( ၂၈ )
သာဓု မှာ ရာသီဥတု ဖောက် လာ ရင် ဆိုသည် နှင့် အမျှ ရောဂါမျိုးစုံ ထ လာ ချေတော့သည် ။ တစ်မျိုး မဟုတ် တစ်မျိုး ၊ စိတ်ပျက်စရာ ကောင်း လှသည် ။
အပြည့်အစုံ ရေး ရသော် ရာသီဥတု သာမက အအေးဓာတ် လွှတ် ထားသော ရုံးခန်း ၊ ဟိုတယ် များ တွင် ကြာကြာ ထိုင် ၍ မရ ။ စိမ့် ပြီး ချမ်း လာ လျှင် ညဘက် ဆေး ထိုး ရတော့မည် မှာ သေချာ သလောက် ။
အထူးသဖြင့် လေအေး လွှတ် ထား သော ရုပ်ရှင်ရုံများ တွင် ၂ နာရီ သာသာ ထိုင် မကြည့်ရဲ တော့ သည် မှာ လေးငါးနှစ် မျှ ကြာ ချေပြီ ။
ပန်ကာရုံများ တွင် ကြည့်ပြန် ပါ က လည်း တစ်ခါ မက သုံးလေးကြိမ် မျှ စိတ်ညစ် ခဲ့ ရ ဖူးသည် ။ အထူးတန်း ( ၅ ) ကျပ်တန်း ဆိုသည် မှာ ပိုက်ဆံ ပေါ၍ ကြည့်ကြသည် ထက် စိတ်အေးလက်အေး ၊ တိတ်တိတ်ဆိတ်ဆိတ် ၊ လူသူရှင်းရှင်း ၊ အခင်းအကျင်း ကောင်းမွန် သန့်ရှင်းမှု ကို အဓိက ထား ကြည့်သူ က များ သည် ။
သို့သော် ထိုထို အထက်တန်း သို့ တက် သွားသည် နှင့် ဝင်ပေါက် မလှမ်းမကမ်း ခုံတန်းလျား တွင် လည်းကောင်း ၊ သမံတလင်း တွင် လည်းကောင်း ၊ အင်္ကျီဗလာ ဖြင့် အိပ် နေသူ အချို့ ကို တွေ့ရ သဖြင့် ရုပ်ရှင်ရုံ မဟုတ်ဘဲ သာလာယံ ဇရပ် ပေါ် ရောက် နေရ သလို ခံစား မိသည် တစ်ခါတစ်ရံ စားပွဲတင် ဘော ရိုက်ခြင်း ဖြင့် လည်းကောင်း ၊ ကျားထိုးခြင်း ဖြင့် လည်းကောင်း ၊ ကိုယ်လက် လှုပ်ရှား နေကြသည် မှန်သော်လည်း အမြင် အားဖြင့် မတင့် တယ် ။ နေရာ အားဖြင့် မလျော်ကန် ။
ရုံ ထဲ ရောက်ပါပြီ ။ ကား စ ပြ ၍ စာတန်း ထိုး ပြီး သလောက် အချိန် တွင် လူ ပေါက်သောက် ဝင်လာ ကြသည် ။ သပ်ရပ်စွာ ဝတ်စား ထားကြသည် မဟုတ် ။ လက်မှတ် ဝယ် ကြည့်သူများ နှင့် လည်း မတူ ၊ ခြေကားရား လက် ကားရား ထိုင်ကြ ကာ ဇာတ်လမ်း ကို ကြိုတင် ၍ သူတို့ ချင်း ပြော နေကြ သည် ။ အရသာ ပျက် လှသည် ။ အဆိုးဆုံး ကား ရုံ ရှေ့ မှ ဈေးသည် သားသမီး နှင့် တူသော ကလေးများ ဝင် လာ ပြီး ထိုင် ကြည့် လိုက် ပြန် ထွက် သွား လိုက်ဖြင့် တံခါး ကန့်လန့် ကာ ပွင့် သွားတိုင်း အလင်းရောင် ဝင်လာ တတ်ပြီး ရုပ်ရှင်ပိတ်ကား ပါ မှောင်လိုက် လင်းလိုက် ဖြစ် နေသော ကြောင့် စိတ်ပျက်ရ ပြန်ချေသည် ။ ရံဖန်ရံခါ ဆိုသလို ထို ထို ကလေးများ သည် ၅ ကျပ်တန်း ထဲ ပြေးတမ်း လိုက်တမ်း ကစားကြ ၊ တူတူပုန်းကြ ဖြင့် ...
အိမ်း ... ဤ အဖြစ်မျိုး အချို့သော အအေးရုံများ တွင် လည်း ကြုံရဖူးသည် ။ သို့အလျောက် လည်း ရုပ်ရှင် ကို ကြည့်မည် စိတ်ကူး တိုင်း ယင်းဒုက္ခများ ကို တွေးမိ သဖြင့် မကြည့်ဘဲ နေ လိုက်သည် က များ ချေသည် ။
ယခင် တစ်လ နှစ်လ ကမူ အကယ်ဒမီကားများ ဆက်တိုက် ဆို သလို ရုပ်မြင်သံကြား မှ ပြ သဖြင့် ကျေးဇူး တင်စွာ ကြည့်လိုက် ရ၏ ။ စိတ် မချမ်းသာ လည်း ဖြစ်ရ၏ ။
စိတ် မချမ်းသာ ဖြစ်ရသည့် အကြောင်းရင်း က ထိုထို အကယ်ဒမီ ကားများ ရော ၊ အခြားအခြား သော မြန်မာကားများ တွင် ပါ ပါဝင် သရုပ်ဆောင် ကြသည့် အထူးသဖြင့် ( မင်းသား မင်းသမီး ) တို့ သရုပ်ဆောင်ချက် တို့ မှာ လုံးဝ တိုးတက် မလာ ရုံ မက ပုံပျက် ပန်းပျက် ဖြစ် နေသည် ကို တွေ့ ရသည် ။ သာဓု စိတ် မချမ်းသာ ။
သူတို့ ၏ စကား ပြောခန်းများ တွင် လေယူ လေသိမ်း စကား ဝါကျ အဖြတ် အတောက် လေသံ အနိမ့် အမြင့် စသည် များ ပုံပျက် နေ ချေပြီ ။ ဇာတ်ပို့ ဇာတ်ရံ တို့ လည်း ထို့ အတူ ။ သို့သော် မင်းသား မင်းသမီး တို့ က ပို၍ စိတ်ပျက်စရာ ကောင်းနေသည် ကို တွေ့ ရသည် ။
အထူးသဖြင့် ခေါင်းဆောင် မင်းသား မင်းသမီး တို့ ပြောပုံ ဆိုပုံ ပြောသံ ဆိုသံ များ သဘာဝ ကို ကျော် ပြီး အတော်ကြီး အရုပ် ဆိုး နေသည် ။
ဘုရားဖူး သွားရင်း တွေ့ကြရာ တွင် လည်းကောင်း ၊ အအေးဆို င်တွင် ထိုင်၍ ချစ်စကားတွေ လှိုင်ကြ ရာတွင် လည်းကောင်း သူတို့ တစ်တွေ ရည်းစား စကား ပြောသည့် လေသံ မှာ ပေ ၅၀၀ ကျော် မြင့်သော တောင်ပေါ် တက် ရ သကဲ့သို့ မောဟိုက်သံ တွေ ပါ နေသည် ။
တစ်ခါတစ်ရံ ခပ်တိုးတိုး ပြော နေ ကြ စေကာမူ ထို စကား နောက် မှ ကပ်ပါ လာသည့် ( လေသံ ) က မူ စကားသံ ထက် ပို၍ ကျယ် နေတတ် ပြန်ချေ သည် ။ ထို လေသံ ကို အဘယ်ကြောင့် ဖန်တီး ညှစ်ထုတ် နေကြ သည် ကား မသိ ။ သူတို့ ပြောပုံ ကြည့် ရသည် မှာ သူတို့ ကိုယ် ၌ က ကြိုးစားပမ်းစား လုပ်ပြော နေရ သဖြင့် မော နေပုံ ရ သလောက် ကြည့်ရသူ သာဓု ပါ ရော၍ သူတို့ နှင့် ရောပြီး မောနေ မိ၏ ။
ရံဖန်ရံခါ လည်း သူတို့ စကားလုံး များ ကို ပျော်စရာ ရွှင်စရာ ( ဥပမာ )
“ ကိုကို့ ကို သိပ်ချစ်တာပဲလား ... ဟင် ”
“ သိပ်ချစ်တာပေါ့ ကိုကို ရယ် ... ချစ် သမှ သိပ်ချစ် ၊ အများကြီးချစ် ”
ဤ စကားမျိုး ပြော ရာ ၌ လည်း ရှောရှောရှူရှူ မဟုတ်ဘဲ လည်ချောင်း အစ်သံ နှင့် ရော ထွက် လာ သောကြောင့် နားထောင် ရသည် မှာ ထော့နင်းထော့နင်း ဖြစ်နေ သည် ။ အရှင်းဆုံး ဥပမာ နှင့် ပြရသော် ပန်းပင် ရေ လောင်းသော ပလတ်စတစ် ပိုက် ဝ မှ ရေ ကို လွတ်လပ်စွာ လွှတ် မပေးဘဲ လက်ညှိုး ဖြင့် ပိတ် ထိန်း ထားသော အခါ ( ဗြစ် ဗလစ်ဗလစ် ) ဟု မြည်ကာ အထစ်ထစ် အငေါ့ငေါ့ ၊ ရေ ထွက် လည်း မမှန် ၊ ရေ သံ လည်း မပီသ သကဲ့သို့ ... ။
အခါခါ ဆိုသလို ရင် ကို ကျပ်ထား ပြီးမှ စကားလုံးများ ကို တစ်လုံးချင်း လွှတ်ပေးခြင်း ဖြင့် ပြော လေသော ကြောင့် စကား နှင့် အတူ အသက် ရှူ သံ ပါ တရှဲရှဲ ပါ လာ ပြန်သည် ။
ရုပ်မြင်သံကြား ကြည့် ပြီး ၍ အိမ် ပေါ် ရောက်သည် နှင့် ထိုထို မင်းသမီး မင်းသား တို့ ပြောပုံ ဆိုပုံ ရှိုက်သံငင်သံ လေ နှင့် စကားလုံး ဗလုံးဗထွေး ထွက်လာသံ များ နှင့် အတူ စကား ကို တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် စမ်း ပြော ကြည့်၏ ။ မရ ။ အသက် မရှူဘဲ အောင့် ထားပြီး မော သလောက် ရှိ မှ စ ပြော ကြည့်သေး၏ ။ မအောင်မြင် ။
သူတို့ တစ်တွေ အဘယ် က အတု ရ ယူပြီး အဘယ်ပုံ လေ့ကျင့် ထားကြ သည် မသိ ။ သူတို့ ပြောသော စကားလုံးများ သည် လည်ချောင်း အတွင်း မှ ‘ လျှာခင် ’ ကို ခလုတ် တိုက် ထွက်လာ သကဲ့သို့ အာဂလောင်သံ များ လည်း ပါ နေတတ် ပြန် ချေသည် ။
သာဓု တစ်နာရီ နီးပါး ကြိုးစား ၍ သူတို့ ပုံစံမျိုး ပြော ကြည့်သည် ။ အမော သာ အဖတ် တင် ၊ သူတို့ ကဲ့သို့ ရှူသံ အက်သံ ထွက် မလာ ။
ရုပ်ရှင် ထဲ တွင် သရုပ်ဆောင် ရာ ၌ အဓိက အချက် သည် သဘာဝ ကျရန် ဖြစ်သည် ။ အလွန် လွယ်သော ( ရယ်လိုက်ခြင်း ) ကိုပင် အချို့ သဘာဝ ကျ အောင် မရယ်တတ် ။ လူဆိုး ခေါင်းဆောင် က မင်းသား ကို ဖမ်းမိ သော အခါ ..
“ ကျုပ်တို့ ကို ဒီလို လှည့်လို့ ဘယ်ရ မလဲ ... ဟား .. ဟား .. ဟား ... ”
သို့ ပြောရင်း ရယ်ချ လိုက်သည် များ ကို တွေ့ကြရဖူးပါ လိမ့်မည် ။ သဘာဝ ကျပါ၏ လော ။
တစ်ဖန် ...
“ မင်း စိတ်ကူး မလွဲနဲ့ နော် ၊ ကောင်မလေး က မင်း ကို မျက်စိ ကျနေတာကွ ၊ ဟား .. . ဟား ... ”
ဤလို ပြောပြီး အကြောင်းမဲ့ ဤလို ရယ်ပြ နေသည် မှာ လည်း ကားတိုင်း လိုလို ဖြစ် နေသည် ။
သဘာဝ နှင့် ပတ်သက်၍ အထက် တွင် ဖော်ပြခဲ့ သည့် အတိုင်း အဓိက အားဖြင့် လုပ်ဟန် ၊ ပြောဟန် ၊ ငိုဟန် ၊ ရယ်ဟန် တို့ သာ မက လမ်းလျှောက် သည့် ဟန်များ ပင် သဘာဝ ကျရန် လိုအပ် ချေသည် ။
စောစောက ပြော သကဲ့သို့ စကားပြောခန်းများ တွင် အသံ ကို ဖျစ်ညှစ် ၍ လည်းကောင်း ၊ ဆိုင်းတွ ၍ လည်းကောင်း ၊ မောသံ ၊ ဟိုက်သံ စွက်၍ လည်းကောင်း လုပ်ပြော နေ ကြသည် ။ သို့ လုပ်ပြော ရသည် မှာ ပင်ပန်း သလောက် အကျိုး မရှိ ရုံ မက သရုပ်သကန် ပါ ပျက် သွားသည် ။
အလွန် လွယ်သော သရုပ်ဆောင် ချက် ကို မခက် ခက်အောင် ကိုယ့် ဒုက္ခ ကိုယ် ရှာ နေကြသည် ။
ပြင်ပ တွင် မည်သို့ ပြောကြ သနည်း ။ လေသံ အနိမ့်အမြင့် မည်သို့ ရှိသနည်း ။ စကား ဝါကျ မည် သည့် နေရာ တွင် ဖြတ်တောက် ကြ သနည်း ။ ဤ ပြင်ပ က အတိုင်း ပြော သွားလျှင် သဘာဝ ကျသော သရုပ်ဆောင်မှု ပင် ဖြစ်ချေမည် ။
ယခင် တစ်လ နှစ်လ အတွင်း သာဓု ကြည့် ခဲ့သော ဇာတ်ကားများ ထဲ မှ အောက်ပါ စတား တို့ ၊ စူပါ တို့ ( ဝါ ) နိုင်ငံကျော် တို့ ၊ မကျော့်တကျော် တို့ အား အတိအလင်း သတိပေး ရ သော် ..
( ဟေ့ ... နေအောင် တို့ ၊ အံ့ကျော် တို့ ၊ ခင်သန်းနုတို့ ၊ ခင်သီတာထွန်း တို့ ၊ ခိုင်ခင်ဦး တို့ မင်းတို့ တစ်တွေ စကား ပြောပုံ လေယူလေသိမ်း အသံ အနိမ့်အမြင့် အဖြတ်အတောက် ပြောဟန် ဆိုဟန်တွေ ပြင်ကြတော့ ၊ သဘာဝ လွတ် နေပြီ ၊ အပြင် မှာ ပြော သလို ပြော ကြည့်စမ်း မပင်ပန်းဘဲ နဲ့ သဘာဝ ကျတာ တွေ့ရလိမ့်မယ် ။ )
အချို့သော နောက်တိုး ဇာတ်ပို့ ကောင်လေး ကောင်မလေးများ ကလည်း ...
စူပါစတား တွေ ပြော သကဲ့သို့ လိုက်၍ တုပ ပြောဆို နေကြပြန်သည် ။
( မင်းတို့ လဲ သတိ ကျပ်ကျပ် ထား ၊ အနုပညာ မှာ သဘာဝ လွန် ရင် အားလုံး လွတ်ကုန်တတ် တယ် ။ )
အထက်တွင် လမ်းလျှောက်ခြင်း က အစ သဘာဝ မကျ ဖြစ်နေကြသည် ဟု သာဓု ဖော်ပြခဲ့ရာ တွင် အနည်းငယ် ရှင်းစရာ လိုလာချေသည် ။
မကြာမီ က မြန်မာ ကား တစ်ကား တွင် လူမမာ အသည်းအသန် ဖြစ် နေ၍ ဆရာဝန် လာ ခေါ်ရာ တွင် လူမမာ ရှိ ရာ ခြံ အတွင်း သို့ ဝင်လာ သော ဆရာဝန် ၏ လမ်းလျှောက်ပုံ မှာ မြေကြီး ပြိုကျတော့မည် ကဲ့သို့ ခြေလှမ်း စိပ်စိပ် နှင့် လေးလေးနှေးနှေး သွေးအေးအေး လျှောက် သွား၏ ။ မိနစ်ပိုင်း အတွင်း နှလုံးသွေး ရပ်၍ သေမည် ဆိုက ဆရာဝန် မလှုပ်တလှုပ် ကြောင့် ပင် သေသွား နိုင်စရာ ရှိ ချေသည် ။
ရုပ်ရှင် သရုပ်ဆောင် အမျိုးသား တစ်ဦး ကောလိပ်ဂျင်နေဝင်း ၊ မြတ်မွန် တို့ သုံးပွင့်ဆိုင် အချစ်ကား တစ်ကား ( အဖြေ ) ရိုက်ရာ တွင် ရုပ်ရှင်သရုပ်ဆောင် အမျိုးသား တစ်ဦး နှင့် ကောလိပ်ဂျင်နေဝင်း တို့ က သူဌေးသား ညီအစ်ကို ၊ မြတ်မွန် က စက်ရုံ အလုပ်သမား သမီး ။ အချက် တချို့ ပြောရသော် ကောလိပ်ဂျင်နေဝင်း ကို မိဘများ က သူဌေးသမီး နှင့် နေရာ ချ ချင်သည် ။ ကောလိပ်ဂျင်နေဝင်းက မူ မြတ်မွန် ကို သာ မေတ္တာ ရှိသည် ။
ရုပ်ရှင်သရုပ်ဆောင် အမျိုးသား တစ်ဦး က လူပျိုကြီး ၊ ညီ ဖြစ်သူ ကိစ္စ တွင် မိဘများ မျက်နှာ မပျက် စေရန် ကောလိပ်ဂျင်နေဝင်း နှင့် မြတ်မွန် ကြား တွင် ဝင် ရှုပ်ကာ မြတ်မွန် ကို ကြိုက်ဟန် ဆောင် ပြသည် ။
ပထမ ကောလိပ်ဂျင်နေဝင်း သည် မြတ်မွန် ကို အမှန်တကယ် ချစ်မြတ်နိုး သည့် အတိုင်း သူ ပန်းခြံ ထဲ သတင်းစာ ဖတ် တိုင်း မြတ်မွန် က ပန်းကလေး တစ်ပွင့် ခူးလာပြီး ပေးသည် ကို ကောလိပ်ဂျင်နေဝင်း တယုတယ ယူ ပြီး နမ်းသည် ။
သို့သော် ရုပ်ရှင် သရုပ်ဆောင် အမျိုးသား တစ်ဦး က မြတ်မွန် ကို ချစ် ဟန်ဆောင်သည့် အမူအရာ တွေ့သည့် နေမှ စ၍ ကောလိပ်ဂျင်နေဝင်း က မြတ်မွန် ကို ရှောင်ဖယ်ဖယ် လုပ် နေပြီး တစ်နေ့ တွင် မြတ်မွန် က ပန်းတစ်ပွင့် ခူးပြီး လာ ပေးသည် ကို ကောလိပ်ဂျင်နေဝင်း က လှမ်း ယူပြီး ဘေး တွင် ချထား လိုက် သဖြင့် မြတ်မွန် ဝမ်းနည်း သွားဟန် အနီး ကပ် ရိုက် သည် ။
နောက် တစ်ကတ် တွင် မြတ်မွန် စိတ်မချမ်းမြေ့စွာ ဖြင့် လှည့်ထွက် သွားခန်း ကို ကိုယ်လုံး ပြည့် ရိုက် သော အခါ အစစ အဆင်ပြေ သော်လည်း လှည့်ထွက် လမ်းလျှောက် သွား ပုံ ကို မကြိုက် ၍ သာဓု က ( ရပ် ) ဟု အော်ပြီး ထို အခန်း ပြန် ရိုက်မည် ပြော ရာ ...
“ ကျွန်မ ဘာ မှားလို့ လဲ ဆရာ ”
မြတ်မွန် က ဝမ်းနည်းသံ နှင့် မေးသည် ။
“ အစအဆုံး အကုန် ကောင်းတယ် ၊ မျက်နှာကလေး ညှိုးပြီး ဝမ်းနည်းပုံ ဟာ အင်မတန် မိတယ် ၊ ဒါပေမယ့် ဟိုဘက် ကို လှည့်ပြီး ထွက် လျှောက် သွား ရာ မှာ နင့် ဖင် က ပျော်သွားတယ် ”
“ အို ... ”
“ အို မနေနဲ့ ၊ ဆရာ သေသေချာချာ ကြည့် နေတယ် ၊ မိန်းကလေး ဖြစ်ဖြစ် ၊ ယောက်ျားလေး ဖြစ်ဖြစ် လမ်းလျှောက် သွားရာ မှာ ပျော်သွား သလား ၊ ဝမ်းနည်းသွား သလား ဆိုတာ ခြေလှမ်း နဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး ခွဲခြားလို့ ရတယ် ကွ ... ”
ဤတွင် မှ မြတ်မွန် ပြုံးဖြီးဖြီး လုပ် လာပြီး ..
“ ဒီလိုလေ ဆရာ ၊ တစ်နေ့လုံး ကား ရိုက် နေရတာ ဆံပင် က တင်း ၊ မိတ်ကပ်တွေ က ပူ ၊ အဝတ်အစား က ကျပ် နဲ့ စိတ်အိုက် နေတာ ၊ ဆရာ က ဒါ နောက်ဆုံး အခန်းပဲ ၊ ပြီးရင် ရေမိုးချိုး ၊ ရုပ်ရှင် လိုက် ပြမယ် ဆိုတာ နဲ့ ပျော်သွားတာ နဲ့ ... ”
“ အေး ... အဲသလို ပျော်ပြီး လမ်းလျှောက် သွားတော့ ခြေလှမ်း လဲ ပျော် ဖင်လဲ လှုပ်အိ လှုပ်အဲ့ နဲ့ ပျော် သွားတာပေါ့ ၊ အဲဒါပဲ ပထမ ဝမ်းနည်းမှု ပါ ပျက်ကရော ၊ ကဲ ... ပြန်ရိုက်မယ် ၊ ဆရာ က ‘ ရပ် ’ လို့ မအော်မချင်း စိတ် ဆင်းရဲစွာ နဲ့ တစ်လှမ်းချင်း လျှောက် သွား ၊ ခုန လို ဖင်ပျော် မသွားနဲ့ ဦး ”
ဤမျှ ဆို လျှင် စူပါစတား တို့ သဘောပေါက် မိလောက် ပေပြီ ။ သာဓု နှင့် ကား ရိုက်ရန် ကြုံ လာ လျှင် လွယ်လိမ့်မည် မထင်လေ နှင့် ။ တံမြက်စည်း လှည်းခန်း ပင် လျှင် မိန်းမ လှည်းနည်း ယောက်ျားလှည်းနည်း စသဖြင့် ပုံစံ မကျလျှင် သာဓု လက်မခံ ။
မည်သို့ဖြစ်စေ သာဓု ကို ကြောက် ရန် မလိုသော နည်း တစ်ရပ် ပေးမည် ။ ရုပ်ရှင် ရိုက်ခြင်း မဟုတ်ဘဲ ပြင်ပ ပြောဆို ဆက်ဆံ သွား လာလေ့ ရှိသည့် အတိုင်း ပြောကြ ဆိုကြ လုပ်ကိုင် ကြ ရန်သာ ဖြစ်သည် ။ ဤသည် ပင် သဘာဝ ။ ဤ သဘာဝ သည် ပင်ပင်ပန်းပန်း လုပ် ယူရန် မလို ၊ အလွန် လွယ်သည် ။
သာဓု ကြည့်ခဲ့ရသည် ဆိုသည့် မြန်မာကား ၃ - ၄ ကား မှ အပြစ် တင် သင့်သူများ ကို တင်ပြီး ချေပြီ ။ ချီးမွမ်း သင့်သူများ ကို ချန်ထား ခဲ့လျှင် သာဓု တရားမည် မဟုတ်ရကား အပြောအဆို နှင့် ပတ်သက်၍ ရှိုက်သံ မောသံ မပါပဲ သရုပ်ဆောင် သွားကြသူ တို့ ကို ထောက်ပြ ရ သော် ...“ ထွန်းထွန်းနိုင် ၊ ကျော်သူ ၊ ဇော်ဝမ်း ”
ဇာတ်လမ်း အရ အစွမ်း ပြ ခွင့် မရ စေကာမူ စကား ပြော သဘာဝ ဖြင့် လှလှပပ ပေါ်လွင် တောက်ပြောင် လာသူ တစ်ယောက် ကို လည်း အကဲခတ် မိ ချေ၏ ။
သူ ကား ...
( ၉ - ၂ - ၈၇ )
◾ သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
မတ် ၊ ၁၉၈၇
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment