီအမ သုံးယောက်လုံး က ကျတော့ ရှားရှားပါးပါး သားသမီး တယောက် စီ ပဲ မွေး ခဲ့တယ် ။ အမေ့ အောက် က ကျန် နှစ်ယောက် ဆိုရင် တယောက် က အိမ်ထောင် ရှိရက် နဲ့ သားသမီး လုံးဝ မထွန်းကားဘူး ။ အမေ့ ညီမ အငယ်ဆုံး ကျတော့ သက်ဆုံး တိုင် အပျိုကြီး ဘဝ နဲ့ အရိုး ထုတ်တယ် ။ မျိုးဆက် ကို ပြတ်ကရော ။

ဆိုတော့ကာ ကျုပ် မှာ တဝမ်းကွဲ ဆိုပါတော့ ။ ညီမ နှစ်ယောက် ရှိတယ် ။ ကြုံရပုံ က ကျုပ်တို့ မောင်နှမ သုံးယောက် ကို လဲ အမေ တွေ က ချိန်းဆို တိုင်ပင်ပြီး မွေးကြ လေရော့သလား အောက်မေ့ရတယ် ၊ တယောက် နဲ့ တယောက် က မီးဝင် မီးထွက် တွေ ချည်းပဲ ။ ပြီးတော့ အဲဒီ ခေတ် က အခုခေတ် လို မဟုတ်ဘူး ။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန် ကြီး ကြတော့ ၊ ကျုပ်တို့ အဖိုးအဖွား မိဘ အရိပ် အောက် မှာ သည် တပြုံတမကြီး က ဥမကွဲ သိုက်မပျက် နေကြတယ် ။ အတောင်အလက် တွေ စုံ ၊ ပညာ တွေ တတ် ၊ အလုပ်အကိုင် တွေ ရ ၊ အိမ်ထောင်တွေ ကျ ကြ လဲ ရေကြည်ရာ မြက်နုရာ ခွဲခွါ မသွားကြဘူး ။ ဘိုးဘွားပိုင် အုတ် တံတိုင်း ကာ ဧရာမ ခြံဝန်းကျယ်ကြီး တကွက် ထဲ မှာ ပဲ ကိုယ့် သီးသန့် အိမ်ကလေးတွေ နဲ့ ကိုယ် နေ ကြတယ် ။ ကျုပ် အဒေါ်တွေ နဲ့ အိမ်ထောင် ကျ ကြတဲ့ ကျုပ် ဦးဦးတွေ က လဲ ကျုပ် အထင် ပြောရရင် တော့ နဖါးကြိုး အထိုး ခံ ထမ်းပိုး အကျင့် သူတော်ကောင်းတွေ ချည့်ပါပဲ ။ အဲ … ကုသိုလ်ကံ ညံ့ တဲ့ ကျုပ် တယောက် ပဲ … ကျုပ် မမွေးခင် ကျုပ် အမေ နဲ့ ကျုပ် အဖေ ကတောက်ကဆ ဖြစ်ကြပြီး ၊ ကျုပ် အဖေ ဖျာလိပ် ထွက် သွား ရတယ် ။ ကျန် တဆွေတမျိုးလုံး ကတော့ တစည်းတလုံး တည်း ပဲ ။

အဲ … ခြံ ရဲ့ ရာဟုထောင့် မှာ က လဲ လျှာထိုးပျဉ်ချပ် ဆယ့်ငါးချပ်ဆင့် အမြင့် တံခါး နဲ့ လှောင် ထားတဲ့ စပါး ကျီ ရှိတယ် ။ အဖွားပိုင် အရှေ့တော ( ပုသိမ်ကြီး ၊ ဇီးချိုကုန်း ၊ ချောင်းပန်း ၊ နှမ်းကြဲ တဝိုက် ) က လယ်တွေ ကို သီးစား ချထား လို့ ရသမျှ စပါးတွေ အကုန် သည် ကျီ ထဲ ထည့် ထားတာပါ ။ ဒါ အများပိုင် ပဲ ။ တဆွေလုံး တမျိုးလုံး တခြံလုံး အချိန် မရွေး ထုတ်ယူ ကြိတ်ခွဲ စားသုံးပိုင်ခွင့် ရှိ တယ် ။ ရှေးစကား ‘ လက်ရေ တပြင်စီး ’ ဆိုပါတော့ ။

ဆိုတော့ကာ ကျုပ် တို့ မောင်နှမ သုံးယောက် ကြီးပြင်း လာခဲ့ရပုံ ကို ခန့်မှန်း ကြည့်လို့ ရနိုင်ပါလိမ့်မယ် ။ ကျုပ်တို့ ကို ကြုံရာ အိမ် မှာ ကြုံရာ အမေ က နို့ လှန် တိုက်တာပဲ ။ ဘယ် အဒေါ် ဘယ် အမေ က မှလဲ သူ့ ကလေး ကိုယ့် ကလေး ခွဲခြား မနေဘူး ။ ကျုပ် တို့ က လဲ အတော် သိတတ်တဲ့ အရွယ် အထိ ကြုံရာ အမေ့ နို့ ကို စို့တာပဲ ။ ကျုပ် က မောင်နှမတွေ ထဲ မှာ အကြီးဆုံး ဆို တော့ ပို ဆိုး တာပေါ့ ။ ကျုပ် အမေ က စနစ် ကြီးတော့ ကျုပ် အခါလည်တာ နဲ့ နို့ ဖြတ်ပြီ ။ ပရုပ်ဆီတွေ လူး ထားပြီး လုံးဝ မတိုက်တော့ဘူး ။ ဒါပေမယ့် …  သူများ နို့ စို့ တာ ကို ငေးကြည့်ပြီး ကျုပ် နှုတ်ခမ်း လိုက် လှုပ်တာ မြင်ကြတော့ ကျန်တဲ့ အဒေါ်တွေ က အမေ့ ကွယ်ရာ မှာ ခိုး တိုက် ကြတယ် ။ ပြီး ခြံ ထဲ မှာ ပဲ ၊ ရိုက်ဖြတ်စင် အောက် မှာ နွားစားကျင်း နဲ့ နိုးစားနွားမ နှစ်ကောင် က လဲ မွေးထား လိုက်သေးတယ် ။ လူကြီးတွေ အတွက် ရော ကျုပ်တို့ အတွက် ရော နို့ က တော့ အလျှံပယ် ပဲ ။

ဆိုတော့ကာ ကျုပ်တို့ က အမေ တွေ အဒေါ် တွေ အားလုံး ကို မေမေ တပ် ခေါ်ကြရတယ် ။ “ ကြီးကြီး ” “ ဒေါ်ဒေါ်  ” မခေါ်ရဘူး ။ မကြိုက် ကြဘူး ၊ ကွပ်ညတ်တယ် ။ အမေ မခွဲခြားရဘူး တဲ့ ။ သည်တော့ … ဗဟို အုဋ္ဌ်ခံ အိမ်မကြီး ရဲ့ ဘယ်ဘက် မျက်စောင်းထိုး ခြံ ရဲ့ တနင်္ဂနွေထောင့် က အိမ် မှာ နေတဲ့ ကျုပ် ညီမ ဝမ်းကွဲ အကြီးမ ရဲ့ အမေ ကို … အမေတို့ ညီအမ ငါးယောက် ထဲ မှာ လဲ အကြီးဆုံး ဖြစ်တဲ့ အတွက် ‘ မေမေကြီးကြီး ’ လို့ ကျုပ်တို့ က ခေါ်ကြ ရတယ် ။ နောက် ညာဘက် မျက်စောင်းထိုးခြံ ရဲ့ အင်္ဂါထောင့် က အိမ် မှာ နေတဲ့ ညီမ အငယ်မ ရဲ့ အမေ ကို ကျ တော့ ‘ အိမ်ရှေ့မေမေ ’ ခေါ် ရတယ် ။ အိမ် ရဲ့ ညာတောင်ပံ တောင်ဘက် က အိမ် မှာ နေတဲ့ သားသမီး မထွန်းကား တဲ့ အဒေါ်ငယ် ကို ကျတော့ ရွှေဘိုသား နဲ့ ညား တဲ့ အတွက် ‘ ဘိုမေမေ ’ ခေါ်ကြ ရတယ် ။ အိမ်မကြီး ရဲ့ မြောက်ဖက် ဘယ်တောင်ပံ အိမ် မှာ နေတဲ့ ကျုပ် အမေ ကို တော့ ကျုပ် က ကျုပ် ညီမတွေ ခေါ်သလို “ လေးမေမေ ” လို့ မခေါ်ရ ပဲ ‘ အမ ’ လို့ ပဲ ခေါ်ရတယ် ၊ ကျုပ်တို့ အညာ မှာ ၊ တောဘက် မှာ ပေါ့ နော် … များသော အားဖြင့် အမေ ကို ‘ အမ ’ လို့ ခေါ်တတ်ကြ တာပါပဲ ။ ကျုပ် က မြေး ထဲ မှာ လဲ အကြီးဆုံး ၊ အမေ က လဲ အပျိုတပိုင်း ပြန် ဖြစ် နေပြီ ဆိုတော့ ‘ အမေ ’ အခေါ် မခံချင်လို့ မဟုတ်ပါဘူး ။ ကျုပ် အဖွား ကိုယ်တိုင် က သူ့ ကို လဲ မြေး အားလုံးက ‘ အမေ ’ ခေါ် မှ ကြိုက်တာကိုး ။ ကျန်တဲ့ မြေးမ နှစ်ယောက် က တခါတရံ ယောင်ယောင်ပြီး ‘ အဖွါး ’ ခေါ်မိ ရင် နည်နည်း လောက် မျက်နှာထား တင်း ပြပြီး ‘ ဟင်း ’ ရုံပဲ ‘ ဟင်း ’ တယ် ။ ကျုပ် ကို ကျ တော့ တအိမ် ထဲ အတူ နေမို့ လုံးဝ ယောင်ခွင့် မပြုဘူး ၊ ချက်ချင်း ပြင်ခေါ် ခိုင်းတယ် ၊ နော့ … ကျုပ် ကို လဲ အချစ်ဆုံး ကို ။ သူ့ မှာ က မွေးခဲ့တာ သမီးချည့် ငါးယောက် ။ မြေး ကျ တော့ လဲ ယောက်ျားကလေး က ကျုပ် တယောက် တည်း ။ ပြောလို့သာ မြေး လို့ ပြောရတာကို ။ လက်တွေ့ က ကျုပ် က အဖွါး လက် ပေါ် မှာ ပဲ ကြီး ရတာရယ် ။ အားလုံး က လဲ ‘ မနာလိုစွာ ’ အသိအမှတ် ပြုကြပါတယ် ။ ကျုပ် က အဖွါး ရဲ့ ‘ အသည်း ’ တဲ့ ။

ဆိုတော့ကာ ကျုပ် မှာ အမေ တွေ က ဖေါခြင်းသောခြင်း ။ အဖွါး နဲ့ အတူနေ … လိုတာ မရ ရတာ မလို လို့ အပျိုကြီး ဖြစ်နေရတဲ့ ‘ မေမေထွေး ’ ကလဲ ကျုပ် စာ မကျက်ချင် ရင် လူ မ မြင်အောင် ပေါင်တွင်းကြော လိမ်ဆွဲ တတ်တဲ့ အတွက် ကျုပ် က ကျိတ် ပြီး မုန်း နေပေမယ့် … အမေ တယောက် ပါ ပဲ ။ လက်ချိုး ရေကြည့် ရင် ကျုပ် မှာ အမေ ခြောက်ယောက် ရှိတယ် ။ အဲသည် အထဲ မှာ အမေ သုံးယောက် ၊ ကျုပ် အမေရင်း အပါအဝင် က ကျောင်းဆရာမတွေ ချည့်ပဲ ။ မေမေကြီးကြီး နဲ့ ရတာ ၊ ဘိုမေမေ နဲ့ ရတာတွေ က လဲ ကျောင်းဆရာတွေ ပဲ ။ အိမ် ရှေ့ မေမေ က သာ ကုန်သည်ပွဲစား နဲ့ ရပြီး ၊ ကျုပ် အဖေ က လဲ ကျောင်းဆရာ မဟုတ် ၊ သာမန် အောက်တန်း စာရေးကလေး သာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဆိုတော့ကာ … အစကို ပြန် ကောက်ရရင် မေမေကြီးကြီး အကြောင်း ကို ပြော မလို့ …  ။ မေမေကြီးကြီး နဲ့ ရတဲ့ ယောက်ျား က ကျောင်းဆရာ ဆိုပေမယ့် မန္တလေးဇာတိ မဟုတ်ဘူး ။ မြေလတ်ပိုင်း မြို့ငယ်လေး တမြို့ က အလယ်တန်းကျောင်း ရဲ့ ကျောင်းအုပ် ။ ရာထူး တက်ပြီး မန္တလေး ပြောင်း လာတာ တဲ့ ။ ရပုံ ရနည်း က တော့ ကျုပ်တို့ လဲ ဘယ် သိပါ့မလဲ ။ ဒါပေမယ့် မေမေကြီးကြီး က ကိုယ့် ယောက်ျား ကိုယ် ဆရာကြင် ဆရာကြင် နဲ့ ဆရာ တပ် ခေါ် တတ်တာ ကို ထောက်လို့ ရယ် ၊ အသက်ချင်း ကလဲ တပြန်လောက် ကွာပုံ ရတာ ကို ထောက်လို့ ရယ် …  ကျုပ်တို့ မေမေကြီးကြီး ခဏခဏ စိတ် ကောက်ပြီး ထမင်းဟင်း မချက်ပဲ မစားပဲ နေရင် လိုက် လိုက် လာပြီး ချော့မော့ နှစ်သိမ့် နေရတတ်တာ ရယ် ကို ထောက်ချင့် ကြည့် ရင်တော့ ကျောင်း မှာ ဆရာ တပည့်များ ဖြစ်ခဲ့ဖူးမလား မပြောတတ်ဘူး ၊ ထားပါလေ …  ။ ဒါက အရေး မကြီးပါဘူး ။ သေချာတာ က တော့ မိန်းမ ငယ်ငယ်ကလေး ယူ ထား တာ ရယ် ၊ မန္တလေး ဇာတိ မဟုတ်တာ ရယ် ကြောင့် ဘယ်မှာ အိုးခွဲအိမ်ခွဲ နေလို့ ရမလဲ ။ ကျုပ် တို့ ‘ ချမ်းဧသာစံ ’ ခြံထဲမှာ ပဲ ပေါင်း နေရမှာပေါ့ ။ နောက် ကျုပ် နည်းနည်း ကြီးလာတော့ မှ အကြောင်း သိရတယ် ။
မေမေကြီးကြီး မကြာခဏ စိတ် ကောက်တတ်တာ ၊ အမေ့ အိမ် ဆင်းလာပြီး ငိုတာ အိပ်တာတွေ က နောက်ကြောင်း မရှင်း မရှင်း ဇာတ်ထုပ် အရှုပ် ရှိလို့ ကိုး … ။ ဆရာကြင် က သူ တို့ မြို့ကလေး မှာ သားကြီး မယားကြီး ရှိသတဲ့ ။ သားကြီး နှစ်ယောက် က ဆိုရင် အလုပ်အကိုင် တွေ နဲ့ ဆိုပဲ ။ ဒါပေမယ့် ပေါင်းလဲ မပေါင်းတော့ ပါဘူး ၊ အဆက်အသွယ် လဲ မရှိတော့ပါဘူး ပြောတာပဲ ။ ကျုပ် အမြင် မှာ တော့ ဟုတ်သားပဲ ။ ဆရာကြင် မန္တလေး က တဖဝါး မှ ခွါတာ မတွေ့ပါဘူး ။ တနင်္ဂနွေ နဲ့ ဥပုသ်နေ့ ကျောင်းပိတ်တဲ့ ရက်တွေ မှာ ရော ၊ နွေရာသီ ကျောင်းရက်ရှည် ပိတ်ရက်တွေ မှာ ရော နှစ်အိမ် ကြား က မန်ကျည်းအချိုပင်ရိပ် ကွပ်ပျစ် ပေါ် မှာ စာအုပ် တပုံ ကျောက်သင်ပုန်း တချပ် နဲ့ ထိုင် ဗေဒင် တွက် နေတော့ မြင်တာပဲ ။ အဲ .. တခု တော့ ရှိတယ် ။ ဘိုမေမေ့ ယောက်ျား ကျောင်းဆရာ လို ၊ အိမ်ရှေ့ နေ မေမေ ရဲ့ယောက်ျား ကျောက်ပွဲစား လို တော့ ကျုပ်တို့ ကလေးတွေ နဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေလေ့ မရှိဘူး ။ ကျုပ်တို့ တတွေ က လဲ သူ့ သမီး အရင်း ကိုယ်တိုင် ရဲ့ ဖေါက်သယ်ချထားချက် အရ ဟို့ မွေးကင်းစ လွန်လာခဲ့ ကတည်း က သည် ဘကြီးကြင် ကောက်တည့်ပြီး ပွေ့ချီ လိုက် မှာ ဖက်ရမ်း နမ်းရှုံ့ လိုက်မှာ ကို .. သူ့ ဗန္ဓုလ နှုတ်ခမ်းမွေးကြီး ကြောင့် တအား ကြောက်ပြီး ပြေး တတ်ကြတာ ။

ဆိုတော့ကာ …  ဇာတ်လမ်း ကို မြေကြော လေကြော ရှုံ့ လိုက်ကြစို့ရဲ့ … ။ ဒုတိယကမ္ဘာ စစ် ဖြစ်ကရော ဆိုပါတော့ ။ ကျုပ်တို့ ကို ကျွန်ပြု ထားတဲ့ အင်္ဂလိပ်ဘုရင်ခံ အစိုးရ က အနောက်ဖက် အိန္ဒိယ ဆုတ်ပြေး ပြီလေ ။ “ အာရှ သာတူညီမျှရေး ” “ နိပွန် - ဘိရုမာဘန်ဇိုင်း ” ဆိုတဲ့ ကြွေးကြော်သံလှလှလေးတွေ နဲ့ ဂျပန် တွေ တက် လာ ပြီလေ ၊ ဘာပဲ ပြောပြော ၊ ‘ မင်းပြောင်း မင်းလွဲ ’ ကာလ ‘ စစ်ဦးဘီလူး ’ နဲ့ လဲ ရင်မဆိုင် ရဲ တော့ ကျုပ်တို့ လဲ မြို့လယ်ကောင် မှာ ဘယ် အတင့်ရဲ နေလို့ ရတော့ မလဲ ။ ပြီး ‘ မဟာမိတ် ’ ဆိုတဲ့ လေယာဉ်ပျံကြီးတွေ က လဲ ကျုပ်တို့ ခေါင်းပေါ် မှာ နေ့စဉ်ရက်ခြား ဆိုသလို ငရဲမီးဗုန်းတွေ လာ ကြဲချ စက်သေနတ်တွေ နဲ့ ပစ် လူတွေ ကို သတ်ဖြတ်နှိပ် စက်နေတာ ကို ။ အရှေ့တော ပြောင်းပြေးကြရတာပေါ့ ။ သိတယ်နော် …  ။ စစ်ကာလ က စစ်အုပ်ချုပ်ရေး လေ ၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားတွေ အကုန် ရပ် ။ ရုံးတွေ ကျောင်းတွေ စက်ရုံ အလုပ်ရုံတွေ ငွေတိုက်ဘဏ်တွေ စီးပွါးရေး လုပ်ငန်းကြီးတွေ နဲ့ သယ်ယူပို့ဆောင်ရေးတွေ လဲ အကုန် ပိတ် ၊ သည်တော့ အစိုးရဝန်ထမ်း တွေ ကျောင်းဆရာ ဆရာမ တွေ လဲ အလုပ်လက်မဲ့ ဖြစ်ပေါ့ ၊ လစာ ဝင်ငွေ လဲ ခြူးတပြား မှ မရကြတော့ဘူးပေါ့ ။ ဩ … ပြောဖို့ တခု ကျန် သွားတယ် ။ ခုန က ဇာတ်လမ်း အကျဉ်းရုံး လိုက်တဲ့ အထဲ မှာ ပါ သွားလို့ ၊ ဒုတိယကမ္ဘာစစ် မဖြစ်ခင် တနှစ် မှာ ကျုပ် တို့ အဖိုး ဆုံး သွားတယ် ။ ကုသိုလ် ကံ ကောင်းတယ် လို့ ပဲ အောက်မေ့ ရတော့ မှာ ပေါ့ ။ စစ် ရဲ့အနိဌာရုံ တွေ နဲ့ မကြုံရ မတွေ့ရ တော့ ဘူးပေါ့ ။ နော့မို့ဆို ဒုက္ခ ။ အဖိုး က အဖွါး ထက် အသက် အများကြီး ကြီး တာ ။ ကောင်းကောင်းလဲ ကျန်းမာလှတာ မဟုတ်ဘူး ။ ပြီးတော့ အဖိုး က တောသား လဲ မဟုတ်ဘူး ၊ ဘိုးစဉ် ဘောင်ဆက် အရှင်သခင် ဘုရင့် အမှုတော် ထမ်းလာတဲ့ မျိုးရိုး ။

အင်္ဂလိပ် လက်အောက် မှာ မလုပ် မနေရ အလုပ် ဝင် လုပ်ရတော့လဲ ‘ ၈ ’ မှတ် ဂတ်တဲ မှာ ပထမ ‘ ဆပ် ’ ကလေး ။ နောင် အင်စပက်တော် ခုခေတ် အခေါ် တော့ ရဲမှူး နေ မှာပေါ့ ။ ဘုရားစင်ဘက် ခေါင်းရင်း နံရံ မှာ ချိတ်ထားတဲ့ အဖိုး ရဲ့ ဓာတ်ပုံ က ရယ်ရတယ် ။ ကာကီရောင်ရှပ်လက်တို ကာကီရောင်ဘောင်းဘီတို သားရေခါးပတ် နဲ့ ။ ခြေထောက် မှာ က လဲ အညိုရောင်သက္ကလပ်ပတ်ကြီး နဲ့ အကျအန ပါ ။ ဖိနပ် က လဲ အခု ခေတ် စစ်သားတွေ စီးရတာမျိုး လို အစိုးရ ခြေနင်း ပါ ပဲ ။ ဒါပေမယ့် ဘောင်းဘီတို က ထိုးကွင်းတွေ ကို လုံအောင် မဖုံးနိုင်ထားနိုင်တဲ့ အပြင် ခေါင်း ပေါ် မှာ ကလဲ ဦးထုပ် မဆောင်းထားဘူး ။ ‘ ရောင် ’ နဲ့ ဆိုတော့ ကိုယ်တိုင် ပေါင်း ရတဲ့ ပန်းရောင်ပိုးပုဝါ ခေါင်းပေါင်း နဲ့ ။ ဒါပေမယ့် ကျုပ် တို့ အဖိုး ကို ပေါ့သေးသေး မထင်နဲ့ ။ အစိုးရ က ချီးမြှင့်ထားတဲ့ နာမည်ကောင်း လက်မှတ် နဲ့ လက်ကိုင်ဒင် မှာ နာမည် ရေးထိုးထားတဲ့ ၄၅ ဗို့ ခြောက်လုံးပြူး တလက် လဲ ရှိတယ် ။ နောက်တော့ ဘယ် အလိုတော်ရိ က လက်ထောက် ချ လိုက်လို့လဲ မသိဘူး ။ ဂျပန်ခေတ် ရောက်လာလို့ မကြာ ခင် မှာ ပဲ ဗမာလူမျိုး စကားပြန် နဲ့ ပါလာတဲ့ ဂျပန်စစ်ဗိုလ် တကောင် က လက်နက် အပ်ပါဆိုလို့ … မြေကြီး ထဲ မြုပ်ဝှက် ထားတာ ကို ဖေါ် အပ် လိုက်ရတာပဲ ။ အဖွါး က တော့ ယောက်ျား နာမည် ပါတဲ့ တခုတည်းသော အမွေပစ္စည်း အနေ နဲ့ တတ်နိုင်ရင် သေတပန် သက်တဆုံး သိမ်းထား ချင်မှာ ပေါ့ ၊ မျက်ရည် ကျ သေးတယ် ။ အဲသည်တုန်း က အဖိုး လည်း မရှိတော့ ပါဘူး ။ အခုလည်း အဖိုး မရှိတော့ ၊ သေနတ် လည်း မရှိတော့ပေမယ့် အဖွါး နဲ့ ကျုပ်တို့ မိသားစု အားလုံး မျက်နှာ မငယ်ရပါဘူး ။ အရှေ့တော ဆိုတာ က အဖွါး ရဲ့ ဇာတိ ချက်မြှုပ်လေ … ။ ဆွေတွေမျိုးတွေ ဆိုတာ က လက်ညိုးထိုး မလွဲပဲ ဥစ္စာ ။ အခုလို စစ် ဘေးဒုက္ခ ရောက် ရလို့ မင်းပြောင်း မင်းလွဲ ဖြစ်လို့ သာ မြို့ ပေါ် က အထည်ကြီး ကို ဖျက်ပြီး ခေတ္တ ယာယီ ဇာတိ ရပ်ရွာ မှာ ပြန်လာ ခိုလှုံ တာ ကို … ဘယ် အဆွေအမျိုး က မသိုင်းဝိုင်း မပံ့ပိုး မကူညီ မဖြည့်စွမ်းပဲ နေပါ့မလဲ ။ ပြီးတော့လဲ ပြန်ပြောင်း အောက်မေ့ဘွယ် …  အဲသည် ခေတ် တုန်း က လယ်ပိုင်ရှင် ဆိုတာ သူရင်းငှား သားချင်း လယ်သမားတွေ ရဲ့ အမြင် မှာ က ကျေးဇူးရှင် ရယ် လို့ သတ်မှတ် ယူဆ ထားတတ်ကြတာ မဟုတ်လား ။

ဆိုတော့ကာ အဖွား ဇာတိ ပုသိမ်ကြီး အပါအဝင် ဇီးချိုကုန်း ၊ သစ်ချိုကုန်း ၊ ညောင်ပင်သာ ၊ ချောင်းပန်း ၊ နှမ်းကြဲ အစရှိတဲ့ ရွာ အားလုံး က သူတို့ ရွာ မှာ လာ နေကြဖို့ အလုအယက် နေရာတွေ ပေး ဖိတ်ခေါ် ကြိုဆိုကြတာပေါ့ ၊ ရွာစုံ က လှည်း ၁၆ စီး နဲ့ ည မှောင်ခိုက် မှာ မြို့ က အိမ်ရှိ ပစ္စည်းတွေ တိုက် လာ ကြတော့ တချို့က သူတို့ ရွာ မှာ လာ နေစေချင်တဲ့ ဆန္ဒ နဲ့ မပြောမဆို ကိုယ့် ရွာ ကိုယ် မောင်းသွား လိုက်ကြတာ လူတွေ လဲ ကွဲ ၊ ပစ္စည်းတွေ လဲ ပြန့် ကုန် ။ နောက်တနေ့ မိုးလင်း မှမ နည်း လိုက် ပြန် စု ယူရတယ် ။ အဖွား ကတော့ သူ့ ဇာတိ ရွာ ပုသိမ်ကြီး က အိမ်ခြေ လဲ များ စစ်ပြေး သူစိမ်းတွေ က လဲ များလို့ ကြပ် နေပြီး ၊ မြို့ နဲ့လဲ မော်တော်ကားလမ်း ပေါက် နေတဲ့ အတွက် ကြောက် သတဲ့ ။ ဒါပေမယ့် ပုသိမ်ကြီး နဲ့ လဲ တတိုင် လောက် ပဲ ဝေး ၊ နည်းနည်း အတွင်း ဘက် ကျပြီး ၊ ရွာ နံဘေး မှာ လဲ ဆယ့်နှစ်ရာသီ ရေ မပြတ်တဲ့ ဆည်မြောင်းချောင်းကလေး ရှိတဲ့ ဇီးချိုကုန်းရွာ ကို ရွေး လိုက်တယ် ။ ဘာမှ မဟုတ်ဘူး ။ မသိရင် ခက်မယ် ။ ဇီးချိုကုန်း ရွာသူကြီး ဦးမောင်ချို ဆို တာ က သူ့ နိုင်ဖက် ။ သူ့ ကို သာ ဆိုရင် ပြားပြားမှောက် ကြောက်ရတဲ့ ငယ်ကြောက် ။ ပြီး ဇီးချိုကုန်း မှာ အချမ်းသာဆုံး လယ်ပိုင်ရှင်ကြီးတွေ ဖြစ်နေကြတဲ့ အဖွါး ဒေါ်မမ တို့ ဘကြီးဦးစံပင် တို့ ဆိုတာ က လဲ အဖွါး ရဲ့ ငယ်ပေါင်း ၊ ကြာနီကန်ဆရာတော့် ကျောင်း မှာ စာအံဖက်တွေ လို့ ပြောတယ် ။ ပြီး ရေကန် အသင့် ကြာ အသင့် ဖြစ်ချင်တော့ ၊ အဲသည် နှစ်ယောက် နေကြတာ က လဲ ရွာ့ တောင်ဖျား မှာ ခြံစည်းရိုးချင်း ကပ်ရက် ဘာ ခဲယဉ်းတော့ သလဲ ။ နှစ်ခြံ ခွပြီး မြေလွတ် နှစ်ဧက လောက် ရအောင် စည်းရိုး ဖျက် ခုတ်ထွင် ရှင်းလင်း လိုက်ကြတယ် ။ ပြီး လောင်းရိပ် လွတ်တဲ့ ကွက်လပ် အလယ် မှာ ခြောက်ပင်သုံးခန်း သက်ငယ်မိုး ဝါးထရံကာ ဝါးပိုးကြမ်းခင်း တဲ့ တန်းလျားရှည်ကြီး ထိုး တာပဲ ။ ဗမာ့ တောရွာဓလေ့ သတင်းမေး လာသမျှ လက်ပေါင်းစုံ အင်အား နဲ့ ဝိုင်းဝန်း ဆောက်လုပ် လိုက်ကြတာ နေ့ချင်းပြီး အိမ်ယာ ပေါ့ ။ ခိုင်မှ ခိုင် ခန့် မှ ခန့် ။

အဲ … စစ် အတွင်း မှာ အလိုအပ်ဆုံး ဖြစ်တဲ့ ဗုံးခိုကျင်း ကို တော့ မြို့ နဲ့ လဲ ဝေးပြီး လေယာဉ်ပျံ မဲမဲကြီး တွေ လဲ ခေါင်းပေါ် အဝဲ ကျဲ လာပြီ ဆိုပြီး ၊ နေ့ရွှေ့ ညရွှေ့ နဲ့ တော်တော်နဲ့ မတူးခိုင်းဘူး ။ တူးပြန် တော့ လဲ တဲကြီး ရဲ့ မျက်နှာစာ ခပ်လှမ်းလှမ်း က နေ့ခင်းဘက် ချက် ပြုတ် စားသောက်ကြရာ ခန်းမဆောင် လို့ ဆိုရမယ့် မန်ကျည်းပင်အုပ် အရိပ် အောက်မှာ တထောင် သာသာလောက် ပဲ နက် တဲ့ ကျင်းတိမ် ကလေး ပဲ ကရော်ကမယ် တူးတယ် ။ ကျင်းက လူ ဆင်း ထိုင်ရင် ခေါင်း မြေပြင် ပေါ် မှာ လေ ။ ခက်တာ က သည့် ထက် နက်အောင် တထွာတမိုက် ထပ် တူးလိုက်မယ် ဆိုရင် ကို ပဲ ရေ ထွက် လာတော့တယ် တဲ့ ။ သည်တော့ အောက် မနှိုက် နဲ့ ။ ကျင်း ပတ်ပတ်လည် မှာ တောင်ဆုပ်လောက် တိုင် တွေ အပြည့်စိုက် ။ ပြီး အပြင်ဘက် ကနေ ထန်းလုံးတွေ ဆင့်ကာ ။ အမိုး လဲ ထန်းလုံး ထက်ခြမ်းခွဲတွေ နဲ့အခြင်ပစ် ။ ပြီး အပေါ် က မှ လှည်းကြမ်းခင်း တွေ နဲ့ တထပ် ၊ ဝါးကြောဖျာကြမ်း တွေ နဲ့ တထပ် ၊ နှစ်ထပ်ထပ် ခင်း ၊ သည့် အပေါ် က မှ မြေတွေ ဖို့ ။ ကျင်း ပတ်ပတ်လည် လဲ မြေဆိုင်ခဲတွေ နဲ့ ရံ ၊ တနေ့တခါ မြေသိပ်အောင် ရေ ဖျန်းပေး ။ အဲဒါပဲ ။ ခုနေ ကျင်းထဲ ဝင် ထိုင်ရင် ခေါင်းတော့ ကောင်းကောင်း လွတ်ပါတယ် ။ သာမန် ကြည့် လိုက် လို့ ကတော့ ထန်းပင်မြစ် စိုက်ရောင်း ဖို့ မြေဖို့ ထားတာ အောက်မေ့ ရမယ် ။

သိတယ်နော် … ။ ထန်းပင်မြစ် ဆိုတာ ကြွေကျတဲ့ ထန်းသီးမှည့်တွေ ထဲ က ထန်းသီးစေ့တွေ ကို ဖို့မြေပွ ပေါ် မှာ မှောက်စို က်တာပေါ့ ။ မြေ ထပ် ဖုံးစရာ မလိုဘူး ။ ဒါပေမယ့် စိုက်ခါစ မှာ တော့ မိုး တပြိုက် နှစ်ပြိုက် ကြိုက် တတ်တယ် ။ ပြီး တမိုးတွင်း လုံး ပစ်ထားလိုက် ရုံပဲ ။ အဲ … ဆောင်းတွင်း ရောက်ပြီ ဆိုတော့မှ ဖို့မြေတောင်ပို့ ကို ဘေးကနေ တဖြေးဖြေးချင်း ဖဲ့ပြီး လိုသလောက် ဖြို ယူရုံပဲ ။ မှတ်မိကြပါတယ် နော် ။ ဆောင်းချမ်းခိုက် မှာ မီးဖို ဘေး က မီးလှုံ ကြရင်း ဖုတ်စားကြတာ လေ ။ ဆီကလေး ဆားကလေးနဲ့  တို့ စားရင် အရသာ ရှိ မှရှိ ။ အဲ … ကြုံကြိုက်ချင်တော့ ကျုပ်တို့ ဖို့မြေ တောင်ပို့ ဗုံးခိုကျင်းလဲ တူး ပြီး ပါလေရော ။ မိုးကလဲ အုံ့မှိုင်း ထစ်ချုန်း ရွာချပါလေ ရော ။ ရယ်ရတယ် ။ ကျုပ် တို့ ဗုံးခိုကျင်း လဲ အသူရာ သကြားမင်း ရဲ့ စစ်တလင်း မှာ ချက်ချင်းလက်ငင်း ငါးမွေးကန်ဖြစ် သွားပါလေ ရော ။ ကျင်း ရဲ့ အောက်ခြေမြေ က သဲကျောက်စရစ် ဆိုတော့ အပေါ်က ဖုံးထားတဲ့ ထန်းလုံးတွေ ရဲ့ ဖိအား ကြောင့် ကျင်းနံရံတွေပါ အိကျပြီး ပြိုတော့တာပေါ့ ။ လုံးဝ သုံး မရတော့ဘူး ။ ဒါပေမယ့်တော်သေး ရဲ့ ။ သိတယ်နော် … ။

မန္တလေး ဆိုတာ မိုးခေါင်ရေရှား ရပ် ကိုး ။ ပူတယ်လေ ၊ ဆယ်နေကဲ ကျဲကျဲတောက် ပူတော့တာပေါ့ ။ တပတ်ဆယ်ရက် နဲ့ ခြောက် သွားတော့ ပြန် ပြင် တူးပြီး ပို ခိုင်ခိုင်တောင့်တောင့် ဆောက် ကြတာပေါ့ ။ မြတ်စွာဘုရား တန်ခိုးတော် နဲ့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ် တွေ က သတိပေးတာ လို့ ပဲ အောက်မေ့ကြ ပါတယ် ။ အဲသည်လို ပို အခိုင်အခန့် လုပ်လိုက်လို့သာပေါ့ ။ မဟုတ်ရင် သေကုန်ပြီ ။ ဘယ့်နှယ် မန္တလေး ကို ပြန် သိမ်းတော့ မြို့ ကို မြောက်ဘက် က နေ ဂဏန်းလက်မ ပုံစံ နဲ့ ပတ်ညှပ်ပြီး ဝင်တာ ထင်ပါရဲ့ ။ အင်္ဂလိပ်တွေ လား အမေရိကန်တွေ လား မသိ ။

ကျုပ် တို့ အရှေ့တော တလျှောက်လုံး ကို လဲ အမြောက်ကြီး တွေနဲ့ သခင်မတောင် ဘက် က လေးငါးနာရီ လောက် လှမ်း ထု လိုက်တာ ရ စရာကို မရှိဘူး ။ ကျုပ်တို့ ရွာတွေ ဝန်းကျင် မှာ ဂျပန် ဖြင့် တကောင် မှ မရှိပဲ နဲ့ ၊ လက်နက်ကြီး အင်အား မတန်တဆ သုံးပြီး ဖြို့ခွင်း မောင်းထုတ် လိုက်တာ ပြောပါတယ် ။ ရွာစဉ် တလျှောက် မှာ မြောက်ပိုင်း ကျတဲ့ ဆင်ရွာကြီး တို့ ညောင်ပင်သာ တို့ ကျုပ်တို့ ဇီးချိုကုန်း တို့ ဆိုတာ ဆိဆိညက်ညက် ကျေပေါ့ ။ ကျုပ်တို့ တဲအိမ်ကြီး လဲ အမြှောက်ကျည် ဆံဗုံးတွေ မှန်ထား လိုက်တာ ပွစိတက် ။ အိမ်တိုင် တတိုင် မှာ လဲ ထင်းခွဲ ဓါးမ လောက် ရှိတဲ့ ဗုံးဆံကြီး တဆံ က စိုက် ရက် ။ ဗုံးခိုကျင်း ပေါ် မှာ ကလဲ ပြတ်သတ် ကျလာတဲ့ သစ်ကိုင်းတွေ သစ်ခက်တွေ ဆိုတာ ထင်းလှည်း တိုက် လာရပ် ထားသလိုပဲ ။ အဲ …  ကျုပ်တို့ လူတွေ အားလုံးလဲ တညနေ နဲ့ တညဦး လုံး ဘယ် ခေါင်းဖေါ်ရဲ ကြပါ့မလဲ ။ သမ္ဗုဒ္ဓေ တွေ အမြီးအမောက် မတည့် တယောက် တပေါက် ရွတ်ကြပြီး တုတ်တုတ် မှ မလှုပ်ရဲကြဘူးပေါ့ ။ နား တွေ လဲ အူ ၊ ဇောချွေး တွေ လဲ ပြန် ၊ လက်ဖျား ခြေဖျား အေးကြလို့ပေါ့ ။ ခေါင်း ထဲ ကိုယ် ထဲ မလဲ ဖုတ်သဲတွေ အလိမ်းလိမ်း နဲ့ ပေါ့ ။ ရေငတ် ပေမယ့် ရေ ကို ဘယ်သူ က ထွက် ယူရဲပါ့မလဲ ။ အဲ ည မိုးချုပ် တော့ မှ အမြောက်သံတွေ စဲ သွားပြီး စက်သေနတ်သံ တွေ သေနတ်သံ တွေ ကြား ရတယ် ။ ဘယ်သူတွေ က ဘယ်သူတွေ ကို ပစ်နေမှန်း လဲ မသိ ။ ဘယ် လှုပ်ရဲပါ့မလဲ ။ ဒါပေမယ့် ကျင်းဝ မှာ လူမဲမဲကြီး နှစ်ကောင် လာ ရပ်ပြီး သေနတ် နဲ့ ချိန် အကုန် အပြင် ထွက် ခိုင်း တယ် ။ ကျုပ်တို့ တတွေ ဆိုတာ မေး ခိုက်ခိုက်ရိုက် ရက် ၊ လက်အုပ်ကလေးတွေ ချီ မျောက်တွေ လို ထွက်ကြရ တာပေါ့ ။ ကျုပ်တို့ မိသားစု က အင်္ဂလိပ် လို ပြော နိုင်တော့ သူတို့ အတော် သဘောကျ သွားတယ် ။ ဘာမှ မဟုတ်ဘူး ။ ဂျပန် သတင်း မေးတာပေါ့ ။ သည် ရွာ တဝိုက် မှာ ဂျပန် တယောက် မှ မရှိပါဘူး ပြောတော့ မှ ပြန် ထွက် သွားကြတယ် ။ အဲသည်တော့ မှ ပဲ ကျုပ်တို့ အားလုံး လဲ သက်ပြင်း ချ နိုင်ကြတော့တယ် ။ အဲသည်တော့ မှ ရေငတ် မှန်း ဆာ မှန်း သိကြတော့တယ် ။ ဒါပေမယ့် ထမင်း မရှိ ၊ ဟင်း လဲ မရှိတော့ဘူး ။ ထမင်းအိုးကြီး က လည်း စလောင်းဖုံး လွင့်သွားပြီး ဖုံတွေ အမှိုက်တွေ နန်းချင်း ဖုံးလို့ ။ မန်ကျည်းပင် မှာ ကပ်စင် ရိုက်ပြီး တင် ထားတဲ့ သောက်ရေအိုး နှစ်လုံး က လဲ ကျကွဲ လို့ ။ သံပန်းကန်ပြား အဖုံး နဲ့ အုန်းသီးဆံ ရေမှုတ် တွေကို တော့ လိုက်ရှာ ကောက်ယူ ရတယ် ။ တော်သေးရဲ့ ။ သောက်ရေ ထည့် လှောင်ထားတဲ့ စဉ့်အိုး က မြေကြီး ထဲ အထိုင် မြုပ်ထား တဲ့ အတွက် မကွဲလို့ ။ အင်ဒုံ အဖုံး ကို လှပ်ပြီး ၊ ရေမှုတ် နဲ့ ခပ် သောက် လို့ ရကြတယ် ၊ ထမင်း က တော့ မစားကြရပါဘူး ။ ထပ် ချက်ရအောင် ညကြီးမင်းကြီး မီးလဲ မမွှေးရဲပါဘူး ။ အမယ် …  ကြက်တွေ က တော့ မသေဘူး ဟဲ့ ။ ဘယ်သွား ပုန်း နေခဲ့ကြတယ် မသိဘူး ။ လူသံ တွေ ကြား တော့ သူတို့ အသံတွေ လဲ ပြန်ကြား လာရတယ် ။ လူတွေ လဲ ခုမှ ဖုံတွေ သဲတွေ ချွေးစေး တွေ နဲ့ ညစ်ပတ်ပေရေ နေမှန်း သိပြီး ၊ ရေ ချိုးချင်စိတ် တွေ ပေါ်လာကြတယ် ။ ဒါပေမယ့် ချိုးစရာ ရေ ဘယ်မှာ ရှိမှာလဲ ။ ထုံးစံအတိုင်း ခါတိုင်း လို ရွာ့ ပြင် ထွက်ပြီး ချောင်းထဲ ခုန်ချ ရေချိုး ရအောင် က ဘယ် ထွက်ရဲပါ့မလဲ ၊ ကျုပ်တို့ ကလေးတွေ ဆိုတာ နားအူ လဲ မပျောက် ၊ အကြောက် လဲ တော်တော် နဲ့ မပြေ တော့ ၊ အမေတွေ အနား ကပ် လို့ ။ အေးလေ … ဘာပဲ ပြောပြော စစ်ကြောင်း ကျ လို့ ရွာတွေ အိမ်တွေ သာ ညက်ညက်  ကြေပေမယ့် မီး လဲ မလောင် ၊ လူ လဲ အထိအခိုက် အသေအပျောက် လုံးဝ မရှိပါဘူး ။ တခုတော့ ရှိတယ် ။ နွားတော့ လေးကောင် တောင် အမြောက်ဆံ မှန်ပြီး သေတယ် ။ နောက်တနေ့ တရွာလုံး အမဲသား ပေါ်တော့တာ ပေါ့ ။

ဆိုတော့ကာ … အခုမှ ဆရာကြင့် တန်ဖိုး ကို သိကြရ တော့တယ် ။ ဆရာကြင် က တော့ မရှိတော့ပါဘူး ။ သွားပြီပဲ ။ ဒါပေမယ့် သည်အရှေ့တော ဘက် ပြောင်းပြေး ခိုလှုံကြမယ် ဆိုတုန်းက ၊ မေမေကြီးကြီး က တဆင့် ဆရာကြင် က တွက်ချက်ပြီး သတိ ပေးတယ် ။ မြို့ ရဲ့ အရှေ့မြောက် အရပ် တနင်္ဂနွေထောင့် က နဂါးလှည့် မသင့်ဘူး တဲ့ ။ မပြောင်းကောင်းဘူး တဲ့ ။ ဒုက္ခ တွေ့နိုင်တယ် ပြောသားပဲ ။ ဒါပေမယ့် ဆရာကြင့် စကား ကို ဘယ်သူ က မှ အယုံအကြည် မရှိကြဘူး ။ တော ကို သူ မလိုက်လာချင် လို့ ၊ မေမေကြီးကြီး တို့ သားအမိ ကို ပစ်သွားချင် လို့ ၊ သူ့ ဇာတိ မြေလတ်မြို့ကလေး ကို သူ ပြန်ပြေး ချင် လို့ သက်သက်မဲ့ ရမယ် ရှာ ကပျက်ယပျက် လုပ် တာလို့ပဲ ထင်ခဲ့ကြတယ် ။ အဖွါး ကတော့ လူကြီး မိဘ တယောက် အနေ နဲ့ နားလည် ခွင့်လွှတ်လိုက်တယ် ။ စစ်အတွင်း ဘယ်သူမှ အလုပ် မရှိကြ ၊ ဝင်ငွေ မရှိကြဘူး မဟုတ်လား ။ အဲတော့ အားနာတာလဲ ပါ ၊ ရှက်တာလဲ ပါကောင်း ပါမယ် ပေါ့ ။ ပြီး ကြီးကောင့်ကြီးမား နဲ့ ယောက္ခမ ထမီနား လဲ ခို မစားချင်ဘူး ထင်ပါရဲ့ပေါ့ ။ ဝင် မပါဘူး ၊ လက်ပိုက် ကြည့် နေလိုက်တယ် ။ နော့ … သားမက် နဲ့ ယောက္ခမ ရဲ့ အသက်ချင်း က လဲ ဆယ်နှစ် သာသာလောက် ပဲ ကွာတာ ကို ။ ကျုပ် တို့ မေမေကြီးကြီး က လဲ တသက်လုံး မခွဲဖူးတဲ့ အမေ ကို ပစ်ပြီး ၊ လင့်မယားကြီး ရှိရာ အရပ်ကို ဘယ် လိုက်ပါ့မလဲ ။ ဆိုတော့ကာ … ကွဲကြလေသတည်း ပေါ့ ။ အိမ်မကြီး ရဲ့ ဘယ်တောင်ပံ က အိမ်ထောင်ရေး ကံဇာတာ ညံ့တယ်လို့ပဲ ပြောရတော့ မှာ ပေါ့ ။ ညာတောင်ပံ တောင်ညာစံ ဒေဝီတွေ ရဲ့ သားမက်တွေ က တော့ မဆိုးပါဘူး ။ အနည်းဆုံး ထင်းခွဲ ရေခတ် ဟင်းရှာ သီးနှံစိုက် ပေါ့ ။ ရွာဦးကျောင်း အဝီစိ တွင်း က သောက်ရေ သုံးရေ ကို နေ့စဉ် ဆယ်ထမ်း ဆယ်ခေါက် လောက် ခပ်ရတယ် ဆိုတကလဲ လွယ်တာ မှတ်လို့ ။

အိမ် နဲ့ ကျောင်း နဲ့ က တပြခွဲ လောက် ဝေးတာ တယောက် တခေါက် အလှည့် နဲ့ ထမ်း ကြရတာ ။ တွင်း က လဲ ဘယ်လောက် နက် သလဲ ဆိုရင် ရေ ကို ငုံ့ ကြည့်လို့ မမြင်ရဘူး ။ ပြီးတော့ အမျိုးသမီးတွေ လဲ ခပ်ခွင့် ငင်ခွင့် တွင်းဘောင် ရပ်ခွင့် မရှိဘူး ။ ကျုပ်တို့ အမေတွေ အုပ်စုက တော့ ၊ ချက်ပြုတ် လျှော်ဖွပ် တာဝန်တွေ အပြင် တတ်တဲ့ပညာ မနေသာ ဆိုသလို ပါလာသမျှ သိုးမွှေးထည်တွေ ကို ပြန် ဖြေ ပြန် လုံး ပြီး ဝါးသီတံ ဇာထိုးအပ်တွေ နဲ့ အင်္ကျီတွေ ခြုံစောင်တွေ ဦးထုပ်တွေ ပြန် ထိုး ရောင်းကြပေါ့ ။ ဒါပေမယ့် စစ်အတွင်း မှာ ဘယ် က သိုးမွှေးချည်ခင် အသစ် ဝယ်လို့ ရမှာလဲ ။ ကုန်တော့ အလုပ်ပြုတ် ပေါ့ ။ ပြဿနာ က ဆန် ဆီ ဆား စသည့် အခြေခံစားကုန် က မပူရပါဘူး ၊ ဦးလေးကျောက် ( ပွဲစား ) က ကြက်တွေ မွေးထားလို့ ကြက်ဥ လဲ အလျှံပယ် စားရပါတယ် ။ ဒါပေမယ့် စစ်ဒဏ် အမြောက်ကျည်ဒဏ် က တချီတည်း နဲ့ သေလုမျောပါး ခံလိုက်ကြရတော့ ၊ နောက် တကြိမ် ကြော့ လာရင် ဘယ်နှယ် လုပ်ကြပါ့မလဲပေါ့ ။ လူကြီးတွေ ခေါင်းချင်း ဆိုင် တိုင်ပင်ကြတယ် ။ ခု နေရတာ က မနက် မိုးလင်း လို့ အိပ်ရာ က နိုးတာ နဲ့ တပြိုင်နက် ကိုယ့် ခေါင်း ကိုယ် ဘီးစမ်း သလို ပြန်စမ်း ကြည့်နေရတဲ့ ဘဝ တဲ့ ။

ခေါင်း နဲ့ ကိုယ် တဆက်တည်း အိုးစား မကွဲသေးပါလား ဆိုတာ သေချာမှ အသက် တရက်တော့ ရှည်ပြန်ပဟ ဆိုပြီး သက်ပြင်း ချလို့ ရ သတဲ့ ။ ပြီးတော့လဲ ဦးလေးကျောက် က အကြံ ပြုတယ် ။ မန္တလေး တမြို့လုံး က လူတွေ အနောက်ဖက်ကမ်း စစ်ကိုင်းတောင်ရိုး ပြေး ၊ ဘုရားရိပ် ကျောင်းရိပ် ခိုလှုံကြတာ များတယ် ၊ ခု ဆိုရင် စစ်ကိုင်းတောင်ရိုး က ချောင်တွေ မှာ မြို့လို စည်ကား နေပြီ ဆိုပဲ ။ ဘုန်းကြီး တပါး ဆီက သူ သတင်း ကြား လာ သတဲ့ ။ စစ်ကိုင်းတောင်ရိုး အောက်ဖက် က ‘ သရက်ပင်ဆိပ် ’ တို့ အထက်ဖက် က ‘ ဝါးချက် ’ တို့ ဆိုရင် ဈေးဆိုင်တန်းတွေ နဲ့ ဖြစ်နေပြီ တဲ့ ။ ပြီး အောက်ပြေ အောက်ရွာ က ရွက်လွှင့် ဆန်တက်လာ ကြတဲ့ ပိန်းကောမကြီး တွေ နဲ့ အောက်ကုန် ငခြောက် ငခြမ်းတွေ လဲ ရောက် လာ ၊ အကြီးအကျယ် ဈေးကွက်ကြီး ဖြစ်နေတယ် ဆိုပဲ ။ သူ့ အနေနဲ့ အများကြီး အလုပ် လုပ်လို့ ရနိုင်တယ် ပြောတယ် ။

ဆိုတော့ကာ … သူ က စစ်ကိုင်းတောင်ရိုး ပြောင်းကြဖို့ စည်းရုံး မဲဆွယ်တယ် ။ ရာ နဲ့ ချီ ရှိတဲ့ ချောင်တွေ မှာ ထောင် နဲ့ ချီ ရှိတဲ့ကျောင်း ကန်ဇရပ်တွေ ဓမ္မာရုံတွေ လည်း ပေါပါတယ် ပေါ့ ။ ပထမဆုံး သူ ကိုယ်တိုင် ကူး စုံစမ်း လေ့လာ စုံစမ်းလိုက်မယ်ပေါ့ ။ အဆင် ပြေရင် ပြောင်း နေကြဖို့ တခါတည်း စီစဉ် ဆောင်ရွက်ခဲ့မယ် ပေါ့ ။ သည် အချိန် မှာ ဘိုမေမေ့ ယောက်ျား လေးလေးဘို က လဲ အညံ့မခံ ပဲ အကြံ တခု ထပ် တင်တယ် ။ အခု အင်္ဂလိပ် လဲ ပြန် ဝင်လာပြီ ၊ မကြာခင် တပြည်လုံး ပြန် သိမ်းပြီး အုပ်ချုပ်ရေး ယန္တရား က ပြန် စရင် ကျောင်းတွေ လဲ မလွဲမသွေ ပြန်ဖွ င့်မှာပဲပေါ့ ။ သည်တော့ ချောင် တချောင် က ဓမ္မာ ရုံကြီး တခုခု မှာ ဆရာတော်တွေ ရဲ့ အကူအညီ နဲ့ ကျုပ်တို့ မိသားစု အပါအဝင် ကျောင်း တကျောင်း ကြိုတင် ဖွင့်နှင့် သင်ပြ နေရင် မကောင်းဘူးလား ပေါ့ ။ တောင်ရိုး က ဘုန်းတော်ကြီး တွေ သီလရှင်ဆရာလေး တွေ ကို ကျောင်းသုံး ပရိဘောဂတွေ အလှူခံမယ် ပေါ့ ။ နောင်အခါ အစိုးရ အသိအမှတ် ပြု ကျောင်း လဲ ဖြစ်သွား နိုင်တယ်ပေါ့ ။ လေးလေးဘို ပြော သလို ကျုပ်တို့ ကလေး တွေ စာ နဲ့ ဝေး ပညာရေး နောက်ကျ ခဲ့ရတာ လေးနှစ် ရှိပြီလေ ။ လူကောင်တွေ သာ ကြီး လာ ၊ အတန်းတွေ က ငယ် ၊ အတတ်တွေ က နောက်ကျ နဲ့ အတော် ကြိုးစား လုပ်ယူ ကြရမှာ ဆိုတာ မှန်တယ် ။ တယောက် က လက်ငင်း စားဝတ်နေရေး ပြေလည်ဖို့ ရည်ရွယ်တယ် ။ တယောက် က အနာဂတ် အတွက် ပါ ရည်ရွယ်တယ် ။ အမှန်ကတော့ အဖွါး ရဲ့ ဆုံးဖြတ်ချက် တခု ပါပဲ ။ အဖွါး က အားလုံး ရဲ့ အမေ ၊ အိမ်ထောင်ဦးစီး ခေါင်းဆောင် ပဲ ။ ပြဿနာ က သည် အရှေ့တော မှာ ဆက် ပုန်းရှောင် နေလို့ က ဘာ အာမခံချက် မှ မရှိဘူး ။

ဆိုတော့ကာ …  သားမက် နှစ်ယောက် ရဲ့ အဆို ကို အဖွါး က ခေါင်းညိတ် လိုက်ပါတယ် ။ သွားကြ … မြန်မြန်လဲ ပြန်လာကြ … မှာ ပြီး လမ်းစရိတ် တွေ ပါ ထုတ်ပေး လိုက်တယ် ။ ဂျပန်ငွေ စက္ကူ အစိမ်းရောင် တရောင်တည်း ‘ ထောင်မလဲ သဲကော်ရ ’ တွေ ပေါ့ ။ ပြီး သူ ပဉ္ဇင်းခံ ပေးခဲ့တဲ့ ဘုန်းကြီး ဦးကောသလ္လ ရဲ့ ဗေါဓိချောင် မှာ အကျိုးအကြောင်း ပြောပြ လျှောက်ထားပြီး တည်းခို အကူအညီ တောင်းဖို့ပါ စာ ရေး ပေး လိုက်တယ် ။ ဘာ အခက်အခဲ တွေ့စရာ ရှိသလဲ ။ တပတ် မကြာခင် ချောချောမောမော ပြန် ရောက်လာကြတယ် ။ မမြင်ရတာ ကြာလို့ မမှတ်မိချင်ချင် ဖြစ်နေတဲ့ အဖွါး ရဲ့ အနှစ်သက်ဆုံး ငသိုင်းခြမ်းခြောက်ကြီးတွေ လဲ ဂျုံ ထည့်တဲ့ ပိတ်ဖြူ အိတ် နဲ့ တအိတ် ပါလာတယ် ။ ပြီး သရက်ပင်ဆိပ် နဲ့ သိပ် မဝေးတဲ့ ချောင် အတွင်းလမ်း မြင်းလှည်းဂိတ် အထက်နား က မောက္ခသီဝံချောင် မှာ နေမယ် ဆိုရင် နေဖို့ သီလရှင်ဇရပ် အောက်ထပ်ကြီး တထပ်လုံး လဲ ပါးစပ် စရံ သပ် ခဲ့တယ်လို့ ဆိုတယ် ။
ဆိုတော့ ကာ …  ဇာတ်လမ်း ကို တကြိမ် မြေကြော ရှုံ့လိုက်ကြအုံးစို့ ရဲ့ ။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုသလို ဆွေကုန် မျိုးကုန် နှုတ်ဆက် မနေကြတော့ပဲ အစုတ်ပလုပ် စုပေါင်းထုတ် ခပ်ကုပ်ကုပ် ပြောင်းလာခဲ့ ကြတယ် ။ သိတယ် နော် ။ လှည်း ၁၆ စီး တိုက် ပစ္စည်း နဲ့ လူ တကျိပ် တယောက် ဆိုတဲ့ ဝန် နည်းနည်း မှ မဟုတ်ပဲ ။ ပြီးတော့ ဧရာဝတီမြစ် ကို ဖြတ်ကူး ရတာ က ‘ ငှက် ’ ကလေးတွေ နဲ့ ပဲ ကူး ရတာလေ ။ သည် အထဲ သံယောဇဉ် က မဖြတ် နိုင်တော့ ၊ လူတွေ နဲ့ ယဉ်ပါးနေတဲ့ လူတွေ ရဲ့ ထမင်းဝိုင်း မှာ အတင်း ဝင်နှိုက် စားတတ်တဲ့ ဦးလေးကျောက် ရဲ့ ရွှေဒင်္ဂါးဘိလပ်ကြက်ကြီး ဆယ်ကောင် က လဲ ပါသေးတယ် ။ ငှားလို့ ရသမျှ ငှက်တွေ နဲ့ ပိုက်ကျုံးဆိပ် မြစ်ညာ က ကူးတာ တနေကုန် နဲ့ မပြီးဘူး ။ တော်သလင်း ဧရာဝတီ က လဲ ကျယ် မှ ကျယ် ကို ။ ဦးပဉ္ဇင်း တွေ လဲ မနေရ ၊ ဆရာလေး တွေ လဲ တယောက် တလက် ပေါ့ ။ အေး … နောက်ဆုံးတော့ မေက္ခသီဝံ မှာ ဆရာလေး ဒေါ်ဓမ္မေသီ ရဲ့ ကျေးဇူး နဲ့အခြေ ကျ ကြ ရော ဆိုပါတော့ ။ အဲ အဆင်ပြေ ချင် တော့ သရက်ပင်ဆိပ် က အတက် မှာ ပါပဲ ။ ကျုပ်တို့ မောက္ခသီဝံချောင် ရဲ့ တောင်ဘက် မှာ သံဃာတော်တွေ သာ သီတင်းသုံးတဲ့ ခေမာသကချောင် ဆိုတဲ့ ဧရာမ နှစ်ထပ်ချောင်ကြီး တချောင် ရှိတယ် ။ တောင်ကမ်းပါးယံစောင်း မှာ ဆောက်ထားတာ ဆိုတော့ မြေပြင် နဲ့ အညီထပ် မှာ သံဃာဆောင်တွေ နဲ့ ဆွမ်းစားဆောင် စသည်ပေါ့ ။ တောင်ပေါ် ထပ် မှာ က တော့ သိမ်တို့ ပိဋကတ်တိုက် တို့ ကမ္မဌာန်းဆောင် တို့ ပေါ့ ။ အဲ တရားနာ ပရိသတ် နှစ်ထောင်ကျော် ဆံ့ တဲ့ ၊ သို့မဟုတ် သံဃာ အပါး ငါးရာ လောက် စာ ဖြေ နိုင်တဲ့ မှန်စီရွှေချ ဓမ္မာရုံကြီး လဲ ရှိတယ် ။ မလျှောက်ရပါဘူး ။ ကလေးသူငယ်တွေ ရဲ့ ပညာ သင်ကြားရေး အတွက် နေရာ အခက် အခဲ တွေ့နေကြတယ် သတင်း ကြားတော့ ဆရာတော်ဘုရားကြီး ဦးဉာဏောဘာသာဘိဝံသ က ကျုပ် တို့ လေးလေးဘို နဲ့ ကျောင်းအုပ် ဆရာကြီးဟောင်း ဦးမင်းဟန် ကို တနေ့ ခေါ် တွေ့ပြီး ဓမ္မာရုံကြီး မှာ ယာယီကျောင်း ဖွင့်ခွင့် ပြုလိုက်ပါတယ် ။

ဆိုတော့ကာ …  သီတင်းကျွတ်လ ထုံးစံ ကျောင်းပိတ်ရက်တွေ လွန်တော့ ကျုပ်တို့ တတွေ ကျောင်းသား ဖြစ်ကြပေါ့ ။ ကျောင်းကြီး က ခန့်မှန်း ပြောရရင် ကြက်တောင်ရိုက်ကွင်း ခြောက်ကွင်း စာ လောက် ကို ကျယ် ပါတယ် ။

ဒါပေမယ့် အခန်း ဖွဲ့ ကာ ထားတာ မရှိ ၊ ခန်းမကျယ်ကြီး ပေါ့ ။ ပရိဘောဂလဲ မရှိသေး တော့ မှန်ကြည့် လို့ ရနိုင် လောက်အောင် ပြောင်လက် နေတဲ့ ကျွန်းလျှာထိုး ကြမ်းပြင်ကြီး ပေါ် မှာပဲ ထိုင်ကြရ တာပေါ့ ။ နောက် တဖြေးဖြေး နဲ့တော့ အတန်းတိုင်း အတွက် သစ်သား ကျောက်သင်ပုန်းကြီး တွေ ရ လာပါတယ် ။ စစ် ကြည့်တော့ အရည်အချင်း အလိုက် လဲ အတန်းငါးတန်း ခွဲ သင်ပြ ပါတယ် ။ လုံးဝ ကျောင်း မနေဖူးသေးတဲ့ ကလေးတွေ က တတန်း သပ်သပ် ပေါ့ ။ ကျုပ် မှတ်မိသလောက် တော့ ၁ + ၂ + ၃ က တတန်း ၊ ၄ + ၅ + ၆ က တတန်း ၊ ၇ နဲ့ ၈ က တတန်း နဲ့ ၉ + ၁ဝ က တတန်း အောက်မေ့တာပဲ ။ အဲ နောက် နှစ်လ သုံးလ ကြာလာတော့ ထင်ပါရဲ့ ။ အစတုန်း က လို ကြမ်း ပေါ် မှာ စာအုပ် ချပြီး ကုန်း ရေးစရာ မလိုတော့ပါဘူး ၊ တင် ရေးစရာ ခုံတန်းရှည်ကလေးတွေ လုပ် လှူကြတဲ့ အလှူရှင်တွေ ပေါ်လာပါတယ် ။ ကျုပ် က တော့ စစ် မဖြစ်ခင် က လည်း ငါးတန်း ၊ ခု ပြန် တက် တော့လဲ ငါးတန်းမှာ ပဲ နေရပါတယ် ။ ကျုပ် အမေ က ‘  ကျောင်းဆရာမ ရဲ့ သား စာ မလိုက်နိုင်ရင် သိက္ခာ ကျမယ် ’ ဆိုပြီး အတန်း တက် မထားပါဘူး ။ ကျုပ် မှတ်မိသေးတယ် ။ ကျုပ် နဲ့ အတန်းဖေါ် သိန်းအော င်ဆိုတဲ့ ကော င်က တနေ့ အင်္ဂလိပ်စာ ဆရာမ ကို ထ မေးတယ် ။ m.o.t.h.e.r မိုးသား ဆိုတာ ဘာလဲ ဆရာမ တဲ့ ။ တတန်းလုံး ရော တကျောင်းလုံး ရော ပွဲကျ သွားပါတယ် ။ အဲသည်ကောင် နောင်အခါ ကြီး လာတော့ ဟံသာဝတီခရိုင် စက်ရှင် တရားသူကြီး ဖြစ်သွားတယ် ။ အဲသည်တုန်း က အတန်းဖေါ် ပဲ ။ ကြည်ညွ န့်ဆို တဲ့ ကောင် နောင်အခါ စစ်ဗိုလ်ကြီး ဖြစ်ပြီး သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်တယ် ။ အဲသည်တုန်း က အတန်းဖေါ် ပဲ အမြဲတန်း ပြုံးချို နေတတ်တဲ့ မောင်စိုး ဆိုတဲ့ ကောင် နောင်အခါ ကွန်မြူနစ် ဖြစ် ၊ တောခိုပြီး တော ထဲ မှာ ပဲ တိုက်ပွဲ ကျ သလား ၊ ငှက်ဖျားမိ သေသလား မသိ ၊ သတင်း အစအန ပျောက် သွားတယ် ။ ကျုပ် မှတ်မိ သမျှ ကျောင်းနေဘက်တွေ ကို ပြောပြတာ ပါ ။ ကျန်တာတွေ တော့ နောင် တနှစ် မှာ စစ်ကိုင်းမြို့ ထဲ ကို ကျောင်း ပြောင်း ၊ ကျုပ်တို့ လဲ မန္တလေးပြန် ပြောင်း နဲ့ လူချင်း လဲ ကွဲ ကုန်ကြရလို့ မေ့ ကုန်ပါပြီ ။

ဆိုတော့ကာ ... ပြောစရာက ကျုပ် တို့ မေမေကြီးကြီး အကြောင်း ပဲ ကျန်ပါ တော့တယ် ။ နော့ …  ကျုပ်တို့ မိသားစုကြီး ထဲ မှာ ထူးခြား ပြောင်းလဲ နေတာက သူ တယောက်ပဲ ရှိတာကို ။ စစ် မဖြစ်ခင်တုန်း က လင် နဲ့ သား နဲ့ အိမ်ထောင် ပြည့် ။ လူ လဲ အကောင်း ပြကတေ့ ။ ဟော စစ်မီးလဲ ငြိမ်းရော ။ နေရပ်ဟောင်း ကို ပြန် ပြောင်းကြမယ် ဆိုတော့ အနား မှာ ယောက်ျားလဲ မရှိတော့ဘူး ။ သူ့ ဆရာကြင် လဲ စူဠလိပ် ၊ တခါတည်း ပြန် ပေါ် မလာတော့ဘူး ။ မေမေကြီးကြီး လဲ မျက်စိ လုံးဝ မမြင်တော့ဘူး ။ ဘယ်လို ဖြစ်သွားရတာလဲ ဆိုတော့ စစ် ကိုင်းတောင်ရိုး က ငလျင်ကြော ကျောက်တောင် မဟုတ်လား ။ အောက် က ပူ တာပေါ့ ။ သည်အထဲ များသော အားဖြင့် ဖိနပ် ကလဲ မစီး ဖြစ်တော့ ကျောက်ပူ မိ ၊ ကျောက်ခိုး ရိုက်တာ နေမှာပေါ့ ။ လူတိုင်း လဲ သူ့ လို စီးလိုက် ချွတ်လိုက် နေကြရတာပါပဲ ။ ဘာကြောင့် သူ့ ကျ မှ ရွေး ဖြစ်ရ သလဲ ဆိုတော့ ဝဋ်နာ ကံနာ လို့ပဲ လူမတန် ပြောရမလား မသိပါဘူး ။ သူ့ ကျ မှ ခြေဖဝါးတွေ ခြေဖနောင့်တွေ က ပပ်ကြားတွေ အက်ပြီး ကွဲကုန်သတဲ့ လေ ။ အဲဒါကို အရှေ့တော က လယ်သူမ ကောက်စိုက်သမ တွေ ခြေထောက် ဝဲစား တော့ ကုလေ့ ရှိကြတဲ့ ဓာတ်ကြမ်းတိုက် ဆေးမြီးတို နဲ့ ကု သတဲ့ ။ ကျောက်ပြင် ဖင် မှာ ရေနံချေး နဲ့ ဆား ကို ကျိတ်သွေးပြီး ခြေဖဝါး ပပ်ကြားအက် တွေ ထဲ ထည့် သတဲ့ ။ ထွန့်ထွန့်လူး ပေါ့ ။ ခံရတဲ့ ဝေဒနာ က မျက်ရည်ပေါက်ကြီးငယ်တွေ ကျ ၊ မသက်သာလှဘူး ။ ဒါပေမယ့် ပျောက်သလား ဆိုတော့ ၊ ဟုတ်နိုးနိုး ငုပ်လျှိုး သွားတာ နေမှာပေါ့ ။ လမ်းတော့ ပြန် လျှောက်လာ နိုင်ပါရဲ့ ။ ဒါပေမယ့် အထက် တက် မျက်စိ လာ ခိုက်ပြီး ၊ မှုန် ရာ က ဝါး …  ဝါး ရာ ကနေ တဖြေးဖြေး နဲ့ လုံးဝကွယ် သွားရတော့တာပါ ပဲ ။ အင်း … ကံ ကွက်ကျားပြီး သူ့ မှ ရွေး ဖြစ်ရလေတော့ ၊ ဒွေး ရော ဥပါဒ် ရော ဆိုသလို ကျုပ်တို့ မေမေကြီးကြီး လဲ စိတ်ပါ ခပ်နောက်နောက် ဖြစ်သွားတော့ တာပါပဲ ။ အရင် က ဓမ္မစကြာ တွေ ပဋ္ဌာန်း တွေ သာ အစဉ် ရွတ်ဆို လေ့ ရှိတဲ့ ကလျာဏယုဝ ပါးစပ် … ခုတော့ ငယ်တုန်းက ကြည့်ဖူးထားတဲ့ ဇာတ်ပွဲတွေ ထဲ ကသီချင်းတွေချည့် သံနေ သံထား နဲ့ ပြန် ဆို နေ တော့တာပါပဲ ။ ကျုပ် အဖို့ က တော့ … ဒုတ်ဆွဲ တွဲပို့ တွဲခေါ် နဲ့ ဆေးပြင်းလိပ် မီး ခဏခဏ ညှိ ပေးရ ကျိုး နပ်ပါတယ် ။ ရှေး ဇာတ် သီချင်း ပေါင်းချုပ် စာအုပ်ကြီး အပိုင် ရထား လိုက် သလိုပါပဲ ၊ အရှုံး ထဲ က အမြတ် ပြောပါတော့ ။

ဆိုတော့ကာ …  ဇာတ်လမ်း ကို ချုပ် ရရင် မေမေကြီးကြီး လဲ ခုတော့ ဘယ် ရှိပါတော့မလဲ ။ မေမေကြီးကြီး မပြောပါနဲ့ ။ ကျုပ် အမေ့ မျိုးဆက် လဲ တမျိုးဆက်လုံး ဆုံး ကုန်ကြပါပြီ ။ ကျုပ်တို့ နို့စို့ဖက် မောင်နှမ သုံးယောက် ထဲ က တောင် စိန်မေ တယောက် ပြုတ်နှင့် ပြီ ။ ‘ စန်းငွေ ’ နဲ့ ကျုပ် ပဲ ကျန် တော့တယ် ။ အမယ် ကျုပ် တောင် မြစ် တယောက် ရ နေပြီ ။ မြစ်မကလေး ကို သူ့ အဖွါး ကျုပ် သမီး ‘ အိမ့် ’ က ကျုပ် နာမည် ပေးနည်း အတိုင်း လိုက်ပြီး တလုံးတည်း ပေးထားတယ် ၊ တနင်္လာသမီး မို့ … ‘ ခ ’ တဲ့ ။ သူ မသိဘူး ရယ် ။ ‘ ခ ’ ဆိုတာ သူ မမှီလိုက် မတွေ့ဖူးလိုက် ရ တဲ့ ကျုပ် တို့ မေမေကြီးကြီး ရဲ့နာမည် ။ မေမေကြီးကြီး ရဲ့ ငယ် နာမည် က ‘ မခ ’ … ။ ကြီး လာတော့ ‘ ဒေါ်ခ ’ … ပေါ့ ။

◾မောင်သာရ

📖 မန္တလေးဂေဇက်
      ဒီဇင်ဘာလ ၊ ၂ဝဝ၉
    
#ကိုအောင်နိုင်ဦး

.

Thursday, September 28, 2023

ကမ္ဘာ ကို မြင်သိသူ


 

❝ ကမ္ဘာ ကို မြင်သိသူ ❞

[ မန္တလေးမြို့ ပွဲကုန်းရပ် ရှိ မြပွဲရုံပိုင်ရှင် ဦးမြမောင် က အလှူအတန်း ရက်ရောသည် ။ သူ့ ပတ်ဝန်းကျင် ရှိ ထက်မြက် ထူးချွန်သော ရဟန်းတော်များ အတွက် ပစ္စည်းလေးပါး ဒကာ ခံယူသည် ။

ဦးမြမောင် ခေါ်သွား သဖြင့် အိန္ဒိယနိုင်ငံ ၊ ဗီဟာပြည်နယ် ၊ ဗုဒ္ဓဂါယာ ၊ မဂဓတက္ကသိုလ် က အမ်အေဘွဲ့ နဲ့ ပီအိတ်ခ်ျဒီဘွဲ့ ရခဲ့ သူ ဆရာတော် ဒေါက်တာ ပညာဝေဓသီတင်းသုံး သော မန္တလေးမြို့ အနောက် ခင်မကန်တိုက် ငွေခြင်္သေ့ ကျောင်း ကို ရောက်သည် ။

အုတ်ကျောင်း အဝင် ဖိနပ်စင် မှာ ဘုန်းကြီးစီး ဖိနပ်တွေ အစီအရီ တွေ့ ရသည် ။ ကျောင်း ထဲ ဝင် သွားသည့် အခါ တစ်ကိုယ်စာ စားပွဲခုံ အသီးသီး မှာ ထိုင် နေသော ရဟန်းသာမဏေများ ကို ကျောင်းလုံးပြည့် မြင်ရသည် ။

ဆရာတော် ဒေါက်တာ ပညာဝေဓ က တပည့်ရဟန်းသာမဏေ ဦးရေ တစ်ရာ ခန့် ကို စာပေ ပို့ချ ပေးနေသည် ။ အင်္ဂလိပ်စာ ၊ ကွန်ပျူတာ သင်ပေး နေ သည် ။ ကျောင်းသားသူငယ်များ ကို ဘာသာရေး ၊ အင်္ဂလိပ်စာ ၊ ကွန်ပျူတာ သင် ပေးသည် ။

ဆရာတော့် ကို စဉ့်ကိုင်မြို့နယ် ထန်းတောရွာ မှာ မွေးဖွားခဲ့သည် ။ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ( မန္တလေး ) မှ သာသနာတက္ကသီလ ဓမ္မာ စရိယ B. A ( Buddhism ) ဘွဲ့ ရသည် ။ သာသနဓဇ ဓမ္မာစရိယ ဘွဲ့ လည်း ရသည် ။ နာဂတောင်တန်း မှာ သာသနာပြု တာဝန် ထမ်းဆောင်ဖူးသည် ။

ရဟန်းတော်များ ပြည်ပ သို့ ထွက်ခွာပြီး ပညာ သင်ယူ နိုင်ဖို့ ဆရာတော် က အကူအညီ ပေး နေသည် ။ ဆရာတော် ၏ မျှော်မှန်းချက် မှာ ပရိယတ္တိစာပေများ ကို ခေတ်မီ နည်းစနစ်များ ဖြင့် သင်ယူ ပို့ချနိုင်ရေး ၊ မြန်မာ ရဟန်းတော်များ ကို ကမ္ဘာ့ ပညာရေးနယ်ပယ် သို့ ပို့ဆောင် ပေးရေး ၊ ကမ္ဘာ့ အဆင့်မီ သာသနာပြု ရဟန်းတော်များ ပေါ်ထွန်းလာစေရေး တို့ ဖြစ်သည် ဟု ဆိုပါသည် ။

ဆရာတော် ၏ အတွေ့ အကြုံများ ကို မေးလျှောက် ၍ မိန့်ကြားပါသည် ။ ]

•••••   •••••   •••••

၁၉၉၈ ခု ၊ နာဂတောင်တန်း ကို သာသနာပြု လွှတ်တာ က ပြန် လာပြီး တော့ ဦးဇင်းအသက် က ငယ်သေးတယ် ။ မြန်မာပြည်တွင်း မှာ သင်ယူပို့ချ နေကြတဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ် နဲ့ ကမ္ဘာ့ပညာရေးစနစ် ဘယ်လိုကွာခြား သလဲ တအား သိချင်တယ် ။ အိန္ဒိယ ကို လေ့လာ ကြည့် တော့ မြန်မာ ရဟန်း လေးငါးခြောက်ပါး စာပေ လေ့လာ နေတာ ရှိတယ် လို့ သိရတယ် ။ အခု ထေရဝါဒဗုဒ္ဓတက္ကသိုလ် မှာ ပါမောက္ခချုပ် ဖြစ်နေတဲ့ ဒေါက်တာနေမိန္ဒ တို့ က ဟိုမှာ ရှိနေတယ် ။ တပည့်တော် အိန္ဒိယ မှာ ကျောင်း လာ တက်လို့ ရနိုင် မလား မေးတော့ တစ်လ အတွင်း မှာ ပဲ စာ ပြန်လာတယ် ၊ အရှင်ဘုရား ကြွခဲ့ပါ လိုအပ်တဲ့ အကူအညီ ပေးမယ်တဲ့ ။

ဦးဇင်းတို့ ဘုန်းကြီး ဆိုတာ ဒကာ ဒကာမ လှူ မှ ရှိတာ ။ ဦးဇင်း အိန္ဒိယ ထွက်မယ် ဆိုတော့ ငွေ တစ်ပြား မှ မရှိပါဘူး ၊ ဝိုင်း လှူကြတဲ့ ငွေ သုံးသိန်း နဲ့ သွားတာ ။

ဦဇင်း တတ် တဲ့ အင်္ဂလိပ်စကား က သွားလို့ လာလို့ ဖြစ်ရုံ ပဲ တတ်တာ ၊ အိန္ဒိယ မှာ ပြောတဲ့ အင်္ဂလိပ်စကားလေယူလေသိမ်း က လည်း ကု,လားသံ ဝဲနေတယ် ။ ဦဇင်း တို့ နားမလည်ဘူး ။ အဲဒီက ပရိုက်ဗိတ်စကူး ( ပုဂ္ဂလိကကျောင်း ) မှာ သုံးလ လောက် အပြင်းအထန် လုပ် ပစ်လိုက်တယ် ။ ငှက်တွေ တိရစ္ဆာန်တွေ တောင် မှ သင် ပေးရင် ရသေးတာပဲ ဆိုပြီး ဦးဇင်းကြိုးစားတယ် ။ ဟိန္ဒူစတန်နီ စကား လည်း သင်လာတယ် ။ ဈေးသွား ဝယ်ရင် တစ်လုံးစ နှစ်လုံးစ သင်တာပဲ ။ အိန္ဒိယ မှာ အင်္ဂလိပ်စကားလေယူလေသိမ်း သာ မကောင်းတာ အရေးအသား က အရမ်း မြင့်တယ် ။ ဒါ အားလုံး ဦးဇင်း ရ လိုက်တယ် ။

ဟို ရောက် သွားတော့ ဝင်ခွင့် ဖြေ ရတယ် ။ သူတို့ ဝင်ခွင့် မေးတဲ့ ပုံစံ က ဘယ် ဆရာ ဘယ် မေးခွန်း မေးမယ် ဆိုတာ ပုံသေ မရှိဘူး ။ ဦးဇင်းတို့ ထိုင်စောင့် နေတာ ကို မေးမယ့် ဆရာ က ရှေ့လာ ထိုင်ပြီး မာစတာ ဘာကြောင့် တက်ချင်တာလဲ ဆိုတာမျိုးတွေ မေးတယ် ။ ပြီးတော့ စားပွဲ ထဲ က စာရွက် တစ်ရွက် ထုတ်ပြီး ဦးဇင်း ရှေ့ ချပေးတယ် ။ စာရွက်တွေ က အကြောင်းအရာ အမျိုးမျိုးတွေ ရေးထားတာ ၊ စာဖတ်အား စမ်းတာ ။ ဦးဇင်း ဖြေခဲ့တာ က နေရူး အကြောင်း ။ လက်တန်း အများကြီး ပြန် ပြောလိုက်တယ် ။

ဦးဇင်း တက် ခဲ့တဲ့ အဂဓ တက္ကသိုလ် မှာ ဘွဲ့လွန် ကျောင်းသားပေါင်း ခြောက်သိန်း ကျော် ရှိတယ် ။ ဗီယက်နမ် ၊ မလေးရှား ၊ ယိုးဒယား က ကျောင်းသား တွေ များတယ် ။ အာဖဂန်နစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် တို့ ကလည်း လာတယ် ။ ဦးဇင်း လို ရဟန်းဝတ် က ခြောက်ပါး လောက် ပဲ ရှိတယ် ။

ကျောင်း က အဆောင် မှာ နေရတယ် ။ စားတာ က ကျောင်းကင်န်တင်း ရှိတယ် ။ ဦးဇင်း က ကု,လားလို မစားတတ် ရင် မဖြစ်ဘူး ဆိုပြီး လေ့ကျင့်ပြီး စား ရတယ် ။

စားမေးပွဲ ဖြေရာမှာ ကိုယ်ပိုင် အတွေးအခေါ် ပါ မှ အမှတ် ပေးတယ် ။ လေးနာရီ မေးခွန်း တစ်ခု ကို ဖြေရာ မှာ အေဖိုးဆိုဒ်စာရွက် နဲ့ စာမျက်နှာ ၅၀ လောက် ရေးရတယ် ။ ၅ဝ မပြည့် ရင် စစ်ဖို့ တင် မပေးဘူး ။ အလွတ်ကျက် ထားတာတွေ ချ ရေးရင် အမှတ် မပေးဘူး ။

မာစတာတန်း နှစ်နှစ် လုပ်ရတယ် ။ စာမေးပွဲ မှာ ရမှတ်ပေါင်း ၅၁၂ မှတ် ၊ First Class နဲ့ ဦးဇင်း စာမေးပွဲ အောင် လို့ တက္ကသိုလ် ရဲ့ Vice chancellor ( ဒုတိယ အဓိပတိ ) က လက်ခံပြီး ပီအိပ်ခ်ျဒီ ကျမ်း ပြုခွင့် ပေးတယ် ။ ကျမ်း အကျဉ်းချုပ် ပြုစုပြီး တင်ရတယ် ။

The Royal Patronage of Theravara Buddhism in Myanmar မြန်မာဘုရင် အဆက် ဆက် က ထေရဝါဒဗုဒ္ဓသာသနာ အပေါ် မှာ အားပေးခဲ့မှုများ ဆိုတဲ့ ခေါင်းစဉ် နဲ့ ရေးတာ ။ ကျမ်း ရေးခွင့် ရတာ နဲ့ မြန်မာပြည် ပြန် လာပြီး တပည့် ရဟန်းသာမဏေတွေ ကို စာချတယ် ။ နေ့ မှာ စာချ ၊ ည မှာ ကျမ်း ရေးတယ် ။ ၂၀၀၃ ခုနှစ် မှာ ကျမ်း ပြီးတာ နဲ့ သွား တင်တယ် ။

ဦးဇင်း အိန္ဒိယ သွားခဲ့တာ က နိုင်ငံခြား သွားချင်လို့ သွားတာ မဟုတ်ဘူး ။ ဦးဇင်း တို့ ပညာရေး မြှင့်တင်ချင် လို့ မိခင် နိုင်ငံ ကို ပြန် မြှင့်တင်ချင်လို့ သွားတာ ။ အခု ဦးဇင်း အသက် ၃၉ နှစ် ဆိုတော့ ဦးဇင်း လုပ်အား အနှစ် နှစ်ဆယ်ကျော် သုံးဆယ် အနည်းဆုံး လုပ်နိုင်သေးတယ် ။

ဦးဇင်း ရှေးရိုးစဉ်လာ ကို ပစ်ပယ်တာ မဟုတ်ပေမယ့် ခေတ် အမြင် နဲ့ သုံးသပ်ပြီး ဗုဒ္ဓစာပေ ကို တတ်အောင် ဘယ်လို သင်မှာလဲ နည်းလမ်း ရှာတယ် ။ ဓမ္မာစရိယဘွဲ့ ဒီဂရီ တစ်ခု ရဖို့ ဦးဇင်း တို့ ၁၀ နှစ် ၁၅ နှစ် လုပ်ခဲ့ ကြရတယ် ။ ဦးဇင်း ကလေးတွေ ကို ဒီလောက် အချိန် မကုန်စေရတော့ဘူး ။ နှစ်နှစ် ကြာမယ့်ဟာ ကို တစ်နှစ် နဲ့ ပြီးအောင် လုပ် ၊ နှစ်ရက် ကျက်ရမယ့်ဟာ ကို တစ်ရက် တည်း နဲ့ မရ ရအောင် ကျက် ။ ငယ်ငယ်ရွယ်ရွယ် နဲ့ သင်ပြီး ရင် အလုပ်များများ လုပ်နိုင်မယ် ။ ကြီး မှ ပြီးတော့ လူ ရဲ့အင်အား ဆုတ်ယုတ်တယ် ။ ငယ်ငယ်ရွယ်ရွယ် နဲ့ သင်လို့ပြီး ဖို့ ဆိုရင် ခေတ် အမြင် ခေတ် အတွေး လိုတယ် ။ ဦးဇင်း ကျောင်း က သုံးနှစ် အတွင်း ဓမ္မာစရိယတွေ အများကြီး မွေးထုတ် ပေးပြီးပြီ ။ ငယ် ၊ လတ် ၊ ကြီး မှာ ကျတဲ့ သူ ခပ်ရှားရှား ရယ် ။

ဦးဇင်း က ဓမ္မာစရိယ တွေ လေးငါးဆယ်ပါး မွေးထုတ်ပြီး သူတို့ ကလည်း တွဲသင် ၊ ဦးဇင်း က Managerment လုပ် မှ ခရီး ပို တွင် မှာ ။ အတန်း တစ်တန်း အောင် ပြီး ရင် အဲဒီ အတန်း ကို စာ ပြန် ချ ခိုင်းတယ် ။ ဒါမှ စာ ကျေတာ ၊ ဓမ္မာစရိယ အောင်ပြီးတဲ့ ကိုယ်တော်တွေ အိန္ဒိယ လွှတ်ဖို့ စီစဉ် နေတယ် ။ နိုင်ငံတကာ ပညာရေး အတွေ့အကြုံ အသိအမြင် ရှိ တဲ့ ရဟန်းတော်တွေ နဲ့ အားဖြည့်ပြီး အလုပ် လုပ်မယ် ။ မြန်မာပြည် မှာ ရှိတဲ့ ဗုဒ္ဓဘာသာရဟန်း စာသင်ကျောင်း နဲ့ ကမ္ဘာ့ပညာရေး ကို ချိတ်ဆက် ပေး ချင်တာ ဦးဇင်း ရဲ့ ဆန္ဒ ပဲ ။ ဒါကြောင့် အိန္ဒိယ သွားပြီး ပညာ သင် ချင်တဲ့ ရဟန်းတော် ရှိတယ် ဆိုရင် ဦးဇင်း က ဆက်သွယ် ပေးတယ် ။ မျက်စိ ပွင့်ကြ စေချင်လို့ ။

ဦးဇင်း က ကာလကတ္တား မှာ ဗြိတိသျှကောင်စီ က ဖွင့်ထားတဲ့ ရာမခရစ်သျှန အင်စတီကျူ ကို သွား လေ့လာတယ် ။ ကလေးတွေ ရဲ့ ပညာရေး ၊ အထွေထွေ ဗဟုသုတ သင်ပြ ပေးတဲ့ စနစ်ကို သိပ် ကြိုက်တယ် ။ ဒီ စနစ် ကို အသုံးပြုမယ် လို့ တောင် ရည်ရွယ် ထားတယ် ။ ၁၅ နှစ် အောက်ကလေးတွေ ကို ဘာသာရေး ၊ အင်္ဂလိပ်စာ ၊ ကွန်ပျူတာ သင်ပေးဖို့ ဦးဇင်း ပြင်ဆင်ထားတယ် ။

ခေတ် အမြင် ခေတ် အတွေး နဲ့ ပြောင်းလဲ လုပ်ကိုင် မှ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် အချိန်အခါ ကောင်း မှာ ပညာ ကို မြန်မြန် တက်မြောက်အောင် သင်ယူ ပြီးစီး မှ အလုပ် ပို လုပ်နိုင်မယ် ၊ ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်မယ်လို့ ဦးဇင်း ယူဆပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.
Sep 29, 2023 12:04

သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် ( ၁၁ )


 ထိုနေ့ ည မှာ ပင် မင်းရွာ တစ်ရွာ လုံး အုတ်အော်သောင်းတင်း ဖြစ် ကုန်ကြ တော့သည် ။


အကြောင်းမှာ ည မိုးချုပ်သည် နှင့် တစ်ပြိုင်နက် ရွာ ထဲ ကို ပိတုန်းကောင် များ ရာချီ ထောင်ချီ ပြေးဝင် လာကြပြီး တွေ့သမျှ လူတွေ ကို လိုက်တုပ် လိုက်ထိုး နေကြ သဖြင့် ဖြစ်၏ ။


မကြုံစဖူး ထူးထူးကဲကဲ အဖြစ် ကြောင့် မင်းရွာသူ မင်းရွာသားများ မှာ အထိတ်တလန့် ဖြစ်ကုန်ကြ တော့သည် ။


အစက မူ ယာတောင် ရွာသားတွေ ထင်မြင်ခဲ့ကြ သလို စွန်သတ်ပျားများ အုံပျက် ပြီး သူတို့ ရွာ ထဲ ဝင် လာကြ သလား ထင်ခဲ့ ကြသည် ။ စွန်သတ်ခံ ရ၍ အသိုက်အအုံ ပျက်စီးလာကြ သော ပျားကောင်များ မှာ ဒေါသ က လည်း အလွန် ကြီးကြသည် ။ ထို့ကြောင့် စွန်သတ်ပျား အတုပ် ခံရ သူ ကို တစ်ခါ တစ်ခါ ပုတ် နှင့် ပင် အုပ် ထား ကြရသည် ။ ထို စွန်သတ်ပျား များ မှာ သူတို့ အသိုက်အအုံ ကို လာဖွပ် လာဖျက် သော ပျားဖွပ်သမား ပုတ် ထဲ က ထွက် မလာ မချင်းပင် ပျားဖွပ်သမား ဝင်ပုန်း နေသော ပုတ် ပေါ် တစ်ညလုံး တစ်နေ့လုံး ပျံဝဲ ကာ ပျားဖွပ် သမား ထွက် အလာ ကို ဒေါသတကြီး နှင့် စောင့် နေ တတ်ကြသည် ထိ ရန်ငြိုး ကြီး တတ်ကြသည် ။


ထိုအခါမျိုး တွင် ပုတ် ထဲ သို့ ဝင်ပုန်း နေသော ပျားဖွပ်သမား ကို သူ့ မိသားစု တစ်ဦး ဦး က ပုတ် ထဲ သို့ ထမင်းဟင်း သွင်း ပေး၍ ပင်  ကျွေးမွေး တတ်ကြရသော အစဉ်အလာ ရှိခဲ့ဖူးသည် ။ စွန်သတ်ပျားများ မှာ သူတို့ ၏ အသိုက်အအုံ ကို ဖျက်ဆီးသူ ပျား ဖွပ်သမား တစ်ဦး တစ်ယောက် ကို သာ အငြိုး ကြီးစွာ နှင့် လိုက်လာ ထိုးတုပ် ကြ သော်လည်း တခြား လူများ ကို လုံးဝ မထိုးမတုပ်ကြခြင်း မှာ ပျားများ ၏ ဗီဇစိတ်ဓာတ် အသိ နှင့် သော် လည်းကောင်း ၊ သို့မဟုတ် ပထမ ဦးဆုံး သူတို့ အသိုက်အအုံ ကို လာဖျက်သူ အား ပျားများ က တုပ် လိုက်ရာတွင် ပျားဆိပ်နံ့ သည် ထို သူ တစ်ယောက် ၏ ကိုယ် ပေါ် မှာ သာ နံ နေပြီး အခြားလူ များ ၌ ပျားပို့ မရှိ ၊ ပျားဆိပ်နံ့ မရ၍ ထို သူ တစ်ယောက်တည်း ကို သာ သဲကြီးမဲကြီး ရွေး တုပ်ကြခြင်း ဖြစ်သည် ။


ထို့ကြောင့် ထို ည က မင်းရွာသူ မင်းရွာသားများ ၏ အထင် မှာ ရွာသား တစ်ဦး ဦး သည် စွန်သတ်ပျားအုံ ကို သွား ဖွပ်မိ သဖြင့် စွန်သတ်ပျားများ အငြိုးကြီးစွာ လိုက် လာပြီး ထို ပျားဖွပ်သမား မှ တစ်ဆင့် တွေ့သမျှ မြင်သမျှ လူတွေ ကို လိုက်တုပ် လိုက်ထိုး နေကြ သလား ဟု ပင် ထင်ခဲ့ကြသည် ။ 


သူတို့ ထင်မည် ဆိုက လည်း ထင် စရာ ဖြစ်သည် ။


တပေါင်း ၊ တန်ခူးလ ဆိုသည် မှာ ပျားသူငယ်လေးများ သန္ဓေ စ တည် ကြချိန် ဖြစ်သဖြင့် ပျားသလက်စား သော စွန်သတ်ပျားများ သည် တော ထဲ တောင် ထဲ က ပျားအုံများ ကို

သဲကြီးမဲကြီး လိုက် ရှာ တတ်ကြချိန် ဖြစ်သည် ။


ပျားအုံ ကို တွေ့ သွားသော စွန်ရဲ သည် မိုးထက်ဝဠာ ဆီ မှ ပျားအုံ ရှိရာ သို့ အရှိန် ပြင်းစွာ ထိုးဆင်း လာပြီး ပျားသလက် ပျားအုံ ပေါ် မှ ပျားကောင် များ ကို တောင်ပံ နှင့် တဖြောင်းဖြောင်း ရိုက်ခတ် ပစ်လိုက်လေသည် ။ ဂဠုန် တောင်ပံ နှယ် အရှိန် ပြင်းသော စွန်ရဲ ၏ တောင်ပံ ရိုက်ခတ် လိုက် မှု ဒဏ် ကို မခံနိုင်ကြသော ပျားကောင် များ သည် ပျားအုံ ၊ ပျားသလက် ၊ ပျားလပို့ ထဲ မှ ရုတ်ခြည်း အဆုပ်လိုက် အခဲလိုက် ကစဉ့်ကလျား လွင့်စဉ် သွားကြ၏ ။ အဆုပ်လိုက် အခဲလိုက် လွင့်ကျ လာသော ပျားကောင်များ သည် လေ ထဲ ရောက်သော အခါ တစ်ကောင်စီ ပြန့်ကျဲ သွားကြသည် ။ ထိုအချိန် မှာ စွန်ရဲ သည် ပျားသူငယ် များ ပါသော ပျားသလက် ကို အတင်း ဝင်ထိုး ကိုက်ဖဲ့ ၍ မိုးယံ ထက် သို့ တစ်ဟုန်ထိုး တက်ပြေး သွားသည် ။


စွန်ရဲ ကိုက်ချီ ယူသွားသော ပျားသလက် မှာ ပျားရည် ရှိသော ပျားသလက် ၊ ပျားလပို့ မဟုတ် ။ ပျားသူငယ်များ သန္ဓေ ရှိ နေကြသော ပျားလပို့ ၊ ပျားသလက် သာ ဖြစ်သည် ။ အသား စားသော စွန်ရဲ တို့သည် ပျားရည် ထက် သလက် ထဲ ရှိ ပျားသူငယ်နုနုများ ကို သာ စားတတ်ကြသည် ။


သူတို့ အား အတောင်ပံ နှစ်ဖက် နှင့် တအား ရိုက်ခတ် ထားခဲ့ပြီး သူတို့ ၏ ပျားသူငယ်များ မွေးမြူ ထားရာ ပျားသလက် ကို ဖဲ့ကိုက် ပြေးတက် သွား သော စွန်ရဲ နောက် ဆီ ကို ထောင်ပေါင်းများစွာသော ပျားတွေ က လည်း အုပ်လိုက် ပျံ တက်ပြီး လိုက်ထိုး လိုက်တုပ်ကြသည် ။ သို့သော် အမွေးအမှင် ထူသော စွန်ရဲ မှာ ထောင်ပေါင်း များစွာသော ပျားကောင်ငယ်များ ၏ ထိုးတုပ် ကိုက်ခဲခြင်း ကို ပမာ မပြုဘဲ မိုးယံဝဠာ ထက် ပျံတက် ရင်း တိုက်ခိုက် ကိုက်ဖဲ့ ယူလာ သော ပျားသူငယ်အိမ် ပျားသလက် ကို လေ ထဲ ၌ ပင် ပျံရင်း ရှောင်ရင်း အကုန် စား ပစ် လိုက်သည် ။


မြင့်မားလွန်းသော မိုးယံ ထက် သို့ ပြေးတက် သွားသည့် စွန်ရဲ နောက်ကို လိုက်ပြီး ထိုးဆိတ် လိုက်တုပ် ကြ သော  ပျားကောင်ငယ် တို့ မှာ စွန်ရဲ ကဲ့သို့ မြင့်လွန်းသော လေထု ထဲ သို့ မပျံ တက် နိုင်ကြ သဖြင့် မိုးပျံဝေဟင် ထက် မှ ပြန်ဆင်း လာကြကာ သူတို့ ၏ ပျားသလက် ပျားအုံ ပေါ်တွင် ပြန် နား ၍ သူတို့ ၏ အသိုက်အမြုံ ကို ကာကွယ် နေကြရ ပြန်သည် ။


ပျံရင်း ပြေးရင်း ထောင်ပေါင်းများစွာ သော ပျားကောင်ငယ်များ ကို ရှောင်ရှားရင်း နှင့် ပင် ပျားသူငယ်များ ပါ ပျားသလက် ကို လေ ထဲ ၌ပင် စားသောက် ပစ် လိုက်သော စွန်ရဲ သည် ပျားသလက် ကုန် သွားသည် နှင့် တစ်ပြိုင်နက် လေဟုန်စီး ကာ ပျားအုံ ရှိရာ သို့ အရှိန် ပြင်းစွာ နှင့် သူ ၏ တောင်ပံ နှစ်ဖက် ကို ရုပ် ကာ ထိုးဆင်း လာ ပြန်သည် ။


ပျားအုံ နား ရောက်သည် နှင့် စွန်ရဲ သည် သူ ၏ တိုက်ခိုက်နေကျ နည်း အတိုင်း သေနင်္ဂဗျူဟာ ပျားသလက် ၊ ပျားလပို့ ပေါ် က ထောင်ပေါင်း များစွာသော ပျားကောင်ငယ်များ ကို ဂဠုန်တောင်ပံ နှယ် ပြင်းသော သူ ၏ စကြာလက်နက် နှင့် တဖြောင်းဖြောင်း တဖျပ်ဖျပ် ရိုက်ခတ် ကာ ပျားသူငယ်များ ရှိရာ အိမ် ကို အပိုင်းအပိုင်း အတစ်တစ် ကိုက်ချီ ပြီး ပျားမကြီးများ ပျံတက် မလိုက်နိုင်သော မိုးယံမြင့် ထက် သို့ တက်သွား ပြန်သည် ။


သူတို့ တစ်ဆောင်းလုံး တစ်နွေလုံး ပင်ပန်းကြီးစွာ ရှာဖွေ စုဆောင်းထား ကြသော ပန်းဝတ်ရည်များ ထက် အဆပေါင်းများစွာ တန်ဖိုး ထားကြ သော သူတို့ ၏ ရင်သွေးရင်နှစ်များ ကို အတင်း ဝင် ကိုက်ဖဲ့ခွာ သွားသော စွန်ရဲ စွန်မိုက် ၏ နောက် ကို ထောင်ပေါင်း များစွာသော ပျားကောင်ငယ် တို့ က ဝိုင်းအုံ ၍ လိုက်တုပ် လိုက်ထိုး ကြ ပြန်သည် ။ 


သို့သော် သူတို့ ၏ အတောင်ပံ နှစ်ဖက် မှာ သေးငယ်သည့် အပြင် သားမိုက်စွန်ရဲ ၏ တောင်ပံ ကဲ့ သို့ မာရေကျောရေ မရှိဘဲ ပါးလွှာသေးငယ် သဖြင့် မိုးထက်ဝဠာ မှ လေပြင်း လေရဟတ်ဒဏ် ကို မခံရပ်နိုင် ဖြစ်ကာ သူတို့ ၏ အသိုက်အအုံ ရှိရာ သို့ ပြန် ပြေး လာကြကာ သူတို့ ၏ ပျားအုံ ကို စုပြုံ ၍ ကာကွယ် နေကြရပြန်သည် ။ 


ပျားသူငယ် တို့ ၏ ချိုဆိမ့်သော အရသာ ကို စားမဝ ၊ စုပ်မဝ ဖြစ် နေ သော သားမိုက်စွန်ရဲသည် အောင်နိုင်သူ ၏ ဟစ်ကြွေးသံ ကို တကစ်ကစ် ပြုလုပ်ကာ သူ ၏ တောင်ပံ လက်နက် ကို ရိုက်ခတ် ၍ မိုးယံ ထက် မှ သည် ပျားအုံ ရှိရာ သို့ တစ်ဖန် ဝါးလုံးထိုး ပျံ ဆင်း လာပြန်သည် ။ 


ပျားအုံ ရှိ  ပျားကောင်များ မှာ သူတို့ ၏ ရင်သွေးငယ်များ ကို မည်မျှပင် အသေခံ ကာကွယ်ကြ သော်လည်း ဂဠုန်တောင်ပံ နှယ် ပြင်းထန်လွန်းလှ သော သားမိုက်စွန်ရဲ ၏ တောင်ပံ ထဲ တွင် သေ သူ သေ ၊ ကျေ သူ ကျေ ၊ လွင့် သူ လွင့်စဉ် နှင့် ကြာသော အခါ ကစဉ့်ကလျား ဖြစ်လာ ကြသည် ။ 


သားမိုက်စွန်ရဲ သည် သူ တွေ့ထား သော ဤ အုံ ၌ ပျားသူငယ် သလက် - မကုန်မချင်း တစ်ခေါက် ပြီး တစ် ခေါက် ၊ တစ်နေ့ ပြီး တစ်နေ့ လာရောက် ထိုးသုတ် စားသောက် နေလေ ရာ နောက်တော့ ပျားများ မှာ ထိတ်လန့် ကြောက်ရွံ့ပြီး သူတို့ ၏ ပျားအုံ ကို စွန့်ခွာ ကာ ထိုနေရာ မှ ပင် ပြေးကြရ တော့သည် ။


စွန်သတ် အကြိမ်ကြိမ် ခံလာကြရသော ပျားကောင်များ မှာ ဒေါသ အင်မတန် ကြီး လာကြရာ လမ်း ၌ တွေ့သမျှ လူများ နှင့် ကျွဲနွား တိရစ္ဆာန်များ ကို ပင် မရှောင်ဘဲ သဲကြီးမဲကြီး ထိုးတုပ် တတ်ကြလေသည် ။ ထို့ကြောင့် လည်း ယခု မင်းရွာ ထဲ ဝင် လာပြီး လူ တွေ ကို လိုက်တုပ် လိုက်ထိုး နေကြ သော အကောင်များ ကို စွန်သတ်ပျား များ ကို အသိုက် ပြောင်းရွှေ့လာကြ ခြင်းဟု ထင် လိုက်ကြသည် ။ 


စွန်သတ်ပျား များ ရွာ ထဲ ဝင် လာပြီး သစ် တစ်ပင် ပင် ၊ အိမ် တစ်အိမ် အိမ် တွင် လာ စွဲ နေလျှင် ရွာ ကို ခိုက် တတ်သည် ။ အိမ် ကို ခိုက်တတ်သည် ဟူသော ရှေး အစဉ်အလာ အစွဲအလမ်း က လည်း ရှိကြရာ ရွာသူရွာသားတွေ မှာ မီးတုတ်မီးရှူး တွေ နှင့် ထို အကောင်များ ကို ဝိုင်းရှို့ကြသည် ။


သို့သော် ရာချီ ထောင်ချီ နေသော စွန်သတ်ပျားများ မှာ ရွာသူရွာသား များ မီးတုတ် ကိုယ်စီ နှင့် မည်မျှ ရှို့ကြ ရှို့ကြ နည်း သွားသည် မရှိ ၊ ပျံပြေး ထွက်သွား ကြသည် မရှိဘဲ ပို၍ သာ များ လာလေ၏ ။ ပျားကောင်များ သည် မီးတုတ် မီးညွန့် ပေါ် ဖြတ်သန်း ၍ ပင် ပျံသွား နေကြရာ မီးတုတ် မီးညွန့် ရောင် နှင့် သေသေချာချာ မြင်ကြရ တော့ မှ စွန်ပျားများ မဟုတ်ဘဲ လက်မ လောက် ပင် ရှိသော ပိတုန်းကောင်ကြီးများ မှန်း ကို သိသွားကြလေသည် ။


ရာချီ ထောင်ချီ နေသော ထို ပိတုန်း ကောင်များ မှာ ရွာသူရွာသားတွေ က မီးတုတ်မီးရှူး တွေနှင့် မည်မျှ လိုက်ရှို့ လိုက်ရှို့ မဖြုံ ကြချေ ၊ တွေ့သမျှ လူတွေ ကို ချည်း လိုက်ထိုး လိုက်တုပ် နေကြ ရာ အိမ်ခြေ ငါးရာကျော် ရှိသော မင်းရွာ တစ်ရွာလုံး မှာ အုန်းအုန်းကျွက်ကျွက်

ဖြစ်ကုန်ကြသည် ။


မင်းရွာသူ မင်းရွာသားများ ၏ အဖြစ် မှာ မူ လွန်ခဲ့သော လေးငါးည က ယာတောင် ရွာသူရွာသားများ အဖြစ်အပျက် ထက် ပင် ဆိုး နေကြ သည် ။ ယာတောင်ရွာ ကို ပိတုန်းကောင်တွေ ရာချီ ထောင်ချီ ဝင်လာ တုပ် တုန်း က မူ အိမ် ထဲ ခြံ ထဲ ဝင်ပြေး ကြလျှင် လွတ် သော်လည်း ယခု ပိတုန်းကောင်များ က မူ ခြံ ထဲ အိမ် ထဲ ထိ လိုက်ထိုး လိုက်တုပ် နေကြသည် ။ ခွေး ၊ ကြောင် စသည့် အိမ်မွေး တိရစ္ဆာန်များ မှာ လည်း ငြိမ်ကုပ် မနေကြဘဲ တဝေါင်ဝေါင် တညောင်ညောင် အော်ဟစ်ကာ ရွာ ရှေ့ ရွာ နောက် ဆောက်တည်ရာ မရ ပြေးလွှား အော်မြည် နေကြသည် ။


သို့သော် မိုးလင်းပိုင်း ရောက်လာ သော အခါ မှာတော့ ယာတောင်ရွာ မှာ ကဲ့သို့ ပင် ပိတုန်းကောင်များ သည် တဖြည်းဖြည်း ပါးလျား သွားကြကာ ပျောက်ကွယ် သွားကြ လေသည် ။ သို့နှင့် ဒုတိယ ည ၊ တတိယ ည များ ၌ လည်း ပိတုန်းကောင်များ သည် ရွာ ထဲ ရာချီ ထောင်ချီ ဝင် လာပြီး ထိုးတုပ် နေကြရာ ရွာသူရွာသားတွေ မှာ ည ည ဆိုလျှင် ရွာ ထဲ အိပ်ရမှာ ပင် အကြောက် ကြီး ကြောက်ကြသည် ။ 


ထိုအခါ ပိတုန်းပြဿနာ နှင့် ပတ်သက်၍ အစိမ်းတိုက် တာ လား ၊ ပု ဏ္ဏက တိုက် တာလား စသည်ဖြင့် သံသယ မျိုးစုံ ဝင် ကာ သူတို့ ရွာ ရှိ ဗေဒင်ဆရာ ၊ မှော်ဆရာ ၊ ဆေးဆရာ ၊ နတ်ဆရာ တို့ နှင့် တိုင်ပင် ကြသည် ။ လောကီနည်း အရ သူတို့ ရွာရှိ ဆေးဆရာ ၊ မှော်ဆရာ ၊ နတ်ဆရာ တို့ က သူတို့ တတ်သမျှ သိသမျှ အစီအစဉ်တွေ လုပ်ကြ ရသည် ။ သို့သော် ည ကျ လျှင် ပိတုန်းကောင်များ က မူ ရာချီ ထောင်ချီ ရွာ ထဲ ဝင် လာ ကြတုန်း ၊ ရွာသူရွာသားများ ကို ထိုး တုပ်ကြတုန်း ဖြစ်ရာ ယင်း ရွာရှိ ဆရာ့ ဆရာတွေ မှာ လည်း မည်သို့မျှ မတတ် နိုင် ဖြစ်နေကြသည် ။


ထို့ကြောင့် ည ည ၌ ရွာ ထဲ ပိတုန်းကောင်များ ရာချီ ထောင်ချီ ဝင် လာပြီး ရွာသူရွာသားများ ကို ထိုးတုပ် ကြသည့် ကိစ္စ စနည်းတဘောင်နာ လေ့လာ စုံစမ်းကြရသည် ။ ထိုအခါ ရွာ ထဲ ကို ပိတုန်းကောင်များ ရာချီ ထောင်ချီ ဝင် မလာမီ မနက် က ယာတောင်ရွာသူ ကောင်မလေး သုံး

ယောက် ရွာ ထဲ ဈေး ထဲ လာပြီး ပိတုန်း လာရောင်း အော်ဟစ် သွားကြသည် ကို ခြေရာ ကောက် ကြသည် ။ 


ထို့အပြင် လွန်ခဲ့သော လေးငါးရက် က ယာတောင်ရွာ ကို လည်း ဤသို့ပင် ပိတုန်းတွေ ရာချီ ထောင်ချီ ဝင် လာပြီး လူတွေ ကို လိုက်ထိုး လိုက်တုပ် သွား ကြသည့် သတင်း ကို ရသည် ။ သို့သော် ယာတောင်ရွာ မှာ မူ နှစ်ည သာ ကြာ ပြီး ထို ပိတုန်း ပြဿနာ ကို သူတို့ ရွာရှိ သူတော်ငတေ အစီအစဉ် ပြုလုပ် ပေး လိုက်၍ ပျောက်သွားသည် ဆို သော သတင်း တိတိကျကျ ရ ကြ တော့သည် ။


ထိုအခါ တစ်ဆယ့်နှစ်ရွာ ပိုင် သူကြီး နှင့် မင်းရွာလူကြီး ဦးထွန်းလူ ၊ ရွှေပန်းထိမ်ဆရာ ၊ ဆယ်အိမ်မှူး ရာအိမ်မှူး များ မှာ ဤ ပိတုန်း ပြဿနာ တို့ ကို သူတော်ငတေ အား အစီအမံ လုပ်ခိုင်း မှ ဖြစ်ပေတော့မည် ဟု တစ်ညီတစ်ညွတ်တည်း သဘောတူ ဆုံးဖြတ် ကာ ယာတောင်ရွာ ရှိ ဘုန်းတော်ကြီးကျောင်း အောက်နေ သူတော်ငတေ ထံ သို့ သွားရောက် အကူအညီ တောင်းကြရန် စိုင်းပြင်း ကြရလေသည် ။


ထို့ကြောင့်ပင် သူတော်ငတေ ၏ လောကီပညာ စွမ်းဆောင်နိုင်မှု အခြေအနေ နှင့် ကျော်စော ကိတ္တိဂုဏ် တို့ ကို တစ်ယောက် တစ်ပေါက် နှင့် ရွာလူကြီး ၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူးများ က လည်း ဆယ့်နှစ်ရွာပိုင် အစိုးရ မင်း ၏ ရွှေစလွယ်တော် နှစ်လုံးပြူး သေနတ်ပိုင်ရှင် ရွာသူကြီး ဦးကျော်ဇံ အား သတင်းကြား မှန်သမျှ ကို ပြော ပြကြသည် ။


လွန်ခဲ့သော နှစ်နှစ် ခန့် က သူတို့ မင်းရွာ ၌ ဓာတ်တော်စေတီ ဘုရားပွဲ ကျင်းပလေရာ ထို ပွဲ ၌ သူတော်ငတေ နှင့် ထမင်း တစ်ဝိုင်း တည်း အတူ စားခဲ့ ဖူးသော မင်းရွာသူကြီး ဦးကျော်ဇံ မှာ လည်း သူတော်ငတေ ၏ အစွမ်း ကို သိ ထားသူ ဖြစ်သဖြင့် လုံးဝ ငြင်းကွယ် ရန် အကြောင်း မရှိ ဖြစ်သွားလေသည် ။ ထိုစဉ်က မင်းရွာ နှင့် ရွာနီးချုပ်စပ် မှ လူကြီးများ ထမင်းဝိုင်း တွင် သူတော်ငတေ လည်း ပါဝင်သည် ။


ထို့ကြောင့် ည ည ရွာ ထဲ သို့ ပိတုန်းကောင်များ ရာချီ ထောင်ချီ ဝင် လာပြီး ရွာသူရွာသားများအား ထိုးတုပ် နေသည့် ကိစ္စ သူတော်ငတေ ထံ သွားရောက်ပြီး အကူအညီ တောင်းကြ ရန် လူ ရွေးကြရသည် ။


ဤကိစ္စ မှာ ရပ်စည်း ရွာစည်း လည်း မပေါက် အောင် တိုးတိုးတိတ်တိတ် လုပ်ကြရမည် ဖြစ်ရာ ရွာသူကြီးမင်း ဦးကျော်ဇံ နှင့် တူ တော်သူ ရွာ လူကြီး လည်း ဖြစ် ၊ ရွှေပန်းထိမ် ပိုင်ရှင် ရွှေပန်းထိမ် ဆရာကြီး လည်း ဖြစ် ဦးထွန်းလူ နှင့် သူကြီး လက်စွဲ ဆယ်အိမ်မှူး ဦးစိုးအောင် တို့ ကို ရွေးချယ် လိုက်ကြသည် ။


မင်းရွာ ဆီ က ပိတုန်း တစ်ထောင် ပြဿနှာ ကို အဖြေ ရှာရန် ဆယ့်နှစ်ရွာပိုင် သူကြီး ဦးကျော်ဇံ နှင့် ရွာလူကြီး ပန်းထိမ်ဆရာ ဦးထွန်းလူ ၊ သူကြီး လက်စွဲ ဆယ်အိမ်မှူး ဦးစိုးအောင် တို့ သည် ငှက်ပျောသီး သုံးဖီး ၊ ဆေးရွက်ကြီး တစ်စည်း ၊ ကြံသကာ တစ်ထုပ် နှင့် သူတော်ငတေ ရှိရာ ယာတောင်ရွာ ဘုန်းကြီးကျောင်း သို့ မနက် စောစောစီးစီး ထွက်လာ ကြသည် ။


သူတို့ ရဲ့ မင်းရွာ နှင့် စာလျှင် ယာတောင်ရွာ မှာ တောတောင် ထူထပ် သည့် မင်းလမ်း ဟု အရပ် က ခေါ်ကြ သော မော်တော်ကားလမ်း နှင့် လည်း ခြေကျင် နာရီဝက် ခရီး နီးနီး ရှိသဖြင့် စောစောပင် ထွက်လာကြခြင်း ဖြစ်သည် ။ ယာတောင်ရွာ နှင့် အရှေ့ ဘက် ကန်နားလမ်းခွဲ သို့ ရောက်ကြသော အခါ အရှေ့ဘက် ကမ်း သို့ ရေခပ်ရန် ထွက် လာ သူ ယာတောင်ရွာသား ဦး ကြာပန်း နှင့် လမ်းဆုံ နား တွင် တွေ့ကြသည် ။


မင်းရွာသူကြီး ဦးကျော်ဇံ ကို မြင် သော အခါ လယ်ခွန်ယာခွန် ကိစ္စ ကြောင့် မကျေမနပ် ဖြစ်နေသော ယာတောင်ရွာသား ဦးကြာပန်း ၏ မျက်နှာ က မကြည်မလင် ဖြစ် သွားသည် ။ ဒီ သူကြီး တစ်ယောက် ယောက် ဆီ လယ်ခွန်ယာခွန် ကိစ္စ လာပြန်ပြီ ဟု ထင် လိုက်ပုံ ရသည် ။ ထို့ကြောင့်လည်း ဦးကြာပန်း က သူကြီး ဦးကျော်ဇံ တို့ အဖွဲ့ ကို မျက်နှာ လွှဲကာ ရေကန် ဘက် လမ်း သို့ ခြေ လှမ်း ပြင်လေသည် ။ ထိုအခါ သူကြီးမင်း ဦးကျော်ဇံ က “ ဦးကြာပန်း မှတ်တယ် ” ဟု လှမ်း နှုတ်ဆက် လိုက် သဖြင့် ခြေလှမ်း တန့် သွားရ ပြန်သည် ။ သူကြီးမင်း ကို လေးစားသည့် အနေ နှင့် မတ်တတ်ရပ် နေ လိုက် ရသည် ။ 


“ သူကြီးမင်း တို့ လယ်ခွန်ယာခွန် ကိစ္စ ထင်တယ် ” 


မကျေမနပ် ဖြစ်နေ သော်လည်း နှုတ်တော့ ဆက် ရသည် ။


“ မဟုတ်ပါဘူး ဦးကြာပန်း ၊ ကျုပ်တို့ လာတာ က ခင်ဗျားတို့ ဦးသူတော် နဲ့ တွေ့ချင်လို့ပါ ။ ခု ဦးသူတော် ကျောင်း မှာ ရှိတယ် ကြားလား ” 


“ ငတေ လား ၊ ရှိမှာပေါ့ ၊ သူများ လို သူ က ဘာ အလုပ် ရှိတာ မှတ်လို့ ၊ ဘုန်းကြီးကျောင်း ကပ်စား နေတာပဲ ဟာ သူကြီးမင်း တို့ က လယ်ခွန်ယာခွန် ကိစ္စ လည်း မဟုတ် ဆိုတော့ ကို ဘာကိစ္စ ပါ လိမ့် ” 


“ ကိစ္စ က ကျုပ်တို့ ရွာ ည ညပိတုန်း တွေ ဝင် လာပြီး လူတွေ ကို လိုက်ထိုး နေ .. ” 


“ ရွာ ထဲ ပိတုန်းတွေ ဝင် တာများ အဆန်း လုပ်လို့ သူကြီးမင်း ရာ ၊ ဟို လေးငါးရက် က ကျုပ်တို့ ယာတောင်ရွာ တောင် တောင်သူတွေ ယာမီး ရှို့ကြ လို့ ပိတုန်းတွေ ဝင် သွားတာ နှစ်ည လောက် ကို ခံလိုက်ရသေးတယ် ဗျာ ” 


ဦးကြာပန်း က မူ ပေါ့ပေါ့တန်တန် ပင် သူကြီးမင်း ၏ စကား အဆုံး ကို ပင် မစောင့်ဘဲ သူ ထင်တာ ပြောချ လိုက်သည် ။ ဦးကြာပန်း ဤသို့ ပြော ခြင်း မှာ သူတို့ ယာတောင်ရွာ ကို ပိတုန်း ဝင်စဉ်က ရွာလူကြီး တစ်ဦး ဖြစ်သူ ဦးပေါ်သာ ၏ စကား ကို ယခု လိုက် ပြောခြင်း ဖြစ်သည် ။ 


“ အဲ ခု ကျုပ်တို့ လာကြတာ လည်း အဲဒီ ပိတုန်း ကိစ္စပဲ ဗျ ၊ ခင်ဗျားတို့ ရွာ ပိတုန်းတွေ ဝင်တုပ်တုန်း က ဦးသူတော် အစီအစဉ် လုပ် ပေးလိုက် တာ နဲ့ ပျောက်သွားတယ် ကြားလို့ လေ ဦးကြာပန်း ၊ အဲဒါ ခုလည်း အဲဒီ ပိ ... ” 


“ အလကားပါ ဗျာ ၊ ကျုပ်တို့ ရွာ မှာ လူကြီး လုပ် နေကြတဲ့ ဦးထွန်းပေါ် မှာ ဟိုကောင် သံတိုင် တို့ ကံညွန့် တို့ အကြောင်း လည်း ခင်ဗျားတို့ သိသားနဲ့ ၊ ဒီ လူတွေ က တစ်ဆိတ် ကို တစ်အိတ် လုပ်ချင်ကြတဲ့ လူတွေ ဗျ ။ ငတေ ဆိုတာ က လည်း ငယ်ငယ် က သံတိုင် နဲ့ တေဖော် တေဖက် ၊ ပေဖော် ပေဖက် ဆိုတော့ ငတေ အစီအမံ လုပ် လိုက်လို့ပဲ ရိုးမ က လာတဲ့ ပိတုန်းတွေ ရွာ က ပြန်ထွက် သွားကြ သလိုလို ၊ သံတိုင် က သူ့ သူငယ်ချင်း ငတေ ဂုဏ် တက်အောင် တောပြော တောင်ပြော ပြောတာ ခင်ဗျားတို့ ကြားလို့ ဖြစ်ပါလိမ့်မယ် ။ ဘာမှ ဟုတ်တာ မဟုတ်ပါဘူး တစ်ရက် နှစ်ရက် ကြာရင် သူ့ အလိုလို ပျောက်သွားတာ ၊ ဒါ ဘာဆန်း ... ”  


“ မဟုတ်သေးဘူး ဦးကြာပန်း ရယ် ၊ ကျုပ်တို့ ရွာ ပိတုန်းတွေ ဝင်တုပ် ဝင်ထိုး ဖြစ်နေတာ လေးည တောင် ရှိသွားပြီ မို့ ဦးသူတော် ဆီ .. ” 


“ ခက်လိုက်တာ ၊ ခင်ဗျားတို့ ရွာ က ကျုပ်တို့ ရွာ နဲ့ စာရင် ခွင်ကျ လို့ တစ်ရက် နှစ်ရက် ပိုကြာချင် ကြာမှာပေါ့ ။ နောက်တော့ ပိတုန်းတွေ သူ့ လမ်းကြောင်း အတိုင်း ပြောင်းကူး သွားကြ ပါလိမ့်မယ် ၊ ဒါများ ငတေ ဆီ တကူးတက ကြီးကြီးကျယ်ကျယ် လက်ဆောင်ပဏ္ဏာတွေ ဘာတွေ နဲ့ ခင်ဗျားတို့ မို့ သွားကြဦး မလို့လား ”  


ဦးကြာပန်း ဆိုသူ ၏ အကြောင်း ကို သိသော ဆယ်အိမ်မှူး ဦးစိုးအော င်က သူကြီးကျော်ဇံ ကို မသိမသာ လက် တို့ သည် ။ ဤ လူကြီး နှင့် ပြော နေရ လျှင် အချိန် သာ ကုန်ပြီး ဘာမှ အကြောင်း ထူးလာမည် မဟုတ် ဆိုသည် ကို ရွှေပန်းထိမ်ဆရာ ဦးထွန်းလူ က လည်း ရိပ်မိ၏ ။ ဦးကြာပန်း ဆိုသူ မှာ ယာတောင် တစ်ရွာလုံး ရှိ မည်သူ နှင့် မျှ စကားပြော တည့်သူ မဟုတ် ။ သူ ထင်တာ သူ ပြောတတ်သည့် အပြင် တစ်ယူသန် တဇောက်ကန်းသမား ဟု လူတိုင်း က သိထားကြ ဖြစ်သည် ။


“ ဘာပဲဖြစ်ဖြစ် လာမိနေ ပြီးမှတော့ သွား ကြည့် လိုက်ပါဦးမယ် ဦးကြာပန်း ရယ် ” 


“ ဟား ဟား ငတေ ကို ခင်ဗျားတို့ က တော်တော် အထင်ကြီးကြတာ ကိုး ၊ သွား သွား သွားကြပါ ၊ ဒါပေမဲ့ ကျုပ် တော့ ဓာတ်သိ မို့ ခင်ဗျားတို့ ကို တစ်ခု မှာ လိုက်ပါရစေ ” 


ဦးကြာပန်း က တစ်ခု မှာလိုက်ပါရ စေ ဆိုသည် ကို သူကြီးကျော်ဇံ က ဘာ ပါလိမ့် ဟူသော အကြည့် နှင့် စောင်းငဲ့ ကြည့် လိုက်စဉ် ဆယ်အိမ်မှူး ဦးစိုးအောင် က “ ဦးကြာပန်း ဘာများ မှာ မလို့လဲ ပြောပါဗျာ ” ဟု ဝင် မေးလိုက်၏ ။


“ ဘာ ဟုတ်ရမလဲ ငတေဆီ ရောက် ခါမှ ခင်ဗျားတို့ ကို ငတေ က တောပြော တောင်ပြော မပြောဘူး ဆို ကျုပ် လည်ပင်း လာဖြတ် ၊ ငတေ က ခင်ဗျား တို့ မေးမိလို့ က တော့ သူ့ ကိုယ် သူ ဒီနေ့ နက်ဖြန် ပဲ ထွက်ရပ်ပေါက် တော့ မလိုလို ပုဂ္ဂိုလ်ထူး လိုလို ၊ မှော်ဆရာ လိုလို လုပ်ပြပါ လိမ့်မယ် ။ ငတေ က ကျုပ်တို့ ရွာသား ဇာတိ ပါ ဗျ ။ ငတေ အကြောင်း ကျုပ် က ပို သိတာပေါ့ ။ အဲ ဒါကြောင့် ကျုပ် တော့ ငတေ ဆီ သွား လည်း မသွားဘူး ၊ ငတေ တောပြော တောင်ပြော ပြောတာ လည်း မယုံပါ ဘူး ၊ ခင်ဗျားတို့ ယုံရင် သွားကြပါ ။ ငတေ အကြောင်း ပြော နေရတာ နဲ့ ကျုပ် ရေခပ် လာ တာ တောင် ခရီး ဖင့် သွားပြီ သွားမယ် ”  


ပြောပြောဆိုဆို နှင့်ပင် ဦးကြာပန်း သည် ရေဆိုင်းထမ်း ကို ထမ်း ကာ အရှေ့ဘက် ကန်လမ်းခွဲ သို့ တက်သွားလေသည် ။


ပိတုန်းတစ်ထောင် ပြဿနာ ကို အဖြေ ရှာရန် လာ ကြသော မင်းရွာသူကြီး ဦးကျော်ဇံ တို့ အဖွဲ့ လည်း သူတော်ငတေ ရှိရာ ယာတောင်ရွာ ဘုန်းတော်ကြီးကျောင်း ဘက် သို့ တက်လာကြသည် ။


သည်လိုနှင့် သူတော်ငတေ ရှိရာ ဘုန်းကြီးကျောင်း အောက် ဆီ သို့ နံနက် ခုနစ်နာရီ ကျော်ကျော် မှာ ရောက်လာကြသည် ။ သူတော်ငတေ ၏ ဖိုတံခါး ( ကဲလား ) ဖွင့် ထား သဖြင့် သူတော်ငတေ ကို တန်း မြင်ရသည် ။ သူကြီး ဦးကျော်ဇံ တို့ အဖွဲ့ သူ့ ဖိုရုံ ရှေ့ ကွပ်ပျစ် ပေါ် တက်လာ ကြသည် ကို သူတော်ငတေ က တစ်ချက် လှမ်း ကြည့် သည် ။


သူကြီး ဦးကျော်ဇံ တို့ အဖွဲ့ ကွပ်ပျစ် ပေါ် ထိုင် လိုက်ကြစဉ် သူတော်ငတေ လည်း ဖိုရုံ ထဲ က ထွက် လာပြီး မင်းရွာသူကြီး တို့ ရှေ့ မှာ လာ ထိုင်သည် ။ ပြီးတော့ ဘာမှ မမေးသေးဘဲ သူတို့ သုံးယောက် ၏ မျက်နှာ ကို တစ်ယောက် စီ လိုက် ကြည့်နေသည် ။


“ ဦးသူတော် ၊ ကျွန်တော် မင်းရွာ သူကြီး ” 


သူ့ ကို မမှတ်မိသည် ထင်သည့် သူကြီး ဦးကျော်ဇံ က စ ပြောလိုက်သည် ။


“ ဦးကျော်ဇံ သူကြီးမင်း ကို မှတ်မိပါတယ် ” 


“ ဟုတ်ကဲ့ သူ က မင်းရွာ လူကြီး ရွှေပန်းတိမ်ဆရာ ဦးထွန်းလူ ပါ သူ က .. ”  


“ ဟာ လက်စသတ်တော့ သူကြီး နဲ့ သူခိုး နဲ့ ပေါင်း လာတာကိုးဗျ ၊ ဟန်ကျလိုက်လေဗျာ ” 


သူ့ စကား မဆုံးခင်ပင် သူတော်ငတေ က တဟား ဟား ရယ်ကာ သူကြီး နှင့် သူခိုး တို့ ပေါင်း လာကြသည် ဆိုသဖြင့် သုံးယောက် စလုံး မှာ ချက်ချင်း မျက်နှာ ပျက် သွားကြသည် ။


သူတော်က ဦးထွန်းလူ ကို မထီတရီ သူ့ ပုံစံ အတိုင်း ခပ်ပြုံးပြုံး ကြည့်ပြီး


“ ဦးထွန်းလူ ”   


“ ခင်ဗျာ ” 


“ ခင်ဗျား က ရွှေပန်းထိမ်ဆရာကြီး ဆို တော့ သူခိုးကြီး ပေါ့ နော် ” 


“ ဟာ ဦးသူတော် ကျုပ် က သူခိုး မဟုတ်ပါဘူး ဗျ ၊ ဘယ့်နှယ် လူ ကို ”   


“ ဟား ဟာ စိတ် မရှိနဲ့ ဦးထွန်းလူ ၊ ကျုပ် ကြားတာ က တော့ ပန်းထိမ်လူရိုး

အမေ့ရွှေ တစ်မတ်ခိုး တဲ့ ဗျ .. ရိုးတဲ့ ပန်းထိမ်တွေ တောင် အမေ့ ရွှေ ကို တစ်မတ် ခိုးတယ် ဆိုတော့ သူများ ရွှေ တွေ သာ ဆို ငါးမူး သုံးမတ်များ ဆရာ တို့ ခိုး နေကြလားဗျာ ၊ အဲဒါကြောင့် လည်း ကျုပ်တို့ ဆီ က ခု ရွှေရည် မမီတာ လက်စသတ်တော့ ဆရာကြီး တို့ လက်ချက်ကို ဟဲ ဟဲ ”


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ နှင့် ပိတုန်း တစ်ထောင် 


#ကိုအောင်နိုင်ဦး


.