❝ ဟယ် တယ် မလွယ်ပါလား ❞
“ ဦးလေး ကျွန်မ ရွှေ ဝယ်ချင်လို့ လိုက်ခဲ့ပါဦး ”
ကျွန်တော့် တူမ တင်တင်ရီ သည် တော မှ ရောက်ရောက် ချင်း အမောတကော အပူကပ် လေ၏ ။
“ ပိုက်ဆံ ပေး ငအေး တေးဆို လို့ ဟာ ငွေ ရှိ ဝယ် လိုက်ပေါ့ဟယ် ၊ ရှင်း နေတာပဲ ”
“ ငွေ နဲ့ ဝယ် မှာ မဟုတ်ဘူး ၊ ရွှေ ရွှေချင်း လဲ မှာ ၊ ရွာ က မင်္ဂလာဆောင် မှာ ဆွဲဖို့ ”
သည်လို နဲ့ ဈေး သို့ ရောက် ခဲ့ကြလေ၏ ။ အောက်တိုဘာ ၁၆ ရက် နေ့ က ။
ပထမ ဖောင်းဖောင်း တို့ ရွှေဆိုင် ။
“ ဒါလေးက ဘယ်လောက်သားလဲ ဟင် ”
“ သုံးကျပ်သုံးရွေး မမ ”
“ ဘယ်လောက်ကျလဲ တွက်ကြည့်ပါဦး ”
ဖောင်းဖောင်း က သွယ်ပျောင်း နေသော လက်ချောင်းကလေးများ နဲ့ တွက်စက် ကိုနှိပ် ၊ ကျသင့် တန်ဖိုး ပြော ၊ အလျော့တွက် နဲ့ လက်ခပါ ထည့် တွက် ။ ထိုအခါ ကျွန်တော့် တူမ က သူ့ အထုပ် ကို ဖြေ ၊ ရွှေဆွဲကြိုး တစ်ကုံး ၊ အခေါက်မောင်းကွင်း လက်စွပ် တစ်ကွင်း ၊ကျောက်နီလက်စွပ် တစ်ကွင်း ၊ ငါးမူးသား ရွှေဒင်္ဂါးပြား တစ်ခု ထွက်လာ ။
“ ဒါတွေနဲ့ လဲမယ် ချိန် ကြည့်ဟယ် ”
“ ဟင် ... အစ်မ ၊ ကျွန်မ တို့ က ပြင်ပရွှေ မဝယ်ဘူး ၊ ဒီလို လုပ်ပါလား ၊ အစ်မတို့ ရွှေ ကိုဘေး မှာ သွား ရောင်း ၊ ရတဲ့ ပိုက်ဆံ နဲ ဒီ ဆွဲကြိုး ကို ဝယ် ”
“ အေး ... ကောင်းသားပဲ ၊ လာ ငါ့ တူမ ”
ကျွန်တော့် အသိ ရွှေဆိုင် ရောက် ။
“ ကြိုး က ၁၄ ပဲရည် ၊ ဒင်္ဂါး က အနာလေး ပါတယ် ၊ ဒီ မောင်းကွင်း က အင်း ... အဲ ... နည်းနည်း ဖန်တယ်ဗျာ ”
သူ က ရေနွေးကြမ်း သောက်ရင်း ပြော ။
“ ပေးစမ်းဗျာ ”
ကျွန်တော် သူ့ လက် မှ ရေနွေးကြမ်း ကို ယူ မော့ ။
“ ဘယ်မှာ ဖန်လို့လဲ ဗျာ ၊ အနေတော်ပါပဲဗျာ ”
“ ဟာ ... ဦးချမ်းသာ က လည်း ၊ ရေနွေးကြမ်း ကို ပြောတာ မဟုတ်ဘူး ၊ ဒီ အခေါက် က နည်းနည်း ဖန်တယ် လို့ ပြောတာဗျာ ”
“ အို ... မသိပါဘူးဗျာ ၊ ကဲ ... ဖန်တာ ငန်တာ အသာထား ၊ အားလုံး တွက်စမ်းဗျာ ၊ ဘယ်လောက် ရနိုင်မလဲ ”
တစ်ခုပြီး တစ်ခု ချိန်ကြည့် ၊ ဈေးဖြတ် ၊ စုုစုပေါင်း ရွှေသား အလေးချိန် သုံးကျပ် တစ်မူးသား ။ အားလုံး တန်ဖိုးသင့် ။ ရမည့် ငွေပမာဏ ပြော ။ ( အလျော့တွက် လက်ခ မပါ ။ )
“ ငါ့ တူမ ရေ ... သူ ပေးတဲ့ ဈေး နဲ့ ဆို တို့ က ၉၀၀၀ဝ တောင် လိုက်ရဦးမှာ ဟေ့ ”
“ ကိုးသောင်း ဆို ဦးလေး နှမ်း ကိုးတင်း ထုတ် ရောင်း ရ တော့မှာပေါ့ ”
( နှမ်း တစ်တင်း တစ်သောင်း )
“ လာ ... လာ ... ငါ့ တူမ အခြား ဆိုင် သွားကြဦးစို့ ၊ နင် ဝယ် တဲ့ ဆိုင် ကို သွားမယ် ၊ဈေးချင်း တူရင် ခင်ဗျား ဆီ ပြန် လာခဲ့မယ် ဗျို့ ”
ဆိုင်ရှင် ကို နှုတ်ဆက် ထွက်ခဲ့ ။
“ ကျွန်မ ဒီ ဆိုင် က ဝယ်တာ ၊ ဒါတွေ အားလုံး ”
“ အေး ... ကောင်းတယ် ၊ သူ့ ဆိုင် ပြန် ရောင်းမယ် ၊ ဟင် ... ဆိုင် က ခုထိ မဖွင့်သေးပါလား ဟ ”
မျက်နှာချင်းဆိုင် မှ ဒန်အိုးသည်မ က ထွက်လာ ။
“ ဖီးဖီးတို့ ဒီနေ့ ဆိုင် မထွက်ဘူး ဦးလေး ၊ ဘုရားဖူး သွားကြတယ် ”
အဲဒါမှ ဂွ ပဲ ။ သည် ဆိုင် က လုပ်တဲ့ ၁၅ ပဲရည် ဟို ဆိုင် က ၁၄ ပဲ တဲ့ ။ အခေါက် က နည်းနည်း ဖန်သတဲ့ ။ ခက်ဘူးလား ။ မခက်ပါ ၊ ကျွန်တော့် အသိ ရွှေဆိုင်တွေ မှ ပြည့်လို့ ။ ကျွန်တော်တို့ ဦးသာဝ ဆိုင် ရောက် ၊ တွေ့ပါပြီ ၊ နို့အုံကြီး နှစ်လုံး က ကျောက်ဖရုံသီး အလယ် က ပိုင်းပြီး ကပ်ထားသလိုပဲ ။ ဗိုက်ကြီး က အချိန် နှစ်ဆယ်ဝင် စဉ့်အိုး လောက် ရှိတယ်ဗျာ့ ။
“ ဘာကိစ္စလဲ ဦးချမ်းသာ ၊ ငွေ ချေးချင် လို့လား ”
( သူ့ ဆီ က ငွေအမြဲ ချေးနေကျ )
မျက်နှာ က ပြုံး ၊ မျက်လုံး က အရောင် တဖိတ်ဖိတ် တောက် ၊ ဗိုက်ကြီး လက်ဝါး နဲ့ ပွတ် ရင်း ပြော ။
“ ငွေ ချေးရအောင် လာတာ မဟုတ်ဘူး ဗျာ့ ၊ ရွှေ ရောင်း ချင်လို့ ”
အမှတ်မထင် ခွေးချေးတုံး ဝါးစား မိ သကဲ့သို့ မျက်နှာ တွေသွား ။
“ ရွှေ မဝယ်ချင်ဘူး ဗျာ ၊ ရောင်း ပဲ ရောင်းချင်တယ် ”
လေသံပျော့ကလေး နဲ့ ပြော ။
“ ဘာကြောင့်လဲ ဗျာ ”
“ ရွှေဈေး က နောက် က ထိုးကျ နေတယ် ဗျာ ”
မဟန်သေး ။ ကျွန်တော့် တူမ လက်ကုပ် ၊ ခပ်သုတ်သုတ် ထွက်ခဲ့ ။
“ ညည်းတို့ ဆီ က ဝယ်တုန်း က ၁၅ ပဲရည် ပြောပြီး ရောင်း လိုက်ကြတယ် ၊ ခု တို့တစ်ဈေးလုံး က ရွှေဆိုင်တွေ လိုက်ပြ ပြီးပြီ ၊ ၁၃ ပဲ လို့ ပြော နေကြပါလား ”
တောသူမ သုံးယောက် က အော်ကြီးဟစ်ကျယ် ပြောနေ ကြလေ၏ ။ ချိုချောင်ဝါး နဲ့ တော့ သူမ မစွာကျယ် တို့ တွေ့ကြ လေပြီ ။ ချောင်ချောင် တို့ ဖွင့် ထားသော “ ဝါးရီး ” အမည်ရှိ ဆိုင် ရှေ့ မှာ ။
“ အစ်မကြီး တိုးတိုး ပြောပါ ”
“ ဟေ့ ... တို့ တောသူမတွေ က ကျယ်ကျယ်ပဲ ပြောတက်တယ် ၊ မဟုတ် ဘွင်းဘွင်း ဟုတ် ဘွင်းဘွင်း ပဲ အေ့ ၊ ညည်းတို့ က တောသား နာပေါက် ဆိုပြီး ဆော် တာ ပေါ့လေ ၊ ဘယ်နှယ် ၁၃ ပဲရည် က ၁၅ ပဲရည် တဲ့ တော့ ”
ချောင်ချောင် ယောက်ျား ဝါးဝါး ဆိုသူ ပျာပျာသလဲ ထွက်လာ ။
“ အစ်မရေ ... မှား ရောင်း လိုက်မိတာပါ ၊ ကျွန်တော့် ရွှေ ပြန် ပေး ၊ အစ်မတို့ ပိုက်ဆံပြန် ယူပါ ၊ ကျေပါနော် ”
ဝါးဝါး က ဖုံးဖုံးဖိဖိ ပြော ၊ သူ့ ရွှေ ယူ ၊ ငွေ ပြန်ပေး ။
“ လာဟေ့ ... ငါ့ တူမ ၊ တို့ ကြားညပ် နေပါဦးမယ် ၊ တစ်မျိုး ကြံကြ သေး တာပေါ ဟယ် ”
ကျွန်တော်တို့ တူအရီး နှစ်ယောက် အိမ် သို့ ပြန် ရောက် ၊ ရေအိုးစင် မှ ရေအေးအေးတစ်ခွက် ခပ် သောက် ။
“ ပေးစမ်း နင့် ရွှေတွေ ”
ဆွဲကြိုး က ဂျိတ်ကိုဖြေ ၊ ရွှေဒင်္ဂါး ထိပ်က ကွင်းကလေး ထဲ ဆွဲကြိုး အစ ကို ထည့် ၊ လက်စွပ် က ကွင်းတွေ ကို ထည့် ၊ ဂျိတ် ကို ပြန်ပိတ် ။
“ ရော့ ဆွဲကြည့်စမ်း ၊ ဟို ဆွဲကြိုး က သုံးကျပ်သုံးရွေး ၊ အခု နင့် ဆွဲကြိုး က သုံးကျပ်တစ်မူးသား တောင် ရှိပါတယ်ဟာ ”
“ ဝက်သားတွဲကြီး လို ပဲ ၊ မလှဘူး ”
( တောရွာများ တွင် ဝက်သား ကို နှီး နဲ့ တွဲပြီး ရောင်းကြသည် )
“ ဝက်သားတွဲ မက လို့ အမဲသားတွဲ ပဲ ဖြစ်ဖြစ် ဟယ် ၊ နင့် ရှိတဲ့ ရွှေ နင် ဝတ်တာ ဘယ်သူ့ ဘာ မှု ရမလဲ ဟယ် ၊ ဟုတ်ဘူးလား ”
“ အင်း ... ဟုတ် ”
ဘယ်နှယ်ဗျာ ၊ သုံးကျပ်သား ချင်း အတူတူ ကိုးသောင်း တောင် ထပ် လိုက်ရဦးမယ် ဆိုတော့ ။
ဟင် ... တယ် မလွယ်သေးပါလား ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment