Monday, August 7, 2023

အနုဝင်္ကပါ ( ၂၂ )


 ( ၂၂ )


နောက် တစ်ကြိမ် သူ ရောက် လာ သောအခါ သာဓု က ယခင် စကား ကို ပြန် ကောက်၍ ...


“ အေး ... ဆရာ့ ဆီ ကို စာ တစ်စောင် လာဖူးတယ် ၊ မိန်းမပျို တစ်ယောက် မင်းသမီး လုပ်ချင်လို့ တဲ့ အောက် မှာ လက်မှတ် ထိုးတဲ့ နာမည် က ဘာတဲ့  ၊ အဲ ... ဌေးဌေးကြည် တဲ့  ၊ ကြည်ကြည်ဌေး အမည် ပြောင်းပြန် ပေါ့ကွာ ”


သူ နိုင်ငံခြား စီးကရက် ထုတ် ၍ သာဓု ကို တည်သည် ။ သာဓု က မယူ ။


“ ဆရာ က ဒူးယား ပဲ ကြိုက်တယ် ၊ ဝယ် လို့ လဲ လွယ်တယ် ၊ မင့် နိုင်ငံခြားစီးကရက်မျိုး က စွဲ သွားရင် အများ ကြီး ဒုက္ခ ၊ နယ် ကျရင် ဝယ် မရတော့ဘူး ”


တစ်စုံ တစ်ရာ တွေးမိ သလို ငေး သွားပြီး မီး ညှိသည် ။ 


“ အဲဒါ ဒီ ကလေးမကလေး က နိုင်ငံကျော် ကြည်ကြည်ဌေး အမည် ကို ရှေ့နောက် ပြောင်းပြီး တု လိုက် တာပဲ ၊ ဓာတ်ပုံ ကြည့် တော့လဲ သိပ် မဟန်တာ နဲ့ ( တူမ မင်းသမီး မဖြစ်နိုင် ဘူး ) ဆိုတာ လောက်ပဲ ရေး ပြန်လိုက်တယ် ”


“ ဟုတ်ကဲ့ ခင်ဗျ ”


“ ဆိုပါတော့ ဒီ ကောင်မလေး ရုပ်ရည် လဲ ရှိမယ် ၊ အနုပညာ ဗီဇ လဲ ရှိမယ် ၊ ကြိုး လဲ ကြိုးစား လို့ တစ်ကား တည်း နဲ့ ဟိုးလေးကျော် လူကြိုက် များ သွားတယ် ဆိုပါတော့ ”


သူ ဆေးလိပ် မီးခိုးများ အမြန် ဆုံး မှုတ် ထုတ်ပြီး ( ဟုတ်ကဲ့ ) သည် ။


“ အဲ ... ဟို တစ်ပတ် က မင်း ကို ပြောသလိုပေါ့ ၊ အဲသလို ဒိုင်းခနဲ ကျော်ကြား သွားတာ ဟာ ဒီ ကောင်မလေး အစွမ်းအစ အရည်အသွေး ကြောင့် မဟုတ်ဘဲ ဌေးဌေးကြည် ကို ကြည်ကြည်ဌေး ထင် ပြီး မှား ကြည့် မိလို့ လူဝင် များ တာ ဆိုရင် သူ ခံချင်ပါ့ မလား ”


“ ဒါတော့ ဆရာ ရယ် ”


သူ့ စကား တွင် ထိုလို အဖြစ် မခံနိုင် သည့် လေသံ ပါ နေ၏ ။


“ ဒါဖြင့် သူများ နာမည် ( အတု ) နဲ့ ကျော်ကြား ချင် ကြတာလဲ ဆရာ တွေးလို့ မရဘူးကွ ၊ အဲဒီတော့ မင်း ကော ကိုယ့် ကြိုးပမ်းမှု အားကိုးပြီး ကိုယ့် နာမည် ရင်း နဲ့ ဖြစ်စေ ၊ တခြား ထိပ်တန်း သရုပ်ဆောင်တွေ ရဲ့ နာမည် နဲ့ လုံးဝ မတူတဲ့ အမည် ကို သာ မှည့် စေ ချင်တယ် ”


“ ဟုတ်ကဲ့ပါ ဆရာ ၊ ဘယ်လို နာမည် ရွေးရင် ကောင်းပါ့မလဲ ”


“ ဒါ အသာ ထားဦး ၊ မင်း ဒီနေ့ ပြန် တော့ ၊ နှုတ်ခမ်းမွေး ရိတ် ခဲ့ ၊ မင့် မျက်နှာ ကို သေသေချာချာ ကြည့် မယ် ၊ သရုပ်ဆောင်မှု အရည်အသွေး စမ်း ကြည့် မယ် ။ ဘယ့်နှယ်လဲ ၊ ရိတ် မလား ”


“ ဟုတ် ... ဟုတ်ကဲ့ ခင်ဗျ ”


     •••••   •••••   •••••   



ဤတွင် သူ တစ်ထူး ကို သာဓု နှုတ်ခမ်းမွေး ရိတ် ခိုင်းသော ပြဿနာ တစ်ခု နှင့် ပက်ပင်း ကြုံခဲ့ရ ဖူးသည်  ။


အထက်ပါ သူငယ် ဝင်းဦးဝင်း သာဓု ထံ လာ တွေ့ စဉ် က သုမောင် မှာ ကျောင်းသား ကလေး အရွယ် ပင် ရှိ သေးပြီး နောင် “ ချစ်စံနမူ ” စ , ရိုက် ရာ တွင် သူ နှုတ်ခမ်းမွေး ရေးရေး တင် လာ သဖြင့် ချက်ချင်း ရိတ် ခိုင်း လိုက်ရ ချေသည် ။


ထို့နောက်ပိုင်း တွင် သုမောင် သည် ချစ်စံနမူ ကား ရိုက် ၍ အပြီး ( နှောင်းတမြေ့မြေ့ ) ဇာတ်ကား သူ လက်ခံ ရိုက်ကူး နေစဉ် သာဓု မန္တလေး ၌ ချစ်စံနမူ ပြရင်း ရောက်ရှိ နေခိုက် ဖြစ်ရာ နောက် သာဓု  ပြန် လာသော် သုမောင် တွင် နှုတ်ခမ်းမွှေး ပါးပါး နှင့် ဖြစ်နေသည် ။


“ ဟေ့ကောင် ... ဒီ နှုတ်ခမ်းမွှေး က ဘာကိစ္စ ... ”


“ မဟုတ်ပါဘူး ဖေဖေ ၊ ကျွန်တော် ရိုက် နေတဲ့ ကား မှာ ကျွန်တော် က စစ်ဗိုလ် မို့ အသက် ရင့်သလို ဖြစ်ရအောင် ထား တာပါ ၊ ပြီးတော့ ဒါရိုက်တာ က လဲ ထား ခိုင်း လို့ ”


ဒါရိုက်တာ မှာ မောင်ဝဏ္ဏ ဖြစ် လျက် သူ က လည်း ဝန်ခံသည် ။ နောက် တစ်ဖန် ( ပန်းနုရောင် မရင့် တရင့် ) ( ရှာမှ ရှားတဲ့ တကယ့် ယောက်ျား ) ( ရွှေလား ငွေလား မေတ္တာလား ) စသည် များ ကို ပါ လက်ခံ ရိုက်ကူး လာ သောကြောင့် ထို ကား က နှုတ်ခမ်းမွေး ခန်း မပြတ် သဖြင့် ဤ ကား ပါ ဆက်၍ နှုတ်ခမ်းမွေး ထား ရ ကာ နောက်ထပ် ရိုက်လက်စ ရိုက်ကူးသော ကားများ လည်း နှုတ်ခမ်းမွေး ပါးပါး နှင့် ဖြစ် နေတော့ ကာ ( အကြင်တို့ လင်မယား ) တွင် ပင် နှုတ်ခမ်းမွေး နှင့် အခန်းများ ကွက်ကျား ကွက်ကျား ပါ လာ တော့၏ ။ သာဓု အလွန် မကျေနပ် ။ သာဓု ကား ချည်း သက်သက် ဆို က နှုတ်ခမ်းမွေး လုံးဝ မပါစေရ ၊ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မည် ဖြစ် သော်လည်း အခြား ကားများ ကို ငဲ့၍ ‘ ကြိုး’  ဇာတ်ကား တွင် ပါ နှုတ်ခမ်းမွေး ပါခွင့် ပြု နေရ၏ ။ စိတ် မချမ်းသာ ။


သို့စေကာမူ ...


“ ဟေ့ ... ခု ကတည်း က ပြော ထား မယ် ၊ နောက် ရိုက်မယ့် ကား ( ကိုကို ပါ လား ) ဇာတ်ကား မှာ မင်း နှုတ်ခမ်းမွေး မရိတ်ရင် ရိုက် ကို မရိုက်ဘူး ၊ ဒါပဲ ”


“ စိတ်ချပါ ဖေဖေ ၊ နှုတ်ခမ်းမွေး ဇာတ်ကားတွေ တဖြည်းဖြည်း ရှင်း သွား ပါပြီ ။ ရိတ်ပေးပါ့ မယ် ”


စင်စစ်၌ လည်း သုမောင် သည် နှုတ်ခမ်းမွေး နှင့် မလိုက် ။ မျက်နှာ ကျ ကြောင့် မဟုတ် ။ အရွယ် နှင့် မလိုက် အောင် ဒီကောင် မျက်နှာ ရင့် သည် ။ ထို တွင် နှုတ်ခမ်းမွေး ဆင့် လိုက် သောအခါ ခေါက်ချိုး မျှ အသက် ကြီး သွားသည် ။ (မလှရသည့် အထဲတွင် )


( အကြင်တို့ လင်မယား ) မှ မယ်ဒလင်တီးခန်း နှင့် ယောက်မ ခါးကြား ထိုး ရှာခန်း များ ယှဉ် ကြည့်လျှင် သိသာ နိုင်ပါချေသည် ။ 


ဝင်းဦး ။


သာဓု “ အငိုလွယ်သည် ” ဇာတ်ကား ရိုက် နေစဉ် ရူမဝ ဦးကျော် နှင့် အတူ ဝင်းဦး ပါ လာသည်  ။ လာ ကြည့် ကြသည် တွင် ...

 

“ အစ်ကို ၊ ဒီ ကား မှာ မင်းသား က ဘယ်သူလဲ ”


“ အသစ် ဖြစ်လိမ့်မယ် ၊ မရွေးရသေးဘူး ၊ ခု မြတ်မွန် အခန်းတွေ ချည်း ရိုက် နှင့် နေတာ ကွ ”


ထိုစဉ် က ဝင်းဦး ရုပ်ရှင် မရိုက် သေး ၊ သူ့ ရုပ်ရည် နှင့် အရပ်အမောင်း သာဓု သဘော ကျ သည် က တစ် ကြောင်း ၊ မင်းသား မသတ်မှတ် ရသေးသည် က တစ်ကြောင်း တို့ ကြောင့် ...


“ မင်း ... ဝင် ရိုက်မလား ၊ ဒါပေမဲ့ နှုတ်ခမ်းမွှေး တော့ ရိတ် ရ လိမ့်မယ် ”


“ ဒါတော့ မလုပ်ပါနဲ့ အစ်ကို ရာ ၊ ကျွန်တော် က ဒီ နှုတ်ခမ်းမွေး ကို အလှ ထား တာ မဟုတ်ပါဘူး ။ နှုတ်ခမ်းမွေး မပါရင် ကျွန်တော့် နှုတ်ခမ်း က ထော်တော်တော် ဖြစ် နေလို့ ပါ ”


သာဓု သေသေချာချာ အကဲ ခတ် ကြည့် မိသည်  ။ မှန်သည် ၊ သူ့ နှုတ်ခမ်း သည် နှုတ်ခမ်းမွေး မပါချေ က ဘဲနှုတ်သီး လို ကော့ လန်လန် ဖြစ် နေမည် ကို အကဲ ဖမ်း ၍ ရ၏ ။ 


ဝင်းဦး သည် သာဓု  ရိပ်စားမိ သလောက် အလွန် လှချင် သူ ဖြစ်ချေ သည် ။ သူ့ ကားများ ကြည့်ဖူးသူ တို့ သတိထား မိလျှင် သူ သည် နှုတ်ခမ်း မ ထော် စေရန် သတိ ထားပြီး နှုတ်ခမ်း မလှုပ် တလှုပ် ပြော တတ်သည် ။


ဤလို လှချင် သူ သည် နှုတ်ခမ်းမွေး ကြောင့် မျက်နှာ ရင့် သွား မည် ကို သူ သိ ချိမ့် မည် ။ သို့ပါလျက် ဇွတ် ထားသည်  ။ နှုတ်ခမ်း ထော်ခြင်း က မျက်နှာ ရင့်ခြင်း ထက် အရုပ်ဆိုး မည် ဖြစ်သော ကြောင့်  ။


     •••••   •••••   •••••


ဝင်းဦးဝင်း ဆို သူ လူငယ်လေး ပြန် သွားသည့် ( ၃ ) ရက် မြောက် နေ့ တွင် သူ ပြန် ပေါက် လာသည် ။ နှုတ်ခမ်းမွေး မပါတော့ သော ကြောင့် အလွန် ကြည့် ကောင်းပြီး ပင်ကို အရွယ် ပေါ် လာသည် ။


သို့သော် သရုပ်ဆောင်မှု အနုပညာ ဗီဇ ကို စမ်းစစ် ကြည့်သော အခါ သူ သည် ရုပ်ရှင်မင်းသား ကောင်း တစ်လက် ဖြစ် လာနိုင်မည့် ပါရမီ မရှိ ၊ မျိုးစေ့ မပါ ၊ ဝါသနာ သာ လျှင် လွန်ကဲ နေသည် ။


ပြန် ခိုင်းလိုက်ရသည် ။ ရုပ်ရှင်မင်းသား ဖြစ်လို စိတ် ဖျောက် ရန် အတန်ကြာ တရား ဟောရ သည် ။ သဘော ပေါက် အောင် ရှင်းပြ ရသည် ။


“ နောက်ဆုံးကွာ မင်း က ငွေကြေး တတ် နိုင်လို့ မင်းသား လုပ်တယ် ။ ဇာတ်ကား ကို ရုံ တင်တဲ့ အခါ အဲ ... အဲ ... မင်း ပဲ ဆို ပါ ဆို့ ၊ အက အဆို ဝါသနာ ပါ လို့ စင် ပေါ် တက် ပြီး သီချင်း တစ်ပုဒ် ဆိုပြီး ( ၃ ) မိနစ် လောက် သာ က, ရ သေးတယ် ပရိသတ် ထ ပြန် ကုန်ရင် မင်း စိတ်ထဲ ဘယ်လို နေမလဲ ”


သူ ငိုင်ကျ သွားသည် ။


“ အဲဒီ သဘောမျိုး ၊ မင်း သရုပ်ဆောင် တဲ့ ဇာတ်ကား ရုံ တင်ရာ မှာ ရုံ ပြည့်ရင် ၂၄၀၀ ကျပ် လောက် ရတဲ့ ရုံ ၊ ၂၈၀ ကျပ် ဖိုး လောက် သာ လူ ဝင် ပြီး ရုံ ဟောက်ပက် နဲ့ ပြ ရရ င် ရှက်စရာ မကောင်း ဘူးလား ”


သူ နှုတ်ခမ်း တရွရွ လှုပ် နေသည် ။ 


“ မင်း စိတ် ဆိုး ချင် ဆိုး ၊ ဆရာ စေတနာ နဲ့ ပြော နေတာ ပိုက်ဆံ လဲ ကုန်ရသေး ။ အဆဲ လဲ ခံရ သေး ဆိုရင် ဘယ်မှာ ကောင်းတော့ မလဲ ၊ ဘာဖြစ်ဖြစ် ဆရာ ရယ် ။ ဘယ်လောက် ကုန်ကုန် ရိုက်ပေးပါ ဆိုလဲ ဆရာ

တော့ အား မပေးဘူး ”


သူ သာဓု ကို ပြုံး ၍ ပင် မပြ နိုင် တော့ဘဲ သာမန် မျှ နှုတ်ဆက် ထ ပြန် သွားသည် ။ မေ့ သလောက် ရှိ သော သီတင်းကျွတ် တစ်လ တွင် သူ ဘွားခနဲ ပေါက် လာသည် ။ ၃ ပိဿာ ခန့် သော လက်ဖက်ခြောက် တစ်ပုံး ဖြင့် ကန်တော့ သည် ။ ယခု လက်ဖက်ခြောက် ကုန်သည် လုပ်နေ ပြီ ဟု ပြောသည် ။


“ ကျွန်တော့် ဝါသနာ ဗီဇ အစစ်အမှန် ဟာ ဒါပါပဲ ဆရာ ”


ဟု လည်း ဝန်ခံ သွား သေးသည် ။


     •••••   •••••   ••••• 


ဝင်းဦးဝင်း ၊ ဌေးဌေးကြည် စသည့် နာမည်တု များ ကို ရေး ရင်း က ထား မိသော သတိ တစ်ခု အကြောင်း တင်ပြ ရသည် ရှိသော် ...


အထက်တွင် ဆိုခဲ့သည့် အတိုင်း ဂရိတ်ဖိုးစိန် ၊ စိန်ကတုံး ၊ စိန်ကျီးညို ၊ စိန်ကလေး စသည့် “ စိန် ” အမည်များ အလုအယက် ပေါ် နေစဉ် မန္တလေးမြို့ မှ ဘုန်းတော်ကြီး တစ်ပါး သည် မောင်တင်မောင် အမည် ရှိသော လူငယ် တစ်ဦး ကို မြခြေကျင်း ဒေါ်ငွေမြိုင် ထံ တွင် အက သင် အပ်နှံ လိုက်သည် ၌ ဗီဇရော ၊ ပါရမီ ပါ အရည်အသွေး ထွက် လာ သဖြင့် ထို သူငယ် ကို အငြိမ့်ကြီးများ ပေါ် တင် ၍ စမ်းသပ် ကပြ စေရာ အထူး အောင်မြင် ကျော်ကြား လာသည်  ။ 


အက, သင် သည် မှာ ၁၉၃၀ ပြည့် နှစ် ၊ တစ်နှစ် မျှ သာ သင်ရသေး လျက် ၁၉၃၁ ခုနှစ် တွင် အငြိမ့် စင် ပေါ် ရောက်ပြီး ၁၉၃၃ ခုနှစ် လောက် တွင် ဆရာတော်ကြီး က ဇာတ်အဖွဲ့ကြီး ဖွဲ့ပေး လိုက်ရာ၌ “ စိန် ” အမည်များ ပလူပျံ နေသည့် ခေတ် မှ ခွဲ ထွက် ကာ ( ရွှေမန်းတင်မောင် ) ဟူသော မူလ အမည် ရင်း ဖြင့် ပင် မှည့်ခေါ် သုံးနှုန်း က, ပြ လိုက်ရာ တစ်ရှိန်ထိုး တိုးတက်မှု ရလာခဲ့သည် ကို မှတ်မိ နေသည် ။


သာဓု ၏ ယခု အသက်အရွယ် ယခု အသိ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးမိ သောအခါ ဆရာတော် ကို

လည်းကောင်း ၊ အသိုင်းအဝိုင်း ကို လည်းကောင်း ၊ ရွှေမန်းတင်မောင် ကို လည်းကောင်း မချီးကျူးဘဲ မနေနိုင်

ဖြစ်ရချေသည် ။


အကယ်တိ ထိုစဉ် က သာ ခေတ်စား နေသော ‘ စိန် ’ အမည် တစ်လုံး ညှပ် ၍ သုံးခဲ့ ၊ အမည် တပ် ခဲ့သော် အခြားသော “ စိန်” များ ဖြင့် ရောပြီး အခြေအနေ တစ်မျိုး ပြောင်း သွား စရာ ရှိကောင်း ရှိ ချေမည် ။ 


ဤနေရာ တွင် ‘ ဒက် ’ ခနဲ မိအောင် သာဓု ပြော ချင် သော အကြောင်း တစ်ရပ် ရှိ၏ ။ 


စစ်ပြီးခေတ် ကျော်ကြား လာသော စာရေးဆရာ နောက်ပေါက်များ အနက် ရှေးဟောင်း စာရေးဆရာကြီး မဟာဆွေ ကို လိုက် ၍ ‘ ဆွေ ’ သူများ ၊ မြမျိုးလွင် ကို လိုက်၍ ‘ လွင် ’ သူများ ၊ တက်ထွန်း ကို လိုက်၍ ‘ ထွန်း ’ သူများ အလျှိုလျှို ပေါ်ခဲ့ဖူးသူများ ၊ တစ်ဦး က ( ဂုဏ်ရောင် ) ဆို လျှင် တစ်ဦး က ( ဘုန်းရောင် ) ၊  တစ်ဦး က ( သန်းဆွေ ) အမည် ယူ ရာ က တစ်ယောက် က ( သိမ်းဆွေ ) လုပ် ကြသည် ။


“ တင့်တယ် ” ဟူ၍ ထည်ထည်ဝါဝါ အောင်မြင် လာ သော် အတော်များ များ ဝိုင်း၍ “ တင့် ” ကြ ပြန်သည် ။


ထိုအချိန် တွင် သာဓု ဘာ တစ်ခု မျှ မရေးဖြစ်သေး ၊ အတော်ကလေး ကြာ မှ စ , ၍ ရေးသော အခါ ( တင့်တယ် ၊ သော်တာဆွေ ၊ သန်းဆွေ ၊ ပြည့်စုံ ၊ ရဲခေါင် ၊ မင်းဆွေ ၊ မြမျိုးလွင် ၊ သုခ ၊ ဇေယျ ၊ ဉာဏ ၊ သင်္ခါ ၊ မြို့မအုန်း ၊ သိပ္ပံကျော်ထင် ၊ အောင်ကျော် ) စသည် တို့ ကြား တွင် ...


“ သာဓု ”


ဤ အမည် ဖြင့် သာဓု ပွဲဦး ထွက် ခဲ့ ရာ စာရှုသူ လောက တွင် ထူးခြား သလို ဆန်း သွားသည် ။ အချို့က “ ဘုန်းကြီး လော - လူထွက် လော ” ဟု မေးကြခြင်း က ပင် စိတ်ဝင်စားမှု တစ်ခု ရ လိုက် သည် နှင့် အတူတူ ပင် ။ ကံအားလျော်စွာ ကျော်စော လာ သည် မှာ လည်း သာဓု ကြိုးပမ်းမှု အရည်အသွေး ကြောင့် သာ ဖြစ်သည် ကို အထူး ထောက်ပြရန် မလိုပါချေ ။ ခွေးတံဆိပ် ကို ခွေးနှစ်ကောင် တံဆိပ် ဖြင့် အတု လုပ်သည့် သဘော မျိုး ကြောင့် အောင်မြင်ရခြင်း မဟုတ် ။ 


ယခင် ( ပဒေသာ ) စာပေမဂ္ဂဇင်း ထုတ်ဝေစဉ် က သာဓု မြေတောင် မြှောက် ပေးခဲ့သော စာရေးဆရာများ အနက် တစ်ယောက် ၏ ကလောင် တစ်လက် ၏ အမည် သည် ( ရောင်နီ ) ဖြစ် လျက် သူ သည် မူလ က ကဗျာ များ သာ ရေး နေသည် ။ သူ့ ကဗျာ မှ သူ့ အတွေး ၊ သူ့ အရေး ကို နှစ်ခြိုက်လှ ၍ သာဓု သည် သူ နေရာ အိမ် ( ဖဆပလ ကွက်သစ် ) သို့ သွား ခေါ် လာ ကာ ဝတ္ထု ရေး ခိုင်း ၏ ။


“ ဆရာ ထည့် ပေးမှာ လား ”


“ ဟ ... ထည့်ပေးချင်လို့ တကူးတက အိမ် လိုက် လာတာပေါ့ ”


သို့ဖြင့် ဝတ္ထုတိုကလေးများ သူ စ , ရေး သည် ။ အတန်အသင့် သာ ပြင် ပေး ရသည် ။ မကြာမီ ပြောင်မြောက်သော စာရေးဆရာ တစ်ယောက် ဖြစ် အလာ တစ်နေ့သော် ဂျာနယ် တစ်စောင် ထုတ်ဝေသည့် ရက် တွင် ထို ဂျာနယ် ပိုက်၍ ရောင်နီ ရောက်လာသည် ။ ( သူ့ အမည် ရင်း မှာ တင်လေး ၊ နောက် ဗိုလ်ကြီးတင်လေး ဖြစ် လာ ကာ မကြာမီ က ပဲခူး တွင် ကွယ်လွန် သွားရှာသည် )


သူ က ဂျာနယ် ကို ထောက်ပြပြီး ...


“ ဆရာ ရေ လုပ်ပါဦး ၊ ဒီမှာ ( တက္ကသိုလ် ရောင်နီ ) တဲ့ ၊ ကျွန်တော့် ကလောင် အမည် သုံး လိုက်ပြီ ”


ပြူးပြူးပျာပျာ တိုင်ကြား လာ သဖြ င့် သာဓု ထို ဂျာနယ်တိုက် သို့ သွား ကာ ထို စာမူရှင် ၏ လိပ်စာ မေးပြီး သူ့ အိမ် လိုက် သွား၏ ။ ပက်ပင်း ပင် တွေ့ကြ၏ ။


“ ဟေ့ ... စာရေးဆရာ ရောင်နီ ဆို တာ ရှိပြီးသား လို့ မင်း မသိဘူးလား ၊ ဘာပြုလို့ အနုပညာ သည် ချင်း ခုတုံး လုပ်ချင်ရ တာလဲ ၊ တကယ် ဆိုရင် ... ”


“ ကျွန်တော့် နာမည် လဲ ရောင်နီ ပဲ ဟာ ၊ အမေ မွေး ကတည်း က ရောင်နီ ဗျ ”


“ ဒီလို မလုပ်နဲ့ လေ ၊ ဘိုနီ ၊ ဘနီ ၊ ဆန်နီ ၊ မောင်နီ တစ်ခုခု ဆို ထားတော့ မင်း ဟာ က ပြောင်ပြောင် လိမ်နေ တာပဲ ၊ ရောင်နီ ဆိုတဲ့ နာမည် ဟာ တစ်ထောင် တစ်ယောက် မှည့် တဲ့ သမားရိုးကျ နာမည် မဟုတ်ဘူး  ၊ ဒီ နာမည် ပြောင်း ရင် ပြောင်း ၊ မပြောင်းရင် စာရေးဆရာအသင်း က နေပြီး အရေးယူ ရ လိမ့်မယ် ”


ဤလို ခပ်ပြင်းပြင်း ပြော ပြီး ၍ အနုပညာသည် ချင်း သစ္စာ ရှိသင့်သည့် သဘောတရား ကို ထောက်ပြ မှ သူ လက်ခံ လေ တော့သည် ။


ထိုစဉ်က သာဓု သည် စာရေးဆရာ အသင်း ၏ အမှုဆောင် တစ်ဦး ဖြစ်သည် နှင့် အညီ ဤလို တာဝန်မဲ့ ဖောက်ပြန်လာ ပါ က လုံးဝ မခံ ။ ရုပ်ရှင်ကုမ္ပဏီများ ကို ပင် တရား စွဲ ခဲ့ဖူး၏ ။


ထို သူငယ် ( ရောင်နီ အတု ) က ၊ သူ့ အမည် လည်း မွေး ကတည်း က ရောင်နီ ပါ ဟု ဆိုလာ ရာ ဝယ် အမှန် ပင် ဖြစ်စေဦးတော့ “ ရောင်နီ ” ဟူ၍ ရှိ နေ နှင့် လျှင် စာပေသမား သိက္ခာ ကို ထောက်ထား လျက် အခြား အမည် တစ်ခု ခု ကို လွှဲပြောင်း သုံးရချေမည် သာ ။


အမေရိကန် ဟောလီဝုဒ် ထံ မှ ကမ္ဘာကျော် မင်းသားကြီး များ ဖြစ် ကြသော James Stewart နှင့် Steward Granger တို့ ကို ကြည့်ဖူး ၊ ကြားဖူးကြ ပေ လိမ့်မည် ။ သူတို့ နှစ်ယောက် အနက် ဂျိမ်းစတူးဝပ် က

ရုပ်ရှင်လောက သို့ အရောက် ဦး လျက် ထို အမည် ဖြင့် ရုပ်ရှင် ရိုက်သည် ။ ( နာမည်ရင်း မဟုတ် )


အတော်ကြီး ကြာ မှ အခြား သော နာမည်ရင်း ပိုင်ရှင် ဂျိမ်းစတူးဝပ် တစ်ယောက် ရုပ်ရှင်နယ် သို့ ဝင်လာသော အခါ မိမိ နာမည်ရင်း ဂျိမ်းစတူးဝပ် ပင် ဖြစ်စေ ကာ မူ ရှေ့ လူ က ဦးထား ပြီး ၍ သူ က နာမည် ပြောင်း လိုက်၏ ။ “ စတူးဝပ် ဂရင်းဂျား ” ဟူ၍  ။


ဤသည် ကို ရှု ပါ ။ သူတို့ ၏ အနုပညာလောက တွင် ဤသို့ သိက္ခာ ရှိကြသည် ။ မိမိ အရည်အသွေး ကို သာ အားကိုး ကြ သည် ။ နာမည် အတုအယောင် ဖြင့် ဖြတ်လမ်း လိုက်  ကျော်ကြားမှု ရ ယူ ရန် သေ မလောက် ရှက်တတ် ကြသည် ။


ဇာတ်သဘင်သမား တို့ လည်း ရှိ ကြ သေးသည် ။ ဇာတ်များ ၏ ရှေ့ပိုင်း ပြဇာတ် မင်းသား ၊ မင်းသမီး ၊ ဒါရိုက်တာ စသူ တို့ သည် ရုပ်ရှင်နယ် မှ နာမည် ရ အမည်များ ကို ဆင်တူရိုးမှား ဆွဲ ယူ မှည့် နေ ကြ ပြန်သည် ။ ကိုယ့် အရည်အချင်း ကိုယ် အားကိုးမှု လျော့ရဲရဲ ဖြစ်နေပြီ ။ ယင်း ကိစ္စများ နှင့် ပတ်သက်၍ စည်း စောင့်သော အစဉ်အလာ ကလေးများ ထွန်းကား လာစေ ရန် ရုပ်ရှင် ၊ သဘင် ၊ အငြိမ့် ၊ တေးဂီတ ပညာသည် တို့ အား ဆိုင်ရာ ကောင်စီ များ အချင်းချင်း ညှိနှိုင်း ထိန်းကွပ် ရန် လိုအပ်ချေပြီ ထင်၏ ။


( ၂၄ - ၈ - ၈၆ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဇူလိုင် ၊ ၁၉၈၆

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment