Wednesday, August 16, 2023

မြေခွေး လူလည်


 ❝ မြေခွေးလူလည် ❞


ဟို ရှေးရှေး တုန်း က လင်မယား နှစ်ယောက် ရှိသတဲ့ ။ တစ်နေ့ တော့ လင် က ငါး မျှား ပြီး ရွာ ကို မြင်း နဲ့ စီး ပြန်လာခဲ့တယ် ။ အဲဒီလို ပြန် လာ တော့ လမ်း မှာ မြေခွေး တစ်ကောင် ဝပ် နေတာ တွေ့ သတဲ့ ။ မြေခွေး က လည်း ခွေပြီး ဝပ် နေ လိုက်တာ ဟာ သေနေတဲ့ အတိုင်းပဲ တဲ့ ။ ဒါပေမယ့် လူကြီး က တော့ မြေခွေး အရေကြီး လို့ ပဲ ထင်လို့ မြေခွေး အရေကြီး လှ လိုက်တာ ဆိုပြီး ကောက်ယူ လိုက်တယ် ။ ပြီးတော့ မြေခွေး ကို ငါးတွေ ထည့် တဲ့ အိတ် ထဲ ကို ထည့်ထား လိုက်တာပေါ့ ။ မြေခွေး က လည်း တစ်လမ်းလုံး အိတ် ထဲ မှာ ရှိတဲ့ ငါးတွေ ကို ပြန်ချ ထားခဲ့ သတဲ့ ။ ငါတွေ လည်း အိတ် ထဲ မှာ ကုန် သွားရော မြေခွေး က အိတ် ထဲ က တိတ်တိတ်ကလေး ဆင်း နေ ခဲ့ သတဲ့ ။


မြေခွေး က တော့ သူ ချ ပစ်ခဲ့တဲ့ ငါးတွေ ကို လိုက် စုပြီး ချုံပုတ်ကလေး တစ်ခု အောက် မှာ စား နေ သတဲ့ ။ အဲဒီ အချိန် မှာ ဝံပုလွေ တစ်ကောင် ရောက် လာပြီး “ ဟာ ... သူငယ်ချင်း ၊ မင်း ငါးတွေ တယ် ပေါပါလား ။ ငါ့ ကို အငယ် တစ်ကောင် လောက် ပေးပါလား ကွာ ” လို့ ပြောတော့


“ အောင်မာ ... မင်း ငါး စား ချင်ရင် မင်း ဟာ မင်း မြစ် ထဲ ကို ဆင်း ဖမ်းပါလား ” လို့ ပြန် ပြော သတဲ့ ။


“ ငါ မှ မဖမ်းတတ်ဘဲ ကွာ ... ” လို့ ဝံပုလွေ က တစ်ခါ ပြော တော့ မြေခွေး က “ ငါး ဖမ်းနည်း က အလွယ်ကလေး ပါ ကွာ ။ မင်း ရေ ထဲ ဆင်း ပြီးတော့ မင်း အမြီး ကို ရေ ထဲ မှာ လှုပ်ပြီး “ အို ... ငါး တို့ ကျွန်ုပ် အမြီး မှာ လာ နားကြလော့ ။ လာ နားကြလော့ ” လို့အော် နေရင် ငါးတွေ ဟာ မင်း အမြီး မှာ လာ နား လိမ့်မယ် ။ အဲဒီတော့ မင်း က ငါးတွေ ကို ဖမ်းယူ နိုင်တာပေါ့ ။ မင်း ကြာကြာ ဖမ်းတော့ များများ ရလေပေါ့ကွာ ” လို့ ပြော တော့ ဝံပုလွေ က မြစ်ဆီ ကို သွားပြီး မြေခွေး ပြောတဲ့ အတိုင်း လုပ် တာပေါ့ ။ ဒါပေမယ့် တစ်ကောင် မှ မရတော့ ဝံပုလွေ က “ နေနှင့်ဦးပေါ့ မြေခွေး ရာ ” လို့ ကြိမ်းပြီး မြေခွေး ကို လိုက် ရှာ တော့တယ် ။ အဲဒီ အချိန် မှာ မြေခွေး က ရွာ ထဲ မှာ ရှိတဲ့ မိန်းမကြီး တစ်ယောက် ရဲ့ အိမ် က ဆန်ပြုတ်အိုး ကို ခိုး စားပြီး အချို့ ဆန်ပြုတ်ဖတ်တွေ ကို ခေါင်း မှာ လူးလာခဲ့ သတဲ့ ။ ဝံပုလွေ နဲ့ လည်း တွေ့ ရော ဝံပုလွေ က ...


“ သူငယ်ချင်း မြေခွေး ... ဟောဒီမှာ ကြည့်စမ်း ။ မင်း သင် ပေး လိုက်တဲ့ ငါးဖမ်းနည်း က ငါး တစ်ကောင် မှ မရခဲ့တဲ့ အပြင် ငါ့ အသားတွေ ကို ပြာ‌တောက် ကုန်ပါရော လားကွ ဟင် ... ” လို့ ပြော တော့ မြေခွေး က ...


“ ဟာ ... သူငယ်ချင်း မင်း သိပ် ကံကောင်းတယ် ။ ငါး တစ်ကောင် မှ မရတာ ဟာ မင်း သိပ် ကံကောင်းတာပဲ ။ အခု ကြည့်စမ်း ။ ငါ ငါးတွေ စား လိုက်တာ ငါးတွေ က ငါ့ဦးနှောက်တွေ ကို ဖောက် ပစ်လို့ အခု ငါ့ ဦးနှောက်တွေ အပြင် ကို ထွက် ကုန်ပြီ ။ ငါ ဘာမှလည်း မမြင်နိုင် တော့ဘူး ။ ငါ့ မှာ အခု သေခါနီး ဆဲဆဲ ဖြစ်နေ ပါပြီကွာ ” လို့ မျက်နှာငယ်ကလေး နဲ့ ပြော တော့ ဝံပုလွေ က လည်း သနား သွားရှာ သတဲ့ ။ အဲဒါနဲ့ ဝံပုလွေ က ...


“ သူငယ်ချင်း မင်း အဖြစ်က သနားစရာ ကောင်း နေပါပြီကွာ ။ ကဲ ... ကဲ ... ငါ့ ကျော ပေါ် တက် ။ မင်း ကို မင်း အိမ် အထိ လိုက်ပို့မယ် ” လို့ ပြောတော့ မြေခွေး လည်း ဝံပုလွေ ရဲ့ ကျော ပေါ် တက်ပြီး ပြုံးပြုံးကြီး လိုက်သွားရော တဲ့ ... ။


◾ဉာဏ်ဝင်း


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၇ ၊ ဖေဖော်ဝါရီ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment